အခန်း (၆၂၇-၆၂၈)
Vol. 63 Ch. 627-628
အခန်း (၆၂၇) - လောကအနှံ့ ကျော်ကြားခြင်း ၊ ယန်ဝိညာဉ်သတ်ဖြတ်သူ ၊ ယင်ယန်ဓာတ်နှစ်ပါးပုလင်းကို ကျင့်ကြံခြင်း ၊ မိုးကုတ်စက်ဝိုင်းမှ မဟာမိုးမခပင်ကြီး ၊ လန်ရော့ဘုရားကျောင်း
“နှမြောစရာကောင်းတာက အဲဒီ ကျိုးကုန်းတာအိုဆရာ လွတ်သွားတာပဲ ”
တင်းရုံက လေးနက်သောလေသံဖြင့် ဆိုသည်။
ကျိုးကုန်းတာအိုဆရာသည် မြို့ကိုဖျက်ဆီးကာ အရပ်သားပြည်သူ တစ်သိန်းကို သွေးဖြင့်ယဇ်ပူဇော်ခဲ့ရာ နတ်လူသာဓုမခေါ်နိုင်သော ဒေါသကို ဖြစ်စေခဲ့သည်။ ထိုကဲ့သို့သော မိစ္ဆာမျိုးကို လူတိုင်းက ဝိုင်းဝန်းသတ်ဖြတ်သင့်သည် မဟုတ်ပါလား။
“သူ့ရဲ့ ကိုယ်ပွားက အသတ်ခံလိုက်ရပေမဲ့ အဲဒီ ကျိုးကုန်းတာအိုဆရာက နောက်ဆုံးတော့ လီတာအိုဆရာရဲ့ ဓားအောက်မှာပဲ အသက်ပျောက်သွားခဲ့ရပါတယ်”
ဟု ဆွေ့ကျူတာအိုဆရာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဟမ်”
“ကိုယ်ပွားအတတ်မှာ ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေက အတော်လေး လက်ပေါက်ကပ်တာ။ ကျိုးကုန်းတာအိုဆရာက ယန်ဝိညာဉ်အဆင့်ဆိုတော့ သူ့ကိုယ်ပွား အသတ်ခံရချိန်မှာ သူ့ရဲ့မူလခန္ဓာက အနီးအနားမှာ ရှိမှာမဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး ဆက်တိုက်ဆိုသလို အသတ်ခံလိုက်ရတာလဲ”
ရှောင်စဲ့သည် ဆွေ့ကျူတာအိုဆရာ၏ ငြင်းပယ်မှုကို ခံခဲ့ရသဖြင့် ယခုအခါ မိမိ၏ ကျင့်ကြံမှု ဗဟုသုတကို ထုတ်ကြွားရန် အခွင့်အရေး ရှာလိုက်ခြင်း ဖြစ်သည်။
ဆွေ့ကျူတာအိုဆရာသည် စိတ်ထဲမှ သက်ပြင်းချမိ၏
'လူငယ်ချင်း အတူတူတောင် လီတာအိုဆရာက ဒီလောက် နှိမ့်ချတတ်ပြီး ဒီကောင်လေးကတော့ ကြွားလိုက်တာမှ လွန်ရော '
သို့သော်လည်း ဝါရင့်သူတစ်ဦးပီပီ ဆွေ့ကျူတာအိုဆရာက စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။
“ချင်းဖုန်းတောင်ကုန်းကို ကာကွယ်ပြီးတဲ့နောက် လီတာအိုဆရာနဲ့ ယန်ဝိညာဉ်ပညာရှင် လေးဦးဟာ မြန်ကျိုးမြို့ကို ရောက်လာခဲ့ကြတယ်။ အဲဒီ မြန်ကျိုးမြို့မှာဆိုရင် ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားအောင် ပျံသန်းနေတဲ့ ပိုးမွှားတွေရှိနေတာ။ အဲဒီထဲမှာ တစ်ခါမှ မကြားဖူးတဲ့ အဆိပ်ပိုးမွှားတွေလည်း အများကြီးပဲ၊ ခဏလေးအတွင်းမှာပဲ မြို့တစ်မြို့လုံး ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ရှိနေခဲ့တာ”
“ပိုးမွှားတွေကို ထိန်းချုပ်တဲ့ ပညာရှင်ကြီး ပါဝင်တိုက်ခိုက်ခဲ့တာလား”
ယွမ်ကျဲဆရာတော်ကြီးက အံ့ဩတကြီး မေးလိုက်သည်။
မြို့ကြီးတစ်မြို့ကို တိုက်ခိုက်ဖို့ ပိုးမွှားတွေကို စေခိုင်းနိုင်တယ်ဆိုရင် ထိုသူသည်လည်း ယန်ဝိညာဉ်အဆင့် ဖြစ်နေပေလိမ့်မည်။
“မှန်ပါတယ် ဆရာတော်ကြီး၊ ကျင်ယွီ လို့ခေါ်တဲ့ ကျွမ်းကျင်သူတစ်ဦးကို အစိုးရကို ရင်ဆိုင်ဖို့ ဖိတ်ခေါ်ထားတာပါ။ ဒီလူရဲ့ ပိုးမွှားထိန်းချုပ်တဲ့အတတ်က အထွတ်အထိပ်ကို ရောက်နေပြီး သူကလည်း တတိယအဆင့် ယန်ဝိညာဉ်ပညာရှင်တစ်ယောက်ပါပဲ”
ဟု ဆွေ့ကျူတာအိုဆရာက ဆိုသည်။
“ဒါဆို အဲဒီလူကရော...” ယွမ်ကျဲဆရာတော်ကြီးက မေးလိုက်သည်။
“အဲဒီနေ့က ကောင်းကင်နဲ့ မြေကြီး တုန်ဟိန်းသွားပြီး နေမင်းနဲ့ လမင်းတောင် အလင်းကွယ်သွားခဲ့ရတယ် အဲဒီ ကျင်ယွီနဲ့ ကျိုးကုန်းတာအိုဆရာ၊ ပြီးတော့ တတိယအဆင့် မိစ္ဆာဘုရင်တစ်ပါးတို့ ပူးပေါင်းပြီး အစိုးရဘက်က ပညာရှင်တွေကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြတာ။ ဒါက တကယ့်ကို တတိယအဆင့် ယန်ဝိညာဉ်ပညာရှင်တွေရဲ့ တိုက်ပွဲကြီးပဲ။
အဲဒီ ကျင်ယွီတစ်ယောက်တည်းတင် အစိုးရဘက်က ယန်ဝိညာဉ်ပညာရှင် လေးယောက်ကို ရင်ဆိုင်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာလည်း လီတာအိုဆရာက ထပ်ပြီး လှုပ်ရှားခဲ့ပြန်တယ်။
သူက ကျင်ယွီကို အရင်သတ်တယ်၊ ပြီးတော့မှ ကူညီဖို့ ရောက်လာတဲ့ တတိယအဆင့် မိစ္ဆာဘုရင်ကို ခုတ်သတ်လိုက်ပြန်တယ်။ ကျိုးကုန်းတာအိုဆရာလည်း သူ့ဓားအောက်မှာပဲ အသက်ပျောက်သွားခဲ့ရတယ်။ အဲဒီနေ့တစ်နေ့တည်းမှာတင် ယန်ဝိညာဉ်ပညာရှင် သုံးယောက်တောင် ကျဆုံးခဲ့ရတာ ”
ဆွေ့ကျူတာအိုဆရာ ပြောအပြီးတွင် အင်မတန် စိတ်လှုပ်ရှားနေမိသည်။
ထိုကိစ္စသည် တုန်းလင်းခရိုင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီ ဖြစ်သည်။
သာမန်လူများအဖို့ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်၏ ခြားနားချက်ကို သိပ်မသိကြသော်လည်း၊ ယင်ဝိညာဉ်အဆင့် အထွတ်အထိပ်သို့ ရောက်ကာ မူလဝိညာဉ်ကိုယ်ထည် ကို ထုတ်ဖော်နိုင်လျှင်ပင် သူတို့အတွက်တော့ နတ်ဘုရားများကဲ့သို့ပင်။ သို့သော် ကျင့်ကြံသူတိုင်း သိကြသည်မှာ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်အကြား ကွာခြားချက်မှာ သာမန်မဟုတ်ပါချေ။
၎င်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပြီး အရေအတွက်ဖြင့် အနိုင်ယူ၍မရနိုင်သော အဆင့်အတန်း ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးသည် မိမိဘဝတစ်လျှောက်လုံး လောကီအနှောင်အဖွဲ့များကို ဖြတ်ကျော်ကာ ယန်ဝိညာဉ်အဖြစ် စုစည်းနိုင်ရန် ကြိုးစားကြရခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ ဂိုဏ်းကြီးများမှ အဖိုးကြီးများစွာပင် ယင်ဝိညာဉ်အဆင့် အထွတ်အထိပ်၌သာ ရပ်တန့်နေခဲ့ကြရသည်။
သို့သော် ယခု တုန်းလင်းခရိုင် ပုန်ကန်မှုအတွင်း၌ ယန်ဝိညာဉ်ပညာရှင် လေးဦးတောင် ကျဆုံးခဲ့ရသည် ထို့ပြင် အားလုံးကို လူတစ်ယောက်တည်းကသာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဤသတင်းသည် တိတ်ဆိတ်ငြိမ်သက်နေသော ချန်နိုင်ငံ ကျင့်ကြံခြင်းလောကထဲသို့ ပစ်ချလိုက်သည့် ဗုံးတစ်လုံးကဲ့သို့ပင်။
တိတ်ဆိတ်ခြင်း သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားရ၏ အားလုံးသည် အံ့ဩတုန်လှုပ်နေကြသည်။
ရှောင်စဲ့သည် ထိုအချိန်တွင် တစ်ခုခု ကြွားလုံးထုတ်ချင်သော်လည်း၊ သူသည် အရက် ၁၀ ပိဿာလောက် သောက်ထားလျှင်ပင်၊ အိပ်မက်မက်နေလျှင်ပင် မိမိတစ်ယောက်တည်း ယန်ဝိညာဉ် သုံးယောက်ကို သတ်နိုင်မည်ဟု မတွေးရဲပါချေ။ ဒါက ကြွားတာမဟုတ်တော့ဘဲ ပေါက်ကရပြောတာ ဖြစ်သွားပေလိမ့်မည်။
ဝေမြို့
ချင်းယွန်းကျောင်းတော်
နတ်ဘုရားတစ်ပါးအဖြစ် သတင်းကြီးနေသော လီယန်ချူးမှာမူ ယခုအချိန်တွင် မြည်းကို အစာကျွေးနေလေသည်။
မြည်းနက်ကြီးမှာ ထိုရက်ပိုင်းအတွင်း ဗိုက်ဟောင်လောင်းဖြစ်ကာ ပိန်ချောင်သွားခဲ့ရသည်။ အကြောင်းမှာ လီယန်ချူး မရှိခိုက်တွင် သူ့ကို ကြည့်ရှုစောင့်ရှောက်သူမှာ ကျွေ့ဟွာ ဖြစ်နေသောကြောင့်ပင်။
ကျွေ့ဟွာမှာ အားလျှင် အပြင်ထွက်လည်တတ်ပြီး တစ်ခါတစ်ရံ တစ်နေ့လုံး ပျောက်နေတတ်သည်။ ပြန်လာလျှင်လည်း မြည်းနက်ကြီးကို ဂရုမစိုက်ပါချေ။
မြည်းနက်ကြီးမှာ လီယန်ချူးကို မြင်သည်နှင့် မျက်ရည်များ ဝိုင်းလာကာ အားမရှိသော အသံဖြင့် အော်ဟစ်တော့သည်။
လီယန်ချူးသည် ကောင်းမွန်သော မြက်ခြောက်များကို ရှာဖွေကျွေးမွေးလိုက်ရ၏။
မိမိ၏ စစ်တိုက်ခဲ့သော စွမ်းဆောင်ရည်များကို အစိုးရက လူယုတ်မာများကို နှိမ်နင်းရန်အတွက် ဝါဒဖြန့်နေမှန်း သူ မသိပါချေ။ ထိုက်ဖင်တည်းခိုခန်းမှ တုန်းလင်းခရိုင်သို့ သွားနေကြသော ကူညီကယ်ဆယ်ရေးအဖွဲ့များမှာမူ သူ၏ ဒဏ္ဍာရီများကို ကြားရကာ နစ်မြောနေကြလေပြီ။
လီယန်ချူး ခန့်မှန်းထားသလိုပင် နန်ကုန်း ညီအစ်မကို ဆိုင်ရှင်မက ထိုက်ဖင်တည်းခိုခန်းတွင်ပင် ထားလိုက်သည်။
ထိုက်ဖင်တည်းခိုခန်း၏ ပျမ်းမျှ ရုပ်ရည်အဆင့်အတန်းမှာ ဤလှပသော အမျိုးသမီးများကြောင့် အတော်လေး မြင့်တက်သွားခဲ့ရသည်။ ကျွေ့ဟွာတစ်ယောက်သာ ချင်းယွန်းကျောင်းတော်တွင် ကျန်ခဲ့သော်လည်း ထိုကောင်မလေးမှာ အမြဲတမ်း အိမ်မှာ မရှိပါချေ။
လီယန်ချူးသည် မြည်းနက်ကြီးကို အစာကျွေးပြီးနောက် ကျောင်းတော်အတွင်း၌ ယင်ယန်ဓာတ်နှစ်ပါးပုလင်း ကို သန့်စင် တော့သည်။ ထိုခရီးတွင် သူသည် အစွမ်းထက်သော မှော်လက်နက် အများအပြား ရရှိခဲ့သည်။
ကောင်းကင်ဘုံလက်နက် ကျင်းယဲ့လှံ ၊ အဖိုးတန်ရတနာ ယင်ယန်ဓာတ်နှစ်ပါးပုလင်း၊ မျက်လုံးထိုးပုတီးစေ့ နှင့် အသက်လုရာတွင် သုံးရသော ယင်ယန်မှန် တို့ ဖြစ်သည်။
ယန်ဝိညာဉ်ပညာရှင် လေးဦးကလည်း သူ့ကို ရတနာများစွာ လက်ဆောင်ပေးခဲ့ကြသေးသည်။ ယခုအခါ ဂိုဏ်းကြီးအချို့၏ အမွေအနှစ်များသည်ပင် သူနှင့် ယှဉ်နိုင်တော့မည် မဟုတ်ပါချေ။
အထူးသဖြင့် အဆင့်မြင့် မှော်လက်နက်များတွင် ယင်ယန်ဓာတ်နှစ်ပါးပုလင်းနှင့် ကျင်းယဲ့လှံတို့မှာ ဂိုဏ်းတစ်ခုလုံးကို ထိန်းသိမ်းနိုင်သော ရတနာများ ဖြစ်ကြသည်။ ယင်ယန်ဓာတ်နှစ်ပါးပုလင်းပေါ်တွင် ယင်ယန်ဓာတ်များ စီးဆင်းနေသည်မှာ အင်မတန် ဆန်းကြယ်လှ၏။ အမြင့် နှစ်ပေ ခြောက်လက်မရှိကာ ရှေးဟောင်းဟန် ပေါ်လွင်သည်။
၎င်းမှာ တာအိုဂိုဏ်း၏ ရတနာဖြစ်ပြီး စီထော်နိုင်ငံ ဆီသို့ မည်သို့ရောက်သွားသည် မသိရပါချေ။ မင်ဟော်ပြောသလိုပင် ရတနာဆိုသည်မှာ ကံတရားနှင့် ဆိုင်ပေလိမ့်မည်။ လီယန်ချူးနှင့် ရတနာများမှာမူ ကံအတော်လေး ပါပုံရသည်။
ယင်ယန်ဓာတ်နှစ်ပါးပုလင်းကို သူ အလျင်အမြန်ပင် သန့်စင်အောင်မြင်သွားကာ အသုံးပြုပုံ နည်းလမ်းများကိုလည်း နားလည်သွားခဲ့သည်။ ဤပုလင်းထဲတွင် ယင်ယန်ဓာတ်နှစ်ပါး ကိန်းအောင်းနေပြီး လူတစ်ယောက်ကို ထည့်လိုက်ပါက ခဏအတွင်း မည်မျှပင် အစွမ်းထက်သူဖြစ်စေ အရည်ပျော်သွားပေလိမ့်မည်။ တိုက်ခိုက်သတ်ဖြတ်မှုပိုင်းတွင်မူ စင်ကြယ်သော ကျောက်စိမ်းပုလင်း ထက်ပင် သာလွန်သည်။
“ဒီ ဝိညာဉ်နတ်ဘုရားရဲ့ ဝိညာဉ်က စင်ကြယ်သော ကျောက်စိမ်းပုလင်းထဲမှာ ဒီလောက်ကြာနေတာတောင် မပျက်စီးသေးဘူး၊ ဒီပုလင်းအသစ်နဲ့ ပြောင်းစမ်းကြည့်ရမလား”
ဟု လီယန်ချူး စဉ်းစားမိသည်။
သို့သော် ချက်ချင်းပင် ထိုအတွေးကို လက်လျှော့လိုက်ရ၏။ စင်ကြယ်သော ကျောက်စိမ်းပုလင်းကသာ ဝိညာဉ်နတ်ဘုရားကို ချုပ်နှောင်ထားနိုင်ခြင်း ဖြစ်ပြီး၊ အကယ်၍ ထိုအကောင်ကို လွှတ်လိုက်ပါက ခဏအတွင်း ပျောက်ကွယ်သွားနိုင်သောကြောင့် ဖြစ်သည်။
လီယန်ချူးသည် ယင်ယန်ဓာတ်နှစ်ပါးပုလင်းကို အာရုံပြုသန့်စင်ရင်း သူ၏ ထိုက်ကျိယင်ယန် လျှို့ဝှက်အတတ် မှာ တိုးတက်လာမည့် လက္ခဏာများ တွေ့ရှိရသဖြင့် အင်မတန် ဝမ်းသာသွားသည်။
သူသည် ပုလင်းကို စားပွဲပေါ်တင်ကာ မူလဝိညာဉ် အာရုံပြုနည်းဖြင့် ဆက်လက်ကျင့်ကြံလေသည်။
သူသည် မူလဝိညာဉ်ကို ပုလင်းအဖြစ် ပြောင်းလဲချင်ခြင်း မဟုတ်ဘဲ၊ ပုလင်းပေါ်ရှိ ယင်ယန်ဓာတ်၏ ဆန်းကြယ်မှုကို အတုယူကာ မိမိ၏ မူလဝိညာဉ် စွမ်းအားကို မြှင့်တင်လိုခြင်း ဖြစ်သည်။
ကျင့်ကြံမှု ပြီးဆုံးသောအခါ လီယန်ချူးသည် မျက်လုံးဖွင့်လိုက်သည်။
“ဒီအတိုင်းသာ ဆက်ကျင့်သွားရင် မူလဝိညာဉ်ရဲ့ ကြံ့ခိုင်မှုက ရုပ်ခန္ဓာကိုတောင် မရှုံးနိုင်တော့ဘူး”
သို့သော် ယခု လောလောဆယ် အရေးကြီးဆုံးမှာသစ်သားဓာတ် ကို ရှာဖွေရန် ဖြစ်သည်။ သူသည် ဓာတ်ငါးပါး စုစည်းခြင်းအတတ် ကို ကျင့်ကြံရာတွင် ရွှေ၊ မီး၊ ရေ၊ မြေ ဓာတ်လေးပါးမှာ အောင်မြင်ခဲ့ပြီ ဖြစ်သော်လည်း သစ်သားဓာတ်သာ ကျန်ရှိနေခြင်း ဖြစ်သည်။
“ဒါဆိုရင် ယွန်းနျန်း နဲ့ နှစ်က်ုယ်တူ ကျင့်ကြံရမှာလား ”
ဟု သူ တွေးမိသော်လည်း ချက်ချင်းပင် ထိုအတွေးကို ဖျောက်လိုက်ရပြန်သည်။
ယွန်းနျန်း ဆီ သွားပြီး "ငါ သစ်သားဓာတ် ကျင့်ချင်လို့ ငါနဲ့ အတူအိပ်ပါ" ဟု သွားပြော၍ မဖြစ်နိုင်ပါချေ။
သူသည် မိုးကြိုးငါးပါးအဆောင် ကို ထုတ်ယူကြည့်လိုက်သည်။ ကုသိုလ် တစ်သိန်းတန် မိုးကြိုးအဆောင်မှာ စိတ်ကြည်လင်သောကျောက်စိမ်းပြား ၏ အားဖြည့်ပေးမှုကြောင့် စွမ်းအားတစ်ဝက်ခန့် ပြန်လည်ပြည့်ဖြိုးနေပြီ ဖြစ်သည်။
သူသည် ကုသိုလ်မှတ် နှစ်သိန်းတန် မိုးကြိုးအဆောင်ကို ထုတ်ယူကာ လေ့လာရန် ပြင်နေစဉ်မှာပင် ရှင်းဟုန်ယဲ့က ရုတ်တရက် ရောက်လာခဲ့သည်။
ရှင်းဟုန်ယဲ့မှာ လှပသလို ဉာဏ်လည်းကောင်းသူ ဖြစ်သော်လည်း၊ လီယန်ချူး သူမကို မြင်လျှင် ဝမ်အရာရှိကိုသာ ပြေးမြင်မိသည်။ ဝေမြို့ရှိ တရားရေးရုံးချုပ်၏ ဤအရာရှိငယ် ရောက်လာလျှင် ကောင်းသောကိစ္စ မရှိတတ်ပါချေ။
မှန်သည့်အတိုင်းပင်၊ ရှင်းဟုန်ယဲ့သည် လီယန်ချူးကို မြင်သည်နှင့် စိုးရိမ်ပူပန်နေသော မျက်နှာပေးမျိုး ရှိနေသည်။
“တစ်ခါ ထပ်ပြီး ကိစ္စတက်ပြန်ပြီလား”
ဟု လီယန်ချူးက မေးလိုက်သည်။
“ဟော... ရှင် ဘယ်လိုသိလဲ ”
“ပေဖုန်းခရိုင် မြို့တော်အပြင်ဘက်က လမ်းမကြီးမှာ ခရီးသွားတွေ ခဏခဏ ပျောက်ဆုံးနေတယ်။ သတင်းတွေအရတော့ မိုးမခပင်ကြီး တစ်ပင်က အမျိုးသမီး သရဲတွေကို စေခိုင်းပြီး လမ်းသွားလမ်းလာတွေကို ဖြားယောင်းနေတာတဲ့။ မြို့တော်မှာရှိတဲ့ ဗုဒ္ဓဘာသာနဲ့ တာအိုပညာရှင်တွေ သွားခဲ့ကြပေမဲ့ ဘာခြေရာခံမှ ရှာမတွေ့ဘဲ အဲဒီ မိုးမခပင်ကြီးရဲ့ တိုက်ခိုက်တာကိုတောင် ခံခဲ့ရတယ်”
“ယန်ဝိညာဉ်လား”
လီယန်ချူးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ယင်ဝိညာဉ် အထွတ်အထိပ်ပါ၊ ယန်ဝိညာဉ်ဆိုတာက ဒီလောက် တွေ့ရမလွယ်ပါဘူး”
ဟု ရှင်းဟုန်ယဲ့ ပြောပြီးမှ ကြောင်သွားရသည်။
တုန်းလင်းခရိုင်မှာ ယန်ဝိညာဉ်တွေ တစ်ယောက်ပြီး တစ်ယောက် လီယန်ချူးလက်ထဲ သေကုန်တာကို တွေးမိကာ ယန်ဝိညာဉ်ဆိုသည်မှာ မုန်လာဥတွေလို ပေါများလှသည်ဟု သူမပင် အထင်မှားသွားခြင်း ဖြစ်သည်။
သူမသည် စိတ်ကို ပြန်စုစည်းကာ လေးနက်စွာ ပြောလိုက်သည်။
“ဒီကိစ္စက အန္တရာယ် သိပ်မကြီးသေးလို့ အစိုးရဘက်က တရားဝင် အမိန့်စာ မကျသေးဘူး၊ ကျွန်မက ရှင့်ကို ပုဂ္ဂိုလ်ရေးအရ ကူညီဖို့ တောင်းဆိုတာပါ”
“ဪ... ဘာဖြစ်လို့လဲ”
“သတင်းတွေအရ ကျွန်မရဲ့ ဒေါ်လေးဟာ မြို့တော်ကိုသွားတဲ့ လမ်းမှာ ပျောက်သွားတယ်လို့ သိရတယ်။ သူက ကျွန်မအပေါ် အရမ်းကောင်းခဲ့တာ။ ဒါကြောင့် ရှင် အဲဒီကို သွားပြီး သူ့ကို ကယ်ပေးနိုင်မလားလို့ မျှော်လင့်မိတာပါ”
ရှင်းဟုန်ယဲ့၏ မျက်နှာမှာ အတော်လေး စိုးရိမ်ထိတ်လန့်နေပုံရသည်။
“ရပါတယ်၊ ငါတို့က သူငယ်ချင်းတွေပဲလေ၊ ဒီအကူအညီကို ငါပေးပါ့မယ်”
လီယန်ချူးက ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“အဲဒီနေရာရဲ့ တည်နေရာ အတိအကျကို ပြောပြပါဦး”
“အင်း... အဲဒီနေရာကို လန်ရော့ဘုရားကျောင်း လို့ ခေါ်တယ်၊ အပျက်အစီးတွေ ဖြစ်နေတဲ့ ဘုရားကျောင်းအိုကြီးပေါ့၊ ဘေးနားမှာတော့ ဟေးစန်း လို့ခေါ်တဲ့ တောင်မည်းကြီး တစ်လုံး ရှိတယ်”
ဟု ရှင်းဟုန်ယဲ့က ဆိုသည်။
“...” လီယန်ချူး
(မှတ်ချက် - ဤသည်မှာ နာမည်ကျော် သရဲမလေး နီရှောင်ချန်း ဇာတ်လမ်းထဲမှ တည်နေရာများ ဖြစ်နေသောကြောင့် လီယန်ချူး ဆွံ့အသွားခြင်း ဖြစ်သည်)။
အခန်း (၆၂၈) - မိုးမခတောအုပ် ၊ အတိုင်ပင်ခံရုံးမှ ဓားသမား ဝေ့ဟန် ၊ ဒီစာသင်သားရဲ့ ရုပ်ရည်က ငါ့အတွက် ခြိမ်းခြောက်မှုပဲ
လန်ရော့ဘုရားကျောင်း
၎င်းသည် ပေဖုန်းခရိုင် မြို့တော်အပြင်ဘက် မိုင် ၆၀ အကွာတွင် တည်ရှိပြီး ထိုနေရာတွင် မိုးမခတောအုပ်ကြီး တစ်ခုရှိသည်။
မိုးမခပင်ဆိုသည်မှာ အရပ်ထဲတွင် ပြောလေ့ရှိကြသည့်အတိုင်း ယင် ဓာတ်ရှိသော အပင်မျိုးဖြစ်ပြီး ဝိညာဉ်များကို စုစည်းပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း ရှေးရိုးပုံပြင်များထဲတွင် မိုးမခခက်ဖြင့် သရဲကို ရိုက်နှက်ပါက သရဲမှာ ရိုက်လေလေ ပုလေလေ ဖြစ်သွားတတ်သည်ဟူသော ဇာတ်လမ်းများလည်း ရှိပေသည်။
ဤသည်မှာ မိုးမခပင် ပေါက်ရောက်သည့် တည်နေရာနှင့်လည်း သက်ဆိုင်၏။ လန်ရော့ဘုရားကျောင်း တည်ရှိသည့် နေရာမှာ တောင်ကုန်းငယ်တစ်ခု၏ အောက်ခြေတွင် ဖြစ်သည်။ မြေနိမ့်ပိုင်း ဖြစ်နေသောကြောင့် ဝိညာဉ်ဓာတ် စုစည်းသည့် 'ာယင် နယ်မြေ ဖြစ်နေသည်။
ထိုမျှမက ထိုနေရာတွင် စိမ်းလန်းစိုပြည်သော မိုးမခပင်များ အလွန်အမင်း ပေါက်ရောက်နေပြန်ရာ ယင် အရှိန်အဝါမှာ ပို၍ ထုထည်ကြီးမားနေတော့သည်။ ထိုသို့သော နေရာမျိုးတွင် သရဲတစ္ဆေများ ပေါ်ပေါက်လာခြင်းမှာ အံ့ဩစရာ ကိစ္စမဟုတ်ပါချေ။
မျက်ခုံးထူထူ၊ မျက်လုံးအိမ် ကျယ်ကျယ်နှင့် လူငယ်တစ်ဦးသည် ခါးတွင် သစ်သားဓားတစ်လက်ကို ချိတ်လျက် လန်ရော့ဘုရားကျောင်း ရှေ့သို့ ရောက်လာခဲ့သည်။
“ဒီဘုရားကျောင်းထဲမှာ သရဲခြောက်နေတာလား”
လူငယ်သည် လန်ရော့ဘုရားကျောင်း၏ ဟောင်းနွမ်းပျက်စီးနေသော ပုံစံကိုကြည့်ကာ အတွေးနက်သွားသည်။ သူသည် ခါးရှိ သစ်သားဓားကို အသာပုတ်လိုက်၏၊ တစ်စုံတစ်ရာ ကြီးကျယ်သော ဆုံးဖြတ်ချက် ချလိုက်သလိုပင်။ ထို့နောက် သူသည် ရဲရဲဝံ့ဝံ့ ခြေလှမ်းကျဲများဖြင့် ဘုရားကျောင်းအတွင်းသို့ ဝင်သွားတော့သည်။
ကျောင်းအတွင်း၌ ခြောက်ကပ်ပြီး ပျက်စီးနေသော အငွေ့အသက်များ လွှမ်းမိုးနေသော်လည်း အလွန်အမင်း ညစ်ပတ်မနေပါချေ။ ခရီးသွားများ ဤနေရာတွင် မကြာခဏ နားခိုလေ့ရှိသောကြောင့် ဖြစ်ပေလိမ့်မည်။
လူငယ်သည် ဘုရားကျောင်းအတွင်းသို့ ရောက်သောအခါ ဆေးသားများ ကွာကျနေသည့် ဟောင်းနွမ်းသော ဗုဒ္ဓရုပ်ပွားတော်ကြီးကို မြင်တွေ့လိုက်ရသည်။
“မြို့တော်က ဗုဒ္ဓဘာသာနဲ့ တာအိုပညာရှင်ကြီး နှစ်ယောက်တောင် ရှုံးနိမ့်သွားတယ်ဆိုတော့... ငါ ဝေ့ဟန်သာ ဒီမိစ္ဆာကို သတ်နိုင်ရင် လောကမှာ နာမည်ကြီးသွားမှာ အသေအချာပဲ”
ထိုမျက်ခုံးထူထူနှင့် လူငယ်သည် မိစ္ဆာများကို သတ်ဖြတ်ကာ ကျော်ကြားမှုကို ရယူရန်အတွက် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သူ၏ ခါးတွင်ရှိသော သစ်သားဓားထဲ၌ ထက်မြက်သော ဓားအရှိန်အဝါများ ကိန်းအောင်းနေ၏။ လန်ရော့ဘုရားကျောင်းအတွင်းသို့ ရောက်သည်နှင့် ဓားမှာ နဂါးဟိန်းသံကဲ့သို့ တုန်ခါနေပြီး လက်ထဲမှ ထွက်ခွာကာ တိုက်ခိုက်ချင်နေသလိုပင်။
“ဆရာက အမြဲပြောတယ်၊ ငါ့ရဲ့ ဓားပညာပါရမီက သာမန်ပဲတဲ့... ငါ့အထင်တော့ သူက ငါ့ကို တမင် နှိမ်ထားတာပဲ ဖြစ်ရမယ် ”
ဝေ့ဟန်သည် ခါးရှိ သစ်သားဓားကို ကြည့်ကာ တစ်ယောက်တည်း ရေရွတ်နေသည်။ သူသည် ချန်နိုင်ငံ၏ လူငယ်ပါရမီရှင်များထဲတွင် အထူးချွန်ဆုံး ဓားသမားဖြစ်သည့် ချန်ထျန်းယွမ်နှင့် လက်ရည်စမ်းဖူးသည်။
ထိုစဉ်က ဓားနှစ်ချက်တည်းဖြင့် ချန်ထျန်းယွမ်ကို အနိုင်ယူခဲ့ဖူး၏။ ထို့ပြင် မြစ်ထဲတွင် သောင်းကျန်းနေသော ရေမိစ္ဆာကိုလည်း ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ဖူးလေသည်။
ထို့ကြောင့် ဝေ့ဟန်သည် မိမိ၏ ဓားပညာအပေါ် အလွန်အမင်း ယုံကြည်ချက် ရှိနေခြင်းပင် သူသည် ခန်းမဆောင်ကြီးကို လေ့လာနေစဉ်မှာပင် တံခါးဝမှ လူသံများကို ကြားလိုက်ရသည်။
“ဒီနေရာက တကယ့်ကို လန်ရော့ဘုရားကျောင်းပဲကိုး”
နူးညံ့ပြီး တည်ငြိမ်သော အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“ဘာဖြစ်လို့လဲ ဒီနာမည်က ထူးခြားလို့လား”
ဝေ့ဟန်သည် ထိုအသံကို ကြားရသောအခါ တစ်ကိုယ်လုံး တုန်သွားရ၏။ ထိုအသံမှာ နတ်သံကဲ့သို့ အလွန်ပင် နားဝင်ကောင်း လှသည် သူသည် အသံလာရာသို့ ကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကျောင်းအတွင်းသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။
အမျိုးသမီးမှာ အရပ်ရှည်ပြီး အသားဖြူကာ ရုပ်ရည်မှာ အင်မတန် အချိုးအစားကျလှသည်။ သို့သော် သူမ၏ မျက်နှာမှာ အနည်းငယ် မကောင်းဘဲ မူးဝေနေသလို ဖြစ်နေ၏။ သူမ၏ ခါးစည်းကြောင့် သေးကျင်သော ခါးလေးမှာ ပေါ်လွင်နေပြီး တစ်ကိုယ်လုံးတွင် အေးစက်ပြီး အသိပညာ ကြွယ်ဝသော ပုံစံမျိုး ရှိနေသည်။
ဝေ့ဟန်မှာ ထိုအမျိုးသမီးကို မြင်သည်နှင့် မျက်လုံးများ ပြူးသွားကာ အံ့ဩဝမ်းသာသွားရသည်။
“သူပါလား”
ထိုနေရာတွင် ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ဆုံရလိမ့်မည်ဟု သူ မထင်ထားခဲ့မိပါချေ။ သို့သော်လည်း သူ၏ အကြည့်က ဘေးရှိ လူငယ်ဆီသို့ ရောက်သွားသောအခါ ဝေ့ဟန်မှာ ကြောင်အသွားရ၏။
ထိုလူငယ်မှာ စာသင်သား ဝတ်စုံကို ဝတ်ဆင်ထားပြီး ရုပ်ရည်မှာ ခန့်ညားလွန်းလှသည်။ ပေါ်လွင်ထင်ရှားသော မျက်နှာကျ၊ လေးကိုင်းသဏ္ဌာန် မျက်ခုံးနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများ... ကြည့်ရသည်မှာ အတော်လေးကို ချောမောလှသည်။ သာမန်စာသင်သားများကဲ့သို့ နုနယ်သည့် ပုံစံမျိုးမဟုတ်ဘဲ တည်ငြိမ်ပြီး နွေးထွေးသည့် အရှိန်အဝါ ရှိနေကာ ယောက်ျားပီသသော လူငယ်တစ်ဦးပင်။
ရှူး
ဝေ့ဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ ရှင်းပြမရသော အကြောင်းရင်းတစ်ခုကြောင့် ထိုစာသင်သားဆီမှ ခြိမ်းခြောက်မှုတစ်ခုကို သူ ခံစားလိုက်ရသည်။
'ဒီစာသင်သားက အတော်လေး ချောတာပဲ'
“ဟုန်ယဲ့... တိုက်ဆိုင်လိုက်တာ၊ ငါတို့ ထပ်ဆုံကြပြန်ပြီနော်”
ဝေ့ဟန်သည် ပြုံးရွှင်စွာဖြင့် လျှောက်လာခဲ့သည်။
ထိုအေးစက်ပြီး အသိဉာဏ်ရှိပုံရသော အမျိုးသမီးမှာ ရှင်းဟုန်ယဲ့ ပင် ဖြစ်သည်။ ရှင်းဟုန်ယဲ့သည် ဤနေရာတွင် ဝေ့ဟန်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရ၏။
“ရှင်လား ရှင် ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”
ဟု ရှင်းဟုန်ယဲ့က မေးလိုက်သည်။
“ဓားကိုကိုင်ပြီး လေကိုစီးကာ လောကအနှံ့က မိစ္ဆာတွေကို နှိမ်နင်းရတာ ငါတို့ဓားသမားတွေရဲ့ တာဝန်ပဲလေ။ ဒီလန်ရော့ဘုရားကျောင်းမှာ မိစ္ဆာတွေ သောင်းကျန်းနေတယ်ဆိုလို့ ငါ့ရဲ့ ဓားသစ်ကို လာစမ်းကြည့်တာပါ”
ဝေ့ဟန်က တည်ငြိမ်စွာ ပြုံးလျက် ဆိုသည်။ သူ၏ ပုံစံမှာ ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါ အပြည့်ရှိနေပြီး ဓားတစ်လက် ရှိရုံဖြင့် လောကတွင် မည်သူ့ကို ကြောက်ရအံ့နည်း ဟူသော ဟန်ပန်မျိုးပင်။
ရှင်းဟုန်ယဲ့မှာ အံ့ဩလွန်း၍ စကားပင် ပြန်မပြောနိုင်တော့ပါချေ။
“ဟုန်ယဲ့... ဒါက ဘယ်သူလဲ”
ဝေ့ဟန်က မေးလိုက်သည်။
“ဒါက ငါ့သူငယ်ချင်း လီ လို့ ခေါ်တယ်၊ ဒါကတော့ အတိုင်ပင်ခံရုံး က ဝေ့ဟန်... သူက ဓားသမားတစ်ယောက်ပဲ”
ရှင်းဟုန်ယဲ့က သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။ ထိုခန့်ညားသော စာသင်သားမှာ အခြားသူမဟုတ်ဘဲ လီယန်ချူး ပင် ဖြစ်သည်။
ရှင်းဟုန်ယဲ့၏ ပြောပြချက်အရ မြို့တော်မှ ဗုဒ္ဓဘာသာနှင့် တာအိုပညာရှင် နှစ်ဦးသည် ဤဘုရားကျောင်းသို့ လာခဲ့သော်လည်း သဲလွန်စ ရှာမတွေ့ခဲ့ပါချေ။
အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားသည့်အခါမှ မိုးမခပင်ကြီး၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရကာ ဒဏ်ရာရခဲ့ကြခြင်း ဖြစ်သည်။
လီယန်ချူးနှင့် ရှင်းဟုန်ယဲ့တို့သည်လည်း ဤနေရာကို စုံစမ်းရန်အတွက် အရပ်ဝတ်များ လဲလှယ်ကာ လာခဲ့ကြခြင်း ဖြစ်သည်။
“ဪ... လီလေးကိုး၊ ဒီနေရာမှာ မိစ္ဆာတွေ ရှိတယ်၊ လီလေးလို စာသင်သားတစ်ယောက်အတွက်တော့ ဒီကိစ္စတွေမှာ မပါဝင်တာ အကောင်းဆုံးပဲ”
ဝေ့ဟန်သည် မိမိ၏ ဓားပညာဖြင့် ကြည့်လိုက်ရာ လီယန်ချူးထံတွင် စာပေပညာရှင်များ၏ ကျင့်ကြံမှု အငွေ့အသက်ကို မတွေ့ရပါချေ။
သူသည် လီယန်ချူးကို ခဏမျှ ကြည့်လိုက်ရုံဖြင့် ဆုံးဖြတ်ချက် ချလိုက်သည် - ဤသူမှာ သာမန်စာသင်သား တစ်ဦးသာ ဖြစ်သည်၊ ကြည့်ရုံဖြင့် ချောမောသော်လည်း အသုံးမဝင်ပါချေ။
“သတိပေးတဲ့အတွက် ကျေးဇူးပါ” လီယန်ချူးက ပြုံးလျက် ဆိုသည်။
ဝေ့ဟန်သည် လီယန်ချူးကို တစ်ချက်ကြည့်ပြီးနောက် ဂရုမစိုက်တော့ဘဲ ရှင်းဟုန်ယဲ့ဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။
“ဟုန်ယဲ့... နင်ကကော ဘာလို့ ဒီကို ရောက်လာတာလဲ”
ရှင်းဟုန်ယဲ့က လီယန်ချူးကို မိတ်ဆက်ပေးစဉ်က ဝေ့ဟန်၏ အလုပ်အကိုင်ကိုပါ ထည့်ပြောခဲ့သော်လည်း၊ လီယန်ချူးကိုမူ သူငယ်ချင်းဟုသာ ရိုးရိုးရှင်းရှင်း ပြောခဲ့သည်။ ထိုအဓိပ္ပာယ်ကို ရှင်းဟုန်ယဲ့ တစ်ဦးတည်းသာ သိပေလိမ့်မည်။
“ငါ့ဒေါ်လေး ပျောက်သွားလို့ သတင်းကြားတာကတော့ ဒီလန်ရော့ဘုရားကျောင်း နားမှာပဲတဲ့။ ဒါကြောင့် သူ့ကို လာရှာတာ”
ရှင်းဟုန်ယဲ့က ဆိုသည်။
“ဘယ်လို မိစ္ဆာမျိုးကများ အတင့်ရဲပြီး နင့်ဒေါ်လေးကို ဖမ်းသွားရတာလဲ စိတ်မပူပါနဲ့ ဟုန်ယဲ့၊ ဒီကိစ္စကို ငါ့တာဝန် ထားလိုက်စမ်းပါ ”
ဝေ့ဟန်က ရင်ဘတ်ကို ပုတ်လျက် ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။
“ကောင်းပြီလေ၊ ကျေးဇူးပဲ” ရှင်းဟုန်ယဲ့က ဆိုသည်။
ဝေ့ဟန်သည် လီယန်ချူးကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
'ဒီရုပ်ချောချောနဲ့ လူငယ်က ဒီကို ဘာလာလုပ်တာလဲ သူနဲ့ ဟုန်ယဲ့ကရော ဘယ်လို ပတ်သက်မှု ရှိနေတာလဲ'
သို့သော် ဝေ့ဟန်မှာ မောက်မာသော လူငယ်တစ်ဦး မဟုတ်ပါချေ။ လီယန်ချူးကို အားနည်းသူတစ်ဦးဟု သတ်မှတ်လိုက်ပြီးနောက် ဆက်၍ ဂရုမစိုက်တော့ပေ။ သူသည် ကျောင်းအတွင်း သဲလွန်စရှာရင်း ပြောလိုက်သည်။
“ဒီလန်ရော့ဘုရားကျောင်း နားမှာ ပျောက်ဆုံးတာက အမျိုးသားတွေပဲလေ၊ အမျိုးသမီး ပျောက်တာတော့ မကြားဖူးသေးဘူး။ အနားက တောင်ပေါ်က ဓားပြတွေ လက်ချက်များလား ”
“ငါ့ဒေါ်လေးက ဒီလမ်းမနားမှာတင် ပျောက်သွားတာ၊ ဒီဘုရားကျောင်းနဲ့ ပတ်သက်နေမှာ သေချာသလောက်ပဲ။ ဒီမှာ မရှိရင် တခြားနည်းလမ်း ရှာရမှာပေါ့”
ဟု ရှန်ဟုန်ယဲ့က ဆိုသည်။
ဝေ့ဟန် ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပါချေ။ ရှင်းဟုန်ယဲ့သည် မြို့တော်တွင် နာမည်ကြီးသော အလှပဂေးတစ်ဦး ဖြစ်ရာ မင်းသား၊ မှူးမတ်များစွာက သူမကို သဘောကျကြသည်။ ဝေ့ဟန်မှာလည်း အတိုင်ပင်ခံရုံး၏ အကြီးအကဲ ဝမ်အိုကြီး က ရှာဖွေတွေ့ရှိထားသည့် အထူးပါရမီရှင် တစ်ဦး ဖြစ်သည်။ သူသည်လည်း ရှင်းဟုန်ယဲ့အပေါ် စိတ်ဝင်စားမှု ရှိနေခြင်းပင်။
သူသည် နာမည်ကျော်ကြားရန်အတွက် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုအခါ ရှင်းဟုန်ယဲ့၏ ဒေါ်လေး ပျောက်ဆုံးနေသည်ဟု ကြားလိုက်ရသောအခါ သဲလွန်စများကို ပို၍ အပတ်တကုတ် ရှာဖွေတော့သည်။
သူသည် ရင်ဘတ်ထဲမှ ဖန်မီးအိမ် တစ်လုံးကို ထုတ်ယူကာ မီးညှိပြီး ကိုင်ထားလိုက်သည်။
ရှင်းဟုန်ယဲ့ ကြောင်သွားရ၏။
“နင် အတိုင်ပင်ခံရုံးက ဖန်မီးအိမ် ကိုပါ ယူလာတာလား မဖြစ်နိုင်တာ... အကြီးအကဲက နင့်ကို ဒါမျိုး ပေးပါ့မလား”
“ငါက ဝမ်အကြီးအကဲရဲ့ အချစ်တော်လေ၊ အခုလို မိစ္ဆာနှိမ်နင်းဖို့ ထွက်လာတာကို အကြီးအကဲက ပစ္စည်းတွေ အစုံအလင် ပြင်ပေးလိုက်တာပေါ့”
ဝေ့ဟန်က တည်ငြိမ်စွာ ပြုံးလျက် ဆိုသည်။
သို့သော် ရှင်းဟုန်ယဲ့၏ အကြည့်များမှာ ထူးဆန်းနေ၏။
'ဒါ ခိုးယူလာတာတော့ မဟုတ်ပါဘူးနော်' ဟု သူမ တွေးနေမိတော့သည်။