အခန်း (၆၂၉-၆၃၀)
Vol. 63 Ch. 629-630
အခန်း (၆၂၉) - ဖန်မီးအိမ်ဖြင့် စမ်းသပ်ခြင်း ၊ လူအများရှေ့ စွမ်းဆောင်ပြခြင်း ၊ လူအရိုးများ ၊ မိုးမခပင်မိစ္ဆာ
လီယန်ချူးသည် ထိုဖန်မီးအိမ်ကို တစ်ချက်ကြည့်လိုက်ရာ ၎င်းထံမှ စင်ကြယ်သန့်ရှင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်ကို တွေ့ရ၏။ မီးလျှံလေးမှာ တဖျတ်ဖျတ် တုန်ခါနေပြီး ၎င်းသည် မိစ္ဆာများကို ရှာဖွေစုံစမ်းရန် သီးသန့်ပြုလုပ်ထားသည့် မှော်လက်နက်တစ်ခု ဖြစ်ပုံရသည်။
“ဒီမီးအိမ်လေးက တော်တော်လှတာပဲ” ဟု လီယန်ချူးက ဆိုသည်။
“လီလေးက အမြင်စူးရှတာပဲ၊ ဒီရတနာကို ဖန်မီးအိမ်လို့ ခေါ်တယ်၊ မိစ္ဆာအငွေ့အသက်တွေကို အာရုံခံနိုင်တဲ့ အင်မတန် ရှားပါးတဲ့ ရတနာတစ်ပါးပဲ”
ဝေ့ဟန်သည် လီယန်ချူး၏ ချီးမွမ်းစကားကြောင့် ပါးစပ်နားရွက်တက်မတတ် ပြုံးပျော်သွားလေသည်။
“ကောင်းတဲ့ပစ္စည်းပဲ”
ဟု လီယန်ချူးက ထပ်လောင်းဆိုလိုက်ရာ ဝေ့ဟန်၏ အကြည့်မှာ လီယန်ချူးအပေါ် ပို၍ ခင်မင်ရင်းနှီးလာသလို ရှိတော့သည်။
'ဒီရုပ်ချောချောနဲ့ စာသင်သားက ငါ့ရုပ်ရည်ကို အတော်လေး ခြိမ်းခြောက်နိုင်ပေမဲ့ စကားပြောတာကတော့ နားဝင်ချိုသားပဲ၊ လူလည်း မဆိုးပါဘူး'
ဟု ဝေ့ဟန် စိတ်ထဲမှ တွေးနေမိသည်။
သူတို့သုံးဦးသည် လန်ရော့ဘုရားကျောင်းအတွင်း၌ ရှာဖွေကြလေသည်။ လီယန်ချူးသည် မျက်လုံးထဲတွင် ဝိညာဉ်မျက်စိအတတ် နှင့် အရှိန်အဝါကြည့်အတတ် တို့ကို သုံးကာ ကြည့်ရှုသလို ရှစ်ခွင်မှန် ကိုလည်း ထုတ်ယူကာ စစ်ဆေးသည်။
လန်ရော့ဘုရားကျောင်းအတွင်း၌ ယင် ဓာတ် အလွန်အမင်း ထူထပ်နေပြီး ပုပ်စော်နံသော အလောင်းအငွေ့အသက်များလည်း ရှိနေသည်။ သူသည် ခဏအတွင်းမှာပင် ဝင်းအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းပြီး ရုပ်ဆိုးလှသော မိုးမခပင်ကြီး တစ်ပင်ဆီသို့ အကြည့်ရောက်သွား၏။
ထိုအပင်၏ အမြစ်အောက်တွင် အရိုးပုံကြီး မြုပ်နှံထားပေလိမ့်မည် ဤနေရာမှာ လူသူကင်းမဲ့နေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုအပင်က ဤမျှ ရှင်သန်စိုပြည်နေခြင်းမှာ လူသားတို့၏ အသားကို မြေသြဇာအဖြစ် အသုံးပြုထားခြင်းကြောင့်ပင် ဖြစ်နိုင်သည်။
ထိုအချိန်တွင် ဝေ့ဟန်သည် ဖန်မီးအိမ်ကို ကိုင်ကာ ကျောင်းအတွင်း လိုက်လံရှာဖွေနေသည်။ အမွှေးတိုင် တစ်တိုင်စာ ခန့်အကြာတွင် သူသည် မျက်မှောင်ကြုတ်လျက် ထိုရုပ်ဆိုးသော သစ်ပင်ကြီးအောက်သို့ ရောက်လာ၏။
“ဖန်မီးအိမ်က ဒီနေရာမှာ အပြင်းထန်ဆုံး တုံ့ပြန်နေတယ်၊ ယင် အရှိန်အဝါနဲ့ အလောင်းနံ့တွေက တော်တော်လေး ပြင်းထန်တာပဲ”
ဟု ဝေ့ဟန်က ဆိုသည်။
ဝေ့ဟန်၏ လေသံတွင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေသော ဟန်ပန် ပါဝင်နေသည်။ မိမိတွင် အဖိုးတန်ရတနာ ရှိနေသည်မဟုတ်ပါလား။ ဖန်မီးအိမ်က မိစ္ဆာခြေရာကို ရှာနိုင်သဖြင့် ယခုအချိန်တွင် အတော်လေး အသုံးတည့်သွားသည်။ ရှင်းဟုန်ယဲ့လည်း အနားသို့ လျှောက်လာ၏။
ဝေ့ဟန် စိတ်ထဲ၌ 'ဖန်မီးအိမ်ကို ခိုးလာရတာ မမှားဘူး၊ ပြန်ရောက်လို့ ဝမ်အိုကြီးနဲ့ ဆရာက အပြစ်ပေးမယ်ဆိုရင်တောင် ဒီနေ့ ဒီမှာ အသုံးဝင်သွားတာနဲ့တင် တန်ပါပြီ' ဟု တွေးနေမိသည်။
“မိုးမခပင်က ယင် ဓာတ်ကို စုစည်းတတ်တယ်၊ ဒီအပင်အောက်မှာ အလောင်းတွေ မြုပ်နေတာပဲ”
ဟု လီယန်ချူးက တည်ငြိမ်စွာ ဆိုလိုက်သည်။
ဝေ့ဟန်သည် လီယန်ချူးကို တစ်ချက်ကြည့်လိုက်မိ၏။
'ဟဲဟဲ... ဒီဖြူဖြူချောချောကလည်း အစွမ်းတော့ နည်းနည်းရှိသားပဲ '
“ငါ့ကို ဖယ်ဦး” ဝေ့ဟန်သည် ခါးရှိ သစ်သားဓားကို ဆွဲထုတ်လိုက်သည်။
ရွှပ် ရွှပ် ရွှပ်
ဓားအရှိန်အဝါ အချို့ ထွက်ပေါ်သွားပြီးနောက် ထိုမိုးမခပင်ကြီးမှာ အလယ်ကနေ ပြတ်တောက်သွားတော့သည်။ မြေပြင်မှာလည်း ဟိန်းခနဲ မြည်ကာ ကွဲအက်သွား၏ ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများ လွင့်စင်သွားပြီး အမြင်အာရုံ ပြန်ကြည်လင်လာသောအခါ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် အားလုံး တုန်လှုပ်သွားကြသည်။
ထိုမိုးမခပင်၏ ကြီးမားလှသော အမြစ်များအောက်တွင် ဖြူဖွေးနေသော လူအရိုးများစွာ မြုပ်နှံထားသည်ကို တွေ့ရ၏။ အပေါ်ယံကြည့်ရုံဖြင့်ပင် အနည်းဆုံး ဆယ်ဂဏန်းမက ရှိပေလိမ့်မည် ဤသည်မှာ အပေါ်ယံမျှသာ ရှိသေးသည်၊ အကယ်၍ အောက်သို့ ဆက်တူးမည်ဆိုပါက မည်မျှလောက် များပြားမည်ကို မခန့်မှန်းနိုင်ပါချေ။
“ဒီနှစ်တွေအတွင်းမှာ ဒီမှာ လူတွေ ဒီလောက်တောင် သေခဲ့တာလား ”
ဝေ့ဟန်က အံ့ဩတကြီး ပြောလိုက်သည်။
ရှင်းဟုန်ယဲ့မှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ ထိုအရိုးစုပုံကြီးထဲတွင် သူမ၏ ဒေါ်လေး၏ အလောင်း ပါမလာပါစေနှင့်ဟုသာ ဆုတောင်းနေမိသည်။ သို့သော် ထိုအရိုးများမှာ အသားမရှိတော့ဘဲ ဖြူဖွေးနေပြီဖြစ်ရာ ခွဲခြားရ ခက်လှသည်။
“ငါ့အမြင်အရတော့ အပေါ်ယံက အလောင်းအနည်းငယ်ကလွဲရင် အောက်က အလောင်းတွေ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက ချန်နိုင်ငံရဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ကျန်ခဲ့တဲ့ အလောင်းတွေ အရိုးဖြစ်နေတာပဲ”
ဟု လီယန်ချူးက အရိုးများကို ကြည့်ကာ ဆိုသည်။
“ဒီအရိုးတွေကို ကြည့်ရုံနဲ့ ဘာသိနိုင်မှာလဲ ” ဝေ့ဟန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ယောက်ျားနဲ့ မိန်းမရဲ့ အရိုးတည်ဆောက်ပုံက မတူဘူးလေ။ အမျိုးသမီးရဲ့ အရိုးတွေက ပိုသေးပြီး တင်ပဆုံရိုးကလည်း ပိုကျဉ်းတယ်၊ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ပါတယ်”
လီယန်ချူးက အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
'ဒါက စာဖတ်တဲ့ အကျိုးကျေးဇူးပဲပေါ့...'
ဝေ့ဟန်သည် ရုတ်တရက် နောင်တရသွားမိသည်။
နေ့စဉ်နေ့တိုင်း ဓားကျင့်တာပဲ အာရုံစိုက်နေပြီး အတိုင်ပင်ခံရုံးက လူကြီးတွေဆီက အမှုစစ်တဲ့ ပညာတွေကို သေချာ မသင်ယူခဲ့မိပေ။ မဟုတ်လျှင် ယခုလို လူအများရှေ့ စွမ်းဆောင်ပြသူမှာ သူသာ ဖြစ်ပေလိမ့်မည်။
“မင်းဒေါ်လေး ဒီထဲမှာ ပါ၊ မပါ အတည်ပြုနိုင်မယ့် နည်းလမ်းရှိလား”
လီယန်ချူးက ရှင်းဟုန်ယဲ့ကို မေးလိုက်သည်။
ရှင်းဟုန်ယဲ့ ခေါင်းညိတ်ကာ ရင်ဘတ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုကျောက်စိမ်းမှာ အရည်အသွေး အင်မတန် ညံ့ဖျင်းလှရာ ရှင်းဟုန်ယဲ့ကဲ့သို့ လူမျိုးက ဆောင်ထားလိမ့်မည် မဟုတ်ပါချေ။ ရှင်းဟုန်ယဲ့သည် လက်ချောင်းကို အသာကိုက်ကာ သွေးတစ်စက် ချလိုက်၏။ သူမသည် မည်သည့် မန္တန်မှ မရွတ်ဖတ်သလို လက်ဟန်လည်း မလုပ်ပါချေ။
ကျောက်စိမ်းပြားပေါ်မှ နီရဲသော အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ရှင်းဟုန်ယဲ့ သက်ပြင်းချလိုက်နိုင်၏။
“ဒီကျောက်စိမ်းကို ငါကိုယ်တိုင် သန့်စင်ပြုလုပ်ထားတာ၊ ငါနဲ့ သွေးသားတော်စပ်သူ တစ်ယောက်ယောက် ဒီမှာ သေဆုံးနေမယ်ဆိုရင် ဒီကျောက်စိမ်းက တုံ့ပြန်မှု ရှိမှာပဲ”
သူမ၏ လေသံမှာ အနည်းငယ် ပေါ့ပါးသွားသည်။
“မင်းက လက်နက်သန့်စင်တဲ့အတတ်ကိုလည်း နားလည်တာလား”
လီယန်ချူးက အံ့ဩတကြီး မေးလိုက်သည်။
“တကယ်တော့ လက်နက်သန့်စင်တယ်ဆိုတာကလည်း အဆောင်လက်ဖွဲ့တွေ မျဉ်းကြောင်းတွေ ရေးဆွဲတာနဲ့ သဘောတရားချင်း အတူတူပါပဲ၊ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ အတတ်ပညာတွေပေါ့”
ဟု ရှင်းဟုန်ယဲ့က ဆိုသည်။
ယခုအချိန်တွင် သူမကို အဖြူရောင် ဝတ်စုံရှည် ဝတ်ပေးပြီး မျက်မှန်လေး တပ်ပေးလိုက်မည်ဆိုပါက တကယ့် သိပ္ပံပညာရှင် သုတေသီ အမျိုးသမီး တစ်ဦးနှင့် အလားသဏ္ဌာန် တူနေပေလိမ့်မည်။
သူတို့သုံးဦးသည် လန်ရော့ဘုရားကျောင်းအတွင်း ဆက်လက်စုံစမ်းသော်လည်း အခြား ထူးခြားမှု မတွေ့ရပါချေ။ လီယန်ချူး၏ ရှစ်ခွင်မှန်သည်လည်း ကျောင်းတွင်းရှိ ယင် အရှိန်အဝါကိုသာ ပြနိုင်ပြီး ထိုမိုးမခပင်မိစ္ဆာ၏ သတင်းအချက်အလက်ကိုမူ မသိနိုင်ပါချေ။
“ထူးဆန်းတယ် ဒီမိစ္ဆာမှာ ကာကွယ်ပေးထားတဲ့ ရတနာတစ်ခုခု ရှိနေလို့လား၊ ဘာလို့ ဘာသဲလွန်စမှ ရှာမရရတာလဲ ”
ဝေ့ဟန်က ဒေါသတကြီး ပြောလိုက်သည်။
“ဖြစ်နိုင်တာက ညကျမှ ထူးခြားလာလိမ့်မယ်၊ အဲဒီ ဝိညာဉ်တွေက သူတို့ဘာသာသူတို့ တံခါးဝအထိ ရောက်လာနိုင်တယ်”
ဟု လီယန်ချူးက ဆိုသည်။
ရှင်းဟုန်ယဲ့ ခေါင်းညိတ်လိုက်သည်။ ပုံမှန်အားဖြင့် ဤကဲ့သို့ သရဲခြောက်သော နေရာမျိုးသည် ညဘက်မှသာ စတင်လေ့ရှိသည်။ အကြောင်းမှာ နေ့ဘက်တွင် သရဲများသည် နေရောင်ကို ကြောက်ရွံ့ကြသောကြောင့် သို့မဟုတ် အစွမ်းထက်သော သရဲများက နေရောင်အောက်တွင် မထွက်ချင်သောကြောင့် ဖြစ်ပေလိမ့်မည်။
“လီလေး... ညကျရင် ငါပဲ ကျန်ခဲ့ပါ့မယ် ဒီသရဲမတွေက အန္တရာယ်ရှိတယ်၊ လီလေးက စာဖတ်ရုံပဲ တတ်တဲ့သူဆိုတော့ သရဲမတွေက အသက်ဓာတ် တွေကို စုပ်ယူသွားတာ ခံရလိမ့်မယ်”
ဟု ဝေ့ဟန်က ဆိုသည်။
“ရပါတယ်၊ အသက်ဓာတ် အနည်းငယ် အစုပ်ခံရတာက ဘာမှ မဟုတ်ပါဘူး”
လီယန်ချူးက ရယ်မောလျက် ပြန်ပြောလိုက်သည်။
ဝေ့ဟန်ကလည်း လှောင်ပြုံး ပြုံးလိုက်၏။
'တကယ့် သရဲကို မြင်တဲ့အခါကျမှ ကြောက်တာက ငါပြောနေတာထက် အဆပေါင်းများစွာ ပိုထိရောက်လိမ့်မယ်'
သူသည် အတွေးတစ်ခုရသွားကာ
“တကယ်တော့ ငါက သရဲမတွေကို မျှားခေါ်ဖို့ စာသင်သားတစ်ယောက်ကို ရှာမလို့ပဲ၊ အခု လီလေး ရှိနေတာဆိုတော့ လီလေးပဲ အမျှားအဖြစ် လုပ်လိုက်ပေါ့”
ဟု အကြံပြုလိုက်သည်။
လီယန်ချူး ခေါင်းညိတ်ကာ
“ဒါလည်း ကောင်းတာပဲ” ဟု သဘောတူလိုက်သည်။
“စိတ်ချပါ လီလေး ငါ ဘေးအခန်းမှာပဲ ရှိနေမှာ၊ တစ်ခုခု ထူးခြားတာနဲ့ ချက်ချင်း ဝင်လာပြီး မိစ္ဆာကို နှိမ်နင်းပေးမယ်”
ဝေ့ဟန်က မိမိ၏ ဓားပညာအပေါ် ယုံကြည်မှု အပြည့်ဖြင့် ကြွားဝါလိုက်လေသည်။
ညရောက်သော်
လီယန်ချူးတို့ သုံးဦးသည် လန်ရော့ဘုရားကျောင်း၏ အခန်းများတွင် ခွဲ၍ နေကြသည်။ သရဲမများ လာရောက်ရန်နှင့် သဲလွန်စရှာရန်အတွက် တစ်ယောက်လျှင် အခန်းတစ်ခန်းစီ ခွဲနေလိုက်ကြခြင်း ဖြစ်သည်။
ရှင်းဟုန်ယဲ့သည် အစွမ်းအနိမ့်ဆုံးဖြစ်ပြီး သူမသည် တိုက်ခိုက်ရေးထက် အစီရင်အတတ် တွင် ပါရမီရှင် ဖြစ်သည်။ သူမသည် အခန်းထဲဝင်သည်နှင့် ကြမ်းပြင်ပေါ်တွင် အရှိန်အဝါ ဖျောက်ကွယ်ခြင်းနှင့် ခုခံခြင်းဆိုင်ရာ အစီရင်များကို ရေးဆွဲလိုက်သည်။
ဝေ့ဟန်မှာမူ သူ၏ သစ်သားဓားကို ပိုက်လျက် မျက်လုံးမှိတ်ကာ အနားယူနေ၏။ သူသည် အလွန် ယုံကြည်ချက် ရှိနေသည်။ မြို့တော်က ကျွမ်းကျင်သူတွေတောင် ဒီမိစ္ဆာနဲ့ တိုက်ဖူးတယ်ဆိုတော့ ဒီမိစ္ဆာက သိပ်ပြီး ပုန်းလျှိုးနေမှာ မဟုတ်ဘူးဟု သူ ယူဆထားသည်။ မိစ္ဆာပေါ်လာသည်နှင့် ဓားတစ်ချက်ဖြင့် အပြတ်ရှင်းရန် သူ ပြင်ဆင်ထားသည်။
အခန်းသုံးခန်းမှာ တစ်ခုနှင့်တစ်ခု မဝေးလှပါချေ။ ညဉ့်နက်လာသောအခါ လီယန်ချူးသည် အခန်းထဲတွင် ထိုင်နေသည်။ သူသည် ကျင့်ကြံခြင်းလည်း မလုပ်သလို အိပ်လည်း မအိပ်ပါချေ။ စိတ်ကို စုစည်းကာ ပေါ်လာနိုင်သည့် သရဲမကို စောင့်ကြိုနေလေသည်။
လန်ရော့ဘုရားကျောင်းနှင့် ၁၀ မိုင်ခန့်အကွာတွင် အဆောက်အဦး အစုအဝေးတစ်ခု တည်ရှိသည်။ အင်မတန် ခမ်းနားထည်ဝါသော ပြာသာဒ်ဆောင်များ၊ ကျောက်တောင်တုများနှင့် ရေကန်များမှာ စည်းစိမ်ကြီးလှ၏။ ထိုနေရာသည် တောနက်ထဲတွင် ဖြစ်သဖြင့် လူသူအရောက်အပေါက် နည်းပါးလှသည်။
ပတ်ဝန်းကျင်ကို တောအုပ်ကြီးများက ကာရံထားပြီး အပေါ်ယံတွင် ပါးလွှာသော အရှိန်အဝါတစ်ခုက အကာအကွယ်အဖြစ် ဖုံးလွှမ်းထားသည်။ ၎င်းသည် ပြင်ပမှ စုံစမ်းထောက်လှမ်းမှု အားလုံးကို တားဆီးထားခြင်း ဖြစ်သည်။
ထိုပြာသာဒ်ဆောင်အတွင်း၌ အဝတ်အစား အင်မတန် ဟော့ဟော့ရမ်းရမ်း ဝတ်ဆင်ထားပြီး အသားအရေ ဗလာကျင်းနေသည့် လှပသော မိန်းမပျိုလေးများစွာ ရှိနေကြကာ ရယ်မောသံများဖြင့် ဆူညံနေလေတော့သည်။
အခန်း (၆၃၀) - သစ်ပင်မိစ္ဆာ ဘွားဘွား ၊ အပျော်မယ် မလေးများ ၊ ခရမ်းရောင်ဝတ်ဆင်ထားသည့် အမျိုးသမီး ၊ ဒါက ဘာလိုပြဇာတ်မျိုးလဲ
“ဘွားဘွား လာနေပြီ”
မည်သူအော်လိုက်သည်မသိသော်လည်း၊ ပျော်မြူးနေကြသည့် မိန်းမပျိုလေးများ၏ ရယ်မောသံများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ လေထုမှာလည်း တစ်ခဏအတွင်း လေးလံထိုင်းမှိုင်းသွား၏။
ရေလယ်ဇရပ်ထဲတွင် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် စောင်းကြိုးများကို ပွတ်သပ်နေရာမှ ထရပ်လိုက်ကာ ဘွားဘွားကို ကြိုဆိုရန် ပြာသာဒ်ဆောင်ဘက်သို့ ပျံသန်းလာခဲ့သည်။
ဤအမျိုးသမီးမှာ အရိုးထဲအထိ စွဲဆောင်မှုရှိသော အလှပိုင်ရှင် ဖြစ်သော်လည်း အပြင်ပန်းကြည့်ရုံဖြင့် အလွန်ပင် စင်ကြယ်နုနယ်ပုံရသည်။ သူမ၏ အပြုံးတစ်ချက်၊ လှုပ်ရှားမှုတစ်ချက်စီတွင် အမျိုးသားတို့ကို ဖမ်းစားနိုင်သော ဆွဲဆောင်မှုရှိနေကာ စိတ်ကို ထိန်းချုပ်ရန် ခက်ခဲလှ၏။
ဤသည်မှာ သူမက တမင်တကာ ညှို့ယူဖျားယောင်းနေခြင်း မဟုတ်သေးပါချေ။ အကယ်၍ သူမသာ အစွမ်းကုန် ညှို့ယူလိုက်မည်ဆိုပါက စိတ်ဓာတ်ကို ကျင့်ကြံအားထုတ်ထားသည့် ဗုဒ္ဓဘာသာနှင့် တာအိုတပည့်များပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထိုညှို့ဓာတ်မှာ မြေခွေးမျိုးနွယ်စု၏ အတတ်ပညာနှင့် မတူဘဲ အတွင်းကျကျ တည်ငြိမ်သော်လည်း လူ၏စိတ်ကို ပို၍ လှုပ်ခတ်စေသည်။
ထိုအချိန်တွင် ကိုယ်ခန္ဓာကြီးမားပြီး ဖောယောင်နေသော အဘွားအိုတစ်ဦးမှာ မိန်းမပျိုလေးအချို့၏ တွဲကူမှုဖြင့် ဝင်းအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
“လန်ရော့ဘုရားကျောင်းကို ယောက်ျားနှစ်ယောက် ရောက်နေတယ်။ ဘွားဘွားကြည့်ရတာ သူတို့ကို အတော် သဘောကျမိတယ်၊ မင်းတို့ထဲက ဘယ်သူ သွားပြီး ဖြားယောင်းမလဲ ”
ဘွားဘွား၏ အသံမှာ သံချေးတက်နေသည့်အလား အလွန်ပင် အက်ကွဲပြီး နားဝင်မချိုလှပေ။ သူမ၏စကားအဆုံးတွင် အမျိုးသမီးအားလုံး တိတ်ဆိတ်သွားကြပြီး၊ မျက်နှာများမှာ ထိတ်လန့်သွားကာ မည်သူမျှ စကားမဆိုရဲကြပါချေ။
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးမှာ ထိုအုပ်စုတွင် အဆင့်အတန်း အမြင့်ဆုံး ဖြစ်သည်။ သူမသည် သက်ပြင်းတစ်ချက်ချလိုက်ကာ ရှေ့သို့ တစ်လှမ်းတိုး၍ အရိုအသေပေးလျက် ဆိုသည်။
“ဘွားဘွား... ဒီရက်ပိုင်းအတွင်းမှာ ကျမတို့ သတိထားမိတာတစ်ခု ရှိပါတယ်။ ညီမလေးတွေ မှန်ထဲမှာ ကြည့်လိုက်ရတဲ့ အဲဒီယောက်ျားနှစ်ယောက်ထဲက ဓားသမားလူငယ်က သတ်ဖြတ်လိုတဲ့ အရှိန်အဝါ အရမ်းပြင်းပါတယ်။ ကျမတို့ သွားလိုက်ရင် ဝိညာဉ်ပါ လွင့်စင်သွားပြီး သရဲတောင် ပြန်ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိပါတယ် ”
“ဟုတ်ပါတယ် ဘွားဘွား၊ အစ်မကြီး ပြောတာ မှန်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ဘုန်းကြီးနဲ့ တာအိုဆရာ ရောက်လာတုန်းကလည်း ညီမလေးတွေ အသက်တော်တော်များများ ဆုံးရှုံးခဲ့ရတယ်လေ”
“ဒီဓားသမားရဲ့ အစွမ်းက အရမ်းနက်နဲပုံရတယ်၊ သတိမထားမိရင် ညီမလေးတို့ ဘွားဘွားအနားမှာ ဆက်ပြီး အလုပ်အကျွေးမပြုနိုင်တော့မှာ ကြောက်မိလို့ပါ”
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက စတင်ပြောဆိုလိုက်သည်နှင့် ရုပ်ရည်လှပပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည့် အမျိုးသမီးများအားလုံးမှာ ဝမ်းနည်းပူဆွေးသော မျက်နှာများဖြင့် ဘွားဘွားကို ဝိုင်းဝန်း အသနားခံကြတော့သည်။
အဘွားအိုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ မကျေနပ်သော အမူအရာ ပြလိုက်သည်။
“မင်းတို့တစ်တွေကတော့ကွယ်... ကောင်းပြီလေ၊ ခုန်းကျန့် နဲ့ ထျန်းချန်း ဆိုတဲ့ အဲဒီအသုံးမကျတဲ့ ဘုန်းကြီးနဲ့ တာအိုဆရာတောင် ဘွားဘွားကို မယှဉ်နိုင်တာပဲ၊ မင်းတို့ ဘာကြောက်နေတာလဲ စိတ်ချပါ၊ ဒီည ဘွားဘွား အစီအစဉ်အချို့ လုပ်ထားတယ်၊ အဲဒီဓားသမားကို အဝေးကို မျှားခေါ်သွားမယ်၊ အဲဒီကျမှ မင်းတို့ သွားကြပေါ့၊ အမှားအယွင်းမရှိစေရဘူးလို့ အာမခံတယ် ”
ထိုခမ်းနားလှသော ပြာသာဒ်ဆောင်များကို သေချာကြည့်မည်ဆိုပါက ၎င်းတို့သည် သစ်ပင်ငုတ်တိုကြီး တစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ထိုသစ်ပင်ငုတ်တိုမှာ လူ ၇ ယောက်၊ ၈ ယောက်ခန့် ဖက်ရလောက်အောင်ပင် လုံးပတ်ကြီးမားလှ၏။ အပင်မှာ ကျိုးပြတ်နေပြီး မြေပြင်ပေါ်တွင် နှစ်မီတာခန့်သာ မြင့်သော ငုတ်တိုအဖြစ် ကျန်ရှိနေခြင်း ဖြစ်သည်။
ဤပြာသာဒ်ဆောင် အစုအဝေးမှာ ဧကပေါင်းများစွာ ကျယ်ဝန်းသော်လည်း အမှန်တကယ်တွင်မူ ထိုသစ်ပင်ငုတ်တိုပေါ်၌သာ ရှိနေခြင်း ဖြစ်သည်။ ဤဆန်းကြယ်သော မြင်ကွင်းကို ပြင်ပလူများ မမြင်နိုင်ပါချေ။ ထိုသစ်ပင်ငုတ်တို၏ အကာအကွယ်ကြောင့်ပင် ပြင်ပမှ မည်သူမျှ လှမ်း၍ မစုံစမ်းနိုင်ခြင်း ဖြစ်သည်။
သစ်ပင်ငုတ်တိုအတွင်း၌ ရေမှန် တစ်ချပ် ရှိနေပြီး လန်ရော့ဘုရားကျောင်း၏ မြင်ကွင်းကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် လူတစ်ဦးဦး လန်ရော့ဘုရားကျောင်းထဲသို့ ဝင်လာသည်နှင့် သူတို့၏ စောင့်ကြည့်မှုအောက်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက မေးလိုက်သည်။
“ဘွားဘွား... အဲဒီကျောင်းထဲက အမျိုးသမီးကိုကော ဘယ်လိုလုပ်မလဲ ”
“သူ့ကို ခဏထားလိုက်ဦး၊ အရင်ဆုံး အဲဒီယောက်ျားရဲ့ အသက်ဓာတ်ကို စုပ်ယူပြီး ဘွားဘွားကို ဆက်သရမယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က လူလိုမျိုး မဖြစ်စေနဲ့ဦး”
ဘွားဘွား၏ အသံထွက်လာသောအခါ ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
“ဒီည ဘွားဘွားအတွက် ကျမကိုယ်တိုင် သွားပြီး အဲဒီစာသင်သားကို ညှို့ယူပြီး အသက်ဓာတ်တွေ ယူခဲ့ပေးပါ့မယ်”
“ကောင်းပြီ ဘွားဘွား မင်းကို အချစ်ပိုရတာ တန်ပါတယ်”
ဘွားဘွားက ရယ်မောလျက် ပြောလိုက်သည်။
“အဲဒီစာသင်သားက မျက်နှာလေးကလည်း သန့်၊ ရုပ်ကလည်း ချောဆိုတော့... စားရတာ တကယ့်ကို အရသာရှိမှာ အသေအချာပဲ ”
ဘွားဘွား၏ မျက်နှာမှာ လောဘဇောများ တက်လာကာ သွားရည်များပင် ထွက်ကျလာတော့သည်။
ညဉ့်နက်သန်းခေါင်
ငြိမ်သက်နေသော လန်ရော့ဘုရားကျောင်းအတွင်းမှ ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“မိစ္ဆာ ဘယ်ကို ပြေးမလို့လဲ”
ဝေ့ဟန်သည် လေကဲ့သို့ လျင်မြန်သော ကိုယ်ဟန်ဖြင့် ပြတင်းပေါက်ကို ကျော်ကာ အမည်းရောင် အရိပ်တစ်ခုနောက်သို့ အပြင်းအထန် လိုက်လံတိုက်ခိုက်တော့သည်။ လရောင်ဖျော့ဖျော့အောက်တွင် ဝေ့ဟန်၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှသဖြင့် ခဏအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
ဝေ့ဟန် ထွက်သွားပြီးနောက် ခေတ္တအကြာတွင် လန်ရော့ဘုရားကျောင်းအတွင်း၌ အပြေးအလွှား ခြေသံများ ထွက်ပေါ်လာသည်။
ဒေါက်... ဒေါက်... ဒေါက်
လီယန်ချူး၏ အခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်၏။ လီယန်ချူး မော့ကြည့်လိုက်သည်။
“ကယ်ပါဦး သရဲက ကျမနောက်ကို လိုက်နေလို့ပါ”
တံခါးဝမှ နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံမှာ အမျိုးသားတို့၏ ကာကွယ်လိုစိတ်ကို နှိုးဆွပေးနိုင်စွမ်း ရှိသည်။ လီယန်ချူးမှာ မရယ်ဘဲ မနေနိုင်တော့ပါချေ။
တောနက်၊ ဘုရားကျောင်းပျက်၊ ညဉ့်သန်းခေါင်၊ စာသင်သား၊ သရဲမ... တကယ့်ကို အငွေ့အသက် အပြည့်ပဲ။
‘ဒါပေမဲ့ ဒီဇာတ်လမ်းဆင်ပုံက အမြဲတမ်း တစ်ပုံစံတည်း ဖြစ်နေတာလား ’
သူ ရှေ့သို့ တိုးကာ တံခါးကို ဖွင့်လိုက်ရာ၊ ပါးလွှာသော ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော ခြေသလုံးလေးကို ဖော်ပြထားသည့် လှပသော အမျိုးသမီးတစ်ဦး ဝင်လာသည်။ သူမ၏ ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ညှို့ယူနိုင်စွမ်း ရှိနေပြီး ခြေကျင်းဝတ်တွင် ရှစ်ထောင့်ကြေးခေါင်းလောင်းလေး တစ်ခုကို ချည်ထားသည်။
ထိုအမျိုးသမီးမှာ လီယန်ချူးကို မြင်သည်နှင့် တစ်ခဏမျှ ကြောင်အသွားရ၏။ ရေမှန်ထဲက ကြည့်ရတာနဲ့ လူကိုယ်တိုင် တွေ့ရတာက ခံစားချက်ချင်း လုံးဝ မတူပါချေ။ လီယန်ချူး၏ နက်ရှိုင်းသော မျက်ဝန်းများနှင့် တည်ငြိမ်နွေးထွေးသော အရှိန်အဝါမှာ မြင်သူတိုင်းကို ရင်ခုန်သွားစေနိုင်သည်။
“မင်းနောက်ကို သရဲလိုက်နေတာလား”
လီယန်ချူးက ထိုအမျိုးသမီး စကားမပြောသဖြင့် အရင် စတင်မေးလိုက်သည်။
“ဟုတ်... ဟုတ်ပါတယ် နောက်မှာ သရဲမက ကျမကို လိုက်ဖမ်းနေတာ၊ သခင်လေး ကယ်ပါဦး ”
ဤအမျိုးသမီးမှာ ရုပ်ရည်စင်ကြယ်သော်လည်း မျက်ဝန်းများထဲတွင် ညှို့ဓာတ်များ ပါဝင်နေသည်။ သူမသည် ပြောပြောဆိုဆိုနှင့် လီယန်ချူး၏ ရင်ခွင်ထဲသို့ လှိုက်ခနဲ တိုးဝင်လာပြီး၊ တစ်ကိုယ်လုံးကို မှီတွယ်ထားလိုက်သည်။
“ကောင်းပါပြီ” လီယန်ချူးက ပြုံးလျက် ဆိုလိုက်သည်။
ထို့နောက် သူ မျက်မှောင်ကြုတ်သွား၏။
‘ဒီအမျိုးသမီးရဲ့ ကိုယ်ခန္ဓာက အရမ်းအေးနေတာပဲ’
သူ့မျက်ဝန်းထဲတွင် စဉ်းစားခန်း ဝင်သွားသည်။
‘ဒီလောက် အေးနေတာ... အဆင်ပြေပါ့မလား
သူ၏ရင်ခွင်ထဲတွင် မှီတွယ်ကာ အသားအရေ ဗလာကျင်းနေသည့် မိန်းမပျိုလေးမှာမူ လီယန်ချူးက ဤကဲ့သို့သော အချိန်မျိုးတွင် အာရုံပျံ့လွင့်ပြီး ထူးဆန်းသော မေးခွန်းမျိုးကို တွေးနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပါချေ။
သူမသည် စောစောက ဤစာသင်သားကို ကြည့်လိုက်စဉ်က ကိုယ်လုံးကိုယ်ပေါက် သွယ်လျသည်ဟု ထင်ခဲ့သော်လည်း၊ ရင်ခွင်ထဲ တိုးဝင်လိုက်သည့်အခါမှ တောင့်တင်းလှသော ကြွက်သားများကို ခံစားလိုက်ရသည်။
လက်မောင်းကြွက်သားများမှာ ကျစ်လျစ်နေပြီး၊ ရင်ဘတ်မှာ ကျောက်ဆောင်ကဲ့သို့ မာကျောကာ၊ အဝတ်အစားပေါ်ကနေတောင် ဝမ်းဗိုက်ကြွက်သားများ၏ အဖုအထစ်ကို ခံစားနေရသည်။
ယခုအချိန်တွင် သူမသည် လီယန်ချူးကို ဖက်ထားသဖြင့် သူ၏ ခါးနောက်ဘက်မှ အားကောင်းသော ကြွက်သားများကိုပါ ထိတွေ့နေရသည်။
‘ဒီစာသင်သားက ကြည့်ရတာ နုနုနယ်နယ်လေးနဲ့၊ ဒီလောက် တောင့်တင်းလိမ့်မယ်လို့ မထင်ထားဘူး’
အမျိုးသမီး၏ မျက်နှာမှာ ရုတ်တရက် နီမြန်းသွားရ၏။
ထိုမိုးမခပင်မိစ္ဆာ လက်အောက်တွင် အလုပ်လုပ်နေရသော ဤနှစ်များအတွင်း ယောက်ျားများကို ဖြားယောင်းပြီး အသက်ဓာတ် စုပ်ယူရခြင်းမှာ သူမအတွက် နေ့စဉ် အလုပ်တစ်ခုလို ဖြစ်နေသော်လည်း၊ ယခုကဲ့သို့ မြင်လိုက်ရုံနှင့် စိတ်ကို လှုပ်ရှားစေသည့် အမျိုးသားမျိုးကို သူမ ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ ထိုအချက်ကြောင့်ပင် သူမမှာ လီယန်ချူး၏ အသက်ဓာတ်ကို စုပ်ယူရန် ခေတ္တ မေ့လျော့သွားတော့သည်။
“သခင်လေး... ကျမ...”
“သခင်လေးမှာ အိမ်ထောင်ရှိပြီလား”
ထိုမိန်းမပျိုမှာ တစ်စုံတစ်ခုကို ပြောရန် ခက်ခဲနေပြီး နောက်ဆုံးတွင် မဆီမဆိုင် ထိုမေးခွန်းကို မေးလိုက်မိသည်။ လီယန်ချူးမှာ မျက်ခုံးတစ်ချက် တွန့်သွားကာ စိတ်ပျက်သွားရ၏။
‘ဒီလောက် ညံ့ဖျင်းတဲ့ သရုပ်ဆောင်မှုနဲ့ လူတွေကို ဘယ်လိုများ လှည့်စားနေတာလဲ စကားပြောတဲ့အခါ စိတ်ကို ညှို့ယူတဲ့ အတတ်ပညာတွေ သုံးနေတာလား ဒါပေမဲ့ ဘာမှော်အငွေ့အသက်မှလည်း မခံစားရပါလား ’
“သခင်လေး သခင်လေး”
အမျိုးသမီးက လီယန်ချူး စကားမဆိုသဖြင့် ထပ်မေးလိုက်သည်။
“ဇနီးမယား မရှိသေးပါဘူး” လီယန်ချူးက ခေါင်းခါပြလိုက်သည်။
“သခင်လေးက ဒီလောက် လူရည်ချော ဖြစ်နေတာတောင် အိမ်ထောင်မရှိသေးဘူးဆိုတော့ တကယ့်ကို နှမြောစရာပါပဲ၊ ကျမက သခင်လေးရဲ့ ဇနီးအဖြစ် လိုက်ခဲ့ပေးရမလား”
ထိုမိန်းမပျိုက မျှော်လင့်ချက်အပြည့်ဖြင့် လီယန်ချူးကို ကြည့်လိုက်သည်။
“မင်းနောက်ကို သရဲ လိုက်နေတာ မဟုတ်ဘူးလား”
လီယန်ချူး၏ မျက်မှောင်မှာ ပို၍ ကြုတ်သွားတော့သည်။
‘ဒီခေတ်မှာ ဘယ်သူမဆို သရဲမ လုပ်လို့ ရနေတာလား အလုပ်သင် တန်းတောင် မတက်ခဲ့ကြဘူးလား’
ထိုမိန်းမပျိုလေးမှာ လီယန်ချူး၏ ကိုယ်ပေါ်သို့ ပွတ်သပ်ကာ ညှို့ယူတော့သည်။ သူမ၏ အသားအရေမှာ အမှန်တကယ်ပင် နူးညံ့ချောမွေ့နေပြီး အမူအရာများမှာလည်း လုံလောက်စွာ ဆွဲဆောင်မှုရှိလှ၏။ သို့သော် လီယန်ချူးက သူမကို အသာတွန်းဖယ်လိုက်သည်။ ဤတွင် ထိုအမျိုးသမီးမှာ ပျာယာခတ်သွားရတော့သည်။
“သခင်လေး... ဘာဖြစ်လို့လဲ ကျမက မလှလို့လား”
လီယန်ချူး ခဏမျှ စဉ်းစားလိုက်သည်။
‘ဒီသရဲမကို ဓားနဲ့ပဲ တစ်ချက်တည်း ခုတ်လိုက်ရမလား ကြည့်ရတာ ဉာဏ်ရည် သိပ်မမှီတဲ့ ပုံစံပဲ’
“ကျမအိမ်မှာ ညီမလေးတွေ အများကြီး ရှိပါသေးတယ်၊ သူတို့ကိုပါ ခေါ်ပြီး သခင်လေးကို တစ်ပြိုင်တည်း ပြုစုခိုင်းလို့ ရပါတယ် ”
မိန်းမပျိုက အလျင်အမြန် ပြောလိုက်သည်။
ထိုချောမောသော စာသင်သားကို မိမိတစ်ဦးတည်း ပိုင်ဆိုင်ချင်စိတ် ရှိ၊ မရှိပင် ဂရုမစိုက်နိုင်တော့ဘဲ သူမတွင်ရှိသမျှ အားသာချက်များကို အကုန်ထုတ်သုံးလိုက်တော့သည်။
‘လာခဲ့စမ်းပါ ညီမလေးတွေ အများကြီး ရှိတယ်သခင်လေး ကြိုက်တဲ့ အမျိုးအစား ပါမှာ အသေအချာပဲ ’