← Chapters

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

အခန်း-(၂၅၆)

နောက်တစ်နေ့မနက်အစောပိုင်း မိုးမလင်းမီတွင်တော့ နတ်ဆိုးအဖွဲ့တို့နိုးထလာကြသည်။ ရေချိုးပြီးနောက်တွင် လူတိုင်းက သူတို့ရဲ့ပစ္စည်းများကို စစ်ဆေးကြပြီး မနက်စာပြင်ဆင်နေကြသည်။

လီချီရွှမ်ကတော့ သူ့ပတ်ဝန်းကျင်ဆီက တိုးတိုးလေးပြောနေတဲ့စကားသံတွေနှင့် လေထဲမှာပျံ့နှံ့နေတဲ့ ခံတွင်းတွေ့စရာ အစားအစာတွေရဲ့ရနံ့ကြောင့် နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ ရှောင်ချီနဲ့ ဖုန်းယွင်တို့က အိုးတစ်လုံးကိုမွှေပေးနေချိန်မှာ ချင်လူဇီနှင့် ကျင်းရွှီယန်းတို့ကတော့ ဖက်ထုပ် ထုပ်နေတာကို တွေ့လိုက်ရသည်။

သူသည် ကြေးစားတပ်ဖွဲ့တစ်ခုသို့ ဝင်ရောက်ခဲ့ပြီး တစ်ယောက်တည်းမဟုတ်တော့ကြောင်းကို ဖြည်းဖြည်းချင်း သတိရလာကာ မှင်သက်စွာဖြင့်ခဏတာထိုင်နေခဲ့သည်။ မျက်နှာကိုပွတ်သပ်ကာ ကြာရှည်စွာခံစားနေရသော အိပ်ငိုက်မှုကိုဖြေဖျောက်ရန်အတွက် ကြိုးစားလိုက်သည်။

သူ့လက်ကိုချလိုက်တဲ့အခါမှာတော့ သူ့အရှေ့မှာ ရေတစ်ခွက်နှင့် သန့်စင်ဆေးပစ္စည်းတစ်စုံရှိနေတာကို သတိထားမိလိုက်တယ်။ မော့ကြည့်လိုက်တော့ မိန်းကလေးက သူ့ကိုပြုံးပြီး "အစ်ကို ဒါတွေကရှင့်အတွက်ပဲ ရေချိုးပြီးရင် ကျွန်မတို့နဲ့အတူ လာစားလိုက်" လို့ ပြောတာကို ကြားလိုက်ရတယ်။

လီချီရွှမ်က ပစ္စည်းတွေကိုလက်ခံလိုက်ပြီး သူမက ပျော်ရွှင်စွာထွက်သွားတာကို ကြည့်နေသည်။ မနေ့ကမှတွေ့ကြတာဆိုတော့ သူမကဘာလို့ သူ့ကို ဒီလောက်ထိ ကြင်ကြင်နာနာ ဆက်ဆံနေရတာလဲဆိုတာကို သူ နားမလည်နိုင်ဘူး။ သူမ သူ့ကို စကားပြောတဲ့ပုံက ထူးဆန်းစွာနဲ့ပဲ ရင်းနှီးနေသလိုမျိူးခံစားရတယ်။ သူတို့နှစ်ယောက်က ကြာမြင့်စွာကတည်းက သိကျွမ်းခဲ့ကြသလိုပဲ။

လီချီရွှမ်ကို ပစ္စည်းတွေပေးပြီးတဲ့အခါမှာတော့ ကျိူးလီဇီက သူ့ချစ်သူကို သွားရှာတယ်။ ဖက်ထုပ် ထုပ်နေတာကို မြင်တော့ "အစ်ကိုယန်း ဟင်းသီးဟင်းရွက်ဖက်ထုပ် ဆယ်ခုနှင့် အသားဖက်ထုပ်ဆယ်ခုလိုချင်တယ်" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက သူမကို လှမ်းကြည့်လာပြီး "အခုနှစ်ဆယ်က မင်းအတွက် လုံလောက်ပါ့မလား" လို့ မေးလာတယ်။

စွမ်းရည်အသုံးပြုသူများဖြစ်တဲ့ သူတို့ရဲ့စားချင်စိတ်က သာမန်လူများထက် များစွာပိုများတယ် အထူးသဖြင့် စွမ်းရည်နှစ်မျိုးအသုံးပြုသူတွေပေါ့။ သူတို့အဖွဲ့ထဲရှိလူတိုင်းက စွမ်းရည်အသုံးပြုသူများဖြစ်သောကြောင့် ဖက်ထုပ်များက ပုံမှန်ထက်ပိုကြီးပြီး များများပိုလုပ်ကြသည်။

ကြက်ဥပြုတ်အပြင် သူတို့က ဟင်းသီးဟင်းရွက်နဲ့ အသားနှစ်မျိုးလုံးကိုသုံးပြီး ဖက်ထုပ်လုပ်ကြတယ်။ ဒီလိုအာဟာရပြည့်ဝတဲ့မနက်စာက နောက်ပိုင်းမှာ ဇွန်ဘီတွေကို တိုက်ခိုက်ဖို့အတွက် လိုအပ်တဲ့ခွန်အားကိုပေးစွမ်းလိမ့်မယ်။

ကျိူးလီဇီက"တော်ပြီ။ ကျွန်မလည်း ဂျုံယာဂုစားချင်တယ်"

"ကောင်းပြီ" ဟု ကျင်းရွှီယန်းက ပြန်ဖြေတယ်။

တစ်နာရီကြာပြီးနောက်မှာတော့ မနက်စာကအဆင်သင့်ဖြစ် နေပါပြီ။ စက်ဝိုင်းပုံသဏ္ဍာန် သံအိုးကြီးငါးလုံးကို အလယ်တွင် ချထားတယ်။ ဂျုံယာဂု နှစ်အိုး၊ ဖက်ထုပ် နှစ်အိုး နှင့် နွားနို့ဖြည့်ထားသော အိုးတစ်အိုး။

လူတိုင်းက နို့ကို စပ်စုချင်စိတ်နဲ့ ကြည့်နေကြတယ်၊ နောက်ဆုံးတော့ ရှောင်ချီက "ကပ္ပတိန် ဒီနို့က ဘယ်ကလာတာလဲ" လို့ မေးလိုက်တယ်။

"မွေးမြူရေးခြံကလေ။ ငါ့နဲ့အာဇီက ဂိုဒေါင်ထဲမှာ နွားနို့တိုင်ကီတွေ အများကြီးတွေ့ခဲ့တယ်။ ကောင်းနေသေးတဲ့အတွက် နည်းနည်းပြန်ယူလာခဲ့တာပဲ" ဟု ကျင်းရွှီယန်းက သူ့ကောင်မလေးအတွက် ဖက်ထုပ်တစ်ပန်းကန် ခပ်ပေးရင်း ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။

ဒါကိုကြားတော့ လီချီရွှမ်က ပြုံးပြီးမေးလိုက်တယ် "ဒါဆို ကပ္ပတိန်ရဲ့ ကောင်မလေးကလည်း အာကာသစွမ်းရည်အသုံးပြုသူပဲလား"

သူ့ကို အဖွဲ့ထဲ လက်ခံလိုက်ပြီးကတည်းက လီချီရွှမ်က ကျိူးလီဇီရဲ့ အာကာသစွမ်းရည်အကြောင်းသိလာဖို့ကို အချိန်အနည်းငယ်သာလိုတယ်ဆိုတာ ကျင်းရွှီယန်းကသိတယ်။

ဖုံးကွယ်ဖို့ကြိုးစားမယ့်အစား အရာအားလုံးကို သဘာဝအတိုင်းဖြစ်လာအောင်လုပ်ဖို့ပဲ သူကဆုံးဖြတ်လိုက်တယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ လီချီရွှမ်က တစ်ရက်တည်းနဲ့ သိသွားခဲ့ပြီး သူ့ရဲ့စောင့်ကြည့်နိုင်စွမ်းကတော့ အထင်ကြီးလောက်စရာဖြစ်နေတယ်။

ကျင်းရွှီယန်းကတည်ငြိမ်နေချိန်တွင် ကျိူးလီဇီ အပါအဝင် ကျန်အဖွဲ့ဝင်များကတော့ သူ့ကိုလှည့်ကြည့်ကာ သူရဲ့တုံ့ပြန်မှုကို စောင့်မျှော်နေကြတယ်။

ခဏကြာတော့မှ သူက သူတို့ကိုကြည့်လာကာ "မင်းတို့အားလုံးက ဘာလုပ်နေကြတာလဲ မစားကြဘူးလား" လို့ မေးလာတယ်။

သူတို့ရဲ့ကပ္ပတိန်က ကျိူးလီဇီရဲ့စွမ်းရည်ကို ဖော်ပြတယ်ဆိုတာက ထိုသူကို တိတ်တဆိတ် အသိအမှတ်ပြုခဲ့တယ်ဆိုတာ ကိုလူတိုင်းက နားလည်ကြပါတယ်။ လီချီရွှမ်ကရယ်ပြီး "ကပ္ပတိန် ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလာတယ်။

" ငါ့အဖွဲ့ထဲဝင်လာပြီးကတည်းက မင်းက ငါ့လူတွေထဲက တစ်ယောက်ပဲ။ မင်းသုံးတဲ့လူကို ယုံကြည်ပါ၊ အဲဒါက ငါ့ရဲ့မူပဲ။ ငါမင်းကိုသာ မယုံကြည်ခဲ့ရင် မင်းကို အစကတည်းက ဝင်ခွင့်ပြုမှာမဟုတ်ဘူး" ဟု ကျင်းရွှီယန်း ပြန်ဖြေသည်။

ဒါကိုကြားတော့မှ ကျန်တဲ့အဖွဲ့သားတွေဟာ သူတို့ရဲ့အသင်းခေါင်းဆောင်က လီချီရွှမ်ကိုလက်ခံဖို့အတွက် ဘယ်လောက်အလေးအနက်ထားလဲဆိုတာကို သဘောပေါက်သွားကြတယ်။ အထူးသဖြင့် ချင်လူဇီသည် သူ့စကားကြောင့် အံ့အားသင့်သွားတယ်။ တိုးတိုးလေးသက်ပြင်းချပြီးမှ အဖွဲ့ဝင်အသစ်ကို သူ့ကိုယ်သူသက်သေပြဖို့ အခွင့်အရေးပေးဖို့သာ ဆုံးဖြတ်လိုက်တယ်။

စိတ်နေစိတ်ထား ပြောင်းလဲသွားခြင်းနှင့်အတူ သူက လီချီရွှမ်ကို အနီးကပ်စစ်ဆေးခြင်းအားရပ်တန့်လိုက်ပြီး သူရဲ့ပုံမှန်အတိုင်းအထီးကျန်နေပုံသို့ ပြန်သွားခဲ့သည်။

သူ့ရှေ့မှာထိုင်နေတဲ့ ရှောင်ချီက ဖုန်းယွင်ကိုတွန်းပြီး စပ်စုချင်စိတ်နဲ့ တိုးတိုးလေးပြောလိုက်တယ် "အစ်ကိုယွင် အစ်ကိုချင်က လူသစ်လေးကို မကြည့်တော့ဘူးဆိုတာ သတိထားမိလား"

ဖုန်းယွင်က သူ့ပန်းကန်လုံးက တွန်းတိုက်ခံလိုက်ရခြင်းကြောင့် ပြုတ်ကျလုနီးပါးဖြစ်သွားတာမို့ ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး အကူအညီမဲ့စွာနဲ့ပြောလိုက်သည် "ရှောင်ချီ အစ်ကိုချင်ရဲ့ကိစ္စကို အာရုံမစိုက်နဲ့။ မင်းပါးစပ်ကိုသာပေါ့ပေါ့ဆဆ ဆက်သုံးနေမယ်ဆိုရင် အပြစ်ပေးခံရလိမ့်မယ်"

သူ့စကားဆုံးပြီးတာနဲ့ပဲ လီစီခိုင်ကလည်း သူတို့ဘေးမှာဝင်ထိုင်ပြီး "အဘိုးကြီးချင်က စည်းကမ်းတင်းကျပ်ပေမယ့် မိုက်မဲတဲ့သဘောတော့မရှိဘူး။ သူ့ရဲ့အောက်ခြေမျဉ်းကို မကျော်လွန်သရွေ့တော့ သူက အတော်လေးနူးညံ့သိမ်မွေ့တယ်။ လူတွေနဲ့ ဆက်ဆံရာမှာတော့ သူက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်တယ်" လို့ ပြောလိုက်တယ်။

"အစ်ကိုစီခိုင်" ဖုန်းယွင်က သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်တယ်။

"မင်းတို့နှစ်ယောက်က ကြီးထွားနေဆဲပဲဆိုတော့ ပိုစားကြပေါ့" ဟုဆိုကာ လီစီခိုင်က နွားနို့ခွက်ကြီးနှစ်ခွက်ကို ပေးလာသည်။

ခွက်ကိုယူကာ ရှောင်ချီက "အစ်ကိုစီခိုင် ကျွန်တော်ကြီးထွား နေတာကကြာပြီ။ ဆက်သာကြီးထွားနေရင် နှစ်မီတာရှည်တဲ့ ဧရာမလူတစ်ယောက် ဖြစ်သွားလိမ့်မယ်" လို့ ပြောလိုက်တယ်။

လီစီခိုင်က သူ့ကို လှမ်းကြည့်ပြီး "မင်းရဲ့အရပ်က ငါတို့အသင်းမှာပျမ်းမျှပဲ။ မင်းက စင်တီမီတာအနည်းငယ်လောက် တောင်ပိုရှည်သင့်သေးတယ်။ ဒါမှ အဘိုးကြီးဝေရဲ့အသင်းနဲ့ ယှဉ်ပြိုင်ရင် ငါတို့ရဲ့အရပ်အမောင်းအားသာချက်ကို မထိခိုက်စေမှာ" လို့ ပြန်ဖြေလိုက်တယ်။

သူ့စကားကိုကြားတော့ ရှောင်ချီက စိတ်ပျက်လက်ပျက်နဲ့ နှုတ်ခမ်းစူလိုက်တယ်။ သူတို့အသင်းမှာဆို သူက သာမန်လူတစ်ယောက်ဖြစ်ရင်တောင်မှ ၁၈၀ စင်တီမီတာ မြင့်တယ် သူက ပုတယ်လို့တော့ မဆိုလိုနိုင်ပါဘူး။

ဒါကိုစဉ်းစားပြီးတော့ သူက ဖုန်းယွင်ဘက်ကိုလှည့်ကာ "အစ်ကိုယွင် မင်းအရပ်ကဘယ်လောက်မြင့်လဲ" လို့ မေးလိုက်တယ်။

"၁၈၁.၇ စင်တီမီတာ" ဟု ဖုန်းယွင်က ပေါ့ပေါ့တန်တန်ပဲ ပြန်ဖြေသည်။

"မင်းက ကျောင်းသားတစ်ယောက်ပဲလေ ဘယ်လိုလုပ်ပြီး ဒီလောက်ထိမြင့်နေရတာလဲ" ရှောင်ချီက မယုံနိုင်စွာ မေးလိုက်တယ်။

"ငါ့မိသားစုရဲ့ မျိုးရိုးဗီဇကကောင်းတယ်။ဒါကြောင့် ငါက အရပ်ရှည်ပြီး ချောမောစွာ မွေးဖွားလာခဲ့တာ" ဟု သူက ရိုးသားစွာ ပြန်ဖြေသည်။

ထိုကဲ့သို့ အရှက်မရှိသောစကားများကို ကြားလိုက်ရတဲ့အခါမှာတော့ ရှောင်ချီဟာ စကားမပြောနိုင်အောင်ဖြစ်သွားတယ်။ ခဏအကြာတွင်မှ သူက တိုးတိုးလေးပြောလိုက်သည်။ "တကယ်တော့ မင်းက သွေးကြည်ကျောက်(အနီရင့်ရောင် မာကျူရီဆာလဖိုဒ် သတ္တုရိုင်း) နဲ့နီးရင် အနီရောင်စွန်းထင်းနေပြီး မင်နဲ့နီးရင် အနက်ရောင်ပြောင်းသွားတာပဲ။ အစ်ကိုယွင်ရေ မင်းက ကပ္ပတိန်ဆီကနေ မကောင်းတဲ့အရာတွေ သင်ယူနေတာပဲ"

အဲဒီအခါမှာတော့ လီစီခိုင်နှင့် ဖုန်းယွင်တို့ နှစ်ယောက်စလုံးက ရယ်မောလိုက်ကြပေမယ့် သူ့ကိုဆက်မစကြတော့ဘူး။ မနက်စာကို မြန်မြန်ပြီးအောင်စားပြီး သန့်ရှင်းရေးလုပ်ကြတယ်။

သူတို့ရဲ့ပစ္စည်းတွေကိုထုပ်ပိုးပြီးတာနဲ့ အဖွဲ့သားတွေက စုဝေးလိုက်ကြတယ်။ ကျင်းရွှီယန်းက သူတို့ရှေ့မှာ ရပ်နေပြီး "မနေ့က ငါ ရွှီချွန်းဆီက သတင်းရခဲ့တယ်" လို့ ပြောလိုက်တယ်။

အခန်း-(၂၅၇)

ကျင်းရွှီယန်းက လူတိုင်းကိုကြည့်ပြီး တည်ငြိမ်စွာနဲ့ဆက်ပြောတယ် "လင်အန်းမြို့နယ်စပ်နားမှာ ဇွန်ဘီအုပ်ကြီးတစ်ခုကို တွေ့လိုက်ရတယ်လို့ ပြောလာတယ်။ အဲဒီနေရာက ဝေယင်းရဲ့စခန်းနဲ့နီးတယ်၊ ဒါကြောင့် ငါတို့က စုံစမ်းစစ်ဆေးဖို့ အဲဒီကိုသွားမယ်။ အခြေအနေကို အတိအကျမသိရသေးတဲ့အတွက် အဖွဲ့နှစ်ဖွဲ့ခွဲမယ်"

ခဏတာ ငြိမ်သက်သွားပြီးနောက်မှ သူက ဆက်ပြောတယ် "အာဇီ ၊ အဘိုးကြီးချင်၊ ချီရွှမ်၊ ဝိန့်မိုနဲ့ ဝိန့်ခိုင်တို့က ငါနဲ့အတူ ဖုတ်ကောင်အုပ်ကို စုံစမ်းဖို့လိုက်လာလိမ့်မယ်။ ကျန်တဲ့သူတွေကတော့ အဘိုးကြီးကျန်းနောက်ကလိုက်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရွှေ့ပြောင်းရာမှာ လင်းယုန်အဖွဲ့ကို ကူညီပေးရမယ်။ မေးစရာရှိလား"

"မရှိပါဘူး၊ ကပ္ပတိန်" အဖွဲ့ဝင်တွေက တညီတညွတ်တည်း ပြန်ဖြေကြတယ်။

ကျင်းရွှီယန်းက သူ့နာရီကိုကြည့်ပြီးမှ "ငါးမိနစ်အတွင်း ထွက်မယ်" လို့ပြောလိုက်တယ်။

"နားလည်ပါပြီ"

ထွက်ခွာလာပြီးနောက်မှ ဖုန်းယွင်က သူ့နေရာမှ သံချပ်ကာယာဉ်များကို ထုတ်ယူလိုက်သည်။

သူမရဲ့နေရာလွတ်ကို ဖုံးကွယ်ထားဖို့မလိုအပ်တော့တဲ့အတွက် ကျိူးလီဇီက သူမရဲ့နေရာလွတ်ကနေ ယခင်က စုဆောင်းထားခဲ့တဲ့ လမ်းတစ်လျှောက်က ဘတ်စ်ကားငါးစီးနဲ့ ထရပ်ကားနှစ်စီးကို ထုတ်ယူခဲ့သည်။ သံချပ်ကာယာဉ်အပိုတွေကိုတော့ သူမရဲ့နေရာထဲမှာ သိမ်းဆည်းထားပြီး တစ်စီးတည်းကိုသာ အသုံးပြုဖို့ ချန်ထားခဲ့သည်။

သူတို့က ကားများကို ဆီဖြည့်လိုက်ပြီး ဘတ်စ်ကားများနှင့် ထရပ်ကားများပေါ်သို့ တက်ခဲ့ကြသည်။

ထွက်ခွာမသွားခင်မှာ ကျင်းရွှီယန်းက ကျန်းယွမ်ဘက်ကို လှည့်ပြီး "အဘိုးကြီးကျန်း၊ ငါမရှိတုန်း အဖွဲ့ကို မင်းလက်ထဲ ထားခဲ့မယ်။ အရေးတကြီးကိစ္စရှိရင် ငါ့ကို ဆက်သွယ်ပါ" လို့ ပြောလိုက်တယ်။

ကျန်းယွမ်က ခေါင်းညိတ်ပြီး "နားလည်ပါပြီ။ သတိထားပါ" လို့ ပြန်ဖြေလိုက်တယ်။

သံချပ်ကာကားထဲသို့ ဝင်မသွားခင်မှာပဲ ကျင်းရွှီယန်းက သူ့ပခုံးကို ခပ်ပြင်းပြင်းပုတ်ပေးလိုက်သေးတယ်။ ယခုတစ်ကြိမ်တွင်တော့ ဝိန့်ခိုင်ကမောင်းနှင်နေပြီး ချင်လူဇီကတော့ ခရီးသည်ထိုင်ခုံတွင်ထိုင်ကာ လမ်းပြအဖြစ်ဆောင်ရွက်နေသည်။

ကျင်းရွှီယန်းနှင့် ကျန်သူများမှာ အနောက်ဘက်တွင်ထိုင်ကြကာ ကျိူးလီဇီက ဘေးတွင်ထိုင်လို့ လီချီရွှမ်နှင့် ဝိန့်မိုတို့က မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။

ကျဉ်းမြောင်းတဲ့လမ်းကြားကနေ ထွက်လာပြီးတာနဲ့ သူတို့အဖွဲ့ဟာ နယ်စပ်ကို တည့်တည့်သွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပဲ ဝေယင်းတို့အဖွဲ့က အခြေစိုက်စခန်းဝင်ပေါက်မှာ ခဏစောင့်နေခဲ့ပြီး ရွှီချွန်းရဲ့အဖွဲ့က ဘတ်စ်ကားငါးစီးနဲ့ ထရပ်ကားငါးစီး မောင်းလာတာကို မြင်လိုက်ရတယ်။

သူတို့စောင့်နေတာကိုမြင်တော့ စစ်သားတစ်ယောက်ကရောက်လာပြီး "ဗိုလ်ကြီးဝေ စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်" လို့ ပြောလာတယ်။

ဝေယင်းက ခေါင်းညိတ်ပြီး "အချိန်က မစောတော့ဘူး၊ အခုပဲ ထွက်သွားရအောင်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ"

ခဏတာ အပြန်အလှန်ပြောဆိုပြီးနောက်မှာပဲ ဝေယင်းက ကားထဲဝင်ကာ သူတို့မောင်းထွက်သွားလိုက်ကြသည်။

ရွှီချွန်းတို့အဖွဲ့က လမ်းကိုရှင်းလင်းကာ ပြုပြင်ပြီးသားဖြစ်တဲ့အတွက် အသက်ရှင်ကျန်ရစ်သူစခန်းကိုရောက်ဖို့ လေးနာရီပဲကြာခဲ့ပါတယ်။ သူတို့ရောက်တဲ့အချိန်မှာတော့ မနက် ၁၁ နာရီရှိပါပြီ။

ရင်းနှီးနေသောကားတစ်စီးကိုမြင်သောအခါမှာတော့ ကင်းသမားများသည် လမ်းအတားအဆီးများကို လျင်မြန်စွာဖယ်ရှားပြီး ကြိုဆိုကြတယ်။

ဘတ်စ်ကားများနှင့် ထရပ်ကားများကို မြင်သောအခါ စစ်ကူများဖြင့် ပြန်လာလိမ့်မည်ဟု သူတို့ထင်ခဲ့ကြတယ်။ထို့ကြောင့် ဘတ်စ်ကားများနှင့် ထရပ်ကားများက ဗလာဖြစ်နေတာကို သတိပြုမိသွားသောအခါမှာတော့ သူတို့ရဲ့စိတ်တွေကညှိုးငယ်သွားကြတယ်။

ဝေယင်းက ကားပြတင်းပေါက်မှန်ကိုနှိမ့်ချလိုက်ပြီး "အသက်ရှင်ကျန်ရစ်သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးမယ့်အကြောင်း အားလုံးဆီအကြောင်းကြားပြီးပြီလား" လို့ မေးလိုက်တယ်။

စစ်သားတစ်ယောက်က ခေါင်းညိတ်ပြီး "ဒုဗိုလ်ကြီးရှောင်က အားလုံးကို အသိပေးပြီးပြီ၊ ကျွန်တော်တို့လည်း ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ အခုအချိန်မှာတော့ အသက်ရှင်ကျန်ရစ်သူတွေကို ကွင်းပြင်ဆီ ရွှေ့ပြောင်းထားပြီး ခင်ဗျားရဲ့ အမိန့်ကို စောင့်နေပါတယ်" လို့ ပြန်ဖြေတယ်။

ဒါကိုကြားတော့ ဝေယင်းက ခေါင်းညိတ်ပြီး " သက်ကြီးရွယ်အိုတွေ ကလေးတွေနဲ့ အမျိုးသမီးတွေကို ဦးစားပေးဖို့ လူတိုင်းကိုအသိပေးပါ။ သူတို့ကို အရင်နေရာရွှေ့ပြောင်းပေးပြီးမှ ကျန်သူတွေအတွက် ပြန်လာခေါ်ပါ့မယ်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ" စစ်သားက ခေါင်းညိတ်ပြီး အမိန့်ကို ပို့ဆောင်ရန် အလျင်အမြန်ထွက်သွားခဲ့သည်။

အသက်ရှင်ကျန်ရစ်သူတွေကို ဘေးလွတ်ရာဆီပို့ဆောင်ပေးဖို့ ရွှီချွန်းတို့အဖွဲ့က အပြင်မှာစောင့်နေတဲ့အချိန်မှာ ဝေယင်း တို့အဖွဲ့ကတော့ စခန်းထဲကိုဝင်သွားကြတယ်။ သူတို့က ပင်မအဆောက်အဦးဆီကို တည့်တည့်ပဲမောင်းသွားပြီး ယာယီရုံးခန်းဆီကို လမ်းလျှောက်သွားကြတယ်။

သူထိုင်ပြီး အစီရင်ခံစာကိုဖတ်လို့မကြာမီတွင်ပဲ သူ့ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး ခေါင်းဆောင်အတော်များများက မျက်နှာမည်းများဖြင့် ဝင်ရောက်လာကြတယ်။

သူတို့ရဲ့ခြေသံကိုကြားတော့ ဝေယင်းက ခေါင်းကိုပင် မော့မကြည့်ဘဲ "မင်းတို့အားလုံး တစ်ပြိုင်နက်တည်းဒီကိုလာဖို့အတွက် အရေးတကြီးကိစ္စရှိလို့လား" လို့ မေးလိုက်တယ်။

ခေါင်းဆောင်တွေက သူ့ရဲ့ဂရုမစိုက်တဲ့ သဘောထားကို မြင်တဲ့အခါ သူတို့ထဲကတစ်ယောက်က မျက်မှောင်ကြုတ်ပြီး "ဗိုလ်ကြီးဝေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေကို ဦးစားပေးတာက ဘာကိုဆိုလိုတာလဲ။ ခေါင်းဆောင်တွေနဲ့ အရေးကြီးတဲ့ လူတွေကို အရင်မရွေ့ပြောင်းပေးသင့်ဘူးလား" လို့ မေးလိုက်တယ်။

ထိုသူကဒီလိုပြောပြီးတဲ့နောက်မှာပဲ နောက်တစ်ယောက်ကလည်း ဝင်ပြောပါတယ် "သူတို့က နေမကောင်းဖြစ်နေပြီး အားနည်းနေကြတယ်။ သူတို့ကို ဘေးလွတ်ရာဆီရွှေ့ပြောင်းပေးလိုကိရင်တောင် စခန်း ဒါမှမဟုတ် လူတွေအတွက် ဘာမှပံ့ပိုးကူညီနိုင်မှာမဟုတ်ဘူး။ ငါတို့က ပိုကြီးတဲ့ရှုထောင့်ကိုပဲအာရုံစိုက်သင့်ပြီး စည်းမျဉ်းဟောင်းတွေနဲ့ ချည်နှောင်မထားသင့်ဘူး"

သူ့စကားတွေကိုကြားတော့ တောက်လျှောက်လှုပ်ရှားနေတဲ့ ဝေယင်းရဲ့လက်တွေက ရပ်တန့်သွားတယ်။ ခဏအကြာတွင် နောက်ဆုံးမှ သူ့ခေါင်းကိုမော့လာပြီး "ဗိုလ်မှူးကြီး၊ အရပ်သားတွေကိုထားခဲ့ပြီး ခင်ဗျားတို့အားလုံးကို အရင်ကယ်တင်ဖို့အတွက်ပဲ အာရုံစိုက်ဖို့ ပြောနေတာလား" လို့ မေးလိုက်တယ်။

"ဗိုလ်ကြီးဝေ၊ ငါတို့ရဲ့ လက်ရှိအခြေအနေမှာဆို ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေက အသက်ရှင်နိုင်ဖို့အတွက် အခွင့်အလမ်းအရမ်းနည်းတယ်ဆိုတာကို မင်းသိပါတယ်။ အရှုံးပေါ်နေတဲ့အရာတွေအတွက် အရင်းအမြစ်တွေကို အလဟဿမဖြုန်းတီးဘဲ ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကိုမြှင့်တင်ဖို့အတွက် လူသစ်တွေကို ပိုမိုမွေးထုတ်တာကိုသာ အာရုံစိုက်သင့်တယ်" ဟု ဗိုလ်မှူးကြီးက နဖူးကြောထောင်လျက် မျက်မှောင်ကြုတ်ကာ ပြန်ဖြေတယ်။

ဒါကိုကြားတော့ ဝေယင်းကထရပ်ပြီး "ဗိုလ်မှူးကြီး စစ်သားတွေအနေနဲ့ ငါတို့က ငါတို့ရဲ့တိုင်းပြည်ကို ကာကွယ်ဖို့ ငါတို့ကတိပြုခဲ့ကြတယ်။ တိုင်းပြည်သာမရှိရင် ငါတို့မှာနေစရာမရှိဘူး။ ပြည်သူတွေက ငါတို့နိုင်ငံရဲ့အုတ်မြစ်ပဲ။ ပြည်သူတွေကို စွန့်လွှတ်ဖို့ မင်းပြောတာတွေက ငါ့အိမ်၊ ငါ့နိုင်ငံကို ဖျက်ဆီးဖို့ တောင်းဆိုတာနဲ့ အတူတူပဲ" လို့ ပြောလိုက်တယ်။

စိတ်ငြိမ်သွားအောင် အသက်ကိုပြင်းပြင်းရှူပြီးမှ သူကဆက်ပြောတယ် "ငါ့ရဲ့ဆုံးဖြတ်ချက်ကို မပြောင်းလဲဘူး။ မင်းတစ်ယောက်တည်းထွက်သွားမလား၊ ဒါမှမဟုတ် ငါ့တို့က လူတွေအားလုံးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးပြီးတဲ့အထိ စောင့်မလားဆိတာကိုဆုံးဖြတ်ပါ"

ခေါင်းဆောင်တွေက သူ့ရဲ့အဖြေကိုကြားတော့ ဒေါသထွက်သွားပြီး "ဝေယင်း ငါတို့ဘာသာထွက်သွားလို့ရရင် နေ ၊နေအုံးမယ်လို့ မင်းထင်နေတာလား" လို့ တစ်ယောက်ကမေးလာတယ်။

"ငါ့ဆုံးဖြတ်ချက်ကမှားပြီး မနေချင်ဘူးလို့ မင်းဆုံးဖြတ်ထားရင် မြို့တော်ကိုပြန်လို့ရတယ်။ မင်းရဲ့စစ်သားတွေကို ခေါ်သွားလို့ရပေမယ့် ငါ့အဖွဲ့ကတော့ မင်းကိုလိုက်မပို့ဘူး" ဟု ဝေယင်းက ခိုင်မာစွာ ပြန်ဖြေသည်။

သူဒီလိုပြောလိုက်ပြီးတာနဲ့ ခေါင်းဆောင်တွေရဲ့မျက်နှာတွေက ဒေါသကြောင့် ရဲတက်လာကြသည်။ ဗိုလ်မှူးကြီးက လက်ညှိုးထိုးပြီး "ဝေယင်း မင်းက ပုန်ကန်နေတာလား။ မင်းက နားမထောင်ဘူးဆိုရင် စစ်ရေးအမိန့်ပေးဖို့ကို ငါတို့က အတင်းအကျပ် လုပ်လ်ိုက်ရမလား" လို့ မေးလိုက်တယ်။

ဒီစကားတွေကိုကြားတာနဲ့ ဝေယင်းလည်း ကျင်းရွှီယန်းပြောခဲ့တဲ့ နောက်ဆုံးစကားတွေကို ပြန်သတိရသွားတယ်။ သူ့ရဲ့အကြံဉာဏ်ကို ခေါင်းမာစွာနဲ့ငြင်းဆန်ခဲ့ပြီး ဒီအချိန်အထိကို သူ့ရဲ့ယုံကြည်ချက်ကိုပဲ ခိုင်မြဲစွာဆုပ်ကိုင်ထားခဲ့တယ်။

ဒါပေမယ့် ဒီနေ့မှာတော့ ဖုတ်ကောင်တွေပေါ်လာတဲ့နေ့မှာပဲ အစိုးရနဲ့ နိုင်ငံလို့ ခေါ်တဲ့အရာက ပြိုလဲသွားခဲ့ပြီဆိုတာကို သူ နောက်ဆုံးတော့သဘောပေါက်သွားတယ်။ သူက ခေါင်းခါပြီး ရယ်လိုက်တယ်။

"ဘာကို ရယ်နေတာလဲ" ဟု ဗိုလ်မှူးကြီးက မျက်မှောင်ကြုတ်ကာ မေးလာတယ်။

အခန်း-(၂၅၈)

ဗိုလ်မှူးကြီးကိုကြည့်ပြီး ဝေယင်းက သူ့ရဲ့ စစ်အမှတ်တံဆိပ်နှင့် စစ်ဝတ်စုံကိုချွတ်လိုက်ကာ စားပွဲပေါ်ကိုတင်ပြီး အေးစက်စက်ပြောလိုက်တယ်။ "ဒီနေ့ကစပြီး ငါက စစ်သားမဟုတ်တော့ဘူး။ ငါ့ကို အပြစ်ပေးဖို့အတွက် ဘယ်စစ်ဥပဒေကိုမှ သုံးလို့မရတော့ဘူး"

သူဒီလိုပြောလိုက်ပြီးတာနဲ့ သူ့အဖွဲ့ဝင်တွေကလည်း အံ့အားသင့်တကြီးနဲ့ဖြစ်သွားပြီး "ဗိုလ်ကြီး" လို့ အော်လာကြတယ်။

"ငါက စစ်သားမဟုတ်တဲ့အတွက် မင်းမှာ ငါ့ကို အမိန့်ပေးပိုင်ခွင့်မရှိဘူး။ အခုချိန်မှာတော့ ဒီစခန်းက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်။ မင်းမှာ အခုရွေးချယ်စရာနှစ်ခုပဲရှိတယ်။ ငါ့အမိန့်ကို လိုက်နာမလား၊ ဒါမှမဟုတ် ပစ္စည်းတွေထုပ်ပိုးပြီး ထွက်သွားမလား" ဝေယင်းက ခိုင်မာစွာပြောလိုက်တယ်။

ခေါင်းဆောင်တွေဟာ သူ့ရဲ့ရုတ်တရက်ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားကြပါတယ်။ နတ်ဆိုးအဖွဲ့ဟာ အနားယူသွားပြီဖြစ်တာကြောင့် နောက်ထပ်အဆင့်မြင့်အသင်းကို အဆုံးရှုံးခံဖို့ မတတ်နိုင်တော့ပါဘူး။

ဝေယင်းက အလေးအနက်ပြောတာကိုမြင်တော့ ဗိုလ်မှူးကြီးက ခဏလောက်စဉ်းစားပြီးမှ လေသံကိုလျှော့ချလိုက်တယ် "ဗိုလ်ကြီးဝေ၊ ဘာကိစ္စမဆို ဆွေးနွေးလို့ရတယ်။ ဒီစကားတွေ ပြောစရာမလိုဘူး။ မင်း ဘာမှမပြောခဲ့သလိုပဲ ငါသဘောထားလိုက်မယ်၊ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မေ့လိုက်ရအောင်"

ဒီမြေခွေးအိုတွေက ဘယ်လောက်ထိကိုအရှက်မရှိလည်းဆိုတာသိတာမို့ ဝေယင်းက ပြန်လည်သင့်မြတ်အောင် ကြိုးစားတာကို လျစ်လျူရှုပြီး "ဗိုလ်မှူးကြီး၊ ကျွန်တော်မှာ လုပ်စရာအလုပ်တွေ အများကြီးရှိသေးတယ်။ ဘာမှမရှိရင် ထွက်သွားပါ" လို့ ပြောလိုက်တယ်။

ဗိုလ်မှူးကြီးက သူ့ကိုစိုက်ကြည့်နေတယ်။ ခေါင်းငုံ့လိုက်ပြီးတာတောင် ဒီလူက သူ့စိတ်ကိုမပြောင်းလဲချင်သေးဘူး။ သူ့ကို သူတို့ ဆက်မထိန်းချုပ်နိုင်တော့တဲ့ပုံပဲ။

ခေါင်းဆောင်များကနှာခေါင်းရှုံ့ကာ လှည့်ထွက်သွားကြသည်။ သူတို့ထွက်လာပြီး မကြာမီတွင် ကုရှောင်ကျယ် ၊ရုန်မိုအာတို့နှင့် အပြင်ဘက်တွင်တွေ့ဆုံကြတယ်။

ခေါင်းဆောင်တွေရဲ့ ကြည့်မကောင်းတဲ့အမူအရာတွေကို မြင်တော့ ကုရှကျယ်ကပြုံးပြီး "ဗိုလ်မှူးကြီး၊ ထွက်သွားတော့မှာလား" လို့ မေးလိုက်တယ်။

ဗိုလ်မှူးကြီးက မေးစေ့ကိုပင့်ပြီး "ဒါ မင်းနဲ့ မဆိုင်ဘူး" လို့ ပြောလာတယ်။

ကုရှကျယ်က ခေါင်းခါပြီး "ဗိုလ်မှူးကြီး၊ ခင်ဗျားနဲ့ ခင်ဗျားတို့လူတွေ ထွက်သွားဖို့ဆုံးဖြတ်ထားရင် အမြန်ဆုံးထွက်သွားကြပါ" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ဗိုလ်မှူးကြီးက သံသယနဲ့ "ဘာကိုဆိုလိုတာလဲ" လို့ မေးလာတယ်။

"ဖုတ်ကောင်အုပ်က ကျွန်တော်တို့ဘက်ကိုရွေ့လာနေပြီဆိုတဲ့ သတင်းအသစ်ရထားတယ်။ ဘာမှမဖြစ်ရင်တော့ သုံးရက်အတွင်း ဒီစခန်းကို ရောက်လိမ့်မယ်" ဟု ကုရှကျယ်က ပြန်ဖြေလိုက်တယ်။

သူ့စကားတွေကို ကြားတဲ့အခါမှာ ခေါင်းဆောင်တွေရဲ့ မျက်နှာကဖြူဖျော့သွားပြီး စကားတစ်ခွန်းမှမပြောဘဲ မြန်မြန်ထွက်သွားကြသည်။

သူတို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာပဲ ကုရှကျယ်က ထပ်ပြောလိုက်ပြန်တယ် "အာ.. ကျွန်တော်ပြောဖို့မေ့သွားတယ်။ ဇွန်ဘီအရေအတွက်က ၈၀၀၀ ကျော်သွားပြီ။ ဒီတစ်ခါတော့ ကျွန်တော်တို့ရဲ့ အသက်ရှင်နိုင်ခြေက သုညနီးပါးပဲ"

သူ့စကားများကိုကြားတာနဲ့ ခေါင်းဆောင်များဟာ လျှောက် တောင်မလျှောက်တော့ဘဲ ထွက်ပြေးသွားကြလေပြီ။

သူတို့ရဲ့ကျောကိုကြည့်နေပြီးနောက်မှ ရုန်မိုအာက သူမရဲ့ရည်းစားကို ပြန်ကြည့်ကာ "ရှကျယ် မင်းက အရမ်းဆိုးတာပဲ" လို့ ပြောလိုက်တယ်။

ကုရှကျယ်က သူ့ကောင်မလေးရဲ့ခါးကိုကိုင်ပြီး ရယ်ရင်းနဲ့ပြန်ဖြေလိုက်တယ် "အဲဒီအဘိုးကြီးတွေက ကြွက်တွေထက် ပိုဆိုးတယ်။ ငါတို့ကို ပြဿနာထပ်မဖြစ်စေအောင် သူတို့တကယ်ထွက်သွားတာကပိုကောင်းမယ်"

ရုန်မိုအာက ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ "အခုချိန်မှာ ဇွန်ဘီတွေက တကယ်ပဲ ၈၀၀၀ ရှိနေပြီလား" လို့ မေးလိုက်တယ်။

"မဟုတ်ဘူး၊ ငါသူတို့ကိုလိမ်လိုက်တယ်" ဟု ကုရှကျယ်က ပြုံးရင်းပြန်ဖြေတယ်။

"မိုအာ၊ ရွှီချွန်းရဲ့ အခြေစိုက်စခန်းကို သွားကြည့်ချင်လား။ မင်းမိသားစုကလည်း အဲဒီမှာ ရှိနေနိုင်တယ်" ဟု သူက မေးလိုက်တယ်။

ရုန်မိုအာ ခဏစဉ်းစားပြီး "ကျွန်မအစ်ကိုရဲ့ရုံးခန်းက အဲဒီနေရာနဲ့ မဝေးဘူး။ ကျွန်မ သွားကြည့်ချင်တယ်" လို့ ပြောလိုက်တယ်။

ကုရှကျယ်က ခေါင်းညိတ်ကာ"ကောင်းပြီ၊ ဒါဆို ငါတို့ ကပ္ပတိန်ဝေနဲ့ လိုက်သွားမယ်" လို့ပြောလိုက်တယ်။

သူတို့နှစ်ယောက် ဆုံးဖြတ်ချက်ချပြီးနောက်မှာတော့ ထွက်ခွာဖို့ကိစ္စကိုဆွေးနွေးရန်အတွက် ဝေယင်းထံသွားခဲ့ကြတယ်။

တစ်ချိန်တည်းမှာပင် စစ်သားများကလည်း လူများကိုစာရင်းအတိုင်း ထရပ်ကားများနှင့် ဘတ်စ်ကားများပေါ်သို့ တက်နိုင်ရန် စီစဉ်ပေးနေကြသည်။ ယာဉ်အရေအတွက်က အကန့်အသတ်ရှိသောကြောင့် ဘတ်စ်ကားများနှင့် ထရပ်ကားများသည် ပြည့်ကျပ်နေခဲ့တယ်။

တစ်နာရီအကြာတွင်တော့ စုစုပေါင်း ဘတ်စ်ကား ရှစ်စီးနှင့် ထရပ်ကား ခုနစ်စီးကလူများနှင့် ပြည့်နှက်နေပြီ။ စခန်းဝင်ပေါက်တွင် ရပ်နေသော အမျိုးသားများဟာ သူတို့ရဲ့ မိသားစုများကို အပြုံးဖြင့်ကြည့်နေကြပြီး သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများကတော့ သူတို့ရဲ့ မိသားစုများက အနောက်တွင်ကျန်ရှိနေတာကိုကြည့်ရင်း ငိုကြွေးနေကြသည်။

ခွဲခွာရခြင်းရဲ့ ဝမ်းနည်းဖွယ်လေထုရှိနေသော်လည်း ရှောင်ဟန်ကတော့ ရွှီချွန်းရဲ့အဖွဲ့ဝင်များဆီသို့လျှောက်သွားပြီး "ရဲဘော် ဒါက အသက်ရှင်ကျန်ရစ်သူတွေရဲ့ အမည်စာရင်းပါ" ဟု ပြောလိုက်တယ်။

စာရင်းကိုယူပြီး စစ်သားက ခေါင်းညိတ်ကာ "မနက်ဖြန်ကြမှပြန်လာပြီး အသက်ရှင်ကျန်ရစ်သူတွေကိုလာခေါ်မယ်" လို့ ပြောပါတယ်။

"ကောင်းပြီ၊ လမ်းမှာ သတိထားပါ"ဟု ရှောင်ဟန်က ခေါင်းညိတ်ကာဆိုသည်။

ဘတ်စ်ကားနှင့်ထရပ်ကားတွေပေါ် သူတို့တက်ပြီးတာနဲ့ နောက်ထပ် ယာဉ်အုပ်စုတစ်စုရောက်လာတယ်။ ဒါကိုမြင်တော့ ရှောင်ဟန်က မျက်မှောင်ကြုတ်ပြီး သူတို့ကို စောင့်နေလိုက်တယ်။

ဘတ်စ်ကားနဲ့ ထရပ်ကားတွေ ရပ်လိုက်တဲ့အခါမှာတော့ ကျန်းယွမ်ကဦးဆောင်သော အဖွဲ့သားတွေအုပ်စုက ထရပ်ကားပေါ်ကနေ ဆင်းလာကြတယ်။

သူ့ကိုမြင်တာနဲ့ ရှောင်ဟန်ရဲ့မျက်လုံးတွေတောက်ပသွားပြီး ခြေလှမ်းကျဲကြီးနဲ့ လျှောက်သွားလိုရ်တယ်။ သုံးပေအကွာမှာရပ်ပြီး အပြုံးနဲ့အတူ "ရဲဘော်ကျန်း" လို့ နှုတ်ဆက်လိုက်တယ်။

ကျန်းယွမ်က ပြန်လည်အလေးပြုပြီး "ကျွန်တော့်ရဲ့ကပ္ပတိန်က ဘေးလွတ်ရာကိုရွေ့ပြောင်းရာမှာ ကူညီပေးဖို့ ကျွန်တော်တို့ကို စေလွှတ်လိုက်တာပါ" လို့ ပြောလာတယ်။

"အရမ်းကောင်းတာပဲ။ နောက်ထပ် ယာဉ်ခုနစ်စီးနဲ့ လူတွေကို ထပ်ပြီးရွှေ့ပြောင်းပေးနိုင်ပြီ" ဟု ရှောင်ဟန်က စိတ်လှုပ်ရှားစွာပြောသည်။

"ရဲဘော်ရှောင်၊ ကျွန်တော်တို့က အထဲကိုမဝင်တော့ပါဘူး။ အချိန်မဖြုန်းတီးဘဲ မြန်မြန်သွားကြရအောင်" ဟု ကျန်းယွမ်က သူ့နာရီကိုကြည့်ရင်း ပြောလိုက်တယ်။

"အိုကေ"

ရှောင်ဟန်က စစ်သားတွေကို အကြောင်းကြားဖို့အမြန်သွားကာ သူတို့ကလူတွေထပ်စီစဉ်ပေးလိုက်သည်။ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်ပါစောင့်ရှောက်ပေးမယ့် နတ်ဆိုး အဖွဲ့ရောက်လာခါမှ နောက်ဆုံးတော့လည်း စစ်သားတွေ သက်ပြင်းချနိုင်သွားကြသည်။

လူတိုင်းကယာဉ်တွေပေါ်တက်နိုင်ဖို့အတွက် နောက်ထပ်တစ်နာရီလောက်ကြာသွားတယ်။ မထွက်ခွာခင်မှာ ကျန်းယွမ်က ချန်ချန်းဖုန်းနှင့် ဖုန်ယွင်ဘက်ကိုလှည့်ပြီး "ချန်းဖုန်း၊ ဖုန်းယွင်မင်းတို့နှစ်ယောက်က အနောက်မှာနေခဲ့ကြ။ ဘေးလွတ်ရာကို ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်အတွင်းမှာ သူတို့ရဲ့ရေနဲ့အစားအစာ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကူညီပေးလိုက်ပါ"

"နားလည်ပါပြီ"

ညွှန်ကြားချက်အချို့ပေးပြီးနောက်မှာတော့ နတ်ဆိုးအဖွဲ့ဟာ ရွှီချွန်းတို့အဖွဲ့နှင့်အတူ ထွက်ခွာသွားပြီး အခြေစိုက်စခန်းသို့ ပြန်သွားကြသည်။

သူတို့ထွက်သွားပြီး မကြာခင်မှာပဲ ချန်ချန်းဖုန်းက ရှောင်ဟန်ကိုကြည့်ပြီး "ရဲဘော်ရှောင်၊ ဂိုဒေါင်နေရာက ဘယ်မှာလဲ၊ ကျွန်တော်တို့က ရိက္ခာနဲ့ရေယူလာခဲ့တယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ရှောင်ဟန်က သူတို့ရဲ့ ဗလာလက်တွေကိုကြည့်ပြီး "ရဲဘော်ချန် ရိက္ခာတွေက ဘယ်မှာလဲ" လို့ မေးလာတယ်။

ဖုန်းယွင်က လက်ကိုဝှေ့ယမ်းလိုက်တော့ ခေါက်ဆွဲခြောက်တစ်ပုံက သူ့ရှေ့မှာ ပေါ်လာတယ်။ သူက ပစ္စည်းတွေကို လက်ညှိုးထိုးပြီး "ကျွန်တော်ရဲ့အာကာသနေရာလွတ်ထဲမှာရှိတယ်" လို့ ပြောလိုက်တယ်။

ထို့နောက် ဖုန်းယွင်က ထောက်ပံ့ရေးပစ္စည်းများကို သူ့နေရာလွတ်သို့ ပြန်သိမ်းဆည်းလိုက်သည်။ ပိန်ပိန်ပါးပါးနှင့် စိတ်ဓာတ်ကျနေသော အသက်ရှင်ကျန်ရစ်သူများကို လှမ်းကြည့်လိုက်ပြီး "ရိက္ခာပစ္စည်းတွေကို အရင်ခွဲဝေကြရအောင်" ဟု ပြောလိုက်သည်။

ဒါကိုကြားတော့မှ ရှောင်ဟန်ကသတိပြန်ဝင်လာပြီး "အိုးး ဒါဆိုဒီဘက်ကို ကျေးဇူးပြုပြီး လာခဲ့ပါ" လို့ ပြောလိုက်တယ်။

All Chapters