← Chapters

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း-(၂၅၉)

သူ(ရှောင်ဟန်) သူတို့ကို စခန်းဆီခေါ်သွားနေတုန်းမှာပဲ နတ်ဆိုးအဖွဲ့ဆီမှာ အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူ နောက်တစ်ယောက်ရလာတာကို အံ့သြသွားခဲ့တယ်။ နောက်ဆုံးအကြိမ် သူတို့နဲ့တွေ့တုန်းကဆိုရင် ရှောင်ချီက အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူဖြစ်တယ်ဆိုတာကို သိခဲ့တယ်။ ဒီနေ့မှာတော့ နောက်တစ်ယောက်နဲ့ တွေ့ပြန်တယ်။

သူ ဖုန်းယွင်ကို လှမ်းကြည့်ပြီးလေ့လာလိုက်တော့ လေ့ကျင့်ထားတဲ့ စစ်သားတစ်ယောက်လိုပုံမပေါ်ပေမယ့် သူ့ရဲ့ လမ်းလျှောက်ပုံနဲ့ အပြုအမူတွေအရတော့ ရိုးရိုးရှင်းရှင်းလူတစ်ယောက်ပုံလည်း မပေါ်ဘူးဆိုတာကို သတိထားမိလိုက်တယ်။

သူတို့နှစ်ယောက်က စခန်းရဲ့ဂိုဒေါင်နေရာကိုသွားနေတုန်းမှာ ကျင်းရွှီယန်းနှင့် အဖွဲ့ကတော့ နယ်စပ်ကိုရောက်နှင့်နေပါပြီ။

သူတို့အဖွဲ့ နယ်စပ်ကိုမဖြတ်ကျော်ခင်မှာပင် ချင်လူဇီရဲ့ မျက်နှာအမူအရာက တည်ကြည်သွားတယ်။ သူ့ရဲ့စိတ်မြေပုံကို စစ်ဆေးပြီးတာနဲ့ "ကပ္ပတိန် ဘယ်နဲ့ညာနှစ်ဖက်စလုံးရဲ့ မီတာ ၅၀၀ အချင်းဝက်အတွင်းမှာ ဇွန်ဘီအုပ်စုနှစ်စုရှိနေတယ်" ဟု ပြောလိုက်တယ်။

"အရေအတွက်ကို ခန့်မှန်းနိုင်လား" ဟု ကျင်းရွှီယန်းက မေးတယ်။

"ဘယ်ဘက်ခြမ်းမှာ ၃၀၀၀ ဝန်းကျင်နဲ့ ညာဘက်ခြမ်းမှာတော့ ၅၀၀၀ ကျော်လောက်ရှိသင့်တယ်။ ဒါပေမယ့် ဒီအရေအတွက်က အကြမ်းဖျင်းတွက်ချက်မှုတစ်ခုပါပဲ" ဟု ချင်လူဇီက ခဏအကြာတွင် ပြန်ဖြေသည်။

ကားကနယ်စပ်ကို ဖြတ်ကျော်သွားတဲ့အခါမှာ သူက ဆက်ပြောပါတယ် "ကပ္ပတိန် ဒီအရေအတွက်က ကျွန်တော်ခန့်မှန်းထားတာထက်ပိုများတယ်။ သူတို့ကိုရှင်းလင်းဖို့က အဖွဲ့တစ်ဖွဲ့လုံး ကိုလိုအပ်ပုံရတယ်"

ကျင်းရွှီယန်းက ခဏလောက်စဉ်းစားပြီး "ဒီနေ့ကအခြေအနေကို စုံစမ်းဖို့ပဲလာတာ။ ဝိန့်ခိုင် ဆက်မောင်းပါ" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ" ဝိန့်ခိုင်က ခေါင်းညိတ်ပြီး အရှိန်တင်လိုက်တယ်။

ခရီးသည်ထိုင်ခုံမှာထိုင်နေတဲ့ ချင်လူဇီရဲ့ မျက်မှောင်ကြုတ်မှုက ပိုနက်ရှိုင်းလာတယ်။ နယ်စပ်ကနေ ဆယ်ကီလိုမီတာအကွာကိုရောက်တဲ့အခါမှာ သူကရုတ်တရက်ကြီးပြောလာတယ် "ရပ်လိုက်"

သူဒီလိုပြောလိုက်တာနဲ့ ဝိန့်ခိုင်ကလည်း ဘရိတ်ကိုနင်းပြီး ကားကို လမ်းမပေါ်မှာရပ်လိုက်တယ်။ သူက ချင်လူဇီကို လှည့်ကြည့်ပြီး "လူဇီ ဘာဖြစ်တာလဲ" လို့ မေးလိုက်တယ်။

"အရှေ့က မီတာ ၅၀၀အကွာမှာ ဇွန်ဘီအုပ်တစ်အုပ်ရှိတယ်။ ဇွန်ဘီအရေအတွက်က ငါတို့ရဲ့ခန့်မှန်းချက်ထက် အများကြီးပိုတယ်" ဟု သူက ပြန်ဖြေတယ်။

ခဏတာ ရပ်တန့်သွားပြီးနောက်မှ သူ(ချင်လူဇီ)က ကျင်းရွှီယန်းကို လှည့်ကြည့်ပြီး "ကပ္ပတိန် ဇွန်ဘီအရေအတွက်က ၃၀,၀၀၀ အထိ ရောက်ရှိလာပြီး ဆက်လက်တိုးပွားနေပါတယ်။ အုပ်စုထဲမှာက အဆင့်လေးဇွန်ဘီ ၂ကောင်နဲ့ အဆင့်သုံးဇွန်ဘီ ၅၀ ကျော် ရောနှောနေပါတယ်" လို့လည်းဆက်ပြောလာတယ်။

ဒီတစ်ခါတော့ သူ့စကားတွေကို ကြားပြီးတဲ့နောက်မှာ ကျင်းရွှီယန်းရဲ့ မျက်နှာအမူအရာကတည်ငြိမ်သွားတယ်။ ခဏနေတော့မှ သူက "ဒီဖုတ်ကောင်အုပ်ကိုတော့ နောက်မှရှင်းဖို့ ပြန်လာခဲ့မယ်။ ဝိန့်ခိုင် ဘယ်ဘက်ကိုသွား။ ကျန်တဲ့အဖွဲ့နှစ်ဖွဲ့ရဲ့နေရာက စခန်းနဲ့အရမ်းနီးတယ်။ ငါတို့ ၊ သူတို့ကို အရင်ရှင်းရမယ်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ" ဝိန့်ခိုင်က ခေါင်းညိတ်ပြပြီး ကားကိုလှည့်လိုက်တယ်။

မိနစ်သုံးဆယ်အကြာတွင် ကားကိုလမ်းဘေး၌ရပ်လိုက်ပြီး သူတို့ကားပေါ်မှဆင်းလာကြသည်။ ကျိူးလီဇီက သံချပ်ကာယာဉ်ကို သူမရဲ့နေရာလွတ်တွင် သိမ်းဆည်းလိုက်ပြီးနောက်တွင် ကျောပိုးအိတ်တစ်လုံးစီကို နေရာလွတ်ထုတ်ကာအဖွဲ့ထံသို့ပေးလိုက်တယ်။

သူမက လီချီရွှမ်ကို ကျောပိုးအိတ်တစ်လုံးပေးတဲ့အခါမှာတော့ "အစ်ကို အထဲမှာအမြုတေတွေရှိတယ်။ စွမ်းအင်ကုန်သွားရင် သုံးလိုက်ရုံပဲ" လို့ ပြောလိုက်တယ်။

လီချီရွှမ်က သူမကို ခဏကြည့်လိုက်ပြီးမှ "ကောင်းပြီ၊ ကျေးဇူးတင်ပါတယ်။ ညီမလေး" လို့ ပြောလိုက်တယ်။

ကျိူးလီဇီကပြုံးပြီး သူမရဲ့ချစ်သူဘေးကို ပြန်လျှောက်သွားခဲ့သည်။ သူတို့ရဲ့ လေသေနတ်တွေကိုထုတ်ယူပြီး သူတို့အဖွဲ့က ဇွန်ဘီအုပ်ဆီကိုလျှောက်သွားလိုက်ကြတယ်။

ဆယ့်ငါးမိနစ်အကြာလမ်းလျှောက်ပြီး နောက်ဆုံးတော့မှ သူတို့က ဇွန်ဘီတွေကိုမြင်လိုက်ရပါတယ်။ ဇွန်ဘီတွေက ဟိန်းဟောက်သံတွေ ထုတ်နေတယ်။ တချို့ဇွန်ဘီတွေက အချင်းချင်း သတ်ဖြတ်နေကြတယ်။ အနိုင်ရသူတွေက ရှုံးနိမ့်သူတွေရဲ့ ဦးနှောက်ကိုစားပြီးနောက်တွင် ဆက်လက်တိုက်ခိုက်နေကြတယ်။

သူတို့ကိုကြည့်ရင်း ကျိူးလီဇီရဲ့ကျောရိုးတစ်လျှောက်တွင် ချမ်းစိမ့်စိမ့်ခံစားလိုက်ရတယ်။ ဇွန်ဘီတွေရဲ့အခြေအနေဟာ ရှေးခေတ်ကလူတွေရဲ့ ကူအင်းဆက်ပိုးမွှားတွေကိုလေ့ကျင့်ပေးနေသလိုပါပဲ။ နောက်ဆုံးအနိုင်ရသူက အသန်မာဆုံးနဲ့ အဆိပ်အပြင်းဆုံးဖြစ်လာလိမ့်မယ်။

တကယ်လို့များ ဒီဖုတ်ကောင်တွေရဲ့အခြေအနေကသာ ကူအင်းဆက်တွေလိုပဲဆိုရင်တော့ နောက်ဆုံးကျန်နေတဲ့ဖုတ်ကောင်က ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲဆိုတာကို သူမ တွေးကြည့်လို့တောင်မရဘူး။ ဒါက သူမရဲ့ အရင်ဘဝတုန်းက ဖုတ်ကောင်ဘုရင် မွေးဖွားလာပုံပဲ။

သူမရဲ့ စိတ်ခံစားချက်ပြောင်းလဲသွားတာကိုသတိထားမိတဲ့အခါ ကျင်းရွှီယန်းက သူမရဲ့လက်ကို ညင်သာစွာညှစ်ပြီး "စိတ်မပူပါနဲ့။ သူတို့အားလုံးကို သတ်ပစ်နိုင်သရွေ့တော့ ဘာမှဖြစ်မလာနိုင်ပါဘူး" လို့ ပြောလိုက်တယ်။

ကျိုးလီဇီက အတွေးထဲကနေရုန်းထွက်လာပြီး ခေါင်းညိတ်ပြလိုက်တယ်။

ဇွန်ဘီများနှင့် မီတာနှစ်ဆယ်အကွာတွင်ရောက်တော့ ဝိန့်ညီအစ်ကိုများက လက်များကိုမြှောက်လို့ အချင်းဆယ်မီတာနှင့် အမြင့်ငါးမီတာရှိသော သတ္တုပလက်ဖောင်းတစ်ခုကို ဖန်တီးလိုက်ကြသည်။ သူတို့က ဒူးများကိုကွေးကာ ခုန်တက်လို့ပလက်ဖောင်းထိပ်တွင် ရပ်လိုက်ကြတယ်။

လေတိုက်လိုက်တဲ့အခါတွင် သူတို့ရဲ့ရနံ့ကို သယ်ဆောင်သွားတာကြောင့် နောက်ဆုံးတော့ သူတို့ရှိနေတာကို ဇွန်ဘီတွေကသတိထားမိလိုက်တယ်။ လှည့်ကြည့်လာကြပြီး ဇွန်ဘီတွေက ဟိန်းဟောက်ကာ သူတို့ဆီကို အပြေးအလွှားလာကြတယ်။

ပလက်ဖောင်းပေါ်တွင် ရပ်နေသော ကျိူးလီဇီက သူမရဲ့ လေသေနတ်ကို အောက်ဘက်ရှိ ဇွန်ဘီများထံ ချိန်ရွယ်ပြီး ပစ်ခတ်လိုက်တယ်။

"ပေါက် ပေါက် ပေါက်"

" ခရပ်စ် ခရက် ခရစ်ပ် "

"ရားး"

သတ္တုကျည်ဆန်တွေ ထိုးဖောက်တာခံလိုက်ရတဲ့ ဦးခေါင်းခွံတွေကွဲအက်အသံနှင့်အတူ ဇွန်ဘီတွေရဲ့ဟိန်းဟောက်သံတွေက ရောနှောနေတယ်။ အဖွဲ့သားတွေက သတ်ဖြတ်ဖို့ စတင်လိုက်တဲ့အခါမှာတော့ လီချီရွှမ်က သူ့ရဲ့သတ္တုယပ်တောင်ကိုမထုတ်လိုက်ခင် အရင်ဆုံးသူတို့ကို ခဏလောက်ကြည့်နေခဲ့တယ်။ သူ့လက်ကောက်ဝတ်ကို လှည့်လိုက်တဲ့အခါမှာ ယပ်တောင်က ဖြန့်ထွက်သွားတယ်။

သူက သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်မှ ခေါင်းခါလိုက်တယ်။ ဒီအသင်းကအင်အားကြီးတယ်လို့ သူထင်ပြီး သူတို့နဲ့ ပူးပေါင်းဖို့ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးမှာတော့ သူတို့ကလည်း တခြားသူတွေလိုပဲ သူတို့ရဲ့သေနတ်တွေကို မှီခိုနေရတယ်။

အချိန်ပိုမဖြုန်းချင်တာကြောင့် သူ့ယပ်တောင်ကိုဝှေ့ယမ်းလိုက်တဲ့အခါ အနီရောင်မီးလျှံနဂါးတစ်ကောင်က ပေါက်ကွဲကာထွက်လာတယ်။ မီးလျှံနဂါးက ဇွန်ဘီတွေဆီကို ပျံသန်းသွားပြီး ထိမိတဲ့ဇွန်ဘီတိုင်းကို မီးရှို့လိုက်တယ်။

ဇွန်ဘီတွေဟာ မီးနဲ့ဖုံးလွှမ်းခံနေရပေမယ့် သူတို့ဟာ နာကျင်မှု ဒါမှမဟုတ် ကြောက်ရွံ့မှုကို မသိကြပါဘူး။ သူတို့ရဲ့ခြေလက်တွေနဲ့ ခန္ဓာကိုယ်တွေက မီးလျှံကြောင့် ကျိုးပဲ့သွားပေမယ့်လည်း သတ္တုပလက်ဖောင်းဆီကို တွားသွားလာနေကြတုန်းပဲ။

သူ့ချစ်သူဘေးမှာရပ်နေတဲ့ ကျင်းရွှီယန်းက လီချီရွှမ်ကို ခဏလောက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ ဒီဘဝမှာတော့ သူ့(လီချီရွှမ်)ရဲ့စွမ်းရည်က အရင်ဘဝနဲ့ယှဉ်ရင် အရမ်းကိုအားနည်းလွန်းတယ်။

သူသိသလောက်ဆို လီချီရွှမ်က ကမ္ဘာပျက်ခြင်းမတိုင်ခင် ရက်အနည်းငယ်အလိုမှာ သူတို့ရဲ့စွမ်းရည်တွေကို နိုးထလာနိုင်တဲ့ စွမ်းရည်အသုံးပြုသူတွေထဲကတစ်ယောက်ပါ။ သူ့ရဲ့ မီးအမျိုးအစားစွမ်းရည်ကလည်း အဆင့်မြင့် အပြာရောင်မီးတောက်တစ်ခုပဲ။ ဒါကြောင့် အခုအချိန်မှာလည်း သူ့မှယ အဆင့်အနိမ့်ဆုံး မီးအမျိုးအစားကိုပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။

သူတွေးနေတုန်းမှာပဲ လီချီရွှမ်က သူ့ရဲ့သတ္တုယပ်တောင်ကို သိမ်းလိုက်ပြီး လက်ကိုမြှောက်လိုက်တယ်။ နှစ်စက္ကန့်အတွင်းမှာပဲ သူ့ရှေ့၌ မီးလုံးကြီးတစ်ခုပေါ်လာတယ်။

သူတို့ပတ်ဝန်းကျင်ရှိ အပူချိန်ကမြင့်တက်လာတာကြောင့် ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့လှည့်ကြည့်လိုက်ရာ မီးလုံးရဲ့အလယ်ဗဟိုက အပြာရောင်မီးတောက်ကို သတိပြုမိလိုက်ကြသည်။

"ဘုန်းးး"

နောက်တစ်ခဏမှာပဲ လီချီရွှမ်က မီးဘောလုံးကို ဇွန်ဘီတွေဆီ ပစ်ပေါက်လိုက်တယ်။ မီးဘောလုံးက အရှိန်နဲ့ ပျံသန်းသွားပြီး ပစ်မှတ်ကိုထိတာနဲ့ ပေါက်ကွဲသွားကာ ဇွန်ဘီ ၅၀ ကျော်ကို ချက်ချင်းပဲသတ်ပစ်ပြီး မြေပြင်က တွင်းနက်ကြီးတစ်ခုကိုသာ ချန်ထားခဲ့တယ်။

အခန်း-(၂၆၀)

ပေါက်ကွဲသံက ဇွန်ဘီအများအပြားကို သူတို့ရဲ့ ဦးတည်ရာသို့ ဆွဲဆောင်မိသွားတယ်။ ဒါကိုမြင်တော့ ချင်လူဇီကပြောလိုက်တယ် “ဝိန့်မို သူ့အတွက်လည်း လေသေနတ်တစ်လက် လုပ်ပေးသင့်တယ်။ သူဒီလိုသာဆက်လုပ်နေရင် ဒီနေရာက ဇွန်ဘီအားလုံးကို ဆွဲဆောင်မိသွားလိမ့်မယ်”

သူစကားဆုံးတော့ လီချီရွှမ်က သူ့ကိုကြည့်ပြီး မေးလာတယ် "အစ်ကို၊ ကျွန်တော်တို့ရဲ့စွမ်းရည်နဲ့ သူတို့ကိုသတ်တာက ပိုမြန်တယ်မဟုတ်ဘူးလား"

"မြန်ပေမယ့် ဆူညံတယ်။ မလွဲမသွေဖြစ်လာနိုင်တဲ့ အခြေအနေအတွက်မဟုတ်ရင် ငါတို့ရဲ့စွမ်းရည်တွေကို မသုံးဘူး" ဟု ချင်လူဇီက ပြန်ဖြေသည်။

သူဒါကိုကြားတော့ လီချီရွှမ်ရဲ့မျက်လုံးတွေက ခဏလောက် တလက်လက်ဖြစ်သွားတယ်။ သူ သူတို့ကိုကြည့်လိုက်တော့ ဒီပလက်ဖောင်းကို ဇွန်ဘီတွေဝိုင်းရံထားပေမယ့် ကြောက်ရွံ့မှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတစ်စုံတစ်ရာမှ မပြတာကို သတိထားမိလိုက်တယ်။

"ငါ သူတို့နဲ့ ပတ်သက်ပြီး ယူဆထားတာ မှားနေပုံပဲ" လို့ သူ စိတ်ထဲမှာ တွေးနေမိတယ်။

ကျင်းရွှီယန်းက အခြေအနေကို ခဏလောက်စောင့်ကြည့်လနေပြီးမှ "လူတိုင်းပဲ မင်းတို့ရဲ့ စွမ်းရည်တွေကို သုံးကြ။ မှောင်မသွားခင်မှာ ညာဘက်ကအဖွဲ့ကို မြန်မြန်ရှင်းထုတ်ရမယ်" လို့ အမိန့်ပေးလိုက်တယ်။

သူ အမိန့်ပေးလိုက်တာနဲ့ အဖွဲ့ဝင်တွေကလည်း ခေါင်းညိတ်ပြီး သေနတ်တွေကို သေနတ်အိတ်ထဲမှာထည့်လိုက်ကြတယ်။ နောက်တစ်ခဏမှာပဲ ချင်လူဇီက ပလက်ဖောင်းပေါ်ကနေ ရုတ်တရက် ခုန်ဆင်းသွားတယ်။

သူရဲ့ ရုတ်တရက်လုပ်ရပ်ကြောင့် လီချီရွှမ်က အံ့အားသင့်သွားပြီး ပြောလိုက်သည် "ဘာတွေလဲ-"

ဒါပေမယ့် သူ နောက်ထပ်စကားတစ်ခွန်း မပြောနိုင်ခင်မှာပဲ ချင်လူဇီက ပလက်ဖောင်းကနေ မီတာ ၅၀ အကွာမှာ ဇွန်ဘီတွေအပေါ်ကနေ လွင့်မျောနေတာကို မြင်လိုက်ရတယ်။ ဒါဟာ သူ့ရဲ့ ၂၄ နှစ်တာဘဝတစ်လျှောက်လုံးမှာ တစ်ယောက်ယောက်က တကယ်ပျံသန်းတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။

လေထဲ၌လွင့်မျောနေတုန်းမှာပဲ ချင်လူဇီက သူ့လက်ချောင်းတွေကိုလှုပ်ရှားလိုက်တော့ ဇွန်ဘီတွေအပေါ်က နေရာအတော်များများမှာ ရုတ်တရက်ကြီး ပေါက်ကွဲမှုတွေဖြစ်လာတယ်။

" ဘုန်းး ဘုန်းး ဘုန်းး ဘုန်းး ဘုန်းး"

တစ်ချက်တည်းနှင့် ဇွန်ဘီရာပေါင်းများစွာကို သူရှင်းထုတ်နိုင်ခဲ့တယ်။

ဒါကိုမြင်တော့ ဝိန့်ညီအစ်ကိုတွေက ခေါင်းခါပြီး တစ်ပြိုင်နက်တည်း ပြောကြတယ် “ရှိူးပြပြန်ပြီ”

သူတို့ ဒီလိုပြောနေတုန်းမှာပဲ ဝိန့်ခိုင်က သတ္တုဘော်လုံးကြီးတစ်လုံးကိုဖန်တီးလိုက်ပြီး ဝိန့်မိုကတော့ သူ့လက်ကိုလှုပ်ရှားကာ သတ္တုဘော်လုံးကို မရေမတွက်နိုင်သော သတ္တုအပ်များအဖြစ် ပြောင်းလဲလိုက်တယ်။

သတ္တုအပ်များက ၁၀စင်တီမီတာရှည်ပြီး အချင်း ၀.၅ စင်တီမီတာထက်သေးသည်။ ထိုသတ္တုအပ်များက ချွန်ထက်လှပြီး နေရောင်ခြည်အောက်တွင် တလက်လက်တောက်ပနေတယ်။ သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ အပ်များက ပျားအုပ်ကြီးကဲ့သို့ပင် ဇွန်ဘီများဆီသို့ ပျံသန်းသွားတယ်။

သတ္တုအပ်ဖြင့်ဖောက်ထွင်းခံလိုက်ရသော ဇွန်ဘီများရဲ့ ဦးခေါင်းခွံကွဲသံများမှာ ထိုနေရာတစ်ဝိုက်တွင် ပဲ့တင်ထပ်သွားသည်။ ဝိန့်မိုက သတ္တုအပ်များကို ဆက်လက်ထိန်းချုပ်နေစဉ်တွင် ဝိန့်ခိုင်ကတော့ လေသေနတ်နှစ်လက်ဖြင့် ဆက်လက်ပစ်ခတ်နေသည်။

"ရားး"

ဇွန်ဘီအရေအတွက်က အလျင်အမြန် လျော့နည်းလာပြီး အဆင့်သုံး ဇွန်ဘီတစ်ကောင်က ဟိန်းဟောက်ကာ သတ္တုပလက်ဖောင်းဆီသို့ ခုန်တက်လာသည်။

ဒါကိုမြင်တော့ ကျင်းရွှီယန်းက "ငါ့ဆီထားလိုက်" လို့ ပြောလိုက်တယ်။

နောက်တစ်ခဏမှာပဲ သူ့ရဲ့ဓားရှည်ကို ဓားအိမ်ထဲကနေဆွဲထုတ်ရင်း ဒူးတွေကိုကွေးကာဇွန်ဘီတွေဆီခုန်ဆင်းသွားသည်။

" ကလန် ဘုန်းး "

သူ့ရဲ့ဓားရှည်နဲ့ ဇွန်ဘီရဲ့ ချွန်ထက်တဲ့လက်သည်းတွေ ထိတွေ့သွားတဲ့အခါမှာ သတ္တုချင်းတိုက်မိသံဟာ အဲဒီနေရာတစ်ဝိုက်မှာ ပဲ့တင်ထပ်သွားတယ်။ ထိတွေ့မှုနေရာကနေ စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး အနီးနားက ဇွန်ဘီတွေကို အပိုင်းပိုင်းကွဲထွက်ကာ လွင့်ထွက်သွားစေတယ်။

ထိပ်တိုက်တွေ့မှုကြောင့် နှစ်ဖက်စလုံးဟာ တွန်းကန်အားဖြင့် အနောက်သို့ တွန်းပို့ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားကြတယ်။ ကျင်းရွှီယန်းကတော့ လေထဲတွင်ပဲ တစ်ပတ်လှည်ကာ မြေပြင်ပေါ်သို့ပေါ့ပါးစွာ ဆင်းသက်လာပေမယ့် ဇွန်ဘီကတော့ ကျယ်လောင်သောအသံဖြင့် လှဲကျသွားပြီး ခြေထောက်အောက်တွင်တော့ နက်ရှိုင်းသောအက်ကွဲရာကြီးတစ်ခု ကျန်ရစ်ခဲ့တယ်။

"ရားး"

သတ္တုပလက်ဖောင်းပေါ်တွင် ရပ်နေသော ကျိူးလီဇီသည် သူမရဲ့ချစ်သူထံသို့ အရပ်လေးမျက်နှာမှ ပြေးဝင်လာနေသော ဇွန်ဘီများကိုမြင်လိုက်ရတယ်။ ၎င်းတို့ကိုမြင်တဲ့အခါမှာပဲ သူမကလက်ကိုဝှေ့ယမ်းလိုက်ပြီး ရေဓားနှစ်ချောင်းကို အရှိန်ဖြင့် ဇွန်ဘီတွေဆီကိုပစ်ခတ်လိုက်သည်။

" ခရစ် ခရက် ခရက် "

သုံးစက္ကန့်အတွင်းမှာပဲ ကျင်းရွှီယန်းကို ခုန်အုပ်လာတဲ့ ဇွန်ဘီအတော်များများကို ရေဓားတွေကခေါင်းဖြတ်ပစ်လိုက်တယ်။ သူမက သူ့ရဲ့ကျောဖက်ကို ကာကွယ်ပေးထားတာကြောင့် ကျင်းရွှီယန်းက အဆင့်သုံးဇွန်ဘီကိုတိုက်ခိုက်ဖို့ရာ အာရုံစိုက်နိုင်ခဲ့တယ်။

ကျိုးလီဇီသည် သူမရဲ့ချစ်သူကိုကာကွယ်ရင်းနဲ့ပဲ တခြားသူတွေကိုလည်း စောင့်ကြည့်နေခဲ့တယ်။ အဆင့်နှစ်ဇွန်ဘီတစ်ကောင်က ပလက်ဖောင်းပေါ်ကိုခုန်တက်လာပြီး ဝိန့်ခိုင်ရဲ့ကျောဆီ ပြေးဝင်သွားတာကိုမြင်တော့ သူမလက်ကို မြှောက်လိုက်တယ်။

" ကလန် "

ဇွန်ဘီရဲ့ ချွန်ထက်တဲ့လက်သည်းက ဝိန့်ခိုင်ရဲ့ကျောကို မထိုးဖောက်နိုင်ခင်မှာပဲ ရေခဲဒိုင်းတစ်ခုက ရုတ်တရက်ပေါ်လာပြီး တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်တယ်။ ရုတ်တရက်တိုက်ခိုက်လာမှုကို သတိထားမိတဲ့ ဝိန့်ခိုင်ကလှည့်လာပြီး သူ့ရဲ့ဓားကို ဆွဲထုတ်လိုက်တယ်။

"ရားး"

ဇွန်ဘီက ဟိန်းဟောက်ပြီး သူ့လက်ကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားတယ်။

ကံမကောင်းစွာနဲ့ပဲ သူမလွတ်မြောက်နိုင်မီတွင်ပဲ ရေခဲဒိုင်းကရေခဲအပ်များအဖြစ်သို့ပြောင်းလဲသွား ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ဒီအတောတွင်းမှာပဲ ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ရေခဲများဖြင့် ဖုံးလွှမ်းသွားပြီး လှုပ်ရှားမရအောင် ဖြစ်သွားခဲ့တယ်။

ဝိန့်ခိုင်ကလည်း ဒါကို အခွင့်ကောင်းယူကာ သူ့ဓားကို ဝှေ့ယမ်းပြီး ဇွန်ဘီရဲ့ခေါင်းကို တစ်ချက်တည်းနဲ့ ချောမွေ့စွာ ဖြတ်ပစ်လိုက်တယ်။ သတ်ပြီးတဲ့နောက်မှာတော့ အောက်ကဇွန်ဘီတွေဆီကို သတ္တုအပ်တွေပြန်ပစ်တယ်။

သူတို့နဲ့ မဝေးလှတဲ့နေရာမှာရှိနေတဲ့ လီချီရွှမ်သည် သူ့ရဲ့အဖွဲ့သစ်က သူထင်ထားတာထက် အများကြီးပိုအားကောင်းရုံသာမကဘဲ တစ်ယောက်ကိုတစ်ယောက်လည်း နက်နက်ရှိုင်းရှိုင်း နားလည်မှုရှိတယ်ဆိုတာကို နောက်ဆုံးတော့ သဘောပေါက်သွားခဲ့တယ်။ သူတို့ရဲ့အဖွဲ့လိုက်လုပ်ဆောင်မှုက အပြစ်အနာအဆာကင်းပြီး တစ်ယောက်ရဲ့ အားနည်းချက်တွေကို တစ်ယောက်က ချောမွေ့စွာ ဖုံးကွယ်ထားနိုင်ခဲ့တယ်။

ဇွန်ဘီများကိုသတ်ပြီး သူမရဲ့ရည်းစားကို ကာကွယ်နေတဲ့ကျိုးလီဇီသည် သူမရဲ့ ဒုခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ငြိမ်ငြိမ်လေးရပ်နေတာကို သတိပြုမိလိုက်တယ်။

ကမ္ဘာပျက်ကပ်ရဲ့အစောပိုင်းကာလဖြစ်ပြီး သူဟာ သွေးထွက်သံယိုမြင်ကွင်းတွေကို ကျင့်သားမရသေးတာကြောင့်ဖြစ်နိုင်တယ်လို့တွေးပြီး သူမက သူ့ဆီပိုကပ်သွားကာ "အစ်ကို၊ အဆင်ပြေရဲ့လား" လို့ မေးလိုက်တယ်။

လီချီရွှမ်က သူမရဲ့အသံထဲမှာ စိုးရိမ်ပူပန်မှုအရိပ်အယောင်ကို သတိထားမိတာကြောင့် စနောက်သလို မေးလိုက်တယ် "ညီမလေး မင်းရဲ့ချစ်သူက ဟိုမှာ အဆင့်မြင့်ဇွန်ဘီတစ်ကောင်နဲ့ တိုက်ခိုက်နေတာ၊ မင်းက ဒီမှာ တခြားယောက်ျားတစ်ယောက်အတွက် စိတ်ပူနေတာလား"

ကျိုးလီဇီက မျက်တောင်ခတ်ပြီး "ကျွန်မချစ်သူက အရမ်းသန်မာတယ်၊ သူအဆင်ပြေသွားလိမ့်မယ်။ ဒါပေမယ့် အစ်ကိုကရောအဆင်ပြေရဲ့လား။ တစ်နေရာရာမှာ မသက်မသာဖြစ်နေလား။ အန်ချင်ရင် အန်ထုတ်လိုက်ပါ။ ပြန်မျိုသိပ်ထားရင် ပိုဆိုးသွားလိမ့်မယ်" လို့ ပြန်ပြောလိုက်တယ်။

သူမရဲ့စကားတွေကိုကြားတော့ လီချီရွှမ်ကပြောစရာစကားပျောက်သွားတယ် 'ညီမလေး မင်းက ငါကိုအားနည်းတယ်လို့ပြောချင်နေတာလား၊ ဒါကြောင့် ငါ့ကိုလာစစ်ဆေးတာလား' လို့ သူတွေးလိုက်မိတယ်။

သူ ဘာမှ ပြန်မပြောတာကိုမြင်တော့ ကျိူးလီဇီက သူမရဲ့ ကျောပိုးအိတ်ဇစ်ကိုဖွင့်လိုက်ပြီး ရေဘူးတစ်ဘူး ထုတ်ပေးကာ "အစ်ကို၊ ပင်ပန်းနေရင် ရေသောက်ပြီး အနားယူလိုက်ပါ။ ကျန်တာကို ကျွန်မတို့လုပ်လိုက်ပါ့မယ်" လို့ ပြောလာတယ်။

လီချီရွှမ် မတုံ့ပြန်နိုင်ခင်မှာပဲ သူမကလှည့်သွားပြီး ဇွန်ဘီတွေကို ပြန်သတ်နေခဲ့တယ်။

သူ့လက်ထဲမှာတော့ ရေဘူးကိုကိုင်ထားပြီး သူမရဲ့ကျောကိုကြည့်ပြီး ရယ်လိုက်တယ်။ အချိန်အတော်ကြာလို့ သူစိတ်ငြိမ်သွားတဲ့အချိန်ကျမှ ခေါင်းငုံ့ပြီး သက်ပြင်းချကာ “သူမက ငါထင်ထားတာထက်ကို ပိုစိတ်ဝင်စားဖို့ကောင်းတယ်” လို့ တိုးတိုးလေးပြောလိုက်တယ်။

သူ ခေါင်းပြန်မော့လိုက်တဲ့အခါမှာတော့ သူ့မျက်လုံးတွေက သတ်ဖြတ်လိုစိတ်ကြောင့်တောက်ပနေပြီး အေးစက်စက်ပြောလိုက်တယ် "သူမရဲ့ချစ်သူသာ သူမရှေ့မှာ သေသွားတာကို မြင်ရင် သူမ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ငါသိချင်တယ်”

အခန်း-(၂၆၁)

နှစ်နာရီကြာပြီး နောက်ဆုံးတွင်မှ ကျင်းရွှီယန်း နှင့် သူ့အဖွဲ့သည် ထိုနေရာရှိဇွန်ဘီများအားလုံးကို ရှင်းလင်းနိုင်ခဲ့တယ်။ သူ့(ကျင်းရွှီယန်း)လက်ကို ဝှေ့ယမ်းပြီး ဇွန်ဘီများရဲ့အလောင်းအားလုံးကို မီးရှို့လိုက်ကာ ပြာမည်းမည်းများကိုသာ ချန်ထားခဲ့သည်။

ရှောင်ချီမရှိတဲ့အတွက် ကျိူးလီဇီကသာ အမြုတေတွေကို စုဆောင်းခဲ့တယ်။

မသိသောအကြောင်းရင်းတစ်ခုကြောင့် ဇွန်ဘီတွေထံမှာ ပေါ်လာတဲ့ အမြုတေတွေရဲ့အရေအတွက်က ပုံမှန်ထက် ပိုများနေတာကို သူမ သတိထားမိလိုက်တယ်။ သံသယဝင်ပြီး မသက်မသာဖြစ်နေပေမယ့် မမျှော်လင့်ထားတဲ့အကျိုးအမြတ်ကိုတော့ သူမ ကြိုဆိုမိနေဆဲပါပဲ။

သူမဘေးမှာရပ်နေတဲ့ ကျင်းရွှီယန်းကတော့ သူ့ချစ်သူက ငါးတစ်ကောင်ကို အောင်မြင်စွာခိုးယူသွားတဲ့ ကြောင်တစ်ကောင်လို ပြုံးနေတာကိုမြင်တော့ သူလည်းပြုံးလိုက်တယ်။ သူမရဲ့ ခေါင်းကို ညင်သာစွာပုတ်ပေးပြီး ပြောလိုက်တယ်"နောက်ဆို ပိုရမှာပါ"

ကျိူးလီဇီက ခေါင်းညိတ်ပြီး "အစ်ကိုယန်း အလုပ်ပြီးအောင်လုပ်ပြီးရင် ပြန်ကြရအောင်" လို့ ပြောလိုက်တယ်။

"ကောင်းပြီ"

ထွက်ခွာမသွားမီတွင် ဝိန့်မိုက သူ့လက်ကိုဝှေ့ယမ်းလိုက်တယ်။ သတ္တုပလက်ဖောင်းကို လေသေနတ်နှစ်လက်၊ ကျည်ဆန်အများအပြား၊ ကတ်ထရိပ်များနှင့် မရေမတွက်နိုင်သော သတ္တုကျည်ဆန်များအဖြစ် ပြောင်းလဲလိုက်သည်။ သူက ကတ်ထရိပ်များကို ချင်လူဇီထံပေးအပ်လ်ိုက်ပြီး ကျည်ကပ်များကို သတ္တုကျည်ဆန်များဖြင့် ဖြည့်သွင်းခဲ့သည်။

လီချီရွှမ်က သူတို့ကို စိတ်ဝင်စားစွာကြည့်နေပြီးမှ မေးလာတယ်"အစ်ကိုဝိန့်မို၊ အစ်ကိုဝိန့်ခိုင်က သတ္တုကို ဖန်တီးနိုင်တယ်ဆိုရင် ဘာလို့ သတ္တုအသစ်ကို မသုံးတာလဲ" လို့ မေးလိုက်တယ်။

ဝိန့်မိုက သူ့ကို သဘောမတူစွာကြည့်ပြီး "ငါတို့ဘိုးဘွားတွေရဲ့ သွန်သင်ချက်အရ အရင်းအမြစ်တွေကို အလဟဿဖြုန်းတီးတာဟာ အပြစ်ပဲ။ ဖြစ်နိုင်ရင် ပြန်လည်အသုံးပြုပါ" လို့ ပြောလိုက်တယ်။

လီချီရွှမ်က မရေမတွက်နိုင်သော အကြောင်းပြချက်များကို စဉ်းစားခဲ့သော်လည်း အကြောင်းပြချက်က ဤမျှရိုးရှင်းလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါ။ သူတို့က ကပ်စေးနဲကြတယ်။

သူ့ရဲ့ရယ်သံတွေကြားမှာပဲ အဖွဲ့သားတွေဟာ သံချပ်ကာယာဉ်တွေကိုစီးပြီး ဆန့်ကျင်ဘက်ကို သွားခဲ့ကြတယ်။ ဝေယင်းရဲ့ စခန်းကိုမသွားခင်မှာ နောက်ထပ် ဇွန်ဘီအုပ်တစ်အုပ်ကို အရင်ဆုံးရှင်းထုတ်ဖို့ လိုအပ်တယ်။

တစ်ချိန်တည်းမှာပင် ကျန်းယွမ်တို့အဖွဲ့က လင်အန်းတက္ကသိုလ်ဧရိယာသို့ ရောက်ရှိနေပြီး ထိုအချိန်မှာ ကားတံခါးကို မှီကာရပ်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်

ကျို့ဟွာကျဲက ထိုသူရဲ့ကားမှ အဖြူရောင်မီးခိုးများထွက်နေတာကို သတိပြုမိလိုက်တယ်။ သူ့ကားက ပျက်သွားပုံရသည်။

သူက သူ့ရဲ့ ဝေါ်ကီတော်ကီကိုကောက်ကိုင်ပြီး “ဒုကပ္ပတိန် ရှေ့မှာ လူတစ်ယောက်ရှိတယ်။ သူ့ကားက ပျက်နေပုံရတယ်။ ကျွန်တော်တို့ ရပ်ပြီး သူ့ကို စစ်ဆေးသင့်လား” လို့ မေးလိုက်တယ်။

အကြောင်းကြားသံကိုကြားတော့ ကျန်းယွမ်က အခြေအနေကိုစစ်ဆေးဖို့ ပြတင်းပေါက်ကနေ ခေါင်းကိုထုတ်ပြီးကြည့်လိုက်တယ်။ အဲဒီလူက ဖြူဖျော့နေပြီး နေမကောင်းဖြစ်နေတဲ့ပုံပေါက်နေတာကိုမြင်တော့ "သူ့ကို အရင်စစ်ဆေးကြည့်ရအောင်" လို့ပြောတယ်။

"နားလည်ပါပြီ"

ဒုကပ္ပတိန်ရဲ့အမိန့်ကို လက်ခံရရှိပြီးနောက်မှာပဲ ကျိုးဟွာကျဲက ဘတ်စ်ကားကိုအရှိန်လျှော့ကာ ထိုသူနဲ့ မီတာအနည်းငယ်အကွာမှာ ရပ်လိုက်သည်။ သူက ပြတင်းပေါက်ကနေ ခေါင်းထုတ်ပြီး “ရဲဘော်၊ အကူအညီတစ်ခုခု လိုအပ်ပါသလား” လို့ မေးလိုက်တယ်။

သူ့အသံကိုကြားတော့ ထိုလူကခေါင်းမော့လိုက်ပြီး သူ့ရဲ့နက်ရှိုင်းပြီး ထက်ရှတဲ့မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်လာတယ်။

ကျိုးဟွာကျဲက သူရဲ့စူးရှသောအကြည့်ကြောင့် အံ့အားသင့်သွားတယ်။ ဤစူးရှသောအကြည့်က သူရဲ့ဖြူဖျော့ပြီး နေမကောင်းဖြစ်နေသောပုံပန်းသဏ္ဌာန်နှင့် မလိုက်ဖက်ပေ။ လူငယ်က တုံ့ပြန်မည်မဟုတ်ဟု သူထင်ကပြီး ထွက်သွားရန် စဉ်းစားလိုက်သည်။

ဒါပေမယ့် သူ့ကားကိုအရှိန်မတင်နိုင်ခင်မှာပဲ လူငယ်က သူ့အိတ်ကပ်ထဲက လက်ကိုင်ပုဝါတစ်ထည်ကိုထုတ်ပြီး ချောင်းဆိုးလိုက်ကာ "ရဲဘော်၊ ကျွန်တော့်ကားက ပျက်နေလို့ အနီးဆုံးစခန်းကို လိုက်ပို့ပေးလို့ရမလား" လို့ မေးလာတယ်။

သူ့အသံကိုကြားတော့ ကျိုးဟွာကျဲဟာ ရှေးခေတ်က နူးညံ့သိမ်မွေ့ပြီး ငယ်ရွယ်တဲ့ ဆရာတစ်ယောက်အကြောင်း တွေးမိသွားတယ်။ သူ့ရဲ့စကားပြောပုံက နှေးကွေးပေမယ့် ခိုင်မာတယ်။ ချောင်းဆိုးနေပေမယ့်လည်း အသက်ရှူသံက တည်ငြိမ်နေတယ်။

ဒီအတွေးတွေက သူ့စိတ်ထဲမှာ ဖျတ်ခနဲပေါ်လာတာနဲ့ ဒီလူငယ်လေးမှာ တစ်ခုခု မှားနေပြီဆိုတာကို သူသိလိုက်တယ်။ ခဏလောက် တွန့်ဆုတ်နေပြီးနောက်မှ တံခါးဖွင့်ပြီး “တက်လာခဲ့” လို့ ပြောတယ်။

ဘတ်စ်ကားဆီမသွားခင်မှာ လူငယ်က သူ့ရဲ့ကားတံခါးကိုဖွင့်ပြီး ကျောပိုးအိတ်တစ်လုံးကို ထုတ်ယူလိုက်တယ်။ကျောပိုးအိတ်အရွယ်အစားအရတော့ သူ့ရဲ့ပစ္စည်းတွေကို အထဲမှာ ထည့်ထားရမည်။

လူငယ်လေးက ဘတ်စ်ကားပေါ်တက်လာပြီးနောက်မှာ ပြုံးရွှင်စွာနဲ့ပြောလာတယ် "ကျေးဇူးတင်ပါတယ် ရဲဘော်"

ကျိုးဟွာကျဲကတံခါးကိုပိတ်ပြီး ဆက်မောင်းသွားတယ်။ ဘတ်စ်ကားက ကျပ်ညပ်နေသောကြောင့် သူက “ရှေ့ခန်းမှာ လာထိုင်” ဟု ပြောလိုက်တယ်။

ဒီစကားကိုကြားတော့ လူငယ်လေးကလည်း မငြင်းဆန်ဘဲ ရှေ့ကိုလျှောက်လာတယ်။သူက ယာဉ်မောင်းထိုင်ခုံဘေးက လှေကားမှာထိုင်လိုက်တော့ မိန်းကလေးငယ်အတော်များများက စိတ်ပျက်အားလျော့စွာနဲ့ သူ့ကိုငေးကြည့်နေကြသည်။

အမျိုးသမီးငယ်တွေအနေနဲ့ ဒီလူဟာ မကျန်းမာပေမယ့် ချောမောပြီး စွမ်းဆောင်ရည်ရှိပုံပေါက်တယ်လို့ ထင်နေကြတယ်။ သူ့ဘေးမှာသာ တိုးဝှေ့ပြီးဖက်ထားနိုင်ရင် သူမတို့အတွက် တစ်ခုခုခံစားရလိမ့်မယ်။ ဒါဆို သူ့ကိုအားကိုးပြီး ပစ္စည်းတွေ ပြတ်လပ်မှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။

လူအတော်များများရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့မိမှန်း မသိတဲ့ ကျိုးဟွာကျဲက လူငယ်လေးကို ကြည့်ပြီး "ညီလေး၊ မင်းက အရမ်းငယ်တဲ့ပုံပေါက်နေတာ။ မင်းက တက္ကသိုလ်ကျောင်းသားလား" လို့ မေးလိုက်တယ်။

လူငယ်လေးက ပြုံးပြီး "ဟုတ်ကဲ့" လို့ ပြန်ဖြေတယ်။

"မင်းနာမည် ဘယ်လိုခေါ်လဲ" ကျိုးဟွာကျဲက ထပ်မေးလိုက်တယ်။

ဒီတစ်ခါတော့ လူငယ်လေးက ဘာမှပြန်မပြောဘဲ သူ့ကို နူးညံ့တဲ့အပြုံးနဲ့ ကြည့်လိုက်တယ်။ ခဏလောက် တိတ်ဆိတ်သွားတာကြောင့် ကျိုးဟွာကျဲက ကြောင်အမ်းအမ်းဖြစ်သွားပြီး နောက်ဆုံးတော့မှ "ကျွန်တော့်နာမည်က မိုဂျွန်ဂျီပါ" လို့ သူပြောလာတယ်။

ဒါကိုကြားတော့ ကျိုးဟွာကျဲက တိတ်တဆိတ်နဲ့ အသက်ရှူထုတ်လိုက်ပြီး "ဪ၊ ငါ့နာမည်က ကျိုးဟွာကျဲပါ" လို့ ပြောလိုက်တယ်။

သူဒီလိုပြောပြီးတဲ့နောက်မှာပဲ မိုဂျွန်ဂျီရဲ့ ချောင်းဆိုးသံကို ကြားလိုက်ရပြီး "ညီလေး အဆင်ပြေရဲ့လား။ နေမကောင်းရင် စခန်းကိုရောက်တာနဲ့ ဆရာဝန်ရှာပေးဖို့ ငါကူညီပေးမယ်" လို့ မမေးဘဲ မနေနိုင်ခဲ့ဘူး။

မိုဂျွန်ဂျီက သူ့ပါးစပ်ကိုလက်နဲ့အုပ်ပြီး နောက်ထပ်ချောင်းဆိုးလိုက်ကာ "အဆင်ပြေပါတယ်။ ဆရာဝန်တစ်ယောက်ကမှ ကျွန်တော့်ကို မကူညီနိုင်ဘူး" လို့ ပြောလိုက်တယ်။

ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ ကျို့ဟွာကျဲက သနားစိတ်ဝင်လာပြီး သူ့ကိုကြည့်လိုက်တဲ့အခါမှာတော့ သူ့အကြည့်တွေက နူးညံ့သွားတယ်။

သူက သက်ပြင်းချပြီး "ညီလေး၊ မင်းက ငယ်သေးတယ်။ မင်းဘဝကို ဒီလောက်လွယ်လွယ်နဲ့ အရှုံးမပေးသင့်ဘူး။ ဆရာဝန်က ဖြေရှင်းချက်ရှာတွေ့ပြီး မင်းရဲ့ရောဂါကို ကုစားပေးနိုင်လိမ့်မယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ မိုဂျွန်ဂျိီရဲ့မျက်လုံးထဲမှာ ပျော်ရွှင်မှုတစ်ခု လက်ခနဲ ပေါ်လာတယ်။ နေမကောင်းဖြစ်နေပြီး သေတော့မယ့်ပုံပေါက်နေတယ်ဆိုတာကို သူ့ကိုယ်သူသိပေမယ့် သေမင်းတံခါးနဲ့တော့ ဝေးသေးတယ်။

သူ့မျက်နှာအမူအရာကို ထိန်းချုပ်ပြီးနောက်မှာ သူကပြုံးပြီး "အစ်ကိုကျိုး ကျွန်တော်က အဲဒီလောက်မငယ်ပါဘူး။ ဒီနှစ် ထဲမှာဆို ကျွန်တော် အသက်က ၂၃ နှစ် ပြည့်ပြီးပါပြီ" လို့ ပြန်ဖြေလိုက်တယ်။

ကျိုးဟွာကျဲက သူ့စကားကြောင့် အံ့အားသင့်သွားပြီး "ငါတို့က အသက်တူတူပဲ၊ ဒါပေမယ့် မင်းကတော့ အသက် ၂၀ ပဲရှိသေးတဲ့ပုံပေါ်တယ်" လို့ ပြောလိုက်တယ်။

မိုဂျွန်ဂျီကပြုံးလိုက်ပေမယ့် ဘာမှဆက်မပြောဘူး။ သူတို့နှစ်ယောက် စကားပြောနေတုန်းမှာ ပိုင်ရီကျီးကတော့ ကျန်းနင်မြို့ရဲ့ အခြေစိုက်စခန်းမှာ သူ့အဖေနဲ့ အငြင်းအခုံ ဖြစ်နေတယ်။

သူ့အဖေရဲ့စားပွဲရှေ့မှာရပ်ပြီး "အဖေ အဲဒါကဘာကိုဆိုလိုတာလဲ" လို့မေးလိုက်တယ်။

All Chapters