အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း။ ၄၁
"တကယ့်ကို အဆင့်မြင့်တဲ့ ခံစားချက်မျိုးပဲ"
မူလက ပင်မဆောင်သည် အရောင်းဆိုင်တစ်ခုအဖြစ် တိုးချဲ့လိုက်ခြင်းမှာ စီးကရက်တစ်လိပ် ပေါ်လာသည်နှင့် အနည်းငယ် ကိုးရိုးကားယားဖြစ်နေသလိုပင်။ ကျိုးကြောင်းဆီလျော်စွာဆိုလျှင် အဆင့်မြင့်ပညာရပ်များ သို့မဟုတ် သွေးကြောပညာရပ်မျိုးကို ရောင်းချသင့်သည်။
ယခု စီးကရက်တစ်လိပ် ပေါ်လာခြင်းက ဤနေရာကို ဆေးလိပ်ဆိုင်တစ်ခုနှင့် တူသွားစေသည်။
သို့သော် ကံကြမ္မာကို ဖြည့်ဆည်းပေးခြင်းဟူသော စကားလုံးများက ထိုစီးကရက်၏ တန်ဖိုးကို အလွန်မြင့်မားသော နေရာတစ်ခုသို့ ပို့ဆောင်ပေးလိုက်သည်။
အမှန်စင်စစ် မည်သည့်အရာပင်ဖြစ်စေ အသက်သို့မဟုတ် ဘဝဟူသော စကားလုံးနှင့် ဆက်စပ်နေပါက ၎င်းက မြင့်မြတ်သည်ဟု ခံစားရတတ်သည်။
၎င်းသည် သင် သတိမထားမိဘဲ နင်းမိနိုင်သော ပုရွက်ဆိတ်တစ်ကောင်နှင့် တူသည်။ သာမန်
အချိန်တွင် ဘာမှမဟုတ်သော်လည်း ရဟန်းတစ်ပါးက ဒါကလည်း သက်ရှိတစ်ခုပဲဟုပြောကာ ခြေလှမ်းကို ဖယ်လိုက်သောအခါ ထိုပုရွက်ဆိတ်၏ တန်ဖိုးမှာ ပြောင်းလဲသွားသကဲ့သို့ပင်။
ဝမ်ပင်းက ဆက်၍မေးလိုက်သည်။
"စနစ်... ကံကြမ္မာကို ဖြည့်ဆည်းပေးခြင်းဆိုတာ ဘာကိုဆိုလိုတာလဲ"
စနစ်က ပြန်ဖြေလိုက်သည်။
"ဒါက ရှင်းပါတယ်။ သခင့်ရဲ့ ကံကြမ္မာမှာ လိုအပ်နေတဲ့ အစိတ်အပိုင်းတွေကို ဖြည့်ဆည်းပေးတာပါ။ ဥပမာ သခင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးပေါ့။ သက်စောင့်သစ်ပင်ရဲ့ အရွက်တွေနဲ့ လုပ်ထားတဲ့ ဒီစီးကရက်တွေကို အချိန်အတော်ကြာ သောက်သုံးမယ်ဆိုရင် သခင့်ရဲ့ ဦးနှောက်ကို တဖြည်းဖြည်း မြှင့်တင်ပေးပြီး ထူးကဲတဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ပေးစွမ်းနိုင်မှာပါ။ ဒါမှမဟုတ် သခင့်မှာ ကုသလို့မရတဲ့ ရောဂါတစ်ခုခုရှိနေပြီး သေဖို့ ရက်ပိုင်းပဲ လိုတော့တယ်ဆိုရင်တောင် ဒါကိုသောက်သုံးခြင်းက သေခြင်းနဲ့ ရှင်ခြင်းကို ပြောင်းလဲပေးနိုင်ပါတယ်"
"ဒါကို ပိုပြီးရိုးရှင်းပြီး ပြည့်စုံအောင် တစ်ခွန်းတည်းနဲ့ အနှစ်ချုပ်ပေးလို့ရမလား"
"ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ဒါက ပါရမီကို မြှင့်တင်ပေးတာပါ။ သာမန်လူတစ်ယောက်က ဒါကို ရေရှည်သောက်သုံးရင် ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်တယ်။ ပြီးတော့ ဒါက သေစေနိုင်တဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်တယ်။ ခြေထောက်မှာ အနာပေါက်တာပဲဖြစ်ဖြစ်၊ မျက်နှာမှာ ပြည်တည်တာပဲဖြစ်ဖြစ်၊ ဗိုက်ထဲရောက်သွားတဲ့ စီးကရက်အငွေ့က အားလုံးကို ဖြေရှင်းပေးနိုင်တယ်။ နောက်ဆုံးအနေနဲ့ စိတ်ကို လန်းဆန်းစေပြီး ခန္ဓာကိုယ်ရဲ့ မွေးရာပါ ချို့ယွင်းချက်တွေကို ပြုပြင်ပေးနိုင်တယ်။ ရှေ့ကအချက်က ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး နောက်ကအချက်ကတော့ လူတစ်ယောက်ရဲ့ အနှစ်သာရကို ပြောင်းလဲပေးတာပါ"
"တကယ့်ကို ကောင်းတဲ့အရာပဲ"
"အသင့်အတင့်ပါပဲ။ ဒါပေမဲ့ စူပါဂိုဏ်းတော်စနစ်က ထုတ်လုပ်တာဖြစ်လို့ အကောင်းဆုံး အရည်အသွေးဖြစ်တာကတော့ အသေအချာပါပဲ။ ဒီ သက်စောင့်စီးကရက်က အပန်းဖြေဖို့အတွက်လည်း သုံးနိုင်ပါတယ်။ ထမင်းစားပြီး ဆေးလိပ်တစ်လိပ်၊ နတ်ပြည်ရောက်သလိုပဲဆိုတဲ့ စကားလိုပေါ့..."
"တော်ပြီ... ငါက ဆေးလိပ် သိပ်သောက်တတ်တာ မဟုတ်ဘူး"
ဆန်းဝူမြို့ပြင်ပက ကမ္ဘာမှာ ဆေးရွက်ကြီး ရှိမရှိ သူ မသိသော်လည်း ဆန်းဝူမြို့ထဲမှာတော့ ထိုကဲ့သို့အရာမျိုး အမှန်တကယ် မရှိပေ။
သူသည် ဆေးလိပ်နှင့် ပတ်သက်သည့် ပစ္စည်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် သူ့မှာ ဆေးလိပ်သောက်သည့် အလေ့အကျင့်လည်း မရှိပေ။ စိတ်မကြည်မလင်ဖြစ်လျှင် ချင်းလောင်ဘက်သို့သာ လမ်းလျှောက်ထွက်လေ့ရှိသည်။
ဤ ချင်းလောင်ဆိုသည်မှာ ပြည့်တန်ဆာရုံမဟုတ်ဘဲ ဆန်းဝူမြို့ရှိ စာပေပညာရှင်များ စုဝေးပြီး ဘဝအကြောင်း၊ စိတ်ကူးအိပ်မက်များအကြောင်း ဆွေးနွေးရင်း အရက်သောက်သည့် ယဉ်ကျေးသော နေရာမျိုး ဖြစ်သည်။
နောက်တစ်ခုကတော့...ပြောနေစရာမလိုတော့ပါဘူး။ လူတိုင်း နားလည်ကြသလို လူတိုင်းလည်း သွားချင်ကြတာပဲ မဟုတ်ဘူးလား။
"အကယ်၍ မင်း မကြိုက်ဘူးဆိုရင်တော့ ရွှေဒင်္ဂါး တစ်သိန်း သုံးပြီး ပစ္စည်းအသစ်တစ်ခုနဲ့ လဲလှယ်ဖို့ အသစ်လဲလို့ ရပါတယ်"
"ရွှေဒင်္ဂါး တစ်သိန်း မကြိုက်ဘူးလို့ ပြောတာက ကြိုက်တယ်လို့ ပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ငါ့မှာ အလေ့အကျင့်မရှိတာပဲ ရှိတာပါ။ အကယ်၍ ဒီစီးကရက်မှာ နီကိုတင်းမပါဘူး။ အဆုတ်ကိုလည်း မထိခိုက်ဘူးဆိုရင်တော့ လက်ခံနိုင်ပါတယ်။ ဒါနဲ့ ဒီလောက် အစွမ်းထက်တဲ့ စီးကရက်က ရွှေဒင်္ဂါး ဘယ်လောက် ပေးရမှာလဲ"
သူသည် ဤစနစ်၏ သဘောသဘာဝကို ကောင်းကောင်းသိသည်။ ပိုက်ဆံမကုန်သည့်အရာဆိုလျှင် မပြည့်စုံတတ်ချေ။
မိစ္ဆာဝိညာဉ်ဓားက ကောင်းမွန်တဲ့ သာဓကတစ်ခုပင်။ ပိုက်ဆံမကုန်သောကြောင့် ညဘက်တွင်သာ ပေါ်လာနိုင်သည်။ အကယ်၍ ပိုက်ဆံပေးရမည်ဆိုပါက အပြာရောင်မီးတောက်များဖြင့် တောက်လောင်နေပြီး နေရောင်အောက်တွင် လမ်းလျှောက်နိုင်ကာ မြင့်မြတ်သော ကောင်းကင်တမန်တစ်ပါးကဲ့သို့ ဖြစ်နေသည့် မြင့်မြတ်သောဓားပင်ဖြစ်နေလောက်သည်။
စနစ်က ပြန်ဖြေရှာသည်။
"တစ်လိပ်ကို ရွှေဒင်္ဂါး ၁၀ ပြားပါ။ တစ်ရက်ကို ၅ လိပ်ပဲ ကန့်သတ်ထားပါတယ်။ အချိန်
အတော်ကြာ သောက်သုံးမယ်ဆိုရင် သခင့်ရဲ့ ပါရမီကို နောက်ထပ် အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်မှာပါ"
"တကယ်လား... တစ်ရက် ငါးလိပ်ဆိုရင်တော့ စမ်းကြည့်ဖို့ တစ်လိပ်ပေးဦး"
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဝမ်ပင်းအနေဖြင့် အရင်စမ်းကြည့်သင့်သည်ဟု ခံစားရသဖြင့် စနစ်၏ လမ်းညွှန်မှုအတိုင်း ပင်မဆောင်သို့ သွားလိုက်သည်။ ပထမထပ်ရှိ အခန်းတစ်ခန်း၏ အံဆွဲထဲတွင် နဂါးနှင့် ဖီးနစ်ရုပ်များ ထွင်းထုထားသည့် မက်မွန်သားသေတ္တာလေးကို သူ တွေ့လိုက်ရ၏။
၎င်း၏အရောင်မှာ အစိမ်းရင့်ရောင်ဖြစ်ပြီး ထူးခြားသော အနံ့တစ်ခု ရှိသည်။ ဝမ်ပင်းအနေဖြင့် ဘာနံ့မှန်း အသေအချာ မပြောနိုင်သော်လည်း ထိုအနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် စိတ်ကို လန်းဆန်းသွားစေကာ မျက်လုံးများမှာလည်း ထူးထူးခြားခြား ကြည်လင်သွားသလို ခံစားလိုက်ရသည်။
ဤသည်မှာ သက်စောင့်သစ်ပင်၏ အရွက်များကြောင့် ဖြစ်လိမ့်မည်ဟု ဝမ်ပင်း ခန့်မှန်းလိုက်သည်။
နောက်ပိုင်းတွင် စနစ်၏ မိတ်ဆက်ပေးမှုကြောင့် ဝမ်ပင်းသည် သက်စောင့်သစ်ပင်အကြောင်းကို အနည်းငယ် နားလည်သွားခဲ့သည်။ ၎င်းမှာ စကြဝဠာ၏ အာကာသဟင်းလင်းပြင် အနက်ရှိုင်းဆုံးနေရာတွင် ပေါက်ရောက်နေသော သစ်ပင်တစ်ပင်ဖြစ်ပြီး မည်သူမျှ မမြင်ဖူးကြဘဲ ကောလာဟလအဖြစ်သာ လူသိများသော အပင်ဖြစ်သည်။
ဤစီးကရက်ကို ထို သက်စောင့်သစ်ပင်၏ အရွက်တစ်ရွက်ဖြင့် ပြုလုပ်ထားခြင်းပင်။
စီးကရက် တစ်လိပ်လျှင် အရွက်တစ်ရွက် ဖြစ်သဖြင့် ရွှေဒင်္ဂါး ၁၀ ပြားဆိုသည်မှာ တကယ်ကို ဈေးပေါလွန်းသည်ဟု ဝမ်ပင်း ခံစားလိုက်ရသည်။
အမှန်စင်စစ် ဤစီးကရက်သည် စူပါဂိုဏ်းတော်စနစ်မှ အလိုအလျောက် ထုတ်လုပ်ပေးလိုက်ခြင်းမျိုးမဟုတ်ဘဲ အစစ်အမှန် သက်စောင့်သစ်ပင်၏ အရွက်များဖြင့် ပြုလုပ်ထားသည်ဆိုလျှင်တော့ အလွန်ပင် တန်ဖိုးရှိလှသည်။
ဖောက်
မီးခတ်ကျောက်ကို အသာအယာ ခတ်လိုက်သောအခါ မီးမြွေလေးများ ကခုန်လာကြသည်။
စီးကရက်ကို မီးညှိလိုက်ကာ အသာအယာ တစ်ချက် ဖွာလိုက်သည်။
အငွေ့များ အဆုတ်ထဲသို့ ရောက်သွားသည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေမိသည်။ အငွေ့များ လေပြွန်တစ်လျှောက် အဆုတ်ထဲသို့ စီးဝင်သွားသောအခါ ခံစားချက်မှာ ယခင်နှင့် လုံးဝကွဲပြားခြားနားသွားတော့သည်။
အေးမြသော ခံစားချက်တစ်ခုက ခန္ဓာကိုယ်အတွင်း၌ တိုက်ရိုက် ပျံ့နှံ့သွားပြီး ဒန်ထျန်းအတွင်းရှိ ချီများမှာ အထိမခံနိုင်သော နေရာတစ်ခုကို အတို့အထိ ခံလိုက်ရသကဲ့သို့ တုန်ခါသွားသည်။ ထိုအေးမြမှု ဖြတ်သန်းသွားပြီးနောက်တွင် တစ်ကိုယ်လုံး နွေးသွားသည့် ခံစားချက်က အစားထိုး၍ ဝင်ရောက်လာ၏။
သွေးကြောများတစ်လျှောက် အရည်စွမ်းအင်တစ်ခု စီးဆင်းသွားသလို ခံစားရသည်။ အပြင်ပန်းကြည့်လျှင် ဘာမှမထူးခြားသော်လည်း မျက်လုံးမှိတ်၍ အာရုံစိုက်ကြည့်လျှင် ထိုပြောင်းလဲမှုကို ခံစားနိုင်သည်။
သူ၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားပြီး သက်သောင့်သက်သာရှိသော ခံစားချက်က ပျံ့နှံ့သွားသည်။ ကောင်းကင်နှင့် မြေကြီးကြားရှိ ချီဓာတ်များကို ပြန်လည်အာရုံခံကြည့်သောအခါ တစ်စုံတစ်ခု ပြောင်းလဲသွားသယောင်ပင်။
ဤပြောင်းလဲမှုမှာ ခန္ဓာကိုယ်နှင့် ဒန်ထျန်းအတွင်းမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး ကမ္ဘာလောကကြီးနှင့် ပိုမိုရင်းနှီးကျွမ်းဝင်သွားသကဲ့သို့ ခံစားရကာ ချီဓာတ်များမှာ သူ၏ ညီအစ်ကိုအရင်းအချာများကဲ့သို့ ဖြစ်လာသည်။
အတိတ်ကာလတွင် သူသည် ချီကို အာရုံခံပြီး ကိုယ်ခန္ဓာလေ့ကျင့်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားခဲ့ရသည်။ သူ၏ ပါရမီက နိမ့်ပါးလွန်းသောကြောင့် အလွန်ပင် ပင်ပန်းခဲ့ရသည်။
နောက်ထပ် တစ်ချက် ထပ်ဖွာလိုက်သောအခါ စိုးရိမ်ပူပန်မှုနှင့် စိတ်ညစ်ညူးမှုများမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားတော့သည်။
"ကောင်းတယ်"
ဝမ်ပင်းက ချီးကျူးလိုက်မိသည်။
"တစ်လိပ်ကို ၁၀ ပြားဆိုရင်တော့ ငါ သောက်ရမှာပေါ့"
ယခုဆိုလျှင် သူသည် စီးကရက်အတွက် တစ်ရက်လျှင် ရွှေဒင်္ဂါး ၅၀ အကုန်အကျခံရန် ဝန်မလေးတော့ချေ။
ရွှေဒင်္ဂါး ၄၀ ထပ်မံပေးချေပြီးနောက် ဝမ်ပင်းက "ကျန်တဲ့ လေးလိပ်ကိုလည်း ပေးဦး" ဟု ပြောလိုက်သည်။
"သေတ္တာထဲကို ပို့ပေးလိုက်ပါပြီ"
စနစ်၏ စကားကို ကြားသည်နှင့် ဝမ်ပင်းက သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်ရာ လက်မအရွယ် စီးကရက် လေးလိပ်ကို ထပ်မံတွေ့ရှိရသည်။
သူသည် ထိုစီးကရက်များကို ကိုင်တွယ်ကြည့်နေမိသည်။ အခုချက်ချင်း သောက်ရန် မရည်ရွယ်သော်လည်း ကိုင်ထားရုံဖြင့်ပင် သက်သောင့်သက်သာ ရှိလှသည်။
ဝမ်ပင်းသည် စီးကရက်များကို ယူဆောင်ကာ မိုးသံကြားဆောင်သို့ ပြန်လာခဲ့သည်။ စီးကရက်တစ်လိပ် သောက်ပြီးနောက် သူ၏ ခံစားချက်များမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင် ပုဂ္ဂိုလ်ရေး အချက်အလက်ပြ ကွက်လပ်တစ်ခု ပေါ်ထွက်လာ၏။
[ဝမ်ပင်း]
[လိင် - အမျိုးသား]
[နယ်ပယ် - ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်]
[ဂိုဏ်းအဆင့်အတန်း - ကြယ်မရှိ]
[ပါရမီ - ကြယ် ၁ ပွင့်]
ပါရမီဆိုင်ရာ အချက်အလက်တစ်ခု ပေါ်လာခြင်းပင်။
"ဒီ ကြယ် ၁ ပွင့် ပါရမီဆိုတာ ဘာလဲ"
အချက်အလက်ကွက်လပ်တွင် ပိုတိုးလာသော အချက်ကို မြင်သည်နှင့် ဝမ်ပင်းက စနစ်ကို ချက်ချင်း မေးလိုက်သည်။
စနစ်က ပြန်ဖြေလိုက်သည်။
"သက်စောင့်စီးကရက်ရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် သခင့်ရဲ့ ပါရမီက တစ်ဆင့် မြင့်တက်သွားတာပါ"
"ဒါက မြန်လွန်းတာပေါ့"
"မမြန်ပါဘူး ကြယ်မဲ့နေရာကနေ ကြယ် ၁ ပွင့်ကို တက်ဖို့ဆိုတာ လွယ်ကူပါတယ်။ သက်စောင့်စီးကရက် မရှိရင်တောင် ဒီလောကမှာရှိတဲ့ အခြားအရာတွေနဲ့လည်း ဒီလိုမျိုး ဖြစ်အောင် လုပ်လို့ရပါတယ်"
"ကောင်းပြီလေ ငါပဲ ဗဟုသုတ နည်းနေတာပါ။ ဒါနဲ့ ကြယ် ၁ ပွင့် ပါရမီနဲ့ ကြယ်မဲ့ ပါရမီက ဘာကွာခြားလို့လဲ"
"ဥပမာ ပြောရရင် အသက် ၁၅ နှစ်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ငါးကို ရောက်ဖို့ဆိုရင် ကြယ် ၃ ပွင့် ပါရမီ လိုအပ်ပါတယ်။ သခင့်ရဲ့ အရင်က ကြယ်မဲ့ ပါရမီနဲ့ဆိုရင်တော့ တစ်သက်လုံး ကြိုးစားရင်တောင် အဆင့်ငါးကို ရောက်ဖို့ မဖြစ်နိုင်ပါဘူး"
"ငါက အဲဒီလောက်တောင် ညံ့နေတာလား"
ဝမ်ပင်းက နားမထောင်ချင်တော့သလိုမျိုး မျက်နှာလွှဲလိုက်သော်လည်း စနစ်က သူတွေးသည်ကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။
"ဒါက စနစ်ရဲ့ သိပ္ပံနည်းကျ အကဲဖြတ်တွက်ချက်မှုပါ။ သခင့်ရဲ့ ကြယ်မဲ့ ပါရမီနဲ့ အဆင့်ခုနစ်
အထိ ရောက်ခဲ့တာက သခင့်ရဲ့ အဆင့်အတန်းကြောင့် အကန့်အသတ်မရှိတဲ့ သယံဇာတတွေကို သုံးစွဲနိုင်ခဲ့လို့ပါ။ အကယ်၍ ကြယ် ၃ ပွင့် ပါရမီရှိတဲ့ ကျင့်ကြံသူတစ်ယောက်သာ အဲဒီ သယံဇာတတွေကို သုံးခဲ့မယ်ဆိုရင် အဆင့်တစ်ဆယ်သုံးအထိ အေးအေးဆေးဆေး ရောက်သွားနိုင်ပါတယ်။ ကွာခြားချက်က အရမ်းကြီးတယ်ဆိုတာ သခင် နားလည်မှာပါ"
"မင်းပြောချင်တာက ငါက အရင်က အသုံးမကျတဲ့သူ တစ်ယောက်ပေါ့ ဟုတ်လား"
စနစ်၏ စကားမှာ နားခါးလှသော်လည်း ဝမ်ပင်းက စိတ်ကြည်လင်စွာဖြင့်ပင် လက်ခံလိုက်သည်။
စီးကရက် ပေါ်လာခြင်းမှာ စနစ်က သူ့ကို သနားသဖြင့် သူ၏ ပါရမီကို မြှင့်တင်ပေးရန် ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ဆက်လက်၍ ဝမ်ပင်း သိရှိလိုက်ရသည်မှာ အသက် ၁၅ နှစ်တွင် အဆင့်ငါး ရောက်ရန် ကြယ် ၃ ပွင့် ပါရမီ လိုအပ်သည်ဟူသောအချက်ပင်။
ကြယ် ၁ ပွင့် ပါရမီဖြင့်ဆိုလျှင် ပုံမှန်အတိုင်းဆိုပါက အသက် ၁၅ နှစ်မတိုင်မီ အဆင့်နှစ်အထိသာ ရောက်နိုင်ပြီး ဘဝတစ်လျှောက်လုံးတွင် အမြင့်ဆုံး အဆင့်တစ်ဆယ်သုံးအထိသာ တက်လှမ်းနိုင်မည် ဖြစ်သည်။
မြေကမ္ဘာနယ်ပယ်ကို ချိုးဖျက်နိုင်ရန်မှာ ပါရမီသည် ကြယ် ၃ ပွင့်အဆင့် ရှိရမည် ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် သူသည် ယနေ့မှစ၍ နေ့စဉ်နေ့တိုင်း ဆေးလိပ်သောက်ရပေတော့မည်။
အခန်း။ ၄၂
သက်စောင့်စီးကရက် နောက်တစ်လိပ်ကို မီးညှိလိုက်ရင်း ဝမ်ပင်းသည် တောင်စောင့်ဆောင်၏ ဒုတိယထပ် ပြတင်းပေါက်ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် အိပ်ဆောင်နယ်မြေနှင့် ချိတ်ဆက်ကာ နက်နဲသောကျင့်ကြံခြင်းအခြေအနေဖြင့် နဂါးဟိန်းသံသိုင်းကွက်ကို စတင်လေ့ကျင့်တော့သည်။
အရုဏ်တက်ချိန်တွင် ဆိတ်ငြိမ်သော တောင်တန်းကြီးများမှာ ထူးခြားသော အအေးဓာတ်ကို ထုတ်ဖော်နေသည်။ ဝမ်ပင်းသည် တောနက်ထဲသို့ ပိုမိုတိုးဝင်သွားပြီး တောင်ပေါ်ရှိ သစ်သားဓာတ်ချီများကို စတင်စုပ်ယူသည်။ သူသည် ဆယ်မိနစ်တစ်ကြိမ် နေရာပြောင်းလဲကာ နေမွန်းတည့်ချိန်အထိ ဆက်တိုက်လေ့ကျင့်ပြီးနောက် ယွင်လန်တောင်သို့ ပြန်လာခဲ့သည်။
"ဂိုဏ်းချုပ်... မနေ့ညက တစ်ခုခုဖြစ်ခဲ့တယ်လို့ ဟွမ်ယီဆီက ကြားတယ်။ ဟုတ်လား"
ဝမ်ပင်းနှင့် ဆုံသည်နှင့် ရန်လီလီက အလောတကြီး မေးလိုက်သည်။
အမှန်တကယ်တွင် သူသည် ပင်မဆောင်ပတ်ဝန်းကျင်ရှိ ကြွက်တောင်မတိုးနိုင်သော ထောင့်စွန်းနေရာများအထိ အကြိမ်ကြိမ် လှည့်ပတ်ကြည့်ရှုပြီးဖြစ်သည်။ မနေ့ညက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံး ပညာရှင်တစ်ဦးအပါအဝင် လူတစ်ဆယ့်သုံးယောက် သေဆုံးသွားကြောင်း ဟွမ်ယီက သူ့ကို ပြောပြထားခဲ့သည်။
သို့သော် နေရာအနှံ့ ရှာဖွေကြည့်သော်လည်း သွေးစွန်းသည့် အရိပ်အယောင်မျှပင် မတွေ့ရချေ။
ရှင်းပြ၍မရသော အနက်ရောင်မှုန့်များ ဖုံးလွှမ်းနေသည့် နေရာအချို့မှလွဲ၍ မသေမျိုးဂိုဏ်းတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိပေ။
ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အထွတ်အထိပ်ပညာရှင်များ၏ ကြီးကျယ်ခမ်းနားသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟုပင် လုံးဝမထင်ရချေ။
ဝမ်ပင်းက "ဘာမှမဟုတ်ပါဘူး အသေးအဖွဲ ကိစ္စလေးတစ်ခုပါ" ဟု ပြန်ဖြေလိုက်သည်။
"ဒါကို အသေးအဖွဲလို့ ပြောတာလား"
ဝမ်ပင်း၏ တည်ငြိမ်မှုကြောင့် ရန်လီလီမှာ အတော်ပင် အံ့အားသင့်သွားရသည်။ သို့သော် မသေမျိုးဂိုဏ်းသည် သွေးကြောပညာရပ်များကိုပင် ထုတ်ပေးနိုင်သည်ကို တွေးမိလိုက်သောအခါ သူ စိတ်အေးသွားတော့သည်။
ဝမ်ပင်းက အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ရန်လီလီ၏ ပခုံးကို အသာပုတ်လိုက်ရင်း "လီလီ... လာပါ မနက်စာ သွားစားရအောင်"
"ဂိုဏ်းချုပ်... အခုကိစ္စက အသေးအဖွဲဆိုရင် ဘယ်လိုကိစ္စမျိုးက အကြီးအကျယ် ဖြစ်မှာလဲ။ ဪ... ဒါနဲ့ ဂိုဏ်းချုပ် ဟွမ်ယီကို မသေမျိုးဂိုဏ်းမှာ တကယ်ပဲ ဆက်ထားဖို့ စဉ်းစားနေတာလား"
"ဘာဖြစ်လို့လဲ"
"ကျွန်တော် ထင်တာတော့ မိစ္ဆာစားဖိုမှူးကြီးက ခွင့်ပြုမှာ မဟုတ်ဘူး"
"မင်းက သူမှမဟုတ်တာ ဘယ်လိုသိမှာလဲ။ ဒါနဲ့ မင်းက ဟွမ်ယီကို ထွက်သွားစေချင်တာလား"
"လုံးဝမဟုတ်ရပါဘူး။ သူရှိမှ ကျွန်တော်တို့ နေ့တိုင်း အရသာရှိတဲ့ အစားအစာတွေ စားရမှာလေ။ အကြီးအကဲယွင်ရဲ့ မီးသွေးခဲလိုဖြစ်နေတဲ့ ဘဲလည်ပင်းကင်ကို မစားချင်တော့ဘူး။ ဂိုဏ်းချုပ် မသိလို့ အဲဒီဘဲလည်ပင်းက တကယ့်ကို မီးသွေးခဲအတိုင်းပဲ။ တစ်ချက်ကိုက်လိုက်ရင် အနက်ရောင် ဖုန်မှုန့်တွေ ထွက်လာတာ။ ဒါ ဘဲလည်ပင်းဆိုတာ ကြိုမသိရင် ခေါင်းကွဲအောင် တွေးရင်တောင် ဘာမှန်း သိမှာမဟုတ်ဘူး"
ရန်လီလီ၏ ညည်းညူသံကြောင့် ဝမ်ပင်းမှာ ရယ်မောရင်း စကားပြောမိသည်။
ယွင်လျောင်၏ ချက်ပြုတ်မှုစွမ်းရည်မှာ အမှန်ပင် ချီးကျူးစရာ မရှိပေ။
မီးဖိုချောင်သို့ ရောက်သောအခါ ရန်လီလီသည် ထမင်းစားပွဲတွင် ထိုင်ကာ ထမင်းလုံးတုတ်နှင့် ပန်းကန်ကို ခေါက်နေတော့သည်။ မျှစ်ဝါးထမင်းလုံးတုတ်နှင့် ကြွေပန်းကန် ရိုက်ခတ်သံမှာ ကြည်လင်နေသော်လည်း လမ်းဘေးက သူတောင်းစားတစ်ယောက် တောင်းရမ်းနေသည့် ပုံစံမျိုး ပေါက်နေသည်။
"အရူးလီလီ... ဘာလို့ ခေါက်နေတာလဲ။ နင့်ကို ဒီနေ့ ဆွဲငင်အားနယ်မြေထဲ ဆွဲသွင်းပြီး အရိုက်ခံရအောင် လုပ်လိုက်ရမလား"
ရန်လီလီက ဂရုမစိုက်သလို ရယ်မောလိုက်ပြီး "ဟေး... အလင်းတန်း ငါးခုကို တစ်ပြိုင်တည်း ရှောင်နိုင်တဲ့အထိ စောင့်ဦးမှပေါ့။ အဲဒီကျမှ ငါ့ကို အသံကျယ်ကျယ်နဲ့ ပြောစမ်းပါ။ ပြီးတော့ နင်က ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်သုံးပဲ ရှိသေးတာ။ ငါက နောက်တစ်ပတ်ဆို အဆင့်ခြောက်ကို ချိုးဖျက်တော့မှာ။ ငါ နင့်ကို လက်တစ်ဖက်တည်းနဲ့တောင် အနိုင်တိုက်လို့ရတယ် သိလား"
"မဖြစ်နိုင်တာ နင်က ဘယ်လိုလုပ် ကျင့်ကြံတာ ဒီလောက်မြန်နေရတာလဲ"
ရန်လီလီ အဆင့်ခြောက် ရောက်တော့မည်ကို ကြားသောအခါ ဟွမ်ယီမှာ စိတ်မကောင်း ဖြစ်သွားရသည်။ သူမကို လှောင်ပြောင်ခဲ့သည်ကိုပင် မေ့သွားကာ ဟင်းပန်းကန်များကို ချပေးလိုက်၏။
"ငါက အလင်းတန်း ငါးခုကို တစ်ပြိုင်တည်း ရှောင်နိုင်တဲ့သူလေ။ လူတိုင်းကို အလင်းတန်း နှစ်ခုရှောင်ဖို့တောင် ရုန်းကန်နေရတဲ့ နင့်လိုမျိုး မမှတ်နဲ့"
"နင်နော် ဒီနေ့ နင့်အတွက် ထမင်းမကျွေးတော့ဘူး"
ဝှစ်…..
ရန်လီလီ၏ ရှေ့ရှိ ထမင်းပန်းကန်ကို ဟွမ်ယီက ဆွဲဖယ်လိုက်သည်။
"ဟေး... ဟွမ်ယီ ငါက နင့်အစ်ကိုလေ အစ်ကို့ကို ဒီလိုပဲ ဆက်ဆံရသလား"
"သွားစမ်းပါ နင်က ငါ့ထက် အသက်ကြီးရုံသက်သက်ပါ"
...
ထိုနှစ်ယောက် ရန်ဖြစ်နေသည်ကို ကြည့်ရင်း ဝမ်ပင်းသည် ဘေးတွင်ထိုင်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူသည် ရုတ်တရက်ပင် လူကြီးတစ်ယောက် ဖြစ်သွားသလို ခံစားလိုက်ရသည်။
စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်ခြင်းကို မတားဆီးနိုင်ခဲ့ပေ။
အငွေ့ကို အဝအဖွာထုတ်လိုက်ပြီးနောက် တဖြည်းဖြည်း ပြန်လည်မှုတ်ထုတ်ရင်း သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"အင်း... လူငယ်ဘဝဆိုတာ တကယ်ကို ကောင်းတာပဲ"
"ဖူး"
ယွင်လျောင်မှာ သောက်လက်စ ရေများကို မထိန်းနိုင်ဘဲ ပန်းထုတ်လိုက်မိတော့သည်။
ဝမ်ပင်းက ချက်ချင်းလှည့်ကြည့်ကာ ယွင်လျောင်ကို မျက်စောင်းထိုးရင်း ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။
"ဘာမျက်နှာပေးနဲ့ ကြည့်နေတာလဲ။ ဟားဟား... သူ့ကို သွားကိုက်စမ်း"
ဝုတ်..ဝုတ်….
ဟားဟားက စားပွဲပေါ်ရှိ အစားအစာများကို ကြည့်ကာ နှစ်ချက်ဟောင်လိုက်၏။
"ဒါတွေ ဘာလို့စားနေတာလဲ။ သူ့ကို သွားကိုက်စမ်း။ မင်းကိုက်ရင် ငါ့စီးကရက်ကို တစချက်ပေးဖွာမယ်။ ဘယ်လိုလဲ"
ဝမ်ပင်းက သူ၏စီးကရက်ကို ဝှေ့ယမ်းပြလိုက်သည်။
အပြာရောင်အငွေ့တန်းလေးမှာ လွင့်ပျံ့သွားပြီး ရန်လီလီရှိရာဘက်သို့ ရောက်ရှိသွားသည်။
ရန်လီလီသည် နှာခေါင်းကို နှစ်ချက်ခန့် အားရပါးရ ရှူလိုက်ပြီး ထိုရနံ့နောက်သို့ လိုက်ကြည့်ရာ ဝမ်ပင်း၏ လက်ထဲ၌ တစ်စုံတစ်ခုကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ဝမ်ပင်းက ထိုအရာကို ဝါးမစားဘဲ နှုတ်ခမ်းနားတွင် အသာအယာ တေ့ထားရုံသာ ရှိသေး၏။
ထိုအရာမှာ ဘာလဲဟု မေးရန်ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းက နှုတ်ခမ်းမှ ခွာလိုက်ပြီး အငွေ့များကို မှုတ်ထုတ်လိုက်သည်။
အပြာရောင်အငွေ့များ သူ၏ရှေ့သို့ ထပ်မံရောက်ရှိလာသောအခါ ရန်လီလီမှာ ထိုရနံ့နှင့် ထူးဆန်းသော ပစ္စည်းလေးကို အတော်ပင် စိတ်ဝင်စားသွားမိသည်။ "ဂိုဏ်းချုပ်... လက်ထဲက ဘာလဲ လက်နက်လား။ ပြီးတော့ ဘာလို့ အငွေ့တွေ မှုတ်ထုတ်နေတာလဲ"
"ဪ... ဒါလား စီးကရက်လို့ ခေါ်တယ်။ သောက်ဖို့အတွက်ပေါ့"
ဝမ်ပင်းက ခပ်တည်တည်ဖြင့် နောက်ထပ်တစ်ချက် ဖွာလိုက်ပြန်သည်။ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ရန်လီလီသည် ဝမ်ပင်းအား အလွန်ပင် စတိုင်ကျနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
အကြီးအကဲယွင်၏ ကျော့ရှင်းသော အမူအရာထက်ပင် သာလွန်နေသယောင် ရှိ၏။
သူနှင့် အသက်သိပ်မကွာသော်လည်း ဂိုဏ်းချုပ်ဝမ်၏ အရှိန်အဝါမှာ သူ၏အသက်ထက် ပို၍ ရင့်ကျက်တည်ငြိမ်နေသည်။
ဝမ်ပင်းက ဆက်ပြောသည်။
"တကယ်တော့ ငါသောက်နေတာ စီးကရက်မဟုတ်ဘူး။ အထီးကျန်ခြင်းကို သောက်နေတာ။ ငါ့မျက်စိရှေ့မှာ ဖြတ်သန်းသွားတဲ့ လောကီရှုပ်ထွေးမှုတွေက စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ အများကြီး သယ်ဆောင်လာတယ်။ တစ်ယောက်တည်း ကျင့်ကြံရတာ၊ လောကကြီးထဲမှာ တစ်ယောက်တည်း လျှောက်လှမ်းရတာ... ငါ့နားမှာ အထီးကျန်ခြင်းကလွဲလို့ ဘာမှမရှိဘူး"
ရန်လီလီမှာ ထိုစကားကို ကြားပြီးနောက် ရင်ထဲ တုန်လှုပ်သွားပြီး မေးလိုက်မိသည်။
"အဲဒီလောက်တောင် စတိုင်ကျဖို့ လိုလို့လား။ ဂိုဏ်းချုပ်... ကျွန်တော့်ကိုလည်း စီးကရက်တစ်ခုလောက် ပေးပါလား"
"တစ်လိပ် နှစ်လိပ်လို့ ခေါ်ရတယ်ကွ"
ဝမ်ပင်းက ပြန်ပြောလိုက်သည်။
"ဟာ... ဟုတ်ကဲ့ ဂိုဏ်းချုပ် ကျွန်တော့်ကို စီးကရက်တစ်လိပ်လောက် ပေးနိုင်မလား"
ရန်လီလီက အသံကိုနှိမ့်ကာ "ဂိုဏ်းချုပ်... ခုနကပုံစံက တကယ့်ကို လန်းတယ်ဗျာ။ ကျွန်တော်လည်း အဲဒီလိုမျိုး ဖြစ်ချင်လို့ပါ။ ကျွန်တော့်မှာ အခုထိ ရည်းစားတောင် မရှိသေးဘူး။ ကူညီပါဦး" ဟု ပြောလိုက်သည်။
"ငါ့ကို လာဖားနေလို့ မရဘူး။ တစ်လိပ်ကို ရွှေဒင်္ဂါး ၅၀ ပေးရမယ်"
"ဝယ်မယ်ဗျာ"
ဝမ်ပင်းသည် သူ၏ရင်ဘတ်ထဲမှ သစ်သားသေတ္တာကို ထုတ်ကာ ကျန်ရှိနေသော စီးကရက်များထဲမှ တစ်လိပ်ကို ထုတ်ပေးလိုက်သည်။
"ဒီဘက်အစွန်းကို မီးညှိရမယ်။ မှတ်ထား... ဖြည်းဖြည်းချင်း ရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ်။ အငွေ့မှုတ်ထုတ်တဲ့အခါ မျက်လုံးကို မိုးကုပ်စက်ဝိုင်းဆီမှာပဲ စိုက်ထားရမယ်"
"ကျေးဇူးပါ ဂိုဏ်းချုပ်"
ရန်လီလီမှာ ဝမ်းသာအားရဖြင့် ထရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ ပြေးဝင်ကာ မီးညှပ်ဖြင့် မီးသွေးခဲတစ်ခဲကို ညှပ်လိုက်သည်။ ဝမ်ပင်းမှာကြားသည်များကို မှတ်သားကာ စီးကရက်ကို မီးညှိပြီးနောက် ဟင်းပန်းကန်များ ပြင်ဆင်နေသော ကျောက်ချင်းထံသို့ ပြေးသွားတော့သည်။
"ချင်းအာ... မင်း အထီးကျန်နေသလား"
တစ်ချက် ရှူသွင်းလိုက်၏။
"အဟွတ်... ဟွတ်"
ရန်လီလီ ထိန်းသိမ်းထားသော တည်ငြိမ်ရင့်ကျက်သည့် အမူအရာမှာ ချက်ချင်းပင် ပြိုလဲသွားပြီး ချောင်းတဟွတ်ဟွတ် ဆိုးကာ အပြင်သို့ ပြေးထွက်သွားရတော့သည်။
"ဂိုဏ်းချုပ်... မရဘူးဗျ... အား..."
"တစ်သက်စာ အထီးကျန်ခြင်းပါပဲလား"
ဝမ်ပင်းက မချိတင်ကဲ ရေရွတ်လိုက်မိသည်။
ရန်လီလီမှာ ထိုစကားကို ကြားပြီးနောက် ခဏမျှ ကြောင်အသွားပြီး တံခါးဝတွင် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားသည်။
ကျောက်ချင်းက အနောက်မှနေ၍ ဖယ်ပေးရန် လှမ်းပြောမှသာ ရန်လီလီသည် အော်ဟစ်ကာ ခုန်ပေါက်လိုက်ပြီးနောက် လက်ထဲရှိ စီးကရက်ကိုကြည့်ကာ ဟားတိုက်ရယ်မောတော့သည်။
"ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်"
ရန်လီလီက အော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းမှ ချီဓာတ်များမှာ လှိုင်းလုံးတစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး ရှေ့ရှိ စားပွဲကိုပင် လန်ကျမတတ် ဖြစ်သွားစေသည်။
သူ့ကို ရူးနေသည်ဟုဆိုကာ ကန်ရန် ပြင်နေသော ကျောက်ချင်း၏ မျက်နှာပေးမှာလည်း ပြောင်းလဲသွားရသည်။
သူမ တွေးနေမိသည်။
ဒီလူ ဘာတွေဖြစ်နေတာလဲ။ ငါတို့က ကျင့်စဉ်တစ်ခုတည်းကိုပဲ လေ့ကျင့်နေတာ မဟုတ်လား။ သူက ဘယ်လိုဖြစ်လို့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ငါးကနေ အဆင့်ခြောက်ကို တစ်လတောင်မပြည့်ခင် ချိုးဖျက်သွားနိုင်ရတာလဲ
ရန်လီလီမှာမူ ကျောက်ချင်းကို ဂရုမစိုက်နိုင်အားဘဲ ဝမ်ပင်းထံသို့ စီးကရက်ကိုကိုင်ကာ ပြေးသွားတော့သည်။ သူသည် သူ၏နယ်ပယ် ချိုးဖျက်နိုင်မှု သို့မဟုတ် အသက် ၁၅ နှစ်တွင် အဆင့်ခြောက်သို့ ရောက်ရှိသွားသည့် ဂုဏ်ယူဖွယ် အောင်မြင်မှုကိုပင် ထုတ်မကြွားနိုင်တော့ချေ။
ဤသည်မှာ ဆန်းဝူမြို့တွင် တစ်ခါမျှ မရှိဖူးသော ကိစ္စပင်။ အကယ်၍သာ ဤသတင်း ပျံ့နှံ့သွားပါက ကြယ် ၃ ပွင့်အဆင့်ရှိ ဂိုဏ်းကြီးများပင် လာရောက်ကြည့်ရှုကြပေလိမ့်မည်။
ရန်လီလီ၏ မျက်နှာတွင် ပျော်ရွှင်မှုများ အတိုင်းထက်အလွန် ဖြစ်ပေါ်နေပြီး ဝမ်ပင်းအား ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ရဲ့ ဒီစီးကရက်ကတော့..."