← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း။ ၄၃

စားပွဲကြီးမှာ တစ်စောက်ကန်း မှောက်ခုံကြီး ဖြစ်သွားပြီး ဟင်းပန်းကန်များမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကာ ကြွေပန်းကန်များမှာလည်း မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင် အပိုင်းပိုင်း အစစ ဖြစ်ကာ ကွဲအက်ကုန်တော့သည်။

ဤဖြစ်ရပ်ကြောင့် တစ်ဦးတည်းသော အကျိုးအမြတ် ရရှိလိုက်သူမှာ အစောကတည်းက တံတွေးတောက်တောက် ကျနေသည့် ဟားဟားပင်။ အခုတော့ ဟားဟား တစ်ကောင် အားရပါးရ စားသောက်နေပြီဖြစ်ရာ ဝမ်ပင်းအနေဖြင့်လည်း မတားနိုင်သလို တားဆီးရန် အကြောင်းပြချက်လည်း မရှိတော့ချေ။

ဝမ်ပင်းက ရန်လီလီကို ချက်ချင်း အေးစက်စက် ကြည့်လိုက်ပြီး "မင်းမှာ ၁၅ မိနစ်ပဲ အချိန်ရှိတယ်။ ဟင်းတစ်ဝိုင်း အသစ်ပြန်ပြင်ပေးနိုင်ရမယ်။ မဟုတ်ရင် ဆွဲငင်အားနယ်မြေထဲကို ၁၀ ရက်တိတိ ဝင်ခွင့် ပိတ်ပစ်မယ်"

"ကျွန်တော်... ကျွန်တော်က..."

ရန်လီလီ၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားရသည်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်ကို ချိုးဖျက်နိုင်ခဲ့သည့် ပျော်ရွှင်မှုများမှာ ပျောက်ကွယ်သွားပြီး ရုတ်တရက်ကြီး ကံဆိုးမိုးမှောင်ကျသွားသလို ခံစားလိုက်ရ၏။

သူသည် ဟင်းချက်တတ်သည့်သူ မဟုတ်ပေ။ မွေးကတည်းက အခုအချိန်အထိ အရာအားလုံးကို အဆင်သင့် စားခဲ့ရသူ ဖြစ်သည်။ ဟင်းချက်တတ်သည့်ယောင်္ကျားဆိုသည်မှာ မည်သို့ရှိသည်ကို သိသော်လည်း ၎င်းကို ကိုင်တွယ်အသုံးပြုရခြင်းမှာ ပေါင်ရာချီလေးသော တောင်ဖြိုဓားကြီးကို ဝှေ့ယမ်းရသည်ထက်ပင် ခက်ခဲနေသယောင် ရှိသည်။

အကယ်၍ သူသာ မချက်ပေးနိုင်ပါက ဆွဲငင်အားနယ်မြေထဲသို့ ၁၀ ရက်တိတိ ဝင်ခွင့် ပိတ်ခံရပေလိမ့်မည်။ တစ်ရက်လျှင် ၃ နာရီဆိုလျှင် ၁၀ ရက်အတွက် နာရီပေါင်း ၃၀ ထိုပမာဏကို တွေးကြည့်ရုံနှင့်ပင် သူ ရူးချင်သွားတော့သည်။

ထိုအချိန်တွင် ဝမ်ပင်းသည် အခြားခုံတစ်ခုသို့ ပြောင်းထိုင်လိုက်ပြီး သူ၏စိတ်ထဲမှနေ၍ စနစ်ကို တိုးတိုးလေး မေးလိုက်သည်။

"စနစ်... စီးကရက် တစ်ချက်ပဲ ဖွာလိုက်တာကို ရန်လီလီဆီမှာ ဘာလို့ ဒီလောက်အပြောင်းအလဲကြီး ဖြစ်သွားရတာလဲ"

"သူ့ရဲ့ ကြယ်မဲ့ပါရမီကနေ ကြယ်တစ်ပွင့်ပါရမီကို ပြောင်းလဲသွားလို့ပါ။ တစ်ချက်ဖွာလိုက်ရုံနဲ့တင် လုံလောက်ပါတယ် သခင်... ကြည့်လိုက်ပါဦး"

ရန်လီလီ၏ အချက်အလက်များမှာ ဝမ်ပင်း၏ရှေ့၌ ပေါ်လာပြန်သည်။

[ရန်လီလီ]

[လိင် - အမျိုးသား]

[အသက် - ၁၅ နှစ်]

[နယ်ပယ် - ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်]

[ပါရမီ - ကြယ် ၁ ပွင့်]

ဤပါရမီကို မြင်သောအခါ ဝမ်ပင်းမှာ အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

"သူက အရင်က ကြယ်မဲ့ပါရမီရှင် ဖြစ်နေခဲ့တာလား"

"ပါရမီဆိုတာ အရာအားလုံးကို ကိုယ်စားမပြုပါဘူး သခင်။ လောကကြီးက ကျယ်ပြောလှသလို အခွင့်အရေးတွေကလည်း အကန့်အသတ်မရှိပါဘူး။ အချို့လူတွေမှာ ကြယ်မဲ့ပါရမီရှိပေမဲ့ သူတို့ဘဝမှာ ကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ ကြုံတွေ့ရပြီး မြင့်မြတ်တဲ့ ရတနာတွေကို ရရှိတတ်ကြပါတယ်။ အဲဒီအခါမှာတော့ သူတို့က လောကရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်ပြီး ကြယ်ကိုးပွင့်ပါရမီရှင်တွေကိုတောင် သူတို့ခြေဖဝါးအောက်မှာ ထားနိုင်ကြတာပါ"

"ခေါင်းကိုက်စရာပဲ... ဒါကိုသာ ကြိုသိခဲ့ရင် သူ့ကို သက်စောင့်စီးကရက် ပေးဖို့ ခဏလောက် စောင့်ဦးမှာပါ။ အခုတော့ ဟင်းတစ်ဝိုင်းလုံး အလဟဿ ဖြစ်သွားပြီ"

ခံတွင်းမြိန်စရာ ဘဲကင်နှင့် အသားလုံးဟင်းများကို ပြန်လည်မြင်ယောင်ရင်း ဝမ်ပင်းက ရန်လီလီကို အော်ဟစ်လိုက်သည်။

"စီးကရက်ကို အခုချက်ချင်း ငြှိမ်းလိုက်စမ်း"

"ဂိုဏ်းချုပ်... ဒီစီးကရက်က..."

ရန်လီလီက တစ်စုံတစ်ခု ပြောချင်သော်လည်း တွန့်ဆုတ်နေမိသည်။ နောက်ဆုံးတွင်တော့ မီးခိုးအနည်းငယ် ထွက်နေဆဲဖြစ်သော သက်စောင့်စီးကရက်ကို လက်ဖြင့် ချေငြှိမ်းလိုက်ပြီး မီးဖိုချောင်ထဲသို့ စိုးရိမ်တကြီး ဝင်သွားတော့သည်။

ထိုယောင်္ကျားကို ကြည့်ရင်း ထိုအရာမှာ ဓားထက်ပင် ပိုလေးနေသည်ဟု သူ ခံစားလိုက်ရ၏။ အနောက်ကို တစ်ချက်လှည့်ကြည့်ကာ စီးကရက်ကို ပြန်မီးညှိပြီး တစ်ချက် ထပ်ဖွာလိုက်သည်။

"ဟင်းချက်တာပဲဟာ... ဘာခက်တာမှတ်လို့"

"လီလီ..."

ဟွမ်ယီက သူမ၏လက်နှင့် မေးထောက်ကာ မီးဖိုတစ်ဖက်မှနေ၍ လှမ်းခေါ်လိုက်သည်။

"ဘာလဲ"

"နင်က ဘယ်လိုဖြစ်လို့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်ကို ရုတ်တရက်ကြီး ချိုးဖျက်သွားနိုင်တာလဲ"

"ဒါက လျှို့ဝှက်ချက်ပေါ့"

ရန်လီလီက စီးကရက်ကို တစ်ချက်ဖွာကာ အငွေ့များကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။ သူသည် ဝမ်ပင်း၏ အကြံပြုချက်ကို မှတ်သားကာ ဇွန်းကိုကိုင်ရင်း အဝေးသို့ ငေးကြည့်နေ၏။ ဒုတိယအကြိမ် ဖွာသည့်အခါမှာတော့ သူ ချောင်းမဆိုးတော့ချေ။

သို့သော် ကျောက်ချင်း၏ရှေ့တွင် စတိုင်ထုတ်ရင်း အရှက်ကွဲခဲ့သည်ကို ပြန်တွေးမိသောအခါ သူ၏ရင်ထဲတွင် တစ်ခုခု ပိတ်ဆို့နေသလို ခံစားလိုက်ရပြန်သည်။

ဟွမ်ယီက ချော့မော့၍ မေးလိုက်သည်။

"ငါ့ကို ပြောပြလေ ဒါဆို ငါ နင့်ကို ကူညီပေးမယ်။ စဉ်းစားကြည့်ဦး... ၁၅ မိနစ်အတွင်းမှာ ငါကလွဲလို့ မသေမျိုးဂိုဏ်းထဲမှာ ဘယ်သူက ဟင်းတစ်ဝိုင်းလုံးကို ချက်ပေးနိုင်မှာလဲ"

"သဘောတူတယ်"

ဆယ်ရက်တိတိ ပြစ်ဒဏ်ကို စဉ်းစားလိုက်သောအခါ ရန်လီလီသည် စတိုင်ထုတ်နေသည်များကို ဘေးဖယ်ထားလိုက်တော့သည်။ ထို့နောက် ဝမ်ပင်း၏ အကြည့်မျိုးကို အတုယူရင်း ဟွမ်ယီကို မေးလိုက်သည်။

"ဟွမ်ယီ... ခုနက ငါ စီးကရက်သောက်နေတဲ့ပုံစံက ခန့်ညားတယ်လို့ မထင်ဘူးလား"

"အမှန်တရားကို သိဖို့အတွက် ငါက လိမ်ပြောပေးရမှာဆိုရင်တော့ မသိတာပဲ ကောင်းပါတယ်"

"ဟီးဟီး"

ငါ့ကို ခန့်ညားတယ်လို့ ချီးကျူးဖို့က ဒီလောက်တောင် ခက်ခဲနေရသလား

သူသည် ကသိကအောက်ဖြင့် ရယ်မောလိုက်ရင်း "ဒါက ဂိုဏ်းချုပ် ခုနက ပေးလိုက်တဲ့ စီးကရက်လေ။ တစ်ချက်ပဲ ဖွာလိုက်ရုံနဲ့ ငါ့ရဲ့ ချီကို အာရုံခံနိုင်စွမ်းနဲ့ လိုက်လျောညီထွေဖြစ်မှုက အများကြီး တိုးတက်သွားတာ။ အရင်ကဆို တစ်ပတ်လောက် ကြိုးစားရမယ့် အောင်မြင်မှုကို အသက်ရှူတစ်ချက်အတွင်းမှာတင် ရလိုက်တာပဲ"

"အဲဒီလောက်တောင် အစွမ်းထက်တာလား"

"ဒါပေါ့... တစ်ချက်လောက် စမ်းဖွာကြည့်မလား"

ရန်လီလီက စီးကရက်ကို ကမ်းပေးလိုက်ရာ ဟွမ်ယီက ပြုံးလျက် ဖွာရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင်တော့ စိတ်ကို ထိန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမသာ ထိုစီးကရက်ကို ဖွာလိုက်ပါက ရန်လီလီနှင့် သွယ်ဝိုက်သောနည်းဖြင့် နမ်းရှိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

ရန်လီလီကို ဘေးသို့ တွန်းဖယ်လိုက်ပြီးနောက် ဟွမ်ယီသည် ဟင်းချက်ရန် အမြန်ပြန်သွားတော့သည်။ ဟင်းချက်ရသည်ကို ဝါသနာပါသူပီပီ အစမှ ပြန်ချက်ရသည်ကို သူမ ငြီးငွေ့ခြင်း မရှိပေ။

ဒယ်အိုးသုံးလုံးကို တစ်ပြိုင်တည်း တင်ကာ အားသွန်ခွန်စိုက် ချက်ပြုတ်လိုက်ရာ ဒယ်အိုးနှုတ်ခမ်းများမှ မီးတောက်များပင် လျှံတက်နေသည်။

တစ်ဆယ့်ငါးမိနစ်ပင် မပြည့်မီမှာပင် ဟင်းခြောက်မျိုး အဆင်သင့် ဖြစ်သွားတော့သည်။

အားလုံး စုဝေးစားသောက်နေကြစဉ်မှာပင် ဟွမ်ယီက စီးကရက်အကြောင်းကို ချက်ချင်း စကားစလိုက်၏။

"ဂိုဏ်းချုပ်... ကျွန်မကိုလည်း အဲဒီစီးကရက် တစ်လိပ်လောက် ပေးလို့ရမလား"

"မရောင်းဘူး"

"ဒါပေမဲ့ ရန်လီလီကိုတော့ ပေးတာပဲလေ။ သူပြောတော့ ဒီစီးကရက်ကြောင့် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်ကို အမြန်ဆုံး ချိုးဖျက်နိုင်တာဆို။ ကျွန်မလည်း အဆင့်လေးကို အမြန်ရောက်ချင်ပြီ။ ကြည့်ပါဦး... ဒီမှာ ကျွန်မက အားအနည်းဆုံးပဲ။ နောင်ကျရင် သူတို့က ကျွန်မကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ"

ပြောရင်းနှင့် ဟွမ်ယီသည် သနားစဖွယ် မျက်နှာလေး လုပ်ပြလိုက်သည်။

အကယ်၍ ဝမ်ပင်းသာ သူမက ဆင်တစ်ကောင်လုံးကို မျိုချနိုင်သည့် မြွေတစ်ကောင်မှန်း မသိခဲ့ပါက သူမ၏ မျက်နှာပေးကြောင့် အရည်ပျော်သွားမိပေလိမ့်မည်။

"မိန်းကလေးတွေ ဆေးလိပ်မသောက်သင့်ဘူး"

"ရှင်"

ဟွမ်ယီက ဝမ်ပင်း၏ လက်ကို ချက်ချင်း ဖက်တွယ်လိုက်သည်။

"ကဲပါ... ထားပါတော့ တစ်လိပ် ပေးပါမယ်"

ဝမ်ပင်းသည် သေတ္တာထဲမှ စီးကရက်တစ်လိပ်ကို မချိတင်ကဲ ထုတ်ပေးလိုက်ရင်း "ပထမတစ်

လိပ်က ရွှေဒင်္ဂါး ၅၀ ဒုတိယတစ်လိပ်က ၁၀၀။ လိုချင်ရင် ပေးလိုက်တော့" ဟု ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ"

"အကြောင်းပြချက် မရှိဘူး"

ဝမ်ပင်းက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ငါက တစ်ရက်ကို ငါးလိပ်ပဲ ဝယ်လို့ရတာ။ ကြယ်တစ်ပွင့်ပါရမီကနေ နှစ်ပွင့်ဖြစ်ဖို့ အလိပ် ၂၀ လောက် လိုတယ်။ ငါ့ပါရမီကိုလည်း မြှင့်ဖို့ လိုသေးတာပဲ။ မင်းတို့ကို ဘယ်လိုလုပ် ဈေးပေါပေါနဲ့ ရောင်းနိုင်မှာလဲ

"ရော့... ဒီမှာ"

ဟွမ်ယီက ဘာမှထပ်မမေးဘဲ ရွှေဒင်္ဂါး ၁၀၀ တန် လက်မှတ်ကို ထုတ်ပေးလိုက်ပြီး အလှဆုံးဟု ထင်ရသည့် စီးကရက်တစ်လိပ်ကို ရွေးယူလိုက်သည်။

အမှန်တရားမှာ အားလုံးက အတူတူပင်ဖြစ်သော်လည်း မိန်းကလေးများမှာမူ အလှဆုံးဆိုသည့် တစ်လိပ်ရှိနေသည်ဟု အမြဲ ယုံကြည်တတ်ကြသည်။

"ဂိုဏ်းချုပ်... ကျွန်မလည်း တစ်လိပ် လိုချင်တယ်"

ကျောက်ချင်းကလည်း ပျော်ပွဲရွှင်ပွဲထဲသို့ ဝင်ပါလာသည်။

"တတိယတစ်လိပ်က ရွှေဒင်္ဂါး ၅၀၀။ ယူဦးမလား"

ဝမ်ပင်းက ကျောက်ချင်းကို စိတ်ပျက်သွားစေရန် ဈေးနှုန်းကို တမင် မြှင့်ပြောလိုက်ခြင်းပင်။

မထင်မှတ်ဘဲ ရန်လီလီက ရွှေဒင်္ဂါး ၁၀၀၀ တန် လက်မှတ်တစ်စောင်ကို ချက်ချင်း ကမ်းပေးလိုက်ပြီး "ဂိုဏ်းချုပ်... သူမအတွက် ကျွန်တော် ပေးပါ့မယ်" ဟု ပြောလိုက်သည်။

"အမ်းစရာ မရှိဘူးနော်"

ဝမ်ပင်းသည် သူ၏အိတ်ထဲတွင် ရွှေဒင်္ဂါး ၁၀၀ တန် လက်မှတ်များစွာ ရှိနေသော်လည်း အမ်းရန် အစီအစဉ် မရှိပေ။ သူသည် နှမြောတသစွာဖြင့်ပင် ကျောက်ချင်းကို တစ်လိပ် ရွေးခိုင်းလိုက်ပြီးနောက် ယွင်လျောင်ဘက်သို့ လှည့်ကာ "စတုတ္ထတစ်လိပ်က ရွှေဒင်္ဂါး ၁၀,၀၀၀" ဟု ချက်ချင်း ပြောလိုက်တော့သည်။

"အဲ..."

ယွင်လျောင်မှာ ချက်ချင်းပင် စကားစ အစပျောက်သွားရသည်။

သူ ဝယ်ချင်သော်လည်း စီးကရက်တစ်လိပ်အတွက် ရွှေဒင်္ဂါး တစ်သောင်းဆိုသည်မှာ များလွန်းလှသည်။

"ဘာလို့လဲ"

"အကြောင်းပြချက် မရှိဘူး ဝယ်နိုင်ရင် ဝယ်လိုက်"

ဝမ်ပင်းသည် အစားအသောက်များကို အမြန်လက်စသတ်ပြီးနောက် ထွက်လာခဲ့သည်။ စီးကရက် သုံးလိပ် ရောင်းလိုက်ရခြင်းမှာ သူ့အတွက် ရင်နာစရာပင်။

တစ်လိပ်လျှင် သူဝယ်ရသည့်ဈေးမှာ ၁၀ ပြားသာ ရှိကာ ရွှေဒင်္ဂါး ၆၂၀ တောင် မြတ်ခဲ့သော်လည်း...

"စနစ်... စီးကရက်ကို တစ်ရက် ငါးလိပ်ထက် ပိုတိုးလို့ မရဘူးလား။ နည်းလွန်းတယ် မဟုတ်ဘူးလား"

"အဆောက်အဦးကို အဆင့်မြှင့်တင်လိုက်ရင် နေ့စဉ် ဝယ်ယူနိုင်တဲ့ အရေအတွက်က အလိုအလျောက် ပွင့်လာပါလိမ့်မယ်"

"ဒါဆို အဆင့်မြှင့်ပေးတော့"

"သခင့်အနေနဲ့ ကိုယ်တိုင် အဆင့်မြှင့်တင်နိုင်တဲ့ မျက်နှာပြင်ကို ရရှိသွားပြီဖြစ်လို့ အဆင့်မြှင့်တင်ခြင်း လုပ်ဆောင်ချက်နဲ့ ရွှေဒင်္ဂါး အဆင့်မြှင့်တင်ခြင်း စနစ်တွေကို အသက်သွင်းလိုက်ပါပြီ"

မသေမျိုးဂိုဏ်း၏ မြေပုံမှာ ရုတ်တရက် ပေါ်လာပြန်သည်။ ယမန်နေ့က မြင်ခဲ့ရသည်နှင့် မတူညီတော့ချေ။ ပင်မဆောင်ကို အာရုံဖြင့် ထိတွေ့လိုက်သောအခါ အပိုလုပ်ဆောင်ချက်တစ်ခု ပေါ်လာ၏။

အရောင်းဆိုင်အပြင် အဆင့်မြှင့်တင်ရန် ကွက်လပ်တစ်ခု ပါဝင်လာခြင်းပင်။

"စနစ်... အဆင့်မြှင့်ပြီးရင် ဘာတွေ ပိုကောင်းလာမလဲဆိုတာ ရှင်းပြပေးပါဦး"

"ပင်မဆောင်ကို အဆင့်မြှင့်လိုက်ရင် ဆွဲဆောင်နိုင်တဲ့ အကွာအဝေးက မီတာ ၈,၀၀၀ အထိ တိုးလာမှာဖြစ်ပြီး ပိုတိကျတဲ့ ဆွဲဆောင်မှုကိုလည်း ရလာမှာ။ ဒါက မသေမျိုးဂိုဏ်းအတွက် လူသစ်စုဆောင်းဖို့ အခွင့်အရေး ပိုများလာစေမှာပါ။ ပြီးတော့ အရောင်းဆိုင်က ပစ္စည်းတွေကို တစ်ရက်ကို သုံးကြိမ်အထိ တိုးမြှင့်ပြီးဝယ်ယူနိုင်မှာပါ"

အခန်း။ ၄၄

"ဒါဆို တစ်ကြိမ်လောက် အဆင့်မြှင့်တင်ပေးပါဦး"

"ပင်မဆောင်ကို အဆင့်မြှင့်တင်ဖို့အတွက် ရွှေဒင်္ဂါး ၅၀,၀၀၀ အသုံးပြုရပါမယ်။ လောလောဆယ်မှာ သခင်ဆီမှာ အဆင့်မြှင့်တင်ဖို့ လုံလောက်တဲ့ ရွှေဒင်္ဂါး မရှိသေးပါဘူး"

"ရွှေဒင်္ဂါး ၅၀,၀၀၀ တောင်လား။ ဒါက အရမ်းဈေးမကြီးလွန်းဘူးလား"

"ပင်မဆောင်ဆိုတာ ဂိုဏ်းတစ်ခုရဲ့ မျက်နှာစာဖြစ်သလို အမြင့်မြတ်ဆုံးနေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဆင့်မြှင့်တင်ခက ပိုပြီး မြင့်မားနေတာက သဘာဝကျပါတယ်"

"ထားလိုက်ပါတော့... ပင်မဆောင်ကို အဆင့်မြှင့်မနေတော့ဘူး။ တခြား အဆောက်အဦးတစ်ခုခုကိုပဲ ရှာပြီး အဆင့်မြှင့်တော့မယ်"

ယွင်လန်တောင်ပေါ်တွင် အဆင့်မြှင့်တင်နိုင်သည့် အဆောက်အဦး များများစားစား မရှိတော့ချေ။ အရေးမပါသော နေရာများကို အဆင့်မြှင့်တင်ခြင်းကလည်း အပိုပင် ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် ဘေးဆောင်အချို့မှာ မသေမျိုးဂိုဏ်းတွင် လူဦးရေ နည်းပါးလွန်းသဖြင့် အဆင့်

မြှင့်ထားသော်လည်း အသုံးဝင်မည် မဟုတ်ပေ။

နောက်ဆုံးတွင် ဝမ်ပင်း ခံစားလိုက်ရသည်မှာ မသေမျိုးဂိုဏ်းတွင် ကျင့်ကြံခြင်းနှုန်း မြှင့်

တင်ပေးသည့်နေရာနှင့် သွေးကြောပညာရပ်များ ရှိနေပြီဖြစ်သဖြင့် ကိုယ်ပိုင် လေ့ကျင့်

ပျိုးထောင်ရန် နေရာတစ်ခုသာ လိုအပ်တော့သည်ဟူ၍ ဖြစ်သည်။

ယခင်က ချူရောတောင်မှာ မသေမျိုးဂိုဏ်း၏ စမ်းသပ်လေ့ကျင့်ရေးတောင် ဖြစ်ခဲ့သည်။ ထို့ကြောင့် စမ်းသပ်ကွင်းကို အဆင့်မြှင့်တင်ခြင်းက အကြံကောင်းတစ်ခု ဖြစ်နိုင်သည်။

"စနစ်... ချူရောတောင်ပေါ်က စမ်းသပ်ကွင်းကို အဆင့်မြှင့်ဖို့ ရွှေဒင်္ဂါး ဘယ်လောက် ကုန်ကျမလဲ"

မြေပုံပေါ်ရှိ ညွှန်ပြချက်မှာ ယွင်လန်တောင်၏ လက်ဝဲဘက်ရှိ အတော်အတန် နိမ့်သော တောင်ထိပ်လေးပေါ်သို့ ကျရောက်သွားသည်။

"အဆင့်မြှင့်တင်ဖို့အတွက် ရွှေဒင်္ဂါး ၁၀,၀၀၀ လိုအပ်ပါတယ်"

"ကောင်းပြီ... တစ်ကြိမ်လောက် အဆင့်မြှင့်ပေးပါဦး"

ရွှေဒင်္ဂါး ၁၀,၀၀၀ ပေးချေပြီးနောက် စနစ်၏ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ အကြောင်းကြားစာများမှာ တစ်ခုပြီးတစ်ခု တက်လာတော့သည်။

[စမ်းသပ်ကွင်း အဆင့်မြှင့်တင်ရန် ကျန်ရှိချိန် - ၃၀ နာရီ]

[ရရှိခဲ့သော အထူးစွမ်းရည် - တိုက်ပွဲနယ်ပယ်]

"တိုက်ပွဲနယ်ပယ်လား"

"သခင့်ကို နက်နဲသောနယ်ပယ်ရောက်မှ သိခွင့်ရှိတဲ့ ဗဟုသုတအချို့ကို သင်ကြားပေးပါရစေ။ ပထမဆုံး သွေးကြောတံခါးကို မြေကမ္ဘာချိုးဖျက်ခြင်းလို့ ခေါ်ပြီး ကျွန်တော်တို့ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်မှာ တည်ရှိပါတယ်။ အဲဒါကို ချီနဲ့ ဖွင့်လိုက်တဲ့အခါ ဘယ်ဘက်လက်ကောက်ဝတ်ရဲ့ အပြင်ဘက်မှာ သွေးကြောတံခါးတစ်ခု ပေါ်လာပါလိမ့်မယ်"

"ဒါကို ငါသိပါတယ်။ အဲဒါက တိုက်ပွဲနယ်ပယ်နဲ့ ဘာဆိုင်လို့လဲ"

"နက်နဲသောနယ်ပယ် ကျင့်ကြံသူတွေနဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း ကျင့်ကြံသူတွေရဲ့ အဓိကကွာခြားချက်ကတော့ တစ်ဖက်က တိုက်ပွဲအတွက် ချီကို သိုလှောင်ထားရပြီး နောက်

တစ်ဖက်ကတော့ ချီကုန်သွားမှာကို စိုးရိမ်စရာမလိုဘဲ အသုံးပြုနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးရဲ့ တုန်ခါမှုနှုန်းနဲ့ သွေးကြောတံခါးရဲ့ တုန်ခါမှုနှုန်းက တစ်ထပ်တည်းကျသွားတဲ့အတွက် ချီဓာတ်တွေက သွေးကြောတံခါးဆီကို အဆက်မပြတ် စုစည်းလာပြီး သွေးကြောချီအဖြစ် ပြောင်းလဲသွားလို့ပါ"

"ဒါပေမဲ့ ဒီနယ်ပယ်အပြင် နယ်ပယ်လို့ ခေါ်တဲ့ ဟင်းလင်းပြင်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒီနေရာရဲ့ တုန်ခါမှုနှုန်းက တည်ငြိမ်တဲ့ ကမ္ဘာလောကနဲ့ လုံးဝကွဲပြားပါတယ်။ အကယ်၍ သခင်ရပ်နေတဲ့ လောကရဲ့ တုန်ခါမှုနှုန်းက မျဉ်းဖြောင့်တစ်ခုဆိုရင် အဲဒီနယ်ပယ်ရဲ့ တုန်ခါမှုနှုန်းကတော့ မျဉ်းကွေးတစ်ခု ဖြစ်နေပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့ အဲဒီနယ်ပယ်ထဲမှာ ရှိသမျှအရာအားလုံးက ပုံပျက်နေတတ်ပြီး နက်နဲသောနယ်ပယ် ကျင့်ကြံသူတွေအတွက် အကန့်အသတ်မရှိတဲ့ သွေးကြောချီတွေကို မပေးစွမ်းနိုင်ပါဘူး။ ဥပမာအားဖြင့် စမ်းသပ်ကွင်းကနေ မွေးဖွားလာတဲ့ တိုက်ပွဲနယ်ပယ်ဆိုတာ ကမ္ဘာကြီးတစ်ခု မဟုတ်ပေမဲ့ သူ့ရဲ့ တုန်ခါမှုနှုန်းနဲ့ ထူးဆန်းတဲ့ ပုံပျက်ခြင်းစွမ်းရည်တစ်ခုကို တည်ဆောက်ထားပါတယ်။ သခင်သာ တိုက်ပွဲနယ်ပယ်ထဲကို

ဝင်လိုက်တာနဲ့ သခင့်ထက်ပိုပြီး သန်မာတဲ့ သခင့်အကြောင်းကို သခင့်ထက်ပိုသိပြီး သခင့်ရဲ့ အားနည်းချက်တွေကို ချက်ချင်းဖော်ထုတ်နိုင်ပြီး သခင့်ရဲ့ အလေ့အထတွေကို စိန်ခေါ်နိုင်တဲ့ သခင့်ရဲ့ နောက်ထပ်ပုံစံတူတစ်ခုထွက်ပေါ်လာမှာပါ"

"ပြီးတော့ ဘာဆက်ဖြစ်မှာလဲ"

"အဲဒါက သခင့်ရဲ့ အကြီးမားဆုံး ရန်သူကို မြင်တွေ့စေမှာပါ။ အဲဒါကတော့ သခင့်အကြောင်းကို အသိဆုံးဖြစ်တဲ့ သခင်ကိုယ်တိုင်ပါပဲ။ အဲဒီထဲမှာ လေ့ကျင့်ပြီး သခင့်ရဲ့ အားနည်းချက်တွေ၊ အလေ့အထတွေနဲ့ ထိခိုက်လွယ်တဲ့ နေရာတွေကို အရင်ကထက် ပိုပြီးတော့ သန်မာအောင် ပြုပြင်နိုင်မှာပါ။ အကယ်၍ သခင်သာ နိုင်သွားပြီဆိုရင်တော့ တူညီတဲ့နယ်ပယ်ထဲမှာ အနိုင်မရနိုင်တဲ့သူ မရှိတော့သလို ကိုယ့်ထက် အဆင့်မြင့်တဲ့သူတွေကို အနိုင်ယူဖို့ဆိုတာလည်း ရိုးရှင်းတဲ့ကိစ္စ ဖြစ်သွားပါလိမ့်မယ်။ တိုက်ပွဲဆိုတာ တူညီတဲ့နယ်ပယ်ထဲမှာ ခွန်အား ဒါမှမဟုတ် တခြားအချက်တွေအပေါ်မှာ မူတည်နေတာမဟုတ်ဘဲ စိတ်နေစိတ်ထားအပေါ်မှာသာ မူတည်နေတာ မို့လို့ပါ"

ဝမ်ပင်းသည် စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူ၏ အနာဂတ် တိုက်ပွဲနယ်ပယ်ကို အလွန်ပင် စိတ်ဝင်စားသွားတော့သည်။

ကိုယ့်ကိုကိုယ် အနိုင်ယူနိုင်တာကမှ တကယ့် အကြီးမားဆုံး အောင်မြင်မှုပဲ။ မသေမျိုးဂိုဏ်းရဲ့ အင်အားက အခုထက်တောင် ပိုပြီး တိုးတက်လာဦးမှာလား။

"စိတ်နေစိတ်ထားလား"

"ဟုတ်ပါတယ်... အမှားအယွင်းမရှိစေဖို့အတွက် ဘာလှိုင်းတံပိုးမျှမရှိတဲ့ တည်ငြိမ်တဲ့စိတ်ထားမျိုးပေါ့။ အမှားတစ်ခုတည်းနဲ့တင် ရန်သူ့ဓားက သခင့်ရဲ့နှလုံးသားကို ဖောက်ထွက်သွားပြီး တိုက်ပွဲက အဆုံးသတ်သွားနိုင်တယ်။ တိုက်ပွဲနယ်ပယ်မှာ ကိုယ့်ရဲ့အကြီးမားဆုံးရန်သူနဲ့ ရင်ဆိုင်ပြီးလေ့ကျင့်ရတဲ့အခါ အချိန်တိုင်းမှာ အမှားတွေဖြစ်နေမှာပါ။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့အားနည်းချက်တွေကို တစ်ခုချင်းစီ ဖယ်ရှားပစ်ရင်းနဲ့ ဘာနဲ့မှ တုန်လှုပ်လို့မရတဲ့ အားနည်းချက်မရှိတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်နိုင်မှာပဲ"

"နားလည်ပြီ။ တိုက်ပွဲနယ်ပယ်ရဲ့ စွမ်းဆောင်ရည်က ကိုယ့်ကိုကိုယ် အောင်နိုင်ဖို့၊ အားနည်းချက်တွေကို ဖယ်ရှားဖို့နဲ့ စိတ်နေစိတ်ထားကို သန်မာစေဖို့ပဲပေါ့"

ဝမ်ပင်း တွက်ချက်လိုက်သည်မှာ အကယ်၍ ဤသုံးချက်သာ ပြည့်စုံသွားပါက တူညီသောနယ်ပယ်အတွင်း၌ ပြိုင်ဘက်ကင်းဖြစ်ရန်မှာ သေချာပေါက် ပြဿနာရှိတော့မည်မဟုတ်ပေ။

ကိုယ့်အကြောင်းကိုယ် အသိဆုံးဖြစ်တဲ့ ကိုယ့်ကိုကိုယ်တောင် အနိုင်ယူထားနိုင်ရင်... ကိုယ်ဘာလုပ်မလဲဆိုတာ ကြိုမသိတဲ့ ရန်သူက ကိုယ့်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။ ကိုယ့်ကိုကိုယ် ကောင်းကောင်းသိနေတာက တိုက်ပွဲပေါင်း ရာချီကို အောင်နိုင်စေတာပဲဟာ။

မှီခိုရာဂိုဏ်း…

မနေ့ညကတည်းက မှီခိုရာဂိုဏ်းတစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးနေသော်လည်း မည်သည့်အကြီးအကဲ ကွယ်လွန်သွားသည်ကိုမူ မည်သူမျှ မသိကြပေ။ ဂိုဏ်း၏ အထက်လူကြီးများက ဤသတင်း ပြန့်နှံ့မှုကို ပိတ်ဆို့ထားပုံပင်။

ထူးဆန်းသည်မှာ မှီခိုရာဂိုဏ်းတစ်ခုလုံးသည် အမည်ပင်မသိသော အကြီးအကဲတစ်ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်နေကြခြင်းပင်။ ဤသည်မှာ ကြီးကျယ်သော ရူပဗေဒပညာရှင်တစ်ဦး ရုတ်တရက် ကွယ်လွန်သွားခြင်းထက်ပင် ပို၍ ရယ်စရာကောင်းနေသည်။ အဘယ်ကြောင့်ဆိုသော် ဆုတောင်းပေးနေသူ အများစုမှာ ထိုသူ ဘာတွေစွမ်းဆောင်ခဲ့သည်ကိုပင် မသိကြသောကြောင့်ပင်။

သို့သော် သူတို့သည် ထိုသူနှင့် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ဆုတောင်းပေးနေကြဆဲပင်။ အကယ်၍ ဘေးပတ်ဝန်းကျင်ကလူတိုင်း ဆုတောင်းနေချိန်တွင် မိမိကမလုပ်ပါက ထူးခြားနေမည်ဖြစ်ပြီး အပယ်ခံရခြင်း သို့မဟုတ် အထင်သေးခံရမည်ကို စိုးရိမ်နေကြပုံပင်။

သူတို့၏ ကိုယ်ပိုင်မိသားစုဝင်များ ဆုံးပါးစဉ်ကပင် ဤမျှ ဝမ်းနည်းပူဆွေးပြခဲ့ကြသည်မဟုတ်။

မှီခိုရာဂိုဏ်း၏ လက်ရှိဥပဒေထိန်းသိမ်းရေး အကြီးအကဲ ဟွာလျောင်သည် မနေ့ညကတည်းက မျက်စိမှိတ်၍ အိပ်စက်ခြင်းမရှိသေးပေ။ သူ၏ ဖြူစပြုနေသော ဆံပင်များမှာ တစ်ညတာ ပင်ပန်းမှုကြောင့် ပို၍ပင် အိုမင်းသွားပုံပင်။

ဂိုဏ်းချုပ်က သုံးရက်အတွင်း အကြောင်းရင်းကို ရှာဖွေရန် အမိန့်ပေးထားသော်လည်း မနေ့ညက ဆန်းဝူမြို့ကို တစ်ပတ်ပတ်ခဲ့ပြီးနောက် သူ လမ်းစပျောက်နေခဲ့သည်။

ယမန်နေ့ညနေက ယန်ဟွာကို တွေ့ခဲ့သည်ဟု ပြောဆိုသူ တစ်ဆယ့်သုံးဦးကို ဖမ်းဆီးထားသော်လည်း မည်သူ့စကားကမှ ခိုင်လုံမှုမရှိဘဲ ယုံကြည်ရန် ခက်ခဲနေသည်။

ယွင်လန်တောင်ခြေက ကုန်သည်တစ်ဦးကို စစ်ဆေးမေးမြန်းရာတွင် ဟွာလျောင်က မြေကြီးကို တစ်ချက်နင်းလိုက်ရုံဖြင့် ထိုကုန်သည်မှာ ကြောက်လန့်ကာ တုန်ရီသွားသည်။ ဟွာလျောင် မေးမြန်းသောအခါ ကုန်သည်မှာ ခေါင်းငုံ့၍ ဘာမျှမပြောဘဲ ကျောက်ပြားပေါ်တွင် ဒူးထောက်ကာ တုန်ရီနေတော့သည်။

"ဆရာ... သူက ကျွန်တော့်ကို ကိုယ်တိုင်ပြောခဲ့တာပါ။ မနေ့ညနေက အကြီးအကဲယန်ဟွာတို့အဖွဲ့ မသေမျိုးဂိုဏ်းဆီ တက်သွားတာကို သူ မြင်ခဲ့တယ်တဲ့"

ပြောလိုက်သူမှာ လူငယ်လေးတစ်ဦးဖြစ်ပြီး မနေ့ညက ဟွာလျောင် ဖမ်းဆီးခဲ့သည့် ယွင်လန်တောင်ခြေရှိ အပ်ချုပ်ဆိုင်ပိုင်ရှင် ဖြစ်သည်။

ဟွာလျောင်က အေးစက်စက်ဖြင့် မေးလိုက်သည်။

"မင်း သေချာရဲ့လား"

လူငယ်က ပြန်ဖြေသည်။

"ဟုတ်ကဲ့... တပည့် ခန့်မှန်းရသလောက်တော့ အကြီးအကဲယန်ဟာ မနေ့မနက်က ထွက်သွားပြီးနောက် တခြားကိစ္စတွေ အရင်သွားလုပ်ပုံပဲ။ ပြီးမှ မသေမျိုးဂိုဏ်းဆီ သွားတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း တခြားနေရာတွေမှာ ဘာလမ်းစမှ မတွေ့ခဲ့တာပါ"

ဟွာလျောင်သည် ဘေးနားက တပည့်ကို ဂရုမစိုက်ဘဲ ခပ်ဝဝ လူလတ်ပိုင်းအရွယ် ဆိုင်ပိုင်ရှင်ကို ကြည့်ကာ အေးစက်သောလေသံဖြင့် မေးလိုက်သည်။

"အကြီးအကဲယန်က ညနေပိုင်းမှာ မသေမျိုးဂိုဏ်းဆီ တကယ်ပဲ တက်သွားတာလား။ ဘယ်လိုတက်သွားတာလဲ။ ဘယ်အချိန်မှာ ပြန်ဆင်းလာတာလဲ"

"အရှင်... ကျွန်တော် အကြီးအကဲယန်ကို မနေ့က ယူအချိန် (ညနေ ၅ နာရီမှ ၇ နာရီအတွင်း) မှာ တွေ့လိုက်တာပါ။ သူ လူတစ်စုကို ခေါ်ပြီး တောင်ပေါ်တက်သွားတယ်။ သူတို့ ဘယ်အချိန်မှာ ပြန်ဆင်းလာလဲဆိုတာတော့ ကျွန်တော် တကယ်မသိပါဘူး။ အဲဒီအချိန်မှာ ကျွန်တော် ဆိုင်ပိတ်လိုက်ပြီမို့လို့ပါ"

အပ်ချုပ်ဆိုင်ပိုင်ရှင်သည် မြေကြီးပေါ်တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးတိုက်နေသည်။ သူသည် မှီခိုရာဂိုဏ်းနှင့် မည်သို့မျှ မပတ်သက်ကြောင်း ပြသရန် ကြိုးစားနေခြင်းပင်။ သူ၏ နဖူးမှာ မြေကြီးနှင့် ဆောင့်မိသဖြင့် သွေးများပင် ထွက်နေသော်လည်း သူ မရပ်ရဲပေ။

သိက္ခာထက် အသက်က ပိုအရေးကြီးသည်ဟု သူ ခံစားနေရပုံပင်။

ဟွာလျောင်က ထိုသူကို ဂရုမပြုဘဲ သူ့ဘာသာ ရေရွတ်လိုက်သည်။

"ယူအချိန်မှာ မသေမျိုးဂိုဏ်းဆီ တက်သွားတယ်။ ရှုအချိန် (ည ၇ နာရီမှ ၉ နာရီအတွင်း) မှာ အသက်ကျောက်စိမ်း ကွဲအက်သွားတယ်... အချိန်က တစ်နာရီတောင် မခြားဘူး။ အကြီးအကဲယန်က မသေမျိုးဂိုဏ်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ဖို့က ရာခိုင်နှုန်း အများဆုံးပဲ"

"မိုယင်... ဒီည မသေမျိုးဂိုဏ်းဆီကို သွားပြီး တစ်ခုခုဖြစ်ခဲ့သလားဆိုတာ သွားကြည့်စမ်း။ ယန်မျိုးနွယ်စုက ရန်လီလီက မသေမျိုးဂိုဏ်းထဲ ဝင်သွားပြီလို့ ကောလာဟလတွေ ကြားနေရတယ်။ မသေမျိုးဂိုဏ်းချုပ်က ထွက်မသွားခင် ထူးခြားတဲ့ အရာတစ်ခုခု ထားခဲ့တာလည်း ဖြစ်နိုင်တယ်။ မင်းက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ့်တစ်မှာ ရှိနေတာဆိုတော့ ယန်ဟွာလို အမှားမျိုး မလုပ်ပါနဲ့။ စစ်မေးဖို့အတွက် လူတစ်ယောက်လောက်ကိုပဲ ဖမ်းခဲ့ပါ"

ထောင်တိုက်၏ မှောင်မိုက်သော ထောင့်တစ်နေရာမှ လူရိပ်တစ်ခု ပေါ်လာပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လင်းနို့တစ်ကောင်ကဲ့သို့ ပြတင်းပေါက်မှတစ်ဆင့် ညအမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

All Chapters