အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း။ ၄၅
မှီခိုရာဂိုဏ်းမှ ထွက်ခွာလာပြီးနောက် မိုယင်သည် ယွင်လန်တောင်ဆီသို့ အရှိန်ပြင်းစွာ ဦးတည်လာခဲ့သည်။
မိုယင်အကြောင်း ပြောရလျှင် ဆန်းဝူမြို့တွင် သူ၏အမည်ရင်းကို ကြားဖူးသူ မရှိသလောက်ပင်။ သို့သော် ညဉ့်မုဆိုးဟူသော ဘွဲ့နာမမှာမူ လူအများအား ကြောက်လန့်တုန်ရီသွားစေရန် လုံလောက်လှသည်။
မှောင်မိုက်ခြင်းကို ဖြတ်သန်းသွားလာတတ်သော မုဆိုးတစ်ဦးဖြစ်ရာ သူပစ်မှတ်ထားသမျှ မည်သူမဆို ညအမှောင်ထဲတွင် ပျောက်ကွယ်သွားရစမြဲပင်။ ထို့ကြောင့်လည်း မှီခိုရာဂိုဏ်း၏ ဥပဒေထိန်းသိမ်းရေးခန်းမတွင် သူ၏ရာထူးမှာ ဟွာလျောင်ပြီးလျှင် ဒုတိယအဆင့်၌ ရှိနေခြင်းပင်။
ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ့်သုံးရှိသော ဟွာလျောင်က ထိုရာထူးနှင့် ထိုက်တန်သော်လည်း အဆင့်တစ်ဆယ့်တစ်သာ ရှိသေးသည့် ကျင့်ကြံသူတစ်ဦးက ဒုတိယနေရာကို ရယူထားနိုင်ခြင်းမှာ သူ၏စွမ်းရည်ကို သက်သေပြနေခြင်းပင်။
အမှန်စင်စစ် သူ၏ရာထူးမှာ လွန်ခဲ့သော တစ်နှစ်ခန့်က ဖြစ်ရပ်တစ်ခုနှင့် များစွာသက်ဆိုင်နေသည်။ လွန်ခဲ့သော တစ်နှစ်၊ ယနေ့ကဲ့သို့ အချိန်မျိုးတွင် သူသည် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်မှာသာ ရှိသေးသည်။ သူ၏အထက်တွင် အဆင့်တစ်ဆယ့်တစ်နှင့် တစ်ဆယ့်နှစ်ရှိသူများမှာ မြောက်မြားစွာ ရှိနေခဲ့၏။
ထိုသူများမှာ သူ့ထက် ပိုမိုတောက်ပနေကြပြီး သူကမူ ထောင့်တစ်နေရာတွင် ကပ်နေသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ မည်သူမျှ သတိမထားမိခဲ့ကြချေ။
ထိုအချိန်က မသေမျိုးဂိုဏ်းမှာ မငြိမ်မသက်မှုများကို စတင်ကြုံတွေ့နေရပြီး လူတို့၏ စိတ်ဓာတ်များ စတင်ကျဆင်းနေချိန် ဖြစ်သည်။ မှီခိုရာဂိုဏ်းက ထိုအခွင့်အရေးကို အရယူကာ ထွန်းကားလာခဲ့သည်။
ထွန်းကားလာရန်အတွက် စည်းစိမ်ဥစ္စာနှင့် သယံဇာတများ လိုအပ်သည်။ လုံလောက်မှုမရှိပါက ဆန်းဝူမြို့ရှိ ဆိုင်များထံမှ လုယူရန်သာ ရှိတော့သည်။ နှစ်လအတွင်းမှာပင် မှီခိုရာဂိုဏ်းသည် မသေမျိုးဂိုဏ်း၏ လက်အောက်ရှိ ဆိုင်ပေါင်း ခုနစ်ဆိုင်၊ ရှစ်ဆိုင်ခန့်ကို ဆက်တိုက်
သိမ်းပိုက်ကာ သူတို့၏လက်အောက်သို့ သွတ်သွင်းခဲ့သည်။
သို့သော် မျိုးနွယ်စုတစ်ခုကမူ သူတို့၏ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲပင်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ့်နှစ်ရှိသော ထိုမျိုးနွယ်စုခေါင်းဆောင်သည် ရွှေခေါင်းလောင်းကျင့်စဉ်ကို အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်ထားသူဖြစ်ရာ အဆင့်တစ်ဆယ့်နှစ် ကျင့်ကြံသူများထဲတွင် ပြိုင်ဘက်ကင်းနေပြီး မှီခိုရာဂိုဏ်း၏ အဆင့်တစ်ဆယ့်နှစ် ကျင့်ကြံသူအားလုံးကို အနိုင်ယူထားနိုင်ခဲ့သည်။
မသေမျိုးဂိုဏ်းမှာ မငြိမ်မသက်ဖြစ်နေသဖြင့် ဆန်းဝူမြို့၏ အရေးကိစ္စများကို လျစ်လျူရှုထားသော်လည်း မှီခိုရာဂိုဏ်းသည်လည်း မသေမျိုးဂိုဏ်း၏ ရုတ်တရက် တုံ့ပြန်မှုကို ကြောက်ရွံ့သဖြင့် အဆင့်တစ်ဆယ့်သုံး ကျင့်ကြံသူကို အသုံးမပြုရဲဘဲ ထိုဆူးခက်ကို ဒီအတိုင်းသာ ထားခဲ့ရသည်။
သို့သော် ဆူးခက်ဆိုသည်မှာ အမြဲတမ်း စူးတတ်သည်။
မှီခိုရာဂိုဏ်းတစ်ခုလုံး လမ်းစပျောက်နေစဉ်မှာပင် ယာယီဖွဲ့စည်းထားသော မုဆိုးအဖွဲ့ထဲမှ မိုယင်က ရှေ့သို့ ထွက်လာခဲ့သည်။
သူသည် သန်းခေါင်ယံအချိန်တွင် ဂိုဏ်းမှ ထွက်ခွာသွားပြီး အရုဏ်တက်ချိန်တွင် ပြန်လည်ရောက်ရှိလာခဲ့သည်။
သူပြန်လာသောအခါ သွေးရဲရဲသုတ်ထားသော ဦးခေါင်းတစ်ခုကို ကိုင်ဆောင်လာခဲ့၏။ ၎င်းမှာ အခြားသူမဟုတ်ဘဲ ထိုရွှေခေါင်းလောင်းကျင့်စဉ် ပညာရှင်ကြီး၏ ဦးခေါင်းပင်။
ထိုတိုက်ပွဲတစ်ပွဲတည်းဖြင့် မိုယင်သည် မုဆိုးအဖွဲ့၏ ခေါင်းဆောင်ဖြစ်လာကာ မသေမျိုးဂိုဏ်း လက်အောက်ခံဆိုင်များကို ရှင်းလင်းရေးလုပ်ငန်းကို စတင်ခဲ့သည်။ ဆယ်လအတွင်းမှာပင် သူသည် မသေမျိုးဂိုဏ်း၏ အခြေခံအုတ်မြစ်ကို လှုပ်ခါသွားစေခဲ့သည်။
မသေမျိုးဂိုဏ်းကို အချိန်မတိုင်မီ ပျက်စီးခြင်းသို့ ရောက်အောင် သူက ဖန်တီးခဲ့ခြင်းပင်။
ထိုစဉ်က မိုယင်သည် အဆင့်တစ်ဆယ့်နှစ်ရှိသူကို ဒဏ်ရာမရဘဲ သတ်နိုင်ခဲ့ခြင်းဖြင့် သူ၏စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့ဖူးသည်။ ယခုအခါ မိုယင်သည် အဆင့်တစ်ဆယ့်တစ်သို့ ရောက်ရှိနေပြီဖြစ်ရာ ပိုမိုတိုးတက်လာသော သူ၏ခွန်အားဖြင့် အဆင့်တစ်ဆယ့်သုံး ကျင့်ကြံသူတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
မသေမျိုးဂိုဏ်းသို့ သွားရမည့် ဤခရီးမှာ သူ၏အမြင်တွင်တော့ သွားရုံပြန်ရုံမျှသာ ဖြစ်သည်။
ယွင်လန်တောင်ခြေတွင် ရပ်နေရင်း မိုယင်သည် တောင်ထိပ်ကို လှောင်ပြုံးတစ်ချက်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ဓားကျောက်စာတိုင်ပေါ်သို့ ခုန်တက်ကာ တောအုပ်ထဲမှတစ်ဆင့် မသေမျိုးဂိုဏ်းအတွင်းသို့ ခိုးဝင်ရန် ပြင်ဆင်လိုက်၏။
သို့သော် သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်ပင် ချမ်းစိမ့်စိမ့်အရှိန်အဝါတစ်ခုက သူ့ကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။
"ဘယ်သူလဲ"
မိုယင်သည် ဓားကျောက်စာတိုင်မှ ဆယ်မီတာခန့်အကွာသို့ အမြန်ဆုတ်ခွာလိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်သွားကာ အမွေးအမှင်များပင် ထောင်ထသွားတော့သည်။ သူ၏ သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများက မြက်ပင် သစ်ရွက် လှုပ်ခတ်မှုမကျန် ရှေ့ကို စူးစမ်းကြည့်ရှုကာ သတိကြီးစွာ ထားနေမိသည်။
တစ်စုံတစ်ခုက သူ့ကို လာရောက်ပွေ့ဖက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခြင်းပင်။
သူ၏ နှစ်ရှည်လများ လုပ်ကြံသတ်ဖြတ်သူ ဗီဇအရ တောအုပ်ထဲတွင် အန္တရာယ်တစ်ခု ပုန်းကွယ်နေသည်ကို သိလိုက်သည်။
သစ်ပင်ဖျားများကို တိုက်ခတ်နေသော လေသံ၊ သစ်ကိုင်းကျိုးသံများနှင့် တောအုပ်ထဲမှ တိုးတိုးလေး ထွက်ပေါ်နေသော အသံများက မိုယင်ကို အစွမ်းကုန် သတိရှိစေသည်။ သူသည် ခါးပတ်ပေါ်သို့ လက်တင်ကာ မြှောင်ဓားကို ဆွဲထုတ်ရန် အဆင်သင့် ပြင်လိုက်၏။
ဆယ်မိနစ်ခန့် ကြာသွားပြီးနောက် ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ပြန်လည် တိတ်ဆိတ်သွားသောအခါ သူ၏ အာရုံခံစားမှုက သူ့ကို လှည့်စားနေတာလားဟု သံသယဝင်လာမိသည်။
ထို့ကြောင့် သူသည် တောင်ပေါ်သို့ တက်ရန် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြန်သည်။
ထိုနည်းတူစွာပင် သူ၏ခြေထောက်က ဓားကျောက်စာတိုင်ကို ကျော်လွန်သွားသည်နှင့် ထိုကြက်သီးထဖွယ် အရှိန်အဝါက ထပ်မံ ပေါ်ထွက်လာပြန်သည်။
ဝှစ်….
ဝှစ်…
ဝှစ်…..
မိုယင်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ မြှောင်ဓား သုံးလက်သည် တောအုပ်ထဲသို့ မြှားတစ်စင်းကဲ့သို့ တိုးဝင်သွားသည်။
သို့သော် ပင်လယ်ထဲသို့ ခဲပစ်လိုက်သကဲ့သို့ပင် ထိုမြှောင်ဓားများသည် တောအုပ်ထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားပြီး မည်သည့် တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။
တောအုပ်ကြီးမှာ သူ၏ နှောင့်ယှက်မှုကြောင့် နိုးထလာခြင်း မရှိသလို ငှက်များနှင့် သားရဲတိရစ္ဆာန်များမှာလည်း သူ၏ လုပ်ရပ်ကြောင့် ထိတ်လန့်တကြား ထွက်ပြေးခြင်း မရှိကြပေ။
"ဘယ်သူလဲ... ထွက်ခဲ့စမ်း"
သူ၏ အော်ဟစ်သံအပြီးတွင် အေးစက်ပြီး မောက်မာလှသော ရယ်မောသံတစ်ခုမှာ သူ၏ ပတ်ဝန်းကျင်၌ ဟိန်းထွက်လာသည်။ မိုယင်သည် ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားကာ တောအုပ်ထဲမှ ချက်ချင်း ဆုတ်ခွာလိုက်ပြီး ယွင်လန်တောင်ခြေသို့ ပြန်ဆင်းလာခဲ့သည်။ သူသည် ပြန်လည် တိုက်ခိုက်ရန် သို့မဟုတ် ဆုတ်ခွာရန် အဆင်သင့် ပြင်ထားသော်လည်း သူ၏ နှလုံးသားကမူ ဆုတ်ခွာရန်သာ ပို၍ တိုက်တွန်းနေတော့သည်။
သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူသည် သားကောင် ဖြစ်သွားပြီဟု ခံစားလိုက်ရ၏။ တောအုပ်ထဲတွင် သူ့ကို သတ်နိုင်စွမ်းရှိသော မုဆိုးတစ်ဦးမှာ အမှောင်ထဲရှိ မြွေဆိုးတစ်ကောင်ကဲ့သို့ သေစေနိုင်သော တိုက်ကွက်ကို ထုတ်ရန် အသင့်စောင့်ဆိုင်းနေသည်။
ယခုတစ်ကြိမ်တွင်တော့ သူ၏ အာရုံက လှည့်စားနေခြင်း မဟုတ်ဘဲ တောထဲတွင် တစ်စုံတစ်ခု အမှန်တကယ် ရှိနေကြောင်း သူ သေချာသွားခဲ့ပြီ ဖြစ်သည်။
ဒါပေမဲ့ တောအုပ်ထဲမှာ ဘာရှိနေတာလဲ။ အာရုံခံစားမိရုံနဲ့တင် သေမင်းရဲ့ အကြောက်တရားမျိုး ပေးနိုင်ပြီး... ကိုယ့်ရဲ့ မြှောင်ဓားထက်တောင် ပိုအေးစက်နေတဲ့ အဲဒီအရာက ဘာကြီးလဲ။
မိုယင်က တောအုပ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
"ငါ့ရှေ့ကို ထွက်ခဲ့စမ်း"
ထိုအချိန်တွင် အနီးအနားရှိ အိမ်များမှ ဆီမီးရောင်များမှာ လှုပ်ခတ်လာသည်။
စက္ကူပြတင်းပေါက်များပေါ်တွင် လူရိပ် ငါးဦး၊ ခြောက်ဦးခန့် ပေါ်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။ ထို့နောက် အိမ်တံခါးများမှာ ရုတ်တရက် ပွင့်လာပြီး လူ ခုနစ်ဦး၊ ရှစ်ဦးခန့် ထွက်လာကြကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လရောင်အောက်ရှိ အိမ်ခေါင်မိုးပေါ်တွင် ရပ်နေသော မိုယင်ကို တွေ့သွားကြသည်။
ချက်ချင်းပင် တစ်စုံတစ်ယောက်က မိုယင်ကို လှမ်းအော်တော့သည်။
"မင်း ရူးနေတာလား။ ညသန်းခေါင်ကြီး အိပ်မနေဘဲ ဘာလို့ အော်ဟစ်နေတာလဲ"
ဂြုန်း…
တံခါးများ ပြန်ပိတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ အချို့မှာ စိတ်တိုတိုဖြင့် တံခါးကို ဆောင့်ပိတ်သွားကြပြီး အမျိုးသမီးအချို့မှာမူ "အရူးပဲ" ဟု ဆက်လက် ဆဲဆိုနေကြဆဲပင်။
မိုယင်က ထိုသူများကို ဂရုမစိုက်ဘဲ သူ၏ မျက်လုံးများကို ရှေ့ရှိ တောအုပ်ဆီသို့သာ စိုက်ကြည့်နေမိသည်။ သူ၏ အကြည့်ထဲတွင် တုံ့ဆိုင်းမှုများ ရှိနေ၏။
ပြန်ဝင်ရမလား ဒါမှမဟုတ် ထွက်သွားရမလား...
ဤသည်မှာ သူ ဆုံးဖြတ်ရခက်နေသော မေးခွန်းပင်။
သို့သော် တောအုပ်ထဲတွင် ပုန်းကွယ်နေသော အရာနှင့် ထိုအေးစက်စက် ရယ်မောသံကို ပြန်တွေးမိသောအခါ ဒုတိယရွေးချယ်မှုကိုသာ ရွေးချယ်လိုက်ရတော့သည်။
အဲဒါကတော့ ထွက်သွားဖို့ပါပဲ။
သူသည် နောက်သို့ လှည့်ကာ ညမှောင်မှောင်ထဲတွင် ပျောက်ကွယ်သွားပြီး ယွင်လန်တောင်ကို ကျောခိုင်းလိုက်တော့သည်။
နောက်တစ်နေ့ မနက်ခင်း၌ ဝမ်ပင်းသည် ထုံးစံအတိုင်း မြူနှင်းများကြားတွင် တောင်ပေါ်ကျင့်ကြံခြင်းကို လက်စသတ်လိုက်သည်။ မနက်စာ စားရန်အသွားတွင် ဆွဲငင်အားနယ်မြေမှ ပြန်လာသော ရန်လီလီနှင့် ဆုံသည်။ ရန်လီလီ၏ လက်ထဲတွင် သက်စောင့်စီးကရက် တစ်လိပ်ကို ကိုင်ထားဆဲပင်။
သို့သော် တစ်နေ့လုံး သောက်သုံးခဲ့သဖြင့် ထိုစီးကရက်မှာ မီးခဏခဏ ငြှိမ်းလိုက် ပြန်ညှိလိုက် လုပ်ထားပုံရပြီး အနည်းငယ်သာ ကျန်တော့သည်။
ဝမ်ပင်းကို မြင်သည်နှင့် ရန်လီလီက အလောတကြီး မေးလိုက်သည်။
"ဂိုဏ်းချုပ်... သက်စောင့်စီးကရက်တွေ ထပ်ရှိသေးလား"
"ထပ်ဝယ်မလို့လား"
"ဟုတ်ကဲ့ ဟုတ်ကဲ့... အရင်အတိုင်းပဲ နှစ်လိပ်လောက် ပေးပါ။ မနေ့က ကျွန်တော် ရွှေဒင်္ဂါး ၅၀၀ ချန်ထားခဲ့တယ် မဟုတ်လား။ အမ်းစရာ မလိုပါဘူး"
"တစ်ယောက်ကို တစ်ရက် တစ်လိပ်ပဲ ဝယ်လို့ရတယ်"
ဝမ်ပင်းက မနေ့ကဆိုလျှင် သူကိုယ်တိုင်လည်း လိုအပ်သဖြင့် ရောင်းချရန် ဝန်လေးနေမည် ဖြစ်သော်လည်း ယခုအခါ စမ်းသပ်ကွင်းကို အဆင့်မြှင့်ထားသဖြင့် ငွေရေးကြေးရေး အခက်အခဲကို ဖြည့်ဆည်းရန်အတွက် စီးကရက်ကို မြတ်မြတ်စွန်းစွန်း ရောင်းချကာ ကျင့်ကြံခြင်းကို ထောက်ပံ့ရပေတော့မည်။
"ဟာ..."
ရန်လီလီမှာ ဝမ်ပင်း ကမ်းပေးသော စီးကရက်ကို စိတ်ပျက်လက်ပျက်ဖြင့် လက်ခံလိုက်ပြီးနောက် "ဂိုဏ်းချုပ်... ဒုတိယတစ်လိပ်ကို ရွှေဒင်္ဂါး ၁၀၀ နဲ့ ရောင်းမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ မနေ့က ကျန်နေတဲ့ ကျွန်တော့်ရဲ့ ရွှေဒင်္ဂါး ၅၀၀ လုံးကို ခင်ဗျားကို ပေးလိုက်မယ်လေ ဘယ်လိုလဲ"
"ဆက်ပြောနေရင် ဒီတစ်လိပ်တောင် မပေးတော့ဘူးနော်"
ဝမ်ပင်းက ရန်လီလီလက်ထဲက စီးကရက်ကို ပြန်လုမည့်ပုံစံ ဖမ်းလိုက်ရာ ရန်လီလီမှာ မိခင်
ကြောင်တစ်ကောင်က သားငယ်ကို ကာကွယ်သလို အမြန် ဖွက်လိုက်တော့သည်။
ထို့နောက် သူက သက်ပြင်းချရင်း "ဂိုဏ်းချုပ်... ဒီစီးကရက်ကို ကျွန်တော့်ကို နေ့တိုင်း ရောင်းပေးလို့ ရမလား။ မနေ့က ကျောက်ချင်းက ဂိုဏ်းချုပ်ရဲ့ စီးကရက်ကို သောက်ပြီး ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်ကို ရောက်သွားတယ်။ ဒါကြောင့် သူ့ထက်သာအောင် ပြပြီး ယောက်ျားပီသတဲ့ စွမ်းအားကို ထုတ်ပြမယ့် ကျွန်တော့်ရဲ့ အခွင့်အရေးကြီး ဆုံးရှုံးသွားရပြီဗျာ"
ဝမ်ပင်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ကျောက်ချင်းကလည်း အဆင့်တက်သွားတာလား"
အခန်း။ ၄၆
အသက် ၁၅ နှစ်အရွယ်နှင့် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်ကို ရောက်ရှိနေသည့် တပည့်နှစ်ဦးပင်။
ဤသတင်းသာ ပြန့်နှံ့သွားပါက ကြယ် ၃ ပွင့်အဆင့်ရှိ အင်အားစုများမှာ ပါရမီရှင်များကို လာရောက်စည်းရုံးရန် တံခါးဝအထိ ရောက်လာကြမည်မှာ အသေအချာပင်။ မသေမျိုးဂိုဏ်း၏ အထွတ်အထိပ်ကာလတွင်ပင် ဤမျှ ပါရမီထူးချွန်သော တပည့်မျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။
ဝမ်ပင်း၏ စိတ်ထဲတွင် နေရောင်အောက်မှ လှိုင်းကြက်ခွပ်လေးများသဖွယ် ဝမ်းသာအားရ ဖြစ်နေသော်လည်း အပြင်ပန်းတွင်မူ ဂိုဏ်းချုပ်ကြီးတစ်ဦးပီသစွာ တည်ငြိမ်မှု ကို ထိန်းသိမ်းထားရင်း "မဆိုးဘူး မင်းမှာ ရည်မှန်းချက်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ကျောက်ချင်းကို မင်းရဲ့ ပြိုင်ဘက်အဖြစ် မသတ်မှတ်စေချင်ဘူး"
"ဗျာ"
ရန်လီလီက ဝမ်ပင်းကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
ဝမ်ပင်းက ဆက်ပြောသည်။
"ငါ့ရဲ့ မသေမျိုးဂိုဏ်းမှာ ကျင့်ကြံနေသရွေ့ မင်းမှာ ဆွဲငင်အားနယ်မြေရော၊ အိပ်ဆောင်နယ်မြေပါ ရှိနေတာပဲ။ ဒီနှစ်ခုကို ပေါင်းစပ်လိုက်ရင် မင်းရဲ့ ရည်မှန်းချက်က အကြီးအကဲယွင်လျောင်ကို ကျော်ဖြတ်ဖို့ ဖြစ်သင့်တယ်။ သူ့ကို ကျော်တက်ဖို့ပဲ စိတ်ကူးထားစမ်းပါ"
"ဒါပေမဲ့... အကြီးအကဲယွင်က အဆင့်တစ်ဆယ်သုံးကို ရောက်နေပြီလေဗျာ"
"ဘာလဲ... မင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာလား။ အဲဒီလိုဆိုရင်တော့ ဒီနေ့ကစပြီး မသေမျိုးဂိုဏ်းမှာ ဆက်မကျင့်ကြံနဲ့တော့။ မဟုတ်ရင် နောက်တစ်ချိန် ဂိုဏ်းမှာ တပည့်တွေ ပိုများလာတဲ့အခါ ဒါမှမဟုတ် နက်နဲသောနယ်ပယ်ကို ရောက်လာတဲ့သူတွေ ရှိလာတဲ့အခါ မင်း သူတို့ကို ဘယ်လိုမျက်နှာပြမလဲ"
ဤသည်မှာ အကျိုးအကြောင်း ခိုင်လုံစွာဖြင့် ဖိအားပေးလိုက်ခြင်းပင်။
ရန်လီလီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်ပင်းကို ကြည့်ကာ လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
"ဂိုဏ်းချုပ်... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"
"မှတ်ထားပါ မသေမျိုးဂိုဏ်းမှာ အခု လူနည်းနေသေးပေမဲ့ တစ်နေ့ကျရင် အရှေ့အိုင်တစ်ခွင်မှာတင်မက ကောင်းကင်နဲ့ မြေကြီးအိုင်တစ်ခုလုံးမှာပါ ကျော်ကြားလာလိမ့်မယ်။ မင်းရဲ့ အမြင်က အခုလက်ရှိမှာပဲ ရပ်တန့်နေမယ်ဆိုရင်တော့ ဂိုဏ်းတူအစ်ကိုကြီးရာထူးကို တခြားသူက လာလုသွားလိမ့်မယ်နော်"
"ဟုတ်ကဲ့ ဂိုဏ်းချုပ် ကျွန်တော် နားလည်ပါပြီ"
ရန်လီလီသည် စိတ်ထဲမှ တဟီးဟီး ရယ်နေမိသည်။ ဝမ်ပင်းပြောသည့် အနာဂတ်မျှော်မှန်းချက်ကြောင့် မဟုတ်ဘဲ ဂိုဏ်းတူအစ်ကိုကြီးဆိုသည့် ဘွဲ့ထူးကို အတော်လေး သဘောကျသွားသောကြောင့်ပင်။ အကယ်၍ နောင်တွင် မသေမျိုးဂိုဏ်းကြီး ကြီးမားလာပါက အစ်ကိုကြီးတစ်ယောက်အနေနှင့် နေရသည်မှာ အတော်လေး ဂုဏ်ယူစရာပင်။ ကျောက်ချင်းကလည်း သူ့ကို သေချာပေါက် စွဲလန်းသွားပေလိမ့်မည်။
မီးဖိုချောင်သို့ ရောက်သောအခါ ဝမ်ပင်း ထိုင်ခုံတွင် အသားမကျသေးမီမှာပင် ယွင်လျောင် ရောက်လာသည်။ သူသည် အိတ်ထဲသို့ လက်နှိုက်ရင်း မေးလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်တော့်ကိုလည်း အဲဒီ သက်စောင့်စီးကရက် တစ်လိပ်လောက် ပေးလို့ရမလား"
ပြန်ဖြေရန် အချိန်ပင်မရလိုက်ဘဲ မီးဖိုချောင်ထဲမှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
"ကျွန်မလည်း လိုချင်တယ်"
ဟွမ်ယီက လှမ်းအော်လိုက်ခြင်းပင်။ သူမသည် ဟင်းပန်းကန်များကို ကိုင်ကာ သတိဖြင့် လာနေသော်လည်း အနောက်မှ တစ်စုံတစ်ယောက် လိုက်နေသကဲ့သို့ အမြန်ပြေးလာတော့သည်။ နောက်ကျကျန်ရစ်မှာကို သူမ အတော်ပင် ကြောက်နေပုံရ၏။
ဝမ်ပင်းမှာ အတော်ပင် အခက်တွေ့သွားရသည်။ တစ်ရက်မှ ငါးလိပ်သာ ရသည်ဖြစ်ရာ သူ့အတွက်ပင် မလုံလောက်ချေ။
"အင်း... ဒါမျိုးဖြစ်မယ်မှန်း သိရင် မနေ့က မင်းတို့ကို မပေးခဲ့သင့်ဘူး။ ကဲ... ရန်လီလီကတော့ တစ်လိပ် ဝယ်သွားပြီ။ ဒုတိယတစ်လိပ်က ရွှေဒင်္ဂါး ၁၀၀ ဘယ်သူဝယ်မလဲ"
"ကျွန်တော် ဝယ်မယ်"
ယွင်လျောင်က ရွှေဒင်္ဂါး ၁၀၀ တန် လက်မှတ်ကို ချက်ချင်း ကမ်းပေးလိုက်ပြီး မေးလိုက်သည်။
"ဂိုဏ်းချုပ်... ဒါကို ဘယ်လို..."
"တစ်ဖက်ကို မီးညှိပြီး ရှူသွင်းလိုက်ရုံပဲ။ အသက်ရှူရသလို လွယ်လွယ်လေးပါ"
ဝမ်ပင်းက လျှို့ဝှက်စွာ ပြုံးရင်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
ထို့နောက် စားပွဲကို ခေါက်ကာ "စီးကရက်ကို ဒီလို သောက်ရတာကွ" ဟု ပြောလိုက်သည်။
သူသည် အငွေ့ကို အားရပါးရ တစ်ချက် ရှူသွင်းလိုက်၏။
ထို့နောက် ပါးစပ်ကို ဟကာ ယွင်လျောင်ဘက်သို့ အငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဖြူလွလွ အငွေ့ကွင်းလေးမှာ တဖြည်းဖြည်း ကြီးမားလာပြီး ယွင်လျောင်ရှိရာသို့ လွင့်မျောသွားတော့သည်။
ရန်လီလီမှာ ချက်ချင်းပင် အော်ဟစ်လိုက်ပြီး "လန်းတယ် တကယ့်ကို လန်းတယ် ဂိုဏ်းချုပ်... ကျွန်တော့်ကိုလည်း အဲဒီပညာ သင်ပေးပါဦး"
လန်းတယ်ဆိုသည့် စကားသုံးခွန်းမှာ ရန်လီလီ၏ ထိုအချိန်က စိတ်လှုပ်ရှားမှုကို အပြည့်အဝ ဖော်ပြနေသည်။
"ဒီဂိုဏ်းချုပ်ရဲ့ ပညာရပ်ဆိုတာ အလွယ်တကူ လက်ဆင့်ကမ်းပေးလို့ မရဘူးကွ"
ဝမ်ပင်းသည် ခပ်တိုးတိုးရယ်မောလိုက်ပြီး ရန်လီလီကို ဂရုမစိုက်တော့ဘဲ ကျော်သွားလိုက်သည်။
သူသည် ယွင်လျောင်၏ ကိုယ်ရေးအချက်အလက်ကို ချက်ချင်း ဝေ့ကြည့်လိုက်ရာ ယွင်လျောင်တွင် ကြယ်လေးပွင့်ပါရမီ ရှိနေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူ့ကို သတိပေးလိုက်သည် "အကြီးအကဲယွင်... အကယ်၍ ခင်ဗျားက ဒီသက်စောင့်စီးကရက်ကို သုံးပြီး နယ်ပယ်ချိုးဖျက်ဖို့ စဉ်းစားနေတာဆိုရင်တော့ တစ်လိပ်တည်းနဲ့ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ဘူးနော်"
"ဗျာ"
ယွင်လျောင်မှာ အံ့အားသင့်သွားရသည်။
ဝမ်ပင်းက ဆက်ရှင်းပြသည်။
"ဟိုကလေးတွေက နယ်ပယ်နိမ့်သေးတော့ သက်စောင့်စီးကရက်ရဲ့ ပြုပြင်ပြောင်းလဲမှုအပြီးမှာ နယ်ပယ်အတားအဆီးကို ချိုးဖျက်ရတာက စက္ကူပြတင်းပေါက်ကို ထိုးဖောက်ရသလို လွယ်ကူနေတာပါ။ ဒါပေမဲ့ ခင်ဗျားကတော့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ့်သုံးကို ရောက်နေပြီ။ သွေးကြောကျင့်စဉ်လမ်းကြောင်းပေါ်မှာ ရှိနေတာဆိုတော့ သိသာတဲ့ တိုးတက်မှုမြင်ရဖို့ စီးကရက်အလိပ်ပေါင်း ရာနဲ့ချီ လိုလိမ့်မယ်။ ခင်ဗျားအတွက်တော့ ကျင့်ကြံလို့ ပင်ပန်းတဲ့အခါ စိတ်ဓာတ်ပြန်လည် လန်းဆန်းလာဖို့ ဒါမှမဟုတ် ဒဏ်ရာရတဲ့အခါ ကုသဖို့အတွက် သုံးတာက ပိုပြီး အကျိုးရှိပါလိမ့်မယ်။ ဒီအစွမ်းနှစ်ခုက ခင်ဗျားအတွက် ပိုအရေးကြီးတယ်"
"ဒါက ဒဏ်ရာတွေကို ကုသပေးနိုင်တာလား"
"မသေသေးသရွေ့တော့ သက်စောင့်စီးကရက်က ဘယ်လိုဒဏ်ရာမျိုးကိုမဆို ကုသပေးနိုင်ပါတယ်"
"ဒါ... ဒါကတော့..."
ယွင်လျောင်မှာ စကားလုံးမရှိလောက်အောင်ပင် ဆွံ့အသွားရသည်။ သူ၏ ခံစားချက်ကို မည်သို့ဖော်ပြရမှန်းမသိဘဲ သက်စောင့်စီးကရက်ကိုသာ အထပ်ထပ်အခါခါ စိုက်ကြည့်နေတော့သည်။ မျက်လုံးနှင့် စီးကရက် ကပ်သွားမတတ်ပင်။ ထို့နောက် သူသည် စီးကရက်ကို ကောက်ယူကာ အနံ့ကို သေချာနမ်းကြည့်နေပြန်သည်။
ဒီသက်စောင့်စီးကရက်က တကယ်ကို စွမ်းတာပဲ။ အစွမ်းထက်ရုံတင်မကဘူး၊ အနံ့ကလည်း ဘာလို့ ဒီလောက်တောင် မွှေးပြီး စွဲမက်ဖို့ ကောင်းနေရတာလဲ မသိဘူးဟု သူ သိချင်နေမည်ကို ဝမ်ပင်း ခန့်မှန်းမိသည်။
ဒါကို ဘာနဲ့လုပ်ထားတာလဲဟု သူ တွေးတောနေပုံရ၏။
မည်သို့ပင်ဆိုစေကာမူ ယွင်လျောင်သည် သူ၏စကားကို ယုံကြည်သွားပြီဖြစ်ကြောင်း ဝမ်ပင်း သိလိုက်သည်။
"အကြီးအကဲယွင်... ခဏနေရင် ကျွန်တော်နဲ့အတူ တောင်အောက်ကို လိုက်ခဲ့ပါဦး"
ယွင်လျောင်က ခေါင်းညိတ်ပြသည်။
ဝမ်ပင်းသည် နောက်ထပ် သက်စောင့်စီးကရက်တစ်လိပ်ကို ထုတ်လိုက်ရင်း ကျောက်ချင်းနှင့် ဟွမ်ယီကို ကြည့်ကာ ပြောလိုက်သည်။
"ကဲ... တတိယမြောက် စီးကရက်ကတော့ ရွှေဒင်္ဂါး ၅၀၀ ကျမယ်။ ဒီတစ်လိပ်ပဲ ရောင်းတော့မှာမို့ ဘယ်သူယူမလဲဆိုတာ မင်းတို့ဘာသာ ဆုံးဖြတ်လိုက်ကြ"
"ကျွန်မ ယူမယ်"
ဟွမ်ယီက လျှင်မြန်စွာပင် ဆွဲယူကာ ထွက်ပြေးသွားတော့သည်။ စားပွဲပေါ်တွင် ရွှေဒင်္ဂါးလက်မှတ် တစ်စောင် ချန်ထားခဲ့သော်လည်း အလောတကြီးဖြစ်နေသဖြင့် ရွှေဒင်္ဂါးတစ်သောင်းတန် လက်မှတ်တစ်စောင် ကျကျန်ရစ်ခဲ့သည်။
ဆန်းဝူမြို့၏ အနောက်ဘက်တံခါး၌ မုတ်ဆိတ်တိုများနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဆန်းဝူမြို့ထဲသို့ ယိုင်တိုင်တိုင်ဖြင့် ဝင်လာသည်။ သူသည် ဒေသခံနှင့် မတူပေ။ သူ၏ ဖိနပ်အောက်ခံများမှာ ထူထဲနေပြီး အဝတ်အစားများမှာလည်း ညစ်ပတ်ပေရေကာ ဖရိုဖရဲ ဖြစ်နေသည်။ သူ၏ ပုံစံမှာ ဖျားနာကာ အားအင်ကုန်ခမ်းနေသည့် အမူအရာ ပေါက်နေ၏။
သူနှင့်အတူ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦးလည်း ပါလာပြီး ထိုအမျိုးသားကို တွဲကူကာ မြို့ထဲသို့ ခက်ခဲစွာ ဝင်လာကြခြင်းပင်။
သို့သော် ထိုအမျိုးသားမှာ ဟိုဘက်ဒီဘက် ယိုင်ထိုးနေသဖြင့် လူငယ်လေးမှာ သူ့ကို တည်ငြိမ်အောင် မနည်း ထိန်းနေရသည်။
နောက်ဆုံးတွင် အခြားနည်းလမ်းမရှိတော့သဖြင့် လူငယ်က "ဆရာ... ကျွန်တော် ဆရာ့ကို ပိုးသွားပါရစေ" ဟု ပြောလိုက်သည်။
ထိုအမျိုးသားသည် ပြင်းထန်လှသော နာကျင်မှုကို အောင့်အည်းရင်း မျက်လုံးကို မှေးလိုက်ကာ ခေါင်းခါပြပြီးနောက် မကြားတကြားလေသံဖြင့် "မလုပ်နဲ့... ငါ့ကိုယ်ထဲက မိစ္ဆာအဆိပ်က ဘယ်အချိန်မဆို ငါ့စိတ်ကို တိုက်ခိုက်နိုင်တယ်။ အကယ်၍ မင်းကျောပေါ်မှာ ရှိနေတုန်း ငါရူးသွပ်သွားရင် မင်းကို ငါကိုက်သတ်မိလိမ့်မယ်" ဟု တိုးတိုးလေး ပြောရှာသည်။
စကားကို အသံကျယ်ကျယ် ပြောလိုက်ပါက အဆိပ်များ စီးဆင်းမှု မြန်ဆန်သွားပြီး သူ၏ နောက်ဆုံး ခုခံတံတိုင်းကို ဖျက်ဆီးသွားမည်ကို သူ စိုးရိမ်နေခြင်းပင်။
အကယ်၍ ထိုသို့ဖြစ်သွားပါက ကုသရန် လုံးဝ လမ်းစရှိတော့မည် မဟုတ်ပေ။
"ဆရာ... တောင့်ခံထားပါဦး။ ဟွမ်ကုန်းက ဒီဆန်းဝူမြို့မှာပဲ ရှိနေတာပါ။ သူက ဟွမ်ယီရဲ့ မိစ္ဆာဗီဇကိုတောင် နှစ်ပေါင်းများစွာ ထိန်းချုပ်ပေးထားနိုင်တာဆိုတော့ ဆရာ့အတွက်လည်း နည်းလမ်းရှိမှာပါ"
လူငယ်လေးက အားပေးရင်း ထိုအမျိုးသားကို ရန်အိမ်တော်ဆီသို့ တွဲခေါ်လာခဲ့သည်။
"မျှော်လင့်ရတာပေါ့"
ထိုအမျိုးသားသည် အားနည်းစွာ ပြုံးလိုက်သည်။ သူ၏ ရင်ထဲတွင်မူ မည်သည့် မျှော်လင့်ချက်မျှ မရှိတော့ဘဲ စိတ်ပျက်အားငယ်နေပုံပင်။
ရန်အိမ်တော် တံခါးဝသို့ ရောက်သောအခါ လူငယ်သည် သူ၏ ရင်ဘတ်ထဲမှ ရွှေရောင်တံဆိပ်ပြားတစ်ခုကို အမြန်ထုတ်ပြလိုက်သည်။ အိမ်တော်သခင် ကိုယ်တိုင် အလေးထားရသော ဧည့်သည်များကို ပေးအပ်လေ့ရှိသည့် ထိုတံဆိပ်ကို မြင်သည်နှင့် အစောင့်မှာ သတင်းပို့နေစရာမလိုဘဲ သူတို့နှစ်ဦးကို အိမ်တော်ထဲသို့ ချက်ချင်း ခေါ်ဆောင်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ရန်ကျုံးရှန်း၏ အမိန့်အရ ဤတံဆိပ်ကို ကိုင်ဆောင်လာသူမှာ သူ၏ မိတ်ဆွေဖြစ်သဖြင့် သတင်းပို့စရာမလိုဘဲ တိုက်ရိုက် ခေါ်ဆောင်လာရန် မှာကြားထားသောကြောင့်ပင်။
"ဆရာ... ဆရာ ဟွမ်ကုန်းနဲ့ တွေ့ရတော့မယ်နော်။ အိပ်မပျော်သွားစေနဲ့ဦး အိပ်မပျော်သွားနဲ့နော်"
စင်္ကြံများကို ဖြတ်သန်းစဉ် လူငယ်လေးသည် ဘေးနားက အမျိုးသားကို အဆက်မပြတ် အော်ဟစ် သတိပေးနေမိသည်။ အကယ်၍ သူသာ အိပ်ပျော်သွားခဲ့ပါက ပြန်နိုးလာရန် အခွင့်အရေးမှာ အလွန်နည်းပါးလှသောကြောင့်ပင်။
သို့သော် ထိုအမျိုးသားမှာမူ မျှော်လင့်ချက် ကုန်ဆုံးနေပုံရပြီး သူ၏လေသံမှာ အလွန်ပင် အားနည်းလှသည်။
"အပိုပါပဲ... အော်ဟစ်မြွေရဲ့ မိစ္ဆာအဆိပ်က ပြင်းလွန်းတယ်။ အစက်တစ်စက်တည်းနဲ့တင် နက်နဲသောနယ်ပယ်ပညာရှင်တစ်ယောက်ကို သေစေနိုင်တာ။ ငါက သာမန် နက်နဲသောနယ်ပယ်ထက် နည်းနည်းပိုသန်မာတယ် ဆိုပေမဲ့ ငါ့စိတ်ကို တိုက်ခိုက်နေတဲ့ အဆိပ်ဒဏ်ကတော့ မရှောင်လွှဲနိုင်ဘူး"
"ဆရာ မသေပါဘူး။ ဟွမ်ကုန်းက မြွေရဲ့ မိစ္ဆာဗီဇကိုတောင် နှိမ်နင်းပေးနိုင်တာပဲ။ အော်ဟစ်မြွေ အဆိပ်ကတော့ သေချာပေါက် ကိစ္စမရှိပါဘူး"
"ဟားဟား"
"ဆရာ... ကျွန်တော့်ကို လှောင်မနေပါနဲ့။ ကျွန်တော်က မိန်းမမှ မဟုတ်တာ"
"အားလန်း... အကယ်၍ အဆိပ်က ငါ့စိတ်ကို လွှမ်းမိုးသွားခဲ့ရင် ဟွမ်ကုန်းကို ငါ့ကို သတ်ခိုင်းလိုက်ပါ။ အခု ငါက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ့်သုံးမှာပဲ ရှိတော့တာဆိုတော့ သတ်ရတာ လွယ်ပါတယ်"