← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း။ ၄၉

အခန်းအတွင်းဝန်းကျင်မှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တိတ်ဆိတ်လွန်းလှရာ အပ်တစ်ချောင်း ကျသည့်အသံပင် ကြားရမတတ်ပင်။ အပြင်ဘက်မှ ထွက်ပေါ်လာသော အသံမှာ တိုးညင်းသည်ဟု ဆိုနိုင်သော်လည်း နားစည်နားသို့ ကပ်၍ ပြောလိုက်သကဲ့သို့ပင် ထင်မှတ်ရသည်။ အကယ်၍ အခြားစကားများသာ ဆိုပါက မည်သူမျှ ဂရုမူမိကြမည် မဟုတ်ချေ။

ဒါပေမဲ့ ရောက်လာတာနဲ့ ဖုန်းလုံအပ်စိုက်ပညာကို စော်ကားလိုက်တာဆိုတော့... အတူပါလာတဲ့ အကြီးအကဲရုန်နဲ့ ဟွာလျောင်တို့အပါအဝင် မှီခိုရာဂိုဏ်းသားတွေက ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။

ဖုန်းလုံအပ်စိုက်နည်းအား အစော်ကားခံလိုက်ရသဖြင့် အကြီးအကဲရုန်က "ဘယ်သူကများ ဒီလောက် အဓိပ္ပာယ်မရှိတဲ့ ခွေးစကား လာပြောနေတာလဲ။ ဟွာလျောင်... သူ့လျှာကို သွားဖြတ်လိုက်စမ်း" ဟု အေးစက်စွာ အမိန့်ပေးလိုက်သည်။

"သေချင်းဆိုးကတော့"

ဟွာလျောင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အသံလာရာဘက်သို့ လှည့်ကြည့်ကာ ပြတင်းပေါက်ကြားမှ မြင်တွေ့ရသော လူရိပ်ပေါ်သို့ အာရုံစိုက်လိုက်သည်။ ထို့နောက် လက်ကို မြှောက်ကာ ပြင်းထန်သော စွမ်းအင်တစ်ရပ်ကို လွှတ်ထုတ်လိုက်တော့သည်။

ရန်ကျုံးရှန်းက တားဆီးရန် ပြင်သော်လည်း နောက်ကျသွားခဲ့သည်။

ဖြောက်…

ဝမ်ပင်း ရပ်နေခဲ့သည့် နေရာရှိ ပြတင်းပေါက်တွင် လက်သီးဆုပ်ခန့် အပေါက်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုစွမ်းအင်မှာ ပြတင်းပေါက်ကို ဖောက်ထွက်သွားရုံတင်မကဘဲ အပြင်ဘက်ရှိ လူတစ်ဦး၏ ဦးခေါင်းခန့် အချင်းရှိသော သစ်ပင်ကြီးကိုပါ တစ်ဖက်ပွင့်သွားအောင် ထိုးဖောက်သွားခဲ့သည်။

ထိုစွမ်းအင်၏ ပြင်းထန်မှုမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

အကယ်၍သာ လူ၏ ခန္ဓာကိုယ်ကို ထိမှန်ခဲ့ပါက သေချာပေါက် အပေါက်ကြီးဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ရာ မည်မျှပင် ထူးချွန်သော နတ်ဆေးဆရာဖြစ်စေကာမူ ကယ်တင်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

ဟွာလျောင်သည် ထိုတိုက်ကွက်ကို ထုတ်ဖော်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ထိုစကားပြောသူအား သတ်ဖြတ်ရန် အပြင်သို့ အပြေးအလွှား လိုက်သွားတော့သည်။ သို့သော် ရန်ကျုံးရှန်းက သူ့ရှေ့တွင် ပိတ်ရပ်ကာ တားဆီးလိုက်၏။

"အကြီးအကဲဟွာ... ဒီနေရာမှာ လုံးဝ တိတ်ဆိတ်ဖို့ လိုအပ်ပါတယ်"

ဟွာလျောင်ကို ဟန့်တားပြီးနောက် ရန်ကျုံးရှန်းက ပြတင်းပေါက်အပြင်ဘက်ရှိ ဝမ်ပင်းကို ကြည့်ကာ အားနာရခက်စွာဖြင့် "ဂိုဏ်းချုပ်ဝမ်... ခင်ဗျား ဒီကို ရောက်နေပြီး စကားလည်း ပြောပြီးပြီဆိုမှတော့ အထဲကိုပဲ တိုက်ရိုက်ဝင်လာပြီး ကြည့်ပါတော့" ဟု ပြောလိုက်သည်။

ရန်သူအချင်းချင်း တွေ့ဆုံကြရာတွင် တစ်ဦးနှင့်တစ်ဦး အငြိုးအတေးကြီးတတ်သည်ကို သူ ကောင်းစွာ နားလည်ထားသည်။ ၎င်းအပြင် ဝမ်ပင်းမှာ လူငယ်တစ်ဦးသာ ဖြစ်သေးသဖြင့် စကားကို မထိန်းနိုင်ခြင်းမှာလည်း ဖြစ်လေ့ရှိသည်ဟု သူ တွေးမိသည်။

အခန်းအတွင်းရှိ ရုန်းရင်းဆန်ခတ်မှုကို မြင်တွေ့လိုက်ရသောအခါ ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေသော ဝမ်ပင်းမှာ မည်သို့လုပ်ရမှန်း မသိဘဲ ဖြစ်သွားပြီး ရုတ်တရက် မတရားသဖြင့် အစွပ်စွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

အမှန်စင်စစ် ထိုစကားစုမှာ စနစ်က ပြောကြားခဲ့ခြင်းဖြစ်ပြီး သူက သဘောတူသဖြင့် ပြန်လည် ပြောဆိုမိခြင်းသာ ဖြစ်သည်။

"ဖုန်းလုံအပ်စိုက်နည်းတဲ့လား... ကျွန်တော့်အမြင်မှာတော့ ဒါက နာရေးပို့တဲ့ အပ်စိုက်နည်းနဲ့ ပိုတူတယ်လို့ ထင်မိတာ။ ဒီစကားကိုမှ ကျွန်တော် ပိုသဘောကျမိတယ်"

ဤသည်မှာ သူ၏ ရင်ထဲမှ အမှန်တကယ် ပြောလိုသော စကားပင်။

"အထဲဝင်ခဲ့ပါ"

အခြားနည်းလမ်း မရှိတော့သဖြင့် ဝမ်ပင်းသည် အခန်းအတွင်းသို့ လှမ်းဝင်လိုက်ရတော့သည်။

ရန်ကျုံးရှန်းက သစ်သားထိုင်ခုံတစ်ခုကို ချပေးကာ ဝမ်ပင်းအား ထိုင်ကြည့်နေရန်နှင့် အသံမထွက်ရန် လက်ဟန်ဖြင့် သတိပေးလိုက်သည်။

ဝမ်ပင်း၏ စကားအနှောင့်အယှက်မှာ မသင့်တော်ဟု သူ တွေးမိသော်လည်း ယခုကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် အပြစ်တင်ရန် အချိန်ဖြုန်းမနေလိုတော့ချေ။

ဝမ်ပင်း အခန်းထဲတွင် ထိုင်နေသည်ကို မြင်သောအခါ ဟွာလျောင်မှာ ပထမဦးစွာ အံ့အားသင့်သွားပြီးနောက် မျက်နှာတစ်ခုလုံး အေးစက်သွားတော့သည်။

တစ်နှစ်တာအတွင်း ဝမ်ပင်းမှာ အနည်းငယ် ပို၍ အရွယ်ရောက်လာပြီး ကြံ့ခိုင်လာပုံရသော်လည်း သူ၏ အဆင့်အတန်းမှာမူ ရယ်ချင်စရာကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကြယ်နှစ်ပွင့်အဆင့်ရှိသော ဂိုဏ်းကြီး၏ ဂိုဏ်းချုပ်သားလေး ဘဝမှသည် ယခုအခါ လေလွင့်နေသော ဂိုဏ်းငယ်လေးတစ်ခု၏ ခေါင်းဆောင်လေး ဖြစ်နေသည်။

ယခု သူ ဤနေရာသို့ ရုတ်တရက် ရောက်လာခြင်းမှာ သူတို့၏ အစီအစဉ်များကို နှောင့်ယှက်ရန်သာ ဖြစ်ပေလိမ့်မည်။

သူ့အား ဤနေရာတွင် ဆက်လက် ရှိနေခွင့် မပြုနိုင်ပေ။

ဝမ်ပင်းအား မောင်းထုတ်ရန် ရန်ကျုံးရှန်းကို စကားပြောမည်အပြုတွင် ဝမ်ပင်းက ဦးအောင် စကားစလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်ယန်... ခင်ဗျား လူကယ်ဖို့ ကြိုးစားနေတာလား"

"အင်း..."

ရန်ကျုံးရှန်းသည် ဝမ်ပင်း၏ နောက်ဆုံးစကားမှာ အသံတော်တော်လေး တိုးသွားသဖြင့် အမျက်မထွက်ဘဲ ငြိမ်သက်စွာ နားထောင်နေခဲ့သည်။

ဝမ်ပင်းသည် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသည့်ဟန် ဖမ်းလိုက်ပြီး အကြီးအကဲရုန်ကို ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်ကတော့ ဒီအကြီးအကဲရုန်က လူသတ်နေတာလို့တောင် ထင်မိတယ်ဗျာ။ ဒီလိုဆိုမှတော့ အပ်စိုက်နေတဲ့ ဆေးဆရာကြီးကို ကျွန်တော် စေတနာနဲ့ တစ်ခုလောက် သတိပေးပါရစေ။ အပ်တစ်ချောင်းလောက် ပြန်နှုတ်ပြီး ကြည့်ကြည့်ပါလား။ အဆိပ်မှန်သမျှကို အပ်နဲ့ စုပ်ထုတ်လို့ ရတာမဟုတ်ဘူးနော်"

ဘေးနားရှိ ဟွာလျောင်မှာ ထိုစကားကို ကြားသောအခါ အေးစက်စက် လေသံဖြင့် "ဝမ်ပင်း... ငါ မင်းကို တကယ်မသတ်ရဲဘူးလို့ ထင်နေတာလား" ဟု ပြောလိုက်သည်။

"ကျွန်တော်ကတော့ ဒီကုတင်ပေါ်က လူကို ကူညီချင်ရုံတင်ပါ။ ခင်ဗျားတို့သာ ဒီအတိုင်း အပ်တွေ ဆက်စိုက်နေမယ်ဆိုရင်တော့ သေလမ်းပဲ ရှိတော့မယ်။ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ဆိုတာ အများကြီးကို ကန့်သတ်ထားတာဗျ။ အသိပညာတင်မကဘူး စွမ်းဆောင်ရည်ကိုပါ ကန့်သတ်ထားတာ။ အကြီးအကဲရုန်က နတ်ဆေးဆရာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သာမန်လူတွေကြားမှာပဲ ဖြစ်မှာပါ။ သူက နက်နဲသောနယ်ပယ်ရဲ့ ဒဏ်ရာတွေကို ကုသနိုင်စွမ်း မရှိဘူး"

ဤစကားကြောင့် ဟွမ်ကုန်းမှာ အံ့အားသင့်သွားရသည်။

ဝမ်ပင်းသည် ယွီမို၏ ကျင့်ကြံမှုအဆင့်ကို အကဲခတ်နိုင်သည်ဖြစ်ရာ ဒီကလေးက တကယ်ပဲ အခြေအနေအရပ်ရပ်ကို နားလည်တာပဲ။ သူပြောတဲ့စကားတွေမှာ အကြောင်းရင်း တစ်ခုခု ရှိရမယ်ဟု တိတ်တဆိတ် တွေးတောနေမိသည်။

"မင်း... သေချင်နေတာပဲ"

ဟွာလျောင်က ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ဟွမ်ကုန်းက ချက်ချင်း တားဆီးလိုက်ပြီး "ဂိုဏ်းချုပ်ဝမ်... ခင်ဗျားမှာ ဘာအမြင်ရှိလို့လဲ" ဟု မေးလိုက်သည်။

"ကျွန်တော် အမှားမရှိဘူးဆိုရင်တော့..."

ဝမ်ပင်းသည် ယွီမို၏ ကိုယ်ရေးအချက်အလက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယုံကြည်ချက်အပြည့်ဖြင့် ဆက်ပြောသည်။

"ဒီစီနီယာ မိထားတာက ကွင်းပတ်မြွေရဲ့ မိစ္ဆာအဆိပ် မဟုတ်ဘူးလား"

ဤစကားကို ကြားသောအခါ ဟွာလျောင်၏ စိတ်ထဲတွင် အခြေအနေ မဟန်တော့ဘူးဟု ခံစားလိုက်ရသည်။ ဝမ်ပင်းသည် ယွီမိုတွင် မည်သည့်အဆိပ်မိနေသည်ကို အတိအကျ သိနေသည်ဖြစ်ရာ သူသည် တကယ်ပင် ပြဿနာရှာရန် ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။

"ဝမ်ပင်း... အခု ဒီနေရာမှာ တိတ်ဆိတ်ဖို့ လိုတယ်နော်။ အကယ်၍ မင်းကြောင့် အကြီးအကဲရုန်ရဲ့ အပ်စိုက်မှု မှားယွင်းသွားခဲ့ရင် မသေမျိုးဂိုဏ်း တစ်ဂိုဏ်းလုံး ပျက်စီးသွားရင်တောင် နက်နဲသောနယ်ပယ် ပညာရှင်တစ်ယောက် ဆုံးရှုံးသွားမှုကို အစားထိုးနိုင်မှာ မဟုတ်ဘူး"

ဝမ်ပင်းက ဟွာလျောင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူက စကားမပြောရန် တားလေလေ ဝမ်ပင်းက ပို၍ ပြောချင်လေလေ ဖြစ်နေသည်။

ထို့နောက် သူသည် အပ်စိုက်နေဆဲဖြစ်သော အကြီးအကဲရုန်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် အလကား လျှောက်ပြောနေတာလားဆိုတာ အကြီးအကဲရုန် အသိဆုံး ဖြစ်မှာပါ။ ခင်ဗျား ဆေးကုလာတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီဆိုတော့ အပ်က ကျိုးသွားပြီဆိုတာကို ခင်ဗျား သိနေလောက်ပြီ မဟုတ်လား"

ဝမ်ပင်းမှာ ငတုံး မဟုတ်ချေ။ မှီခိုရာဂိုဏ်းသားများ ယခုကဲ့သို့ လာရောက်ခြင်း၏ ရည်ရွယ်ချက်ကို သူ ကောင်းစွာ ရိပ်မိသည်။ သူတို့သည် စေတနာဖြင့် လူလာကယ်နေခြင်း မဟုတ်ဘဲ နက်နဲသောနယ်ပယ် ပညာရှင်တစ်ဦး၏ ကျေးဇူးကို ရယူလိုခြင်းသာ ဖြစ်သည်။ အကယ်၍ ကုသမှု အောင်မြင်သွားပါက နက်နဲသောနယ်ပယ် ပညာရှင်တစ်ဦး၏ အကာအကွယ်ဖြင့် အနီးနားရှိ မြို့အတော်များများကို လွှမ်းမိုးရန်မှာ သူတို့အတွက် အလွန်လွယ်ကူသွားပေလိမ့်မည်။ အကယ်၍ မအောင်မြင်ဘဲ ပညာရှင် သေဆုံးသွားခဲ့လျှင်လည်း သူတို့အတွက် ဘာမျှ ဆုံးရှုံးစရာ မရှိချေ။

အကြီးအကဲရုန်က ခက်ထန်စွာ ငေါက်ငမ်းလိုက်သည်။

"နုနယ်တဲ့ ကလေးကများ လျှောက်ပြောနေပြန်ပြီ။ မျိုးနွယ်စုခေါင်းဆောင်ယန်... ကျေးဇူးပြုပြီး မသက်ဆိုင်တဲ့သူတွေကို အပြင်ထုတ်ပေးပါ။ အကယ်၍ ကျွန်တော် စိတ်အာရုံနောက်သွားလို့ အပ်စိုက်တာ မှားသွားရင် ဒီစီနီယာရဲ့ အသက် အန္တရာယ်ရှိသွားလိမ့်မယ်"

"ဒါကတော့..."

ရန်ကျုံးရှန်းမှာ ဝမ်ပင်း၏ စကားကလည်း အကျိုးအကြောင်း ခိုင်လုံနေသလို အကြီးအကဲရုန်၏ စကားကလည်း ယုတ္တိရှိနေသဖြင့် မည်သူ့စကားကို နားထောင်ရမလဲဟု ဝေခွဲမရ ဖြစ်နေတော့သည်။

ထိုအချိန်တွင် မိစ္ဆာစားဖိုမှူး ဟွမ်ကုန်းက ဝင်ပြောလိုက်သည်။

"အကြီးအကဲရုန်... ကျေးဇူးပြုပြီး အပ်တစ်ချောင်းလောက် ပြန်နှုတ်ပြီး ကြည့်ပေးပါဦး"

ဝမ်ပင်း၏ စကားမှာ အမှန်လား အမှားလားဟူသည်ကို ဟွာလျောင် မသိသော်လည်း ဝမ်ပင်း၏ ရည်ရွယ်ချက်ကို အလွယ်တကူ အထမြောက်ခွင့် မပေးနိုင်သဖြင့် ဝင်တားလိုက်ပြန်သည်။

"စီနီယာဟွမ်ကုန်း... ဒီကလေးရဲ့ စကားကို တကယ်ပဲ ယုံနေတာလား။ သူက ငယ်ငယ်

ကတည်းက ဆေးပညာကို လေ့လာခဲ့ဖူးတာမှ မဟုတ်တာ။ ကုသခြင်း အတတ်ပညာအကြောင်း သူ ဘာနားလည်မှာလဲ"

ဟွမ်ကုန်းက ပြန်ပြောသည်။

"ထပ်မပြောနဲ့တော့ ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိတယ်။ အကြီးအကဲရုန်... ကျေးဇူးပြုပြီး အပ်ကို နှုတ်လိုက်ပါ တစ်ချောင်းတည်းဆို ရပါပြီ"

အကြီးအကဲရုန်က "အပ်ကို နှုတ်လိုက်တာနဲ့ ကျွန်တော့်ရဲ့ လမ်းညွှန်မှုနည်းလမ်းက ချို့ယွင်းသွားလိမ့်မယ်။ အကယ်၍ မိစ္ဆာအဆိပ်က ပြန်တက်လာရင် ရေကာတာ ကျိုးသွားသလိုမျိုး ထိန်းမနိုင် သိမ်းမရ ဖြစ်သွားပြီး ကယ်တင်ဖို့ လမ်းစ ရှိတော့မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

ဝမ်ပင်းက "နည်းနည်းလေးပဲ ဆွဲထုတ်ကြည့်လိုက်ရင် ရပြီဗျ" ဟု ဖြည့်စွက်၍ ပြောလိုက်သည်။

ဘုန်း….

ဟွာလျောင်သည် တိတ်ဆိတ်ဖို့ လိုသည်ဟု စောစောက ပြောခဲ့သော်လည်း ယခုအခါ စိတ်မထိန်းနိုင်တော့ဘဲ စားပွဲကို အားဖြင့် ရိုက်ချလိုက်တော့သည်။

"ဝမ်ပင်း... မင်းက ဒါကို မသေမျိုးဂိုဏ်းလို့ ထင်နေတာလား။ အကြီးအကဲရုန်က ဘာအခကြေးငွေမှ မယူဘဲ စေတနာနဲ့ လူလာကယ်နေတာကို မင်းက လျှောက်ပြောပြီး လူတွေကို လမ်းမှားအောင် လုပ်နေတာပဲ။ ဒီနေ့တော့ မင်းရဲ့ မိဘတွေကိုယ်စား ငါကိုယ်တိုင် မင်းကို ဆုံးမရတော့မယ်"

စကားအဆုံးတွင် ဟွာလျောင်သည် လက်သီးဖြင့် ဝုန်းကနဲ ထိုးလိုက်တော့သည်။

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ့်သုံး၏ အရှိန်အဝါမှာ အလွန်ပင် လျင်မြန်လှရာ မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိကြချေ။ လူအားလုံး ဟွာလျောင်ရှိရာသို့ ကြည့်လိုက်သည့် အချိန်တွင် ဝမ်ပင်းမှာ အခန်းအတွင်း၌ မရှိတော့ပေ။

အခန်း။ ၅၀

ဝမ်ပင်းသည် သု့အစီအစဉ်ဖြင့် အခန်းဘေးဘက်သို့ ထွက်ခွာသွားခြင်းမဟုတ်သလို အပြင်မှ ခေါ်ယူ၍ ထွက်သွားခြင်းလည်း မဟုတ်ပေ။ အမှန်စင်စစ် ဟွာလျောင်၏ လက်သီးချက်ကြောင့် အပြင်သို့ လွင့်ထွက်သွားခြင်းပင်။ သူထိုင်ခဲ့သော ထိုင်ခုံမှာ ကြေမွပျက်စီးသွားပြီး ကြမ်းပြင်ပေါ်တွင် ထင်ကျန်ရစ်သော မြောင်းငယ်နှစ်ခုမှာ ထိုတိုက်ကွက်၏ ပြင်းထန်မှုကို သက်သေခံလျက်ရှိသည်။

"အသိညဏ် မရှိတဲ့ ကောင်"

ဟွာလျောင်သည် လက်သီးတစ်ချက် ထိုးနှက်ပြီးနောက် ရပ်တန့်သွားခြင်း မရှိဘဲ လေအဟုန်ကို အလိပ်လိုက် ထွက်ပေါ်စေလျက် တံခါးအပြင်ဘက်သို့ တဟုန်ထိုး လိုက်ပါသွားတော့သည်။

ဟွာလျောင်သည် မှီခိုရာဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးဌာနမှူးဖြစ်ပြီး ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယအာဏာအရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ သူသည် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ့်သုံးတွင် ဆယ်စုနှစ်တစ်ခုကျော် ကျင်လည်ခဲ့ပြီး တိုက်ခိုက်ရေးအတတ်ပညာ ဆယ်မျိုးထက်မနည်းကို အထွတ်အထိပ်အဆင့်အထိ တတ်မြောက်ထားသူ ဖြစ်သည်။

စောစောက လက်သီးချက်မှာ သာမန်လှုပ်ရှားမှုမျှသာ ဖြစ်သော်လည်း ယခု လိုက်လံတိုက်ခိုက်ရာတွင်မူ သူ၏ ခြေလှမ်းများမှာ အဆင့်မြင့်သိုင်းကွက်များအဖြစ် ပြောင်းလဲသွားသည်။

မျက်တောင်တစ်ခတ်အတွင်း ဝမ်ပင်း၏ အနားသို့ ရောက်ရှိသွားပြီး ဟန်ချက်ပြန်ထိန်းရန် ပြင်နေသော ဝမ်ပင်း၏ လက်တစ်ဖက်ကို ဖမ်းချုပ်လိုက်သည်။

အခန်းအတွင်းရှိ လူများ၏ မျက်နှာမှာ ကြည့်မကောင်းတော့ချေ။ ယခုကဲ့သို့ အချိန်မျိုးတွင် တိုက်ခိုက်နေကြခြင်းမှာ မသင့်တော်လှသော်လည်း ဝမ်ပင်းက မှီခိုရာဂိုဏ်းမှ ဟွာလျောင်ကို အဆုံးစွန်အထိ ဒေါသထွက်အောင် ဆွပေးခဲ့သည်ကိုလည်း အားလုံးက သိနေကြသည်။

ယွီမိုမှာ သေလုမျောပါး ဖြစ်နေပြီး ကုသမှုခံယူနေရဆဲ ဖြစ်သဖြင့် သူတို့သည် ထိုတိုက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုကြချေ။ အထဲသို့ ကူးစက်မလာသရွေ့ သူတို့အတွက် ပြဿနာမရှိဟု မှတ်ယူထားကြသည်။

ဝမ်ပင်း၏ လက်တစ်ဖက်ကို ဟွာလျောင်က ဖမ်းချုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပင်းသည် ခြေကိုမြှောက်၍ ဟွာလျောင်အား ကန်ကျောက်ပစ်လိုက်သည်။

ဘုန်း…

ထိုကန်ချက်ကြောင့် ဟွာလျောင်မှာ တုန်လှုပ်သွားခြင်း မရှိသော်လည်း ဝမ်ပင်း၏ လက်မောင်းကိုမူ လွှတ်ပေးလိုက်ရသည်။

ထို့နောက် ဝမ်ပင်းသည် ချက်ချင်းပင် နောက်သို့ ခြေလှမ်းတစ်ဆယ်ခန့် ဆုတ်ခွာသွားပြီး ယွင်လျောင်၏ ဘေးသို့ ရောက်ရှိသွားကာ အမိန့်ပေးလိုက်သည်။

"အကြီးအကဲဟွာ... အဆင့်တစ်ဆယ့်သုံး ခွန်အားနဲ့ ကျွန်တော့်ကို ချောင်းမြောင်းတိုက်ခိုက်တာ တကယ်ကို အထင်ကြီးစရာပဲဗျာ။ ယွင်လျောင်... သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ပေးလိုက်စမ်း"

"နားလည်ပါပြီ"

ယွင်လျောင်သည် ခပ်ပါးပါး ပြုံးလိုက်သည်။ စာပေတတ်ကျူးသော ပညာရှိတစ်ဦးကဲ့သို့ နူးညံ့သော သူ၏ မျက်နှာထက်တွင် ယခုအခါ ထက်မြက်သော အရှိန်အဝါတို့ ကိန်းအောင်းလာသည်။

လူသတ်ဖူးသူတစ်ဦး၏ အသွင်အပြင်ကို သာမန်အားဖြင့် မသိသာနိုင်သော်လည်း သူ၏ မျက်လုံးများမှာမူ သေချာပေါက် ပြောင်းလဲသွားတတ်သည်။ လူအများအပြားကို သတ်ဖြတ်ဖူးသူဆိုလျှင် ထိုမျက်လုံးတို့မှာ ပို၍ ထူးခြားနေတတ်၏။

ယခု ယွင်လျောင်၏ မျက်လုံးများမှာလည်း ထိုသို့ပင်။ သို့သော် သူ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုများထက် ပြင်းပြသော စိတ်အားထက်သန်မှုတို့က ပို၍ လွှမ်းမိုးနေသည်။

"လာစမ်းပါ အကြီးအကဲဟွာ"

"ဪ... မင်းက မသေမျိုးဂိုဏ်းရဲ့ အစောင့်အရှောက် အဆင့်တစ်ဆယ့်သုံး ပညာရှင်ကိုး။ ဝမ်ပင်းက ရန်အိမ်တော်ကို ဘာလို့ လာရဲသလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်"

"အစောင့်အရှောက်လား"

ယွင်လျောင်သည် ဟွာလျောင်၏ စကားကို နားမလည်သော်လည်း ပြန်လည်မေးမြန်းခြင်း မပြုတော့ချေ။ ဤနေရာတွင် မှီခိုရာဂိုဏ်းသည် နဂါးတစ်ကောင် ဖြစ်နေပါစေဦး ဝပ်နေရမည်သာ ဖြစ်ကြောင်းကို သူ၏ လက်သီးများဖြင့် သက်သေပြရန်သာ ဆုံးဖြတ်လိုက်သည်။ မသေမျိုးဂိုဏ်း၏ ဂုဏ်သိက္ခာကို အစော်ကားခံ၍ မဖြစ်ပေ။

သူသည် လေပြည်ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့ တိုးဝင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ဟွာလျောင်၏ ရှေ့သို့ ရောက်ရှိသွားပြီး ဘေးတိုက် ကန်ချက်တစ်ချက်ကို ပြင်းထန်စွာ ထုတ်ဖော်လိုက်သည်။ ထို့နောက် လေထဲသို့ ခုန်တက်ကာ ၃၆၀ ဒီဂရီ ဝှေ့ယမ်းလျက် နောက်ထပ် ကန်ချက်တစ်ချက်ဖြင့် ဖိနှိပ်လိုက်ပြန်သည်။ ဟွာလျောင်မှာ သူ၏ လက်နှစ်ဖက်ကို အသုံးပြု၍သာ ခုခံနေရတော့သည်။

ဟွာလျောင်သည် အစပိုင်းတွင် လှောင်ပြုံး ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ ချက်ချင်းပင် ရပ်တန့်သွားရသည်။

"ဒီလောက်ပဲလား..."

ဟွာလျောင်၏ ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ မြေကြီးထဲသို့ နစ်ဝင်သွားပြီး လက်မဝက်ခန့် ထူသော ကျောက်ပြားကြီးမှာလည်း ကြေမွသွားရသည်။ ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားပင်။

ယွင်လျောင်သည် ချက်ချင်းပင် သူ၏ ချီဓာတ်များကို စုစည်းကာ ခြေဖျားသို့ ပို့လွှတ်လိုက်ပြီး ဟွာလျောင်၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်လျက် အေးဆေးစွာ ပြောလိုက်သည်။

"ဒါ မှီခိုရာဂိုဏ်း အကြီးအကဲတစ်ယောက်ရဲ့ ခွန်အားလား။ ဒီလောက်ပဲဆိုရင်တော့ ကျွန်တော် တကယ်ကို စိတ်ပျက်မိပါတယ်"

ဘုန်း….

ဟွာလျောင်သည် ယွင်လျောင်၏ ကန်ချက်ကို ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်သော်လည်း ပြင်းထန်လှသော အရှိန်ကြောင့် တစ်ကိုယ်လုံး တုန်ခါသွားရသည်။

သူ၏ ပါးစပ်အတွင်း သွေးနံ့များ လှိုင်တက်လာ၏။

သူ ပါးစပ်ဟလိုက်သည်နှင့် သွေးစများမှာ နှုတ်ခမ်းထောင့်မှ စီးကျလာတော့သည်။

ဟွာလျောင်သည် လက်မဖြင့် သွေးများကို သုတ်လိုက်ပြီး စောစောကထက် ပိုမိုပြင်းထန်သော ဒေါသများဖြင့် အော်ဟစ်လိုက်သည်။

"ငါ အစွမ်းကုန် မသုံးချင်သေးဘူး။ ဒါပေမဲ့ မင်းက ဒီလောက်တောင် ရဲတင်းနေမှတော့ ငါလည်း လက်တွန့်နေမှာ မဟုတ်ဘူး"

"မျောက်ဝံလျှပ်စီးအပြေး"

၎င်းမှာ သူ၏ တစ်သက်တာလုံး လေ့လာခဲ့သော တိုက်ခိုက်ရေးအတတ်ဖြစ်ပြီး လွန်ခဲ့သော ငါးနှစ်ကတည်းက အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်းပင်။

သူ့တွင် လျှို့ဝှက်ချက်တစ်ခု ရှိသည်ဆိုလျှင် ဤအတတ်ပညာပင်။ ၎င်းကို အသုံးပြုလိုက်ပါက မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်ဖြတ်လတ်သွားသလို ခွန်အားမှာလည်း မျောက်ဝံကြီးတစ်ကောင်ကဲ့သို့ ကြီးမားလာကာ အစွမ်းနှစ်ရပ်မှာ ပေါင်းစပ်သွားတော့သည်။

ဤအတတ်ပညာကြောင့်ပင် သူသည် စည်းကမ်းထိန်းသိမ်းရေးဌာနမှူးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ခြင်းပင်။

ဘုန်း….

ဟွာလျောင်သည် ဝုန်းကနဲ ထွက်ပေါ်လာပြီး ရှေ့သို့ တဟုန်ထိုး တိုးဝင်လိုက်သည်။ သို့သော် ခေါင်းဖြင့် တိုးဝင်ခြင်းမဟုတ်ဘဲ ခြေလှမ်းများဖြင့် အရှိန်ယူလိုက်ခြင်းပင်။

သူ၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှသဖြင့် ကြည့်နေသူများမှာ လူရိပ်တစ်ခု လွင့်ပျံသွားသကဲ့သို့သာ ခံစားရသည်။ ထိုအရှိန်မှာ ယန်ဟွာ ထွက်ပြေးစဉ်က အရှိန်ထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။

သို့သော် ကန်ချက် ထွက်ပေါ်လာချိန်တွင် ယွင်လျောင်မှာ ဘေးသို့ ရှောင်တိမ်းလိုက်နိုင်သည်။

ဟွာလျောင်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏ တိုက်ကွက်မှာ ထိုမျှနှင့် မပြီးသေးချေ။ သူသည် လေထဲတွင်ပင် ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။ သူ၏ လှုပ်ရှားမှုမှာ လေထုထဲတွင် နင်းခြေစရာ တစ်ခုခု ရှိနေသကဲ့သို့ပင် ထင်မှတ်ရသည်။

သူ၏ ခြေထောက်များမှာ လေစကြာတစ်ခုကဲ့သို့ ဘေးတွင် ပုန်းနေသော ယွင်လျောင်ဆီသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

"ငါ့ရှေ့မှာ ဒူးထောက်လိုက်စမ်း"

ဘုန်း…

ဖုန်မှုန့်များမှာ တထောင်းထောင်း ထသွားတော့သည်။

ဟွာလျောင်သည် ဟန်ချက်ကို ပြန်လည်ထိန်းလိုက်ပြီးနောက် နှစ်မီတာခန့်အကွာတွင် ရပ်လိုက်သည်။ သူ၏ မျက်နှာထက်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်တို့ လွှမ်းမိုးနေလျက် "ဒီလောက်ကလေးနဲ့ ငါ့ကို အထင်သေးရဲတယ်ပေါ့။ တကယ်ပဲ ကျားရှေ့က နွားမသိကလေးလို မကြောက်မရွံ့နိုင်လွန်းလှချေလား"

ထိုစဉ် လေတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားရာ ဖုန်မှုန့်များ လွင့်စင်သွားတော့သည်။

မြေပြင်ပေါ်တွင် တစ်မီတာခန့် ကျယ်ဝန်းသော ချိုင့်ခွက်ကြီးတစ်ခု ပေါ်ထွက်နေပြီး ၎င်းမှာ စောစောက ဟွာလျောင်၏ ပြင်းထန်သော ကန်ချက်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။ မြေသားပေါ်တွင် ခင်းထားသော ကျောက်ပြားများမှာလည်း ကြွေပြားများကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးနေသည်။

သို့သော်လည်း ယွင်လျောင်မှာမူ ထိုချိုင့်ခွက်ကြီး၏ ဘေးတွင် အစင်းရာလေးတစ်ခုပင် မထင်ဘဲ အေးဆေးစွာ ရပ်နေဆဲပင်။

"ဒါကိုပဲ မင်းက အရှိန်လို့ ခေါ်တာလား"

ယွင်လျောင်က ခပ်တိုးတိုး ရယ်မောလိုက်သည်။ ဟွာလျောင်သ၏ အရှိန်မှာ လေဆာတန်းတစ်ခုနှင့် ယှဉ်လိုက်ပါက အလွန်ပင် နှေးကွေးလွန်းလှရာ ဆွဲအားစက်ကွင်းအတွင်းမှာပင် သူသည် ထိုသို့သော တိုက်ကွက်မျိုးကို အလွယ်တကူ ရှောင်တိမ်းနိုင်စွမ်း ရှိသည်။

"မဖြစ်နိုင်တာ"

"မင်းရဲ့ အရှိန်က နှေးလွန်းတယ်"

ဘုန်း….

ဟွာလျောင်တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း သူ၏ ရှေ့မှောက်သို့ ယွင်လျောင် ရောက်ရှိလာသဖြင့် အမြင်အာရုံတို့ မှောင်အတိ ကျသွားရသည်။

မျက်နှာချင်းဆိုင်အနေအထားဖြင့် စိုက်ကြည့်နေကြ၏။

"မင်း..."

ဟွာလျောင်၏ စကားတို့မှာ လည်ချောင်းဝတွင်ပင် ရပ်တန့်သွားရသည်။ သူ၏ ဝမ်းဗိုက်ဆီသို့ လက်သီးချက် လေးငါးချက်၊ သို့မဟုတ် ခုနစ်ချက် ရှစ်ချက်ခန့် တရစပ် ကျရောက်လာသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ ထိုလက်သီးချက်တို့မှာ ရေတွက်၍ မရနိုင်

လောက်အောင်ပင် လျင်မြန်လွန်းလှသည်။

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ့်သုံး၏ အရှိန်အဟုန်ကိုပင် ကျော်လွန်နေသည်။

ဤမျှ မြန်ဆန်သော အရှိန်မျိုးကို ဟွာလျောင်သည် သူ၏ ဂိုဏ်းချုပ်ထံတွင်သာ မြင်ဖူးခဲ့ပြီး အခြား မည်သည့်နေရာတွင်မျှ မတွေ့ဖူးခဲ့ချေ။

ငါ့ရှေ့မှာရှိနေတဲ့သူက အဆင့် ၁၃ ရဲ့ အောင်နိုင်သူအဆင့်ကို ရောက်နေတဲ့သူတွေထဲက တစ်ယောက်များလား။

အဟွတ်... အဟွတ်

ဟွာလျောင်သည် ဒူးတစ်ဖက် ထောက်လျက် ပြင်းထန်စွာ ချောင်းနှစ်ချက် ဆိုးလိုက်ပြီး နာကျင်မှုကို အောင့်အည်းကာ ပြန်ရပ်လိုက်ပြန်သည်။

သို့သော် သူ၏ စိတ်ထဲတွင်မူ တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် အကြံမရှိတော့ဘဲ ထွက်ပြေးရန်သာ စဉ်းစားနေတော့သည်။ သူသည် ယွင်လျောင်၏ အကြောင်းကို ဘာမျှမသိသော်လည်း ဤသူ၏ အရှိန်နှင့် ခွန်အားမှာ သူ့ထက် သာလွန်နေသည်မှာ ထင်ရှားလှသည်။ ဆက်လက် တိုက်ခိုက်နေပါက ဤနေရာတွင်ပင် သူ၏ ဘဝနိဂုံးချုပ်သွားနိုင်ချေ ရှိသည်။

သူ သေဆုံးမည် မဟုတ်သည်မှာ သေချာသော်လည်း သူ၏ တစ်သက်တာလုံး တည်ဆောက်ခဲ့သော ဂုဏ်သတင်းမှာ ပျက်စီးသွားပေလိမ့်မည်။ ထို့အပြင် ဤသူသည် သူ့ကို နင်းခြေ၍ မသေမျိုးဂိုဏ်းကို လူတကာ၏ အကြည့်ရှေ့မှောက်သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာအောင် ပြုလုပ်သွားပေလိမ့်မည်။

ဘုန်း….

ရုတ်တရက် ဟွာလျောင်သည် မြေပြင်ပေါ်သို့ တစ်စုံတစ်ခုကို ပစ်ချလိုက်ရာ စူးရှသော အဖြူရောင် အလင်းတန်းတစ်ခု ဖြာထွက်လာပြီး သူသည် နောက်ဖေးဝင်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

မြေပြင်ပေါ်တွင် စကားလုံးအချို့ကိုသာ ချန်ထားခဲ့သည်။

"နောင်တစ်ချိန် ပြန်ဆုံကြသေးတာပေါ့"

"မတိုက်ဘဲနဲ့ ထွက်ပြေးသွားတယ်... သူရဲဘောကြောင်လိုက်တာ"

ယွင်လျောင်သည် လိုက်လံ ဖမ်းဆီးခြင်း မပြုဘဲ အေးစက်စွာ ရေရွတ်လိုက်သည်။

"တိုက်ပွဲပြီးရင်တော့ ကြွားချင်တာတွေ ခဏထားလိုက်ပါဦး။ သွားကြရအောင်... ဟို အရှက်မရှိတဲ့ အဖိုးကြီးရဲ့ မျက်နှာဖုံးကို ငါတို့ သွားခွာရမယ်"

ဝမ်ပင်းသည် လှည့်ထွက်လာပြီး အဆောင်ခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်။

ရန်ကျုံးရှန်းနှင့် အခြားသူများမှာ သူတို့နှစ်ဦး ဒဏ်ရာမရဘဲ ပြန်ဝင်လာသည်ကို မြင်သောအခါ အံ့အားသင့်စွာ ကြည့်နေကြမိသည်။

ဟွမ်ကုန်းက "ပြဿနာ ပြေလည်သွားပြီလား" ဟု မေးလိုက်သည်။

ဝမ်ပင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "စိတ်မကောင်းပါဘူး စီနီယာမိစ္ဆာစားဖိုမှူးကြီး... သူကပဲ ကျွန်တော့်ကို အတင်းလိုက်တိုက်နေတာလေ" ဟု ဆိုလိုက်၏။

"အကြီးအကဲဟွာလျောင်ရော ဘယ်မှာလဲ"

"ထွက်ပြေးသွားပြီဗျ သွေးနှစ်ခွက်လောက် အန်ပြီး ပျောက်သွားတာပဲ"

ဝမ်ပင်းက အေးဆေးစွာပင် ပြန်ဖြေလိုက်ပြီး အပ်စိုက်နေဆဲဖြစ်သော အကြီးအကဲရုန်ကို ကြည့်လိုက်သည်။ အပ်အရေအတွက်မှာ တဖြည်းဖြည်း ပိုမိုများပြားလာသည်။

ဝမ်ပင်း၏ အဖြေမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း ရန်ကျုံးရှန်း၏ နားထဲတွင်မူ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။

ဟွာလျောင်ဆိုတာ ဘယ်သူလဲ။ သူက မှီခိုရာဂိုဏ်းရဲ့ ဒုတိယအာဏာအရှိဆုံး စည်းကမ်းထိန်းသိမ်းရေးဌာနမှူး မဟုတ်ဘူးလား။ အခုလိုနေရာမျိုးမှာ ရှုံးသွားရုံတင်မကဘဲ ထိတ်လန့်တကြား ထွက်ပြေးသွားရတယ်ဆိုရင်... အကြီးအကဲယွင်ရဲ့ ခွန်အားက ဘယ်လောက်တောင် ကြီးမားနေလို့လဲ။

မသေမျိုးဂိုဏ်း မပျက်စီးခင်ကတည်းက ဒီလောက်သန်မာတဲ့ အကြီးအကဲနှစ်ယောက် မရှိခဲ့တာတော့ အသေအချာပဲ။ ဒါဆိုရင်တော့ မသေမျိုးဂိုဏ်း ပြန်ပြီး ဦးမော့လာတော့မှာပေါ့။

မှီခိုရာဂိုဏ်းက ဘယ်လောက်ပဲ အင်အားကြီးကြီး ဆန်းဝူမြို့ကို လွှမ်းမိုးဖို့ကတော့ လွယ်တော့မှာ မဟုတ်ဘူး။

ထိုအချိန်တွင် ဝမ်ပင်းသည် အကြီးအကဲရုန်၏ အနားသို့ လျှောက်သွားကာ "အဖိုးကြီး... ခင်ဗျားရဲ့ နောက်ခံလူတောင် ထွက်ပြေးသွားပြီ။ ခင်ဗျားက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ငါးပဲ ရှိတာကို... တကယ်ပဲ ဆက်ပြီး ဟန်ဆောင်နေဦးမှာလား" ဟု ပြောလိုက်သည်။

"သူက သူ ငါက ငါပါ။ ငါကတော့ အဆုံးထိ ကုသပေးသွားမှာပဲ"

"ဒီအချိန်အထိ ဟန်ဆောင်နေတုန်းပဲလား။ ဒါဆိုရင်တော့ ကျွန်တော်လည်း ခင်ဗျားကို မျက်နှာနာနေမှာ မဟုတ်တော့ဘူး။ ခင်ဗျား အော်ဟစ်မြွေအကြောင်းကို မသိဘူး မဟုတ်လား"

"မင်းကို ငါက ဘာလို့ ပြောပြရမှာလဲ"

"ခင်ဗျား တကယ်မသိတာပါ။ သိရင် ငွေအပ်တွေကို သုံးမှာမဟုတ်ဘူး။ အော်ဟစ်မြွေရဲ့ မိစ္ဆာအဆိပ်က တိုက်စားနိုင်စွမ်း အလွန်ပြင်းထန်သလို မိစ္ဆာဓာတ်လည်း အားကောင်းတယ်။ ရွှေ၊ ငွေ၊ ကြေး၊ သံ... ဘယ်လို သတ္တုမျိုးမဆို အဆိပ်တစ်စက် ထိရုံနဲ့ တိုက်စားခံရနိုင်တာ။ ခင်ဗျား ဒါကို မသိဘူး မဟုတ်လား"

"အပိုတွေ လျှောက်ပြောနေပြန်ပြီ"

"စီနီယာဟွမ်ကုန်း... စီနီယာကရော ဘယ်လိုထင်လဲ"

ဝမ်ပင်းသည် ဟွမ်ကုန်းကို လှမ်းကြည့်လိုက်ပြီးနောက် နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။

ဟွမ်ကုန်းသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ငွေအပ်တစ်ချောင်းကို ကောက်ယူကာ ယွီမို၏ ကုတင်နားသို့ သွားလိုက်ပြီး သူ၏ လက်မောင်းထဲသို့ အပ်ကို ထိုးစိုက်လိုက်သည်။

အကြီးအကဲရုန်မှာ တားဆီးရန် အချိန်မရလိုက်ဘဲ ငွေအပ်မှာ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသည်။

အပ်ကို ပြန်လည် ဆွဲထုတ်လိုက်သောအခါ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသော အပိုင်းမှာ ပျောက်ကွယ်နေပြီး တစ်စုံတစ်ခုက ကိုက်ဖြတ်လိုက်သကဲ့သို့ပင်။

All Chapters