← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

Chapter 41+42

~

အခန်း ၄၁+၄၂ : နတ်ဆိုးအရှင် ပိုက်ဆံချေးခြင်း

~

" ဟေ့.. ပုလဲနို့လက်ဖက်ရည် နှစ်ခွက်ပေးပါ.. တစ်ခွက်က အချိုကဲ.. တစ်ခွက်က အချိုလျှော့နော်.."

နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် ကျိုးယန့်သည် ဝန်ထမ်းထံတွင် နို့လက်ဖက်ရည် မှာယူလိုက်သည်။ ထို့နောက် စိတ်ကို တည်ငြိမ်အောင်ထားပြီး ရှေ့တွင်ရှိသော လင်းဖန်ကို ကြည့်လိုက်၏ ။

"အော် ဒါနဲ့.. မင်း ငါ့ကို တစ်ခုခု ပြောစရာရှိတယ်ဆိုတာ ဘာကိစ္စလဲ.."

ကျိုးယန့်က တိုက်ရိုက်မေးလာသည်ကို မြင်သောအခါ လင်းဖန်လည်း ဝေ့ဝိုက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည် ။

"ငါ မင်းဆီကနေ ယွမ်နှစ်သောင်းလောက် ချေးချင်လို့ပါ.."

ကျိုးယန့်သည် သူ၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည်။ သူတို့နှစ်ဦးမှာ တစ်ယောက်တွင် အတွင်းခံ ဘယ်နှစ်ထည်ရှိသည်၊ ဘာအရောင် ဝတ်တတ်သည်အထိ သိနေကြသူများဖြစ်ရာ အားနာနေစရာ မလိုပါချေ ။

ထို့ပြင် ကျိုးယန့်သည် မိဘမဲ့ဖြစ်သော လင်းဖန်နှင့် မတူပေ။ သူ၏ မိဘနှစ်ပါးစလုံးမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး ဘိုးဘွားများမှာလည်း မှော်မြို့တော် တွင် အငှားအိမ်ရာ အများအပြား ပိုင်ဆိုင်ကြသူများဖြစ်ရာ သူသည် တကယ့်သူဌေးသား၊ အိမ်ရာပိုင်ရှင်ကြီး တစ်ယောက်ပင် ဖြစ်သည် ။

သာမန်လူများအတွက် ယွမ်နှစ်သောင်းဆိုသည်မှာ များပြားသော ပမာဏဖြစ်နိုင်သော်လည်း သူ့အတွက်မူ မုန့်ဖိုးမျှသာ ဖြစ်သည် ။

"ဒါလေးတင်လား.. ယွမ်နှစ်သောင်းဆိုတာ ကိစ္စမရှိပါဘူး.."

ပိုက်ဆံချေးသည့် ကိစ္စမှန်း သိလိုက်ရသောအခါ ကျိုးယန့်သည် တုံ့ဆိုင်းခြင်းမရှိဘဲ လက်ကို ဝေ့ယမ်းလိုက်ကာ သူ၏ အိတ်ထဲမှ ငွေစက္ကူအထပ်လိုက်ကို ထုတ်ပြီး စားပွဲပေါ်သို့ ချလိုက်သည် ။

ဤကဲ့သို့သော မောက်မာလှသည့် လုပ်ရပ်ကြောင့် လင်းဖန်ပင် အံ့သြသွားရသည် ။

"မင်း ဘယ်လိုလုပ်ပြီး ကိုယ်ပေါ်မှာ ပိုက်ဆံတွေ အများကြီး သယ်လာတာလဲ.."

ကျိုးယန့် ချမ်းသာမှန်း သိသော်လည်း ယခုကဲ့သို့ ငွေသားသောင်းချီ၍ သယ်လာလိမ့်မည်ဟု လင်းဖန် မထင်ထားခဲ့ပေ ။

ယခုခေတ်မှာ ဖုန်းဖြင့် ငွေပေးချေသည့်ခေတ်ဖြစ်ရာ လူတိုင်းမှာ ဈေးဝယ်ခြင်း၊ ခရီးသွားခြင်းနှင့် ငွေလွှဲခြင်းတို့အတွက် ဖုန်းကိုသာ သုံးကြသည် ။

ငွေသားသယ်ဆောင်ခြင်းမှာ အဆင်မပြေသည့်အပြင် ဘေးမကင်းလှပေ။ထို့ကြောင့် ငွေသားအမြောက်အမြား သယ်သူမှာ ရှားပါးလှ၏။

"ဖုန်းထဲက ပိုက်ဆံဆိုတာ ကိန်းဂဏန်းတွေပဲလေ..လက်ထဲမှာ ကိုင်ထားလို့ရတဲ့ အရာမှ ပိုက်ဆံအစစ်လို့ ခေါ်တာ.."

"နားထောင်ကြည့်.. ဒါက ပိုက်ဆံတွေရဲ့ အသံပဲ.. ငါကတော့ ဒါကို လောကမှာ စိတ်ကို အကြည်နူးစေဆုံး အသံလို့ ခေါ်တယ်.."

ကျိုးယန့်သည် ယွမ်နှစ်သောင်းကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး လက်ချောင်းများဖြင့် ငွေစက္ကူများကို တဖြတ်ဖြတ် လှန်ပြလိုက်ရာ တရှဲရှဲ အသံများ ထွက်ပေါ်လာသည် ။

ထိုအသံထဲတွင် နစ်မျောနေသော ကျိုးယန့်ကို ကြည့်ပြီး လင်းဖန်မှာ ပြန်ပြောစရာ စကားပင် ရှာမတွေ့တော့ပေ။ထို့ပြင် သူကိုယ်တိုင်ပင် ကျိုးယန့်၏ စကားကို လက်ခံမိနေသည် ။

အထူးသဖြင့် အခုချိန်တွင် ပိုက်ဆံ အလွန်အမင်း လိုအပ်နေသော သူအဖို့တော့ . . .

ယခင်က သူသည် ပိုက်ဆံကို အရေးမကြီးဟု ထင်ခဲ့သော်လည်း ယခု ငွေစက္ကူများ၏ တရှဲရှဲ အသံကို ကြားရသည်မှာ သဘာဝတရား၏ အသံကို ကြားရသကဲ့သို့ပင် ခံစားမိချေသည် ။စိတ်ဓာတ်ကျနေသူပင် ချက်ချင်း ပျောက်ကင်းသွားနိုင်လောက်၏ ။

"ရော့.."

ကျိုးယန့်သည် ယွမ်နှစ်သောင်းကို စားပွဲပေါ်တင်ကာ လင်းဖန်ဘက်သို့ တွန်းပို့လိုက်သည် ။

"ကျေးဇူးပဲ.."

လင်းဖန်က လှမ်းယူရန် လက်ဆန့်လိုက်သော်လည်း ကျိုးယန့်၏ လက်ချောင်းများမှာ ငွေစက္ကူများအပေါ်တွင် ဖိထားဆဲ ဖြစ်သည် ။

သူ၏ နောက်ပြောင်နေသော အမူအရာကို ဖျောက်ပစ်ကာ မျက်နှာတည်သွားသည်။ ဘေးပတ်ပတ်လည်တွင် လူရှိမရှိ ကြည့်ပြီးနောက် စားပွဲပေါ်သို့ ကိုယ်ကိုကိုင်းကာ လင်းဖန်ကို တိုးတိုးလေး မေးလိုက်သည် ။

"လင်းဖန်.. ငါ မင်းကို ပိုက်ဆံ ဒီအတိုင်း ချေးပေးရုံတင် မဟုတ်ဘူး..ညီအစ်ကိုတွေမို့လို့ မင်းကို အလကားတောင် ပေးနိုင်တယ်..ဒါပေမဲ့ မင်း ငါ့ကို အမှန်အတိုင်း ပြော.. မင်း မူးယစ်ဆေးတွေ ဘာတွေ မသုံးဘူး မလား.."

လင်းဖန်သည် ကျိုးယန့်ကို ကြည့်ကာ မျက်လုံးအသာအယာ လှန်လိုက်မိသည် ။

"ငါ့ပုံစံက အဲ့ဒါတွေ သုံးမယ့်ပုံ ပေါက်နေလို့လား.."

"အင်း . . . မပေါက်ပါဘူး .."

ကျိုးယန့်သည် လင်းဖန်ကို သေချာ စစ်ဆေးကြည့်ပြီးနောက် ခေါင်းခါလိုက်သည် ။

ပုံမှန်အားဖြင့် မူးယစ်ဆေးသုံးသူများသည် စိတ်ကယောင်ကတမ်းဖြစ်ပြီး ပိန်ချုံးနေတတ်သည်။ဆေးဖြတ်ချိန်တွင် ရူးသွပ်သွားတတ်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးကာ လူနှင့်ပင် မတူတော့ပေ ။

သူ့ရှေ့မှ လင်းဖန်မှာမူ ခွန်အားအပြည့်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာလည်း အလွန်ကျန်းမာသန်စွမ်းနေရာ မူးယစ်ဆေးသုံးမည့်သူနှင့် လုံးဝ မတူပါချေ ။

"မူးယစ်ဆေး မဟုတ်ရင် လောင်းကစားလား.."

ကျိုးယန့်က စိုးရိမ်တကြီး ထပ်မေးသည် ။

"မဟုတ်ဘူး.. ငါ လောင်းကစားလုပ်တာကို အမုန်းဆုံးဆိုတာ မင်း သိသားပဲ.."

"ဒါလည်း ဟုတ်တာပဲ .."

ကျိုးယန့်က ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ ခန့်မှန်းပြန်သည် ။

"ဒါဆို မင်း လူမိုက်တွေဆီကနေ အတိုးကြီးပေးပြီး ပိုက်ဆံချေးထားမိလို့လား.."

"မဟုတ်ဘူး.."

လင်းဖန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး စိတ်မရှည်သော အမူအရာ ပေါ်လာသည် ။

"ယန့်ကျီ..မင်း ချေးမှာလား မချေးဘူးလား အဲ့ဒါပဲ ပြောစမ်းပါ.. ဘာလို့ ဒီလောက် အမေးအမြန်းထူနေတာလဲမင်းက သန်းခေါင်စာရင်း စစ်နေတာလား.."

"ဟီးဟီး..မေးခွန်းများတယ်လို့ မထင်ပါနဲ့ကွာ.. မင်းက ငါ့ဆီမှာ တစ်ခါမှ ပိုက်ဆံမတောင်းဖူးတော့ မင်း လမ်းမှားရောက်သွားမှာ စိုးလို့ပါ.."

ကျိုးယန့်က အခြေအနေကို ပြန်ထိန်းသည့်အနေဖြင့် ဖော်ဖော်ရွေရွေ ပြုံးပြလိုက်သည် ။

သူငယ်ချင်းက သူ့အပေါ် စေတနာထားမှန်း သိသဖြင့် လင်းဖန်လည်း ဘာမှ ထပ်မပြောတော့ဘဲ စပ်စုသည့်အနေဖြင့် မေးလိုက်သည် ။

"မင်းက လောင်းကစားနဲ့ မူးယစ်ဆေးအကြောင်း မေးပြီးပြီ..အပြင်က ပိုက်ဆံတိုးချေးတဲ့သူတွေအကြောင်းလည်း သိပြီးပြီ..နောက်ဆုံးတစ်ခုကို ဘာလို့ မမေးတာလဲ.."

"အော် အဲ့ဒါလား.. အဲ့ဒါကတော့ ကိစ္စမရှိပါဘူး.. ပိုက်ဆံ အများကြီး မကုန်ဘူးလေ.."

ကျိုးယန့်က ခဏမျှ စဉ်းစားပြီး လင်းဖန် ဘာကို ဆိုလိုမှန်း သိသွားသောအခါ အရေးမစိုက်သလို ပြောလိုက်သည် ။

"အဲ့ဒါကို ကြိုက်တယ်ဆိုရင် ခဏနေရင် ငါ မင်းကို ခြေထောက်နှိပ်တဲ့ဆီ ခေါ်သွားပေးမယ်..ဆယ်ယောက်လောက်တောင် ခေါ်ပေးလိုက်ဦးမယ်.."

လင်းဖန် .. " . . ."

"ထားလိုက်ပါတော့.. ထားလိုက်ပါတော့ . . ."

လင်းဖန် စကားပင် မပြောနိုင်တော့ဘဲ လက်ကို အမြန်ဝေ့ယမ်းကာ ငြင်းဆိုလိုက်သည်။ ထို့နောက် အကြောင်းပြချက် တစ်ခုကို အမြန်ရှာပြောလိုက်သည် ။

"ငါ ခရီးသွားနေတုန်းက ငွေအကုန်သုံးပစ်လိုက်မိလို့ မင်းဆီက လာချေးတာပါ..အများကြီး မတွေးနဲ့တော့.."

"အဲ့လိုဆိုရင်လည်း အစကတည်းက ပြောလေ..အခုမှပဲ စိတ်အေးရတော့တယ် ."

ကျိုးယန့်က စိတ်သက်သာရာရသွားကာ ဖိထားသော လက်ကို ဖယ်ပေးလိုက်သည် ။

"ရော့.. ယူတော့.."

"ကျေးဇူးပဲ.. နောက်ကျရင် ငါ နှစ်ဆ ပြန်ဆပ်ပါ့မယ်.."

လင်းဖန်သည် ယွမ်နှစ်သောင်းကို ယူလိုက်ရင်း ကျေးဇူးတင်စကားနှင့် ကတိစကားကို ပြောလိုက်သည် ။

သူသည် ပုံမှန်အားဖြင့် သူတစ်ပါးထံမှ ပိုက်ဆံချေးလေ့ မရှိပေ။ အကယ်၍ ချေးဖြစ်ခဲ့လျှင်လည်း မည်မျှပင် ရင်းနှီးသော သူငယ်ချင်းဖြစ်ပါစေ အမြဲတမ်း ပြန်ဆပ်လေ့ရှိ။။ ဤသည်မှာ သူ၏ မပြောင်းလဲသော မူဝါဒပင် ဖြစ်သည် ။

"ရပါတယ်..အချိန်အကန့်အသတ် မရှိဘူး .. မင်း အဆင်ပြေတဲ့အချိန်မှ ပြန်ပေးလည်း ရတယ်.."

ကျိုးယန့်က လက်ကို ရက်ရောဟန်ဖြင့် ဝေ့ယမ်းလိုက်ပြီး အရေးမစိုက်သလို ပြောသည် ။ ထို့နောက် စကားစပြောင်းလိုက်သည် ။

"ဒါနဲ့ မင်း ပြန်ရောက်လာပြီဆိုတော့ အရင်အလုပ်ကနေ ထွက်လိုက်ပြီလား..အခု ဘာလုပ်နေလဲ.."

"အင်း . . . ဝတ္ထု ရေးနေတယ်.."

လင်းဖန်က ခဏမျှ တုံ့ဆိုင်းပြီးနောက် အမှန်အတိုင်း ဖြေလိုက်သည် ။

" ဟမ်.."

ကျိုးယန့်၏ မျက်နှာမှာ အံ့သြသွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့် ပုံစံ ပေါ်လာသည် ။

"မင်း ငါ့ဆီကနေ ပိုက်ဆံလာချေးတာ မဆန်းတော့ပါဘူး.. ဝတ္ထုရေးနေတာကိုး .."

လင်းဖန် .. " . . ."

လင်းဖန်မှာ ရှက်ကိုးရှက်ကန်းနှင့် ငြိမ်နေမိသည် ။ ဘာမှလည်း ပြန်မငြင်းနိုင်ပါချေ ။

သူ ဝတ္ထုရေးရာမှ ပိုက်ဆံမရသေးသဖြင့် လာချေးရသည်မှာ အမှန်ပင် မဟုတ်ပါလော ။

"လင်းဖန်.. ငါက မင်းကို အပြစ်ပြောတာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ အဲ့ဒီဝတ္ထုရေးတာကို လက်လျှော့လိုက်တာ ပိုကောင်းမယ်ထင်တယ်.. အဲ့ဒါက အနာဂတ်မရှိတဲ့ လမ်းပဲ..တစ်နေ့ကျရင် မင်း ငတ်သေသွားနိုင်တယ်.."

"ငါ မင်းကို အလုပ်အသစ် တစ်ခုလောက် မိတ်ဆက်ပေးရမလား.."

ကျိုးယန့်က အလေးအနက် အကြံပေးသည် ။

လင်းဖန်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းခါကာ ငြင်းလိုက်၏ ။

"ငါ ခရီးတွေ အကြာကြီး သွားခဲ့ရတော့ အခုလို လွတ်လွတ်လပ်လပ် နေရတာကိုပဲ ပိုသဘောကျပါတယ်ကွာ.."

"ဟူး.. ကောင်းပြီလေ.."

လင်းဖန်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်သောအခါ ကျိုးယန့်က ထပ်ပြီး မတိုက်တွန်းတော့ဘဲ သူ၏ အိတ်ထဲမှ နောက်ထပ် ယွမ်နှစ်သောင်းကို ထုတ်လိုက်ပြန်သည် ။

"ရော့..နောက်ထပ် ယွမ်နှစ်သောင်း.. ဒါကိုလည်း မင်းကိုပဲ ပေးလိုက်မယ်..နောက်ပိုင်း မင်း လိုအပ်မှာပါ.."

"ဒီ ယွမ်လေးသောင်းကတော့ မင်း ဝတ္ထုရေးတာကို လက်လျှော့တဲ့အထိ လောက်ငှမှာပါ.. မင်း ရှေ့ဆက်လို့ မရတော့တဲ့အခါကျရင် ငါ့ကို ပြောလိုက်ဦး.."

လင်းဖန် .. " . . ."

"မင်း ငါ့ကို ကောင်းတဲ့ ဆုတောင်းလေး တစ်ခါလောက်တောင် မပေးနိုင်ဘူးလား .."

စားပွဲပေါ်က နောက်ထပ် ယွမ်နှစ်သောင်းကို ကြည့်ပြီး လင်းဖန်မှာ စိတ်လှုပ်ရှားရသလို စိတ်ပျက်သလိုလည်း ခံစားလိုက်ရသည် ။

ကျိုးယန့်က အားရပါးရ ရယ်မောလိုက်ပြီး လင်းဖန်၏ ပခုံးကို ပုတ်ကာ မျက်နှာတည်လိုက်သည်၊ ထို့နောက် လေသံပြောင်းကာ ပြောလိုက်သည် ။

"ဒါဆိုရင် ငါ စကားပြန်ပြောမယ်.. မင်း သေချာပေါက် အောင်မြင်မှာပါလို့ ငါ ယုံကြည်တယ်.."

ထိုသို့ပြောရင်း ကျိုးယန့်သည် ပြုံးချင်နေသော သူ၏ နှုတ်ခမ်းကို မနည်း ထိန်းထားရသည် ။

လင်းဖန်မှာ ဆွံ့အကာ ကြည့်နေမိသည် ။

ဤကောင်က သူ့ကို လုံးဝ မယုံဘဲ ဟာသလုပ်နေတာ သိသာလှပေ၏ ။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဝန်ထမ်းလေးက လက်ဖက်ရည်နှစ်ခွက်ကို သူတို့စားပွဲသို့ ယူလာသည် ။

"လူကြီးမင်းတို့.. ပုလဲနို့လက်ဖက်ရည် နှစ်ခွက် ရပါပြီ.. သုံးဆောင်ပါဦး.."

ဝန်ထမ်းလေးက လင်းဖန်နှင့် ကျိုးယန့်တို့၏ ရှေ့တွင် ကော်ဖီခွက်များကို အသီးသီး ချပေးလိုက်သည်။ လင်းဖန်ထံ ပေးသည့်အချိန်တွင် သူမသည် သူ့ကို သေသေချာချာ ကြည့်ကာ အပြုံးလေး တစ်ခု ပေးသွား၏ ။

"ခန္ဓာကိုယ် မိုက်တဲ့ ယောက်ျားတွေကတော့ ဘယ်သွားသွား မိန်းမတွေ ကြိုက်ကြတာပဲ ..ချီးပဲ.."

"သူ ဘာလို့ ငါ့ကိုကျတော့ မပြုံးပြတာလဲ..ငါ တကယ်ပဲ လေ့ကျင့်ခန်း လုပ်ဖို့ စီစဉ်ရတော့မယ်.."

ကျိုးယန့်က နို့လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း အလွန်တည်ကြည်သော မျက်နှာပေးဖြင့် ပြောသည် ။

"မင်း လုပ်နိုင်မှာပါ .."

လင်းဖန်က နို့လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်ရင်း ပြုံးလျက် အားပေးလိုက်သည် ။

သူ့သူငယ်ချင်းအကြောင်း သူ ကောင်းကောင်း သိသည်။ ကျောင်းတက်ကတည်းက လေ့ကျင့်ခန်း လုပ်မည်ဟု ပြောနေခဲ့ကာ ဘယ်သွားသွား အားကစားရုံ အသင်းဝင်ကတ်တွေ ဝယ်ထားတတ်သော်လည်း တစ်ခါမှ မသွားခဲ့ဖူးသူ ဖြစ်သည် ။

"ဒီတစ်ခါတော့ ငါ တကယ် အတည်ပြောတာ.."

ကျိုးယန့်၏ မျက်နှာမှာ အလေးအနက် ရှိနေသော်လည်း ခဏအကြာတွင် ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည် ။

"ဒါပေမဲ့ ဒီနေ့က ငါတို့ ညီအစ်ကိုတွေ ပြန်ဆုံတဲ့ နေ့ကောင်းရက်သာဆိုတော့ မနက်ဖြန်မှပဲ စလိုက်ကြတာပေါ့ .."

"ဒီညတော့ ငါတို့ မူးတဲ့အထိ မပြန်ကြေးနော် .."

All Chapters