အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
Chapter 45+46
~
အခန်း ၄၅+၄၆ : ဧကရီ၏ ကိုယ်ရေးအကျဉ်း
~
ကိုယ်ရေးအကျဉ်း
အမည် ။ လုံယွဲ့
လိင် ။ အမျိုးသမီး
အသက် ။ ၁၀၀၀ ကျော်
မျှော်မှန်းလစာ ။ ၁၀၀,၀၀၀ ကျော်
ပညာအရည်အချင်း ။ မရှိပါ
အလုပ်အတွေ့အကြုံ ။ လက်ရှိ ဂျီရှန်းထျန်းကုန်း၏ ဧကရီဖြစ်ပြီး အင်မော်တယ်နယ်မြေရှိ ဂိုဏ်းအားလုံးကို ထိန်းချုပ်ထားသူ ဖြစ်သည် ။ ထို့အပြင် ရှေးဦးသန့်စင်မြေ၏ သူတော်စင်မ အဖြစ်လည်းကောင်း ၊ ကောင်းကင်စောင့်ကြည့်ရေးဌာန၏ အကြီးအကဲ ၊ ကောင်းကင်အုပ်ချုပ်ရေးဌာန၏ အကြီးအကဲ အဖြစ်လည်းကောင်း ပူးတွဲတာဝန်ယူခဲ့ပြီး အင်မော်တယ်စစ်သည် သိန်းပေါင်းများစွာကို ကွပ်ကဲခဲ့သည် ။
စီမံကိန်းအတွေ့အကြုံ ။
၁။ ဂိုဏ်းများ တည်ထောင်ရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး အင်မော်တယ်အားလုံးကို ကိုယ်ပိုင်ဂိုဏ်းခွဲများ တည်ထောင်စေကာ အင်မော်တယ်နယ်မြေ၏ ကျင့်စဉ်ဥပဒေအားလုံးကို လက်ဆင့်ကမ်းပေးခဲ့သည် ။
၂။ အင်မော်တယ်နန်းတော်ကို ပြုပြင်မွမ်းမံခဲ့ပြီး နယ်မြေချဲ့ထွင်ကာ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအတွက် ခိုလှုံရာနယ်မြေတစ်ခု ဖန်တီးပေးခဲ့သည် ။
၃။ အင်မော်တယ် စည်းမျဉ်းများကို ရေးဆွဲခဲ့ပြီး လောကဥပဒေများကို ပြဋ္ဌာန်းကာ အင်မော်တယ်နယ်မြေရှိ ဂိုဏ်းများနှင့် အင်မော်တယ်အားလုံးကို စနစ်တကျ ထိန်းကျောင်းခဲ့သည် ။
၄။ ပြင်ပရန်သူများကို ခုခံတွန်းလှန်ခဲ့ပြီး နတ်ဆိုးကျူးကျော်မှုများကို အကြိမ်ကြိမ် နှိမ်နင်းခဲ့သည် ။ အင်မော်တယ်ဧကရာဇ်အဆင့်ရှိ နတ်ဆိုးသားရဲ ၁၀ ကောင်ထက်မကကို ကိုယ်တိုင် သုတ်သင်ခဲ့ပြီး အကြီးစားစစ်ပွဲများစွာကို ဦးဆောင်ပါဝင်ခဲ့သည် ။
လင်းဖန်သည် မျက်မှောင်ကြုတ်လျက် လုံယွဲ့ကိုယ်တိုင် ဖြည့်စွက်ထားသော ကိုယ်ရေးအကျဉ်းကို ကြည့်ကာ မည်သို့မည်ပုံ ဝေဖန်ရမည်မသိ ဖြစ်နေသည် ။
"ဧကရီ ဒါက မင်းရေးထားတဲ့ ကိုယ်ရေးအကျဉ်းလား.."
"ဘယ်လိုလဲ ..မဆိုးဘူးမလား.."
လုံယွဲ့သည် သူမကိုယ်သူမ ကျေနပ်အားရနေသည့် မျက်နှာပေးဖြင့် နှာခေါင်းကို အနည်းငယ် ပင့်လိုက်သည် ။
"မဟုတ်ဘူး. ဒါက လုံးဝ မဖြစ်နိုင်ဘူး .."
လင်းဖန်သည် သူမ၏ ကိုယ်ရေးအကျဉ်းကို ရက်ရက်စက်စက် ငြင်းပယ်လိုက်သည် ။
အကယ်၍ ဤကိုယ်ရေးအကျဉ်းကိုသာ တင်လိုက်မည်ဆိုပါက ရလဒ်က တစ်ခုတည်းသာ ရှိလိမ့်မည် ။ ထိုသည်က သူမကို အရူးတစ်ယောက်အဖြစ် သတ်မှတ်ကြခြင်းပင်။
"ဘာလို့ မရတာလဲ.."
သူမ ပင်ပင်ပန်းပန်း ရေးထားရသော ကိုယ်ရေးအကျဉ်းမှာ ချက်ချင်း အငြင်းခံလိုက်ရသဖြင့် လုံယွဲ့က မကျေမနပ် ငြင်းခုံတော့သည် ။
သူမ၏ အမြင်အရ ဤကိုယ်ရေးအကျဉ်းမှာ ဤကမ္ဘာတွင် အကောင်းဆုံးနှင့် အထူးခြားဆုံး ဖြစ်သည် ။ သူမ၏ ကြီးကျယ်လှသော အောင်မြင်မှုများကို ဖတ်ရသူတိုင်းက မည်သို့လျှင် အထင်မကြီးဘဲ နေနိုင်မည်နည်း ။
လင်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်လိုက်ပြီး ကိုယ်ရေးအကျဉ်းရှိ အသက်ကော်လံကို ညွှန်ပြလိုက်၏ ။
"ဧကရီ ..မင်းရဲ့ အလုပ်အတွေ့အကြုံတွေနဲ့ စီမံကိန်းတွေကို တစ်ယောက်ယောက်က ယုံပါ့မလားဆိုတာ ခဏထားဦး ..မင်းရဲ့ အသက် ၁၀၀၀ ကျော်ဆိုတာကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး.."
"ဒီကမ္ဘာမှာ အသက် ၁၀၀ ကျော်ရင်တောင် အတော်လေး အသက်ရှည်ပြီး အိုမင်းနေပြီလို့ သတ်မှတ်ကြတာ.."
"မင်းရဲ့ အသက် ၁၀၀၀ ဆိုတာက ဒီကမ္ဘာမှာဆိုရင် ဘိုးဘေးအိုကြီးအဆင့် ဖြစ်နေပြီလေ.."
"ဘိုး . . . ဘိုးဘေးအိုကြီး ဟုတ်လား ..."
လုံယွဲ့သည် မသိစိတ်ဖြင့် ခေါင်းငုံ့သွားပြီး သူမ၏ မျက်လုံးများမှာ အရောင်မှိန်ကာ ဗလာဖြစ်သွားသည် ။
လင်းဖန်၏ စကားလုံးများမှာ သူမ၏ နှလုံးသားထဲသို့ ထိုးစိုက်လိုက်သော ထက်မြက်သည့် ဓားတစ်လက်ကဲ့သို့ပင် ။ သူမ ခံစားလိုက်ရသည့် နာကျင်မှုမှာ လင်းဖန်၏ လက်ဝါးချက်ဖြင့် အရိုက်ခံရသည်ထက်ပင် ပို၍ ဆိုးဝါးနေသည် ။
သူမသည် အသက် ၁၀၀၀ ခန့်သာ ရှိသေးပြီး အင်မော်တယ်နယ်ပယ်တွင်မူ ဤအသက်အရွယ်မှာ လူငယ်ဘဝ၏ အကောင်းဆုံးအချိန် ဖြစ်သည် ။ အပျိုစင်လေးဟု ခေါ်လျှင်ပင် ပိုမည်မဟုတ်ပေ ။
သို့သော် ဤနေရာတွင်မူ သူမသည် ဘိုးဘေးအိုကြီး အဆင့် ဖြစ်သွားရပေသည်။
"ပြီးတော့ မင်းတောင်းထားတဲ့ လစာကလည်း အရမ်းများလွန်းတယ် .. ပထမဆုံး အလုပ်ရှာတဲ့သူက လစာ တစ်သိန်းကျော် တောင်းတာမျိုး ဘယ်သူမှ မလုပ်ကြဘူး.."
လင်းဖန်သည် လုံယွဲ့၏ စိတ်ဓာတ်ကျနေမှုကို သတိမထားမိဘဲ ကိုယ်ရေးအကျဉ်းကို တစ်ချက်ချင်း ပြင်ပေးနေသည် ။
"ဘုန်း.."
လုံယွဲ့သည် စားပွဲကို ရိုက်ကာ ထရပ်လိုက်ပြီး နှုတ်ခမ်းဆူလိုက်သဖြင့် သူမ၏ ပါးဖောင်းဖောင်းလေးများက ဖောင်းတက်လာပြီး မကျေမနပ် ပြောတော့သည် ။
"ဒီဧကရီက ဂျီရှန်းထျန်းကုန်းရဲ့ အရှင်သခင်ပဲလေ .. လစာ တစ်သိန်း တောင်းတာက အရမ်းများနေလို့လား .."
သူမ၏ ဖြစ်တည်မှုနှင့် အရည်အချင်းအရ တစ်သိန်းဆိုသည်မှာ အလွန်နည်းပါးသည်ဟုပင် သူမ ထင်နေသည် ။
"ဧကရီ ..ဒီကမ္ဘာက လစာတွေဆိုတာ အရင်အလုပ်အတွေ့အကြုံ .. စီမံကိန်းတွေနဲ့ ပညာအရည်အချင်းပေါ်မှာ မူတည်တာ .. အင်မော်တယ်နယ်မြေက မင်းရဲ့ အတွေ့အကြုံတွေက ဒီမှာ အသုံးမဝင်ဘူး .. ဘယ်သူမှလည်း ယုံမှာ မဟုတ်ဘူး.."
"မင်း ဒီကိုယ်ရေးအကျဉ်းကို တင်လိုက်ရင် ဘယ်လို မြင်ကြမလဲ သိလား.."
"ဘယ်လို မြင်မှာလဲ.."
"လာပြီး မျက်နှာပြောင်နေတဲ့သူ တစ်ယောက်လို မြင်မှာပေါ့.."
လုံယွဲ့ .. " . . ."
လင်းဖန်၏ ပြင်းထန်သော ဝေဖန်မှုအောက်တွင် လုံယွဲ့ တိတ်ဆိတ်သွားပြီး လက်တွေ့ဘဝကို ရိုးရိုးသားသား ရင်ဆိုင်ရတော့သည် ။
ဤနေရာတွင် သူမသည် လေနှင့် မိုးကို အစိုးရသည့် အားလုံးက ကြောက်ရွံ့ရိုသေရသည့် အင်မော်တယ်ဧကရီ မဟုတ်တော့ပေ ။
"ဒါပေမဲ့ ဒီလို မရေးရင်လည်း ဒီဧကရီမှာ ရေးစရာ တခြား ဘာမှ မရှိတော့ဘူးလေ ..."
လုံယွဲ့သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်သည် ။
ဤကမ္ဘာမှာဖြစ်စေ ၊ အင်မော်တယ်နယ်မြေမှာဖြစ်စေ သူမ ကျောင်းမတက်ခဲ့ဖူးပေ ။ ငယ်စဉ်ကတည်းက နန်းတော်ထဲတွင် ကိုယ်တိုင်လေ့လာခဲ့ခြင်းဖြစ်သဖြင့် မည်သည့် ပညာအရည်အချင်းမှ မရှိပါချေ ။
အင်မော်တယ်နယ်ပယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများမှလွဲ၍ သူမတွင် အခြား အလုပ်အတွေ့အကြုံလည်း မရှိ ။
"ထားလိုက်တော့ .. ဒီအရှင်ကပဲ မင်းရဲ့ ကိုယ်ရေးအကျဉ်းကို ပြင်ပေးပါ့မယ်.."
စိတ်ဓာတ်ကျနေသော လုံယွဲ့ကို ကြည့်ပြီး လင်းဖန်က သူမ၏ ဖုန်းကို ယူကာ တစ်ချက်ချင်း ပြင်ပေးတော့သည် ။
"ပထမဆုံးအနေနဲ့ ဒီကမ္ဘာမှာ လုံ ဆိုတဲ့ မျိုးရိုးက ရှားတယ် .. မင်းရဲ့ နာမည်မှာ မျိုးရိုးနာမည် တစ်ခုခု ထပ်ထည့်ဖို့ လိုတယ် .. ဥပမာ လင်းလုံယွဲ့ ပေါ့.."
လုံယွဲ့သည် လင်းဖန် ပြင်နေသည်ကို ကြည့်ရန် စားပွဲပေါ်သို့ ကိုယ်ကိုကိုင်းကာ သူ့အနားသို့ တိုးကပ်လာသည် ။
"ဘာလို့ ဒီဧကရီက နတ်ဆိုးအရှင်နဲ့ မျိုးရိုးတူရမှာလဲ.."
" . . . ဒါက ဥပမာ ပေးတာပါ ..မင်း ကြိုက်တဲ့ တခြား မျိုးရိုးရှိရင် နောက်မှ ပြောင်းလို့ ရပါတယ်.."
လင်းဖန်က လုံယွဲ့၏ နဖူးကို လက်ညှိုးဖြင့် အသာအယာ တွန်းလိုက်ပြီး ဆက်ပြင်သည် ။
"နောက်တစ်ခုက အသက် .. အသက် ၁၀၀၀ ကျော်ဆိုတာကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး .. ဧကရီ ..မင်းက အရမ်းကြီး ရိုးသားနေစရာ မလိုပါဘူး ..သင့်တော်တဲ့ အသက်တစ်ခုပဲ ထည့်လိုက်ပါ.."
"ဒါဆို ဆယ့်ခြောက်နှစ်လို့ ပြောင်းလိုက်မယ်လေ .."
လုံယွဲ့က ဝမ်းသာအားရ ပြောသည် ။
လင်းဖန် .. " . . ."
လင်းဖန်သည် မျက်နှာပျက်ပျက်ဖြင့် သူမကို ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားသည် ။
"ဧကရီ ..မင်းကိုယ်မင်း ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ တူတယ်လို့ ထင်နေတာလား ..."
"ဟေး .. သေသေချာချာ ကြည့်စမ်း .. ဘယ်နားက မတူလို့လဲ ."
လုံယွဲ့၏ ချောမောသော မျက်နှာလေးမှာ နီမြန်းသွားပြီး လင်းဖန်ကို ဒေါသတကြီး စိုက်ကြည့်သည် ။
လင်းဖန်က သူမ၏ ရုပ်ရည်ကို အကြိမ်ကြိမ် စစ်ဆေးကြည့်သည် ။
"အင်း . . . မင်းကြည့်ရတာ အသက် နှစ်ဆယ်လောက်တော့ ရှိတယ်.."
"ဟွန်း ..အသက် နှစ်ဆယ်ဆိုရင်လည်း လက်ခံနိုင်ပါတယ်.."
လင်းဖန်က သူမကို အသက်နှစ်ဆယ်ဟု ခန့်မှန်းလိုက်သဖြင့် လုံယွဲ့သည် ကျေနပ်စွာ ပြုံးလိုက်ပြီး စိတ်ထဲမှ အုံ့မှိုင်းမှုများမှာ လွင့်စင်သွားသည် ။
သူမ လိုချင်သည့် ဆယ့်ခြောက်နှစ် မဟုတ်သော်လည်း နှစ်ဆယ်ဆိုသည်မှာ လက်ခံနိုင်လောက်သည့် အနေအထားပင် ။
' ဘာပဲဖြစ်ဖြစ် ငါ အရမ်း နုပျိုနေသေးတာပဲ မဟုတ်လား ..'
မျက်နှာထက်တွင် ဂုဏ်ယူခြင်း ဟု ရေးထားသကဲ့သို့ ဖြစ်နေသော လုံယွဲ့ကို ကြည့်ပြီး လင်းဖန်က အားကိုးရာမဲ့စွာ ပြုံးမိသည် ။
အသက် ၁၀၀၀ ကျော်နေပြီဖြစ်သော်လည်း ကလေးမလေးတစ်ယောက်ကဲ့သို့ပင် ။
သို့သော် ရှန်းမိုတိုက်ကြီး၏ အနေအထားအရ သူမ၏ အသက်မှာ တကယ်ပင် နုပျိုသေးသည်ဟု ပြောနိုင်ပေသည် ။
"ဒါဆို လစာကိုတော့ တစ်သောင်းလို့ ပြောင်းလိုက်မယ်.."
"တ . . . တစ်သောင်း ဟုတ်လား .. အဲ့ဒါက နည်းလွန်းမနေဘူးလား.."
မျှော်မှန်းလစာ တစ်သိန်းမှ တစ်သောင်းသို့ ရုတ်တရက် ကျဆင်းသွားသဖြင့် လုံယွဲ့မှာ ယွမ် ကိုးသောင်းခန့်ကို ချက်ချင်း ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရသည် ။
"ဧကရီ .. ဒီကမ္ဘာမှာ တစ်လ လစာ တစ်သောင်းဆိုတာ တော်တော်လေး များတာပါ .."
"တကယ်၍ မင်းက တစ်သိန်းလို့သာ ရေးထားရင် ဘယ်ကုမ္ပဏီကမှ မင်းကို တစ်သက်လုံး အလုပ်ခေါ်မှာ မဟုတ်ဘူး.."
လင်းဖန်က စိတ်ရှည်လက်ရှည် ရှင်းပြသည် ။
"ကောင်းပြီလေ ..."
အလုပ် မြန်မြန်ရရန်အတွက် လုံယွဲ့မှာ လင်းဖန်၏ အကြံပြုချက်ကို လက်ခံလိုက်ရတော့သည် ။
ပညာအရည်အချင်း ကော်လံသို့ ရောက်သောအခါ လင်းဖန်က ခေတ္တစဉ်းစားပြီး အထက်တန်းအဆင့်ဟု ပြောင်းလိုက်သည် ။
အကယ်၍ တက္ကသိုလ်ဘွဲ့ဟု ရေးပါက ဘွဲ့လက်မှတ်များ လိုအပ်လိမ့်မည် ။ လုံယွဲ့တွင် ထိုအရာများ မရှိသည်မှာ ထင်ရှားသဖြင့် အထက်တန်းအဆင့်ဟုသာ ဖြည့်စွက်ရခြင်း ဖြစ်သည် ။ အထက်တန်းအဆင့်အတွက်ဆိုလျှင် ပုံမှန်အားဖြင့် ဘွဲ့လက်မှတ်များ မလိုအပ်ပါချေ ။
ထို့နောက်တွင် လင်းဖန်သည် သူမအတွက် လုပ်ငန်းအတွေ့အကြုံများစွာကို စိတ်ကူးယဉ်ကာ ထည့်သွင်းပေးလိုက်သည် ။
နို့လက်ဖက်ရည်ဆိုင် ဝန်ထမ်းမှစ၍ ကုမ္ပဏီကြီးတစ်ခု၏ လက်ထောက်အထိ အလုပ်အတွေ့အကြုံ မျိုးစုံကို ထည့်ပေးလိုက်ခြင်း ဖြစ်သည် ။
"နတ်ဆိုးအရှင် ..နင်ရေးထားတဲ့ အထဲက တစ်ခုမှ ငါ မလုပ်ဖူးဘူး .."
လင်းဖန် ပြင်ပေးထားသော ကိုယ်ရေးအကျဉ်းကို ကြည့်ပြီး လုံယွဲ့က မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေသည် ။
ထိုအထဲတွင် သူမသည် နို့လက်ဖက်ရည် ဖျော်တတ်သည် ၊ မုန့်များ ပြုလုပ်တတ်သည် ၊ ဟမ်ဘာဂါနှင့် ကြက်ကြော်များပင် ပြုလုပ်တတ်သည်ဟု ရေးထားသည် ။
သို့သော် သူမက ထိုအရာများကို စားရုံသာ သိသည် ၊ ပြုလုပ်နည်းကို မသိပါချေ ။
"ဧကရီ .. ကိုယ်ရေးအကျဉ်းဆိုတာ နည်းနည်းတော့ လှပအောင် ပြင်ဆင်ရတယ် .. မဟုတ်ရင် တခြားလူတွေကြားထဲမှာ ထင်ပေါ်လာမှာ မဟုတ်ဘူး..."
ဘွဲ့ရပြီး အတွေ့အကြုံရှိသော လူတစ်ယောက်အနေနှင့် လင်းဖန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည် ။
လုံယွဲ့၏ အနေအထားအရ ပညာအရည်အချင်းလည်းမရှိ ၊ အလုပ်အတွေ့အကြုံလည်း မရှိသဖြင့် ဤကဲ့သို့ မပြင်ဆင်ပါက သူမ တစ်သက်လုံး အလုပ်ရရန် ခက်ခဲပေလိမ့်မည် ။
"ကောင်းပြီလေ .. ဒါဆိုရင် ဒီဧကရီက ကိုယ်ရေးအကျဉ်းတွေ တင်တော့မယ်.."
လုံယွဲ့၏ အကြည့်များက စူးရှလာပြီး စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ ပြည့်နှက်လျက် အလုပ်အကိုင် အက်ပ်ပေါ်တွင် သူမ၏ ကိုယ်ရေးအကျဉ်းကို စတင် တင်လိုက်တော့သည် ။