← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

Chapter 47+48

~

အခန်း ၄၇+၄၈ : ဧကရီ အလုပ်ရှာခြင်း

~

သုံးရက်ကြာပြီးနောက် . . .

"မရဘူး.. မရဘူး .. ဘာမှ ဖြစ်မလာသေးဘူး.."

ဧည့်ခန်းထဲတွင် လုံယွဲ့သည် ဆိုဖာပေါ်တွင် ခြေထောက်ကလေးများ ကွေးကာ ထိုင်နေသည် ။ သူမ၏ မျက်လုံးများက ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေပြီး လက်သည်းကို မသိစိတ်ဖြင့် ကိုက်နေမိ၏ ။

သူမ၏ ကိုယ်ရေးအကျဉ်းကို တင်လိုက်သည်မှာ သုံးရက်ရှိပြီဖြစ်ပြီး ထိုသုံးရက်ပတ်လုံး သူမသည် ဖုန်းကိုသာ စိုက်ကြည့်နေခဲ့သည် ။ အလုပ်အကိုင် အက်ပ်များကို ခဏခဏ ဖွင့်ကြည့်ကာ ပြန်စာများ ရောက်မလားဟု စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့သည် ။

ဤသုံးရက်အတွင်း သူမ ခံစားရသော စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်မှာ ဆေးလုံးများ သို့မဟုတ် မှော်လက်နက်များ သန့်စင်စဉ်ကထက်ပင် ပို၍ ပြင်းထန်နေပေသည် ။

သို့သော် သုံးရက်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ဘာမှ ဖြစ်မလာခဲ့ပေ ။

သူမ တင်လိုက်သော ကိုယ်ရေးအကျဉ်းများမှာ ပင်လယ်ထဲသို့ ကျသွားသော ကျောက်ခဲများကဲ့သို့ပင် ။ မည်သည့် လှိုင်းကြက်ခွပ်မျှပင် ထွက်ပေါ်မလာခဲ့ပါချေ ။

ပထမဆုံးနေ့တွင် သူမသည် ရည်မှန်းချက်များ ပြည့်နှက်နေပြီး စိုးရိမ်စိတ်လည်း မရှိခဲ့ပေ ။ အလုပ်ခေါ်သော ကုမ္ပဏီများက သူမ၏ ကိုယ်ရေးအကျဉ်းကို မမြင်ရသေးခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်နေခဲ့သည် ။ ရွှေစစ်လျှင်တော့ တစ်နေ့ တောက်ပလာမည်ဟု သူမ ယုံကြည်ခဲ့သည် ။

ဒုတိယနေ့တွင်မူ တစ်လလစာ တစ်သောင်းဆိုသည်မှာ များလွန်းနေသေးသလားဟု သူမ ခံစားလာရသည် ။

ထို့ကြောင့် တခြား အလုပ်ခေါ်စာများမှ လစာများကို ကြည့်ကာ သူမ၏ မျှော်မှန်းလစာကို ခြောက်ထောင်သို့ လျှော့ချလိုက်သည် ။

သို့သော် တတိယနေ့သို့ ရောက်သည့်တိုင်အောင် သူမ၏ အက်ပ်ထဲတွင်တော့ တိတ်ဆိတ်နေဆဲပင် ။

အင်တာဗျူးခေါ်စာ မပြောနှင့် ၊ အွန်လိုင်းမှ စကားပြောရန် အခွင့်အရေးတောင် တစ်ခုမှ မရခဲ့ ။

' ဘာဖြစ်လို့လဲ ..ဘာလို့ ကုမ္ပဏီတစ်ခုမှ ငါ့ကို စိတ်မဝင်စားကြတာလဲ . ..'

'အင်မော်တယ်နယ်မြေရဲ့ အရှင်သခင် ..မြင့်မြတ်လှတဲ့.. ဧကရီအရှင်မဖြစ်တဲ့ ငါက ဒီကမ္ဘာမှာ အလုပ်တစ်ခုတောင် မရှာနိုင်ဘူးလား ...'

ဤအချိန်တွင် လုံယွဲ့သည် သူမကိုယ်သူမ သံသယများ ဝင်လာပြီး ပို၍ စိုးရိမ်ပူပန်လာတော့သည် ။

"ဧကရီ ..မင်း ဘယ်လို အလုပ်အမျိုးအစားတွေကို လျှောက်ထားလို့လဲ.."

လုံယွဲ့၏ စိတ်ပျက်နေသော အမူအရာကို မြင်သောအခါ လင်းဖန်လည်း ဇဝေဇဝါ ဖြစ်သွားသည် ။

သူမအတွက် အထက်တန်းအဆင့် ပညာအရည်အချင်းဟုသာ ရေးပေးခဲ့သော်လည်း သုံးရက်ကြာသည်အထိ ဘာသတင်းမှ မရှိခြင်းကတော့ ထူးဆန်းနေသည် မဟုတ်ပါလော ။

"ငါက သာမန် အလုပ်လေးတွေကိုပဲ ရွေးလျှောက်ခဲ့တာပါ "

လုံယွဲ့က အားကိုးရာမဲ့စွာ ပြောရင်း သူမ၏ ဖုန်းကို လင်းဖန်ထံ ကမ်းပေးလိုက်သည် ။

လင်းဖန်သည် ဖုန်းကိုယူကာ လျှောက်ထားမှု မှတ်တမ်းကို ကြည့်လိုက်သောအခါ ချက်ချင်းပင် ခေါင်းကိုက်သွားရသည် ။

"ဧကရီ ..ငါ မင်းကို မေးပါရစေဦး .. မင်း ကွန်ပျူတာ ပရိုဂရမ် ရေးတတ်လား.."

"မရေးတတ်ဘူး.."

လုံယွဲ့က ခေါင်းခါပြသည် ။

"ဒါဆို ဘာလို့ ပရိုဂရမ်မာ အလုပ်ကို သွားလျှောက်တာလဲ .. မင်းရဲ့ ကိုယ်ရေးအကျဉ်းမှာလည်း အဲ့ဒီ အတွေ့အကြုံ မပါဘူးလေ .. ဒါကြောင့် သူတို့က မကြည့်တာပေါ့.."

"ပြီးတော့ ဒါကရော .. မင်း အင်္ဂလိပ်စကား ပြောတတ်လို့လား ..ဘာလို့ အင်္ဂလိပ် ဘာသာပြန်အလုပ်ကို သွားလျှောက်တာလဲ.."

"နောက်ပြီးတော့ ကုမ္ပဏီတစ်ခုက အထွေထွေမန်နေဂျာ ခေါ်နေတာကိုလည်း မင်းက သွားလျှောက်ရဲသေးတယ်ပေါ့.."

လင်းဖန်သည် သူမ လျှောက်ထားခဲ့သော အလုပ်များကို တစ်ခုချင်းစီ ထောက်ပြကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည် ။

သုံးရက်တိုင်တိုင် အင်တာဗျူးခေါ်စာ မလာခြင်းမှာ မဆန်းတော့ပေ ။

သူမသည် သူမ၏ ကိုယ်ရေးအကျဉ်းနှင့် လုံးဝ မကိုက်ညီသော ၊ လစာကောင်းပြီး ခံစားခွင့်များသော အလုပ်များကိုသာ လျှောက်ထားခဲ့သဖြင့် ပြန်စာ မရခြင်းမှာ သဘာဝကျလှသည် ။

လုံယွဲ့သည် အဆူခံရသဖြင့် ပုခုံးကလေးများ တွန့်သွားသော်လည်း မကျေမနပ်ဖြင့် ပြန်ပြောသေးသည် ။

"ငါ မသိသေးတာ မှန်ပေမဲ့ .. ဒါပေမဲ့ ငါ သင်ယူလို့ ရတာပဲ ..."

"ငါ့ရဲ့ ဉာဏ်ရည်နဲ့ အရည်အချင်းအရဆိုရင် ဒါတွေကို ချက်ချင်း တတ်သွားမှာပါ.."

လင်းဖန် .. " . . ."

"ဧကရီ .. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ ကောင်းပေမဲ့ သူတို့က မင်းကို အခွင့်အရေး ပေးမှာ မဟုတ်ဘူး .."

" သူတို့က အတွေ့အကြုံရှိပြီး အလုပ်လုပ်ဖူးတဲ့သူကိုပဲ လိုချင်ကြတာ.."

"အလုပ်ရဖို့ဆိုရင် အလုပ်အတွေ့အကြုံ အရင်ရှိရမယ်လေ.."

"ဒါပေမဲ့ အလုပ်အရင် မလုပ်ရရင် အတွေ့အကြုံက ဘယ်က ရမှာလဲ.."

"ဒါကြောင့် အလုပ်အရင် သွားလုပ်ရမှာပေါ့.."

"သူတို့က ငါ့ကို အလုပ်မခန့်ရင် ငါက ဘယ်လိုလုပ်ပြီး အလုပ်အတွေ့အကြုံရမှာလဲ.."

လင်းဖန် .. " . . ."

လုံယွဲ့ .. " . . ."

လင်းဖန်နှင့် လုံယွဲ့တို့သည် အပြန်အလှန် ငြင်းခုံနေကြပြီးနောက် နှစ်ဦးစလုံး ပြန်လည် တိတ်ဆိတ်သွားကြသည် ။

အလုပ်မလုပ်လျှင် အတွေ့အကြုံမရှိ ၊ အတွေ့အကြုံမရှိလျှင် ကုမ္ပဏီများက အလုပ်မခန့် ။

ဒါက ဖြေရှင်းရခက်သော ရာစုနှစ်၏ ပြဿနာတစ်ခုကဲ့သို့ ဖြစ်နေ၏ ။

"ဧကရီ.. ပိုပြီး ရိုးရှင်းတဲ့ အလုပ်တွေကနေပဲ စလိုက်ကြစို့ ..."

လင်းဖန်သည် ဖုန်းကို လုံယွဲ့ထံ ပြန်ပေးကာ အလေးအနက် ပြောလိုက်သည် ။

လုံယွဲ့သည် ဖုန်းကို ယူလိုက်သော်လည်း စိတ်ပျက်စွာဖြင့် ခေါင်းငုံ့ထားသည် ။

"ဒါပေမဲ့ အဲ့ဒီအလုပ်တွေက လစာ အရမ်းနည်းတယ်လေ .. တစ်လမှ သုံးလေးထောင်ပဲ ရတာ .. ပြီးတော့ အဲ့ဒါတွေက စားပွဲထိုးလုပ်တာ .. သန့်ရှင်းရေးလုပ်တာတွေပဲ ..."

သူမသည် အင်မော်တယ်နယ်မြေ၏ ဧကရီ ဖြစ်၏ ။

ပိုက်ဆံအတွက် သူမကိုယ်သူမ နှိမ့်ချပြီး အလုပ်လုပ်နိုင်သော်လည်း ၊ စားပွဲထိုးလုပ်ရန် သို့မဟုတ် ကြမ်းပြင်လှည်းရန် ဆိုသည်မှာ သူမအတွက်တော့ လက်ခံရန် အလွန် ခက်ခဲလှပေသည် ။

အကယ်၍ လစာ ကောင်းမည်ဆိုလျှင်တော့ တစ်မျိုး စဉ်းစားနိုင်သော်လည်း ၊ သုံးလေးထောင်ဆိုသည်မှာ သူမ လက်ခံနိုင်သည့် အတိုင်းအတာအတွင်း မရှိပါချေ ။

လင်းဖန်သည်လည်း ဤအချက်ကို ကောင်းကောင်း နားလည်သည် ။

ယခင်ဘဝက ရုန်းကန်ခဲ့ရသော ဝန်ထမ်းတစ်ဦးအနေနှင့်ပင် ထိုကဲ့သို့ အလုပ်မျိုးကို လက်ခံရန် ခက်ခဲသည်ဆိုလျှင် ဧကရီတစ်ဦးအဖို့တော့ ပိုဆိုးပေလိမ့်မည် ။

ခန့်ညားလှသော ဧကရီမင်းသမီးက သူတစ်ပါးအတွက် လက်ဖက်ရည်ချ ၊ ရေလောင်း ပေးနေရမည်ဆိုသည်မှာ အမှန်ပင် နှမြောစရာ ကောင်းလှသည် ။

ခဏမျှ စဉ်းစားပြီးနောက် သူက အကြံပြုလိုက်သည် ။

"ဧကရီ ..မင်းရဲ့ ကိုယ်ရေးအကျဉ်းမှာ ဓာတ်ပုံ မပါဘူး မလား.."

လုံယွဲ့သည် သူမ၏ ကိုယ်ရေးအကျဉ်းကို ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်သည် ။

"အင်း .. မပါဘူး.."

ထိုစဉ်က သူမသည် ကိုယ်ရေးအကျဉ်းကို အမှန်အတိုင်းဖြစ်အောင် ရေးရန်သာ အာရုံစိုက်ခဲ့ပြီး ဓာတ်ပုံမှာ အရေးကြီးသည်ဟု မထင်ခဲ့ပေ ။ ထို့ကြောင့် ကိုယ်ရေးအကျဉ်းတွင် ထည့်ရန် ဓာတ်ပုံ သီးသန့် မရိုက်ခဲ့ခြင်း ဖြစ်သည် ။

"ဒါဆိုရင် ခဏနေရင် ဓာတ်ပုံတစ်ပုံ ရိုက်ပြီး ထည့်လိုက်ဦး .. ပြီးရင် ရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ သရုပ်ဆောင်အဖြစ် လျှောက်ကြည့်မလား.."

လင်းဖန်က အကြံပေးလိုက်သည် ။

အမှန်တကယ်တော့ လင်းဖန်သည် လုံယွဲ့ကို သရုပ်ဆောင် မလုပ်စေချင်။

တစ်ဖက်တွင် လုံယွဲ့၏ ဖြစ်တည်မှုမှာ ထူးခြားလှသဖြင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံရပါက ပြဿနာတက်နိုင်သည် ။

အခြားတစ်ဖက်တွင်လည်း ဖျော်ဖြေရေးလောကမှာ အလွန် ရှုပ်ထွေးလှသဖြင့် ရိုးသားလှသော ဧကရီမှာ ပြဿနာတစ်ခုခု ဖန်တီးမိမှာကို သူ စိုးရိမ်နေခြင်း ဖြစ်သည် ။

သို့သော် လက်ရှိတွင်တော့ ဖျော်ဖြေရေးလောကမှလွဲ၍ သူမနှင့် သင့်တော်မည့် အခြားအလုပ်မျိုးကို သူ မစဉ်းစားမိတော့ပေ ။

ထို့ပြင် သူမ၏ ရုပ်ရည်နှင့်ဆိုလျှင် ကင်းထောက်များက သူမကို သဘောကျသွားမည်မှာလည်း မလွဲဧကန်ပင် ။

ဖြစ်နိုင်လျှင် သူမသည် အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်သွားနိုင်သည် ။

"သရုပ်ဆောင် . . . ဟုတ်လား.."

လုံယွဲ့သည် မေးစေ့ကို ပွတ်ကာ ခေတ္တ စဉ်းစားပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည် ။

"ကောင်းပြီလေ .. ဒါဆို ငါ စမ်းကြည့်မယ်.."

ဤအတောအတွင်း သူမသည် ရုပ်ရှင်နှင့် တီဗီအစီအစဉ်များစွာကို ကြည့်ခဲ့ပြီး သရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် နားလည်ထားသည် ။

ထိုကဲ့သို့ ညံ့ဖျင်းသော သရုပ်ဆောင်ချက်မျိုးနှင့် လူတွေတောင် သရုပ်ဆောင်နိုင်သေးရင် သူမ မည်သည့်အတွက်ကြောင့် မလုပ်နိုင်ရမည်နည်း ။

စကားများများ မပြောတော့ဘဲ လုံယွဲ့သည် ခြေအိတ်နှင့် ဖိနပ်များကို ဝတ်ကာ ဓာတ်ပုံရိုက်ရန် အပြင်ထွက်ဖို့ ပြင်ဆင်တော့သည် ။

"နေဦး ..ငါလည်း လိုက်ခဲ့မယ်.."

လင်းဖန်က သူမနောက်မှ လိုက်လာရင်း ပြောလိုက်သည် ။

"ဘာလို့ လိုက်မှာလဲ .. ဓာတ်ပုံရိုက်တာပဲလေ .. ငါ့ဘာသာငါ လုပ်နိုင်ပါတယ်.."

လုံယွဲ့က ဇဝေဇဝါ ဖြစ်သွားသည် ။

လင်းဖန်သည် ဖိနပ်ဝတ်ရင်း တည်ငြိမ်စွာ ရှင်းပြလိုက်သည် ။

"ဧကရီက အလုပ်ရှာဖို့ တကယ် စီစဉ်နေပြီဆိုတော့ မင်းအတွက် မှတ်ပုံတင် ကတ်ပြား တစ်ခု လိုလိမ့်မယ်"

"ဓာတ်ပုံရိုက်ရင်းနဲ့ မင်းရဲ့ မှတ်ပုံတင် လုပ်ဖို့ပါ တစ်ခါတည်း စီစဉ်လိုက်တာ အခွင့်ကောင်းပဲ.."

"မှတ်ပုံတင်ရှိမှ မင်းက တရားဝင် နိုင်ငံသားတစ်ယောက် ဖြစ်မှာ .. ဒါမှ ဖုန်းကတ်တွေ လုပ်တာ .. အကောင့်တွေ ဖွင့်တာနဲ့ ခရီးသွားတာတွေကို မင်းဘာသာမင်း လုပ်နိုင်မှာလေ.."

"မဟုတ်ရင် မင်းက ဒီကမ္ဘာမှာ ဘာအထောက်အထားမှ မရှိတဲ့သူ ဖြစ်နေတော့ အလုပ်လုပ်ရတာ တော်တော် အခက်အခဲ ရှိလိမ့်မယ်.."

"အင်း . . . နင်ပြောတာ မှန်တယ် သွားကြစို့.."

လုံယွဲ့က ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်နှာတွင် စိုးရိမ်မှုအချို့ ပေါ်လာသည် ။

"ဒါပေမဲ့ ငါက မှတ်ပုံတင် လုပ်လို့ ရပါ့မလား.."

ဤအတောအတွင်း အစားအသောက် မှာတာဖြစ်စေ ၊ ဈေးဝယ်တာဖြစ်စေ ၊ ဖုန်းကတ်သုံးတာဖြစ်စေ အားလုံးကို လင်းဖန်၏ အထောက်အထားဖြင့်သာ သုံးခဲ့ရခြင်း ဖြစ်သည် ။

ယခုအခါတွင်မူ သူမသည် ဤကမ္ဘာတွင် မှတ်ပုံတင်ရှိရန် မည်မျှ အရေးကြီးကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သွားပြီ ဖြစ်သည် ။ မှတ်ပုံတင် မရှိလျှင် တစ်ခါတစ်ရံ ခရီးသွားရန်ပင် အခက်အခဲ ရှိနိုင်လေသည် ။

သို့သော်လည်း သူမက လမ်းတစ်ဝက်မှ ကူးပြောင်းလာသူ ဖြစ်၏ ။ ဤကမ္ဘာမှ မူလနိုင်ငံသားဖြစ်သည့် လင်းဖန်နှင့် မတူပေ ။

ရုတ်တရက် ပေါ်လာသော ၊ မှတ်တမ်းမရှိသော လူတစ်ယောက်အတွက် မှတ်ပုံတင် ရရန်မှာ အတော်လေး ခက်ခဲမည့် ကိစ္စဖြစ်ပေလိမ့်မည် ။

လင်းဖန်ကတော့ လုံယွဲ့၏ စိုးရိမ်မှုကို အရေးမစိုက်ပါပေ ။

"တခြားလူတွေအတွက်တော့ ခက်ကောင်း ခက်နိုင်ပေမဲ့ .. ငါ့အတွက်တော့ ဒါက လွယ်လွယ်လေးပါ.."

"ဘာလို့လဲ.."

လုံယွဲ့က စပ်စုကာ မေးလိုက်သည် ။

လင်းဖန်သည် တံခါးကို ဖွင့်လိုက်ပြီးနောက် ခေါင်းကို လှည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည် ။

"ဘာလို့လဲဆိုတော့ ငါက နတ်ဆိုးအရှင် မို့လို့ပေါ့.."

All Chapters