← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

Chapter 49+50

~

အခန်း ၄၉+၅၀ : ဧကရီ မှတ်ပုံတင် လျှောက်ထားခြင်း

~

မှော်မြို့တော်( ရှန်ဟိုင်းပါဗျ ..သူရေးထားသလို မှော်မြို့တော်လို့ပဲ ရေးပါမယ် ..)၊ သန်းခေါင်ယံစာရင်းနှင့် မှတ်ပုံတင်ဌာန.. ရဲစခန်း ။

ဝန်ဆောင်မှုပေးသော ခန်းမထဲတွင် လူများမှာ အဆက်မပြတ် ဝင်ထွက်သွားလာလျက် စည်ကားနေသည် ။ အများစုမှာ ထိုင်ခုံများတွင် ထိုင်ကာ သူတို့၏ စာရွက်စာတမ်း မိတ္တူများကို ကိုင်လျက် အီလက်ထရွန်နစ် အသံချဲ့စက်မှ နံပါတ်ခေါ်ဆိုသံကို စောင့်ဆိုင်းနေကြ၏ ။

ဝန်ဆောင်မှု ကောင်တာများ၏ နောက်ကွယ်တွင် တန်းစီနေသော လူတန်းရှည်ကြီးများကို တွေ့ရသည် ။ ရဲအရာရှိများသည် ကီးဘုတ်များကို အလျင်အမြန် ရိုက်နှိပ်နေကြပြီး တစ်ခါတစ်ရံတွင် အချက်အလက်များကို စစ်ဆေးရန် ခေါင်းမော့ကြည့်ခြင်း သို့မဟုတ် စိတ်ရှည်လက်ရှည် ရှင်းပြခြင်းများကို ပြုလုပ်နေကြသည် ။

ဘေးခန်းတွင် ဓာတ်ပုံရိုက်ပြီးနောက် လင်းဖန်နှင့် လုံယွဲ့တို့သည် ဓာတ်ပုံများကို ကိုင်ဆောင်ကာ ခန်းမထဲသို့ လမ်းလျှောက်ဝင်လာခဲ့ကြ၏ ။

လုံယွဲ့သည် လှုပ်ရှားသွားလာနေသော လူအုပ်ကြီးကို ကြည့်ကာ ဘာလုပ်ရမှန်းမသိဘဲ ရပ်နေမိသည်။

"လူတော်တော်များသားပဲ ..အရင်ဆုံး နံပါတ်ယူရအောင်.."

လင်းဖန်သည် လုပ်ငန်းစဉ်များကို ကျွမ်းကျင်သူပီပီ နံပါတ်ထုတ်ပေးသည့် စက်ထံသို့ သွားကာ နံပါတ်ယူလိုက်သည် ၊ ထို့နောက် သူမကို အားလပ်နေသော ထိုင်ခုံတစ်ခုသို့ ခေါ်သွားကာ စောင့်ခိုင်းလိုက်သည် ။

"နတ်ဆိုးအရှင် .. ဓာတ်ပုံပဲ ယူလာတာ တကယ်ပဲ အဆင်ပြေရဲ့လား.."

ဘေးပတ်ပတ်လည်ရှိ လူများ၏ လက်ထဲတွင် စာရွက်စာတမ်း မိတ္တူမျိုးစုံ ရှိနေသည်ကို မြင်သောအခါ လုံယွဲ့မှာ မစိုးရိမ်ဘဲ မနေနိုင်တော့ပေ ။ သူမသည် လင်းဖန်၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည် ။

ဤအတောအတွင်း သူမကြည့်ခဲ့သော ရုပ်ရှင်များအရဆိုလျှင် သူမကဲ့သို့ တရားမဝင် ဝင်ရောက်လာသူ များမှာ မှတ်ပုံတင်ရရန်အတွက် ပိုက်ဆံအများကြီးပေးကာ ကြားခံလူများဖြင့် ချိတ်ဆက်ရလေ့ရှိသည် ။ လင်းဖန်ကဲ့သို့ ဗြောင်ကျကျ တရားဝင်ဌာနသို့ ခေါ်လာသူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးပါချေ ။

"စိတ်မပူပါနဲ့ ..အဆင်ပြေပါတယ်.."

လင်းဖန်၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေပြီး ယုံကြည်မှုအပြည့် ရှိနေသည် ။

ထိုအခါမှ လုံယွဲ့မှာ အနည်းငယ် စိတ်အေးသွားပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ကာ ငြိမ်ငြိမ်ကလေး ထိုင်စောင့်နေသည် ။

'နတ်ဆိုးအရှင်က အဆင်ပြေတယ် ပြောမှတော့ စိုးရိမ်စရာ မရှိလောက်ပါဘူး .. ဒါပေမဲ့ သူ ဘယ်လိုလုပ်မှာလဲ ..'

သူမ၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် အချက်အလက်များကို အတုလုပ်ရန်မှာ အတော်လေး ခက်ခဲလိမ့်မည် ထင်သည်။

မကြာမီမှာပင် လုံယွဲ့တစ်ယောက် စပ်စုချင်စိတ်နှင့် စိုးရိမ်စိတ်တို့ ရောပြွမ်းလျက် စောင့်နေစဉ် ခန်းမရှိ အသံချဲ့စက်မှ ကြေညာသံ ထွက်ပေါ်လာသည် ။

"နံပါတ် ၅၂၀ ..ပြတင်းပေါက် နံပါတ် ၂ သို့ ကြွရောက်ပေးပါ.."

"နံပါတ် ၅၂၀ . . . ငါ့အလှည့်ပဲ.."

လုံယွဲ့သည် လက်ထဲက နံပါတ်ကို ငုံ့ကြည့်လိုက်ပြီး လင်းဖန်ဘက်သို့ လှည့်ကြည့်ကာ အနည်းငယ် တုန်လှုပ်နေမိသည် ။

မှတ်ပုံတင်လုပ်ရုံသက်သက်ကို ရှန်းမိုတိုက်ကြီးတွင် အင်မော်တယ်ဧကရာဇ်အဆင့်ရှိ နတ်ဆိုးသားရဲကြီးနှင့် ရင်ဆိုင်ရစဉ်ကထက်ပင် သူမ ပို၍ ရင်ခုန်နေလေ၏ ။

လင်းဖန်က လုံယွဲ့ကို ရှေ့သို့ သွားရန် အချက်ပြလိုက်ပြီး သူကိုယ်တိုင်လည်း အနောက်မှ အေးအေးဆေးဆေး လိုက်သွားသည် ။

လုံယွဲ့သည် ပြတင်းပေါက် နံပါတ် ၂ တွင် ထိုင်လိုက်သောအခါ လက်ခံဆောင်ရွက်ပေးသည့် ရဲမေက ပုံမှန်အတိုင်း မေးလိုက်လေသည် ။

"ဘာဝန်ဆောင်မှု လာယူတာလဲ ရှင့်.."

"ငါ . . . ငါ မှတ်ပုံတင် လာလျှောက်တာပါ.."

လုံယွဲ့က သတိထားကာ ဖြေလိုက်သည် ။

"ဟုတ်ကဲ့ .. မှတ်ပုံတင်မူရင်း ..မိတ္တူနဲ့ တစ်လက်မအရွယ် ဓာတ်ပုံ ပေးပါရှင့်.."

"ဟို . . ."

လုံယွဲ့မှာ အခက်တွေ့သွားပြီး သူမ၏ အနောက်က လင်းဖန်ကို လှည့်ကြည့်လိုက်သည် ။

သူမတွင် မူရင်းမှတ်ပုံတင်လည်းမရှိ ၊ မိတ္တူလည်း လုံးဝ မရှိပါချေ ။

လင်းဖန်က အနည်းငယ် ပြုံးလိုက်ပြီး ရှေ့သို့ ဖြည်းညင်းစွာ တိုးလာသည် ။

"လူကြီးမင်း ..ဒါ ရှင့်အလှည့် မဟုတ်သေးဘူးနော် ..ကျေးဇူးပြုပြီး မျဉ်းအနောက်မှာ ခဏစောင့်ပေးပါ.."

ရဲမေက သူ့ကို တားဆီးရန် စကားပြောတော့မည် အပြုတွင် လင်းဖန်က လက်ကို မြှောက်ကာ သူမကို တားလိုက်သည် ။

လင်းဖန်၏ မျက်လုံးများက မှေးစင်းသွားပြီး နက်မှောင်သော မျက်သူငယ်အိမ်မှာ ချက်ချင်းပင် သွေးကဲ့သို့ နီမြန်းသွားသည် ။ တစ်ခန်းမလုံးမှာ နီမြန်းသော အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည် ။ ထိုအခိုက်အတန့်တွင် အချိန်မှာ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး လူတိုင်းမှာ ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်သွားကြသည် ။ဆူညံနေသော ခန်းမကြီးမှာလည်း လုံးဝ တိတ်ဆိတ်သွားတော့သည် ။

ပြတင်းပေါက် နံပါတ် ၂ မှ ရဲမေသည် လင်းဖန်၏ နီမြန်းသော မျက်လုံးများကို ကြည့်မိသောအခါ သူမ၏ မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့သွားပြီး စိတ်လွတ်သွားပုံ ပေါ်လာသည် ။

"နတ်ဆိုးအရှင် .. နင် .. ဒီလိုနေရာမှာ ဘာလို့ တန်ဖိုးရှိတဲ့ ဝိညာဉ်စွမ်းအားကို သုံးရတာလဲ.."

လုံယွဲ့က အံ့သြတကြီး ပြောလိုက်သည် ။ လင်းဖန်သည် သူ၏ နတ်ဆိုးစွမ်းအားကို အသုံးပြုကာ ခန်းမတစ်ခုလုံးကို ဝိညာဉ်စည်းဝိုင်းဖြင့် ဖုံးအုပ်လိုက်ပြီး ရဲမေကို ထိန်းချုပ်လိုက်မှန်း သူမ ချက်ချင်း သိလိုက်သည် ။

ဝိညာဉ်စွမ်းအား ကင်းမဲ့နေသော ဤကမ္ဘာတွင် သူမ၏ ကျန်ရှိနေသော စွမ်းအားများမှာ အလွန်တန်ဖိုးရှိပြီး သုံးစွဲလေလေ ကုန်ဆုံးလေလေ ဖြစ်သည် ။

ဒီလိုနေရာမျိုးမှာ နတ်ဆိုးစွမ်းအားကို သုံးစွဲခြင်းမှာ အလွန် ဖြုန်းတီးရာ ရောက်လှသည် ။

"ရပါတယ် ..ဒါက ဝိညာဉ်စွမ်းအား နည်းနည်းလေး တင်ပါ.."

"နဘ်းနည်းလေး ဟုတ်လား ..နည်းနည်းလေးဆိုရင်တောင် ဒါက အရမ်း တန်ဖိုးရှိတာလေ.."

"အခု အခြေအနေကိုလည်း နင် သိသားပဲ ..ဒီလိုနေရာမှာ စွမ်းအားတွေ သုံးပစ်ရင် နင့်စီမှာပါ စွမ်းအား ကုန်သွားရင် ဘယ်လိုလုပ်မလဲ ..ငါတို့ ဘယ်လို ပြန်ကြမှာလဲ.."

လင်းဖန်၏ အေးဆေးမှုနှင့် ဆန့်ကျင်ဘက် လုံယွဲ့မှာ အလွန် စိုးရိမ်ပူပန်နေပေသည် ။

သူမ၏ ဝိညာဉ်စွမ်းအားမှာ ကုန်လုနီးပါး ဖြစ်နေလေပြီ ။ ပြန်သွားနိုင်ဖို့ မျှော်လင့်ချက်မှာ လင်းဖန်အပေါ်တွင်သာ မူတည်နေသည် ။ အကယ်၍ နှစ်ယောက်စလုံးတွင် စွမ်းအားကုန်သွားပါက ပြန်မည့်လမ်းကို ရှာတွေ့ဖို့ မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ ။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုယ်ထဲက ကျန်တဲ့ စွမ်းအားနဲ့ကတော့ ဟင်းလင်းပြင်ကို ခွဲပြီး ပြန်ဖို့ မဖြစ်နိုင်တော့ဘူး .. ဒါကြောင့် ဘယ်လောက်ကျန်ကျန် အတူတူပါပဲ.."

"အခုချိန်မှာ ဧကရီအတွက် ဒီကမ္ဘာမှာ အထောက်အထား တစ်ခု ရဖို့က ပိုအရေးကြီးတယ် .. ဒါက လိုအပ်တဲ့ သုံးစွဲမှုတစ်ခုပဲ.."

"အထောက်အထား ရှိမှ မင်း အလုပ်လုပ်လို့ ရမှာ .. ပိုက်ဆံရှာပြီး အိမ်လခကို အချိန်မှန် ပေးနိုင်မှာလေ ဟုတ်တယ်မလား .. ဒါကို ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုလို့ပဲ သတ်မှတ်လိုက်ပါ.."

လင်းဖန်က လုံယွဲ့ကို ကြည့်ကာ ပြုံးလိုက်သည် ။ သူ၏ အမူအရာမှာ တန်ဖိုးရှိသော စွမ်းအားကို သုံးစွဲလိုက်ရသည့်အတွက် နှမြောတသခြင်း လုံးဝ မရှိပါချေ ။

သူသည် ဝိညာဉ်စွမ်းအားများ လွင့်စင်မသွားစေရန် ခန္ဓာကိုယ်ထဲတွင် အတတ်နိုင်ဆုံး ပိတ်ဆို့ထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားများမှာ ဖြည်းဖြည်းချင်း ယိုစိမ့်နေဆဲပင် ။

ဤသည်က ဝိညာဉ်စွမ်းအား ပေါများ သည့် သူတစ်ယောက်မှာ ရှားပါးသည့် ကမ္ဘာသို့ ရောက်ရှိလာသကဲ့သို့ပင် ဖြစ်ရာ သူ၏ စွမ်းအားများမှာ မထိန်းချုပ်နိုင်ဘဲ ပတ်ဝန်းကျင်သို့ ယိုထွက်နေခြင်း ဖြစ်သည် ။

ဘယ်လိုပဲဖြစ်ဖြစ် ကျန်ရှိသော စွမ်းအားဖြင့် ပြန်မရနိုင်တော့သည်အတူတူ ၊ အခုလို လိုအပ်ချိန်မှာ မသုံးလျှင်လည်း တစ်နေ့တွင် အကုန်လုံး လွင့်စင်သွားမည်သာ ဖြစ်သည် ။

လုံယွဲ့သည် ဘေးတွင် ရပ်နေသော လင်းဖန်ကို ကြည့်ကာ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေမိသည် ။

နတ်ဆိုးအရှင်က သူမ၏ မှတ်ပုံတင်အတွက်နှင့် သူ၏ တန်ဖိုးရှိသော စွမ်းအားကို သုံးစွဲပေးခဲ့သည်လော။

"သူ့ကို မှတ်ပုံတင် လုပ်ပေးလိုက် ..လိုအပ်တဲ့ အချက်အလက်တွေကို ငါပြောတဲ့အတိုင်း ဖြည့်ပေးပါ.."

လင်းဖန်က ရဲမေကို အမိန့်ပေးလိုက်သည် ။

"ဟုတ်ကဲ့ ..."

ရဲမေသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ပြန်ဖြေလိုက်ပြီး ကီးဘုတ်ပေါ်တွင် အချက်အလက်များကို အလျင်အမြန် ရိုက်နှိပ်တော့သည် ။

"နာမည်က ဘယ်သူလဲ.."

"လင်းလုံယွဲ့.."

"အိမ်ထောင်စုစာရင်းက ဘယ်မှာလဲ.."

"မှော်မြို့တော် .."

" . . ."

အချက်အလက်များစွာ ဖြည့်စွက်ပြီးနောက် လုံယွဲ့သည် နောက်ဆုံးတွင် မှတ်ပုံတင် လျှောက်ထားခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသည် ။

"မှတ်ပုံတင် ပြုလုပ်ခ ယွမ် ၂၀ ကျပါမယ် ..မှတ်ပုံတင် ကတ်ပြားကို ဆယ်ရက်အတွင်း အိမ်အရောက် ပို့ပေးပါမယ်.."

"ကောင်းပြီ .. မင်း သတိပြန်ဝင်လာတဲ့အခါ ခုနက ဖြစ်ပျက်ခဲ့တာအားလုံးကို မေ့ပစ်လိုက်ပါ .. ငါတို့ကို မတွေ့ဖူးဘူး .. မင်းက ပုံမှန်အတိုင်း မှတ်ပုံတင် လဲလှယ်ပေးတဲ့ ဝန်ဆောင်မှုကိုပဲ လုပ်ဆောင်ခဲ့တာ.."

မှတ်ပုံတင်ခ ယွမ် ၂၀ ကို ပေးချေပြီးနောက် လင်းဖန်က ရဲမေကို စိတ်ညှို့ကာ စည်းဝိုင်းကို ပြန်ရုပ်သိမ်းလိုက်သည် ။

စည်းဝိုင်း ပျောက်ကွယ်သွားသည်နှင့် ခန်းမကြီးမှာ ဆူညံသံများဖြင့် ပြန်လည် သက်ဝင်လာသည် ။

"အမ် ..ခုနက ငါ ဘာဖြစ်သွားတာလဲ.."

ပြတင်းပေါက် နံပါတ် ၂ မှ ရဲမေသည် ပုံမှန်ပြန်ဖြစ်သွားသောအခါ ဇဝေဇဝါ ဖြစ်နေသည် ။

တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သလို ခံစားရသော်လည်း ဘာမှ မမှတ်မိတော့ပေ ။ သူ တစ်စုံတစ်ယောက်ကို မှတ်ပုံတင် လဲပေးလိုက်သလိုလိုပင်။

"ကျေးဇူးပါ.."

လုံယွဲ့က ရဲမေကို နှုတ်ဆက်လိုက်ပြီး လင်းဖန်နောက်မှ လိုက်ကာ အပြင်သို့ ထွက်လာခဲ့သည် ။

"ရပါတယ် ရှင့် .."

ရဲမေက မသိစိတ်ဖြင့် ယဉ်ကျေးစွာ ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်တော့ သံသယများ ပြည့်နေသည် ။

'ဒီအမျိုးသမီးက ခုနတင် ထိုင်တာ မဟုတ်ဘူးလား ..ဘယ်လိုလုပ်ပြီး ချက်ချင်း ပြီးသွားတာလဲ ...'

'ငါက စိတ်ကူးယဥ်နေရင်းနဲ့တောင် အလုပ်တွေကို ချက်ချင်း လုပ်နိုင်သွားတာလား ..'

'ငါ့ရဲ့ ကျွမ်းကျင်မှုတွေကတော့ တိုးတက်လာပြီ ထင်တယ် ..'

ရဲမေက ပြုံးလိုက်ပြီး အများကြီး ထပ်မတွေးတော့ဘဲ နောက်ထပ် နံပါတ်ကိုသာ ဆက်ခေါ်လိုက်တော့သည် ။

ရဲစခန်းမှ ထွက်လာပြီးနောက် လုံယွဲ့သည် လင်းဖန်၏ ဘေးသို့ အပြေးကလေး လိုက်လာကာ ချောင်းတစ်ချက်ဟန့်ပြီး မျက်နှာလေး နီမြန်းလျက် ကျေးဇူးတင်စကား ပြောလိုက်သည် ။

"ကျေးဇူးပဲနော် ..."

လင်းဖန်က သူမကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည် ။

"ရပါတယ် ..ငါက ငါ့အတွက်လည်း လုပ်တာပါ.."

"ဧကရီက နောက်ပိုင်း အိမ်လခကို လစဉ် အချိန်မှန် ပေးနိုင်ရင်ပဲ ကျေနပ်ပါပြီ.."

လုံယွဲ့ .. " . . ."

"ပေးမှာပါ .. သေချာပေါက် အချိန်မှန် ပေးမှာပါ .. တကယ်ပါ .. အဲ့ဒါကြီးကို ခဏခဏ ထည့်မပြောပါနဲ့တော့ .."

လုံယွဲ့သည် မျက်နှာလေး နီမြန်းကာ မကျေမနပ်ဖြင့် အော်ဟစ်တော့သည် ။

'မုန်းစရာကောင်းတဲ့ နတ်ဆိုးအရှင် ..သူက ငါ့ကို အိမ်လခ မပေးဘဲ နေမယ့်သူလိုမျိုး ပြောနေတာပဲ ..'

'ငါက ဂျီရှန်းထျန်းကုန်းရဲ့ ဧကရီအရှင်မလေ ..ဘယ်လိုလုပ်ပြီး အဲ့ဒီလို ကိစ္စမျိုး လုပ်မှာလဲ ..'

All Chapters