အားလုံးကိုသတ်ဖြတ်
Vol. 23 Ch. 310
အခန်း (၃၁၀) အားလုံးကိုသတ်ဖြတ်
အစစ်အမှန်အင်မော်တယ်တစ်ယောက် ရုတ်တရက် သတ်ဖြတ်ခံလိုက်ရခြင်းက အားလုံးကို အံ့သြမှင်တက်သွားစေသည်။ သို့သော် ထိုဖြစ်ရပ်က သူတို့ကို ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
အစစ်အမှန်အင်မော်တယ်တစ်ပါးကို သတ်ဖြတ်လိုက်ခြင်းက အစစ်အမှန်အင်မော်တယ်များကြားတွင်သာ ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။ မိုးကောင်းကင်အင်မော်တယ်များအတွက်တော့ ကြောက်မက်ဖွယ်ရာ မဟုတ်ပေ။
ပဉ္စမထပ်သို့ ရောက်ရှိနေကြသူများထဲတွင် မိုးကောင်းကင်အင်မော်တယ် အယောက် (၂၀) ကျော်ခန့် ရှိသည်။ ထိုသူများက ကျန်းလန်ကဲ့သို့ မြင့်မားသည့်တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။
အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်သည့် လုကျန်းကတော့ ချွေးစေးများပျံလျှက် ရှိတော့၏။
ထိုလူထူးလူဆန်းမှာ ယခင်တစ်ချိန်ကထက် တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာကြောင်း သူ လက်ခံလိုက်သည်။
ပေဖန်းပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ထိုသူက ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲတွင် တစ္ဆေကျင့်ကြံသူများကို တစ်ယောက်တည်း သတ်ဖြတ်ပစ်ခဲ့သူပင်။
"သူ့ စကားအရဆိုရင် ကျုပ်တို့အားလုံးက တိုက်ခိုက်ကြရမှာလား ၊ ဒါဆို ကျုပ်တို့ သေကြရမှာပေါ့"
ကျိကျန်က ရုတ်တရက် မေးလိုက်၏။
သူ့စကားကြောင့် အားလုံးက ကျိကျန်ကို ကြည့်လိုက်ကြသည်။
လင်အန်းက ပြုံးလိုက်ရင်း…
"ဂိုဏ်းတူညီလေး… မင်း အခုတောင် ဒဏ်ရာအပြင်းအထန်ရထားတာ ၊ အဲဒီလူကို သွားပြီး ရင်ဆိုင်ချင်သေးလို့လား"
ကျိကျန်က...
"ဂိုဏ်းတူအစ်ကိုအစ်မတွေရဲ့စကားကို ကျုပ် နားထောင်ပါ့မယ်"
ကျိကျန်က အားလုံးထဲတွင် တန်ခိုးစွမ်းအားအနည်းပါးဆုံးသူ ဖြစ်လေရာ တကယ်တမ်း တိုက်ပွဲရင်ဆိုင်ရလျှင် သူ့အနေဖြင့် လွတ်လမ်းရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဂိုဏ်းတူအစ်ကိုအစ်မများ၏ စကားကို နားထောင်သည်က အကောင်းဆုံ ဖြစ်ပေမည်။
ကျန်းလန်ကတော့ လေထဲတွင် မတ်တတ်ရပ်လျှက်ရှိသည်။
အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို ရှင်းပစ်လိုက်ခြင်းကြောင့် ရရှိလိုက်သည့် အလင်းရောင်ကြိုးမျှင်တန်းက စောစောကလူသားအင်မော်တယ်မိန်းကလေးကို ရှင်းပစ်လိုက်ခြင်းကြောင်း ရရှိလိုက်သည့် အလင်းရောင်ကြိုးမျှင်တန်းထက် အနည်းငယ်သာလွန်သည်။
အကြမ်းဖျင်းဆိုရသော် လုန်ယွိထံမှ ရရှိသည့် အလင်းရောင်ကြိုးမျှင်တန်း၏ (၂၀) ရာနှုန်းမျှ ရှိလေသည်။
ယခု ပဉ္စမထပ်သို့ ရောက်ရှိလာကြသူများထဲတွင် မိုးကောင်းကင်အင်မော်တယ်များစွာ ပါဝင်လေသည်။
ကျန်းလန်က ထိုသူများကို တစ်ချက်အကဲခတ်ရင်း ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း မိုးကောင်းကင်အင်မော်တယ် (၂၆)ယောက်ရှိကြောင်း သိလိုက်ရသည်။
သို့သော် ဤနေရာကို အပြင်ဘက်မှ လူအများသည်လည်း တွေ့မြင်နေကြသည်ဖြစ်လေရာ သူ၏ တန်ခိုးစွမ်းအားများ အပြည့်အ၀ အသုံးပြုတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
မဟုတ်ပါက သူ့ကို အခြားသူများ ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ပေသည်။
မိုးကောင်းကင်အင်မော်တယ်တစ်ယောက်က...
"အားလုံးပဲ… ဒီလူက မရိုးရှင်းဘူး ၊ ပြီးတော့ သူက ကျုပ်တို့အားလုံးကို ပစ်မှတ်ထားနေတယ် ၊ ဒါပေမဲ့ ဘာမှ စိတ်ပူစရာမရှိပါဘူး ၊ ကျုပ်တို့အားလုံးပူးပေါင်းပြီး သူ့ကို တိုက်ခိုက်ကြရအောင်"
ထိုသူက မြေအောက်နတ်ဆိုးအဖွဲ့မှ မိုးကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်သည်။
လန်ဝူသည်လည်း မျက်မှောင်များ ကြုတ်ထား၏။
ထိုလူထူးလူဆန်းကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်နှင့် ပညာစမ်းကြည့်သင့်သည်ဟု သူ တွေးလိုက်သည်။
လန်ဝူက လုကျန်းတို့ အုပ်စုကို တစ်ချက်ကြည့်လိုက်ရင်း…
"မင်းတို့ ဝင်ပါဖို့ မလိုဘူး ၊ ဒါပေမဲ့ ကျုပ်ကတော့ သူတို့နဲ့ပေါင်းပြီး အဲဒီလူကို သွားတိုက်ခိုက်မယ်"
လုကျန်းက ဓားကို ဆွဲထုတ်လိုက်ရင်း…
"ကျုပ်လည်းသွားမယ် ၊ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံရတာပေါ့"
သူသည်လည်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။ ဤသို့သော ပွဲကြီးပွဲကောင်း ဆင်နွှဲရသည်က ရှားပါးအခွင့်အရေးတစ်ခု ဖြစ်၏။
သာမန်လူများမရရှိနိုင်သည့် အတွေ့အကြုံသစ်တစ်ခုကို ရရှိစေမည် ဖြစ်သည်။
အသက်ကယ်အင်းသင်္ကေတကြောင့် မဟူရာမှော်ရုံနယ်မြေထဲမှ အချိန်မီထွက်ခွာသွားနိုင်မည်ဆိုလျှင် ယခုတိုက်ပွဲက သူ့အတွက် အသက်အန္တရယ်မရှိနိုင်ပေ။
လန်ဝူက ခွန်လွန်တောင်မှ အခြားသူများကို တစ်ချက်ဝေ့ကြည့်ရင်း…
"ဒါဖြင့် အစစ်အမှန်အင်မော်တယ်အောက် ကျင့်ကြံသူတွေ နောက်ဆုတ်ကြ ၊ အစစ်အမှန်အင်မော်တယ်နဲ့အထက် ကျင့်ကြံခြင်းအဆင့်ရှိသူတွေကတော့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ရတယ်"
ထိုစဉ် ကျင့်ကြံသူတစ်ယောက်က…
"မင်းတို့ ခွန်လွန်တောင်ကလူတွေ ဝင်မပါတာနဲ့ အဲဒီလူက မတိုက်ခိုက်တော့ဘူးတဲ့လား ၊ သူက နောက်ဆုတ်ပေးတဲ့သူတွေကိုပါ တိုက်ခိုက်မယ်ဆိုရင်ရော"
လန်ဝူက...
"ဒါဆိုရင်တော့ ဘယ်တတ်နိုင်မလဲ ၊ လွတ်အောင်ပြေးကြပေါ့ ၊ မပြေးချင်ရင် ပြန်ချလေ"
လူတိုင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သည်ပဲ ဖြစ်သည်။
ထို့နောက်တွင်တော့ အစစ်အမှန်အင်မော်တယ်အနည်းငယ် နောက်သို့ဆုတ်သွားကြပြီး အချို့ကတော့ ထွက်ခွာသွားကြသည်။
လူသားအင်မော်တယ်များအားလုံးကတော့ ဆုတ်ခွာသွားကြလေ၏။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လင်အန်းသည်လည်း ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။ သူက အစစ်အမှန် အင်မော်တယ်ဖြစ်လာရန် အနည်းငယ် အလှမ်းဝေးနေသေးလေရာ တိုက်ပွဲတွင် ပါဝင်ရန် မဖြစ်နိုင်သေးပေ။
ကျန်းလန်က သူတို့အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
ခွန်လွန်တောင်မှ တပည့်များ နောက်ဆုတ်သွားသည်ကို ကြည့်ခြင်းအားဖြင့် သူသေကိုယ်သေ တိုက်ခိုက်ကြမည့်ဟန် မရှိပေ။
ထိုစဉ်မှာပင် အင်မော်တယ်များအားလုံးက တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ဆင်ထားလိုက်ကြသည်။
သူတို့က ကျန်းလန်ကို သတိမလွတ်ကြည့်နေရင်း တန်ခိုးစွမ်းအားများကို စုစည်းထားကြလေရာ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားရောင်ဝါများက နေရာအနှံ့တွင် ပျံ့နှံ့လျှက် ရှိကြ၏။
အင်မော်တယ်များက ကျန်းလန်ကို ဝိုင်းထားလိုက်ကြသည်။ မည်သူမှ နောက်ပြန်ဆုတ်ရန် ဆန္ဒမရှိကြပေ။
"တိုက်ကြ..."
ကျယ်လောင်သည့်အသံကြီးတစ်သံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ချက်ချင်းပင် အင်မော်တယ်များစွာ၏ တိုက်ခိုက်မှုများက ကျန်းလန်၏ခန္ဓာကိုယ်ထက်သို့ မရေမတွက်နိုင်သည့် မိုးစက်များပမာ ကျဆင်းလာတော့သည်။
အပြင်ဘက်တွင် တိုက်ပွဲကိုကြည့်နေကြသည့် အဋ္ဌမမင်းသား ၊ သေရည်ဆိုင်မှကောင်ငယ်လေးနှင့် အခြားသူများအားလုံး မတ်တတ်ထရပ်လိုက်မိကြသည်။
ပဉ္စမထပ်မှ အင်မော်တယ်များက လူထူးလူဆန်းတစ်ယောက်တည်းကို အစွမ်းကုန်ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။
တိုက်ခိုက်သူများထဲတွင် မိုးကောင်းကင်အင်မော်တယ် အယောက် (၂၀) ကျော်ရှိပြီး အစစ်အမှန်အင်မော်တယ်က ရာနှင့်ချီပြီးရှိကာ လူသားအင်မော်တယ်က ထောင်နှင့်ချီပြီး ရှိသည်။
ထိုသူများအားလုံးသာ အင်အားအပြည့်နှင့် တိုက်ခိုက်မည်ဆိုလျှင် အဘယ်မျှ ကြောက်မက်ဖွယ်ရာကောင်းပါမည်နည်း။
လူထူးလူဆန်းတော့ ချက်ချင်းအသက်ပျောက်သွားတော့မည်ဟု အဋ္ဌမမင်းသားတွေးလိုက်မိသည်။ ကောင်ငယ်လေးကတော့ ထိုလူထူးလူဆန်း သူ့ကိုယ်သူ ကာကွယ်နိုင်တော့မည်မဟုတ်ဟု ခံစားလိုက်ရ၏။
ယန်ရှီးယွင်ကတော့ ထိုသို့သော တိုက်ပွဲမျိုး ပါဝင်ဆင်နွှဲလိုက်ရခြင်း မရှိသဖြင့် စိတ်မကောင်း ဖြစ်နေမိသည်။ ဤမျှ ကြီးမားသည့်တိုက်ပွဲကြီးတွင် မပါဝင်လိုက်ရခြင်းက နှမျောစရာပင်။
စုပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည်နှင့် ကျန်းလန်၏ နှုတ်ခမ်းများ အပေါ်ဘက်သို့ တွန့်ကွေးသွားလေသည်။ ထိုအင်မော်တယ်များ တစ်ယောက်မှ မလွတ်လေ သူ့အတွက်ကောင်းလေပဲ ဖြစ်သည်။
အင်မော်တယ်များ စတင်တိုက်ခိုက်လိုက်သည်နှင့် မီးတောက်များကြားမှ အေးစက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
"ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်"
ကျန်းလန်၏ အသံထွက်ပေါ်လာသည်နှင့် ပဉ္စမထပ်တစ်ခုလုံး မီးတောက်များထွက်ပေါ်လာပြီး အင်မော်တယ်များအားလုံးကို ဝန်းရံသွားသည်။
မီးတောက်များက ထက်ရှသည့် ဓားသွားများအလား လူတိုင်းထံသို့ ဝင်ရောက်သွားကြ၏။
ထိုခဏမှာပင် ကျန်းလန်ကလည်း စတင်တိုက်ခိုက်လိုက်သည်။ သူက လက်ကိုဆန့်ထုတ်လိုက်ရာ သူ့အရှေ့တွင် မီးတောက်များ ထွက်ပေါ်လာသည်။
မီးတောက်များအလယ်တွင် လှံရှည်တစ်လက်ကို တွေ့မြင်ကြရမည် ဖြစ်သည်။ ကျန်းလန်က ချက်ချင်းပင် လှံရှည်ကို တင်းတင်းဆုပ်ကိုင်ပြီး ဝှေ့ယမ်းလိုက်သည်။
"ဘုန်း"
ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အင်မော်တယ်များ၏ တိုက်ခိုက်မှုက ကျန်းလန်ကို ဖုံးလွှမ်းသွားသည်။
ကျန်းလန်၏ တန်ခိုးစွမ်းအားများကလည်း ချက်ချင်းပင် မြင့်တက်လာပြီး နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
"ဂရား"
သူ့လက်ထဲမှ လှံရှည်က နဂါးတစ်ကောင်အလား လူးလွန့်လှုပ်ရှားလျှက် ရှိသည်။ ထို့နောက်လှံရှည်မှ တန်ခိုးစွမ်းအားများကလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကျန်းလန်၏ လှံရှည်က လေထဲတွင် ဝှစ်ခနဲ ဝှစ်ခနဲ အသံများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်မှ အစစ်အမှန်အင်မော်တယ်များကို တစ်ယောက်ပြီးတစ်ယောက် ထိုးစိုက်ပစ်နေသည်။
သူ့လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် အစစ်အမှန်အင်မော်တယ် (၃)ယောက် တိုက်ခိုက်ခံလိုက်ရပြီး ခန္ဓာကိုယ်များ အက်ကွဲကာ လည်ပင်းများ ပေါက်ထွက်သွားကြသည်။
"ဘုန်း"
ထိုအချိန် မိုးကောင်းကင်အင်မော်တယ်တစ်ယောက်က လေထဲမှ ပျံသန်းဝင်ရောက်လာပြီး ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ကျန်းလန် ခေါင်းမော့ကြည့်ပြီး လှံရှည်ကိုဝှေ့ယမ်းကာ ပြန်လည်ခုခံတိုက်ခိုက်သည်။
"ဘန်း"
လှံရှည်က မိုးကောင်းကင်အင်မော်တယ်၏တိုက်ခိုက်မှုကို တားဆီးထားလိုက်သည်။
"ဘန်း"
ထို့နောက် ကျန်းလန်က မရပ်မနား ဆက်လက်တိုက်ခိုက်လေရာ လှံရှည်က ထိုမိုးကောင်းကင်အင်မော်တယ်၏ ခန္ဓာကိုယ်အား ဖောက်ထွင်းဝင်ရောက်သွားသည်။
ကျန်းလန်ကို တိုက်ခိုက်လာသည့် မိုးကောင်းကင်အင်မော်တယ်က မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။ သူမက ကျန်းလန်၏ တိကျလှသည့် လှံရှည်တိုက်ကွက်ကို ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိပေ။
ကျန်းလန်က လက်ထဲမှ လှံရှည်ဖြင့် မိန်းမပျိုကို ထိုးစိုက်ချလိုက်ပြီး သူမ၏ ဦးခေါင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
"ဘန်း"
ကျန်းလန်၏ ခြေကန်ချက်ကြောင့် မိုးကောင်းကင်အင်မော်တယ် မိန်းမပျို၏ခန္ဓာကိုယ်က လွင့်ထွက်သွားသည်။ သူက သူမလွင့်ထွက်သွားရာနောက်သို့ လိုက်ပါသွားပြီး သူမ ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
"ဝှစ်"
"ဘန်း"
လှံရှည်က မိုးကောင်းကင်အင်မော်တယ် မိန်းမပျို၏ လည်ပင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အလင်းရောင်များ ထွက်ပေါ်လာပြီး မိုးကောင်းကင်အင်မော်တယ်မိန်းမပျိုမှာ မှော်ရုံနယ်မြေအပြင်ဘက်သို့ ဖယ်ရှားခံလိုက်ရသည်။
"ရှင်… ရှင်…"
အင်မော်တယ်မိန်းမပျို ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။
သူမ မည်သည့်စကားမှ မဆိုနိုင်ခင်မှာပင် အလင်းရောင်များအောက်တွင် ပျောက်ကွယ်သွားလေတော့၏။
ကျန်းလန်က နေရာတွင်ပင်ရပ်နေရင်း အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထိုသူများအားလုံးကို ခြိမ်းခြောက်နိုင်ရန် သူ ဘာမှလုပ်နေစရာမလိုပေ။
မိုးကောင်းကင်အင်မော်တယ်တစ်ယောက်ကို တစ်ချက်တည်းဖြင့် အနိုင်ယူပြခဲ့ခြင်းက လုံလောက်ပြီ ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"တိုက်ကြလေ ၊ ဘာစောင့်နေကြတာလဲ"
ကျန်းလန်က တိုက်ခိုက်ခြင်း မပြုသေးဘဲ အခြေအနေကို အကဲခတ်နေ၏။
သူက မည်သူ့ကိုမှ လျှော့တွက်တတ်သူ မဟုတ်ပေ။ လူသားအင်မော်တယ်တစ်ယောက်ကိုပင် သူက လျှော့မတွက်တတ်ပေ။
ထို့ကြောင့် သူက မည်သည့်တိုက်ပွဲမဆို အကောင်းဆုံး တိုက်ခိုက်မည် ဖြစ်သည်။
ထိုစဉ်မှာပင် သူဖန်ဆင်းထားသည့် ငရဲဘုံမှ မြင့်တက်လာသည့်တန်ခိုးစွမ်းအားများက အင်မော်တယ်များအားလုံးဆီသို့ ဝင်ရောက်သွားသည်။
"ဘန်း"
"ဘန်း"
"ဘန်း"
မီးတောက်များက အင်မော်တယ်များရှိရာသို့ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
များစွာသော လူသားအင်မော်တယ်များမှာ မီးတောက်များ၏ ဝါးမြိုထိုးဖောက်ခြင်းကို ခံလိုကကြရသည်။ မီးတောက်များက သူတို့၏ ခန္ဓာကိုယ်များကို လောင်ကျွမ်းသွားပြီး ဝိညာဉ်ထိတိုင် စုပ်ယူဝါးမြိုပစ်ကြသည်။
မီးတောက်များလောင်ကျွမ်းခံလိုက်ရသည်နှင့် ဝိညာဉ်ကိုပါ စုပ်ယူဝါးမြိုခြင်းခံရသည့် နာကျင်မှုကိုပါ ခံစားကြရသည်။
"အား…"
နာကျင်စွာအော်ဟစ်သံများက နေရာအနှံ့မှ ထွက်ပေါ်လာသည်။
မီးတောက်များဖုံးလွှမ်းနေသည့် ပဉ္စမထပ်သည် တကယ့်ငရဲဘုံတစ်ခုအလားပင် ဖြစ်သည်။ မကြာမီ အလင်းရောင်များထွက်ပေါ်လာပြီး မီးလောင်ကျွမ်းခံရသည့် လူသားအင်မော်တယ်များကို မှော်ရုံနယ်မြေအတွင်းမှ ဖယ်ရှားပစ်လိုက်ကြသည်။
လူသားအင်မော်တယ်များအားလုံး ချေမှုန်းခံလိုက်ကြရပြီ ဖြစ်လေ၏။ သို့ပေသိ ကျန်းလန်က အရေးမစိုက်ပေ။
သူ အရေးစိုက်သည်က ဖယ်ရှားခံရသူများထံမှ ရရှိလာသည့် အလင်းရောင်ကြိုးမျှင်တန်းများ ဖြစ်လေသည်။ ထိုအလင်းရောင်ကြိုးမျှင်များကို အခြားသူများ စုပ်ယူနိုင်ခြင်း မရှိသော်လည်း ကျန်းလန်ကတော့ စုပ်ယူနိုင်လေသည်။
နတ်ဘုရားရာထူးကို အပြည့်အ၀ ထိန်းချုပ်နိုင်ရန် သိပ်မလိုတော့ကြောင်း ကျန်းလန် ခံစားနေရသည်။
ထိုအချိန်ရောက်လာလျှင် အခြားသူများက သူ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သိရှိနိုင်တော့မည် မဟုတ်ပေ။ သူ လွတ်လပ်စွာ လှုပ်ရှား၍ ရနိုင်ပြီဖြစ်သည်။
မိုးကောင်းကင်အင်မော်တယ်အဆင့် တက်ရောက်ပြီးနောက် နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်စွမ်း ရှိခဲ့ပြီ ဖြစ်သော်လည်း ပိုမိုစိတ်ချရစေရန် လိုအပ်သည်။
ထို့နောက်…
ကျန်းလန် ဆက်လက်တိုက်ခိုက်လိုက်သည်။
သူ နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားပြီး အစစ်အမှန်အင်မော်တယ်တစ်ယောက်နံဘေးတွင် ပြန်ပေါ်လာပြီး လှံရှည်ဖြင့် တစ်ဖက်လူကို ထိုးစိုက်ချလိုက်သည်။
အလင်းရောင်များ တောက်ပစွာ ဖြာလင်းသွားပြီး ထိုအင်မော်တယ် ပျောက်ကွယ်သွားသည်။
ထို့နောက် အရပ်မျက်နှာအသီးသီးမှ မိုးကောင်းကင်အင်မော်တယ်များက ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်ကြသည်။ ကျန်းလန်က လှံရှည်တစ်ချက်ဝှေ့ယမ်းပြီး ထိုသူများအားလုံး၏ တိုက်ခိုက်မှုကို တားဆီးထားလိုက်သည်။
"ဘုန်း"
"ဘုန်း"
လှံရှည်မှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများကြောင့် မိုးကောင်းကင်အင်မော်တယ်များ နောက်ပြန်ဆုတ်သွားကြရသည်။
ထို့နောက် ကျန်းလန်က သူနှင့်အနီးဆုံးတွင်ရှိသော မိုးကောင်းကင်အင်မော်တယ်တစ်ယောက်အနီးသို့ ချဉ်းကပ်သွားပြီး လှံရှည်ဖြင့် ထိုးစိုက်ကာ သုတ်သင်ပစ်လိုက်သည်။
"ဘန်း"
နောက်ဆုံးတော့ အင်မော်တယ်များစွာမှာ ခေါင်းပြတ် ၊ လည်ပင်းပေါက် ၊ ခန္ဓာကိုယ်အက်ကွဲဒဏ်ရာများဖြင့် မှော်ရုံနယ်မြေအပြင်ဘက်သို့ ရောက်ရှိကုန်ကြလေတော့သည်။
***
အပြင်ဘက်မှလူအများမှာလည်း တိုက်ပွဲကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကြည့်နေကြသည်။
မီးတောက်များကြောင့် တိုက်ပွဲကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိသည့်တိုင် အခြေအနေမည်သို့ရှိကြောင်း နားလည်နိုင်ကြသည်။
ဤသည်က တိုက်ပွဲတစ်ခု မဟုတ်တော့ပေ။ လူထူးလူဆန်းက တစ်ဖက်သတ်ဆန်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်း ဖြစ်သည်။
ထိုသူက အခြားသူများကို ပြတ်ပြတ်သားသားပင် သတ်ဖြတ်ပစ်နေခြင်း ဖြစ်သည်။ ထိုသူ လှံရှည်တစ်ချက်ဝှေ့ယမ်းလေတိုင်း အင်မော်တယ်တစ်ယောက် သုတ်သင်ခံရသည်ချည်းပင် ဖြစ်သည်။
ယန်ရှီးယွင်မှာတော့ တိုက်ပွဲကိုကြည့်ရင်း တစ်စုံတစ်ခု သဘောပေါက်သွားသည်။
ထိုပုဂ္ဂိုလ်မှာ ပဉ္စမထပ်မှ ကျင့်ကြံသူများအားလုံးကို သုတ်သင်ပစ်လိုသည်သာမက ပဉ္စမထပ်အထက်ပိုင်းရှိ အထပ်များမှ ကျင့်ကြံသူများအားလုံးကိုပါ သုတ်သင်ပစ်ချင်နေသူဖြစ်သည်။
စောစောက တိုက်ပွဲမဆင်နွှဲရသည့်အတွက် နှမျောတသ ဖြစ်နေသည့်တိုင် ယခုတော့ စောစီးစွာ အပြင်ပြန်ရောက်လာခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိသည်။
လူသားအင်မော်တယ်များနှင့် အစစ်အမှန်အင်မော်တယ်များ မြေပြင်ထက်သို့ တဖြုတ်ဖြုတ်ပြုတ်ကျလာနေပြီး အားလုံးမှာလည်း ဒဏ်ရာများ အပြင်းအထန် ရရှိထားကြသည်။ သူတို့ရရှိထားသည့် ဒဏ်ရာများက အရင်လူများထက်ပင် ပိုမို ကြောက်မက်ဖွယ်ရာ ဖြစ်သည်။
ယန်ရှီးယွင်က နဖူးထက်မှ ချွေးစများကို အင်္ကျီလက်ဖြင့် အသာသုတ်လိုက်သည်။
နောက်ဆိုလျှင်တော့ သူမထက် တန်ခိုးစွမ်းအားမြင့်မားသူများကို ဘယ်တော့မှ လမ်းမမေးတော့ရန် ဆုံးဖြတ်လိုက်လေတော့၏။