← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-1-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-1-192

🫧 Chapter 191

စည်ကားနေသော လမ်းမပေါ်တွင် ကားများ တရုန်းရုန်း သွားလာနေကြ၏။

ထိုချိန်တွင် လင်ကွန်းကားတစ်စီးသည် တိတ်ဆိတ်စွာ ဖြတ်သန်းသွားလေသည်။

၎င်းမှာအနက်ရောင် ကားကိုယ်ထည်၊ ချောမွေ့လှပသော အချိုးအစားများနှင့် ထူးခြားသော ကားလိုင်စင်နံပါတ်ပြား ရှိနေပေ၏။

ထို့ကြောင့် အနီးနားရှိ ကားများသည် ထိုကားနှင့် အလိုအ လျောက် ခပ်ခွာခွာနေကြပြီး မည်သည့်ကားကို တိုက်မိသည်ဖြစ်စေ ဤကားကိုတော့ မတိုက်မိစေရန် သတိထားနေကြသည်။

ထိုမြို့တွင် နှစ်ပေါင်းများစွာ နေထိုင်လာကြသူများပီပီ ဤမျှလောက် အကဲခတ်တတ်စွမ်းတော့ ရှိကြပေ၏။

ကားသည် မြို့ရှိ အကြီးဆုံးဟိုတယ်ကြီးဆီသို့ တောက် လျှောက် မောင်းနှင်သွားလေသည်။

ဟိုတယ် တံခါးဝတွင် တရားဝင်ဝတ်စုံများ သို့မဟုတ် ညစာစားပွဲတက် ဝတ်စုံများ ဝတ်ဆင်ထားသော အမျိုးသား အမျိုးသမီး အများအပြားသည် အတွင်းသို့ လျှောက်လှမ်း ဝင်ရောက်နေကြ၏။

ရောက်ရှိသောအခါ အနက်ရောင် လင်ကွန်းကားသည် ဟိုတယ် တံခါးဝတွင် ရပ်တန့်သွားလေသည်။

ကားတံခါး ပွင့်သွားပြီးနောက် အရပ်အမောင်းကောင်း ကောင်းရှိသော ပုံရိပ်တစ်ခုသည် အတွင်းမှ ထွက်ပေါ်လာခဲ့၏။

သူသည် အပြာရင့်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အနက်ရောင် နေကာမျက်မှန်ကို တပ်ဆင်ထားရာ ဖြူဖွေးချောမောသော မျက်နှာတစ်ဝက်ကိုသာ မြင်တွေ့ရပေသည်။

ထန်ထျန်းကျဲသည် နေကာမျက်မှန်ကို အနည်းငယ် ဆွဲချလိုက်ပြီး ဟိုတယ်၏အမည်ကို တစ်ချက်ကြည့်ကာ အတည်ပြုလိုက်၏။

ထို့နောက် ရှည်လျားသော ခြေတံကြီးများဖြင့် အတွင်းသို့ လျှောက်လှမ်းသွားရာ သူ့အနောက်မှ လူတစ်ယောက်က ဖိတ်စာကို ဟိုတယ်ဝန်ထမ်းထံသို့ ကမ်းပေးလိုက်လေသည်။

ထန်မိသားစုသည် နှစ်စဉ် ဤအချိန်သို့ ရောက်ရှိတိုင်း ညစာစားပွဲတစ်ခုကို ကျင်းပလေ့ရှိ၏။

မိသားစုဝင်များအပြင် အခြားသောမျိုးနွယ်စုများမှ သား သမီးများနှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကိုပါ ဖိတ် ကြားလေ့ရှိသည်။

ထန်ထျန်းကျဲသည် နှစ်စဉ်နှစ်တိုင်း နာမည်လာစာရင်းသွင်းသည့် ပုံစံမျိုးဖြင့်သာ လာရောက်တက်ရောက်လေ့ရှိ၏။

အချိန်ကျသည်နှင့် တစ်ပြိုင်နက် ချက်ချင်းထွက်ခွာသွားလေ့ရှိသည်။

သူသည် ထန်မိသားစုတွင် အားလုံးကအသိအမှတ်ပြုထားသော အသုံးမကျသည့် သူဌေးသားတစ်ယောက်ဖြစ်ပြီး မည်သူကမျှ သူ တစ်ခုခု လုပ်နိုင်မည်ဟု မျှော်လင့်မထားကြချေ။

သူကိုယ်တိုင်ကလည်း ထိုမိသားစုအမွေအနှစ် ဆိုသည်များကို ဆက်ခံလိုခြင်းမရှိပေ။

မည်သို့ပင်ဖြစ်စေ နှစ်စဉ် မိသားစုမှခွဲဝေပေးသော မုန့်ဖိုးငွေသည်ပင် သူ သုံးစွဲရန်လုံလောက်နေပေ၏။

ယနေ့ သေရည်ရှိလျှင် ယနေ့ မူးယစ်မည်ဟူသော မူဝါဒပင် ဖြစ်သည်။

ထိုလူများ လုယက်ချင်ပါက လုယက်ပါစေဟုသာ သဘော ထားလေ၏။

သို့သော် ဤတစ်ကြိမ်တွင်မူ

ထန်ထျန်းကျဲ ညစာစားပွဲသို့ ဝင်ရောက်သွားချိန်တွင် သူ၏ ခြေလှမ်းများသည် ယုံကြည်မှုများ အပြည့်အဝရှိနေခဲ့သည်။

သူ၏နေကာမျက်မှန်ကြောင့် အခြားသူများက ထူးဆန်းသော အကြည့်များဖြင့် ကြည့်လာကြချိန်တွင်ပင် သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့ တည့်တည့်လျှောက်သွားနိုင်ခဲ့၏။

၎င်းမှာ သူကိုယ်တိုင်၏တည်ရှိမှု တန်ဖိုးကို ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်နိုင်မည်လော။

သို့မဟုတ် နောက်ဆုံးတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု ရှိလာပြီ ဖြစ်သောကြောင့်လော။

ထန်ထျန်းကျဲသည် အရက်ခွက်များ ဖလှယ်ကာပျော်ရွှင်နေကြသော ညစာစားပွဲကို ကြည့်ရင်း ဤနေရာသည်လည်း သိပ်မဆိုးလှဟု ရုတ်တရက် ခံစားလိုက်ရ၏။

'အလကား ဘူဖေး တစ်နပ်စားရတာပဲ မဆိုးပါဘူးကွာ' ဟု သူက တွေးလိုက်သည်။

'ဒါ့အပြင် ဒီမှာ နာမည်ကြီး မျိုးနွယ်စုဝင်တွေ အများကြီး ရှိနေတာဆိုတော့ ငါတို့ရဲ့ ရုံးခန်းအတွက် အလုပ်တစ်ခုလောက်များရလာနိုင်မလားပဲ' ဟု ဆက်တွေးလိုက်၏။

ရဲ့ယိုရှီးကမူ ရုံးခန်းဖွင့်လှစ်ရန် သေချာပေါက် မဆုံးဖြတ်ရသေးသော်လည်း ထန်ထျန်းကျဲသည် ရုံးခန်းတည်ထောင်ရေးအတွက် စတင် စီစဉ်နေပြီ ဖြစ်သည်။

သူသည် မည်သည့်အရာကိုမျှ ကောင်းစွာမလုပ်နိုင်သော် လည်း သရဲခေါ်သည့် နေရာတွင်တော့ သာမန်လူများက သူ့ကို ယှဉ်နိုင်မည်မဟုတ်ချေ။

'တူရာတူရာ ဆွဲငင်တယ်ဆိုတဲ့ စကားရှိတယ်လေ၊ ငါ အပြင်ကိုများများထွက်လာရင် သရဲပူးခံရတဲ့ လူတွေကို ဆွဲဆောင်နိုင်မလားပဲ' ဟု တွေးတောမိ၏။

'ဒါ့အပြင် နောက်ဆိုရင် ပိုက်ဆံတွေလည်း လျှောက်သုံးလို့ မဖြစ်တော့ဘူး၊ ရုံးခန်းစတင်တည်ထောင်ဖို့ဆိုရင် အရင်းအနှီး အများကြီးလိုမှာ သေချာတယ်'

'ငါ ပံ့ပိုးပေးနိုင်တာက ဒီနှစ်ခုပဲ ရှိတာဆိုတော့ သေချာအသုံး ချမှ ဖြစ်မယ်' ဟု ဆုံးဖြတ်လိုက်သည်။

ထိုသို့တွေးတောနေစဉ် ထန်ထျန်းကျဲသည် ရုတ်တရက် မျက်လုံးများ အနည်းငယ်ယားယံလာသည်ကို ခံစားလိုက်ရ၏။

ထို့ကြောင့် လက်ထဲရှိ သောက်စရာကို ကပျာကယာ ချထားလိုက်ပြီး အိမ်သာဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။

လက်ဆေးဘေစင် အရှေ့တွင်

ထန်ထျန်းကျဲသည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး မျက် လုံးပေါ်သို့ ရေအနည်းငယ် ပက်လိုက်၏။

နေကာမျက်မှန်၏အောက်တွင်မူ ပန်ဒါဝက်ဝံကဲ့သို့ မျက် ကွင်းညိုကြီး နှစ်ဖက် ရှိနေပေသည်။

လွန်ခဲ့သောနှစ်ရက်ခန့်က ထန်ထျန်းကျဲသည် အရာတစ်ခု၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရပြီး နောက်ပိုင်းတွင် ဖြေရှင်းနိုင်ခဲ့သော်လည်း နောက်ဆက်တွဲ ဝေဒနာအချို့ကျန်ရစ်နေခဲ့၏။

ဥပမာအားဖြင့် ဤမျက်ကွင်းညိုကြီးများ ဖြစ်စေ၊ အချိန် အတိုင်းအတာ တစ်ခုတိုင်းတွင် မျက်လုံးကို ရေဆွတ်ပေးရခြင်း ဖြစ်စေ ထိုသို့ မလုပ်ပါက ယားယံလာတတ်လေသည်။

ယားယံမှု အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားပါက စတင်၍ နာကျင်လာတော့၏။

ရဲ့ယိုရှီး၏အဆိုအရ ဤမျက်ကွင်းညိုများ ပျောက်ကွယ်သွားရန် နောက်ထပ် ရက်အနည်းငယ်ကြာဦးမည်ဟု ဆိုပေသည်။

'ရွှမ်း'

ဘေးဘက်ရှိ အိမ်သာခန်းအတွင်းမှ ရေဆွဲချလိုက်သော အသံ ထွက်ပေါ်လာ၏။

ထိုအခါ ထန်ထျန်းကျဲသည် အလျင်အမြန် မျက်လုံးများကို သုတ်လိုက်ပြီး နေကာမျက်မှန်ကိုတပ်ဆင်လိုက်သည်။

မျက်မှန်တပ်ပြီးသည်နှင့် တစ်ပြိုင်နက် အိမ်သာခန်း အတွင်းရှိ လူသည် အပြင်သို့ထွက်လာခဲ့၏။

သူကလက်ဆေးရန် အလာတွင် ခေါင်းကိုမော့လိုက်ရာ မှန်ထဲမှတစ်ဆင့် နေကာမျက်မှန် တပ်ဆင်ထားသော လူတစ်ယောက် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

တစ်ခဏမျှ မျက်မမြင် တစ်ယောက်ဟုပင် ထင်မှတ်သွားခဲ့၏။

ထပ်မံ၍ သေချာကြည့်လိုက်သောအခါ ကြည့်ရသည်မှာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ရှိနေလေသည်။

"ဒါ ထန်မိသားစုရဲ့ နံပါတ်တစ်လူထန်ထျန်းကျဲမဟုတ်လား၊ မင်းက လူလာပြရုံ သက်သက်ထပ်လာပြန်ပြီလား၊ မင်းအတွက်လည်း တော်တော်လေး ခက်ခဲမှာပဲ" ဟု ထန်ရှုက လှောင်ပြောင်လိုက်၏။

ဆိုလိုရင်းဖြစ်သော ထန်မိသားစု၏နံပါတ်တစ်လူ ဆိုသည်မှာ ထန်မိသားစု၏ နံပါတ်တစ် အသုံးမကျသော သူဌေးသားဟု ဆိုလိုခြင်း ဖြစ်ပေသည်။

ထန်ထျန်းကျဲ၏အသုံးမကျမှုသည် အသိုင်းအဝိုင်း တစ်ခုလုံး သိရှိထားကြသော ကိစ္စပင်။

အသိုင်းအဝိုင်းအတွင်းတွင် ပြောစမှတ်တွင်နေသော စကားတစ်ခွန်း ရှိပြီး ၎င်းမှာ ထန်ထျန်းကျဲသည် မိခင်ဖြစ်သူကွယ် လွန်ပြီးနောက်ပိုင်း ဦးနှောက်ပိုင်းဆိုင်ရာ အနည်းငယ် ချို့ယွင်းသွားသည်ဟူ၍ ဖြစ်သည်။

ထိုသို့မဟုတ်လျှင် မည်သူကများ သန်းခေါင်ယံအချိန်ကြီး သင်္ချိုင်းကုန်းတွင် သွားရောက်၍ ကခုန်နေမည်နည်း။

သတင်းခေါင်းကြီးပိုင်းတွင်ပင် ပါဝင်သွားခဲ့သေး၏။

အမှန်တကယ်ကို အသိုင်းအဝိုင်းအပြင်ဘက်အထိ အရှက်ကွဲသွားခဲ့ခြင်း ဖြစ်ပေသည်။

ထိုအချိန်က ထန်မိသားစု၏အဘိုးဖြစ်သူသည် ထန်ထျန်းကျဲ၏ဘဏ်ကတ်များကိုပင် ပိတ်ပင်ထားခဲ့သော်လည်း ဤကောင်က ချက်ချင်းပင် ရဲယိုရှီးနှင့် ပူးပေါင်းသွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

မှန်ပေသည်၊ ထန်ရှု အစရှိသော သူများ၏အမြင်တွင်တော့ ဤသည်မှာ အခွင့်အရေးယူ၍ ပူးပေါင်းသွားခြင်းဖြစ်၏။

ရဲ့မိသားစုသည် သိပ္ပံသုတေသန နယ်ပယ်တွင် ထူးချွန်ရုံသာမက စီးပွားရေးနယ်ပယ်တွင်လည်း လုံးဝနောက်ကောက်ကျခြင်း မရှိပေ။

ထန်ထျန်းကျဲကဲ့သို့ ဘာမျှမတတ်သော အသုံးမကျသည့် သူဌေးသား တစ်ယောက်က မည်သည့်အရည်အချင်းနှင့်များ ပူးပေါင်းနိုင်ခဲ့သနည်း။

"မင်း ညကြီးအချိန်မတော် နေကာမျက်မှန် တပ်ထားတာ သေချာကော မြင်ရရဲ့လား၊ ဒီနေ့ ဘယ်အချိန်လောက် ပြန်မှာလဲ၊ အဲဒီလိုမှ မဟုတ်ရင် ငါ မင်းအတွက် အငှားကားတစ်စီးလောက် ခေါ်ပေးရမလား"

ထန်ထျန်းကျဲသည် နားထောင်နေရင်း လက်ပေါ်ရှိ ရေများကို ဖြည်းညင်းစွာ သုတ်ပစ်လိုက်သည်။

တစ်ဖက်လူ ပြောဆိုပြီးသွားသောအခါ သူသည် အရှေ့ရှိ ထန်ရှုကိုကြည့်လိုက်ပြီး အလွန်အမင်း အံ့သြနေသည့် မျက်နှာအမူအရာကို ဖော်ပြလိုက်၏။

"ဟာ၊ မင်းလို ရွှေတွေ ဖုံးလွှမ်းနေတဲ့ လူကလည်း ချီးပါတတ်သေးတာလား"

ထန်ရှုနှင့် ထန်ထျန်းကျဲတို့သည် အမြဲတစေ မတည့်ကြချေ။

ယခင်ကဆိုလျှင် ထန်ရှု၏ ဤစကားနှစ်ခွန်းသည်ပင် ထန်ထျန်းကျယ်အား ဒေါသထွက်စေရန် လုံလောက်နေပေပြီ။

တိုက်ရိုက်ပင် လက်ပါကောင်း ပါသွားနိုင်လေသည်။

သို့သော် ယခုအခါတွင်မူ သူသည် ပေါ့ပေါ့ပါးပါးပင် ပြန်လည်တိုက်ခိုက်လိုက်၏။

'ပါးစပ်နဲ့ တိုက်ခိုက်တာပဲ၊ ဘယ်သူကများ မလုပ်တတ်လို့လဲ' ဟု တွေးလိုက်သည်။

ယခင်ကဆိုလျှင် သူသည် မည်သို့ပင်ဖြစ်စေ ဂရုမစိုက်ဘဲ တိုက်ရိုက် ရန်ဖြစ်လိုက်ခြင်းဖြင့် ညစာစားပွဲမှ စောစော ပြန်ထွက်သွားနိုင်မည် ဖြစ်၏။

သို့သော် ယခုတော့ ထိုသို့ လုပ်၍မရတော့ပေ။

သူ ရုံးခန်းတည်ထောင်ရမည်ဖြစ်သဖြင့် ပေါ့ပေါ့ဆဆ ပြဿနာ ရှာ၍ မရနိုင်တော့ချေ။

ထိုသို့မဟုတ်ပါက ရဲ့ယိုရှီးကိုပါ ထိခိုက်စေနိုင်ပေသည်။

'ကျွတ် ကျွတ် ကျွတ်'

ထန်ထျန်းကျဲသည် ထန်ရှုကို အထက်အောက် အကဲခတ် ကြည့်ရှုလိုက်ပြီး "မင်း အနံ့တစ်ခုခုကို မရဘူးလား၊ မင်းဟာက ၈၂ ခုနှစ်က ချီးများလား မသိဘူး"

ထန်ရှု မျက်နှာသည် တစ်ခဏ အစိမ်းရောင်၊ တစ်ခဏအဖြူရောင် ဖြစ်သွားပြီး "ထန်ထျန်းကျဲ၊ မင်းက ဘာတွေ လာကြွားနေတာလဲ"

"မင်းက ရဲ့ယိုရှီး နောက်ကို လိုက်သွားရုံနဲ့ ဘဝပြောင်းသွားပြီလို့ တကယ် ထင်နေတာလား၊ မင်း အရင်တုန်းက လုပ်ခဲ့တဲ့ ကိစ္စတွေက ဒီလောက် ရိုးရိုးရှင်းရှင်းနဲ့ ဆေးကြောပစ်လို့ ရတာ မဟုတ်ဘူး"

"အဘိုးက မင်းကို အမွေဆက်ခံသူ စာရင်းထဲကနေ ပယ်ဖျက်လိုက်ပြီ၊ မင်း ဘယ်လောက်ပဲ ရုန်းကန်နေပါစေ"

'ဘုတ်'

ထန်ထျန်းကျဲသည် လက်ထဲရှိ တစ်ရှူးစက္ကူကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး ထန်ရှုကိုစွေကြည့်ကာ "အရင်တုန်းက မင်း ဒီလောက်တောင် စကားများမှန်း မသိခဲ့ဘူး၊ ခြင်တစ်ကောင်လိုပဲ"

ထို့နောက် သူသည် ရှေ့သို့ ခြေနှစ်လှမ်းခန့် လျှောက်သွားလိုက်ပြီး အရပ်အမောင်းကို အားကိုးကာ တစ်ဖက်လူကို ငုံ့ကြည့်ရင်း "မင်းက သတင်းတွေ ဒီလောက် သိနေတာဆိုတော့ မင်း သိလား"

"ငါက သရဲခေါ်နိုင်တယ် ဆိုတာကိုရော၊ ငါနဲ့ စကားပြောရဲတာ မင်းက တော်တော်လေး သတ္တိကောင်းတာပဲ"

ထိုအခါ ထန်ရှုသည် အလိုအလျောက်ပင် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားခဲ့ပြီး ၎င်းမှာ သူ၏ အထင်အမြင်လွဲမှားမှုများလား မသိတော့ချေ။

ဤတစ်ခဏအတွင်းမှာပင် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို အမှန်တကယ် ခံစားလိုက်ရ၏။

"ဘာသရဲတွေ ညာသရဲတွေလဲ၊ မင်းကိုယ် မင်း ဘယ်သူလို့ ထင်နေတာလဲ၊ ကခုန်လိုက်ရုံနဲ့ ဝိညာဉ်တမန်တော် ဖြစ်သွားပြီလား"

မရဏလောကမှအံ့ဖွယ်နေ့ရက်များ တိုက်ရိုက်ထုတ်လွှင့်မှု ပေါ်ထွက်လာခြင်းသည် သူတို့၏အသိုင်းအဝိုင်းအတွင်းတွင် စောစောကတည်းက ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူတို့၏သတင်းရရှိမှုသည် သာမန်လူများထက်ပင် ပိုမိုမြန်ဆန်နေသေး၏။

ဥပမာအားဖြင့် အချမ်းသာဆုံး ပုဂ္ဂိုလ်၏သမီး လင်းရော့်ယီနှင့် ပတ်သက်၍ ယခင်ကဖြစ်ပျက်ခဲ့သော ကိစ္စကို လူအများအပြားကစောင့်ကြည့်နေခဲ့ကြသည်။

"ဝိညာဉ်တမန်တော်ကြီးလား၊ အဲဒီလိုတော့ မဟုတ်ပါဘူး၊ ငါ့မှာ အဲဒီလောက် အရည်အချင်းမရှိသေးပါဘူး၊ အလွန်ဆုံးမှ သရဲခေါ်နိုင်ရုံလေးပါ"

ထိုသို့ပြောရင်း ထန်ထျန်းကျဲသည် နေကာမျက်မှန်ကို ချွတ်လိုက်ကာ "ငါ့ဒီမျက်လုံးကို မြင်လား၊ ဘာက ဒီလိုဖြစ်အောင် လုပ်သွားတာလဲဆိုတာ မင်း ခန့်မှန်းကြည့်ပါလား"

သူ၏ ဤမျက်လုံးအစုံသည် မျက်လုံးတစ်ဝိုက်တွင် အနက်ရောင် ကွင်းကြီး ဖြစ်နေရုံသာမက။

မျက်လုံးအတွင်းရှိ မူလက မျက်ဖြူဖြစ်နေသော နေရာများတွင်ပင် အမည်းရောင်နှင့် အနီရောင် သွေးကြောများ ရောယှက် ပြည့်နှက်နေပေသည်။

မည်သို့ပင် ကြည့်စေကာမူ အလွန်ထူးဆန်းကြောက်မက်ဖွယ် ကောင်းနေ၏။

ဤသည်မှာ လူတစ်ယောက်၏မျက်လုံးဟု ဆိုရမည်ထက် သရဲမျက်လုံးဟု ဆိုရမည်သာ ဖြစ်ပေသည်။

"မင်း မင်း"

ထန်ရှု၏ ကျောပြင်သည် အိမ်သာခန်း တံခါးနှင့် ကပ်သွားခဲ့ပြီး ထန်ထျန်းကျဲကို ကြည့်ရင်း စကားပင်မပြောနိုင်တော့ချေ။

ခြေဖဝါးမှစ၍ ထိပ်လယ်အထိ ထုံကျင်သွားသော ခံစားချက် တစ်ခုသာ တိုက်ရိုက် ရိုက်ခတ်သွားတော့၏။

'ကျွတ်'

ထန်ထျန်းကျဲက စုတ်သပ်ကာ ခပ်ဟဟ ရယ်မောလိုက်ပြီး မျက်မှန်ကိုတပ်ကာ အပြင်ဘက်သို့ လျှောက်သွားလေသည်။

"မင်း ထွက်လာတဲ့အချိန်ကျရင် လက်ဆေးဖို့ မမေ့နဲ့ဦး၊ ငါ အနံ့အသက်ဆိုးတွေကို မုန်းလို့"

အိမ်သာထဲမှ ထွက်လာပြီးနောက် ထန်ထျန်းကျဲသည် သောက်စရာ တစ်ခွက်ကို ပြန်လည် ကောက်ယူလိုက်ပြီး ညစာစားပွဲ၏ ထောင့်တစ်နေရာတွင် ရပ်နေလိုက်၏။

သို့သော် အကြည့်များကမူ ညစာစားပွဲ ခန်းမတစ်ခုလုံးတွင် ရှာဖွေနေလေသည်။

၎င်းတို့ အားလုံးသည် သူ၏အနာဂတ် ဖောက်သည်များ ဖြစ်လာနိုင်သူများပင် ဖြစ်ပေသည်။

ထိုသို့ ကြည့်ရှုနေစဉ် ဘေးဘက်မှနေ၍ ပုံရိပ်တစ်ခု လျှောက်လှမ်းလာခဲ့၏။

"အစ်ကိုထန် လူရှာနေတာလား"

ထိုအခါ ထန်ထျန်းကျဲက ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အံ့သြမှုများထွက်ပေါ်လာတော့သည်။

🫧 Chapter 192

"အစ်ကိုထန် လူရှာနေတာလား"

အရက်ခွက်များ ဖလှယ်ကာ ပျော်ရွှင်နေကြသော ညစာစားပွဲတွင် ဖြစ်၏။

ကျန်းရှန်သည် ရှားရှားပါးပါးပင် သူ၏ဗေဒင်ဟောသည့် အလံကို ကိုင်ဆောင်မထားဘဲ အနောက်တိုင်းဝတ်စုံ တစ်စုံကို သေသပ်သပ်ရပ်ရပ် ဝတ်ဆင်ထားလေသည်။

လူသည် အဝတ်အစားပေါ်တွင် မူတည်ပြီး မြင်းသည် ကုန်းနှီးပေါ်တွင် မူတည်သည်ဟု ဆိုရမည် ဖြစ်ပေ၏။

ထို့ကြောင့် ကျန်းရှန် ဤသို့ ပြင်ဆင်လိုက်သောအခါ လုံးဝကို အရည်အချင်းရှိသော လူငယ်လေးတစ်ဦး ဖြစ်သွားတော့ သည်။

"ကျွန်တော် ကြည့်ရသလောက် အစ်ကိုထန် မကြာခင်မှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်မယ့် လက္ခဏာရှိတယ်၊ အခုလို ဆုံတွေ့ရတာကလည်း ရေစက်ပဲဆိုတော့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်ကြမလား" ဟု ကျန်းရှန်က ပြောလိုက်၏။

ထိုအခါ ကျန်းရှန်၏စကားကို ကြားပြီးနောက် ထန်ထျန်းကျဲ၏ မျက်လုံးများသည် အရောင်လင်းလက်သွားခဲ့သည်။

သူသည် ရဲ့ယိုရှီးအား ရုံးခန်းဖွင့်လှစ်ရန် မည်သည့် အကြောင်းပြချက်ဖြင့် နားချရမည်ကို စိတ်ပူနေခဲ့ခြင်း ဖြစ်၏။

ထို့နောက် ကျန်းရှန်၏နာမည်ကြီးမှုကိုလည်း သူ မကြာသေးမီက အများအပြား ကြားသိထားခဲ့ပေသည်။

ထို့အပြင် ယခင်အကြိမ်က တစ်ဖက်လူသည် သူ့အတွက် ဗေဒင်တစ်ကွက် ဟောပေးခဲ့ရာတွင် အမှန်တကယ်ပင် အလွန်မှန်ကန်ခဲ့လေ၏။

'ဒီလို အရည်အချင်းရှိတဲ့လူသာ ပါလာရင် ရုံးခန်းက သေချာ ပေါက် ဖွင့်လို့ရပြီပေါ့ကွာ၊ နောက်ပိုင်း ပြဿနာတစ်ခုခုကြုံလာရင်တောင် အကြံတောင်းလို့ရမယ့် ဘိုးဘေးတစ်ယောက် ရှိနေပြီလေ' ဟု သူက တွေးတောလိုက်သည်။

ထိုသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် ထန်ထျန်းကျဲ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ညာဘက်လက်ကို ဆန့်ထုတ်လိုက်၏။

"ပြန်ပြီး မိတ်ဆက်ရမယ်ဆိုရင် ကျွန်တော့်နာမည်က ထန်ထျန်းကျဲပါ၊ သရဲခေါ်နိုင်ပါတယ်"

ထိုအခါကျန်းရှန်၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး ရှေ့သို့တိုးကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ကျန်းရှန်ပါ၊ ဗေဒင်ဟောပါတယ်"

'ဘိုးဘေးကလည်း မသင်ပေးချင်ဘူးဆိုတော့ ငါက သရဲတွေကို ကာကွယ်နိုင်မယ့် လူကိုပဲ လာရှာရတော့မှာပေါ့ကွာ' ဟု ၎င်းက တွေးတောမိ၏။

ဤသည်မှာ သမိုင်းဝင်မည့် မြင်ကွင်းတစ်ခု ဖြစ်မည်မှာ သေချာပေသည်။

အိမ်သာ တံခါးဝတွင်

ထန်ရှုသည် လက်ဆေးပြီးကာစ ထွက်လာချိန်၌ လူနှစ်ဦး လက်ဆွဲနှုတ်ဆက်နေသည့် မြင်ကွင်းကို အဝေးမှနေ၍ မြင်တွေ့လိုက်ရသည်။

ထိုအခါ အထိတ်တလန့် ဖြစ်နေဆဲဖြစ်သော သူ့ နှလုံးသားသည် ထပ်မံ၍ တုန်လှုပ်သွားရပြန်လေ၏။

'ရဲ့ယိုရှီးကတော့ ထားလိုက်ပါတော့၊ ထန်ထျန်းကျဲနဲ့က ငယ်ငယ်ကတည်းက သိနေတာဆိုတော့လေ၊ ဒါပေမယ့် မကြာသေးခင်ကမှ အသိုင်းအဝိုင်းထဲက လူကြီးပိုင်းတွေတောင် အထင်ကြီးနေရတဲ့ ဆရာကျန်းက ဘယ်လိုလုပ်ပြီး ထန်ထျန်းကျဲနဲ့ သွားပေါင်းနေရတာလဲဟ' ဟု သူက တွေးတောလိုက်သည်။

ထို့နောက် ထန်ရှုသည် ရုတ်တရက် အသိဝင်လာခဲ့၏။

သူသည် မိသားစုအတွင်း၌ အာဏာလုပွဲများ ဆင်နွှဲနေချိန်တွင် ထန်ထျန်းကျဲသည် မိသားစုအတွင်းမှ ထွက်ခွာသွားခဲ့ပုံရပေသည်။

မိသားစု၏ အပြင်ဘက်တွင် ၎င်းကိုယ်ပိုင် ကမ္ဘာငယ်လေး တစ်ခုကို ဖန်တီးတည်ဆောက်နေခဲ့ပြီ ဖြစ်၏။

တစ်ခဏမျှ ထန်ရှုသည် ခေါင်းမူးမိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

'ငါကိုယ်တိုင်ကများ ရေတွင်းထဲက ဖားသူငယ် ဖြစ်နေတာလားဟ' ဟု သူက တွေးတောမိလေသည်။

အခြားတစ်ဖက်ရှိ မြေအောက်ကမ္ဘာတွင်

နှစ်သစ်ကူးအကြိုနေ့တွင် ကျန်းလင်သည် နှစ်ပတ်လည်ပွဲတော် ဖိတ်စာကို ပြန်လည် ယူငင်လိုက်သည်။

ဖိတ်စာ၏အကြောင်းအရာမှာ အလွန်ရိုးရှင်းလှပေ၏။

အကြမ်းဖျင်းအားဖြင့် ကျန်းလင်အား နှစ်သစ်ကူးအကြိုနေ့တွင် ငရဲမင်းနန်းဆောင်၏ အောက်ဘက်ရှိ ခန်းမဆောင်ကြီးသို့ သွားရောက်ကာ နှစ်တစ်ရာလျှင် တစ်ကြိမ် ကျင်းပသော သုံးရက်ကြာ နှစ်ပတ်လည်ပွဲတော်ကို တက်ရောက်ရန်ဖြစ် သည်။

ထို့အပြင် နှစ်ကုန် အလုပ်အစီရင်ခံစာကိုပါ ယူဆောင်လာရန် ဖြစ်၏။

မြေအောက်ကမ္ဘာ၏ နှစ်ပတ်လည်ပွဲတော်အကြောင်းကို ကျန်းလင် ယခင်ကလည်း ကြားဖူးခဲ့ပေသည်။

ဆိုစမှတ်ပြုကြသည်မှာ နှစ်တစ်ရာလျှင် တစ်ကြိမ် မြေအောက်ကမ္ဘာ၌ အဖွဲ့မှူးကြီးများနှင့် အဖွဲ့မှူးကြီးအဆင့်အထက်ရှိသော ဝိညာဉ်တမန်တော်များသာ တက်ရောက်နိုင်သည့် နှစ်ကုန်အလုပ်အစီရင်ခံစာ တင်သွင်းပွဲတစ်ခု ရှိသည်ဟူ၍ဖြစ်၏။

အစီရင်ခံတင်ပြပြီးနောက် အားလုံးအတူတကွ နှစ်သစ်ကူး ညစာစားပွဲကို စားသုံးကြလေသည်။

၎င်းမှာ ဓလေ့ထုံးစံ တစ်ခုသဖွယ်ပင် ဖြစ်နေခဲ့ပြီ ဖြစ်၏။

ယခင်က ကျန်းလင် တပ်ဖွဲ့ (၉) တွင် ရှိနေစဉ်က ဤအချိန်သို့ ရောက်ရှိတိုင်း ကျန့်အန်းမင်းသားသည် အချက်အလက်များကို ကြိုတင် ပြင်ဆင်လေ့ရှိသည်။

နှစ်သစ်ကူးအကြိုနေ့သို့ ရောက်ရှိသောအခါ အလုပ်အစီရင် ခံစာ အမြောက်အမြားကိုသယ်ဆောင်၍ နှစ်ပတ်လည်ပွဲတော်သို့ သွားရောက်လေ့ရှိ၏။

မည်သို့ပင်ဖြစ်စေ နှစ်တစ်ရာလျှင် တစ်ကြိမ်သာဖြစ်သဖြင့် စာရင်းပြုစုရန်နှင့် အစီရင်ခံရန် အကြောင်းအရာများမှာ မနည်းလှပေ။

ယခုအခါတွင်မူ ကျန်းလင်သည် အဖွဲ့မှူးကြီး ဖြစ်လာသည်မှာ မကြာသေးသဖြင့် အစီရင်ခံရန် အလုပ်များစွာ မရှိလှချေ။

ထို့ကြောင့် အရာအားလုံးကို ရိုးရိုးရှင်းရှင်းသာ ပြင်ဆင်ထားလိုက်၏။

လက်ရှိ အလုပ်တာဝန်များကို လွှဲပြောင်းပေးအပ်ပြီးနောက် ကျန်းလင်သည် ကိုယ်ပေါ်ရှိ အလုပ်ဝတ်စုံကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

သေချာစွာ အကဲခတ်ကြည့်ရှုလိုက်ပြီး မည်သည့် အမှားအယွင်းမျှ မရှိကြောင်း အတည်ပြုပြီးနောက်မှသာ ဖိတ်စာနှင့် အလုပ်အစီရင်ခံစာကို ယူဆောင်၍ ခရိုင် (၁၈) နန်းဆောင်၏ အပြင်ဘက်သို့ ထွက်လာခဲ့လေ၏။

ခြေနှစ်လှမ်းခန့် လျှောက်ပြီးသည်နှင့် အနောက်မှ အကောင်ငယ်လေး တစ်ကောင်လိုက်ပါလာခဲ့သည်။

ကျန်းလင် လှည့်ကြည့်လိုက်သောအခါ အရောင်ခုနစ်မျိုးဥငယ်လေးသည် သူ့အနောက်တွင် တိတ်ဆိတ်စွာ ရပ်တည်နေသည်ကို မြင်တွေ့လိုက်ရ၏။

"ငါနဲ့ အတူတူ လိုက်သွားချင်လို့လား"

အရောင်ခုနစ်မျိုးဥငယ်လေးသည် အထက်အောက် ခုန်ပေါက်ပြလိုက်၏။

'လိုက်သွားချင်တယ်လေ၊ သခင်နဲ့ အတူတူ နှစ်သစ်ကူးချင်တယ်၊ ပြီးတော့ ပျော်ပွဲရွှင်ပွဲထဲလည်း ဝင်ပါချင်သေးတယ်' ဟု ၎င်းက တွေးတောနေသည်။

ထိုအခါ ကျန်းလင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် "ရတယ်လေ၊ ဒါပေမယ့် ဟိုရောက်ရင် ငြိမ်ငြိမ်နေရမယ်၊ လျှောက်မပြေးရဘူး၊ လုပ်နိုင်မလား" ဟု မေးလိုက်၏။

'လုပ်နိုင်တာပေါ့၊ သခင်ပြောတာ အကုန်နားထောင်ပါ့မယ်' ဟု တွေးတောရင်း အရောင်ခုနစ်မျိုးဥငယ်လေးသည် အထက်အောက် ခုန်ပေါက်လိုက်ပြီး ၎င်းကိုယ်ပေါ်ရှိ အရောင်သည်လည်း အဖြူရောင်မှ ရွှေဝါရောင်နှင့် အနီရောင်ရော ယှက်နေသော အရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ကျန်းလင် အများကြီး ပြောစရာမလိုလိုက်ဘဲ ၎င်းသည် အလိုအလျောက်ပင် ကျန်းလင်၏အင်္ကျီလက်အတွင်းသို့ ပျံသန်းဝင်ရောက် ပုန်းအောင်းနေလိုက်၏။

ခရိုင် (၁၈) နန်းဆောင်မှ ထွက်လာပြီးနောက် ကျန်းလင်သည် ငရဲမင်းနန်းဆောင် အောက်ဘက်မနီးမဝေးရှိ ခန်းမဆောင်ကြီးဆီသို့ လွင့်မျောသွားလေသည်။

ခဏမျှ လွင့်မျောပြီးသည်နှင့် ခရိုင် (၁၈) ၏ ဘေးအိမ်မှ နွားခေါင်းအဖွဲ့မှူးကြီးနှင့် ဆုံတွေ့သွားခဲ့၏။

"အဖွဲ့မှူးကျန်းလည်း နှစ်ပတ်လည်ပွဲတော် သွားတက်မလို့လား" ဟု နွားခေါင်းအဖွဲ့မှူးကြီးက အရင်ဦးစွာ နှုတ်ဆက်လိုက်သည်။

ကျန်းလင် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ အဖွဲ့မှူးချူ ခင်ဗျားက ဒါက" ဟု ပြန်မေးလိုက်၏။

နွားခေါင်းအဖွဲ့မှူးကြီး၏ မျိုးရိုးအမည်မှာ ချူဖြစ်ပြီး နာမည်မှာ ယုံအန်း ဖြစ်ပေသည်။

သူသည် ကိုယ်ပေါ်တွင် အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်ရှိ နွားဂျိုများသည်လည်း တုတ်ခိုင်ကာ ကောက်ကွေးနေသည်ကို မြင်တွေ့ရ၏။

အရပ်မှာ နှစ်မီတာ နီးပါးခန့် ရှိပြီး ခန္ဓာကိုယ်မှာလည်း အလွန် တောင့်တင်းကြံ့ခိုင်ကာ လက်မောင်းပေါ်ရှိ ကြွက်သားများသည် ဖုထစ်နေသဖြင့် ကြည့်ရသည်မှာ အလွန် ကြမ်းကြုတ်မည့်ပုံ ပေါ်နေလေသည်။

အခြားသူများကို ပေါင်းသင်းရခက်ခဲမည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။

မူလကတော့ ဤသို့ပင် ဖြစ်ပေသည်။

သို့သော် ကျန်းလင်က နွားခေါင်းအဖွဲ့မှူးကြီး၏ နွားဂျိုထိပ်ဖျား နှစ်ဖက်တွင် တပ်ဆင်ထားသော အနီရောင် ဂျိုချွန်လေးများကို ကြည့်လိုက်ရာ အလွန်ပျော်ရွှင်ဖွယ်ကောင်း သော ပုံစံပေါက်နေပေ၏။

ထပ်မံ၍ တစ်ဖက်လူ၏ဘယ်ဘက်လက်တွင် အမွေးပွပွ အဖြူရောင် တိဘက်ခွေးဘီလူး တစ်ကောင်နှင့် ညာဘက်လက်တွင် အမွေးပွပွ မြေခွေးနီ တစ်ကောင် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

ပခုံးပေါ်တွင်လည်း မျက်လုံးပြူးကြီးများနှင့် ဇီးကွက်တစ်ကောင် ရပ်နေသေး၏။

တစ်ချက် ကြည့်လိုက်ရုံဖြင့် ဆန့်ကျင်ဘက် အလွန်ဖြစ်နေသည်ကို တွေ့ရလေသည်။

သို့သော်လည်း ကျန်းလင် အဓိက ဂရုစိုက်မိသည်မှာ ထိုအရာများ မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ ပုံမှန်အားဖြင့်လည်း တစ်ဖက်လူ၏ နန်းဆောင်အတွင်း၌ အိမ်မွေးတိရစ္ဆာန်များ လျှောက်သွားနေသည်ကို သူ မြင်တွေ့ဖူးပေသည်။

'နှစ်ပတ်လည်ပွဲတော်ကို သွားတက်ရမှာ မဟုတ်ဘူးလား'

'အလုပ်အစီရင်ခံစာ တင်ပြရမှာ မဟုတ်ဘူးလား'

'ဘယ်လိုဖြစ်ပြီး ဒီပုံစံကြီးက တစ်ခုခုများ မှားယွင်းနေတာလားဟ'

'ပါတီပွဲ သွားမယ့်ပုံစံမျိုး ပေါက်နေတယ်ကွာ၊ ငါကပဲ အလွန်အကျွံ အံ့သြနေတာလား၊ ဒါမှမဟုတ် သူကပဲ တစ်ခုခု မှားယွင်းနေတာလား' ဟု သူက အတွေးပွားနေမိ၏။

အဖွဲ့မှူးချူက ဟားဟား ဟု ရယ်မောလိုက်ပြီး "ငါလည်း နှစ်ပတ်လည်ပွဲတော်ကို သွားမလို့လေ၊ အတူတူ သွားကြတာပေါ့" ဟု ပြောလိုက်၏။

"ပေါ့ပေါ့ပါးပါး နေပါကွ၊ နှစ်ပတ်လည်ပွဲတော်က အဲဒီလောက်ကြီး တင်းကျပ်မနေပါဘူး"

ကျန်းလင်သည် များများစားစား ထပ်မပြောတော့ဘဲ တစ်ဖက်လူ၏အနောက်မှနေ၍ ခန်းမဆောင်ကြီးဆီသို့ တိတ်ဆိတ်စွာ လွင့်မျောလိုက်ပါသွားတော့သည်။

နှစ်ပတ်လည်ပွဲတော်၏ပုံစံသည် သူ ထင်မှတ်ထားသည်နှင့် အနည်းငယ် ကွဲလွဲနေနိုင်သည်ဟု သူ တွေးတောလိုက်ပြီး ဟိုရောက်လျှင် သိရမည်သာ ဖြစ်သည်ဟု မှတ်ယူလိုက်၏။

လမ်းတစ်လျှောက်တွင် သူသည် အဖွဲ့မှူးကြီးများနှင့် အဖွဲ့မှူးကြီး အဆင့်အထက်ရှိသော ဝိညာဉ်တမန်တော် အများအပြား ခန်းမဆောင်ကြီးဆီသို့ ပျံသန်းသွားနေကြသည်ကို မြင်တွေ့ခဲ့ရသည်။

အချို့မှာ အလုပ်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အချို့မှာမူ အဖွဲ့မှူးချူကဲ့သို့ပင် ပုံမှန်ဝတ်စုံများကိုဝတ်ဆင်ကာ မိမိတို့၏အိမ်မွေးတိရစ္ဆာန်များ သို့မဟုတ် သရဲစစ်သည်များကို ခေါ်ဆောင်လာကြ၏။

၎င်းတို့အထဲမှ ဝိညာဉ်တမန်တော် အများအပြား၏ကိုယ်ပေါ်တွင် အနီရောင်အလှဆင်ပစ္စည်းများ ပါရှိနေကြသည်။

အဖွဲ့မှူးများသည် ပျံသန်းရင်း စကားပြောကာ ရယ်မောနေကြပြီး တင်းကျပ်သော လေထုမျိုး လုံးဝမရှိကြချေ။

ကျန်းလင် မူလက ထင်မှတ်ထားခဲ့သည်မှာ နှစ်ပတ်လည်ပွဲတော်ဆိုသည်မှာ အားလုံးစုပေါင်း၍ အလုပ်အစီရင်ခံစာ တင်ပြကြပြီး လွန်ခဲ့သော နှစ်တစ်ရာအတွင်းရရှိခဲ့သော အကျိုးအမြတ်များနှင့် လိုအပ်ချက်များကို အနှစ်ချုပ် ဆွေးနွေးကြမည် အစရှိသဖြင့်ဖြစ်၏။

သို့မဟုတ် ဌာနအသီးသီးမှ နှစ်တစ်ရာအတွင်း တိုးတက်မှုများကို ဆွေးနွေးကြမည်၊ မည်သည့် အရင်းအမြစ်များကို ရွှေ့ပြောင်းအသုံးပြုရန် လိုအပ်သည်ကို ဆွေးနွေးကြမည်ဟု ထင်ထားခဲ့သည်။

သို့သော် ယခု ကြည့်ရသလောက်တော့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေပုံရလေ၏။

ကျန်းလင်သည် ဘေးနားရှိ နွားခေါင်းအဖွဲ့မှူးကြီးအား အကဲ စမ်းသည့် အနေဖြင့် "အဖွဲ့မှူးချူ၊ ဒီနှစ်ပတ်လည်ပွဲတော် သုံးရက်ကို ပုံမှန်ဆိုရင် ဘယ်လို စီစဉ်ထားလေ့ရှိလဲ" ဟု မေးလိုက်၏။

ထိုစကားကို ကြားသောအခါ အဖွဲ့မှူးချူက သွားဖြဲကာပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

"စီစဉ်ထားတာ ဘာမှမရှိပါဘူးကွာ၊ ငရဲမင်းကြီးက အားလုံးကို စားဖို့သောက်ဖို့ ဖိတ်ကျွေးပြီး အတူတူ နှစ်သစ်ကူးကြရုံ သက်သက်ပါပဲ"

ကျန်းလင်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ဒါဆို အလုပ်အစီရင်ခံစာကရော" ဟု မေးလိုက်သည်။

"သွားတဲ့အခါကျရင် အလုပ်အစီရင်ခံစာကို ငရဲမင်းကြီး ဘေးနားက သရဲစစ်သည်တွေဆီ တိုက်ရိုက်ပေးအပ်လိုက်ရုံပါပဲ" ဟု ပြန်ဖြေလေ၏။

ထိုသို့ပြောရင်း အဖွဲ့မှူးချူသည် တိဘက်ခွေးဘီလူး၏ အမွေးပွပွ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်ပြီး ခဏမျှ စဉ်းစားကာ ထပ်ပြောလိုက်၏။

"အရင်တုန်းကတော့ အားလုံးက တစ်ယောက်ချင်းစီ အစီရင်ခံရတာ အမှန်ပဲ၊ အစီရင်ခံတာနဲ့တင် တစ်ရက် နှစ်ရက်လောက် ကြာတတ်တယ်"

"လွန်ခဲ့တဲ့ နှစ်ရာအနည်းငယ်လောက်က မင်းရဲ့အရင်အဖွဲ့မှူးဖြစ်တဲ့ ကျန့်အန်းမင်းသားက အချက်အလက်တွေ အများကြီး ပိုက်ပြီးရောက်လာတော့ သူတစ်ယောက်တည်း အစီရင် ခံတာနဲ့တင် နေ့တစ်ဝက် ညတစ်ဝက် ကြာသွားခဲ့တာလေ"

"အဲဒီနောက်ပိုင်းကစပြီး ငရဲမင်းကြီးက အားလုံးကို အလုပ်အစီရင်ခံစာတွေ တိုက်ရိုက်ပဲတင်ခိုင်းလိုက်တော့တယ်၊ တစ်ယောက်ချင်းစီ အစီရင်ခံဖို့မလိုတော့ဘဲ အားလုံးအတူတူ စားသောက်ပြီး ပျော်ပျော်ရွှင်ရွှင်နေကြဖို့ပဲ မှာလိုက်တယ်"

အဖွဲ့မှူးချူသည် ထိုစဉ်က ကျန့်အန်းမင်းသား တစ်နေ့နှင့်တစ်ည အစီရင်ခံနေစဉ် အဖွဲ့မှူးကြီးများ အားလုံးအံ့အားသင့်နေခဲ့ကြပြီး ငရဲမင်းကြီးပင် ထွက်ပြေးချင်နေခဲ့သောမြင်ကွင်းကို တွေးမိသည်နှင့် မနေနိုင်တော့ဘဲ ဟားဟားဟု အသံထွက်ကာ ရယ်မောလိုက်မိ၏။

"အဲဒီလို ဆိုရရင် ကျန့်အန်းမင်းသားကို ကျေးဇူးတင်ရမှာပေါ့ကွာ ဟားဟားဟား"

ကျန်းလင်သည် အနည်းငယ်အံ့အားသင့်သွားပြီး ဤအထဲတွင် ထိုသို့သော ကိစ္စများရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

စကားပြောဆိုနေစဉ်မှာပင် သရဲနှစ်ကောင်သည် ငရဲမင်းနန်းဆောင် အောက်ဘက်ရှိ ခန်းမဆောင်ကြီးသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။

ခန်းမဆောင်ကြီး၏တံခါးဝတွင် သိကျွမ်းသော ဝိညာဉ်တမန်တော် အများအပြားသည် အချင်းချင်းနှုတ်ဆက်နေကြပြီး သို့မဟုတ် တစ်ခုခုကို အငြင်းပွားနေကြလေသည်။

ကျန်းလင်သည် မုန့်‌ပေါ် ကိုလည်း မြင်တွေ့လိုက်ရ၏။

မုန့်ပေါ်အဘွားအို၏ရာထူးသည် ထူးခြားသဖြင့် နှစ်ပတ် လည်ပွဲတော်တွင် သူမအတွက် နေရာတစ်နေရာ သေချာပေါက် ရှိနေမည်သာ ဖြစ်ပေသည်။

ကျန်းလင်သည် ဤလေထုကို ကြည့်ရင်း အကယ်၍တကယ်ပဲ စားသောက်ရုံ သက်သက်ဆိုပါက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်၍ ရနိုင်မည်လောဟု စဉ်းစားနေမိ၏။

ယခင်က အလုပ်အစီရင်ခံစာကို အရင်တင်ပြရမည်ဟု သူ ထင်ထားခဲ့သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ရန် အဆင်မပြေနိုင်ကြောင်း သေချာပေသည်။

သို့သော် ယခုမူ

'တကယ်လို့ စားသောက်ရုံဆိုရင် Live လွှင့်လိုက်လို့ ရမလားပဲ' ဟု သူက တွေးတောလိုက်သည်။

'ငါ့ရဲ့ ဒီနေ့အတွက် နေ့စဉ်အလုပ်တာဝန်တွေလည်း မလုပ်ရသေးဘူးလေ၊ ဒါ့အပြင် နှစ်ပတ်လည်ပွဲတော်ကလည်း မြေအောက်ကမ္ဘာ ယဉ်ကျေးမှုရဲ့အစိတ်အပိုင်း တစ်ခုပဲ မဟုတ်လား'

'နေ့စဉ် အလုပ်တာဝန် တစ်ခါလုပ်ရင် အမှတ် ငါးရာရမှာဆိုတော့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အချိန်တာဝန်နဲ့ပါ ပေါင်းလိုက်ရင် တော်တော်လေးကိုက်တာပဲ' ဟု ဆက်တွေးလိုက်၏။

ထို့ကြောင့် ကျန်းလင်သည် ဤအကြံအစည်မှာ ဖြစ်နိုင်ချေရှိသည်ဟု ယူဆလိုက်တော့သည်။

All Chapters