← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

🫧 Chapter 193

လူ့လောကတွင်

လမ်းမများပေါ်ရှိ သစ်ပင်များတွင် အရောင်အသွေးစုံလင်သော မီးသီးလေးများကို ချိတ်ဆွဲထားကြပြီး အိမ်တိုင်းအိမ်တိုင်း၏ တံခါးများပေါ်တွင်လည်း အသစ်စက်စက် ကဗျာစာသားတွဲများကို မြင်တွေ့နိုင်ပေသည်။

ကလေးငယ်များသည် ဗြောက်အိုးငယ်များကို ကိုင်ဆောင်ကာ လမ်းမများပေါ်တွင် ဟိုမှသည်မှ ပြေးလွှားနေကြပြီး တစ်ခါတစ်ရံတွင် အသံနှစ်ချက်မြည်သော ဗြောက်အိုး သို့မဟုတ် ဗြောက်အိုးကြီး တစ်လုံးကို ပစ်ပေါက်လေ့ ရှိကြ၏။

'ဖောင်း ဖောင်း၊ ဒိုင်း ဒိုင်း' ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်နေပြီး အလွန်ပင် စည်ကားသက်ဝင်နေလေသည်။

ဟွမ်ကျီဟိုင်သည် အိမ်တွင် လှဲလျောင်းနေရင်း ထိုကလေးများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသော အသံများကိုပင် ကြားနေရ၏။

ထို့အပြင် သံဇလုံများကို ဗြောက်အိုးဖြင့် ဖောက်ခွဲလိုက်ချိန်တွင် ထွက်ပေါ်လာသော 'ဒေါင်ဒင်' ဟူသည့် အသံများကိုပါ ကြားနေရသည်။

ဤအရာများ အားလုံးသည် သူ ယခင်က ကစားခဲ့ဖူးသော အရာများသာဖြစ်ပေ၏။

သို့သော် ကြီးပြင်းလာသောအခါတွင် ကစားစရာများ ပိုမိုများ ပြားလာသော်လည်း ရိုးရှင်းသော ပျော်ရွှင်မှုများကတော့ လျော့နည်းသွားခဲ့သည်။

ထိုအကြောင်းကို တွေးမိသောအခါ ဟွမ်ကျီဟွိုင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖုန်းကိုထုတ်ကာ သော့ဖွင့်လိုက် ၏။

ထို့နောက် သူ တစ်ခုတည်းသာ Follow လုပ်ထားသောတိုက် ရိုက်ထုတ်လွှင့်မှုသို့ ဝင်ရောက်ကြည့်ရှုလိုက်သည်။

ယခင်အကြိမ်က Streamer ပေးသော ပရိသတ်လက်ဆောင်ကိုအသုံးပြု၍ ဆွေမျိုးအိမ်မှ ကလေးငယ်အားကယ်တင်ခဲ့ပြီးနောက် သူ၏ Follow စာရင်းတွင် ဤတစ်ခုတည်းသာ ကျန်ရှိတော့ခြင်း ဖြစ်၏။

တိုက်ရိုက်ထုတ်လွှင့်မှုသည် စတင်ခြင်း မရှိသေးပေ။

ထိုနေရာတွင် သူကဲ့သို့ပင် ပျင်းရိနေသောပရိသတ် တစ်စုကသာ ကျန်ရှိနေပြီး သူတို့အချင်းချင်း အလွတ်သဘော စကားပြောဆိုနေကြသည်။

အချို့က ကဗျာစာသားတွဲများ ရေးသားနေကြပြီး အချို့ကမူ ဈေးရောင်းသကဲ့သို့ ဖရဲစေ့များစားနေကြကာ အချို့က ဟာသတိုလေးများကို ဆော့ကစားနေကြ၏။

[ငါတစ်ယောက်တည်း ပျင်းနေတာထင်လို့၊ ကြည့်ရတာ အားလုံးက အတူတူပဲကိုး]

ဟွမ်ကျီဟိုင် စာတစ်ကြောင်း ရိုက်ထည့်လိုက်သည်။

ထို့နောက် အောက်ဘက်တွင် ချက်ချင်းပင် စာသားအသစ်များ ထွက်ပေါ်လာခဲ့၏။

[အလုပ်သွားစရာမလိုသလို သူဌေးက အလုပ်တွေ အတင်းခိုင်းမှာကိုလည်း စိတ်ပူစရာ မလိုတော့ဘူးဆိုတော့ ရုတ်တ ရက်ကြီးအားနေတာက သိပ်ပြီး အစစ်အမှန် မဟုတ်သလိုပဲ]

[အတူတူပဲ၊ ငါလည်း ခုနက အကျင့်ပါနေလို့ ကွန်ပျူတာ ထုတ်ပြီး အလုပ်လုပ်မလို့တောင် လုပ်လိုက်မိသေးတယ်]

[ကလေးတွေကတော့ ကောင်းပါတယ်၊ ငါ့ညီတို့ဆို အပြင်ထွက်ပြီး အရူးတွေလို ကစားနေကြတာ၊ အတော်ကို ပျော်နေကြတယ်]

[Streamer ဒီနေ့ လွှင့်ပါ့မလား၊ မြေအောက်ကမ္ဘာမှာရော နှစ်သစ်ကူးတာ ရှိလား]

ရုတ်တရက် ပရိသတ်တစ်ဦးက စပ်စုချင်စိတ်ဖြင့် မေးလိုက် ၏။

[လွှင့်လောက်ပါတယ်၊ ဟိုတစ်ခေါက်က သရဲဈေးတန်းမှာ ကဗျာစာသားတွဲတွေတောင် စပြီး ပြင်ဆင်နေကြပြီ မဟုတ်ဘူးလား]

[ဒါဆိုရင် Streamer က နှစ်သစ်ကူးသွားပြီပေါ့]

[အဲဒါလည်း ဟုတ်တာပဲ၊ ဒီနေ့တော့ ကြည့်ရဖို့မသေချာလောက်တော့ဘူး၊ ဟူး]

ဟွမ်ကျီဟွိုင်သည် ပရိသတ်များ၏ စာသားများကို ဖတ်ရှုနေစဉ် ရုတ်တရက် မျက်နှာပြင်အထက်ပိုင်းမှ သတင်းအချက် အလက်သစ် ဝင်ရောက်လာကြောင်း အသိပေးချက် တစ်ခု ပေါ်လာခဲ့၏။

WeChat အမည် [အဘိုးအိုလုံ] - [ဂိမ်းဆော့မယ်၊ လာမလား]

ဟွမ်ကျီဟွိုင်သည် အမှောင်ကျနေဆဲဖြစ်သော တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ချက်ကြည့်လိုက်ပြီး ပြန်စာ ရိုက်ထည့်လိုက်သည်။

[လာမယ်]

[အစ်ကိုတို့ရေ၊ ငါ အရင်သွားပြီး ဂိမ်းတစ်ပွဲလောက်ဆော့လိုက်ဦးမယ်၊ တကယ်လို့ တိုက်ရိုက်ထုတ်လွှင့်မှု စလာရင် ငါ့ကို လှမ်းခေါ်လိုက်ဦးနော်]

ထိုစာကို ပို့ပြီးနောက် ဟွမ်ကျီဟွိုင်သည် တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်လိုက်ပြီး သားရဲဂိမ်းကို ဖွင့်လိုက်၏။

'သားရဲကမ္ဘာမှ ကြိုဆိုပါတယ်'

ဟွမ်ကျီဟွိုင်သည် ဂိမ်းဇာတ်ကောင်ကို ရွေးချယ်လိုက်ပြီး ဂိမ်းထဲသို့ ဝင်ရောက်ကာ အချိန်မှတ် စတင်နေစဉ် မျက်နှာပြင် အထက်ပိုင်းတွင် ရုတ်တရက် အသိပေးချက် တစ်ခု ထပ်မံ ပေါ်လာခဲ့သည်။

သူသည် ဂိမ်းဆော့ရာတွင် အနှောင့်အယှက် မဖြစ်စေရန် အလိုအလျောက်ပင် ထိုအသိပေးချက်ကို ပယ်ဖျက်လိုက်၏။

သို့သော် စဉ်းစားကြည့်လိုက်သောအခါ တစ်ခုခု မှားယွင်းနေသကဲ့သို့ ရှိနေလေသည်။

'ငါ ခုနက ဘာကို ဖျက်လိုက်တာလဲဟ'

'တိုက်ရိုက်ထုတ်လွှင့်မှု စတင်ကြောင်း အသိပေးချက်များလား' ဟု သူက တွေးတောလိုက်၏။

သို့သော် ယခုအချိန်တွင် ဂိမ်းက စတင်နေပြီဖြစ်သည်။

'ဒါကတော့...'

ဟွမ်ကျီဟွိုင် ထိန်းချုပ်ထားသော ဂိမ်းဇာတ်ကောင်သည် မူလနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေလေ၏။

'ငါ အခု ထွက်လိုက်ရမလား၊ ဒါမှမဟုတ် တစ်ပွဲလောက် အရင် ဆော့လိုက်ရမလား' ဟု သူက တွေးတောကာ စိတ်ရှုပ်ထွေးနေသည်။

'ထွက်လိုက်ရင် Report အလုပ်ခံရမလား မသိဘူး၊ ပြီးတော့ ငါ့သူငယ်ချင်းကများ လိုင်းပေါ်ကနေ လာပြီး ငါ့ကို ရိုက်နှက်မလားပဲ'

ဟွမ်ကျီဟွိုင်သည် ဆုံးဖြတ်ချက် ချလိုက်ချိန်မှာပင် အဖွဲ့သားများစကားပြောဆိုရာ နေရာ၌ စာတစ်ကြောင်း ထွက်ပေါ်လာသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရ၏။

[ဓားသိုင်းသမားရှောင်ရှောင်] : [အစ်ကိုတို့ တောင်းပန်ပါတယ်၊ ငါ အရင် ထွက်လိုက်တော့မယ်၊ နောက်တစ်ခါကျရင်တော့ အဆုံးထိ အတူတူဆော့ပေးပါ့မယ် ]

[လုလုစီ] : [ဟာ၊ မင်း လူမဆန်လိုက်တာ၊ ဘာကိစ္စများရှိလို့ ဒီတစ်ပွဲ ပြီးအောင်တောင် မဆော့နိုင်ရတာလဲ]

[ဓားသိုင်းသမားရှောင်ရှောင်] : [လူတစ်ယောက်လို နေရတာထက်စာရင် ငါက မြေအောက်ကမ္ဘာရဲ့နှစ်သစ်ကူးပွဲကို ပိုသွားကြည့်ချင်တယ် ]

[ဝမ်ဝမ်] : [ဟင်၊ Streamer က လွှင့်နေပြီလား၊ ငါ့ကိုလည်း ခေါ်သွား]

[မြစ်ဝါမြစ်၏မြောက်ဘက်] : [ငါ့ကိုလည်း ခေါ်သွားဦး]

ဟွမ်ကျီဟိုင်သည်လည်း အနောက်မှနေ၍ စာတစ်ကြောင်း ဝင်ရေးလိုက်၏။

ထို့နောက် [လုလုစီ] အမည်ရှိ ကစားသမားသည် စနစ်၏ အသိပေးချက်များ ဆက်တိုက်ထွက်ပေါ်လာသည်ကို မျက်စိရှေ့တွင် မြင်တွေ့လိုက်ရတော့သည်။

'သင်၏ အဖွဲ့သား [ဓားသိုင်းသမားရှောင်ရှောင်] သည် အဖွဲ့မှ ထွက်ခွာသွားပါပြီ'

'သင်၏ အဖွဲ့သား [ဝမ်ဝမ်] သည် အော့ဖ်လိုင်း ဖြစ်သွားပါပြီ'

'သင်၏ အဖွဲ့သား [မြစ်ဝါမြစ်မြောက်ဘက်] သည် ...'

လုလုစီ : "ဒါက ဘာတွေလဲဟ"

'မဖြစ်နိုင်တာ၊ နှစ်သစ်ကူးချိန် ရောက်တော့ အားလုံးက လူမလုပ်ချင်ကြတော့ဘူးလား'

'မြေအောက်ကမ္ဘာတဲ့လား၊ ဘာ မြေအောက်ကမ္ဘာရဲ့ နှစ်သစ်ကူးပွဲလဲဟ'

'ဒီလို ပျော်စရာကောင်းတဲ့ နေ့မျိုးမှာ အဲဒီလိုအမင်္ဂလာစကားတွေပြောပြီး ဘာလုပ်ကြမလို့လဲ' ဟု သူက တွေးတောလိုက် ၏။

ကစားသမားတစ်ယောက်သည် တွေဝေသွားပြီးနောက် ရဲကိုများ အကူအညီ လှမ်းခေါ်သင့်သလောဟု စတင် စဉ်းစားနေမိသည်။

'ဒီကောင်တွေများ သေကြောင်းကြံဖို့ ကြိုးစားနေကြတာလား' ဟု တွေးလိုက်မိ၏။

ထိုသို့ တွေဝေနေစဉ်မှာပင် သူ၏ ဂိမ်းမျက်နှာပြင်ပေါ်၌ ရွှေရောင် တောက်ပနေသော "အနိုင်ရရှိသည်" ဟူသည့် စာလုံးကြီး နှစ်လုံး ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။

လုလုစီ : "ဟင်၊ ဒီလိုနဲ့ပဲ နိုင်သွားပြီလား"

'တစ်ဖက်အသင်းမှာ ဘာတွေ ဖြစ်သွားတာလဲဟ'

'တစ်သင်းလုံး ဗိုင်းရပ်စ်ကိုက်ပြီး လိုင်းကျသွားကြတာများလား' ဟု သူက အတွေးပွားနေမိသည်။

...

[ဒင် - သင် Follow လုပ်ထားသော တိုက်ရိုက်ထုတ်လွှင့်မှု 'မရဏလောကမှအံ့ဖွယ်နေ့ရက်များ' စတင်နေပါပြီ၊ မြန်မြန် လာကြည့်လိုက်ပါ]

...

မာကျောက်ကစားရုံ တစ်ခုအတွင်း၌ ဖြစ်၏။

မာကျောက်စက် ဆယ်လုံးကျော်အပြည့် ရှိနေပေသည်။

ထိုစက်များတွင်အသက်အရွယ် စုံလင်သော မာကျောက်ကစားသူ အယောက်ပေါင်းများစွာ ရှိနေကြ၏။

လူအများစုအတွက် နှစ်သစ်ကူးချိန်တွင် အဓိက ဖျော်ဖြေရေး လုပ်ငန်းမှာ မည်သည့်အရာ ဖြစ်သနည်းဟုမေးပါက မာကျောက်နှင့် ဖဲကစားခြင်းသည် သေချာပေါက် ထိပ်ဆုံးမှ ဦးဆောင်နေမည်သာ ဖြစ်ပေသည်။

"အဝိုင်းနှစ်ခု"

"သုံးသောင်း"

" သုံးကြောင်း၊ ယူမလား"

"ခဏလေး ငါ ကြည့်လိုက်ဦးမယ်"

လူငယ်တစ်ယောက်သည် အိတ်ကပ်ထဲမှ တုန်ခါမှုကို ခံစားလိုက်ရပြီး ဖုန်းကို ထုတ်ကြည့်လိုက်ကာ နောက်ထပ် တစ်ချက် ထပ်မံကြည့်ရှုလိုက်၏။

"သုံးကြောင်း ယူမှာလား မယူဘူးလား" ဟု မျက်နှာချင်းဆိုင်ရှိ ကစားဖော်က အလျင်စလို မေးလိုက်သည်။

ဖုန်းကိုင်ထားသော လူငယ်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်ထွက်လာပြီး အလျင်စလို မေးလိုက်သံကို ကြားသောအခါ သူ၏ ဖဲကြိုးကို တစ်ချက် ကြည့်လိုက်၏။

"ယူပြီ ယူပြီ"

"မင်း ယူတာတောင် ဘာလို့ ဒီလောက် ကြာကြာစဉ်းစားနေရတာလဲ" ဟု မျက်နှာချင်းဆိုင်ရှိ ကစားဖော်က လူငယ်၏ ဖဲကြိုးကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် အံ့သြသွားကာ "ဟာ၊ ဒီလောက် ကောင်းတဲ့ ဖဲကြိုးကို တစ်ရောင်တည်းမလုပ်ဘဲ ငါ့ဆီက နှစ်ကျပ်နဲ့ လာယူတာလား" ဟု ပြောလိုက်၏။

သို့သော် လူငယ်ကမူ ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြကာ "မင်းတို့ တစ်ယောက်ယောက်ကို အစားထိုးရှာလိုက်တော့၊ ငါ မဆော့တော့ဘူး" ဟု ပြောလိုက်သည်။

စကားပြောပြီးသည်နှင့် လူငယ်သည် ဘေးဘက်ရှိ စားပွဲမှလည်း အလားတူအသံမျိုးကို ကြားလိုက်ရ၏။

"မဆော့တော့ဘူးနော်၊ ဒီတစ်ပွဲ ငါ အကုန်ရှင်းပေးမယ်၊ ဘယ် လောက်ကျလဲဆိုတာ မင်းတို့ တွက်ကြည့်လိုက်၊ ငါ ပေးမယ်"

ထို့နောက် မာကျောက်ကစားရုံ၏အခြားတစ်ဖက်မှလည်း နောက်ထပ် လူနှစ်ယောက် ထပ်မံ ထရပ်လိုက်ကြသည်။

"ခဏလေး စောင့်ဦး၊ ငါ ဖုန်းလေး ခဏကြည့်လိုက်ဦးမယ်၊ ဆော့ဖို့ မလောနဲ့ဦး"

လူငယ်က ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်များမြင့်တက်သွားကာ ပရိသတ်အချင်းချင်းဆုံတွေ့ရသည့် ပျော်ရွှင်မှုမျိုးကို ခံစားလိုက်ရ၏။

ကမ္ဘာကြီးသည် တစ်ခါတစ်ရံတွင် ဤမျှလောက် အံ့သြဖွယ်ကောင်းလှပေသည်။

တစ်ဦးနှင့်တစ်ဦး လုံးဝမသိကျွမ်းသော သူစိမ်းများဖြစ်ကြသော်လည်း တူညီသောအကြိုက်တစ်ခု ရှိလာသောအခါတွင် ဆက်ဆံရေးသည် ချက်ချင်းနီးကပ်သွားတော့၏။

'ကမ္ဘာပေါ်က ပရိသတ်တွေအားလုံးဟာ မိသားစုတစ်ခုတည်းပါပဲ' ဟူသော ဆိုရိုးစကား တစ်ခုလည်း ရှိပေသည်။

...

"လာကြ လာကြ၊ နှစ်သစ်ကူးချိန်ဆိုတော့ အားလုံးပဲ ဖရဲစေ့နဲ့ မြေပဲလေးတွေ စားကြပါဦး၊ အားမနာကြနဲ့နော်"

မာကျောက်ကစားရုံပိုင်ရှင်သည် ဖရဲစေ့၊ မြေပဲနှင့် သကြား လုံးများ ပါဝင်သော အိတ်ကြီးနှစ်အိတ်ကို ဆွဲကာ ဝင်လာခဲ့ပြီး ဝေငှပေးရန် ပြင်ဆင်နေစဉ် လေထုမှာ အနည်းငယ် ထူးဆန်းနေသည်ကို ရုတ်တရက် သတိပြုမိသွား၏။

သူသည် တစ်ချက် ဝေ့ကြည့်လိုက်သောအခါ မည်သို့ ဖြစ်ပျက်နေသည်ကို တွေ့ရှိသွားသော်လည်း သူကိုယ်တိုင်မှာ ပို၍ပင် တွေဝေသွားရတော့သည်။

'ဒါ ဘာအခြေအနေကြီးလဲဟ'

'မာကျောက်ကစားရုံကို လာပြီး မာကျောက်မဆော့ကြဘဲ ဘယ်လိုဖြစ်လို့ တစ်ယောက်ချင်းစီ စုဝေးပြီး ဖုန်းတွေကြည့်နေကြတာလဲ'

'မာကျောက်ကစားရုံ လာတယ်၊ မာကျောက်စက်ကို ဖွင့်ထားတယ်၊ ပြီးတော့ ဖုန်းသုံးနေကြတယ်ပေါ့'

ဤကဲ့သို့သော လုပ်ရပ်မျိုးကို သူ ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းပင် ဖြစ်၏။

ပိုင်ရှင်ဖြစ်သူသည် ခေါင်းကိုကုတ်လိုက်ပြီး 'ဒါဆို ငါ့ရဲ့ ဒီဖရဲစေ့၊ မြေပဲနဲ့ သကြားလုံးတွေကို ဝေပေးရဦးမလား' ဟု တွေးတောနေမိသည်။

ထိုအချိန်တွင် အစောဆုံး ရပ်နားလိုက်သော လူငယ်ကလက် လှမ်းပြကာ "သူဌေး၊ ဖရဲစေ့နဲ့ မြေပဲ ရှိတယ်မလား၊ အားလုံးကို နည်းနည်းစီဝေပေးလိုက်ပါ၊ ပိုက်ဆံ ရှင်းပေးမယ်" ဟု ပြောလိုက်၏။

ပြောပြီးသည်နှင့် "ပရိသတ်တို့ရေ အားမနာကြနဲ့နော်" ဟု အော်ပြောလိုက်သည်။

ပိုင်ရှင်ဖြစ်သူက အလိုအလျောက်ပင် "ကောင်းပါပြီဗျာ" ဟု ပြန်ထူးလိုက်၏။

'ဘာပဲဖြစ်ဖြစ် ဖရဲစေ့နဲ့ မြေပဲတွေ ရောင်းရပြီဆိုတော့လည်း'

'မာကျောက်စက် ငှားခကိုပါ တစ်ခါတည်း တွက်ယူလို့ရမယ် ထင်တယ်နော်' ဟု သူက တွေးလိုက်သည်။

'မာကျောက်ကစားရုံ ဖွင့်ထားပေမယ့် ငါက ဖရဲစေ့နဲ့ မြေပဲတွေ ရောင်းနေရပါလား'

'ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်သလဲကွာ' ဟု သူ ဆက်တွေးနေမိတော့၏။

🫧 Chapter 194

မြေအောက်ကမ္ဘာတွင်

ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ယခုလေးတင်ဖွင့်လှစ်လိုက်သည်။

ယနေ့သည် နှစ်သစ်ကူးနေ့ ဖြစ်သဖြင့် ပရိသတ်များ အားလုံး နှစ်သစ်ကူး အလုပ်များနေကြမည် ဖြစ်ကာ လူများများစားစား ရှိမည်မဟုတ်ဟု သူက ထင်မှတ်ထားခဲ့၏။

သို့သော်လည်း သူ ထင်မှတ်မထားခဲ့သည်မှာ တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်လိုက်ပြီး နှစ်မိနစ်ပင်မပြည့်သေးမီ ကြည့်ရှုသူ အရေအတွက်သည် ဂဏန်းငါးလုံးမှ ခြောက်လုံးသို့ ဒုံးပျံကဲ့သို့ ထိုးတက်သွားခဲ့ပြီး ဆက်လက်၍လည်း မြင့်တက်နေဆဲပင်။

ဘေးပတ်ဝန်းကျင်တွင် ဝိညာဉ်တမန်တော်များ ရှိနေသဖြင့် ကျန်းလင်အနေဖြင့် စကားပြောရန် အဆင်မပြေချေ။

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု၏ ညာဘက်အပေါ်ထောင့်တွင် 'မြေအောက်ကမ္ဘာ၏ နှစ်ပတ်လည်ပွဲတော်' ဟူသော စာသားအချို့ကို တိုက်ရိုက်ရေးမှတ်လိုက်၏။

ထိုစာသားများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ ဆုချီးမြှင့်မှုများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။

မှတ်ချက်စာသားများသည်လည်း တဖျပ်ဖျပ် လွင့်ပျံသွားကြ၏။

[လာပြီ လာပြီ]

[[စာအုပ်ဆိုင်ပိုင်ရှင် ရှောင်းကျဲ] မှ Streamer ကိုမိုးမျှော်တိုက်ကြီး 1 လုံးဆုချလိုက်ပါတယ်၊ ပြီးတော့ စာသားလေးက : အားးးးး နောက်ဆုံးတော့ Streamer ကိုထပ်မြင်ခဲ့ရပြီ]

[[ချောမောလှပတဲ့ လူပျိုပေါက်လေး] မှ Streamer ကို ပြိုင်ကား ၁ စီး ဆုချလိုက်ပါတယ်၊ ပြီးတော့ စာသားလေးက : အား နောက်ဆုံးတော့ Live လွှင့်ပြီဟေ့]

[မာကျောက်ဝိုင်းကနေ အခုလေးတင် ထွက်လာတာ ၊ မြေအောက်ကမ္ဘာရဲ့ နှစ်ပတ်လည်ပွဲတော်ကို သီးသန့်လာကြည့်တာလေ]

လူ့လောကရှိနေရာအနှံ့အပြားတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များသည် အလွန်အမင်းစိတ်လှုပ်ရှားနေကြပြီး မိနစ်ပိုင်းအတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်း၌ နေရာယူပြီးစီးသွားကြတော့သည်။

ဖရဲစေ့ စားရင်းဖြင့် လက်တွေ့ဘဝမှ ကိစ္စရပ်များကို တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ၏။

တစ်ခါတစ်ရံတွင် လူကြီးများ၏ပျော်ရွှင်မှုဆိုသည်မှာ ဤမျှလောက်ရိုးရှင်းလှပေသည်။

အတူတကွ ဖရဲစေ့စားကြမည်၊ အတူတကွ မျှဝေခံစားကြမည်၊ တူညီသော တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတည်းကို အတူတကွ ကြည့်ရှုကြမည်။

ဤသည်မှာ ပျော်စရာ မကောင်းပေဘူးလော။

[ခုနက ကလေးဆိုးလေး တစ်ယောက်က ငါ့နှုတ်ခမ်းနီကို ချိုးပစ်လိုက်တယ်၊ အဲဒါနဲ့ ငါလည်း ပြုံးပြုံးလေးနဲ့ပဲ သူ့ကို မြေအောက်ကမ္ဘာရဲ့တိုက်ရိုက်ထုတ်လွှင့်မှု လာကြည့်ဖို့ ဖိတ်ခေါ်လိုက်တယ် ]

[အား တကယ်ကြီး နှစ်ပတ်လည်ပွဲတော်ရှိတာပဲ၊ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက မျှော်လင့်နေခဲ့တာ]

...

"အဖွဲ့မှူးကျန်း ဒီမှာရပ်ပြီး ဘာလုပ်နေတာလဲ၊ လာလာ၊ အတူတူ ဝင်သွားကြမယ်"

တံခါးဝတွင် အဖွဲ့မှူးအချို့က ကျန်းလင်အား အတူတကွဝင်ရောက်ရန် လှမ်းခေါ်လိုက်ကြ၏။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းသည်လည်း ကျန်းလင်နှင့်အတူ ခန်းမဆောင်ကြီး အတွင်းသို့ဝင်ရောက်သွားလေသည်။

ယနေ့ည၏အဓိက အကြောင်းအရာဖြစ်သော နှစ်ပတ်လည်ပွဲတော်ကို စတင်လိုက်ပြီဖြစ်၏။

ခန်းမဆောင်ကြီး အတွင်းတွင် ကိုယ်ပိုင် နေရာလွတ် တစ်ခု ရှိနေပြီး အပြင်ဘက်မှ ကြည့်ရသည်ထက် အများကြီးပိုမိုကြီး မားကျယ်ဝန်းပေသည်။

အနည်းဆုံး သရဲတစ္ဆေသောင်းနှင့်ချီ၍ ဆံ့နိုင်မည် ဖြစ်၏။

သရဲမီးတောက် အစုအဝေးများသည် တိုင်များပေါ်တွင် အသေတပ်ဆင်ထားခြင်း သို့မဟုတ် လေထဲတွင် ဟိုမှသည်မှ လွင့်မျောနေခြင်းများရှိနေကြသည်။

ထိုအလင်းရောင်များ၏ အကူအညီဖြင့် ပရိသတ်များသည် ခန်းမဆောင်ကြီး အတွင်းရှိအပြင်အဆင်များကို ရှင်းလင်းစွာ မြင်တွေ့သွားကြရ၏။

စားပွဲအလုံးပေါင်း ရာနှင့်ချီ၍ရှိနေပြီး တစ်ယောက်လျှင် စားပွဲတစ်လုံးကျစီ စီစဉ်ထားကာ စက်ဝိုင်းပုံစံ လှေကားထစ်များအဖြစ် အဆင့်ဆင့်ပြင်ဆင်ထားပြီး လေထဲတွင် လွင့်မျောနေသည်ကို မြင်တွေ့လိုက်ရသည်။

စက်ဝိုင်းပုံစံ စားပွဲများ၏အလယ်ဗဟိုတွင် စင်မြင့်အဝိုင်းကြီး တစ်ခုရှိနေ၏။

ထိုစင်မြင့်၏ဘေးဘက်တွင် လမ်းကြောင်းတစ်ခု ရှိပြီး ခန်းမဆောင် တစ်ခုလုံးတွင် အမြင့်ဆုံးဖြစ်သော ထိုင်ခုံနေရာဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။

ထိုအချိန်တွင် စားပွဲများပေါ်၌ အရက်အိုးများ၊ ပန်းကန်ခွက် ယောက်များနှင့် အရသာရှိလှသော ဟင်းလျာများကို ချထားပြီးဖြစ်၏။

စားပွဲအများအပြားတွင် ဝိညာဉ်တမန်တော်များ နေရာယူ ထားကြပြီး ၎င်းတို့သည် တစ်ခုခုကို စကားပြောဆိုနေကြသည် သို့မဟုတ် တစ်ခုခုကို အတူတကွ မြည်းစမ်းနေကြလေသည်။

မြင်ကွင်းတစ်ခုလုံး ကြီးကျယ်ခမ်းနားလှပြီး မြေအောက် ကမ္ဘာစတိုင်လ် စည်ကားသက်ဝင်မှုမျိုးနှင့် ပြည့်နှက်နေပေ၏။

တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များသည် ခဏမျှကြည့်ရှုပြီးမှသာ လက်ထဲတွင် ကီးဘုတ်ရှိနေသေးကြောင်းကို သတိရသွားကြတော့သည်။

[Screenshot ရိုက်ဖို့ ဘာလို့ ကြောင်ကြည့်နေကြတာလဲ၊ မြန်မြန်ရိုက်ကြလေ၊ ဒါက ဒဏ္ဍာရီထဲက နေရာလွတ်ပညာရပ်ကြီးပဲ]

[ကြောင်မကြည့်လို့ ရမလား၊ ဒီ Screenshot ကို ရိုက်လို့မှမရတာ]

[ဒီမြင်ကွင်းက နည်းနည်းထူးဆန်းနေတယ်လို့ ဘာလို့များ ငါ ခံစားနေရတာလဲ၊ ဒါ မြေအောက်ကမ္ဘာရဲ့ နှစ်ပတ်လည်ပွဲတော်ပဲလား၊ တကယ်ကို မြေအောက်ကမ္ဘာ ဆန်လွန်းတယ်ကွာ]

[အစစ်အမှန် မြေအောက်ကမ္ဘာ မြင်ကွင်းကြီး ရောက်လာပြီဟေ့၊ ဝတ္ထုရေးဆရာတွေ၊ ဒါရိုက်တာတွေ၊ အချက်အလက် ယူမယ့်သူတွေ မြန်မြန်လုပ်ကြတော့]

[ငါတော့ မျှော်လင့်နေပြီဟေ့၊ အစ်ကိုတို့ရေ၊ အားလုံးပဲ တက်ကြွလှုပ်ရှားလိုက်ကြ]

ပရိသတ်များ၏လက်ထဲတွင် ကီးဘုတ်များသည် တဖျပ်ဖျပ် မြည်နေပြီး တစ်ယောက်ချင်းစီတိုင်း၏မျက်လုံးများသည် တောက်ပနေကာ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

ဤမျှကြီးကျယ်ခမ်းနားသော မြင်ကွင်းကို မြင်တွေ့ရခြင်းကြောင့်သာမက မကြာမီ စတင်တော့မည့် နှစ်ပတ်လည်ပွဲတော်ကြောင့်လည်း ဖြစ်ပေသည်။

များပြားသော ဝိညာဉ်တမန်တော်ကြီးများ စုဝေးရောက်ရှိနေကြခြင်း၊ ကြီးမားကျယ်ဝန်းသော နေရာများနှင့် များပြားလှသော အရသာရှိသည့် အစားအစာများစသည်တို့ ငေးမောစရာကောင်း၏။

မြေအောက်ကမ္ဘာ၏ နှစ်ပတ်လည်ပွဲတော်တွင် မည်သည့်အရာများ ပြုလုပ်ကြမည်နည်း။

ဝတ္ထုများ၊ တီဗွီ ဇာတ်လမ်းများထဲမှကဲ့သို့ အထက်လူကြီးများ အားလုံး အတူတကွ စားသောက်ကြပြီး ရယ်မောစကားပြောကြမည်လော။

ထို့နောက် နတ်သံစဉ်များ၊ အရသာရှိသော သေရည်များဖြင့် အလှမယ်များ၏ အကအခုန်များကို ကြည့်ရှုကြမည်လော။

သို့မဟုတ် ဝိညာဉ်တမန်တော်များ အချင်းချင်း တိုက်ခိုက်ယှဉ်ပြိုင်ကြပြီး အနိုင်ရသူကို ဆုချီးမြှင့်မည်လော။

သို့မဟုတ်ပါက မရဏမင်းက ဦးဆောင်၍ ယခုနှစ်၏ အလုပ်များကို အားလုံး အတူတကွအနှစ်ချုပ်ကြမည်၊ ထို့နောက် နှစ်သစ်အတွက် အစီအစဉ်များကို ထပ်မံရေးဆွဲကြမည်လော။

မည်သို့ပင် ဖြစ်စေကာမူ ပရိသတ်များသည် စတင်၍မျှော် လင့်နေကြပြီ ဖြစ်၏။

ဤသည်မှာ တီဗွီမှ အန်နီမေးရှင်းများ မဟုတ်ဘဲ အစစ်အမှန် မြေအောက်ကမ္ဘာ၏ဘဝနေထိုင်မှုပင် ဖြစ်ပေသည်။

မည်သူက စပ်စုချင်စိတ် မဖြစ်ဘဲနေမည်နည်း။

...

ပရိသတ်များ၏မျှော်လင့်နေသော အကြည့်များအောက်တွင် တိုက်ရိုက်ထုတ်လွှင့်သည့် ဘောလုံးလေးသည် အတွေ့အကြုံရှိစွာဖြင့် ကင်မရာမြင်ကွင်း နှစ်ခုအဖြစ် ခွဲခြားလိုက်၏။

တစ်ခုမှာ ခန်းမဆောင်ကြီးအတွင်းတွင် ဟိုဟိုဒီဒီ လှည့်ပတ်သွားလာနေပြီး ပရိသတ်များအား ပိုမိုပြည့်စုံစွာ၊ ပိုမိုအသေး စိတ်ကျစွာ မြင်တွေ့နိုင်စေရန် ပြုလုပ်ပေးသည်။

နောက်တစ်ခုကမူ ကျန်းလင်၏ဘေးတွင် လိုက်ပါလျက် အချိန်နှင့်တပြေးညီ တိုက်ရိုက် ပြသပေးနေ၏။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းများသည်လည်း ယင်းနှင့်အမျှပြောင်းလဲသွားလေသည်။

[ဒီကင်မရာ အန်ကယ်ကတော့ အချစ်ခံရတော့မှာပဲ၊ ငါတို့စိတ်ကို အရမ်းသိတာပဲ]

[ဒီအပြင်အဆင်က အဆင့်မြင့်ပြီးတော့ မြေအောက်ကမ္ဘာလည်း ဆန်တယ်၊ မနက်ဖြန်ကျရင် ဒီခန်းမဆောင်ကြီးရဲ့ ပုံစံတူ မော်ဒယ်ကိုစလုပ်မယ့် ဆရာကြီးတွေရှိလာတော့မယ်လို့ ငါ ထင်တယ် ]

[ဟိုသရဲမီးတောက်တွေက အသိဉာဏ်ရှိနေသလိုပဲလို့ မင်းတို့ သတိထားမိကြလား]

ပရိသတ် တစ်ဦးက ရုတ်တရက် မေးလိုက်၏။

ခန်းမဆောင် အတွင်းတွင် သရဲမီးတောက် အစုအဝေးများ သည် နေရာအနှံ့ လွင့်မျောနေကြသည်ကို မြင်တွေ့ရပေသည်။

၎င်းတို့သည် လင်းလိုက် မှိန်လိုက်ဖြစ်နေကြပြီး အဓိကအားဖြင့် အေးစက်စက် အဖြူရောင်နှင့် မှိုင်းညို့နေသော အပြာရောင် ဟူ၍ အရောင်နှစ်မျိုးကွဲပြားနေ၏။

အသေးစိတ် သတိထားတတ်သော ပရိသတ်များသည် ဤသရဲမီးတောက်များ လွင့်မျောသွားလာနေချိန်တွင် မည်သည့်မီးတောက်ကမျှ အချင်းချင်း တိုက်မိခြင်း သို့မဟုတ် ဝိညာဉ်တမန်တော်ကြီးများကို အနှောင့်အယှက် ဖြစ်စေခြင်း မရှိသည်ကို သတိပြုမိသွားကြသည်။

ဆန့်ကျင်ဘက်အားဖြင့် ဤသရဲမီးတောက်များသည် အသိ ဉာဏ် ရှိနေသကဲ့သို့ အမြဲတမ်းသင့်လျော်သော ထောင့်ချိုးများဆီသို့ လွင့်မျောသွားနိုင်ကြပြီး ခန်းမဆောင်တစ်ခုလုံး၏ အလင်းရောင် အတိုးအကျယ်ကို ထိန်းညှိပေးနေကြ၏။

၎င်းမှာ မီးအလင်းရောင် ထိန်းချုပ်သူ တစ်ယောက်နှင့်ပင် တူနေလေသည်။

[ဒီသရဲမီးတောက်တွေက နည်းနည်းလေးအဆင့်မြင့်လွန်းမနေဘူးလား]

[သရဲမီးတောက်တွေကလည်း သန့်ရှင်းရေးသရဲတွေလိုမျိုး သရဲအမျိုးအစား တစ်ခုများလား]

[နည်းနည်း ကြောက်ဖို့ကောင်းတယ်လို့ ငါတစ်ယောက်တည်းပဲ ခံစားနေရတာလား ညသန်းခေါင်ကြီး တစ်ယောက်ယောက်က ကိုယ့်မျက်နှာကို ဖုန်းမီးနဲ့ လာထိုးထားသလိုမျိုး]

[အပေါ်ကလူ အဲဒီလို ပြောလိုက်မှပဲ ပုံရိပ်က ချက်ချင်းပေါ် လာတော့တယ်]

ပရိသတ် အချို့သည် မိမိတို့၏စောင်လေးများကို အလိုအ လျောက် ဆွဲခြုံချင်သွားကြသော်လည်း ဘေးဘက်သို့ ကြည့်လိုက်သောအခါ

'အို၊ ငါတို့ စောင်နားမှာ မရှိပါလား'

ထိုအခါ သူတို့သည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အကြည့်များကို Streamer ရှိနေသော မြင်ကွင်းဆီသို့ ပြောင်းရွှေ့လိုက်ကြ၏။

မည်သည့်အချိန်တွင်မဆို Streamer သည် စိတ်တည်ငြိမ်စေသော ဆေးတစ်ခွက်ကဲ့သို့ပင် ဖြစ်ပေသည်။

ကြောက်ရွံ့သွားလျှင် ဖြစ်စေ၊ တွန့်ဆုတ်သွားလျှင် ဖြစ်စေ Streamer ကို ကြည့်လိုက်ရုံဖြင့် အရာအားလုံးကို လက်ခံနိုင်သေးသည်ဟု ခံစားရစေမည်ဖြစ်၏။

...

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းတွင်

ကျန်းလင်သည် ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာပြီးနောက် ဤထိုင်ခုံနေရာများတွင် မည်သို့သော စည်းမျဉ်းများ ရှိနိုင်သနည်းဟု စဉ်းစားနေစဉ် ဘေးဘက်မှနေ၍ ပုံရိပ်တစ်ခု လျှောက်လှမ်းလာပြီး

"ဒီမှာ သတ်မှတ်ထားတဲ့ နေရာ မရှိဘူး၊ မင်း သက်တောင့်သက်သာရှိမယ့် နေရာတစ်ခုကို ရွေးပြီး ထိုင်လိုက်ရုံပဲ၊ နှစ်ပတ်လည်ပွဲတော်က အဲဒီလောက်ကြီး တင်းကျပ်မနေပါဘူး"

"ဟုတ်ကဲ့ပါ"

ကျန်းလင် လှည့်ကြည့်လိုက်သောအခါ စကားပြောသူမှာ ကျန့်အန်းမင်းသားဖြစ်နေပေသည်။

ကျန့်အန်းမင်းသားသည်လည်း ဝိညာဉ်တမန်တော်အဖြူ ဝတ်စုံကို ဝတ်ဆင်ထား၏။

ယခင်ကဆိုလျှင် အားလုံးက အလုပ်ဝတ်စုံများဝတ်ဆင်လာကြသည်ဟု ကျန်းလင် ထင်မှတ်ထားခဲ့သည်။

ယခုပြန်လည် စဉ်းစားကြည့်သောအခါ ကျန့်အန်းမင်းသားသည် ရုံးခန်းဘက်မှနေ၍ ဤအတိုင်း တိုက်ရိုက်လာခဲ့ခြင်း ဖြစ်နိုင်ပေ၏။

အဝတ်အစား လဲလှယ်ရန် အချိန်ပင်မရှိခဲ့ခြင်း ဖြစ်ပေမည်။

ကျန်းလင်သည် ပတ်ဝန်းကျင်ရှိ ထိုင်ခုံများကိုတစ်ချက် ကြည့်လိုက်ပြီး ကျန့်အန်းမင်းသားအနီးနားရှိ နေရာတစ်ခုကို ရွေးချယ်ကာ ထိုင်လိုက်သည်။

အလုပ်အစီရင်ခံစာကိုမူ ဝင်ရောက်လာကတည်းက ယမမင်း ၏သရဲစစ်သည်များထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်၏။

ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သဖြင့် ကျန်းလင်သည် အခြားသော ဝိညာဉ်တမန်တော်များ၏ အပြုအမူများကို တိတ်ဆိတ်စွာ အကဲခတ်နေရုံမှလွဲ၍ စားပွဲပေါ်ရှိအစား အစာများကို လုံးဝမထိတွေ့ခဲ့ချေ။

သို့သော် ကျန့်အန်းမင်းသားက သူ့ အနီးသို့ လျှောက်လာခဲ့ပြီး လက်ထဲတွင် သေရည်ခွက်ငယ် တစ်ခွက်ကို ကိုင်ဆောင်ထားလေသည်။

"နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ၊ ဒါ မင်း အဖွဲ့မှူးကြီး ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ်တက်ရောက်တဲ့ နှစ်ပတ်လည်ပွဲတော်ပဲ၊ အတူတူ တစ်ခွက်လောက် သောက်ကြမလား"

"ဟုတ်ကဲ့ပါ"

ကျန်းလင်သည် ဘာမှ သံသယမဝင်တော့ဘဲ အရှေ့ရှိ စားပွဲပေါ်မှ ကျောက်စိမ်းဖြူအရက်အိုးကို ကောက်ယူကာ ခွက်ငယ်လေး တစ်ခွက်စာ ငှဲ့လိုက်၏။

ထိုအရက်သည် ကြည်လင်နေပြီး ရေစီးကြောင်းတစ်ခုနှင့် မတူဘဲ ပျစ်ချွဲနေသော နတ်သုဒ္ဓါအရည်နှင့် တူနေလေသည်။

ငှဲ့လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာပေါ်သို့ ဖြာကျလာပြီး သရဲများကိုပင် ယစ်မူးသွားစေနိုင်သည့် အရက်နံ့များ ပျံ့နှံ့သွားတော့၏။

တစ်ခဏအတွင်းမှာပင် ဤနေရာလွတ်ငယ်လေး တစ်ခုလုံးတွင် အရက်နံ့များ ပြည့်နှက်သွားလေသည်။

ထိုအခါမှသာ ကျန်းလင်သည် ခုနက ဝင်လာစဉ် ရခဲ့သော အနံ့မှာ ဤအရက်၏အနံ့ဖြစ်ကြောင်း သိရှိသွားတော့သည်။

ပန်းရနံ့ သင်းသင်းလေး ပါဝင်နေပြီး စိတ်နှလုံးကို ကြည်လင်အေးမြစေ၏။

ဤအခိုက်အတန့်တွင် ကျန်းလင်သည် ဤသေးငယ်လှသော အရက်ခွက်လေး ပိုမိုကြီးမားလာစေရန်ပင် ဆန္ဒရှိသွားတော့ သည်။

"ကမ်းပေ့"

ကျန့်အန်းမင်းသားက ပြောလိုက်ပြီး အရက်ခွက်ကိုမြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။

"ကမ်းပေ့"

စကားဆုံးသည်နှင့် ကျန်းလင်သည်လည်း အရက်ခွက်ကို ပါးစပ်နားသို့တေ့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

အရက်ရည်ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် အေးမြသက်သာသော ခံစားချက်ကို ရရှိသွား၏။

အရသာမှာ လေးနက်ပြီး သောက်ပြီးနောက် အရသာမှာလည်း ကြာရှည် ခံနေလေသည်။

သို့သော် ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားချိန်တွင်မူ ပူပြင်းလာခဲ့ပြီး တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအင်များ အားလုံးသည် စတင် လောင်ကျွမ်းနေသကဲ့သို့ ထိုအရက်ရည်နှင့်အတူ အတူတကွ ကခုန်ချင်နေကြသကဲ့သို့ ဖြစ်သွားတော့၏။

တစ်ခဏအတွင်းမှာပင် ကျန်းလင်၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားခဲ့ပြီး ထိုင်ခုံပေါ်သို့ ဘုတ်ခနဲ ထိုင်ချလိုက်ရတော့သည်။

မျက်နှာပေါ်တွင်လည်း ပန်းရောင်သန်းနေသော အကွက်နှစ်ကွက် ပေါ်လာခဲ့၏။

သူသည် အရှေ့သို့ တည့်တည့် စိုက်ကြည့်နေပြီး သူ၏ သူငယ်အိမ်များသည်လည်း ပြန့်ကျဲနေကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ဝေဝါးလာသကဲ့သို့ ခံစားလိုက်ရတော့သည်။

ဤခံစားချက်သည် အလွန် စိမ်းသက်နေသော်လည်း လုံးဝ စိမ်းသက်နေခြင်းမျိုးတော့ မဟုတ်ချေ။

သိုင်းလောကသား တစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ရသော ဘဝတစ်ခုတွင် သူ အရက်သောက်ခဲ့ဖူးသော အတွေ့အကြုံ ရှိခဲ့၏။

သို့သော် ထိုအရက်နှင့် သူ ယခု သောက်လိုက်သော ဤအရက်တို့အကြား ကွာခြားချက်မှာ အလွန်ကြီးမားလွန်းလှပေသည်။

All Chapters