အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
🫧 Chapter 199
ခန်းမဆောင်ကြီး အတွင်းတွင်
"ဘယ်လူကြီးမင်းက အရင် စမလဲခင်ဗျာ"
သရဲကလေးငယ်သည် စင်မြင့်အဝိုင်းကြီး၏အထက်မှနေ၍ နောက်တစ်ကြိမ် ထပ်မံပြောဆိုလိုက်၏။
၎င်းအသံသည် တစ္ဆေစွမ်းအင်မှတစ်ဆင့် ခန်းမဆောင်ကြီး၏ ထောင့်စေ့နေရာတိုင်းသို့ ပျံ့နှံ့သွားလေသည်။
ထို့ကြောင့် မည်သူကမျှ မကြားဘဲ နေမည်ကို စိုးရိမ်စရာမလိုတော့ချေ။
သို့သော် ဤသို့ ဖြစ်နေသည့်တိုင် နေရာလွတ်တစ်ခုလုံးသည် တိတ်ဆိတ်မှုထဲသို့ ကျရောက်နေဆဲပင်ဖြစ်၏။
"အဟမ်း အဟမ်း..."
ထိုစီနီယာကြီးများ၏အကြည့်များသည် အရက်မူးနေသော မျိုးဆက်သစ်များကိုယ်ပေါ်သို့ ကျရောက်သွားပြီး မည်သူ့ကို စင်ပေါ်သို့ တွန်းတင်ကာ ဖျော်ဖြေခိုင်းရမည်ကို တွေးတောနေကြသည်။
ထိုစဉ် ထောင့်တစ်နေရာမှ 'ဒေါက်' ဟူသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
မုန့်ပေါ်သည် သောက်ပြီးသား အရက်အိုးအလွတ်ကို ဘေးဘက်သို့ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်ပြီး ထိုင်ခုံပေါ်မှဖြည်း ညင်းစွာ မတ်တတ်ရပ်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူမ၏ မျက်နှာပေါ်တွင်လည်း ထူးဆန်းသောအပြုံးတစ်ခု ရှိနေပေ၏။
"ငါ လာပြီ၊ အေ့"
"ဖျော်ဖြေရုံလေးတင် မဟုတ်ဘူးလား အေ့... ငါ နင်တို့အတွက် မေ့ပျောက်လို့မရနိုင်တဲ့ နှစ်ပတ်လည်ပွဲတော် တစ်ခု ဖြစ်အောင် သေချာပေါက် လုပ်ပေးမယ် ဟီးဟီးဟီး"
သရဲကလေးငယ်သည် ထိုမြင်ကွင်းကို မြင်သောအခါ ဘေးဘက်သို့ နေရာအနည်းငယ် ရွှေ့လိုက်ပြီး ပါးစပ်ကို ဟကာ ချွန်ထက်သော သွားနှစ်တန်းကိုဖော်ပြလိုက်၏။
"ဒါဆိုရင် ကျွန်တော်တို့ မုန့်ပေါ်ကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ"
ခုံများပေါ်တွင် ထိုင်နေကြသော ဝိညာဉ်တမန်တော်ကြီးများ သည် အလွန်အားပေးအားမြှောက်ပြုနေကြပြီး အထူးသဖြင့် ပွဲကြည့်ကာ အရက်အမူးတိုက်နေခဲ့ကြသော စီနီယာကြီးများသည် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်နေကြတော့သည်။
"မုန့်ပေါ် ပီပီပဲဟေ့၊ တက်သွား"
"အမိုက်စားလေး တစ်ခုလောက်လုပ်ပြလိုက်၊ မင်းရဲ့ ဖျော် ဖြေမှုကို မျှော်လင့်နေမယ်"
"ရဲရဲတင်းတင်းလေး လုပ်လိုက်၊ ဘာပဲဖြစ်ဖြစ် လုပ်ပြလို့ ရတယ်"
...
သြဘာပေးသံများကြားတွင် မုန့်ပေါ်သည် လေထဲသို့ ပျံတက်သွားပြီး စင်မြင့်အဝိုင်းကြီးပေါ်သို့ပေါ့ပါးစွာ ဆင်းသက်လိုက် တော့၏။
သူမ၏လှုပ်ရှားမှုများသည် ပေါ့ပါးသွက်လက်နေပြီး မျက်နှာမှာလည်း ဖြူဖွေးကာ မျက်လုံးများသည်လည်း တောက်ပနေသဖြင့် အရက်မူးနေသည့် ပုံစံနှင့် လုံးဝ မတူချေ။
ထို့နောက်သူမသည် လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ စင်မြင့်အဝိုင်းပေါ်တွင် အိုးစရည်းကြီး တစ်လုံးထွက်ပေါ်လာသည်ကိုမြင်တွေ့လိုက်ရသည်။
ထိုအိုးကြီးမှာ အမြင့် တစ်မီတာခန့်နှင့် အကျယ် အလျားဝက်ခန့် ရှိပြီး အိုး၏ကိုယ်ထည်ပေါ်တွင် အမည်းရောင် ပုံစံများ ပါရှိကာ အမည်းရောင် မီးတောက် အစုအဝေးများနှင့် တူနေသဖြင့် အလွန်ထူးဆန်းနေပေ၏။
အိုးထဲတွင် ရေလှိုင်းများ လှုပ်ခတ်နေသော်လည်း အတွင်း၌ မည်သည့်အရာများရှိနေသည်ကို တော့ရှင်းလင်းစွာ မမြင်ရပေ။
"နှစ်သစ်ကူးချိန်ဆိုတော့ မုန့်ပေါ် တစ်ယောက်အနေနဲ့ ငါက အထူးစီမံထားတဲ့ နှစ်သစ်ကူးအရသာ ဟင်းချိုတစ်ခွက် ချက်ပြမယ်"
မုန့်ပေါ်ပြောရင်း လက်ကောက်ဝတ်ကို တစ်ချက် လှည့်လိုက်ရာ တစ်မီတာကျော် ရှည်လျားသော ဟင်းမွှေဇွန်းကြီး တစ်ချောင်းသည် သူမ လက်ထဲတွင် ထွက်ပေါ်လာခဲ့၏။
"ဒါက သေချာပေါက် သီးသန့်တစ်ပွဲတည်းသော ဟင်းချိုပဲ"
'အိုးကြီးလား ဟင်းချို ချက်မလို့လား'
ထိုမြင်ကွင်းကို မြင်သောအခါ အဖွဲ့မှူးအများအပြားသည် အလိုအလျောက်ပင် သတိထားလာကြပြီး ကျန့်အန်းမင်း သားရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ထိုအခါ ကျန့်အန်းမင်းသားသည်လည်း ထိုအကြည့်များကို သတိပြုမိသွားပြီး မျက်နှာသည် ချက်ချင်းပင်မည်းမှောင်သွားတော့၏။
ဤနေရာရှိ ဝိညာဉ်တမန်တော်များ အားလုံးလိုလိုတွင် အမည်းစက် သမိုင်းကြောင်း တစ်ခု နှစ်ခုစီလောက်တော့ ရှိနေတတ်ကြပေသည်။
(TL/note : ကျန့်အန်းမင်းသားကမူ ဆန်ပြုတ် ချက်ခဲ့သည်ထင်ပါ့)
ကံကောင်းထောက်မစွာဖြင့် မုန့်ပေါ်သည် ဟင်းချိုချက်ရန်အတွက်သာ ချက်နေပုံရပြီး အခြားမည်သည့်အရာကိုမျှ ပြုလုပ်ရန် ရည်ရွယ်ထားပုံမပေါ်ချေ။
သူမသည် ဟင်းမွှေဇွန်းကြီးကို အိုးထဲသို့ထည့်လိုက်ပြီး တိတ် ဆိတ်စွာပင် စတင်မွှေနှောက်နေလေ၏။
ဟင်းချို စတင်ချက်ပြုတ်သည်နှင့် တစ်ပြိုင်နက် သူမသည် တိတ်ဆိတ်သွားပြီး အာရုံစူးစိုက်လာကာ ပုံမှန်နေ့ရက်များတွင် မုန့်ပေါ်ဟင်းချို ချက်ပြုတ်နေသည့် အတိုင်းဖြစ်နေတော့သည်။
တစ်ဖက်မှ မွှေနှောက်နေရင်း တစ်ဖက်မှလည်း မီးအပူချိန်ကို သတိထားနေကာ ထပ်မံမွှေနှောက်လိုက်၊ မီးအပူချိန်ကို ထပ်မံ ကြည့်လိုက်ပြုလုပ်နေ၏။
ထို့နောက်သူမသည် မွှေနှောက်နေရင်း ရုတ်တရက်တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် ခေါင်းကို စောင်းကာ အိုးအပြင်ဘက်သို့ ကြည့်လိုက်သည်။
'သူမ၏ မီးအပူချိန်က ဘယ်မှာလဲ'
'မီးက ဘယ်မှာလဲ'
'မီးမရှိဘဲ ဘယ်လိုလုပ် ဟင်းချိုချက်ရမှာလဲ'
မုန့်ပေါ်သည် ခေါင်းကို ရုတ်တရက်မော့လိုက်ပြီး သူမ၏ အကြည့်များသည် ခန်းမဆောင်ကြီး အတွင်း လွင့်မျောနေသော သရဲမီးတောက်များပေါ်သို့ တိုက်ရိုက်ကျရောက်သွားတော့၏။
ထို့နောက်လက်ကို ဆန့်ထုတ်၍ တစ်ချက်ဖမ်းဆွဲလိုက်ရာ အေးစက်စက် အဖြူရောင်နှင့် မှိုင်းညို့နေသော အပြာရောင် သရဲမီးတောက် တစ်ဆုပ်ကိုရရှိသွားသည်။
ထို့နောက် အိုး၏ကိုယ်ထည်ပေါ်သို့ အလွန်ရိုးရှင်းပြီး ကြမ်း တမ်းသောရိုက်ချဖြင့်ရိုက်ချလိုက်ကာ "မီးမွှေးစမ်း" ဟု မုန့်ပေါ်က အမိန့်ပေးလိုက်သည်။
ဤသို့ ရိုက်ချခံလိုက်ရသဖြင့် မီးအမျိုးအစား နှစ်မျိုးစလုံးသည် ကြက်သေသေသွားကြတော့၏။
အိုး၏အမည်းရောင် ပုံစံများပေါ်တွင် တွယ်ကပ်နေသော အမည်းရောင် မီးတောက်များ : "...."
'သူတို့ကိုယ်တိုင်မှာ မီးရှိနေတာပဲကို ဘာဖြစ်လို့ ဒီလိုအရည် အသွေးညံ့တဲ့ မီးတောက်တွေကို သုံးရမှာလဲ'
'သခင်မက စိတ်ထဲကနေ တစ်ချက်လောက်တွေးလိုက်တာနဲ့တင် သူတို့က လောင်ကျွမ်းလာမှာပဲကို'
"..."
သရဲမီးတောက်များသည် ပိုမိုတွေဝေသွားကြတော့၏။
'သူတို့... သူတို့က အလင်းရောင်ပေးဖို့ တာဝန်ယူထားရတာလေ'
'မီးမွှေးတဲ့ အလုပ်ကို ကန်ထရိုက််မယူထားပါဘူး'
'ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အနှိမ်ခံလိုက်ရတာလဲဟ'
မုန့်ပေါ်သည် မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး "မွှေးမှာလား၊ မမွှေးဘူးလား... မမွှေးရင် အခုချက်ချင်း နင်တို့ကို ရိုက်သတ်ပစ်မယ်" ဟု ပြောလိုက်၏။
"ဝုန်း
ထိုအခါမှသာ သရဲမီးတောက် အစုအဝေးများသည် ချက်ချင်းပင် အရှိန်အဟုန်ဖြင့် လောင်ကျွမ်းလာကြပြီး မှိုင်းညို့နေသော အပြာရောင်နှင့် အေးစက်စက် အဖြူရောင် မီးတောက်များသည် အချင်းချင်းရောနှောသွားကာ အိုးတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
"အေ့ ဒါဆို မီးကမွှေးလို့ရတာပဲ မဟုတ်လား"
မုန့်ပေါ်သည် ပူနွေးလာသော ဟင်းချိုကိုကြည့်ရင်း ထိုအခါမှသာ ကျေနပ်စွာဖြင့် လေတစ်ချက် ချဉ်လိုက်ပြီး ဇွန်းကြီးကို ကိုင်ကာ ဆက်လက် မွှေနှောက်နေတော့သည်။
တစ်ဖက်မှ မွှေနှောက်နေရင်း တစ်ခါတစ်ရံတွင် အရာဝတ္ထု အချို့ကိုပါ ထည့်သွင်းလိုက်သေး၏။
အမိန့်မရဘဲ ပေါ့ပေါ့ဆဆ စတင်၍မရသော အမည်းရောင် မီးတောက်များမှာမူ : "..."
"ဖူး ဖူး ဖူး"
ထိုင်ခုံများပေါ်တွင် စီနီယာကြီးများ အများအပြားသည် ပါးစပ်ကို အုပ်ကာ ခိုး၍ရယ်မောနေကြလေသည်။
ဤမြင်ကွင်းသည် အလွန်အမင်းရယ်စရာကောင်းလွန်းနေ သည် မဟုတ်ပါလော။
'ဟားဟားဟား'
...
[ခစ်ခစ်ခစ်ခစ်]
[ဒီသရဲမီးတောက်တွေဆီကနေ ပြင်းထန်တဲ့ အသက်ရှင်သန်ချင်စိတ်ကို ငါ မြင်တွေ့လိုက်ရတယ် ]
[ကြည့်ရတာ ဥလေးပဲ ဖြစ်ဖြစ်၊ သရဲမီးတောက်တွေပဲ ဖြစ်ဖြစ်အသက်ရှင်သန်ဖို့အတွက်ဆိုတာ မလွယ်ကူပါလား ဟားဟားဟားဟား]
[သရဲမီးတောက်များ : ငါတို့လည်း လွယ်မယ်များထင်နေလား]
ဤမြင်ကွင်းကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ပရိသတ်များသည်လည်း ပျော်ရွှင်သွားကြပြီး ပါးစပ်ထဲရှိ ဖရဲစေ့များပင် သီးထွက်မတတ် ဖြစ်သွားကြ၏။
လူ့လောကတွင် ညစာစားချိန်သို့ ရောက်ရှိနေပြီ ဖြစ်သော် လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ထွက်မသွားရက်ကြချေ။
တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိလူဦးရေသည် လျော့မသွားဘဲ တိုးလာရုံသာ ရှိနေပေသည်။
၎င်းတို့အတွက်မူ ထမင်းလည်း စားရမည် ဖြစ်သကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း ကြည့်ရမည်သာ။
ရိုးရိုးပျော်ပွဲရွှင်ပွဲများမှာ နှစ်တိုင်း ရှိသော်လည်း မြေအောက်ကမ္ဘာ၏နှစ်ပတ်လည်ပွဲတော်မှာမူ သေချာမည် မဟုတ်ပေ။
မုန့်ပေါ် ဟင်းချိုချက်သည်ကိုကြည့်ရခြင်း၊ သရဲမီးတောက်များ အသက်လုရသည်ကိုကြည့်ရခြင်းက ပိုမိုက်သည် မဟုတ်ပါလော။
[အခု သင်တို့အတွက် ထုတ်လွှင့်ပေးနေတာကတော့ (သရဲမီးတောက်များ၏ အသက်ရှင်သန်ရေး) အစီအစဉ်ပဲ ဖြစ်ပါတယ်၊ အားလုံးပဲ ရယ်ချင်စိတ်ကိုအောင့်ထားပေးကြပါ၊ ကျွန်တော်တို့က ပညာရှင်တွေပါ]
[ပွင့်ပွင့်လင်းလင်းပဲ ပြောရမယ်ဆိုရင် ငါကလည်း မီးမွှေးတဲ့နေရာမှာ ပညာရှင်တစ်ယောက်ပါပဲ]
[အရှေ့ကလူ၊ အခုက (မုန့်ပေါ်၏ အစားအသောက်များ) အစီအစဉ်ပါကွ၊ ပရော်ဖက်ရှင်နယ် ဆန်စမ်းပါ၊ အစီအစဉ် ကြေညာတာ မမှားစေနဲ့]
...
ပရိသတ်များ၏အစီအစဉ် ကြေညာမှုများ အကြားတွင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲ၌
မုန့်ပေါ်၏အရှေ့ရှိ အိုးကြီးထဲတွင် ပွက်ပွက်ဆူလာပြီး အတွင်းရှိ အရောင်မှာလည်း မှိုင်းညို့နေသော အမည်းရောင်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။
သရဲကလေးသည် ယနေ့ည၏အခမ်းအနားမှူး ဖြစ်သဖြင့် သဘာဝကျကျပင် အရှေ့သို့တိုးသွားကာ မေးမြန်းလိုက်သည်။
"မုန့်ပေါ်သခင်မကြီးက အထဲကို ဘာတွေထည့်ထားတာလဲခင်ဗျာ... ဟင်းချိုရဲ့ အရသာကရော ဘယ်လိုမျိုးလဲ"
ထိုအခါ မုန့်ပေါ်သည် ခေါင်းမော့၍ သရဲကလေးကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့်ပြောလိုက် ၏။
"အကုန်လုံးက သာမန် အရာလေးတွေပါပဲ... ဒါပေမယ့် ပေါင်းစပ်လိုက်တဲ့ အခါကျရင်တော့ အရမ်းကို အံ့သြဖို့ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ"
"မကြာခင်... မကြာခင် ရတော့မှာပါ"
သို့သော်တဖြည်းဖြည်းနှင့် ထိုအိုးထဲမှနေ၍ ထူးဆန်းသော အနံ့အသက်များ လွင့်ပျံလာခဲ့ပြီး ဤအခန်းတစ်ခုလုံး ပြည့်နှက်နေသော အရက်ရနံ့နှင့်ပင် ယှဉ်နိုင်လောက်အောင် ဖြစ်နေတော့၏။
ဤအနံ့သည် အဖွဲ့မှူးအများအပြားကို စားပွဲပေါ်မှ ခေါင်းမော့လာစေရန် ဆွဲဆောင်နိုင်ခဲ့ပြီး ထိုအိုးထဲသို့လှမ်းကြည့်လိုက်ကြသည်။
ကြည့်လိုက်မိသော်အမည်းရောင် ဟင်းချိုရည်များသည် ဟင်းမွှေဇွန်းနှင့်အတူ လှည့်ပတ်နေပြီး ပွက်ပွက်ဆူနေသည်ကို မြင်တွေ့လိုက်ရ၏။
၎င်းမှာရုတ်တရက် ထူးဆန်းသော သတ္တဝါတစ်ကောင်ကောင် ပျံထွက်လာမည်နှင့်ပင် တူနေပေသည်။
'ခဏနေပါဦး'
'၎င်းမှာ သူတို့၏အမြင်အာရုံ မှားယွင်းမှုလား'
'ခုနလေးတင်က လူသေခေါင်းခွံနဲ့ တူတဲ့ အရာတစ်ခုခု ထွက်ပေါ်လာသလိုပဲ'
အဖွဲ့မှူးများသည် မုန့်ပေါ်ကိုတစ်လှည့် ကြည့်လိုက်၊ ဟင်းချိုကိုတစ်လှည့် ကြည့်လိုက် ပြုလုပ်နေကြ၏။
'ဤအရာက တကယ်ပဲ သူတို့ကို တိုက်ဖို့အတွက် ဟုတ်ရဲ့ လား'
အတွေ့အကြုံရှိပြီးသော စီနီယာကြီးအချို့သည် ကာကွယ် ရေးအလွှာများကို စတင် အသုံးပြုနေကြပြီ ဖြစ်ပြီး မိမိကိုယ်ကိုယ်နှင့် စားပွဲများကိုပါ ဖုံးအုပ်ထားလိုက်ကြသည်။
သောက်လို့ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ အရင်ဆုံး ကာကွယ်ထားမှပဲ ဖြစ်မည်။
ထိုအချိန်မှာပင် မုန့်ပေါ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး "ရပြီ" ဟု ပြောလိုက်၏။
ပြီးနောက်ချက်ချင်းပင် အဖွဲ့မှူးများကိုတုံ့ပြန်ရန် အခွင့်အ ရေး မပေးလိုက်ဘဲ သူမသည် အိုးကိုယ်ထည်ကို ရုတ်တရက် တစ်ချက် ရိုက်ချလိုက်လေသည်။
ဒေါင်...
အိုးထဲရှိ ဟင်းချိုများ အားလုံးသည် လေထဲသို့ ပျံတက်သွားသော်လည်း မျက်မြင်မရသော အရာတစ်ခုခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ တစ်စက်မှ လွင့်စင်ကျလာခြင်း မရှိချေ။
"အထူးစီမံထားတဲ့ နှစ်သစ်ကူးအရသာ ဟင်းချို လာပါပြီရှင်"
မုန့်ပေါ်သည် လက်ထဲရှိ တစ်မီတာကျော် ရှည်လျားသော ဟင်းမွှေဇွန်းကြီးကို အရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ခါးကို တစ်ချက် လှည့်လိုက်ရာ လေထဲရှိ ထိုဟင်းချို အစုအဝေးသည်လည်း လေထဲတွင် တစ်ပတ်လည်သွားတော့၏။
တစ်ခဏအတွင်းမှာပင် ထိုဟင်းချိုအိုး တစ်အိုးလုံးသည် အစုအဝေး သေးသေးလေးများအဖြစ် ကွဲထွက်သွားပြီး နေရာအနှံ့ ထိုင်နေကြသော ဝိညာဉ်တမန်တော်များထံသို့ တိုက်ရိုက် ပျံသန်းသွားလေတော့သည်။
ထိုအမည်းရောင် ဟင်းချိုများသည် ကျည်ဆန်များကဲ့သို့ မိမိတို့ဆီသို့ ပျံသန်းလာသည်ကို မြင်သောအခါ ဝိညာဉ်တမန်တော်များသည် အလျင်အမြန် ရှောင်တိမ်းကြသည် သို့မဟုတ် ဘေးရှိ ပန်းကန်ခွက်ယောက်များကို အလျင်အမြန် ကောက်ယူကာ ဖမ်းခံကြလေသည်။
ယမမင်းယန်လော်ပင်လျှင် လက်ကိုဆန့်ထုတ်၍ ဟင်းချို တစ်စုကို ပန်းကန်လုံးထဲသို့ ဖမ်းယူလိုက်သေး၏။
သို့သော် ချွင်းချက်လည်းရှိပေသည်။
ဥပမာအားဖြင့် ကြိုတင်၍ ကာကွယ်ရေးအလွှာများကို အသုံးပြုထားသော စီနီယာကြီးများပင်။
ထိုဟင်းချို အစုအဝေးများ ပျံသန်းလာသည်ကို မြင်သော် လည်း ၎င်းတို့သည် ရှောင်တိမ်းခြင်းမရှိဘဲ ပျော်ရွှင်စွာဖြင့်သာ ကြည့်ရှုနေကြသည်။
သို့သော်...
ထိုဟင်းချို အစုအဝေးများသည် ကာကွယ်ရေး အလွှာပေါ်သို့ တဖျပ်ဖျပ် ကျရောက်လာပြီးနောက် ကာကွယ်ရေး အလွှာကို အလျင်အမြန် ပျက်စီးသွားစေသောအခါ ၎င်းတို့၏ ဤပျော်ရွှင်မှုသည်လည်း 'ဖောင်း' ခနဲ ပျောက်ကွယ်သွားတော့၏။
ဤစီနီယာကြီးများသည် မျက်နှာပျက်သွားကြပြီးထိုင်ခုံနေရာမှ အလျင်အမြန် ဝေးရာသို့ထွက်ပြေးကြတော့သည်။
'ဒါက သောက်ဖို့အတွက် လုပ်ထားတာ မဟုတ်ဘူးလား'
'ဘယ်လိုဖြစ်လို့ ကာကွယ်ရေးအလွှာကိုတောင် ပျက်စီးသွားစေနိုင်ရတာလဲ'
ဖြန်း...
ဖြန်း ဖြန်း...
တစ်စု၊ နှစ်စု... ပိုမို များပြားသော ဟင်းချိုအစုအဝေးများ သည် ပျံသန်းလာခဲ့၏။
ကာကွယ်ရေး အလွှာမရှိတော့သဖြင့် ထိုဟင်းချိုများသည် ထိုင်ခုံများပေါ်သို့ ကျရောက်သွားပြီး စားပွဲများပေါ်သို့လည်း ကျရောက်သွားတော့ကာ နေရာအနှံ့အပြား ပျက်စီးကုန်တော့၏။
တစ်ခဏအတွင်းမှာပင် ခန်းမဆောင်ကြီး တစ်ခုလုံးတွင် ပျက်စီးနေသော လက္ခဏာများ ပေါ်ထွက်လာခဲ့သည်။
ခဏအကြာတွင်မှ ဤ 'အဆိပ်မိုး' သည် ရပ်တန့်သွားတော့၏။
ထိုအခါမှသူတို့မြင်လိုက်ရသည်မှာဟင်းချို အနံ့အသက်များ ပျံ့နှံ့နေမှုကြားတွင် မုန့်ပေါ်သည် စင်မြင့်အဝိုင်းကြီးပေါ်၌ ရပ်နေပြီး လက်ထဲတွင် ဟင်းမွှေဇွန်းကြီးကို ကိုင်ဆောင်ထားဆဲ ဖြစ်ကာ အေးအေးဆေးဆေးပင် လေတစ်ချက်ချဉ်လိုက်ခြင်းပင်ဖြစ်သည်လေ။
"အေ့ အထူးစီမံထားတဲ့ နှစ်သစ်ကူးအရသာ ဟင်းချိုပါ၊ အားလုံးပဲ အားမနာကြပါနဲ့နော်"
"..."
ထိုင်ခုံမှ ဝေးရာသို့ ထွက်ပြေးသွားသော စီနီယာကြီးများသည် ဖရိုဖရဲဖြစ်နေသော နေရာများကိုကြည့်ရင်း တိတ်ဆိတ်သွားကြတော့၏။
'အားမနာဖို့ ဟုတ်လား'
'ဘယ်သူကများ အားမနာဘဲ နေရဲမှာလဲ'
'ဒီအဆိပ်ကို သူတို့သာ တကယ်သောက်လိုက်ရင် အသက်ရှင်ပါ့ဦးမလား'
'ဒါကြောင့် ဘယ်ကောင်က မုန့်ပေါ်ကို အရက်သွားတိုက်လိုက်တာလဲဟ’
🫧 Chapter 200
ခန်းမဆောင်ကြီးအတွင်းတွင် တိတ်ဆိတ်မှုများ ထပ်မံ ကြီးစိုးသွားပြန်၏။
မုန့်ပေါ်၏ဖိတ်ခေါ်မှုကို ရင်ဆိုင်ရာတွင် ဝိညာဉ်တမန်တော်ကြီးများသည် အလွန်အားနာယဉ်ကျေးစွာဖြင့် တုံ့ပြန်နေကြလေသည်။
သရဲနှင့်သရဲအကြား ဆက်ဆံရေးတွင်လည်း သင့်တင့်လျောက်ပတ်သော ယဉ်ကျေးမှုမျိုး လိုအပ်ပေသည်။
အကယ်၍ အားမနာဘဲ ပြုမူလိုက်မည်ဆိုပါက ယမမင်းကြီးကိုပင် မြင်တွေ့ခွင့်ရတော့မည် မဟုတ်ချေ။
ထို့ပြင်ထိုင်ခုံများကလည်း ပျက်စီးသွားသဖြင့် ဝိညာဉ်တမန်တော်များသည် ခန်းမဆောင်ကြီး အလိုအလျောက်ပြန်လည် ကောင်းမွန်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရတော့၏။
အမည်းရောင် ဟင်းချို တစ်ပန်းကန်စီ လက်ခံရရှိခဲ့သော ဝိညာဉ်တမန်တော်များသည် ထိုဟင်းချိုပန်းကန်များကို ကိုင်ဆောင်ကာ မုန့်ပေါ်၏အကြည့်များကို ရင်ဆိုင်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခုကိုထိန်းသိမ်းထားရလေသည်။
'အားလုံးက အလုပ်အကိုင်တူတွေပဲလေ၊ အချင်းချင်း ဘာဖြစ်လို့ ဒုက္ခပေးနေရမှာလဲ'
'ဂလု...'
ထိုသို့တိတ်ဆိတ်နေသော လေထုထဲတွင် မျိုချလိုက်သည့် အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့၏။
ထိုအခါ ဝိညာဉ်တမန်တော် အားလုံးသည် အံ့သြတကြီးဖြင့် လှမ်းကြည့်လိုက်ကြသည်။
'ဘယ်က သတ္တိခဲကြီးကများ တကယ်သောက်ချလိုက်တာလဲဟ'
'အသက်ရှင်ပါသေးရဲ့လား'
ခန်းမဆောင်ကြီး၏ထောင့်တစ်နေရာတွင်
အစောဆုံးဝင်ရောက်လာကတည်းက အမူးတိုက်ခံလိုက်ရပြီး ယခုအချိန်အထိ အိပ်မောကျနေခဲ့သော အဖွဲ့မှူးကြီးသစ် အမျိုးသမီးတစ်ဦး ရှိနေပေသည်။
ထို့ကြောင့် သူမကို အားလုံးမေ့လျော့နေခဲ့ကြခြင်း ဖြစ်၏။
စောစောက အဆိပ်မိုးရွာသွန်းသည့် အန္တရာယ်ရှိသော အချိန်တွင် သူမကိုယ်တိုင် နိုးလာခဲ့ပြီး အထူးစီမံထားသည့် နှစ်သစ်ကူးအရသာ ဟင်းချိုတစ်ပန်းကန်ကိုပင် ဖမ်းယူ၍ သောက်သုံးလိုက်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။
"အေ့..."
ထိုကျယ်လောင်သော လေချဉ်တက်သံကိုကြားလိုက်ရသော အခါ ဝိညာဉ်တမန်တော် အားလုံးသည် စိတ်သက်သာရာရသွားကြသကဲ့သို့ တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း တွေဝေသွားကြတော့၏။
'ဒီဟင်းချိုက... တကယ်ပဲ သောက်လို့ရတာလားဟ'
'ဒါမှမဟုတ် သောက်ရင် ဘာမှမဖြစ်ဘဲ အပြင်ဘက်ကို အသုံးပြုရင်ပဲ အဆိပ်ဖြစ်တာလား'
အမည်းရောင် ဟင်းချိုပန်းကန်ကို ကိုင်ဆောင်ထားသော ဝိညာဉ်တမန်တော်ကြီးများသည် မနေနိုင်တော့ဘဲ မိမိတို့ အရှေ့ရှိ ဟင်းချိုပန်းကန်ကို မြှောက်ကာ ကြည့်ရှုလိုက်ကြသည်။
မုန့်ပေါ် ချက်ပြုတ်သော ဟင်းချိုများကို မည်သူကမျှ မသောက်ဖူးကြချေ။
မည်သို့ပင်ဆိုစေကာမူ မုန့်ပေါ်ဟင်းချို၏ ထူးခြားချက်ကို အားလုံးက သိရှိထားကြသဖြင့် မည်သူကမျှ ပေါ့ပေါ့ဆဆ မသောက်ရဲကြပေ။
သို့သော် ဤနှစ်သစ်ကူးအရသာ ဟင်းချိုမှာမူ ဤတစ်ပွဲတည်းသာ ရှိကောင်း ရှိနိုင်ပေသည်။
ဝိညာဉ်တမန်တော် အချို့သည် ရဲရဲတင်းတင်း မြည်းစမ်းကြည့်သင့်သလားဟု တွေးတောနေစဉ် ယမမင်းယန်လော်၏ အနောက်မှ သရဲစစ်သည်တော်များ ရုတ်တရက် လှုပ်ရှားလာသည်ကို မြင်တွေ့လိုက်ရ၏။
ထို့အပြင် နှစ်ယောက် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြီးလျှင် ၎င်းတို့သည် ဟင်းချိုကို သောက်သုံးလိုက်သော အဖွဲ့မှူးကြီးသစ် အမျိုးသမီးရှိရာသို့ တိုက်ရိုက် သွားရောက်ကြပြီးနောက် ထိုအဖွဲ့မှူးကြီးသစ်၏ခြေထောက်ကို ဆွဲမကာ ပြောင်းပြန် တွဲလောင်းချိတ်၍ အန်ထွက်လာအောင် ပြုလုပ်တော့၏။
ကျောက်စိမ်းဖြူ ပန်းကန်လုံးများကို ကိုင်ဆောင်ထားကြသော ဝိညာဉ်တမန်တော်ကြီးများ၏ လှုပ်ရှားမှုများသည် ရပ်တန့်သွားကြတော့သည်။
"..."
'ငါတို့ ၊ ငါတို့ သေတော့မလို့ ဖြစ်သွားတာလား'
'ဒါကြောင့် ယမမင်းကြီးက ဝင်ပါလာတာလား'
၎င်းတို့သည် စင်မြင့်အဝိုင်းကြီး၏အလယ်တွင် ရှိနေသော မုန့်ပေါ်ကို လှမ်းကြည့်လိုက်ကြပြီး ဤအမျိုးသမီးကို မိမိတို့များ ရန်စမိခဲ့ဖူးသလားဟု တွေးတောနေကြတော့သည်။
'မိန်းမတွေရဲ့စိတ်က ပင်လယ်ရေအောက်က အပ်တစ်စင်းလိုပဲဆိုတဲ့ စကားက မှန်တာပဲ၊ ဒီလိုမျိုး အဆိပ်ခတ်ထားတာ အသိသာကြီးကို ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး တိုက်နေတာမျိုးက ပထမဆုံးအကြိမ်မြင်ဖူးတာပဲ'
'အားလုံးက နှစ်ပတ်လည်ပွဲတော်လေး ဆင်နွှဲနေကြတာလေ၊ နင် အစကတည်းက သရဲတွေကို အသေသတ်ဖို့ကြိုးစားနေတာပဲ'
တစ်ခဏအတွင်းမှာပင် ခန်းမဆောင်ကြီးတစ်ခုလုံးတွင် သရဲစစ်သည်တော်များ၏ အန်ထွက်အောင်ပြုလုပ်နေသော အသံများနှင့် ဝိညာဉ်တမန်တော်ကြီးများ၏လန့်ဖြန့်သွားမှုကို ပြေပျောက်စေရန် အရက်သောက်နေသော အသံများသာ ကျန်ရှိနေတော့၏။
ယမမင်းယန်လော်နှင့် အနီးဆုံးတွင် ရှိနေသော တရားသူကြီး တစ်ပါးသည်မူ လက်သီးဆုပ်ကာ ပါးစပ်ကို အုပ်ထားပြီး မျက်လုံးထဲတွင် ပြုံးရွှင်နေသည့် အရိပ်အယောင်များရှိနေပေသည်။
စောစောက ယမမင်းယန်လော်သည် ထိုအမည်းရောင်ဟင်း ချိုကို တစ်ကျိုက်တညသောက်လိုက်သည်ကို သူ သေချာ ပေါက် မြင်တွေ့ခဲ့ရ၏။
'အရသာကမူ မည်သို့ရှိမည်ကိုတော့ မသိပေ'
"အဟမ်း အဟမ်း"
...
ဤတိတ်ဆိတ်မှုထဲတွင် နွားခေါင်းအဖွဲ့မှူးကြီး ချူယုံးအန်းသည် သူ့ ခွေးကြီးကို ပွတ်သပ်လိုက်ပြီး မသောက်လိုက်ရသည်မှာ ကံကောင်းလှသည်ဟု တွေးတောနေလေ၏။
သို့သော်သူ၏ဘေးနားရှိ မြေခွေးနီနားရွက်လေးများမှာမူလှုပ်ရှားသွားပြီး စားပွဲအောက်ရှိ တိဘက်ခွေးဘီလူးကြီးဆီသို့ ရုတ်တရက် ငုံ့ကြည့်လိုက်သည်။
ထို့နောက် ၎င်းလက်သည်းလေးကို ဆန့်ထုတ်၍ ကလော်ကြည့်လိုက်၏။
ချူယုံးအန်း တွေဝေနေစဉ် သူ၏ အိမ်မွေးတိရစ္ဆာန်လေးက ဥတစ်လုံးကို ကလော်ထုတ်လာသည်ကို မြင်တွေ့လိုက်ရသည်။
"..."
'ငါ့ခွေးကြီးက ဘယ်တုန်းက ဥဥသွားတာလဲဟ'
ဤသည်မှာ ချူယုံးအန်း၏ပထမဆုံးသော တုံ့ပြန်မှု ဖြစ်ပြီး လန့်ဖြန့်သွားလုမတတ်ပင် ဖြစ်သွားခဲ့၏။
ထို့နောက် သူသည် ဤဥကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။
'ယမမင်းကြီး မဝင်လာခင်တုန်းက တစ်ယောက်ယောက်က ဒီဥကို လိုက်ဖမ်းနေတာ ငါ မြင်ခဲ့သလိုပဲ'
'ဘယ်သူပါလိမ့်'
ချူယုံးအန်း စဉ်းစားနေစဉ် ကျောက်စိမ်းဖြူ ပန်းကန်လုံး တစ်လုံးသည် မည်သည့်နေရာမှန်း မသိဘဲ ရုတ်တရက် လွင့်ပျံလာခဲ့ကာ 'ဒေါက်' ဟူသော အသံနှင့်အတူ ထိုဥကို အုပ်လိုက်လေတော့သည်။
ကျန်းလင်သည် ဘေးဘက်မှနေ၍ လျှောက်လာခဲ့ပြီး သူ့ အသံထဲတွင် ပျော်ရွှင်နေသည့် အရိပ်အယောင်များ ပါဝင်နေ၏။
"ဒီတစ်ခါတော့ ငါ ဖမ်းမိသွားပြီ မဟုတ်လား"
ချူယုံးအန်းသည် ခေါင်းကိုတစ်ချက် ပုတ်လိုက်ပြီး 'ဘယ်နေရာမှာ မြင်ဖူးတာလဲဆိုတာ မှတ်မိပြီ' ဟု တွေးတောလိုက်သည်။
သူသည် ကျန်းလင်နှင့် စကားအနည်းငယ်ပြောဆိုရန် ပြင်လိုက်စဉ် ခန်းမဆောင်ကြီး တစ်ခုလုံး၏ လေထုအခြေအနေသည် အနည်းငယ်ထူးဆန်းနေကြောင်း ရုတ်တရက် သတိပြုမိသွား၏။
သူခေါင်းမော့ကြည့်လိုက်သောအခါ ဝိညာဉ်တမန်တော်ကြီးများ အားလုံး၏အကြည့်များသည် ဤဘက်သို့ ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်လေ။
ထို့ပြင် စောစောကထွက်ပေါ်လာသော ထိုအသံကြောင့် ဤနေရာသည် ချက်ချင်းပင် အားလုံး၏အာရုံစိုက်ရာ နေရာ ဖြစ်သွားခဲ့တော့သည်။
ကျန်းလင်ကမူ ဘာကိုမျှ သတိမထားမိဘဲ သူ့အရောင်ခုနစ်မျိုးဥငယ်လေးကိုပိုက်ကာ ထိုင်ခုံသို့ ပြန်သွားမည် ပြုလေ၏။
"ကဲ၊ အခု ကျွန်တော်တို့ရဲ့ အဖွဲ့မှူးကြီးကျန်းကို အားလုံးနဲ့ မိတ်ဆက်ပေးဖို့ ဖိတ်ခေါ်ပါတယ်"
သရဲကလေးငယ်သည် နောက်ဆုံးတွင် ထွက်ပေါက်တစ်ခု ရှာတွေ့သွားသကဲ့သို့ "မုန့်ပေါ်သခင်မကြီး ပြန်လည်အနားယူလို့ ရပါပြီ" ဟု ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် သရဲကလေးငယ်၏ အထင်အမြင်လွဲမှားမှုလား မသိသော်လည်း ဝိညာဉ်တမန်တော်ကြီးများ အားလုံး သက်ပြင်းချသွားသကဲ့သို့ ခံစားလိုက်ရ၏။
အခြားတစ်ဖက်တွင် ကျန်းလင်သည် ထိုင်ခုံဆီသို့ ဆက်လက် လျှောက်သွားနေပြီး ရပ်တန့်မည့် အရိပ်အယောင်လုံးဝမရှိချေ။
'အဖွဲ့မှူးကြီးကျန်းက သူနဲ့ ဘာဆိုင်လို့လဲ'
'သူ အခု ဒီဥလေးကို သေချာလေ့လာကြည့်ရဦးမယ်' ဟု သူက တွေးတောနေသည်။
သရဲကလေးငယ်သည် တွေဝေသွားပြီး "အဖွဲ့မှူးကြီးကျန်းလား၊ အဖွဲ့မှူးကျန်း၊ ကျန်းလင်သခင်ကြီး"
"ဟင်"
နောက်ဆုံး အခေါ်အဝေါ်ကိုကြားသောအခါ ကျန်းလင်သည် ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်ကာ "မင်း ငါ့ကို ခေါ်နေတာလား"
သရဲကလေးငယ် : "ဟုတ်ပါတယ် အဖွဲ့မှူးကျန်း၊ လူကြီးမင်းက ရာစုနှစ်အတွင်းမှာ အသစ်တက်လာတဲ့ အဖွဲ့မှူးကြီးပါ၊ စင်ပေါ်တက်လာပြီး အားလုံးနဲ့ မိတ်ဆက်ပေးလို့ ရပါတယ်"
"ခဏနေဦး"
သို့သော် သရဲကလေးငယ် စကားမဆုံးမီမှာပင် ဖြတ်ပြောခံလိုက်ရသည်။
ဟင်းမွှေဇွန်းကြီးကို ကိုင်ဆောင်ထားသော မုန့်ပေါ်သည် သရဲကလေးငယ်ကို ရုတ်တရက်ကြည့်လိုက်ပြီး "ငါ့ရဲ့ ဖျော်ဖြေရေးကြေးကို ဘယ်သူ ပေးမှာလဲ" ဟု မေးလိုက်သည်။
သူမ ဖျော်ဖြေခဲ့ပြီးပြီ၊ ဟင်းချိုတစ်အိုးလည်း ချက်ပြခဲ့ပြီးပြီ၊ ဤလူများက အလကားကြည့်ချင်နေကြသည်လော။
ထိုစကားကို ကြားသောအခါ သရဲကလေးငယ်နှင့် ခန်းမဆောင်ကြီး အတွင်းရှိဝိညာဉ်တမန်တော်ကြီးများ အားလုံးသည် ကြက်သေ သေသွားကြတော့၏။
'ဖျော်ဖြေရေးကြေး ဟုတ်လား'
'မင်းက ငါတို့ကို အသိသာကြီး သတ်ဖို့ကြိုးစားနေတာကို ငါတို့ကတောင် ပိုက်ဆံပြန်ပေးရဦးမှာလား'
'ဒါက ဘာ သဘောတရားကြီးလဲ'
...
"ဟက်"
မုန့်ပေါ်သည် ထိုအခြေအနေကို မြင်သောအခါ အားလုံးကို နားလည်သွားသဖြင့် ခပ်ဟဟ ရယ်မောလိုက်၏။
သူမ၏မျက်တောင်ရှည်ကြီးများ အောက်တွင်မူ မျက်ရည်ဝဲနေသော မျက်လုံးများ ရှိနေပေသည်။
'ပိုက်ဆံ မပေးဘူးလား'
ထို့နောက်သူမသည် ဟင်းမွှေဇွန်းကြီးကို ချထားလိုက်ပြီး လက်ထဲတွင် သံတူကြီး ထွက်ပေါ်လာကာ တိုးတိုးလေး ရေရွတ်လိုက်၏။
"ငါ အားနည်းတယ် ဆိုတာနဲ့တင် ငါ့ကို အနိုင်ကျင့်လို့ ရမယ်များ ထင်နေလား"
ဤနေရာရှိ ဝိညာဉ်တမန်တော်ကြီးများ၏အကြားအာရုံသည် အလွန် ကောင်းမွန်ကြပေရာ ထိုအသံထဲတွင် ပါဝင်နေသော ခေါင်းမာမှုနှင့် ဝမ်းနည်းမှုများကို ကြားလိုက်ရသောအခါ ၎င်းတို့သည် သူတစ်ပါးကို အမှန်တကယ်ပင် အနိုင်ကျင့်မိသွားသကဲ့သို့ ခံစားလိုက်ရ၏။
'ဒါပေမယ့်'
'မင်းက မုန့်ပေါ်လေ'
'မင်းက အဖွဲ့မှူးကြီးတွေကိုတောင် အသက်အန္တရာယ်ပေးနိုင်တဲ့ သရဲကြမ်းကြီး တစ်ကောင်လေ၊ မင်းက အားနည်းတယ် ဟုတ်လား'
'ဘယ်သူက ယုံမှာလဲ'
...
"အဟမ်း ဖျော်ဖြေမှုအတွက် ပင်ပန်းသွားပါပြီ"
တရားသူကြီးတစ်ပါးသည် ဤမြင်ကွင်းကို ကြည့်ရသည်မှာ ပျော်စရာကောင်းသည်ဟု ထင်မြင်နေ၏။
မုန့်ပေါ်၏ဟင်းချို ဖြစ်စေ၊ ဝိညာဉ်တမန်တော်ကြီးများ၏ တုံ့ပြန်မှု ဖြစ်စေ၊ အားလုံးသည် နှစ်ပတ်လည်ပွဲတော်၏ ထူးခြားချက်များပင် ဖြစ်ပေသည်။
ထို့ကြောင့် သူသည် ငွေစက္ကူတစ်ရွက်ကို စင်မြင့်ဝိုင်းကြီးပေါ်သို့ ပထမဆုံး လွှင့်တင်ပေးလိုက်၏။
ထိုအခါ မုန့်ပေါ်သည် လက်ကို မြှောက်ကာ ဖမ်းယူလိုက်ပြီး သူမ၏အကြည့်များသည် ခန်းမဆောင်ကြီး အတွင်းရှိ အခြားသော ဝိညာဉ်တမန်တော်ကြီးများဆီသို့ ထပ်မံရောက်ရှိသွားကာ လက်ထဲရှိ သံတူကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။
'ဒါမှမဟုတ်... ကြွက်ရိုက်ကစားသလို ရိုက်ကစားရင် ပိုကောင်းမလား' ဟု သူမက တွေးတောလိုက်၏。
"ဖျော်ဖြေမှုအတွက် ပင်ပန်းသွားပါပြီ"
"ဒီဟင်းချိုကတော်တော်လေး မွှေးတာပဲ"
တရားသူကြီးကပင် ပေးနေပြီဖြစ်ရာ ဝိညာဉ်တမန်တော်ကြီး အများအပြားသည်လည်း အလျင်အမြန်ပိုက်ဆံများထုတ် ပေးကြတော့၏။
အဖွဲ့မှူးကြီးများ၏ဝင်ငွေအရ ဤမျှလောက် ငွေကြေးသည် ပြဿနာ မရှိလှပေ။
'ဒါပေမယ့် ဒီပိုက်ဆံတွေပေးရတာ ဘာဖြစ်လို့ ဒီလောက်တောင် ခံစားရ ခက်နေရတာလဲ'
'ဒီကိစ္စမှာ ဘယ်သူက ဘယ်သူ့ကိုအနိုင်ကျင့်နေတာလဲ'
'ဒီဖျော်ဖြေမှုမှာ ပင်ပန်းသွားရတာက ပွဲကြည့်ပရိသတ်တွေ ဖြစ်နေတယ် မဟုတ်လား'
'အရက်မူးနေတဲ့ သရဲနဲ့ အကြောင်းပြချက် သွားရှင်းပြလို့ မရဘူး ဆိုတာကိုသာ မသိထားရင် သူတို့ တကယ်ပဲ သွားပြီး ရန်ဖြစ်မိလောက်ပြီ'
'ပြီးတော့ မုန့်ပေါ်ကို အရက်တိုက်ခဲ့တာကလည်း သူတို့ကိုယ်တိုင်ပဲ ဖြစ်နေတယ်လေ'
'ဟူး'
...
[မိုက်တယ် မုန့်ပေါ်ရဲ့ ဒီတစ်ကွက်ကတော့ အရှုံးမရှိဘူးဟေ့]
[ဟားဟားဟား ပိုက်ဆံရှာတဲ့ နေရာမှာတော့ မုန့်ပေါ်က အတော်ဆုံးပဲ၊ အရက်မူးနေရင်တောင် အမြတ်ထွက်အောင် လုပ်နိုင်သေးတယ်]
[ဝိညာဉ်တမန်တော်ကြီးများ : မင်းက ဓားပြတိုက်နေတာပဲ မဟုတ်လား၊ ဟုတ်တယ်မလား]
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းရှိ ပရိသတ်များသည် ပျော်ရွှင်နေကြတော့၏။
စောစောက မုန့်ပေါ် ဟင်းချိုချက်နေသည်ကို ကြည့်ရချိန်က ထိုမြင်ကွင်းသည် အမှောင်ဟင်းလျာ တစ်ခုနှင့် တူနေသည်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော် သူတို့သည် အစကိုသာ ခန့်မှန်းနိုင်ခဲ့ပြီး အဆုံးသတ်ကိုတော့ မခန့်မှန်းနိုင်ခဲ့ကြချေ။
၎င်းမှာ အမှောင်ဟင်းလျာ မှန်သော်လည်း အဆိပ်တစ်မျိုးလည်း ဖြစ်နေပြီး အတွင်းသို့ ဝင်ရောက်သွားပါက အဆိပ်ပြင်းအား ပိုမိုကြီးမားလေ၏။
'ဟိုမှာ အန်ထုတ်ခံနေရတဲ့ ဝိညာဉ်တမန်တော်ကြီးကို မမြင်ဘူးလား၊ နောက်ဆက်တွဲဝေဒနာတွေ ကျန်ခဲ့မလားတော့ မသိဘူး' ဟု ၎င်းတို့က တွေးတောလိုက်ကြသည်။
ထို့နောက် နေရာအနှံ့ပျက်စီးနေသော ဤခန်းမဆောင်ကြီးကို ကြည့်ရင်း ပရိသတ်များသည် ရုတ်တရက် ဤအခန်းကြီးကိုပင် သနားသွားကြတော့၏။
[ခန်းမဆောင်ကြီး : ငါက ဘယ်သူ့ကို သွားပြီး ရန်စမိလို့လဲ၊ မင်းတို့တွေ အရက်မူးပြီး ငါ့ကို ရိုက်ချိုးကြတယ်၊ ရန်ဖြစ်ပြီး ငါ့ကို ရိုက်ချိုးကြတယ်၊ အခု ဟင်းချိုသောက်ပြီး ဖျော်ဖြေတာတောင်မှ ငါ့ကို အဆိပ်ခတ်နေကြသေးတယ်ပေါ့လေ]
[ထိခိုက်နစ်နာမှုက အရမ်းကြီးမားသလို စော်ကားမှုကလည်း အရမ်း ပြင်းထန်လွန်းတယ်]
[မုန့်ပေါ်ကတော့ အကြီးမားဆုံး အမြတ်ထွက်သူပဲကွ]
[ဒါနဲ့ စကားမစပ် အခု Streamer အလှည့် ရောက်ပြီ မဟုတ်လား]
[စပြီး မျှော်လင့်နေပြီဟေ့၊ ပန်းချီဆရာကြီးတို့ နေရာယူထားကြပါတော့]
...
# မူရင်းရေးသူ၏မှတ်ချက်+ ဘာသာပြန်သူ၏မှတ်ချက်
အခု အခန်း ၂၀၀ ပြည့်သွားပါပြီ။
ヽ(°▽°)ノ ဒီတစ်လျှောက်လုံး အားပေးကူညီလာကြတဲ့ သူငယ်ချင်းတွေကိုလည်းကျေးဇူးတင်ပါတယ်။ဆက်လက်ကြိုးစားသွားပါမယ်နော် (✿^‿^)