← Chapters

ဘန်နီရဲ့မျက်နှာဖုံး

Vol. 5 Ch. 255

ဘန်နီရဲ့မျက်နှာဖုံး

Vol. 5 Ch. 255

လေဆိပ်ငယ်လေးတစ်ခုရဲ့လေယာဥ်ပြေးလမ်းပေါ်မှာ ကိုယ်ပိုင် ဂျက်လေယာဥ်တစ်ခုရပ်ထားတယ်။ တက်ရှီဒိုဝတ်ဆင်ထားတဲ့ လူတစ်ဒါဇင်လောက်က ကော်ဇောနီခင်းထားတဲ့လမ်းရဲ့တစ်ဖက် တစ်ချက်စီမှာရပ်နေပြီး ဂုဏ်သရေရှိဧည့်သည်တော်တွေကို စောင့်ကြိုနေတဲ့အလားပါ။

ဒီအုပ်စုရဲ့ရှေ့ဆုံးမှာတော့ ဆံပင်ကို ခပ်တိုတိုညှပ်ထားတဲ့ အသက်သုံးဆယ်ကျော်အရွယ် လူမည်းအမျိုးသမီးတစ်ယောက် ရှိနေပြီးတော့ ခါးရှည်အနောက်တိုင်းအင်္ကျီနဲ့အဖြူရောင် လက်အိတ်ကို ဝင်ဆင်ထားတဲ့အတွက်ကြောင့် ဘဏ္ဍာစိုးလို့ ထင်ရတယ်။ အမျိုးသားတစ်ယောက်ရဲ့အဝတ်အစားတွေကို ဝတ်ဆင်ထားပေမဲ့ လှပလွန်းတဲ့ကိုယ်လုံးကိုယ်ပေါက်ကိုတော့ ဖုံးကွယ်ထားနိုင်ခြင်းမရှိပါဘူး။

“အမယ်... ဒါက ငါ့အတွက်ပြင်ဆင်ထားတဲ့ ပုံစံလား။”

လေဆိပ်ထဲကနေပြီးတော့ အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ယောက်က ခရီးဆောင်အိတ်ကို ဆွဲပြီးထွက်လာပါတယ်။ အဲဒီမိန်းကလေးရဲ့အသားအရောင်က အနည်းငယ်ညိုပေမဲ့ နေရောင်အောက်မှာသိပ်မသိသာပါဘူး။ ဆံပင်တွေက အနက်ရောင်ဖြစ်ပြီး ပြောင်လတ်နေအောင်လို့ ဆေးမှုတ်ထားတယ်။ တချို့လူတွေအတွက်တော့ ခရမ်းရောင် မြင်ချင်မြင်ရမှာပေါ့။

သူဟာ မျက်လှည့်ဆရာတွေဝတ်တတ်တဲ့ ချိုင်းပြတ်ဝတ်စ်စကုတ်နဲ့ ပိုက်ကွန်စတော့‌ကင်ကိုဝတ်ဆင်ထားပြီး သိပ်ကိုလှပနေပါတယ်။ ဦးထုပ်ဝိုင်းကိုလည်းဆောင်းထားပြီး တိုက်လေနဲ့အတူမပါအောင် အနားကိုလက်နဲ့ ဖိကိုင်ထားသေးတာ။

ဟုတ်ပါတယ်၊ ဒီမိန်းကလေးကတော့ ဘန်နီပါပဲ။

“ခဏနေပါဦး...” ဘဏ္ဍာစိုးအမျိုးသမီးက ဘန်နီကိုလေယာဥ်ပေါ် အတက်မခံဘဲ လမ်းမှာပိတ်ရပ်လိုက်တယ်။ ဘန်နီ့မျက်နှာပေါ်က အပြုံးကလည်း ပျောက်ကွယ်သွားတယ်။

“ဒါဘာသဘောလဲ... နင်တို့ပဲ ငါ့ကိုအလုပ်အပ်ထားတာ မဟုတ်လား။”

ဘဏ္ဍာစိုးအမျိုးသမီးက အစကနေအဆုံးထိ မျက်နှာအမူအရာ တစ်ချပ်မှမပြောင်းဘဲ ဘန်နီ့မေးခွန်းတွေကို တုန့်ပြန်လိုက်တယ်။

“သခင်က သူ့ကိစ္စမှာကူညီနိုင်မယ့်အဆင့်ရှိသူတွေကိုပဲ ငှားချင်တာ။ အဲဒီအတွက် နင်အယ်ဒါအဆင့်အစစ် ဟုတ်မဟုတ်သိဖို့လိုတယ်။”

အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားတဲ့သူတွေအားလုံးက မှော်နှင်တံတွေထုတ်ပြီး ဘန်နီကိုချိန်လိုက်တယ်။ လူမည်း အမျိုးသမီးကတော့ လက်ဆစ်တွေကိုချိုးလိုက်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်တယ်။ ဘန်နီရဲ့မျက်နှာကလည်း အေးစက်သွားပြီး။

“တစ်ဘီလျံတန် အပေးအယူ။ ဒါပေမဲ့ နင်တို့ဆီကို ငါကလွဲပြီးတော့ တခြားဘယ်သူမှရောက်မလာသေးတာရော သံသယဝင်စရာ ကောင်းတယ်လို့မထင်ဘူးလား။”

ဘန်နီက သူ့လက်ဆွဲသေတ္တာကို မှော်ပညာနဲ့ဇစ်ဖွင့်ပြီးလမ်းမပေါ် ပစ်ချလိုက်တယ်။ ခေါင်းပြတ်သုံးလေးခုက လက်ဆွဲအိတ်ထဲကနေ လိမ့်ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသွေးညှီနံတွေ ထထောင်းထောင်းဖြစ်ကုန်ပြီ။

မှော်ဆရာတွေကတော့ ရပ်တန့်မယ့်ပုံမပြဘဲသူတို့မှော်ဂါထာတွေကို ရေရွတ်လိုက်ကြပြီ။ ချက်ချင်းပဲ သံမဏိလိုမာကျောပြီး ကျည်ဆန်လို လျင်မြန်တဲ့ ရေခဲချွန်ဒါဇင်ပေါင်းများစွာက ဘန်နီ့ဆီ တိုးဝင်လာတယ်။

“ဟမ့်... သနားစရာကောင်းလောက်အောင် အားနည်းလိုက်တာ။”

ဘန်နီ့လက်ထဲမှာ မှော်နှင်တံတစ်ခုပေါ်လာပြီးတိုးဝင်လာသမျှ ရေခဲချွန်တွေကို မှော်မှန်တစ်ခုကိုဆင့်ခေါ်တားဆီးလိုက်ပါတယ်။ ရေခဲချွန်တွေကို မှန်ရဲ့ကြေးမှုန်ပြင်က စုပ်ယူသွားပြီး မှော်ဆရာ တစ်​ယောက်ချင်းစီရဲ့နောက်မှာ မှော်မှန်ပုံစံတူတွေထွက်ပေါ်လာပြီး

“အား....”

“အွပ်...”

“သေပါပြီဗျ။” ပုံစံတူမှော်မှန်တွေထဲကနေ ပြန်ထွက်လာတဲ့ ရေခဲချွန်တွေက မှော်ဆရာတစ်ဝက်လောက်ကို ဒဏ်ရာရသွားစေတယ်။ ခေါင်းဆောင်အမျိုးသမီးနဲ့ သန်မာသူတချို့ပဲ လွတ်တယ်။ အခု သူတို့က ပြန်တိုက်ဖို့ ဘန်နီကိုကြည့်လိုက်ပေမဲ့ ဘန်နီက နေရာမှာ ရှိမနေတော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ။

ဂျက်လေယာဥ်တစ်ဝိုက်ကို ဖြူဖွေးတဲ့မြူတွေဖုံးလွှမ်းသွားပြီး ဘာမှ သေချာရှင်းရှင်းလင်းလင်းမမြင်ရတော့ပါဘူး။ ခေါင်းဆောင်က အားလုံးကို သတိပေးလိုက်ရတာပေါ့။

“အားလုံး သတိရှိကြ။ အချင်းချင်းမပစ်မိကြစေနဲ့။ မျက်ကွယ်ထောင့်တိုင်းကို သေချာအာရုံစိုက်ထား။”

အားဟားဟားဟား...

မကြာခင်မှာပဲ ဘန်နီရဲ့ရယ်သံက မြူနယ်မြေပတ်ပတ်လည်ကနေ ထွက်ပေါ်လာပြီးတော့ သူ့စကားတွေက ပိတ်မိနေသူတွေရဲ့စိတ်ထဲ တိုက်ရိုက်တိုးဝင်လာခဲ့လေရဲ့။

“ငါဒီကိုလာတဲ့လမ်းမှာ ကမ္ဘာအရပ်ရပ်က အယ်ဒါတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒီအလုပ်ကို ငါ့ဆီကနေလုယူနိုင်မယ့်သူ မရှိအောင်လို့ပေါ့။ အဲဒီလောက်များတဲ့အယ်ဒါတွေကို လုပ်ကြံနိုင်တဲ့သူက အယ်ဒါတွေထက်ပိုစွမ်းတဲ့သူပဲ ဖြစ်ရမှာပေါ့။”

ဟီးဟီးဟီးဟီး...

ရုတ်တရက် မြူတွေထဲကနေ ဂျိုကာမျက်နှာကြီးရဲ့ဧရာမရုပ်သေး တစ်ခုပေါ်လာတယ်။ မထင်မှတ်ထားတဲ့အလှည့်အပြောင်းဖြစ်လို့ မှော်ဆရာတွေလည်း ရုတ်ရုတ်သဲသဲပေါ့။ နောက်တော့ ဂျိုကာက ပါးစပ်ကြီးဟပြီး လူသုံးလေးယောက်လောက်ကို အပိုင်းပိုင်း ဖြစ်တဲ့အထိကိုက်ဖြတ်လိုက်တယ်။

“တော်လောက်ပြီ” ခေါင်းဆောင်အမျိုးသမီးက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး နေရာကနေပျောက်သွားတယ်။ လေထုပေါက်ကွဲသံတစ်ချက်ကြားရပြီးတဲ့နောက်မှာတော့ ဂျိုကာရုပ်သေးက အဲဒီအမျိုးသမီးရဲ့လက်သီးချက်ကြောင့် ပျက်စီးသွားနှင့်ပြီးပြီ။

“အလကားပဲနော်... နင်ရောက်နေတာက ငါ့ရဲ့ထင်ယောင်ထင်မှား ကမ္ဘာထဲမှာပဲ။”

အမျိုးသမီးက ဘန်နီ့စကားသံကြားတဲ့နေရာကိုမော့ကြည့်တော့ ဆင်ရုပ်၊ ဘဲရုပ်၊ ဝက်ဝံရုပ်အစရှိတဲ့ ဆက်ကပ်ထဲမှာမြင်ရတတ်တဲ့ အကောင်တွေရဲ့ရုပ်သေးတွေအများကြီးက ခေါင်းဆောင်နဲ့ သူ့အဖွဲ့ကို ငုံကြည့်ပြီး အမဲဖြတ်ပစ်ဖို့အသင့်ဖြစ်နေပါပြီ။ ဒီတော့မှ ခေါင်းဆောင်လည်း မတတ်နိုင်ဘဲပြောလိုက်​လေရဲ့။

“နင့်ကို ငါတို့ငှားလိုက်ပြီ။”

ဖျောက်....

လက်ဖျောက်တီးသံတစ်ချက်ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ မြူတွေနဲ့ရုပ်သေးတွေအကုန်လုံးပျောက်သွားပြီ။ ခေါင်းဆောင်နဲ့ မှော်ဆရာနှစ်ယောက်ပဲ အသက်ရှင်လျက်ကျန်တော့တယ်။ လေယာဥ်ကွင်းကတော့ သွေးတွေနဲ့နီရဲလို့။ ဘန်နီကတော့ သူတို့ရှေ့မှာ အန္တရာယ်မပေးတတ်တဲ့ယုန်မလေးလိုမျိုး ပေါင်ကိုလိမ်ကာ ပြုံးပြုံးလေး ရပ်နေပါတယ်။

ခေါင်းဆောင်က ဘန်နီအတွက် လမ်းကိုဖယ်ပေးလိုက်ပြီး ဦးညွှတ်ကာ သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်တယ်။

“ကျွန်မက ဆီနိတ်တာ ဟာ့ပါ ပါ။ သခင့်ကိုယ်စား ရှင့်ကို လာကြိုတာပါ။ ဒါနဲ့ရှင့်ကို ဘယ်လိုခေါ်ရမလဲမသိဘူး။”

“ဘန်နီလို့ပဲ သိထားရင်ရပါပြီ။” ဘန်နီက သူ့ခန္ဓာကိုယ်ကို ချာခနဲလှည့်လိုက်ပြီး ကြမ်းပြင်ပေါ်မှာအပိုင်းပိုင်းပြတ်နေတဲ့ လူသေတွေကို ဂရုမစိုက်သလိုကျော်ခွသွားရင်း လေယာဥ်ပေါ် တက်လိုက်တယ်။ သူ့ဒေါက်ဖိနပ်ကနေ သွေးတွေစီးကျနေတုန်းပဲ။

ဟာ့ပါနဲ့ တခြားမှော်ဆရာတွေလည်း လေယာဥ်ပေါ်တက်လိုက် ကြတာပေါ့။ ဘန်နီက ခပ်တည်တည်နဲ့ခုံတစ်ခုံပေါ်မှာပေါင်ချိတ် ထိုင်လိုက်တယ်။ ဟာ့ပါကလည်း အလိုက်တသိနဲ့ခရစ်စတယ် ဝိုင်ခွက်ကိုကမ်းပေးလိုက်ပြီး ဝိုင်နီငှဲ့ပေးတာပေါ့။

“ဒီတော့ ရှင်တို့သခင်က ဘာဖြစ်ချင်တာလဲ။”

“နန်းမွေဆက်ခံပွဲကို ချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် စောင့်ရှောက်သူတစ်ယောက်လိုတာပါ။”

ဘန်နီက ဆက်မပြောတော့ဘဲ ဝိုင်ခွက်ကိုသာလှုပ်ပြီးကြည့်​​နေတယ်။ လေယာဥ်တံခါးကပိတ်သွားပြီဖြစ်ပြီး ဆက်ရွေ့နေပေမဲ့ ဘန်နီဂရုမစိုက်ဘူး။

“ ယူရိုတစ်ဘီလျံ၊ သန်းပေါင်းတစ်ထောင်။ အဲဒီလောက်ဆိုရင် ငါတစ်သက်လုံး ပြန်မဆင်းရဲလောက်တော့ဘူးမဟုတ်လား။”

....

ဘန်နီရဲ့အတွေးတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဆီကို ပြန်ရောက်သွားခဲ့တယ်။

အဲဒီနေ့က တအားကို ပူလောင်လွန်းတယ်။ အမေဖြစ်သူက ငါးနှစ်သမီးအရွယ်ဘန်နီလေးကို ခန္ဓာကိုယ်နဲ့ကွယ်ပေးပြီး နေမထိုးအောင် ကြိုးစားနေပေမဲ့ ကျဥ်းမြောင်းလွန်းတဲ့နေရာရယ် ဘေးမှာရှိနေတဲ့ ပြည့်ကျပ်နေတဲ့လူတွေရယ်၊ အနံအသက်ဆိုးတွေရယ်ကြောင့် အဆင်မပြေဘူး။

“နောက်ထပ် ရက်နည်းနည်းလောက်နေရင် ရောက်တော့မှာပါ သမီးလေး။”

သတိရတစ်ချက်မရတစ်ချက် ပိန်ညှောင်ကပ်နေတဲ့ဘန်နီ့နားနားကို အမေက ကပ်ပြီးတီးတိုးပြောလိုက်တယ်။ သူတို့ရဲ့လှေကြီး ပင်လယ်ထဲမှာမျောနေတာ ရက်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီလှေကြီးက သင်္ဘောတစ်စီးစီးနစ်လို့ စွန့်ခွာထွက်ပြေးလာခဲ့တဲ့ အသက်ကယ်လှေမဟုတ်။

အဲဒီအစား အရှေ့အလယ်ပိုင်းက တိုင်းပြည်တစ်ခု အစွန်းရောက် အဖွဲ့တွေကြောင့် ပြိုကွဲသွားခဲ့ပြီး ထွက်ပြေးလာခဲ့ရတဲ့ဒုက္ခသည်တွေ စုငှားထားတဲ့စက်လှေပါ။ ရိက္ခာဆိုလို့ ထွက်ပြေးတုန်းက ယူလာတာပဲပါ။ စက်သုံးဆီမလုံလောက်တော့ ပင်လယ်ထဲမှာပဲ စက်ရပ်သွားပြီး ပင်လယ်ထဲမျော။ ကျင်ကြီးကျင်ငယ်တွေ ဒီအတိုင်းစွန့်ရ၊ ရေမချိုး ကိုယ်လက်မသန့်စင်နိုင်လို့ နံဟောင်၊ လှေပေါ်မှာပဲ သေတဲ့သူက သေ။ ဒီအတိုင်း ပင်လယ်ပြင်မှာ မသာချရနဲ့ လူဘုံမှာရှိပေမဲ့ ငရဲခန်းဖြစ်နေတဲ့နေရာတစ်ခုပါပဲ။

ဘန်နီသေတော့မယ်လို့ထင်တဲ့အချိန်မှာပဲ ဥရောပသမဂ္ဂတံဆိပ် ကပ်ထားတဲ့ တခြားလှေတစ်စီးချဥ်းကပ်လာပြီး သူတို့လှေကို ကမ်းနားဆွဲခေါ်သွားတော့တယ်။

...

လအနည်းငယ်ကြာပြီးနောက်တော့ ဘန်နီက ရွက်ဖျင်တဲ တစ်ခုထဲမှာနေနေရပြီ။ ပိန်ကပ်နေခဲ့ပေမဲ့ အနည်းဆုံးတော့ ငတ်မသေသေးဘူး။ စားစရာတွေဝေပြီဟေ့အသံကြားရတော့ အမေနဲ့အတူ သွားတန်းစီရတယ်။ သူတို့အလှည့်ရောက်တော့ ဆန်က မရှိသလောက်ပါပဲ။

“နောက်တစ်ခါကျမှလာကြတော့။ အထက်က ဘားဂျက် ဖြတ်ထားတယ်။ နင်တို့ဖို့မလောက်တော့ဘူး။” ခပ်ဝဝ အရာရှိကြီးက လက်ယမ်းပြလိုက်ပေမဲ့ ဘန်နီ့အမေက လက်မလျှော့။

“ဆရာကြီး၊ ကျွန်မတို့သားအမိနှစ်ယောက်ပဲရှိတာပါ။ နည်းနည်းဆိုရပါတယ်။” ဘန်နီ့အမေက ပညာသားပါပါ အင်္ကျီကို တမင်လည်ဟိုက်အောင်ပြလိုက်တော့မှ ဗိုက်ရွဲကြီးက ဘီစကစ်မုန့်တစ်ဗူး ထည့်ပေးလိုက်တယ်။

တဲဆီပြန်လာတော့ သူတို့အပြင် ဗိုက်ရွဲကြီးပါ ကပ်ပါလာတယ်။ ဘန်နီ့အမေက ဘန်နီ့လက်ထဲကို ရလာတဲ့မုန့်တွေထဲကနည်းနည်း ထည့်ပေးလိုက်ပြီးတော့ နားနားကပ်ပြောတယ်။

“တစ်နေရာရာမှာ သွားစားလေသမီး။”

...

ဒုက္ခသည်စခန်းမှာ တစ်နှစ်နေပြီးတဲ့နောက်မှာတော့ နောက်ထပ် တစ်နိုင်ငံကိုကူးရပြန်တယ်။ ဒီတစ်ခါတော့ ယူနီယံဂျက်အလံပါတဲ့ အလုပ်လုပ်ခွင့် ဆိုတဲ့ ကတ်ပြားလေးနဲ့။ နောက်ထပ် ဆိုးဝါးတာ မဖြစ်လောက်ဘူးလို့ထင်ခဲ့ပေမဲ့ ရောက်သွားတဲ့တတိယနိုင်ငံမှာ ဘန်နီ့အမေလုပ်တတ်တဲ့အလုပ် မရှိပြန်ဘူး။ ဒါပေမဲ့ ငတ်နေလားဆိုတော့ မငတ်ခဲ့ပါဘူး။

“ဘန်နီ၊ တီဗီကြည့်တာလည်းကြည့်တာပေါ့ ဒါပေမဲ့ ညစောစောအိပ်နော်။”

လှလှပပဝတ်စားဆင်ယင်ထားတဲ့ ဘန်နီ့အမေက ဆယ်နှစ်အရွယ် ဘန်နီ့နားနားကိုကပ်ပြီးမှာပြန်တယ်။ အဲဒီနောက်တော့ အိမ်ကနေ ထွက်သွားတယ်။ နာရီကိုကြည့်လိုက်တော့ ညခုနစ်နာရီ။ ခါတိုင်းလိုပဲ မနက်မိုးလင်းခါနီးမှပြန်လာမှာကိုသိနေသလို အမေဘာလုပ်နေလဲရိပ်မိပေမဲ့ ဘန်နီလေးတတ်နိုင်တာ ဘာမှမရှိတဲ့အတွက် တီဗီကလာတဲ့ အစီအစဥ်တွေကိုပဲ ကြည့်နေခဲ့တယ်။

တီဗီရုပ်သံလိုင်းတစ်ခုကပြသတဲ့ ဒေးဗစ်ကိုပါဖီးလေယာဥ်ပျံကို ဖျောက်ပြတဲ့အစီအစဥ်ကိုတွေ့ရတော့ ဘန်နီလေး ပါးစပ်အဟောင်းသား။ အဲဒီအချိန်ကနေစပြီးတော့ ဘန်နီလေးဟာ အိမ်မှာနေရင်း မျက်လှည့်နည်းစနစ်တွေကိုရတဲ့နည်းနဲ့ လေ့ကျင့်တော့တာပဲ။

ဘန်နီ ဆယ့်နှစ်နှစ်ပြည့်တော့ အိမ်ကို ယောက်ျားတစ်ယောက် ဘန်နီ့မေမေခေါ်လာပြီး အဖေလို့ခေါ်ဖို့ပြောတယ်။ အစပိုင်း ဘန်နီ့ဖေဖေအသစ်ကကြင်နာတတ်ပေမဲ့ လပိုင်းလောက်ကြာတော့ မူးရူးသောင်းကျန်းပြီး ဘန်နီနဲ့မေမေ့ကို ခါးပတ်နဲ့ရိုက်တတ် လာပါတယ်။ ဘန်နီလေးရဲ့ကျောမှာ အချိုးရာတွေထင်ကျန်ပြီး မပျောက်တော့ဘူး။

အိမ်အခြေအနေကလည်း ပိုဆိုးလာတယ်။ အားကိုးရမယ်ထင်ပြီး မေမေရှာလာခဲ့တဲ့ အဖေအသစ်က အလုပ်မလုပ်ဘဲမူးနေလို့ ဘန်နီမေမေဟာ ညတိုင်းအပြင်ထွက်ရပြီး မနက်မှ ပြန်ရောက်လာရဆဲပဲ။ တစ်နေ့တော့ မေမေအိပ်ရာထဲ ဘုန်းဘုန်းလဲသွားတယ်။ ဆေးမှန်မှန်မသောက်ခဲ့ရလို့ ကုမရတဲ့ရောဂါဆိုးကြီးကို မထိန်းချုပ်နိုင်တော့ဘူးတဲ့။

အရင်ကလှပခဲ့တဲ့မေမေက ပိန်လှီနေပြီးအရိုးစုလိုပဲ။ မေမေ မသေခင်မှာ ဘန်နီလေးကိုနားနားကပ်ပြီးပြောခဲ့တယ်။

“သမီးလေး၊ ဘယ်တော့မှ မဆင်းရဲစေနဲ့။”

....

မေမေမရှိတော့တဲ့နောက် ဖေဖေအသစ်က ပိုပြီးရက်စက်လာတယ်။ ၁၄နှစ်ပြည့်တော့

“နင်ငွေမရှာနိုင်ရင် အိမ်မှာမနေနဲ့။” ဆိုပြီး ဘန်နီ့မေမေလိုပဲ အိမ်အပြင်ထွက်ခိုင်းတယ်။ ဘန်နီငြင်းတော့ သေလုအောင်ရိုက်တော့တာပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဘန်နီလေးရဲ့မျက်လုံးတွေထဲမှာ အမုန်းတရားတွေနဲ့ ပြည့်နှက်လာပြီး လက်ကိုမြှောက်လိုက်တာနဲ့ ရက်စက်တဲ့ ဖေဖေအသစ်ဟာ မျက်လှည့်ဆရာတွေသုံးလေ့ရှိတဲ့ ကြိုးနီနဲ့ လှုပ်မရအောင် တုပ်မိပြီးသားဖြစ်သွားတယ်။

ဘန်နီလေးဟာ သူ့အနားမှာရှိနေတဲ့ လူတွေမမြင်ရတဲ့မြူတွေကို မျက်လှည့်ပညာနဲ့ ထိန်းချုပ်လို့ရမှန်း သတိထားမိလိုက်တယ်။ ဘဝရဲ့ပထမဆုံးအကြိမ်အဖြစ် ဘန်နီလေးရဲ့မျက်နှာပေါ်မှာ အပြုံးပေါ်လာပြီးတဲ့နောက်တော့ ဖေ​ဖေအသစ်ဟာ လောကကြီးမှာ မရှိတော့ပါဘူး။

...

မျက်လှည့်ဆရာမဝတ်စုံ ဝတ်ဆင်ထားတဲ့ ဆယ့်ခြောက်နှစ်အရွယ် ဘန်နီက ဦးထုပ်ဝိုင်းကို လက်မှာချာလည်လည်အောင်လှည့်ရင်း ဘဏ်တစ်ခုထဲကနေ ထွက်လာတယ်။ မြူစွမ်းအားကိုသုံးပြီး ဝန်ထမ်းတွေ သူ့ကို ပိုက်ဆံအများကြီးပေးအောင် လှည့်စားခဲ့တာ။

ဒါပေမဲ့ ကံမကောင်းတာက ဘဏ်ရှေ့မှာ စကော့တလန်ယော့ခ် စုံထောက်လိုဝတ်စားထားတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက် ရပ်နေတာပါပဲ။

“ကလေးမ... မင်းက ငယ်ငယ်လေးရှိသေးတယ်။ အခုလို ပြဿနာတွေဖန်တီးနေပြီလား။ လာ၊ ငါနဲ့လန်ဒန်မျှော်စင်ကို လိုက်ခဲ့။ မင်းစွမ်းအားကို တရားမျှတမှုအတွက် အသုံးချနိုင်မယ့် နည်းလမ်း ငါတို့မှာရှိမှာပါ။”

“လန်ဒန်မျှော်စင်... ရှင်တို့က တစ်လဘယ်လောက်ရလဲ။ ကျွန်မ တစ်နေ့စာဓားပြတိုက်တာလောက်တောင် မရဘူးမဟုတ်လား။ ချမ်းသာလာဖို့အတွက်ဆိုရင် ဒီထက်ပိုက်ဆံတွေအများကြီး ရှာရဦးမှာ။ ရှင်တို့ရဲ့ဘောင်မဝင်တဲ့အဖွဲ့ထဲဝင်ပြီး ကျွန်မ အချိန်မဖြုန်းချင်ဘူး။”

“မင်း...” လန်ဒန်မျှော်စင်က ဦးလေးကြီးက ဒေါသထွက်သွားပြီး ဘန်နီလေးကို တိုက်ခိုက်ဖို့လုပ်ပေမဲ့ သူ့ရှေ့က ဘန်နီလေးက ယုန်လေးဖြစ်သွားပြီ။ ဘန်နီလေးအစစ်ကတော့ အဲဒီမြင်ကွင်းကို ခပ်ဝေးဝေးအဆောက်အဦးပေါ်ကနေ ခြေဆင်းကြည့်ရင်း နှာမှုတ်လိုက်တယ်။

“လန်ဒန်မျှော်စင်တဲ့... ရှင်တို့ ကျွန်မဖာသည်မဖြစ်ခါနီးတုန်းက ဘယ်ရောက်နေလဲ။ အခုမှလာပြီး တရားမျှတမှုလေးဘာလေးနဲ့။”

အဲဒီနောက်တော့ ကြီးပြင်းလာပြီဖြစ်တဲ့ ဘန်နီဟာ နှစ်အနည်းငယ်အတွင်း လန်ဒန်မျှော်စင်အတွက် ဘေးဆိုးတစ်ခုဖြစ်လာခဲ့ပြီး နိုင်ငံတကာက အလိုရှိတဲ့ သဘာဝလွန်ရာဇဝတ်သား ဖြစ်လာခဲ့ပြီ။ သူ့မှာရှိတဲ့ တစ်ခုတည်းသော ဆန္ဒကတော့ ဘယ်တော့မှဆင်းရဲမသွားဖို့ပါပဲ။

All Chapters