← Chapters

ဇာရာဂိုဇာတွေ့ဆုံပွဲ

Vol. 5 Ch. 256

ဇာရာဂိုဇာတွေ့ဆုံပွဲ

Vol. 5 Ch. 256

ညအချိန်။

ဥရောပရှုခင်းကြီးရထားကြီးက စပိန်နိုင်ငံရဲ့လွယ်ပြင်ကျယ်ကြီးကို ဖြတ်သန်းသွားလာနေပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေတဲ့အတွက်ကြောင့် ရထားကြီးရဲ့ဘီးသံတွေနဲ့ ဥဩဆွဲသံတွေကသာ ပတ်ဝန်းကျင်တစ်ခုလုံးကို စိုးမိုးထားလို့။

“ငါရထားတဲ့သတင်းတွေကတော့ ရေကျောင်းတော်ရဲ့ တော်ဝင်မင်းသမီးဖြစ်တဲ့ ဖီအိုနာနဲ့ သူ့အစ်ကိုခရစ်စတိုဖာက ဇာရာဂိုဇာမြို့ကို လေ့လာရေးခရီးအတွက် ရောက်နေကြတယ်တဲ့။”

ရှားလော့ခ်က ညနေခင်းလက်ဖက်ရည်ထည့်ထားတဲ့ ဖန်ခွက်ကို လှုပ်လိုက်ရင်း သူ့ရှေ့မှာထိုင်နေတဲ့နက်ဆန်ကို ပြောလိုက်တယ်။ များသောအားဖြင့် တင်းမာနေတတ်တဲ့ ဒီအကြီးအကဲ နက်ဆန်ကို နည်းနည်းပိုပြီး ဖော်ရွေလာပုံရတယ်။

“ပြောရရင်တော့ နင်ရှာနေတဲ့အရာကို ရမရဆိုတာကို ဒီတွေ့ဆုံမှုက အဆုံးအဖြတ်ပေးလာနိုင်တယ်။”

နက်ဆန်ရဲ့မျက်နှာက တည်ကြည်လေးနက်သွားတယ်။ ကုန်လွန်သွားတဲ့ တစ်ရက်တိုင်းမှာ မိုနီကာရဲ့အခြေအနေက မြန်မြန်ဆန်ဆန်ဆိုးဝါးလာနေပါတယ်။ ဒါကြောင့်မလို့လည်း သူအလျင်လိုနေခဲ့တာ။

“လေပြေအရှင်မအနေနဲ့ ကျွန်တော့်ကိုကူညီပြီး သူတို့နဲ့တွေ့ဆုံဖို့ ပြင်ဆင်ပေးလို့ရမလားမသိဘူး။ ကျွန်တော့်ဘာသာဆိုရင် သူတို့က အတွေ့ခံမယ်မထင်ဘူး။”

ရှားလော့ခ်က နက်ဆန်ရဲ့နှိမ့်ချတဲ့လေသံကိုကြားရတဲ့အခါမှာ သက်ပြင်းချလိုက်တယ်။ ရော့ဝဲလ်ရဲ့ပြဿနာတွေက လွယ်လွယ် ရှင်းနိုင်တာမျိုးမဟုတ်ဘူးလေ။ အဲဒီနောက် ရှားလော့ခ်က လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းနားကပ်ကာ တစ်ငုံသောက်လိုက်ရင်း အတိတ်ကို လွမ်းမောတမ်းတနေဟန်နဲ့ပြောလိုက်တယ်။

“ဒီလောက်က ငါ့အတွက် အလုပ်မရှုပ်ပါဘူး။ ဒါပေမဲ့ နင်တို့ နှစ်ယောက်က သိပ်တူတယ်။ ကိုယ်ချစ်တဲ့သူတွေအတွက်ဆိုရင် မာန်မာနဆိုတာ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။”

ရှားလော့ခ်ပြောတဲ့ နင်တို့ဆိုတာကို နက်ဆန်သဘောပေါက်တယ်။ သူ့အဖေရိုဝင်ကိုပြောနေတာ။ လေကြောင်းတော်အယ်ဒါဖြစ်တဲ့ ရှားလော့ခ်မှာ ရိုဝင်နဲ့ပတ်သက်တဲ့ အမှတ်တရဆိုးတွေအများကြီး ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုရှားလော့ခ်ဟာ စတွေ့တုန်းကလို ရန်လိုမနေတော့ဘူး။ နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီးတော့ တင်းကျပ်တဲ့ပုံစံနဲ့ လက်ပိုက်ထိုင်နေတတ်ပေမဲ့ တကယ်တမ်းမှာ စကားဝိုင်းကို ဦးဆောင်သူက သူဖြစ်နေတယ်။

“ဒါနဲ့၊ ကောင်လေး။ မင်းအဖေအကြောင်း ငါ့ဆီကနေ သိချင်တာတစ်ခုခုရှိလား။”

နက်ဆန်က ရှားလော့ခ်ရဲ့စကားကိုကြားတော့ ချက်ချင်း ခေါင်းခါပြလိုက်တယ်။ သူကိုယ်တိုင်လည်း သူ့ငယ်ဘဝကို ပြန်တွေးကြည့်ပါတယ်။ သူမွေးပြီးမကြာခင်မှာပဲ မိဘတွေ ဆုံးသွားခဲ့တာ။ ပုံမှန်ဆိုရင်တော့ ငယ်ငယ်လေးနဲ့မိဘတွေကို ဆုံးရှုံးသွားသူတစ်ယောက်အနေနဲ့ မိဘတွေအကြောင်းကို သိချင်တာပုံမှန်ပံဆိုပေမဲ့ နက်ဆန်အတွက်က နည်းနည်းကွဲပြားတယ်။

မိဘတွေရဲ့အချစ်ကို မတောင့်တဖူးဘူးလို့ဆိုရမလား။မော်လီရဲ့ ကြင်နာတတ်တဲ့အပြုံးနဲ့ စေတနာပါတဲ့ ပြုစုစောင့်ရှောက်မှုတွေကို ပြန်တွေးကြည့်မိတော့ သူ့အတွက် မိဘဆိုတဲ့နေရာက ဘယ်တုန်းကမှ မလစ်ဟင်းခဲ့သလိုပဲ။

“ကျွန်တော့်အတွက်တော့ ကျွန်တော့်မိဘတွေက လူကောင်းတွေ ဖြစ်တယ်ဆိုတာနဲ့ ကျွန်တော်နဲ့ကျွန်တော့်ညီမလေးကို ကာကွယ်ရင်း ဆုံးပါးသွားတယ်ဆိုတာ သိထားရုံနဲ့တင်လုံလောက်ပါတယ်။”

ရှားလော့ခ်က သက်ပြင်းချလိုက်တယ်။ အတတ်နိုင်ဆုံး နက်ဆန်နဲ့ ရင်းနှီးဖို့ကြိုးစားကြည့်ခဲ့ပေမဲ့ ဒီကောင်လေးက အေးစက်လွန်းလို့ ရေခဲတုံးလိုပဲ။ ဒါပေမဲ့ ဒါကိုရှားလော့ခ်နားလည်နိုင်ပါတယ်။ ရိုဝင် ကိုယ်တိုင်လည်း ဒီလိုပဲဖြစ်ခဲ့တာ။ မိုနီကာကြောင့်သာမဟုတ်ရင် နက်ဆန်က သူ့ကိုစကားတောင်ပြောမှာမဟုတ်ဘူး။

...

နက်ဆန်နဲ့ရှားလော့ခ်တို့စကားအတည်ပြောနေတဲ့ စားပွဲဝိုင်းနဲ့ ခပ်လှမ်းလှမ်း တခြားစားပွဲဝိုင်းပေါ်မှာတော့ ပိုပြီးဗရုတ်ဆန်တဲ့ လူတွေရှိနေကြတယ်။ တခြားသူတွေမဟုတ်ဘဲ ဆယ်ဗီ၊ ပါစီဗယ်နဲ့ အယ်မာတို့ပါ။ အခုလောလောဆယ် ဆယ်ဗီနဲ့အယ်မာက စားပွဲပေါ်မှာ နောက်ဆုံးကျန်တဲ့ဟင်းပွဲကို ပြိုင်တူစိုက်ကြည့် နေကြပါတယ်။

“အယ်မာ၊ နင့်ဗိုက်က ကလေးနဲ့တင်ပြည့်နေတာမဟုတ်ဘူးလား။ ငါနဲ့လိုက်ပြီးလုစားဖို့လိုလို့လား။ ဒီဟင်းပွဲကို ငါ့အတွက် ချန်ထားလိုက်တော့။”

ဆယ်ဗီရဲ့မျက်လုံးတွေက ဟင်းပွဲကို ပြူးကြည့်နေလွန်းလို့ ပြုတ်ထွက်လုမတတ်ဘဲ။ အယ်မာကလည်း နည်းနည်းလေးမှ မလျှော့ဘူး။

“အာရာ့၊ ဆယ်ဗီ။ နင်က သူနာပြုမဟုတ်ဘူးလား။ ကိုယ်ဝန်ဆောင်တွေက ကလေးအတွက်ပိုစားပေးဖို့ လိုတယ်ဟဲ့။ ဒီလီမွန်ဘိုခရွန်ဟင်းကို ငါချဥ်ချင်းတက်လို့မှာထားတာ။ နင့်ကို ကျွေးဖို့မဟုတ်ဘူး။”

ကြွေပန်းကန်ပြားကြီးပေါ်မှာတော့ မုန့်နှစ်နဲ့ကြော်ထားတဲ့ ငါးအပြားလိုက်ကလေးတွေရှိပါတယ်။ ငါးပါးနီမျိုးဖြစ်ပေမဲ့ နည်းနည်းပိုကြီးပြီး ဘိုခရွန်ငါးလို့ ဒေသခံတွေခေါ်ကြတဲ့ငါး။

အဲဒီလိုငါးပါးနီလေးတွေကိုပါ ခေါင်းဖြုတ် ကလီစာတွေကို ထုတ်ရုံမက ကျောရိုးပါဆွဲထုတ်ထားသေးတာ။ ပြီးတော့မှ သံပရိုချဥ်နဲ့စိမ်ပြီး မုန့်နှစ်နဲ့ကြော်ထားတာ။ သံပရိုနံလေး တမွှေးမွှေးနဲ့စားလိုက်ရင်ချဥ်ပြုံးကြွပ်ပြုံးကလေး။ ဒါကြောင့်ပဲ ဒီအမျိုးသမီးနှစ်ယောက်က လုနေကြတာ။

နောက်ဆုံးတော့ ဘေးကနေကြည့်နေတဲ့ ပါစီဗယ်လည်းပဲ မနေနိုင်ဘဲ ဝင်ပါရတော့တာပေါ့။

“အမျိုးသမီးတို့... နှစ်ယောက်လုံး ညီတူမျှတူ ခွဲစားလိုက်ရင်ပြီးပြီ မဟုတ်ဘူးလားဗျ။”

ပါစီဗယ်က ခပ်တည်တည်နဲ့ ပန်းကန်အသန့်တစ်ခုကိုယူလိုက်ပြီး ငါးကြော်ကို တစ်ယောက်တစ်ခုစီစထည့်ပေးပါတယ်။ ဒါပေမဲ့ အယ်မာကတော့ အဲဒီမြင်ကွင်းကို ကြည့်နေရင်းကနေပြီးတော့ မျက်မှောင်ကြုတ်လိုက်တယ်။

ယူနီဖောင်းအပြည့်အစုံနဲ့ ဂရိတပ်ဗိုလ်ကြီးက အကောင်ကြီးကြီး ငါးပါနီတွေကို ဆယ်ဗီ့ပန်းကန်ထဲကို ရွေးထည့်ပေးနေပြီးတော့ နည်းနည်းအကောင်သေးတဲ့ဟာတွေကို အယ်မာ့ပန်းကန်ထဲကို ထည့်ပေးနေတာပါ။ ဒါကြောင့်အယ်မာလည်း တစ်ချက်မဲ့လိုက်ပြီး ဂုတ်ပေါ်ကိုကျော်ကျနေတဲ့ ဆံပင်ရှည်တွေကို ဆေးထိုးထားတဲ့ လက်သည်းရှည်တွေနဲ့ ပြန်စုတင်ကာ ဆံထုံးထုံးထားလိုက်တယ်။ ဒေါသထွက်လွန်းလို့ ထမရိုက်မိအောင် အာရုံလွှဲတဲ့သဘော။

ဒါပေမဲ့ကံမကောင်းချင်တော့ ငါးကြော်အရေအတွက်က မဂဏန်းဖြစ်နေပြီး ပါစီဗယ်ရဲ့ခက်ရင်းထဲမှာ တစ်ခုပိုနေတယ်။ ပထမတော့ တမင်သက်သက်ဘက်လိုက်ပြီး ဆယ်ဗီကို ပိုပေးရမလား။ တရားမျှတသွားအောင်လို့ အယ်မာကို ပေးရမလားစဥ်းစားနေပုံရပေမဲ့ ခဏနေတော့ မြည်းကြည့်ချင်စိတ်က အနိုင်ယူသွားပြီး သူ့ပါးစပ်ထဲကို ထည့်လိုက်ရော။

ဘုန်း....

အဲဒီနောက်တော့ ဆယ်ဗီရဲ့လက်သီးနဲ့ အယ်မာရဲ့လက်ဝါးက ပါစီဗယ်ရဲ့ပါးပြင် တစ်ဖက်စီပေါ် ကျရောက်လာတော့တာပဲ။

“သောက်ကောင်၊ နင်က သရဲလေ။ စားဖို့လိုလို့လား။”

...

မနက်မိုးလင်းစအချိန်မှာတော့ ရထားကြီးက ဇာရာဂိုဇာမြို့ဘူတာကို ဆိုက်ရောက်ပါတယ်။

ဆယ်ဗီက သူ့အထုပ်တွေကိုဆွဲပြီး ရထားပေါ်ကနေဆင်းလိုက်တဲ့ အချိန်မှာပဲ အံ့ဩတကြီးဖြစ်သွားတယ်။ ဒီဘူတာရဲ့ဒီဇိုင်းက ရှေးဆန်တဲ့ဥရောပဒီဇိုင်းမဟုတ်သလို ငြီးငွေ့စရာကောင်းတဲ့ ခေတ်သစ် လေးထောင့်တုံးဒီဇိုင်းလည်းဟုတ်မနေပါဘူး။

ရထားဘူတာကြီးရဲ့ပုံစံက လှေကားထစ်တွေနဲ့တူတယ်။ ရထားစိုက်တဲ့နေရာကနေစပြီး ခရီးသည်တွေအဝင်အထွက် တံခါးဝရောက်တဲ့အထိ တဖြည်းဖြည်းချင်း နိမ့်ဆင်းသွားတဲ့ သီးခြားအမိုးအလွှာတွေရှိတယ်။

အမိုးကလည်း မှန်တပြေးညီ၊ ကွန်ကရစ်တပြေးညီမဟုတ်ဘဲ တြိဂံပုံစံရှိတဲ့ မှန်ချပ်တစ်လှည့်၊ ကွန်ကရစ်ချပ်ပြားတစ်လှည့် လှပစွာစီတန်းထားတဲ့ပုံစံမျိုးပါ။ သဘာဝနေရောင်ရသလို နေပူမှာလည်းမကြောက်ရဘူး။

ဆယ်ဗီရဲ့နောက်ကနေ အယ်မာနဲ့ရှားလော့ခ်တို့လိုက်လာပေမဲ့ သူတို့က ဘူတာရုံဘက်ကိုသိပ်ပြီးတော့ စိတ်မရှိကြပါဘူး။ သူတို့တွေက နက်ဆန်ကိုနှုတ်ဆက်ပြီးတာနဲ့ထွက်သွားဖို့ ပြင်ဆင်ကြတယ်။

“ဒါဆိုရင် ဖီအိုနာကို နင့်ကိုယ်စား သွားနှုတ်ဆက်လိုက်ဦးမယ်။ အများကြီးတော့ မျှော်လင့်မထားနဲ့ပေါ့။” ရှားလော့ခ်က နောက်ဆုံးအနေနဲ့ စကားလက်ဆောင် ချန်ထားရစ်ပါတယ်။

အားလုံးရဲ့နောက်မှာဆင်းလာတဲ့သူကတော့ မိုနီကာနဲ့ဒေါ်ရသီပါ။ မိုနီကာက ဝှီးချဲပေါ်မှာ အိပ်ပျော်နေဆဲဖြစ်ပြီး နဖူးကနေ ချွေးစေးတွေ စီးကျနေဆဲပဲ။ နက်ဆန်က စိုးရိမ်သွားတဲ့အမူအရာနဲ့ မေးလိုက်တယ်။

“သူဘာဖြစ်ထားတာလဲ...”

ဒေါ်ရသီက ခေါင်းခါလိုက်ပြီး “အိပ်မက်ဆိုးမက်တယ်ထင်တာပဲ။ အိပ်နေရင်းနဲ့ လန့်နိုးလာပြီး တစ်ကိုယ်လုံးတုန်ယင်နေခဲ့တာ။ အခုမှပြန်အိပ်ပျော်သွားတာ။”

“အချိန်ဆွဲမနေဘဲ ဟိုတယ်ကိုမြန်မြန်သွားကြတာပေါ့။” နက်ဆန်က အားလုံးကို အမိန့်ပေးသလိုလေသံနဲ့ပြောလိုက်တာပေါ့။ သူတို့ ရထားဘူတာအပြင်ကိုထွက်လိုက်တော့ ငှားထားတဲ့ကားက အသင့်စောင့်နေပါပြီ။ ဆယ်ဗီကတော့ ကားထဲမဝင်သေးခင် အဝေးမှာမြင်နေရတဲ့ မြို့ကြီးကို တစ်ချက်ကြည့်ကြည့်လိုက်တယ်။

သေသပ်လှပပြီးခေတ်မီပေမဲ့ ရှေးဟောင်းအမွေအနှစ်တွေကြားထဲ သဟဇာတဖြစ်တဲ့ ဗဟိုကာလက်ရာတွေနဲ့ အဆောက်အဦသစ်တွေ။ မြို့ငယ်လေးတစ်မြို့လိုမျိုး တံတိုင်းခတ်ထားပြီး ထောင့်တိုင်းမှာ ကင်းမျှော်စင်တွေရှိနေတဲ့ ကက်သလစ်ဘုရားကျောင်းတွေကို မြင်ရချိန်မှာတော့ မအံ့ဩဘဲ မနေနိုင်တော့ပါဘူး။

“လှလိုက်တာ....”

ကားပေါ်ကိုရောက်တော့လည်း ဆယ်ဗီက ပြတင်းပေါက်ကနေ မြို့ကြီးရဲ့ရှုခင်းတွေကို ခံစားကြည့်နေခဲ့သေးတယ်။ မြို့ကြီးရဲ့ အလယ်တည့်တည့်မှာ ကြည်ပြာရောင်မြစ်ကြီးတစ်စင်းက ဖြတ်သန်းစီးဆင်းလို့။ နေရာတိုင်းမှာ ဘုရားကျောင်းတွေရှိနေပြီး မြစ်ကမ်းနံဘေး ရေစပ်ထိလုနီးနီးမှာတည်ဆောက်ထားတဲ့ ဘုရားကျောင်းတွေကိုတောင်မြင်နိုင်တယ်။

“ဒီတော့ ဒီမြို့ရဲ့သမိုင်းကြောင်းကို ဘယ်သူရှင်းပြမှာလဲ။”

နက်ဆန်က မိုနီကာကိုပဲအာရုံရောက်နေလို့ ဆယ်ဗီက ခပ်ကျယ်ကျယ် ပြောလိုက်တော့ နက်ဆန့်အရိပ်ထဲကနေ စပ်ဖြဲဖြဲနဲ့ပါစီဗယ်ထွက်လာပြီး ပြောလိုက်တာပေါ့။

“ကမ္ဘာစစ်ကြီးတော့ မဟာမိတ်တွေနဲ့အတူ ဒီကိုရောက်ဖူးတယ်။ ဒါကြောင့်ကျွန်တော်ရှင်းပြ...” ဒါပေမဲ့ စကားမဆုံးခင်မှာဘဲ နက်ဆန်က ပါစီဗယ်ကိုခေါင်းကနေကိုင်ပြီး အရိပ်ထဲပြန်ထိုး ထည့်လိုက််တယ်။

နောက်တော့မျက်နှာသေနဲ့... “ကိုယ်ရှင်းပြမယ်...”လို့ ပြောလိုက်တာပေါ့။ ဆယ်ဗီကလည်း နက်ဆန်ကို မျက်စောင်းထိုးလိုက်ပြီး

“အနည်းဆုံးတော့ ရှင့်နေရာရှင်သိသေးတယ်ပေါ့လေ။” ဆယ်ဗီကလည်း နက်ဆန်အစား ပါစီဗယ်ရှင်းပြတာကို မလိုချင်ပါဘူး။ နက်ဆန် ရှင်းပြတဲ့လေသံက စက်ရုပ်လိုမျိုး တောင့်တောင့်ကြီးဖြစ်နေရင်တောင် သူရှင်းပြတာကိုပဲ ဆယ်ဗီနားထောင်ချင်တယ်။

“ဇာရာဂိုဇာမြို့က အာရာဂွန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်လေ။ ကိုယ်ဖတ်ဖူးသလောက်တော့ ဒီနေရာကို ရောမတွေက တည်ထောင်ခဲ့တာတဲ့။ အဲဒီတုန်းကတော့ ဆီဇာဩဂတ်စတာလို့ခေါ်တယ်။

အူမိုင်းရက်ကလီဖွာတွေလက်ထက်ကျတော့ အယ် အယ်ဒူးလပ်စ် စစ်နယ်စပ်​ဒေသရဲ့မြို့တော်ဖြစ်လာရော။ အထက်မူးမတ်တွေ အုပ်ချုပ်ရတဲ့ အဓိကကျတဲ့နယ်စပ်ဒေသပေါ့။ ၁၁၁၈ ခုနစ်မှာတော့ ဒီဒေသကို ခရစ်ယာန်တွေပြန်သိမ်းမိပြီး အာရာဂွန်တိုင်းပြည်ရဲ့ ဘာသာရေးနဲ့နိုင်ငံရေးအချက်အချာမြို့ဖြစ်လာတယ်။”

နက်ဆန်က ရှင်းပြရတာပင်ပန်းသွားပုံနဲ့ ခဏရပ်ထားလိုက်ပြီး သူ့ရင်ခွင်ထဲမှာရှိနေတဲ့ မိုနီကာရဲ့နဖူးလေးကိုထိလိုက်တယ်။ သန်မာချင်ယောင်ဆောင်နေတဲ့ဆယ်ဗီလည်း နက်ဆန့်ရင်ထဲကို အတင်းတိုးဝင်တော့တာပေါ့။

“ရှင်တော်တော်ဖတ်ထားတာပဲ။”

ဒီစကားကိုကြားတော့ ကားသမားရဲ့ဘေးခုံမှာ ထိုင်နေတဲ့ ဒေါ်ရသီက ရယ်သံပါပါနဲ့ဝင်ပြောလိုက်တယ်။ “အရှင်က မမလေးဆယ်ဗီမေးတော့မှာဆိုပြီး မနေ့ညက ရထားပေါ်မတက်ခင် ဒီမြို့အကြောင်းရှာဖတ်နေတာလေ။”

“ မယုံပါဘူး...” ဆယ်ဗီက ပြောလိုက်ရင်းနဲ့ နက်ဆန်ကို သိဖို့ခက်တဲ့ မေးခွန်းတွေဆက်မေးတော့တာပဲ။

“ဒါဆို ဟိုမြို့အလယ်ခေါင်က စီးနေတဲ့မြစ်ကြီးကရော...”

“အယ်ဘရိုမြစ်လို့ခေါ်တယ်။”

“ဘာပွဲတော်တွေရှိလဲ။”

“အောက်တိုဘာလကျရင် မြို့ရဲ့စိန့်ဖြစ်တဲ့ပယ်လာအပျိုစင်အတွက် ကျင်းပတဲ့ပွဲရှိတယ်ကြားဖူးတယ်။”

“နေစမ်းပါဦး၊ ရှင်ကဘာလို့ အကုန်သိနေတာလဲ။”

ဆယ်ဗီက အထွန့်တက်လိုက်တော့ နက်ဆန်ကလည်းမနေနိုင်ဘဲ ဆယ်ဗီရဲ့နှာခေါင်းကို ဖမ်းညှစ်လိုက်တယ်။ ဆယ်ဗီလည်းရှက်ပြီး နီရဲနေတဲ့နှာခေါင်းကိုကိုင် တံခါးနဲ့ကျောထိတဲ့အထိပြေးသွားပြီးမှ မေးတယ်။

“ရှင်ဒါဘာလုပ်တာလဲ....”

“ဒေါ်ရသီပြောတဲ့အတိုင်းပဲ ကိုယ်ကမင်းမေးမှာတွေကိုကြိုပြီး လေ့လာထားတာလေ။ မင်းမေးမှာမဟုတ်တဲ့မေးခွန်းတွေတောင် ကြိုလေ့လာထားသေးတယ်။ ဥပမာမင်းမနေ့ကစားခဲ့တဲ့ ဘိုခရွန်ငါးကြော်က ဒီဒေသရဲ့အထူးဟင်းလျာ ဆိုတာမျိုးပေါ့။”

ဆယ်ဗီရဲ့အကြည့်တွေက နည်းနည်းနူးညံ့သွားပေမဲ့ စိတ်ဆိုးနေဆဲပါ။

“ဘာလဲ၊ ရှင်က ကျွန်မကို မေ့မနေပါဘူးလို့ပြောချင်တာလား။ ကျွန်မ ဒီရက်တွေထဲမှာ ဘယ်လောက်ထိ အထီးကျန်နေခဲ့လဲ ရှင်သိလား။ ကျွန်မ သူ့ကိုလက်ခံလိုက်ပြီဆိုပေမဲ့ ကျွန်မကို ရှင်ဂရုမစိုက်ဘဲနေလို့ရတယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။”

အဲဒီနောက်တော့ ဆယ်ဗီက ချုံးပွဲချငိုပြီး နက်ဆန်ရဲ့ရင်ကို တဘုန်းဘုန်းထုတော့တာပဲ။

All Chapters