← Chapters

အခန်း (၆၂၁-၆၂၂)

Vol. 32 Ch. 621-622

အခန်း (၆၂၁-၆၂၂)

Vol. 32 Ch. 621-622

အပိုင်း(၆၂၁) မုန်ယာကုမ္ပဏီ

တက်ဘလက်ပေါ်တွင် ပစ္စည်းကိရိယာ စာရင်းရှည်ကြီးကို မြင်လိုက်ရသည်။

ထိုအထဲတွင် ထူးခြားသော ပစ္စည်းတစ်ခု ပါဝင်နေ၏။

"မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ"

ထိုမျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာအောက်ရှိ အသုံးပြုပုံ ရှင်းလင်းချက်ကသာ ကျန်းဟိုင်ယန်၏ မျက်နှာကို အမှန်တကယ် ပျက်ယွင်းသွားစေခြင်း ဖြစ်သည်။

"ဒီမျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာက... အပေါ်က ရှင်းပြထားတဲ့အတိုင်း တကယ်ပဲ မျိုးရိုးဗီဇကို စစ်ဆေးနိုင်တာလား... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအတွက်ရော အသုံးပြုလို့ရလား"

ကျန်းဟိုင်ယန်၏ စကားကြောင့် ဘေးရှိ မာကောင်းရွှမ်၊ ရှန်ယန်းနှင့် မေကျင်းရွှမ်တို့ ချက်ချင်း လှည့်ကြည့်လာကြသည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း။

၎င်းသည် လက်ရှိ သူတို့၏ တက်လမ်းတွင် တွေ့ကြုံနေရသော အကြီးမားဆုံး အခက်အခဲပင် ဖြစ်သည်။

သေရမည်ကို မကြောက်ဘဲ အကြိမ်ကြိမ် အသက်စွန့် ကြိုးစားရဲသော မာကောင်းရွှမ်ကဲ့သို့ သတ္တိခဲပင်လျှင် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသည်။

ယခုအချိန်အထိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ၄% အထိသာ ရောက်ရှိအောင် တွန်းတင်နိုင်ခဲ့သည်။

ကျန်းဟိုင်ယန်ဆိုလျှင် အမှတ် ၁၀၀ တွင် တစ်ဆို့နေပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကိုပင် မစတင်နိုင်သေးပေ။

တွင်းနက်အရိပ်ရေပေါ်ကျွန်း လုယက်ပွဲကာလ ကတည်းက မာကောင်းရွှမ်၏ အဓိကအရည်အသွေးက အမှတ် ၉၀ နီးပါး ရောက်ရှိနေခဲ့ပြီ ဖြစ်ကြောင်း သိထားရမည်။

သို့ရာတွင် အချိန်အတော်ကြာ ကုန်လွန်သွားခဲ့သော်လည်း သူ၏စွမ်းအားမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၄% အဆင့်သို့သာ တိုးတက်လာခဲ့ရာ ၎င်း၏ ခက်ခဲမှုကို သိသာထင်ရှားစေသည်။

ကျန်းဟိုင်ယန်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို မပြုလုပ်ချင်၍ မဟုတ်ဘဲ ၎င်း၏ အန္တရာယ်က များလွန်းပြီး အလွန် ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။ သူ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ပြန်လည်ဖွဲ့စည်းရန် မှန်ကန်သော မျိုးရိုးဗီဇ အစိတ်အပိုင်းကို ရှာမတွေ့ခဲ့ပေ။

သို့သော် မျက်စိရှေ့ရှိ တက်ဘလက်ပေါ်တွင် ဖော်ပြထားသော မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ သည် မျိုးရိုးဗီဇများကို စစ်ဆေးနိုင်ပြီး မျိုးရိုးဗီဇများ ကိုက်ညီမှု ရှိမရှိကို အကဲဖြတ်နိုင်သည်ဟု ဆိုထားလေသည်။

ဤသည်က ဘာကို ဆိုလိုသနည်း။

ဤမျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာသာ ရှိမည်ဆိုလျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းကာ မျိုးရိုးဗီဇမြေပုံ ရေးဆွဲချင်သူများအတွက် မျိုးရိုးဗီဇ ရွေးချယ်ရာတွင် အချိန်များစွာ သက်သာစေမည် ဖြစ်ကြောင်း ဆိုလိုခြင်းပင်။

ဤကဲ့သို့သော ကိရိယာမျိုးကို မြင်လိုက်ရသဖြင့် ကျန်းဟိုင်ယန် စိတ်လှုပ်ရှားသွားသည်သာမက မာကောင်းရွှမ်၏ မျက်လုံးများပင် အရောင်လက်သွားသည်။

"ငါ့ကို ပြစမ်းပါ"

မာကောင်းရွှမ်က ချက်ချင်း ပြောလိုက်သည်။

ကျန်းဟိုင်ယန်က တက်ဘလက်ကို သူ့ထံ ချက်ချင်း လှမ်းပေးလိုက်၏။

မာကောင်းရွှမ် အမြန် ကြည့်လိုက်ရာ ထို မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ ကို တကယ်ပင် တွေ့လိုက်ရသည်။

၎င်းအပေါ်ရှိ ရှင်းလင်းချက်ကလည်း အလွန် ရှင်းလင်းပေသည်။

မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ

လုပ်ဆောင်ချက် ရှင်းလင်းချက် - ဒီအန်အေ ပေါ်လီမာရေ့စ် အင်ဇိုင်းကို ဇက်အမ်ဒဗလျူ (ZMW) အပေါက်များတွင် တပ်ဆင်အသုံးပြုထားပြီး ဖလူရိုစန့် အမှတ်အသားပါသော နျူကလီယိုတိုက်များ ဝင်ရောက်လာမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်သည့် (မော်လီကျူးတစ်ခုချင်း အချိန်နှင့်တစ်ပြေးညီ စီစဉ်ခြင်း) နိယာမဖြင့် အလားတူ မျိုးရိုးဗီဇ အမှတ်အသားများကို ထိရောက်စွာ ပစ်မှတ်ထားစစ်ဆေးနိုင်ပါသည်။

စစ်ဆေးနိုင်သော အတိုင်းအတာ - အိတ်ဇွန်အုပ်စု (ပရိုတင်းထုတ်လုပ်ပေးသော ဗီဇစု တစ်ခုလုံး)

တိကျမှု - ၉၀%

(ဒီမှာ ဒီအန်အေ ဆိုတာဘာမှန်း အများစုက သိကြမှာပဲ။ ဒါပေမဲ့ ပေါ်လီမာရေ့စ် တို့ ဇက်အမ်ဒဗလျူ တို့ကတော့ မသိတဲ့သူများလိမ့်မယ်။ ဒါ့အပြင် ဖလူရိုစန့် တို့ နျူကလီယိုတိုက်တို့ ပါလာတော့ ဘာတွေရေးထားမှန်းတောင် သိချင်မှသိကြတော့မှာ။ အမှန်တော့ လူပြိန်းနည်းနဲ့ နားလည်လွယ်အောင်ဘာသာပြန်ရရင် ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒီအန်အေ ပြန်လည်တည်ဆောက်ပုံတွေကို တစ်ခုချင်းစီ အသေးစိတ် အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်လို့ပြောတာ။ ဒီနေရာမှ အသေးစိတ်ဆိုတာက အလွန်သေးငယ်တဲ့အဆင့်ထိ ကိုပြောတာပါ။ နျူကလီယိုတိုက် ဆိုတာက သာမန်ရောဂါပိုးမွှားတစ်ကောင်ထက် အပုံ တစ်သန်းလောက်သေးပါတယ်။ ဖလူရိုစန့်ဆိုတာက အရောင်ထွက်နေတာကိုပြောတာပါ။ အဲ့ဒီအလွန်သေးငယ်ပြီးအရောင်ထွက်နေတဲ့ နျူကလီယိုတိုက်လေးတွေ ဝင်ရောက်လာပြီး မျိုးရိုးဗီဇပြန်လည်ဖွဲ့စည်းတာကို အခုစက်က စောင့်ကြည့်စစ်ဆေးနိုင်စွမ်းရှိတယ်လို့ပြောတာပါ)

"ဒါက..."

မာကောင်းရွှမ်က ဤလုပ်ဆောင်ချက် ရှင်းလင်းချက်ကို ကြည့်ပြီး အလွန် ခေတ်မီဆန်းပြားသည်ဟု ခံစားလိုက်ရသည်။

၎င်းတွင် ပါဝင်သော နိယာမများ၌ ရေးထားသည့် စာလုံးများကို သူ ဖတ်တတ်သော်လည်း ဆက်တိုက်ဖတ်ကြည့်သောအခါ လုံးဝ နားမလည်နိုင်ပေ။ သို့တိုင်အောင် အလွန် အစွမ်းထက်မည်ဟုတော့ အလိုလို ခံစားနေရသည်။

သို့ရာတွင် တိကျမှု၏ အနောက်တွင် ဖော်ပြထားသော ၉၀% ဆိုသည့် ဂဏန်းက ဤပစ္စည်းမှာ အတော်လေး အစွမ်းထက်နိုင်ကြောင်း သူ့ကို နားလည်သွားစေသည်။

မာကောင်းရွှမ် ချက်ချင်း ခေါင်းမော့ကာ ဟူဖေကန်းကို ကြည့်လိုက်သည်။

"မေးပါရစေ ခေါင်းဆောင်ဟူ... ဒီမျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာက... တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်တာလား"

ဟူဖေကန်းက သူတို့အား တစ်ချက် ဝေ့ကြည့်လိုက်ပြီး မျက်စိရှေ့ရှိ ဤလူများထဲတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေသူ သေချာပေါက် ရှိနေမည်ကို စိတ်ထဲမှ ချက်ချင်း နားလည်လိုက်သည်။

သို့မဟုတ်ပါက မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ ကို ဤမျှ ဂရုစိုက်နေမည် မဟုတ်ပေ။

ဟူဖေကန်း၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းသို့ ရောက်ရှိပြီး မျိုးရိုးဗီဇမြေပုံ ရေးဆွဲကာ မျိုးရိုးဗီဇသတ္တဝါအဖြစ် အသွင်ပြောင်းနိုင်သည့် မည်သူမဆို အလွန် အစွမ်းထက်ကြသည်။

မုန်ယာကုမ္ပဏီတွင်ပင် ဤကဲ့သို့သော သူများသည် အလယ်အလတ်နှင့် အထက်တန်း အဆင့်များ ဖြစ်ကြသည်။

သူက ခေါင်းညိတ်ကာ "မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာက... ကျွန်တော်တို့ မုန်ယာကုမ္ပဏီရဲ့ အရေးကြီးတဲ့ တီထွင်မှုတစ်ခုပါ... တိကျတဲ့ မျိုးရိုးဗီဇတွေကို တကယ် စစ်ဆေးနိုင်ပါတယ်"

"ဒါပေမဲ့ တောင်းပန်စရာတစ်ခုက... ကျွန်တော်တို့ရဲ့ သံချပ်ကာကားတပ်ဖွဲ့ထဲမှာ မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ ပါမလာပါဘူး"

"မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာဆိုတာ... ကိုယ်နဲ့အတူ သယ်သွားလို့ရတဲ့ ကိရိယာအသေးလေး မဟုတ်ပါဘူး... တကယ်တော့... အဲ့ဒီကိရိယာတစ်ခုလုံးက ဓာတ်ခွဲခန်းတစ်ခုစာလောက် နေရာယူပါတယ်"

မာကောင်းရွှမ်နှင့် အခြားသူများ၏ မျက်နှာတွင် ချက်ချင်း စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

ကျန်းဟိုင်ယန်က မနေနိုင်တော့ဘဲ "ဒါဆိုလည်း... အဲ့ဒီပစ္စည်းကို ဒီစာရင်းထဲမှာ ဘာလို့ ထည့်ထားသေးလဲ" ဟု ညည်းတွားလိုက်သည်။

ဟူဖေကန်းက အနည်းငယ် ပြုံးကာ "မိတ်ဆွေတို့... စိတ်မလောကြပါနဲ့ဦး... ခင်ဗျားတို့ နောက်က အကြောင်းအရာတွေကို မဖတ်ရသေးလို့ နေမှာပါ"

"စာရင်းရဲ့ မှတ်ချက်မှာ ရေးထားတာက... မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ ရဲ့ အသုံးပြုခွင့် အကြိမ်အရေအတွက်ပါ"

"ဆိုလိုတာက... ခင်ဗျားတို့အနေနဲ့ ကုန်ပစ္စည်းတွေပေးပြီး မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ ရဲ့ အသုံးပြုခွင့် အကြိမ်အရေအတွက်ကို လဲလှယ်လို့ ရပါတယ်"

မာကောင်းရွှမ် အံ့သြသွားပြီး "အသုံးပြုခွင့် အကြိမ်အရေအတွက် ဟုတ်လား... ခင်ဗျားတို့ရဲ့ မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာက ဒီမှာမရှိဘူးဆို"

"မရှိတာတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့က အသုံးပြုခွင့် လက်မှတ်တွေ ထုတ်ပေးလို့ရတယ်... မိတ်ဆွေတို့အနေနဲ့ ကျွန်တော်တို့ မုန်ယာကုမ္ပဏီ ရုံးချုပ်ကိုသွားပြီး မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ ကို အသုံးပြုနိုင်ပါတယ်"

"ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ သတိပေးပါရစေ... မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာက မျိုးရိုးဗီဇမြေပုံ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေနဲ့ သက်ဆိုင်နေတာမို့... အသုံးပြုခွင့် လဲလှယ်ရတာက တော်တော်လေး ဈေးကြီးပါတယ်... မိတ်ဆွေတို့ တကယ် လဲလှယ်ချင်တယ်ဆိုရင်တောင်... အရင်ဆုံး သတ်မှတ်ချက်တွေကို ဖတ်ကြည့်သင့်ပါတယ်"

ဤစကားကို ကြားလိုက်ရသည်နှင့် မာကောင်းရွှမ်နှင့် အခြားသူများက တက်ဘလက်ကို ချက်ချင်း ကြည့်လိုက်ကြသည်။

ဤသို့ ကြည့်လိုက်ရာ အနောက်တွင် ဈေးနှုန်းဇယား ရှိနေကြောင်း အမှန်တကယ် တွေ့လိုက်ရသည်။

ထို မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ အသုံးပြုခွင့်အတွက် တစ်ကြိမ် အသုံးပြုတိုင်း မုန်ယာအမှတ်လက်မှတ် ၁၀၀၀၀ ကုန်ကျမည် ဖြစ်သည်။

"မုန်ယာအမှတ်လက်မှတ် ဟုတ်လား... အဲ့ဒါက ဘာလဲ"

မာကောင်းရွှမ်က မနေနိုင်ဘဲ မေးလိုက်သည်။

ဟူဖေကန်းက ဖွဖွရယ်ကာ "ဒါက ကျွန်တော်တို့ မုန်ယာကုမ္ပဏီက ထုတ်ဝေထားတဲ့ ငွေကြေးစနစ်ပါ... ကျွန်တော်တို့ မုန်ယာကုမ္ပဏီရဲ့ ပိုင်နက်နယ်မြေအတွင်းမှာ အကုန်အသုံးပြုလို့ ရပါတယ်"

မာကောင်းရွှမ်က သူ တစ်ဖက်လူ၏ နောက်ခံဇာစ်မြစ်ကို မမေးရသေးကြောင်း ရုတ်တရက် သတိရသွားသည်။

"ကျွန်တော် ဗဟုသုတ နည်းတာကို ခွင့်လွှတ်ပါ... ခေါင်းဆောင်ဟူ တစ်ခုလောက်မေးပါရစေ... ခင်ဗျားတို့ မုန်ယာကုမ္ပဏီက... တကယ်တော့ ဘယ်လိုမျိုး အဖွဲ့အစည်းလဲ... အစိုးရပိုင်းကလား... အတိအကျ ဘယ်နေရာမှာ ရှိတာလဲ"

ထိုစကားကို ကြားသောအခါ ဟူဖေကန်း ချက်ချင်း ရယ်မောလိုက်ပြီး "အခုအချိန်မှာ... ဘယ်မှာ အစိုးရရှိတော့မှာလဲ... ကမ္ဘာမြေကြီးက ရေလွှမ်းမိုးခံလိုက်ရပြီ... သန္ဓေပြောင်းစွမ်းအင်တွေက တစ်ကမ္ဘာလုံးမှာ ပြည့်နှက်နေပြီး... ခေတ်မီ ဆက်သွယ်ရေးနည်းလမ်း အများစုကလည်း အသုံးပြုလို့ မရတော့ပါဘူး"

"အစိုးရဆိုတာက... စောစောကတည်းက ပျက်သုဉ်းသွားခဲ့ပါပြီ... အခုက လူတိုင်း ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်နေကြရတာပါပဲ"

"ကျွန်တော်တို့ မုန်ယာကတော့... ရေဘေးကြီး မဖြစ်ခင်က... အစိုးရနောက်ခံ ရှိခဲ့တာ အမှန်ပါပဲ"

"မုန်ယာလို့ ပြောရင်... ခင်ဗျားတို့ သိမှာမဟုတ်ပေမဲ့... ကျွန်တော်တို့ရဲ့ မူလနာမည်က... စိမ်းလန်းသစ်ရွက် ဇီဝနည်းပညာအုပ်စုလို့ ခေါ်ပါတယ်... ခင်ဗျားတို့ ကြားဖူးကြမယ် ထင်ပါတယ်"

မာကောင်းရွှမ် ကြောင်အသွားသည်။ တကယ်တော့ သူ ကြားပင် မကြားဖူးခဲ့ပေ။

ရေဘေးကြီး မဖြစ်ခင်က မာကောင်းရွှမ်မှာ အားကစားဆရာ တစ်ယောက်သာဖြစ်ပြီး ပြေးခုန်ပစ် အားကစားကို ကျွမ်းကျင်သူ ဖြစ်သည်။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်း အမျိုးမျိုးအကြောင်းကို သူ သိပ်မသိပေ။

သို့သော် ဘေးရှိ မေကျင်းရွှမ်က ရုတ်တရက် ဝင်ပြောလိုက်သည်။ "နိုင်ငံပိုင် လုပ်ငန်းနောက်ခံရှိတဲ့ လက်အောက်ခံ ကုမ္ပဏီ စိမ်းလန်းသစ်ရွက် ဇီဝနည်းပညာလား"

"မိတ်ဆွေ ကြားဖူးလို့လား"

"အင်း... ခင်ဗျားတို့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေ ဝယ်ဖူးတယ်... အိမ်တစ်လုံးစာလောက် ရှုံးသွားတယ်" မေကျင်းရွှမ်က အသံဩဩဖြင့် ပြောလိုက်သည်။

ဟူဖေကန်းက ချက်ချင်း ရယ်မောကာ ခေါင်းခါလိုက်ပြီး "ဒါဆိုရင်တော့... ကျွန်တော်တို့ကို မအပြစ်တင်ပါနဲ့ဗျာ... စိမ်းလန်းသစ်ရွက်က စိမ်းလန်းသစ်ရွက်... မုန်ယာက မုန်ယာပါပဲ"

"အခု ကျွန်တော်တို့ မုန်ယာကုမ္ပဏီ ရုံးချုပ်က... မြစ်မြောက်ဘက် ယွီကျိုးပြည်နယ်မှာ တည်ရှိပြီး... ကျန်းနန်ပြည်နယ်နဲ့ နီးနီးလေးပါပဲ"

"ယွီကျိုးပြည်နယ်ရဲ့ ဘယ်နေရာမှာလဲ" ကျန်းဟိုင်ယန်က ချက်ချင်း ထပ်မေးလိုက်သည်။

ယွီကျိုးပြည်နယ်သည် အလွန် ကျယ်ဝန်းလှသည်။ ကျန်းနန်နှင့် မြစ်မြောက်ဘက် ဟု ဆိုရာတွင် ထိုမြစ်မှာ အတိတ်က ယွီမြစ်ကို ဆိုလိုခြင်း ဖြစ်သည်။

သို့ရာတွင် ရေဘေးကြီး ဖြစ်ပွားပြီးနောက် ယွီမြစ်မှာ စောစောကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ ယွီကျိုးပြည်နယ်သည် ယွီမြစ်၏ မြောက်ဘက်တွင် ရှိနေသော်လည်း ပြည်နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ မသေးငယ်လှပေ။

အမြောက်ဘက်အကျဆုံး နေရာများဆိုလျှင် သဲဝါမြစ်နှင့်ပင် နီးကပ်နေပြီ ဖြစ်သည်။

ဟူဖေကန်းက ရယ်မောကာ "ခင်ဗျားတို့ ထင်သလောက် ဝေးတဲ့နေရာမှာ မဟုတ်ပါဘူး... ယွီမြစ်ကမ်းဘေးက ချီတောင်ပေါ်မှာပါ"

လူအားလုံး ကြားလိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားကြသည်။

ချီတောင်သည် ယွီမြစ်ကမ်းဘေးတွင် တည်ရှိပြီး လင်ကျောင်းဆိုသည်မှာ တကယ်တော့ ယွီမြစ်၏ မြစ်လက်တက်တစ်ခုပင် ဖြစ်သည်။

ထိုသို့ဆိုလျှင် တကယ်ကို သိပ်မဝေးပေ။

သို့သော် ချီတောင်၏ မြေမျက်နှာပြင်မှာ အလွန် မြင့်မားသည်။ တကယ်တမ်းဆိုရလျှင် ယွီမြစ်ကို ကျော်လွန်၍ မြောက်ဘက်သို့ သွားပါက မြေမျက်နှာပြင်မှာ တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်သည်။

ထို့အပြင် ယွီမြစ်၏ မြောက်ဘက်တွင် တောင်တန်းများစွာ ရှိလေသည်။

ချီတောင်မှာ အလယ်ပိုင်း လွင်ပြင်ဒေသ တောင်တန်းများထဲမှ အရေးကြီးသော တောင်တန်းတစ်ခု ဖြစ်သည်။

ဤမုန်ယာကုမ္ပဏီမှာ ချီတောင်ပေါ်တွင် တည်ရှိနေသဖြင့် ယခုအချိန်အထိ ရေကြီးနေပါလျှင်တောင် ချီတောင်ကို ရေလွှမ်းမိုးနိုင်ရန် မဖြစ်နိုင်လောက်ပေ။

သို့ရာတွင် မဝေးဘူးဟု ဆိုသော်လည်း မြေပုံပေါ်မှ မျဉ်းဖြောင့်အကွာအဝေးအရ ခန့်မှန်းခြေ မိုင် ၃၁၀ ခန့် ရှိပေမည်။

မိုင် ၃၁၀ ဆိုသည်မှာ ကားဖြင့်သွားလျှင်ပင် တစ်နေ့နီးပါး အချိန်ယူရမည် ဖြစ်သည်။

ဤလူများက သံချပ်ကာကားတပ်ဖွဲ့ကို အားကိုး၍ လာမည်ဆိုလျှင် မည်မျှကြာမည်ကို မသိနိုင်ပေ။

သေချာသည်မှာ ယခုအခါ လူတိုင်း အစွမ်းများ နိုးထလာကြပြီဖြစ်ပြီး ရေပြင်ကလည်း အေးခဲနေပြီ ဖြစ်ရာ အမြန်ဆုံးအရှိန်ဖြင့် ခရီးနှင်မည်ဆိုလျှင် မိုင် ၃၁၀ ဆိုသည်မှာ သိပ်မဝေးလှပေ။

လက်ရှိ အစွမ်းပိုင်ရှင်များသည် အစွမ်းကုန် ပြေးလွှားမည်ဆိုပါက အလျင်မှာ ကားများထက် အနည်းငယ်မျှပင် နှေးကွေးမည် မဟုတ်ပေ။

သို့သော် အစွမ်းပိုင်ရှင်များ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်မှာ အကန့်အသတ် ရှိသောကြောင့် မရပ်မနား အတင်းအကြပ် ပြေးလွှားခရီးနှင်ရန် သဘာဝအားဖြင့် မဖြစ်နိုင်ပေ။

သို့တိုင်အောင် ခန့်မှန်းခြေ နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ရောက်ရှိနိုင်ပေသည်။

သေချာသည်မှာ ၎င်းက လမ်းမမှားသည့် အခြေအနေတွင် ဖြစ်သည်။

ရေပြင်ကြီးက ကမ္ဘာမြေကို ဝါးမျိုပြီးနောက် အကြီးမားဆုံး ပြဿနာမှာ တကယ်တော့ အရပ်မျက်နှာ ခွဲခြားခြင်း ပြဿနာပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရေပြင်ထက်တွင် အဆုံးအစမရှိ ကျယ်ပြောလှပြီး အမှတ်အသား ပြုလုပ်စရာ လုံးဝ မရှိသောကြောင့်တည်း။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အစွမ်းပိုင်ရှင် ဖြစ်နေလျှင်တောင် လမ်းမှားရန် အလွန် လွယ်ကူလှသည်။

နှစ်ဖက်စလုံး အပြန်အလှန် စကားပြောဆိုပြီးနောက် မာကောင်းရွှမ်နှင့် အခြားသူများက ဤမုန်ယာကုမ္ပဏီအကြောင်းကို တဖြည်းဖြည်း နားလည်လာကြသည်။

မုန်ယာကုမ္ပဏီ၏ မူလအစမှာ နိုင်ငံပိုင် နောက်ခံရှိသော စိမ်းလန်းသစ်ရွက် ဇီဝနည်းပညာအုပ်စု ဖြစ်ပြီး အင်အား ကြီးမားကာ ၎င်းတို့ပိုင် နည်းပညာ အဆောက်အအုံများ ရှိခဲ့သည်။

ရေဘေးကြီး ဖြစ်ပွားပြီးနောက် အစွမ်းထက်သော အစွမ်းပိုင်ရှင်များက ကုမ္ပဏီကို ကုန်းမြင့်သော နေရာသို့ ပြောင်းရွှေ့ရန် ပထမဆုံး စဉ်းစားခဲ့ကြသည်။

ထို့ကြောင့် ချီတောင်ပေါ်ရှိ မုန်ယာကုမ္ပဏီ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

သေချာသည်မှာ ယနေ့ခေတ် မုန်ယာကုမ္ပဏီသည် အတိတ်က စိမ်းလန်းသစ်ရွက် ဇီဝနည်းပညာအုပ်စု၏ ခေါင်းဆောင်ပိုင်းများ မဟုတ်တော့ပေ။

မုန်ယာကုမ္ပဏီ၏ အမည်ပေးခြင်းကလည်း စိတ်ဝင်စားစရာ ကောင်းသည်။ ဟူဖေကန်း၏ ပြောပြချက်အရ မုန်ယာ (အပင်ပေါက်) သည် မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။

ရေဘေးကြီး ရောက်ရှိလာသောအခါ မုန်ယာကုမ္ပဏီက လူသားတို့၏ ကမ္ဘာပျက်မည့် မျှော်လင့်ချက်မဲ့မှုကို မမြင်ဘဲ လူသားတို့ ထမြောက်လာမည့် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အစွမ်းများ ပေါ်ပေါက်လာသဖြင့် လူသားများသည် မျိုးရိုးဗီဇ ကန့်သတ်ချက်ကို ချိုးဖျက်ကာ ပိုမို အစွမ်းထက်သော လမ်းကြောင်းသို့ လျှောက်လှမ်းနိုင်တော့မည် ဖြစ်သောကြောင့်တည်း။

သူတို့က ၎င်းကို ကမ္ဘာပျက်ကပ်ဟု မယူဆဘဲ လူသားများ ကိုယ့်ကိုယ်ကိုယ် ချိုးဖျက်ကျော်လွန်နိုင်မည့် မျှော်လင့်ချက်အဖြစ်သာ မြင်ကြသည်။

ထို့ကြောင့် ကုမ္ပဏီအမည်ကို မုန်ယာဟု ပေးခဲ့ခြင်း ဖြစ်သည်။

မျှော်လင့်ချက်မဲ့မှုများကြားမှ မျှော်လင့်ချက် အပင်ပေါက်လေးများ မွေးဖွားလာခြင်းပင်။

ဤအချက်ကို မာကောင်းရွှမ်၏ စိတ်ထဲတွင် အတော်လေး သဘောတူမိသည်။ သူကိုယ်တိုင်ပင်လျှင် အကောင်းဆုံး ဥပမာတစ်ခု ဖြစ်နေပေသည်။

အစပိုင်းက သူသည် သာမန် အားကစားဆရာ တစ်ယောက်သာဖြစ်ပြီး ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ ဆရာတစ်ဦး ဖြစ်သည်။

အမြဲတမ်း ဝန်ထမ်းလည်း မဟုတ်ဘဲ လစာလည်း မများသည့်အပြင် အကြွေးဆပ်ရန် အချိန်ပိုင်း အလုပ်များ လုပ်၍ ငွေရှာခဲ့ရသည်။

ရေဘေးကြီး ဖြစ်ပွားပြီးနောက် သူ အစွမ်းနိုးထလာခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် ဖူရုံတောင်ကြား၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

အတိတ်က သူသည် အားကစားဆရာ ဆိုသည့် အလုပ်အကိုင်က အသင့်အတင့် ဂုဏ်သိက္ခာရှိသည်ဟု ဆိုနိုင်သော်လည်း အစိုးရဝန်ထမ်း မဟုတ်ပါက အိမ်ထောင်ဖက် ရှာရာတွင် အားသာချက်တစ်ခု မဖြစ်ခဲ့ပေ။

ထို့ကြောင့် သူ၏ လူကြီးချင်း စီစဉ်ပေးသော ချစ်သူနှင့် အချိန်အတော်ကြာသည်အထိ လက်မထပ်ဖြစ်ခဲ့ခြင်း ဖြစ်ကာ တစ်ဖက်လူက စဉ်းစားနေဆဲ ဖြစ်လောက်သည်။

ရေဘေးကြီး ဖြစ်ပွားပြီးနောက် သူ အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာရာ မည်သည့် အမျိုးသမီးမျိုးကိုမဆို မရနိုင်ဘဲ ရှိပါမည်လော။

သူ့အတွက်တော့ ရေဘေးကြီး ဖြစ်ပွားပြီးနောက် မျှော်လင့်ချက်မဲ့မှုကို မခံစားခဲ့ရဘဲ ဆန့်ကျင်ဘက်အနေဖြင့် မျှော်လင့်ချက်ကိုသာ ခံစားခဲ့ရသည်။

အထူးသဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ချိုးဖျက်ပြီးနောက် သူ၏ သက်ရှိအဆင့်အတန်းမှာ သိသိသာသာ ခုန်ပျံတက်လှမ်းသွားခဲ့သည်။

မျိုးရိုးဗီဇ သံကြိုးများကို ချိုးဖျက်လိုက်ရသည့် ထိုခံစားချက်ကသာ အသက်ရှင်သန်ခြင်း၏ မျှော်လင့်ချက်ကို သူ့အား အမှန်တကယ် မြင်တွေ့ခွင့် ရစေခဲ့သည်။

မျိုးရိုးဗီဇ လျှို့ဝှက်ချက်များကို ဖော်ထုတ်ကာ မျိုးရိုးဗီဇမြေပုံကို ပြန်လည်ဖွဲ့စည်းခြင်းဖြင့် တစ်နေ့နေ့တွင် သူသည် ထာဝရ နုပျိုမှုကို ရရှိနိုင်ပြီး ဤကမ္ဘာဂြိုဟ်မှပင် ထွက်ခွာသွားနိုင်မည်ဟု ကြိုတင် ခံစားနေရသည်။

ထို့ကြောင့် မုန်ယာအဖွဲ့အစည်း၏ ခံယူချက်ကို သူ အတော်လေး လက်ခံသဘောတူမိသည်။

ဤသို့ လက်ခံသဘောတူမိသဖြင့် တစ်ဖက်လူအပေါ် သူ အနည်းငယ် သဘောကျသွားသည်။

"ခေါင်းဆောင်ဟူ မေးပါရစေ ... ခင်ဗျားတို့ ဒီလို တောင်ဘက်ကို ခရီးနှင်လာတာ... ဘာလုပ်ဖို့လဲ"

"ဒီလိုပါ... ပစ္စည်းအနည်းငယ်လောက်ဆိုရင်တော့... ကျွန်တော်တို့ နည်းနည်း ခွဲပေးလို့ ရပါတယ်... တကယ်လို့ ခင်ဗျားတို့ သွားမယ့်နေရာက အရမ်းဝေးနေရင်တော့... ကျွန်တော်တို့ဘက်က ပစ္စည်းတွေ ထပ်ပြီး ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး"

ဟူဖေကန်းက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော်တို့ လိုချင်တာ သိပ်မများပါဘူး... သွားမယ့် ခရီးဆုံးကိုလည်း မကြာခင် ရောက်တော့မှာပါ"

"အော်... ခင်ဗျားတို့က ဘယ်ကို သွားကြမှာမို့လို့လဲ"

"ထိုက်ယန်တောင်"

ဟူဖေကန်းက ဖွဖွရယ်ကာ ဘာကိုမှ မဖုံးကွယ်ထားပေ။

ဆက်ရန်...

အပိုင်း(၆၂၂) လမ်းပြ

"ထိုက်ယန်တောင်"

မာကောင်းရွှမ်က ချက်ချင်းပင် ရင်ထဲ၌ လှုပ်ရှားသွားပြီး ဟန်မပျက်ဘဲ မေးလိုက်သည်။ "ခင်ဗျားတို့က ထိုက်ယန်တောင်ကို ဘာသွားလုပ်မလို့လဲ"

ဟူဖေကန်းက ပြုံးလိုက်ပြီး "ဒါကိုတော့ ပြောပြစရာ မလိုဘူးထင်တယ်"

မာကောင်းရွှမ်က ကြားသည်နှင့် အမြန်ပြုံးကာ "ဒါပေါ့... ဒါပေါ့... ကျွန်တော်က ရုတ်တရက် မေးလိုက်မိလို့ပါ"

"ထိုက်ယန်တောင်က ဒီကနေဆို သိပ်မဝေးပါဘူး... ကျွန်တော်တို့ဆီက လူတွေတောင် ထိုက်ယန်တောင်ကို သွားပြီး အရောင်းအဝယ် လုပ်ကြသေးတယ်"

"ကျွန်တော်က ခင်ဗျားတို့ လမ်းမသိရင် ကျွန်တော့်လူတွေကို လမ်းပြပေးခိုင်းလို့ရမလား တွေးမိလို့ပါ"

"ကျွန်တော် တခြား သဘောမရှိပါဘူး... ခင်ဗျားလည်း သိတဲ့အတိုင်းပဲ... အခုက ရေလွှမ်းမိုးထားပြီး ကုန်းမြေတွေ ပျောက်ကုန်ပြီလေ... နေရာတိုင်းမှာလည်း နှင်းတွေက အထပ်ထပ် ကျနေတော့ လမ်းညွှန်အမှတ်အသားဆိုတာ ဘာမှမရှိတော့ဘူး... လမ်းမှားဖို့က သိပ်လွယ်တာ"

ယခုအခါ သံလိုက်အိမ်မြှောင်ပင်လျှင် အသုံးမဝင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သန္ဓေပြောင်းစွမ်းအင်များက ကမ္ဘာတစ်ဝန်းလုံး၌ ပျံ့နှံ့နေပြီး သံလိုက်စက်ကွင်းများ ဖရိုဖရဲဖြစ်နေကာ ဆက်သွယ်ရေးစက်ပစ္စည်းများလည်း အလုပ်မလုပ်တော့သောကြောင့် ဖြစ်သည်။

ကျယ်ပြောလှသော နှင်းပြင်ကြီးထက်၌ တစ်စုံတစ်ရာကို ရှာဖွေရန်မှာ အလွန်တရာ ခက်ခဲသောကိစ္စရပ်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် ဝူယောင်ပန်းက လင်ကျန်းမြို့၌ သူ၏ ကိုယ်ပွားတစ်ခု ချန်ထားခဲ့ခြင်း ဖြစ်သည်။ ထိုကိုယ်ပွားများကြားရှိ အာရုံခံစားမှုအပေါ် အားကိုးခြင်းဖြင့်သာ သူက မိုင် ၃၀၀ နီးပါးခန့် အကွာအဝေးကို ဖြတ်ကျော်ပြီး လင်ကျန်းမြို့ကို လျင်မြန်စွာ ရှာတွေ့နိုင်ခြင်း ဖြစ်သည်။

သို့သော် လင်ကျန်းမြို့သို့ ရောက်လျှင်ပင် ထိုက်ယန်တောင်ကို ရှာဖွေရန်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ပေးရဦးမည်သာ ဖြစ်သည်။

ဤအချက်ကို တွေးမိသောအခါ ဟူဖေကန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီး "ဒီကိစ္စက မလောပါဘူး... ကျွန်တော်တို့ ရိက္ခာ အရောင်းအဝယ်ကို အရင် ပြီးပြတ်အောင် လုပ်ကြတာပေါ့"

"ကျွန်တော်တို့ ပေးထားတဲ့ စာရင်းထဲမှာ ပစ္စည်းလဲလှယ်တဲ့ စံနှုန်းတွေကို တိတိကျကျ ရေးထားပါတယ်... ခင်ဗျားတို့ ကြည့်လိုက်ပါ... လက်ခံနိုင်တဲ့အရာကို ရွေးပြီး အရောင်းအဝယ် လုပ်ကြတာပေါ့"

မာကောင်းရွှမ်က လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ရာ ပစ္စည်းအများစုကို မုန်ယာအမှတ်ဖြင့် စံသတ်မှတ်ထားကြောင်း တွေ့လိုက်ရသည်။

ဥပမာအားဖြင့် သင်္ကေတ စကားပြောစက်သည် သင်္ကေတနည်းပညာကို အသုံးပြုထားပြီး သန္ဓေပြောင်းစွမ်းအင် အမှုန်များမှတစ်ဆင့် သတင်းအချက်အလက်များကို ပေးပို့နိုင်စွမ်းရှိရာ သံလိုက်စက်ကွင်း ဖရိုဖရဲဖြစ်မှု၏ နှောင့်ယှက်မှု ပြဿနာကို ရှောင်လွှဲနိုင်ပေသည်။

ဤပစ္စည်းက အကွာအဝေး ၃ မိုင်ခန့်ဝန်းကျင်အထိ တိုတောင်းသော အကွာအဝေး ဆက်သွယ်ရေးကို ပြုလုပ်နိုင်ပြီး တန်ဖိုးမှာ မုန်ယာအမှတ် ၅၀၀ ဖြစ်သည်။

သို့သော် သန္ဓေပြောင်း သတ္တဝါအသား ၂ ပေါင်လျှင် အမှတ် ၁ မှတ်သာ ရရှိမည်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် သင်္ကေတ စကားပြောစက် တစ်လုံး၏ တန်ဖိုးမှာ သန္ဓေပြောင်း သတ္တဝါအသား ပေါင် ၁၀၀၀ နှင့် ညီမျှပေသည်။

ဤသည်က သက်သာသော ဈေးနှုန်းမဟုတ်ပေ။

အထူးသဖြင့် ယခုလို ဆောင်းရာသီတွင် သန္ဓေပြောင်းသားရဲများအားလုံး ပုန်းအောင်းနေကြသဖြင့် အမဲလိုက်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

သို့သော် ကံကောင်းသည်မှာ ဈေးသက်သာသော ပစ္စည်းများစွာလည်း ရှိနေသေးသည်။ မာကောင်းရွှမ်က ရွေးချယ်လိုက်ပြီး အဓိကအားဖြင့် သန္ဓေပြောင်းစွမ်းအင် နည်းပညာသုံး ပစ္စည်းအချို့ကိုသာ ရွေးချယ်လိုက်သည်။

သူ အသေအချာ တွေးထားပြီးသား ဖြစ်သည်။ ဤသန္ဓေပြောင်းစွမ်းအင် နည်းပညာသုံး ပစ္စည်းများကို လက်ထဲသို့ ရောက်လာပါက ဖြုတ်တပ်၍ လေ့လာစမ်းသပ်မှုများ ပြုလုပ်နိုင်ပေမည်။

အကယ်၍ ပုံတူကူးချ ထုတ်လုပ်နိုင်ခဲ့ပါက အခြားနေရာများသို့ သွားရောက်ကာ အရောင်းအဝယ် ပြုလုပ်နိုင်ပြီး အရှုံးမရှိဘဲ အမြတ်အစွန်းများ သေချာပေါက် ရရှိမည်ဖြစ်သည်။

ထိုသို့ဖြင့် နှစ်ဖက်စလုံးသည် စုစုပေါင်း ပစ္စည်း ပေါင် ၁၀၀၀၀ နီးပါးခန့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြသည်။

သေချာပေါက်ပင် ဤအထဲတွင် တန်ဖိုးကြီးမားလှသော စွမ်းအင်ကျောက်တုံးများလည်း ပါဝင်ပေသည်။

စွမ်းအင်ကျောက်တုံး၏ ဈေးနှုန်းက သန္ဓေပြောင်းသားရဲအသားများ၏ ဈေးနှုန်းနှင့် တူညီမည်မဟုတ်ကြောင်းမှာ သေချာလှသည်။

ထို့ပြင် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းကလည်း မနိမ့်လှပေ။

ထိုအချိန်တွင် ရှောင်ချင်က လျှောက်လာပြီး ဟူဖေကန်း၏ နားအနီးတွင် စကားအချို့ တီးတိုး ပြောလိုက်သည်။

ဟူဖေကန်းက ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။ အရောင်းအဝယ် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် သူက ပြုံး၍ "ခုနက ကျွန်တော်တို့ မန်နေဂျာဝူ ပြောတာတော့ လမ်းပြငှားဖို့ အစီအစဉ် ရှိတယ်တဲ့... ခင်ဗျားတို့ဆီက ဘယ်သူတွေက ထိုက်ယန်တောင်ကို သွားတဲ့လမ်းကို ပိုသိလဲမသိဘူး"

မာကောင်းရွှမ်က ကြားသည်နှင့် ချက်ချင်းပင် ပြုံးလိုက်ပြီး "ကျွန်တော်တို့ဆီမှာ ကြေးစားတပ်ဖွဲ့တစ်ခု ရှိတယ်... သူတို့က ထိုက်ယန်တောင်နဲ့ အမြဲ အရောင်းအဝယ် လုပ်နေကျမို့လို့ ဒီလမ်းကြောင်းကို အရမ်းကျွမ်းကြတယ်"

"အော်... ဒါဆိုတောင်ကြားသခင်မာကပဲ မိတ်ဆက်ပေးလို့ ရမလား" ဟူဖေကန်းက ပြုံး၍ မေးလိုက်သည်။

"ရတာပေါ့... ပြဿနာမရှိပါဘူး"

မာကောင်းရွှမ်က ခေါင်းလှည့်ကာ ရှန်ယန်းကို ပြောလိုက်သည်။ "ရှန်ယန်း... မင်း သွားပြီး မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့က ခေါင်းဆောင်ကို ခေါ်ခဲ့ချေ"

"ကောင်းပါပြီ"

ရှန်ယန်းက လျင်မြန်စွာ ခေါင်းညိတ် သဘောတူလိုက်ပြီး ထိုနေရာမှ ထွက်သွားလေသည်။

မာကောင်းရွှမ်က ပြုံး၍ "ဒီကြေးစားတပ်ဖွဲ့နာမည်က မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့လို့ ခေါ်တယ်... မောင်နှမနှစ်ယောက်က တည်ထောင်ထားတာ... သူတို့က ထိုက်ယန်တောင်ဘက်မှာ အထိုင်ချ ဖွင့်ထားတဲ့ ဆိုင်ရှိသလို ကျွန်တော်တို့ဆီမှာလည်း သူတို့ပိုင်နက် ရှိတယ်... ပစ္စည်းတွေ ကူးသန်းရောင်းဝယ်တဲ့ အလုပ်ကို လုပ်ကြတာမို့လို့ လမ်းအခြေအနေကို အတော်လေး ကျွမ်းကျင်ကြတယ်"

"မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့လား... ဟားဟား... ကျွန်တော်တို့ မုန်ယာနဲ့ အတော်လေး လိုက်ဖက်နေပါလား... ကြည့်ရတာ ရေစက်ပါပုံပဲ"

ဟူဖေကန်းက ရယ်မောလိုက်သည်။

မုန်ယာ ဆိုသည်မှာ မျှော်လင့်ချက်ကို ကိုယ်စားပြုပေသည်။ ထိုနှစ်ခုကြားတွင် နားထောင်ကြည့်ရုံနှင့်ပင် အမှန်တကယ် ရေစက်ပါသည်ဟု ခံစားရပေသည်။

အချိန်အနည်းငယ် ကြာသောအခါ ရှန်ယန်းသည် လင်းကျင်းထောင်ကို ခေါ်ဆောင်လာခဲ့သည်။

လင်းကျင်းထောင်က တစ်ဖက်လူအား အလွန် ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။

ယခုအချိန်၌ သူ၏ အဓိက အရည်အသွေးများ မြင့်တက်လာပြီး မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ကာ စွမ်းအားကြီးမားသော အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့ပြီဆိုသည့်တိုင်အောင်။

သို့သော် တောင်ကြားသခင် မာကောင်းရွှမ်သည် မျိုးရိုးဗီဇမြေပုံကို ရေးဆွဲပြီးဖြစ်ကာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီဆိုသည်ကို သူ သိထားပေသည်။

မာကောင်းရွှမ်ပင်လျှင် ဤသံချပ်ကာတပ်ဖွဲ့မှ လူများကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရသဖြင့် သူသည်လည်း သဘာဝကျစွာပင် ပေါ့ပေါ့ဆဆ မလုပ်ရဲပေ။

"ဒါက မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် လင်းကျင်းထောင်ပါပဲ"

မာကောင်းရွှမ်က မိတ်ဆက်ပေးလိုက်သည်။ "လင်းကျင်းထောင်... ဒီပုဂ္ဂိုလ်က မုန်ယာကုမ္ပဏီရဲ့ တိုက်ခိုက်ရေးဌာန သံချပ်ကာတပ်ဖွဲ့က ခေါင်းဆောင် ကိုဟူဖေကန်းပဲ... သူက ထိုက်ယန်တောင်ကို သွားချင်လို့ လမ်းပြတစ်ယောက်ကို ငှားချင်နေတာ"

"ဒီမှာ မင်းတို့ မောင်နှမနှစ်ယောက်လောက် ထိုက်ယန်တောင် သွားတဲ့လမ်းကို ကျွမ်းကျင်တဲ့သူ မရှိဘူး... မင်း ကိုဟူနဲ့ စကားပြောကြည့်လိုက်ပါဦး"

လင်းကျင်းထောင်က ကြားသည်နှင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တကယ်တော့ လမ်းပြသက်သက်သာ လိုအပ်ခြင်း ဖြစ်သည်။

သူက အနည်းငယ် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ "ခေါင်းဆောင်ဟူ... ခင်ဗျားတို့က ထိုက်ယန်တောင်ကို သွားပြီး အရောင်းအဝယ် လုပ်မလို့လား"

ဟူဖေကန်း၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားပြီး ပြုံး၍ "အဲ့ဒီသဘောပါပဲ... ကိုလင်း... ကျွန်တော်တို့ ဖူရုံတောင်ကြားကနေ ထိုက်ယန်တောင်ဆီကို ဖြောင့်ဖြောင့်သွားရင် အကွာအဝေး ဘယ်လောက်ရှိလဲ"

"အမ်း... ဖြောင့်ဖြောင့်သွားရင်တော့ သိပ်မဝေးဘူး... မိုင် ၄၀ လောက်တော့ ရှိမယ်ထင်တယ်... ဒါပေမဲ့ ခင်ဗျားလည်း သိတဲ့အတိုင်း အခုက နှင်းတွေ ထူထပ်နေပြီး နှင်းပြင်ပေါ်မှာ ဘာအမှတ်အသားမှ မရှိတော့ ဖြောင့်ဖြောင့်သွားဖို့က ခက်တယ်"

"ဒါဆို ခင်ဗျားတို့က ဒီလမ်းကို ဘယ်လိုသွားကြတာလဲ"

"ဒါကတော့ ကျွန်တော်တို့ရဲ့ အဓိက လျှို့ဝှက်ချက်မို့လို့... အားနာပါတယ်" လင်းကျင်းထောင်က ပြုံး၍ ပြောလိုက်သည်။

ဟူဖေကန်းက ကြားသည်နှင့် ပြုံးလိုက်ပြီး "ကျွန်တော်က ဒီတိုင်း မေးလိုက်တာပါ... ဒီလိုလုပ်... ကျွန်တော်တို့ သံချပ်ကာတပ်ဖွဲ့က ကိုလင်းကို တန်ကြေးကြီးကြီးပေးပြီး လမ်းပြအဖြစ် ငှားပါရစေ... ကိုလင်းဘက်က ဘာသတ်မှတ်ချက်တွေ ရှိလဲဆိုတာ ပြောပြလို့ရပါတယ်"

လင်းကျင်းထောင်၏ ရင်ထဲ၌ အနည်းငယ် လှုပ်ရှားသွားပြီး "ပွင့်ပွင့်လင်းလင်း ပြောရရင်... ကျွန်တော်တို့ မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့က အရောင်းအဝယ် လုပ်လာတာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဆိုတော့ စားဝတ်နေရေးအတွက်တော့ မပူရပါဘူး... ဒါပေမဲ့ အစွမ်း လေ့ကျင့်တဲ့အပိုင်းမှာတော့ ပြဿနာ နည်းနည်းရှိနေတယ်... ခင်ဗျားတို့ ကုမ္ပဏီမှာ အဓိက အရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ သန္ဓေပြောင်း အသီးအနှံများ ရှိမလား"

လင်းကျင်းထောင်က ဉာဏ်ကောင်းသူ တစ်ဦးဖြစ်သည်။ သူသည် မာကောင်းရွှမ်၏ တစ်ဖက်လူအပေါ် ဆက်ဆံပုံကို ကြည့်ရုံဖြင့် ဤလူစု၏ နောက်ခံက သာမန်မဟုတ်ကြောင်းကို ခန့်မှန်းနိုင်ပေသည်။

ထို့ကြောင့် သူက အခြားအရာများကို မတောင်းဆိုဘဲ အဓိက အရည်အသွေးကို မြှင့်တင်ပေးနိုင်စွမ်းရှိသည့် သန္ဓေပြောင်း အသီးအနှံ ကဲ့သို့သောအရာမျိုးကိုသာ လိုချင်ခဲ့ခြင်း ဖြစ်သည်။

ဟူဖေကန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီး "ခဏစောင့်"

သူက စကားပြောစက်ကို ကိုင်ကာ အဝေးသို့ ထွက်သွားပြီး လူတစ်ယောက်ယောက်နှင့် ဆက်သွယ်နေပုံရသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ဟူဖေကန်းက ပြန်လျှောက်လာကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲလျက် ပြောလိုက်သည်။ "ကိုလင်း... သန္ဓေပြောင်း အသီးအနှံတော့ ကျွန်တော်တို့ဆီမှာ မရှိဘူး... ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီကနေ အသစ်ထုတ်ထားတဲ့ အရည်အသွေး မြှင့်တင်ရေး ဆေးရည်တော့ ရှိတယ်"

"ဒီအရည်အသွေး မြှင့်တင်ရေး ဆေးရည်ရဲ့ ကုန်ကြမ်းကလည်း သန္ဓေပြောင်း အသီးအနှံတွေပါပဲ... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဖော်စပ်မှုအောက်မှာတော့ သူ့ရဲ့ အာနိသင် အကျိုးသက်ရောက်မှုက အများကြီး ပိုကောင်းလာတယ်"

"ဒီအရည်အသွေး မြှင့်တင်ရေး ဆေးရည်က မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေအတွက်လည်း ထူးခြားတဲ့ အာနိသင် ရှိပြီး အဓိက အရည်အသွေး ငါးမှတ်ကနေ ခြောက်မှတ်အထိ မြှင့်တင်ပေးနိုင်တယ်... ကျွန်တော်တို့ မုန်ယာရဲ့ အတွင်းပိုင်းမှာတောင် မုန်ယာအမှတ် တစ်သောင်းရှိမှ လဲလှယ်လို့ရတာ"

"ကျွန်တော်တို့ မန်နေဂျာဝူ ပြောတာကတော့ ဒီဆေးရည်တစ်ပုလင်းကို အခကြေးငွေအဖြစ် ပေးနိုင်တယ်တဲ့... မင်း ဘယ်လို သဘောရလဲ"

လင်းကျင်းထောင် အလွန်တရာ အံ့အားသင့်သွားသည်။ ဤကဲ့သို့သော ဆေးရည်မျိုး ရှိနေသေးသည်လား။

တစ်ဖက်လူ၏ နောက်ခံအင်အားကြောင့် သူ ထပ်မံ၍ ထိတ်လန့်သွားရပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။ "ရေဓာတ် အရည်အသွေး မြှင့်တင်ရေး ဆေးရည်ရော ရှိလား"

"ရှိပါတယ်" ဟူဖေကန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

လင်းကျင်းထောင်က ချက်ချင်းပင် ပြောလိုက်သည်။ "ရတယ်... ဒါဆိုဒီလိုပဲလုပ်ကြတာပေါ့"

ဟူဖေကန်းက သတိပေးလိုက်သည်။ "ဆေးရည်ကိုတော့ ကျွန်တော်တို့ လင်ကျန်းမြို့နယ်နိမိတ်ထဲကို ဝင်ရောက်ပြီးမှပဲ ပေးမယ်"

"ပြဿနာမရှိပါဘူး... ဒါက ဖြစ်သင့်တာပဲလေ" လင်းကျင်းထောင်က ဤသည်မှာ ပြဿနာမရှိဟု ထင်မြင်ပေသည်။

သို့မဟုတ်ဘဲ သူ လမ်းမပြရသေးခင်မှာပင် တစ်ဖက်လူက သူ့ထံသို့ ဆေးရည်ကို ပေးအပ်လာမည်ဆိုပါက သူ့အနေဖြင့် အနည်းငယ် မသင်္ကာစရာကောင်းသည်ဟု ခံစားရပေမည်။

နှစ်ဖက်စလုံး အရောင်းအဝယ် သဘောတူညီမှု ရရှိသွားပြီးနောက် အခြေခံ ယုံကြည်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။

မာကောင်းရွှမ်က ထိုလူစုကို ဖူရုံတောင်ကြားအတွင်းသို့ ဧည့်သည်အဖြစ် ဝင်ရောက်လာရန် ဖိတ်ခေါ်လိုပြီး ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိသေးသော မန်နေဂျာဝူဆိုသူနှင့် မိတ်ဆွေဖွဲ့လိုပေသည်။

သို့သော် ဟူဖေကန်းက ကုမ္ပဏီတွင် စည်းမျဉ်းများ ရှိပြီး တိုက်ခိုက်ရေးဌာနမှ လူများသည် အပြင်ထွက်ပါက စည်းကမ်းလိုက်နာရမည်ဟုဆိုကာ ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။

ဤသည်က မာကောင်းရွှမ်ကို တစ်ဖက်လူများက သာမန်မဟုတ်ကြောင်း ထပ်မံ၍ ခံစားရစေသည်။

ယဉ်ယဉ်ကျေးကျေး ပြောဆိုပြီးနောက် ဟူဖေကန်းတို့အဖွဲ့သည် နောက်ဆုံးတွင် နှင်းပြင်ပေါ်၌ပင် စခန်းချလိုက်ပြီး မူလနေရာ၌ပင် အနားယူကာ အမိန့်ကို စောင့်ဆိုင်းနေကြသည်။

မာကောင်းရွှမ်ကတော့ အရောင်းအဝယ် ပြုလုပ်ရန်အတွက် လူအချို့ကို ရိက္ခာများ ပြင်ဆင်ရန် စေခိုင်းလိုက်သည်။

လင်းကျင်းထောင်ဘက်တွင်မူ သူက အဖွဲ့ထဲသို့ လျင်မြန်စွာ ပြန်သွားပြီး ညီမဖြစ်သူ လင်းမြောင်မြောင်ကို ရှာတွေ့ခဲ့သည်။

"အစ်ကို... သူတို့က အစ်ကို့ကို ဘာကိစ္စနဲ့ ခေါ်တာလဲ"

လင်းကျင်းထောင်က ချက်ချင်းပင် ကိစ္စရပ်အားလုံးကို တစ်ခေါက် ပြောပြလိုက်သည်။

လင်းမြောင်မြောင်က မျက်မှောင်ကြုတ်လိုက်ပြီး "ဒီမုန်ယာကုမ္ပဏီက ယွီကျိုးဆိုတဲ့ အဝေးကြီးမှာ ရှိတာ... ကျွန်မတို့ဆီနဲ့ဆို အနည်းဆုံး မိုင် ၃၀၀ ကနေ ၄၀၀ လောက် ဝေးတယ်လေ... သူတို့က ထိုက်ယန်တောင်ကို ဘယ်လိုလုပ် သိတာလဲ"

"အစ်ကို... သူတို့က ထိုက်ယန်တောင်ကို ဘာသွားလုပ်မှာလဲ"

လင်းကျင်းထောင်က ခေါင်းခါလိုက်သည်။ "ဟိုဘက်ကတော့ အရောင်းအဝယ်သွားလုပ်မှာလို့ပဲ ပြောတာပဲ... သေသေချာချာ ဘာလုပ်မှာလဲဆိုတာတော့ မပြောဘူး"

"အရောင်းအဝယ်လုပ်မယ်ဆိုတာက အပေါ်ယံ အကြောင်းပြချက်ပဲ ဖြစ်မယ်... ယွီကျိုးကနေ ကျန်းနန်ပြည်နယ်ကို အဝေးကြီး လာရတာဆိုတော့ အလယ်မှာတင် မိုင် ၃၀၀၊ ၄၀၀ လောက်ကို ဖြတ်လာရတာလေ... သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူး"

လင်းမြောင်မြောင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး "အစ်ကို... သူတို့က အဲ့ဒီ မုန်ယာကုမ္ပဏီ တိုက်ခိုက်ရေးဌာနကလို့ ပြောတာလား"

"အေး... သူတို့က အဲ့ဒီလိုပဲ ပြောတာပဲ"

"တိုက်ခိုက်ရေးဌာန... အစ်ကို... ကျွန်မထင်တာတော့ ဒီကိစ္စကို ကျွန်မတို့က ထိုက်ယန်တောင်ဘက်ကို ကြိုတင်ပြီး အကြောင်းကြားထားသင့်တယ်"

"နင်က ဒီလူတွေ ထိုက်ယန်တောင်ကို သွားတာ တခြား ရည်ရွယ်ချက် ရှိနေမှာကို စိုးရိမ်နေတာလား"

"အင်း... တိုက်ခိုက်ရေးဌာနက ဒီလောက်ဝေးတဲ့နေရာကို အရောင်းအဝယ်လုပ်ဖို့ သက်သက် လာတယ်ဆိုတာ ကျွန်မတော့ သိပ်မသင်္ကာဘူး"

လင်းမြောင်မြောင်၏ မျက်နှာအမူအရာက လေးနက်သွားပြီး "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ သတင်းကို ကြိုတင် ပို့ထားလိုက်ရင် ထိုက်ယန်တောင်ဘက်က လူတွေလည်း ကြိုတင် ပြင်ဆင်ထားလို့ ရတာပေါ့"

"နောက်ပိုင်းမှာ ကျွန်မတို့က လူတွေကို ခေါ်သွားပေးတယ်ဆိုရင်တောင် တကယ်လို့ ပြဿနာ တစ်ခုခုဖြစ်ခဲ့ရင် လင်းယွမ်က ကျွန်မတို့ကို အပြစ်တင်မှာ မဟုတ်ဘူးလေ... ဟုတ်တယ်မလား"

လင်းကျင်းထောင်က ကြားသည်နှင့် မျက်နှာအမူအရာ လေးနက်သွားကာ ခေါင်းညိတ်လိုက်သည်။ "နင်ပြောတာ မှန်တယ်... ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲ"

"ဒီလူစုက တကယ်လို့ ထိုက်ယန်တောင်အပေါ် မကောင်းတဲ့ အကြံအစည် ရှိနေတယ်ဆိုရင်တောင် ငါက ကိုယ်တိုင် ကိုယ်ကျ လမ်းပြလိုက်မယ်ဆိုရင် လင်းယွမ်က ငါ့အပေါ် အထင်လွဲသွားနိုင်တယ်"

"ဒါဆိုရင် လင်းယွမ်တို့ကို အရင် အကြောင်းကြားထားလိုက်တာက ပိုကောင်းပါတယ်"

လင်းမြောင်မြောင်က ချက်ချင်းပင် ပြောလိုက်သည်။ "ဒါဆို ကျွန်မ လူခေါ်ပြီး ထိုက်ယန်တောင်ကို ကြိုသွားပြီး သတင်းပို့ထားလိုက်မယ်... အစ်ကိုက ဒီလူစုတွေကို ခေါ်ပြီး ဖြည်းဖြည်းချင်း လာခဲ့လိုက်"

"ကောင်းပြီ... ဘာပဲဖြစ်ဖြစ် သူတို့က လမ်းကြောင်းမှ မသိတာ... ငါ သူတို့ကို ဟိုလှည့်ဒီလှည့်နဲ့ ခေါ်လာခဲ့မယ်"

မောင်နှမနှစ်ယောက် တိုင်ပင်ပြီးသွားသောအခါ ချက်ချင်းပင် လမ်းခွဲ၍ လှုပ်ရှားလိုက်ကြသည်။

ပြောရမည်ဆိုလျှင် သူတို့က ထိုက်ယန်တောင်ကို အမှားအယွင်းမရှိ ရှာဖွေနိုင်ခြင်းမှာ အစောပိုင်းက ရေလွှမ်းမိုးမှုများ အေးခဲမသွားမီကတည်းက လင်းကျင်းထောင်နှင့် လင်းမြောင်မြောင်တို့က ရေအောက်ရှိ မြို့ပြအပျက်အစီးများမှတစ်ဆင့် လမ်းကြောင်းကို ခွဲခြားမှတ်သားခဲ့ကြသောကြောင့် ဖြစ်သည်။

ထို့နောက် ဆောင်းရာသီ ရောက်ရှိလာသောအခါ ရေပြင်က စတင် အေးခဲသွားခဲ့သည်။

လင်းမောင်နှမက ရေပေါ်ပေါ်နေသည့် အရာဝတ္ထုများကို အသုံးပြုကာ လမ်းညွှန်အမှတ်အသားများကို ကြိုတင် ပြုလုပ်ထားရန် စဉ်းစားမိခဲ့ကြသည်။

ရေပြင်က လုံးဝ အေးခဲသွားပြီးနောက် နှင်းပွင့်ကြီးများ ကျဆင်းလာချိန်တွင် မောင်နှမနှစ်ယောက်က ရေပေါ်ပေါ်နေသည့် အရာဝတ္ထုများ ရှိနေသောနေရာကို အဆက်မပြတ် ခိုင်ခံ့အောင် ပြုလုပ်ပြီး နှင်းပြင်ပေါ်၌ လမ်းညွှန်အမှတ်အသားသစ်များ ပြုလုပ်ရုံသာ ဖြစ်ပေသည်။

ဤသည်က သူတို့က လင်ကျန်းမြို့သို့ တိတိကျကျ သွားရောက်နိုင်ပြီး ထိုက်ယန်တောင်ကို ရှာတွေ့နိုင်ခဲ့သည့် လျှို့ဝှက်ချက်ပင် ဖြစ်သည်။

ဤအချိန် ဤအခိုက်အတန့်၌ ထိုက်ယန်တောင်ပေါ်တွင်ကား။

လင်းယွမ်သည် စွမ်းအင်စုဝေးအဆောက်အအုံ၏ တတိယထပ်၌ မျက်လုံးများကို ဖွင့်လိုက်သည်။

နောက်ထပ် လဝက်ကျော်ခန့် အချိန်ကြာသွားပြီးနောက် စွမ်းအင်စုဝေးအဆောက်အအုံ တတိယထပ်တွင်လည်း အခန်း နှစ်ခန်း သုံးခန်းခန့်ကို ပြင်ဆင်ပြီးစီးသွားပြီ ဖြစ်သည်။

ဤသည်မှာ ဆောက်လုပ်မှု နှေးကွေးနေခြင်းကြောင့် မဟုတ်ဘဲ အခန်းထဲတွင် စွမ်းအင်ဝဲကတော့ သင်္ကေတ အခုတစ်ရာကျော်ကို ရေးဆွဲရသည့် လုပ်ငန်းစဉ်က အနည်းငယ် ကြီးမားနေသောကြောင့် ဖြစ်သည်။

အခန်းသုံးခန်းအတွက်ပင် လဝက်ကျော် အချိန်ကုန်သွားခဲ့ရသည်။

လတ်တလောတွင် ဤအခန်းသုံးခန်းမှာ လူများဖြင့် ပြည့်ကျပ်နေပြီး လူအများစုမှာ အမှတ်များကို စုဆောင်းကာ ဤနေရာသို့ လာရောက်၍ အစွမ်းလေ့ကျင့်ရန် စဉ်းစားနေကြသည်။

လင်းယွမ်က ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို ပြန်လည် ဖြည့်တင်းလိုက်ပြီးနောက် အရည်အသွေး ဇယားကွက်ကို ထပ်မံ ဖွင့်ကြည့်လိုက်သည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁၁၁

ခွန်အား - ၁၁၄

အလျင် - ၁၁၂

စိတ်စွမ်းအင် - ၁၁၁

ဘုံအရည်အသွေးမှတ်များ - ဝ

မျိုးရိုးဗီဇမျိုးစေ့ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၊ ရေခဲမြေရိုင်းဝက်ဝံ၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၊ တွင်းနက်အရိပ်နဂါး

မျိုးရိုးဗီဇမြေပုံ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ (၁၀%)၊ ရေခဲမြေရိုင်းဝက်ဝံ (အလယ်အလတ်အဆင့်)၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ် (၁၀%)၊ တွင်းနက်အရိပ်နဂါး (၁၀%)

ပင်ကိုယ်အစွမ်း - မျိုးရိုးဗီဇ အသွင်တစ်ရာ၊ သုမာရု ဟင်းလင်းပြင်၊ တွင်းနက်အရိပ်ကမ္ဘာ၊ ကြယ်ရေခဲဘောလုံး

အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း...

အမှတ် - ၄၆၀၁၀၄ မှတ်

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က နောက်ဆုံးတော့ ၁၀ ရာခိုင်နှုန်းကို ရောက်သွားပြီပဲ"

လင်းယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ၁၀ ရာခိုင်နှုန်းသို့ နောက်ဆုံးတွင် ချိုးဖောက်ရောက်ရှိသွားသည့်အပြင် အမှတ်များကလည်း တစ်ဟုန်ထိုး တက်လာခဲ့သည်။ ဆယ်ရက်ကျော်ခန့် အချိန်အတွင်းမှာပင် ၄၆၀,၀၀၀ ကျော်အထိ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အရာအားလုံးက တည်ငြိမ်စွာဖြင့် တိုးတက်လာနေပြီး ဤခံစားချက်မျိုးကို လင်းယွမ်က အလွန် သဘောကျမိသည်။

"မျိုးရိုးဗီဇ အရည်အသွေးမှတ်တွေ တိုးလာတာကတော့ သိပ်မများဘူး"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၁၀ ရာခိုင်နှုန်း အဆင့်က... မျိုးရိုးဗီဇ အရည်အသွေးမှတ်ကို ၁၀ မှတ်ပဲ တိုးစေတာပဲ"

ဆက်ရန်...

All Chapters