အခန်း (၆၂၃-၆၂၄)
Vol. 32 Ch. 623-624
အပိုင်း (၆၂၃) ကျန်းဖန်နှင့် ကောက်ယွီချန်
မျိုးရိုးဗီဇ အရည်အသွေးများ သိသိသာသာ တိုးတက်လာသည့်ကိစ္စအပေါ် လင်းယွမ်က အံ့သြခြင်းမရှိခဲ့ပေ။
သူ ထပ်ခါတလဲလဲ သုတေသနပြု စမ်းသပ်ပြီးနောက် ပြဿနာ၏အဓိကအချက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
လူသားခန္ဓာကိုယ် အခြေအနေတွင်မူ ကန့်သတ်ချက် တစ်ခုတော့ ရှိနေမည်သာဖြစ်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားသောအခါမှသာ ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်များ အလုံးစုံ ပွင့်ထွက်လာပြီး လုံးဝအသစ်စက်စက် မျိုးစိတ်ပုံစံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
မျိုးရိုးဗီဇမြေပုံပါ သက်ရှိသတ္တဝါအသွင်သို့ ပြောင်းလဲသွားချိန်မှသာ အရည်အသွေးအားလုံး ရူးသွပ်မတတ် ထိုးတက်သွားပြီး အစွမ်းထက်လှသော ခွန်အားများကို ဖော်ပြနိုင်မည်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် လူသားအသွင်တွင် အရည်အသွေးတိုင်း၌ ကန့်သတ်ချက်များ ရှိနေပေသည်။
သို့သော် မျိုးရိုးဗီဇမြေပုံပါ သက်ရှိသတ္တဝါအသွင်သည်သာ ဆင့်ကဲပြောင်းလဲခြင်း၏ ပိုမိုအားကောင်းသော လမ်းကြောင်းဖြစ်သည်။
လင်းယွမ်က မျိုးရိုးဗီဇ အရည်အသွေး အပြောင်းအလဲများကို ဂရုမစိုက်တော့ဘဲ သူ၏အမှတ်များကို တစ်ချက် ကြည့်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် ထိုအမှတ်များကို မသုံးသေးရန် သူ ဆုံးဖြတ်လိုက်၏။
"နောက်ထပ် နည်းနည်းလောက် စောင့်ဦးမယ်... အမှတ် တစ်သန်းပြည့်သွားရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာကို မြန်စေတဲ့ အမျိုးအစား ဆုတွေနဲ့ လဲလှယ်ကြည့်တာပေါ့"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားတဲ့အထိ အမြန်မြှင့်တင်ပြီးရင် စစ်တပ်ကပြောတဲ့ ကောင်းကင်ချောက်နက် လမ်းကြောင်းကို သွားစူးစမ်းရမယ်"
"လောလောဆယ်ငါ အသွင်တစ်ရာ မျောက်ဝံမိစ္ဆာရဲ့ ပင်ကိုယ်အစွမ်းကို အပြည့်အဝ အသုံးချလို့ ရသွားပြီ"
"အခု ငါက မီးဓာတ်၊ မြေဓာတ်၊ ရေဓာတ် စတဲ့ စွမ်းရည်အမျိုးမျိုးကိုပါ ကျွမ်းကျင်နေပြီ"
"မျိုးရိုးဗီဇမျိုးစေ့တွေ ပိုပြီး စုစည်းနိုင်ဖို့ ကြိုးစားရမယ်... အဲ့ဒီနောက်မှာ မျိုးရိုးဗီဇမြေပုံ အသစ်တွေကို ထပ်ပြီး စမ်းသပ်ရမယ်"
"မျိုးရိုးဗီဇမျိုးစေ့တိုင်းမှာ သူ့နဲ့သက်ဆိုင်တဲ့ မျိုးရိုးဗီဇမြေပုံ ကိုယ်စီရှိကြပြီး... မတူညီတဲ့ သန္ဓေပြောင်းသားရဲတွေအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိတယ်"
"သန္ဓေပြောင်းသားရဲတိုင်းမှာလည်း... သူတို့ရဲ့ ကိုယ်ပိုင် ပင်ကိုယ်စွမ်းရည်တွေနဲ့ အားသာချက်တွေ ရှိကြတာပဲ"
"ဘယ်နေရာမှာမှ အားနည်းချက် မရှိချင်ရင်တော့... မျိုးရိုးဗီဇမြေပုံ အနည်းငယ်လောက်ကို ထပ်ပြီး လေ့ကျင့်တာ အကောင်းဆုံးပဲ"
ယခုအခါ သူ့တွင် ရေခဲဓာတ်၊ အမှောင်ဓာတ်နှင့် ဟင်းလင်းပြင်ဓာတ် မျိုးရိုးဗီဇမြေပုံများကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း လင်းယွမ်က စိတ်ထဲတွေးနေမိသည်။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ ပုန်းကွယ်မှုနှင့် အသက်ကယ်တင်နိုင်စွမ်းများ အားလုံးရှိနေပြီဖြစ်သည်။
"စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ နောက်တစ်လုံးကို ထပ်ပြီး စုစည်းနိုင်ရင် ပိုကောင်းမယ်... ပြီးရင် စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမြေပုံ တစ်ခုကို ဖွင့်လှစ်မယ်"
သိန်းငှက်အဖွဲ့ စစ်တပ်မှ ဒေါက်တာအန်းဆိုသူအား လင်းယွမ်၏ စိတ်ကူးထဲတွင် ရုတ်တရက် သတိရသွားသည်။ ထိုသူ ထွက်ပြေးသွားစဉ်က ဆံပင်ဖြူ မိန်းကလေးတစ်ဦးကို ထိန်းချုပ်ခေါ်ဆောင်သွားခဲ့သည်။
ထိုမိန်းကလေးက သိသာထင်ရှားသော စိတ်စွမ်းအင်အမျိုးအစား အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်ပြီး သူမ၏ မျိုးရိုးဗီဇမြေပုံမှာ မြေခွေးနှင့်ဆင်တူသော သန္ဓေပြောင်းသားရဲတစ်ကောင် ဖြစ်သည်။
သူမ၏အစွမ်းမှာ စိတ်ဝိညာဉ် ထင်ယောင်ထင်မှားဖြစ်စေသည့် လမ်းကြောင်းဖြစ်ကာ သွားလာလှုပ်ရှားမှုမှာလည်း လျှို့ဝှက်ဆန်းကြယ်လှသည်။
တိုက်ခိုက်နိုင်စွမ်း မပြင်းထန်သော်လည်း ထူးဆန်းပြီး ခန့်မှန်းရခက်သည့် အားသာချက်တော့ ရှိပေသည်။
အခြားသော မျိုးရိုးဗီဇအသွင်ပြောင်းအစွမ်းများနှင့်သာ ပူးပေါင်းလိုက်ပါက ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိလာနိုင်မည်မှာ သေချာလှသည်။
"ဒီလို မျိုးရိုးဗီဇမြေပုံအဆင့်တွေကို ရင်ဆိုင်ရမယ်ဆိုရင်... ငါ့မှာ စိတ်စွမ်းအင် အမျိုးအစားကို တန်ပြန်နိုင်မယ့် နည်းလမ်းတွေ ရှိထားမှ ဖြစ်မယ်"
လင်းယွမ်၏ အတွေးများက လျင်မြန်စွာ ပြောင်းလဲနေပြီး သူ့လက်ထဲတွင်လည်း စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ အတော်များများ ရှိနေသည်။
အခြေခံအားဖြင့် မည်သည့် ရေပေါ်ကျွန်းပေါ်တွင်မဆို ဦးနှောက်အမြူတေ ရှိသည့်နေရာများတွင် စိတ်စွမ်းအင် အမျိုးအစား သွေးသလင်းကျောက် အများအပြား ထွက်ပေါ်လာတတ်သည်။
ဤသွေးသလင်းကျောက်မျိုးသည် ရေပေါ်ကျွန်းမှ သက်ရှိသတ္တဝါများ မသေဆုံးမီ စိတ်စွမ်းအင် ဒြပ်စင်များ အလွန်သိပ်သည်းသွားရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းကို စိတ်စွမ်းအင် မျိုးရိုးဗီဇမျိုးစေ့များ သန့်စင်ရာတွင် အသုံးပြုပါက အလွန် ကောင်းမွန်သော အာနိသင်ကို ရရှိစေသည်။
ဤနေရာသို့ တွေးမိသည်နှင့် လင်းယွမ်က စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ တစ်လုံးကို ထုတ်ယူလိုက်သည်။
သူ တုံ့ဆိုင်းမနေဘဲ ထိုမျိုးရိုးဗီဇမျိုးစေ့ကို ဗိုက်ထဲသို့ မျိုချလိုက်၏။
မျိုးရိုးဗီဇမျိုးစေ့ကို စားသုံးလိုက်သည်နှင့် လင်းယွမ်၏ စိတ်စွမ်းအင်များ ချက်ချင်းပင် လှုပ်ခတ်လာတော့သည်။
တစ်ချိန်တည်းမှာပင် အခန်းထဲရှိ စွမ်းအင်ဝဲကတော့ သင်္ကေတများက တစ်ခုပြီးတစ်ခု လင်းလက်လာကာ သင်္ကေတများ လည်ပတ်သွားပြီး စွမ်းအင်များက လင်းယွမ်ဆီသို့ စီးဝင်သွားကြသည်။
လင်းယွမ် မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇ ပုံရိပ်ယောင်များ ပြောင်းလဲသွားကာ စိတ်စွမ်းအင် မျိုးရိုးဗီဇဘက်သို့ စတင် ကူးပြောင်းသွားလေတော့သည်။
...
"သတ်"
"ကျန်းဖန်... ဘယ်ဘက်မှာ"
တွင်းနက်အရိပ်ရေပေါ်ကျွန်း အပြင်ဘက်တွင် ကောက်ယွီချန်က အကျယ်ကြီး အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ပြင်းထန်သော လက်ဝါးရိုက်ချက်တစ်ခုကို ပစ်လွှတ်လိုက်၏။
ချက်ချင်းဆိုသလို လေထုက ဧရာမ လက်ဝါးရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး "ဘုန်း" ဟူသော အသံနှင့်အတူ ပေါက်ကွဲထွက်သွားသည်။
ကျန်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံး အကြေးခွံများ ဖုံးလွှမ်းနေပြီး သူ၏ကိုယ်လုံးကို ပြင်းပြင်းထန်ထန် လိမ့်ချလိုက်ချိန်တွင် သူ၏အနောက် မလှမ်းမကမ်း၌ ကျယ်လောင်စွာ ပေါက်ကွဲသွားလေသည်။
လူရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုသူမှာ အသက်သုံးဆယ်ခန့်ရှိပြီး အရပ်မရှည်ဘဲ ပဲစေ့ကဲ့သို့ သေးငယ်သော မျက်လုံးများရှိကာ ကောက်ကျစ်သော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။
"ဟီးဟီး... မင်း သိသွားတာပဲ"
ကျန်းဖန်က မြေပြင်ပေါ်မှ အလျင်အမြန် ထရပ်လိုက်ပြီး ကောက်ယွီချန်နှင့် ကျောချင်းကပ်ရပ်လိုက်သည်။
သူတို့နှစ်ဦးထဲတွင် တစ်ဦးက ငါးလူသားအစွမ်းရှိပြီး နောက်တစ်ဦးက ချီစွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်သည်။
နှစ်ဦးစလုံးမှာ အနီးကပ်တိုက်ခိုက်ရေး၌ ကျွမ်းကျင်သော အစွမ်းပိုင်ရှင်များ ဖြစ်ကြသော်လည်း တဖက်ရှိ သွားလာလှုပ်ရှားမှု လျှို့ဝှက်ဆန်းကြယ်လှသော ဤဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင်ကို ရင်ဆိုင်ရသည်မှာ အနည်းငယ် ခက်ခဲနေသည်။
ပတ်ဝန်းကျင် အရပ်ဆီမှ သတ်ဖြတ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ကျန်းဖန်က မနေနိုင်တော့ဘဲ "ဝမ်ရှောင်ဘယ်မှာလဲ... ဒီလို ဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင်တွေကို ရင်ဆိုင်ဖို့ သူ့ရဲ့ စိတ်စွမ်းအင် အကူအညီ လိုတယ်" ဟု ပြောလိုက်သည်။
ကောက်ယွီချန်က မျက်လုံးထောင့်မှ တစ်ချက်ဝေ့ကြည့်လိုက်ပြီး အဝေးရှိ ကောင်းကင်ဆီသို့ မော့ကြည့်ကာ "သူက တခြားတစ်ယောက်နဲ့ အလုပ်ရှုပ်နေတယ်" ဟု ပြောလိုက်၏။
ကျန်းဖန်လည်း ကောင်းကင်သို့ မော့ကြည့်လိုက်ရာ တကယ်ပင် ဝမ်ရှောင်မှာ စိတ်စွမ်းအင်အမျိုးအစား ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်နေရပြီး သူတို့နှစ်ဦးသည် ကောင်းကင်ထက်၌ စိတ်အဝေးထိန်းအစွမ်းများဖြင့် အပြင်းအထန် တိုက်ခိုက်နေကြရာ လှုပ်ရှားမှုများက မသေးငယ်လှပေ။
"ဟီးဟီး... မကြည့်နဲ့တော့... မင်းတို့ရဲ့ ပြိုင်ဘက်က ငါပဲ"
ပဲစေ့မျက်လုံးနှင့် လူငယ်က အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ကိုယ်လုံးက ရုတ်တရက် လင်းလက်သွားကာ ပုံသဏ္ဌာန်မရှိ၊ ဒြပ်မရှိသော မှုန်ဝါးဝါး လေဆင်နှာမောင်းတစ်ခုအဖြစ် ထပ်မံ ပြောင်းလဲသွားသည်။
သူက လေဓာတ် အစွမ်းပိုင်ရှင် ဖြစ်သည်။
ဒြပ်စင်ပုံစံသို့ ပြောင်းလဲပြီးနောက် လေတစ်ပွေအဖြစ် ပြောင်းလဲသွားကာ သွားလာရာတွင် ခြေရာလက်ရာ လုံးဝမကျန်ခဲ့ပေ။
လေနှင့်နှင်းများ ဖုံးလွှမ်းနေသည့် ဤကောင်းကင်ပြင်ကြီးထဲတွင် ဤလေတစ်ပွေကို ကာကွယ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ကျန်းဖန်၏ မျက်နှာအမူအရာက အေးစက်သွားပြီး ဘေးရှိ ကောက်ယွီချန်က သူ၏ကိုယ်ပေါ်ရှိ သင်္ကေတကျောက်တုံးကို တုံ့ဆိုင်းမနေဘဲ ရိုက်ချလိုက်သည်။
"ဝီ"
ချက်ချင်းဆိုသလိုပင် လိပ်ခွံစွမ်းအင်အကာအကွယ် ပွင့်လာပြီး သူနှင့် ကျန်းဖန်တို့ကို လွှမ်းခြုံသွားလေသည်။
"ဘုန်း"
အနောက်ဘက်ရှိ လိပ်ခွံစွမ်းအင်အကာအကွယ်ဆီမှ ကျယ်လောင်သော မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာပြီး ကျန်းဖန်က အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်ကာ အနောက်ဘက်သို့ ပြင်းထန်သော လက်သီးတစ်ချက် ထိုးချလိုက်သည်။
သူ၏ လက်သီးပေါ်တွင် သင်္ကေတကျောက်တုံး စီခြယ်ထားသော သံလက်သီးစွပ်တစ်ခုကို ဝတ်ဆင်ထားသည်။
လက်သီးတစ်ချက် ထိုးချလိုက်သည်နှင့် တစ်ပြိုင်နက် လက်သီးပေါ်တွင် သင်္ကေတ အလင်းရောင်များ လင်းလက်သွား၏။
"ပေါက်ကွဲလက်သီး"
ကြမ်းကြုတ်လှသော လက်သီးစွမ်းအားများက ကြောက်မက်ဖွယ် လေလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရူးအမူး တိုက်ခတ်သွားသည်ကို မြင်လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း အပြင်ဘက်ရှိ အစိမ်းရောင် လေဆင်နှာမောင်းကြီး လွင့်စင်သွားသည်။
ဤလက်သီးစွပ်ပေါ်တွင် ပေါက်ကွဲသင်္ကေတ ထွင်းထုထားခြင်း ဖြစ်သည်။
ဤပေါက်ကွဲသင်္ကေတသည် ထိုက်ယန်တောင်ရှိ စွမ်းအင်သုံး ကိရိယာများစွာအတွက် မရှိမဖြစ် လိုအပ်သော သင်္ကေတတစ်ခုဖြစ်ပြီး အသက်သွင်းပြီးပါက အားကောင်းသော ပေါက်ကွဲအားကို ထုတ်လွှတ်နိုင်သည်။
၎င်းမှာ ထိုစဉ်က လင်းယွမ်က လိုင်ကျစ်ရုံကို သတ်ဖြတ်ချိန်၌ ရရှိခဲ့သော သင်္ကေတများစွာထဲမှ တစ်ခုဖြစ်သည်။
ယခုအခါတွင် ၎င်းသည် ထိုက်ယန်တောင်ရှိ သင်္ကေတများစွာထဲတွင် အရောင်းရဆုံး သင်္ကေတတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
အဓိကအားဖြင့် ပေါက်ကွဲသင်္ကေတသည် ခွန်အားအမျိုးအစားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်များ အနှစ်သက်ဆုံး သင်္ကေတ ဖြစ်နေခြင်းကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် ပေါက်ကွဲသင်္ကေတသည် သွေးသားခွန်အား၏ အားကောင်းမှုအပေါ် မူတည်၍ ၎င်း၏ စွမ်းအားကို ဖော်ပြပေးနိုင်သောကြောင့် ဖြစ်သည်။
သွေးသားခွန်အား အားကောင်းလေ ပေါက်ကွဲအား ကောင်းလေ ဖြစ်သည်။
ကျန်းဖန်က ငါးလူသားအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည့် စံပြ ခန္ဓာကိုယ်ကြံ့ခိုင်မှုအမျိုးအစား အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည်။
ငါးလူသားအခြေအနေတွင် သူ၏ သွေးသားခွန်အားများက သန်စွမ်းလာပြီး သာမန် ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်များထက် လုံးဝ မနိမ့်ကျပေ။
ထို့ကြောင့်သာ သူက ဤလက်သီးစွပ်မျိုးကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သို့သော် အစိမ်းရောင် လေဆင်နှာမောင်းကြီး စုစည်းလာလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေခြင်းက ကျန်းဖန်နှင့် ကောက်ယွီချန်တို့ နှစ်ဦးကို တစ်ဖက်လူ၏ ခြေရာခံခြင်းမှ လွတ်ကင်းသွားစေသည်။
သူတို့နှစ်ဦးမှာ ခုခံကာကွယ်ရန်သာ တတ်နိုင်တော့သည်။
"ဒီလို ဆက်သွားလို့တော့ မဖြစ်ဘူး" ဟု ကျန်းဖန်က တိုးတိုးလေး ပြောလိုက်သည်။
သူတို့နှစ်ဦး ကျောချင်းကပ်ထားရင်း ကောက်ယွီချန်ကလည်း "အစ်ကိုဖန်... ဘာအကြံကောင်း ရှိလဲ" ဟု မေးလိုက်၏။
"သူ့ကို ထောင်ချောက်ဆင်ဖို့ နည်းလမ်းရှာရမယ်"
"သူက ဒြပ်စင်အသွင်ပြောင်းနိုင်တယ်... ငါတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ကွက်တွေက သူ့အပေါ် သိပ်အကျိုးသက်ရောက်မှု မရှိဘူး... စိတ်စွမ်းအင် ဒါမှမဟုတ် ဒြပ်စင်အမျိုးအစား တိုက်ကွက်တွေပဲ သူ့ကို ဒဏ်ရာရစေနိုင်မှာ"
ကျန်းဖန်က သင်္ကေတကျောက်တုံးတစ်တုံးကို မသိမသာ ထုတ်ယူလိုက်ပြီး အသံနှိမ့်ကာ "ငါ သူ့ကို အရင်ထွက်လာအောင် မြှူလိုက်မယ်... မင်းက အဲ့ဒါကို သုံးဖို့ အခွင့်အရေးရှာ" ဟု ပြောလိုက်သည်။
ကောက်ယွီချန်က ခေါင်းငုံ့ကြည့်လိုက်ရာ သူ၏စိတ်ထဲတွင် ဝမ်းသာသွားသည်။
"စွမ်းအင်ချိတ်ပိတ် သင်္ကေတ"
ဤအရာက သူတို့ကဲ့သို့ ခွန်အားအမျိုးအစားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအမျိုးအစား အစွမ်းပိုင်ရှင်များ၏ အနှစ်သက်ဆုံး ပစ္စည်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စွမ်းအင်ချိတ်ပိတ် သင်္ကေတအောက်တွင် အစွမ်းပိုင်ရှင်အားလုံး၏ အစွမ်းများ ခေတ္တ ချိတ်ပိတ်ခံရမည်ဖြစ်ပြီး အစွမ်းစွမ်းအင်များကို ထုတ်ယူသုံးစွဲနိုင်တော့မည် မဟုတ်ဘဲ မိမိကိုယ်ပိုင် ခွန်အားဖြင့်သာ တိုက်ခိုက်ရမည် ဖြစ်သောကြောင့်ပင်။
ခွန်အားအမျိုးအစား၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုအမျိုးအစားနှင့် အလျင်အမျိုးအစား အစွမ်းပိုင်ရှင်များသည် ကာလရှည်ကြာ ဆင့်ကဲပြောင်းလဲပြီးနောက် သဘာဝအတိုင်း ဤအရည်အသွေးများ၌ သာလွန်သည့် အားသာချက်များ ရှိနေကြသည်။
အစွမ်းများကို အသုံးမပြုလျှင်ပင် သာမန်လူများထက် များစွာ သာလွန်နေသေးသည်။
ထို့ကြောင့် ဤအစွမ်းပိုင်ရှင် အမျိုးအစားများက စွမ်းအင်ချိတ်ပိတ် သင်္ကေတကို အလွန် နှစ်သက်ကြခြင်း ဖြစ်သည်။
လက်ထဲတွင် ငွေကြေးတတ်နိုင်သမျှ အနည်းငယ်တော့ ဆောင်ထားတတ်ကြသည်။
ဟုတ်ပေသည်... ဤအကြောင်းကြောင့်ပင် စွမ်းအင်ချိတ်ပိတ် သင်္ကေတ၏ ဈေးနှုန်းမှာ အမြဲတမ်း မြင့်မားနေခဲ့သည်။
ကောက်ယွီချန်ကိုယ်တိုင်ပင် အများကြီး ဝယ်ယူရန် မတတ်နိုင်ခဲ့ပေ။
ယခင် တိုက်ပွဲအကြိမ်ရေ အနည်းငယ်တွင် သူ၏ လက်ကျန်ပစ္စည်းများ အားလုံး ကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။
အစ်ကိုဖန်၏ လက်ထဲတွင် ကျန်နေသေးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ထိုအခိုက်တွင် သူ ချက်ချင်း ခေါင်းညိတ်ပြလိုက်ရာ သူတို့နှစ်ဦး၏ စိတ်သဘောထားများ တိုက်ဆိုင်သွားပြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ကြသည်။
ရုတ်တရက် အဝေးရှိ ကောင်းကင်ယံတွင် အစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး လေထဲမှ ဖြစ်တည်လာသော အစိမ်းရောင် လူရိပ်မှာ ထိုပဲစေ့မျက်လုံးနှင့် လူငယ်ပင် ဖြစ်သည်။
သူက လေထဲတွင် ရပ်နေရင်း လှောင်ပြုံးပြုံးကာ "လိပ်ခွံထဲမှာ ပုန်းနေပြီး ထွက်မလာရဲတဲ့ ငကြောက်နှစ်ကောင်ပေါ့... ဟုတ်လား" ဟု ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုလည်း မင်းတို့ရဲ့ တပည့်လေးတွေကို အရင်သတ်ပေးရတာပေါ့... မင်းတို့ ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲဆိုတာ ငါကြည့်ဦးမယ်"
"ရွှီ"
သူ လက်တစ်ချက် ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်က မရေမတွက်နိုင်သော လေဓားသွားများအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်တွင် တိုက်ခိုက်နေကြသော အခြား အစွမ်းပိုင်ရှင်များဆီသို့ အပြင်းအထန် ပစ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလို အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ကျန်းဖန်က ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး လိပ်ခွံစွမ်းအင်အကာအကွယ်ထဲမှ အလျင်အမြန် ခုန်ထွက်လာကာ "ငါ မင်းနဲ့ သူသေကိုယ်သေ တိုက်မယ်" ဟု ဒေါသတကြီး အော်ဟစ်လိုက်၏။
သူက ဟင်းလင်းပြင်ထဲရှိ အစိမ်းရောင် အလင်းတန်း အထူထပ်ဆုံးနေရာဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်ရာ ပေါက်ကွဲသင်္ကေတက လင်းလက်သွားပြီး လက်သီးစွပ်က ဟိန်းဟောက်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများက ကျယ်လောင်သော အသံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားပြီး အရှေ့ရှိ အစိမ်းရောင် အလင်းတန်းများဖြင့် စုစည်းထားသော လေဓားသွားများကို လူစုခွဲပစ်လိုက်သည်။
"ဟားဟားဟား... ငတုံး... မင်း ထွက်လာမယ့်အချိန်ကို စောင့်နေတာကွ"
"ဝူး"
ပတ်ပတ်လည်ရှိ လေပြင်းများက အူဝဲတိုက်ခတ်လာပြီး လေဆင်နှာမောင်းတစ်ခုအဖြစ် လျင်မြန်စွာ ဖြစ်ပေါ်လာကာ ကျန်းဖန်၏ ပတ်ပတ်လည်ကို အပြင်းအထန် ခုတ်ထစ်လေတော့သည်။
ထိုလေဆင်နှာမောင်းထဲတွင် မရေမတွက်နိုင်သော လေဓားသွားများက အသားကြိတ်စက်တစ်ခုကဲ့သို့ စုစည်းလာပြီး ကျန်းဖန်ကို အရူးအမူး ညှစ်သတ်နေကြသည်။
ကျန်းဖန်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဤမျှ စွမ်းအားကြီးမားသော လေဆင်နှာမောင်း ဓားသွားများကို သူ၏ ငါးလူသား အကြေးခွံအကာအကွယ် ရှိနေလျှင်တောင် တိုက်ရိုက် ခုခံနိုင်ရန် ခက်ခဲလှပေသည်။
သို့သော် ယခုအချိန်တွင် တစ်ဖက်လူ ထွက်ပြေးမည်ကို တားဆီးရန်အတွက် တစ်ဖက်လူ၏ အာရုံကို ဆွဲဆောင်ထားနိုင်ရန် သူက မျက်နှာချင်းဆိုင် ခုခံရမည်သာဖြစ်သည်။
"ရွှမ်း"
သူက မိမိ၏ဝတ်ရုံကို ပြင်းပြင်းထန်ထန် ဆွဲကိုင်လိုက်ပြီး မိမိကိုယ်ကိုယ် အပြင်းအထန် ဖုံးအုပ်လိုက်သည်။
"ဒေါင်... ဒေါင်... ဒေါင်"
မရေမတွက်နိုင်သော လေဓားသွားများက ညှစ်သတ်လာသဖြင့် သူက ဝတ်ရုံအောက်တွင် ပုန်းအောင်းနေရင်း စိတ်ထဲ၌ တိတ်တဆိတ် ဝမ်းသာနေမိသည်။
"တော်သေးတာပေါ့... မထွက်လာခင်က သုတေသနဌာနကို သွားပြီး မလင်းယာဆီက ဒီအကာအကွယ်ဝတ်ရုံကို ဝယ်လာခဲ့လို့"
ဤဝတ်ရုံကို သန္ဓေပြောင်း မိန်ဟွာဝက်၏ သားရေဖြင့် ချုပ်လုပ်ထားခြင်းဖြစ်ပြီး အတွင်းပိုင်းတွင် ရွှေချပ်ဝတ် သင်္ကေတကို ထွင်းထုထားသည်။
၎င်းသာမက ဤဝတ်ရုံကို လင်းယာ၏ မာကျောအစွမ်း ဖြင့်ပါ အစီအရင် ပြုလုပ်ထားသဖြင့် ၎င်း၏ ကာကွယ်နိုင်စွမ်းမှာ အလွန် အစွမ်းထက်လှသည်။
ယခုအခိုက်အတန့်တွင် ကျန်းဖန်က ၎င်းကို ဖြန့်ကျက်ထားပြီး သူ၏တစ်ကိုယ်လုံးကို ကာကွယ်ရန် အမြင့်ဆုံး အကာအကွယ်တံတိုင်းတစ်ခုကဲ့သို့ ပိတ်ဆို့ထားကာ တစ်ချိန်တည်းမှာပင် စွမ်းအင်ချိတ်ပိတ် သင်္ကေတကျောက်တုံး တစ်တုံးကို ခိုးကြောင်ခိုးဝှက် ထုတ်ယူလိုက်ပြီး ရုတ်တရက် အသက်သွင်းလိုက်သည်။
"ဝုန်း"
မြေပြင်အထက်တွင် ဧရာမ စွမ်းအင်ချိတ်ပိတ် သင်္ကေတ အလင်းရောင်ကြီး ရုတ်တရက် လင်းလက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲရှိ အစိမ်းရောင် လေဆင်နှာမောင်းကြီး ရပ်တန့်သွားပုံပေါ်ပြီး လေဓားသွားများ အားလုံးလည်း လျင်မြန်စွာ ပြိုကွဲသွားကြသည်။
ကောင်းကင်ယံရှိ ပဲစေ့မျက်လုံးနှင့် လူငယ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး "စွမ်းအင်ချိတ်ပိတ် သင်္ကေတ" ဟု အလန့်တကြားနှင့် ဒေါသတကြီး အော်ဟစ်လိုက်၏။
သူက အလျင်အမြန် ဆုတ်ခွာချင်သွားသည်။
သို့သော် ထိုအချိန်တွင် လေထဲ၌လည်း စွမ်းအင်ချိတ်ပိတ် သင်္ကေတ အလင်းရောင်တစ်ခု ရုတ်တရက် ပေါက်ကွဲသွားသည်။
"ဝုန်း"
မျက်စိတစ်မှိတ်အတွင်း မြေပြင်နှင့် ကောင်းကင်ယံရှိ စွမ်းအင်ချိတ်ပိတ် သင်္ကေတနှစ်ခုက ရိုးရှင်းသော အနီရောင် လှောင်ချိုင့်တစ်ခုအဖြစ် ဖြစ်တည်သွားသည်။
စွမ်းအင်ချိတ်ပိတ် သင်္ကေတ လွှမ်းခြုံထားသော ဧရိယာအတွင်းရှိ အစွမ်းစွမ်းအင်များ အားလုံး၏ လည်ပတ်မှု ချက်ချင်း ရပ်တန့်သွားလေသည်။
ပဲစေ့မျက်လုံးနှင့် လူငယ်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ဒြပ်စင်အသွင်ကို ဆက်လက် မထိန်းသိမ်းနိုင်တော့ဘဲ အသွေးအသား လူသားပုံစံသို့ ပြောင်းလဲသွားသည်။
သူ၏ခန္ဓာကိုယ်က အမြင့်ဆုံး ကောင်းကင်ဆီမှ ပြုတ်ကျလာလေ၏။
ကောက်ယွီချန်က ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ရုတ်တရက် ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး "သေလိုက်စမ်း" ဟု အော်ဟစ်လိုက်သည်။
သူက လက်နှစ်ဖက်ကို ဘောလုံးတစ်လုံးကဲ့သို့ ဆုပ်ကိုင်လိုက်ရာ သူ၏လက်ဝါးထဲတွင် ချီစွမ်းအင်လှိုင်း စက်လုံးတစ်ခု ချက်ချင်း စုစည်းသွားသည်။
"ချီစွမ်းအင်လှိုင်း"
"ဘုန်း"
သူက လက်နှစ်ဖက်လုံးကို ရှေ့သို့ ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်ရာ ကပ်ဘေးမတိုင်မီက ဂျပန်နဂါးဘောအာနီမဲထဲရှိ ခါမဲဟာမဲဟာ တိုက်ကွက်သို့ပင် ကျယ်လောင်စွာ ပစ်ထွက်သွားသည်။
(ခါမဲဟာမဲဟာ က နဂါးဘော - dragonball anime ထဲက ဇာတ်ကောင်သုံးတဲ့ ခါ...မဲ...ဟာ...မဲ...ဟားးးးး လို့အော်ပြီး လက်နှစ်ဖက်နဲ့စွမ်းအင်တွေကို စက်လုံးအဖြစ်စုစည်းပြီး ပစ်လွှတ်ရတဲ့ ရောင်ခြည်အစွမ်းဖြစ်ပါတယ်)
လေလှိုင်းများက အမြောက်ဆန်တစ်ခုကဲ့သို့ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ပြုတ်ကျလာသော ပဲစေ့မျက်လုံးနှင့် လူငယ်ကို ကျယ်လောင်သော အသံကြီးနှင့်အတူ ထိမှန်သွားလေ၏။
"ဒိုင်း"
ကျယ်လောင်သော အသံကြီး ပေါက်ကွဲထွက်လာပြီး ပဲစေ့မျက်လုံးနှင့် လူငယ်၏ စူးရှသော အော်ဟစ်သံများကြားတွင် သူ၏ကိုယ်လုံးက အသားစအသားနများအဖြစ် ပေါက်ကွဲထွက်သွားလေတော့သည်။
လေဓာတ် အစွမ်းပိုင်ရှင်တစ်ဦးသည် တွင်းနက်အရိပ်ရေပေါ်ကျွန်း အောက်တွင် ဤသို့ပင် သေဆုံးသွားခဲ့လေပြီ။
မြင့်မားသော ကောင်းကင်ယံတွင် တိမ်တိုက်များနှင့် မြူခိုးများ ဖုံးလွှမ်းနေသည်။
ထိုအထဲတွင် ပုန်းကွယ်နေသော ဒြပ်စင်အသွင်ပြောင်း တိန့်ကျဲသည် ဤမြင်ကွင်းကို ကြည့်ရင်း လေးနက်သော အမူအရာတစ်ခုကို မနေနိုင်ဘဲ ပြသလိုက်မိသည်။
"ဒီထိုက်ယန်တောင်မှာ အရည်အချင်းရှိတဲ့သူတွေ တကယ် များတာပဲ"
"လင်းယွမ်က သာမန်ထက် ထူးကဲနေပြီလို့ ငါထင်ထားတာ... သူ့လက်အောက်က လူတွေကပါ ဒီလောက်အထိ တိုက်ခိုက်ရေးစွမ်းရည် ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"
"ရေနတ်ဘုရားဂိုဏ်း အရှုံးပေးလိုက်ရတာ မတရားဘူးလို့ မဆိုနိုင်ဘူး"
တိန့်ကျဲက သက်ပြင်းတစ်ချက် ချလိုက်သည်။ အစပိုင်းတွင် ထိုက်ယန်တောင်သည် လင်းယွမ် တစ်ယောက်တည်း၏ အားကိုးဖြင့် ရပ်တည်နေသည်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့သော် ဤအချိန်အတွင်း ကျန်းဖန်နှင့် အခြားသူများကို တိတ်တဆိတ် ကာကွယ်ပေးရင်း သူ တဖြည်းဖြည်း သတိထားမိလာသည်မှာ ဤလူစုတွင်လည်း ထူးခြားသော တိုက်ခိုက်စွမ်းရည်များ ရှိနေခြင်းပင်။
သူတို့ထဲတွင် ဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်မှ မရှိသော်လည်း ဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင်များကို သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။
အမျိုးမျိုးသော သင်္ကေတ အစွမ်းများကို အသုံးပြုခဲ့ကြသော်လည်း ဤတိုက်ခိုက်ရေးပါရမီကို လျစ်လျူရှု၍ မရနိုင်ပေ။
အကယ်၍ ဤလူများကို အပြင်ဘက် လောကသို့သာ စေလွှတ်လိုက်ပါက သူတို့လည်း တစ်စုံတစ်ရာသော အောင်မြင်မှုများ ရရှိနိုင်လိမ့်မည်မှာ သေချာသည်။
ထိုက်ယန်တောင်တွင် ရှိနေသောကြောင့်သာ လင်းယွမ်၏ အလင်းရောင်အောက်တွင် ဖုံးကွယ်ခံထားရခြင်း ဖြစ်သည်။
"ဟင်"
ရုတ်တရက် တိန့်ကျဲ၏ မျက်လုံးများက လင်းလက်သွားပြီး မလှမ်းမကမ်းရှိ တိမ်တိုက်အုပ်စုဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
တိမ်တိုက်အုပ်စုထဲမှ အေးစက်သော အငွေ့အသက်တစ်ခု ရိုက်ခတ်လာသည်ကို သူ မြင်လိုက်ရ၏။
တိန့်ကျဲက အေးစက်စက် ပြုံးလိုက်ပြီး "နောက်ထပ်တစ်ယောက်လား" ဟု ပြောလိုက်သည်။
တိမ်တိုက်ထဲမှ လူသည်လည်း သူ၏ အကြည့်ကို ခံစားမိသွားပုံရကာ ရပ်တန့်၍ သူ့ကို ရင်ဆိုင်လိုက်သည်။
"မင်းက ဒီဆယ်ရက်ကျော်ကာလအတွင်း တိုက်ပွဲထဲလည်း ဝင်မပါသလို ငါ့ကိုလည်း မျက်နှာချင်းဆိုင် ရင်မဆိုင်ဘူး... တကယ်တော့ မင်းက ဘာလုပ်ချင်တာလဲ" တိမ်တိုက်အုပ်စုထဲမှ အေးစက်စက် ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး အရိုးကွဲမတတ် အေးစက်သော အငွေ့အသက်များက လူတစ်ယောက်ကို အေးခဲသွားစေနိုင်သည့်အလား ထင်မှတ်ရသည်။
ဆက်ရန်...
အပိုင်း(၆၂၄) သဲလွန်စ ရှာဖွေတွေ့ရှိခြင်း
တိမ်တိုက်ထဲမှ ထွက်ပေါ်လာသော အေးစက်စက် အသံဖြင့် မေးခွန်းထုတ်မှုအား တိန့်ကျဲက ပြန်လည်တုံ့ပြန်လိုက်သည်။
"အောက်ကလူတွေ ဘယ်လိုတိုက်တိုက် ငါဂရုမစိုက်ဘူး... ဒါပေမဲ့ မင်းက အင်အားကြီးသူပီပီ အားနည်းသူကို အနိုင်ကျင့်မယ်ဆိုရင်တော့ ငါလည်း ဝင်ပါရလိမ့်မယ်"
"ဟက်ဟက်... မင်းက ဝင်ပါမယ်... မင်းဝင်ပါတော့ရော ဘာဖြစ်လဲ... သတ္တိရှိရင် ငါနဲ့ မျက်နှာချင်းဆိုင် လာတိုက်စမ်းပါ" တိမ်တိုက်ထဲမှလူက အေးစက်စက် လှောင်ပြောင်လိုက်သည်။
တိန့်ကျဲက ခပ်ဟဟ ရယ်မောလိုက်သည်။ "ရေခဲဓာတ် အစွမ်းက အဲ့ဒီလောက် အစွမ်းထက်နေတာ... ငါ့ရဲ့ ရေဓာတ် အစွမ်းကိုတောင် ဖိနှိပ်ထားနိုင်သေးတယ်ဆိုတော့ ငါက ဘာကိစ္စ မင်းနဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ရမှာလဲ"
"ငါပြောခဲ့တဲ့ စကားအတိုင်းပဲ... မင်းက အားနည်းသူကို အနိုင်ကျင့်ရဲတယ်ဆိုရင် ငါလည်း မင်းရဲ့ လက်အောက်ငယ်သားတွေကို သတ်ပစ်လို့ရတာကို မမေ့နဲ့"
တိမ်တိုက်ထဲမှလူက သူ၏ အရှက်မရှိသော အပြုအမူကြောင့် ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားသည်။
"ဟားဟားဟား... ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်"
"မင်းကိုယ်မင်း ဘာကောင် မှတ်နေလဲ... ဒီနေရာမှာ လာပြီး ငါ့ကို ခြိမ်းခြောက်နေရအောင် မင်းက ဝှက်ဖဲ အဏုမြူဗုံးလား"
"ဒီနေ့ မင်းကို ငါ့အစွမ်း ဘယ်လောက်ရှိလဲဆိုတာ ပြပေးရသေးတာပေါ့"
"ဝုန်း"
ထိုတိမ်ခိုးတိမ်ငွေ့များက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ချက်ချင်းပင် ကောင်းကင်ယံတစ်ခွင်လုံး၌ ရေခဲမှုန်များအဖြစ် ပြောင်းလဲသွားကာ တိန့်ကျဲ ပြောင်းလဲထားသော တိမ်တိုက်ဆီသို့ အဟုန်ပြင်းပြင်းဖြင့် တိုးဝင်သွားသည်။
တိန့်ကျဲက ယင်းအခြေအနေကို မြင်လိုက်သည်နှင့် တိမ်တိုက်ကို ချက်ချင်း ဖျက်သိမ်းလိုက်ပြီး မီးခိုးရောင် ရေငွေ့တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
သူက ရေဓာတ် အစွမ်းပိုင်ရှင်ဖြစ်ရာ ရေခဲဓာတ် အစွမ်းပိုင်ရှင်နှင့် ရင်ဆိုင်ရချိန်တွင် သဘာဝအရ ဖိနှိပ်ခံရခြင်း ဖြစ်သည်။
ထို့အပြင် တစ်ဖက်လူက အဓိက အရည်အသွေး ၁၀၀ မှတ်အထိ ရောက်ရှိနေသော ထိပ်တန်း အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်နေသေးသည်မဟုတ်ပါလား။
အရည်အသွေးပိုင်းတွင် သူ့ထက် အမှတ်အနည်းငယ် ပို၍ သာလွန်နေသည်။
"ဟမ့်... လင်းဆိုတဲ့ကောင်ကသာ ငါ့ကို အရိပ်ကမ္ဘာထဲမှာ ပိတ်မလှောင်ထားဘူးဆိုရင် ငါ့ရဲ့ အဓိက အရည်အသွေးက ၁၀၀ မှတ် ပြည့်နေတာ ကြာပေါ့"
သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် အသွင်ပြောင်းလဲနေပြီး ရေခဲမှုန်များကြားတွင် ဖြတ်သန်းသွားလာနေသည်ကို မြင်တွေ့လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ရေငွေ့များကလည်း အဆက်မပြတ် အသွင်ပြောင်းလဲနေပြီး တဖြည်းဖြည်းနှင့် ရေခဲမှုန်ပွင့်များအဖြစ် စုစည်းသွားသည်။
"ဟက်... ငါ့ကို အတင်းအကြပ် တွန်းအားပေးနေလား"
တိန့်ကျဲက အေးစက်စက် ရယ်မောလိုက်သည်။ "ငါ့ရေလေးရဲ့ အေးခဲမှတ်က ၄ ဒီဂရီမှာ ရှိတယ်... ငါသာ အဲ့ဒီအစွမ်းကို ထုတ်သုံးလိုက်ရင် အခဲအဖြစ် ပြောင်းလဲသွားမှာပဲ... အခဲအခြေအနေမှာရှိတဲ့ ရေလေးက ဒီကောင့်ရဲ့ သောက်သုံးမကျတဲ့ ရေခဲတုံးတွေထက် ညံ့ချင်မှ ညံ့မှာ"
(ရေလေး ဆိုတာ Heavy water ကို ပြောတာပါ။ သာမန်ရေက H2O ဖြစ်ပြီး သူက D2O ဖြစ်ပါတယ်။ မြန်မာအသုံးအနှုန်းမရှိလို့ ရေလေးလို့ တိုက်ရိုက်ပြန်ထားတာပါ)
ထိုသို့ တွေးမိလိုက်သည်နှင့် သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး ဆက်၍ မထွက်ပြေးတော့ပေ။
ထို့နောက် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် အစွမ်းများ စုစည်းသွားပြီး ဧရာမ ရေခိုးရေငွေ့ကြီးအဖြစ် ဖြစ်တည်လာတော့သည်။
ရေခိုးရေငွေ့များက အလွန်လျင်မြန်စွာ စုစည်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ ရေခဲမှုန်များအဖြစ် ပြောင်းလဲသွားသည်။
"ဟမ်"
မျက်နှာချင်းဆိုင်မှ လိုက်လံတိုက်ခိုက်လာသော ရေခဲဓာတ် အစွမ်းပိုင်ရှင်က သံသယဝင်သွားသည်။ ပြိုင်ဘက်က ရေခဲဓာတ် တိုက်ခိုက်မှုကိုပါ အသုံးပြုနိုင်သည်လား။
သူက စိတ်ထဲမှ တွေးလိုက်သည်နှင့် မရေမတွက်နိုင်သော ရေခဲမှုန်များ စုစည်းသွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေခဲဓားသွားများအဖြစ် ပြောင်းလဲသွားပြီး တစ်ဖက်ရှိ ရေလေး ရေခဲမှုန်များဆီသို့ ရူးသွပ်စွာ ဝင်ရောက်လာတော့သည်။
"ဝုန်း"
ရေခဲဓားသွားများနှင့် ရေလေး ရေခဲမှုန်များ ရိုက်ခတ်သွားပြီးနောက် ချက်ချင်းပင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ရေခဲဓာတ် အစွမ်းပိုင်ရှင်က စိတ်ထဲမှ တွေးလိုက်ပြီး တစ်ဖက်လူ၏ ရေခဲမှုန်များအပေါ် ထိန်းချုပ်နိုင်စွမ်းကို ချက်ချင်း လုယူရန် ကြိုးစားလိုက်သည်။
ရေခဲဓာတ်က ရေဓာတ် အစွမ်းပိုင်ရှင်များကို ဖိနှိပ်နိုင်သည့် အကြောင်းရင်းမှာ...
အစွမ်းအထက်ဆုံး အချက်မှာ တစ်ဖက်လူ၏ တိုက်ကွက်ကို အေးခဲသွားစေနိုင်ပြီး ထိုမှတစ်ဆင့် တစ်ဖက်လူ၏ ထိန်းချုပ်နိုင်စွမ်းကို လုယူနိုင်ခြင်းပင် ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ဖန်ဆန်းကျွန်းကို ကျူးကျော်လာသော ဤရေခဲဓာတ် အစွမ်းပိုင်ရှင်၏ တွက်ဆမှုမှာ သိသိသာသာပင် လွဲချော်သွားလေသည်။
သူက တစ်ဖက်လူ၏ ရေခဲမှုန်များအပေါ် ထိန်းချုပ်နိုင်စွမ်းကို လုယူရန် ကြိုးစားလိုက်ချိန်တွင် ရုတ်တရက် ပြိုင်ဘက်၏ ရေခဲမှုန်များကို သူ လုံးဝ ထိန်းချုပ်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
ဤရေခဲမှုန်များက အမှန်တကယ် ရေခဲများ မဟုတ်သည့်အလားပင် ဖြစ်နေသည်။
တိန့်ကျဲ၏ ခန္ဓာကိုယ်က ရပ်တန့်သွားပြီး သူ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ အကြံအောင်သွားသည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"ငါက မင်းကို တကယ် ကြောက်နေတယ်လို့ ထင်နေတာလား"
"ရေလေးနဲ့ ရိုးရိုးရေက တစ်ပုံစံတည်း မဟုတ်ဘူးကွ... သောက်ကလေး... သွားသေလိုက်တော့"
"ဝုန်း"
ပတ်ဝန်းကျင်ရှိ ရေလေး ရေခဲမှုန်များက ရုတ်တရက် စုစည်းလာပြီး အရပ်မျက်နှာ အသီးသီးမှနေ၍ ချက်ချင်းပင် တိုက်ရိုက် ဝိုင်းရံလာတော့သည်။
ထိုရေခဲမြူတိမ်တိုက်ကို ချက်ချင်းပင် ပိတ်လှောင်လိုက်လေသည်။
ရေခဲမြူတိမ်တိုက်ထဲရှိ လေထုက ဘယ်ညာ အလျင်စလို ပြေးလွှားနေပြီး ရေလေး ရေခဲမှုန်များ အကြိမ်အနည်းငယ်မျှ ပုံပျက်သွားကာ သူ ရုန်းထွက်နိုင်လုနီးပါးပင် ဖြစ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် တိန့်ကျဲက ဘာမှထပ်မပြောတော့ဘဲ လျှပ်စီးရောင်များ တောက်ပနေသော သင်္ကေတကျောက်တုံး တစ်တုံးကို တိုက်ရိုက် ပစ်ပေါက်လိုက်သည်။
၎င်းမှာ ရေနတ်ဘုရားဂိုဏ်း၏ မိုးကြိုးအမြောက်တွင် မပါမဖြစ်သော သင်္ကေတဖြစ်သည့် မိုးကြိုးသင်္ကေတပင် ဖြစ်သည်။
ဤသင်္ကေတကို အသက်သွင်းလိုက်သည်နှင့် အားကောင်းသော မိုးကြိုးမုန်တိုင်းကို ဖြစ်ပေါ်စေပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးဗုံးအဖြစ် ဖန်တီးပေးမည် ဖြစ်သည်။
ယခုအချိန်တွင် တိန့်ကျဲက မိုးကြိုးသင်္ကေတကို ရေလေး ရေခဲမှုန်များထဲသို့ ပြင်းထန်စွာ ပစ်ပေါက်ထည့်လိုက်သည်။
"အုန်း"
ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် မိုးကြိုးသင်္ကေတက ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းအဖြစ် တိုက်ရိုက် ပြောင်းလဲသွားကာ မျက်စိကျိန်းမတတ် လျှပ်စီးရောင်များ ချက်ချင်း လင်းလက်လာသည်။
ထို့ပြင် ရေလေး ရေခဲမှုန်များသည် မိုးကြိုးမုန်တိုင်းနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီး ရုတ်တရက် ဖြစ်ပေါ်လာသည်။
"ဝုန်း... ဝုန်း... ဝုန်း"
မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်သော ပေါက်ကွဲမှုကြီးက ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကို ဖြစ်ပေါ်စေပြီး ရေလေး ရေခဲမှုန်များ တိုက်ရိုက် အငွေ့ပျံသွားကာ ရေလေး မော်လီကျူးများသည် လျှပ်စစ်စီးဆင်းမှုကြောင့် လေးလံဟိုက်ဒရိုဂျင်အဖြစ် ချက်ချင်း ပြိုကွဲသွားတော့သည်။
လေးလံဟိုက်ဒရိုဂျင် ပါဝင်လာမှုကြောင့် ပေါက်ကွဲမှု၏ အင်အားက အဆပေါင်းများစွာ ရုတ်ချည်း မြင့်တက်လာလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုရေလေး နယ်မြေက မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
တွင်းနက်အရိပ်ကျွန်း အပြင်ဘက်ရှိ လူအားလုံးက အလျင်အမြန် ခေါင်းမော့ကာ ဤမြင်ကွင်းကို စိုက်ကြည့်နေကြပြီး သူတို့အားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်တကြားဖြစ်နေသော အမူအရာများ ပေါ်လွင်နေသည်။
"ဘာအခြေအနေလဲ"
"ကောင်းကင်မှာ ထိပ်တန်းအစွမ်းပိုင်ရှင်တွေ တိုက်ခိုက်နေကြတယ်"
"ဒုကျွန်းသခင်ဟွမ်များလား"
ကျန်းဖန်၊ ကောက်ယွီချန်နှင့် အခြားသူများ၏ မျက်နှာတွင်လည်း သံသယများ ပြည့်နှက်နေသည်။
"အပေါ်မှာ ဘယ်သူရှိနေတာလဲ"
"ဝူယင်များလား"
"မဖြစ်နိုင်ဘူး... ဝူယင်ရဲ့ အစွမ်းက ဒီလောက်ကြီးတဲ့ အင်အားမျိုးကို မဖန်တီးနိုင်ဘူး" ကျန်းဖန်က ချက်ချင်း ခေါင်းခါလိုက်သည်။
"ထားလိုက်တော့... ဒီခွေးကောင်တွေကို အရင် သတ်ပြီး ပြန်ဆုတ်သွားအောင် လုပ်ရမယ်"
"သတ်"
ချက်ချင်းပင် တိုက်ပွဲက အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။
တွင်းနက်အရိပ်ကျွန်းမှ လူများသည် ဖိနှိပ်ခံနေရသည့် အခြေအနေမှနေ၍ ပြန်လည် ထိုးစစ်ဆင်သည့် အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
အခြားတစ်ဖက်တွင် ဖန်ဆန်းကျွန်းကို ကျူးကျော်လာသူများမှာမူ တဖြည်းဖြည်းနှင့် ဆုတ်ခွာလာရကာ တွင်းနက်အရိပ်ကျွန်း နယ်မြေအတွင်းမှ အလျင်စလို ဆုတ်ခွာသွားပြီး ဖန်ဆန်းကျွန်းဘက်သို့ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
သို့သော် လမ်းတစ်ဝက်သို့ ရောက်ရှိချိန်၌ ကျယ်ပြောလှသော နှင်းပြင်ကြီးပေါ်တွင် တပ်ဖွဲ့တစ်ဖွဲ့က သူတို့၏ နောက်ကျောဘက်၌ ကွက်တိ ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသည်။
ထိုတပ်ဖွဲ့က အဝေးမှနေ၍ ဤဘက်ရှိ အခြေအနေကို မြင်တွေ့လိုက်ရပြီးနောက် သွယ်လျသော ခြေတံရှည်များနှင့် ထူးကဲလှပသော အမျိုးသမီးတစ်ဦးက ကောင်းကင်ယံသို့ ပျံတက်သွားကာ ရေခိုးရေငွေ့တစ်တန်းအဖြစ် ပြောင်းလဲပြီး လျင်မြန်စွာ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
ရောက်လာသူက လေထဲတွင် ရှိနေစဉ် ရေစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရုတ်တရက် သူမ၏ မျက်လုံးများက အရောင်လက်သွားပြီး အော်ခေါ်လိုက်သည်။ "ကျန်းဖန်"
ကျန်းဖန်က ခေါင်းမော့ကြည့်လိုက်ရာ ရောက်လာသူကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသောအမူအရာ ပေါ်လွင်လာသည်။
"မဟန်... သူတို့ကို မြန်မြန် တားထားပေး... ဒီလူတွေက ဖန်ဆန်းကျွန်းကို ကျူးကျော်လာတဲ့ ရန်သူတွေပဲ"
ရောက်လာသူမှာ ထိုက်ယန်တောင်မှ ယခုလေးတင် အပြေးအလွှားရောက်လာသော ဟန်ရှန်းမန်ပင် ဖြစ်သည်။
ကျန်းဖန်၏ စကားကို ကြားသည်နှင့် ဟန်ရှန်းမန်က ဘာမှထပ်မပြောတော့ဘဲ တိုက်ရိုက်ပင် အော်ဟစ် အမိန့်ပေးလိုက်သည်။ "သူတို့ကို တားထားကြ"
နောက်မှ လိုက်ပါလာကြသော လော်ဟုန်မြန်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ပြင်းထန်သော အမူအရာများ ချက်ချင်း ပေါ်လာပြီး လက်နက်များကို ဆွဲထုတ်ကာ သေနတ်များဖြင့် အသင့်ချိန်ရွယ်လိုက်ကြသည်။
"ဒိုင်း... ဒိုင်း... ဒိုင်း"
သေနတ်သံများ ထွက်ပေါ်လာပြီး စွမ်းအင်များ ပါဝင်နေသည့် ကျည်ဆန်မြောက်မြားစွာက ရေလှိုင်းကြီးများအလား အပြင်းအထန် ပစ်ခတ်ထွက်ပေါ်သွားသည်။
ပေါက်ကွဲသံများကြားတွင် ထိုလူများက ချက်ချင်းပင် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဟန်ရှန်းမန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ များပြားလှသော ရေဓားသွားများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ထက်မြက်သည့် ဓားသွားများအဖြစ် ပြောင်းလဲကာ အောက်ဘက်သို့ မိုးသီးမိုးပေါက်များအလား ကျဆင်းသွားတော့သည်။
ချက်ချင်းပင် ရေဓားသွားများက လေကိုခွင်းလျက် နဂါးပျံများအလား တစ်ဖက်လူများဆီသို့ တဝုန်းဝုန်းနှင့် ကျရောက်သွားသည်။
ထိုလူများထံမှ စူးရှသော အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာပြီး အဆက်မပြတ် အော်ဟစ်ကာ ရှောင်တိမ်းနေကြသည်။
လူအချို့က ဒူးထောက်ကာ ချက်ချင်းပင် အသက်ချမ်းသာပေးရန် အော်ဟစ် တောင်းပန်လာကြသည်။
"အသက်ချမ်းသာပေးကြပါ... အသက်ချမ်းသာပေးကြပါဗျာ"
"ကျွန်တော်တို့ အရှုံးပေးပါပြီ... ကျွန်တော်တို့ အရှုံးပေးပါပြီ"
"ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော် အရှုံးပေးပါပြီ... အရှုံးပေးပါပြီဗျ"
...
လူတစ်ယောက် ဒူးထောက်လိုက်သည်နှင့် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြပြီး လက်နက်များကို ချထားလိုက်ကြသည်။
ဟန်ရှန်းမန်နှင့် အခြားသူများက ဆက်လက် မသတ်ဖြတ်တော့ဘဲ ရှေ့သို့တက်ကာ ဤလူများကို ထိန်းချုပ်လိုက်ကြသည်။
ကျန်းဖန်က လျင်မြန်စွာ ဆီးကြိုလိုက်ပြီး မျက်နှာအပြည့် အပြုံးများဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင်ဟန်... ဘယ်လိုလုပ် ရောက်လာတာလဲ"
ဟန်ရှန်းမန်ကလည်း ပြုံးလိုက်ပြီးနောက် ချက်ချင်းပင် လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ကိုလင်းယွမ်က ရှင်တို့ဘက်က သတင်းကို ရပြီး ပေါင်ရှန်းတောင်နဲ့ ပေချန်ကျွန်းရဲ့ အခြေအနေကို သိသွားလို့လေ... ဖန်ဆန်းကျွန်းကို အမြန်ဆုံး ပြန်သိမ်းနိုင်အောင် ရှင်တို့ကို ကူညီပေးဖို့ ကျွန်မကို လွှတ်လိုက်တာပဲ"
"ပေချန်ကျွန်းအဖွဲ့က ပေါင်ရှန်းတောင်ကို ရှင်းလင်းပြီးသွားရင် လင်ကျန်းမြို့ဘက်ကို မျက်စိကျလာမှာ အသေအချာပဲ... ထိုက်ယန်တောင်က သူတို့နဲ့ သိပ်မဝေးဘူး... ဖန်ဆန်းကျွန်းက အလယ်ဗဟိုနေရာလို့တောင် ပြောလို့ရတယ်"
"တကယ်လို့ သူတို့သာ ဖန်ဆန်းကျွန်းကို သိမ်းပိုက်သွားရင် နောင်တစ်ချိန် ထိုက်ယန်တောင်အတွက် ခြိမ်းခြောက်မှုက ပိုကြီးမားလာလိမ့်မယ်"
"ဒါကြောင့် ကိုလင်းယွမ်က ဖန်ဆန်းကျွန်းကို အမြန်ဆုံး ပြန်သိမ်းရမယ်လို့ ပြောတာ"
ကျန်းဖန်က ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး မေးလိုက်သည်။ "ဆရာလင်း စိတ်မဆိုးလောက်ပါဘူးနော်"
"ဟူး... ကျွန်တော်တို့ လူတွေ အပျင်းထူနေကြတာ မဟုတ်ပါဘူးဗျာ... တကယ်တော့ ဒီကောင်တွေရဲ့ အင်အားက နည်းနည်း သာနေလို့ပါ"
"ဒြပ်စင်အမျိုးအစား အစွမ်းပိုင်ရှင် ထိပ်သီးတွေ ပါနေရုံသာမကဘူး... ဖန်ဆန်းကျွန်းမှာ ကြီးကြပ်နေတဲ့ ခေါင်းဆောင်အဆင့် လူတစ်ချို့က အဓိက အရည်အသွေး ၁၀၀ မှတ်အထိတောင် ရောက်နေကြပြီ"
"ကျွန်တော်တို့ အကြိမ်ကြိမ် ဝင်တိုက်ပေမဲ့ မအောင်မြင်ခဲ့ဘူး... သူတို့ပြန်တိုက်လို့ တွင်းနက်အရိပ်ကျွန်း နားထိတောင် ပြန်ဆုတ်ခဲ့ရတာ"
"တွင်းနက်အရိပ်ကျွန်းပေါ်မှာ အရိပ်နဂါးက ကြီးကြပ်ပေးထားပြီး ဝူယင်တို့ကလည်း လျှို့ဝှက်တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်နေလို့သာပေါ့... မဟုတ်ရင် ကျွန်တော်တို့က တွင်းနက်အရိပ်ကျွန်းကိုတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး"
ဟန်ရှန်းမန်က ထိုစကားကို ကြားသောအခါ သူမ၏ အမူအရာမှာ ချက်ချင်းပင် အတော်လေး လေးနက်သွားပြီး မေးလိုက်သည်။ "တစ်ဖက်လူတွေထဲမှာ အဓိက အရည်အသွေး ၁၀၀ အထိ ရောက်နေတဲ့ ထိပ်တန်း အစွမ်းပိုင်ရှင်တွေ ရှိနေတာလား... ဘယ်နှယောက်တောင်လဲ"
"သုံးယောက်"
"ဘယ်လို အစွမ်းအမျိုးအစားတွေလဲ"
ကျန်းဖန်က အလျင်အမြန် ပြန်ဖြေလိုက်သည်။ "ရေခဲဓာတ် အစွမ်းပိုင်ရှင် နှစ်ယောက်နဲ့ စိတ်စွမ်းအင် အစွမ်းပိုင်ရှင် တစ်ယောက်ပါ"
ဟန်ရှန်းမန်၏ မျက်နှာက ချက်ချင်း တင်းမာသွားပြီး အခြေအနေ မကောင်းတော့ကြောင်း စိတ်ထဲမှ တွေးလိုက်မိသည်။ ရေခဲဓာတ် အစွမ်းပိုင်ရှင် ရှိနေသည်တဲ့လား။
သူမက ရေဓာတ် အစွမ်းပိုင်ရှင်ဖြစ်ရာ ရေခဲဓာတ် အစွမ်းပိုင်ရှင်နှင့် ရင်ဆိုင်ရပါက အမှန်တကယ်ပင် ဖိနှိပ်ခံရတော့မည် ဖြစ်သည်။
ထို့နောက် သူမက ထပ်မံ၍ သံသယဝင်သွားပြန်သည်။ "နေပါဦး... ဘယ်လိုလုပ်ပြီး ရေခဲဓာတ် အစွမ်းပိုင်ရှင် ထိပ်သီးတွေ ဒီလောက် အများကြီး ရှိနေရတာလဲ"
"ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ဆိုတာ အလွယ်တကူ တွေ့ရတဲ့အရာမှ မဟုတ်တာ"
သူမ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မျက်နှာ အနည်းငယ် ပျက်သွားသည်။
"ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ရှာတွေ့နိုင်ခြေ အများဆုံးနေရာက အရင်တုန်းက မြူခိုးမြို့တော်ပဲ ရှိတယ်"
"ပေချန်ကျွန်းက မြူခိုးမြို့တော်နဲ့ ဆက်စပ်နေတာများလား"
သူမက အမြဲတမ်း ဉာဏ်ကောင်းပြီး နိုးကြားတက်ကြွသူဖြစ်ရာ ယခင်က လင်းယွမ် ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ရယူခဲ့စဉ်က မြူခိုးမြို့တော်ထဲသို့ ဝင်ရောက်ခဲ့ဖူးကြောင်းကို သတိရသွားသည်။
နောက်ပိုင်းတွင် နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို မရရှိခဲ့သော်လည်း ထိုမြူခိုးမြို့တော်မှ အကျိုးအမြတ်များစွာကို ရရှိခဲ့သေးသည်။
ထိုသို့သော အကျိုးအမြတ်များက မြူခိုးမြို့တော်မှ ထိုမြို့တော်သခင်၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့သည်မှာ အသေအချာပင်။
သူတို့နှစ်ဦးကြားတွင် ရန်ငြိုးဖွဲ့ထားသည်မှာ ကြာပြီဖြစ်သည်။
ယခုအချိန်၌ ရုတ်တရက် ပေါ်လာသော ဤရန်သူများထဲတွင် ရေခဲဓာတ် အစွမ်းပိုင်ရှင် အတော်များများ ပါဝင်နေသဖြင့် သူမ သံသယမဝင်ဘဲ မနေနိုင်တော့ပေ။
"တစ်ဖက်မှာ ရေခဲဓာတ် အစွမ်းပိုင်ရှင် ထိပ်သီးတွေ များလား"
"ကျွန်မဆိုလိုတာက အဓိက အရည်အသွေး ၁၀၀ မှတ်ရှိတဲ့ အဲ့ဒီ ထိပ်တန်းအစွမ်းပိုင်ရှင် နှစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေကို ပြောတာ"
ကျန်းဖန်က ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောင်သွားသည်။ "ဒါကတော့... ကျွန်တော် သတိမထားမိလိုက်ဘူး"
"အစ်ကိုကောက်... အစ်ကိုရော သတိထားမိလိုက်လား"
"အတော်များများ ရှိနေပုံပဲ" ကောက်ယွီချန်က ပြောလိုက်သည်။
ထိုအချိန်တွင် ဝမ်ဖန်းက ဝင်ပြောလိုက်သည်။ "ခေါင်းဆောင်ဟန်... ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေ အများကြီး ပါလာတယ်... ထိပ်တန်းအဆင့် မဟုတ်ပေမဲ့ သူတို့အားလုံးက မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်နေကြပြီ"
ဟန်ရှန်းမန်၏ အမူအရာက ချက်ချင်း လေးနက်သွားပြီး ပြောလိုက်သည်။ "သွားမယ်... ကျွန်မကို ဝူယင်ဆီ အခုချက်ချင်း ခေါ်သွားပေး... ပေါင်ရှန်းတောင်ရဲ့ လူတွေကို ကျွန်မ တွေ့ချင်တယ်"
"ကောင်းပါပြီ"
လူတစ်စုက တွင်းနက်အရိပ်ကျွန်းဆီသို့ အလျင်အမြန် သွားနေကြစဉ် ကျန်းဖန်က မနေနိုင်ဘဲ မေးလိုက်သည်။ "ခေါင်းဆောင်ဟန်... ဘာဖြစ်လို့လဲ... ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေက ထူးခြားနေလို့လား"
ဟန်ရှန်းမန်က အသံကိုနှိမ့်ကာ ပြန်ပြောလိုက်သည်။ "ရေခဲဓာတ်ကလည်း ထူးခြားတဲ့ အစွမ်းထဲမှာ ပါတယ်လေ... ဒြပ်စင်ငါးပါးလိုမျိုး အလွယ်တကူ တွေ့ရတာမျိုး မဟုတ်ဘူး... ယုတ္တိကျကျ ပြောရရင် ဒီလို ရေခဲဓာတ် အစွမ်းပိုင်ရှင်က... လူတစ်ထောင်မှာ တစ်ယောက်တောင် ရှာတွေ့ဖို့ ခဲယဉ်းတယ်"
"ဒါပေမဲ့ ဒီလိုသေးငယ်တဲ့ ဖန်ဆန်းကျွန်းလေးပေါ်မှာ ဒီလောက်များပြားတဲ့ ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေ စုဝေးနေတာကို ကြည့်ရင်... သူတို့နောက်ကွယ်မှာ ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ပုံမှန် ရယူနိုင်တဲ့ လမ်းကြောင်းတစ်ခု ရှိနေတာ သေချာသလောက်ပဲ"
"ပြီးတော့ ကျွန်မ သိထားသလောက်ဆိုရင်... ဒီလို လမ်းကြောင်းမျိုး ထောက်ပံ့ပေးနိုင်တဲ့ နေရာ တစ်နေရာတည်း ရှိတယ်"
"ဘယ်နေရာလဲ" ကျန်းဖန်က အလျင်အမြန် မေးလိုက်သည်။
"မြူခိုးမြို့တော်"
ကျန်းဖန်က ကြောင်သွားပြီးနောက် ယခင်က ဆရာလင်း မြူခိုးမြို့တော်သို့ သွားခဲ့သည့် ကိစ္စကို ချက်ချင်း သတိရသွားသည်။
ထို့ကြောင့် သူက ချက်ချင်း ဆက်မေးလိုက်သည်။ "မကျန်း ဆိုလိုတာက အရင်တုန်းက ဆရာလင်း သွားစူးစမ်းခဲ့တဲ့ မြူခိုးမြို့တော်ကို ပြောတာလား"
"အင်း... အရင်က ကိုလင်းယွမ် မြူခိုးမြို့တော်မှာ ရေခဲဓာတ် သွေးသလင်းကျောက် အမြောက်အမြားကို ရခဲ့တယ်လေ"
"ရှင်လည်း ရှင်းရှင်းလင်းလင်း သိမှာပါ... ရေပေါ်ကျွန်းတွေပေါ်က သွေးသလင်းကျောက်တွေဟာ အကြီးမားဆုံး အရင်းအမြစ်ပဲ... ဒီအရင်းအမြစ်တွေကို ရေပေါ်ကျွန်းရဲ့ သခင်တွေက သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းအဖြစ် အမြဲတမ်း သတ်မှတ်ထားကြတာမို့ အပြင်လူတွေကို လုံးဝ ယူခွင့်ပြုမှာ မဟုတ်ဘူး"
"ကိုလင်းယွမ်က ရေခဲဓာတ် သွေးသလင်းကျောက် အများကြီးကို ရယူနိုင်ခဲ့တယ်ဆိုတာက မြူခိုးမြို့တော်ရဲ့ မြို့တော်သခင်လက်ထဲကနေ လုယူလာခဲ့တာ ဖြစ်ဖို့များတယ်"
"ဒီလူတွေရဲ့ နောက်ကွယ်မှာ မြူခိုးမြို့တော် ရေပေါ်ကျွန်းရဲ့ အရိပ်အယောင်တွေ ရှိနေနိုင်တယ်လို့ ကျွန်မ စိုးရိမ်နေတာ"
ကျန်းဖန်က ထိုစကားကို ကြားသောအခါ သူ၏ အမူအရာမှာလည်း ချက်ချင်းပင် လေးနက်သွားတော့သည်။
သိထားရမည့်အချက်မှာ မြူခိုးမြို့တော် ရေပေါ်ကျွန်း၏ သခင်ဖြစ်သော ထိုမြို့တော်သခင်သည် လင်းယွမ်ထက်ပင် ရေပေါ်ကျွန်းကို ခြေတစ်လှမ်းစော၍ ရရှိခဲ့သော ထိပ်တန်း အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်နေခြင်းပင်။
ထိုသူက ရေပေါ်ကျွန်းကို ရရှိပြီးနောက် သူ၏ အင်အားသည် သေချာပေါက် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့မည်ဖြစ်ရာ ယခုအချိန်တွင် လူတိုင်း မှန်းဆ၍မရနိုင်သော အဆင့်အထိ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
အကယ်၍ ထိုကဲ့သို့သော သူက ဖန်ဆန်းကျွန်းကို အကွက်ချ ကြံစည်နေခြင်းဆိုပါက သူ၏ နောက်ဆုံး ရည်ရွယ်ချက်မှာ ဖန်ဆန်းကျွန်းလောက်နှင့် ရိုးရှင်းနေမည် မဟုတ်ပေ။
ကျန်းဖန်က ချက်ချင်းပင် ပြောလိုက်သည်။ "ဒါဆို ကျွန်တော်တို့ ဆရာလင်းကို အမြန် အသိပေးလိုက်ရမလား"
ဟန်ရှန်းမန်က အသံကိုနှိမ့်ကာ ပြောလိုက်သည်။ "အရင်ဆုံး သေချာအောင် လုပ်ကြရအောင်... ပေါင်ရှန်းတောင်ပေါ်က ဆင်းလာတဲ့လူတွေကို သွားရှာပြီး သေချာ မေးကြည့်ကြတာပေါ့"
ဆက်ရန်...