← Chapters

အခန်း (၆၂၅-၆၂၆)

Vol. 32 Ch. 625-626

အခန်း (၆၂၅-၆၂၆)

Vol. 32 Ch. 625-626

အပိုင်း (၆၂၅) ကျွန်းပေါ်မှရွာလေးနှင့် နောက်ကွယ်မှရန်သူ

တွင်းနက်အရိပ်ရေပေါ်ကျွန်းဝ၌ ဟန်ရှန်းမန်၊ ကျန်းဖန်နှင့် အခြားသူများ ကျွန်းပေါ်သို့ ဝင်ရောက်လာကြသည်။

ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိကျနေသော်လည်း ကံကောင်းစွာပင် ဝူယင်က ယင်ကျိုးယွဲ့ကို အပြင်ဘက်၌ စောင့်ကြိုနေရန် စောစီးစွာ စေလွှတ်ထားခဲ့သည်။

ယင်ကျိုးယွဲ့၏ မျက်နှာတွင် နေကာမျက်မှန်တစ်လက်ကို တပ်ဆင်ထားပြီး ဤကဲ့သို့ အမှောင်ဓာတ် လွှမ်းနေသော ပတ်ဝန်းကျင်မျိုး၌ပင် လွတ်လပ်ပေါ့ပါးစွာ သွားလာလှုပ်ရှားနိုင်ပေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟန်ရှန်းမန်က အံ့သြတကြီးဖြင့် "ဒီကောင်မလေး တပ်ထားတဲ့ မျက်မှန်က ဘာပစ္စည်းလဲ... သူက ဒီလိုနေရာမှာတောင် အပြင်ဘက်ကို သေသေချာချာ မြင်နိုင်တာလား" ဟု မေးလိုက်သည်။

ကျန်းဖန်က ပြုံးလျက် "ကျိုးယွဲ့က အမှောင်ဓာတ် အစွမ်းပိုင်ရှင်လေ... သူက တွင်းနက်အရိပ်ရေပေါ်ကျွန်းမှာဆိုရင် ရေထဲကငါးလိုပဲပေါ့" ဟု ရှင်းပြသည်။

"နောက်ပြီး ဒီမျက်မှန်ကလည်း သာမန်မဟုတ်ဘူး... အမှောင်ဓာတ် သင်္ကေတကျောက်တုံးနဲ့ ဖန်တီးထားတာမို့လို့ အပြင်ဘက်က အရာဝတ္ထုတွေရဲ့ ပုံပန်းသဏ္ဍာန် အကြမ်းဖျင်းကို မြင်နိုင်တယ်"

"ဒီပစ္စည်းကို ကျွန်တော်တို့ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနက လူတွေ တီထွင်ထားတာပါ... တခြား အဖွဲ့အစည်းတွေ လက်ထဲ ရောက်သွားမှာ စိုးလို့ အခုထိ အများကြီး မထုတ်လုပ်ရသေးဘူး"

"အခု တွင်းနက်အရိပ်ရေပေါ်ကျွန်းရဲ့ အကြီးမားဆုံး အားသာချက်က အမှောင်ဓာတ် သန္ဓေပြောင်းစွမ်းအင်တွေ ဖုံးလွှမ်းနေတဲ့အတွက် တခြားဓာတ် စွမ်းအင်တွေ အသုံးပြုဖို့ ခက်ခဲတာပါပဲ... ပြီးတော့ ကျွန်းပေါ်မှာ အလင်းရောင် လုံးဝမရှိဘူး... ဘယ်လို အလင်းတန်းမျိုးမဆို အမှောင်ဓာတ် သန္ဓေပြောင်းစွမ်းအင်ရဲ့ ဝါးမျိုတာကို ခံရမှာပဲ"

"ဒီလိုသာ မဟုတ်ရင် ဖန်ဆန်းကျွန်းကို သိမ်းပိုက်ထားတဲ့ အဲ့ဒီလူဆိုးတွေ အစောပိုင်းကတည်းက ဝင်စီးနေလောက်ပြီ"

ကျန်းဖန်၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်မှ ဟန်ရှန်းမန်တစ်ယောက် တွင်းနက်အရိပ်ရေပေါ်ကျွန်း မည်မျှ ထူးခြားဆန်းကြယ်ကြောင်းကို သဘောပေါက်သွားတော့သည်။

တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ ထူးခြားသော သဘာဝသာ မရှိခဲ့လျှင် အခြားသူများ၏ သိမ်းပိုက်ခြင်းကို ခံရသည်မှာ ကြာလှပြီ ဖြစ်ပေမည်။

အချိန်အနည်းငယ်ကြာသော် သူတို့တစ်စုသည် ကျောက်တိုင်တောအုပ်တစ်ခုအလယ်သို့ ရောက်ရှိလာကြသည်။

ထိုကျောက်တိုင်တောအုပ်အား အနက်ရောင် အကာအကွယ်တစ်ခုက ဖုံးအုပ်ထားသည်ကို မြင်တွေ့လိုက်ရ၏။

ယင်ကျိုးယွဲ့က ရှေ့သို့ လျှောက်သွားလိုက်ရာ အမှောင်ထုထဲမှ လူရိပ်နှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအထဲမှ အရပ်ပုပုနှင့် လူရိပ်တစ်ခုမှာ ဝူယင်ပင် ဖြစ်လေသည်။

သူ၏ဘေးတွင် ရပ်နေသူမှာကား သူ၏ လက်ရုံးဖြစ်သူ ချန်ကွမ်းမင်ပင်တည်း။

"ကျန်းဖန်... ခေါင်းဆောင်ဟန်"

ဝူယင်က ချန်ကွမ်းမင်ကို ခေါ်ကာ ဆီးကြိုလိုက်ပြီး ဟန်ရှန်းမန်ကို မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လွင်သွားသည်။

ဟန်ရှန်းမန်က ပြုံးလျက် "ခေါင်းဆောင်ဝူ... မတွေ့တာ ကြာပြီနော်" ဟု နှုတ်ဆက်လိုက်သည်။

ဝူယင်က အလျင်အမြန် ပြုံးကာ "ဆရာလင်းက အမိန့်တစ်ခုခု ပေးလိုက်လို့လား" ဟု မေးလိုက်သည်။

ဟန်ရှန်းမန်က ခေါင်းညိတ်ကာ "ဟုတ်တယ်... ဖန်ဆန်းကျွန်းကို အမြန်ဆုံး ပြန်လည်သိမ်းပိုက်နိုင်ဖို့ ရှင်တို့ကို ကူညီပေးဖို့ ဆရာလင်းက ကျွန်မကို စေလွှတ်လိုက်တာပါ" ဟု ဖြေသည်။

"ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ် ခေါင်းဆောင်ဟန်... ဒီကိစ္စကို ကျန်းဖန် သက်သေခံပေးနိုင်ပါတယ်... ကျွန်တော်က တမင်တကာ ပေါ့လျော့နေတာ လုံးဝ မဟုတ်ပါဘူး" ဝူယင်က ကမန်းကတန်း ရှင်းပြလေသည်။

ဘေးလူများက ဆရာလင်းကို သဘောကောင်းပြီး စကားပြောရလွယ်ကူသည်ဟု ထင်မှတ်ထားကြသော်လည်း သူကမူ မိန်တုဥယျာဉ်မှနေ၍ ဆရာလင်းနှင့်အတူ သွေးထွက်သံယို တိုက်ခိုက်ကာ အစောဆုံး ထွက်ပြေးလွတ်မြောက်လာခဲ့သူ ဖြစ်သည်။

ယခင်က မိန်တုဥယျာဉ်၌ ဆရာလင်း သတ်ဖြတ်ခဲ့သည့် လူအရေအတွက်မှာ မနည်းမနောပင် ဖြစ်၏။

ထို့ကြောင့် ဝူယင်သည် အစဉ်အမြဲ ဆရာလင်းကို အလွန်ကြောက်ရွံ့လေ့ရှိသည်။

ဟန်ရှန်းမန်က အလျင်အမြန်ပင် "ခေါင်းဆောင်ဝူ... ကိုလင်းယွမ်က ရှင်တို့ကို အပြစ်မတင်ပါဘူး... ရှင်တို့ဘက်မှာ ဖိအားတွေ များနေမှန်း သူသိလို့ ကူညီပေးနိုင်မလားဆိုပြီး ကျွန်မတို့ကို လွှတ်လိုက်တာပါ" ဟု ပြောလိုက်သည်။

"အခု ဒါတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး... ကျွန်မ အတည်ပြုရမယ့် အရေးကြီးကိစ္စတစ်ခု ရှိတယ်"

ထိုအချိန်တွင် ကျန်းဖန်ကလည်း ဝင်လာပြီး စောစောက ဟန်ရှန်းမန်၏ ခန့်မှန်းချက်ကို ဝူယင်အား ရှင်းပြလိုက်သည်။

ဝူယင် ကြားလိုက်ရသည်နှင့် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် လေးနက်တည်ကြည်သွားတော့သည်။

သူက ခေါင်းကို တစ်ချက်ပုတ်လိုက်ပြီး "ဒီလူတွေထဲမှာ ဘာလို့ ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေ ဒီလောက်တောင် များနေရတာလဲဆိုတာ ကျွန်တော် တစ်ခါမှ မတွေးမိခဲ့ဘူး" ဟု နောင်တရစွာဖြင့် ပြောလိုက်သည်။

"ကျွန်တော့်နောက် လိုက်ခဲ့ကြ... ပေါင်ရှန်းတောင်ကနေ ထွက်ပြေးလာတဲ့ လူတချို့လည်း ကျွန်တော်တို့ဆီမှာ ရှိနေသေးတယ်"

ထိုသို့ပြောရင်း သူက လှည့်ကာ အကာအကွယ်ရှိရာသို့ လျင်မြန်စွာ လျှောက်သွားလေသည်။

သူ၏ စွမ်းအင်လှုံ့ဆော်မှုကြောင့် အကာအကွယ်က ချက်ချင်း ပွင့်သွားသည်။

လူအများ နှင်းပြင်ပေါ်၌ နင်းလျှောက်သွားကြသဖြင့် "ဂျွတ်ဂျွတ်" ဟူသော အသံများ ထွက်ပေါ်နေပြီး အကာအကွယ်၏ အတွင်းဘက်သို့ တောက်လျှောက် ဝင်ရောက်သွားကြသည်။

အကာအကွယ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မျက်စိရှေ့တွင် အလင်းရောင်များ ချက်ချင်း ထွက်ပေါ်လာသည်။

အမှောင်အကာအကွယ်၏ အတွင်းနှင့် အပြင်မှာ ကမ္ဘာနှစ်ခုအလား ကွဲပြားခြားနားနေသည်ကို မြင်တွေ့လိုက်ရ၏။

အပြင်ဘက်၌ အမှောင်အတိ ကျနေသော်လည်း အတွင်းဘက်၌မူ နေ့လယ်ခင်းကဲ့သို့ လင်းထိန်နေပေသည်။

ဟန်ရှန်းမန် ကြည့်လိုက်ရာ မြေပြင်ပေါ်၌ သန္ဓေပြောင်း နေကြာပန်းများ အပြည့်စိုက်ပျိုးထားသည်ကို မြင်တွေ့လိုက်ရသည်။

အကာအကွယ် အတွင်းပိုင်း တစ်ခုလုံး၌ ရွာလေးတစ်ရွာ၊ စီးဆင်းနေသော ရေကန်၊ တောင်ကုန်းငယ်များနှင့် စိုက်ခင်းများပါ ရှိနေသည်။

တစ်ခုလုံးက အပြင်ကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေသော သာယာလှပသည့် ကမ္ဘာသစ်လေးတစ်ခုအလားပင်။ အိမ်လေးများက သပ်ရပ်စွာ တည်ရှိနေပြီး အိမ်ရှေ့များတွင်လည်း အိမ်မွေးတိရစ္ဆာန်များကို မွေးမြူထားကြသေးသည်။

ဟန်ရှန်းမန်က အံ့အားသင့်စွာဖြင့် "ဒီမှာ ဘယ်လိုလုပ် အလင်းရောင် ရနေတာလဲ" ဟု မေးလိုက်သည်။

ဝူယင်က ပြုံးလျက် "ဒါက အရင်တုန်းက ဦးလေးမာ ထုတ်ပေးခဲ့တဲ့ အစီအစဉ်လေ... ဆောက်လုပ်ရေးဌာနက လူတွေ ကွင်းဆင်းလေ့လာပြီးတဲ့နောက် ဒီမြေနေရာကို ပုံစံချခဲ့တယ်... ပြီးတော့ အမှောင်ဓာတ် သန္ဓေပြောင်းစွမ်းအင် အကာအကွယ်ကို တည်ဆောက်ခဲ့တာပဲ" ဟု ဖြေသည်။

"အကာအကွယ်ကတစ်ဆင့် အတွင်းနဲ့ အပြင်က အမှောင်ဓာတ် သန္ဓေပြောင်းစွမ်းအင်တွေကို ခွဲခြားထားပြီး အပြင်ဘက်က အမှောင်ဓာတ်တွေ အကာအကွယ် အတွင်းပိုင်းကို မပျံ့နှံ့နိုင်အောင် လုပ်ထားတာ"

"အဲ့ဒီနောက် အကာအကွယ်ထဲမှာရှိတဲ့ အမှောင်ဓာတ် သန္ဓေပြောင်းစွမ်းအင်တွေ ကုန်စင်သွားအောင် နည်းလမ်းရှာပြီး... ဒီနေရာကို သာမန် နေရာလွတ်တစ်ခုအဖြစ် ဖန်တီးလိုက်တာပဲ"

"ကျွန်တော်တို့ ဒီမှာ သန္ဓေပြောင်း နေကြာပန်းတွေကို စိုက်ပျိုးပြီး အလင်းရောင် ရအောင် လုပ်တယ်... ပြီးတော့ တခြား အပင်မျိုးစုံကိုလည်း စိုက်ပျိုးရင်း တဖြည်းဖြည်းနဲ့ အခုမြင်နေရတဲ့ ရွာလေး ဖြစ်လာတာပေါ့"

"ဒီရွာသားတွေထဲမှာ ကျွန်တော်တို့ လူတွေအပြင်... အရင်က ဖန်ဆန်းကျွန်းကနေ ပြောင်းရွှေ့လာတဲ့ သူတွေ အများကြီးပါတယ်"

"နောက်ပြီး... အနီးအနားက အဆောက်အအုံတွေမှာ ပုန်းအောင်းနေတဲ့ ခိုလှုံရေးစခန်းက လူတချို့ကိုလည်း... ကျွန်တော်တို့ ကယ်တင်လာခဲ့သေးတယ်"

ဝူယင်သည် တွင်းနက်အရိပ်ရေပေါ်ကျွန်းကို လွှဲပြောင်းရယူပြီးနောက် ဆရာလင်း၏ ဆန္ဒအတိုင်း နေရာအနှံ့ လူများကို ရှာဖွေကယ်တင်ကာ လူဦးရေကို တိုးချဲ့ခဲ့သည်။

"အခု ဒီမှာ လူဦးရေ ဘယ်လောက် ရှိလဲ"

"နှစ်ထောင့်နှစ်ရာသုံးဆယ့်တစ်ယောက် ရှိတယ်... လောလောဆယ်တော့ ကိုယ့်ဘာသာ ဖူလုံအောင် နေနိုင်နေပြီ"

"ဒါပေမဲ့ စက်ပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ လက်နက် အများစုကတော့ ထိုက်ယန်တောင်ဘက်ကနေ သယ်လာတာတွေချည်းပါပဲ"

"အထူးသဖြင့် လျှပ်စစ်မီး ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေလို နည်းပညာ ထုတ်ကုန်တွေပေါ့"

ဝူယင်က ရှေ့မှ လမ်းပြခေါ်ဆောင်သွားရာ အချိန်အနည်းငယ်အကြာတွင် ရှေ့မှ မိန်းကလေးတစ်ယောက် ပြေးလာလေသည်။

"ခေါင်းဆောင်ဝူ... ခေါင်းဆောင်ကျန်း... ပြန်ရောက်လာကြပြီလား... ပေါင်ရှန်းတောင်ကနေ ထွက်ပြေးလာတဲ့ လူတွေ ထွက်သွားမယ်ဆိုပြီး ဆူပူနေကြတယ်"

ဝူယင်က ထိုစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး "နဲ့ရှင်း... နင် သူတို့ကို မပြောပြဘူးလား... အပြင်မှာ အခု အရမ်းရှုပ်ထွေးနေတယ်... ဖန်ဆန်းကျွန်းပေါ်မှာ ပေါင်ရှန်းတောင်က သစ္စာဖောက်တွေ စောင့်ကြည့်နေတယ်လို့"

နဲ့ရှင်းက သက်ပြင်းချကာ "ကျွန်မ ပြောပြပါတယ်... ရဲအရာရှိလီပါ သွားပြီး ဖျောင်းဖျနေတာတောင် အလကားပဲ... သူတို့က ထွက်သွားချင်နေတုန်းပဲ... ဒီမှာ ဒီအတိုင်းကြီး ထိုင်စောင့်နေတာက အလုပ်မဖြစ်ဘူးလို့ ထင်နေကြတယ်" ဟု ပြန်ဖြေသည်။

ဟန်ရှန်းမန်က ကျန်းဖန်အား တိုးတိုးလေး မေးလိုက်သည်။ "ဒီမိန်းကလေးက ဘယ်သူလဲ"

ကျန်းဖန်က "သူက ဖန်ဆန်းကျွန်းရဲ့ ဒေသခံလေ... အရင်တုန်းက ဆရာလင်း ဖန်ဆန်းကျွန်းကို စရောက်တုန်းက သူကပဲ လမ်းပြပေးခဲ့တာ... ဒါကြောင့် နောက်ပိုင်း သူတို့အဖွဲ့ ဒီဘက်ကို ပြောင်းလာတဲ့အခါ ခေါင်းဆောင်ဝူက သူ့ကို အဖွဲ့ခေါင်းဆောင်ငယ်အဖြစ် ရာထူးတိုးပေးလိုက်တာပါ" ဟု ဖြေသည်။

"သူပြောတဲ့ ရဲအရာရှိလီဆိုတာက... ရေကြီးမှုကြီး မဖြစ်ခင်က ရဲတစ်ယောက်လေ... နောက်ပိုင်း ဖန်ဆန်းကျွန်းရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာ"

"ဒါပေမဲ့ သူနိုးထလာတဲ့ အစွမ်းက ခွန်အား အမျိုးအစားဆိုတော့... လက်အောက်ငယ်သားတွေကို မထိန်းချုပ်နိုင်တော့ဘူး... သူ့ရဲ့ ရာထူးကလည်း သိပ်မခိုင်မာဘူး... ဆရာလင်းနဲ့ တွေ့သွားလို့ တော်သေးတာပေါ့... မဟုတ်ရင် ဖန်ဆန်းကျွန်းက လူတွေ အချင်းချင်း သတ်ဖြတ်နေလောက်ပြီ"

"ပြောရမယ်ဆိုရင် သူကလည်း တော်တော် ပြတ်သားတဲ့ လူတစ်ယောက်ပဲ... ဆရာလင်း အစွမ်းထက်တာကို မြင်တာနဲ့ ခေါင်းဆောင်ရာထူးကို တန်းစွန့်လွှတ် ခိုလှုံရေးစခန်းကို ဖျက်သိမ်းပြီး ဆရာလင်းနဲ့အတူ တွင်းနက်အရိပ်ရေပေါ်ကျွန်းကို လိုက်လာတာပဲ"

"ဆရာလင်းကလည်း သူ့ရဲ့ ကျေးဇူးကို ထောက်ထားပြီး သူ့ကို အဖွဲ့ခေါင်းဆောင်ငယ် ရာထူးပေးလိုက်တယ်... အခုတော့ သူကလည်း ကျွန်တော်တို့ လူပါပဲ"

ဟန်ရှန်းမန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး စိတ်ထဲတွင် သဘောပေါက်သွားသည်။

"ခေါင်းဆောင်ဝူ... ပေါင်ရှန်းတောင်က ဆင်းလာတဲ့ အဲ့ဒီလူတွေနဲ့ သွားတွေ့ရအောင်"

ဝူယင်က ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်ကာ ဟန်ရှန်းမန်ကို ခေါ်၍ ရွာထဲသို့ လျှောက်သွားလေသည်။

မကြာမီမှာပင် ရွာ၏ အလယ်ဗဟို အကျဆုံး နေရာရှိ မြင့်မားလှသော အဆောက်အအုံကြီးတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။

ထိုအဆောက်အအုံသည် ဤရွာလေး၏ ဗဟိုချက်ဖြစ်ပြီး ဝူယင်တို့၏ ရုံးခန်းလည်း ဖြစ်ပေသည်။

ပြောစရာရှိသည်မှာ ဤအဆောက်အအုံ၏ ဒီဇိုင်းသည် အလင်းနှင့် အမှောင် အလှည့်ကျ ပေါင်းစပ်ထားသော ပုံစံမျိုး ဖြစ်ပြီး ထိုက်ယန်တောင်ဘက်ရှိ နေရောင်ခြည်ကောင်းစွာရသော ဖောက်ထွင်းမြင်နိုင်သည့် နေရာမျိုးကဲ့သို့ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဝူယင်သည် အမှောင်ဓာတ် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ အရိပ်ကျနေသော နေရာများကို ဗီဇအရ နှစ်သက်သောကြောင့် ဖြစ်သည်။

ဤရုံးခန်းကို ယခုကဲ့သို့ ပုံစံမျိုး ဖန်တီးထားခြင်းမှာ သူ အလွယ်တကူ သွားလာနိုင်ရန်နှင့် အသံတိတ် ကိုယ်ယောင်ဖျောက်ကာ ဝင်ထွက်သွားလာနိုင်စေရန် အဆင်ပြေစေရန် ဖြစ်သည်။

လုံခြုံရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးသည် ဝူယင် အထိုင်ချကာ စောင့်ကြပ်ရန်အတွက် သံသယဝင်စရာ မလိုအောင်ပင် ပို၍ သင့်လျော်နေပေသည်။

"ခင်ဗျားတို့ ဖယ်ကြစမ်းပါ... ကျွန်တော်တို့ တကယ် ပြန်တော့မယ်"

"ပေါင်ရှန်းတောင်ပေါ်မှာ အခု ဘယ်လို အခြေအနေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ ဘာမှ မသိရဘူး... ဒီမှာ ခင်ဗျားတို့ ထိုက်ယန်တောင်ကို အကူအညီ တောင်းပေးတာကို ဘယ်အချိန်အထိ စောင့်ရမှာလဲ"

"ဟုတ်တယ် ရဲအရာရှိလီ... ဘာပဲဖြစ်ဖြစ် သတင်းတော့ ပို့ပြီးသွားပြီပဲ... ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါ... သေရမယ်ဆိုရင်တောင် ပေါင်ရှန်းတောင်ပေါ်မှာပဲ သေပါရစေ"

"ဟုတ်တယ်... ခင်ဗျား ဖယ်လိုက်ပါ ရဲအရာရှိလီ"

အဆောက်အအုံအတွင်းမှ ပြင်းထန်သော အငြင်းပွားသံများ ထွက်ပေါ်လာသည်။

လူအချို့က ထွက်သွားမည်ဟု ဆူပူနေကြပြီး အချို့က သူတို့ကို ဖျောင်းဖျနေကြသည်ကို သဲ့သဲ့လေး ကြားနေရ၏။

နဲ့ရှင်းက သက်ပြင်းချကာ ဝူယင်အား ကြည့်၍ "ခေါင်းဆောင်ဝူ... ရှင် မြင်တဲ့အတိုင်းပဲ" ဟု ပြောလိုက်သည်။

ဝူယင်က ခေါင်းညိတ်ကာ "ငါတို့ သွားပြီး သူတို့နဲ့ စကားပြောကြည့်ကြတာပေါ့"

"ခေါင်းဆောင်ဟန်... ကြွပါ"

လူအားလုံး ဝူယင်၏ နောက်မှလိုက်ကာ အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားကြသည်။

ဟန်ရှန်းမန် ကြည့်လိုက်ရာ အခန်းထဲတွင် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အခြားလူအချို့ကို ဖျောင်းဖျနေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုသူများထဲတွင် အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး အကြမ်းဖျင်းအားဖြင့် အသက် သုံးဆယ်ဝန်းကျင် အရွယ်များ ဖြစ်ကြသည်။

ထိုအထဲမှ အလယ်တွင် ရပ်နေသော ဆံပင်တိုတိုနှင့် လူငယ်မှာ သူတို့၏ ခေါင်းဆောင် ဖြစ်ဟန်တူပေသည်။

"ရဲအရာရှိလီ" ဝူယင်က လှမ်းခေါ်လိုက်သည်။

လီဟောင်က အလျင်အမြန် လှည့်ကြည့်လိုက်ပြီး ဝူယင်ကို မြင်သောအခါ ဝမ်းသာသွားကာ "ခေါင်းဆောင်ဝူ... တော်သေးတယ် ရောက်လာလို့... ကိုကျိုးတို့ကို မြန်မြန် လာဖျောင်းဖျပေးပါဦးဗျာ... ကျွန်တော် ဘယ်လိုပြောပြော သူတို့ နားမထောင်ကြဘူး" ဟု ကမန်းကတန်း ပြောလိုက်သည်။

ဝူယင်က ခေါင်းဆောင်ဖြစ်သူ လူငယ်ကို ကြည့်ကာ "ကိုကျိုး... အပြင်ဘက်က ရန်သူတွေကို ကျွန်တော်တို့ ဆုတ်သွားအောင် လုပ်လိုက်ပါပြီ... ခင်ဗျားတို့ သွားချင်တယ်ဆိုရင် အချိန်မရွေး ထွက်သွားလို့ ရပါပြီ" ဟု ပြောလိုက်သည်။

ကျိုးဟွေးသည် ချက်ချင်းပင် ဝမ်းသာသွားပြီး "ကူကျန့်ယဲ့တို့ကို ခင်ဗျားတို့ အနိုင်ယူလိုက်ပြီလား" ဟု အလျင်အမြန် မေးလိုက်သည်။

"ကူကျန့်ယဲ့ဆိုတာ ဘယ်သူလဲ" ဟန်ရှန်းမန်က မေးလိုက်သည်။

ဝူယင်က လှည့်ကာ "ဖန်ဆန်းကျွန်းက လူစုရဲ့ ခေါင်းဆောင်လေ" ဟု ရှင်းပြလိုက်သည်။

ကျိုးဟွေးက ဟန်ရှန်းမန်ကို ကြည့်ကာ "ဒီအမျိုးသမီးက ဘယ်သူလဲ" ဟု သံသယဖြင့် မေးလိုက်သည်။

ဝူယင်က မိတ်ဆက်ပေးလိုက်သည်။ "မိတ်ဆက်ပေးဖို့ မေ့နေတာ ကိုကျိုး... ဒီအမျိုးသမီးက ထိုက်ယန်တောင်ကနေ လာတဲ့ ခေါင်းဆောင် ဟန်ရှန်းမန်ပါ... သူက ကျွန်တော်တို့ ရေတပ်ရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ"

ကျိုးဟွေးက ကြားသည်နှင့် ချက်ချင်း စိတ်လှုပ်ရှားသွားကာ "ထိုက်ယန်တောင်က လာတဲ့ စစ်ကူလား... မဟန်... ဆရာလင်းရော ပါလာလား" ဟု မေးလိုက်သည်။

ဟန်ရှန်းမန်က ခေါင်းအနည်းငယ် ခါယမ်းလျက် "စိတ်မရှိပါနဲ့... ကိုလင်းယွမ်က ထိုက်ယန်တောင်မှာ အထိုင်ချပြီး လင်ကျောင်းမြို့ရဲ့ အခြေအနေကို ထိန်းချုပ်ဖို့ လိုအပ်နေလို့ လောလောဆယ်တော့ လာလို့မရသေးဘူး" ဟု ဖြေလိုက်သည်။

"ဘာ... ဆရာလင်း မလာဘူးလား" ကျိုးဟွေး၏ မျက်နှာပျက်သွားပြီး အနည်းငယ် စိတ်ပျက်သွားဟန် ရှိသည်။

ထို့နောက် သူက ချက်ချင်းပင် "ဒါဆို ထိုက်ယန်တောင်က ကျွန်တော်တို့ကို ကူညီပေးမှာလား" ဟု မေးလိုက်သည်။

ဟန်ရှန်းမန်က ပြုံးလျက် "ဒါပေါ့... မဟုတ်ရင် ကျွန်မက ဒီကို ဘာလာလုပ်မှာလဲ"

ကျိုးဟွေး ကြားလိုက်ရသော် အနည်းငယ် ဝမ်းသာသွားသော်လည်း ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် "မဟန်... ရိုင်းတယ်လို့ မထင်ရင် တစ်ခုလောက် မေးပါရစေ... ခင်ဗျားရဲ့ အဓိက အရည်အသွေးက အခု ဘယ်လောက်ရှိပြီလဲ" ဟု မေးလိုက်သည်။

"ကျွန်တော် ခင်ဗျားကို မယုံကြည်လို့ မဟုတ်ပါဘူး... တကယ်တော့ ခင်ဗျားတို့က ပေါင်ရှန်းတောင်ဘက်က အခြေအနေကို သေချာ မသိလို့ပါ"

"အခု ကျွန်တော်တို့ရဲ့ ရန်သူက အရမ်း အစွမ်းထက်တယ်... မျိုးရိုးဗီဇမြေပုံ အလယ်အလတ်အဆင့်ကို ရောက်နေတဲ့ ရန်သူတွေတောင် ပေါ်လာပြီ"

"တကယ်လို့ လာတဲ့သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်လောက်ရှိတဲ့ အစွမ်းပိုင်ရှင် မဟုတ်ရင် ကျွန်တော်တို့ကို ကူညီပေးဖို့ ခက်ခဲလိမ့်မယ်"

ဟန်ရှန်းမန်က ခေါင်းအနည်းငယ် ညိတ်ကာ "ကျွန်မ နားလည်ပါတယ်... တစ်ခုလောက် မေးပါရစေ... ရှင်တို့ရဲ့ ရန်သူက တကယ်တော့ ပေချန်ကျွန်းက လူတွေလား ဒါမှမဟုတ် တခြားကလား" ဟု မေးလိုက်သည်။

"ဗျာ... ဘာသဘောလဲ... ကျွန်တော် နားမလည်ဘူး... ကျွန်တော်တို့ရဲ့ ရန်သူက သေချာပေါက် ပေချန်ကျွန်းက ဓားပြတွေပေါ့" ကျိုးဟွေးက သံသယဖြင့် မေးလိုက်သည်။

"ကိုကျိုး... ရှင်တို့ ရင်ဆိုင်နေရတဲ့ ပေချန်ကျွန်းက ရန်သူတွေထဲမှာ ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေ အများကြီး ရှိလား"

"ရှိတယ်"

"ကျွန်မ သိသလောက်တော့ ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေက တစ်ထောင်မှာ တစ်ယောက် တွေ့ရခဲတယ်... ဒီလို အစွမ်းပိုင်ရှင် အရေအတွက်က သိပ်မများလှဘူး... ပြီးတော့ ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့တွေကလည်း ရှာရခက်တယ်... သူတို့ဆီမှာ ဘယ်လိုလုပ်ပြီး ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေ ဒီလောက်တောင် များနေရတာလဲ"

ကျိုးဟွေး ကြားလိုက်ရသော် သက်ပြင်းချကာ "ပေချန်ကျွန်းက မြူခိုးမြို့တော်ကို ခိုလှုံသွားလို့လေ" ဟု ဖြေလိုက်သည်။

"အဲ့ဒီ မြူခိုးမြို့တော်က ရေခဲဓာတ် ရေပေါ်ကျွန်းတစ်ခုပဲ... အဲ့ဒီမှာ ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့တွေ အပေါဆုံးပဲလေ"

"ပြီးတော့ ကျွန်တော်တို့ ထွက်လာတဲ့ အချိန်တုန်းက အဲ့ဒီ မြူခိုးမြို့တော်ရဲ့ သခင်က ကိုယ်တိုင်တောင် ဝင်ပါနေပြီ"

"ကျွန်တော်တို့ ခေါင်းဆောင်က သူတို့ကို တစ်ခါ ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့ပေမဲ့... သူက အရင်ကတည်းက ကူကျန့်ယဲ့ဆိုတဲ့ ခွေးကောင် ခိုးတိုက်တာ ခံရလို့ ဒဏ်ရာရထားတာလေ"

"ဒီတစ်ခါ အတင်းအဓမ္မ အဆင့်တက်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို နည်းနည်း တိုးမြှင့်လိုက်လို့သာ... တစ်ဖက်ရန်သူကို မသေရုံတမယ် တောင့်ခံထားနိုင်တာ"

"ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားနေရင် အနှေးနဲ့အမြန် တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး... ဒါကြောင့် ခေါင်းဆောင်ရွှီက ကျွန်တော်တို့ကို ထိုက်ယန်တောင်ကို သွားပြီး အကူအညီ တောင်းခိုင်းတာ"

ဟန်ရှန်းမန်၊ ဝူယင်နှင့် ကျန်းဖန်တို့ သုံးယောက်သား အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အားလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင်များ ပေါ်လွင်သွားကြသည်။

ထင်ထားသည့်အတိုင်းပင် ထိုပေချန်ကျွန်း၏ နောက်ကွယ်တွင် တကယ်တမ်း ကြိုးကိုင်နေသူမှာ မြူခိုးမြို့တော် ဖြစ်နေခဲ့လေသည်တကား။

ဆက်ရန်...

အပိုင်း (၆၂၆) ဝိညာဉ်လိပ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇမျိုးစေ့

"မြူခိုးမြို့တော်... ချန်ယွင်တောက်..." ဟန်ရှန်းမန်က မျက်နှာတည်သွားသည်။

ကျန်းဖန်က ချက်ချင်းပင် "ခေါင်းဆောင်ဟန်... ဒီကိစ္စကို ဆရာလင်းဆီ ချက်ချင်း သတင်းပို့ရလိမ့်မယ် ထင်တယ်" ဟု ပြောလိုက်သည်။

"ချန်ယွင်တောက်က မြူခိုးမြို့တော်ကို သိမ်းပိုက်ထားတာ ကြာပြီ... သူ့အစွမ်းက သာမန်မဟုတ်ဘူး... ဒါက ငါတို့ ကိုင်တွယ်နိုင်တဲ့ ကိစ္စ မဟုတ်တော့ဘူး"

ဝူယင်ကလည်း ပြတ်ပြတ်သားသားပင် "ဆရာလင်း ပြောတဲ့ ဖန်ဆန်းကျွန်းကို အရင်ပြန်ယူရမယ်ဆိုတာက တကယ်ကို လိုအပ်နေတာပဲ" ဟု ဆိုလေသည်။

"တကယ်လို့ မြူခိုးမြို့တော် သခင်ကသာ အကွက်ချနေတာဆိုရင်... ဖန်ဆန်းကျွန်းကို လုယူတာက သူ အစောကတည်းက စီစဉ်ထားတဲ့ အစီအစဉ် ဖြစ်ရမယ်"

"ပေါင်ရှန်းတောင်ကိုသာ သိမ်းလိုက်နိုင်ရင် သူက ပေါင်ဆန်းမြို့တစ်မြို့လုံးကို အုပ်စိုးလိုက်နိုင်သလို ဖြစ်သွားပြီ... အဲ့ဒီအချိန်ကျရင် တောင်ဘက် လင်ကျန်းမြို့ကို တိုက်ခိုက်ဖို့ ဖန်ဆန်းကျွန်းကို ကြားခံစခန်းအဖြစ် အသုံးပြုလိုက်ရင် တကယ်ကို ပြီးပြည့်စုံသွားမှာပဲ"

ကျန်းဖန်က မျက်မှောင်ကြုတ်လျက် "ဒါပေမဲ့ ငါတို့ရဲ့ လက်ရှိအစွမ်းနဲ့ ဖန်ဆန်းကျွန်းကို တကယ် ပြန်လုယူနိုင်ပါ့မလား" ဟု မေးလိုက်သည်။

ဟန်ရှန်းမန်က ကျိုးဟွေးဘက်သို့ လှည့်ကြည့်ကာ "ကိုကျိုး... ခုနက ဖန်ဆန်းကျွန်းကို ကူကျန့်ယဲ့ဆိုတဲ့သူက သိမ်းထားတယ်လို့ ပြောလိုက်တာလား" ဟု မေးမြန်းလိုက်သည်။

"ဒီကူကျန့်ယဲ့ရဲ့ နဲ့ပတ်သတ်ပြီး ရှင် ဘယ်လောက် သိထားလဲ"

ကျိုးဟွေးက မနေနိုင်တော့ဘဲ "ခင်ဗျားတို့က ဘာလို့ ဖန်ဆန်းကျွန်းကိစ္စကိုပဲ ဆွေးနွေးနေကြတာလဲ... အခု အရေးအကြီးဆုံးက ကျွန်တော်တို့ ပေါင်ရှန်းတောင်ကို ကူညီပြီး အဝိုင်းခံနေရတာကို ဖြေရှင်းပေးဖို့ မဟုတ်ဘူးလား" ဟု ဝင်ပြောလေသည်။

ဟန်ရှန်းမန်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "ကိုကျိုး... ရှင် အထင်လွဲနေပြီ... ကျွန်မတို့က ရှင်တို့ကို မကူညီတာ မဟုတ်ဘူး... ဖန်ဆန်းကျွန်းကို တိုက်ခိုက်တာကလည်း ရှင်တို့ကို ကူညီဖြေရှင်းပေးတာပဲ"

"ဝေ့ပြည်ကို ဝိုင်းပြီး ကျောက်ပြည်ကို ကယ်တယ်ဆိုတဲ့ စကားကို ရှင် မကြားဖူးဘူးလား... ဖန်ဆန်းကျွန်းကို တိုက်ခိုက်ပြီးသွားရင် ကျွန်မတို့နဲ့ ပေါင်ရှန်းတောင်က ဟန်ချက်ညီသွားပြီး ရန်သူကို အပြန်အလှန် ပူးပေါင်းတိုက်ခိုက်လို့ ရသွားပြီ"

"ရန်သူတွေ ပေါင်ရှန်းတောင်ကို ထပ်တိုက်တဲ့အခါကျရင်လည်း... တပ်ဖွဲ့တစ်ခုလုံးကို ထုတ်သုံးရဲမှာ မဟုတ်တော့ဘူးလေ... ဖန်ဆန်းကျွန်းဘက်ကို သတိထားဖို့ လူတချို့ ချန်ထားရလိမ့်မယ် မဟုတ်ဘူးလား"

"ဒါက..." ကျိုးဟွေး မျက်မှောင်ကြုတ်သွားသည်။ သူက ဤစကားများတွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသော်လည်း ချက်ချင်း ပြန်လည်ချေပရန် အချက်ကိုမူ မစဉ်းစားတတ်တော့ချေ။

ဟန်ရှန်းမန်ကမူ သူ့ကို ဆက်လက် စဉ်းစားရန် အချိန်မပေးဘဲ "ပွင့်ပွင့်လင်းလင်း ပြောရရင် မြူခိုးမြို့တော်ရဲ့ သခင်က ကျွန်မတို့ ကိုလင်းယွမ်နဲ့ အရင်ကတည်းက ပြဿနာ ရှိဖူးတယ်" ဟု ဖျောင်းဖျလိုက်သည်။

"ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ... ဒါ့အပြင် ရှင်တို့ရဲ့ ခေါင်းဆောင်ရွှီကလည်း ကိုလင်းယွမ်နဲ့ တကယ်ကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လေ"

"နှုတ်ခမ်း မရှိရင် သွားကျိမ်းတယ်ဆိုတဲ့ သဘောတရားကို ကျွန်မတို့ နားမလည်ဘဲ နေပါ့မလား"

"အဲ့ဒီတော့ စိတ်ချပါ... ကျွန်မတို့က ရှင်တို့ကို တကယ် ကူညီချင်တာပါ"

ဤစကားများကြောင့် ကျိုးဟွေးက ခေါင်းညိတ်လိုက်ပြီး "ဟူး... အခု ကျွန်တော်တို့မှာလည်း တခြား နည်းလမ်း မရှိတော့ပါဘူး" ဟု ဆိုလေသည်။

"ကူကျန့်ယဲ့ရဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်များများ သိထားတယ်"

"ဒီလူက အရင်က ကျွန်တော်တို့ ပေါင်ရှန်းတောင်ရဲ့ ဒုတိယခေါင်းဆောင်ပဲ... သူ ဘယ်အချိန်ကတည်းက မြူခိုးမြို့တော်ဆီ ခိုလှုံသွားလဲဆိုတာကိုတော့ ကျွန်တော် သိပ်မသေချာဘူး"

"ကျွန်တော်တို့ အဖွဲ့တွင်း ခန့်မှန်းထားတာကတော့ သူက သူ့သားအတွက် ဒီလို လုပ်တာ ဖြစ်နိုင်တယ်"

"သူ့သားက ရေခဲဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်ပဲ... ဒါပေမဲ့ ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို အချိန်အတော်ကြာတဲ့အထိ ရှာမတွေ့သေးလို့ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကို မတက်နိုင်သေးဘူး"

"သူက သူ့သားအတွက် ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ ရအောင်လို့ မြူခိုးမြို့တော်ကို သွားခိုလှုံတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတယ်"

"အင်းပေါ့... ဒီထဲမှာ တခြား အကျိုးအမြတ်တွေလည်း သေချာပေါက် ရှိဦးမှာပဲ... မဟုတ်ရင် ကူကျန့်ယဲ့က ကျွန်တော်တို့ကို သစ္စာဖောက်မှာ မဟုတ်ဘူး"

"သူ့ရဲ့ အစွမ်းနဲ့ ပတ်သက်ပြီး ပြောရရင်... သူ ထွက်ပြေးသွားတဲ့ အချိန်တုန်းက သူ့ရဲ့ အဓိက အရည်အသွေးက အမှတ် ၁၀၀ ကို ရောက်နေပြီ"

"သူ့ရဲ့ အဓိက အရည်အသွေးက ဘယ်အမျိုးအစားလဲ" ဟန်ရှန်းမန်က ထပ်မေးလိုက်သည်။

"စိတ်စွမ်းအင် အမျိုးအစားပဲ"

"မျိုးရိုးဗီဇမျိုးစေ့ အစွမ်းကရော"

"ကျွန်တော်တို့က အဲ့ဒါကို စေတစ်လုံးအစွမ်းလို့ ခေါ်တယ်"

"စေတစ်လုံးအစွမ်း..." ဟန်ရှန်းမန်က ကြောင်သွားပြီး ချက်ချင်း နားမလည်နိုင် ဖြစ်သွားသည်။

"စေတစ်လုံးအစွမ်းဆိုတာ ဘာလဲ" ဝူယင်ကလည်း မနေနိုင်တော့ဘဲ မေးလိုက်သည်။

ကျိုးဟွေးက "သူ့စကားမှာ အသက်ပါနေသလိုမျိုးပဲ... နှုတ်က ထွက်တာနဲ့ အကုန် တကယ်ဖြစ်လာတာ... ဆိုလိုတာက သူ ဘာပြောပြော အဲ့ဒီအတိုင်း ဖြစ်လာတာကို စေတစ်လုံးအစွမ်းလို့ ခေါ်တာပဲ" ဟု ရှင်းပြလေသည်။

"ဘာ... ဒီလိုအစွမ်းမျိုး ရှိသေးတာလား"

ဝူယင်၊ ဟန်ရှန်းမန်နှင့် ကျန်းဖန်တို့အားလုံး အလွန်အမင်း အံ့သြသွားကြသည်။

ကျိုးဟွေးက ခေါင်းညိတ်လိုက်ပြီး "ဒီလိုအစွမ်းမျိုး ရှိတယ်... ဒါကြောင့်ပဲ သူက ကျွန်တော်တို့ ခေါင်းဆောင်ကို တိတ်တဆိတ် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပြီး ခေါင်းဆောင်ဆီကနေ လွတ်အောင် ပြေးနိုင်ခဲ့တာပေါ့" ဟု ဆိုသည်။

"ကျွန်တော်တို့ ခေါင်းဆောင်က... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းနိုင်တဲ့အထိ စွမ်းအားကြီးတဲ့ အစွမ်းပိုင်ရှင် ဖြစ်နေတာတောင် သူ့ကို မတားဆီးနိုင်ခဲ့ဘူး"

ဟန်ရှန်းမန်က မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ "ဒီလိုအစွမ်းမျိုးနဲ့ သူကဘယ်လို တိုက်ခိုက်တာလဲ" ဟု မေးလိုက်သည်။

ကျိုးဟွေးက ခါးသီးစွာ ပြုံးလိုက်ပြီး "အဲ့ဒါကတော့ နည်းလမ်းတွေ အများကြီး ရှိတာပေါ့... သူက 'မင်းရဲ့ တိုက်ခိုက်မှုတွေ ငါ့ကို မထိနိုင်ဘူး' လို့ ပြောလိုက်ရုံနဲ့ ခင်ဗျား သူ့ကို ဘယ်လိုပဲ တိုက်ခိုက်တိုက် ခိုက် ထိအောင် လုပ်လို့ မရတော့ဘူး... ဘယ်လောက်ပဲ နီးကပ်နေပါစေ ထိမှာ မဟုတ်ဘူး"

"ဟင်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါက သူနဲ့ မျက်နှာချင်းဆိုင် ဒီလောက် အနီးကပ် နေနေတာကို မထိနိုင်ဘူးလား" ကျန်းဖန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မယုံကြည်နိုင်စွာ ပြန်မေးလိုက်သည်။

ကျိုးဟွေးက ခေါင်းခါလိုက်ပြီး "ကျွန်တော် ကိုယ်တိုင် မြင်ဖူးတယ်... ကူကျန့်ယဲ့ လူတစ်ယောက်နဲ့ တိုက်ခိုက်တုန်းက တစ်ဖက်လူက သူ့ရှေ့ တည့်တည့်ကို ရောက်နေပြီလေ... သူက 'မင်းရဲ့ဓား ငါ့ကို မထိနိုင်ဘူး' လို့ ပြောလိုက်တာ... ဘာဖြစ်သွားလဲ သိလား... အဲ့ဒီလူက ရုတ်တရက် ခြေချော်ပြီး မြေကြီးပေါ်ကို လဲကျသွားတာ... ဓားချက်ကလည်း လွဲသွားရော" ဟု ရှင်းပြလေသည်။

"ဒီလို အခြေအနေမျိုးတွေ အများကြီး ရှိခဲ့ဖူးတယ်... တကယ်ကို ထူးဆန်းလွန်းတယ်"

"သူ့ရဲ့ စေတစ်လုံးအစွမ်းက ဘာယုတ္တိမှ မရှိသလို ဘာအကြောင်းပြချက်မှလည်း မရှိဘူးလို့ ပြောလို့ရတယ်"

ဝူယင်က မနေနိုင်ဘဲ "ဒါဆို သူက 'မင်း သေပြီ' လို့ တိုက်ရိုက် ပြောလိုက်ရင် ငါ တကယ်ပဲ ချက်ချင်း သေသွားမှာလား" ဟု မေးလိုက်သည်။

ကျိုးဟွေးက ခေါင်းခါလိုက်ပြီး "အဲ့ဒီလိုတော့ မဟုတ်ဘူး... ဒီလိုအစွမ်းမှာလည်း ကန့်သတ်ချက် တစ်ခုတော့ ရှိပါတယ်... အဲ့လောက်ကြီးတော့ မလွန်လောက်ဘူး" ဟု ဆိုသည်။

"ဒါပေမဲ့လည်း မသေချာဘူး... တကယ်လို့ သူ့ရဲ့ စိတ်စွမ်းအင်က တစ်ဖက်လူထက် အများကြီး သာလွန်နေပြီး တစ်ဖက်လူက သာမန် အစွမ်းပိုင်ရှင်လေးသာ ဆိုရင်တော့... တကယ်ပဲ ရုတ်တရက် ရောဂါဖောက်ပြီး ချက်ချင်း သေသွားနိုင်တယ်"

"ဒါပေမဲ့ အဓိက အရည်အသွေး သိပ်မကွာတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတော့... သူ ဒီလို စေခိုင်းလိုက်ရင် အစွမ်းမပြနိုင်ဘဲ ဖြစ်သွားနိုင်သလို အစွမ်းရဲ့ တန်ပြန်ရိုက်ခတ်မှုကိုတောင် ခံရနိုင်တယ်"

"ဒီအထဲမှာ အတိအကျ ဘယ်လို ချိန်ဆထားလဲ ဆိုတာကိုတော့... ကျွန်တော်လည်း မသိဘူး"

လူအားလုံး နားထောင်ပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြပြီး ခေါင်းကိုက်သွားကြသည်။

ဖန်ဆန်းကျွန်းကို သိမ်းပိုက်ထားသော ဤရန်သူသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ မရောက်သေးသော်လည်း ဤမျှ ကိုင်တွယ်ရ ခက်ခဲလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

စေတစ်လုံးအစွမ်းသည် တကယ်ကို ယခင်က တစ်ခါမှ မကြားဖူးသော အစွမ်းမျိုးပင် ဖြစ်သည်။

တစ်ခဏမျှ အစွမ်းများစွာ တိုးတက်လာသော ဟန်ရှန်းမန်ပင်လျှင် ဤမျှ အင်အားကြီးမားသော ရန်သူကို ရင်ဆိုင်ရန် မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိသလို ခံစားလိုက်ရသည်။

သူမက ခဏမျှ စဉ်းစားလိုက်ပြီးနောက် "ဒီဘက်က အခြေအနေတွေကို ကိုလင်းယွမ်ဆီ အရင် အကြောင်းကြားလိုက်ရအောင်" ဟု ဆိုလေသည်။

"ပေချန်ကျွန်းရဲ့ နောက်ကွယ်က အင်အားစုက မြူခိုးမြို့တော် ဖြစ်နေတာဆိုတော့... ကိုလင်းယွမ်သာ သိသွားရင် သေချာပေါက် အလေးထားလာလိမ့်မယ်"

"အင်းပေါ့... ကျွန်မတို့ အခုလည်း အားလပ်နေလို့ မရဘူး... ပေါင်ရှန်းတောင်ဘက်ကို အမြန်ဆုံး ဆက်သွယ်ပြီး အဲ့ဒီဘက်ကနေ သတင်းအချက်အလက် တချို့ ရယူရမယ်"

"အကောင်းဆုံးက... မြူခိုးမြို့တော်ရဲ့ သခင် ချန်ယွင်တောက်ရဲ့ လက်ရှိအစွမ်းက ဘယ်လို အခြေအနေ ရှိနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရမယ်... ဒါမှ ကိုလင်းယွမ်အတွက် ကြိုတင် ပြင်ဆင်ထားလို့ ရမှာပေါ့"

ဟန်ရှန်းမန်က ဖန်ဆန်းကျွန်းကို ပြန်လည်တိုက်ခိုက်ရန် ရမ်းသန်း ဆုံးဖြတ်ခြင်း မရှိသည်ကို မြင်သောအခါ ဝူယင်ရော ကျန်းဖန်ပါ သက်ပြင်းချလိုက်နိုင်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့က ဖန်ဆန်းကျွန်းပေါ်ရှိ ရန်သူများ၏ အစွမ်းကို အလွန် ရှင်းလင်းစွာ သိထားကြသောကြောင့် ဖြစ်သည်။

လက်ရှိ အခြေအနေတွင် သူတို့ အမှန်တကယ် အနိုင်ယူနိုင်သော အနေအထားမျိုး မဟုတ်ပေ။

ဝူယင်က အစက ဟန်ရှန်းမန် ရောက်လာသည်မှာ လင်းယွမ်၏ အမိန့်ကို ရရှိထားပြီး ဖန်ဆန်းကျွန်းကို အမြန်ဆုံး ပြန်လည် သိမ်းယူရန် သူ့ကို လာရောက် တိုက်တွန်းခြင်း ဖြစ်မည်ဟု စိုးရိမ်နေခဲ့သေးသည်။

အခု ကြည့်ရသည်မှာ ဤခေါင်းဆောင်ဟန်က ဖန်ဆန်းကျွန်း၏ အခြေအနေကို နားမလည်သော်လည်း စိတ်လိုက်မာန်ပါ လုပ်တတ်သူမျိုး မဟုတ်ကြောင်း တွေ့ရသဖြင့် သူ အလိုအလျောက် သက်ပြင်းချလိုက်မိသည်။

ထို့နောက် သူက "ဆရာလင်းဆီ သတင်းပို့ဖို့ ကျွန်တော် လူတစ်ယောက် ချက်ချင်း လွှတ်လိုက်ပါ့မယ်" ဟု ဆိုလေသည်။

ဟန်ရှန်းမန်ကလည်း "ရှင်တို့ကို ပေါင်ရှန်းတောင်ဆီ ပြန်ပို့ပေးဖို့ ကျွန်မ လူရှာလိုက်မယ်" ဟု ပြောလိုက်သည်။

ကျန်းဖန်က "ဒါဆို ကျွန်တော်က ဖန်ဆန်းကျွန်းဘက်က လှုပ်ရှားမှုတွေကို သွားစောင့်ကြည့်ဖို့ လူခေါ်သွားလိုက်မယ်" ဟု ဆိုသည်။

ထို့နောက် သူတို့ သုံးယောက် ချက်ချင်းပင် လမ်းခွဲကာ လှုပ်ရှားလိုက်ကြတော့သည်။

...

ထိုက်ယန်တောင်၊ စွမ်းအင်စုဝေးအဆောက်အအုံ ဒုတိယထပ်။

"ဝီ"

ထူးဆန်းသော မြည်သံတစ်သံ ထွက်ပေါ်လာပြီးနောက် တစ်ခဏအကြာတွင် အခန်းတွင်းမှ အဖြူရောင် မြွေငယ်လေး တစ်ကောင် ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဒုတိယထပ်တွင် အသွားအလာ လုပ်နေကြသော လူများအနက် မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်း၏ တည်ရှိမှုကို သတိမထားမိကြချေ။

အဖြူရောင် မြွေငယ်လေးက လေထဲသို့ ပျံတက်သွားပြီး ကောင်းကင်ယံထက်တွင် ခန္ဓာကိုယ်ကို အသွင်ပြောင်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း၌ ဧရာမ အဖြူရောင် လိပ်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။

လိပ်ကြီး၏ အခွံပေါ်တွင် လိပ်ခွံ သင်္ကေတများကို ထွင်းထုထားပြီး စိတ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော အကာအကွယ်များက ၎င်းကို ဖုံးအုပ်ထားလေသည်။

လိပ်ကြီး၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

"ဒီတစ်ကြိမ် စုစည်းနိုင်ခဲ့တဲ့ စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့က... ခန္ဓာကိုယ်တစ်ခုတည်းမှာ သားရဲနှစ်ကောင် ပေါင်းစပ်နေတာမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"

လိပ်ကြီး၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ယမ်းသွားပြီးနောက် လူ့ခန္ဓာကိုယ် ပုံစံသို့ လျင်မြန်စွာ ပြန်လည်ပြောင်းလဲသွားသည်။

ထိုသူက လင်းယွမ်ပင် ဖြစ်လေသည်။

လင်းယွမ်က လေထဲတွင် မတ်တတ်ရပ်လျက် အရည်အသွေး ဇယားကွက်ကို လျင်မြန်စွာ ဖွင့်လိုက်ပြီး မျိုးရိုးဗီဇမြေပုံကဏ္ဍ ကို တိုက်ရိုက် ကြည့်လိုက်သည်။

မျိုးရိုးဗီဇမြေပုံ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ (၁၀%)၊ ရေခဲမြေရိုင်းဝက်ဝံ (၁၀%)၊ သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ် (၁၀%)၊ တွင်းနက်အရိပ်နဂါး (၁၀%)၊ ဝိညာဉ်လိပ် ပုံရိပ်ယောင်မြွေ (၁၀%)

"ဒီတစ်ကြိမ် စိတ်စွမ်းအင် နိုးထလာတဲ့ မျိုးရိုးဗီဇမြေပုံက ဝိညာဉ်လိပ် ပုံရိပ်ယောင်မြွေပဲ... ပြီးတော့ နိုးထလာတာနဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ ပမာဏက တိုက်ရိုက် ၁၀ ရာခိုင်နှုန်းကို ရောက်သွားတယ်"

"မျိုးရိုးဗီဇမြေပုံ အပြောင်းအလဲ အားလုံးက... ငါရဲ့ အသွင်တစ်ရာ မျောက်ဝံမိစ္ဆာရဲ့ တိုးတက်နှုန်းနဲ့ ကိုက်ညီနေတာပဲ"

"ဝိညာဉ်လိပ် ပုံရိပ်ယောင်မြွေရဲ့ အစွမ်းကို ကြည့်ရအောင်"

လင်းယွမ်၏ အာရုံက ဝိညာဉ်လိပ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇမြေပုံ၏ ဖော်ပြချက်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ဝိညာဉ်လိပ် ပုံရိပ်ယောင်မြွေ - စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့

အမျိုးအစား - သံကြိုးနှစ်ထပ် မျိုးရိုးဗီဇမြေပုံ

ပင်ကိုယ်အစွမ်း - တစ်ကိုယ်နှစ်စိတ်

မျိုးရိုးဗီဇ သယ်ဆောင်လာသော အစွမ်းများ - ပုံရိပ်ယောင်မြွေ ရိုက်ချက်၊ စိတ်စွမ်းအင် လှောင်အိမ်။

မှတ်ချက် - တစ်ကိုယ်နှစ်စိတ် ပင်ကိုယ်အစွမ်းသည် ဝိညာဉ်လိပ်နှင့် ပုံရိပ်ယောင်မြွေ သားရဲနှစ်ကောင်၏ အစွမ်းများကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

"ပုံရိပ်ယောင်မြွေ ရိုက်ချက်... စိတ်စွမ်းအင် လှောင်အိမ်..."

လင်းယွမ်က ဤမျိုးရိုးဗီဇ သယ်ဆောင်လာသော အစွမ်းနှစ်ခုကို ထပ်မံ ကြည့်လိုက်ပြန်သည်။

ပုံရိပ်ယောင်မြွေ ရိုက်ချက် - ပုံရိပ်ယောင်မြွေ အခြေအနေတွင် အစွမ်းထက်သော စိတ်စွမ်းအင် ရိုက်ခတ်မှုများကို ပစ်လွှတ်နိုင်ပြီး ရန်သူ၏ တွေးခေါ်မှုဖြစ်စဉ်ကို နှောင့်ယှက်ကာ တစ်ဖက်လူ၏ စိတ်ကို ရှုပ်ထွေးစေခြင်း၊ ပုံရိပ်ယောင်များ ဖန်တီးပေးခြင်းနှင့် အာရုံကြောစနစ်ကို ပြိုလဲစေရန် လှုံ့ဆော်ပေးနိုင်သည်။

စိတ်စွမ်းအင် လှောင်အိမ် - ဝိညာဉ်လိပ် အခြေအနေတွင် အစွမ်းထက်သော လိပ်ခွံပုံစံ စိတ်စွမ်းအင် လှောင်အိမ်ကို ဖန်တီးနိုင်ပြီး အကာအကွယ်အဖြစ် အသုံးပြုနိုင်သလို ရန်သူ၏ စိတ်ဝိညာဉ်ကိုလည်း ပိတ်လှောင်ထားနိုင်သည်။

ဤအစွမ်းနှစ်ခုအနက် တစ်ခုက ရန်သူ၏ စိတ်ပင်လယ်ကို တိုက်ခိုက်နိုင်ပြီး ပုံရိပ်ယောင်များ ဖန်တီးပေးနိုင်သည်။

နောက်တစ်ခုကတော့ ရန်သူကို ပိတ်လှောင်နိုင်ပြီး မိမိ၏ စိတ်ပင်လယ်ကိုလည်း ကာကွယ်ပေးနိုင်သည်။

တကယ်ကို ပြီးပြည့်စုံလွန်းလှသည်။

လင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ ရရှိခဲ့သော ဝိညာဉ်လိပ် ပုံရိပ်ယောင်မြွေ မျိုးရိုးဗီဇမျိုးစေ့ကို အတော်လေး ကျေနပ်သွားလေသည်။

"ဒီမျိုးရိုးဗီဇမျိုးစေ့ ရှိနေရင် စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇမြေပုံ အစွမ်းပိုင်ရှင်တွေနဲ့ တွေ့ရင်တောင် စိုးရိမ်စရာ မလိုတော့ဘူး"

ဤကဲ့သို့ အချိန်မျိုး ရောက်လာလေလေ လင်းယွမ်က အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမျိုးစေ့သည် အလွန်တရာ စွမ်းအားကြီးမားလွန်းလှသည်ဟု ခံစားရလေလေပင် ဖြစ်သည်။

"ငါ့ရဲ့ လက်ရှိ မျိုးရိုးဗီဇမြေပုံ အမြောက်အမြားနဲ့ဆိုရင် အန္တရာယ် အများစုကို ရင်ဆိုင်နိုင်နေပြီ"

"နောက်ထပ် လုပ်ရမှာကတော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ ပမာဏကို သေချာလေး မြှင့်တင်ဖို့ပဲ"

"ဒါကမှ အဓိက အခြေခံအုတ်မြစ်ပဲ"

လင်းယွမ်က စိတ်ထဲတွင် ရှင်းလင်းစွာ သိထားလေသည်။ မျိုးရိုးဗီဇမျိုးစေ့များကို မည်မျှပင် များပြားစွာ စုစည်းနိုင်စေကာမူ ယင်းသည် သူ၏ အစွမ်းအတိုင်းအတာကို ချဲ့ထွင်ခြင်း၊ သူ၏ ဘက်စုံစွမ်းရည်ကို တိုးမြှင့်ပေးခြင်း၊ သူ၏ အားနည်းချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် ကြီးမားသော ချို့ယွင်းချက်များ မရှိစေရန် ပြုလုပ်ပေးခြင်းသာ ဖြစ်သည်။

သို့သော် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်နှုန်းကို မြှင့်တင်နိုင်မှသာ သူ၏ တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံး ကန့်သတ်ချက်ကို အမှန်တကယ် မြှင့်တင်ပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။

"ရွှစ်"

စိတ်ဆန္ဒ လှုပ်ရှားသွားသည်နှင့် တစ်ပြိုင်နက် လင်းယွမ်က စွမ်းအင်စုဝေးအဆောက်အအုံ ဒုတိယထပ်သို့ ပြန်ရောက်သွားလေပြီ။

သူက တံခါးပိတ်၍ ဆက်လက် ကျင့်ကြံရန် ရည်ရွယ်လိုက်စဉ်မှာပင် ကျွမ်းရှုယွမ်က အပြေးအလွှား ရောက်လာသည်ကို တွေ့လိုက်ရပြီး သူမ၏ မျက်နှာအမူအရာမှာ အလွန် စိုးရိမ်တကြီး ဖြစ်နေပုံရသည်။

လင်းယွမ်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချက်ချင်း ရပ်တန့်လိုက်သည်။ ပြီးခဲ့သည့် အကြိမ်က ကျွမ်းရှုယွမ်ကို ပညာပေးခဲ့ပြီးနောက်ပိုင်း ဤမိန်းမက အရေးကြီးသည်၊ မကြီးသည်ကို မခွဲခြားတတ်ဘဲ သူ့အား လာရောက် အနှောင့်အယှက်ပေးမည့် မိုက်မဲသော အလုပ်မျိုးကို ထပ်လုပ်လိမ့်မည် မဟုတ်ကြောင်း သူ ရှင်းလင်းစွာ သိထားလေသည်။

ထင်သည့်အတိုင်းပင် ကျွမ်းရှုယွမ်က တွေ့တွေ့ချင်း ချက်ချင်းပင် လေးနက်စွာဖြင့် "အရေးပေါ်သတင်း ရောက်လာတယ်" ဟု ပြောလာသည်။

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး "ပြောလေ"

"ကျိအန်မြို့ ဖူရုံတောင်ကြားဘက်က သတင်း ပို့လာတယ်... အင်အားကြီးမားတဲ့ သံချပ်ကာ ယာဉ်တန်းတစ်ခုက ထိုက်ယန်တောင်ကို ရှာနေကြတယ်တဲ့... တစ်ဖက်လူတွေက ယွီကျိုးပြည်နယ်က မုန်ယာကုမ္ပဏီကလာတယ်လို့ ဆိုကြတယ်"

"ကိုလင်းယွမ်... ရှင် ယွီကျိုးပြည်နယ်ဘက်က လူတွေနဲ့ သိလို့လား"

လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ "ယွီကျိုးပြည်နယ်... မုန်ယာကုမ္ပဏီ..."

"ဒီလူတွေက ထိုက်ယန်တောင်ကို ဘာလာလုပ်တာလဲ ဆိုတာကိုရော ပြောသေးလား"

"အရောင်းအဝယ် လာလုပ်တာလို့တော့ ပြောတယ်... ဒါပေမဲ့ ကျွန်မ ခံစားရတာ တစ်ခုခု မှားနေသလိုပဲ... ကျွန်မတို့ ထိုက်ယန်တောင်က ဘယ်အချိန်ကတည်းက ဒီလောက်အထိ နာမည်ကြီးသွားတာလဲ... ယွီကျိုးပြည်နယ်အထိတောင် သတင်းပျံ့သွားပြီလား" ကျွမ်းရှုယွမ်က ခေါင်းခါလျက် အေးစက်စွာ ပြုံးလိုက်သည်။

လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် "တစ်ဖက်လူတွေရဲ့ အစွမ်းက ဘယ်လို အခြေအနေ ရှိလဲ" ဟု မေးလိုက်သည်။

"မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့က လူတွေ ပြောတာကတော့... ဒီသံချပ်ကာ ယာဉ်တန်းရဲ့ နည်းပညာ အဆင့်အတန်းက အရမ်း မြင့်တဲ့အပြင်... အားလုံးက လက်နက် အပြည့်အစုံ တပ်ဆင်ထားကြတယ်တဲ့"

"လူလုံးထွက်ပြတဲ့ အဲ့ဒီခေါင်းဆောင်ရဲ့ အဓိက အရည်အသွေးက အနည်းဆုံးတော့ အမှတ် ၁၀၀ ကို ရောက်နေပြီ"

လင်းယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မုန်တိုင်း လာတော့မည့် အရိပ်အယောင်တစ်ခုကို ခံစားလိုက်ရလေသည်။

ဆက်ရန်...

All Chapters