အခန်း (၆၂၇-၆၂၈)
Vol. 32 Ch. 627-628
အပိုင်း (၆၂၇) မြေဝါနတ်ဘုရားကျွန်းကို စစ်ဆေးခြင်း
"ဒါက အဖွဲ့ခေါင်းဆောင် တစ်ယောက်လောက်ပဲ ရှိသေးတယ်... မျှော်လင့်ချက် ကြေးစားတပ်ဖွဲ့ ပြောပုံအရဆိုရင် သူတို့နောက်ကွယ်မှာ မန်နေဂျာအဆင့်ရှိတဲ့ လူတစ်ယောက် ရှိနေသေးတယ်"
"ဒါပေမဲ့ သူတို့က အဲ့ဒီမန်နေဂျာရဲ့ ရုပ်သွင်ကို သေသေချာချာ မတွေ့လိုက်ရဘူး"
ကျွမ်းရှုယွမ်က အလျင်အမြန် ပြောလိုက်သည်။
"ယွီကျိုး... မုန်ယာကုမ္ပဏီ"
လင်းယွမ်၏ စိတ်အစဉ်က လျင်မြန်စွာ အလုပ်လုပ်သွားသည်။ ယွီကျိုးသည် ထိုက်ယန်တောင်နှင့် မိုင် (၃၀၀) မှ (၄၀၀) ခန့် ကွာဝေးသည်။ ထို့အပြင် သူ့မှာ ယွီကျိုး၌ ဆွေမျိုးမိတ်ဆွေ တစ်ယောက်မှ မရှိဘဲ မည်သူက သူ့ကို ယွီကျိုးမှ တကူးတက လာရှာရသနည်း။
"သူတို့က ဖူရုံတောင်ကြား လမ်းကြောင်းဘက်ကနေ လာတာဆိုတော့... ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကို ဖြတ်သွားရမှာ သေချာတယ်"
"ဒီလိုလုပ်... မင်း လူလွှတ်ပြီး အဲ့ဒီလမ်းကြောင်းကို စောင့်ကြည့်ခိုင်းထား... ရန်သူ့အရိပ်အယောင်ကို တွေ့တာနဲ့ ငါ့ဆီ ချက်ချင်း လာအကြောင်းကြားဖို့ ပြောထားလိုက်"
"ပြီးတော့ ဒီလူစုရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကိုလည်း စုံစမ်းဖို့ နည်းလမ်းရှာရမယ်"
ကျွမ်းရှုယွမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ"
လင်းယွမ်သည်လည်း ဆက်လက် လေ့ကျင့်ချင်စိတ် မရှိတော့သဖြင့် စွမ်းအင်စုဝေးအဆောက်အအုံပေါ်မှ ဆင်းကာ ခေါင်းဆောင်စံအိမ်ဘက်သို့ လျှောက်သွားလိုက်သည်။
သူက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စုပုံနေသော ကိစ္စရပ်များကို အလျင်အမြန် ဖြေရှင်းလိုက်ပြီးနောက် ကျောက်ခိုင်နှင့် လီချင်းဟွာတို့ ပေးပို့လာသော အစီရင်ခံစာများကို အဓိကထား၍ ဖတ်ရှုလိုက်သည်။
သူတို့နှစ်ဦးသည် မီယွမ်မိုးသစ်တောနှင့် မြေဝါနတ်ဘုရားကျွန်းကို စီမံခန့်ခွဲလာသည်မှာ နှစ်လသုံးလခန့် ရှိပြီဖြစ်ရာ အရာအားလုံး တည်ငြိမ်သွားပြီဖြစ်ပြီး ယခုဆိုလျှင် အခြေခံအားဖြင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် လင်းယွမ်ကို ပို၍ ဝမ်းသာစေသည်မှာ လီချင်းဟွာနှင့် ကျောက်ခိုင်တို့ နှစ်ဦးစလုံး အဓိက အရည်အသွေး အမှတ် (၁၀၀) အထိ ကျော်လွန်ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
"သူတို့ အမှတ် (၁၀၀) ကို ရောက်သွားတော့... ရေပေါ်ကျွန်းနှစ်ကျွန်းကို အုပ်ထိန်းဖို့ ငါပိုစိတ်ချလို့ရသွားပြီ"
"လတ်တလော အခြေအနေအရဆိုရင်... အဓိက အရည်အသွေး အမှတ် (၁၀၀) ဆိုတာက... အခြေအနေ အများစုကို ရင်ဆိုင်ဖြေရှင်းဖို့ လုံလောက်နေပြီ"
လင်းယွမ်က သူ၏ပခုံးထက်မှ တာဝန်ဝတ္တရားများ အတော်လေး ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့နှစ်ဦး အဆင့်တက်သွားခြင်းက သတင်းကောင်းတစ်ခု ယူဆောင်လာခြင်းပင် ဖြစ်ပေသည်။
နောက်ထပ် ထူလုံ၊ ဟန်ရှန်းမန်၊ တင်းယန်နှင့် အခြားသူများသည်လည်း မကြာမီ အဆင့်တက်လာနိုင်ချေ ရှိသည်။
ယခုအခါ လင်းယွမ်၏ လက်အောက်တွင် ရေပေါ်ကျွန်း သုံးကျွန်းရှိနေပြီး တောင်ကြီးအချို့မှ သယံဇာတများကိုပါ ပိုင်ဆိုင်ထားသဖြင့် လူအင်အား အလွန် လိုအပ်နေသည်။
သူ၏ ယုံကြည်ရသော နောက်လိုက်အဟောင်းများသာ လျင်မြန်စွာ တိုးတက်လာပြီး သူ၏ ဝန်ထုပ်ဝန်ပိုးများကို မျှဝေထမ်းဆောင်ပေးနိုင်ပါက သူသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအတွက် အချိန်ပိုရလာမည်ဖြစ်ပြီး ဖွဲ့စည်းမှုဖြစ်စဉ်ကို ပိုမိုမြန်ဆန်အောင် ကြိုးပမ်းနိုင်မည် ဖြစ်သည်။
ယခု လက်ရှိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ် (၁၀%) ၌သာ ရပ်တန့်နေခြင်းက လင်းယွမ်အတွက် လုံခြုံမှု မရှိသေးဟု ခံစားရစေသည်။
မည်သည့်နေရာမှန်းမသိ ရုတ်တရက် ပေါ်ထွက်လာသော ဤမုန်ယာကုမ္ပဏီက သူ့ကို သတိဝီရိယရှိရန် သတိပေးနေသကဲ့သို့ ဖြစ်နေသည်။
"လင်ကျန်းက မြေနိမ့်ပိုင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် သိပ်မမြင့်ဘူး... ဒီနေရာ ရေလွှမ်းသွားတာနဲ့ တခြားနေရာတွေပါ ရေလွှမ်းသွားတယ်လို့ မဆိုလိုနိုင်ဘူး"
"ရေအကုန်မလွှမ်းသွားတဲ့ နေရာတွေမှာ ခိုလှုံရေးစခန်းတွေ ဆောက်ဖို့ အချိန်ရနိုင်သလို... သန္ဓေပြောင်းစွမ်းအင်တွေကိုလည်း လျင်လျင်မြန်မြန် ဖော်ထုတ်နိုင်ကြမှာပဲ"
"အနောက်မြောက်ဘက်ကို ရောက်လေလေ မြေမျက်နှာပြင် မြင့်လေလေဆိုတော့... အဲ့ဒီက အစွမ်းပိုင်ရှင်တွေက ပိုပိုပြီး အစွမ်းထက်လာနိုင်တယ်... သန္ဓေပြောင်းစွမ်းအင်ကို အသုံးပြုမှုနဲ့ ဖော်ထုတ်မှုပိုင်းမှာလည်း လင်ကျန်းထက် အများကြီး ပိုပြီး သာလွန်နေလိမ့်မယ်"
"အမှန်အတိုင်း ပြောရရင် ငါ့ရဲ့ အခြေခံက အရမ်း အားနည်းနေသေးတယ်... ထိုက်ယန်တောင်က ရှုခင်းလှတဲ့ တောင်တစ်တောင်သာသာပဲရှိတာ... စက်မှုလုပ်ငန်း အခြေခံရော သိပ္ပံနဲ့နည်းပညာ သုတေသန လုပ်ငန်းတွေပါ ဘာတစ်ခုမှ မရှိဘူး"
"တောင်ဆိုပေမဲ့ ချန်ချုံးတောင်မှာရှိတဲ့ စစ်တပ်စခန်းကျတော့ အမျိုးစုံတဲ့ သန္ဓေပြောင်းနည်းပညာ လက်နက်တွေကို... အလျင်အမြန် တီထွင်ထုတ်လုပ်နိုင်ကြတယ်"
"ဒါကဘာဖြစ်လို့လဲဆိုတော့... သူတို့ဆီမှာ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းနဲ့ သိပ္ပံသုတေသန စွမ်းရည်တွေ ရှိနေလို့ပဲ... တောင်ပေါ်မှာ သူတို့ကိုယ်ပိုင် စစ်ဆေးရုံတောင် ရှိနိုင်သေးတယ်"
လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ "ကြည့်ရတာ စစ်တပ်နယ်မြေကို သိမ်းပိုက်ဖို့ နည်းလမ်း ရှာရတော့မယ်"
"ငါ့လက်ထဲမှာ ရေပေါ်ကျွန်း သုံးကျွန်းရှိနေပြီ... ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ကိုပါ ထည့်တွက်မယ်ဆိုရင် လေးခုရှိသွားပြီ... တကယ်တော့ ရေဘေးအန္တရာယ်ကို ထပ်ပြီး စိုးရိမ်စရာ မလိုတော့ဘူး"
"သန္ဓေပြောင်းနည်းပညာကို အပြည့်အဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရပြီ"
ထို့နောက် လင်းယွမ်က ခေါင်းယမ်းလိုက်ပြန်သည်။ "မဖြစ်သေးဘူး... မီယွမ်မိုးသစ်တောကျွန်းနဲ့ မြေဝါနတ်ဘုရားကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ငါ သန့်စင်ထားတာ မဟုတ်သေးဘူး... ဒီနေရာနှစ်ခုကို ငါ သိမ်းပိုက်ထားတယ်ဆိုပေမဲ့ ငါ့အပိုင်လို့ အပြည့်အဝ သတ်မှတ်လို့ မရသေးဘူး"
"မြေမိခင်ဂိုဏ်းနဲ့ ရေနတ်ဘုရားဂိုဏ်းရဲ့ ခေါင်းဆောင်တွေကို ဖမ်းမိမှပဲ ရမယ်"
"မြေမိခင်ဂိုဏ်းရဲ့ အထက်ပိုင်းခေါင်းဆောင်တွေ အားလုံးက ထွက်ပြေးသွားကြပြီ... အခု ဘယ်ကို ထွက်ပြေးသွားမှန်းလည်း မသိရတော့ လိုက်ရှာစရာ နေရာမရှိတော့ဘူး"
"ဒါပေမဲ့ ရေနတ်ဘုရားဂိုဏ်းရဲ့ ခေါင်းဆောင်ကတော့..."
လင်းယွမ်၏ မျက်လုံးများထဲတွင် ရက်စက်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ရေနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင် ဖိန်ယွမ်ဟူသည် ချိုးငှက် စစ်တပ်၏ အကာအကွယ်အောက်တွင် ရှိနေသည်။
ထိုသူသည် ယခုအခါ ကောင်းကင်ချောက်နက် လမ်းကြောင်းတွင် ရှိနေပြီး စစ်တပ်၏ အလေးထားခြင်းကို ခံနေရသည်။
"ကြည့်ရတာ ချိုးငှက် စစ်တပ်စခန်းဆီကို တစ်ခေါက်လောက် သွားဖို့ အချိန်တန်ပြီထင်တယ်"
လင်းယွမ်သည် အိမ်သို့ အရင်ပြန်လာကာ ရန်မေတို့ လူစုကို အကြောင်းကြားပြီးနောက် ထိုက်ယန်တောင်မှ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။
ကောင်းကင်ယံထက်တွင် ငန်းမွေးကဲ့သို့ ဖွေးဖြူနေသော ဆီးနှင်းများ ကျဆင်းနေသည်။
လင်းယွမ်၏ ခန္ဓာကိုယ်သည် လျှပ်စီးတန်းပမာ ဟင်းလင်းပြင်ထဲတွင် လျင်မြန်စွာ ပျံသန်းသွားသည်။
(၁၀) မိနစ်မျှကြာသောအခါ မိုင် (၂၀) ခန့် ကွာဝေးသော ချန်ချုံးတောင်သို့ ရောက်ရှိသွားသည်။
သူက ချန်ချုံးတောင်သို့ ချက်ချင်း မသွားဘဲ ရှောင်ကွင်းကာ မြေဝါနတ်ဘုရားကျွန်းသို့ အရင်သွားလိုက်သည်။
ကြီးမားကျယ်ပြန့်လှသော မြေဝါနတ်ဘုရားကျွန်းပေါ်တွင် မြေဝါများ ဖုံးလွှမ်းနေပြီး သဲနှင့် ကျောက်စရစ်များ ပြည့်နှက်နေသည်။
ငန်းမွေးကဲ့သို့ ဖွေးဖြူသော ဆီးနှင်းများက ရေပေါ်ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းထား၏။
ဤနေရာရှိ အဆောက်အအုံ အားလုံးကို မြေဝါနတ်ဘုရားကျွန်း၏ အတွင်းပိုင်း၌ တည်ဆောက်ထားခြင်း ဖြစ်သည်။
"ဒီမြေမိခင်ဂိုဏ်းက လူတွေကတော့ ဉာဏ်နည်းနည်း ပြေးသားပဲ... မြေဝါနတ်ဘုရားကျွန်းက မီယွမ်မိုးသစ်တောနဲ့ မတူဘူး... မီယွမ်မိုးသစ်တောမှာက ရေဓာတ် အကာအကွယ် ပါလာပြီးသားဆိုတော့ လေမုန်တိုင်းနဲ့ ဆီးနှင်းတွေကို ကာကွယ်နိုင်တယ်"
"ဒါပေမဲ့ မြေဝါနတ်ဘုရားကျွန်းပေါ်မှာက သစ်ပင်ပန်းပင် ရှားပါးပြီး သဲမြေတွေက သိပ်များတယ်... အကာအကွယ်လည်း မရှိတဲ့အတွက် မိုးသက်မုန်တိုင်းနဲ့ ဆီးနှင်းတွေကို မခုခံနိုင်ဘူး... ခိုလှုံရေးစခန်းကို မြေအောက်မှာ တည်ဆောက်ထားတာက တော်တော်လေး ကောင်းတဲ့ နည်းလမ်းတစ်ခုပဲ"
လင်းယွမ်သည် မြေဝါနတ်ဘုရားကျွန်းထဲသို့ ဝင်ရောက်သွားသည်။ သူက မည်သူ့ကိုမျှ အကြောင်းမကြားဘဲ မြေလျှိုးအစွမ်းကို အသုံးပြုကာ မြေအောက်သို့ တိုက်ရိုက် ဝင်ရောက်ပြီး မြေဝါနတ်ဘုရားကျွန်း၏ လက်ရှိအခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ယခုအခါ မြေဝါနတ်ဘုရားကျွန်း၏ မြေအောက်နန်းတော်သည် ယခင်ကထက် ပို၍ ကြီးမားကျယ်ပြန့်လာပြီး မြေအောက်မြို့တော် တစ်ခုအလား ဖြစ်နေသည်။
အထက်ကောင်းကင်ယံရှိ ကြီးမားလှသော လူလုပ်နေမင်းကြီး တစ်စင်းက မြို့တော်တစ်ခုလုံးကို လင်းထိန်နေစေသည်။
လင်းယွမ် ပထမဆုံးအကြိမ် ဝင်ရောက်လာစဉ်က ထိုလူလုပ်နေမင်းကြီးကို မြင်တွေ့ခဲ့ရသည်။
၎င်းသည် အလင်းဓာတ် စွမ်းအင်ကျောက်တုံးဖြင့် ဖန်တီးထားခြင်း ဖြစ်ပေလိမ့်မည်။
ယခုအခါ ဤနေရာတွင် အပြောင်းအလဲ အသစ်များ ရှိနေပြီဖြစ်သည်။ ထိုလူလုပ်နေမင်းအပြင် မြို့တော်တစ်ခုလုံး၏ ပတ်ပတ်လည်တွင် သန္ဓေပြောင်း နေကြာပန်း အမြောက်အမြားကိုလည်း စိုက်ပျိုးထားသည်။
၎င်းတို့က မြေအောက်နန်းတော်ကို ထိန်လင်းနေစေပြီး အပူချိန်မှာလည်း အပြင်ဘက်ထက် အများကြီး ပို၍ နွေးထွေးနေသည်။
ထို့အပြင် မြို့တော်၏ ပတ်ပတ်လည်တွင် ရေမြောင်း အမြောက်အမြား တည်ဆောက်ထားသည်ကို လင်းယွမ် တွေ့လိုက်ရသည်။
မြေအောက်တွင် နေထိုင်ရသည်ဖြစ်ရာ ရေဆင်းစနစ်ကို အထူးဂရုပြုရမည်မှာ သေချာလှပေသည်။
ဆောက်လုပ်ရေးဌာနမှ ဒီဇိုင်နာများသည်လည်း အလွန် ကျွမ်းကျင်လှသည်။ ရေပေါ်ကျွန်းရှိ သတ္တဝါများ၏ မူလ သွေးကြောလမ်းကြောင်းများကို တိုက်ရိုက် အသုံးပြုကာ ရေဆင်းစနစ်ကို ဖန်တီးထားကြသည်။
အပြင်ဘက်မှ ဆီးနှင်းများ အရည်ပျော်သွားသောအခါ ရေများသည် သွေးကြောလမ်းကြောင်းအတိုင်း စီးဆင်းသွားပြီး ရေပေါ်ကျွန်း၏ အတွင်းပိုင်းအထိ ရောက်ရှိသွားမည် ဖြစ်သည်။
ယခုအခါ ထိုသွေးကြောလမ်းကြောင်းများသည် မြေအောက်မြို့တော်ကို ဝန်းရံထားသည့် စမ်းချောင်းငယ်များအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
မလှမ်းမကမ်းရှိ စမ်းချောင်းထဲတွင် လူတစ်စုက ကျောပိုးတောင်းများ လွယ်ကာ ခြင်းတောင်းများ ကိုင်ဆောင်ပြီး စမ်းချောင်းထဲမှ ရွှံ့နွံများကို အဆက်မပြတ် တူးဖော်နေကြသည်ကို လင်းယွမ် မြင်လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လင်းယွမ်က အနီးသို့ လျှောက်သွားကာ အနားရှိ အဘိုးအိုတစ်ဦးကို မေးလိုက်သည်။ "အဘိုး... အဘိုးတို့ ဘာတွေ လုပ်နေကြတာလဲ"
အဘိုးအိုက လင်းယွမ်ကို လှည့်ကြည့်လာပြီး အနည်းငယ် အံ့သြသွားသည်။ "မင်းက တို့မြေအောက်မြို့တော်ကို အခုမှ ရောက်လာတာလား... သတ္တု တူးဖော်တာကိုတောင် မသိဘူးလား"
"ရွှေတူးတာလား"
လင်းယွမ် ကြောင်အသွားသည်။
အဘိုးအိုက ရယ်မောလိုက်သည်။ "ဟုတ်တယ်... ဒါပေမဲ့ ငါပြောတဲ့ ကျောက်တူးတာက ရွှေတူးတာကို ပြောတာ မဟုတ်ဘူး... သွေးသလင်းကျောက်ကို ပြောတာ"
"ကောင်လေး... မင်း ဒီမေးခွန်း မေးတာကို ကြည့်လိုက်တာနဲ့ မင်း ဒီကိုရောက်တာ သိပ်မကြာသေးဘူးဆိုတာကို ငါ သိလိုက်တယ်"
"ဒီမြစ်က အရင်တုန်းက သွေးကြောလမ်းကြောင်းလေ... အထဲမှာ မြေမိခင် မိစ္ဆာဂိုဏ်းက လူတွေ တူးဖော်ခဲ့ဖူးပေမဲ့ အကြွင်းအကျန် သွေးသလင်းကျောက်တွေ အများကြီး ကျန်နေသေးတယ်"
"ဒီသွေးသလင်းကျောက်တွေက အစွမ်းပိုင်ရှင်တွေကို အစွမ်းတွေ မြန်မြန် တိုးတက်စေဖို့နဲ့ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းဖို့ ကူညီပေးနိုင်တယ်... ရွှေထက်တောင် ပိုပြီး တန်ဖိုးကြီးတဲ့ သယံဇာတတွေပဲ"
"ငါတို့လို အသက်ကြီးတဲ့ လူတွေကတော့ မလေ့ကျင့်နိုင်တော့ပါဘူး... ဒါပေမဲ့ သွေးသလင်းကျောက်တွေ တူးဖော်နိုင်ရင် ပစ္စည်းတွေနဲ့ သွားလဲတာပဲဖြစ်ဖြစ်၊ မြို့ထဲက သယံဇာတဌာနကို ရောင်းတာပဲဖြစ်ဖြစ် တန်ဖိုး မနည်းဘူးကွ"
"ဟဲဟဲ... ကိုယ့်ခွန်အားလေး ရှိတုန်း အသုံးချရတာပေါ့ကွာ"
သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသောကြောင့် အမြတ်ထုတ် ဖိနှိပ်ခံနေရသည့် ပုံမပေါ်ကြောင်း လင်းယွမ် နားလည်လိုက်သည်။
သူက ပြုံးကာ ပြောလိုက်သည်။ "အဘိုး... ကျွန်တော် ကြားတာတော့ ဒီနေရာက အရင်တုန်းက မြေမိခင်ဂိုဏ်းရဲ့ နယ်မြေတဲ့... အခု ထိုက်ယန်တောင်က လူတွေ သိမ်းပိုက်လိုက်ပြီဆိုတော့ သူတို့က အလွန်အကျွံ ကိစ္စတွေ ဘာမှ မလုပ်ကြဘူးမလား... ကျွန်တော်က အခုမှ ထွက်ပြေးလာတာဆိုတော့ နေစရာ နေရာလေးတစ်ခု ရှာနေတာပါ"
အဘိုးအိုက ကြားသည်နှင့် ချက်ချင်း ဆူငေါက်လိုက်သည်။ "ချာတိတ်... ဘာ မြေမိခင်ဂိုဏ်းလဲ... အဲ့ဒါ မိစ္ဆာဂိုဏ်းကွ... မင်း သေသေချာချာ ခွဲခြား သိထားဖို့ လိုတယ်"
"ငါ မင်းကို ပြောပြမယ်... မင်း ဒီမှာလာနေတာ လုံးဝ အမှားမရှိနိုင်ဘူး... ထိုက်ယန်တောင်က လူတွေက တို့ကို လူလိုသူလို သဘောထားကြတာကွ"
"ငါတောင် အစတုန်းက လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုကြောင့် အဲ့ဒီ မိစ္ဆာဂိုဏ်းထဲ ရောက်သွားခဲ့တာ... အဲ့ဒီ မြေမိခင် မိစ္ဆာဂိုဏ်းက လူတွေက ငါတို့လို အဘိုးကြီးတွေကို လူလိုသူလိုတောင် မသဘောထားကြဘူး... အတင်းအကျပ် အလုပ်တွေ ခိုင်းပြီး ထမင်းတောင် ဝအောင် မကျွေးကြဘူး"
"ဒါပေမဲ့ အခု ကြည့်စမ်း... ထိုက်ယန်တောင်က လူတွေ ငါတို့ကို လွတ်မြောက်အောင် လုပ်ပေးပြီးတဲ့နောက်မှာ... ငါတို့တွေ အတင်းအကျပ် အလုပ်လုပ်စရာ မလိုတော့တဲ့အပြင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကိုယ့်ဘာသာ အလုပ်လုပ်ပြီး စားစရာတွေ ရှာဖွေနိုင်နေပြီ"
"ငါ မင်းကို ပြောပြမယ်... အခု ငါတို့အားလုံးက ထိုက်ယန်တောင်က လူတွေချည်းပဲ... ဒါတွေအားလုံးက ထိုက်ယန်တောင်က ဆရာလင်းယွမ်ကို ကျေးဇူးတင်ရမှာ"
"ဒါနဲ့ စကားမစပ်... မင်းက ဒီကို အခုမှ ရောက်လာတာဆိုတော့ ရပ်ကွက်ရုံးက သင်တန်းကို ဘာလို့ မတက်တာလဲ"
"အဲ့ဒီမှာ မင်းကို တို့ဆီက စည်းမျဉ်းစည်းကမ်းတွေအကြောင်း ရှင်းပြပေးလိမ့်မယ်... ပြီးတော့ အခုမှ ရောက်လာတဲ့ လူသစ်တွေ ငါတို့ဆီမှာ မြန်မြန်ဆန်ဆန် အသားကျလာအောင်လည်း ကူညီပေးတယ်လေ"
အဘိုးအို၏ စကားကို ကြားပြီးနောက် လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
"လီချင်းဟွာရဲ့ စီမံအုပ်ချုပ်မှု စွမ်းရည်က မဆိုးဘူးပဲ... မြေမိခင်ဂိုဏ်းရဲ့ မြေအောက်မြို့တော်ကို သူက သပ်သပ်ရပ်ရပ် စီမံထားရုံတင်မဟုတ်ဘူး... လူတွေရဲ့ အတွေးအခေါ်ပိုင်းကိုပါ လျော့ရဲမသွားအောင် ထိန်းထားနိုင်တယ်"
လင်းယွမ်သည် အခြားနေရာ အချို့ရှိ လူများကို ထပ်မံရှာဖွေကာ မြေအောက်မြို့တော်၏ အခြေအနေကို စုံစမ်းမေးမြန်းကြည့်ရာ အားလုံးထံမှ အပြုသဘောဆောင်သည့် မှတ်ချက်များကိုသာ ရရှိခဲ့သဖြင့် အတော်လေး စိတ်အေးသွားတော့သည်။
ထို့နောက် သူသည် မြေအောက်နန်းတော်ဘက်သို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။
"ဘယ်သူလဲ"
လူတစ်ယောက် ပျံသန်းလာသည်ကို အာရုံခံမိသည်နှင့် မြေအောက်မြို့တော်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်က ချက်ချင်း သတိပေးချက် ထုတ်လွှင့်လိုက်သည်။
ကင်းစင်ပေါ်မှ လူတစ်ယောက်က ချက်ချင်း အော်ဟစ်လိုက်သည်။
လင်းယွမ်၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါ်လာပြီး ပြောလိုက်သည်။ "ငါပါ"
"ဆရာလင်းယွမ်"
ကင်းစင်ပေါ်ရှိ လူက လင်းယွမ်ကို မြင်သည်နှင့် ရုတ်တရက် လန့်သွားကာ ရိုရိုသေသေဖြင့် အလျင်အမြန် ပြောလိုက်သည်။ "ဆရာလင်းယွမ်... ခဏလောက် စောင့်ပေးပါဦး... ဆရာ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုနိုင်ဖို့ အဖွဲ့ခေါင်းဆောင်ဆီကို သွားပြီး သတင်းပို့ရပါဦးမယ်"
လင်းယွမ် အံ့သြသွားပြီး မြေအောက်မြို့တော်၏ လုံခြုံရေးစနစ်က တော်တော်လေး တင်းကျပ်လှသည်ဟု စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
မကြာမီပင် လီချင်းဟွာက သတင်းရရှိသွားပြီး ကမန်းကတမ်း ပြေးလာတော့သည်။
"ဆရာလင်းယွမ်... ရောက်လာတာပဲ"
လင်းယွမ်က လီချင်းဟွာကို လှမ်းကြည့်လိုက်ရာ လီချင်းဟွာ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်အငွေ့အသက်များသည် သိပ်သည်းနေပြီး ထိုက်ယန်တောင်တွင် ရှိစဉ်ကထက် အဆမတန် ပို၍ အစွမ်းထက်နေသည်ကို မြင်လိုက်ရသည်။
လင်းယွမ် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကြည့်ရတာ မင်း လေ့ကျင့်ဖို့ မမေ့ဘူးပဲ"
လီချင်းဟွာက ရယ်မောလိုက်သည်။ "ဘယ်မေ့ရဲပါ့မလဲဗျာ... အခု ထိုက်ယန်တောင်က ဆရာ့ကိုပဲ အားကိုးနေရတာဆိုတော့ ကျွန်တော်တို့ကမှ ကြိုးကြိုးစားစား မလုပ်ရင် သိပ်ကို မကောင်းရာကျမှာပေါ့"
လင်းယွမ်က ပြုံးလိုက်ပြီး မေးလိုက်သည်။ "ဘာလဲ... အခု လုံခြုံရေးက အရမ်း တင်းကျပ်နေတာလား... ငါ လာတာတောင် သတင်းပို့ရသေးတယ်ပေါ့"
လီချင်းဟွာက အလျင်အမြန် ရှင်းပြလိုက်သည်။ "ဆရာလင်း မသိလို့... ခုတလော မြေပြင်ပေါ်မှာ မြေမိခင်ဂိုဏ်းက အကြွင်းအကျန် လူတစ်စု ရှိနေသေးတယ်... တစ်ခါတလေ သူတို့က ခိုးဝင်လာပြီး လျှို့ဝှက်တရားဟောဖို့ ကြိုးစားတတ်တယ်လေ"
"ကျွန်တော်တို့လည်း သူတို့အဖွဲ့ တော်တော်များများကို ရှင်းလင်းပစ်ခဲ့ပြီးပါပြီ"
"ပြီးတော့ ဆရာလင်းလည်း သိတဲ့အတိုင်းပဲ... အမဝမ်ရဲ့ အစွမ်းက တခြားဘယ်သူ့ရဲ့ ရုပ်သွင်ကိုမဆို ပြောင်းလဲနိုင်တယ်လေ... ရန်သူတွေဆီမှာလည်း ဒီလိုအစွမ်းမျိုး ရှိနေမှာကို ကျွန်တော် စိုးရိမ်လို့ လုံခြုံရေးကို အထူး တင်းကျပ်ထားတာပါ... ကျွန်တော်ကိုယ်တိုင်တောင်မှ ဝင်ချင်ရင် မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ထားမှ ဝင်လို့ရတာပါ"
ထိုစကားကို ကြားသောအခါ လင်းယွမ် ချက်ချင်း သဘောပေါက်သွားသည်။
လင်းဝမ်သည် လီချင်းဟွာ၏ အနီးတွင်ရှိသော အမျိုးသမီးဖြစ်ပြီး ကျိုးချင်းမင်ကဲ့သို့ပင် သူ၏ လက်ရုံးတစ်ဆူ ဖြစ်သည်။
ထိုအမျိုးသမီး၏ အစွမ်းသည် အလွန် ထူးခြားလှပြီး အခြားသူများ၏ ရုပ်သွင်ကို ပြောင်းလဲနိုင်သည့်အတွက် လင်းယွမ်၏ စိတ်ထဲတွင် အလွန် စွဲထင်နေခဲ့သည်။
"မင်း လုပ်တာ မဆိုးပါဘူး... တကယ်ကို ကြိုတင်ကာကွယ်ထားဖို့ လိုအပ်တယ်"
"မြေမိခင်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေ အပြင်ဘက်မှာ ဘယ်လောက် ကျန်နေသေးလဲ... အကူအညီ လိုသေးလား" လင်းယွမ်က မေးလိုက်သည်။
လီချင်းဟွာက ရယ်မောလိုက်သည်။ "မြွေသေပေမဲ့ အဆိပ်ကျန်သေးတယ်ဆိုတဲ့ စကားလိုပါပဲ... ဒါပေမဲ့ သူတို့က ဘာလှိုင်းဂယက်မှတော့ ထပ်မဖန်တီးနိုင်တော့ပါဘူး... မြေမိခင်ဂိုဏ်းရဲ့ အထက်ပိုင်းခေါင်းဆောင်တွေက စောစောကတည်းက ထွက်ပြေးသွားကြပြီဆိုတော့ ကျန်တဲ့သူတွေက အဆင့်နိမ့် နောက်လိုက်လေးတွေချည်းပါပဲ"
"ပြီးတော့ ကျွန်တော့်ဘက်က လူတွေက မြေမိခင်ဂိုဏ်းက လူဟောင်းတွေ မဟုတ်ကြဘူးလေ... အဲ့ဒီ မြေမိခင်ဂိုဏ်းက လူတွေက သူတို့ကို သွေးထိုးလှုံ့ဆော်ဖို့ဆိုတာ ပုံမှန်အနေနဲ့ မဖြစ်နိုင်ပါဘူး"
"ဒါ့အပြင် အဒေါ်ကြီးလီနဲ့ ဦးလေးမာတို့က ကျွန်တော်တို့ ဒီနေရာအတွက် ရပ်ကွက်ရုံးအဖွဲ့ကို ကိုယ်တိုင် ဖွဲ့စည်းပေးထားပြီး... နေ့တိုင်း သူတို့ကို အတွေးအခေါ်ပိုင်းဆိုင်ရာ သင်တန်းတွေ ပေးနေတာဆိုတော့... အခု ဒီလူတွေက ထိုက်ယန်တောင်အပေါ် လုံးဝကို သစ္စာရှိနေကြပါပြီ"
ဆက်ရန်...
အပိုင်း (၆၂၈) အဒေါ်ကြီးလီ၏ စွမ်းဆောင်ချက်
လင်းယွမ်က ထိုစကားကို ကြားသောအခါ အံ့သြသွားပြီး "ဒီကလူတွေက အရင် မြေမိခင်ဂိုဏ်းက လူတွေ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
လီချင်းဟွာက ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး... မြေမိခင်ဂိုဏ်းက လူတွေ ဒီမှာ ဆက်နေရင် ပြဿနာရှာမယ့် အန္တရာယ်ရှိတာကို ကျွန်တော်တို့ အစကတည်းက စိုးရိမ်နေတာလေ... အဲ့ဒါနဲ့ ကျွန်တော်နဲ့ ကျောက်ခိုင်တို့ တိုင်ပင်ပြီး သုံ့ပန်းတွေကို အချင်းချင်း လဲလှယ်ခဲ့ကြတယ်"
"ကျွန်တော့်ဘက်က လူတွေက အခြေခံအားဖြင့် ရေနတ်ဘုရားဂိုဏ်းက လူတွေချည်းပါပဲ... ကျောက်ခိုင်ဘက်က လူတွေကမှ မြေမိခင်ဂိုဏ်းက လူတွေ"
"ဒီလိုလုပ်လိုက်တော့ အပြင်မှာ မြေမိခင်ဂိုဏ်းက အကြွင်းအကျန်တွေ ရှိနေရင်တောင်... ကျွန်တော့်ဘက်က ရေနတ်ဘုရားဂိုဏ်း သုံ့ပန်းတွေကို သွေးထိုးလှုံ့ဆော်လို့ မရတော့ဘူးလေ"
"ကျောက်ခိုင်ဘက်မှာလည်း အတူတူပါပဲ"
လင်းယွမ်က ဤစကားများကို ကြားသောအခါ ပြုံးလိုက်မိသည်။
သူက လီချင်းဟွာကို လက်မထောင်ပြရင်း "ဒီနည်းလမ်းက မဆိုးဘူးပဲ... မင်းတို့ လုပ်တာ အရမ်းသေသပ်တယ်" ဟု ရယ်မောကာ ပြောလိုက်သည်။
လီချင်းဟွာက သက်ပြင်းချကာ ပြုံးလိုက်ပြီး "ဒီနည်းလမ်းက ဆရာလင်း အရင်တုန်းက မိန်တောင်က လူတွေကို ကိုင်တွယ်ခဲ့တဲ့ဆီကနေ သင်ယူထားတာပါ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။
အရင်တုန်းက သူ မိန်တောင်ကို သိမ်းပိုက်ပြီးနောက် မိန်တောင်ရှိ လူများသည် ရွာတစ်ရွာတည်းမှ ဖြစ်နေသောကြောင့် ၎င်းတို့ မိန်တောင်တွင် ဆက်နေပါက နောက်ပိုင်း မိန်တောင်ကို တိုးချဲ့ဖွံ့ဖြိုးရန် အဆင်မပြေဖြစ်မည်ကိုရော ပြဿနာရှာမည်ကိုပါ လင်းယွမ်က စိုးရိမ်ခဲ့သည်။
ထို့ကြောင့် အလုပ်အကျွေးပြုရန်ဟူသော အကြောင်းပြချက်ဖြင့် ထိုလူများအားလုံးကို ထိုက်ယန်တောင်ဘက်သို့ တိုက်ရိုက် မောင်းထုတ်ကာ ဖွံ့ဖြိုးရေး လုပ်ခိုင်းခဲ့သည်။
ထို့နောက် မူလ ထိုက်ယန်တောင်မှ နေထိုင်သူများကို မိန်တောင်ဘက်သို့ ပြောင်းရွှေ့စေခဲ့သည်။
ဤသို့လုပ်ဆောင်ခြင်းဖြင့် ပြဿနာရှာနိုင်သည့် အန္တရာယ်ကို ကြီးမားစွာ ဖြေရှင်းနိုင်ခဲ့ပြီး သူ၏ အုပ်ချုပ်မှု အာဏာကိုလည်း ပိုမို ခိုင်မာလာစေခဲ့သည်။
ကျောက်ခိုင်နှင့် လီချင်းဟွာတို့က ဤနည်းလမ်းကို လက်တွေ့အသုံးချတတ်မည်ဟု သူ မထင်ထားခဲ့ပေ။
"ရပ်ကွက်ရုံးကရော ဘယ်လိုဖြစ်တာလဲ" လင်းယွမ်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
လီချင်းဟွာက ပြုံးရင်း "ရပ်ကွက်ရုံးက အဒေါ်ကြီးလီ စဉ်းစားမိတဲ့ အကြံဉာဏ်ပါ... ဒီလူတွေ ကျွန်တော်တို့အပေါ် အသိအမှတ်ပြုမှု ပိုအားကောင်းလာစေဖို့အတွက် နေ့တိုင်း သူတို့ကို စိတ်ဓာတ်ရေးရာ သင်တန်းတွေ ပို့ချပေးနေတာပါ"
"ဒီအစီအစဉ်က တော်တော်လေး အသုံးဝင်တယ်... ဆက်ပြီး သည်းခံလုပ်ဆောင်သွားမယ်ဆိုရင် ဒီလူတွေရဲ့ စိတ်ဓာတ်တွေ တကယ် ပြောင်းလဲသွားပြီး ကျွန်တော်တို့ကို ထောက်ခံလာကြလိမ့်မယ်"
"အမှန်တော့... ဒီလူတွေက ရေနတ်ဘုရားဂိုဏ်းက လူတွေရဲ့ ရိုက်သွင်းတာကို ခံရပြီး... ရေနတ်ဘုရားဂိုဏ်းကို ဝင်လာကြတာဆိုပေမယ့် သူတို့ နေထိုင်ရတဲ့ ဘဝတွေက သိပ်မကောင်းလှဘူး"
"အခု ကျွန်တော်တို့ဆီ ဝင်လာပြီးတဲ့နောက်မှာ... သူတို့ရဲ့ စိတ်တွေကို လွတ်လပ်ခွင့် ပေးလိုက်သလို ဖြစ်သွားပြီး... ကျွန်တော်တို့ကို ရင်ထဲကနေ အသိအမှတ်ပြုလာအောင် လုပ်ပေးလိုက်နိုင်တယ်"
"ဒါ့အပြင်... ကျွန်တော်တို့က လုံလောက်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးထားသေးတော့... သူတို့က ကျွန်တော်တို့ကို အသိအမှတ် မပြုစရာ ဘာအကြောင်းရှိတော့မှာလဲ"
လင်းယွမ်က ဤစကားများကို ကြားသောအခါ မနေနိုင်ဘဲ အသံထွက် ရယ်မောလိုက်တော့သည်။
"အဒေါ်ကြီးလီလို ပါတီဝင်ဟောင်းကမှ အသိအမြင် ကျယ်တာပဲ... သူကတော့ အကြီးအကျယ် စွမ်းဆောင်လိုက်ပြီပဲ"
လီချင်းဟွာနှင့် သူ၏ အနောက်ရှိ ထိုက်ယန်တောင်မှ လူဟောင်းများအားလုံးလည်း ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။
အဒေါ်ကြီးလီ၏ စကားမှာ 'ငါတို့က ပါတီဝင်တွေလေ' ဆိုသည်ကို လူတိုင်း သိကြပေသည်။
သို့သော် ဤသည်မှာ လှောင်ပြောင်ခြင်း မဟုတ်ဘဲ တကယ်ကို လေးစားမှုဖြစ်သည်ဟု ဆိုရမည်သာ ဖြစ်သည်။
အဒေါ်ကြီးလီတို့ ခေတ်က ပါတီဝင်များသည် ပြည်သူလူထုအတွက် တကယ်ကို အလုပ်အကျွေးပြုကာ ကိုယ်ကျိုးမဖက် ပေးဆပ်ခဲ့ကြသော မျိုးဆက်တစ်ဆက် ဖြစ်သည်။
"ဆရာလင်းယွမ်... ဒီနေရာက စကားပြောဖို့ အဆင်မပြေဘူး... ရုံးခန်းထဲ သွားရအောင် ကျွန်တော် ခေါ်သွားပေးပါ့မယ်"
လင်းယွမ်က ခေါင်းခါလိုက်ပြီး "မလိုပါဘူး... ငါ ဒီတစ်ခေါက် လာတာ အဓိကကတော့ ဒီက အခြေအနေတွေကို လာကြည့်တာပါ... ပြီးတော့ မင်းကို သတိပေးစရာ ကိစ္စလေးတွေ ရှိလို့"
လီချင်းဟွာက ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ မျက်နှာအမူအရာ ချက်ချင်း လေးနက်သွားပြီး "ပြဿနာတစ်ခုခု ဖြစ်လို့လား" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ယွီကျိုးပြည်နယ်က လာတဲ့ လူတစ်စု ရှိတယ်... သူတို့ကိုယ်သူတို့ မုန်ယာကုမ္ပဏီဆိုလား အဖွဲ့အစည်းကလို့ ပြောကြတယ်... အခု ငါတို့ ထိုက်ယန်တောင်ဘက်ကို ဦးတည်ပြီး လာနေကြတယ်"
"အခု ဖူရုံတောင်ကြားဘက်ကို ရောက်နေပြီ... အဲ့ဒီဘက်က ပို့လာတဲ့ သတင်းတွေအရ ဒီလူတွေက သံချပ်ကာ ယာဉ်တန်းတွေ စီးလာကြပြီး အကုန်လုံးက တစ်ခါမှ မမြင်ဖူးတဲ့ အစွမ်းပိုင်ရှင် နည်းပညာတွေချည်းပဲတဲ့... သူတို့ရဲ့ နောက်ခံက သေးမှာ မဟုတ်ဘူး"
"လောလောဆယ်တော့ သူတို့ ထိုက်ယန်တောင်ကို ဘာလာလုပ်တယ်ဆိုတာ မသိရသေးဘူး... ရန်သူလား မိတ်ဆွေလားဆိုတာလည်း ခွဲခြားလို့ မရသေးဘူး"
"ငါ ဒီလာတာက မင်းကို သတိပေးချင်လို့ပဲ... ဒီရက်ပိုင်းအတွင်း သတိထားပြီး အကာအကွယ် လုပ်ထား"
"နောက်ပြီး ငါ ချိုးငှက်အုပ်စု စစ်စခန်းကို တစ်ခေါက်လောက် သွားဖို့ စီစဉ်ထားတယ်"
လီချင်းဟွာက ကြားလိုက်ရသောအခါ မျက်နှာထား ချက်ချင်း ကြောင်အမ်းသွားပြီး "ချိုးငှက်အုပ်စု စစ်စခန်းကို သွားမယ်... ဆရာလင်း... အန္တရာယ် မများဘူးလား"
"အရင်တုန်းက ဆရာလင်း ပြောဖူးတယ်လေ... ပညာရှိဆိုတာ အန္တရာယ်ရှိတဲ့ နေရာမှာ မနေဘူးဆို... အဲ့ဒါက ဘာပဲဖြစ်ဖြစ် ချိုးငှက်အုပ်စုရဲ့ အသိုက်အမြုံ ဌာနချုပ်ကြီးလေ"
လင်းယွမ်က ပြုံးလိုက်ပြီး "အရင်တုန်းက ငါ့အတွက်တော့ အန္တရာယ်ရှိတဲ့ နေရာလို့ သတ်မှတ်လို့ ရပေမယ့် အခုတော့ မသေချာတော့ဘူးလေ"
"ဆရာလင်း ထပ်ပြီး အဆင့်တက်သွားပြန်ပြီလား" လီချင်းဟွာက ကြားသည်နှင့် ချက်ချင်း သဘောပေါက်သွားကာ အံ့သြတုန်လှုပ်သွားသော အမူအရာကို ပြသလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ် နည်းနည်း တိုးတက်လာလို့ပါ... မင်းနဲ့ ကျောက်ခိုင်က အခုဆို အဓိက အရည်အသွေး အမှတ် ၁၀၀ အထိ အဆင့်တက်ပြီးပြီဆိုတော့... နောက်ထပ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ ကိစ္စကို စဉ်းစားဖို့ လိုလာပြီ"
"ဒါပေမဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာက အတိုင်းအတာတစ်ခုအထိ အန္တရာယ်တော့ ရှိတယ်... အတင်းအဓမ္မ မလုပ်မိဖို့ အရေးကြီးသလို သေချာပေါက် သတိထားဖို့လည်း လိုတယ်"
လီချင်းဟွာက သက်ပြင်းချကာ ပြုံးလိုက်ပြီး "ဒီအဆင့်ကို မရောက်မချင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတာက ဒီလောက်တောင် ခက်ခဲမယ်လို့ လုံးဝ မထင်ထားဘူး" ဟု ပြောလိုက်သည်။
"လူ့ခန္ဓာကိုယ်ထဲမှာ မျိုးရိုးဗီဇတွေက ရေတွက်လို့မရအောင် များတယ်... အဲ့ဒီလောက်များတဲ့ မျိုးရိုးဗီဇတွေထဲကနေ မျိုးရိုးဗီဇမြေပုံပေါ်က မျိုးရိုးဗီဇတွေကို ရှာဖွေပြီး ဆက်စပ် ပေါင်းစည်းရတာက ပင်လယ်ထဲမှာ အပ်ကျတာကို ရှာရသလိုပဲ... ဆရာလင်းတို့ ဘယ်လိုများ လေ့ကျင့်ကြလဲဆိုတာ ကျွန်တော် တကယ် နားမလည်နိုင်ဘူး"
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ထိတွေ့လာရသည့် အချိန်ကျမှသာ ဤအဆင့်သည် မည်မျှ ခက်ခဲကြောင်းကို လီချင်းဟွာ နားလည်သွားတော့သည်။
လင်းယွမ်က သက်ပြင်းချလိုက်ပြီး "လူ့ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇတွေက များတယ်ဆိုပေမယ့် အမှန်တော့ အများစုက ထပ်နေတာတွေချည်းပါပဲ" ဟု ဆိုသည်။
"ဒီလုပ်ငန်းစဉ်က အဓိကကတော့ တခြားမျိုးရိုးဗီဇတွေကို သတိထားပြီး ခွဲခြားနိုင်ဖို့ပဲ... မှားယွင်းပြီး ပြန်လည်ဖွဲ့စည်းတာမျိုး မဖြစ်စေရဘူး"
"စိတ်မပူပါနဲ့... တခြားမျိုးရိုးဗီဇတွေကို မြန်မြန်ဆန်ဆန် ခွဲခြားသိမြင်နိုင်ဖို့ အားလုံးကို ကူညီပေးနိုင်မယ့် နည်းလမ်း ရှိ၊ မရှိ ငါ စတင်ပြီး သုတေသန လုပ်နေပါပြီ"
လီချင်းဟွာက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဝမ်းသာအားရဖြင့် "ဒီလိုနည်းလမ်းမျိုး ရှိသေးတာလား" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးရင်း "ဒါပေါ့... ရေဘေးကြီး မဖြစ်ခင်တုန်းကလည်း မျိုးရိုးဗီဇ စစ်ဆေးတဲ့ နည်းပညာတွေ ရှိခဲ့တယ် မဟုတ်လား"
"အရင်ကတည်းက ရှိနေပြီးသား နည်းပညာကို ငါတို့ ပြန်ပြီး ဖော်ထုတ်လို့ မရစရာ အကြောင်းမရှိဘူးလေ... ဟုတ်တယ် မဟုတ်လား"
"ကောင်းလိုက်တာ... အရမ်း ကောင်းတာပဲ"
လီချင်းဟွာက သူ့ပေါင်သူ ပုတ်ကာ အားပေးလိုက်သည်။ သူ ဤအဆင့်တွင် တစ်ဆို့နေသည်မှာ အချိန်အတန်ကြာပြီဖြစ်ရာ အနည်းငယ် မျှော်လင့်ချက် ကင်းမဲ့သလိုပင် ခံစားနေရခြင်း ဖြစ်သည်။
ဟင်းလင်းပြင် အမျိုးအစား အစွမ်းသည် သာမန် အစွမ်းများနှင့် မတူပေ။ ဤအမျိုးအစား မျိုးရိုးဗီဇမြေပုံက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းရန် ပို၍ ခက်ခဲပုံရသည်။
အဘယ်ကြောင့်ဆိုသော် လူ့ခန္ဓာကိုယ်အတွင်း၌ ဟင်းလင်းပြင် အမျိုးအစား မျိုးရိုးဗီဇများ ပါဝင်သည့် အချိုးအစားက အလွန် နည်းပါးလွန်းသောကြောင့် ဖြစ်သည်။
မျိုးရိုးဗီဇ ပါဝင်မှု အချိုးအစား နည်းပါးလေလေ နိုးထလာရန် သဘာဝအလျောက် ပို၍ ခက်ခဲလေလေ ဖြစ်သည်။ နိုးထလာရန် ခက်ခဲသောကြောင့် ဤအမျိုးအစား အစွမ်းပိုင်ရှင်များမှာ သဘာဝအလျောက် ရှားပါးနေရခြင်း ဖြစ်သည်။
ဤသည်မှာ ယနေ့အချိန်အထိ လင်းယွမ် တွေ့ဖူးသမျှ ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ဆို၍ လီချင်းဟွာ တစ်ယောက်တည်းသာ ရှိနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
မျိုးရိုးဗီဇ ပါဝင်မှု အချိုးအစား နည်းပါးလေလေ ဤအမျိုးအစား မျိုးရိုးဗီဇ အစွမ်းများ နိုးထလာရန် ခက်ခဲရုံသာမက ဤကဲ့သို့သော မျိုးရိုးဗီဇ အစွမ်းများ နိုးထလာခဲ့လျှင်တောင် နောက်ပိုင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းသည့် အချိန်တွင်လည်း အခက်အခဲက အလွန် ကြီးမားလှပေသည်။
လီချင်းဟွာ တစ်ယောက် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ယခုအချိန်အထိ မလုပ်ဆောင်နိုင်သေးခြင်းမှာလည်း ဤအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။
"ဆရာလင်း... ချိုးငှက်အုပ်စု စစ်စခန်းကို သွားမယ်ဆိုတာ ကောင်းကင်ချောက်နက် လမ်းကြောင်းကို စူးစမ်းလေ့လာဖို့လား" လီချင်းဟွာက မူလ စကားအကြောင်းအရာဆီသို့ ပြန်လည်ရောက်ရှိသွားပြီး ထိုချိုးငှက်အုပ်စု စစ်စခန်းသို့ သွားမည့် လင်းယွမ်၏ ရည်ရွယ်ချက်ကို မေးမြန်းလိုက်သည်။
လင်းယွမ်က အသံကို နှိမ့်ကာ "အဲ့ဒီ ကောင်းကင်ချောက်နက် လမ်းကြောင်းဆိုတာကို သွားကြည့်ဖို့တင် မကဘူး... ဒီတစ်ခေါက် ငါ သွားတာက ကျန်းယွီကျန်းကို လူတစ်ယောက် လွှဲပေးခိုင်းဖို့ပါ လုပ်ရဦးမယ်" ဟု ပြန်ဖြေသည်။
လီချင်းဟွာ ကြောင်သွားပြီးနောက် ချက်ချင်းပင် တွေးလိုက်မိကာ လင်းယွမ် အလိုရှိနေသူမှာ မည်သူဖြစ်ကြောင်းကို ချက်ချင်း ခန့်မှန်းမိသွားသည်။
"ဆရာလင်းက သူတို့ကို ဖေးယွမ်ဟူကို လွှဲပေးခိုင်းမလို့လား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "အခု မီယွမ်မိုးသစ်တောကို ငါတို့ သိမ်းပိုက်ထားနိုင်ပြီ ဆိုပေမယ့်... မီယွမ်မိုးသစ်တောရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေတွေက ဖေးယွမ်ဟူဆီမှာ ရှိနေတုန်းပဲလေ... တိတိကျကျ ပြောရရင် မီယွမ်မိုးသစ်တောက ငါတို့အပိုင် မဖြစ်သေးဘူးလို့ ဆိုရမယ်"
"ဒါကြောင့် ဒီတစ်ခေါက် သွားရင် မီယွမ်မိုးသစ်တောရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို သူ လုံးဝ အပြီးအပိုင် လွှဲပြောင်းပေးလာအောင် ငါ လုပ်ရမယ်"
လီချင်းဟွာက မနေနိုင်ဘဲ "လွယ်မယ်တော့ မထင်ဘူး... အဲ့ဒါက ရေပေါ်ကျွန်း တစ်ကျွန်းလုံးလေ... ဖေးယွမ်ဟူက သဘောတူပါ့မလား" ဟု ပြောလိုက်သည်။
"သဘောမတူလည်း တူရမှာပဲ"
လင်းယွမ်၏ အကြည့်များက အေးစက်သွားပြီး အေးစက်စက် အပြုံးတစ်ခုကို ပြသလိုက်သည်။
"ဆရာလင်း... ဆရာလင်းရဲ့ အစွမ်းအစနဲ့ဆိုရင် အခု ဖေးယွမ်ဟူကို အနိုင်ယူဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး... ဒါပေမဲ့ စစ်တပ်က ဝင်ပြီး သူ့ကို ကာကွယ်ပေးမှာကို စိုးရိမ်ရတယ်"
"အဲ့ဒီ ကျန်းယွီကျန်းနဲ့ ဖုန်းကျန့်ကုန်းတို့ကလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေတဲ့ အစွမ်းပိုင်ရှင်တွေဆိုတော့ လျှော့တွက်လို့ မရဘူးနော်"
လီချင်းဟွာသည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း သတိပေးလိုက်သေးသည်။
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး "ဒါဆိုလည်း သူတို့ ကာကွယ်ပေးနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့" ဟု ပြောလိုက်သည်။
လီချင်းဟွာက ထိုစကားကို ကြားသောအခါ ရင်ထဲ တုန်လှုပ်သွားသည်။ လင်းယွမ်၏ ဤတစ်ကြိမ် အစွမ်းအစ တိုးတက်လာမှု ပမာဏမှာ သေးငယ်မည် မဟုတ်ကြောင်းကို သူ၏ အလိုအလျောက် သိစိတ်က ပြောပြနေသည်။
သို့မဟုတ်ပါက ဤမျှလောက် ယုံကြည်မှု ရှိနေမည် မဟုတ်ပေ။
သူတို့ ဟွမ်ထူကုန်းပြင်မြင့်တွင် ခဏတာ ဆက်နေပြီးနောက် လင်းယွမ်သည် ဤနေရာမှ ထွက်ခွာလာခဲ့ပြီး တိန့်ကုန်းတောင် အနီးသို့ လျင်မြန်စွာ ရောက်ရှိလာကာ မီယွမ်မိုးသစ်တော၏ အပေါ်ဘက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။
မီယွမ်မိုးသစ်တောတွင် ရေစီးကြောင်း အကာအကွယ် အကာအကွယ် ရှိနေသောကြောင့် သာမန်လူများသည် အသံတိတ် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ဤတစ်ကြိမ်တွင် လင်းယွမ်သည် လျှို့ဝှက်စွာ ဝင်ရောက်စူးစမ်းရန် အစီအစဉ် မရှိတော့ဘဲ မီယွမ်မိုးသစ်တောဆီသို့ တိုက်ရိုက် ချဉ်းကပ်သွားခဲ့သည်။
ချက်ချင်းပင် အတွင်းဘက်မှ လူတစ်ယောက်က ချက်ချင်း ပျံသန်းထွက်လာသည်။
"ဆရာလင်းယွမ်"
ပျံသန်းလာသောသူက လင်းယွမ်ကို မှတ်မိသွားပြီး ချက်ချင်းပင် အံ့သြဝမ်းသာသွားသော အမူအရာကို ပြသလိုက်သည်။
လင်းယွမ်က တစ်ချက် ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ ထိုသူမှာ အရင်တုန်းက ယန်ကွမ်းမြို့သစ် လူငယ်အစွမ်းပိုင်ရှင်အဖွဲ့ထဲမှ ချန်ယန်း ဖြစ်နေသည်ကိုး။
လင်းယွမ်က ပြုံးရင်း "မင်းကိုး... မင်းလည်း မီယွမ်မိုးသစ်တောမှာ ရှိနေတာလား" ဟု မေးလိုက်သည်။
ချန်ယန်း၏ မျက်နှာတစ်ခုလုံး ဝမ်းသာမှုများ ပြည့်နှက်နေပြီး "ဟုတ်ပါတယ်... ကျွန်မ အရင်တုန်းက မိန်တောင်ဘက်မှာ ကင်းလှည့်အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာလေ... နောက်တော့ ခေါင်းဆောင်ကျောက်က ဒီဘက်ကို လာမယ်ဆိုလို့ ကျွန်မတို့လည်း အတူတူ လိုက်လာခဲ့တာပါ" ဟု ဖြေသည်။
"ဆရာလင်းယွမ်... လာမယ်ဆိုတာကို ဘာလို့ ကြိုပြီး အကြောင်းမကြားတာလဲ... ကျွန်မတို့လည်း ဘာမှ မပြင်ဆင်ထားရဘူး"
လင်းယွမ်က ပြုံးရင်း "မင်းတို့ကို မပြင်ဆင်ထားစေချင်လို့လေ... ဒီနေရာကို မင်းတို့ ဘယ်လို စီမံအုပ်ချုပ်နေလဲဆိုတာ ငါ လာကြည့်တာ"
ချန်ယန်းက ထိုစကားကို ကြားသောအခါ ချက်ချင်း အနည်းငယ် အနေခက်သွားပြီး "ဒါဆို ကျွန်မ ခေါင်းဆောင်ကျောက်ခိုင်ကို သွားပြီး အကြောင်းကြားပေးရမလား" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးရင်း "မလောပါနဲ့... မင်း ငါ့ကို အရင် ခေါ်သွားပြီး လိုက်ပြပေးဦး"
"ဟုတ်ကဲ့ပါ"
ချန်ယန်းက ကြားသည်နှင့် ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး နောက်သို့လှည့်ကာ ရေစီးကြောင်း အကာအကွယ်ကို ဖွင့်ပေးလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါလိုက်မိသည်။
ချန်ယန်းက အတွေ့အကြုံ နုနယ်နေဆဲပင်။ သူ၏ အမှတ်အသားကိုတောင် တစ်ချက်လေးမျှ စစ်ဆေးခြင်း မရှိပေ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် မီယွမ်မိုးသစ်တောဘက်သည် ဟွမ်ထူကုန်းပြင်မြင့်ဘက်လောက် သတိမကြီးကြောင်း သေချာသွားစေသည်။
အကာအကွယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကင်းလှည့်အဖွဲ့များ တောက်လျှောက် ရောက်လာကြပြီး လင်းယွမ်အား အသီးသီး နှုတ်ဆက်ကြသည်။
လင်းယွမ်က တစ်ပတ်လှည့်ကာ အကဲခတ်ကြည့်လိုက်ရာ ရင်းနှီးနေသော လူရိပ်များစွာကို တွေ့လိုက်ရသဖြင့် သူက ပြုံးကာ ခေါင်းညိတ်ပြီး ပြန်လည် တုံ့ပြန်လိုက်သည်။
"မင်းတို့ လုပ်စရာရှိတာ သွားလုပ်ကြတော့... တာဝန်ဝတ္တရား မပေါ့လျော့ကြနဲ့"
နောက်ဆုံးတွင် ချန်ယန်းက နှုတ်ဟလာပြီး လူအများကို သူတို့၏ တာဝန်ကျရာ နေရာများသို့ ပြန်သွားရန် မောင်းထုတ်လိုက်သည်။
သူမက ကောင်းကင်ထက်တွင် ပျံသန်းရင်း မီယွမ်မိုးသစ်တော၏ အပြောင်းအလဲများကို လင်းယွမ်အား မိတ်ဆက် ရှင်းပြပေးနေသည်။
လင်းယွမ်၏ အကြည့်များက လှည့်လည် ကြည့်ရှုသွားရာ ယခုအခါ မီယွမ်မိုးသစ်တောအတွင်း အိမ်များစွာ တည်ဆောက်ထားသည်ကို တွေ့လိုက်ရသည်။
ထိုမျှမက မိုးသစ်တောကိုလည်း စိုက်ပျိုးမြေ ကောင်းများစွာအဖြစ် ဖော်ထုတ်ထားပြီး စိုက်ပျိုးရေးသီးနှံ အမြောက်အမြားကို စိုက်ပျိုးထားသည်။
ဤနေရာတွင် အကာအကွယ် ရှိနေသည့် အကြောင်းရင်းကြောင့် ပြင်ပမှ အေးခဲသော ရာသီဥတုကို တားဆီးပေးထားသည်။
နှင်းပွင့်ကြီးများသည် အတွင်းဘက်သို့ မကျရောက်နိုင်သော်လည်း အချိန်အတိုင်းအတာ တစ်ခုတိုင်းတွင် အကာအကွယ်၏ ရေစီးကြောင်းများထဲ၌ အရည်ပျော်သွားပြီး မိုးရေအဖြစ် ပြောင်းလဲကာ မိုးသစ်တောအတွင်းသို့ ကျဆင်းလာစေသည်။
ဤနေရာသည် သဘာဝ အပင်များ ကြီးထွားရန်အတွက် ပရဒိသုဘုံဟုပင် ဆိုနိုင်ရာ မိုးသစ်တောဟူသော နာမည်နှင့် အမှန်တကယ် လိုက်ဖက်လှပေသည်။
"ဆရာလင်းယွမ်... စိုက်ပျိုးရေးဌာနက လူတွေ ဒီကို သီးသန့် လာပြီး စူးစမ်းလေ့လာဖူးတယ်... ဒီနေရာက တကယ့်ကို သဘာဝ စပါးကျီကြီးလိုပဲလို့ သူတို့ ယူဆကြတယ်"
"သူတို့က ကျွန်မတို့ကို စိုက်ပျိုးရေးသီးနှံတွေ စိုက်ပျိုးဖို့ အကြံပေးထားတယ်... ဒီနေရာက နောင်ကျရင် ကျွန်မတို့ ထိုက်ယန်တောင် အင်အားစု တစ်ခုလုံးရဲ့ စားနပ်ရိက္ခာ သိုလှောင်ရေးစခန်း လုံးဝ ဖြစ်လာနိုင်တယ်လေ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ချန်ယန်း၏ စကားကို အလွန် သဘောတူ လက်ခံလိုက်သည်။
"ဒီနေရာက တကယ့်ကို ရတနာမြေပဲ... ရေနတ်ဘုရားဂိုဏ်းက လူတွေက တိုးတက်ဖို့ မစဉ်းစားကြဘူး... ဒီလို နေရာကောင်းကြီးကို အသေအချာ အသုံးချပြီး စားနပ်ရိက္ခာတွေ စိုက်ပျိုးဖို့ မလုပ်ဘဲနဲ့ မိစ္ဆာဂိုဏ်းရဲ့ အယူဝါဒတွေ ဖြန့်ဖြူးဖို့ အသုံးပြုခဲ့ကြတယ်"
သူက စကားပြောနေရင်း အောက်ဘက်တွင် လယ်ယာအလုပ် လုပ်ကိုင်နေကြသော လူအများအပြားကို ငုံ့ကြည့်လိုက်သည်။
ထိုအထဲတွင် မြေဓာတ် အစွမ်းပိုင်ရှင် အများအပြား ပါဝင်ကြပြီး မြေကြီးကို တူးဆွရာတွင် အစွမ်းကို အသုံးပြုကာ မြေစာခဲများကို အလွယ်တကူ တူးဆွပေးနေကြသည်။
သစ်ဓာတ် အစွမ်းပိုင်ရှင်များလည်း ရှိနေပြီး ပျိုးပင်လေးများကို ကြီးထွားလာအောင် လှုံ့ဆော်ပေးကာ အသက်ရှင်သန်နိုင်နှုန်းကို သေချာအောင် လုပ်ဆောင်ပေးနေကြသည်။
ထိုလူများ၏ မျက်နှာပေါ်တွင်လည်း အပြုံးများ ကိုယ်စီ ရှိနေကြရာ အလွန် ရောင့်ရဲတင်းတိမ်စွာ နေထိုင်နေကြရကြောင်း ထင်ရှားလှပေသည်။
"ဒါတွေက မြေမိခင်ဂိုဏ်းက လူတွေလား" ဟု လင်းယွမ်က မေးလိုက်သည်။
ချန်ယန်းက ခေါင်းညိတ်လိုက်ပြီး "အများစုက ဟုတ်တယ်... အဲ့ဒီထဲမှာ မြေဓာတ် အစွမ်းပိုင်ရှင်တွေ မနည်းဘူး ပါတယ်" ဟု ဖြေသည်။
"ဒါပေမဲ့ ကျွန်မတို့က သူတို့ကို နေ့တိုင်း ပုံမှန် စိတ်ဓာတ်ရေးရာ သင်တန်းတွေ ပို့ချပေးပါတယ်... မြေမိခင်ဂိုဏ်းရဲ့ ရိုက်သွင်းခံထားရတဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကို လွတ်မြောက်အောင် လုပ်ပေးပြီး အခုဆို လူအတော်များများက ကျွန်မတို့ ထိုက်ယန်တောင်ရဲ့ ခံယူချက်တွေကို အရမ်း သဘောတူ လက်ခံနေကြပြီလေ"
လင်းယွမ်က ပြုံးလိုက်ပြီး "အဒေါ်ကြီးလီ မင်းတို့ကို သင်ပေးထားတာ မဟုတ်လား"
"ဟင်... ဆရာလင်း သိနေတာလား" ချန်ယန်းက အံ့သြတကြီး မေးလိုက်သည်။
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ အဒေါ်ကြီးလီ ဖြန့်ဝေပေးနေသော ထိုက်ယန်တောင်၏ ခံယူချက်များသည် ထိုက်ယန်တောင်၏ နယ်မြေအများအပြားဆီသို့ ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်သည်။
ထိုက်ယန်တောင်နှင့် မိန်တောင်တို့တွင် ရှိရုံသာမက မြွေမိစ္ဆာ ဟင်းလင်းပြင်တွင်လည်း ရှိနေပြီဖြစ်ကာ ယခုအခါ ဟွမ်ထူကုန်းပြင်မြင့်နှင့် မီယွမ်မိုးသစ်တောတို့တွင်ပါ ရှိနေပြီဖြစ်သည်။
တစ်ပတ်လှည့်လည် ကြည့်ရှုပြီးနောက် ဤဘက်ရှိ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း မဆိုးလှကြောင်း လင်းယွမ် တွေ့ရှိလိုက်ရသည်။ ယေဘုယျအားဖြင့် ဆိုရလျှင် ဟွမ်ထူကုန်းပြင်မြင့်ထက် နောက်မကျနေပေ။
နှစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်မှာ သိပ်မတူညီကြပေ။ မီယွမ်မိုးသစ်တောက ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားပြီး တစ်ကျွန်းလုံးကို လယ်ယာစိုက်ပျိုးရေး လုပ်ကြသည်။
ဟွမ်ထူကုန်းပြင်မြင့်ကတော့ စစ်တပ်ပုံစံ ပိုဆန်ပြီး ကာကွယ်ရေးနှင့် လေ့ကျင့်ရေးကို အဓိကထားကာ စစ်ရေးစွမ်းရည်များ မွေးမြူပေးသည့် နေရာတစ်ခု ဖြစ်သည်။
လင်းယွမ်က ဤအရာများကို ကြည့်ရှုပြီးနောက် အလွန် ကျေနပ်သွားသည်။
မကြာမီမှာပင် သတင်းရရှိသွားသော ကျောက်ခိုင်က ကပျာကယာ ရောက်လာလေသည်။
"အစ်ကိုလင်း... အစ်ကို ဘယ်လိုရောက်လာတာလဲ"
လင်းယွမ်က ကျောက်ခိုင်ကို ကြည့်ကာ ပြုံးလိုက်ပြီး "မင်းနဲ့ ကိစ္စရှိလို့လေ... မင်း ငါနဲ့ ချိုးငှက်အုပ်စု စစ်စခန်းကို တစ်ခေါက်လောက် လိုက်ခဲ့"
"ချိုးငှက်အုပ်စု စစ်စခန်းကို သွားမယ်" ကျောက်ခိုင် ကြောင်သွားပြီးနောက် သံသယဖြင့် "ဟိုဘက်ကို ဘာသွားလုပ်မလို့လဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးပြလိုက်ပြီး "သေချာပေါက် မီယွမ်မိုးသစ်တောရဲ့ ပိုင်ဆိုင်မှု ပြဿနာကို ဖြေရှင်းဖို့ပေါ့"
ဆက်ရန်...