အခန်း (၆၂၉-၆၃၀)
Vol. 32 Ch. 629-630
အပိုင်း (၆၂၉) ကျောက်ခိုင်၏ စိတ်ကူး
"မီယွမ်မိုးသစ်တောက အခု ကျွန်တော်တို့လက်ထဲမှာ မဟုတ်ဘူးလား" ကျောက်ခိုင်က နားမလည်နိုင်စွာ မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ရင်း "မီယွမ်မိုးသစ်တောရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ငါတို့ သန့်စင်ပြီး အပိုင်မသိမ်းနိုင်သရွေ့ ဒီနေရာက ငါတို့အပိုင်လို့ ပြောလို့မရသေးဘူး"
"အခု ငါ သွားမှာက အဲ့ဒီ ဖေယွမ်ဟူဆိုတဲ့ကောင်ဆီကနေ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို တောင်းဖို့ပဲ"
ထိုအခါမှ ကျောက်ခိုင်တစ်ယောက် လင်းယွမ်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။
သူက မနေနိုင်ဘဲ "အစ်ကိုလင်း... ဟိုဘက်က ကြည်ကြည်ဖြူဖြူ ပေးပါ့မလား" ဟု ဝင်ပြောလိုက်သည်။
"ဟက်ဟက်... ကြည်ကြည်ဖြူဖြူ မပေးရင်လည်း အကြမ်းဖက်ရုံပေါ့"
"ကျွန်တော် လိုက်ခဲ့မယ် အစ်ကိုလင်း"
ကျောက်ခိုင်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြောလိုက်သည်။
ရန်ဖြစ်ရမည့်အပြင် အစ်ကိုလင်းဘေးမှနေ၍ ဝင်ချရမည်ဖြစ်ရာ သူ မဖြစ်မနေ လိုက်သွားရပေမည်။
သို့မဟုတ်ပါက နေ့မနား ညမနား ပင်ပင်ပန်းပန်း ကျင့်ကြံပြီးမှ မနည်း ရယူထားရသော အဓိက အရည်အသွေး ၁၀၀ မှတ်က ဘာအတွက် အသုံးကျတော့မည်နည်း။
အစ်ကိုလင်း၏ ဝန်ထုပ်ဝန်ပိုးများကို တစ်ထောင့်တစ်နေရာမှ ကူညီဖြေလျှော့ပေးနိုင်ရန် မဟုတ်ပါလော။
လင်းယွမ်က ပြုံးလိုက်ပြီး "မင်းကို ခေါ်သွားတာ ရန်ဖြစ်ဖို့ မဟုတ်ဘူး... ဒီက နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ရလာတာနဲ့ မီယွမ်မိုးသစ်တောကို မင်းကို သန့်စင်ခိုင်းမလို့"
"ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို အမှန်တကယ် ပိုင်စိုးနိုင်မှသာ ဒီနေရာကို ငါ့ကိုယ်စား စောင့်ရှောက်ပေးနိုင်မယ့် အင်အားမျိုး မင်းမှာ ရှိလာမှာ"
ကျောက်ခိုင်မှာ ရုတ်တရက် ရင်ထဲ တုန်လှုပ်သွားပြီး လင်းယွမ်ကို မယုံနိုင်စွာ မော့ကြည့်လိုက်မိသည်။
"အစ်ကိုလင်း... အစ်ကိုက ကျွန်တော့်ကို ဒီက ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို သန့်စင်ခိုင်းမလို့လား... ဒါ... ဒါတော့ မဖြစ်ပါဘူးဗျာ... တကယ် မဖြစ်တာပါ"
ရေပေါ်ကျွန်း၏ ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေသည် မည်မျှ အရေးကြီးကြောင်း မသိသူ မရှိသဖြင့် ကျောက်ခိုင်က ကပျာကယာ ခေါင်းခါ၍ ငြင်းဆန်လိုက်သည်။
လီချင်းဟွာဆိုလျှင် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်၏ နှလုံးအမြူတေကို သန့်စင်လိုက်ခြင်းဖြင့် သူ၏ စွမ်းအားများ အလျင်အမြန် တိုးတက်လာကာ ယခုအခါ ထိုက်ယန်တောင်၏ ဒုတိယ အတော်ဆုံး အစွမ်းပိုင်ရှင်ပင် ဖြစ်နေပြီ မဟုတ်ပါလား။
လင်းယွမ်က ကြားသောအခါ ခဏတာ တွေးတောလိုက်ပြီး "အင်း... ဟုတ်တော့လည်း ဟုတ်ပါတယ်... မင်းက ရေခဲအစွမ်းပိုင်ရှင်ဆိုတော့ ဒီရေဓာတ် ရေပေါ်ကျွန်းကို သန့်စင်ဖို့က သိပ်တော့ အဆင်မပြေလှဘူး"
"ဒါပေမဲ့ ပြဿနာ မရှိပါဘူး... အချိန်ကျရင် မင်းက နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ နှစ်ခုထဲက တစ်ခုကို သန့်စင်လိုက်... ကျန်တဲ့တစ်ခုကိုတော့ တခြား ရေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်ယောက်ကို ရှာပြီး သန့်စင်ခိုင်းလိုက်မယ်"
"အဲ့ဒီအခါကျရင် မင်းတို့နှစ်ယောက် ပူးပေါင်းပြီး ဒီနေရာကို စောင့်ရှောက်ထားမယ်ဆိုရင် ပိုပြီး စိတ်ချရပြီပေါ့... ဘယ်လိုလဲ မင်း သဘောကျရဲ့လား"
"အစ်ကိုလင်း... အစ်ကိုကိုယ်တိုင် ဘာလို့ မသန့်စင်တာလဲ" ကျောက်ခိုင်က မနေနိုင်ဘဲ မေးလိုက်မိသည်။
လင်းယွမ်က ပြုံးကာ ခေါင်းခါလိုက်ရင်း "ထိုက်ယန်တောင်ရဲ့ နယ်မြေတွေက နောင်ကျရင် ပိုပိုပြီး များလာမှာပဲ... ဒီလောက်များတဲ့ နှလုံးအမြူတေတွေ ဦးနှောက်အမြူတေတွေကို ငါတစ်ယောက်တည်း သန့်စင်ထားပြီး ဘာလုပ်ရမှာလဲ"
"နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေရဲ့ အကြီးမားဆုံး အားသာချက်က ဒီရေပေါ်ကျွန်းတွေရဲ့ မြေမျက်နှာသွင်ပြင်တွေကို ထိန်းချုပ်နိုင်ပြီး ကျွန်းပေါ်က အပြောင်းအလဲတွေကို အာရုံခံနိုင်တာပဲ"
"ငါက ရေပေါ်ကျွန်း တစ်ခုတည်းမှာ အမြဲတမ်း နေနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ... ရေပေါ်ကျွန်းကနေ ထွက်သွားတာနဲ့ ဒီအမြူတေတွေရဲ့ အားသာချက်က လုံးဝ အသုံးမဝင်တော့ဘူး"
"ဒါကြောင့် ငါ့ဆီမှာ ထားမယ့်အစား မင်းတို့ကို ဒီရေပေါ်ကျွန်းတွေမှာ စောင့်ရှောက်ခိုင်းထားတာက ထိုက်ယန်တောင်ရဲ့ အခြေခံအင်အားကို ပိုပြီး ခိုင်မာစေလိမ့်မယ်"
ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ်၏ စိတ်ထားမှာ အမှန်တကယ် ကြီးမြတ်လှသည်ဟု ကျောက်ခိုင် ခံစားလိုက်ရသည်။ ရေပေါ်ကျွန်း၏ ဦးနှောက်အမြူတေနှင့် နှလုံးအမြူတေဆိုသည်မှာ ဤရေပေါ်ကျွန်း တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်သည့် အဓိက အသက်သွေးကြော မဟုတ်ပါလော။
သူက သက်ပြင်းချလိုက်ရင်း "အစ်ကိုလင်း... အစ်ကိုမို့လို့သာ ဒီလောက် သဘောထား ကြီးနိုင်တာပါဗျာ... ရိုးရိုး အစွမ်းပိုင်ရှင် တစ်ယောက်သာဆိုရင် ဒီလောက်ကြီးမားတဲ့ အကျိုးအမြတ်ကို ဘယ်သူက လက်လွှတ်ခံပါ့မလဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က ပြုံးရုံသာ ပြုံးနေလိုက်သည်။ သူ့တွင် စနစ် ရှိနေသဖြင့် ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤရေပေါ်ကျွန်းဆိုသည်များက သူ့အတွက် သိပ်ပြီး ဆွဲဆောင်မှု မရှိလှပေ။
"ဒီမီယွမ်မိုးသစ်တောက တကယ်ကို ကောင်းတဲ့ နေရာလေးပဲ... အပြင်ဘက် ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဆိုးရွားနေပါစေ ဒီနေရာလေးကတော့ ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ဘုံလေး တစ်ခုလိုပဲ"
"နောင်ကျရင် စိုက်ပျိုးရေးတွေ အများကြီး လုပ်လို့ရတယ်... ထိုက်ယန်တောင် အင်အားစုအတွက်တော့ ဧရာမ စပါးကျီကြီး တစ်ခု ဖြစ်လာမှာ အသေအချာပဲ"
"ဆောင်းရာသီ ကုန်လွန်ပြီး နှင်းတွေ အရည်ပျော်၊ ရေခဲပြင်တွေ ပျော်ကျသွားတဲ့ အချိန်ကျရင် ဒီမီယွမ်မိုးသစ်တောနဲ့ တွင်းနက်အရိပ်ကျွန်းကို ထိုက်ယန်တောင်ဘက် ခေါ်သွားရမယ်"
"နောင်တစ်ချိန်ကျရင် ငါတို့ရဲ့ ဌာနချုပ်ကိုပါ ဒီအပေါ် ပြောင်းရွှေ့ရနိုင်တယ်"
မီယွမ်မိုးသစ်တော၏ ပတ်ဝန်းကျင်ကို ကြည့်ရင်း လင်းယွမ်က မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။
ကျောက်ခိုင်မှာ ရင်ထဲ လှုပ်ရှားသွားပြီး "ဒါဆို ထိုက်ယန်တောင်ဘက်ကရော" ဟု မေးလိုက်သည်။
ထိုက်ယန်တောင်ရှိ စွမ်းအင်စုဝေးအဆောက်အအုံနှင့် နေရောင်ခြည်ခံ အခန်းများသည် လူတိုင်း အစောဆုံး တည်ဆောက်ခဲ့ကြသည့် နေရာများဖြစ်ရာ အားလုံးက သံယောဇဉ် တွယ်နေကြပြီ ဖြစ်သည်။
စွန့်လွှတ်လိုက်ရမည် ဆိုလျှင် အမှန်တကယ်ပင် နှမြောစရာ ကောင်းလှပေသည်။
လင်းယွမ်က ခေါင်းခါလိုက်ပြီး "ဆက်နေလို့ မရတော့ဘူး... နွေရာသီ ရောက်လာပြီး အပူချိန် မြင့်တက်လာတာနဲ့ လင်ကျန်းမြို့က တောင်တန်းတွေ အားလုံး ရေလွှမ်းမိုးမှုအောက်မှာ အပြီးတိုင် နစ်မြုပ်သွားတော့မှာ"
"ရေမျက်နှာပြင်က သေချာပေါက် မြင့်တက်လာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ငါတို့လည်း ဒီရေပေါ်ကျွန်းတွေကိုပဲ အားကိုးရတော့မှာ"
"ဒါက အဆောက်အအုံတွေထဲမှာ ပိတ်မိနေသေးတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တတ်နိုင်သမျှ သွားကယ်တင်ခိုင်းရတဲ့ ငါ့ရဲ့ အဓိက အကြောင်းရင်းပဲ"
"နောက်နှစ်ဆိုရင် လင်ကျန်းမြို့က အပြီးအပိုင် ရေနစ်မြုပ်သွားနိုင်တယ်... ရေမျက်နှာပြင်ထက် မြင့်တဲ့ အဆောက်အအုံဆိုတာ တစ်ခုမှ ကျန်တော့မှာ မဟုတ်ဘူး"
"ရေပေါ်ကျွန်းပေါ် မတက်နိုင်တဲ့သူတွေက... ငါးလူသားလို အသွင်ပြောင်း အစွမ်းပိုင်ရှင်မျိုးတွေ မဟုတ်ရင်... အခြေခံအားဖြင့် အသက်ရှင်ရပ်တည်ဖို့ နေရာဆိုတာ ရှိတော့မှာ မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ခိုင်က "ငါတို့မှာ ဒီရေပေါ်ကျွန်းတွေ ရှိနေလို့ တော်သေးတာပေါ့" ဟု မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
"အစတုန်းကသာ အစ်ကိုလင်းက လူတွေကို မိန်တုဥယျာဉ်ထဲကနေ ခေါ်ထုတ်ပြီး ထိုက်ယန်တောင်ကို မသိမ်းပိုက်ခဲ့ဘူးဆိုရင်... ငါတို့တွေ နေရာတိုင်းမှာ သူများနောက် ကောက်ကောက်ပါအောင် ကျန်ရစ်နေခဲ့မှာ အသေအချာပဲ"
"ဒီရေပေါ်ကျွန်းတွေဆိုတာကလည်း ငါတို့နဲ့ ဘာမှသက်ဆိုင်လာမှာ မဟုတ်ဘူး"
ကျောက်ခိုင်မှာ ရေဘေးကြီး စတင်ချိန်ကတည်းက လင်းယွမ်နှင့် ဆုံတွေ့ခဲ့ပြီး သူ၏အဖွဲ့ထဲ ဝင်ရောက်ခွင့် ရခဲ့သောကြောင့် ယခုလို အဆင့်အတန်းမျိုးအထိ တစ်လှမ်းချင်း ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း တွေးမိကာ ရင်ထဲ၌ ဝမ်းသာကျေနပ်သွားမိသည်။
အစကတည်းကသာ သူ သေရမည်ကို ကြောက်ပြီး မိန်တုဥယျာဉ်ထဲ၌သာ ဆက်နေခဲ့မည်ဆိုလျှင် ယခုချိန်၌ သေသည်ရှင်သည်ပင် သိရမည် မဟုတ်တော့ပေ။
သူတို့နှစ်ယောက် လမ်းလျှောက်ရင်း စကားစမြည် ပြောဆိုလာခဲ့ကြရာ မွန်းတည့်ချိန်သို့ ရောက်သွားသဖြင့် ကျောက်ခိုင်က လင်းယွမ်ကို မီယွမ်မိုးသစ်တောဘက်တွင် တည်ဆောက်ထားသည့် အဆောက်အအုံများဆီသို့ ခေါ်သွားကာ ထမင်းစားလိုက်ကြသည်။
ဤနေရာရှိ အဆောက်အအုံများသည် အခြေခံအားဖြင့် ထိုက်ယန်တောင်ဘက်မှ ပုံစံအတိုင်း ကူးချထားခြင်း ဖြစ်သော်လည်း အဆောက်အအုံ ဒီဇိုင်းပိုင်းတွင်မူ ပို၍ သေသပ်လှပပေသည်။
ဤအဆောက်အအုံများကို စီမံခန့်ခွဲနေသူမှာလည်း လူသိများသည့် ကျောက်ခိုင်၏ လက်ရှိချစ်သူ လျှိုဖိန်ဖိန်ပင် ဖြစ်သည်။
ယခုအခါ သူတို့နှစ်ယောက်၏ အချစ်ရေးမှာလည်း ပန်းတိုင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လျှိုဖိန်ဖိန်က လင်းယွမ်ကို မြင်သောအခါ ကျောက်ခိုင်ထက်ပင် ပို၍ နွေးထွေးပျူငှာစွာ ဆက်ဆံလေသည်။
အစောပိုင်း သူမ စိတ်ဝိညာဉ် ဝင်္ကပါအစွမ်းကို နိုးထလာချိန်၌ သူမ၏ အသိစိတ်က ဝင်္ကပါထဲတွင် ပိတ်မိနေပြီး ထွက်လာ၍ မရခဲ့ပေ။
ထိုစဉ်က လင်းယွမ်ကိုယ်တိုင် သူမ၏ အသိစိတ် နက်ရှိုင်းရာဆီသို့ ဝင်ရောက်ကာ စိတ်ဝိညာဉ် ဝင်္ကပါထဲမှ သူမကို ခေါ်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
စိတ်ဝိညာဉ် ကမ္ဘာထဲတွင် ရှိနေစဉ်က လင်းယွမ်သည် လျှိုတနန်၏ နေရာတွင် အစားထိုး ဝင်ရောက်ခဲ့ရသေးသည်။
လျှိုဖိန်ဖိန်က လင်းယွမ်အပေါ် ရင်းနှီးခင်မင်မှုမှာ ထိုအချိန်ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပေသည်။
သေချာသည်ကတော့ ၎င်းသည် ယောက်ျား မိန်းမ အချစ်မျိုး မဟုတ်ဘဲ မိသားစု သံယောဇဉ်ကဲ့သို့သော ခင်တွယ်မှုမျိုးသာ ဖြစ်သည်။
သူတို့သုံးယောက် ထမင်းစားသောက်ပြီးနောက် လင်းယွမ်နှင့် ကျောက်ခိုင်တို့မှာ မီယွမ်မိုးသစ်တောထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည်။
ချန်ချုံးတောင်ဘက်ဆီသို့ တောက်လျှောက် ပျံသန်းလာခဲ့ကြသည်။
မီသွေ့တောင်ကို ဖြတ်သန်းသွားချိန်တွင် လင်းယွမ်က တစ်ချက် ကြည့်လိုက်ရာ မီသွေ့တောင်ပေါ်၌ လူသူကင်းမဲ့နေပြီး နေထိုင်သူများ နီးပါးလောက် မရှိတော့သည်ကို တွေ့လိုက်ရသည်။
လူအများစုမှာ ရေပေါ်ကျွန်းများဆီသို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။
ယခုအခါ မီသွေ့တောင်၊ ချန်ဖူတောင်၊ တိန့်ကုန်းတောင်တို့အပေါ်၌ အခြေခံအားဖြင့် နှင်းဖြူများ ဖုံးလွှမ်းနေပြီး သန္ဓေပြောင်း သားရဲများ၏ လှုပ်ရှားမှုများက မကြာခဏ ရှိနေတတ်သည်။
ကျောက်ခိုင်က "အခု ဒီတောင်သုံးလုံးက အခြေခံအားဖြင့် အမဲလိုက်ကွင်းတွေ ဖြစ်နေပြီ... လူတော်တော်များများက ဒီနေရာကို အမဲလာလိုက်တတ်ကြတယ်" ဟု ပြောလိုက်သည်။
"ပြီးတော့ မြေမိခင်ဂိုဏ်းနဲ့ ရေနတ်ဘုရားဂိုဏ်းက ကျန်ရစ်နေတဲ့ အကြွင်းအကျန် တချို့လည်း အဲ့ဒီထဲမှာ ပုန်းအောင်းနေကြသေးတယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ငြိမ့်လိုက်ပြီး "ဒီအကြွင်းအကျန်တွေကို ရှင်းပစ်ဖို့ နည်းလမ်း ရှာရမယ်... ဒီလောက်ကြာတဲ့အထိ လက်နက်ချ အရှုံးမပေးသေးဘူးဆိုမှတော့ ဆက်ထားစရာ အကြောင်းမရှိတော့ဘူး"
ကျောက်ခိုင်က ခေါင်းငြိမ့်ကာ "ဟုတ်ကဲ့... ပြန်ရောက်တာနဲ့ ကျွန်တော်နဲ့ ချင်းဟွာနဲ့ တိုင်ပင်ပြီး ပူးပေါင်းစစ်ဆင်ရေးတစ်ခု စီစဉ်လိုက်မယ်... ဒီတောင်သုံးလုံးကို အမြစ်ပြတ် ရှင်းလင်းပစ်မယ်"
"ဒီတောင်သုံးလုံးပေါ်က သယံဇာတ အရင်းအမြစ်တွေကိုလည်း အမြန်ဆုံး တူးဖော်ရလိမ့်မယ်"
"အထူးသဖြင့် ဓာတ်သတ္တု အရင်းအမြစ်တွေပေါ့... နှင်းတွေ ရေခဲတွေ အရည်မပျော်ခင် တောင်ထဲက စွမ်းအင်ကျောက်တုံးတွေကို ကုန်စင်အောင် တူးဖော်ရမယ်"
"ဒါပေမဲ့ တတ်နိုင်မယ်ဆိုရင်တော့ တောင်ပေါ်က ကျောက်တုံးတွေကို ရေပေါ်ကျွန်းဆီ တိုက်ရိုက် သယ်သွားမယ်ဆိုရင်လည်း မဆိုးပါဘူး"
လင်းယွမ်က နောက်ပြောင်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ကျောက်ခိုင်ကမူ လေးလေးနက်နက် စဉ်းစားလိုက်ပြီး "အစ်ကိုလင်း... အစ်ကို့နည်းလမ်းက မဆိုးဘူးပဲ" ဟု ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"တောင်ကြီး တစ်တောင်လုံးကို ရေပေါ်ကျွန်းဆီ တိုက်ရိုက် ရွှေ့ပြောင်းနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့"
လင်းယွမ်က မနေနိုင်ဘဲ အသံထွက် ရယ်မောကာ ခေါင်းခါလိုက်ရင်း "တောင်တွေကို ရွှေ့ပြီး ပင်လယ်ကို ဖြည့်ဖို့ဆိုတာ ဘယ်သူကများ အဲ့ဒီလောက် အစွမ်းအစ ရှိမှာလဲ"
"အဲ့ဒီလို အဆင့်မျိုးအထိ လုပ်နိုင်မယ်ဆိုရင် ငါတို့တွေက စောစောစီးစီး ပြိုင်ဘက်ကင်း ဖြစ်နေလောက်ပြီပေါ့"
ကျောက်ခိုင်ကမူ ခေါင်းခါလိုက်ပြီး "တစ်တောင်လုံး အကြီးကြီးကို တစ်ခါတည်း ရွှေ့စရာ မလိုပါဘူး... ယွီကုန်း တောင်ရွှေ့သလိုမျိုး နည်းနည်းချင်းစီ ရွှေ့လို့ရတာပဲလေ"
"မီယွမ်မိုးသစ်တောမှာက အကာအကွယ် ရှိနေလို့ မြေဆီလွှာတွေ ရေစီးနဲ့ မျောမပါသွားနိုင်ပေမဲ့... မြေဝါနတ်ဘုရားကျွန်းမှာတော့ မသေချာဘူးလေ... အဲ့ဒီက ကျောက်တုံးတွေနဲ့ မြေကြီးတွေကို မြေဝါနတ်ဘုရားကျွန်းဆီ လုံးဝ သယ်သွားလို့ရတယ်... အဲ့ဒီက သဲကန္တာရ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲပြီး နောင်ကျရင် စားနပ်ရိက္ခာတွေ စိုက်ပျိုးဖို့ အသုံးချလို့ ရနိုင်တာပဲ"
ကျောက်ခိုင်သည် ပြောလေ မျက်လုံးများ အရောင်တောက်လေ ဖြစ်လာပြီး "ရေဘေးကြီး မဖြစ်ခင်တုန်းက အနောက်ပိုင်း သဲကန္တာရဒေသမှာတောင် စိမ်းလန်းတဲ့ အိုအေစစ်ကြီးတွေ ဖြစ်လာအောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့သေးတာပဲ မဟုတ်လား" ဟု ပြောလိုက်သည်။
"အဲ့ဒီအချိန်ကျရင် မြေဝါနတ်ဘုရားကျွန်းနဲ့ မီယွမ်မိုးသစ်တောကို ကပ်ထားလိုက်ပြီး... မီယွမ်မိုးသစ်တောကနေ နောက်တန်း အထောက်အပံ့တွေ ပေးမယ်ဆိုရင်... မြေဝါနတ်ဘုရားကျွန်းပေါ်က သဲဝါတွေကို ပြုပြင်ဖို့ သေချာပေါက် မျှော်လင့်ချက် ရှိတယ်"
လင်းယွမ်က သူ့အား လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ စဉ်းစားခန်း ဝင်သွားတော့သည်။
ဤကိစ္စက အမှန်တကယ်ပင် ဖြစ်နိုင်ခြေ ရှိပုံရပေသည်။
သူက ခဏတာ တွေးတောလိုက်ပြီးနောက် ခေါင်းငြိမ့်ကာ "ဒီကိစ္စကို လောစရာ မလိုသေးပါဘူး... တောင်ရွှေ့ချင်တယ်ဆိုတာ တစ်ရက် နှစ်ရက်တည်းနဲ့ ပြီးမယ့် ကိစ္စမှ မဟုတ်တာ... ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့... ဖြည်းဖြည်းချင်း လုပ်ကြမယ်"
ကျောက်ခိုင်က ပြတ်သားစွာ ခေါင်းငြိမ့်လိုက်သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် တောင်ကြီး သုံးလုံးကို ဖြတ်ကျော်လာခဲ့ကြပြီး မကြာမီ ရှေ့တည့်တည့်မှ ချန်ချုံးတောင်၏ ပုံရိပ်ကို လှမ်းမြင်လိုက်ကြရသည်။
ချန်ချုံးတောင်သည် လင်ကျန်းမြို့၏ အမြင့်ဆုံးတောင် ဖြစ်ပြီး မီသွေ့တောင်ကဲ့သို့သော တောင်များထက် အများကြီး ပိုမြင့်မားပေသည်။
တောင်၏ အနေအထားမှာ ခံ့ညားထည်ဝါပြီး တစ်ဆက်တည်း သွယ်တန်းနေကာ အပေါ်တွင် မီးခိုးငွေ့ အမြောက်အမြား ထွက်ပေါ်နေသဖြင့် နှင်းများ တဝေါဝေါ ကျဆင်းနေသည့်ကြားတွင် ထူးခြားစွာ ထင်ရှားနေပေသည်။
"ချန်ချုံးတောင်ပေါ်မှာ နေတဲ့လူတွေ တော်တော်များတဲ့ပုံပဲ"
ထိုမြင်ကွင်းကို ကြည့်ရင်း လင်းယွမ်၏ မျက်လုံးများက အနည်းငယ် လက်ကနဲ ဖြစ်သွားပြီး ပြောလိုက်သည်။
ကျောက်ခိုင်က ခေါင်းငြိမ့်ကာ "ဟုတ်တယ်... အစတုန်းက ရေနတ်ဘုရားဂိုဏ်းနဲ့ မြေမိခင်ဂိုဏ်းရဲ့ လူတော်တော်များများက... ကျွန်တော်တို့ ပြန်ပြီး လက်စားချေမှာကို ကြောက်လို့ ချန်ချုံးတောင်ပေါ်ကို ကြို တက်သွားပြီး ချိုးငှက်အဖွဲ့ စစ်တပ်ဘက်မှာ သွားခိုလှုံခဲ့ကြတာ" ဟု ပြောလိုက်သည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ ရုတ်တရက် အေးစက်စက် ပြုံးလိုက်ပြီး "ဟက်... ချိုးငှက်အဖွဲ့က လူတွေကတော့ လူကောင်းလေးတွေ ဝင်လုပ်နေကြတာပေါ့... ဘာမှမလုပ်ဘဲနဲ့ လူအင်အား အရင်းအမြစ်တွေကို အလကား ရသွားတာကိုး"
ကျောက်ခိုင်က "ချိုးငှက်အဖွဲ့က လူတွေက ပြည်သူတွေကြားထဲမှာ နာမည်ကောင်း ရထားတာလေ... သူတို့ရဲ့ ကယ်တင်ရှင် အယူအဆကို လူတော်တော်များများက လက်ခံထားကြတယ်"
"ဒါကြောင့်မို့လို့ နာမည်ကြားပြီး လာရောက် ခိုလှုံကြတဲ့သူတွေ ချိုးငှက်အဖွဲ့ စစ်တပ်ဆီမှာ တော်တော်များများ ရှိတယ်"
လင်းယွမ်က အေးစက်စက် ပြုံးလိုက်ကာ "ကယ်တင်ရှင်... ဘယ်လို ကယ်မှာလဲ... ရေဘေးကြီးက ကုန်းမြေတွေကို ဖုံးလွှမ်းသွားပြီ... လူသားတွေ ခြေချရပ်တည်နိုင်မယ့် နေရာဆိုတာလည်း ကျန်တာ သိပ်မရှိတော့ဘူး"
"အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး... စစ်တပ်မှာ တိမ်မြူကျွန်း ရှိတယ်... စစ်သားတွေရဲ့ မိသားစုဝင် အများစုက တိမ်မြူကျွန်းပေါ် ပြောင်းရွှေ့သွားကြပြီ... ဒီချန်ချုံးတောင်ပေါ်က လူတွေကို နေရာချထားပေးတယ် ဆိုပေမဲ့ ချန်ချုံးတောင်ကလည်း အနှေးနဲ့အမြန် ရေနစ်မြုပ်တော့မှာပဲ"
"သူတို့က ဒီလောက်လူတွေ အများကြီးကို လက်ခံထားတာ... အချိန်ကျရင် တိမ်မြူကျွန်းက ဆံ့ပါ့မလားဆိုတာ စောင့်သာ ကြည့်ပေတော့"
"တကယ်လို့ မဆံ့ဘူးဆိုရင်တော့... သေချာပေါက် တခြား ရေပေါ်ကျွန်းတွေကို အလစ်အငိုက် လုယူကြဦးမှာပဲ"
ထိုသို့ ပြောဆိုနေစဉ် လင်းယွမ်က ရုတ်တရက် သတိဝင်လာကာ မျက်မှောင်ကြုတ်လိုက်ပြီး "နေဦး... ကျန်းယွီကျန်းတို့ တစ်သိုက်က ဖေယွမ်ဟူကို အကာအကွယ် ပေးထားတာက... မီယွမ်မိုးသစ်တောကို သိမ်းပိုက်ဖို့ အကြံအစည် ရှိနေလို့များလား"
ထိုသို့ တွေးမိသောအခါ သူ့ရင်ထဲ၌ လန့်သွားပြီး မျက်နှာအမူအရာက အနည်းငယ် မှုန်ကုပ်သွားတော့သည်။
လူစိတ်ကို အဆိုးမြင်လွန်းသည်ဟု သူ့ကို အပြစ်တင်၍ မရပေ။
ကျန်းယွီကျန်းတို့မှာ အပြင်ဘက်တွင် နာမည်ကောင်း ရထားပြီး 'ချိုးငှက်အဖွဲ့' စစ်တပ်ဟုပင် လူအများက ခေါ်ဝေါ်နေကြသော်ငြား။
လင်းယွမ်ကိုယ်တိုင် ချိုးငှက်အဖွဲ့ စစ်တပ်၏ နံပါတ်တစ် လူနှင့် ထိပ်တိုက် တွေ့ဖူးပြီးပြီ ဖြစ်သည်။ ဖုန်းကျန့်ကုန်းက သတ်ဖြတ်ရာတွင် ပြတ်သားပြီး ကျန်းယွီကျန်းက အကြံအစည် ကြီးမားသူဖြစ်သည်။
ထိုသူနှစ်ယောက်စလုံးက သိမ်မွေ့ယဉ်ကျေးသော ချိုးငှက်ဆိုသည်နှင့် လုံးဝ မသက်ဆိုင်ပေ။
လင်းယွမ်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ကနဲ ဖြတ်ပြေးသွားသည်။ "မင်းတို့ ဘာရည်ရွယ်ချက်ပဲ ရှိရှိ... ဒီတစ်ခေါက်တော့ မီယွမ်မိုးသစ်တောရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ငါ သေချာပေါက် ရအောင် ယူရမယ်"
"ပေါ်"
ထိုစဉ်မှာပင် မြင့်မားမတ်စောက်သော ချန်ချုံးတောင်ထိပ်မှ ဩရှရှ ဥသြဆွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ပျံသန်းနိုင်သော အစွမ်းပိုင်ရှင် အချို့က ကောင်းကင်ပေါ်သို့ အလျင်အမြန် ပျံတက်လာပြီး လင်းယွမ်တို့ နှစ်ယောက်ကို ကြားဖြတ် တားဆီးလိုက်ကြသည်။
"ဘယ်သူတွေလဲ"
"ရပ်လိုက်စမ်း"
"ချန်ချုံးတောင် နယ်မြေထဲမှာ အရှိန်ပြင်းပြင်း ပျံသန်းခွင့် မရှိဘူးဆိုတဲ့ စည်းကမ်းကို မင်းတို့ မသိကြဘူးလား"
ရောက်လာသူက လင်းယွမ်တို့ နှစ်ယောက်ကို ဒေါသတကြီး အော်ဟစ်ကာ ကြိမ်းမောင်းလိုက်သည်။
လင်းယွမ်နှင့် ကျောက်ခိုင်တို့ ခြေလှမ်း ရပ်တန့်လိုက်ကြသည်။ ကျောက်ခိုင်က လေသံတိုးတိုးဖြင့် "ဒါက လေကြောင်းရန် ကာကွယ်ရေး စနစ်ပဲ... စစ်တပ်ကလည်း ဒီအစွမ်းသုံး ကိရိယာကို စောစောစီးစီး တီထွင်ထားနိုင်ခဲ့ပုံရတယ်" ဟု ပြောလိုက်သည်။
ထိုက်ယန်တောင်၌လည်း အလားတူ ကိရိယာမျိုး ရှိပြီး ကိုးဝူမျှော်စင်အပေါ်တွင် တပ်ဆင်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများကို စောင့်ကြည့်ရန် အသုံးပြုသည်။
လင်းယွမ်မှာ ဤကိစ္စနှင့် ပတ်သက်၍ အံ့သြခြင်း မရှိပေ။ စစ်တပ်၏ နည်းပညာဖြင့် လေကြောင်းရန် ကာကွယ်ရေး စနစ်ကို တီထွင်ရန်ဆိုသည်မှာ မခက်ခဲလှပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ထိုက်ယန်တောင်သို့ ပေးအပ်ခဲ့သည့် နည်းပညာ စာရင်းများထဲတွင်ပင် အလားတူ အစွမ်းသုံး နည်းပညာမျိုး ပါဝင်နေသောကြောင့် ဖြစ်သည်။
လင်းယွမ်က သူ့ရှေ့ရှိ လူများကို မော့ကြည့်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
"ဝှစ်"
ရွှေရောင် ဖိတ်စာတစ်စောင်က အလျင်အမြန် ပျံသန်းထွက်ပေါ်သွားသည်။
ရောက်လာသူက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်းပင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စိတ်အဝေးထိန်းအစွမ်း တစ်ခုက လေဆင်နှာမောင်းသဖွယ် ရစ်ပတ်လာကာ ထိုရွှေရောင် ဖိတ်စာကို အလျင်အမြန် တားဆီးလိုက်သည်။
ဖိတ်စာမှာ လေထဲတွင် ရပ်တန့်သွားသည်။ သူက လက်ဖြင့် သွားမကိုင်ဘဲ ဖိတ်စာထဲမှ အကြောင်းအရာကို အမြန် ကြည့်လိုက်သည်။
တစ်ချက်လေး ကြည့်လိုက်ရုံမျှဖြင့် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး လင်းယွမ်ကို မော့ကြည့်လိုက်ချိန်၌ သူ၏ မျက်ဝန်းများထဲတွင် ထူးခြားသော အရိပ်အယောင် အချို့ ပေါ်လွင်နေပေသည်။
"သြော်... ကိုလင်းယွမ်ကိုး... ကျွန်တော်တို့ တပ်မမှူးက ကိုလင်းယွမ်ကို စောင့်နေတာ ရက်တော်တော် ကြာနေပြီ"
ဆက်ရန်...
အပိုင်း (၆၃၀) တိမ်မြူကျွန်း၏ သင်္ကေတအစီအရင်
လင်းယွမ်က "မင်းတို့ တပ်မမှူးကို အကြာကြီး စောင့်ခိုင်းထားမိတာမျိုး မဖြစ်ပါစေနဲ့လို့ မျှော်လင့်တယ်" ဟု ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
တစ်ဖက်လူက မျက်နှာအမူအရာ မပျက်ဘဲ "လူကြီးမင်းတို့နှစ်ယောက်မှာ ကျွန်တော်တို့ တပ်မမှူးရဲ့ ဖိတ်စာ ပါလာမှတော့ ကျွန်တော်ပဲ လမ်းပြပေးပါ့မယ်" ဟု ပြုံးလျက် ပြောလာ၏။
ထိုသို့ပြောရင်း သူက ဘေးနားရှိ လက်အောက်ငယ်သားကို မျက်ရိပ်ပြလိုက်သည်။
ထိုလက်အောက်ငယ်သားက သဘောပေါက်သွားပြီး ခေါင်း အနည်းငယ် ညိတ်ကာ ဘေးသို့ အလျင်အမြန် ဆုတ်ခွာသွားလေသည်။
"ကိုလင်းယွမ်... ကျွန်တော်က ကျန်းမင်ကျဲပါ... ဒီနေ့ ကျွန်တော်တို့အဖွဲ့ ကင်းစောင့်ရတာပါ... ဒီတစ်ယောက်ကရော"
ကျန်းမင်ကျဲက လင်းယွမ်ဘေးရှိ ကျောက်ခိုင်ကို ကြည့်လိုက်သည်။
လင်းယွမ်က ဂရုမစိုက်ဘဲ "မင်းတို့ တပ်မမှူးက တိမ်မြူကျွန်းမှာလား... ဒါမှမဟုတ် ချန်ချုံးတောင်မှာလား" ဟုသာ တည်တည်ငြိမ်ငြိမ် မေးလိုက်၏။
ကျန်းမင်ကျဲ၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
ဒီလင်းဆိုသည့်လူက ချိုးငှက် စစ်ဘက်အသိုင်းအဝိုင်းအတွင်း နာမည် အတော်လေး ဆိုးရွားလှသည်။
ဤလူသည် သိန်းငှက် အုပ်စုမှ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိများစွာကို သတ်ဖြတ်ခဲ့သည်ဟု ကြားရသည်။
ထိုသူများသည် ချိုးငှက် အဖွဲ့နှင့် သဘောထားချင်း မတိုက်ဆိုင်သော်လည်း တစ်ချိန်က လက်တွဲခဲ့ဖူးသည့် ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။
ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့ပင်လျှင် ယခင် ရဲဘော်ရဲဘက်ဟောင်းများဖြစ်သည့် သိန်းငှက် အုပ်စုအပေါ် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ခြင်းမျိုး မရှိခဲ့ပေ။
သို့သော် လင်းဆိုသည့် အပြင်လူတစ်ယောက်က သူတို့၏ ယခင် ရဲဘော်ရဲဘက်ဟောင်းများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လေသည်။
ကျန်းမင်ကျဲ၏ စိတ်ထဲတွင် သိန်းငှက်အဖွဲ့ဘက်က မှားယွင်းနေသည်ဆိုလျှင်တောင် ၎င်းမှာ သူတို့စစ်တပ်တွင်းမှ ကိစ္စသာဖြစ်ပြီး အပြင်လူတစ်ယောက်က ဝင်ရောက်စွက်ဖက်ခွင့် မရှိဟု မြင်သည်။
သို့သော် လင်းယွမ်၏ စွမ်းရည်က အလွန် အင်အားကြီးမားကြောင်းကိုလည်း သူ သိထားသည်။ တပ်မဟာမှူးဖုန်းနှင့် တိုက်ခိုက်ခဲ့စဉ်က တပ်မဟာမှူးဖုန်းသည် အဏုမြူဒိုင်နိုဆော အသွင်သို့ပင် ပြောင်းလဲတိုက်ခိုက်ခဲ့သော်လည်း ထိုလူကို မသတ်နိုင်ခဲ့ဟု ကြားသိရသည်။
မျိုးရိုးဗီဇမျိုးစေ့အဆင့်သာ ရှိသေးသည့် ကျန်းမင်ကျဲလို တပ်ကြပ်ကလေးတစ်ယောက်အနေဖြင့် တစ်ဖက်လူကို ယှဉ်ပြိုင်ရဲမည့် အရည်အချင်းမျိုး ဘယ်မှာရှိပါမည်နည်း။
ထို့ကြောင့် သူက မသိယောင်ဆောင်ကာ "ကျွန်တော်လည်း မသိဘူးဗျ... ဒီလိုလုပ်ပါ... လူကြီးမင်းကို နားနေဖို့ အရင် ခေါ်သွားပေးပါ့မယ်... အဲ့ဒီအချိန်ကျမှ တစ်ယောက်ယောက်ကို သွားရှာခိုင်းလိုက်မယ်" ဟု ရယ်မောလျက် ပြောလေသည်။
လင်းယွမ်က တစ်ဖက်လူကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ အားကောင်းလှသော စိတ်စွမ်းအင်က တစ်ဖက်လူ လိမ်ညာနေကြောင်းကို စောစောစီးစီးပင် အာရုံခံမိနေခဲ့ပြီ ဖြစ်သည်။
သို့သော် သူက ဖွင့်မပြောဘဲ "ကောင်းပြီ... မင်း သွားရှာချေ... ငါ ဒီတောင်ထိပ်ကနေပဲ သူ့ကို စောင့်နေမယ်" ဟုသာ ပြောလိုက်သည်။
"ဒီလို ဘယ်ကောင်းပါ့မလဲ... တောင်အောက်မှာ ဧည့်ခန်း ရှိပါတယ်" ကျန်းမင်ကျဲက အလျင်အမြန် ပြုံး၍ ပြောသည်။
လင်းယွမ်က ခေါင်းခါလျက် "ဒီမှာပဲ စောင့်မယ်"
ကျန်းမင်ကျဲ၏ မျက်မှောင်က မသိမသာလေး တွန့်ချိုးသွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ကာ "ဟုတ်ကဲ့... ဒါဆိုလည်း ခဏလေး စောင့်ပေးပါ" ဟု ပြုံး၍ ပြောလိုက်ရသည်။
သူက ခုနက သူ လွှတ်လိုက်သည့် လက်အောက်ငယ်သားဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုသူက သူ၏ အရိပ်အကဲအရ ကျန်းယွီကျန်းကို သွားရှာရန် ခြေတစ်လှမ်း ဦးနေပြီ ဖြစ်သည်။
"ကိုလင်းယွမ်ရဲ့ ဖိတ်စာက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ထင်တယ်... ဘယ်လိုဖြစ်လို့ အခုမှ ရောက်လာရတာလဲ"
ကျန်းမင်ကျဲက အကဲစမ်းသည့်အနေဖြင့် ပြုံး၍ မေးလိုက်သည်။
လင်းယွမ်က "လုပ်စရာရှိလို့ မအားလို့ပေါ့... ဘာဖြစ်လို့လဲ... မင်းတို့ တပ်မမှူးက ငါ့ကို လာခိုင်းတာနဲ့ ငါက ချက်ချင်း ရောက်လာရမှာလား" ဟု ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
ကျန်းမင်ကျဲက တဟဲဟဲ ရယ်မောရင်း "ဘယ်ဟုတ်မှာလဲ... ဒါကဖိတ်စာပဲဟာ... လူကြီးမင်း အားတဲ့အချိန်မှ လာလို့ရတာပေါ့" ဟု ပြောလေသည်။
သူသည် လင်းယွမ်၏ စကားပိတ်ပြောခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံလိုက်ရသဖြင့် လင်းယွမ်က သူ့ကို တမင်တကာ ဂရုမစိုက်ချင်မှန်း သိသွားသည်။ ထို့ကြောင့် ဆက်မပြောတော့ဘဲ သူတို့နှစ်ယောက်ကို တိတ်ဆိတ်စွာ စောင့်ကြည့်ရင်း ကျန်းယွီကျန်း ရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
သိပ်မကြာမီမှာပင် လူရိပ်တစ်ခုက အလွန် လျင်မြန်စွာ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
ရောက်လာသူမှာ ကျန်းယွီကျန်း မဟုတ်ဘဲ သူ၏သမီးဖြစ်သူ ကျန်းဝမ်ကျင်း ဖြစ်နေသည်။
ကျန်းဝမ်ကျင်းသည် ယခင်ကအတိုင်း သပ်ရပ်သော ဆံပင်တိုလေးဖြင့် ဖြစ်ပြီး လှပသော မျက်လုံးများထဲတွင်တော့ အနည်းငယ် စူးရှထက်မြက်သည့် အရိပ်အယောင်များ ကိန်းအောင်းနေသည်။
သူမ၏ အငွေ့အသက်က ပို၍ နက်ရှိုင်းလာသလို ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများကလည်း ပိုမို အားကောင်းလာသည်။
လင်းယွမ်သည် စွမ်းအင်တိုင်းမျက်မှန်ကို အသုံးမပြုဘဲနှင့်ပင် သူမသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို စတင်နေပြီဖြစ်ကြောင်း အာရုံခံမိသည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အောင်မြင်သွားပြီလား၊ မအောင်မြင်သေးဘူးလား ဆိုသည်ကိုသာ မသိခြင်း ဖြစ်သည်။
သူမ၏ ရာထူးအဆင့်အတန်းအရ ချန်ချုံးတောင်ပေါ်တွင် အရင်းအမြစ်များ ပြတ်လပ်နေမည် မဟုတ်သည်က သေချာသည်။
သူမသည် အဓိက အရည်အသွေး ၁၀၀ မှတ် ပြည့်သည့်အဆင့်သို့ စောစောစီးစီးကတည်းက ရောက်ရှိနေခဲ့မှာ အသေအချာပင်။
သို့သော် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကဲ့သို့သော ကိစ္စမျိုးမှာ ပြင်ပအကူအညီများကို အလုံးစုံ မှီခို၍ မရနိုင်ပေ။
"ကိုလင်းယွမ် ရောက်လာတာကို ဘာဖြစ်လို့ ကြိုတင် အကြောင်းမကြားရတာလဲရှင်"
ကျန်းဝမ်ကျင်း ရောက်လာသောအခါ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်နေပြီး မီယွမ်မိုးသစ်တောကျွန်းတွင် ရှိစဉ်က သူ့အပေါ် ရွံရှာမုန်းတီးခဲ့သည့် အရိပ်အယောင်များ လုံးဝ မတွေ့ရတော့ပေ။
ဤမိန်းမက သူ့အပေါ် လုံးဝ အမြင်ကြည်လင်မှု မရှိကြောင်းကို လင်းယွမ်က ရင်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသည်။
သူက စကားကို လိုရင်းသာ ဖြတ်ပြောလိုက်သည်။ "မင်းအဖေရော"
ကျန်းဝမ်ကျင်း တစ်ချက် ကြောင်သွားပြီး ချက်ချင်းပင် ပြန်ပြောသည်။ "ကိုလင်းယွမ်... စစ်စခန်းထဲမှာဆိုရင် သူ့ကို တပ်မမှူးလို့ပဲ ခေါ်ပါရှင်... ကျွန်မတို့ရဲ့ တခြား ဆက်ဆံရေးတွေကို ထည့်မပြောပါနဲ့"
လင်းယွမ်က နှုတ်ခမ်းကို မဲ့လိုက်ရင်း "ဟုတ်ပြီလေ... တပ်မမှူးကျန်းရော" ဟု မေးလိုက်သည်။
"တပ်မမှူးက တိမ်မြူကျွန်းမှာပါ... ကိုလင်းယွမ် လာတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း ရှင်တို့ကို လာကြိုတာပါ"
"ကိုလင်းယွမ် အခု ရောက်လာတာက ကျွန်မတို့ရဲ့ ဖိတ်ကြားချက်အရ ကောင်းကင်ချောက်နက် လမ်းကြောင်းကို လေ့လာဖို့အတွက်လားရှင်"
လင်းယွမ်က အတိအကျ အဖြေမပေးဘဲ "ဒီ ကောင်းကင်ချောက်နက် လမ်းကြောင်းဆိုတာက... မင်းအဖေရဲ့ စာထဲမှာ ပြောထားသလောက် တကယ် အံ့သြစရာ ကောင်းသလားဆိုတာကိုတော့ ကြည့်ချင်သား" ဟု ပြောလေသည်။
ကျန်းဝမ်ကျင်းက မျက်နှာထား တည်တည်ဖြင့် "စာထဲကထက်တောင် ပိုသေးတယ်ရှင်... ကိုလင်းယွမ် ကျွန်မနောက်က လိုက်ခဲ့ပါ... တိမ်မြူကျွန်းက တပ်မမှူးဆီ ခေါ်သွားပေးပါ့မယ်" ဟု ပြောသည်။
"အတော်ပဲ... တလောကမှ ကောင်းကင်ချောက်နက် သတ္တဝါတစ်အုပ် လမ်းကြောင်းကို ဆက်တိုက် ဝင်တိုက်နေကြတာ... ပြီးခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက ကောင်းကင်ချောက်နက် သတ္တဝါ အတော်များများ တရစပ် ကျူးကျော်ဝင်ရောက်လာတယ်"
"အော်... အဲ့ဒါဆိုရင်တော့ သွားကြည့်ရမှာပေါ့"
"ကျွန်မနောက်က လိုက်ခဲ့ပါရှင်" ကျန်းဝမ်ကျင်းက လင်းယွမ်ကို ချက်ချင်း ဖိတ်ခေါ်လိုက်သည်။
လင်းယွမ်က ကျောက်ခိုင်ကို ခေါ်ကာ ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီးနောက် ကျန်းဝမ်ကျင်းနောက်သို့ အလျင်အမြန် လိုက်သွားကာ အဝေးရှိ တိမ်မြူများ ဖုံးလွှမ်းနေသော နေရာဆီသို့ ပျံသန်းသွားတော့သည်။
ကျန်းမင်ကျဲက ထွက်ခွာသွားသော လင်းယွမ်တို့၏ ကျောပြင်ကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။
ဘေးနားရှိ ယုံကြည်ရသော လက်အောက်ငယ်သားက "တပ်ကြပ်... ဒီလူက လင်းဆိုတဲ့ တစ်ယောက်လား" ဟု မေးလိုက်သည်။
"ကြည့်ရတာ သိပ်ဟုတ်လှပုံတော့ မပေါ်ပါဘူး... သူကဘယ်လိုလုပ် တပ်မဟာမှူးဖုန်းနဲ့ ယှဉ်တိုက်နိုင်တာလဲ"
"တပ်မဟာမှူးဖုန်းရဲ့ အဏုမြူဒိုင်နိုဆော အသွင်နဲ့ဆို... တင့်ကားတွေကိုတောင် အလွယ်တကူ ဖျက်ဆီးနိုင်တာပဲ... သူက ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မှာတဲ့လဲ"
...
ကျန်းမင်ကျဲက အသံကို နှိမ့်ကာ "တော်ကြတော့... မင်းတို့ မမေးသင့်တာတွေကို လျှောက်မမေးနဲ့" ဟု ပြောလိုက်သည်။
လူအားလုံး အလျင်အမြန် ပါးစပ်ပိတ်သွားကြသည်။ စစ်တပ်၏ စည်းကမ်းက အတော်လေး တင်းကျပ်ပေသည်။
လင်းယွမ်သည် ကျန်းဝမ်ကျင်းနောက်သို့ လိုက်ကာ တိမ်မြူများကြားထဲသို့ တစ်ဟုန်ထိုး ပျံသန်းသွားလေသည်။
မဝင်ရောက်မီကတည်းက လင်းယွမ်သည် သူ၏ စိတ်စွမ်းအင်ဖြင့် ရှေ့ဆုံးမှ ကြိုတင် စူးစမ်းထားနှင့်ပြီး ဖြစ်သည်။
သူမဘေးရှိ လင်းယွမ်၏ စိတ်စွမ်းအင် လှုပ်ရှားမှုကို အာရုံခံမိသွားပုံရသော ကျန်းဝမ်ကျင်းက လင်းယွမ်ကို မသိမသာ တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများထဲတွင် ပြုံးစိစိ ဖြစ်နေသော အရိပ်အယောင်များ ပေါ်လာသည်။
ခဏအကြာတွင်တော့ လင်းယွမ် ပြဿနာကို သတိပြုမိသွားသည်။
ဒီတိမ်မြူများက စိတ်စွမ်းအင် စူးစမ်းမှုကို အံ့သြစရာကောင်းလောက်အောင် ကာကွယ်တားဆီးထားနိုင်သည်။
စိတ်စွမ်းအင်များ တိမ်မြူများထဲသို့ ဝင်ရောက်သွားသောအခါ သိသိသာသာ အဟန့်အတား ဖြစ်သွားသည့် ခံစားချက်ကို ရလိုက်သည်။
"ဒီတိမ်မြူတွေက စိတ်စွမ်းအင် စူးစမ်းမှုကိုတောင် တားဆီးနိုင်တာလား"
သူ သံသယဝင်နေစဉ်မှာပင် ကျန်းဝမ်ကျင်းက ပြုံးလျက် ပြောလာသည်။ "ခစ်ခစ်... ကိုလင်းယွမ်... တိမ်မြူကျွန်းရဲ့ တိမ်မြူတွေက သာမန် ရေခိုးရေငွေ့တွေနဲ့ ဖြစ်တည်နေတဲ့ တိမ်မြူမျိုး မဟုတ်ဘူးရှင်... ဒီအထဲမှာ ကျွန်မတို့ ဖန်တီးထားတဲ့ စိတ်စွမ်းအင် အကာအကွယ် သင်္ကေတ အစီအရင်ကြီး ပါဝင်နေတယ်"
"ရေပေါ်ကျွန်းကြီး တစ်ခုလုံးရဲ့ ပတ်လည်မှာ ဒီလို စိတ်စွမ်းအင် အကာအကွယ် သင်္ကေတတွေ ရှိတယ်... အဲ့ဒီကနေ ထွက်ပေါ်လာတဲ့ စိတ်စွမ်းအင် အကာအရံတွေက တိမ်မြူတွေရဲ့ ဖုံးလွှမ်းမှုနဲ့ အတူတူ ပေါင်းစပ်သွားတာပဲ"
"အပြင်လူတွေက အထဲကို မမြင်ရရုံတင်မကဘူး... စိတ်စွမ်းအင်ကနေတစ်ဆင့် အထဲက အခြေအနေတွေကို အာရုံခံဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး"
"တိမ်မြူကျွန်းက ကျွန်မတို့ စစ်စခန်းရဲ့ အရေးကြီးတဲ့ နေရာလို့ သတ်မှတ်ထားတာမို့... တစ်ခြားသူတွေကို အလွယ်တကူ အာရုံခံခွင့် ပေးထားမှာ မဟုတ်ဘူးလေ"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရောက်နေတဲ့ အစွမ်းပိုင်ရှင်ဖြစ်နေရင်တောင်မှပေါ့"
ထိုသို့ပြောရင်း သူမ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကော့တက်သွားကာ အနည်းငယ် ဂုဏ်ယူနေသည့်ပုံ ပေါ်နေသည်။
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ မပြောတော့ပေ။ သို့သော် သူ၏ စိတ်ထဲတွင်တော့ အနည်းငယ် လှုပ်ရှားသွားပြီး မကြာသေးမီကမှ နိုးထလာခဲ့သော မျိုးရိုးဗီဇမြေပုံကို ချက်ချင်း အသုံးချလိုက်သည်။
ဝိညာဉ်လိပ် ပုံရိပ်ယောင်မြွေ။
ချက်ချင်းပင် သူ၏ သူငယ်အိမ်က အနည်းငယ် ကျဉ်းမြောင်းသွားပြီး သိသာထင်ရှားသော ဒေါင်လိုက် သူငယ်အိမ်ပုံစံများ ပေါ်လာသည်။
မျက်ခုံးနှစ်ခုကြားတွင်လည်း အဖြူရောင် အကြေးခွံများ မသိမသာ ပေါ်လာ၏။
လင်းယွမ်သည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အသုံးပြုကာ တိုက်ရိုက် အသွင်ပြောင်းလိုက်ခြင်း မဟုတ်ဘဲ မျိုးရိုးဗီဇမြေပုံကို ဖွင့်လိုက်ပြီးနောက် ရုတ်တရက် မြင့်တက်လာသော စိတ်စွမ်းအင်ဖြင့် တိမ်မြူကျွန်းရှိ တိမ်မြူများကို ချက်ချင်း အာရုံခံလိုက်ခြင်း ဖြစ်သည်။
ကြီးမားလှသော စိတ်စွမ်းအင်များ ထွက်ပေါ်လာသည်နှင့်အမျှ သွေးခုန်နှုန်းကဲ့သို့ ထူးခြားသော တုန်ခါမှု လှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း ဆက်တိုက် ထွက်ပေါ်လာသည်။
လင်းယွမ်သည် တိမ်မြူ စိတ်စွမ်းအင် သင်္ကေတ အစီအရင်၏ လည်ပတ်မှု အကြိမ်အရေအတွက်ကို တဖြည်းဖြည်း အာရုံခံမိလာသည်။
သူသည် ထိုသို့သော လည်ပတ်မှုအကြိမ်အရေအတွက်အပေါ် မူတည်၍ သူ၏ စိတ်စွမ်းအင် လှိုင်းများကို ပြောင်းလဲလိုက်သည်။
ပုံရိပ်ယောင်မြွေ ရိုက်ချက် အစွမ်းဖြင့် စိတ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ သင်္ကေတ အစီအရင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပေါင်းစပ်လိုက်သည်။
ချက်ချင်းပင် သူ၏ စိတ်စွမ်းအင်များက တိမ်မြူများ ဖုံးလွှမ်းနေသော ဤကျွန်းကို တိုက်ရိုက် ဖောက်ထွင်းဝင်ရောက်သွားလေသည်။
ကျွန်းအတွင်းပိုင်း၏ အခြေအနေများက လင်းယွမ်၏ စိတ်အာရုံထဲသို့ ရှင်းလင်းပြတ်သားစွာ "ထင်ဟပ်" လာတော့သည်။
လင်းယွမ်သည် စိတ်ထဲတွင် ရယ်မောလိုက်မိပြီး သိပ်မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားကာ အခြား လမ်းကြောင်းတစ်ခုဆီသို့ ပျံသန်းသွားလေသည်။
ကျန်းဝမ်ကျင်း လန့်သွားပြီး အလျင်အမြန် လှမ်းအော်လိုက်သည်။ "ကိုလင်းယွမ်... လမ်းမှားနေပြီရှင်... ဒီဘက်က သွားရမှာ"
လင်းယွမ်က ဂရုမစိုက်ပေ။ ထိုအခြေအနေကို မြင်လိုက်ရသော ကျောက်ခိုင်က လင်းယွမ်နောက်သို့ အလျင်အမြန် လိုက်သွားလေသည်။
ကျန်းဝမ်ကျင်းလည်း အလျင်အမြန် နောက်မှ လိုက်သွားရင်း ရှင်းပြလေသည်။ "ကိုလင်းယွမ်... ကျွန်မတို့ တိမ်မြူကျွန်းရဲ့ စိတ်စွမ်းအင် သင်္ကေတတွေက ဒီတိမ်မြူတွေနဲ့ ပေါင်းစပ်သွားတာနဲ့... ဝင်ပေါက်က အမြဲတမ်း ပြောင်းလဲနေတတ်တယ်ရှင့်... ကျွန်မတို့ရဲ့ စိတ်စွမ်းအင် အမှတ်အသား မှတ်သားမှု စနစ်နဲ့ ကိုက်ညီမှ အထဲကို ဝင်လို့ရမှာမို့ မဆင်မချင် လျှောက်မသွားပါနဲ့"
သို့သော် လင်းယွမ်ကတော့ ခပ်ဖွဖွ ရယ်မောလိုက်ရင်း "ဒီလောက်ကြီး ဒုက္ခခံစရာ မလိုပါဘူးကွာ" ဟု ပြောလိုက်သည်။
ထိုသို့ ပြောရင်း သူက ခြေတစ်လှမ်း လှမ်းလိုက်ကာ တိမ်မြူများထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားလေသည်။
ကျောက်ခိုင်သည်လည်း တုံ့ဆိုင်းနေခြင်း မရှိဘဲ နောက်မှ အပြေး လိုက်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် ရှေ့မှ တိမ်မြူများ လိမ့်တက်လာကာ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ကို ဝါးမျိုသွားလေသည်။
ကျန်းဝမ်ကျင်း စကားစွံ့အသွားပြီး မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။ "ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ အရူးပဲ... ဒီလိုလူကများ ဘယ်လိုလုပ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်တာလဲ"
သူမ စကားမပြောနိုင်လောက်အောင် ဖြစ်သွားချိန်တွင် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ထားကာ ထိုလူနှစ်ယောက် လမ်းပိတ်သွားပြီးနောက် ကိုယ့်ဟာကိုယ် ပြန်လာမည့်အချိန်ကို ထိုနေရာမှနေ၍ စောင့်နေလိုက်သည်။
အဲ့ဒီအချိန်ရောက်လျှင် သူမအနေနဲ့ ဘာမှ ပြောစရာတောင် လိုမည် မဟုတ်။ ဤလူနှစ်ယောက် သေချာပေါက် မျက်နှာပူစရာ ဖြစ်လာပေလိမ့်မည်။
လင်းဆိုသည့်လူက ဒီလောက်တောင် မာနကြီးနေတာမို့ အဲ့ဒီအချိန်ရောက်ရင် ဘယ်လို မျက်နှာထားမျိုး ဖြစ်လာမလဲဆိုတာကိုတော့ သူမ ကြည့်ချင်သေးသည်။
ခဏကြာ စောင့်ပြီးနောက် သူမ တဖြည်းဖြည်းနှင့် အခြေအနေ မဟန်တော့မှန်း ခံစားလာရသည်။
"ပြန်မထွက်လာသေးဘူးလား"
"အထဲမှာ ပိတ်မိပြီး လမ်းပျောက်နေတာများလား"
"ငါ လင်းဆိုတဲ့လူကို အထင်ကြီးလွန်းသွားတာများလား"
သူမ စိတ်ထဲတွင် သံသယ ဝင်လာသည်။ တိမ်မြူကျွန်း၏ စိတ်စွမ်းအင် အကာအကွယ် သင်္ကေတ အစီအရင်ကြီးက တိမ်မြူကျွန်းရှိ တိမ်မြူများနှင့် သဘာဝအတိုင်း ပေါင်းစပ်နေသောကြောင့် အားနည်းချက် လုံးဝ မရှိဟုပင် ပြော၍ရသည်။
အမြူတေက သူမအဖေဆီမှာ ရှိနေပြီး သူမအဖေက စိတ်ဆန္ဒလေး တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် တိမ်မြူကျွန်း၏ တိမ်မြူအစီအရင်ကြီး၏ ပုံသဏ္ဍာန်ကို ချက်ချင်း ပြောင်းလဲပစ်နိုင်သည်။
ဒါမှမဟုတ် အဖေကများ လင်းဆိုတဲ့လူကို တမင်တကာ အစွမ်းပြချင်လို့ အထဲမှာ ပိတ်လှောင်ထားပြီး သူ့ရဲ့ မာနကို ချိုးနှိမ်ချင်နေတာများလား။
ထိုသို့တွေးမိသောအခါ သူမ စိတ်အားထက်သန်လာပြီး သူမ၏ စိတ်စွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်ကာ တိမ်မြူများဆီသို့ အလျင်အမြန် ချဉ်းကပ်သွားလေသည်။
ထိုတိမ်မြူများသည် မှတ်သားနိုင်သည့် စွမ်းရည် ရှိနေသကဲ့သို့ သူမ၏ စိတ်စွမ်းအင်ကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် တိမ်မြူများ အလျင်အမြန် ကွဲထွက်သွားကာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
သူမက လင်းယွမ်တို့ နှစ်ယောက် ပိတ်မိနေသည့် အရှက်ရဖွယ် အခြေအနေကို ကြည့်ချင်သောကြောင့် အထဲသို့ လှမ်းဝင်သွားလိုက်သည်။
သို့သော် တိမ်မြူများထဲတွင် တစ်ပတ်လောက် လျှောက်သွားပြီးနောက် သူမသည် လင်းယွမ်တို့ နှစ်ယောက်၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။
ချက်ချင်းပင် သူမ၏ မျက်နှာထားက ပို၍ ဆိုးရွားလာတော့သည်။
"ဒါမှမဟုတ်... သူက တိမ်မြူ သင်္ကေတ အစီအရင်ကိုများ ဖျက်ဆီးပစ်လိုက်တာလား"
"မဖြစ်နိုင်ဘူး... ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"
ကျန်းဝမ်ကျင်းက သူမ၏ ခန့်မှန်းချက်ကို ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
ဒီတိမ်မြူ သင်္ကေတ အစီအရင်ထဲကို ဖုန်းကျန့်ကုန်း ဝင်လာရင်တောင် လမ်းပျောက်သွားနိုင်သေးသည်။
ဒါက တိမ်မြူကျွန်းရဲ့ အမြူတေကို သန့်စင်ထားတဲ့ အဖေ ကိုယ်တိုင် ထိန်းချုပ်ထားတဲ့ တိမ်မြူ အစီအရင်ကြီးပဲကို။
ထိုသို့တွေးမိသောအခါ သူမ အခြား ခန့်မှန်းချက်များကို ဂရုမစိုက်နိုင်တော့ဘဲ သင်္ကေတကျောက်တုံး တစ်ခုကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။
သင်္ကေတကျောက်တုံး လင်းလက်လာသည်နှင့်အမျှ အထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်္ဂလာပါ... ဒီနေရာက တိမ်မြူကျွန်း ကင်းလှည့်စောင့်ကြည့်ရေး မျှော်စင်ပါ... သင်၏ လျှို့ဝှက်ကုဒ်ကို ပြောပါ"
"တောင်လို မယိမ်းမယိုင်"
"ခဏစောင့်ပါ... လျှို့ဝှက်ကုဒ် မှန်ကန်ပါတယ်... မင်္ဂလာပါ ရဲဘော်ကျန်းဝမ်ကျင်း... ဘာကိစ္စများ ရှိလို့ပါလဲ"
"ခုနက ကင်းလှည့်စောင့်ကြည့်ရေး မျှော်စင်ရဲ့ စိတ်စွမ်းအင် အကာအရံ စောင့်ကြည့်ရေး စနစ်ကို ရှောင်ကွင်းသွားတဲ့ လူနှစ်ယောက်များ ရှိလား"
"မရှိပါဘူး... မျှော်စင် စနစ်အားလုံး ပုံမှန်ပါပဲ... ကျူးကျော်ဝင်ရောက်လာတဲ့ အချက်ပေးသံလည်း မမြည်ပါဘူး"
"ဘာ"
ကျန်းဝမ်ကျင်း မျက်မှောင်ကြုတ်သွားသည်။ "သူတို့ အထဲမှာ ရှိနေသေးတာများလား"
"ကင်းလှည့်စနစ်ကို ချက်ချင်း စတင်လိုက်... တိမ်မြူတွေထဲမှာ ထူးခြားမှု ရှိမရှိ စစ်ဆေးစမ်း"
"ဟုတ်ကဲ့"
ခဏအကြာတွင် သင်္ကေတကျောက်တုံးထဲမှ အသံ ထွက်ပေါ်လာသည်။ "ကင်းလှည့်စနစ် စတင်နေပါပြီ... ဘာထူးခြားမှုမှ မတွေ့ရပါဘူး... ရဲဘော်ကျန်းဝမ်ကျင်း... ဘာကိစ္စများ ဖြစ်လို့လဲ"
ယခုအချိန်တွင် ကျန်းဝမ်ကျင်း၏ မျက်နှာထားက အလွန် ဆိုးရွားလာတော့သည်။
လင်းယွမ်နှင့် ကျောက်ခိုင်တို့ နှစ်ယောက် တိမ်မြူတွေထဲ ဝင်သွားတာကို သူမ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာတောင် ကင်းလှည့်စနစ်က ရှာမတွေ့ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
သူတို့ ဘယ်ရောက်သွားတာလဲ။
လင်းဆိုတဲ့လူက တကယ်ပဲ တိမ်မြူ သင်္ကေတ အစီအရင်ကို ရှောင်ကွင်းပြီး တိုက်ရိုက် ဝင်သွားတာများလား။
ထိုသို့ တွေးမိလိုက်သည်နှင့် သူမ၏ စိတ်ထဲတွင် ရုတ်တရက် ရှုပ်ထွေးသွားတော့သည်။
ဒီလင်းဆိုတဲ့လူက ဒီလောက်ထိ အစွမ်းထက်တဲ့ စွမ်းရည်မျိုး ရှိနေတာလား။
သူမက တိမ်မြူများကို အလျင်အမြန် ဖြတ်သန်းကာ တိမ်မြူကျွန်းအတွင်းပိုင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
ထိုအချိန်မှာပင် ကျွန်းအတွင်းပိုင်းရှိ ကောင်းကင်ယံတွင် လူရိပ်နှစ်ခုက လေထဲတွင် မတ်တတ်ရပ်နေကာ တိမ်မြူကျွန်း တစ်ကျွန်းလုံးကို အပေါ်စီးမှ ကြည့်နေပုံရသည်ကို မြင်လိုက်ရသည်။
ထိုအထဲမှ အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော လင်းယွမ်က အသံကို ကြားသွားပုံရပြီး သူမကို လှည့်ကြည့်လာသည်။
"မကျန်း... မင်းတို့ရဲ့ တိမ်မြူ သင်္ကေတ အစီအရင်က နည်းနည်း စိတ်ဝင်စားစရာ ကောင်းသားပဲ... ကိုယ့်လူကိုယ်တိုင် ဝင်လာတာတောင် ဒီလောက် အချိန်အကြာကြီး ယူရသလား"
ကျောက်ခိုင်မှာ မနေနိုင်ဘဲ နှုတ်ခမ်းထောင့်များ မသိမသာ တွန့်သွားသည်။ အစ်ကိုလင်း၏ ပါးစပ်က တကယ်ကို အဆိပ်ပြင်းလွန်းလှသည်။
ဤသို့ မျက်နှာချင်းဆိုင် လှောင်ပြောင်လိုက်ခြင်းက တစ်ဖက်လူ၏ မျက်နှာကို ရက်ရက်စက်စက် ဖြတ်ရိုက်လိုက်သည်နှင့် အတူတူပင်။
ကျန်းဝမ်ကျင်းဆိုသည့် အမျိုးသမီး စစ်အရာရှိ၏ မျက်နှာက နီရဲတက်လာသည်ကို သူ မြင်လိုက်ရပြီ ဖြစ်သည်။
တစ်ဖက်လူကများ ရှက်ရမ်းရမ်းပြီး ချက်ချင်း လက်ပါလာမလားဟုပင် သူ စိုးရိမ်သွားမိသည်။
ကျန်းဝမ်ကျင်းက အသက်ကို ပြင်းပြင်းရှူသွင်းရင်း ကြိုးစားကာ ထိန်းချုပ်နေသော်လည်း ယခင်က ဟန်ဆောင်ပန်ဆောင် ယဉ်ကျေးနေမှုများကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။
သူမက လင်းယွမ်ကို တိုက်ရိုက် စိုက်ကြည့်ရင်း "ရှင် ဘယ်လိုလုပ်လိုက်တာလဲ"
"ဟက်ဟက်... ဒီလောက်က အရမ်း ခက်နေလို့လား"
"ရှင်"
ဆက်ရန်...