အခန်း (၆၃၁-၆၃၂)
Vol. 32 Ch. 631-632
အပိုင်း (၆၃၁) လူတောင်းခြင်း
ကျန်းဝမ်ကျင်း အလွန်ဒေါသထွက်သွားသည်။ လင်းဆိုသည့်လူက အရမ်းဟန်ဆောင်ကောင်းလွန်းသည်။
သူမက ချက်ချင်းလက်ပါပြီး လင်းဆိုသည့်လူကို ပြင်းပြင်းထန်ထန် ပညာပေးလိုက်ချင်စိတ်များပင် ပေါက်သွားရ၏။
သို့သော်လည်း သူမက အလျင်အမြန်ပင် ပြန်လည်တည်ငြိမ်သွားသည်။
"ကြည့်ရတာ ကိုလင်းယွမ်ရဲ့ အစွမ်းတွေက အများကြီး ထပ်တိုးလာပြန်ပြီထင်တယ်"
လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "မကျန်း... ခင်ဗျား စကားနည်းနည်းများနေပြီ... ကျွန်တော် ဒီမှာ ခင်ဗျားကို စောင့်နေတာ အတော်ကြာနေပြီ... အချိန်ဆွဲမနေဘဲ ကျွန်တော့်ကို တပ်မမှူးကျန်းဆီ မြန်မြန်ခေါ်သွားလို့ ရမလား... ကျွန်တော့်မှာ ရှင်းစရာကိစ္စတွေ အများကြီး ရှိသေးတယ်"
ကျန်းဝမ်ကျင်းတစ်ယောက် ထပ်ပြီး ဒေါသပေါက်ကွဲထွက်တော့မလို ဖြစ်သွားကာ ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် လေကိုပြင်းပြင်းရှူသွင်းကာ ရင်ထဲမှ ဒေါသမီးကို ဖိနှိပ်လိုက်ရသည်။
"ကျွန်မနောက်က လိုက်ခဲ့"
သူမက အေးစက်စက်ဖြင့် ထိုသို့ပြောလိုက်ပြီးနောက် ကိုယ်ကိုတစ်ချက်လှည့်ကာ ရှေ့မှနေ၍ လမ်းပြခေါ်ဆောင်သွားသည်။
လင်းယွမ်နှင့် ကျောက်ခိုင်တို့က ထိုတိမ်မြူကျွန်းကို အကဲခတ်လိုက်ကြသည်။
တိမ်မြူကျွန်းတစ်ခုလုံးက မီယွမ်မိုးသစ်တောကျွန်းနှင့် အနည်းငယ် ဆင်တူပြီး နေရာတစ်ခုလုံးကို မြူခိုးအကာအရံများက ဖုံးလွှမ်းထားသည်။
သို့သော်လည်း ဤမြူခိုးအကာအရံတွင် စိတ်စွမ်းအင်အကာအကွယ်ပါ ပါဝင်နေပြီး စိတ်စွမ်းအင်ဖြင့် ထောက်လှမ်းခြင်းကိုပါ ဟန့်တားနိုင်စွမ်း ရှိပေသည်။
ထိုနည်းတူစွာ အပြင်ဘက်မှ နှင်းများ ကျဆင်းလာခြင်းကိုလည်း တားဆီးပေးနိုင်သည်။
ထို့ကြောင့် တိမ်မြူကျွန်း၏ အတွင်းပိုင်းတွင် နှင်းများဖုံးလွှမ်းနေခြင်းမရှိဘဲ စိမ်းလန်းစိုပြည်လျက်ရှိသည်။
ဤနေရာတွင် အမြဲစိမ်းသစ်ပင်များ အမြောက်အမြား ပေါက်ရောက်နေသည်။
အဝေးရှိ တောင်ကြားထဲတွင် မြစ်တစ်စင်းက ကွေ့ကောက်စီးဆင်းနေပြီး ထိုမြစ်ရေက တောင်ထိပ်မှနေ၍ စီးကျလာပုံရကာ အဝေးမှနေ၍ ရေတံခွန်တစ်ခု အရှိန်အဟုန်ဖြင့် စီးကျလာသည်ကို မြင်တွေ့ရပေသည်။
"ဒီက ရေတွေက ရေခဲမနေပါလား... ကြည့်ရတာ ဒီနေရာရဲ့ အပူချိန်က အပြင်ဘက်ထက် အများကြီး ပိုမြင့်မယ့်ပုံပဲ"
ကျောက်ခိုင်က တိုးတိုးလေး ပြောလိုက်သည်။
လင်းယွမ်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဒီရေပေါ်ကျွန်းမှာလည်း အကာအကွယ်ရှိနေတာဆိုတော့ အပူချိန်ကို ပုံမှန်အတိုင်း ထိန်းထားနိုင်တာ မဆန်းပါဘူး"
"တော်တော် ကြီးမားတဲ့ ခိုလှုံရေးစခန်းကြီးပဲ"
ရုတ်တရက် ကျောက်ခိုင်၏ မျက်လုံးများက အရောင်လက်သွားပြီး ထိုတောင်ကြားထဲရှိ မြစ်နံဘေးတွင် ကြီးမားလှသော ခိုလှုံရေးစခန်းကြီးတစ်ခုကို မြင်လိုက်ရသည်။
စခန်းတစ်ခုလုံးတွင် ကွန်ကရစ်လမ်းများကို သေသပ်စွာ ခင်းကျင်းထားပြီး အထပ်မြင့်အဆောက်အအုံများက အစီအရီ ရှိနေကြသည်။ အရေးအကြီးဆုံး အထပ်မြင့်အဆောက်အအုံကြီးမှာ အထပ်ပေါင်း ဆယ်ကျော်ခန့် မြင့်မားပြီး အလယ်ဗဟိုတွင် ဟွာရှားအဝါရောင်နဂါး နိုင်ငံတော်အလံကို စိုက်ထူထားသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် လင်းယွမ်မှာ ကပ်ဘေးဆိုးကြီး မကျရောက်မီကာလက အစိုးရ၏ စစ်ဘက်ဆိုင်ရာစခန်းတစ်ခုသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အပြင်ဘက် ကွင်းပြင်ထဲတွင် တင့်ကားများ၊ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များနှင့် အခြားသော စစ်လက်နက်ပစ္စည်း အမြောက်အမြားကို ရပ်နားထားသည်။
စစ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအများအပြားက စစ်ရေးလေ့ကျင့်မှုများနှင့် ပစ်မှတ်ထား ပစ်ခတ်လေ့ကျင့်မှုများကို ပြုလုပ်နေကြသည်။
လင်းယွမ် အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနေရာရှိ စစ်သားအရေအတွက်မှာ သိပ်မများသော်လည်း အားလုံးက ထိပ်တန်းအဆင့်ရှိသည့် လက်ရွေးစင်များ ဖြစ်ကြောင်း ခံစားမိလိုက်သည်။
လှုပ်ရှားမှုများ သွက်လက်ရုံသာမက စည်းကမ်းတကျရှိကြပြီး တိုက်ခိုက်ရေးစွမ်းရည်များလည်း အလွန်မြင့်မားကြသည်။
ထို့အပြင် သူတို့၏ သေနတ်အသုံးပြုမှု ကျွမ်းကျင်မှုမှာ ထိုက်ယန်တောင်မှ တပ်ဖွဲ့များထက် အဆပေါင်းများစွာ သာလွန်နေပေသည်။
ဤသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဤလူများက မူလကတည်းက စစ်သားများဖြစ်ခဲ့ကြသဖြင့် သာမန်လူများထက် သေနတ်များကို ပိုမိုကျွမ်းကျင်နေခြင်းက ပုံမှန်သာ ဖြစ်သည်။
ကျန်းဝမ်ကျင်းက ရှေ့မှနေ၍ လမ်းပြပေးနေပြီး စကားတစ်ခွန်းမှ မပြောသော်လည်း လင်းယွမ်တို့ နှစ်ယောက်၏ မျက်နှာအမူအရာကိုမူ ခိုးကြည့်နေခဲ့သည်။
ယခုအချိန်တွင် သူမက ရင်ထဲမှနေ၍ လှောင်ပြောင်လိုက်သည်။ 'ငါတို့ စစ်တပ်က လေ့ကျင့်ပေးထားတဲ့ စစ်သားတွေကို နင်တို့လို တောရိုင်းထဲကလူတွေက ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ'
'နင်တို့ လန့်မသွားဘူးလို့ငါမယုံဘူး'
သူမက အစမှအဆုံးတိုင် လင်းယွမ်ဆိုသည်မှာ ကံနည်းနည်းကောင်းသွားသည့် သာမန်လူတစ်ယောက်သာဖြစ်သည်ဟု ထင်မြင်ထားသည်။
အစွမ်းထက်သည့် အစွမ်းတစ်ခုကို နိုးထလာခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ထိုက်ယန်တောင်ကို သိမ်းပိုက်ကာ ရေပေါ်ကျွန်းမှ သယံဇာတများကို အဓမ္မလုယူထားနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့သော သာမန်လူမျိုးက ဤမျှများပြားလှသည့် သယံဇာတများကို မရရှိသင့်ပေ။
ဤလူများက စစ်တပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်သာ ရှိနေသင့်သည်။
ထိုအကြောင်းကို တွေးမိသွားပြီးနောက် သူမက တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မတို့ စစ်တပ်ရဲ့ စခန်းကို ဘယ်လိုမြင်လဲ"
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။ "မဆိုးပါဘူး"
"ဟက်... ထိုက်ယန်တောင်နဲ့ ယှဉ်ရင်ရော ဘယ်လိုနေလဲ"
"စစ်လက်နက်ပစ္စည်းတွေလည်း အဆင့်မြင့်တယ်... တိုက်ခိုက်ရေးစွမ်းရည်ကလည်း မြင့်မားတယ်... ထိုက်ယန်တောင်ကတော့ ယှဉ်လို့မရပါဘူး" လင်းယွမ်က အရှိကိုအရှိအတိုင်း ပြောလိုက်သည်။
ဘေးနားရှိ ကျောက်ခိုင်မှာလည်း မျက်နှာထား လေးနက်သွားပြီး သူကိုယ်တိုင် လေ့ကျင့်ပေးထားသည့် လူများမှာ တရားဝင်စစ်တပ်နှင့် ယှဉ်လိုက်ပါက ကွာဟချက် အတော်လေး ကြီးမားနေသေးကြောင်းကို နားလည်သွားသည်။
ထိုစကားကို ကြားလိုက်ရသဖြင့် ကျန်းဝမ်ကျင်းက အတော်လေး ကျေနပ်သွားပြီး ပြောလိုက်သည်။ "ဟင်းဟင်း... ကိုလင်းယွမ်က ထိုက်ယန်တောင်လောက် မကောင်းဘူးလို့များ ပြောမလားလို့ ကျွန်မက ထင်နေတာ"
လင်းယွမ်က တည်ငြိမ်စွာ ပြန်ပြောသည်။ "အရှိကိုအရှိအတိုင်း လက်ခံနိုင်မှပဲ ကွာဟချက်ကို မြင်နိုင်မှာပေါ့"
"ဒါပေမဲ့ အခုအချိန်က အရင်ကနဲ့ မတူတော့ဘူး... စစ်တပ်က စစ်သားတွေက ရေလွှမ်းမိုးမှုကြီး မဖြစ်ခင်ကတည်းက နေ့မနားညမနား ထပ်ခါတလဲလဲ လေ့ကျင့်ပေးခဲ့ရတဲ့ လက်ရွေးစင်တွေလေ"
"ဒါပေမဲ့ ကျွန်တော်တို့ ထိုက်ယန်တောင်က လူတွေကလည်း... မရေမတွက်နိုင်တဲ့ သန္ဓေပြောင်းသားရဲတွေနဲ့ သတ်ဖြတ်ပွဲတွေကြားထဲကနေ အစွမ်းနိုးထလာကြတဲ့ အစွမ်းပိုင်ရှင်တွေချည်းပဲ"
"အုပ်စုလိုက် တိုက်ခိုက်တဲ့နေရာမှာ စစ်တပ်ကလူတွေလို အချိတ်အဆက် မိမိ တိုက်နိုင်မှာ မဟုတ်ပေမယ့်... သူတို့ကို အချိန်နည်းနည်းပေးလိုက်ရင် နောင်တစ်ချိန်မှာ လက်ရွေးစင်တွေထဲက လက်ရွေးစင်တွေ ဖြစ်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
တပ်ဖွဲ့တစ်ခုကို လေ့ကျင့်ပေးရသည့် ကိစ္စမျိုးတွင် အခြား ဖြတ်လမ်းဟူ၍ မရှိပေ။ အကြိမ်ကြိမ်အဖန်ဖန် သွေးထွက်သံယို တိုက်ပွဲဝင်ရင်း အတွေ့အကြုံများကို စုဆောင်းနိုင်မှသာ အင်အားတောင့်တင်းသည့် ထိပ်တန်းတပ်ဖွဲ့တစ်ခုကို ပျိုးထောင်နိုင်မည် ဖြစ်သည်။
ကျန်းဝမ်ကျင်းက ဘာမှဆက်မပြောတော့ပေ။ လင်းယွမ်ပြောလိုက်သည့် စကားများက အမှန်ပင် ထိမိသွားပုံရသည်။
သူမက စစ်တပ်စခန်းမှ ဤစစ်သားများ အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်းဆိုသည်ကို ကောင်းစွာ သိရှိထားသည်။
လင်းယွမ်ပြောသကဲ့သို့ပင် ရေလွှမ်းမိုးမှုကြီး မဖြစ်ခင်ကတည်းက လေ့ကျင့်ထားခဲ့ကြခြင်း ဖြစ်သော်လည်း ဤကဲ့သို့သော လေ့ကျင့်မှုမျိုးကို နောင်တွင် အမီလိုက်နိုင်ပေသည်။
အထူးသဖြင့် သန္ဓေပြောင်းသားရဲများ ပြည့်နှက်နေသည့် ရေလွှမ်းမိုးကမ္ဘာကြီးထဲတွင် ဤကဲ့သို့သော အသက်နှင့်ရင်းရမည့် တိုက်ပွဲများမှာ လုံးဝကို မရှားပါးလှပေ။
ထို့ကြောင့် စစ်တပ်၏ ဤအားသာချက်မှာ မကြာမီမှာပင် ညီမျှသွားတော့မည် ဖြစ်သည်။
သို့သော် ချက်ချင်းပင် ကျန်းဝမ်ကျင်းက ပြုံးလိုက်ပြီး ပြန်ပြောသည်။ "ကျွန်မတို့ စစ်တပ်က အမြဲတမ်း အများကြီး ရှေ့ရောက်နေနိုင်တာက... ဒီဝါရင့်စစ်သားတွေကို အားကိုးနေလို့ချည်းပဲတော့ မဟုတ်ဘူးနော်"
"ကျွန်မတို့ဆီမှာ အဆင့်မြင့်တဲ့ အစွမ်းနည်းပညာတွေရှိသလို... ပြည့်စုံတဲ့ လက်နက်စက်ရုံ ထုတ်လုပ်ရေးလိုင်းတွေလည်း ရှိတယ်"
"အမျိုးမျိုးသော သင်္ကေတပညာရပ်တွေနဲ့... ခေတ်မီလက်နက်တွေကို ပေါင်းစပ်ထားနိုင်တာကမှ... ကျွန်မတို့ရဲ့ အကြီးမားဆုံး အားသာချက်ပဲ"
"ကိုလင်းယွမ်... ရှင် ယုံလား... ကျွန်မတို့ စစ်တပ်က အပြည့်အစုံ တပ်ဆင်ထားမယ်ဆိုရင်... တပ်စုတစ်စုတည်းနဲ့ကို ရှင်တို့ ထိုက်ယန်တောင်က တပ်စုဆယ်စုကို ယှဉ်နိုင်တယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး "အော်... ခင်ဗျားတို့က ဒီလောက်တောင် အစွမ်းထက်နေတာဆိုတော့... သိန်းငှက်အဖွဲ့ကလည်း ညံ့မှာမဟုတ်လောက်ဘူးမလား"
ကျန်းဝမ်ကျင်း ကြောင်အသွားသည်။
လင်းယွမ်က ထပ်ပြောလိုက်သည်။ "အဲ့ဒါဆို သိန်းငှက်အဖွဲ့က ဘယ်လိုလုပ်ပြီး ပျက်စီးသွားတယ်လို့ ခင်ဗျား ထင်လဲ"
ကျန်းဝမ်ကျင်းက ချက်ချင်းပင် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ "အဲ့ဒါက ရှင့်ကြောင့်လေ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "ဟုတ်တယ်... ကျွန်တော့်ကြောင့်ပဲ"
"အစွမ်းတွေ နိုးထလာတဲ့ခေတ်မှာ... တစ်သီးပုဂ္ဂလရဲ့ စွမ်းအားက အရင်က တစ်ခါမှမရှိဖူးတဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ"
"မျိုးရိုးဗီဇတွေ ပြန်လည်ဖွဲ့စည်းထားတဲ့ သက်ရှိတွေက... သေနတ်တွေ၊ အမြောက်တွေရဲ့ ခြိမ်းခြောက်မှုကို လုံးဝ ကြောက်ရွံ့စရာ မလိုတော့ဘူး"
"ခင်ဗျားတို့က အနုမြူဗုံးတွေကို မထိန်းချုပ်နိုင်သရွေ့တော့... တိုက်ပွဲတစ်ပွဲရဲ့ ဦးတည်ချက်ကို အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်တာက... အမြဲတမ်း ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တိုက်ပွဲပဲ"
"ထိုက်ယန်တောင်ရဲ့ နည်းပညာအဆင့်အတန်းက... စစ်တပ်စခန်းကို မမီသေးတာ ဖြစ်နိုင်ပေမယ့်... ကျွန်တော် အစွမ်းထက်နေသရွေ့ လုံလောက်နေပြီ"
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လင်းယွမ်ထံမှ ထွက်ပေါ်လာသည့် မောက်မာဝင့်ကြွားသော ခံစားချက်ကြီးက မျက်နှာဆီသို့ တိုက်ရိုက် ရိုက်ခတ်လာသကဲ့သို့ ရှိပေသည်။
ကျန်းဝမ်ကျင်းမှာ အသက်ရှူရန်ပင် မေ့သွားခဲ့ပြီး သူမရှေ့မှ လူ၏ ကြမ်းတမ်းပြင်းထန်လှသော ဖိအားကြီးကို ခံစားလိုက်ရသည်။
လင်းယွမ်က ကျန်းဝမ်ကျင်းကို စူးစိုက်ကြည့်လိုက်သည်။ "ကိုယ်တိုင်အစွမ်းထက်နေတာကမှ... တကယ့် အစစ်အမှန် အင်အားပဲ"
"ဒီစခန်းကြီးထဲကနေ ထွက်သွားလိုက်ရင်ရော မကျန်း... ခင်ဗျားက အထက်စီးကနေ နေနိုင်တဲ့ အရာရှိကျန်းဝမ်ကျင်း ဖြစ်နေဦးမှာလား"
"လူတစ်ယောက်ရဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်အာဏာဆိုတာ... အဖွဲ့အစည်းတစ်ခုက ခင်ဗျားကို ပေးအပ်ထားတာဆိုရင်တော့... အဲ့ဒီလုပ်ပိုင်ခွင့်အာဏာကို ထိန်းချုပ်နိုင်ဖို့နဲ့ အဲ့ဒီနေရာကနေ ပေးစွမ်းတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ဖို့အတွက်... ခင်ဗျားဆီမှာ တကယ်ကို အရည်အချင်းရှိနေတာက အကောင်းဆုံးပဲ"
"အဲ့ဒီလိုမှ မဟုတ်ရင်တော့... ဟက်... ရာထူးမြင့်မြင့်မှာ နေရတာ အမြဲတမ်း အန္တရာယ်အမျိုးမျိုး ရှိနေတတ်တယ်"
"မြေမိခင်ဂိုဏ်း၊ ရေနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ ကျန်ရစ်သူတွေက ကျွန်တော့်ကို မသတ်ချင်ဘူးလို့ ခင်ဗျား ထင်နေတာလား"
"သူတို့ မလုပ်ရဲကြလို့ပေါ့"
"မကျန်း... အခုက စွမ်းအားတွေ ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ ခေတ်ကို ရောက်နေပြီ... အာဏာကို အားကိုးပြီး ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းနဲ့ ဖုံးကွယ်ထားလို့ရတဲ့ ခေတ်မဟုတ်တော့တာ ကြာပြီ"
"ဟားဟားဟား... သိပ်ကောင်းတဲ့ စကားပဲ... ကိုလင်းယွမ်ရဲ့ စကားတွေက တကယ်ကို ထိမိလွန်းလှပါတယ်"
ထိုအချိန်မှာပင် အနီးနားရှိ တိမ်မြူများကြားထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုသူက တိမ်မြူများကြားထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် စစ်ဝတ်စုံအပြည့်ဖြင့် ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။ ထိုသူကား အခြားသူမဟုတ်ဘဲ ချိုးငှက်အဖွဲ့၏ ခေါင်းဆောင် ကျန်းယွီကျန်းပင် ဖြစ်လေသည်။
ကျန်းယွီကျန်းက လင်းယွမ်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ကိုလင်းယွမ်က တကယ်ကို အလုပ်များတဲ့သူပဲ... ကျွန်တော့်ရဲ့ ဖိတ်စာကို ပို့ထားတာ နှစ်လ၊ သုံးလလောက်တောင် ရှိနေပြီကို အခုမှပဲ ကျွန်တော့်ဆီ လာလည်ဖို့ အားတော့တယ်"
လင်းယွမ်က တည်ငြိမ်စွာ ပြန်ပြောသည်။ "တပ်မမှူးကျန်းကတော့ နောက်နေပြန်ပါပြီ... လင်းယွမ်ဆိုတဲ့ ကျွန်တော်က သတ္တိကြောင်ပြီး ပြဿနာကို ကြောက်တဲ့သူပဲလေ... တိမ်မြူကျွန်းကို အလွယ်တကူ ဝင်ထွက်သွားလာနိုင်တဲ့အထိ အစွမ်းမရှိသေးတော့ ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆ ဝင်လာရဲမှာလဲ"
ကျန်းယွီကျန်းက တစ်ချက် ကြောင်အသွားပြီးနောက် ချက်ချင်းပင် ဟားတိုက် ရယ်မောလိုက်သည်။ "ကိုလင်းယွမ်က တကယ်ကို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူပဲ... ကျွန်တော်က ခင်ဗျားလို လူမျိုးနဲ့ ဆက်ဆံရတာကို သဘောကျတယ်"
"တပ်မမှူး... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ" ကျန်းဝမ်ကျင်းက ကျန်းယွီကျန်း၏ အရှေ့သို့ သွားကာ မေးလိုက်သည်။
"ရဲဘော်ရှောင်ကျန်း... မင်းကို ကိုလင်းယွမ်ကို သွားခေါ်ခိုင်းတာ အချိန်အတော်ကြာတဲ့အထိ မရောက်သေးလို့ ငါကိုယ်တိုင် ထွက်လာပြီး ကြည့်ရတာပေါ့" ကျန်းယွီကျန်းက ပြုံးလျက် ပြောသည်။
ကျန်းဝမ်ကျင်းက တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း လင်းယွမ်တို့ နှစ်ယောက် ရှေ့တွင် ရှိနေသဖြင့် "ကျွန်မနဲ့ ကိုလင်းယွမ်က စကားစပ်မိသွားလို့ လမ်းမှာ စကားနည်းနည်း ပိုပြောဖြစ်သွားရုံပါ" ဟုသာ ပြန်ပြောလိုက်သည်။
"ပြောစရာစကားရှိရင် အောက်ရောက်မှ ပြောကြလို့ မရဘူးလား... ဒီလေပေါ်မှာပဲ ပြောနေရမှာလား"
ကျန်းယွီကျန်းက လင်းယွမ်နှင့် ကျောက်ခိုင်တို့ကို ကြည့်ကာ ပြုံးလျက် ပြောသည်။ "ကိုလင်းယွမ်... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ... အတော်ပဲ ကျွန်တော်တို့ တိမ်မြူတောင်ပေါ်က တိမ်မြူလက်ဖက်ရည် နည်းနည်းကျန်သေးတယ်... ကျွန်တော် ခင်ဗျားကို လက်ဖက်ရည် တိုက်ပါရစေ"
လင်းယွမ်က ပြုံးလိုက်ပြီး ငြင်းဆန်ခြင်း မပြုခဲ့ပေ။
သူတို့အားလုံး တိမ်မြူများ ရစ်သိုင်းနေသည့် တောင်ထိပ်ဆီသို့ အတူတကွ ပျံသန်းသွားကြသည်။
သိပ်မကြာမီမှာပင် တောင်ထိပ်ပေါ်ရှိ ဇိမ်ခံစံအိမ်များ တစ်လုံးပြီးတစ်လုံး သူတို့ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
ကျန်းယွီကျန်းက ကျန်းဝမ်ကျင်းကို ခေါ်ကာ ထိုစံအိမ်များထဲမှ တစ်လုံးအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ထိုစံအိမ်ကြီး၏ အတွင်းပိုင်းကို ရှေးဟောင်းပုံစံ မွမ်းမံထားပြီး တရုတ်ရိုးရာ ဥယျာဉ်ပုံစံ ပြင်ဆင်ထားသည်။
ခြံဝင်းအတွင်း၌ စင်္ကြံလမ်းများက ဝန်းရံထားပြီး ကျောက်ဆောင်တုရေကန်နှင့် ရေကူးကစားနေကြသော ငါးများလည်း ရှိနေကာ အတော်လေး အေးချမ်းတိတ်ဆိတ်လှသည်။
လင်းယွမ်က ကျန်းယွီကျန်းနှင့် ကျန်းဝမ်ကျင်း သားအဖနှစ်ယောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ကျောက်ခိုင်မှာလည်း မနေနိုင်ဘဲ သက်ပြင်းချလိုက်မိပြီး ဤလူများ နေထိုင်သည့် နေရာက ဤမျှအထိ ခမ်းနားထည်ဝါနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အစ်ကိုလင်း နေထိုင်သည့်နေရာထက်ပင် ပို၍ ဇိမ်ကျကျ နေထိုင်နေကြသေးသည်။
စံအိမ်အတွင်းသို့ ဝင်ရောက်သွားသောအခါ လက်ဖက်ရည်နှင့် ရေကို သီးသန့်တည်ခင်းပေးသည့် အိမ်အကူများပင် ရှိနေသေးသည်။
လင်းယွမ်၏ ရင်ထဲတွင် ကျန်းယွီကျန်းတို့အပေါ် ထားရှိသည့် အမြင်ကောင်းများက ထပ်မံ၍ ကျဆင်းသွားရပြန်သည်။
အမှန်တကယ်တော့ တစ်ဖက်နယ်ပယ်၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် မြင့်မားသော ရာထူးနှင့် အာဏာကို ပိုင်ဆိုင်ထားပြီး အထူးအခွင့်အရေး အနည်းငယ်ကို ခံစားရယူခြင်းက သိပ်ပြီး ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပေ။
လင်းယွမ်ကိုယ်တိုင်လည်း ထိုက်ယန်တောင်တွင် အမြင့်ဆုံးရာထူးရှိပြီး ထိုနည်းတူစွာပင် အထူးအခွင့်အရေးများစွာကို ခံစားနေရသည်။
ဤသည်မှာ လူ့သဘာဝအရ သာမန်ကိစ္စသာ ဖြစ်သည်။
သို့သော်လည်း လင်းယွမ်၏ ရင်ထဲတွင် ရွံရှာမိသည်မှာ ချိုးငှက်အဖွဲ့မှ လူများပင် ဖြစ်သည်။ သူတို့က ကမ္ဘာကြီးကို ကယ်တင်ပြီး လူသားတွေကို ကူညီမည်၊ လူတိုင်း တန်းတူညီမျှ အခွင့်အရေးရမည်ဆိုသည့် အလံကို လွှင့်ထူထားပါလျက်နှင့် သူတို့၏ အထက်တန်းလွှာ ခေါင်းဆောင်များကမူ အထူးအခွင့်အရေးများကို ဇိမ်ကျကျ ခံစားနေကြခြင်းကြောင့်ပင်။
ထိုအချက်ကပင် သူ့ကို စကားမပြောနိုင်လောက်အောင် ဆွံ့အသွားစေသည့် အချက်ဖြစ်သည်။
ဤကဲ့သို့သော လုပ်ရပ်က မကောင်းတာတွေ လုပ်နေပြီး နာမည်ကောင်း ယူချင်နေသလို ဖြစ်မနေဘူးလား။
"ကိုလင်းယွမ်... လက်ဖက်ရည် သုံးဆောင်ပါဦး" ကျန်းယွီကျန်းက ပြုံးလျက် ပြောသည်။
လင်းယွမ်က အလိုက်သင့် တစ်ငုံ ငုံလိုက်သော်လည်း တကယ်တမ်း မျိုမချခဲ့ပေ။
လက်ဖက်ရည်က ပါးစပ်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်အစွမ်းကို အသုံးပြုကာ တိုက်ရိုက် ဖယ်ရှားပစ်လိုက်သည်။
"ဒီလက်ဖက်ရည်ရဲ့ အရသာက ရေလွှမ်းမိုးမှုကြီး မဖြစ်ခင်က လက်ဖက်ရည်ထက် ပိုပြီး မွှေးကြိုင်မနေဘူးလား" ကျန်းယွီကျန်းက ပြုံးလျက် ပြောသည်။
လင်းယွမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။ "ကျွန်တော်က လက်ဖက်ရည်အကြောင်း နားမလည်တော့ တပ်မမှူးကျန်း စိတ်ပျက်ရတော့မယ်"
ကျန်းယွီကျန်းက မျက်ခုံးတစ်ချက် ပင့်သွားပြီး လင်းယွမ်၏ လူကို အဝေးသို့ တွန်းထုတ်ချင်နေသည့် အေးစက်စက် လေသံကို ကြားလိုက်ရသည်။
ထို့ကြောင့် သူက မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ကိုလင်းယွမ်က ဒီတစ်ခေါက် လာတာ ကောင်းကင်ချောက်နက် ဝင်ပေါက်ဆီကို အတူတူ သွားကြည့်ချင်လို့များလား"
လင်းယွမ်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပြောသည်။ "ဒီ ကောင်းကင်ချောက်နက် ဝင်ပေါက်ဆိုတာကြီးကို သွားလေ့လာကြည့်ချင်တာတော့ အမှန်ပဲ... ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ကျွန်တော့်မှာ တပ်မမှူးကျန်းကို အကူအညီတောင်းရမယ့် ကိစ္စတစ်ခု ရှိသေးတယ်"
ကျန်းယွီကျန်းက နက်ရှိုင်းသော မျက်လုံးများဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။ "အော်... ဘာကိစ္စများလဲ"
"ကျွန်တော် ဖိန်ယွမ်ဟူကို လိုချင်တယ်"
"ဟင်"
ကျန်းယွီကျန်း၏ မျက်လုံးများက ချက်ချင်းဆိုသလို ကျဉ်းမြောင်းသွားသည်။
သူက လင်းယွမ်ကို စူးစိုက်ကြည့်လိုက်ပြီး လင်းယွမ် နောက်ပြောင်နေခြင်း မဟုတ်ကြောင်းကို အတည်ပြုလိုက်သည်။
ကျန်းယွီကျန်း၏ မျက်နှာအမူအရာက တဖြည်းဖြည်း တည်တင်းသွားပြီး ပြောလိုက်သည်။ "ကိုလင်းယွမ်... ဒါက ဘာသဘောလဲ"
"ဖိန်ယွမ်ဟူက ငါတို့ စစ်တပ်ရဲ့ အရေးပါတဲ့ လူတစ်ယောက်ပဲ... ငါတို့ စစ်တပ်ရဲ့ အကာအကွယ်ပေးမှုကို ရထားတာ"
လင်းယွမ်က တစ်ဖက်လူကို စူးစိုက်ကြည့်လိုက်သည်။ "ဖိန်ယွမ်ဟူက ရေနတ်ဘုရားဂိုဏ်းဆိုတဲ့ မိစ္ဆာဂိုဏ်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူလည်း ဖြစ်သေးတယ်... မီယွမ်မိုးသစ်တောကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေက အခုထိ အဲ့ဒီလူရဲ့ လက်ထဲမှာ ရှိနေသေးတာပဲ"
"စစ်တပ်က ဒီလို မိစ္ဆာဂိုဏ်းခေါင်းဆောင်ကို မျက်နှာလိုက်ပြီး ကာကွယ်ပေးနေတာက တကယ်ပဲ ဒီလူကို ကာကွယ်ပေးချင်လို့လား... ဒါမှမဟုတ် ဒီလူ့လက်ထဲက နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ကာကွယ်ပေးချင်နေတာလား"
ထိုစကား ထွက်လာသည်နှင့် ကျန်းယွီကျန်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားပြီး စံအိမ်ကြီး၏ ဧည့်ခန်းအတွင်းမှ လေထုမှာလည်း ချက်ချင်း လေးလံတင်းကြပ်သွားတော့သည်။
သူတို့နှစ်ဦးကြားတွင် မျက်စိဖြင့် မမြင်နိုင်သော အရှိန်အဝါများက ပွတ်တိုက်မိနေကြသကဲ့သို့ပင်။
ကျောက်ခိုင်နှင့် ကျန်းဝမ်ကျင်းတို့မှာလည်း သူတို့နှစ်ဦးကို ချက်ချင်း လှမ်းကြည့်လိုက်မိကြပြီး နှစ်ယောက်စလုံး သတိမထားမိဘဲ လက်သီးများကို ဆုပ်ထားလိုက်မိကြသည်။
နောက်တစ်စက္ကန့်တွင်ပင် တိုက်ပွဲဖြစ်တော့မည့်အလား။
ခဏအတွင်းမှာပင် ထိုနေရာရှိ လေထုအခြေအနေက ယမ်းငွေ့များ အပြည့် လွှမ်းမိုးသွားတော့သည်။
ဆက်ရန်...
အပိုင်း (၆၃၂) ကောင်းကင်ချောက်နက်
လင်းယွမ်က အမူအရာ တည်ငြိမ်စွာဖြင့် ကျန်းယွိကျန်းကို စိုက်ကြည့်နေသည်။
သူ့ရှေ့တွင် တစ်ကမ္ဘာလုံးကို ကယ်တင်မည်ဟု ပါးစပ်က အမြဲပြောနေသော ဤလူက တကယ်လည်း အစီအမံအချို့ကို လုပ်ဆောင်ခဲ့ဖူးသည်။
ဥပမာအားဖြင့် အစောပိုင်းကာလများတွင် ရေဒီယိုစခန်းများမှတစ်ဆင့် အစွမ်းသင်္ကေတများနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ထုတ်ပြန်ပေးခဲ့ခြင်းမျိုး ဖြစ်သည်။
စစ်တပ်ထဲတွင် ဤသို့သော ကိုယ်ချင်းစာတရားနှင့် တာဝန်သိစိတ်ရှိသည့် လူကောင်းများ ရှိနေသေးသည်ကို လင်းယွမ်ကလည်း ယုံကြည်ချင်ပါသည်။
သို့သော်လည်း အကြိမ်ကြိမ် ထိတွေ့ဆက်ဆံပြီးနောက်တွင် ကျန်းယွိကျန်း၏ ရည်ရွယ်ချက်က ထိုမျှလောက် ရိုးရှင်းဖြူစင်ပုံမရကြောင်း လင်းယွမ်က ရိပ်မိလာခဲ့သည်။
သူ လူတွေကို ကယ်တင်နေသည်မှာ အမှန်ပင် ဖြစ်သော်လည်း တစ်ကိုယ်ကောင်းဆန်သည့် စိတ်ကူးများလည်း ရှိနေနိုင်ပေသည်။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် လူဦးရေဆိုသည်မှာ ပထမဦးစားပေး အရင်းအမြစ်ပင် ဖြစ်သည်။
မည်သည့် အင်အားစုဖြစ်ပါစေ မိမိတို့ စခန်း၏ စွမ်းဆောင်နိုင်ရည် အတိုင်းအတာအတွင်း၌ အင်အားချဲ့ထွင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားကြမည်သာ ဖြစ်သည်။
စစ်တပ်ကလည်း ချွင်းချက်မဟုတ်ဘဲ ပြင်ပမှ လူဦးရေများကို စည်းရုံးသိမ်းသွင်းနေကြသည်။
သေချာပေါက် လူတို့တွင် ကိုယ်ကျိုးရှာလိုစိတ် ရှိခြင်းမှာ အလွန် သဘာဝကျသော ကိစ္စတစ်ခုဖြစ်ပြီး တကယ်တမ်း ကြီးမြတ်သူဆိုသည်မှာ အနည်းစုသာ ရှိပေသည်။
အနည်းဆုံးတော့ လင်းယွမ် လက်ရှိအချိန်ထိ တွေ့ကြုံဖူးသမျှ လူများထဲတွင် ဖန်ဆန်းကျွန်းမှ ရဲအရာရှိလီဟောင် တစ်ယောက်တည်းသာလျှင် ထိုစာရင်းထဲ ထည့်တွက်၍ ရနိုင်ပေမည်။
ထိုအချက်က လီဟောင် နောက်ပိုင်း၌ နိုးထလာသည့် အစွမ်းမှာ ခွန်အားအမျိုးအစား အစွမ်းဖြစ်နေသဖြင့် ကျွန်းပေါ်ရှိ အခြား အစွမ်းပိုင်ရှင်များကို ဖိနှိပ်နိုင်စွမ်း မရှိဘဲ အာဏာကို မထိန်းချုပ်နိုင်ခဲ့ခြင်းနှင့်လည်း သက်ဆိုင်နိုင်ပေသည်။
အာဏာဆိုသည်မှာ လူတို့၏ စိတ်နှလုံးကို အဆိုးရွားဆုံး ပျက်စီးယိုယွင်းစေနိုင်သည့် အရာပင် ဖြစ်သည်။
လင်းယွမ် မှတ်မိနေသေးသည်... ရေလွှမ်းမိုးမှုကြီး မဖြစ်ပွားမီက သူ ရုပ်ရှင်တစ်ကား ကြည့်ခဲ့ဖူးသည်။ အရာရှိများအနေဖြင့် စားဝတ်နေရေး ပြည့်စုံပြီး ဘာတစ်ခုမှ ပူပင်စရာ မလိုတော့ဘဲနှင့် အဘယ်ကြောင့် အကျင့်ပျက် ခြစားချင်နေကြသေးသနည်း... အဘယ်ကြောင့် လာဘ်စားပြီး တရားမဝင် ရာဇဝတ်မှုများကို ကျူးလွန်ချင်နေကြသေးသနည်းဟု လူအချို့က နားမလည်နိုင်အောင် ဖြစ်ခဲ့ကြသည်။
ထို့ကြောင့် ထိုသူက သီးသန့် ဝန်ဆောင်မှုတစ်ခုကို ငှားရမ်းကာ သူ့ကိုယ်သူ ခေါင်းဆောင်တစ်ဦးအဖြစ် ဖန်တီး၍ မကောင်းသော အလေ့အထများက သူ့ကို မည်သို့ ဖျက်ဆီးပစ်နိုင်မည်ကို စမ်းသပ်ကြည့်ခဲ့သည်။ သူက ထိုအယူသီးမှုကို မယုံကြည်ခဲ့ပေ။
ရလဒ်အနေဖြင့် ထိုသူက သွေးဆောင်ဖြားယောင်းမှု အများအပြားကို တွန်းလှန်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် မိန်းမလှလေးများ၏ မြှူဆွယ်မှုအောက်၌ အရှုံးပေးလိုက်ရသည်။
ထိုရုပ်ရှင်က အတော်လေး ရိုက်ကူးထားနိုင်ပြီး အနည်းငယ်မျှပင် ချဲ့ကားထားခြင်း မရှိပေ။
ထိုသူ၏ မူလရည်ရွယ်ချက်မှာ ကောင်းမွန်လှပြီး ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန် တစ်ထစ်ချ ရည်ရွယ်ထားခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။
သို့သော် ပြင်ပလောကရှိ မျိုးစုံသော သွေးဆောင်မှုများ... ငွေကြေး... မိန်းမလှ... စသည်တို့ထဲမှ တစ်ခုခုကတော့ သင့်ကို ပျက်စီးသွားစေပြီး စိတ်ယိုင်သွားစေနိုင်စွမ်း ရှိပေသည်။
ကျန်းယွိကျန်း တစ်ယောက်ကော ထိုကဲ့သို့ ပျက်စီးယိုယွင်းသွားပြီလား ဆိုသည်ကို လင်းယွမ် မသိပေ။
အစအဦးပိုင်းတုန်းကတော့ သူသည် ရေဘေးဒဏ် ကြုံတွေ့နေရသည့် အပြင်ဘက်မှ အသက်ရှင်ကျန်ရစ်သူများကို ကူညီပေးရန် ရည်ရွယ်ခဲ့ပုံရသည်။
သို့သော် အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ထိုကဲ့သို့သော မူလရည်ရွယ်ချက်က မည်မျှကျန်ရှိနေဦးမည်ကို ခန့်မှန်းရ ခက်ခဲလှပေသည်။
လင်းယွမ်ကလည်း ဆက်၍ ခန့်မှန်းမနေချင်တော့ပေ... လူ့စိတ်ဆိုသည်မှာ ခန့်မှန်းရ အလွန်ခက်ခဲလှသည်။
ယခုအချိန်တွင် သူက သူ့ပိုင်ဆိုင်မှုများကို ပြန်လည် ရယူချင်ရုံသာ ဖြစ်သည်။
မီယွမ်မိုးသစ်တောက ရေနတ်ဘုရားဂိုဏ်း၏ ပိုင်ဆိုင်မှုဖြစ်ပြီး ရေနတ်ဘုရားဂိုဏ်းကို သူက ဖျက်ဆီးပစ်ခဲ့ပြီဖြစ်ရာ ဤပိုင်ဆိုင်မှုများက သူ့လက်အောက်သို့သာ ရောက်ရှိသင့်ပေသည်။
ထို့ကြောင့် ဖေယွမ်ဟူကို အသေအလဲ ကာကွယ်ပေးနေသည့် ကျန်းယွိကျန်း၏ လုပ်ရပ်ကို ရင်ဆိုင်ရာတွင် သူက လူကို တိုက်ရိုက် တောင်းဆိုရန်သာ ရွေးချယ်လိုက်သည်။
ကျန်းယွိကျန်းက လင်းယွမ်နှင့် ခေတ္တမျှ မျက်လုံးချင်း ဆုံကြည့်လိုက်ပြီး လင်းယွမ်ထံ၌ မည်သည့် တုံ့ဆိုင်းမှုမျှ မတွေ့ရပေ။
သူက မျက်လွှာချလိုက်ပြီး လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။
ဘေးနားရှိ ကျန်းဝမ်ကျင်းက အရင်လှမ်း၍ အော်ဟစ်လိုက်သည်။
"ကိုလင်းယွမ်... ဒါက ဘာသဘောနဲ့ ဒီလိုပြောရတာလဲ"
"ဖေယွမ်ဟူရဲ့ အစွမ်းက ကောင်းကင်ချောက်နက်ကို စူးစမ်းလေ့လာဖို့ ကျွန်မတို့ကို ကူညီပေးနိုင်တယ်... သူက နိုင်ငံတော်နဲ့ စစ်တပ်အတွက် အလုပ်အကျွေးပြုဖို့ စောစောစီးစီးကတည်းက ဝင်ရောက်လာခဲ့တာ... ကိုလင်းယွမ်က ဘာအကြောင်းပြချက်နဲ့ လူလာတောင်းရတာလဲ"
"ကိုလင်းယွမ့်မျက်လုံးထဲမှာ နိုင်ငံတော်ဆိုတာ မရှိတော့ဘူးလား"
လင်းယွမ်က ထိုမိန်းမကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး ခပ်တည်တည်ဖြင့် မေးလိုက်သည်။ "ကျွန်တော်လည်း နိုင်ငံတော်ကို စိတ်ပူတာပေါ့... ဒါပေမဲ့ ကျွန်တော်က နိုင်ငံတော်အရေးကို ပါးစပ်ဖျားမှာ တင်ထားပြီး သူတစ်ပါးကို ဖိအားပေးတဲ့ ကိရိယာတစ်ခုအနေနဲ့ ဘယ်တော့မှ အသုံးမချဘူး"
"အခုလို ရေလွှမ်းမိုးနေတဲ့ ကပ်ကမ္ဘာပျက်ကြီးထဲမှာ... နိုင်ငံရဲ့ နယ်မြေတွေက ရေပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့တာ ကြာပြီ... ခင်ဗျားတို့က နိုင်ငံတော်ကို ကိုယ်စားပြုနိုင်သေးလို့လား"
"ကျွန်မတို့က စစ်တပ်ပဲ... နိုင်ငံတော်ရဲ့ စစ်တပ်ဖြစ်တဲ့အတွက် နိုင်ငံတော်ကို ကိုယ်စားပြုတာပေါ့" ကျန်းဝမ်ကျင်းက လင်းယွမ်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
လင်းယွမ်က ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "ခင်ဗျားတို့က အထက်လူကြီးတွေနဲ့ ဆက်သွယ်လို့ ရနေသေးလို့လား"
ကျန်းဝမ်ကျင်းက အော်လိုက်သည်။ "ဆက်သွယ်လို့ မရတာက မရတာပဲ... ဒါပေမဲ့ စစ်မက်ကာလမှာလည်း စစ်မက်ကာလ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းတွေ ရှိတယ်"
"ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ရတဲ့အခါ... ဒေသတွင်း အာဏာပိုင်အဖွဲ့အစည်းတွေကို ကျွန်မတို့က လွှဲပြောင်းရယူခွင့် ရှိတယ်"
"ကိုလင်းယွမ်... ကိုလင်းယွမ်တို့က ထိုက်ယန်တောင်မှာ စုစည်းနေတာက အစကတည်းက တရားမဝင် လုပ်ရပ်ပဲ... ကျွန်မတို့က အပြစ်မယူတဲ့အပြင် ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကိုတောင် သုံးခဲ့သေးတယ်... အခုတော့ ကိုလင်းယွမ်က တဖြည်းဖြည်း လွန်လာပြီး အိမ်တိုင်ရာရောက် လူလာတောင်းနေတာလား... ကိုလင်းယွမ်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူများ မှတ်နေလဲ"
လင်းယွမ်က သရော်လိုက်သည်။ "ဘာသာရေးဂိုဏ်းကြီး သုံးခုက... အသက်ရှင်ကျန်ရစ်သူတွေကို အယူဝါဒတွေ ရိုက်သွင်းပြီး... မိစ္ဆာဂိုဏ်း တည်ထောင်နေတာကိုတော့ ခင်ဗျားတို့က ဘာလို့ သွားမတားကြတာလဲ"
"ကျွန်တော်တို့ ရေလွှမ်းမိုးမှုကြောင့် အဆောက်အအုံထဲမှာ ပိတ်မိနေတုန်းကတော့ ခင်ဗျားတို့က ဘာလို့ လာမကယ်ကြတာလဲ"
"အခုမှ ဒီစည်းမျဉ်းတွေကို ထုတ်ပြပြီး ဘယ်သူ့ကို လာခြောက်လှန့်နေတာလဲ"
သူက ကျန်းဝမ်ကျင်းကို ဆက်ပြီး ဂရုမစိုက်တော့ဘဲ ကျန်းယွိကျန်းဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ "တပ်မမှူးကျန်း... အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဆက်မပြောပါနဲ့တော့... ကျွန်တော် ခင်ဗျားကို တစ်ခွန်းပဲ မေးမယ်... ဖေယွမ်ဟူကို ကျွန်တော် လိုချင်တယ်... ခင်ဗျား ပေးမလား... မပေးဘူးလား"
ကျန်းယွိကျန်းက မျက်မှောင်ကြုတ်သွားပြီး လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။ "ငါက မပေးဘူးလို့ ပြောရင် မင်းက ဘာလုပ်ချင်လို့လဲ"
လင်းယွမ်၏ မျက်နှာက တင်းမာသွားပြီး ပြောလိုက်သည်။ "ဒါဆိုရင်လည်း ကျွန်တော်တို့ နှစ်ဖက်ကြားက ပူးပေါင်းဆောင်ရွက်တဲ့ မဟာမိတ်အဖွဲ့က ဒီမှာတင် ပြီးဆုံးသွားပြီပဲ"
"ကျွန်တော့်ရဲ့ မဟာမိတ်က ကျွန်တော့် ရန်သူကို အကာအကွယ်ပေးထားတဲ့ သူမျိုး ဖြစ်နေတာကို မလိုချင်ဘူး"
"ကျွန်တော့် မဟာမိတ်က ကျွန်တော့်ရဲ့ နယ်မြေအပေါ် တခြား ရည်ရွယ်ချက်တွေ ရှိနေတာကို ပိုလို့တောင် မလိုချင်သေးတယ်"
ကျန်းယွိကျန်းက တိတ်ဆိတ်သွားပြီး ရုတ်တရက် မေးလိုက်သည်။ "လင်းယွမ်... ဘာလို့ ငါတို့ စစ်တပ်ဘက်က မင်းနဲ့ မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းဖို့ လိုအပ်တယ်လို့ အသေအချာ ထင်နေရတာလဲ"
"အစတုန်းက မင်းနဲ့ ငါတို့ ပူးပေါင်းခဲ့ရတာက ဘာသာရေးဂိုဏ်းကြီး သုံးခုနဲ့ သိမ်းငှက်အုပ်စုရဲ့ စစ်တပ်တွေ ရှိနေတဲ့ အကြောင်းရင်းကြောင့်ပဲ"
"ဒါပေမဲ့ အခုတော့ အဲ့ဒီ ခြိမ်းခြောက်မှုတွေ အားလုံးက မရှိတော့ဘူးဆိုတော့ ပူးပေါင်းတာ... မပူးပေါင်းတာက သိပ်ပြီး အရေးမကြီးတော့ဘူး ထင်တယ်"
သူက နေရာမှ မတ်တတ်ရပ်လိုက်သည်။ "သေချာတာပေါ့... မင်းတို့ ထိုက်ယန်တောင်ရဲ့ အင်အားကို ငါလည်း အသိအမှတ် ပြုပါတယ်... ငါတို့ နှစ်ဖက်က ပူးပေါင်းရင် နှစ်ဖက်စလုံး အကျိုးရှိမှာဖြစ်ပြီး ကွဲကွာသွားရင်တော့ နှစ်ဖက်စလုံး ဆုံးရှုံးရလိမ့်မယ်"
"ဒီအချက်ကိုတော့ မင်း နားလည်နိုင်ဖို့ မျှော်လင့်တယ်"
"နောက်ပြီး နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်... ငါတို့ ဒီမှာ စောင့်ကြပ်နေတာက အပြင်ဘက်ကို တကယ်ပဲ မချဲ့ထွင်နိုင်လို့ မဟုတ်ဘူး... တာဝန်အရ ကောင်းကင်ချောက်နက် လမ်းကြောင်းကို ဖိနှိပ်ထားရလို့ပဲ"
ကျန်းယွိကျန်းက အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ဒီလိုလုပ်... ပြတ်ပြတ်သားသား စကားတွေကို မင်း အခုချက်ချင်း ပြောစရာ မလိုသေးဘူး... ငါ မင်းကို ကောင်းကင်ချောက်နက် လမ်းကြောင်းရဲ့ အခြေအနေကို အရင် လိုက်ပြရင် ပိုကောင်းမယ်"
"မင်း ကောင်းကင်ချောက်နက် လမ်းကြောင်းကို ကြည့်ပြီးသွားမှပဲ ဖေယွမ်ဟူကြောင့် မင်းနဲ့ငါ အချင်းများကြမလား ဆိုတာကို ဆုံးဖြတ်လိုက်ပါ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "ဒါလည်း ကောင်းတာပဲ... ခင်ဗျားတို့က ဘာဖြစ်လို့ ဒီလူကို ဒီလောက်ထိ အကာအကွယ် ပေးနေရသလဲ ဆိုတာကို ကျွန်တော်လည်း နားမလည်နိုင်ဖြစ်နေတာ"
"သွားကြည့်လိုက်ရင် မင်း နားလည်သွားပါလိမ့်မယ်"
ကျန်းယွိကျန်းက ပြန်ဖြေလိုက်ပြီးနောက် အပြင်ဘက်သို့ လျှောက်သွားသည်။ ကျန်းဝမ်ကျင်းက လင်းယွမ်ကို ဒေါသတကြီး တစ်ချက် စိုက်ကြည့်လိုက်ပြီး နောက်မှ လိုက်သွားလေသည်။
ကျောက်ခိုင်က အလျင်အမြန် ထရပ်လိုက်ပြီး လင်းယွမ်၏ အနီးသို့ လာကာ ပြောလိုက်သည်။ "အစ်ကိုလင်း... သတိထားနော်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "ကိစ္စမရှိပါဘူး... ငါ သွားချင်ရင် သူတို့ ငါ့ကို တားထားနိုင်မှာ မဟုတ်ဘူး"
ထို့နောက် သူတို့နှစ်ယောက်က ကျန်းယွိကျန်းနောက်သို့ လိုက်သွားကာ ခြံဝင်းထဲမှ ထွက်ခွာလာခဲ့ကြသည်။
ခြံဝင်းထဲမှ ထွက်လာသည်နှင့် ကျန်းယွိကျန်းနှင့် ကျန်းဝမ်ကျင်းတို့က တိမ်မြူကျွန်း၏ အပြင်ဘက်သို့ တိုက်ရိုက် ခုန်ပျံထွက်သွားကြသည်။
"ကောင်းကင်ချောက်နက် လမ်းကြောင်းက ကျွန်းအပြင်ဘက်မှာလား"
ကျောက်ခိုင်က မနေနိုင်ဘဲ မေးလိုက်သည်။
ရှေ့မှသွားနေသော ကျန်းဝမ်ကျင်းက လှည့်ကြည့်ကာ ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "ဒါပေါ့... ကောင်းကင်ချောက်နက်လို အန္တရာယ်များတဲ့ နေရာမျိုးရဲ့ အောက်တည့်တည့်ကိုများ ကျွန်မတို့က ရေပေါ်ကျွန်းကို ရွှေ့ထားမလားလို့"
"ရောက်ပြီ"
စကားပြောနေစဉ်မှာပင် သူတို့လေးယောက်က တိမ်မြူကျွန်းပြင်ပသို့ ပျံသန်းရောက်ရှိသွားကြပြီ ဖြစ်သည်။
အပြင်ဘက်တွင်ငန်းမွေးကဲ့သို့ ကြီးမားလှသော ဆီးနှင်းပွင့်ကြီးများက လွင့်ဝဲကျဆင်းနေပြီး နှင်းပြင်ကျယ်ကြီးပေါ်၌ ရေခဲရိုက်ခံထားရသည့် သင်္ဘောများက တစ်စင်းပြီးတစ်စင်း အစီအရီ ရှိနေကြသည်။
ထိုသင်္ဘောများပေါ်တွင် တပ်မတော်မှ စစ်သည်အမြောက်အမြား လှုပ်ရှားသွားလာနေကြပြီး စက်သေနတ်၊ တင့်ကားနှင့် အမြောက်များစွာကိုလည်း တန်းစီချထားသည်။
လင်းယွမ်က တစ်ချက်မျှသာ ဝေ့ကြည့်လိုက်ရုံဖြင့် ဤနေရာရှိ စစ်ရေးအင်အားသည် တိမ်မြူကျွန်းပေါ်ရှိ စစ်စခန်းထက် အနည်းငယ်မျှပင် မသေးငယ်ကြောင်းကို တွေ့ရှိလိုက်ရသည်။
သူက အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ကောင်းကင်ပေါ်ရှိ အခြေအနေကို စိတ်ဝင်စားသွားခဲ့သည်။
ရဟတ်ယာဉ်များက ကောင်းကင်ယံတွင် တစ်စင်းပြီးတစ်စင်း ပျံသန်းဝဲပျံနေကြပြီး အထက်ကောင်းကင်ရှိ ထူထပ်လှသော တိမ်လွှာများကြားတွင် ရေဝဲပုံစံ တိမ်တိုက်ကြီးတစ်ခုက အဆက်မပြတ် လည်ပတ်နေသည်ကို မြင်လိုက်ရသည်။
တစ်ခါတစ်ရံတွင် ရဟတ်ယာဉ်များက ထိုတိမ်တိုက်အောက်မှ ဖြတ်သန်းပျံသန်းသွားကြပြီး ဟိန်းထွက်သွားသော အသံကြီးများနှင့်အတူ တုန်ခါမှုများကို ဖြစ်ပေါ်စေသည်။
"အဲ့ဒါက ကောင်းကင်ချောက်နက် လမ်းကြောင်းလား"
လင်းယွမ်က မေးလိုက်သည်။
ကျန်းယွိကျန်းက ခေါင်းညိတ်လိုက်သည်။ "ကောင်းကင်ချောက်နက် လမ်းကြောင်းကနေ လေပေါ်ကျွန်း ကပ်ပါးသားရဲတွေ အမြဲတမ်း ထိုးဆင်းလာနေတာတော့ မဟုတ်ဘူး"
"အောက်ကို ထိုးဆင်းလာတဲ့ သန္ဓေပြောင်းသားရဲတွေကို... ငါတို့ နောက်ဆုံး သတ်ဖြတ်ခဲ့တာ အခုဆိုရင် လဝက်လောက်တောင် ရှိနေပြီ... အချိန်ကို တွက်ကြည့်လိုက်ရင် မကြာခင် နောက်ထပ် သန္ဓေပြောင်းသားရဲ အသစ်တွေ ထပ်ဆင်းလာတော့မယ် ထင်တယ်"
လင်းယွမ်က ဤနေရာရှိ စစ်ရေးအင်အားကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျားတို့ရဲ့ လက်ရှိ စစ်ရေးအင်အားနဲ့ဆိုရင် ဒီလို သန္ဓေပြောင်းသားရဲမျိုးကို သတ်ဖို့က အရမ်းခက်ခဲနေလို့လား"
"ခက်တာပေါ့... ဒီမှာရှိတဲ့ စစ်ရေးအင်အားက နှောင့်ယှက်တဲ့ နေရာနဲ့ သေးငယ်တဲ့ သန္ဓေပြောင်းသားရဲတွေကို သတ်ဖြတ်တဲ့ နေရာမှာလောက်ပဲ အသုံးဝင်တာ"
"အောက်ကို ထိုးဆင်းလာတဲ့ သန္ဓေပြောင်းသားရဲတွေထဲမှာ... အလွန် ထူးကဲပြီး အစွမ်းထက်တဲ့ သန္ဓေပြောင်းသားရဲ တစ်ကောင်ကတော့ သေချာပေါက် ပါလာတတ်တယ်"
"အဲ့ဒီကောင်ကမှ တိမ်လွှာတွေကို ဆုတ်ဖြဲပြီး ကောင်းကင်ချောက်နက် လမ်းကြောင်းကို ဖြတ်ကျော်လာတဲ့ အဓိက အင်အားစုပဲ... ငါတို့ သတ်ရမှာက အဲ့ဒီကောင်ကို ပြောတာ"
"ဒီလို အဆင့်ရှိတဲ့ သန္ဓေပြောင်းသားမျိုးကို... ငါတို့ရဲ့ လက်ရှိ လက်နက်တွေနဲ့ ဘယ်လိုမှ ရင်ဆိုင်နိုင်စွမ်း မရှိဘူး"
"ယမ်း လက်နက်တွေက သူ့ရဲ့ အကာအကွယ်ကို မဖောက်နိုင်သလို... အစွမ်း လက်နက်တွေကလည်း သူ့ရဲ့ အမွေးအမှင်တွေကိုတောင် အထိအခိုက် မဖြစ်စေနိုင်ဘူး"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်မှာရှိတဲ့ အစွမ်းပိုင်ရှင် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်မှပဲ ရင်ဆိုင်နိုင်တာ"
ကျန်းယွိကျန်းက လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရောက်နေတဲ့ အစွမ်းပိုင်ရှင် တစ်ယောက်ပဲ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးတဲ့အခါ မျိုးရိုးဗီဇမြေပုံ သတ္တဝါအဖြစ် အသွင်ပြောင်းသွားတာက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိမှာပါ"
"သာမန် စစ်လက်နက်တွေက မင်းရဲ့ အကာအကွယ်ကို ဘယ်လိုမှ မဖောက်နိုင်ဘူး မဟုတ်လား"
"လက်ရှိ ငါတို့ စစ်စခန်းထဲမှာရှိတဲ့ အစွမ်းအထက်ဆုံး ဒုံးကျည်စနစ်ရဲ့ စွမ်းအားကတောင်... ကျန့်ကုန်းရဲ့ အဏုမြူရောင်ခြည် ဖျက်ဆီးအားကို မမီသေးဘူး"
လင်းယွမ်က ဖုန်းကျန့်ကုန်းနှင့် တိုက်ခိုက်ဖူးသဖြင့် သူ၏ အဏုမြူရောင်ခြည် စွမ်းအားက မည်မျှ ပြင်းထန်ကြောင်းကို သဘာဝကျကျပင် သိရှိထားသည်။
သူက တံခါးပိတ် လေ့ကျင့်နေပြီး အပြင်မထွက်ခဲ့ခြင်းမှာလည်း ဖုန်းကျန့်ကုန်းကို သတိထားနေခြင်းကြောင့်ပင် ဖြစ်သည်။
လင်းယွမ်က ဘာမှမပြောတော့ဘဲ တစ်ဖက်လူ၏နောက်သို့ လိုက်ကာ စစ်တပ်စခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပင် ဧရာမ စစ်သင်္ဘောကြီး တစ်စင်းပေါ်သို့ ရောက်ရှိသွားကြသည်။
ကွမ်ဖူ စစ်ဒေသသည် မူလက ကြည်းတပ်စစ်ဒေသဖြစ်သောကြောင့် စစ်သင်္ဘောများ ရှိရန် မဖြစ်နိုင်ပေ။
ယခု မြင်တွေ့နေရသော ဤသင်္ဘောက ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားပြီးနောက်ပိုင်းမှ တည်ဆောက်ထားသည့် သင်္ဘောဖြစ်ကြောင်း သိသာထင်ရှားနေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းပေါ်တွင် အစွမ်းသင်္ကေတ နည်းပညာ အမြောက်အမြား ရှိနေသည်က သိသာနေသောကြောင့်ပင်။
စစ်သင်္ဘောပေါ်တွင် အကာအကွယ်ဒိုင်းများဖြင့် ကာကွယ်ထားပြီး ကင်းလှည့်နေသော စစ်သည်များလည်း သွားလာလှုပ်ရှားနေကြသည်။
ကျန်းယွိကျန်းနှင့် ကျန်းဝမ်ကျင်းတို့ကို တွေ့သောအခါ အားလုံးက အသီးသီး အလေးပြု နှုတ်ဆက်ကြသည်။
ကျန်းယွိကျန်းက လင်းယွမ်ကို ခေါ်ဆောင်ကာ သင်္ဘောပေါ်ရှိ အစည်းအဝေးခန်းမသို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။
ထိုအခါ ဖုန်းကျန့်ကုန်းက စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအချို့နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
ကျန်းယွိကျန်း ဝင်လာသည်ကို မြင်သောအခါ ဖုန်းကျန့်ကုန်းက ခေါင်းမော့ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "တပ်မဟာမှူး... ရောက်လာပြီကိုး"
ထို့နောက် ကျန်းယွိကျန်းနောက်မှ ပါလာသော လင်းယွမ်ကို မြင်လိုက်ရသောအခါ သူ၏ အကြည့်များက ချက်ချင်းပင် စူးရှသွားလေသည်။
"လင်းယွမ်..."
"ဟား ဟား ဟား... နောက်ဆုံးတော့ မင်းက ကောင်းကင်ချောက်နက်ကို လာကြည့်ဖို့ သဘောတူလိုက်ပြီပေါ့လေ... ငါက မင်း ကြောက်လန့်ပြီး ငါ့ကို လာမတွေ့ရဲတော့ဘူးလို့တောင် ထင်နေတာ"
ဖုန်းကျန့်ကုန်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
လင်းယွမ်က ဖုန်းကျန့်ကုန်းအပေါ် များစွာ ရန်လိုစိတ် မရှိပေ... တစ်ဖက်လူက အလွန် စွမ်းအားထက်မြက်သည့် အစွမ်းပိုင်ရှင် တစ်ယောက်သာ ဖြစ်သည်။
သူတို့နှစ်ယောက် တိုက်ခိုက်ဖူးသော်လည်း လင်းယွမ်က ဤလူအပေါ် အတော်လေး အထင်ကြီး လေးစားမိသည်။
ဒီဖုန်းကျန့်ကုန်း ဆိုသည်မှာ ပါရမီရှင် တစ်ယောက်ဖြစ်ပြီး စစ်တပ်၏ အရင်းအမြစ်များကို အားကိုးကာ သူ၏ စွမ်းအားကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်အထိ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။
ဤအရာက အရင်းအမြစ်များ ရှိရုံဖြင့် လုပ်ဆောင်နိုင်သည့် ကိစ္စမဟုတ်ဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းရန်အတွက် ခိုင်မာသော ယုံကြည်ချက်နှင့် သတ္တိများလည်း သေချာပေါက် ရှိရပေမည်။
ယင်းလုပ်ငန်းစဉ်အတွင်း အန္တရာယ် မည်မျှကြီးမားကြောင်းကို လင်းယွမ် အရှင်းလင်းဆုံး သိထားသည်။
"တပ်မဟာမှူးဖုန်း... မတွေ့တာ ကြာပြီ"
လင်းယွမ်က အနည်းငယ် ခေါင်းညိတ်၍ နှုတ်ဆက်လိုက်ပြီးနောက် အစည်းအဝေး တက်ရောက်နေကြသော စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားများကို ကြည့်ကာ မေးလိုက်သည်။ "ဘယ်သူက ဖေယွမ်ဟူလဲ"
ကျန်းယွိကျန်းက အရင်ဦးအောင် ဝင်ပြောလိုက်သည်။ "ကိုလင်းယွမ်... ဖေယွမ်ဟူရဲ့ ကိစ္စကို ခဏလောက် ဘေးဖယ်ထားလို့ မရဘူးလား"
"ကောင်းကင်ချောက်နက်က သတ္တဝါတွေ တိုက်ခိုက်တာကို မင်း ကြည့်ပြီးသွားမှ ငါတို့ ဆက်ပြောကြတာ ဘယ်လိုလဲ"
ဖုန်းကျန့်ကုန်းကလည်း ဤအခိုက်အတန့်တွင် လင်းယွမ် လာရောက်ရသည့် ရည်ရွယ်ချက်ကို နားလည်သွားပြီး မျက်နှာက အနည်းငယ် တင်းမာသွားကာ ပြောလိုက်သည်။ "လင်းယွမ်... မင်းက ပြဿနာ လာရှာတာလား"
"ဖေယွမ်ဟူက ငါ့ရဲ့ စစ်သည်တစ်ယောက် ဖြစ်နေပြီဆိုမှတော့ သူ့ကို မင်းလက်ထဲ ငါ လုံးဝ အပ်မှာ မဟုတ်ဘူး"
"တပ်မမှူး... ခင်ဗျား သူ့ကို သဘောမတူလိုက်ပါဘူးနော်"
ကျန်းယွိကျန်းက ခေါင်းခါလိုက်ပြီး ပြောသည်။ "သဘောမတူပါဘူး... ကောင်းကင်ချောက်နက်ရဲ့ အန္တရာယ်ကြီးမားပုံကို သူ့ကို ပြသချင်လို့ပါ... ဖေယွမ်ဟူက ငါတို့အတွက် ဘယ်လောက် အရေးပါလဲဆိုတာကို သူ သိသွားအောင်လို့လေ"
လင်းယွမ်က သူတို့နှစ်ဦး တစ်ယောက်တစ်ခွန်းဖြင့် ကောင်းကင်ချောက်နက်၏ အန္တရာယ်ကြီးမားမှုကို အထပ်ထပ်အခါခါ အလေးအနက်ထား ပြောဆိုနေကြသည်ကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် အံ့သြသွားမိသည်။
ကောင်းကင်ချောက်နက်က တကယ်ပဲ အဲ့ဒီလောက်တောင် အန္တရာယ် များနေလို့လား။
ဒီကောင်းကင်ချောက်နက် လမ်းကြောင်းက တိမ်မြူကျွန်း ဒီတစ်နေရာတည်းမှာပဲ ရှိတာ မဟုတ်ဘဲ တခြားနေရာတွေမှာလည်း သေချာပေါက် ရှိနေမှာပဲ။
တခြားနေရာတွေမှာ စစ်တပ်လိုမျိုး အင်အားစုတွေ စောင့်ကြပ်နေမှာ မဟုတ်တာ သေချာတယ်... အဲ့ဒီကောင်းကင်ချောက်နက် လမ်းကြောင်းတွေထဲက သတ္တဝါတွေကလည်း အလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက်နေကြပြီ ဖြစ်မှာပဲ။
သို့သော်လည်း ယခုအချိန်အထိ လင်းယွမ်အနေဖြင့် အလွန် အန္တရာယ်ကြီးမားသည့် ကိစ္စရပ်များကို တစ်ခုမှ မတွေ့ရသေးပေ။
ဒါဆိုရင် ဒါက ဖေယွမ်ဟူကို ကာကွယ်ပေးဖို့အတွက် စစ်တပ်က အသုံးပြုနေတဲ့ ဆင်ခြေတစ်ခုလား... ဒါမှမဟုတ် ကောင်းကင်ချောက်နက်က တကယ်ပဲ အလွန် ကြောက်မက်ဖွယ် ကောင်းနေတာလား။
ဆက်ရန်...