အခန်း (၆၃၃-၆၃၄)
Vol. 32 Ch. 633-634
အပိုင်း (၆၃၃) ဖုန်းကျန့်ကုန်းနှင့် တစ်ဖန်ပြန်လည် ယှဉ်ပြိုင်ခြင်း
လင်းယွမ်က စိတ်ထဲတွင် သံသယဖြစ်သွားပြီး ဖုန်းကျန့်ကုန်းကို ကြည့်ကာ ပြောလိုက်သည် "ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ခင်ဗျားကို မနိုင်ခဲ့ဘူး... ဒီနှစ်လကျော်အတွင်း ခင်ဗျားရဲ့ အစွမ်းတွေ တိုးတက်လာသလားဆိုတာ ကျုပ် တကယ် သိချင်နေတာ"
ဖုန်းကျန့်ကုန်းက အကြည့်တို့ကို စူးရှသွားစေပြီး လင်းယွမ်အား စိုက်ကြည့်ကာ မေးလိုက်သည် "ဘယ်လိုလဲ... မင်းက ငါ့ကို စိန်ခေါ်ချင်လို့လား"
လင်းယွမ်က နှုတ်ခမ်းတစ်ဖက် တွန့်ကွေးသွားပြီး "လက်ယားနေလို့ပါ"
"ဟားဟားဟား... ကောင်းပြီ... ကောင်းပြီ... ကောင်းပြီလေ"
"လင်ကျန်းမြို့ တစ်မြို့လုံးမှာ ကောင်းကင်ချောက်နက်ထဲက သန္ဓေပြောင်းသားရဲတွေကလွဲရင်... ငါကိုယ်တိုင် ထွက်တိုက်ရလောက်အောင် တန်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး"
"လင်းယွမ်... မင်းက ငါ့မျက်နှာကို ကြည့်ပြီး စိန်ခေါ်ရဲတဲ့ ပထမဆုံးလူပဲ"
"ဒီနေ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"
ဖုန်းကျန့်ကုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှေ့သို့ ချက်ချင်း ခြေတစ်လှမ်း တိုးကာ "ငါ့နောက် လိုက်ခဲ့"
ထိုသို့ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်က အပေါ်သို့ ခုန်တက်သွားပြီး လေထဲသို့ အလွန် လျင်မြန်စွာ ပျံသန်းသွားလေသည်။
လင်းယွမ်ကလည်း ဘာမှထပ်မပြောတော့ဘဲ အပေါ်သို့ လျင်မြန်စွာ ပျံတက်သွားပြီး တိုက်ရိုက်ပင် နောက်မှ လိုက်သွားခဲ့သည်။
လင်းယွမ် ထပ်ကြပ်မကွာ လိုက်ပါလာသည်ကို မြင်သောအခါ ဖုန်းကျန့်ကုန်းက နှုတ်ခမ်းတစ်ဖက် တွန့်ကွေးသွားပြီး "အလျင်ကတော့ မဆိုးဘူး... ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူး"
"ဝှစ်"
နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်က အရိပ်အယောင်ပင် မကျန်တော့ဘဲ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ လင်းယွမ်က အေးစက်စက် တစ်ချက် ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
အနောက်မှ အပြေးအလွှား လိုက်လာကြသော ကျန်းယွီကျန်း... ကျန်းဝမ်ကျင်းနှင့် ကျောက်ခိုင်တို့ သုံးယောက်မှာ မျက်စိရှေ့တွင် ဝေဝါးသွားပြီး ထိုသူနှစ်ယောက်၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ပေ။
ထိုစဉ် အဝေးဆီမှ ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာသည်။
သူတို့သုံးယောက် အလျင်အမြန် လှမ်းကြည့်လိုက်ရာ အဝေးရှိ မိုင်အနည်းငယ်ခန့်အကွာတွင် ဧရာမ လေလှိုင်းကြီးများ လိမ့်တက်လာပြီး နှင်းပွင့်ကြီးများ လွင့်စင်ကာ နေရာအနှံ့ ပျံဝဲသွားသည်ကို တွေ့လိုက်ရသည်။
လွင့်ဝဲနေသော နှင်းပွင့်များကြားတွင် ဧရာမ သတ္တဝါကြီးနှစ်ကောင်က လူတိုင်း၏ မျက်မှောက်သို့ ရောက်ရှိလာခဲ့သည်။
တစ်ခုမှာ တီရက်စ် ဒိုင်နိုဆောကြီးနှင့် တူပြီး အမြင့် ပေခြောက်ဆယ်ကျော်ခန့်ရှိကာ ဧရာမ ခန္ဓာကိုယ်ကြီး ရှိသည်။ တစ်ကိုယ်လုံးရှိ အကြေးခွံများက အပြာနုရောင် သန်းနေပြီး လျှပ်စစ်မီးတိုင်ကြီးပမာ ကြီးမားလှသော အမြီးကြီးက ခန္ဓာကိုယ်၏ ဟန်ချက်ကို ထိန်းသိမ်းထားပေးသည်။
အဏုမြူဒိုင်နိုဆောပင် ဖြစ်သည်။
ထိုဒိုင်နိုဆောကြီး၏ မျက်နှာချင်းဆိုင်တွင်တော့ အလွန်တရာ ကြီးမားလှသော ဝက်ဝံဖြူကြီး တစ်ကောင် ရှိနေသည်။
ဝက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ထူထဲသော ရေခဲချပ်ဝတ်တန်ဆာကို လွှမ်းခြုံထားပြီး ဧရာမ လက်ဝါးကြီးများပေါ်တွင် ရေခဲများ ထူထပ်စွာ အေးခဲနေကာ ချွန်ထက်သော လက်သည်းများက အေးစက်သော အလင်းရောင်များ တလက်လက် တောက်ပနေ၏။
"ဂါး... ဒီနှစ်လအတွင်း မင်းရဲ့ တိုးတက်မှုက တကယ်ကို မသေးဘူးပဲ... ငါ့ရဲ့ အင်အားကိုတောင် တောင့်ခံနိုင်ပြီး ငါ့အလျင်ကိုပါ အမီလိုက်နိုင်တယ်ပေါ့"
အဏုမြူဒိုင်နိုဆောကြီးက လူစကားကို ပြောဆိုလိုက်ရာ ဖုန်းကျန့်ကုန်း၏ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
လက်ရှိ ရေခဲမြေရိုင်းဝက်ဝံကြီး၏ ခန္ဓာကိုယ်သည်လည်း ပေခြောက်ဆယ်ကျော်အထိ ကြီးမားနေပြီဖြစ်ကြောင်း သူ သိမြင်နေပြီ ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ် တွေ့ဆုံခဲ့စဉ်ကထက် များစွာ ပိုမို မြင့်မားနေသည်။
ယခုအခါ ခန္ဓာကိုယ် အရွယ်အစားကို ကြည့်ရုံဖြင့် သူ့ထက် မသေးငယ်တော့ပေ။
အရွယ်အစားက တစ်ဖက်လူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကိုလည်း ထင်ဟပ်ပြသနေသည်။
ပုံမှန်အားဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့် မြင့်မားလေလေ အသွင်ပြောင်းပြီးနောက်ရှိ သဏ္ဌာန်က မျိုးရိုးဗီဇမြေပုံထဲရှိ သက်ရှိနှင့် ပိုမို နီးစပ်လေလေ ဖြစ်သည်။
ဤမျိုးရိုးဗီဇမြေပုံထဲရှိ သက်ရှိများ၏ နောက်ဆုံးအသွင်သဏ္ဌာန်က မည်မျှအထိ ကြီးမားလာမည်ကို မည်သူမျှ မသိနိုင်ပေ။
ဆယ်ရာခိုင်နှုန်း အဆင့်တွင်ပင် ပေခြောက်ဆယ်ကျော်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့် ဆက်လက် မြင့်တက်လာသည်နှင့်အမျှ အသွင်ပြောင်းပြီးနောက် ခန္ဓာကိုယ် အရွယ်အစားကလည်း သေချာပေါက် ဆက်လက် ကြီးထွားလာဦးမည် ဖြစ်သည်။
ရေခဲမြေရိုင်းဝက်ဝံအဖြစ် အသွင်ပြောင်းထားသော လင်းယွမ်ကလည်း အေးစက်စက် ပြုံးလိုက်ပြီး "ဖုန်းကျန့်ကုန်း... ခင်ဗျားရဲ့ အစွမ်းတွေက နဂိုနေရာမှာပဲ ရပ်တန့်နေတဲ့ပုံပဲ"
"ဒီနှစ်လကျော် အချိန်အတွင်းမှာ... ခင်ဗျားရဲ့ အလျင်နဲ့ ခွန်အားတွေက ဘာမှ တိုးတက်မလာသလိုပဲ"
"ဟားဟားဟား... မင်းကို ကိုင်တွယ်ဖို့တော့ လုံလောက်ပါတယ်ကွ"
"ဘုန်း"
အဏုမြူဒိုင်နိုဆောကြီးက ခြေကို ပြင်းထန်စွာ ဆောင့်နင်းလိုက်ရာ လေထုက ပေါက်ကွဲသွားပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက ချက်ချင်း ပျောက်ကွယ်သွားလေသည်။
မိမိ၏ ဦးခေါင်းထက်မှ ကြောက်မက်ဖွယ် လေပြင်းကြီး ဖိကျလာသည်ကို လင်းယွမ် ခံစားလိုက်ရသည်။
သူ အလျင်အမြန် ခေါင်းမော့လိုက်ပြီး ဧရာမ လက်မောင်းကြီးများကို မြှောက်ကာ အမွေးထူထူ လက်ဝါးကြီးများဖြင့် လေဟာပြင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဝုန်း"
လေဟာပြင်ထဲရှိ လေထုက ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ကြောက်မက်ဖွယ် လေလှိုင်းကြီးများက ဟိန်းဟောက် မြည်ဟည်းသွားသည်။
အဏုမြူဒိုင်နိုဆောကြီးက လေထက်တွင် ပေါ်လာပြီး ခြေတစ်ဖက်ဖြင့် ပြင်းထန်စွာ ဖိနင်းချလာသည်ကို တွေ့လိုက်ရသည်။
ရေခဲမြေရိုင်းဝက်ဝံကြီးက လက်ဝါးဖြင့် ပြန်လည် ရိုက်ချလိုက်ရာ သူတို့နှစ်ဦး ရင်ဆိုင်မိသည့် နေရာမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
သူတို့နှစ်ဦးကို ဗဟိုပြု၍ ကြောက်မက်ဖွယ် လေလှိုင်းကြီးများက တုန်ခါမှုလှိုင်းကြီးများအလား အလွန် လျင်မြန်စွာ ပေါက်ကွဲ လွင့်စင်သွားသည်။
အဏုမြူဗုံး ပေါက်ကွဲသွားသည့်အလား ကြောက်မက်ဖွယ် ရိုက်ခတ်မှုစွမ်းအားက ပတ်ဝန်းကျင်ရှိ နှင်းပြင်ကြီးကို လွင့်စင်သွားစေပြီး သုံးပေခန့် နက်သော ဧရာမ တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
နှစ်ဖက်စလုံး တစ်ချက်စီ တိုက်ခိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် ယိမ်းယိုင်ကာ နောက်ဆုတ်သွားကြသည်။
အပြန်အလှန် စမ်းသပ်ကြည့်ပြီးနောက် တစ်ဖက်လူ၏ လက်ရှိ ခွန်အားပမာဏကို နှစ်ဦးစလုံး ချက်ချင်း နားလည်သွားကြသည်။
ရေခဲမြေရိုင်းဝက်ဝံကြီးက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး "ဟက်ဟက်... ခင်ဗျား တကယ်ပဲ နည်းနည်းလေးမှ တိုးတက်မလာဘူးပဲ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုက ၁၀ ရာခိုင်နှုန်းကို ရောက်လာတော့ ဆက်ပြီး တိုးတက်ဖို့ ခက်ခဲသွားပြီ မဟုတ်လား"
အဏုမြူဒိုင်နိုဆောကြီးက လေထဲတွင် တစ်ပတ် လိမ့်သွားပြီး မြေပြင်ပေါ်သို့ ပြန်ကျလာသည်။
ဧရာမ ခန္ဓာကိုယ်ကြီးက ပေခြောက်ဆယ်ကျော် မြင့်မားသော အသားတောင်ကြီး တစ်တောင်အလား နှင်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။
ချက်ချင်းပင် ကြီးမားလှသော နှင်းပြင်ကြီးပေါ်တွင် ဧရာမ တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ထိုတွင်းပေါက်ကြီး အောက်ရှိ အေးခဲနေသော ကြောက်မက်ဖွယ် ရေခဲလွှာများကိုပင် ရှင်းလင်းစွာ မြင်တွေ့နိုင်နေပြီ ဖြစ်သည်။
"ဖွီး"
အဏုမြူဒိုင်နိုဆောကြီးက တံတွေးတစ်ချက် ထွေးလိုက်ပြီး လင်းယွမ်အား စူးစိုက်ကြည့်ကာ မေးလိုက်သည် "မင်းရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှု အဆင့်က ၁၀ ရာခိုင်နှုန်းကို ကျော်သွားပြီလား"
"ဟားဟား... အရမ်း အံ့သြသွားတာလား... ကျုပ် ဒီကို လာကတည်းက ခင်ဗျားကို အနိုင်ယူဖို့ အသင့်ပြင်ပြီးသားပေါ့"
"ဒါမှမဟုတ်ရင် ကျုပ်က ဘာလို့ ဒီလောက် ကြာအောင် စောင့်နေခဲ့တယ်လို့ ထင်နေတာလဲ"
ရေခဲမြေရိုင်းဝက်ဝံကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နောက်တစ်စက္ကန့်တွင် အပေါ်ပိုင်းကိုယ်ထည်ကို မြေပြင်သို့ ပြင်းထန်စွာ လှဲချကာ ခြေလက်လေးဖက်ဖြင့် အဏုမြူဒိုင်နိုဆောကြီးဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖုန်းကျန့်ကုန်း၏ မျက်လုံးများထဲတွင် မှိုင်းညို့သော အပြာရောင်အလင်းတန်းများ ချက်ချင်း တောက်ပလာသည်။
"ငါ့ကို အနိုင်ယူမယ်... ဒီလောက် အစွမ်းလေးနဲ့က မလုံလောက်သေးဘူးကွ"
သူက ပါးစပ်ကို ပြင်းထန်စွာ ဟလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ပါးစပ်ထဲတွင် အပြာရောင်အလင်းတန်းများ လျင်မြန်စွာ စုဝေးလာသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အဏုမြူရောင်ခြည်ကြီးကို အပြင်းအထန် မှုတ်ထုတ်လိုက်တော့သည်။
ရူးသွပ်စွာ ပြေးဝင်လာသော ရေခဲမြေရိုင်းဝက်ဝံကြီးက လေထဲသို့ ခုန်တက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းအောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား... အဏုမြူရောင်ခြည်လား... လာစမ်းပါ"
"ချွမ်း... ချွမ်း"
ရေခဲပြာရောင် ရေခဲတုံးများစွာက အလွန် လျင်မြန်စွာ စုစည်းဖြစ်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် ၎င်း၏ ခန္ဓာကိုယ် အပြင်ဘက်၌ အလွန်တရာ ကြီးမားလှသော ရေခဲဘောလုံးကြီး တစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားလေသည်။
ထိုရေခဲဘောလုံးကြီး၏ လုံးပတ်သည် ပေ တစ်ထောင့်ခြောက်ရာကျော်ပင် ရှိနေသည်။
ထို့နောက် လေထဲမှနေ၍ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ထိုးဆင်းလာတော့သည်။
"ကြယ်ရေခဲဘောလုံး"
"ဝှစ်"
ကြောက်မက်ဖွယ် ရေခဲဘောလုံးကြီးက ဥက္ကာပျံဂြိုဟ်ကြီး တစ်ခုအလား အဏုမြူရောင်ခြည်ဆီသို့ ရူးသွပ်စွာ ပစ်ဝင်သွားလေသည်။
ထိုစွမ်းအင်နှစ်ခုသည် လေဟာပြင်ထဲတွင် ပြင်းထန်စွာ ဝင်တိုက်မိသွားတော့သည်။
တစ်ခဏအတွင်းမှာပင် အဏုမြူရောင်ခြည်၏ စွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများက အရပ်လေးမျက်နှာသို့ လွင့်စင် ထွက်ပေါ်သွားသည်။
ကြယ်ရေခဲဘောလုံးကြီးက ထိုကြောက်မက်ဖွယ် ရိုက်ခတ်မှုစွမ်းအားကို တောင့်ခံထားရင်း ရူးသွပ်စွာ ဝင်တိုက်လာသည်။
ခိုင်မာလှသော ရေခဲဘောလုံးကြီး၏ အကာအကွယ်ဖြင့် မှုတ်ထုတ်လိုက်သော အပြာရောင်အလင်းတန်းများကို အတင်းအဓမ္မ ဖိနှိပ်ထားလေသည်။
ရေခဲဘောလုံးကြီး၏ အပြင်ဘက် မျက်နှာပြင်သည်လည်း သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်သော အလျင်ဖြင့် လျင်မြန်စွာ အရည်ပျော်ပြီး အငွေ့ပျံသွားလေသည်။
ထိုအဏုမြူရောင်ခြည်၏ ကြောက်မက်ဖွယ် အပူချိန်က ဒီဂရီ တစ်ထောင်ကျော်ကို ကျော်လွန်နေမည်မှာ သေချာသည်။
ကြယ်ရေခဲဘောလုံး၏ ရေခဲလွှာသည် အလွန်အေးခဲသော အပူချိန်ဖြင့် စုစည်းထားခြင်း ဖြစ်သော်လည်း ဤကဲ့သို့သော အပူချိန်ကိုမူ မတားဆီးနိုင်ပေ။
သို့သော် ကိစ္စမရှိပေ... ဤရေခဲကြယ်ကြီးသည် လုံလောက်စွာ ထူထဲနေပြီး အစားထိုး ဖြည့်ဆည်းသည့် အလျင်ကလည်း အလွန် လျင်မြန်ပေသည်။
အလွန်ပူပြင်းသော ရောင်ခြည်များက ဤကြောက်မက်ဖွယ် အအေးဒဏ်ရှိသော ရေခဲဘောလုံးကြီးနှင့် ထိတွေ့မိသောအခါတွင် အပူချိန်များ လျင်မြန်စွာ ကျဆင်းသွားပြီး ရူးသွပ်စွာ အရည်ပျော်သွားလေသည်။
စွမ်းအင်နှစ်ခုကြားတွင် ပထမဆုံးအကြိမ် ပေါက်ကွဲသံကြီး ထွက်ပေါ်ပြီးနောက်...
ဆက်တိုက်ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းလှသည့် အပြန်အလှန် တိုက်ခိုက်မှုများကြားတွင် အသံတိတ် အရည်ပျော်ကာ အငွေ့ပျံနေတော့သည်။
အလွန်ကျယ်လောင်သော အသံက အသံတိတ်သွားသည်ဆိုသည်မှာ ဤအရာပင် ဖြစ်ပေမည်။
အချိန်အတော်ကြာပြီးမှသာ ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးများက ကျောက်ခိုင်... ကျန်းယွီကျန်းနှင့် ကျန်းဝမ်ကျင်းတို့ သုံးယောက်၏ နားထဲသို့ ဝင်ရောက်လာတော့သည်။
"ဘာ"
"သူက ဦးလေးဖုန်းရဲ့ အဏုမြူရောင်ခြည်ကို တောင့်ခံနိုင်တယ်ပေါ့" ကျန်းဝမ်ကျင်းက မယုံကြည်နိုင်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။
ကျန်းယွီကျန်းသည်လည်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မယုံကြည်နိုင်ဖြစ်နေသည် "တိုတောင်းလှတဲ့ နှစ်လကျော် အချိန်လေးအတွင်းမှာ သူ့ရဲ့ တိုးတက်မှုက ဒီလောက်တောင် ကြီးမားနေတာလား"
ကျောက်ခိုင်ကမူ ကြိုသိနေသည့်အလား မျက်နှာပေါ်တွင် အပြုံးများ အပြည့်ဖြစ်နေပြီး ဘေးရှိ ကျန်းယွီကျန်းတို့ သားအဖနှစ်ယောက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"ဟဟ... အစ်ကိုလင်းက ဘယ်တော့မှ မသေချာတဲ့ ကိစ္စမျိုးကို မလုပ်ဘူး... တပ်မမှူးကျန်း... ဒီတစ်ခေါက် ခင်ဗျား ဖိန်ယွမ်ဟူကို မအပ်ရင် အလွယ်တကူ ပြီးဆုံးနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်"
ကျန်းယွီကျန်း၏ အကြည့်များက အနည်းငယ် မှုန်မှိုင်းသွားပြီး ဘာမှ မပြောတော့ပေ။
ကျန်းဝမ်ကျင်းက ခေါင်းလှည့်ကာ ဒေါသတကြီးဖြင့် "ဒီမှာ ရှင် ဝင်ပြောစရာ အခွင့်အရေး ရှိလို့လား"
ကျောက်ခိုင်က ချက်ချင်းပင် ဒေါသထွက်သွားပြီး ကျန်းဝမ်ကျင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ကျန်းဝမ်ကျင်းက လှောင်ပြုံး ပြုံးလိုက်ပြီး "ဘာလဲ... လက်ပါချင်လို့လား... ရှင်ကရော ကိုယ့်ကိုယ်ကိုယ် လင်းဆိုတဲ့လူများ မှတ်နေသလား"
ကျောက်ခိုင်က ရုတ်တရက် အေးစက်စက် ပြုံးလိုက်ပြီး "ငါက အစ်ကိုလင်း မဟုတ်ပေမဲ့ ထိုက်ယန်တောင်ရဲ့ ဂုဏ်သိက္ခာကိုတော့ အကျခံမှာ မဟုတ်ဘူး"
"ဝှစ်"
ကျောက်ခိုင်၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ရှားသွားပြီး တစ်ကိုယ်လုံးတွင် ရေခဲချပ်ဝတ်တန်ဆာ ဖုံးလွှမ်းသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သုညဒီဂရီ ဝတ်စုံကို ဝတ်ဆင်ပြီးသား ဖြစ်သွားလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကျန်းဝမ်ကျင်းသည်လည်း ချက်ချင်းပင် အေးစက်စက် ပြုံးလိုက်ပြီး လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း လေထဲတွင် မီးတောက်မီးလျှံများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
မီးနဂါးတစ်ကောင်က ချက်ချင်းပင် သူမကို ဝိုင်းပတ်ကာ ကခုန်လှုပ်ရှားနေလေသည်။
"မီးဓာတ်လား"
ကျောက်ခိုင်က ချက်ချင်း မျက်ခုံးပင့်လိုက်ပြီး အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူက ရေခဲဓာတ် အစွမ်းပိုင်ရှင်ဖြစ်ပြီး ယခုအချိန်ကလည်း နှင်းများ ဖုံးလွှမ်းနေသော ရေခဲပြင်ကြီးထဲတွင် ဖြစ်သည်။
သူ၏ ရေခဲဓာတ် စွမ်းအားများက များစွာ တိုးတက်နေပြီး တစ်ဖက်လူ၏ မီးဓာတ်ကမူ မည်သို့မျှ အသာစီး မရနိုင်ပေ။
ပို၍ အရေးကြီးသည်မှာ တစ်ဖက်လူ၏ ကိုယ်ပေါ်မှ မည်သည့် အန္တရာယ်ရှိသော အငွေ့အသက်ကိုမျှ သူ မခံစားရခြင်းပင် ဖြစ်သည်။
သူ၏ အဓိက အရည်အသွေးက ၁၀၀ မှတ်ကို ကျော်လွန်နေပြီ ဖြစ်သည်။
ကျန်းဝမ်ကျင်းက ယခုအချိန်အထိ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ လျှို့ဝှက်ချက်ကို နားမလည်နိုင်သေးဘဲ ၁၀၀ မှတ်တွင်သာ ပိတ်မိနေဆဲ ဖြစ်သည်။
ယခုအချိန်တွင် နှစ်ဖက် ရင်ဆိုင်နေရရာ အရှိန်အဝါပိုင်း၌ တစ်ဖက်နှင့်တစ်ဖက် အင်အားမျှတနေသည့် ခံစားချက်မျိုး ရှိနေသည်။
ကျန်းယွီကျန်းက သူတို့နှစ်ဦးကို တစ်ချက် ကြည့်လိုက်သော်လည်း တားဆီးခြင်း မပြုပေ။
ကျန်းဝမ်ကျင်းက ထိုသို့မြင်သောအခါ သူမ ဖခင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
ထို့ကြောင့် အေးစက်စက် တစ်ချက် ပြုံးလိုက်ပြီး "ဒါဆိုလည်း ရှင့်မှာ ဘာအစွမ်းတွေရှိလို့ ဒီလောက် မောက်မာနေရတာလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
"ဝှစ်"
သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မီးနဂါးက ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ယံ တစ်ခွင်ရှိ မီးတောက်များကို ရစ်ပတ်ကာ ကျောက်ခိုင်ဆီသို့ ရူးသွပ်စွာ ဝါးမျိုရန် ပြေးဝင်သွားတော့သည်။
ကျောက်ခိုင်သည်လည်း အေးစက်စက် ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
"ချွမ်း... ချွမ်း"
လေထဲတွင် ရေခဲနှင်းများ လျင်မြန်စွာ စုစည်းသွားပြီး ရေခဲချွန်များဖြင့် ဖွဲ့စည်းထားသော ဧရာမ ရေခဲနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။
ရေခဲနဂါးနှင့် မီးနဂါးတို့က လေထဲတွင် ရူးသွပ်စွာ ဝင်တိုက်ကာ အပြန်အလှန် ကိုက်ဖြတ်နေကြသည်။
အလွန်အေးခဲမှုနှင့် အလွန်ပူပြင်းမှုတို့ ရင်ဆိုင်မိသွားပြီး ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးများ ဖြစ်ပေါ်လာတော့သည်။
ရေခဲများက မီးနှင့် တွေ့သောအခါ လျင်မြန်စွာ အရည်ပျော်သွားသည်။
သို့သော် ရေခဲများ အရည်ပျော်ပြီး ရေဖြစ်သွားသောအခါ မီးတောက်များကို လျင်မြန်စွာ ပြန်လည် ငြှိမ်းသတ်ပစ်လိုက်လေသည်။
ထိုအချိန်မှာပင် သူတို့နှစ်ဦးက တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။
ခန္ဓာကိုယ်များက လေထဲတွင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။
နောက်တစ်စက္ကန့်တွင် လေထဲ၌ လူရိပ်နှစ်ခုက လျင်မြန်စွာ လက်ခနဲဖြစ်သွားပြီး လက်သီးများဖြင့် ရူးသွပ်စွာ ထိုးကြိတ် တိုက်ခိုက်နေကြသည်။
လက်ခနဲ ဖြစ်ပေါ်နေသော လှုပ်ရှားမှုက အလွန် လျင်မြန်လှရာ တစ်ခါတစ်ရံ မီးတောက်များအဖြစ် ပေါက်ကွဲသွားပြီး မိုင်အနည်းငယ်အထိ ပျောက်ကွယ်သွားတတ်သည်။
တစ်ခါတစ်ရံ ရေခဲနံရံများက လေထဲတွင် ပေါ်လာပြီး မီးတောက်များ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ ကာကွယ်လိုက်သည်။
သာမန်လူများသာ ဤနေရာတွင် ရှိနေပါက ထိုနှစ်ဦး၏ လှုပ်ရှားမှုကို လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ပေ။
အချိန်တိုလေးအတွင်းမှာပင် ရုတ်တရက် လေဟာပြင်ထဲ၌ ရေခဲများဖြင့် ဖွဲ့စည်းထားသော ဧရာမ လိပ်ခွံကြီး တစ်ခုက ချက်ချင်း ပွင့်ဟလာသည်။
"ချွမ်း" လိပ်ခွံပုံစံ ရေခဲချပ်ဝတ်က ဧရာမ စက်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုမီးနီရောင် အလင်းတန်းကို တိုက်ရိုက် လွှမ်းခြုံ ဖုံးအုပ်လိုက်လေသည်။
မီးတောက်များက လိပ်ခွံထဲတွင် ဟိုဟိုဒီဒီ ရူးသွပ်စွာ ထိုးဖောက် တိုက်ခိုက်နေပြီး ရေခဲလိပ်ခွံကို အပြင်းအထန် ဝင်တိုက်နေကြသည်။
သို့သော် ရေခဲလိပ်ခွံ၏ အကာအကွယ်က ထင်မှတ်မထားလောက်အောင် ခိုင်မာလှသည်။
မီးတောက်များက မည်မျှပင် လောင်ကျွမ်းစေကာမူ အဆုံးတိုင်အောင် ပျက်စီးမသွားခဲ့ပေ။
ထိုမျှမက အပြင်ဘက်ရှိ နှင်းများ ပိုမို များပြားလာသည်နှင့်အမျှ ရေခဲလိပ်ခွံကလည်း ပိုမို ထူထဲလာတော့သည်။
ကျောက်ခိုင်၏ ခန္ဓာကိုယ်က ရေခဲလိပ်ခွံ၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာပြီး လက်နှစ်ဖက်ဖြင့် ရေခဲလိပ်ခွံပေါ်သို့ ဖိချလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ် ရေခဲများက လိပ်ခွံအတွင်းပိုင်းသို့ အလွန် လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။
"မကျန်း... ကျွန်တော့်ရဲ့ ဒီအကွက်ကိုရော သဘောကျရဲ့လား"
စက်လုံးပုံစံ ရေခဲလိပ်ခွံအတွင်း၌ အအေးဓာတ်များ ပိုမို စုစည်းလာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်အောက်တွင် အတွင်းပိုင်းသို့ ရေခဲများ လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။
ကျန်းဝမ်ကျင်း၏ မီးတောက်များက မည်သို့ပင် လောင်ကျွမ်းနေစေကာမူ ဆက်လက် ထိန်းသိမ်းထားရန် ခက်ခဲလာပြီး တဖြည်းဖြည်း သေးငယ်လာကာ မီးတောက်များ အဆက်မပြတ် အားနည်းလာတော့သည်။
မီးလူသားအဖြစ် ပြောင်းလဲထားသော သူမက ခေါင်းမော့ကာ ကျောက်ခိုင်ကို ဒေါသတကြီး စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည် "ကောင်းလိုက်တဲ့ ထိုက်ယန်တောင်ပဲ... ရှင်လို အစွမ်းပိုင်ရှင်မျိုး ရှိနေမယ်လို့ မထင်ထားဘူး... အရင်တုန်းက တစ်ခါမှ မျက်နှာမပြဖူးပါလား"
"ဒါပေမဲ့ ရှင်က နိုင်ပြီလို့ ထင်နေတာလား"
သူမက ရုတ်တရက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အနီရင့်ရောင် သေတ္တာလေး တစ်လုံး ပစ်ချလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် ထိုသေတ္တာက မလှမ်းမကမ်းရှိ ရေခဲလိပ်ခွံ နံရံပေါ်တွင် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
"အုန်း"
ဧရာမ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သင်္ကေတများက ရူးသွပ်စွာ တောက်ပလာသည်။
တစ်ခဏအတွင်းမှာပင် ရေခဲလိပ်ခွံကြီးက ချက်ချင်း ရပ်တန့်သွားပြီး အတွင်းပိုင်းရှိ အစွမ်းအမှုန်များ၏ သက်ဝင်လှုပ်ရှားမှုက လျင်မြန်စွာ ကျဆင်းသွားကာ စွမ်းအင်များ လည်ပတ်၍ မရတော့ပေ။
တစ်ချိန်တည်းမှာပင် ကျန်းဝမ်ကျင်းက လက်သီးတစ်ချက်ဖြင့် အနီရောင်သင်္ကေတများ မပေါက်ကွဲသွားသော အခြားတစ်ဖက်ရှိ ဧရိယာဆီသို့ ပြင်းထန်စွာ ထိုးချလိုက်သည်။
"ဝုန်း"
လက်သီးစွမ်းအားက ပြင်းထန်လှပြီး မီးတောက်များ ပေါက်ကွဲထွက်သွားရာ ချက်ချင်းပင် ရေခဲလိပ်ခွံ တစ်ခုလုံးတွင် အက်ကွဲကြောင်းများ ပေါ်လာတော့သည်။
သူမ၏ ခန္ဓာကိုယ်က တစ်ချက် ယိမ်းနွဲ့သွားပြီး အပူလှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း ရေခဲလိပ်ခွံထဲမှ တိုက်ရိုက် ထွက်ပြေးသွားလေသည်။
ကျောက်ခိုင်၏ မျက်နှာက မှောင်မိုက်သွားပြီး "စွမ်းအင်ချိတ်ပိတ် သင်္ကေတဗုံးလား" ဟု ပြောလိုက်သည်။
သူက လွတ်မြောက်သွားသော ကျန်းဝမ်ကျင်းကို မော့ကြည့်ကာ သရော်လိုက်သည် "ဒါက မင်းရဲ့ အစွမ်းလား"
"ဟုတ်တော့ရော ဘာဖြစ်လဲ... လက်နက်ဆိုတာ လူတွေ သုံးဖို့အတွက်ပဲ... ငါတို့ စစ်တပ်မှာ ချိတ်ပိတ် သင်္ကေတဗုံး ရှိတယ်... နင်တို့ဆီမှာရော ရှိလို့လား"
"မရှိရင်လည်း အထိုးခံဖို့သာ ပြင်ထားလိုက်တော့"
ကျန်းဝမ်ကျင်းက ရှက်ရကောင်းမှန်း မသိဘဲ ဆက်တိုက် လှောင်ပြုံး ပြုံးနေလေသည်။
ချင်မင်းဆက် နှောင်းပိုင်းတွင် နိုင်ငံခြားသားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်မှာ နိုင်ငံခြားသားများတွင် အဆင့်မြင့် လက်နက်များ ရှိသောကြောင့်သာ ထိုသို့ လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လက်နက်ဆိုသည်မှာ အမြဲတမ်း အင်အား၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ သူမက စစ်သားတစ်ယောက် ဖြစ်သဖြင့် လက်နက်ကို အကျိုးရှိရှိ အသုံးပြုခြင်းသည် ဘယ်သောအခါမှ အရှက်ရစရာဟု မခံစားရပေ။
ဒါကလည်း စွမ်းရည်တစ်ရပ်ပင် ဖြစ်ပေသည်။
ဆက်ရန်...
အပိုင်း(၆၃၄) ကောင်းကင်ချောက်နက် ပွင့်လာခြင်း
တိုက်ကွက်အောင်မြင်သွားသဖြင့် ကျန်းဝမ်ကျင်းက ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ဆလင်ဒါပုံစံ လက်နက်တစ်ခုကို ထပ်ထုတ်လိုက်သည်။
ထိုဆလင်ဒါမှာ မည်းနက်နေပြီး ၎င်းပေါ်တွင် ရှုပ်ထွေးသော မျဉ်းကြောင်းများစွာကို ရေးထွင်းထား၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းက သင်္ကေတလက်နက်တစ်ခုမှန်း သိသာလှသည်။
"ဟင်းဟင်း... စကားစပ်လို့ ပြောရဦးမယ်... အခု ရှင့်ရှေ့မှာ မြင်နေရတဲ့ လက်နက်တွေအားလုံးက ကျွန်မကိုယ်တိုင် တီထွင်ထားတာတွေချည်းပဲ... ဒါဆို ဒါက ကျွန်မရဲ့စွမ်းဆောင်ရည် မဟုတ်ဘူးလို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ"
ကျန်းဝမ်ကျင်းက မာနတခွဲသားဖြင့် ခလုတ်ကို ဆွဲညှစ်လိုက်သည်။
"ဝုန်း"
ထိုခဏ၌ ဆလင်ဒါပေါ်မှ အလင်းရောင်များ ရုတ်တရက် လင်းလက်သွားပြီး အနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာကာ စွမ်းအင်အလင်းတန်းတစ်ခုက ကျောက်ခိုင်ဆီသို့ လျှပ်တစ်ပြက် ပြေးဝင်သွားသည်။
ထိုစွမ်းအင်လှိုင်း၏ အင်အားက ဒုံးကျည်တစ်စင်းပမာ ကောင်းကင်ယံကို ဆုတ်ဖြဲလျက် ရူးသွပ်စွာ မြည်ဟည်းနေ၏။
ကျောက်ခိုင် မျက်နှာပျက်သွားပြီး လက်ဝါးနှစ်ဖက်ကို လေဟာပြင်ဆီသို့ အားကုန် တွန်းထုတ်လိုက်ရာ ချက်ချင်းပင် ထူထဲသော ရေခဲနံရံကြီးတစ်ခု ဖြစ်တည်လာသည်။
သို့ရာတွင် ထိုအနီရောင် စွမ်းအင်အလင်းတန်း၏ အင်အားက အလွန် ကြီးမားလွန်းနေသည်။
ရေခဲနံရံနှင့် ဝင်တိုက်မိသည့် တစ်ခဏချင်းမှာပင် အလင်းတန်းက ပြင်းထန်စွာ ပေါက်ကွဲထွက်သွား၏။
ရေခဲနံရံကြီးက အက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် ဝုန်းခနဲ ပျက်စီးသွားကာ ချက်ချင်းပင် ရေစီးကြောင်းများအဖြစ် အရည်ပျော်ကျသွားတော့သည်။
ဤအနီရောင် စွမ်းအင်အလင်းတန်းတွင် အလွန် ပြင်းထန်သော အပူချိန် ပါဝင်နေခြင်း ဖြစ်သည်။
"ဟားဟားဟား... ထိုက်ယန်တောင်က လူတွေဆိုတာလည်း ဒီလောက်ပါပဲလား"
ကျန်းဝမ်ကျင်းက ကျယ်လောင်စွာ ရယ်မောရင်း လက်ထဲမှ ခလုတ်ကို ဆက်တိုက် ဆွဲညှစ်လိုက်သည်။
ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာပြီး စွမ်းအင်အလင်းတန်းများက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာ၏။
ကောင်းကင်ယံကြီးသည် စစ်တုရင်ခုံတစ်ခုပမာ အနီရောင် အလင်းတန်းများဖြင့် ယှက်နွှယ် ရှုပ်ထွေးသွားသည်။
ကျောက်ခိုင်၏ သုညဒီဂရီ ဝတ်စုံဖြင့်ပင် အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိပေ။
အလင်းတန်းနှင့် ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမ အင်အားကြီးတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ချက်ချင်း လွင့်စင်သွားရသည်။
ကံကောင်းသည်မှာ ၎င်းဝတ်စုံ၏ အကာအကွယ်စွမ်းအားက အလွန် မြင့်မားပြီး သူ၏ ပင်ကိုယ်အစွမ်း ဖြစ်နေသောကြောင့်သာ ဒဏ်ရာမရခဲ့ခြင်း ဖြစ်သည်။
ယင်းကိုမြင်သောအခါ ကျောက်ခိုင်၏ မျက်နှာက အေးစက်ခက်ထန်သွားပြီး "မင်းဆီမှာပဲ အစွမ်းလက်နက်တွေ ရှိတယ်လို့ ထင်နေတာလား... ငါတို့ ထိုက်ယန်တောင်က သင်္ကေတလက်နက်တွေကိုလည်း မင်းကို ပြရသေးတာပေါ့"
ကျောက်ခိုင်က လက်လှမ်းကာ ဆွဲယူလိုက်သည်နှင့် သင်္ကေတကျောက်တုံးတစ်ခုက သူ၏လက်ထဲသို့ ရောက်ရှိလာပြီး နောက်တစ်စက္ကန့်တွင်တော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ကျန်းဝမ်ကျင်း ချက်ချင်း လန့်သွားပြီး အကြည့်များက ပတ်ပတ်လည်သို့ ဝေ့ဝဲရှာဖွေလိုက်သော်လည်း ကျောက်ခိုင်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
"ကိုယ်ပျောက်တာလား"
ကျန်းဝမ်ကျင်း တစ်စုံတစ်ရာကို ချက်ချင်း ရိပ်မိသွားသည်။
တစ်ဖက်လူက ကိုယ်ပျောက်နိုင်သည့် သင်္ကေတလက်နက် တစ်မျိုးမျိုးကို အသုံးပြုသွားခြင်း ဖြစ်ရမည်။
သို့သော် ဤအရာက သူမအတွက်တော့ မခက်ခဲလှပေ။
သူမက မျက်မှန်တစ်လက်ကို ထုတ်ယူကာ ဘယ်ဘက်မျက်လုံးတွင် တပ်ဆင်လိုက်သည်။ ၎င်းက စွမ်းအင်တိုင်းမျက်မှန် ဖြစ်သည်။
စွမ်းအင်တိုင်းမျက်မှန်က အရာဝတ္ထုများ၏ စွမ်းအင်လှိုင်းများကို ထိရောက်စွာ ခွဲခြားသိမြင်နိုင်သည်။
သူမ၏ အကြည့်များက ပတ်ဝန်းကျင်ကို လျင်မြန်စွာ ဝေ့ဝဲကြည့်ရှုလိုက်ပြီး ပုံမှန်မဟုတ်သော စွမ်းအင်လှိုင်းများ ရှိနေသည့် မည်သည့်နေရာကိုမဆို တုံ့ဆိုင်းနေခြင်းမရှိဘဲ ပစ်ခတ်တော့သည်။
"ဝုန်း"
တစ်ချက် ပစ်ခတ်လိုက်သည်နှင့် အနီရောင်အလင်းများ ပေါက်ကွဲထွက်သွား၏။
သို့သော် ရှေ့ဘက်ရှိ ဟာလာဟင်းလင်းဖြစ်နေသော နေရာ၌ မည်သည့်အရာမှ ရှိမနေပေ။
နောက်တစ်စက္ကန့်တွင်တော့ သူမ၏ နားရွက်နောက်မှ လေတိုက်ခတ်သံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်တစ်ခု ရိုက်ခတ်လာသည်။
"ဘုန်း"
လက်သီးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး လေဟာပြင်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာကာ သူမ၏ ကျောဘက်တွင် ရုတ်တရက် ပေါ်လာ၏။
ဤလက်သီးချက်ကို ကျောက်ခိုင်က အင်အားလျှော့ကာ ကျန်းဝမ်ကျင်း၏ ကျောပြင်ကို တိုက်ရိုက် ထိုးချလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်များက ကျန်းဝမ်ကျင်း၏ တစ်ကိုယ်လုံးကို ချက်ချင်း အေးခဲသွားစေသည်။
သူမ၏ ခန္ဓာကိုယ်အတွင်းမှ မီးတောက်များ ထွက်ပေါ်လာသော်လည်း အချိန်တိုအတွင်း ထိုအအေးဓာတ်ကို အရည်ပျော်သွားစေရန် မတတ်နိုင်သေးပေ။
ကျောက်ခိုင်က လက်လှမ်းကာ ကျန်းဝမ်ကျင်း၏ လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး အေးစက်စက် ပြုံးလိုက်သည်။
"ဒါက စစ်တပ်ရဲ့ အရည်အချင်းဆိုတာလား"
ကျန်းဝမ်ကျင်း၏ မျက်နှာက နီရဲသွားပြီး အလွန်အမင်း ဒေါသထွက်သွားသည်။
ဤစကားက စောစောက သူမ ထိုက်ယန်တောင်ကို လှောင်ပြောင်ခဲ့သည့် စကားပင် ဖြစ်သည်။
ယခုတော့ တစ်ဖက်လူက အတိုးချကာ ပြန်လည်ပေးဆပ်လိုက်ပြီ ဖြစ်သည်။
ကျောက်ခိုင်က အေးစက်စက် ပြုံးရင်း "ငါ့လက်ထဲမှာသာ ဓားတစ်လက် ရှိနေမယ်ဆိုရင် မင်းခေါင်း ပြတ်သွားတာ ကြာလှပြီ"
သူက လက်ကို ခါထုတ်လိုက်ပြီး ကျန်းဝမ်ကျင်းကို မြေပြင်ဆီသို့ အားကုန် ပစ်ပေါက်လိုက်သည်။
ဝုန်းခနဲ မြည်သံနှင့်အတူ ကျန်းဝမ်ကျင်းက နှင်းပြင်အောက်ခြေအထိ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။
ထိုနောက် ချက်ချင်းပင် မီးတောက်များ ပြင်းထန်စွာ ပန်းထွက်လာပြီး သူမက နှင်းပြင်ထဲမှ ခုန်ထွက်လာကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
သူမ၏ မျက်လုံးများက မီးပွင့်ထွက်မတတ် ဖြစ်နေပြီး "ကျွန်မ မရှုံးသေးဘူး" ဟု အော်ဟစ်လိုက်သည်။
ကျောက်ခိုင် မျက်မှောင်ကြုတ်သွားပြီး တစ်ဖက်လူက အခြေအနေကို နားမလည်ကြောင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
စောစောကသာ သူ အင်အားမလျှော့ခဲ့လျှင် တစ်ဖက်လူက သေသွားသည်မှာ ကြာလှပြီ ဖြစ်သည်။
ကျန်းဝမ်ကျင်းက ဆက်လက် တိုက်ခိုက်ချင်သေးသော်လည်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်တွင်းမှ အအေးဓာတ်များက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
ထိုခဏ၌ သူမ ထုတ်လွှတ်ထားသော မီးတောက်များ ချက်ချင်း ငြိမ်းသတ်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း စက်ရပ်သွားသော ကားတစ်စီးပမာ မြေပြင်ပေါ်သို့ ယိုင်နဲ့နဲ့ ပြုတ်ကျသွားကာ ပါးစပ်ထဲမှ သွေးတစ်ပွက် ပန်းထွက်လာတော့သည်။
"ဖူး"
သွေးများ ပန်းထွက်လာသော်လည်း ၎င်းတို့တွင် အအေးဓာတ်များ စိမ့်ထွက်နေဆဲပင် ဖြစ်သည်။
ကျောက်ခိုင် မျက်ခုံးပင့်သွားပြီး ဒီမိန်းမရဲ့ မီးဓာတ်အစွမ်းက သူ့ရဲ့ ရေခဲအစွမ်းကြောင့် ဖိနှိပ်ခံလိုက်ရတာ သေချာသွားပြီဖြစ်ကြောင်း စိတ်ထဲမှ တွေးလိုက်သည်။
ခန္ဓာကိုယ်ထဲကို အအေးဓာတ်တွေ ဝင်သွားတာတောင် အချိန်မီ မဖယ်ရှားဘဲ ငါ့ကို အာခံရဲသေးတယ်ပေါ့။
"ဝှစ်"
ကျန်းယွီကျန်း၏ လူရိပ်က ကျန်းဝမ်ကျင်း၏ အနောက်ဘက်တွင် ပေါ်လာပြီး သူမကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်သည်။
ထို့နောက် သူ၏ လက်ဝါးထဲတွင် အစိမ်းရောင် အလင်းတန်းများ လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။
အသက်ရှူကြိမ် အနည်းငယ်သာ ကြာပြီးနောက် ကျန်းဝမ်ကျင်း၏ ဖြူရော်နေသော မျက်နှာက ပြန်လည် နီရဲလာပြီး ခန္ဓာကိုယ်တွင်းရှိ အအေးဓာတ်များလည်း ချက်ချင်း ဖယ်ရှားခံလိုက်ရသည်။
ကျောက်ခိုင်က ထိုမြင်ကွင်းကို မြင်သောအခါ မျက်ဆံများ အနည်းငယ် ကျဉ်းမြောင်းသွားရသည်။
"သစ်သားဓာတ် အစွမ်းလား"
"ဒီလို ကုသနိုင်စွမ်းက... သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ကျော်ဖြတ်သွားပြီလား"
ကျောက်ခိုင်က ဤစစ်တပ်မှ တပ်မမှူးကို ချက်ချင်း သတိထားလိုက်တော့သည်။
ကျန်းယွီကျန်းက ကျောက်ခိုင်၏ သတိထားနေပုံကို ဂရုမစိုက်ဘဲ ကျန်းဝမ်ကျင်းကို ပြောလိုက်သည်။ "အထိနာသွားပြီလား... အင်း... ဒီနေ့တော့ ကိုယ့်ထက်တော်တဲ့သူဆိုတာ အမြဲတမ်းရှိနေပြီး... လူစွမ်းကောင်းတွေ အများကြီး ရှိသေးတယ်ဆိုတာကို သမီးသိသွားအောင် သင်ခန်းစာပေးလိုက်တာပါပဲ"
"သမီးက လက်နက်တွေ အများကြီး တီထွင်ထားနိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ထိပ်တန်းအစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်နေပြီလို့ မထင်လိုက်နဲ့"
"လက်နက်တွေ ရှိနေရင်တောင် ဘယ်လို အသုံးပြုရမလဲဆိုတာကို သိဖို့ လိုသေးတယ်"
"ပစ်မှတ်က ဘယ်မှာမှန်းတောင် မသိဘဲ... လက်နက်တွေကို အလဟဿ ပစ်ခတ်နေရင်... လက်နက်တွေ ဘယ်လောက်ပဲ ကောင်းကောင်း ဘာအသုံးကျမှာလဲ"
ကျန်းဝမ်ကျင်းက အံကြိတ်ရင်း "စောစောက သမီး ဘယ်အဆင့်မှာ မှားသွားတာလဲ" ဟု မေးလိုက်သည်။
ကျန်းယွီကျန်းက သူမ၏ နဖူးကို အသာပုတ်ရင်း ပြောလိုက်သည်။ "ဒီနေရာမှာ မှားသွားတာ"
"စွမ်းအင်တိုင်းမျက်မှန်က မြင်ရတဲ့ စွမ်းအင်လှိုင်းတွေက... ကိုယ်ပျောက်နေတဲ့ သူဆိုတာကို သမီး ဘယ်လိုလုပ် သိနိုင်မှာလဲ"
"အဲ့ဒီ စွမ်းအင်လှိုင်းတွေက... စွမ်းအင်ကျောက်တုံးကနေ ဖန်တီးထားတာလည်း ဖြစ်နိုင်သလို... တခြားနည်းလမ်းတွေနဲ့ လုပ်ထားတာလည်း ဖြစ်နိုင်တယ်လေ"
"သမီးက ချက်ချင်း အာရုံလွတ်ပြီး... အဲ့ဒီနေရာတစ်ခုတည်းကိုပဲ အစွမ်းကုန် မတိုက်ခိုက်သင့်ဘူး"
"ပြီးတော့ အဲ့ဒါက ကိုယ်ပျောက်တာ မဟုတ်ဘူး"
"ဘာ... ကိုယ်ပျောက်တာ မဟုတ်ဘူးလား" ကျန်းဝမ်ကျင်း ကြောင်သွားပြီး မလှမ်းမကမ်းရှိ ကျောက်ခိုင်ကို အံ့သြတကြီး လှမ်းကြည့်လိုက်သည်။
ကျန်းယွီကျန်းကလည်း ကျောက်ခိုင်ဘက်သို့ လှည့်ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။ "ငါ အမြင်မမှားဘူးဆိုရင် စောစောက မင်း အသုံးပြုသွားတာ... ဟင်းလင်းပြင် နေရာရွှေ့ပြောင်းတဲ့ သင်္ကေတလက်နက် မဟုတ်လား"
ကျောက်ခိုင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ "တပ်မမှူးကျန်းရဲ့ အမြင်က တော်တော်စူးရှတာပဲ... ခင်ဗျားရဲ့ သမီးထက် အများကြီး သာတယ်"
ကျန်းဝမ်ကျင်း အလွန် ဒေါသထွက်သွားသည်။ "ရှင်တို့ ထိုက်ယန်တောင်က ဟင်းလင်းပြင် နေရာရွှေ့ပြောင်းနိုင်တဲ့ သင်္ကေတနည်းပညာကိုတောင် တီထွင်နိုင်ခဲ့တာလား"
ကျောက်ခိုင်က အေးစက်စက် ပြုံးရင်း "ဘာဆန်းလို့လဲ... ငါတို့ ထိုက်ယန်တောင်မှာ ဟင်းလင်းပြင် အစွမ်းပိုင်ရှင် နှစ်ယောက်တောင် ရှိတာ... ဒီလောက် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းတာလောက်က ဘာများ အရေးကြီးလို့လဲ"
ကျန်းယွီကျန်းနှင့် ကျန်းဝမ်ကျင်းတို့ အနည်းငယ် တိတ်ဆိတ်သွားကြသည်။
ဟင်းလင်းပြင်အစွမ်းဆိုသည်မှာ မူလကတည်းက ရှားပါးလှရာ ထိုက်ယန်တောင်တွင် တစ်ပြိုင်နက်တည်း အစွမ်းပိုင်ရှင် နှစ်ယောက်တောင် ရှိနေခြင်းက အမှန်တကယ်ပင် အားကျစရာ ကောင်းလှသည်။
"ဝုန်း"
သူတို့သုံးယောက် စကားပြောနေစဉ်မှာပင် ရုတ်တရက် ဧရာမ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာကာ သူတို့သုံးယောက်၏ အာရုံကို ဆွဲဆောင်သွားသည်။
အဏုမြူဒိုင်နိုဆောနှင့် ရေခဲမြေရိုင်းဝက်ဝံ ဧရာမ သားရဲကြီးနှစ်ကောင်က ထူထဲလှသော နှင်းလွှာများနှင့် ရေခဲပြင်များကို ဖြိုခွဲလိုက်သည်ကို မြင်လိုက်ရပြီး ရေခဲပြင်တစ်ခုလုံး ပေါက်ကွဲထွက်သွားကာ အေးခဲနေသော ရေကန်ကြီးက ရူးသွပ်စွာ လှိုင်းထန် ရိုက်ခတ်လာသည်။
သန္ဓေပြောင်း ငါးများက ရေကြီးမှုထဲမှ ဖျတ်ဖျတ်မြည်သံများနှင့်အတူ ခုန်ထွက်လာကြပြီး အပြင်ဘက်ရှိ အောက်ဆီဂျင်ကို လောဘတကြီး ရှူရှိုက်နေကြသည်။
သို့သော် အသက်ရှူကြိမ် အနည်းငယ်မျှသာ ကြာပြီးနောက် ချက်ချင်းပင် အေးခဲ သေဆုံးသွားကြတော့သည်။
"ဝုန်း"
ရေခဲမြေရိုင်းဝက်ဝံက ဧရာမ ရေခဲဘောလုံးကြီးတစ်ခုအဖြစ် ထပ်မံ ပြောင်းလဲသွားပြီး အဏုမြူဒိုင်နိုဆောဆီသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။
အဏုမြူဒိုင်နိုဆော၏ အလျင်က မမြန်ဆန်သဖြင့် ဤရေခဲကြယ် ဝင်တိုက်ခြင်းကြောင့် ရေထဲသို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။
၎င်းက မျက်စိလျင် လက်မြန်ဖြင့် ပါးစပ်ကို ဟကာ ရေခဲမြေရိုင်းဝက်ဝံ ပြောင်းလဲထားသော ရေခဲဘောလုံးကြီးကို အားကုန် ကိုက်ခဲလိုက်ပြီး ရေအောက်သို့ အတင်း ဆွဲချသွားသည်။
ထိုခဏ၌ ဧရာမ သတ္တဝါကြီး နှစ်ကောင်လုံး အဆုံးအစမဲ့ ရေကြီးမှုအောက်သို့ ပြုတ်ကျသွားကြတော့သည်။
အရိုးခိုက်မတတ် အေးစက်လှသော အအေးဓာတ်များ ရိုက်ခတ်လာသော်လည်း လင်းယွမ် ပြောင်းလဲထားသော ရေခဲမြေရိုင်းဝက်ဝံကတော့ ဂရုမစိုက်ပေ။
ရေခဲမြေရိုင်းဝက်ဝံ၏ မျိုးရိုးဗီဇထဲတွင် မူလကတည်းက မြင့်မားလှသော အအေးဒဏ် ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။
လင်းယွမ်က ရေအောက်ရောက်နေသော်လည်း အဏုမြူဒိုင်နိုဆောအသွင် ပြောင်းထားသည့် ဖုန်းကျန့်ကုန်းကို လှမ်းကြည့်လိုက်သည်။
ဖုန်းကျန့်ကုန်းက သိသာစွာပင် တုန်ယင်သွားပြီး ဧရာမ ဒိုင်နိုဆောကြီးက ခန္ဓာကိုယ်ကို တစ်ချက် ခါရမ်းလိုက်ကာ ရေခဲပြင်ဆီသို့ လျင်မြန်စွာ တွားသွားတက်လာသည်ကို မြင်လိုက်ရသည်။
ဤမြင်ကွင်းကို မြင်သောအခါ လင်းယွမ်က ချက်ချင်းပင် တစ်စုံတစ်ရာကို စဉ်းစားမိသွားသည်။
"သူ့ရဲ့ အဏုမြူဒိုင်နိုဆော အသွင်က အအေးဒဏ်ကို မခံနိုင်ဘူးပဲ"
ထိုသို့ တွေးမိသည်နှင့် လင်းယွမ်က ရေကို အားကုန် ကန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က အပေါ်သို့ လျင်မြန်စွာ ပေါ်တက်လာသည်။
သို့သော် အပေါ်ဘက်ရှိ ဖုန်းကျန့်ကုန်းကလည်း လင်းယွမ်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပုံရသည်။
သူက ခေါင်းကို ရုတ်တရက် ငုံ့ချလိုက်ပြီး ပါးစပ်ကြီးကို ဟကာ အပြာရောင် အဏုမြူ အသက်ရှူငွေ့များကို ခေါင်းတည့်တည့်ဆီသို့ အားကုန် ပန်းထုတ်လိုက်သည်။
လင်းယွမ်က ယင်းကို မြင်သောအခါ အကြည့်များက ချက်ချင်း အေးစက်သွားပြီး စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည့် တစ်ခဏမှာပင် တိုက်ရိုက် နေရာရွှေ့ပြောင်းလိုက်တော့သည်။
တတိယ မျိုးရိုးဗီဇမျိုးစေ့ ဖြစ်သော သုမာရု ဟင်းလင်းပြင် ပုရွက်ဆိတ်၏ ပင်ကိုယ်အစွမ်းကို အသက်သွင်းလိုက်သည်နှင့် တစ်ခဏချင်းမှာပင် မူလနေရာမှ တိုက်ရိုက် ပျောက်ကွယ်သွားတော့သည်။
သို့သော် ဖုန်းကျန့်ကုန်း၏ ဤအဏုမြူ အသက်ရှူငွေ့ ပန်းထုတ်မှု၏ ရည်ရွယ်ချက်မှာ လင်းယွမ်ကို အမှန်တကယ် တိုက်ရိုက် တိုက်ခိုက်ရန် မဟုတ်ဘဲ ဤအသက်ရှူငွေ့၏ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားကို အသုံးချကာ အလျင်ကို ရုတ်တရက် တိုးမြှင့်ရန်သာ ဖြစ်သည်။
အဏုမြူဒိုင်နိုဆော၏ ဧရာမ ခန္ဓာကိုယ်ကြီးက ရေပြင်ကို ချက်ချင်း ထိုးဖောက်ထွက်လာပြီး ကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်ကလည်း နေရာရွှေ့ပြောင်းကာ ထွက်ပေါ်လာပြီး သူတို့နှစ်ဦးလုံး ကောင်းကင်ယံသို့ ထပ်မံ ရောက်ရှိသွားကြသည်။
လင်းယွမ်က ပါးစပ်ကို ဖြဲလိုက်ရာ မြေရိုင်းဝက်ဝံကြီးက နှင်းကဲ့သို့ ဖြူဖွေးကာ ကြောက်မက်ဖွယ်ကောင်းသော သွားကြီးများကို ဖော်ပြလာပြီး ပြောလိုက်သည်။ "အဏုမြူဒိုင်နိုဆောက အအေးဒဏ်ကို မခံနိုင်သလို ရေထဲမှာလည်း မတိုက်ခိုက်နိုင်ဘူးကိုး... ဖုန်းကျန့်ကုန်း... ရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးမှာ မင်းက ရေထဲမှာ မတိုက်ခိုက်နိုင်ဘဲနဲ့ ကွမ်ဖူရဲ့ နံပါတ်တစ် နေရာမှာ ထိုင်နေနိုင်သေးတယ်ဆိုတော့... ဟဲဟဲ... ကွမ်ဖူမှာ တကယ်ပဲ အစွမ်းပိုင်ရှင်တွေ မရှိတော့ဘူးပဲ"
ဖုန်းကျန့်ကုန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အဏုမြူဒိုင်နိုဆော၏ ထောင်လိုက် မျက်ဆံများက ကျုံ့ဝင်သွားသည်။
ရေကြီးပြီးနောက်ပိုင်း သူက စစ်တပ်၏ တပ်မဟာမှူး အဆင့်ရှိသူ တစ်ဦးအနေဖြင့် ရေထဲဆင်းကာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် မလိုအပ်သည်မှာ သဘာဝပင် ဖြစ်သည်။
ပြောရလျှင် ဖုန်းကျန့်ကုန်းသည် ရေကြီးပြီးကတည်းက ရေအောက်သို့ ဆင်းကာ တိုက်ခိုက်ခဲ့ခြင်းမျိုး လုံးဝနီးပါး မရှိခဲ့ပေ။
ကုန်းမြေပေါ်တွင်တော့ အဏုမြူဒိုင်နိုဆောက ပြိုင်ဘက်ကင်းဖြစ်ပြီး ဆယ်ရာခိုင်နှုန်းသော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို မည်သူကမှ မတားဆီးနိုင်ခဲ့ပေ။
ယခုတစ်ကြိမ် လင်းယွမ်နှင့် တိုက်ခိုက်ရမှသာ သူ၏ အစွမ်း အားနည်းချက်က ပေါ်လွင်လာခြင်း ဖြစ်သည်။
"ပေါ်"
သူတို့နှစ်ဦး ရင်ဆိုင်နေချိန်မှာပင် ရုတ်တရက် အနီးအနားရှိ အခြေစိုက်သင်္ဘောပေါ်မှ စူးရှသော သတိပေး ဥဩသံများ ထွက်ပေါ်လာသည်။
ဖုန်းကျန့်ကုန်းနှင့် လင်းယွမ်တို့ တစ်ပြိုင်နက်တည်း ခေါင်းမော့ကာ အဝေးရှိ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ကြသည်။
ကောင်းကင်ယံရှိ မည်းမှောင်နေသော တိမ်တိုက်များက ရူးသွပ်စွာ လှုပ်ရှားနေပြီး မူလက ဝဲကတော့ပုံစံ ဖြစ်နေသော တိမ်မည်းများထဲတွင် ယခုအခါ လေပြင်းများ တိုက်ခတ်ကာ မိုးကြိုးများ လက်နေသည်ကို မြင်လိုက်ရသည်။
ဧရာမ တိမ်မည်း ဝဲကတော့ကြီးက လျင်မြန်စွာ ကျယ်ပြန့်လာပြီး ၎င်း၏ အတွင်းပိုင်းတွင် ဧရာမ မိုးကြိုးများစွာ ပေါက်ကွဲထွက်လာကာ ဝုန်းဒိုင်းကြဲ မြည်ဟည်းသံများက ဆက်တိုက် ထွက်ပေါ်နေ၏。
"ဒုက္ခပဲ... ကောင်းကင်ချောက်နက် လမ်းကြောင်း ပွင့်လာပြီ"
ဖုန်းကျန့်ကုန်း မျက်နှာပျက်သွားပြီး အသံနှိမ့်ကာ ဟိန်းဟောက်လိုက်သည်။
အဝေးရှိ ကျန်းယွီကျန်းသည်လည်း အလားတူ လေးနက်သော မျက်နှာထားဖြင့် "မြန်မြန်... ပြန်ဆုတ်ပြီး ကာကွယ်ကြ" ဟု ပြောလိုက်သည်။
ဖုန်းကျန့်ကုန်းက ရုတ်တရက် စိတ်ကူးတစ်ခု ရသွားသဖြင့် လင်းယွမ်ဘက်သို့ လှည့်ကြည့်ကာ အေးစက်စက် ပြုံးရင်း "လင်းယွမ်... မင်း သတ္တိရှိရင် လာခဲ့လေ" ဟု ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူက လေဟာပြင်ပေါ်သို့ ခြေစုံရပ်ကာ ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် ဝဲကတော့ ရှိရာဘက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ကျန်းဝမ်ကျင်း မျက်နှာပျက်သွားပြီး "ဦးလေးဖုန်းက ဘာလုပ်မလို့လဲ"
ကျန်းယွီကျန်း၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားပြီး "ဝမ်ကျင်း... သမီး လူတွေကို စုစည်းပြီး ကောင်းကင်ချောက်နက်က သတ္တဝါတွေ ထွက်မပြေးနိုင်အောင် တားထား... အဖေ သွားကူလိုက်ဦးမယ်" ဟု ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ လူရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လမ်းကြောင်းဆီသို့ အားကုန် ပျံသန်းသွားသည်။
ထိုနောက် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က ဝုန်းခနဲ ပေါက်ကွဲထွက်သွားပြီး သွေးမြူခိုးများအဖြစ် ပြောင်းလဲသွား၏။
သွေးမြူခိုးများ လွင့်စင်သွားသောအခါ အလွန် ဧရာမ ကြီးမားလှသော သစ်ပင်လူသားကြီး တစ်ဦးက လူအားလုံး၏ မျက်စိရှေ့တွင် ပေါ်လာသည်။
ကျောက်ခိုင် အလွန် အံ့အားသင့်သွားသည်။ "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်... သူကလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းနိုင်တဲ့ အစွမ်းပိုင်ရှင်ပဲ"
စိတ်ထဲတွင် စောစောကတည်းက ခန့်မှန်းမိထားသော်လည်း ယခုအချိန်တွင် ဤမြင်ကွင်းကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါ ကျောက်ခိုင် အမှန်တကယ် လန့်သွားရသည်။
ဒီချိုးငှက် စစ်တပ်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင် နှစ်ယောက်တောင် ရှိနေတာပဲ။
ကျန်းဝမ်ကျင်းက လှည့်ကြည့်ကာ အေးစက်စက် ပြုံးရင်း ပြောလိုက်သည်။ "ကျွန်မတို့က ရှင်တို့ကို ဘယ်လောက်တောင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးထားလဲဆိုတာ... အခု သိပြီလား"
"ကျွန်မ အဖေရော ဦးလေးဖုန်းပါ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေပဲ... ကျွန်မတို့က ရှင်တို့ ထိုက်ယန်တောင်ကို တကယ်သာ တိုက်ခိုက်ချင်ရင် ရှင်တို့က ဘာနဲ့များ လာပြီး ကာကွယ်မှာလဲ"
"ဟမ့်... ရှင်တို့ကတော့ လူယုတ်မာစိတ်နဲ့ သူတော်ကောင်းကို သွားပြီး အထင်လွဲနေတာပဲ... အဲ့ဒီ ရေပေါ်ကျွန်း နှစ်ကျွန်းကို ကျွန်မတို့က မလုယူနိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား"
ကျောက်ခိုင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အေးစက်စက် ပြုံးရင်း ပြောလိုက်သည်။ "ဟုတ်လို့လား... ငါ အမြင်မမှားဘူးဆိုရင် မင်းအဖေရဲ့ မျိုးရိုးဗီဇမျိုးစေ့က အဓိက တိုက်ခိုက်ရေး အမျိုးအစား မဟုတ်ဘူးထင်တယ်... သူက ကုသရေး အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် မဟုတ်လား"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းနိုင်တဲ့ အစွမ်းပိုင်ရှင် နှစ်ယောက် ရှိတော့ရော ဘာဖြစ်လဲ... တကယ်တမ်း တိုက်ခိုက်နိုင်တာ တစ်ယောက်တည်း ရှိတာပဲကို"
ကျန်းဝမ်ကျင်း မျက်ခွံများ တုန်လှုပ်သွားပြီး အေးစက်စက် ပြုံးရင်း "ကိစ္စတွေသာ အရေးမကြီးနေရင် ရှင့်ရဲ့ ခွေးပါးစပ်ကို ဆွဲဖြဲပစ်လိုက်ပြီ"
"ဝှစ်"
သူမက ကျောက်ခိုင်ကို ဆက်ပြီး ဂရုမစိုက်တော့ဘဲ လူရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားကာ အခြေစိုက်စခန်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ကျောက်ခိုင်က ဤမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး မလှမ်းမကမ်းရှိ လင်းယွမ်ကို လှည့်ကြည့်လိုက်သည်။
ယခုအချိန်တွင် လင်းယွမ်သည် ဖုန်းကျန့်ကုန်း၏ စကားအနည်းငယ်ဖြင့် မြှောက်ပင့်ပေးရုံနှင့် တိုက်ရိုက် ပြေးတက်သွားခြင်းမျိုး မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဖုန်းကျန့်ကုန်း ပျံသန်းသွားသော ဦးတည်ရာသည် ဝဲကတော့ ရှိရာဘက်သို့ ဖြစ်နေကြောင်း သူက ရှင်းလင်းစွာ မြင်တွေ့နေရသောကြောင့် ဖြစ်သည်။
ကောင်းကင်ချောက်နက် လမ်းကြောင်းက ယခုအချိန်တွင် ပွင့်လာပြီဖြစ်ရာ သန္ဓေပြောင်း သားရဲ အမြောက်အမြား ဝင်ရောက်လာတော့မည် ဖြစ်သည်။
ယခု ထိုနေရာသို့ သွားခြင်းက ဖုန်းကျန့်ကုန်းအနေဖြင့် သူ၏ လက်ကို ငှားကာ ကောင်းကင်ချောက်နက်မှ သတ္တဝါများကို ကူညီ ဖျက်ဆီးပေးရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
ထို့ကြောင့် လင်းယွမ်က ဘယ်သောအခါမှ အမှန်တကယ် အလိမ်ခံမည် မဟုတ်ပေ။
သို့ဖြစ်၍ သူက ပြန်လည်ဖွဲ့စည်းခြင်း အခြေအနေကို ပြတ်သားစွာ ရုပ်သိမ်းလိုက်ပြီး ကျောက်ခိုင်၏ အနီးသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
"အစ်ကိုလင်း... အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
"မလောနဲ့... အခြေအနေကို အရင်ကြည့်ရအောင်"
ဆက်ရန်...