အခန်း (၆၃၇-၆၃၈)
Vol. 32 Ch. 637-638
အပိုင်း (၆၃၇) ဖေယွမ်ဟူနှင့် အပေးအယူလုပ်ခြင်း
"ကောင်းကင်ချောက်နက်အထက်က သတင်းအချက်အလက်တွေကို ငါပြောပြမယ်ဆိုရင်... မင်း ငါ့ကို လွှတ်ပေးမှာလား"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "ရေနတ်ဘုရားဂိုဏ်းက ငါ့လူတွေကို အများကြီး သတ်ထားတာ... အဲ့ဒီဂိုဏ်း ပြန်လည်အသက်ဝင်လာမယ့် နေ့မျိုး ရောက်လာဖို့ ငါ ဘယ်တော့မှ အခွင့်အရေး ပေးမှာ မဟုတ်ဘူး"
ဖေယွမ်ဟူက ပြုံးလိုက်သည်။ "ရေနတ်ဘုရားဂိုဏ်း ဟုတ်လား... တကယ်တော့ ရေနတ်ဘုရားဂိုဏ်း ပျက်စီးတာ မစီးတာကို ငါ နည်းနည်းလေးမှ ဂရုမစိုက်ဘူး... မင်းက ရေနတ်ဘုရားဂိုဏ်းကို ငါကိုယ်တိုင် တည်ထောင်ခဲ့တာလို့ ထင်နေတာလား"
"အဲ့ဒီလို ထင်နေရင်တော့ မင်း လုံးဝကို မှားသွားလိမ့်မယ်... ရေနတ်ဘုရားဂိုဏ်းကို အစောဆုံး တည်ထောင်ခဲ့တာက ယဇ်ပုရောဟိတ်ကြီး လေးပါးပဲ... အဲ့ဒီနောက် လျန်လုံ ဝင်လာပြီးမှ တဖြည်းဖြည်း အင်အားကြီးလာတာ"
"ငါက အခြေအနေပေးလို့ ရေနတ်ဘုရားဂိုဏ်းရဲ့ ဒီရေပင်မဦးနှောက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လျန်လုံရဲ့ စိတ်ကမ္ဘာထဲကို ကျူးကျော်ဝင်ရောက်ခဲ့ရုံတင်ပဲ"
"အခြေခံအားဖြင့်တော့ ဒီမိစ္ဆာဂိုဏ်းကို ငါ တကယ် ဂရုမစိုက်ပါဘူး"
"မီယွမ်မိုးသစ်တောဆိုတာလည်း လျန်လုံဆီကနေ ငါ ရခဲ့တာပါပဲ... တကယ်တော့ မီယွမ်မိုးသစ်တောရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို မင်းဆီ ပေးလိုက်ရလည်း ဘာမှမဖြစ်ပါဘူး"
လင်းယွမ်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သံသယအချို့ ဝင်သွားသည်။
"မင်း ဘာလိုချင်လို့လဲ"
"ဉာဏ်ကောင်းတဲ့လူနဲ့ စကားပြောရတာ လွယ်တယ်"
ဖေယွမ်ဟူက ရယ်မောလိုက်ပြီး ချက်ချင်းပင် မျက်နှာထား တည်သွားသည်။ "ငါ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို တက်ချင်တယ်"
လင်းယွမ်မှာ ရုတ်တရက် အံ့အားသင့်သွားသည်။ "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို တက်ချင်တယ်... ဟုတ်လား"
"ဟုတ်တယ်... ငါ့ရဲ့ အဓိက အရည်အသွေးက ၁၀၀ မှတ်ကို ရောက်နေတာ ကြာပြီ... ဒါပေမဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို တက်ဖို့ အချိန်တွေသာ ကြန့်ကြာနေပြီး ကိုက်ညီတဲ့ မျိုးရိုးဗီဇ အစီအစဉ်ကို ဘယ်လိုမှ ရှာမတွေ့နိုင်ဖြစ်နေတာ"
"ငါ သိသမျှ လူတွေထဲမှာ စစ်တပ်က ဖုန်းကျန့်ကုန်း တစ်ယောက်တည်းကသာ ပါရမီရှင်ပဲ... သူက ကွမ်ဖူ တစ်ခုလုံးမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့သူလေ"
"သူက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်စဉ်ကို ၁၀ ရာခိုင်နှုန်းအထိတောင် တိုးတက်အောင် လုပ်နိုင်ခဲ့ပြီ... ဒီကိစ္စမှာ သူ့ရဲ့ အတွေ့အကြုံက အလွန် ကြွယ်ဝတယ်"
"အစက ငါ စစ်တပ်ထဲ ဝင်ခဲ့တာက သူ့ဆီကနေ အကြံဉာဏ်နဲ့ လမ်းညွှန်မှု ရချင်လို့ပဲ... ဒါကြောင့်လည်း ရေနတ်ဘုရားဂိုဏ်းကို စွန့်လွှတ်ပြီး စစ်တပ်အတွက် အစွမ်းကုန် အမှုထမ်းပေးပါ့မယ်လို့ ငါ ကတိပေးခဲ့တာ"
"အင်းပေါ့... အဲ့ဒီမတိုင်ခင်ကလည်း မျိုးရိုးဗီဇ အစီအစဉ်ကို တွက်ချက်ဖို့နဲ့ မှန်ကန်တဲ့ ပြန်လည်ဖွဲ့စည်းခြင်း လမ်းကြောင်းကို ရှာတွေ့ဖို့ ဒီရေပင်မဦးနှောက်ရဲ့ စွမ်းအားကြီးမားတဲ့ ဉာဏ်ရည်ကို ငါ အသုံးပြုခဲ့ဖူးတယ်"
"ဒါပေမဲ့ နှမြောစရာကောင်းတာက... ဒီရေပင်မဦးနှောက်ရဲ့ ဉာဏ်ရည်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းက ဘယ်လောက်ပဲ ကြီးမားမြန်ဆန်နေပါစေ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို တွက်ချက်ရာမှာတော့ အသုံးဝင်မှုက တကယ်ကို နည်းလွန်းတယ်"
"အခုတော့ သန္ဓေပြောင်းစွမ်းအင် ကျင့်ကြံတဲ့နေရာမှာ... ပိုပြီး ပါရမီပါတဲ့ လူတစ်ယောက်ကို ငါ တွေ့လိုက်ရပြီထင်တယ်"
"လင်းယွမ်... မင်းရဲ့ တိုးတက်မှုနှုန်းက ငါသိတဲ့ လူအားလုံးထက် သာလွန်နေတယ်... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး မင်းဆီမှာ ထူးခြားတဲ့ နည်းလမ်း တစ်ခုခု ရှိနေတာ သေချာတယ်"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နည်းလမ်းကို ငါ့ကို သင်ပေးပါ... မီယွမ်မိုးသစ်တောရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ငါ ပေးမယ်... ဒါတင်မကဘူး ဒီအတောအတွင်း စစ်တပ်က ကောင်းကင်ချောက်နက်အထက်ကို စူးစမ်းရှာဖွေထားတဲ့ သတင်းအချက်အလက် အားလုံးကိုပါ မင်းဆီ ပေးမယ်"
လင်းယွမ်က မျက်လုံးများကို မှေးစင်းလိုက်ပြီး မယုံကြည်ဟန်ဖြင့် မေးလိုက်သည်။ "မင်းက ဒီလောက်တောင် သဘောထားကြီးတာလား... မီယွမ်မိုးသစ်တော ဆိုတာ ရေပေါ်ကျွန်း တစ်ခုလေ... ရေကြီးပြီးကတည်းက ခြေချနေထိုင်လို့ရတဲ့ တစ်ခုတည်းသော နေရာကို ဒီလိုပဲ အလွယ်တကူ စွန့်လွှတ်လိုက်တော့မလို့လား"
"ဟားဟား... ကောင်းကင်ထက်က လေပေါ်ကျွန်းတွေကို မင်း မြင်ဖူးသွားတဲ့အခါ ဒီရေပေါ်ကျွန်းတွေက ဘာမှမဟုတ်ဘူးဆိုတာကို မင်း နားလည်သွားလိမ့်မယ်"
"ရေပေါ်ကျွန်း ဆိုတာတွေက အာဟာရဓာတ်တွေ ကုန်ခမ်းသွားလို့ စွန့်ပစ်ခံလိုက်ရတဲ့ သုံးစားမရတဲ့ အလောင်းကောင်တွေ သက်သက်ပဲ"
"လေပေါ်ကျွန်း တွေကမှ အစစ်အမှန် ရတနာမြေကွ"
ဖေယွမ်ဟူ၏ မျက်လုံးများတွင် အလင်းရောင်များ တောက်ပသွားပြီး တမ်းတလိုလားသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။
လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "လေပေါ်ကျွန်း ဆိုတာ တကယ်တော့ ဘာကြီးလဲ... တကယ်ပဲ ဧရာမ သက်ရှိကြီးတွေရဲ့ အလောင်းကောင်တွေလား"
"ကောင်းကင်ထက်က အဆုံးအစမရှိရွာချနေတဲ့ မိုးရေတွေကရော ဘယ်ကနေ ရောက်လာတာလဲ"
ဖေယွမ်ဟူက ထိုစကားကို ကြားသောအခါ ခေါင်းခါလိုက်သည်။ "ငါလည်း မသိဘူး... အခုထိ အဲ့ဒီနေရာကို စူးစမ်းရှာဖွေလို့ မရသေးဘူး"
"ဒါပေမဲ့ တစ်ချက်ကိုတော့ ငါ ရှင်းရှင်းလင်းလင်း သိတယ်... မိုးကြိုးတိမ်တိုက် နယ်မြေကို ဖြတ်ကျော်ဖို့ဆိုတာ ငါတို့လို လူသားတွေရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ဆို လုံးဝ မဖြစ်နိုင်ဘူး"
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက် သန္ဓေပြောင်းသားရဲ အသွင်ပြောင်းနိုင်မှသာ အဲ့ဒီ မိုးကြိုးမုန်တိုင်းဒဏ်ကို ခံနိုင်ရည် ရှိမှာ"
"အင်းပေါ့... သာမန်အဆင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အခြေအနေနဲ့ဆိုရင်လည်း မိုးကြိုးတိမ်တိုက်ကို ဖြတ်ကျော်ဖို့ ခက်ခဲတယ်... တိုးတက်မှုနှုန်းက ၂၀ ရာခိုင်နှုန်းနဲ့ အထက် ရောက်မှသာ ဖြစ်နိုင်ခြေ ရှိမှာ"
"စောစောက မင်း မြင်ခဲ့တဲ့ ရွှေကျီးကန်းသတ္တဝါရဲ့ မျိုးရိုးဗီဇ တိုးတက်မှုနှုန်းက ၂၀ ရာခိုင်နှုန်း ဝန်းကျင်လောက် ရှိလိမ့်မယ်... အဲ့ဒီကောင်က လမ်းကြောင်းကို ဆွဲဖြဲပြီး မိုးကြိုးတိမ်တိုက်ကို ဖြတ်ကျော်သွားနိုင်တယ်ဆိုတော့ အဲ့ဒီအချိန်ကျရင် လူသားတွေလည်း လုပ်နိုင်မှာပဲလို့ ငါ ထင်တယ်"
လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။ "စောစောက စစ်တပ်စခန်းထဲမှာ ကင်မရာကနေ မြင်လိုက်ရတဲ့ ယာဉ်ပျံက ဘာလဲ"
ဖေယွမ်ဟူက ခေါင်းခါလိုက်သည်။ "မသိဘူး... အရင်က စူးစမ်းရှာဖွေခဲ့တဲ့ အကြိမ်တွေမှာ ယာဉ်ပျံကို ငါ တစ်ခါမှ မမြင်ဖူးဘူး"
"ဒီလိုယာဉ်ပျံမျိုးကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ"
"အရင်က ကောင်းကင်ပေါ်မှာ လူသားတွေ သွားလာလှုပ်ရှားနေတဲ့ အရိပ်အယောင်တွေကို မင်း မြင်ခဲ့ဖူးလား"
"မမြင်ဖူးဘူး... သန္ဓေပြောင်း သတ္တဝါတွေကလွဲရင် လူသားတွေ သွားလာလှုပ်ရှားနေတဲ့ ဘယ်အရိပ်အယောင်ကိုမှ မတွေ့ခဲ့ရဘူး"
"ဆိုလိုတာက ဒီမတိုင်ခင်အထိ မိုးကြိုးတိမ်တိုက်ကို တကယ် ဖြတ်ကျော်နိုင်တဲ့ လူသား တစ်ယောက်မှ မရှိခဲ့ဘူးပေါ့..."
"မသေချာဘူး... ငါ မတွေ့သေးတာလည်း ဖြစ်နိုင်တယ်... အမြင့်ပိုင်း ဒေသတွေက ရေလွှမ်းမိုးခံရတဲ့ နှုန်းက အဲ့ဒီလောက် မမြန်ဘူးလေ... သူတို့ဆီမှာ ပြင်ဆင်ဖို့ အချိန်လုံလုံလောက်လောက် ရှိခဲ့တဲ့အတွက် စူပါခိုလှုံရေးစခန်းတွေ ပေါ်ပေါက်လာတာမျိုးလည်း ဖြစ်နိုင်တယ်"
"အဲ့ဒီလို စခန်းမျိုးမှာ လူသားတွေရဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ အခြေအနေတွေ အသေအချာ ရှိနေမှာပဲ... ကောင်းကင်ထက်က မိုးကြိုးတိမ်တိုက်တွေကို ဖြတ်ကျော်နိုင်မယ့် ပစ္စည်းတွေကို ဖန်တီးနိုင်တာမျိုးတောင် ဖြစ်နိုင်တယ်"
ဖေယွမ်ဟူ၏ ခန့်မှန်းချက်မှာ အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။ လင်းယွမ်က ခေတ္တမျှ စဉ်းစားခန်း ဝင်သွားသည်။
"မင်းဘာသာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းဖို့ နည်းလမ်း မရှိဘူးလား... မင်းရဲ့ စိတ်စွမ်းအင်နဲ့ဆိုရင် ဒီအချက်ကို မလုပ်နိုင်စရာအကြောင်း မရှိပါဘူး..."
"ပထမအချက်က ငါ့ရဲ့ စိတ်စွမ်းအင် မူလအမြစ် တစ်စိတ်တစ်ပိုင်းက ဒီရေပင်မဦးနှောက်ထဲမှာ ရှိနေတာ... အဲ့တာကို မင်း ယူသွားတယ်လေ"
"ဒုတိယအချက်က ငါ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အသားတွေကို အများကြီး စားခဲ့ဖူးလို့... ခန္ဓာကိုယ်ထဲမှာ ရောနှောနေတဲ့ မျိုးရိုးဗီဇတွေ အများကြီး ရှိနေတယ်... ဒါ့ကြောင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို တက်ဖို့က တခြားသူတွေထက် အများကြီး ပိုခက်ခဲနေတာ"
"စစ်တပ်ဘက်မှာက ရေကြီးတဲ့ အစောပိုင်းကာလတုန်းက ရိက္ခာတွေ အများကြီး သိုလှောင်ထားနိုင်ခဲ့တယ်လေ... ဖုန်းကျန့်ကုန်း၊ ကျန်းယွီကျန်းတို့လို စစ်တပ်က အရာရှိကြီးတွေက သန္ဓေပြောင်း သတ္တဝါတွေရဲ့ အသားကို မစားခဲ့ရဘူး... ဒါ့ကြောင့် သူတို့ရဲ့ မျိုးရိုးဗီဇ သန့်စင်နှုန်းက အရမ်း မြင့်မားတယ်"
"အဲ့ဒီနောက်ပိုင်း သန္ဓေပြောင်းစွမ်းအင်တွေ နိုးထလာတာပဲဖြစ်ဖြစ်... မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းတာပဲဖြစ်ဖြစ် အရမ်း လွယ်ကူသွားတာပဲ"
"ငါကတော့ မတူဘူး... ငါက သေဘေးကနေ ရုန်းကန်ထွက်လာရတဲ့ သာမန်လူ တစ်ယောက်ပဲ... စားစရာလည်း မရှိလို့ သန္ဓေပြောင်း ခွေးတွေ၊ ကြောင်တွေကို ငါ စားခဲ့ဖူးတယ်... ရေထဲက သန္ဓေပြောင်း ငါးတွေကိုလည်း စားခဲ့ရတယ်... ဟားဟားဟား... အဲ့ဒီအချိန်တုန်းက အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲလေ... သန္ဓေပြောင်း သတ္တဝါတွေရဲ့ အသားထဲက ရောနှောနေတဲ့ မျိုးရိုးဗီဇတွေက ငါတို့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေကို ညစ်ညမ်းစေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
"ဒါဆို ငါက မင်းကို ကူညီနိုင်မယ်လို့ မင်းက ဘယ်လိုလုပ် သေချာနေရတာလဲ" ဟု လင်းယွမ်က မေးလိုက်သည်။
ဖေယွမ်ဟူက ခေါင်းမော့လာပြီး စူးရှတောက်ပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ "မင်းလည်း သာမန်လူ တစ်ယောက်ပဲလေ... မင်းရဲ့ အခြေအနေကလည်း ငါနဲ့ သိပ်ကွာမှာ မဟုတ်ပါဘူး... ဒါပေမဲ့ ဘာလို့ မင်းက ဒီအဆင့်ထိ ရောက်လာနိုင်ရတာလဲ... ဘာလို့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို အောင်အောင်မြင်မြင် တက်နိုင်ခဲ့ရုံမကဘူး... နောက်မှရောက်လာပြီး ဖုန်းကျန့်ကုန်းရဲ့ တိုးတက်မှုနှုန်းကိုတောင် မှီနိုင်ခဲ့တယ်"
"မင်းဆီမှာ သီးသန့်ထူးခြားတဲ့ နည်းလမ်း ရှိနေတာ သေချာတယ်... ဟုတ်တယ်မလား"
လင်းယွမ်မှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
တကယ်တော့ သူသည်လည်း သာမန်လူ တစ်ယောက်သာ ဖြစ်သည်။ သို့သော် လက်တွေ့တွင် ရေကြီးပြီးကတည်းက သူ စားစရာ မပြတ်လပ်ခဲ့ပေ။
သူ့ဘေးနားရှိ အမျိုးသမီးများနှင့် အပေါင်းအပါများပင်လျှင် စားစရာ မပြတ်လပ်ခဲ့ကြချေ။
လင်းယွမ်၏ လွှမ်းမိုးမှုကြောင့် သူတို့သည်လည်း သန္ဓေပြောင်း သတ္တဝါများ၏ အသားများကို စားသုံးလေ့ မရှိကြပေ။
သူတို့ အစောပိုင်းက မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းခဲ့ကြစဉ်ကလည်း အလွန် ချောမွေ့ခဲ့ပြီး မည်သည့် အခက်အခဲကိုမျှ မခံစားခဲ့ရပေ။
သို့သော် အပြင်ဘက်ရှိ သာမန်လူများ၊ သန္ဓေပြောင်း သတ္တဝါများ၏ အသားများကို စားသုံးကာ အသက်ရှင်သန်ခဲ့ရသော အစွမ်းပိုင်ရှင်များ၏ အခြေအနေကိုမူ လင်းယွမ် မေ့လျော့နေခဲ့သည်။
သူတို့ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းလိုပါက အန္တရာယ်က အလွန် မြင့်မားလှသည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်လာသောအခါ လူအများစုမှာ ဤအဆင့်၌ပင် ပိတ်မိနေကြတော့သည်။
ရေတွက်၍မရသော ရောနှောနေသည့် မျိုးရိုးဗီဇများ၏ နှောင့်ယှက်မှုအောက်တွင် မျိုးရိုးဗီဇမြေပုံပေါ်ရှိ မျိုးရိုးဗီဇကို ရှာဖွေလိုခြင်းမှာ သမုဒ္ဒရာထဲ၌ အပ်ကျတာကို ရှာရသကဲ့သို့ အမှန်တကယ်ပင် ခက်ခဲလှသည်။
ကွမ်ဖူ တစ်ခုလုံးတွင် ဖုန်းကျန့်ကုန်းတို့ လူစုသာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို တက်နိုင်သည်ကို လင်းယွမ် တွေ့ခဲ့ရသည်။
ယင်းကိုကြည့်လျှင် လူအများစုမှာ အဓိက အရည်အသွေး ၁၀၀ မှတ်ဆိုသည့် အဆင့်၌ပင် ပိတ်မိနေကြသေးကြောင်း သိသာလှသည်။
လင်းယွမ်က ဖေယွမ်ဟူကို ကြည့်လိုက်သည်။ သူ အမှန်တကယ်ပင် သင်ပေး၍ မရနိုင်ပေ။
ထိုအကြောင်းကို တွေးမိသောအခါ လင်းယွမ်က ခေါင်းအနည်းငယ် ခါလိုက်သည်။ "ငါ မင်းကို သင်မပေးနိုင်ဘူး"
ဖေယွမ်ဟူ မျက်နှာပျက်သွားပြီး လင်းယွမ်ကို ရုတ်တရက် စိုက်ကြည့်ကာ အံကြိတ်လျက် ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး... မင်းဆီမှာ နည်းလမ်း ရှိနေတာ သေချာတယ်"
"ရေကြီးပြီးတဲ့နောက် ငါလည်း စားစရာ မပြတ်လပ်ခဲ့ဘူး... ဒါ့ကြောင့် အခြေခံအားဖြင့် တကယ်တော့ ငါကလည်း ဖုန်းကျန့်ကုန်းနဲ့ အတူတူပဲ"
"ငါ့ ခန္ဓာကိုယ်ထဲမှာ ရောနှောနေတဲ့ မျိုးရိုးဗီဇတွေက နည်းတယ်... ဒါ့ကြောင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို လျင်လျင်မြန်မြန် တက်နိုင်တာ"
"မင်းရဲ့ အခြေအနေမျိုးကိုတော့ ငါ ကူညီပေးလို့ မရဘူး"
ဖေယွမ်ဟူမှာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "မင်းက သာမန်လူ တစ်ယောက်လေ... ဘယ်လိုလုပ် စားစရာ မပြတ်လပ်ဘဲ နေမှာလဲ... ဒါ လုံးဝ မဖြစ်နိုင်ဘူး"
လင်းယွမ်က ထပ်၍ မရှင်းပြတော့ဘဲ ပြောလိုက်သည်။ "ဒါပေမဲ့ ငါ့လူတွေက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို သုတေသန လုပ်နေကြပြီ... လောလောဆယ်တော့ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုတွေ ရနေပြီ"
"မကြာခင်မှာ အစွမ်းပိုင်ရှင်တွေကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းနိုင်အောင် ကူညီပေးမယ့် နည်းပညာတွေ ထွက်လာတော့မယ်လို့ ငါ ယုံကြည်တယ်"
"ဘာ..."
ဖေယွမ်ဟူက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လွင်လာသည်။
"မဖြစ်နိုင်ဘူး... မင်းတို့လို အရပ်သား အဖွဲ့အစည်း တစ်ခုက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နည်းပညာကို သုတေသနလုပ်နိုင်တဲ့ စွမ်းရည် ဘယ်ကနေ ရလာမှာလဲ"
လင်းယွမ်က ခပ်အေးအေးပင် ပြောလိုက်သည်။ "အရပ်သားက ဘာဖြစ်လို့လဲ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နည်းပညာ ဆိုတာက ဆေးဘက်ဆိုင်ရာ နည်းပညာ တစ်ခုပဲလေ... စစ်ဘက်ဆိုင်ရာ နည်းပညာမှ မဟုတ်တာ"
"ငါတို့ ထိုက်ယန်တောင်ရဲ့ သုတေသနအဖွဲ့မှာ အဆင့်မြင့် ဆေးဘက်ဆိုင်ရာ နည်းပညာတွေ ရှိသလို ထိပ်တန်း မျိုးရိုးဗီဇ ပညာရှင်တွေလည်း ရှိတယ်"
ဖေယွမ်ဟူက မျက်လုံးများကို မှေးစင်းလိုက်သည်။ "ငါ ယုံမယ်လို့ မင်း ထင်နေတာလား"
"မင်းမှာ တခြား ရွေးစရာ ရှိသေးလို့လား"
ဖေယွမ်ဟူက တိတ်ဆိတ်သွားပြီး ချက်ချင်းပင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ငါ့ကို သတ်လိုက်ရင် မင်း ဘာမှ ရလာမှာ မဟုတ်ဘူး"
"ငါ့ကို ဖမ်းထားမယ်ဆိုရင်လည်း စစ်တပ်က လူတွေက ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး... လောလောဆယ် သူတို့ဆီမှာ တိမ်တိုက်အထက်က အခြေအနေတွေကို စူးစမ်းရှာဖွေဖို့ ဘာနည်းလမ်းမှ မရှိသေးဘူး... သူတို့အတွက် ငါ့ရဲ့ အရေးပါမှုကို မင်း ခန့်မှန်းလို့ရမှာပါ"
"ဒါ့ကြောင့် ငါ့ကို ပြန်လွှဲပေးဖို့ သူတို့က နည်းလမ်းပေါင်းစုံနဲ့ မင်းကို ဖိအားပေးကြလိမ့်မယ်"
"တကယ်လို့ မင်းကသာ မလွှဲပေးဘူးဆိုရင် စစ်တပ်က ထိုက်ယန်တောင်ကို အင်အားသုံး တိုက်ခိုက်လာလိမ့်မယ်"
ဖေယွမ်ဟူက ပြုံးလိုက်ပြီး ထိုင်ချလိုက်ကာ လင်းယွမ်ကို စိုက်ကြည့်လျက် မေးလိုက်သည်။ "ငါ တစ်ယောက်တည်းအတွက်နဲ့ မင်းက ဒီစစ်ပွဲကို စမလို့လား"
လင်းယွမ်က မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ ဤသူသည် သူထင်ထားသည်နှင့် အမှန်တကယ်ပင် လုံးဝ ကွဲပြားနေသည်။
မျက်နှာချင်းဆိုင် တိုက်ခိုက်ရာတွင် ကျွမ်းကျင်သော ခက်ထန်ကြမ်းတမ်းသူ တစ်ဦးဟု ထင်ထားခဲ့သော်လည်း လွန်စွာ ဉာဏ်ကောင်းသည့် ကောင်တစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။ "မီယွမ်မိုးသစ်တောကို ငါ မယူလည်း ရပါတယ်... ဒီနေရာက ကောင်းကင်ချောက်နက်နဲ့ အရမ်း နီးလွန်းတယ်... တစ်နေ့နေ့ စစ်တပ်က မထိန်းနိုင်တော့ဘဲ ကောင်းကင်ချောက်နက်ထဲက သက်ရှိတွေ ကျူးကျော်ဝင်ရောက်လာရင် မီယွမ်မိုးသစ်တောကိုလည်း ကာကွယ်နိုင်မှာ မဟုတ်ဘူး"
"မီယွမ်မိုးသစ်တောထဲက အရင်းအမြစ်တွေကို အကုန်တူးဖော်ပြီးတာနဲ့ ငါ ထိုက်ယန်တောင်ကို ချက်ချင်း ပြန်ဆုတ်မယ်... မင်းကိုတော့... ဟက်ဟက်... အရင်သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ"
ဖေယွမ်ဟူ၏ အပြုံးများမှာ ခဏချင်းအတွင်း အေးခဲသွားတော့သည်။
သူက လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။ "မင်းက အတည်ပြောနေတာလား"
လင်းယွမ်က ထပ်၍ စကားများမနေတော့ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ရေခဲဆူးချွန်တစ်ခု ထွက်ပေါ်လာသည်။ "ငါ အပိုစကားတွေ မပြောချင်ဘူး... မင်းကို စဉ်းစားဖို့ အချိန် သုံးစက္ကန့် ပေးမယ်"
"ငါက မီယွမ်မိုးသစ်တောကို တကယ်ပဲ အဲ့ဒီလောက်အထိ ဂရုစိုက်လားဆိုတာကို မင်း လောင်းကြေးထပ်ပြီး စမ်းကြည့်လို့ရတယ်"
"အော်... ဟုတ်သားပဲ... ငါ မင်းကို ကြိုပြောထားဦးမယ်... ငါ့လက်ထဲမှာ ရေပေါ်ကျွန်း သုံးကျွန်း ရှိသေးတယ်... မီယွမ်မိုးသစ်တော တစ်ခု ဆုံးရှုံးသွားတာက ငါ့အတွက်တော့ ဘာမှ အရေးမကြီးပါဘူး"
ဖေယွမ်ဟူ မျက်နှာ အနည်းငယ် ပျက်သွားပြီး လင်းယွမ်ကို အသေအချာ စိုက်ကြည့်လိုက်သည်။ "မင်းက တကယ် နှမြောတာလား... မီယွမ်မိုးသစ်တောမှာက အကာအကွယ်ဒိုင်း ပါရုံတင်မကဘူး... သူ့အပေါ်က ရာသီဥတုကလည်း သာယာပြီး စိုက်ပျိုးရေး လုပ်ဖို့ အရမ်းကို သင့်တော်တယ်... အဲ့ဒီကျွန်းက ဧရာမ စပါးကျီကြီး တစ်ခု ဖြစ်လာနိုင်တယ်ကွ"
"တစ်..."
"အဲ့ဒီအထဲမှာ ရေဓာတ် သွေးသလင်းကျောက်တွေ အများကြီး ရှိသေးတယ်... ငါကိုယ်တိုင်က စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်နေလို့ အထဲက သွေးသလင်းကျောက်တွေကို ငါ သိပ်မသုံးရသေးဘူး"
"နှစ်..."
"ဆောင်းရာသီ ကုန်လွန်သွားရင် ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို မင်း ပိုင်ဆိုင်ထားသရွေ့ ရွေ့လျားနိုင်တဲ့ ရေပေါ်တိုက်ကြီး တစ်ခုကို ပိုင်ဆိုင်ထားသလိုပဲ... ရေကြီးတဲ့ဒဏ်ကို ဘယ်တော့မှ ခံရတော့မှာ မဟုတ်ဘူး"
"သုံး..."
"ဝှစ်"
လင်းယွမ်က မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
"ဝူး"
စူးရှသော လေခွင်းသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ရေခဲဆူးချွန်က ဖေယွမ်ဟူဆီသို့ ရူးသွပ်စွာ ပစ်ဝင်သွားသည်။
ဖေယွမ်ဟူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ခေါင်းကို ရုတ်တရက် ငုံ့ကာ ရှောင်တိမ်းလိုက်သည်။
"ဘုန်း"
ရေခဲဆူးချွန်က သူ၏ ခေါင်းပေါ်မှ ချက်ချင်း ဖြတ်သွားကာ ဟင်းလင်းပြင် အကာအရံပေါ်သို့ တိုက်ရိုက် စိုက်ဝင်သွားပြီးနောက် မရေမတွက်နိုင်သော ရေခဲစများအဖြစ် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။
ဖေယွမ်ဟူ မျက်နှာကြီး ပြိုပျက်သွားသည်။ "မင်းက တစ်ကယ်လုပ်တာပဲ"
လင်းယွမ်က နောက်တစ်ကြိမ် လက်ကို မြှောက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ရေခဲဆူးချွန် ဆယ်ခုကျော်ကို တိုက်ရိုက် စုစည်းလိုက်သည်။
ဖေယွမ်ဟူက အလောတကြီး အော်ဟစ်လိုက်သည်။ "နေ... နေဦး... ကောင်းကင်ချောက်နက်ကို စူးစမ်းဖို့ ငါ မင်းကို ကူညီပေးနိုင်သေးတယ်... ကောင်းကင်ချောက်နက်အထက်မှာ တကယ် ဘာတွေရှိနေလဲဆိုတာကို မင်း မသိချင်ဘူးလား... အဲ့ဒီ လေပေါ်ကျွန်းတွေက ဘယ်ကနေ ရောက်လာတာလဲ... ကောင်းကင်ယံကို ဖြတ်သန်းစီးဆင်းနေတဲ့ ရေတံခွန်ကြီးကရော ဘာလဲဆိုတာကို မင်း မသိချင်ဘူးလား"
"ဒါတွေကို မင်း နည်းနည်းလေးမှ မသိချင်ဘူးလား"
လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "ငါက စစ်တပ်နဲ့ မတူဘူး... ကောင်းကင်ချောက်နက်ကို စူးစမ်းဖို့ ငါ့မှာ နည်းလမ်း ရှိတယ်... မင်းကို မလိုဘူး"
ထိုသို့ပြောရင်း သူက လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ရေခဲဆူးချွန် ဆယ်ခုကျော်က ဖေယွမ်ဟူဆီသို့ ရုတ်တရက် ပစ်ဝင်သွားတော့သည်။
ဤရေခဲဆူးချွန်များ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှပြီး ဖုံးလွှမ်းနိုင်သည့် ဧရိယာကလည်း အလွန် ကျယ်ဝန်းလှသည်။
မည်သို့ပင်ဖြစ်စေ ဖေယွမ်ဟူသည် စိတ်စွမ်းအင် အစွမ်းပိုင်ရှင်သာ ဖြစ်သောကြောင့် ရှောင်တိမ်းနိုင်စွမ်း လုံးဝ မရှိပေ။
ဤရေခဲဆူးချွန်များက သူ၏ ခန္ဓာကိုယ်ကို အမှန်တကယ် ဖောက်ထွင်းဝင်ရောက်တော့မည်ကို မြင်နေရသော်လည်း လင်းယွမ်မှာ ရပ်တန့်မည့် အရိပ်အယောင် နည်းနည်းလေးမျှ မရှိပေ။
သူ့ရင်ထဲတွင် ရုတ်တရက် အေးစက်သွားပြီး အမြန် အော်ဟစ်လိုက်ရသည်။ "ရပ်... ရပ်... ရပ်လိုက်တော့... ငါအရှုံးပေးတယ်"
"နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို မင်းကို ပေးပါ့မယ်"
ဆက်ရန်...
အပိုင်း (၆၃၈) နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို ရယူခြင်း
"ရွှစ်... ရွှစ်... ရွှစ်"
ရေခဲချွန် ဆယ်ခုထက်မကသည် လေဟာနယ်ထဲတွင် ရုတ်တရက် ရပ်တန့်သွား၏။
လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး "အခုထုတ်ပေး" ဟု ပြောလိုက်သည်။
ဖေယွမ်ဟူမှာ ရွေးချယ်စရာ မရှိတော့ဘဲ "ငါ ထုတ်ပေးလိုက်ရင်... မင်း ငါ့ကို လွှတ်ပေးမှာလား" ဟု မေးလိုက်သည်။
"သေချာတာပေါ့... မင်းကို သတ်လိုက်ရင် စစ်တပ်က အရူးမီးဝိုင်းဖြစ်သွားမှာ... သူတို့နဲ့ တိုက်ပွဲဖြစ်စရာမလိုရင် ငါကဖြစ်ချင်တယ်ထင်လို့လား" လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။
ဖေယွမ်ဟူက ခေတ္တစဉ်းစားလိုက်ပြီးနောက် လင်းယွမ်အနေဖြင့်လည်း စစ်တပ်ကို အနည်းငယ် ထည့်တွက်နေဆဲဖြစ်မည်ဟု တွေးလိုက်သည်။
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပိုမပြောတော့ဘဲ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို ခန္ဓာကိုယ်ပြင်ပသို့ ရိုးရိုးသားသားပင် တွန်းထုတ်ပေးလိုက်သည်။
ထို့နောက် ရေပြာရောင် အမြူတေနှစ်ခုက အပြင်သို့ လွင့်ထွက်လာ၏။
လင်းယွမ်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး အမြူတေနှစ်ခုကို သုမာရုလက်စွပ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။
မီယွမ်မိုးသစ်တော၏ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို သိမ်းဆည်းပြီးနောက် လင်းယွမ်က ဖေယွမ်ဟူကို ကြည့်ကာ "မဆိုးဘူး... မင်း ဒီလောက် ရိုးသားနေတဲ့အတွက် ငါလည်း မင်းကို ဒုက္ခမပေးတော့ဘူး" ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း သူက လက်တစ်ချက်ဝှေ့ယမ်းကာ သုမာရုလက်စွပ်ထဲမှ ခေါင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါကို မင်းဆီ ပြန်ပေးမယ်"
ဖေယွမ်ဟူ ကြောင်အသွားပြီးနောက် သူ၏မျက်နှာထက်တွင် အံ့အားသင့်ကာ ဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လာသည်။
"ဒီရေပင်မဦးနှောက်"
ဤဒီရေပင်မဦးနှောက်ထဲတွင် သူ၏ စိတ်စွမ်းအင် ပင်မဇစ်မြစ် အချို့ ကိန်းအောင်းနေခြင်း ဖြစ်သည်။
ဤပင်မဇစ်မြစ် အစိတ်အပိုင်းကို ဆုံးရှုံးလိုက်ရခြင်းက သူ၏ စိတ်စွမ်းအင်ကို အတော်လေး ထိခိုက်နစ်နာစေခဲ့၏။
သူ ပြန်လည်ကောင်းမွန်လာစေရန် အချိန်ကြာမြင့်စွာ ယူရပေလိမ့်မည်။
အကယ်၍ ယခုလို ပြန်လည်ရရှိမည်ဆိုပါက သူ ပြန်လည်ထူထောင်ရန် လိုအပ်မည့် အချိန်များစွာကို လျှော့ချပေးနိုင်မည် ဖြစ်သည်။
လင်းယွမ်က လက်ထဲရှိ ဒီရေပင်မဦးနှောက်ကို လွှင့်ပစ်ကာ သူ၏ဆီသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။
ဖေယွမ်ဟူက အလျင်အမြန်ပင် လက်လှမ်းဖမ်းလိုက်၏။
ထို့နောက် သူက ဒီရေပင်မဦးနှောက်ကို လက်ဖြင့်ဖိထားကာ အတွင်းရှိ စိတ်စွမ်းအင် ပင်မဇစ်မြစ်နှင့် ချိတ်ဆက်လိုက်သည်။
နောက်တစ်ခဏတွင် အပြာနှင့် အဖြူရောင်စပ်နေသော စွမ်းအင်အစုအဝေးတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာပြီး သူ၏ဦးနှောက်ထဲသို့ လျင်မြန်စွာ ပေါင်းစပ်ဝင်ရောက်သွားလေသည်။
ဤစိတ်စွမ်းအင် ပင်မဇစ်မြစ် ပေါင်းစပ်မှု အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် ဖေယွမ်ဟူ၏ အရှိန်အဝါက ရုတ်တရက် အလွန်အားကောင်းလာတော့သည်။
သူတစ်ကိုယ်လုံး၏ ခွန်အားစွမ်းအင်များကလည်း လျင်မြန်စွာ မြင့်တက်လာ၏။
နဂိုက အားနည်းချိနဲ့နေသော ခန္ဓာကိုယ်ကလည်း အနည်းငယ် ပြန်လည် ကြံ့ခိုင်လာသကဲ့သို့ ရှိသည်။
သူ၏ မျက်လုံးများက ပိုမို တောက်ပလာပြီး တက်ကြွလန်းဆန်းလာတော့သည်။
ဖေယွမ်ဟူက အသားစိုင်အဖြစ် ပြောင်းလဲသွားသော ဒီရေပင်မဦးနှောက်ကို ခပ်ပေါ့ပေါ့ပင် လွှင့်ပစ်လိုက်ပြီး လင်းယွမ်ကို ကြည့်ကာ လက်အုပ်ချီလျက် "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က ခပ်အေးအေးပင် "မင်း ငါ့ကို မမုန်းဘူးလား... မင်းရဲ့ ရေနတ်ဘုရားဂိုဏ်းကို ငါကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့တာလေ" ဟု ပြောလိုက်သည်။
ဖေယွမ်ဟူက ခပ်ဟဟ ရယ်မောလိုက်ရင်း "ရေနတ်ဘုရားဂိုဏ်းဆိုတာ ငါ့အတွက်တော့ နယ်ရုပ်လေးတစ်ခုထက် မပိုပါဘူး... တကယ်တော့ ရေနတ်ဘုရားဂိုဏ်းထဲက ကိစ္စတွေကိုလည်း ငါ ဘယ်တုန်းကမှ ဝင်မစွက်ဖက်ခဲ့ဘူး"
"အရာအားလုံးက ယဇ်ပုရောဟိတ်ကြီး လေးပါးရဲ့ တိုးချဲ့ချင်တဲ့ ဆန္ဒတွေချည်းပါပဲ... ငါ့အတွက်တော့ ခန္ဓာကိုယ်ရဲ့အတားအဆီးကို ကျော်ဖြတ်ပြီး... အဆက်မပြတ် ဆင့်ကဲပြောင်းလဲနိုင်တာထက် ပိုဆွဲဆောင်မှုရှိတဲ့အရာဆိုတာ မရှိဘူး"
"ငါတို့ အခုရောက်နေတာက အရင်က တစ်ခါမှ မကြုံဖူးတဲ့ ခေတ်ကြီးတစ်ခုပဲ... ငါ့ရဲ့ အချိန်နဲ့ ခွန်အားတွေ အားလုံးကို ဆင့်ကဲပြောင်းလဲခြင်း အပေါ်မှာပဲ အပြည့်အဝ အသုံးချရလိမ့်မယ်"
"အဆင့်ဆင့် ဆင့်ကဲပြောင်းလဲခြင်းရဲ့ အချုပ်အနှောင်တွေကို ဖောက်ထွက်နိုင်ခဲ့မယ်ဆိုရင်... ငါတို့က သက်ရှိတွေရဲ့ အကန့်အသတ်ကိုတောင် ကျော်လွန်သွားနိုင်ပြီး စကြဝဠာထဲကို လှည့်လည်သွားလာနိုင်တဲ့အထိ ထာဝရအသက်ရှင်နိုင်တာမျိုးလည်း ဖြစ်နိုင်တာပဲ"
"ဒါတွေနဲ့ ယှဉ်လိုက်ရင် ရေနတ်ဘုရားဂိုဏ်းရဲ့ အာဏာလုပွဲဆိုတာ ကလေးတွေ အပျော်တမ်း ကစားနေတာနဲ့ မတူဘူးလား"
ဖေယွမ်ဟူက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ရာ ရေနတ်ဘုရားဂိုဏ်း ဖျက်ဆီးခံလိုက်ရခြင်းအတွက် တကယ်ကို နောင်တရနေပုံ မပေါ်ပေ။
လင်းယွမ်က မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။ ဤလူက အတော်လေး ရှင်းရှင်းလင်းလင်း တွေးတတ်သူပင်။
အမှန်ပင် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခြင်းထက် ကြီးမားလှသော အစွမ်းခွန်အားများ ကိုယ့်ကိုယ်ကိုယ် ပိုင်ဆိုင်ထားရခြင်းလောက် မည်သည့်အရာက ပိုကောင်းနိုင်မည်နည်း။
သေချာသည်ကတော့ အဖွဲ့အစည်းဆိုသည်မှာ ရှိထားသင့်ပေသည်။ ကိုယ့်အတွက် အလုပ်အကျွေးပြုပေးမည့် အဖွဲ့အစည်းတစ်ခု ရှိနေမှသာ သန္ဓေပြောင်းစွမ်းအင် လေ့ကျင့်ခြင်းကို ပိုမို အာရုံစိုက်နိုင်မည် ဖြစ်သည်။
သို့သော်လည်း လင်းယွမ်၏ မျက်လုံးအစုံ၏ နက်ရှိုင်းသောနေရာတွင် မသိမသာ ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
ဤစိတ်စွမ်းအင် ပင်မဇစ်မြစ်ထဲတွင် သူက ကပ်ပါးမျိုးစေ့ကို ကြိုတင် ထည့်သွင်းထားပြီး ဖြစ်နေလေပြီ။
သူ၏ ယခုလက်ရှိ အားကောင်းလှသော စိတ်စွမ်းအင်ဖြင့် တစ်ဖက်မှ ဖေယွမ်ဟူမှာ လုံးဝကို သတိမထားမိနိုင်ခဲ့ပေ။
လင်းယွမ်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ "ဝှစ်" ခနဲအသံနှင့်အတူ သူတို့နှစ်ယောက်မှာ သုမာရု ဟင်းလင်းပြင်ထဲမှ တိုက်ရိုက် ထွက်လာခဲ့ကြသည်။
သူတို့နှစ်ဦး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျန်းယွီကျန်းနှင့် ဖုန်းကျန့်ကုန်းတို့က ချက်ချင်း သတိထားမိသွားကြ၏။
ချက်ချင်းပင် ထိုလူနှစ်ယောက်က လျင်မြန်စွာ ရွေ့လျားလာပြီး လင်းယွမ်ကို ရှေ့နှင့်နောက်မှ လျင်မြန်စွာ ဝိုင်းရံလိုက်ကြသည်။
လင်းယွမ်က သူတို့နှစ်ဦးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ခပ်အေးအေးပင် "ခင်ဗျားတို့နှစ်ယောက်က ကျုပ်ကို တားချင်လို့လား" ဟု မေးလိုက်သည်။
"ကိုလင်းယွမ်... ကောင်းကင်ချောက်နက်ရဲ့ အခြေအနေကို ခင်ဗျားလည်း မြင်ပြီးပြီပဲ... အခုချိန်မှာ ကျွန်တော်တို့က ဖေယွမ်ဟူကို လိုအပ်နေတယ်... ဘာပဲဖြစ်ဖြစ် သူ့ကို ခင်ဗျား ခေါ်သွားလို့ မရဘူး" ကျန်းယွီကျန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ဖုန်းကျန့်ကုန်းက ပို၍ ဒေါသတကြီးဖြင့် "လင်းယွမ်... မင်းကို ဉာဏ်ကောင်းတဲ့သူလို့ ထင်ခဲ့တာ... ငါတို့ကြားမှာ ရန်သူတွေ မဖြစ်သင့်ဘူး" ဟု ပြောလိုက်သည်။
"ကောင်းကင်ပေါ်က သန္ဓေပြောင်း သတ္တဝါတွေကမှ ငါတို့ရဲ့ ဘုံရန်သူတွေပါ"
လင်းယွမ်က ဖေယွမ်ဟူကို တစ်ချက်ကြည့်လိုက်ပြီး "ကျုပ် သူ့ကို ခေါ်သွားမယ်လို့ ခင်ဗျားတို့ရဲ့ ဘယ်မျက်လုံးက မြင်လိုက်လို့လဲ" ဟု မေးလိုက်သည်။
ဖေယွမ်ဟူက ချက်ချင်း ရှေ့သို့ထွက်လာပြီး "တပ်မမှူးကျန်း... တပ်မဟာမှူးဖုန်း... ကျွန်တော် မီယွမ်မိုးသစ်တောကျွန်းရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ပေးလိုက်ပါပြီ" ဟု သက်ပြင်းချကာ ပြောလိုက်သည်။
ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့နှစ်ဦးစလုံး ကြောင်အသွားကြ၏။
ကျန်းယွီကျန်းက အံ့အားသင့်စွာဖြင့် "မင်းက နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ထုတ်ပေးဖို့ သဘောတူလိုက်တယ်ပေါ့" ဟု မေးလိုက်သည်။
ဖုန်းကျန့်ကုန်းကလည်း အံ့ဩတကြီးဖြင့် "အရင်တုန်းက သေရင်တောင် မပေးဘူးဆိုပြီး ငြင်းနေခဲ့တာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
ဖေယွမ်ဟူက ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။
မပေးလျှင် သေရမည် ဖြစ်သည်။ သေချာပေါက် သူ မပေးချင်သော်လည်း မပေးဘဲ နေ၍မရခဲ့ပေ။
လင်းယွမ်က ခပ်အေးအေးပင် "ကိစ္စလည်း ပြီးသွားပြီဆိုတော့ ကျုပ် ဆက်မနေတော့ဘူး... သွားလိုက်ပါဦးမယ်" ဟု ပြောလိုက်သည်။
သူက နောက်လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။
"နေပါဦး"
ကျန်းယွီကျန်းက အလျင်အမြန် လှမ်းအော်လိုက်သည်။
လင်းယွမ်က သူ့ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။
ကျန်းယွီကျန်းက စိတ်အားထက်သန်စွာဖြင့် "ကိုလင်းယွမ်... စောစောက ကောင်းကင်ချောက်နက်ရဲ့ အခြေအနေကို ခင်ဗျား မြင်ခဲ့ပြီးပြီ... ကောင်းကင်ချောက်နက် ပွင့်လာတိုင်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းထက် သတ္တဝါတွေ ကျူးကျော်ဝင်ရောက်လာကြတယ်" ဟု ပြောလိုက်သည်။
"မိုးကြိုးတိမ်တိုက်တွေရဲ့ အထက်မှာ ဘာရှိလဲဆိုတာကို ခင်ဗျား စိတ်မဝင်စားဘူးလား... အဲ့ဒီ မှော်ဆန်တဲ့ လေပေါ်ကျွန်းတွေ၊ အဆုံးအစမရှိတဲ့ မိုးကြိုးတိမ်တိုက်တွေနဲ့ ဒီရေလွှမ်းမိုးမှုကြီးက ဘယ်ကနေ ရောက်လာသလဲဆိုတာကို ခင်ဗျား အံ့ဩမနေဘူးလား"
လင်းယွမ်က "ခင်ဗျားက ကျုပ်နဲ့ ပူးပေါင်းပြီး ကောင်းကင်ချောက်နက် လမ်းကြောင်းကို အတူတူ စောင့်ကြပ်ချင်လို့လား" ဟု မေးလိုက်သည်။
ကျန်းယွီကျန်းမှာ စကားစပျောက်သွားသည်။ သူ နှုတ်မဟရသေးခင်မှာပင် လင်းယွမ်က သူ၏ အတွေးများကို ခန့်မှန်းမိသွားလေပြီ။
"အခုဆိုရင် ထိုက်ယန်တောင်နဲ့ ကျုပ်တို့က ကွမ်ဖူမှာ ကျန်ရှိနေသေးတဲ့ အင်အားကြီး အဖွဲ့အစည်း နှစ်ခုပဲလေ... ကျုပ်တို့သာ မပူးပေါင်းဘူးဆိုရင် အစွမ်းထက်တဲ့ ကောင်းကင်ချောက်နက် သတ္တဝါတွေကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ"
လင်းယွမ်က ခေါင်းအနည်းငယ်ခါလျက် "လုပ်မနေနဲ့... ကောင်းကင်ချောက်နက် လမ်းကြောင်းက ဒီတိမ်မြူကျွန်းမှာပဲ ရှိနေတာ လုံးဝ မဖြစ်နိုင်ဘူး... တခြားနေရာတွေမှာလည်း သေချာပေါက် ရှိနေမှာပဲ" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ တခြားနေရာတွေမှာ စောင့်ကြပ်နေတဲ့လူမှ မရှိတာ... ဆိုလိုတာက အဲ့ဒီ ကောင်းကင်ချောက်နက် သတ္တဝါတွေဟာ ဝင်ရောက်ကျူးကျော်သင့်တာ ကြာလှပြီလို့ ပြောရမှာပဲ"
"ဒီနေရာမှာ ပိတ်ဆို့ဖို့ ခွန်အားတွေ အကုန်ခံနေမယ့်အစား ရှိသမျှ အချိန်တွေကို ဆုပ်ကိုင်ပြီး ကိုယ့်စွမ်းအားကို အမြန်ဆုံး မြှင့်တင်လိုက်တာက ပိုကောင်းတယ်... ဒါမှလည်း ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးထဲမှာ ဆက်လက် ရှင်သန်နိုင်ဖို့ အရည်အချင်း ပြည့်မီမှာပေါ့"
ကျန်းယွီကျန်းနှင့် ဖုန်းကျန့်ကုန်းတို့မှာ ရုတ်တရက် ဆွံ့အသွားကြသည်။
လင်းယွမ်က သူတို့နှစ်ဦးကို ကြည့်ကာ ပြုံးလျက် "ဒါမှမဟုတ် ခင်ဗျားတို့နှစ်ယောက်မှာ ဒီနေရာကို မဖြစ်မနေ စောင့်ကြပ်ရမယ့် မလွှဲသာမရှောင်သာ အကြောင်းပြချက် တစ်ခုခု ရှိနေလို့လား" ဟု မေးလိုက်သည်။
ကျန်းယွီကျန်းက "ရေပြင်ကြီးက အေးခဲသွားပြီလေ... ကျုပ်တို့က ချန်ချုံးတောင်ကို စွန့်လွှတ်လိုက်မယ်ဆိုရင်တောင် တိမ်မြူကျွန်းကနေ မျောပါထွက်ခွာဖို့ဆိုတာ ခက်ခဲသွားပြီ... အခုတော့ ကျုပ်တို့ ဒီမှာ ပိတ်မိနေကြပြီ" ဟု ပြောလိုက်သည်။
လင်းယွမ်က သူ့ကို သေချာစိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလျက် "ဒါဆို ဆောင်းတွင်းမဝင်ခင်တုန်းက ခင်ဗျားတို့ ဘာလို့ ထွက်မသွားခဲ့ကြတာလဲ" ဟု မေးလိုက်သည်။
ကျန်းယွီကျန်းက သက်ပြင်းချကာ "ကျုပ်တို့ကလည်း ကောင်းကင်ချောက်နက် လမ်းကြောင်းကို အသုံးပြုပြီး မိုးကြိုးတိမ်တိုက်တွေရဲ့ အထက်က အခြေအနေကို စူးစမ်းချင်ခဲ့တာပါ" ဟု ပြောလိုက်သည်။
ဤစကားကမှ သူတို့၏ တကယ့် ရည်ရွယ်ချက်အစစ်အမှန် ဖြစ်ကြောင်း လင်းယွမ် သိလိုက်သည်။
သူတို့က ကောင်းကင်ချောက်နက် အနီးတွင် တစ်ချိန်လုံး နေထိုင်ခဲ့ရခြင်း အကြောင်းရင်းမှာ ကောင်းကင်ချောက်နက်ကို အသုံးချပြီး မိုးကြိုးတိမ်တိုက်များ အထက်ရှိ ကမ္ဘာကို တန်ပြန်တိုက်ခိုက်ကာ ကောင်းကင်ပေါ်ရှိ အခြေအနေများကို အဖြေရှာချင်သောကြောင့် ပင်ဖြစ်သည်။
သေချာပေါက် လင်းယွမ်ကလည်း မိုးကြိုးတိမ်တိုက်များ အထက်ရှိ အခြေအနေကို သိရှိချင်ပါသည်။ သို့သော်လည်း လက်ရှိ သူ၏အနေအထားဖြင့် အပေါ်ဘက်ရှိ ကမ္ဘာကို စူးစမ်းရန် လုံလောက်သော အစွမ်းခွန်အား မရှိသေးကြောင်းကိုမူ သူ ရှင်းရှင်းလင်းလင်း သိထား၏။
စစ်တပ်တွင် ဤမျှကြီးမားသော စစ်ရေးအင်အားများ ရှိနေသဖြင့် ကောင်းကင်ချောက်နက် သတ္တဝါများ၏ ကျူးကျော်မှုကို ခုခံနိုင်စွမ်း ရှိပေသည်။
စွမ်းအင်အမြောက် ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်မည်ဆိုပါက ရွှေကျီးကန်းမိစ္ဆာ ဖြစ်နေလျှင်တောင်မှ တိုက်ရိုက် ပေါက်ကွဲသေဆုံးသွားမည် ဖြစ်သည်။
ယခုလောလောဆယ်တွင် ထိုက်ယန်တောင်၌ ဤမျှကြီးမားသော လက်နက်အင်အားမျိုး မရှိသေးပေ။
ထို့ကြောင့် ယခု ချက်ချင်းလုပ်ဆောင်ရမည့် အရေးကြီးဆုံးအရာမှာ မိမိ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ထိုက်ယန်တောင်၏ နည်းပညာအဆင့်အတန်းကို မြှင့်တင်ရန်ပင် ဖြစ်သည်။
ဤတစ်ကြိမ် အိမ်ပြန်ရောက်ပါက သူသည် အမှတ်များကို စုဆောင်းပြီးနောက် ထိုက်ယန်တောင်၏ သင်္ကေတနည်းပညာကို အကြီးစား အဆင့်မြှင့်တင်ရန်အတွက် အမျိုးအစားစုံလင်သော သင်္ကေတလက်နက်များကို အဓိကထား လဲလှယ်သွားမည် ဖြစ်သည်။
လင်းယွမ်က "ကျုပ်က ကိုယ့်အခြေအနေကို သိတယ်... လက်ရှိမှာ ထိုက်ယန်တောင်က မိုးကြိုးတိမ်တိုက်တွေ အထက်က ကမ္ဘာကြီးကို စူးစမ်းလေ့လာနိုင်တဲ့ အင်အား မရှိသေးပါဘူး" ဟု ပြောလိုက်သည်။
"ကျုပ်တို့ အချိန်လိုသေးတယ်... ခင်ဗျားတို့ဘက်က သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အချက်အလက်တွေ အားလုံးကို ထုတ်ပြန်ပေးပြီး ထိုက်ယန်တောင်ရဲ့ သင်္ကေတနည်းပညာ တိုးတက်ဖို့ ကူညီမယ်ဆိုရင်တော့ တစ်မျိုးပေါ့"
ကျန်းယွီကျန်းမှာ ချက်ချင်းပင် စကားမဟနိုင်တော့ပေ။
နောက်နေတာလား။ မည်သည့် အကျိုးအမြတ်မှ မရဘဲ သူတို့ ကြိုးကြိုးစားစား တီထွင်ထားသည့် လက်နက်စနစ် အသီးသီးကို ထိုက်ယန်တောင်အား အလကားသက်သက် မည်သို့ ပေးနိုင်မည်နည်း။
လင်းယွမ်က ပြုံးလိုက်ပြီး ပိုမပြောတော့ဘဲ "တပ်မမှူးကျန်း... ဖြည်းဖြည်းချင်း စဉ်းစားလိုက်ဦး... ကျုပ် ထိုက်ယန်တောင်မှာ လုပ်စရာကိစ္စတွေ အများကြီး ကျန်သေးတယ်... သွားခွင့်ပြုပါဦး" ဟုသာ ပြောလိုက်သည်။
သူ၏ ကိုယ်ဟန်က တစ်ချက်လှုပ်ရှားသွားပြီး အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားကာ ကျောက်ခိုင်ကို အမြန်ခေါ်ဆောင်လျက် တိမ်မြူကျွန်း တစ်ဝိုက်မှ ထွက်ခွာသွားတော့သည်။
ကျန်းယွီကျန်းနှင့် ဖုန်းကျန့်ကုန်းတို့သည် ထွက်ခွာသွားသော လင်းယွမ်၏ ကျောပြင်ကို လှမ်းကြည့်လိုက်ကြပြီး သူတို့နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားကြသည်။
ဖုန်းကျန့်ကုန်းက မနေနိုင်တော့ဘဲ "ကောင်းကင်အထက်က လျှို့ဝှက်ချက်တွေကို မစူးစမ်းဘဲ နေနိုင်တဲ့သူ တကယ်ပဲ ရှိနေတာလား" ဟု ရေရွတ်လိုက်သည်။
"ဒါက ရေကြီးမှုကြီးရဲ့ အရင်းအမြစ်နဲ့ ပတ်သက်တဲ့ အမှန်တရားကြီးလေ... သူက တကယ်ပဲ နည်းနည်းလေးတောင် စိတ်မဝင်စားတာလား"
ကျန်းယွီကျန်းက ခေါင်းအနည်းငယ်ခါလျက် "သူ စိတ်မဝင်စားတာ မဟုတ်ပါဘူး... ပိုပြီး တည်ငြိမ်နေတာပါ" ဟု ပြောလိုက်သည်။
"ဒါကမှ တကယ့် လူတော်ပဲ"
ထိုအချိန်တွင် သူက မလှမ်းမကမ်းရှိ ဖေယွမ်ဟူကို လှမ်းကြည့်ကာ "မင်းက သူ့ကို နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ ပေးဖို့ ဘယ်လိုဖြစ်ပြီး သဘောတူလိုက်ရတာလဲ... အရင်တုန်းက ငါတို့ အကြာကြီး ဖျောင်းဖျခဲ့တာတောင် မင်း လုံးဝ သဘောမတူခဲ့ဘူးလေ" ဟု မေးလိုက်သည်။
ဖေယွမ်ဟူက ခါးသီးစွာ ပြုံးလျက် "မပေးရင် သူက ငါ့ကို သတ်မှာ... ငါ ဘာလုပ်ရမှာလဲ" ဟု ပြန်ဖြေသည်။
"သူက သတ်ရဲလို့လား" ဖုန်းကျန့်ကုန်းက အော်ပြောလိုက်သည်။
ဖေယွမ်ဟူက ခေါင်းခါလျက် "သူ တကယ်သတ်ရဲတယ်"
ထိုသို့ပြောရင်း သုမာရု ဟင်းလင်းပြင်ထဲတွင် အရင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်လည် ပြောပြလိုက်လေသည်။
ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့မှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။
"ထိုက်ယန်တောင်က လင်းယွမ်က တကယ် မဆိုးဘူးပဲ... သူက ငါတို့နဲ့ မျက်နှာပျက်ရမှာကို တကယ်ကို မကြောက်တာပဲ" ဖုန်းကျန့်ကုန်းက မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည်။
ကျန်းယွီကျန်းက "ဒီနေ့ သူ ဝင်ပါတာကို မင်းလည်း မြင်လိုက်တာပဲ... သူ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းမှာ ထူးထူးဆန်းဆန်း ပုံစံနှစ်မျိုးတောင် ရှိနေတယ်" ဟု ပြောလိုက်သည်။
"အဲ့ဒီအထဲက ရေခဲဝက်ဝံရဲ့ အနီးကပ် တိုက်ခိုက်နိုင်စွမ်းက မင်းရဲ့ အဏုမြူဒိုင်နိုဆော ပုံစံထက် နည်းနည်းလေးတောင် မညံ့ဘူး"
"အဲ့ဒီ မြွေပုံစံကလည်း အစွမ်းထက်တဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှု နည်းလမ်းတွေကို ပိုင်ဆိုင်ထားပြီး ရေခဲဝက်ဝံလိုပဲ ထူးဆန်းနေပြန်တယ်"
"တကယ်လို့များ အကြီးအကျယ်တိုက်ပွဲဖြစ်ရင် မင်းတစ်ယောက်တည်းနဲ့ သူ့ကို နိုင်ပါ့မလား"
"ဒါက..."
ဖုန်းကျန့်ကုန်းမှာ ချက်ချင်းပင် တွေဝေသွားသည်။
ရေခဲဝက်ဝံ ပုံစံရှိသည့် လင်းယွမ်သာဆိုလျှင် သူ အနည်းငယ် ယှဉ်တိုက်နိုင်စွမ်း ရှိသေးသည်ဟု ခံစားမိသည်။
သို့သော်လည်း ယခုမူ လင်းယွမ်တွင် အခြားသော မျိုးရိုးဗီဇပုံစံ တစ်ခုပါ ထပ်တိုးလာသဖြင့် သူ၏စိတ်ထဲတွင် ရုတ်တရက် ယုံကြည်မှု ပျောက်ဆုံးသွားရ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယွီကျန်းက ခေါင်းအနည်းငယ်ခါလျက် "ဒီလင်းဆိုတဲ့ကောင်က မင်းနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်တုန်းက အသာစီး မရခဲ့ဘူးလေ... အခု နှစ်လကျော်လောက်ပဲ ရှိသေးတယ်... ဒီအဆင့်အထိ ရောက်လာပြီ" ဟု ပြောလိုက်သည်။
"ဒီလူရဲ့ သန္ဓေပြောင်းစွမ်းအင် လေ့ကျင့်တဲ့နေရာမှာ ရှိတဲ့ ပင်ကိုယ်ပါရမီက အလွန်ကို ကြောက်စရာကောင်းလောက်တယ်"
"သူ့ကို ရန်မစတာက ပိုကောင်းလိမ့်မယ်... အဆင်ပြေအောင် နေနိုင်ရင် အဆင်ပြေအောင် နေလိုက်တာ အကောင်းဆုံးပဲ"
"ငါတို့ နောက်ထပ် လုပ်ရမယ့်အရာက... မိုးကြိုးတိမ်တိုက်တွေရဲ့ အထက်ကို စူးစမ်းလေ့လာဖို့ကိုပဲ အဓိကထားရအောင်"
"မင်းလည်း အချိန်ကို အမိအရဆုပ်ကိုင်ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းတဲ့ ပမာဏကို ပိုမြင့်လာအောင် အမြန်လုပ်ထားဦး"
"အဲ့ဒီ ရွှေကျီးကန်းမိစ္ဆာရဲ့ အလောင်းက... ငါတို့ နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုအထိ သုတေသနလုပ်ဖို့ လုံလောက်ပါတယ်"
ထိုစကားကို ကြားသောအခါ ဖုန်းကျန့်ကုန်းက ခေါင်းအနည်းငယ်ညိတ်လျက် "နောက်တစ်ခေါက် ထပ်ပြီး ကြိုးစားရမယ့် အချိန်ရောက်ပြီပဲ... ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ၁၀% မှာ ရပ်တန့်နေတာ နှစ်လတောင် ကျော်နေပြီ" ဟု ပြောလိုက်သည်။
"ဒါနဲ့ မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာ သုသေသန တိုးတက်မှုကရော ဘယ်လိုရှိလဲ" ဖုန်းကျန့်ကုန်းက မေးလိုက်သည်။
ကျန်းယွီကျန်းက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "အရမ်း ခက်တယ်... လူ့ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇတွေက ပင်လယ်ကြီးလို ကျယ်ပြောလွန်းတယ်လေ... စစ်ဆေးရေးကိရိယာက အုပ်စုခွဲခြားတာလောက်ပဲ လုပ်နိုင်တယ်... တိတိကျကျ သိဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်" ဟု ပြန်ဖြေသည်။
"အကြမ်းဖျင်း ခွဲခြားနိုင်ရင်လည်း အဆင်ပြေပါတယ်... မျိုးရိုးဗီဇ အရည်အသွေးတွေကို အာရုံခံရတဲ့နေရာမှာ ငါ့ခွန်အားတွေ အများကြီး သက်သာတာပေါ့"
ဖုန်းကျန့်ကုန်းက ပြောပြီးသည်နှင့် ဖေယွမ်ဟူကို လှမ်းကြည့်ကာ "ဖေယွမ်ဟူ... ဒီတစ်ကြိမ်လည်း မင်း ပင်ပန်းသွားပြီ... မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာက အများကြီး အသုံးမဝင်လှပေမဲ့ တစ်နည်းနည်းနဲ့တော့ အထောက်အကူ ဖြစ်စေမှာပါ" ဟု ပြောလိုက်သည်။
"မင်းလည်း တစ်ကြိမ်လောက် စမ်းကြည့်လိုက်ဦး"
ဖေယွမ်ဟူ၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး "ကျွန်တော်က မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာကို သုံးလို့ရတာလား... အဲ့ဒီဟာက စွမ်းအင်တွေ အများကြီး ကုန်တာနော်" ဟု မေးလိုက်သည်။
ကျန်းယွီကျန်းက ပြုံးလျက် "သုံးလိုက်ပါ... ဒီတစ်ခေါက် ရွှေကျီးကန်းမိစ္ဆာရဲ့ အလောင်းက ငါတို့ကို စွမ်းအင်အထောက်အပံ့တွေ အများကြီး ပေးနိုင်တယ်"
"ငါတို့ တူးဖော်ရရှိထားတဲ့ စွမ်းအင်ကျောက်တုံး အများအပြားပါ ပေါင်းလိုက်မယ်ဆိုရင်... မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာကို အကြိမ်အများကြီး လည်ပတ်ဖို့ လုံလောက်ပါတယ်"
"ကျေးဇူးတင်ပါတယ် တပ်မမှူး... ကျေးဇူးတင်ပါတယ် တပ်မဟာမှူး"
ဖေယွမ်ဟူက စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။
စိတ်စွမ်းအင် ပင်မဇစ်မြစ် ပြန်လည်ကောင်းမွန်လာခြင်းနှင့်အတူ ယခုလို တန်ဖိုးရှိသော မျိုးရိုးဗီဇ စစ်ဆေးရေးကိရိယာကို အသုံးပြုခွင့် ရရှိလိုက်ခြင်းကြောင့်ပင်။
သူက ယခုတစ်ကြိမ်တွင်မူ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို တစ်ဟုန်ထိုး တက်ရောက်နိုင်လိမ့်မည်ဟု ခံစားနေမိတော့သည်။
ဆက်ရန်...