← Chapters

အခန်း (၆၃၉-၆၄၀)

Vol. 32 Ch. 639-640

အခန်း (၆၃၉-၆၄၀)

Vol. 32 Ch. 639-640

အပိုင်း(၆၃၉) ယာဉ်တန်းကို တိုက်ရိုက်တိုက်ခိုက်ရန်

"ဒီနှလုံးအမြူတေကို မင်းယူပြီး အမြန်ဆုံး သန့်စင်လိုက်"

ကောင်းကင်ယံထက်တွင် လင်းယွမ်နှင့် ကျောက်ခိုင်တို့က အလွန်လျင်မြန်စွာ ပျံသန်းနေကြသည်။

သူက လက်ထဲရှိ နှလုံးအမြူတေကို ထုတ်ယူကာ ကျောက်ခိုင်ကို ကမ်းပေးလိုက်သည်။

ကျောက်ခိုင် အံ့သြသွားပြီး ချက်ချင်းပင် လောတကြီး ပြန်ပြောလိုက်သည်။ "အစ်ကိုလင်း... ဒီနှလုံးအမြူတေက ရေဓာတ် အစွမ်းပိုင်ရှင်တွေ သုံးမှပဲ သူ့ရဲ့စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မှာ"

"ကျွန်တော်က ရေခဲဓာတ် အစွမ်းပိုင်ရှင်ဆိုတော့ ဒါကိုသုံးလိုက်ရင် နည်းနည်း နှမြောစရာ ကောင်းနေမှာပေါ့"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြကာ "ငါ စဉ်းစားထားပြီးပြီ... လောလောဆယ် ငါတို့ ထိုက်ယန်တောင်မှာရှိတဲ့ ရေဓာတ် အစွမ်းပိုင်ရှင်တွေထဲမှာ အစွမ်းအထက်ဆုံးက ဟန်ရှန်းမန်ပဲ... သူ့ရဲ့ အဓိက အရည်အသွေးကလည်း အမှတ် ၁၀၀ ပြည့်တော့မယ်"

"ဒါပေမဲ့ သူ့ကို ဖန်ဆန်းကျွန်းဘက်က ကိစ္စတချို့ ဖြေရှင်းဖို့ ငါ လွှတ်ထားတယ်... ဒါကြောင့် ဒီနှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို လောလောဆယ် မင်းပဲ အရင် ယူပြီး သန့်စင်လိုက်ပါ"

"သူ့ဘက်က ကိစ္စတွေ ပြီးသွားတဲ့အခါ မင်းသူ့ကို တာဝန်လွှဲပြောင်းပေးလိုက်ရုံပါပဲ"

ကျောက်ခိုင်သည် ထိုစကားကို ကြားသောအခါမှသာ ခေါင်းညိတ်ကာ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေကို လှမ်းယူလိုက်သည်။

လင်းယွမ်က "ဖန်ဆန်းကျွန်းဘက်က ကိစ္စတွေက နည်းနည်း ရှုပ်ထွေးတယ်... အခု ဖူရုံတောင်ကြားဘက်မှာလည်း အခြေအနေတွေ ဖြစ်နေတယ်... အချိန်တွက်ကြည့်ရရင် အဲ့ဒီ သံချပ်ကာ ယာဉ်တန်းကလည်း လင်ကျန်းမြို့ကို ရောက်ခါနီးပြီ ထင်တယ်"

"ဒီကိစ္စတွေကို ဖြေရှင်းဖို့ ထိုက်ယန်တောင်ကို ငါ အမြန်ဆုံး ပြန်သွားပြီး ကြီးကြပ်ရလိမ့်မယ်"

"မီယွမ်မိုးသစ်တောဘက်ကိုတော့ မင်းဆီ အပ်ခဲ့မယ်... တကယ်လို့ မကာကွယ်နိုင်တဲ့ အန္တရာယ်မျိုး ကြုံလာရင် အသေအလဲ တောင့်ခံမနေနဲ့... ကိုယ့်အသက်ကို ပထမဦးစားပေးရမယ် ဆိုတာ မမေ့နဲ့... လူအသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိနေမှာပဲ"

ကျောက်ခိုင်က ခေါင်းအနည်းငယ် ညိတ်ကာ "ကျွန်တော် နားလည်ပါပြီ အစ်ကိုလင်း"

လင်းယွမ်သည် ထပ်မံ၍ စကားအနည်းငယ် မှာကြားပြီးနောက် မီယွမ်မိုးသစ်တောသို့ ဆက်မသွားတော့ဘဲ သူတို့နှစ်ဦး ချက်ချင်း လမ်းခွဲလိုက်ကြသည်။

တစ်ဦးက ထိုက်ယန်တောင်သို့ တိုက်ရိုက် ပျံသန်းသွားပြီး အခြားတစ်ဦးက မီယွမ်မိုးသစ်တောသို့ ထွက်ခွာသွားသည်။

ယခုအချိန်တွင် ကျောက်ခိုင်၏ အဓိက အရည်အသွေးသည် အမှတ် ၁၀၀သို့ ရောက်ရှိနေပြီ ဖြစ်ရာ မီယွမ်မိုးသစ်တောရှိ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို သန့်စင်ပြီးပါက စိတ်စွမ်းအင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ သေချာပေါက် တိုးတက်လာပေမည်။

ထိုအချိန်ကျလျှင် ကျောက်ခိုင်၏ အခြေအနေအရ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန်မှာ မခက်ခဲနိုင်တော့ပေ။

သိထားရမည်မှာ ကျောက်ခိုင်သည် လင်းယွမ်နောက်သို့ လိုက်ပြီးကတည်းက သန္ဓေပြောင်း သတ္တဝါများ၏ အသားကို စားရသည့် အကြိမ်အရေအတွက်မှာ သိပ်မများလှပေ။

သူ၏ ခန္ဓာကိုယ်ထဲရှိ မသန့်စင်သော မျိုးရိုးဗီဇများ ပါဝင်မှုမှာ အမှန်တကယ်တော့ သိပ်မများသဖြင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အပြည့်အဝ ကြိုးစားကြည့်နိုင်ပေသည်။

လီချင်းဟွာနှင့် ဟန်ရှန်းမန်တို့ဘက်တွင်မူ အနည်းငယ် ခက်ခဲနိုင်သည်။ သူတို့က သန္ဓေပြောင်း သတ္တဝါများ၏ သွေးသားများကို အနည်းအကျဉ်းမျှ စားသုံးခဲ့ကြသည် မဟုတ်ပေ။

လင်းယွမ် စိတ်ထဲတွင် တွေးတောနေမိသည်။ ကြည့်ရသည်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း နှုန်းကို မြှင့်တင်ပေးနိုင်သော ပစ္စည်းများကို လဲလှယ်နိုင်ရန်အတွက် အမှတ်များကို အမြန်ဆုံး ရှာဖွေရတော့မည် ဖြစ်သည်။

ဤအရာသည် သူကိုယ်တိုင် လိုအပ်ရုံသာမက သူ့လက်အောက်ရှိ အကူအညီပေးသူများ အားလုံးလည်း လိုအပ်နေပေသည်။

"ဝှစ်"

လင်းယွမ်၏ အလျင်သည် အလွန်မြန်ဆန်လှပြီး ဆယ်မိနစ်ခန့်အကြာတွင် ထိုက်ယန်တောင်သို့ ပြန်လည်ရောက်ရှိသွားသည်။

မိုင်နှစ်ဆယ်ကျော် အကွာအဝေးသည် ယခုလက်ရှိ သူ၏ အနေအထားအရ အမှန်တကယ်ပင် အိမ်ပြင်ထွက် လမ်းလျှောက်သကဲ့သို့သာ ဖြစ်သည်။

ရွှေကျီးကန်း သတ္တဝါကဲ့သို့ ပျံသန်းနိုင်သော သန္ဓေပြောင်း သတ္တဝါမျိုးဆိုလျှင်မူ အလျင်က ပို၍ပင် မြန်ဆန်နိုင်ပေသည်။

ထို့ကြောင့် ကောင်းကင်ချောက်နက် လမ်းကြောင်းသည် အမှန်တကယ်တော့ ထိုက်ယန်တောင်အတွက် အန္တရာယ် မရှိသည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုက်ယန်တောင်နှင့် ကောင်းကင်ချောက်နက် လမ်းကြောင်းသည်လည်း အလွန်နီးကပ်လွန်းနေသည်။

"ဒီကောင်းကင်ချောက်နက် လမ်းကြောင်းက နေရာကောင်းတစ်ခုပဲ... ငါ့ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် မြင့်တက်လာရင်... ဟိုဘက်မှာ အမှတ်တွေကို အချိန်အကြာကြီး ရှာလို့ရပြီ"

လင်းယွမ်က တိတ်တဆိတ် တွေးလိုက်သည်။ ယခုအချိန်တွင် သူသည် ခေါင်းဆောင်စံအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ပြန်ရောက်ရောက်ချင်းပင် ခေါင်းဆောင်စံအိမ်အပြင်ဘက်၌ ကျွမ်းရှုယွမ်က လူအနည်းငယ်ကို ခေါ်ဆောင်ကာ ခေါင်းဆောင်စံအိမ် ဧည့်ခန်းထဲတွင် စိုးရိမ်တကြီး ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး မျက်နှာပေါ်တွင်လည်း ပူပန်သောက ရိပ်များ အပြည့်ရှိနေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်၏ စိတ်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားပြီး အလျင်အမြန် လျှောက်သွားလိုက်သည်။

"ဌာနမှူးကျွမ်း"

အနီရောင် ချီပေါင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျွမ်းရှုယွမ်သည် အသံကြားသောအခါ အလျင်အမြန် ခေါင်းမော့ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အမူအရာ ပေါ်လာကာ အလောတကြီး ပြောလိုက်သည်။ "ကိုလင်းယွမ်... ရှင် ပြန်ရောက်လာပြီပဲ"

သူမက ခပ်သုတ်သုတ် ပြေးလာရာ အနီရောင် ပိုးသားချီပေါင်ဝတ်စုံအတွင်းမှ ကောက်ကြောင်းအလှများက သိသိသာသာ လှုပ်ရှားသွားသည်။

သို့သော် လင်းယွမ်ကမူ ဂရုစိုက် ကြည့်မနေအားဘဲ မျက်မှောင်ကြုတ်ကာ "ဘာဖြစ်လို့ ဒီလောက်လောနေရတာလဲ" ဟု မေးလိုက်သည်။

"တွင်းနက်အရိပ်ကျွန်းဘက်က သတင်းရလာလို့ပါ"

"ဖန်ဆန်းကျွန်းက လူတွေက ပေါင်ရှန်းတောင်ရဲ့ သစ္စာဖောက်တွေ ဖြစ်ရုံတင်မကဘူး... သူတို့အဖွဲ့ရဲ့ နောက်ကွယ်မှာ ခိုင်းစေနေတဲ့ သူတစ်ယောက် ရှိနေတယ်... အဲ့ဒီလူက ဘယ်သူလဲဆိုတာ ရှင် လုံးဝ ခန့်မှန်းမိမှာ မဟုတ်ဘူး"

လင်းယွမ်က မျက်မှောင် အနည်းငယ် ပင့်လိုက်ပြီး "နေပါဦး... ပေါင်ရှန်းတောင်က အခု ပေချန်ကျွန်းနဲ့ တိုက်ခိုက်နေတာ မဟုတ်ဘူးလား... ဖန်ဆန်းကျွန်းက လူတွေက ပေချန်ကျွန်းက လူတွေရဲ့ သွေးထိုးလှုံ့ဆော်မှု ခံလိုက်ရတာများလား"

ကျွမ်းရှုယွမ်က "မဟုတ်ဘူး... ပေချန်ကျွန်းကလည်း နယ်ရုပ်တစ်ခုပဲ... တစ်ယောက်ယောက်က ပေချန်ကျွန်းကို သိမ်းပိုက်ပြီး ပေါင်ရှန်းတောင်ကို ကြံစည်ဖို့ ပေါင်ရှန်းတောင်ရဲ့ ဒုတိယခေါင်းဆောင် ကူကျန့်ယဲ့ကို သွေးထိုးလှုံ့ဆော်ခဲ့တာ"

"ပြီးတော့ ကျွန်းနှစ်ကျွန်း တိုက်ပွဲဖြစ်နေချိန်မှာ ကူကျန့်ယဲ့က ပေါင်ရှန်းတောင် ခေါင်းဆောင် ဖူဆန်းလဲ့ကို အလစ်တိုက်ခိုက်ခဲ့လို့ ဖူဆန်းလဲ့ အပြင်းအထန် ဒဏ်ရာရသွားပြီး ပေါင်ရှန်းတောင်လည်း အကြီးအကျယ် ထိခိုက်သွားခဲ့တယ်"

"နောက်ဆုံးမှာ ဖူဆန်းလဲ့က ရန်သူတွေကို တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ပြီး ကူကျန့်ယဲ့လည်း ဖန်ဆန်းကျွန်းကို ဆုတ်ခွာပြေးခဲ့ရပေမဲ့ ပေါင်ရှန်းတောင်ကတော့ သိသိသာသာ အင်အားကျဆင်းသွားခဲ့တယ်... ဒါကြောင့် နောက်ကွယ်ကလူက ပေချန်ကျွန်းကို ဦးဆောင်ပြီး နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ခဲ့ပြန်တယ်"

"ဒီနောက်ကွယ်က လူကို ကိုလင်းယွမ် အသေအချာကို ရင်းနှီးမှာပါ"

လင်းယွမ် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်ပြီး "ငါ ရင်းနှီးတယ်... ဘယ်သူလဲ" ဟု မေးလိုက်သည်။

"မြူခိုးမြို့တော်က ချန်ယွင်တောက်လေ"

ကျွမ်းရှုယွမ်က လင်းယွမ် လုံးဝ မထင်မှတ်ထားသော နာမည်တစ်ခုကို ပြောလိုက်သည်။

သူ့မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဤနာမည်ကို သူပင် အနည်းငယ် မေ့လျော့နေပြီ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အစပိုင်းတုန်းက သူ မြူခိုးမြို့တော်ထဲ ဝင်ခဲ့စဉ်က နာမည်ကို ဖုံးကွယ်ထားခဲ့ပြီး နောက်ပိုင်း သွေးသလင်းကျောက်ကို တူးယူသွားချိန်မှာတောင် မည်သူမျှ မသိခဲ့ကြပေ။

ချန်ယွင်တောက်သည် လင်ကျန်းမြို့သို့ အချိန်ကြာမြင့်သည်အထိ ပေါ်မလာခဲ့သလို ထိုက်ယန်တောင် အနီးတစ်ဝိုက်သို့ပင် ရောက်မလာခဲ့ပေ။

လင်းယွမ်က တစ်ဖက်လူသည် သွေးသလင်းကျောက်ကို တူးယူသွားသူကို ရှာမတွေ့တော့ဘဲ ဤကိစ္စသည် ပဟေဠိအမှုတစ်ခု ဖြစ်သွားပြီဟုပင် ထင်မှတ်ထားခဲ့သည်။

အချိန် ဤမျှကြာမြင့်ပြီးမှ ဤလူ၏ သတင်းကို ပြန်ကြားရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သူက ဤအရာအားလုံးကို စိတ်ထဲတွင် လျင်မြန်စွာ ချင့်ချိန်စဉ်းစားလိုက်ပြီး ဦးနှောက်ကို အလုပ်ပေးလိုက်ရာ ရုတ်တရက် မေးခွန်းတစ်ခုကို သွားတွေးမိလိုက်သည်။

ချန်ယွင်တောက်က မြူခိုးမြို့တော်၏ သွေးသလင်းကျောက်ကို သူ လုယူသွားခဲ့မှန်း ယခုအချိန်တွင် တကယ်ပဲ သိနေပြီလား။

နောက်တစ်စက္ကန့်တွင် လင်းယွမ်၏ စိတ်ထဲ၌ အဖြေတစ်ခု ပေါ်လာသည်။

သေချာပေါက် သိနေပြီ ဖြစ်သည်။

"တကယ်လို့ သွေးသလင်းကျောက်ကို ငါယူသွားမှန်း ချန်ယွင်တောက်သာ မသိဘူးဆိုရင်... သူက ဘာလို့ လင်ကျန်းမြို့မှာ အင်အား မချဲ့ထွင်ဘဲ အဝေးကြီးဖြစ်တဲ့ ပေါက်ဆန်းမြို့အထိ ပြေးပြီး အင်အား သွားတည်ဆောက်ရမှာလဲ"

"ပုံမှန်အားဖြင့် ပြောရရင် သူ့ဆီမှာ မြူခိုးမြို့တော်လို ရေပေါ်ကျွန်းမျိုး ရှိနေတော့... သူ့ရဲ့ စွမ်းရည်တွေလည်း စောစောစီးစီးကတည်းက တိုးတက်လာလောက်ပြီ... လင်ကျန်းမြို့က တောင်တန်းတွေ၊ ကျွန်းတချို့ကို သူ့ရဲ့ ပိုင်နက်အဖြစ် သိမ်းပိုက်ထားသင့်ပြီ"

"ဒါပေမဲ့ သူက အဲ့ဒီလို မလုပ်ခဲ့ဘူး... ငါ့ရဲ့ နယ်မြေထဲတောင် ဝင်မလာခဲ့ဘူး... သူ ဘာကို ကြောက်နေတာလဲ"

လင်းယွမ်က သွေးသလင်းကျောက်ကို တူးယူသွားသူမှာ သူပင်ဖြစ်ကြောင်း ချန်ယွင်တောက် သေချာပေါက် သိနေပြီဟု စိတ်ထဲတွင် အလွန် သေချာသွားသည်။

ထို့ကြောင့် တစ်ဖက်လူက သူ့ကို အမြဲတမ်း သတိထားနေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် လင်ကျန်းမြို့မှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပေါက်ဆန်းမြို့ကို ကြံစည်ပြီး ဖန်ဆန်းကျွန်းကို ခုန်ပျံကျော်လွှားရာ နေရာအဖြစ် အသုံးပြုကာ အချိန်တန်လျှင် ထိုက်ယန်တောင်ကို ရင်ဆိုင်ရန် ဖြစ်သည်။

လင်းယွမ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ အန္တရာယ်ကို သူ ရိပ်စားမိသွားပြီ ဖြစ်သည်။

"ဖန်ဆန်းကျွန်းကို သိမ်းပိုက်လိုက်ပြီလား"

ကျွမ်းရှုယွမ်က ခေါင်းခါပြကာ "ဟိုဘက်က သတင်းရတာတော့ အဲ့ဒီ ကူကျန့်ယဲ့ရဲ့ အစွမ်းက အရမ်း ထူးခြားတယ်တဲ့... ပြီးတော့ သူကိုယ်တိုင်ကလည်း အဓိက အရည်အသွေး အမှတ် ၁၀၀ ပြည့်နေတဲ့ အစွမ်းထက်သူ တစ်ယောက်ဆိုတော့ ဟန်အလှလေးတို့ သူ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

လင်းယွမ်က သူမကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဘယ်အချိန်ရှိနေပြီလဲ၊ ဒီအမျိုးသမီးက "ဟန်အလှလေး" ဆိုသည့် စကားလုံးအပေါ် အသံကို ဖိပြောနေဆဲပင်။

"ကူကျန့်ယဲ့ရဲ့ အစွမ်းက ဘာလဲ"

"စေတစ်လုံးအစွမ်း"

"ဘာဖြစ်တယ်"

"စေတစ်လုံးအစွမ်း... ပါးစပ်ကပြောတဲ့အတိုင်း ဖြစ်လာတဲ့ အစွမ်းတစ်မျိုးလို့ ပြောကြတယ်... သူ ဘာပဲပြောပြော ချက်ချင်း တကယ်ဖြစ်လာတာ... အရမ်းကို ထူးခြားတဲ့ အစွမ်းပဲ"

လင်းယွမ် အနည်းငယ် အံ့သြသွားသည်။ ဤကဲ့သို့သော အစွမ်းမျိုး ရှိနေသေးသည်လား။

ဟန်ရှန်းမန်သည် အဓိက အရည်အသွေး အမှတ် ၁၀၀သို့ မရောက်သေးသဖြင့် ကူကျန့်ယဲ့နှင့် ရင်ဆိုင်ရလျှင် အမှန်တကယ်ပင် အရေးနိမ့်သွားပေမည်။ အကယ်၍ ထိုကူကျန့်ယဲ့၏ အစွမ်းသည် ဤမျှ ထူးခြားနေသေးလျှင် အမှန်တကယ်ပင် ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

လင်းယွမ်က "ဒီလိုအစွမ်းမျိုးရဲ့ အဓိက အရည်အသွေးက ဘာလဲ" ဟု မေးလိုက်သည်။

"ဟိုဘက်က ပို့လာတဲ့ သတင်းအချက်အလက်တွေအရ ဒီလူရဲ့ အဓိက အရည်အသွေးက စိတ်စွမ်းအင် ဖြစ်လောက်တယ်"

"စိတ်စွမ်းအင်လား"

လင်းယွမ်က တစ်စုံတစ်ရာကို တွေးတောနေဟန်ဖြင့် ကြည့်လိုက်သည်။ ဤအစွမ်းသည် စိတ်စွမ်းအင် အစွမ်းနှင့် သိပ်မသက်ဆိုင်သော်လည်း သူကိုယ်တိုင် နားလည်သဘောပေါက်ထားသည့် အစွမ်းတစ်မျိုးနှင့်မူ အနည်းငယ် ဆင်တူနေသည်။

သူက မိမိ၏ အစွမ်းများပြသရာကွက်ကို အလျင်အမြန် တစ်ချက်ကြည့်လိုက်သည်။

ကံကောင်းခြင်း အမှတ်အသား - အကြောင်းအကျိုး အမျိုးအစား အစွမ်း

အစွမ်းအဆင့် - အစိမ်းရောင်

လိုအပ်ချက် - စိတ်စွမ်းအင် ၁၂ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၀ မှတ်

အစွမ်းအာနိသင် - စိတ်စွမ်းအင် အာရုံခံမှုကို အသုံးပြု၍ အကြောင်းအကျိုး မျဉ်းကြောင်းကို ဆွဲငင်ကာ ရန်သူကို ပစ်မှတ်ထားပြီးနောက် သင်၏ တိုက်ခိုက်မှုတိုင်းသည် မလွဲမသွေ ထိမှန်စေမည့် အာနိသင်ကို ဖြစ်ပေါ်စေသည်။

"ငါ့ရဲ့ ကံကောင်းခြင်း အမှတ်အသားက တစ်ကြိမ် သုံးလိုက်တာနဲ့ မလွဲမသွေ ထိမှန်စေတဲ့ အာနိသင် ရှိတယ်... အဓိက လိုအပ်ချက်ကလည်း စိတ်စွမ်းအင်ပဲ"

"ဒီကူကျန့်ယဲ့ရဲ့ အစွမ်းကလည်း ပြောတဲ့အတိုင်း မလွဲမသွေ ဖြစ်လာတာဆိုတော့ အကြောင်းအကျိုး အမျိုးအစား အစွမ်းနဲ့ ဆင်တူနေပုံပဲ"

"ပြီးတော့ သူ့ရဲ့ အဓိက အရည်အသွေးကလည်း စိတ်စွမ်းအင်ပဲ"

ထိုစဉ် ကျွမ်းရှုယွမ်က သုံးသပ်ပြောဆိုလိုက်သည်။ "ဒီလူရဲ့ အတိတ်က အဖြစ်အပျက်တွေကို ကြည့်ရရင်... သူ ပေါင်ရှန်းတောင် ခေါင်းဆောင် ဖူဆန်းလဲ့ကို ဝင်ရောက် တိုက်ခိုက်လို့ အောင်မြင်သွားတာက... ဖူဆန်းလဲ့ ကာကွယ်ဖို့ ပေါ့ဆသွားလို့တင်မဟုတ်ဘူး... ဒီလူဆီမှာ အနည်းဆုံး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းထက်သူကို ထိခိုက်နိုင်တဲ့ နည်းလမ်းတွေ ရှိနေမှာ သေချာတယ်"

"ဒီလိုနည်းလမ်းမျိုးက... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ အစွမ်းထက်သူကို ထိခိုက်နိုင်တယ်ဆိုတော့... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်အောက်မှာရှိတဲ့ အစွမ်းပိုင်ရှင်တွေဆိုရင် ဘယ်သူမှ ကာကွယ်နိုင်မှာ မဟုတ်ဘူး"

"ကိုလင်းယွမ်... ဟန်အလှလေးတို့က ဖန်ဆန်းကျွန်းကို အတင်းအဓမ္မ တိုက်ခိုက်မယ်ဆိုရင် အကြီးအကျယ် နစ်နာသွားလိမ့်မယ် ထင်တယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ကာ "မင်းပြောတာ မှန်တယ်... ဒီလူရဲ့ အစွမ်းကို ဟန်ရှန်းမန်တို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

"ကြည့်ရတာ ငါကိုယ်တိုင် တစ်ခေါက် သွားရတော့မယ် ထင်တယ်"

ကျွမ်းရှုယွမ်သည် ထိုစကားကို ကြားသောအခါ အလျင်အမြန် ခေါင်းခါပြပြီး "ကိုလင်းယွမ်... ရှင် လောလောဆယ် သွားလို့ မရသေးဘူး ထင်တယ်"

"ဘာဖြစ်လို့လဲ" ဟု လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။

"ဖူရုံတောင်ကြားဘက်က လာတဲ့ သံချပ်ကာ ယာဉ်တန်းက မိုင်နှစ်ဆယ်ခန့် အကွာကို ရောက်နေပြီ"

"အများဆုံး နေ့ဝက်လောက်ဆိုရင် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် အနီးတစ်ဝိုက်ကို ရောက်လာလိမ့်မယ်"

လင်းယွမ် မျက်မှောင် အနည်းငယ် ပင့်လိုက်ပြီး "ဒီလောက် မြန်တာလား... သတင်းအချက်အလက် အသစ် တစ်ခုခုများ စုံစမ်းလို့ ရခဲ့သေးလား"

ကျွမ်းရှုယွမ်က ခေါင်းခါပြကာ "ဒီလူတွေက အရမ်း သတိထားကြတယ်... လမ်းတစ်လျှောက်လုံး အများကြီး ရပ်နားတာမျိုး မရှိဘူး... သူတို့ရဲ့ ပစ်မှတ်က အရမ်း ရှင်းလင်းပြီး ထိုက်ယန်တောင်ဘက်ကိုပဲ တောက်လျှောက် ဦးတည်လာနေတာ"

"ပြီးတော့ ကျွန်မတို့ရဲ့ သူလျှိုတွေ ပြန်ပြောပြချက်အရ သူတို့က စူးစမ်းလေ့လာသူတွေလို ဟန်ဆောင်ပြီး သံချပ်ကာ ယာဉ်တန်းနားကို ကပ်သွားရင်... တစ်ဖက်လူက သတိအရမ်းကြီးပြီး သူတို့ကို အနားကပ်ခွင့် လုံးဝ မပေးဘူးတဲ့"

"အန္တရာယ် မပေးနိုင်ဘူးလို့ ထင်ရတဲ့ အဖွဲ့ငယ်လေးတွေကိုပဲ... တစ်ဖက်လူက ဖိတ်ခေါ်ပြီး ပစ္စည်းတွေ အရောင်းအဝယ် လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့... ကျွန်မတို့ရဲ့ သတင်းအချက်အလက်တွေကို တောက်လျှောက် စုံစမ်းနေကြတာ"

လင်းယွမ်၏ အကြည့်များ အနည်းငယ် လေးနက်သွားပြီး "ဒီသံချပ်ကာ ယာဉ်တန်းရဲ့ ခေါင်းဆောင်ကို တွေ့ခဲ့ရလား"

"မတွေ့ရဘူး... အမြဲတမ်း သူတို့ရဲ့ ကိုယ်စားလှယ်ပဲ ထွက်လာတာ... ဟူဖေကန်းလို့ ခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ"

လင်းယွမ်က အေးစက်သော အသံဖြင့် "ကြည့်ရတာ ငါတို့ဆီကို တမင် လာတာပဲ"

ကျွမ်းရှုယွမ်က "ဒါဆို ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ" ဟု မေးလိုက်သည်။

"တစ်ဖက်လူက လာရှာနေမှတော့ သွားတွေ့လိုက်ကြတာပေါ့"

"ဒီလူတွေဆီမှာ သံချပ်ကာ ယာဉ်တန်း ရှိနေတယ်ဆိုတော့ ပစ်အားကလည်း သာမန် မဟုတ်လောက်ဘူး... သူတို့ကို ထိုက်ယန်တောင် နယ်မြေထဲ ပေးဝင်လို့ မဖြစ်ဘူး"

"သူတို့ကို ထိုက်ယန်တောင် နယ်မြေထဲ ဆက်ဝင်ခိုင်းမယ့်အစား... တိုက်ရိုက်သွားပြီး ရှင်းလင်းလိုက်တာက ပိုကောင်းမယ်"

"ဒီလိုလုပ်လိုက်ရင် ရန်သူဖြစ်နေရင်တောင်... အနည်းဆုံးတော့ စစ်မြေပြင်ကို ငါ ကိုယ်တိုင် ရွေးချယ်ခွင့် ရသွားတာပေါ့"

လင်းယွမ်၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်များ တောက်ပလာပြီး ချက်ချင်းပင် သူ၏ ကိုယ်ခန္ဓာက လေထဲသို့ လွင့်မျောသွားသည်။

ကျွမ်းရှုယွမ်က အလျင်အမြန် လှမ်းအော်လိုက်သည်။ "ဝမ်ရှောင် အဲ့ဒီဘက်ကနေ ခုလေးတင် ပြန်ရောက်လာတယ်... သူ့ကို လမ်းပြခိုင်းလိုက်ပါလား... ပြီးတော့ လူအင်အား လိုသေးလား"

လင်းယွမ်က "တစ်ဖက်လူရဲ့ သံချပ်ကာ ယာဉ်တန်း အင်အားကို မသိရသေးဘူး... တခြားလူတွေ သွားရင် အန္တရာယ်ပဲ ရှိလိမ့်မယ်... မင်းတို့ ကာကွယ်ရေး အလုပ်တွေကိုပဲ သေချာ လုပ်ထားကြ"

ဘေးနားရှိ ဝမ်ရှောင်က ချက်ချင်း လိုက်လာပြီး "ကိုလင်းယွမ်... ကျွန်တော် လမ်းပြပါ့မယ်" ဟု အော်ပြောလိုက်သည်။

သူသည် အလျင် အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်ပြီး မပျံသန်းနိုင်သဖြင့် မြေပြင်ပေါ်တွင်သာ အလွန် လျင်မြန်စွာ ပြေးလွှားနိုင်ပေသည်။

လင်းယွမ်က သူ၏ အနောက်မှလိုက်ကာ အနောက်မြောက် အရပ်ဆီသို့ အလွန် လျင်မြန်စွာ ထွက်ခွာသွားသည်။

မိုင်နှစ်ဆယ်ခန့် အကွာအဝေးမှာ သူတို့နှစ်ဦးအတွက် မျက်စိတစ်မှိတ်စာ အချိန်မျှသာ ဖြစ်သည်။

အဆုံးအစမဲ့ ဖြူလွှနေသော နှင်းပြင်ပေါ်တွင် သင်္ကေတများ ရေးထိုးထားသော သံမဏိအကာအရံများ တပ်ဆင်ထားသည့် သံချပ်ကာ ယာဉ်တန်းတစ်ခုက ဖြည်းညင်းစွာ မောင်းနှင်လာနေသည်။

ဤသံချပ်ကာ ယာဉ်တန်းကို အနီးကပ် မြင်တွေ့လိုက်ရသောအခါမှသာ တစ်ဖက်လူ၏ နည်းပညာ အဆင့်အတန်း အလွန်မြင့်မားကြောင်း ကျွမ်းရှုယွမ် ဘာကြောင့် ထပ်ခါတလဲလဲ အလေးပေး ပြောဆိုနေရသည်ကို လင်းယွမ် နားလည်သွားတော့သည်။

မျက်စိရှေ့ရှိ ဧရာမ သံချပ်ကာ ယာဉ်တန်းကြီးရှိ ယာဉ်တစ်စီးချင်းစီတိုင်းသည် ရွေ့လျားနေသော အဆောက်အအုံကြီးများကဲ့သို့ ဖြစ်နေသည်။

ဧရာမ သံကြိုးဘီးကြီးများက သံချပ်ကာ ယာဉ်တစ်စီးလုံးကို ဖြည်းညင်းစွာ မောင်းနှင် ရွေ့လျားစေသည်။

ယာဉ်ပေါ်တွင် အမျိုးမျိုးသော သင်္ကေတ အလင်းရောင်များ တောက်ပနေပြီး ဧရာမ အမြောက်ပြောင်း အမြောက်အမြားကို တပ်ဆင်ထားကာ သေးငယ်သော ပစ်ခတ်ပေါက်များလည်း အနှံ့အပြား ပါရှိသည်။

ဒါက လုံးဝကို ရွေ့လျားနေသော စစ်ခံတပ်ကြီး တစ်ခုပင် ဖြစ်ပေသည်။

ဆက်ရန်...

အပိုင်း (၆၄၀) မင်းက ဝူယောင်ပန်းပဲ

"ဆရာလင်း... ဒီကားတန်းကြီးပဲ"

ဝမ်ရှောင်က လင်းယွမ်ကို အလျင်စလို သတိပေးလိုက်သည်။

လင်းယွမ်က ထိုဧရာမ ကားတန်းကြီးကို စိုက်ကြည့်လိုက်ရင်း မျက်နှာအနည်းငယ် တင်းမာသွားကာ "မုန်ယာကုမ္ပဏီ..."

ကားတန်းပေါ်တွင် အစိမ်းရောင် သစ်ရွက်နုလေးပုံ ဆေးခြယ်ထားသည့် အမှတ်တံဆိပ် တစ်ခုကို သူ သေချာပေါက် မြင်တွေ့လိုက်ရသည်။

ကြီးမားသောအရွယ်အစားဖြစ်ပြီး အလွန် သိသာထင်ရှားနေသည်။

သူက ဤကဲ့သို့သော အဖွဲ့အစည်းမျိုးနှင့် တစ်ခါမှ အဆက်အသွယ် မရှိခဲ့ဖူးကြောင်း အသေအချာ သိနေသည်။

"မင်း ဒီမှာပဲ နေခဲ့... ငါ သွားကြည့်လိုက်ဦးမယ်"

သူက ပြောပြောဆိုဆိုဖြင့် ကိုယ်ကို တစ်ချက် ယိမ်းကာ ကားတန်းရှိရာဘက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

သို့သော်လည်း လင်းယွမ်က ကားတန်းအနီးသို့ မရောက်သေးခင် တစ်မိုင်ခန့်အကွာတွင်ပင် ကားတန်း၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။

ကားတန်း၏ ပထမဆုံး သံချပ်ကာကားမှ အချက်ပေးသံများ ချက်ချင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

"တီ... တီ... တီ"

"သတိပေးချက်... လူပုံစံ သက်ရှိတစ်ခု အရှိန်အဟုန်နဲ့ နီးကပ်လာနေပါတယ်"

သံချပ်ကာကားထဲတွင် ဟူဖေကန်းက လန့်သွားသည်။

သူက ရေဒါစစ်ဆေးရေးစက်ကို အလျင်အမြန် ကြည့်လိုက်ရာ အမည်မသိ သက်ရှိတစ်ခု အလွန် လျင်မြန်စွာ ပျံသန်းလာနေသည်ကို အမှန်တကယ် မြင်လိုက်ရသည်။

ထို့ကြောင့် သူက "အကာအကွယ် စနစ်ကို စတင်လိုက်" ဟု ချက်ချင်း အော်ဟစ် အမိန့်ပေးလိုက်သည်။

"အကာအကွယ် စနစ်ကို စတင်လိုက်ပါပြီ"

"အသံလှိုင်းလွန် စနစ်နဲ့ ပစ်မှတ်ကို အတည်ပြုလိုက်ပါပြီ"

"ဝီ"

"အမြောက်ဆန် အသင့်ဖြစ်ပါပြီ"

"ပစ်မှတ်ကို အတည်ပြုပြီးပါပြီ"

ဟူဖေကန်းက စကားပြောစက်ကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး "လာနေတဲ့လူ ရပ်လိုက်စမ်း... မင်းက ငါတို့ရဲ့ လုံခြုံရေးနယ်နိမိတ်ထဲကို ဝင်လာနေပြီ... အခုချက်ချင်း ရပ်လိုက်" ဟု ကြိမ်းမောင်းလိုက်သည်။

လေထဲရှိ လင်းယွမ်က ထိုကားတန်းထံမှ ထွက်ပေါ်လာသော သတိပေးသံကို ကြားလိုက်ရသဖြင့် ရုတ်တရက် အံ့သြမှင်တက်သွားမိသည်။

ဤကားတန်းတွင် ရေဒါထောက်လှမ်းရေးစနစ်ပါ ပါဝင်နေသည်လား။

သို့သော်လည်း သူက ရပ်တန့်မသွားဘဲ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် တစ်ဖက်လူဆီသို့ ဆက်လက် ပျံသန်းသွားသည်။

"ဝုန်း"

နောက်တစ်စက္ကန့်တွင် ပထမဆုံး သံချပ်ကာကားပေါ်မှ အမြောက် စတင် ပစ်ခတ်လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ဧရာမ စွမ်းအင်အမြောက်ဆန် တစ်ခုက ပြင်းထန်စွာ ပစ်လွှတ်လာသည်။

လင်းယွမ်က ကိုယ်ကို တစ်ချက် ရပ်တန့်လိုက်ပြီး အလွန် လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

သို့သော် ထိုစွမ်းအင်အမြောက်ဆန်က ခြေရာခံစနစ် ပါဝင်နေသကဲ့သို့ ရုတ်တရက် လမ်းကြောင်းပြောင်းသွားကာ လင်းယွမ်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါ ပေါက်ကွဲလာသည်။

လင်းယွမ် ရုတ်တရက် အနည်းငယ် လန့်သွားသည်။

"ပြေးမလွတ် ဒုံးကျည်လား"

သို့သော် မျက်စိရှေ့ရှိ စွမ်းအင်အမြောက်ဆန်က ရုပ်ဝတ္ထု ဒုံးကျည်အစစ် မဟုတ်ဘဲ မည်သို့ ခြေရာခံနိုင်စွမ်း ရှိနေရသနည်း။

လင်းယွမ်က ထိုအရာ၏ အလုပ်လုပ်ပုံ သဘောတရားကို ချက်ချင်း နားမလည်နိုင် ဖြစ်သွားသည်။

ထို့ပြင် ဤစွမ်းအင်အမြောက်ဆန်၏ အလျင်က အလွန် မြန်ဆန်လှပြီး သူ၏ ရွေ့လျားနှုန်းထက်ပင် ပို၍ မြန်ဆန်နေသေးသည်။

သူက ချက်ချင်းပင် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲတွင် စိတ်စွမ်းအင် နံရံတစ်ခု စုစည်းဖြစ်ပေါ်လာသည်။

ထိုစွမ်းအင်အမြောက်ဆန်က ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး လင်းယွမ်၏ စိတ်စွမ်းအင် နံရံပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

"အုန်း"

မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းယွမ်၏ စိတ်စွမ်းအင်ဖြင့် စုစည်းထားသော အကာအကွယ်နံရံကြီးက ဝုန်းခနဲ ပျက်စီးသွားတော့သည်။

လင်းယွမ်၏ မျက်နှာက အနည်းငယ် တင်းမာသွားသည်။ ခုနက စိတ်စွမ်းအင် နံရံသည် သူ၏ အမှတ် (၁၀၀) ကျော်အထိ မြင့်မားသော စိတ်စွမ်းအင်များဖြင့် စုစည်းထားခြင်း ဖြစ်ရာ အကာအကွယ်ပေးနိုင်စွမ်းမှာ အလွန် အားကောင်းလှသည်။

ဤအမြောက်တစ်ချက်ကိုပင် မတားဆီးနိုင်ဘူးလား။

ဆိုလိုသည်မှာ ဤအမြောက်၏ စွမ်းအားက အဓိက အရည်အသွေး (၁၀၀) ကျော်ရှိသည့် အစွမ်းပိုင်ရှင်တစ်ယောက်၏ တိုက်ခိုက်မှုထက်ပင် ကျော်လွန်နေပြီ မဟုတ်ပါလား။

လင်းယွမ်က ကိုယ်ကို လျင်မြန်စွာ ရွှေ့ပြောင်းလိုက်ရာ ပေါက်ကွဲထွက်သွားသော စွမ်းအင် အလင်းတန်းများက လင်းယွမ်နောက်သို့ ဆက်မလိုက်နိုင်တော့ဘဲ ထိုနေရာတွင်ပင် ပြန့်ကျဲသွားတော့သည်။

ကြည့်ရသည်မှာ ဤခြေရာခံနိုင်သော စွမ်းအင်အမြောက်သည် ပစ်မှတ်ကို ထိမှန်သွားပြီးနောက်တွင် ခြေရာခံနိုင်စွမ်း ဆက်လက် မရှိတော့သည်နှင့် တူသည်။

ကျန်ရစ်နေသော စွမ်းအင်များကလည်း အပြင်ဘက်သို့ စိမ့်ထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်လှိုင်းများအဖြစ် ပြောင်းလဲကာ အလွန် လျင်မြန်စွာ ပြန့်နှံ့သွားသည်။

လင်းယွမ်၏ ကိုယ်က နောက်တစ်ကြိမ် လင်းလက်ပေါ်ထွက်လာပြီး လေဟာနယ်ထဲတွင် ရပ်လိုက်ရင်း မျက်နှာက တင်းမာနေသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သံချပ်ကာကားတန်း တစ်ခုလုံး၏ အမြောက်ပြောင်းများ အားလုံးက သူ့ထံသို့ ချိန်ရွယ်ထားကြပြီ ဖြစ်သောကြောင့်ပင်။

ပြင်းထန်သော အန္တရာယ်ရှိသည့် ခံစားချက်ကြီးတစ်ခုက ရင်ထဲတွင် ဖုံးလွှမ်းသွားပြီး သူ့ကို ကြက်သီးမွေးညင်း ထစေသည်။

အကယ်၍ ဤသံချပ်ကာကားတန်း အားလုံးကသာ တစ်ပြိုင်နက်တည်း အမြောက်ပစ်ကြမည် ဆိုပါက လက်ရှိ သူ့အနေဖြင့် တားဆီးနိုင်မည် မဟုတ်ကြောင်းကို ဗီဇအရ သိနေသည်။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အခြေအနေသို့ ဝင်ရောက်မှသာ တားဆီးနိုင်ကောင်း တားဆီးနိုင်ပေလိမ့်မည်။

လင်းယွမ်က စစ်တပ်မှ စစ်သင်္ဘောစုများ၏ အမြောက်များဖြင့် ကောင်းကင်ချောက်နက် ရွှေကျီးကန်းမိစ္ဆာကြီးကို ပစ်ခတ်ခဲ့သည့် မြင်ကွင်းကို ချက်ချင်း သတိရသွားသည်။

ယခုအချိန်တွင် သူကိုယ်တိုင်က ထိုရွှေကျီးကန်းမိစ္ဆာကြီး ဖြစ်နေခဲ့ပြီ။

ရန်သူ၏ အမြောက်စုများ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

"ပစ်"

"ဝုန်း... ဝုန်း... ဝုန်း"

တစ်ဖက်ရှိ သံချပ်ကာကားတန်းထဲတွင် ဟူဖေကန်းက မည်သည့်စကားမှ ပိုမပြောတော့ဘဲ တိုက်ရိုက် အမိန့်ပေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အမြောက်ဆန်များက အရူးအမူး ပစ်ခတ်လာကြသည်။

ရာနှင့်ချီသော စွမ်းအင်အမြောက်များက ကြမ်းတမ်းစွာ ပေါက်ကွဲထွက်လာသည်။

ကောင်းကင်ယံတစ်ခွင်ကို ဖုံးလွှမ်းသွားကာ မရေမတွက်နိုင်သော ဥက္ကာပျံကြယ်တံခွန်များ ပျံသန်းလာသကဲ့သို့ ဖြစ်နေသည်။

လင်းယွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံကို တိုက်ရိုက် စတင်လိုက်တော့သည်။

"ဝုန်း"

သွေးမြူများ ပြန့်ကျဲသွားပြီး နောက်တစ်စက္ကန့်တွင် ပေ (၆၀) ကျော် ရှည်လျားသော ဧရာမ တွင်းနက်အရိပ်နဂါးကြီး တစ်ကောင် ပေါ်လာသည်။

ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးက ချက်ချင်းပင် အမှောင်ထုထဲသို့ ကျဆင်းသွားတော့သည်။

တွင်းနက်အရိပ်နဂါးက ဧရာမ တွင်းနက်အရိပ်ခံတွင်းကြီးကို တိုက်ရိုက် ဖန်တီးလိုက်သည်။

ထိုအချိန်မှာပင် စွမ်းအင်အမြောက်ဆန် အလင်းတန်းများ အားလုံးက တွင်းနက်အရိပ်ခံတွင်းထဲသို့ ကျဆင်းသွားပြီး ချက်ချင်းပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။

တစ်ခါတစ်ရံတွင် အကာအကွယ် ဆိုသည်မှာ မျက်နှာချင်းဆိုင် ခံစစ်ဖြင့် တိုက်ရိုက် ခုခံရန် မလိုအပ်ပေ။

တွင်းနက်အရိပ်ခံတွင်းသည် အရိပ်အဖြစ်သို့ ပြောင်းလဲနိုင်ပြီး သုံးဖက်မြင် တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်သည်။

စွမ်းအင်အမြောက်က မည်မျှပင် အားကောင်းစေကာမူ အဆုံးတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုက်ခိုက်မှုသာ ဖြစ်ရာ သုံးဖက်မြင် အရာဝတ္ထုများကို ဖောက်ခွဲနိုင်သော်လည်း နှစ်ဖက်မြင် အရိပ်ကိုတော့ မထိခိုက်နိုင်ပေ။

"ဒိန်း... ဒိန်း... ဒိန်း"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အမြောက်များက ကောင်းကင်ယံတွင် အဆက်မပြတ် ပေါက်ကွဲနေပြီး အံ့မခန်း ကျယ်လောင်သော မြည်ဟည်းသံများ ထွက်ပေါ်နေသည်။

ကြောက်မက်ဖွယ် လေလှိုင်းကြီးများ လိမ့်တက်နေသော်လည်း တွင်းနက်အရိပ်ခံတွင်းကို ဖြတ်သန်းသွားသည့် အရာအားလုံးက အရိပ်တစ်ခုကို ဖြတ်သန်းသွားသကဲ့သို့ ဖြစ်နေပြီး မည်သည့် အာနိသင်မှ မရှိပေ။

ထိုစဉ် တွင်းနက်အရိပ်နဂါးက ကောင်းကင်ယံမှ ပျံသန်းလာပြီး ထိုသံချပ်ကာကားတန်းကြီးဆီသို့ အရိပ်ကြီးမိုးကာ လွှမ်းခြုံချလိုက်သည်။

သံချပ်ကာကားတန်းထဲတွင် ဟူဖေကန်း၏ မျက်နှာက ပြောင်းလဲသွားသည်။

"အမှောင်ဓာတ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် အစွမ်းပိုင်ရှင်ပဲ"

"မန်နေဂျာဝူ... ရန်သူက အမှောင်ဓာတ် အစွမ်းပိုင်ရှင်မို့လို့ ကျွန်တော် အလင်းဓာတ် စွမ်းအင်အခန်းကို အသုံးပြုဖို့ တောင်းဆိုပါတယ်"

ဟူဖေကန်းက စကားပြောစက်ကို အမြန် ကောက်ကိုင်လိုက်ပြီး အလျင်စလို အော်ပြောလိုက်သည်။

စကားပြောစက်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ "ခွင့်ပြုတယ်"

ဟူဖေကန်းက ချက်ချင်း ခေါင်းလှည့်လိုက်ပြီး ဘေးနားရှိ ရှောင်ချင်းကို အော်ပြောလိုက်သည်။ "ရှောင်ချင်း... အလင်းပေါက်ကွဲဗုံးကို အသင့်ပြင်ထား... ဒီအရိပ်ကို ဖျက်စီးပစ်လိုက်"

"နားလည်ပါပြီ"

"စွမ်းအင်အခန်း ပြောင်းလဲနေပါတယ်... အလင်းဓာတ် စွမ်းအင်အခန်းကို အသုံးပြုလိုက်ပါပြီ"

"စွမ်းအင်ဗုံး ထည့်သွင်းပြီးပါပြီ"

"ပစ်"

"ဝုန်း... ဝုန်း... ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော အလင်းပေါက်ကွဲမှုကြီးက အရူးအမူး ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်တစ်ခွင်လုံး မျက်စိကျိန်းလောက်အောင် လင်းထိန်သွားတော့သည်။

လူအားလုံးက အသိစိတ်လွတ်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်ကြသည်။ ဤအလင်းရောင် အလွန် ပြင်းထန်လွန်းလှသည်။

လင်းကျင်းထောင်က ကားတန်းနောက်တွင် ပုန်းအောင်းနေပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ အပြည့်ရှိနေသည်။

ဤကဲ့သို့သော သံချပ်ကာကားတန်းမျိုးက ဖူရုံတောင်ကြားကို လာရောက်တိုက်ခိုက်မည်ဆိုပါက ခဏလေးအတွင်း ဖူရုံတောင်ကြား တစ်ခုလုံး ပျက်စီးသွားနိုင်ပေသည်။

"အရမ်း စွမ်းလွန်းတယ်... ဒီသံချပ်ကာကားတန်းက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်"

"မြောက်ပိုင်းက ဒီလောက်အထိတောင် တိုးတက်နေပြီလား"

လင်းကျင်းထောင်က မယုံနိုင်အောင် ဖြစ်နေမိသည်။

ထိုအချိန်တွင် ကောင်းကင်ယံရှိ ဧရာမ အမှောင်နယ်မြေကြီးသည်လည်း မျက်စိကျိန်းလောက်သော အလင်းရောင်များ၏ ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။

တွင်းနက်အရိပ်နဂါးက ရုတ်တရက် ပေါ်ထွက်လာပြီး နဂါးမျက်လုံးတစ်စုံတွင် အံ့ဩတုန်လှုပ်မှု အနည်းငယ် ပေါ်လွင်နေသည်။

လင်းယွမ်အနေဖြင့် တစ်ဖက်လူ၏ သံချပ်ကာကားတန်း အစွမ်းထက်မည်ကို ကြိုတင်ခန့်မှန်းထားသော်လည်း သူ အမှန်တကယ်ပင် အံ့ဩတုန်လှုပ်သွားမိသည်။

ဤကားပေါ်ရှိ စွမ်းအင်အမြောက်များက အရည်အသွေး အမျိုးအစားဗုံးများကို ပြောင်းလဲချိန်ညှိနိုင်ပြီး မတူညီသော အရည်အသွေးရှိသည့် ရန်သူများကို ပစ်မှတ်ထားကာ မတူညီသော အမြောက်ဆန် အမျိုးအစားများဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။

လင်းယွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ကိုယ်ကို မြေပြင်ပေါ်တွင် လိမ့်ချလိုက်ရာ လိမ့်တက်နေသော သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။

နောက်တစ်စက္ကန့်တွင် သူ ပြန်လည်ပေါ်လာချိန်၌ ပြိုင်ဘက်ကင်း ဧရာမ ရေခဲဝက်ဝံကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်သည်။

ရေခဲမြေရိုင်းဝက်ဝံကြီးက မည်သည့် ရပ်တန့်မှုမျှ မရှိဘဲ တစ်ကိုယ်လုံးရှိ သံချပ်ကာများက ခလွတ်ခနဲ လေထဲသို့ ပျံတက်သွားပြီး လေထဲတွင် ပြိုင်ဘက်ကင်း ဧရာမ ရေခဲဘောလုံးကြီး တစ်ခုကို လျင်မြန်စွာ စုစည်းလိုက်သည်။

"ဝီ"

ရေခဲဘောလုံးကြီးက အလွန် လျင်မြန်စွာ လည်ပတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဥက္ကာခဲကြီး တစ်ခုအလား ကောင်းကင်ယံမှနေ၍ ပထမဆုံး သံချပ်ကာကားထံသို့ အရူးအမူး ဝင်တိုက်သွားတော့သည်။

လေထုက ဆုတ်ဖြဲခံလိုက်ရပြီး အအေးဓာတ်များက ဖုံးလွှမ်းလာသည်။

သံချပ်ကာကားတန်း အတွင်း၌ ဟူဖေကန်း၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

"အစွမ်းပိုင်ရှင် နောက်တစ်ယောက် ရှိသေးတယ်"

သူက ဤလူသည် တစ်ယောက်တည်း ဖြစ်ကြောင်းကို ဆက်စပ် မတွေးမိဘဲ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ နောက်ထပ် အစွမ်းပိုင်ရှင် တစ်ယောက် ဘေးတွင် ပုန်းအောင်းနေသည်ဟုသာ ထင်လိုက်မိသည်။

ယခုအချိန်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်လာခြင်း ဖြစ်သည်။

"ချီဆန်း အကာအကွယ် စနစ်ကို ဖွင့်လိုက်"

ဟူဖေကန်းက ပြတ်သားစွာ အော်ဟစ်လိုက်ပြီး ဘေးရှိ ဝန်ထမ်းများက အလွန် လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။

ဧရာမ မြေဝါရောင် စွမ်းအင်အကာအကွယ် တစ်ခုက ကားကိုယ်ထည်ကို အလွန် လျင်မြန်စွာ ဖုံးအုပ်သွားသည်။

သို့သော် ဤမြေဝါရောင် စွမ်းအင်အကာအကွယ် ဖုံးအုပ်မှုက နှေးလွန်းနေသေးသည်။

ရေခဲဘောလုံးကြီးက အလွန် မြန်ဆန်စွာ ဝင်ရောက်လာပြီး ပထမဆုံး သံချပ်ကာကားပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်သွားသည်ကိုသာ မြင်လိုက်ရသည်။

"ဒိန်း"

ပြင်းထန်သော မြည်ဟည်းသံကြီးက တိုက်ရိုက် ပေါက်ကွဲထွက်လာသည်။

မြေဝါရောင် စွမ်းအင်အကာအကွယ်ကြီးက ဝုန်းခနဲ ပျက်စီးသွားတော့သည်။

သံချပ်ကာကား တစ်စီးလုံးလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အရိုက်ခံလိုက်ရသဖြင့် တိုက်ရိုက် ပေါက်ကွဲပြီး ချိုင့်ဝင်သွားတော့သည်။

သတ္တုစပ် ပစ္စည်းများဖြင့် ပြုလုပ်ထားသော သံချပ်ကာ၊ အရိုးသင်္ကေတများက တစ်စစီ ကွဲအက် ပေါက်ကွဲသွားသည်။

အတွင်းပိုင်းရှိ စက်ပစ္စည်း အစိတ်အပိုင်း အများအပြားထံမှ မီးပွားများ ထွက်ပေါ်လာပြီး တဖြန်းဖြန်း မြည်ကာ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

မီးရောင်များ ပေါက်ကွဲထွက်လာပြီး သံချပ်ကာကား တစ်စီးလုံး တိုက်ရိုက် မီးလောင်သွားတော့သည်။

ချက်ချင်းပင် ကားကိုယ်ထည် အတွင်းမှ အဆက်မပြတ် အော်သံများ ထွက်ပေါ်လာသည်။

"မီးလောင်နေပြီ... မီးလောင်နေပြီ"

"မြန်မြန် ကားပေါ်က ခုန်ချ... မြန်မြန် ထွက်သွားကြ"

ဟူဖေကန်းက မျက်လုံးများ နီရဲသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ယာဉ်ဖျက်စီးတဲ့ စနစ်ကို ဖွင့်လိုက်တော့"

ရှောင်ချင်းက သူ့ကို ဆွဲထားကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "အဖွဲ့ခေါင်းဆောင်... ယာဉ်ဖျက်စီးတဲ့ စနစ်ကို ဖွင့်ပြီးပါပြီ... မြန်မြန် သွားရအောင်ပါ"

ဟူဖေကန်းက ထိုဧရာမ ရေခဲဘောလုံးကြီးကို ဒေါသတကြီး ကြည့်လိုက်သည်။

ရေခဲဘောလုံးအတွင်း၌ ဧရာမ ရေခဲမြေရိုင်းဝက်ဝံကြီး တစ်ကောင်က ပေါ်လွင်နေပြီ ဖြစ်သည်။

ထိုရေခဲမြေရိုင်းဝက်ဝံကြီးမှာ ပေ (၆၀) ကျော်ရှိပြီး သံချပ်ကာကား၏ တစ်ဝက် အမြင့်သာ ရှိသည်။

သို့သော် ၎င်း၏ ဖျက်ဆီးနိုင်စွမ်းက အလွန် ပြင်းထန်လွန်းလှရာ ဝက်ဝံလက်ဝါး တစ်ချက်တည်းနှင့်ပင် သတ္တုစပ်စတီးဖြင့် ပြုလုပ်ထားသော သံချပ်ကာကို တိုက်ရိုက် ရိုက်ချိုးပစ်လိုက်သည်။

လက်နှစ်ဖက်ဖြင့် အားကုန် ဆွဲဖြဲလိုက်ရာ အမြောက်စင်ရှေ့ရှိ အမြောက်ပြောင်းကို အရှင်လတ်လတ် တိုက်ရိုက် ဆွဲနှုတ်ပစ်လိုက်သည်။

ထို့နောက် သူက ထိုဧရာမ ပင်မအမြောက်ပြောင်းကြီးကို ထမ်းကာ သံချပ်ကာကားဆီသို့ အရူးအမူး ရိုက်ချလိုက်တော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ပြင်းထန်သော မြည်ဟည်းသံများ အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး သံချပ်ကာကား တစ်စီးလုံး အရူးအမူး ကွဲအက်သွားကာ ဝန်မခံနိုင်တော့သည့် တကျွိကျွိ အသံများ ထွက်ပေါ်လာသည်။

လင်းယွမ်က အဆက်မပြတ် ရိုက်ချနေစဉ် ရုတ်တရက် ဧရာမ အမြောက်ပြောင်းကြီးက တန့်သွားသည်။

အမြောက်ပြောင်းကို ဖိနှိပ်ထားသော အားကောင်းသည့် စွမ်းအားတစ်ခုကို သူ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် လင်းယွမ်က စတီးပိုက်ကို ပြင်းထန်စွာ ဆွဲယူလိုက်သော ဧရာမ စွမ်းအားကြီးတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ရေခဲမြေရိုင်းဝက်ဝံ အခြေအနေအောက်တွင် လင်းယွမ်က ရေခဲဘောလုံးကို ပြင်းထန်စွာ စုစည်းလိုက်ပြီး ဧရာမ သံချပ်ကာကားကြီးကို ခြေထောက်တစ်ဖက်ဖြင့် ကန်ကာ နောက်သို့ ပြင်းထန်စွာ ဆုတ်ခွာသွားလိုက်သည်။

အနောက်ဘက်တွင် ရန်သူရှိနေကြောင်းကို သူ အာရုံခံမိလိုက်ပြီ ဖြစ်သည်။

"ဒိန်း"

နောက်ကျောဘက်မှ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး လင်းယွမ်က သူ၏ နောက်ကျောသည် မြင့်မားသော တောင်ကြီးတစ်တောင်ပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သို့သော် အနောက်ဘက်တွင် ဧရာမ မြွေခေါင်းမိစ္ဆာကြီး တစ်ကောင် ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤမြွေခေါင်းမိစ္ဆာကြီးသည် တစ်ကိုယ်လုံး အပြာရင့်ရောင်ရှိပြီး ခန္ဓာကိုယ်မှာ မြွေအသွင်အပြင် မဟုတ်ဘဲ အနောက်တိုင်း နဂါးဆိုးကြီး တစ်ကောင်ကဲ့သို့ ခြေလက်လေးဖက် ရှိသော်လည်း အမြီးမရှိပေ။

ကြည့်ရသည်မှာ မြွေခေါင်းပေါက်နေသော ဒိုင်နိုဆော တစ်ကောင်နှင့် တူနေသည်။

ပို၍ အံ့ဩစရာကောင်းသည်မှာ ၎င်း၏ ကိုယ်လုံးအရွယ်အစားက ပေ (၁၀၀) ကျော်အထိ မြင့်မားနေခြင်းပင်။

ဤသည်က သူ၏ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုသည် သေချာပေါက် (၁၀%) အဆင့်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။

လင်းယွမ်၏ ရင်ထဲတွင် ထိတ်လန့်သွားသည်။

သို့သော် သူ တုံ့ပြန်မှု တစ်စုံတစ်ရာ မပြုလုပ်နိုင်ခင်မှာပင် ထိုမြွေခေါင်း ဒိုင်နိုဆောက ပြင်းထန်စွာ ကိုက်ချလာသည်။

"ဂျွတ်"

သွေးဆာနေသော ပါးစပ်ကြီးဖြင့် ကိုက်ချလိုက်ရာ ရေခဲဘောလုံးပေါ်သို့ တိုက်ရိုက် ကိုက်မိသွားသည်။

ရေခဲဘောလုံး တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်းမှာပင် အက်ကွဲကြောင်း အများအပြား ပေါ်လာတော့သည်။

ထိုနောက်တွင် အနက်ရောင် အရည်အများအပြားက ရေခဲဘောလုံးထဲသို့ အဆက်မပြတ် စီးဝင်လာသည်။

လင်းယွမ်၏ သူငယ်အိမ်က ချက်ချင်း ကျုံ့သွားတော့သည်။

သူက ဘာမှထပ်မပြောတော့ဘဲ ခန္ဓာကိုယ်တွင်းရှိ အစွမ်းကို ပြင်းထန်စွာ လှုံ့ဆော်လိုက်ရာ အအေးဓာတ်များက မျက်စိတစ်မှိတ်အတွင်း အဆက်မပြတ် ထွက်ပေါ်လာသည်။

ရေခဲဘောလုံး၏ အပူချိန်က တိုက်ရိုက် ထိုးကျသွားသည်။

ချက်ချင်းပင် ဤအနက်ရောင် အရည်များ အေးခဲသွားပြီး ပြန့်နှံ့သွားနိုင်ခြင်း မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် လင်းယွမ်က စိတ်ထဲမှ တစ်ချက် တွေးလိုက်သည်။

"ဝုန်း" ခနဲ အသံနှင့်အတူ ဧရာမ ရေခဲဘောလုံးကြီးက တိုက်ရိုက် ပေါက်ကွဲ ထွက်သွားသည်။

တစ်ပြိုင်နက်တည်းတွင် သူ၏ ခန္ဓာကိုယ်ကလည်း ၎င်းအတွင်းမှ ချက်ချင်း ထွက်ပြေး လွတ်မြောက်သွားသည်။

ထိုမြွေခေါင်း ပါးစပ်ကြီးက "ဂျွတ်" ခနဲ မြည်ကာ လေဟာနယ်ကိုသာ ကိုက်မိသွားပြီး တစ်ချိန်တည်းမှာပင် ရေခဲဘောလုံး ပေါက်ကွဲပြီးနောက် အရှိန်အဝါကြောင့် မြွေမျက်နှာပေါ်ရှိ အကြေးခွံ အများအပြားလည်း ဆုတ်ဖြဲခံလိုက်ရသည်။

လင်းယွမ်၏ ကိုယ်က အဝေးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဤမြွေခေါင်း ဒိုင်နိုဆောကြီးကို စိုက်ကြည့်နေသည်။

မြွေခေါင်း ဒိုင်နိုဆောက ခွနေသော မြွေလျှာကို ထုတ်ကာ မျက်နှာပေါ်ရှိ ဒဏ်ရာကို လျှာဖြင့် လျက်လိုက်ပြီး လူအသံကို ထုတ်ဖော်လိုက်သည်။

"ဟဲဟဲ... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"

လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ "မင်း ငါ့ကို သိလို့လား"

"သိရုံတင် ဘယ်ကမလဲ... လင်းယွမ်... မင်း ငါ့ရဲ့ ကိုယ်ပွားတွေကို အများကြီး သတ်ခဲ့တာလေ... ငါ့ကို မေ့သွားတာတော့ မဟုတ်ပါဘူးနော်"

စကားပြောနေစဉ် မျက်စိရှေ့ရှိ မြွေခေါင်း ဒိုင်နိုဆောက အေးစက်စက် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး နောက်တစ်စက္ကန့်တွင် ခြေလက်လေးဖက်ဖြင့် လေဟာနယ်ကို ပြင်းထန်စွာ နင်းကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

လင်းယွမ်၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားသည်။

ကိုယ်ပွား ဆိုသည့် စကားလုံးက သူ့ကို လူတစ်ယောက်အား ချက်ချင်း ဆက်စပ် တွေးမိသွားစေသည်။

"ဒိန်း"

အနောက်ဘက်မှ ဝင်ရောက်လာသော လေခွင်းသံက သူ့ကို အများကြီး စဉ်းစားချိန် မရလိုက်စေဘဲ အသိစိတ်လွတ်စွာဖြင့် လက်သီးဝှေ့ယမ်းကာ ခုခံလိုက်မိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ စွမ်းအားကြီးတစ်ခု ဝင်ရောက်လာပြီး လင်းယွမ် တစ်ကိုယ်လုံး ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လွင့်စင် ထွက်သွားတော့သည်။

လက်တစ်ဖက်လုံး အနည်းငယ် ထုံကျင်သွားသည်ကို သူ ခံစားလိုက်ရသည်။

ခေါင်းကို မော့လိုက်ရာ ရေခဲမြေရိုင်းဝက်ဝံ၏ မျက်လုံးများထဲတွင် တုန်လှုပ်ချောက်ချားသွားသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

"ဝူယောင်ပန်း"

ဤကိုယ်ပွားအစွမ်း ရှိသည့်ကောင်သည် ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင်ထဲတွင် သူ၏ ကိုယ်ပွားများ အားလုံးကို အသတ်ခံလိုက်ရပြီးနောက် သူ၏ ကိုယ်ပွားများက လင်ကျန်းမြို့တွင် မရှိတော့ဘဲ ယွီကျိုးပြည်နယ် ချီဆန်းမြို့အထိတောင် ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူ မည်သို့မျှ ထင်မှတ်မထားခဲ့ပေ။

မုန်ယာကုမ္ပဏီ ဆိုသည့် အဖွဲ့ထဲသို့ပင် ဝင်ရောက်သွားခဲ့ပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်အထိတောင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

သောက်ကျိုးနည်း... ဒီလူတွေမှာရော စနစ် ရှိနေတာများလား။

ဆက်ရန်...

နောက်တစ်အုပ်မှာတော့... လင်းယွမ်က ဒီဝူယောင်ပန်းကို လွယ်လွယ်နဲ့အနိုင်ရပါ့မလား၊ သာမန်အဆင့်မှာတောင် ကိုယ်ပွားတွေနဲ့သတ်မရတဲ့ဝူယောင်ပန်းက အခုလိုမျိုးရိုးဗီဇပြန်လည်ဖွဲ့စည်းခြင်းအဆင့်ရောက်ပြီး မျိုးရိုးဗီဇမြေပုံပါနိုးသွားတော့ ဘယ်လောက်ထိအစွမ်းထက်သွားမလဲ၊ သူတို့သံချပ်ကာယာဉ်တန်းကရော ဘယ်လိုနည်းပညာတွေရှိနေလဲ၊ တစ်ဘက်က လင်းယွမ်ကို သတ်ချင်နေတဲ့ မြူခိုးကျွန်းသခင်ကနဲ့ သူ့ဆီမှာခိုလှုံနေတဲ့ ယောက်ျားတွေကိုမုန်းတဲ့ လန်ယွဲ့ဟွာ တို့ကရော ဘာတွေကြံစီနေကြလဲ၊ စေတစ်လုံးအစွမ်းပိုင်ရှင်နဲ့လင်းယွမ်ထိပ်တိုက်တွေ့ဦးမှာလား၊ မြူခိုးကျွန်းက တကယ်ရောရိုးရှင်းရဲ့လား၊ တိမ်တိုက်တွေအထက်မှာရော ကမ္ဘာတစ်ခုသီးသန့်ဖြစ်နေတာလား၊ အဲ့ဒီမှာ ဘယ်လိုနည်းပညာတွေ အဖွဲ့အစည်းတွေရှိနေတာလဲ... စတာတွေကို နောက်တစ်အုပ်မှာ စောင့်မျှော်ဖတ်ရှုအားပေးကြပါဦးနော်။

All Chapters