နဂါးဖြစ်ရခြင်းသည်ပင်တန်ဖိုးမရှိတေ
Vol. 23 Ch. 311
အခန်း (၃၁၁) နဂါးဖြစ်ရခြင်းသည်ပင်တန်ဖိုးမရှိတော့
ယန်ရှီးယွင် ကြောက်ရွံ့လျှက် ရှိသည်။
အဋ္ဌမမင်းသားမှာလည်း ဘာပြောရမှန်းမသိဘဲ ဆွံ့ အ လျှက် ရှိလေ၏။
လွန်ခဲ့သည့်အတိတ်တစ်ချိန်က သွေးနီရောင်နဂါးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးခွင်းခဲ့သူတစ်ယောက်ကို သူ တွေ့မြင်ဖူးခဲ့သည်။
ယခု နှစ်ပေါင်း (၂၀၀)ပင် မကျော်လွန်သေးမီ ထိုလူသားသည် လူသားအင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး ၊ အစစ်အမှန်အင်မော်အဆင့်ကို ကျော်ဖြတ်ကာ မိုးကောင်းကင်အင်မော်တယ်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးမှ လူသားမျိုးနွယ်များ ဘာတွေဖြစ်ပျက်နေကြလေပြီလဲ။
လုန်မန်က အင်မော်တယ်တစ်ယောက်အဖြစ် မွေးဖွားလာသူဖြစ်သည့်တိုင် ထိုသူ့ရှေ့တွင်တော့ ဘာမှမဟုတ်သလိုပင်။
ထိုသူကိုင်ဆောင်သည့်လှံရှည်မှ နဂါးပုံရိပ်ပင် ထွက်ပေါ်လာခဲ့လေရာ နဂါးမျိုးနွယ်ဖြစ်ရခြင်းမှာ တန်ဖိုးမရှိတော့ဟုပင် သူ ခံစားလိုက်ရသည်။
"ဒီလူက လက်သီးနတ်ဘုရားများ ဖြစ်နေမလား"
အဋ္ဌမမင်းသား စိတ်ထဲမှ တွေးလိုက်သည်။
ယခင်က ထိုအကြာင်းများကို သူ တွေးမကြည့်ခဲ့ဘူးသလို အတည်ပြုနိုင်ခြင်းလည်း မရှိခဲ့ပေ။ သို့သော် ယခုတော့ သေချာသလောက် ရှိလေသည်။
ထို့ပြင် ယခင်တုန်းက ယောက်ဖကလည်း သူ့ကို အရိပ်အမြွက်ပြောပြခဲ့ဖူးသေးသည်။
"အချို့နတ်ဘုရားနာမည်တွေကတော့ ထုတ်ပြောဖို့ အန္တရယ်များပေမယ့် အချို့ကတော့ မင်းကို ကူညီမယ့်သူတွေလည်း ဖြစ်နိုင်ပါတယ်ကွာ"
ဆိုသည့်စကားကို ကျန်းလန် သူ့ကိုပြောခဲ့ဖူးသည် မဟုတ်ပါလား။
သို့ရာတွင် ထိုသူက လက်သီးနတ်ဘုရားဆိုပါမူ အဘယ့်ကြောင့် အရင်အချိန်များတုန်းကလို လက်သီးအသုံးပြု မတိုက်ခိုက်ဘဲ လှံရှည်ဖြင့် တိုက်ခိုက်နေရပါသနည်း။
အဋ္ဌမမင်းသား နားမလည်နိုင်ဖြစ်သွားသည်။
ကောင်ငယ်လေးကတော့ ထိုသူမှာ အဆင့်မြင့်အင်မော်တယ်တစ်ပါးဟု နားလည်လိုက်သည်။
သူ့ပတ်ဝန်းကျင်တွင် ထိုသို့သော အဆင့်မြင့်အင်မော်တယ်များစွာ ရှိနေပါသော်လည်း မည်သူမှ သူ့ကို နာကျင်အောင် မလုပ်နိုင်ကြပေ။ သူက ကြောက်မက်ဖွယ်ကောင်းသည့် သက်တမ်းရှည် ချုန်ချီသတ္တဝါဖြစ်နေသည် မဟုတ်ပါလား။
"မောင်ငယ်လေး"
ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် ကောင်ငယ်လေး လန့်ဖျတ်သွားသည်။
"ဘန်း"
ကောင်ငယ်လေး၏ လက်ပြန်ရိုက်ချက်ထိမှန်ကာ ယန်ရှီးယွင် လွင့်ထွက်သွားသည်။
"အမလေး လန့်လိုက်တာ…"
ကောင်ငယ်လေးက ရင်ဘတ်ကိုဖိရင်း သက်ပြင်းချကာ ပြောလိုက်သည်။
ယန်ရှီးယွင်မှာ မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူကတော့ လှံရှည်ကိုင်ထားသည့် လူထူးလူဆန်း အနားရောက်လာသည်ဟု ထင်လိုက်မိသည်။
အဋ္ဌမမင်းသားမှာလည်း ထိတ်လန့်သွားရလေသည်။
ဤမိန်းကလေးက မထိတ်သာမလန့်သာ အချိန်တွင်မှ အဘယ့်ကြောင့် ရုတ်တရက် စကားထပြောရပါသနည်း။
ထို့နောက် သူတို့ (၂)ယောက် ယန်ရှီးယွင်ကို အရေးမစိုက်တော့ဘဲ မဟူရာမှော်ရုံနယ်မြေဆီသို့သာ ဆက်ပြီး ကြည့်နေကြသည်။
မြေပြင်ထက်လွင့်ထွက်သွားသည့် ယန်ရှီးယွင်မှာ လောကကြီးတစ်ခုလုံးက သူမအပေါ် မတရားသလို ခံစားလိုက်ရသည်။
သူမက စိတ်များရှုတ်ထွေးနေသည့်အတွက် စိတ်တည်ငြိမ်စေရန် မြေပဲဝါးချင်သောကြောင့် မြေပဲအနည်းငယ်တောင်းရန် ကောင်ငယ်လေးကို ခေါ်လိုက်မိခြင်း ဖြစ်လေ၏။
***
မြောင်ယွဲ့က ပဉ္စမထပ်မှ လူထူးလူဆန်းကို ကြည့်နေလေသည်။ သူ၏စိတ်ထဲတွင်လည်း သေချာသည့်အတွေးတစ်ခုကို တွေးတောလိုက်မိသည်။
ကျူးချင်ကတော့ မည်သည့်စကားမှမဆိုဘဲ ငြိမ်သက်နေ၏။ ထိုသူ ခွန်လွန်တောင်တွင် လျှို့ဝှက်နေထိုင်သည့် လူထူးလူဆန်းပင် ဖြစ်ရပေမည်။
သို့သော် သူမတို့ သိရှိထားသည်နှင့် မတူညီဘဲ ခြားနားနေ၏။
လုန်ယွိကတော့ ပဉ္စမထပ်မှ မှုံဝါးဝါးပုံရိပ်ကိုငေးစိုက်ကြည့်ရင်း မျက်မှောင်များ ကြုတ်ထားမိသည်။
ထိုသူကို သူ အရင်က တွေ့မြင်ဖူးလေသည်။
သူမကို တောအုပ်ထဲတွင်နတ်မိစ္ဆာများ လိုက်လံဖမ်းဆီးစဉ်က ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ထို့နောက် တတိယတောင်ထွတ် မှော်ရုံနယ်မြေနှင့် ပဉ္စမတောင်ထွတ်မှော်ရုံနယ်မြေများတွင်လည်း ထပ်မံတွေ့ရှိခဲ့ဖူးသည်။
ထိုအချိန်များတုန်းက သူမသာ စကားတစ်ခွန်းဆိုမိပါက ထိုသူ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ဖွယ်ရှိသည်။ ထိုသူ၏ တန်ခိုးစွမ်းအားက ကြောက်မက်ဖွယ်ရာကောင်းလွန်းပြီး လူသတ်လျှင်လည်း စိတ်ကြိုက်သတ်ဖြတ်တတ်သည်။
အစပိုင်းတွင် ထိုပုဂ္ဂိုလ်မှာ နာမည်မကျော်ကြားချင်သည့် ဂိုဏ်းတူအစ်ကိုတစ်ယောက်ဖြစ်ရမည်ဟု ခန့်မှန်းထားခဲ့သည်။ ယခုတော့ ထိုသူက အကြီးအကဲတစ်ယောက်ဖြစ်ဟန်ရှိသည်ဟု တွေးမိသည်။
ထိုစဉ်က အခြေခံတည်ဆောက်ခြင်းအဆင့် ၊ သို့မဟုတ် ရွှေပြဒါးအမြုတေအဆင့် နတ်မိစ္ဆာများ သူမကို ဒုက္ခပေးစဉ် အကြီးအကဲတစ်ယောက်က ပါဝင်ပတ်သက်လာမည်ဟု မည်သူက တွေးထင်ပါမည်နည်း။
ထိုသူကို မိုးကောင်းကင်အင်မော်တယ်အဆင့် အကြီးအကဲတစ်ယောက် ဖြစ်နေမည်ဟု သူမ လုံး၀ ထင်မထားခဲ့မိပေ။
သို့သော် ယနေ့တော့ ထိုသူ၏ တိုက်ခိုက်မှုက ထူးခြားနေခဲ့သည်။ ထိုအကြီးအကဲက ရန်သူများကို သုတ်သင်ရန်အတွက် လက်သီးကိုသာ အသုံးပြုလေ့ရှိသော်လည်း ယနေ့တော့လှံရှည်ကိုသာ အသုံးပြုခဲ့သည်။
သူ ရင်ဆိုင်နေရသူများက တန်ခိုးစွမ်းအား နည်းပါးလွန်းသောကြောင့် လက်သီးကို အသုံးမပြုဘဲ လှံရှည်ကိုသာ အသုံးပြုတိုက်ခိုက်နေခြင်းလား မပြောတတ်ပေ။
လုန်စီးစီးက အေးစက်သည့်လေသံဖြင့်…
"ဟွန်း… ဒီလူက လှံရှည်ကို ဝှေ့ယမ်းပြီး နဂါးဟိန်းသံ ထွက်ပေါ်လာစေတယ်ပေါ့လေ ၊ ဒါ ငါတို့ နဂါးမျိုးနွယ်တွေကို မခန့်တာပဲ"
နဂါးမျိုးနွယ်များရှေ့တွင် ထိုသို့သောအပြုအမူကို ပြုလုပ်လိုက်ခြင်းက နဂါးမျိုးနွယ်များအား စော်ကားရာရောက်သည် မဟုတ်ပါလား။
နဂါးဧကရီ"ရန်ကျင်း" ကတော့ စကားတစ်ခွန်းမှမဆိုဘဲ အေးစက်စွာဖြင့် ကြည့်နေ၏။
သူမက တိုက်ပွဲကို ခဏမျှကြည့်ပြီးနောက် မှော်ရုံနယ်မြေထိပ်တွင် တောက်ပနေသည့် ရောင်ဝါကို ခေါင်းမော့ကာ ကြည့်လိုက်သည်။
ရောင်ဝါက လျှင်မြန်စွာပင် ပိုမိုများပြားလာသည်။
သူမက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်ရင်း…
"မြောင်ယွဲ့… မင်း စကားတည်မယ်လို့ ငါ မျှော်လင့်ပါတယ်"
မြောင်ယွဲ့က...
"နဂါးမျိုးနွယ်တွေဘက်ကသာ စကားတည်မယ်ဆိုရင် ခွန်လွန်တောင်ဘက်က စကားမတည်စရာ အကြောင်းမရှိပါဘူး"
ရန်ကျင်းက ပဉ္စမထပ်သို့လှမ်းကြည့်ရင်း...
"အဲဒီလူ အနိုင်ရမယ်လို့ မင်းထင်သလား… မြောင်ယွဲ့"
ထိုသူက တန်ခိုးစွမ်းအားမြင့်မားသူများစွာကို တစ်ယောက်တည်း ရင်ဆိုင်နေခြင်း ဖြစ်သည်။ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ မောပန်းနွမ်းနယ်လာမည်ပဲ ဖြစ်သည်။
ရန်ကျင်း၏စကားကြောင့် မြောင်ယွဲ့၏ မျက်ဝန်းများတွင် အပြုံးရိပ်များ ယှက်သမ်းသွားသည်။ သို့သော် သူမက မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မပြုပေ။
ထိုလူထူးလူဆန်းက သူ၏ တန်ခိုးစွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားကြောင့် မြောင်ယွဲ့ ရိပ်မိလေသည်။
ကြည့်ရသည်မှာ ထိုသူက သူ့တန်ခိုးစွမ်းအား မည်မျှ မြင့်မားကြောင်း အခြားသူများကို သိမြင်စေလိုဟန် မရှိပေ။ သူက အလွန်သတိထားဟန် ရှိသည်။
ထိုပုဂ္ဂိုလ်က မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်လေရာ ခွန်လွန်တောင်၏ ပထမတောင်ထွတ် ၊ သို့မဟုတ် အဋ္ဌမတောင်ထွတ်များတွင် သိုသိုသိပ်သိပ်ဖြင့် ပုန်းအောင်းနေသူတစ်ယောက် ဖြစ်နိုင်သည်။
ထို့ပြင် ထိုသူ ထွက်ပေါ်လာတိုင်း တစ်ကြိမ်နှင့်တစ်ကြိမ် တန်ခိုးစွမ်းအားများက မတူညီဘဲ ပြောင်းလဲလျှက် ရှိသည်။
သူက သေချာသည့် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ရောက်မှ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲတွင် ပါဝင်ခဲ့သည်လား ၊ သို့မဟုတ် ယခုမှ စုဝေးပွဲတွင်ပါဝင်ရန် ရွေးခြယ်ခံရခြင်းလေလား။
ထိုကိစ္စက အငြင်းပွားဖွယ်ဖြစ်သည်။
မဟူရာမှော်ရုံနယ်မြေ ပတ်ဝန်းကျင်တစ်ခုလုံးမှ တန်ခိုးစွမ်းအားမြင့်မားသူများကတော့ ပဉ္စမထပ်ရှိရာသို့ ကြည့်နေကြသည်။
ပဉ္စမထပ်မှ လူထူးလူဆန်း၏ ပုံရိပ်က တကယ့်ကို တုန်လှုပ်စရာကောင်းသည်ပင်။ သို့သော် အပြင်ဘက်မှ အကြီးအကဲများအားလုံးကတော့ မှော်ရုံနယ်မြေထိပ်ဖျားတွင်ထွက်ပေါ်နေသည့် ရောင်ဝါကိုသာ ပိုမိုအလေးထားကြသည်။
မှော်ရုံနယ်မြေထဲတွင် တိုက်ပွဲများပြင်းထန်လေ ထိုရောင်ဝါကလည်း ပိုမိုအားကောင်းလာလေ ဖြစ်သည်။
***
ကျန်းလန်က လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ထပ် မိုးကောင်းကင်အင်မော်တယ်တစ်ပါးကို သုတ်သင်ပစ်လိုက်သည်။ ထို့နောက် နေရာမှာပင် မတ်တတ်ရပ်ရင်း ဝိညာဉ်ဆေးလုံးတစ်လုံးကို တိတ်တဆိတ် မျိုချလိုက်သည်။
မိုးကောင်းကင်အင်မော်တယ် (၇)ယောက် ၊ အစစ်အမှန်အင်မော်တယ် ဒါဇင်ပေါင်းများစွာနှင့် လူသားအင်မော်တယ် ရာနှင့်ချီ သုတ်သင်သတ်ဖြတ်ပြီးနောက် သူလည်း အတော်လေး စွမ်းအားကုန်ခမ်းနေပြီ ဖြစ်သည်။
သို့သော် စိတ်ကူး၍ပင်မရနိုင်သည့် အကျိုးကျေးဇူးများစွာကို သူ ရရှိခဲ့သည်။
အင်မော်တယ်များကို မှော်ရုံနယ်မြေအပြင်ဘက်သို့ ပို့ပေးနေပြီး သားရဲကြီးများနှင့် သတ္တဝါဆိုးများကို သတ်ဖြတ်ပစ်နေသရွေ့ သူရရှိသည့် အလင်းရောင်ကြိုးမျှင်များက ပိုမိုများပြားလာလေသည်။
ထိုအလင်းရောင်ကြိုးမျှင်များက သူ၏ နတ်ဘုရားရာထူးကို ထိန်းချုပ်ရာတွင် များစွာ အထောက်အကူပြုသည်။ နောက်ပိုင်း သူ ခွန်လွန်တောင်မှ ထွက်ခွာသွားမည်ဆိုလျှင်တောင်မှ သူ၏ တည်နေရာကို မည်သူမှ သတိပြုမိတော့မည် မဟုတ်ပေ။
မဟုတ်ပါက သူက အဘယ့်ကြောင့် ဤအင်မော်တယ်များကို အကြောင်းမရှိဘဲ တိုက်ခိုက်ရပါမည်နည်း။
တိုက်ပွဲက အန္တရယ်များလှသည့်တိုင် သူ့တွင် ရွေးခြယ်စရာ မရှိပေ။
လိုအပ်သည့်အလုပ်ကို ပြုလုပ်ရမည်ပဲ ဖြစ်သည်။ မလိုအပ်လျှင်တော့ သူက တိတ်ဆိတ်စွာပင် ပုန်းအောင်းနေမည် ဖြစ်၏။
ထိုစဉ်…
"ဂရား"
နဂါးဟိန်းသံကြီးထွက်ပေါ်လာသည်။
နဂါးမျိုးနွယ်များက ကျန်းလန်ကို တိုက်ခိုက်ရန် ရှေ့သို့ ထွက်လာကြသည်။
နဂါးမျိုးနွယ်တစ်ယောက်က…
"မင်း ဘယ်သူလဲဆိုတာ ကျုပ်တို့ မသိဘူး ၊ ဒါပေမဲ့ မင်းရဲ့ လှံရှည်ကနေ နဂါးပုံရိပ်ထုတ်ဖော်လိုက်တာဟာ ကျုပ်တို့ နဂါးမျိုးနွယ်တွေကို စော်ကားလိုက်တာပဲ"
စကားဆုံးသွားသည်နှင့် ထိုနဂါးမျိုးနွယ်က စိမ်းပြာရောင်နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
စိမ်းပြာရောင်နဂါး၏နံဘေးတွင်တော့ ခက်ရင်းခွလှံရှည်များ ကိုင်ဆောင်ထားကြသည့် အစစ်အမှန်အင်မော်တယ် နဂါးများစွာ ရှိနေကြသည်။
ကျန်းလန်က လှံရှည်ကို ဆုပ်ကိုင်ထားရင်း လက်ကိုရှေ့သို့ ဆန့်ထုတ်လိုက်သည်။ မိုးခြိမ်းသံများထွက်ပေါ်လာပြီး လှံရှည်မှ တန်ခိုးစွမ်းအားများနှင့် ပေါင်းစပ်သွားသည်။
ကျန်းလန်က…
"ကျုပ်က မင်းတို့ကို စော်ကားဖို့ ရည်ရွယ်ချက် မရှိပါဘူး"
ထို့နောက် ကျန်းလန်က လှံရှည်ကို အသုံးပြုကာ သူ့ထံပြေးဝင်လာသည့် မိုးကောင်းကင်အင်မော်တယ်နဂါးကို ပြန်လည်တိုက်ခိုက်လိုက်သည်။
သူ လှံရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် အဆုံးမရှိသည့် လျှပ်စီးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
"ဘုန်း"
လျှပ်စီးများလင်းလက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် ထိခိုက်ပျက်စီးသွားစေသည်။
စိမ်းပြာရောင်နဂါးကြီးက…
"လူသား… လျှပ်စီးတန်ခိုးစွမ်းအားပိုင်ရှင်တွေဖြစ်တဲ့ ကျုပ်တို့နဂါးတွေရှေ့မှာ မင်းက လျှပ်စီးတန်ခိုးစွမ်းအားကို အသုံးပြုဝံ့သလား"
"ဂရား"
နဂါးဟိန်းသံကြီးတစ်ချက်ထွက်ပေါ်လာပြီး မိုးကောင်းကင်အင်မော်တယ်အဆင့် နဂါးကြီးထံမှ လျှပ်စီးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
နဂါးကြီးထုတ်လွှတ်လိုက်သည့် လျှပ်စီးတန်ခိုးစွမ်းအားများက ကျန်းလန်ထုတ်လွှတ်လိုက်သည့် လျှပ်စီးတန်ခိုးစွမ်းအားများထက်ပင် ပိုမိုကြောက်မက်ဖွယ်ရာကောင်းသည်။
ကျန်းလန်က ချက်ချင်းပင် ကြီးမားလှသည့်နဂါးကြီးရှေ့သို့ ရောက်ရှိလာသည်။ သူက အရာအားလုံးကို ဖျက်စီးပစ်တော့မည့်အလား လှံရှည်ကို ဝှေ့ယမ်းလိုက်၏။
"ဘုန်း"
လှံရှည်မှ ထွက်ပေါ်နေသည့် ကောင်းကင်ကိုပင်ပြိုကျနိုင်စေလောက်သော တန်ခိုးစွမ်းအားများက မိုးကောင်းကင်အင်မော်တယ် နဂါးကြီး၏ လျှပ်စီးတန်ခိုးစွမ်းအားများနှင့် ရိုက်ခတ်မိသွားသည်။
လျှပ်စီးတန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်သွားပြီး ပဉ္စမထပ်တစ်ခုလုံး လျှပ်စီးများဖြင့် ဖုံးလွှမ်းသွားသည်။
မိုးကောင်းကင်အင်မော်တယ်နဂါးကြီးက ထက်ရှသော နဂါးလက်သည်းများကို ဝှေ့ယမ်းလိုက်ပြီး ကျန်းလန်ကို ကုတ်ဆွဲလိုက်သည်။
သူ၏တိုက်ခိုက်မှုကြောင့် ကျန်းလန် သေချာပေါက် ဒဏ်ရာရရှိသွားမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူ့အထင်လွဲချော်ခဲ့ရလေ၏။
လျှပ်စီးတန်ခိုးစွမ်းအားများအလယ်မှ ရုတ်တရက် ကျန်းလန် ပျောက်ကွယ်သွားပြီး လှံရှည်သာလျှင် ကျန်ရစ်ခဲ့သည်။
နဂါးကြီး အံ့သြတုန်လှုပ်သွားစဉ်မှာပင် သူ့ဦးခေါက်ထက်တွင် လျှပ်စီးတစ်ချက်လက်သွားသည်။
ကျန်းလန်က စိမ်းပြာရောင်နဂါးကြီး၏ ဦးခေါင်းထက်တွင် မတ်တတ်ရပ်နေပြီး သူက လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ လှံရှည်က သူ့လက်ထဲသို့ ပျံသန်းရောက်ရှိလာသည်။
ကျန်းလန်က…
"ကျုပ်က မင်းတို့နဂါးမျိုးနွယ်တွေကို စော်ကားလိုတဲ့ ရည်ရွယ်ချက် မရှိဘူး ၊ ဒါပေမဲ့ မင်းသိရမှာက ကျုပ် မင်းကို အချိန်မရွေး သတ်ဖြတ်ပစ်နိုင်တယ်ဆိုတာပဲ"
စကားဆုံးသွားသည်နှင့် ကျန်းလန်၏ လက်ထဲမှလှံရှည်က နဂါးကြီး၏ ဦးခေါင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
"ဘန်း"
"ဂရား"
"ဂရား"
လှံရှည်မှထွက်ပေါ်နေသည့် လျှပ်စီးတန်ခိုးစွမ်းအားများက မိုးကောင်းကင်အင်မော်တယ်နဂါးကြီး၏ စိတ်ဝိညာဉ်အတွင်းထဲထိတိုင် ထိုးဖောက်ဝင်ရောက်သွားသည်။
နဂါးကြီး၏ အော်ဟစ်သံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။
ကျန်းလန်က နဂါးကြီးကို ငရဲမီးလျှံများအတွင်းသို့ ကန်ထုတ်လိုက်ပြီးနောက် ကျန်ရှိနေသည့် နဂါးမျိုးနွယ်များကို တိုက်ခိုက်လိုက်သည်။
သူ၏ ပုံရိပ်က လျှပ်ပြက်သည့်ပမာ နဂါးမျိုးနွယ်များအလယ်တွင် ရိပ်ကနဲ ရိပ်ကနဲ ထွက်ပေါ်လာသည်။
"ဘန်း ဘန်း"
နေရာတိုင်းတွင် သွေးမှုံသွေးစများ ပန်းထွက်လာပြီး အလင်းရောင်များ ဖြာလင်းလျှက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် နဂါးမျိုးနွယ်များအားလုံး၏ အော်ဟစ်သံများကိုလည်း ကြားလိုက်ကြရ၏။
အချိန်ခဏအတွင်း နဂါးမျိုးနွယ်များအားလုံး မှော်ရုံနယ်မြေအပြင်ဘက်သို့ အပို့ခံလိုက်ကြရသည်။
ထိုအချိန်…
လုကျန်းက ကျန်းလန်ရှိရာသို့ ခုန်ဝင်သွားပြီး…
"အခု ကျုပ်နဲ့တိုက်ရမယ့်အလှည့်ပဲ"
"ဘန်း"
ကျန်းလန်က လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး လုကျန်း၏ခန္ဓာကိုယ်ဆီသို့ ထိုးစိုက်ချလိုက်သည်။ တစ်ချက်တည်းဖြင့် လုကျန်း ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်လေသည်။
ထို့နောက် သူက လုကျန်းကို အရေးမစိုက်တော့ဘဲ အခြားသူများကို ဆက်လက်သုတ်သင်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုစဉ်မှာပင် လုကျန်း၏ ဓားဝိညာဉ်က ကျန်းလန်ရှိရာသို့ ဝင်ရောက်လာသည်။
"ကျုပ်တို့တိုက်ပွဲ မပြီးသေးဘူးဗျ… နော်"
လုကျန်း၏ ကြုံးဝါးပြောဆိုသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"လုကျန်း မှော်ရုံနယ်မြေအပြင်ဘက် ရောက်မသွားသေးဘူးလား" ဟု ကျန်းလန် အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။
ထို့နောက် ကျန်းလန်က လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး လုကျန်း၏ လည်ပင်းဆီ ထိုးစိုက်ချလိုက်သည်။
"ဝှစ်"
ယခုတစ်ကြိမ်ဆိုလျှင်တော့ လုကျန်း မှော်ရုံနယ်မြေအပြင်ဘက်သို့ ရောက်သွားလောက်ပေသည်။
သို့ရာတွင် လုကျန်းက သူ၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ကာကွယ်လိုက်ပြီး ရူးသွပ်နေသူတစ်ယောက်ပမာ နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးရယ်လိုက်သည်။
"ဒီတစ်ခါတော့ ကျုပ်အလှည့်ပဲ"
"မင်း တိုက်ပြီးပြီဆိုတော့ ကျုပ်အလှည့်ပဲ"
"ရူးသွပ်နေတဲ့သူ…"
ဤသည်က ကျန်းလန်၏စိတ်ထဲ ပထမဆုံးဝင်ရောက်လာသည့် အတွေးဖြစ်သည်။
ဂိုဏ်းတူအစ်ကိုလုကျန်းသည် ယဉ်ကျေးသိမ်မွေ့ပြီး သဘောကောင်းသူတစ်ယောက် ဖြစ်သည်။ သူ့တွင် ယခုကဲ့သို့ ရူးသွပ်မှုတစ်ခု ရှိနေသည့် အရိပ်အယောင် လုံး၀ မရှိပေ။
တိုက်ပွဲကို ကြည့်နေသူများအားလုံးက လုကျန်း ရူးသွပ်သွားပြီဟု ခံစားလိုက်ကြရသည်။
လုကျန်း၏ ဓားဝိညာဉ်က ပိုမိုပြင်းထန်လာပြီး ကျန်းလန်ရှိရာသို့ ဝင်ရောက်လာသည်။ ကျန်းလန်ကလည်း တစ်ချက်မတုံ့ဆိုင်းဘဲ လှံရှည်ကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်သည်။
လှံရှည်က နဂါးတစ်ကောင်အလား လူးလွန့်သွားပြီး လုကျန်းထံသို့ဝင်ရောက်သွား၏။
"ဘုန်း"
တန်ခိုးစွမ်းအားနှစ်ခု ရိုက်ခတ်မိသွားပြီး ပြင်းထန်သည့် စွမ်းအားလှိုင်းလုံးကြီးများ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကျန်းလန်၏လှံရှည်နှင့် လုကျန်း၏ ဓားတို့ထိမိသည်နှင့် လုကျန်း၏ ဓားက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး ကျန်းလန်၏ လှံရှည်က လုကျန်း၏ဝမ်းဗိုက်သို့ ထုတ်ချင်းပေါက် ဝင်ရောက်သွားသည်။
"ဘန်း"
လုကျန်းက ရူးသွပ်စွာ ပြုံးရယ်ရင်းဖြင့်ပင် ကျန်းလန်ကို စိုက်ကြည့်ရင်း ငရဲမီးများအတွင်းသို့ ကျရောက်သွားသည်။ ထို့နောက် အလင်းရောင်များ ထွက်ပေါ်လာပြီး လုကျန်းကို မှော်ရုံနယ်မြေအပြင်ဘက်သို့ ဆွဲခေါ်သွားလေတော့၏။
ကျန်းလန်က လုကျန်းပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။
"ငါ ဂိုဏ်းတူအစ်ကိုလုကျန်းကို လျှော့တွက်မိပြီး အမှားလုပ်ခဲ့မိတာပဲ ၊ ကျန်တဲ့သူတွေကိုလည်း အမြန်ဆုံး ရှင်းပစ်ရမယ် ၊ အချိန်အကြာကြီးဆွဲထားလို့ မဖြစ်ဘူး ၊ ငါ ဖန်ဆင်းထားတဲ့ ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်ကလည်း အဆုံးသတ်ခါနီးနေပြီ ၊ အကုန်လုံးကို အပြင်ကို ပို့ပေးမှ ဖြစ်တော့မယ်"