← Chapters

နတ်ဘုရားရာထူးအသစ်

Vol. 23 Ch. 313

နတ်ဘုရားရာထူးအသစ်

Vol. 23 Ch. 313

အခန်း (၃၁၃) နတ်ဘုရားရာထူးအသစ်

မဟူရာမှော်ရုံနယ်မြေထိပ်ဖျားတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါထွက်ပေါ်လာသည်နှင့် မျိုးနွယ်စုအသီးသီးနှင့် အင်အားစုသီးသီး၏ အကြီးအကဲများအားလုံး မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။

မဟူရာမှော်ရုံနယ်မြေအတွင်းမှတိုက်ပွဲသည် လူငယ်များအကြားတိုက်ပွဲဖြစ်သည်ဆိုလျှင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါနှင့်ပတ်သက်သည့်တိုက်ပွဲကတော့ အကြီးအကဲများ၏တိုက်ပွဲ ဖြစ်ပေလိမ့်မည်။

ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ကြိုးမျှင်လေးတစ်ခု၏ အကျိုးအမြတ်က အလွန်တရာ ကြီးမားလွန်းခြင်း မရှိပေ။

သို့သော် မည်သူ့တွင်မှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ မရှိသည့်အနေအထားမျိုးတွင် ထိုရောင်ဝါကို ပိုင်ဆိုင်ထားသူတစ်ယောက်ကတော့ ရှေ့သို့ မြန်မြန် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

"ယား…"

ကြုံးဝါးသံတစ်ချက်နှင့်အတူ လူငယ်တစ်ယောက် မှော်ရုံနယ်မြေထိပ်ဖျားသို့ ဦးတည်ထွက်ခွာသွားသည်ကို တွေ့မြင်လိုက်ကြရသည်။

ထိုလူငယ်က မိုးကောင်းကင်အင်မော်တယ်တစ်ပါးဖြစ်ပြီး မှော်ဝိညာဉ်တောင်မှ မှော်ဆရာတစ်ယောက်လည်း ဖြစ်သည်။

ကံကြမ္မာအခွင့်ကောင်းရောင်ဝါဆိုသည်က အခြားသူများအတွင် ရရှိရန် ခက်ခဲလှသည်။ မိုးကောင်းကင်အင်မော်တယ်အဆင့်နှင့် အောက်အဆင့်များသာလျှင် ထိုရောင်ဝါကို ရယူနိုင်ကြသည်။

မိုးကောင်းကင်အင်မော်တယ်နှင့်အထက် ကျင့်ကြံသူများအတွက်တော့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါက သိပ်ပြီးအသုံးမဝင်လှပေ။

မှော်ဆရာလူငယ်က ကံကြမ္မာအခွင့်ကောင်းရောင်ဝါဆီသို့ ပျံသန်းဝင်ရောက်သွားစဉ် မြေအောက်နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ထိုလူငယ်ကို တားဆီးတိုက်ခိုက်လိုက်သည်။

မှော်ဆရာလူငယ်က တိုက်ခိုက်ခံရခြင်းကို အရေးမစိုက်ဘဲ ရှေ့သို့သာ ဆက်သွားနေသည်။

သို့သော် ချက်ချင်းပင် မြေအောက်နတ်ဆိုးများစွာက မှော်ဆရာလူငယ်ကို ဝိုင်းဝန်းတိုက်ခိုက်ကြလေတော့၏။

အခြားမျိုးနွယ်စုများနှင့် အင်အားစုများကလည်း ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို မှော်ဝိညာဉ်တောင်က ရရှိသွားမည်ကို ခွင့်ပြုကြမည် မဟုတ်ပေ။

မှော်ဆရာများနှင့် မြေအောက်နတ်ဆိုးများတိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူကာ နတ်လူသားမျိုးနွယ်များကလည်း ချက်ချင်းလှုပ်ရှားလိုက်ကြသည်။

များစွာသော ပုံရိပ်များခွဲဖြာထွက်သွားပြီး ကံကြမ္မာအခွင့်ကောင်းရောင်ဝါရှိရာသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။ ဤသည်က နတ်လူသားမျိုးနါယ်များ၏ "ကိုယ်ခွဲတစ်ထောင်စွမ်းအား"ပင် ဖြစ်သည်။

နတ်လူသားမျိုးနွယ်ကျင့်ကြံသူနောက်မှ လိုက်ပါသွားကြသူများက ဇာမဏီမျိုးနွယ် အကြီးအကဲတစ်ယောက် ဖြစ်၏။

"ဘုန်း"

နတ်လူသားမျိုးနွယ်ကျင့်ကြံသူနှင့် ဇာမဏီမျိုးနွယ်အကြီးအကဲတို့ ထိပ်တိုက်ရင်ဆိုင်မိကြပြီး တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်သွားပြီး နှစ်ယောက်လုံး နောက်သို့ လွင့်စင်သွားကြသည်။

ထိုအချိန်မှာပင် နဂါးဟိန်းသံတစ်သံထွက်ပေါ်လာပြီး အပြာရောင်နဂါးတစ်ကောင်သည်လည်း မှော်ရုံနယ်မြေထိပ်ဖျားသို့ အရှိန်ဖြင့် ဝင်ရောက်သွား၏။

သို့သော် နတ်မိစ္ဆာများက နဂါးမျိုးနွယ်များကို အခွင့်အရေးရသွားမည်ကို လုံး၀ ခွင့်မပြုခဲ့ပေ။

နဂါးမျိုးနွယ်များဘက်မှ ရန်ကျင်း ၊ လုန်လီနှင့် လုန်စီးစီးတို့သည်လည်း လှုပ်ရှားမှုများ ပြုလုပ်ရန် ဟန်ပြင်လိုက်ကြသည်။

သူတို့က အပြာရောင်နဂါး ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ရရှိရန်အတွက် ကူညီပေးလိုကြသည်။

ထိုစဉ်မှာပင် ချီလင်မျိုးနွယ်များနှင့် ဘီလူးဝိညာဉ်မျိုးနွယ်များသည်လည်း သူတို့၏ ကြီးမားပြင်းထန်သည့် မှော်တန်ခိုးစွမ်းအားများနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။

များပြားလွန်းသည့် တန်ခိုးစွမ်းအားရှင်များ တိုက်ပွဲအတွင်း ဝင်ရောက်လာကြပြီး ကြီးမားပြင်းထန်သည့် တန်ခိုးစွမ်းအားပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

"ဘုန်း"

ကံကြမ္မာအခွင့်ကောင်းရောင်ဝါအနားသို့ တိုးကပ်လာသူအားလုံး နောက်သို့ လွင့်စင်ထွက်သွားကြသည်။

ရန်ကျင်းတို့အုပ်စုမှာလည်း ရှေ့ဆက်တိုးမလာနိုင်တော့ဘဲ နေရာတွင်ပင် ရပ်တန့်သွားကြ၏။

ရန်ကျင်းက မြောင်ယွဲ့နှင့် အခြားသူများကို လှမ်းကြည့်လိုက်ရင်း...

"မင်းတို့ ခွန်လွန်တောင်က စကားမတည်တော့ဘူးလား”

မြောင်ယွဲ့ကလည်း ရန်ကျင်း၏အကြည့်ကို ရင်ဆိုင်လိုက်ရင်း...

"ရှင့်စကားက ဘာအဓိပ္ပါယ်လဲ ၊ အခု ပွဲမှမပြီးသေးတာ”

သူမက ဆက်ပြောသည်။

"ရှင်တို့ နဂါးမျိုးနွယ်တွေကိုယ်တိုင် ဘာမှ မကြိုးစားသေးဘဲ ကျွန်မတို့က ဘယ်လို ကူညီပေးနိုင်မှာလဲ”

လုန်စီးစီးက မြောင်ယွဲ့ကို ကြည့်လိုက်ရင်း...

"ပွဲပြီးလို့မှ ကျွန်မတို့ နဂါးမျိုးနွယ်တွေ အဲဒီရောင်ဝါကို မရဘူးဆိုရင် စောစောက ရှင်တို့တောင်းဆိုတာတွေကို ဘာတစ်ခုမှ လုပ်မပေးနိုင်ဘူးနော်”

သူမစကားကြောာင့် မြောင်ယွဲ့က ခပ်ပေါ့ပေါ့သာ တစ်ချက်ရယ်မောလိုက်ပြီး မည်သည့်စကားမှ ဆက်မပြောတော့ပေ။

သူတို့ အခြေအနေများကို ဆက်ပြီး စောင့်ကြည့်နေကြသည်။

လုန်ယွိသည်လည်း စိတ်ရှုတ်ထွေးစွာဖြင့်ပင် အခြေအနေများကို ကြည့်နေ၏။

ယခုကြုံတွေ့နေရသည့် ကိစ္စရပ်များသည် သူမအတွက် ရှုတ်ထွေးလွန်းလှသည်။

သို့သော် သူမက အစကတည်းကပင် ဤပြဿနာများကြားတွင် ပါဝင်ပတ်သက်မိနေပြီ ဖြစ်လေရာ ရုန်းထွက်ရန် မဖြစ်နိုင်တော့ပေ။

သူမအနေဖြင့် ငြင်းပယ်၍မရနိုင်သည့် ကိစ္စများရှိနေသလို ရွေးချယ်ခွင့်မရနိုင်သည့် ကိစ္စများလည်း များစွာပင် ရှိနေခဲ့သည်။

သို့သော်...

ထိုသို့သောကိစ္စများထဲတွင် ကျန်းလန်ကို လက်ထပ်ရမည်ကိစ္စကိုတော့ သူမ ခါးခါးသီးသီး မဖြစ်မိပေ။

***

ကျန်းလန် ပဉ္စမထပ်မှ ဆုတ်ခွာသွားပြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

သူ တန်ခိုးစွမ်းအားများစွာလည်း ကုန်ခမ်းနေပြီဖြစ်ပြီး တတိယထပ်သို့ ပြန်ဆင်းလာခဲ့သည်။

တတိယထပ်တွင်တော့ မရေမတွက်နိုင်သည့် သားရဲကြီးများနှင့် သတ္တဝါဆိုးကြီးများ ရှိနေဆဲပင်။

ကျန်းလန်က သူတို့ကို သတိထားကာ တိမ်းရှောင်သွားပြီး နေရာလွတ်တစ်ခု ရှာဖွေကာ သူ့ကိုယ်သူကာကွယ်သည့် အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။

အစီအရင်ထဲတွင် အန္တရယ်ကင်းစွာနေထိုင်ရင်း သူရရှိထားသည့် များစွာသော အလင်းရောင်ကြိုးမျှင်များကို စတင်စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။

သူက မိုးကေင်းကင်အင်မော်တယ် အယောက် (၂၀) ကျော် ၊ အစစ်အမှန်အင်မော်တယ် ရာနှင့်ချီ ၊ လူသားအင်မော်တယ် ထောင်နှင့်ချီ သုတ်သင်ပစ်ခဲ့သည်။

ရလဒ်အနေဖြင့် သူ၏နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်ရန် ကြီးမားသည့် တိုးတက်မှုကြီးတစ်ခုကို ရရှိခဲ့သည်။

သူသာ ရရှိထားသည့် အလင်းရောင်ကြိုးမျှင်များကို အပြည့်အ၀ ဆုပ်ယူနိုင်လျှင် အစကတည်းကပင် ထိန်းချုပ်နေနိုင်ပြီးဖြစ်သော သူ၏နတ်ဘုရားရာထူးကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မည် ဖြစ်၏။

မကြမီအချိန်အတွင်း နတ်ဘုရားရာထူးနှင့်ပတ်သက်သည့် အရာအားလုံးကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

ထို့ပြင် အလင်းရောင်ကြိုးမျှင်များကို စုပ်ယူလိုက်ခြင်းက သူ၏ ကျင့်ကြံခြင်းကိုလည်း အဆပေါင်းများစွာ ပိုမိုလျှင်မြန်စေမည် ဖြစ်သည်။

အထူးသဖြင့် နောင်နှစ်ပေါင်း (၁၀၀) တွင် အများအမြင်တွင် အင်မော်တယ်အဖြစ်အဆင့်တက်ရန် ပြင်ပလောကသို့ ထွက်ခွာမည့်အချိန်တွင် သူ၏ နတ်ဘုရားရာထူးနှင့်ပတ်သက်ပြီး မည်သူမှ မရိပ်မိနိုင်တော့ကြောင်း စိတ်ချနိုင်မည် ဖြစ်၏။

အလင်းရောင်ကြိုးမျှင်များကို မစုပ်ယူမီ ကျန်းလန်က ပြီးခဲ့သည့်တိုင်ပွဲကို ပြန်လည်သုံးသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ဒီလူတွေက အရမ်း စွမ်းအားကြီးမားလွန်းတယ် ၊ ငါ ကြိုတင်ပြင်ဆင်ထားတဲ့ အားပြည့်ဆေးလုံးတွေက အတော်လေး အသုံးဝင်သွားတယ် ၊ မဟုတ်လို့ကတော့ ဒီလောက် စွမ်းအားတွေကုန်သွားတာ ငါ ဆက်တိုက်နိုင်မှာမဟုတ်ဘူး ၊ သေချာပေါက် ဆုတ်ခွာပေးရမှာပဲ"

ကျန်းလန် တွေးလိုက်သည်။

"ပြီးတော့ အခုဆိုရင် ငါ့ရဲ့တည်ရှိမှုကို လူအတော်များများလည်း သိသွားကြလောက်ပြီ ၊ ဒါက ငါ့အနာဂတ်ကို ထိခိုက်စေနိုင်ပေမယ့် ငါရရှိလိုက်တဲ့ အကျိုးအမြတ်တွေနဲ့ယှဉ်လိုက်ရင် ဒီလောက် ထေမိနိုင်ပါတယ် ၊ ငါ့ကို အကြီးမားဆုံး ထိခိုက်စေနိုင်တာကတော့  ခွန်လွန်တောင်က ငါ့အကြောင်းစုံစမ်းချင်တယ်ဆိုရင် အတော်လေး ဘောင်ကျဉ်းသွားပြီပေါ့"

"ဒါပေမဲ့ ဘာမှတော့ သေသေချာချာ မပြောနိုင်ပါဘူးလေ ၊ ငါသာ နဝမတောင်ထွတ်မှာ သိုသိုသိပ်သိပ် ဆက်ပြီး နေထိုင်မယ်ဆိုရင် ဘယ်သူမှ သတိထားမိကြမှာ မဟုတ်ဘူး ၊ ငါ သေချာပေါက် ရှောင်တိမ်းနိုင်မှာပါ ၊ ဒီတိုက်ပွဲတစ်ခုလုံးမှာ ငါလုပ်ခဲ့တဲ့ အမှားတစ်ခုက ဂိုဏ်းတူအစ်ကိုလုကျန်းကို လျှော့တွက်ခဲ့မိတာပဲ ၊ နောက်ဆိုရင် ဒီအချက်ကို သေသေချာချာ မှတ်သားထားရမယ်"

"ပြီးတော့ ငါရင်ဆိုင်ရတဲ့ မိုးကောင်းကင်အင်မော်တယ်တွေက အရမ်း တန်ခိုးစွမ်းအား မြင့်မားကြတယ် ၊ ဒီလောက်အများကြီးကို လွယ်လွယ်နဲ့ ရင်ဆိုင်လိုက်နိုင်တာကတော့ ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ် တန်ခိုးစွမ်းအားကြောင့်ပဲ ၊ အဲဒီ တန်ခိုးစွမ်းအားမရှိဘဲ ပုံမှန်အတိုင်း တိုက်ခိုက်မယ်ဆိုရင်တော့…"

ကျန်းလန် တစ်ခဏမျှ စဉ်းစားနေလေသည်။

သာမန်အခြေအနေဆိုလျှင် နွားရိုင်းကိုးကောင်စွမ်းအားကို အသုံးပြုပြီး မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကို ကောင်းကောင်းရင်ဆိုင်နိုင်မည် ဖြစ်သည်။

သတ်ဖြတ်ပစ်လိုသည်ဆိုလျှင် အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုနိုင်သည်။

သို့သော် မှော်ရုံနယ်မြေအပြင်ဘက်တွင် တိုက်ပွဲကို ကြည့်ရှုနေကြမည့် တန်ခိုးစွမ်းအားရှင်များစွာ ရှိနေလိမ့်မည်ဟု ကျန်းလန် ကောက်ချက်ချခဲ့သည်။

ထို့ကြောင့် သူ၏ အစွမ်းထက် လက်သီးစွမ်းအားကို အသုံးမပြုဘဲ ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ် တန်ခိုးစွမ်းအားကို လှံရှည်တစ်လက်ဖြင့် ပေါင်းစပ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သူ့အနေဖြင့် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လျှောက်လှမ်းရန် တန်ခိုးစွမ်းအား လုံလောက်ခြင်း မရှိသေးပေ။

ယခင်က အင်မော်တယ်တစ်ယောက်ဖြစ်လာလျှင် သူ့ဘ၀ အန္တရယ်ကင်းပြီဟု ထင်မှတ်ခဲ့မိသည်။ သူ အတော်လေး တုံး အ ခဲ့သည်ပင်။

သူ ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ ၊ သူ့ထက်ပိုမိုအစွမ်းထက်သည့် တန်ခိုးစွမ်းအားရှင်များကို ရင်ဆိုင်ရလေ ဖြစ်သည်။ သို့မဟုတ် သူ့အနေဖြင့် ထိုသူများနှင့် ထိတွေ့နိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိလာခြင်းလည်း ဖြစ်နိုင်သည်။

သူသာ အများအမြင်မှာရှိနေသည့်အဆင့်ကဲ့သို့ မရှိမှုအာကာသအဆင့်တွင်သာ ရှိနေပါက မှော်ရုံနယ်မြေ ၊ စတုတ္ထထပ် အထက်ပိုင်းတွင်ရှိသော မည်သည့်အင်မော်တယ်ကိုမှ ရင်ဆိုင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က သေချာသည့်အဆင့်တစ်ခုသို့ ရောက်ရှိသွားချိန်တွင် ကိစ္စရပ်အတော်များများသည်လည်း ပြောင်းလဲသွားသည်ပင်။

အခြေအနေများကို နားလည်ပြီးနောက် ကျန်းလန် တိုက်ပွဲအကြောင်းဆက်မစဉ်းစားတော့ဘဲ သူရရှိထားသည့် အလင်းရောင်ကြိုးမျှင်များကို စတင်စုပ်ယူရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုခဏမှာပင်…

အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။

"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား…"

တစ်စုံတစ်ယောက်က သူ၏ နတ်ဘုရားရာထူးနာမည်ကို ခေါ်ဆိုနေခြင်း ဖြစ်၏။

သူ့နာမည်ကို မည်သူခေါ်နေပါသနည်း။

သူ့နာမည်ကို ရွတ်ဆိုနေသူက မိန်းကလေးတစ်ယောက်၏ အသံဖြစ်သည်။

"ဂုဏ်ယူပါတယ် ၊ မင်းရဲ့ နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်စွမ်းက အရမ်းတိုးတက်လာနေပြီ ၊ မင်း အခုချိန် ခွန်လွန်တောင်က ထွက်သွားမယ်ဆိုရင်တောင်မှ ကျုပ် ရှင်းရှင်းလင်းလင်း အာရုံခံနိုင်တော့မယ် မထင်ဘူး"

မိန်းကလေးသံက စကားဆက်ပြောသည်။

"ကျုပ်မှာ မင်းနဲ့ လက်တွဲလုပ်ရမယ့် အလုပ်တစ်ခု ရှိနေတယ် ၊ ဆုလာဘ်အနေနဲ့ကတော့ မင်းရဲ့နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်စွမ်း အမြန်ဆုံး တိုးတက်လာစေရမယ် ၊ မင်း လုပ်ရမယ့်အလုပ်ကတော့ နဂါးမင်းသားလုန်မန်ဆီကို သတင်းစကားတစ်ခု ပို့ပေးဖို့ပဲ"

ကျန်းလန် မျက်မှောင်ကြုတ်လိုက်ရင်း ဆက်နားထောင်နေရန် ဆုံးဖြတ်လိုက်သည်။

သူလုပ်ရမည့်အလုပ်က သတင်းစကားတစ်ခု ပို့ပေးရုံမျှသာဖြစ်သော်လည်း သူ့ကိုစကားပြောဆက်သွယ်လာသည့် တစ်ဖက်လူ၏ရည်ရွယ်ချက်ကို ကျန်းလန် နားလည်ခြင်း မရှိသေးပေ။

မကြာမီ စကားသံက ဆက်ပြောလာသည်။

"စိတ်မပူပါနဲ့ ၊ ဒီကိစ္စကြောင့် နဂါးမျိုးနွယ်တွေ မင်းကို ကျေးဇူးတင်တာအပြင် ဘာမှဖြစ်မလာနိုင်သလို အသေအပျောက်ကိစ္စတွေလည်း ရှိလာမှာ မဟုတ်ပါဘူး ၊ မင်းသာ ဒီသတင်းစကားကို အဋ္ဌမမင်းသားဆီ ရှင်းရှင်းလင်းလင်းပြောပြလိုက်ပါ ၊ ဒီဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်တွေကိုလည်း သူ့ကို အသိပေးနိုင်ပါတယ်"

"မင်း သဘောတူတယ်ဆိုရင် ကျုပ်တို့ အလုပ်ကိစ္စဆွေးနွေးကြတာပေါ့ ၊ ဒီအလုပ်က နတ်ဘုရားရာထူးအသစ်တစ်ခု ထွက်ပေါ်လာသလိုမျိုး အသွင်အပြင်ပြုလုပ်ဖို့ လိုအပ်တယ် ၊ ပြီးတော့ မင်းကလည်း မင်းရဲ့ တည်ရှိမှုနဲ့ပတ်သက်ပြီး တခြားသူတွေကို ရှုတ်ထွေးသွားစေချင်တယ် မဟုတ်လား"

"ဆိုတော့ မင်းအတွက် နတ်ဘုရားရာထူးနာမည်အသစ်တစ်ခု ကျုပ် ရထားပြီးပြီ ၊ မင်း အဲဒါကို လက်ခံချင်တယ်ဆိုရင် ကျုပ်အချက်ပြတဲ့အချိန်ကို စောင့်နေပါ ၊ ဒီလိုလုပ်ခြင်းက မင်းကို တရားဝင်ဖြစ်အောင် တွန်းပို့ပေးလိမ့်မယ် ၊ ကျုပ်လည်း အခြားသူတွေမသိအောင် အမှောင်ရိပ်ထဲမှာ ပိုပြီး အချိန်ကြာကြာ ပုန်းအောင်းနိုင်စွမ်း ရှိလာလိမ့်မယ် ၊ အမှန်ဆိုရရင် ကျုပ်ကတော့ မင်းထက် အကျိုးကျေးဇူးတွေ ပိုရမှာပေါ့ကွာ"

"ဒါပေမဲ့ ဒီလိုလုပ်ခြင်းက မင်းရဲ့ နတ်ဘုရားရာထူးကိုလည်း ဖုံးကွယ်ထားရာရောက်တယ် ၊ ပြီးတော့ မင်းကို လျော်ကြေးပေးတဲ့အနေနဲ့ နောက်ထပ် အကျိုးအမြတ်တစ်ခုလည်း ပေးဦးမယ်ကွာ ၊ ဒီတော့ ကျုပ်နဲ့ ပူးပေါင်းလုပ်ဆောင်မလားဆိုတာ မင်းရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ် ၊ နောက်ပြီး ဒီကိစ္စတွေကြောင့် အရင်တုန်းက မင်းကို ကျုပ်ကတိပေးထားတဲ့ကိစ္စလည်း ပျက်စီးမသွားစေရဘူး ၊ မင်း ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ကျုပ်နာမည်ကိုသာ ခေါ်လိုက်ပါ"

အသံပျောက်ကွယ်သွားသည်နှင့် တစ်ဖက်လူလည်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။တစ်ဖက်လူက သူ၏ နတ်ဘုရားရာထူးနှင့်ပတ်သက်ပြီး အတော်လေး ပြောဆိုသွားခဲ့သည်။

လုံလောက်သည့်နီးကပ်မှုမျိုးသာ ရှိမည်ဆိုလျှင် စကားပြောသည့်မိန်းကလေး မည်သူဖြစ်ကြောင်း ကျန်းလန် အာရုံခံကြည့်နိုင်မည် ဖြစ်သည်။

ယခုတော့ တည်နေရာက ဝေးကွာလွန်းသည်ဖြစ်လေရာ သူ့အနေဖြင့် အာရုံခံကြည့်ရန် လက်လှမ်းမမီနိုင်ခဲ့ပေ။

အခြားသော မန္တန်ပညာတစ်ခုခု အသုံးပြုပြီး ထိုမိန်းကလေး မည်သူဖြစ်ကြောင်း ထိုးဖောက်ကြည့်နိုင်မည်ဖြစ်သော်လည်း သူ ထိုသို့ မပြုလုပ်ဝံ့ပေ။

"နောက်ဆုံးပြောသွားတဲ့စကားအရတော့ သူက ဧကရာဇ်ရှီးဟယ်ပဲ ဖြစ်ရမယ် ၊ သူ ပြောတာကို ငါ သဘောတူလိုက်သင့်သလား"

ကျန်းလန် မျက်မှောင်ကြုတ်ရင်း စဉ်းစားနေ၏။

ဤကိစ္စ၏ရင်းမြစ်က အဋ္ဌမမင်းသား ဖြစ်သည်။

မှော်ရုံနယ်မြေအပြင်ဘက်တွင် ဘာဖြစ်နေသည်ကို သူ မသိရှိသော်လည်း တစ်စုံတစ်ခု ဖြစ်နေသည်ကတော့ သေချာလှသည်။

ဧကရာဇ်ရှီးဟယ် အမှာရှိသည်က…

"မဟူရာမှော်ရုံနယ်မြေထိပ်ဖျားတွင်ရှိနေသည့် တစ်စုံတစ်ခုကို ရယူရန်အတွက် တိုက်ပွဲဝင်ရမည်"

ဟု သူက အဋ္ဌမမင်းသားကို သတင်းပို့အကြောင်းကြားပေးရမည် ဖြစ်သည်။

နောက်ပိုင်းကိစ္စကတော့ အဋ္ဌမမင်းသား၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်၏။

"ဧကရာဇ်ရှီးဟယ်က နတ်ဘုရားရာထူးတွေနဲ့ပတ်သက်ပြီး အတော်လေး နားလည်ထားပုံရတယ် ၊ အဋ္ဌမမင်းသားမှာ ငါနဲ့ ချိတ်ဆက်နေတဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ တစ်ခုရှိနေတယ် ၊ အဲဒါကို အသုံးချပြီး ငါက လုန်မန်ကို ဆက်သွယ်လို့ရတယ်ဆိုတာ သူ သိနေတယ် ၊ ပြီးတော့ သူက ငါကနေတစ်ဆင့် အဋ္ဌမမင်းသားကို ဘာလို့ ဆက်သွယ်ခိုင်းရတာလဲ ၊ ဒါလည်း အကြောင်းတစ်ခုခုတော့ ရှိရမယ် ၊ ကြည့်ရတာ အဋ္ဌမမင်းသား တိုက်ပွဲထဲဝင်ပါတာက ခွန်လွန်တောင်နဲ့ ပတ်သက်နေတယ်ဆိုတာ အခြားသူတွေ မသိစေချင်လို့ပဲ ဖြစ်ရမယ်"

ဧကရာဇ်ရှီးဟယ်က သူ့ကို အသုံးချနေသည်ဟု ကျန်းလန် ခံစားနေရဆဲပင်။

သို့သော် ဧကရာဇ်ရှီးဟယ်၏ ကမ်းလှမ်းချက်က သူ့အတွက် အမှန်တကယ်ပင် အကျိုးအမြတ်ရှိလေသည်။

သူ၏ နတ်ဘုရားရာထူးကိုလည်း အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်သလို သူ၏ နတ်ဘုရားရာထူးနာမည်ဖြစ်သော “လက်သီးနတ်ဘုရား" ဆိုသည့်အမည်ကိုလည်း အခြားနာမည်တစ်ခုဖြင့် ဖုံးကွယ်ပေးထားမည် ဖြစ်သည်။

ခဏမျှတုံ့ဆိုင်းနေပြီးနောက် ကျန်းလန် ဆုံးဖြတ်ချက်ချလိုက်သည်။

"ငါ အဋ္ဌမမင်းသားဆီကို သတင်းပို့ပေးရမယ်"

***

တိုက်ပွဲများကို ကြည့်နေသည့် အဋ္ဌမမင်းသားမှာ ရုတ်ချည်းပင် အေးစက်တောင့်တင်းသွားသလို ခံစားလိုက်ရသည်။

"ဒီလိုမျိုး ဖြစ်ပြန်ပြီလား"

ထိုခံစားချက်က တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်ဆိုသည့် ခံစားချက်မျိုး ဖြစ်သည်။

"ဘယ်သူများ သူ့ကို ကြည့်နေပြန်တာလဲ"

သူ အံ့သြမှင်တက်နေမိဆဲမှာပင် သူ့ပတ်ပတ်လည်တွင် ရောင်ဝါအချို့ လက်ခနဲ တောက်ပသွားပြီး အလျှင်အမြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ထို့နောက် မှော်ရုံနယ်မြေထိပ်ဖျားဆီမှ တိုက်ပွဲသို့ သူ မယုံကြည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်သည်။

အင်အားကြီးအုပ်စုများအားလုံးမှ ကျင့်ကြံသူများသည် တစ်စုံတစ်ခုကို ရရှိရန်အတွက် အပြင်းအထန် တိုက်ခိုက်နေကြသည်။

တိုက်ပွဲက ပြင်းထန်သည်သာမက အန္တရယ်လည်း များလွန်းလှသည်။

သူက အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူတစ်ယောက်မျှသာ ဖြစ်လေရာ ထိုတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် မည်သို့ စွမ်းအားရှိပါမည်နည်း။

"ငါ့ကို ဒီတိုက်ပွဲကို ဝင်တိုက်ရမယ်လို့ သတင်းပေးတာလား ၊ မဖြစ်နိုင်ဘူး… ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ၊ ငါသာ အဲဒီတိုက်ပွဲဝင်တိုက်လို့ကတော့ သေချာပေါက် အသက်ပျောက်မှာ…"

All Chapters