ခွန်လွန်တောင်၏လှုပ်ရှားမှု
Vol. 23 Ch. 314
အခန်း (၃၁၄) ခွန်လွန်တောင်၏လှုပ်ရှားမှု
ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှ အင်အားကြီးအုပ်စုများအားလုံးက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို လုယူနေကြသည်။
ထိုကိစ္စက ထင်သလောက် မရိုးရှင်းကြောင်း အဋ္ဌမမင်းသားလည်း ရိပ်မိလေသည်။
သို့သော်...
ထိုရောင်ဝါကို ရရှိရန်အတွက် တိုက်ပွဲဝင်နေကြသူများမှာ မိုးကောင်းကင်အင်မော်တယ်များ ဖြစ်ကြလေရာ အစစ်အမှန်အင်မော်တယ်မျှသာဖြစ်သော သူံအတွက် အတော်ပင် ခက်ခဲပေလိမ့်မည်။
သူသာ တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ပါက မိုးကောင်းကင်အင်မော်တယ်များက သူ့ကို ချက်ချင်းပင် သေလမ်းပို့လိုက်ကြပေလိမ့်မည်။ သူ့ဘက်မှ နဂါးမျိုးနွယ်များ လာရောက်ကူညီသည့်တိုင် အချိန်မီနိုင်မည် မဟုတ်ပေ။
ထို့ပြင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိရန် တိုက်ပွဲဝင်နေကြသူများထဲတွင် နဂါးမျိုးနွယ်များလည်း ပါဝင်နေသည်။
အကယ်၍ သူသာ ယခုအချိန် ဝင်ရောက်တိုက်ခိုက်လိုက်မည်ဆိုလျှင် မိခင်ဖြစ်သူ၏ အစီအစဉ်များ အနှောက်အယှက် ဖြစ်သွားနိုင်သည် မဟုတ်လား။
ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားဆိုသူကတော့ မှော်ရုံနယ်မြေထိပ်ဖျားမှအရာကို သူ ရအောင်ယူနိုင်လျှင် သေချာပေါက် အကျိုးအမြတ်များရရှိမည်ဟု ရှင်းရှင်းလင်းလင်းပင်သတင်းပေးသွားသည်။
သို့သော် အကျိုးအမြတ်ရှိသလို အားနည်းချက်များကလည်း သေချာပေါက် ရှိနေသည်ပင်။အားနည်းချက်များထဲမှတစ်ခုမှာ သူ့အနေဖြင့် နဂါးနန်းတော်သို့ပြန်ရန် ပိုမိုခက်ခဲသွားမည် ဖြစ်သည်။
အကျိုးအမြတ်ကတော့ သိသာထင်ရှားသည်။
သူက အရေးပါသည့် တည်ရှိမှုတစ်ခု ဖြစ်လာပြီး သူ၏ ကျင့်ကြံခြင်းသည်လည်း များစွာပိုမိုလျှင်မြန်လာမည် ဖြစ်သည်။ ဤသည်က နဂါးမျိုးနွယ်များအပေါ်တွင်လည်း အကျိုးအမြတ်ရှိစေမည် ဖြစ်သည်။
သူ့အနေဖြင့် နဂါးနန်းတော်သို့ မပြန်နိုင်သေးသည့်တိုင် သူ့ထံမှ အကျိုးအမြတ်များကို နဂါးမျိုးနွယ်များသည်လည်း ခံစားကြရမည် ဖြစ်သည်။
ထို့ပြင် အသေးစိတ်အချက်အလက်များကို သူ မသိရှိသည့်တိုင် ကိစ္စတစ်ခုကိုတော့ လုန်မန် သိရှိလေသည်။ ထိုအရာမှာ မိခင်ဖြစ်သူနှင့် နဂါးမျိုးနွယ်အကြီးအကဲများအနေဖြင့် ဤကံကြမ္မာအခွင့်ကောင်းရောင်ဝါကို အမှန်တကယ် လိုချင်နေကြခြင်းဆိုသည့် အချက်ပင်။
"နည်းနည်းလောက်တော့ ထပ်ပြီး စောင့်ကြည့်လိုက်ဦးမယ်"
အဋ္ဌမမင်းသားက စိတ်ရှုတ်ထွေးသွားခြင်းမျိုး မဖြစ်သော်လည်း အခြေအနေကိုကြည့်ရင်း အကဲခတ်နေသည်။
နဂါးမျိုးနွယ်များ ရောင်ဝါကိုရရှိရန် မျှော်လင့်ချက်ကုန်ဆုံးသွားသည့်အချိန်တွင် သူ ဝင်ရောက်လှုပ်ရှားရမည် ဖြစ်သည်။ သူ ရောင်ဝါကို ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ အနည်းဆုံးတော့ စမ်းသပ်ကြည့်ရပေမည်။
"အစ်မနဲ့ ယောက်ဖက ငါ့ကို ချစ်ခင်တယ်ဆိုတာ လက်သီးနတ်ဘုရားလည်း သိတာပဲလေ ၊ သူက ငါ ဒုက္ခရောက်မယ့်ကိစ္စမျိုးတော့ လုပ်မယ်မထင်ပါဘူး"
လက်သီးနတ်ဘုရားဆိုသူက အလွန်တရာ စွမ်းအားကြီးမားသူဖြစ်ကြောင်း လုန်မန် သိရှိလေသည်။
ထိုသူသာ သူ့ကို ဒုက္ခပေးလိုသည်ဆိုလျှင် သူ့အနေဖြင့် မည်သည့်နည်းနှင့်မှ ရှောင်ရှားနိုင်မည် မဟုတ်ပေ။ သို့သော် သူ့အတွက် စိတ်ပူပန်စရာ အကြောင်း မရှိပေ။
ယောက်ဖဖြစ်သူက -
"အချို့နတ်ဘုရားနာမည်တွေကတော့ ထုတ်ပြောဖို့ အန္တရယ်များပေမယ့် အချို့ကတော့ မင်းကို ကူညီမယ့်သူတွေလည်း ဖြစ်နိုင်ပါတယ်ကွာ"
ဆိုသည့်စကားကို အရိပ်အမြွက် ပြောခဲ့ဖူးလေသည်။
လက်ရှိတွင် သူသိရှိသည့် နတ်ဘုရားရာထူးနာမည် (၃)ခု သာလျှင် ရှိသည်။
နတ်မိစ္ဆာမျိုးနွယ်များ၏ ဧကရာဇ်ချုန်းကိုး ၊ နဂါးမျိုးနွယ်များ၏ ချန်ယွမ်နဂါးမင်းနှင့် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားတို့ ဖြစ်သည်။
သူ့မျိုးနွယ်ဖြစ်သည့် နဂါးမျိုးနွယ်နှင့် နတ်မိစ္ဆာများဘက်မှ နတ်ဘုရားများကတော့ သူ့ကို ကူညီကြမည့် သူများ မဟုတ်ပေ။
သို့ဖြစ်ရာ ယောက်ဖပြောသည့် သူ့ကို ကူညီမည့်သူဆိုသည်မှာ "လက်သီးနတ်ဘုရား" ကိုသာ ရည်ညွှန်ခြင်း ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် သူ ယောက်ဖကို ယုံကြည်လေသည်။
ထို့ကြောင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါအတွက် တိုက်ခိုက်နေကြသည့် နဂါးမျိုးနွယ်များ ကျရှုံးသွားလျှင်တော့ သူ ရှေ့တက်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်လေး ၊ ကျုပ် စိတ်တွေရှုတ်နေလို့ မြေပဲနည်းနည်းလောက် ကျွေးစမ်းပါကွာ"
အဋ္ဌမမင်းသားက သူ့နံဘေးမှ ကောင်ငယ်လေးကို ပြောလိုက်သည်။
ကောင်ငယ်လေးက အဋ္ဌမမင်းသားကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူ လုန်မန်ကို မြေပဲများပေးရန် ရည်ရွယ်ချက် မရှိပေ။
အမှန်ဆိုလျှင် လုန်မန်က အပြင်လူတစ်ယောက် ဖြစ်လေသည်။ ယခုတော့ ညာတာပါတေးဖြင့် သူတို့ သေရည်ဆိုင်မှ မြေပဲများကို ဝယ်မစားဘဲ အလကားစားနေသည်မှာ ရက်အနည်းငယ်ပင် ရှိနေခဲ့လေပြီ။
"မြေပဲကျွေးစမ်းပါကွာ.. မင်းကလည်း ၊ ကျုပ် နောက်ရက်တွေကျရင် ယောက်ဖကို သွားရှာပြီး မင်းအကြောင်း ပြောပြပေးမယ် ၊ မင်းကို ဇာမဏီမျိုးနွယ်ကောင်မလေး သဘောကျလာအောင် ဘာလုပ်ရမလဲဆိုတာ ကျုပ် သူ့ဆီက အကြံဉာဏ်တောင်းခဲ့မယ်"
အဌမမင်းသားက ထပ်ပြောလိုက်သည်။
ထိုအခါမှ ကောင်ငယ်လေးက အဋ္ဌမမင်းသားကို မြေပဲအချို့ပေးလိုက်၏။
"ဟုတ်တယ် ၊ အစ်ကိုကြီးကို ကျွန်တော့်ဆီ ခေါ်လာနိုင်ရင်တော့ အကောင်းဆုံးပဲ"
သူ့စကားကို အဋ္ဌမင်းသားက ခေါင်းညိတ်သဘောတူလိုက်သည်။
ထိုစဉ်…
ဇာမဏီငှက်အော်သံထွက်ပေါ်လာပြီး တောင်ခြေသေရည်ဆိုင်အတွင်းမှ ဇာမဏီငှက်တစ်ကောင် ပျံသန်းထွက်ခွာလာသည်ကို တွေ့မြင်လိုက်ကြရသည်။
ထိုဇာမဏီငှက်က ကံကြမ္မာအခွင့်ကောင်းရောင်ဝါတည်ရှိရာ မှော်ရုံနယ်မြေထိပ်ဖျားဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။
"ဟင်… ဟုန်ယာပါလား ၊ သူ ဘာလို့ ထွက်လာတာလဲ မသိဘူး ၊ ကျွန်တော် သူ့ကို သွားကူညီလိုက်ဦးမယ်"
ဟုန်ယာ ပျံသန်းထွက်ခွာသွားသည်ကို တွေ့သည်နှင့် ကောင်ငယ်လေးက ချက်ချင်းပင် နောက်မှလိုက်ပါသွားတော့သည်။
ကောင်ငယ်လေး၏ ခန္ဓာကိုယ်မှ ရက်စက်ကြမ်းတမ်းသည့် သားရဲတစ်ကောင်ပမာ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
"ဂရား"
ကျယ်လောင်သည့် ချုန်ချီသားရဲ ကြုံးဝါးသံကြီးနှင့်အတူ ကောင်ငယ်လေး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေတော့၏။
အဋ္ဌမင်းသားကတော့ ကောင်ငယ်လေးကိုကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ကျန်ရစ်ခဲ့သည်။
ဒီကောင်ငယ်လေးက အခုချိန်ထိ အဘယ့်ကြောင့် နားမလည်ရသေးပါလိမ့်။
"လူသားတွေရဲ့ ခံစားချက်တွေက ရှုတ်ထွေးလွန်းတယ် ၊ အထူးသဖြင့် အချစ်နဲ့ ပတ်သက်လို့ပေါ့ ၊ ဒါပေမဲ့ အချစ်ဆိုတာက အမြဲတမ်း အပြန်အလှန် မေတ္တာသက်ဝင်သင့်တာ မဟုတ်ဘူးလား ၊ တစ်ဖက်သတ်အချစ်က ဘာကောင်းနိုင်တာများ ရှိမှာတဲ့လဲ ၊ အခု ကောင်မလေးဘက်က ပြန်ပြီးအချစ်နိုင်တာကို ဒီကောင်စုတ်လေးက အတင်းလိုက်ကပ်နေတယ် ၊ ပြီးတော့ ဇာမဏီမျိုးနွယ်တွေက ဘာကောင်းတာများရှိလို့လဲ"
ရေရွတ်ရင်းဖြင့် အဋ္ဌမမင်းသား ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။
"အမှန်ပဲ အမှန်ပဲ ၊ ချီလင်မျိုးနွယ်တွေကသာ အကောင်းဆုံးပဲ"
ရုတ်တရက် အသံထွက်ပေါ်လာသောကြောင့် လုန်မန် လှည့်ကြည့်လိုက်သည့်အခါ မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေသည့် မိန်းမပျိုလေး ယန်ရှီးယွင်ကို တွေ့လိုက်ရသည်။
အဋ္ဌမမင်းသား လှည့်ကြည့်လာသည်ကို တွေ့သည်နှင့် သူမ ထိတ်လန့်သွားပြီး ချက်ချင်းပင် နောက်ဆုတ်လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တော့ အဋ္ဌမမင်းသားက သူမကို တိုက်ခိုက်ခြင်း မရှိပေ။
သူမပြောသည့်စကားက သူ့ကို "အစ်ကို" ဟု လာခေါ်ခြင်း မဟုတ်လေရာ နားထောင်ရသည်မှာ အဆင်ပြေလေသည်။ ထို့နောက် လုန်မန်က ယန်ရှီးယွင်ကို အရေးမစိုက်တော့ဘဲ ကောင်းကင်ထက်မှတိုက်ပွဲကိုသာ အာရုံစိုက်ဆက်ကြည့်နေလေ၏။
ဇာမဏီကောင်မလေးက အလျှင်အမြန် ပြေးဝင်သွားစဉ် ကောင်ငယ်လေးက ချက်ချင်း နောက်မှလိုက်သွားပြီး သူမနံဘေးသို့ ရောက်ရှိသွားသည်။
ထိုစဉ်…
"ဘုန်း"
တန်ခိုးစွမ်းအားများ လေထဲတွင် ပျံလွင့်သွားပြီး ဟုန်ယာမှာ လွင့်ထွက်လုမတတ် ဖြစ်သွားရသည်။
သူမကို မိုးကောင်းကင်အင်မော်တယ်တစ်ယောက်က တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ဇာမဏီမျိုးနွယ်အကြီးအကဲတစ်ယောက်က သူမကိုကာကွယ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကောင်ငယ်လေးက ဒေါသတကြီးကြုံးဝါးသံနှင့်အတူ ထိုမိုးကောင်းကင်အင်မော်တယ်ရှိရာသို ဝင်ရောက်သွားသည်။
သူ၏ ကြောက်မက်ဖွယ်ရာ ချုန်ချီသားရဲတန်ခိုးစွမ်းအားများက မိုးကောင်းကင်အင်မော်တယ်ကို တားဆီးထားလိုက်ပြီး ဟုန်ယာအတွက် လွတ်လမ်းဖွင့်ပေးလိုက်သည်။
အဋ္ဌမမင်းသားမှာတော့ မြင်ကွင်းကိုကြည့်ရင်း ခေါင်းတခါခါ လည်တခါခါ ဖြစ်နေတော့သည်။
အမှန်ဆိုလျှင် အနှီကောင်ငယ်လေးသည် ဇာမဏီကောင်မလေးထက် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိရန်သာ ပိုမိုအာရုံစိုက်သင့်လေသည်။
"ဘုန်း"
ကောင်ငယ်လေး လွင့်ထွက်သွား၏။
ကောင်ငယ်လေးလွင့်ထွက်သွားသည်နှင့် သေရည်ဆိုင်အပြင်ဘက်သို့ထွက်ကာ တိုက်ပွဲကိုကြည့်နေသည့် ဆိုင်ရှင်အဘိုးအို မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။
သို့သော် သူက လှုပ်ရှားမှုတော့ မပြုလုပ်ပေ။
ထိုအချိန် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြသူများ တစ်စတစ်စ များပြားလာကြသည်။
ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို လက်လှမ်းမီနိုင်သည်ဖြစ်စေ ၊ မမီနိုင်သည်ဖြစ်စေ သူတို့က အရယူရန် ကြိုးစားကြမည် ဖြစ်သည်။
ဤသည်က အခြေအနေများကို နောက်ကျရှုတ်ထွေးသွားစေလေသည်။
ထိုအချိန်…
ကောင်းကင်ထက်၌ တောက်ပသည့် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ လူအများမှာ မျက်လုံးများကျိန်းစပ်ကုန်ကြပြီး မျက်လုံးမဖွင့်နိုင်ကြတော့ပေ။
ထိုအလင်းတန်းက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို လိုချင်သူများအား တားဆီးရန်အတွက် အလိုလိုထွက်ပေါ်လာသည့် သဘာဝအတားအဆီးတစ်ခု ဖြစ်လေသည်။
"ဘုန်း"
အဖြူရောင်အလင်းတန်းက ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး တိုက်ခိုက်နေကြသူအားလုံးမှာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါနှင့် ဝေးရာအရပ်သို့ လွင့်ထွက်ကုန်ကြသည်။
စွမ်းအားပေါက်ကွဲမှုက အလွန်ပြင်းထန်လေရာ မိုးကောင်းကင်အင်မော်တယ်များပင် ခံနိုင်ရည် မရှိခဲ့ကြပေ။
"ဘန်း"
နဂါးမျိုးနွယ်များမှာလည်း လွင့်ထွက်သွားကြပြီး မြေပြင်ထက် ပြုတ်ကျသွားကြသည်။
အဋ္ဌမမင်းသားက မြင်ကွင်းကိုကြည့်နေရင်း နဂါးမျိုးနွယ်များ ရှုံးနိမ့်တော့မည်ဟု တွေးထင်လိုက်သည်။
သူ တုံ့ဆိုင်းမနေတော့ဘဲ ကြီးမားသည့်နဂါးကြီးတစ်ကောင်အသွင်ပြောင်းလိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းဝင်ရောက်သွားတော့၏။
ယခုအချိန်က သူ့အတွက် အကောင်းဆုံးအချိန် ဖြစ်သည်။
သူ့ကိုတိုက်ခိုက်ကြမည့် တန်ခိုးစွမ်းအားရှင်များကိုလည်း သူ အရေးမစိုက်တော့ပေ။ သူလုပ်ရမည့်အလုပ်က ရှေ့ဆက်ရန်သာ ဖြစ်သည်။
အောင်မြင်နိုင်ခြေရှိသည့်အချိန်တွင် သူ သေချာပေါက် လှုပ်ရှားရမည် ဖြစ်သည်။
ထိုအချိန် သေရည်ဆိုင်မှ ကောင်ငယ်လေးမှာ မြေပြင်ထက်လဲကျလျှက် ရှိသည်။
သူ့စိတ်ထဲတွင် အသံတစ်သံ မြည်ဟည်းထွက်ပေါ်လာသည်။
"ဟုန်ယာအတွက် အဲဒီရောင်ဝါကို ယူလာနိုင်ရမယ်"
သေလုမျောပါးဖြစ်နေသည့် ကောင်ငယ်လေး၏ မျက်ဝန်းထဲတွင် ချက်ချင်းပင် ရူးသွပ်မှုများထွက်ပေါ်လာပြီး အားယူကာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားတော့သည်။
ကောင်ငယ်လေးက အလွန်လျှင်မြန်လှပြီး သူ့ပတ်ပတ်လည်တွင် အလွန်တရာ ရက်စက်ကြမ်းတမ်းသည့် ချုန်ချီသားရဲကောင်ကြီးပုံရိပ်ထွက်ပေါ်နေသည်။
ယန်ရှီးယွင် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။ သူမသာဆိုလျှင် ထိုတိုက်ပွဲထဲ ဝင်ပါရဲမည် မဟုတ်ပေ။
သူမ ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့ ကျန်ရစ်ခဲ့သည့် မြေပဲများကိုစားရင်း အခြေအနေကိုသာ ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။
ယခု တိုက်ပွဲထဲဝင်သွားသူ (၂)ယောက်က သူမကို တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် တိုက်ခိုက်နိုင်ကြသူများ ဖြစ်ကြသည်။
သို့ဖြစ်ရာ သူမသာ တိုက်ပွဲထဲ ယခုအချိန်ဝင်ရောက်သွားခဲ့လျှင်…
"ဟင့်အင်း…"
ယန်ရှီးယွင်မှာ တွေးကြည့်ရုံမျှနှင့်ပင် တုန်လှုပ်ကြောက်ရွံ့နေမိလေသည်။
***
ရန်ကျင်းနှင့် သူမ၏လူများမှာ ကြီးမားသည့် စွမ်းအားထိုးနှက်ချက်တစ်ခုကို ထပ်မံခံစားလိုက်ကြရသည်။
စွမ်းအားပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပြီးနောက် တိုက်ခိုက်နေကြသူအားလုံး မြေပြက်ထက် ပြုတ်ကျကုန်ကြသဖြင့် ကောင်းကင်ထက်တွင် မည်သူမှ မရှိဘဲ ရှင်းလင်းသွားသည်ကို တွေ့မြင်လိုက်ကြရသည်။
ယခုအချိန်တွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါရှိရာသို့ အလျှင်အမြန်သွားရောက်နိုင်မည်ဆိုပါက အောင်မြင်မှုရရှိရန် ရာနှုန်းမြင့်မားပေလိမ့်မည်။
သို့သော် နဂါးမျိုးနွယ်များထဲမှ အလျှင်အမြန်သွားရောက်နိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။
ထို့ကြောင့် နဂါးဧကရီ"ရန်ကျင်း" တို့အုပ်စုက အခြားမျိုးနွယ်များမှ အလျှင်အမြန်တက်လာသူများကို တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေကြလေသည်။
ခွန်လွန်တောင်ကတော့ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ပေ။ ခွန်လွန်တောင်က ဘာတွေ ကြံစီနေသည်လဲ မည်သူမှ မသိရှိနိုင်ပေ။
ထိုစဉ်…
နဂါးဟိန်းသံကြီးတစ်သံထွက်ပေါ်လာပြီး နဂါးကြီးတစ်ကောင် ကောင်းကင်ထက်ပျံသန်းလာကာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါရှိရာသို့ ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ကြရသည်။
ထိုနဂါးကြီးသည်ကား အဋ္ဌမမင်းသားပင် ဖြစ်လေတော့၏။
"ဂရား"
ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံနှင့်အတူ လုန်မန်နောက်သို့ အမှီလိုက်လာသူက သေရည်ဆိုင်မှ ကောင်ငယ်လေး ဖြစ်၏။
သူတို့ (၂)ယောက်နောက်မှ လိုက်ပါလာသူက နတ်လူသားမျိုးနွယ် ကျင့်ကြံသူ ဖြစ်သည်။ သူက ခြေတစ်လှမ်းနောက်ကျနေပြီ ဖြစ်သော်လည်း ရောင်ဝါကိုရရှိရန် ဖြစ်နိုင်ခြေရှိသေး၏။
နတ်လူသားမျိုးနွယ်၏နောက်မှလိုက်ပါလာသူများကတော့ မှော်ဝိညာဉ်တောင်မှ မှော်ဆရာလူငယ်နှင့် မြေအောက်နတ်ဆိုးကျင့်ကြံသူတစ်ယောက်တို့ ဖြစ်သည်။
ရန်ကျင်းက ချက်ချင်းပင် အဋ္ဌမမင်းသားကို ကာကွယ်ပေးရန် ဟန်ပြင်လိုက်သည်။
အဋ္ဌမမင်းသားသည် အားလုံး၏ ရှေ့တွင် ရောက်ရှိနေပြီး လူတိုင်းက သူ့ကို တိုက်ခိုက်ရန် အာရုံစိုက်နေကြသည်။
"ဘုန်း"
နဂါးဧကရီ"ရန်ကျင်း" က လုန်မန်ကို တားဆီးလိုသည့်တိုင် တားဆီးခြင်း မပြုခဲ့ပေ။
ထိုအချိန် ကောင်းကင်ထက်မှ တောက်ပသည့် အဖြူရောင်အလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာသည်ကို အားလုံး ခံစားလိုက်ကြရသည်။ ဤပုံအတိုင်းဆိုလျှင် လုန်မန်သည်လည်း သေချာပေါက် တိုက်ခိုက်ခံရနိုင်ခြေရှိသည်။
"ဘယ်လိုလဲ… ကျွန်မတို့ ဝင်ပါရတော့မလား"
မြောင်ယွဲ့က ရယ်သံစွက်လျှက် ရန်ကျင်းနှင့် သူမ၏လူများကို မေးလိုက်သည်။
ရန်ကျင်းက မြောင်ယွဲ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထိုခဏမှာပင် နဂါးမျိုးနွယ်များ ခွန်လွန်တောင်ကို အဘယ့်ကြောင့် အမြဲတမ်း ရှုံးနိမ့်နေရပါသနည်းဆိုသည့် အချက်ကို ရန်ကျင်း နားလည်သွားခဲ့သည်။
ခွန်လွန်တောင်က သူမတွေးထင်ထားသည်ထက် ကြောက်မက်ဖွယ်ရာ ကောင်းသည်ပင်။ ပြီးတော့ သူတို့က အကြင်နာတရား ကင်းမဲ့လွန်းလှသည်။
ရန်ကျင်းက တည်ငြိမ်စွာဖြင့်...
"ဒါဖြင့် မင်းတို့ကိုပဲ ဒုက္ခပေးရတော့မယ်"
သူမစကားသံတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။
မြောင်ယွဲ့က ပြုံးလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျူးချင်သည်လည်း မတ်တတ်ထရပ်လိုက်၏။
ကျိုးကျုန်းထျန်းက သူ၏ သေရည်ဘူးသီးခြောက်ကို သိမ်းဆည်းလိုက်သည့်အချန် မော့ကျန်းသုန့်က လက်တစ်ဖက်ကို အသာမြှောက်လိုက်သည်။
လျိုကျင်းက အနောက်ဘက်မှ လမ်းလျှောက်ထွက်လာသည့်အချိန် ဖုန်းယီရှောက်ကတော့ လက်နှစ်ဖက်နောက်ပစ်လျှက် မတ်တတ်ရပ်နေလေ၏။
ချက်ချင်းပင် ခွန်လွန်တောင်၏ တောင်သခင် (၆)ပါးက လှုပ်ရှားမှုအသီးသီး ပြုလုပ်လိုက်ကြသည်။ မိုးကောင်းကင်တစ်ခုလုံး အရောင်ပြောင်းလဲသွားသလို တိမ်တိုက်များသည်လည်း အရောင်ပြောင်းလဲသွားကြသည်။
"ဘုန်း"
ကောင်းကင်ထက်မှ အလင်းတန်း (၆)ခု ဆင်းသက်လာပြီး ပြင်းထန်လှသည့် စွမ်းအားကြီးများက ပတ်ဝန်းကျင်တစ်ခုလုံးမှ တန်ခိုးစွမ်းအားများအားလုံးကို ဖုံးလွှမ်းသွားသည်။
ချက်ချင်းပင် မဟူရာမှော်ရုံထိပ်ဖျားမှ အဖြူရောင်အလင်းတန်းကို တောင်သခင်များ၏ တန်ခိုးစွမ်းအားလှိုင်းလုံးကြီးများက ဖိနှိပ်ထားလိုက်ကြသည်။
အားလုံးက တိုက်ပွဲရပ်တန့်လိုက်ကြပြီး ခွန်လွန်တောင်မှ တောင်သခင်များကို လှမ်းကြည့်လိုက်ကြသည်။
သူတို့ တိုက်ခိုက်ချင်ကြသေးသော်လည်း ထပ်မံတိုက်ခိုက်ရန် သူတို့အတွက် အချိန်နှောင်းသွားပြီ ဖြစ်သည်။
နဂါးမင်းသားလုန်မန်က ကံကြမ္မာအခွင့်ကောင်းရောင်ဝါရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက ရောင်ဝါကို လက်ဖြင့် ထိကိုင်လိုက်သည်။
ကောင်ငယ်လေးကလည်း နောက်ကျခြင်း မရှိပေ။ ချက်ချင်းပင် ခုန်ဝင်လာပြီး ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ထိကိုင်လိုက်သည်။
နတ်လူသားမျိုးနွယ်ကျင့်ကြံသူ ၊ မှော်ဝိညာဉ်တောင်မှ မှော်ဆရာလူငယ်နှင့် မြေအောက်နတ်ဆိုးကျင့်ကြံသူတို့သည်လည်း ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို အချိန်မီထိကိုင်လိုက်ကြလေတော့၏။