← Chapters

ဧကရာဇ်လွန်လင်

Vol. 23 Ch. 315

ဧကရာဇ်လွန်လင်

Vol. 23 Ch. 315

အခန်း (၃၁၅) ဧကရာဇ်လွန်လင်

တစ်ချက်မျှသာ လှုပ်ရှားပြီးသည်နှင့် မြောင်ယွဲ့နှင့် အခြားတောင်သခင်များက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။ သူတို့ပြုလုပ်လိုက်သည်က မိုးကြိုးစုပေါင်းတိုက်ကွက်ဖြစ်ပြီး တစ်ချကတည်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြသည်။

တစ်ယောက်ပြီးမှတစ်ယောက် တိုက်ခိုက်လျှင် တန်ခိုးစွမ်းအားများ လွန်ဆွဲသလို ဖြစ်နေပြီး အရာထင်မည် မဟုတ်ပေ။ စုပေါင်းတိုက်ခိုက်လိုက်သည့်အခါ တစ်ချက်တည်းဖြင့် ကိစ္စပြတ်သွားလေသည်။

အဋ္ဌမမင်းသားနှင့် အခြားသူများ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ထိတွေ့ပြီးသည်နှင့် လူတိုင်းက မှော်ရုံနယ်မြေထိပ်ဖျားဆီ လှမ်းကြည့်လိုက်ကြသည်။

နောက်ထပ် ဘာဆက်ဖြစ်မည်ကို သူတို့ သိချင်နေကြ၏။

ရောင်ဝါကို ရရှိသွားသူက တစ်ယောက်တည်းမဟုတ်လေရာ သူတို့ဆက်လက်တိုက်ခိုက်ရဦးမည်လား မသေမချာဖြစ်လျှက် ရှိသည်။

သူတို့ ပဟေဠိဖြစ်နေစဉ်မှာပင် ကောင်းကင်ထက်ရှိတိမ်တိုက်များ စုစည်းသွားပြီး ထူးခြားသည့်တိမ်တိုက်တစ်ခု စတင် ဖြစ်တည်လာသည်။ ထိုတိမ်တိုက်ထက်မှ အလင်းရောင်များ ဖြာလင်းကျလာ၏။

အလင်းရောင်က အဋ္ဌမမင်းသားနှင့်အခြားသူများအပေါ်သို့သာမက မဟူရာမှော်ရုံနယ်မြေထက်သို့လည်း ဖြာကျသွားသည်။

အလင်းရောင် ထွက်ပေါ်လာသည်နှင့် မိုးခြိမ်းသံများလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။

ရုတ်တရက် ကျယ်လောင်သည့် မိုးခြိမ်းသံထွက်ပေါ်လာသောကြောင့် အဋ္ဌမမင်းသားသည်ပင် ထိတ်လန့်သွားရသည်။

ထိုခံစားချက်မျိုးကို ယခင်ကလည်း လုန်မန် ခံစားဖူးလေသည်။ နတ်ဘုရားရာထူးနာမည်တစ်ခု ထွက်ပေါ်လာလေတိုင်း ထိုသို့သောခံစားချက်ကို ခံစားရစမြဲပင်။

သူတို့အားလုံးမှာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို အမိအရဆုပ်ကိုင်နိုင်ရန် ကြိုးစားနေကြရသဖြင့် တိမ်တိုက်ထက်မှ ဖြာကျလာသည့် အလင်းရောင်ကို အရေးမစိုက်မိကြပေ။

အလင်းရောင်ကျရောက်လာသည်နှင့် သူတို့အားလုံး စူးရှသည့် နာကျင်မှုကို ခံစားလိုက်ကြရသည်။ သို့သော် မည်သူမှ ရောင်ဝါကို ထိကိုင်ထားခြင်းအား လက်မလွှတ်ခဲ့ကြပေ။

အဋ္ဌမမင်းသားမှာလည်း အခွင့်ကောင်းကို ဆုပ်ကိုင်နိုင်ပြီဖြစ်လေရာ ရောင်ဝါကို လုံး၀ လက်မလွှတ်ခဲ့ပေ။

ကောင်ငယ်လေးမှာတော့ ထိုရောင်ဝါက မည်သည့်အရာဖြစ်ကြောင်း သိရှိခြင်း မရှိပေ။ သူသာ ထိုရောင်ဝါကို ဟုန်ယာထံသို့ ပေးအပ်နိုင်မည်ဆိုလျှင် ဇာမဏီကောင်မလေးက သူ့ကို သဘောကျလာနိုင်သည်ဆိုသောအတွေးဖြင့် လက်မလွှတ်ဘဲ ဆုပ်ကိုင်ထားခဲ့သည်။

နတ်လူသားမျိုးနွယ် ၊ မှော်ဆရာလူငယ်နှင့် မြေအောက်နတ်ဆိုးတို့ကတော့ အသက်သာအသေခံမည် ရောင်ဝါကို လက်လွှတ်မည့်သူများ မဟုတ်ပေ။

ထိုအချိန် သူတို့ခံစားနေရသည့် နာကျင်မှုက အလွန်ပြင်းထန်သည့် နာကျင်မှုအဖြစ် ပြောင်းလဲသွားပြီး သူတို့အားလုံးကို နောက်ဆုတ်သွားရန် ဖိအားပေးလျှက် ရှိသည်။

သူတို့သာ ရောင်ဝါကို လက်လွှတ်လိုက်လျှင် နာကျင်မှုကို ခံစားရတော့မည်မဟုတ်ဟု သူတို့အားလုံး နားလည်လိုက်ကြသည်။

သို့သော် ယခုအချိန်ထိရောက်လာပြီးမှတော့ လက်လွှတ်ရန် မဖြစ်နိုင်တော့ပေ။

တိမ်တိုက်ထက်မှထွက်ပေါ်လာသည့် အလင်းရောင်က သူတို့ကို ပြင်းထန်သည့် နာကျင်မှုကို ခံစားရစေသည့်တိုင် အားမလျှော့ဘဲ ဆက်ကြိုးစားပါက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို စုပ်ယူနိုင်မည်ဟု သူတို့ ယုံကြည်ထားကြသည်။

ထိုအချိန် ကောင်းကင်ဆီမှ အဆုံးမဲ့ မိုးခြိမ်းသံတစ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ထိုမိုးခြိမ်းသံက ရောင်ဝါကိုဆုပ်ကိုင်ထားသည့် သူတို့ (၅)ယောက်သာလျှင် ကြားသိရသည့်အသံဖြစ်ကြောင်း လုန်မန် သိရှိလိုက်သည်။

ထိုသို့သော ခံစားချက်မျိုးကို အဋ္ဌမမင်းသားက အရင်းနှီးဆုံး ဖြစ်သည်။

ထူးဆန်းသည့် နတ်ဘုရားနာမည်တစ်ခု ထွက်ပေါ်လာလေတိုင်း ထိုသို့သော ခံစားရစမြဲ ဖြစ်လေသည်။ ယခုလည်း နတ်ဘုရားနာမည်တစ်ခု ထွက်ပေါ်လာတော့မည်လား။

ချက်ချင်းပင် လုန်မန် စိတ်မသက်မသာခံစားလိုက်ရပြီး နာကျင်မှုကလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ပျက်စီးသွားတော့မည့်အလားပင်။

သူတစ်ယောက်တည်း မဟုတ်ပေ။

သေရည်ဆိုင်မှကောင်ငယ်လေးနှင့် ကျန်လူ (၃)ယောက်သည်လည်း သို့နှယ်ပင် ခံစားနေကြရခြင်း ဖြစ်၏။

***

တတိယထပ်တွင် ရှိနေသည့် ကျန်းလန်သည်လည်း တိမ်တိုက်ဆီမှအလင်းရောင်ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ထိုအလင်းရောင်က နတ်ဘုရားရာထူးတစ်ခု သန္ဓေတည်ရာနေရာတစ်ခုအလား ဖြစ်သည်။ သူ၏ နတ်ဘုရားရာထူးက ထိုအလင်းရောင်ဖြင့် ချိတ်ဆက်သွားသည်ကို ခံစားလိုက်ရသည်။

ဤသည်က ဧကရာဇ်ရှီးဟယ် အချက်ပြနေခြင်းဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။

သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီးနောက် ကျန်းလန်က ချက်ချင်းပင် ထိုအလင်းရောင်နှင့် ဆက်သွယ်လိုက်သည်။

ထိုအလင်းရောင်က သူ့အတွက် ဧကရာဇ်ရှီးဟယ်ပေးအပ်မည်ဆိုသည့် နတ်ဘုရားရာထူးနာမည်တစ်ခု ဖြစ်နိုင်သည်။ ထိုနတ်ဘုရားရာထူးနာမည်ကိုလည်း သူ စိတ်ဝင်စားမိသည်။

ထိုနာမည်က "ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား" ဆိုသည့်နာမည်ထက်တော့ ပိုကောင်းပေလိမ့်မည်။

"ဘုန်း"

ကျန်းလန်က အလင်းရောင်နှင့် ဆက်သွယ်လိုက်သည်နှင့် ရောင်ဝါကို ထိကိုင်ထားကြသည့် အဋ္ဌမမင်းသားနှင့် အခြားသူများ၏ နားထဲတွင် မိုးခြိမ်းသံကြီးတစ်သံကို ကြားလိုက်ရသည်။

နောက်ဆက်တွဲအနေဖြင့် သူတို့၏ခန္ဓာကိုယ်များ နေရာအနှံ့ ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ကြရသည်။

အဋ္ဌမမင်းသား ချက်ချင်းသဘောပေါက်သွားသည်။

နတ်ဘုရားနာမည်တစ်ခု၏ အသံကြီးတစ်သံထွက်ပေါ်လာတော့မည် ဖြစ်၏။ ထိုအသံကြီးထွက်ပေါ်လာသည်နှင့် အရာအားလုံးက အဆုံးသတ်သွားမည် ဖြစ်သည်။

ထိုခဏမှာပင်…

ကောင်းကင်ထက်မှ ကျယ်လောင်လွန်းသ်ည့ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

အဋ္ဌမမင်းသား ၊ သေရည်ဆိုင်မှကောင်ငယ်လေး ၊ နတ်လူသားမျိုးနွယ်ကျင့်ကြံသူ ၊ မှော်ဝိညာဉ်တောင်မှ မှော်ဆရာလူငယ်နှင့် မြေအောက်နတ်ဆိုးကျင့်ကြံသူတို့မှာ ထိုအသံကြီးကို ကြားလိုက်ရသည်။

"ရှေးဟောင်းအနောက်နန်းတော်မှ…"

ထိုအသံကြီးထွက်ပေါ်လာသည်နှင့် အဋ္ဌမမင်းသားနှင့် ကျန်လူများ၏ ခန္ဓာကိုယ်များမှာ ပြင်းထန်သည့် ထိုးနှက်ချက်ကို ခံလိုက်ကြရပြီး သွေးများအန်ထုတ်လိုက်ကြသည်။

"ဝေါ့…"

"ဖူး…"

သို့သော် သူတို့က အားမလျှော့စတမ်း ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ဆုပ်ကိုင်ထားကြသည်။ ယခုအချိန်မှ လက်လွှတ်လိုက်မည်ဆိုလျှင် ကြိုးစားခဲ့သမျှ အချည်းအနှီးဖြစ်ကြရပေလိမ့်မည်။

ထိုအချိန် ကောင်းကင်ထက်မှ တောင်မြင့်ကြီး (၂)လုံး ပြုတ်ကျလာသည်ကို သူတို့ တွေ့မြင်လိုက်ကြရသည်။

"ဘုန်း"

ထိုတောင်မြင့်ကြီးများနှင့် ရိုက်ခတ်မိသည်နှင့် သူတို့အားလုံး ဦးနှောက်ပေါက်ထွက်မတတ်နာကျင်ခြင်းကို ခံစားလိုက်ကြရကာ စိတ်ဝိညာဉ်များပင် တုန်ခါသွားသည့်အလား ခံစားလိုက်ကြရ၏။

ကောင်းကင်ကြီးမှ အသံနက်ကြီးကလည်း ဆက်လက်ထွက်ပေါ်လာသည်။

"ပျက်သုဉ်းခြင်းငရဲဘုံရှစ်ထပ်…"

ရှေးဟောင်းအနောက်နန်းတော်မှ ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ်…

အဋ္ဌမမင်းသား၏ ခန္ဓာကိုယ်ထက်တွင် အက်ကြောင်းများ ထွက်ပေါ်လာပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ အခြားသူများသည်လည်း မတူညီသည့် ဒဏ်ရာအသီးသီးကို ရရှိခံစားကြရသည်။

သူတို့ကို ကြည့်နေသူများကတော့ ထိုသူများ ကြုံတွေ့နေရသည့် အခြေအနေများကို နားမလည်နိုင်ကြပေ။ သို့သော် သူတို့နားလည်ထားသည်မှာ အချိန်ကြာကြာတောင့်ခံနိုင်လေ ရောင်ဝါကို ပိုမိုများပြားစွာ ရရှိလေ ဆိုသည့်အချက်ပင်။

ကံကြမ္မာအခွင့်ကောင်းရောင်ဝါက သူ့ခန္ဓာကိုယ်အတွင်း ပေါင်းစပ်စီးဆင်းသွားသည်ကို အဋ္ဌမမင်းသား ခံစားလိုက်ရသည်။

"ဘုန်း"

ကောင်းကင်တစ်ခုလုံးတုန်လှုပ်သွားပြီး တောင်မြင့်ကြီးများစွာ ထပ်မံထွက်ပေါ်လာကာ သူတို့ကို ဝင်ရောက်တိုက်ခိုက်ကြပြန်သည်။

"ဘန်း"

ထိုအချိန် ကောင်းကင်ထက်မှ အသံနက်ကြီးသည်လည်း ဆက်လက်ထွက်ပေါ်နေပြီး ထိုအသံကြီးမှ ထွက်ပေါ်လာသည့် စကားလုံးများက သူတို့အားလုံး၏ စိတ်အာရုံကို အပြည့်အ၀ သိမ်းပိုက်လိုက်သည်။

အသံကြီးက သူတို့စိတ်ထဲသို့ လှိုင်းလုံးများပမာ လှိမ့်ဝင်လာသည်။

"ဧကရာဇ်လွန်လင်"

ရှေးဟောင်းအနောက်နန်းတော်မှ ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင်…

"ဝေါ့"

"ဖူး"

သူတို့ (၅)ယောက်လုံး သွေးများ အန်ထုတ်လိုက်ကြသည်။

နတ်ဘုရားရာထူးနာမည် ထွက်ပေါ်လာပြီးနောက် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက စတင်ပြိုကွဲလာသည်။

"ခရက်"

အဋ္ဌမမင်းသားက ရောင်ဝါတစ်ဝက်တိတိကို ရယူနိုင်ခဲ့ပြီး ကောင်ငယ်လေးကတော့ လေးပုံတစ်ပုံကို ရယူနိုင်ခဲ့သည်။

ကျန်ရှိသည့်ရောင်ဝါကိုတော့ နတ်လူသားမျိုးနွယ် ၊ မှော်ဆရာလူငယ်နှင့် မြေအောက်နတ်ဆိုးကျင့်ကြံသူတို့က ခွဲဝေရရှိသွားကြသည်။

"ဘန်း"

ကံကြမ္မာအခွင့်ကောင်းရောင်ဝါက တစ်စစီကွဲအက်သွားပြီး ပြင်းထန်လှသည့် စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာလေရာ သူတို့ (၅)ယောက်လုံး လွင့်ထွက်သွားသည်။

လေထဲမှာပင် သူတို့ (၅)ယောက်လုံး အသိစိတ်များ ပျောက်ဆုံးသွားကြသည်။

ရန်ကျင်းက မတ်တတ်ရပ်လိုက်ပြီး အဋ္ဌမမင်းသားကို ကူညီရန်ဟန်ပြင်လိုက်စဉ် နဂါးမျိုးနွယ်တစ်ယောက်က သူမကို တားဆီးလိုက်သည်။

ထိုသူက လုန်ရဲ့ ဖြစ်လေ၏။

ရန်ကျင်းလည်း လှုပ်ရှားမှုမပြုတော့ဘဲ ရပ်တန့်လိုက်လေသည်။

ကောင်ငယ်လေးသည်လည်း မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။

"ဝုန်း"

ကောင်ငယ်လေးပြုတ်ကျသည့်နေရာတွင် ကြီးမားသည့် တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားပြီး ဟုန်ယာက ထိုတွင်းကြီးအနားသို့ ရောက်လာကာ တွင်းထဲတွင် သတိလစ်နေသည့် ကောင်ငယ်လေးကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူမက သတိလစ်နေသည့် ကောင်ငယ်လေးကို သေရည်ဆိုင်သို့ ခေါ်ဆောင်လာခဲ့တော့၏။

ယန်ရှီးယွင် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ သူမ "အစ်ကို" ဟု ခေါ်သည့် လုန်မန်သည်လည်း သတိလစ်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဆိုတော့…

သူမ မည်သူ့ကို လမ်းမေးရပါတော့မည်နည်း။

***

မဟူရာမှော်ရုံနယ်မြေ ၊ တတိယထပ်။

ကျန်းလန် အစီအရင်အလယ်တွင် ထိုင်နေ၏။

သူက ဧကရာဇ်ရှီးဟယ်၏အချက်ပြမှုကို တိတ်တဆိတ်ဆက်သွယ်နေသည်။

အလင်းရောင်ကြိုးမျှင်များစွာ ရရှိခဲ့သောကြောင့်လားမသိ လက်ရှိတွင် နတ်ဘုရားရာထူးနှင့်ပတ်သက်ပြီး နားလည်မှုများ ပိုမိုမြင့်မားလာသည်ဟု သူ ခံစားရသည်။

ထို့ပြင် နတ်ဘုရားရာထူးကို ထိန်းချုပ်ရန်အတွက် ထိုးထွင်းသိမြင်မှုများစွာကိုလည်း ရရှိခဲ့သည်။

သူက ရရှိထားသည့် အလင်းရောင်ကြိုးမျှင်တန်းများကို အရှိန်မြှင့်ကာ ဆက်လက်ဆုပ်ယူနေသည်။ အချိန်တိုအတွင်းမှာပင် နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်စွမ်းက မြင့်မားသည်ထက် မြင့်မားလာခဲ့သည်။

ယခု သူ၏ နတ်ဘုရားရာထူးကို တစ်စုံတစ်ယောက်က ခေါ်ဆိုမည်ဆိုပါက နေရာမည်မျှဝေးကွာပါစေ မည်သူဖြစ်ကြောင်း သိမြင်နိုင်စွမ်းရှိလာတော့မည်ဟု ကျန်းလန် ခံစားရသည်။

ထို့ပြင် နတ်ဘုရားရာထူးက အရင်ကထက် အဆပေါင်းများစွာ ပိုမိုစွမ်းအားမြင့်မားလာခဲ့သလို သူ၏တန်ခိုးစွမ်းအားများလည်း မြင့်မားလာသလို ခံစားရသည်။

သူ၏ စိတ်အာရုံက ချက်ချင်းပင် ကောင်းကင်အမြင့်ထက်သို့ လွင့်ပျံသွားပြီး အဆုံးမဲ့အကွာအဝေးတစ်ခုကို ဖြတ်ကျော်သွားသည်။

သူ့ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများ ထူထပ်လာသည်ကို ခံစားလိုက်ရသည်။

ထို့နောက် သူ့မျက်စိရှေ့တွင် နန်းတော်ကြီးများကို ထင်ထင်ရှားရှားတွေ့မြင်လိုက်ရပြီး သူ့ရှေ့တည့်တည့်တွင် နန်းတော်တံခါးကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ထိုနန်းတော်တံခါးကြီးထက်တွင် စာလုံးများ ရေးထိုးထား၏။

"ရှေးဟောင်းအနောက်နန်းတော်"

ထိုစဉ် တံခါးဝတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ခဏအတွင်း နန်းတော်တံခါးကြီး ပြိုကျပျက်စီးသွားတော့သည်။

ကျန်းလန်က နန်းတော်တံခါးထဲ ဝင်ရောက်ရန် ကြိုးစားလိုက်စဉ်မှာပင် ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွားသည်။

သူ အလောင်းကောင်များကို နေရာအနှံ့တွေ့မြင်လိုက်ရ၏။

ထို့နောက်…

"ဘန်း"

ပုံရိပ်များအားလုံး ပျောက်ကွယ်သွားသည်။

ကျန်းလန် သူ၏ စိတ်အာရုံကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

"ဘာမှ မမြင်ရတော့ဘူး"

ထိုအလောင်းကောင်များက သူတွေ့မြင်ချင်သည့်အရာများ မဟုတ်ပေ။

သူ နန်းတော်အတွင်းဝင်ရောက်ရန် ကြိုးစားလိုက်သည်နှင့် ထိုအလောင်းကောင်ပုံရိပ်ယောင်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် သူ့အနေဖြင့် နန်းတော်ထဲဝင်ရောက်နိုင်ဟန် မတူသေးပေ။

သူ သတိပြန်ဝင်လာသည့်အချိန်တွင် ကောင်းကင်ထက်မှ အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ရှေးဟောင်းအနောက်နန်းတော်မှ ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင်…"

ထိုအသံကို ကြားရသည်နှင့် ကျန်းလန် အံ့အားသင့်သွားသည်။

ထိုနာမည်က နတ်ဘုရားရာထူး အစစ်တစ်ခု မဟုတ်ပေ။

ဧကရာဇ်ရှီးဟယ်ပြောခဲ့သလိုပင် နတ်ဘုရားရာထူး အသွင်အပြင်တစ်ခု အသုံးပြုရန် ဟန်ပြအနေဖြင့် ထွက်ပေါ်လာသည့် နာမည်တစ်ခုဖြစ်သည်။

ထို့ပြင် ထိုနာမည်က ဧကရာဇ်ရှီးဟယ် သူ့ကိုပေးအပ်သည့် နတ်ဘုရားရာထူးနာမည် အသစ်တစ်ခုလည်း ဖြစ်၏။ အခြားသူများ၏စိတ်ကိုလှည့်စားရန်အတွက် ထိုနတ်ဘုရားရာထူးနာမည်ကို သူ အသုံးပြုနိုင်မည် ဖြစ်သည်။

"ဧကရာဇ်လွန်လင် တဲ့ ၊ ဒီနာမည်က လက်သီးနတ်ဘုရားဆိုတာကြီးထက်တော့ နားထောင်လို့ကောင်းသားပဲ ၊ ဒါပေမဲ့ ငါ့နတ်ဘုရားရာထူးနာမည်က ဘယ်လိုလုပ် ရှေးဟောင်းအနောက်နန်းတော်ကို ရောက်သွားရတာလဲ"

နားမလည်သည့်အရာများကို ကျန်းလန် မစဉ်းစားတော့ပေ။

အရာအားလုံးက ပြီးဆုံးသွားပြီပဲ မဟုတ်ပါလား။

သူ၏ နတ်ဘုရားရာထူးနာမည်အစစ်က -

"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား" အဖြစ်သာ တည်ရှိနေပေလိမ့်မည်။

"ဧကရာဇ်လွန်လင်" ဆိုသည်ကတော့ ဟန်ပြနာမည်တစ်ခု ဖြစ်၏။

နတ်ဘုရားရာထူးနာမည်ကို ပြောင်းလဲနိုင်ရန်မှာတော့ သူ တန်ခိုးစွမ်းအားပိုမိုမြင့်မားလာသည်အထိ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

လက်ရှိတွင်တော့ ဤကိစ္စများက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူလည်း သူလိုချင်သည့်အကျိုးအမြတ်ကို ရရှိခဲ့သလို ဧကရာဇ်ရှီးဟယ်သည်လည်း သူလိုချင်သည့်အကျိုးအမြတ်ကို ရရှိခဲ့ဟန်ပင်။

ကျန်းလန် နတ်ဘုရားရာထူးကို အာရုံခံကြည့်လိုက်သည့်အခါ ယခင် အလင်းအစက်အပျောက်လေး (၂)ခု ရှိနေရာမှ ယခု (၃)ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ယခင်ကတည်းက ရှိနေသည့် အလင်းအစက်အပျောက်လေး (၂)ခုတွင် တစ်ခုက တစ်ခုက တစ္ဆေတိုင်းပြည်မှ ချင်းမုကို ကိုယ်စားပြုပြီး နောက်တစ်ခုကတော့ သူ့ထံမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိခဲ့သူ အဋ္ဌမမင်းသားကို ကိုယ်စားပြုသည်။

ယခု တတိယမြောက် အလင်းအစက်အပျောက်လေးက မည်သူ့ကို ကိုယ်စားပြုပါသနည်း။

ကျန်းလန် ထိုအလင်းရောင်လေးကို လက်ဖြင့်အသာ ထိတွေ့ကြည့်လိုက်သည်။

ထိုအခါ မြေပြင်ထက်တွင် လဲကျနေသည့် သေရည်ဆိုင်မှ ကောင်ငယ်လေးကို တွေ့လိုက်ရသည်။

"ဒီကောင်လေးကိုး…"

သူ၏ နတ်ဘုရားရာထူးတွင် ထိုကောင်ငယ်လေး ပေါ်လာရခြင်းမှာ သူသည်လည်း ကျန်းလန်နှင့်ပတ်သက်သည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိခဲ့သည်ဆိုသည့် အဓိပ္ပါယ်ပင်။

ပြီးတော့ အဋ္ဌမမင်းသား…

အဋ္ဌမမင်းသားကတော့ သူ၏ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိထားပြီးဖြစ်လေရာ မည်သူ့ထံမှရောင်ဝါကို ထပ်မံ ရရှိခဲ့ပါသနည်း။

"ဧကရာဇ်ရှီးဟယ်က သူပိုင်ဆိုင်တဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို တစ်ဖက်လှည့်နဲ့ အဋ္ဌမမင်းသားကို ပေးအပ်ချင်လို့ တမင်သက်သက် ဒီလိုလုပ်တာလား"

ထိုသို့သာဆိုလျှင် အဋ္ဌမမင်းသားအနေဖြင့် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ရှိနေသည့် နတ်ဘုရားရာထူး (၄)ခုလုံးမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၄)ခုကို ရရှိထားသူ ဖြစ်သွားပေလိမ့်မည်။

ဟန်ပြနတ်ဘုရားရာထူးတစ်ခုဖြစ်သည့် ဧကရာဇ်လွန်လင်ကတော့ လက်သီးနတ်ဘုရားနှင့်အတူတူပင် ဖြစ်လေရာ အဋ္ဌမမင်းသားအတွက် ထည့်တွက်စရာလိုအပ်မည် မထင်ပေ။

All Chapters