မှော်ရုံနယ်မြေထဲမှ ကျန်းလန် ပြန်ထွက်လာသည့်အခါ
Vol. 23 Ch. 316
အခန်း (၃၁၆) မှော်ရုံနယ်မြေထဲမှ ကျန်းလန် ပြန်ထွက်လာသည့်အခါ
သေရည်ဆိုင်မှ ကောင်ငယ်လေးကတော့ သူ့ထံမှ ရောင်ဝါကို ရရှိသွားခဲ့ပြီး အဋ္ဌမမင်းသားကတော့ ဧကရာဇ်ရှီးဟယ်၏ ရောင်ဝါကို ရရှိသွားဟန်တူသည်။
ဤသည်က ကျန်းလန် နားလည်သလောက် တွေးကြည့်နေခြင်း ဖြစ်၏။
အဋ္ဌမမင်းသားက မွေးရာပါအင်မော်တယ်တစ်ယောက်ဖြစ်လေရာ ထူးခြားသည်ကတော့ အမှန်ပင်။ ယခု သူ့တွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၄)ခုပိုင်ဆိုင်ထားပြီ ဖြစ်လေရာ ပိုပြီး ထူးခြားသွားပြီ ဖြစ်၏။
ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၄)ခု ပိုင်ဆိုင်ခြင်းက နတ်ဘုရားရာထူးတစ်ခု ပိုင်ဆိုင်သလောက် ကောင်းမွန်ခြင်းမရှိပေ။ သို့သော် နတ်ဘုရားရာထူး (၄)ခု၏ ရောင်ဝါ (၄)ခုလုံးကို ပိုင်ဆိုင်ခွင့် ရထားခြင်းကတော့ ထူးခြားသည်ဟု ဆိုနိုင်သည်။
ထိုရောင်ဝါများက ကျင့်ကြံခြင်းလျှင်မြန်စေခြင်းအပြင် အခြားမည်သည့်နေရာတွင် အသုံးဝင်သေးသည်လဲ ကျန်းလန် မသိရှိပေ။
သေချာသည်မှာ အဋ္ဌမမင်းသားက ပိုပြီးအဖိုးတန်လာပြီဆိုသည့်အချက်ပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် နဂါးမျိုးနွယ်များဘက်မှ အဋ္ဌမမင်းသားကို ပြန်လိုချင်သည်ဆိုလျှင် ခွန်လွန်တောင်က တောင်းဆိုသမျှတန်ဖိုးအတိုင်း ပေးအပ်ရတော့မည် ဖြစ်သည်။
ယခင်အချိန်ထိ ခွန်လွန်တောင်မှ တောင်းဆိုသည်များကို ပေးအပ်ရန် နဂါးမျိုးနွယ်များဘက်မှ ငြင်းဆန်ခဲ့သည်။
ယခုအချိန်ထိလည်း ပေးအပ်နိုင်ခြင်း မရှိသေးပေ။
သို့ဖြစ်ရာ လုန်မန်အနေဖြင့် ခွန်လွန်တောင်တွင်သာ ဆက်လက်နေထိုင်သွားရမည့် သဘောရှိသည်။ အဋ္ဌမမင်းသားသည်လည်း ထိုအချက်ကို နားလည်မည်ပင်။
"ဒီနေရာကကိစ္စတွေ ပြီးပြတ်အောင် အရင်ဆုံးလုပ်ရမယ်"
ကျန်းလန် သူ့အနီးပတ်ဝန်းကျင်တွင် သွားလာနေကြသည့် သားရဲကြီးများနှင့် သတ္တဝါဆိုးများကို တစ်ချက်လှမ်းကြည့်လိုက်သည်။
သူ့တွင် ရွေးချယ်စရာ (၂)ခု ရှိသည်။
တစ်ခုက အစီအရင်ထဲတွင် ဆက်ပြီး ပုန်းအောင်းနေရန် ဖြစ်ပြီး နောက်တစ်ခုကတော့ အစီအရင်ပြင်ပသို့ထွက်ကာ ထိုသားရဲများနှင့် သတ္တဝါဆိုးကြီးများကို တိုက်ခိုက်သတ်ဖြတ်ရန် ဖြစ်သည်။
ခဏမျှတွေးနေပြီးနောက် သူ အစီအရင်ထဲတွင်သာ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
မှော်ဝင်တိမ်တိုက်တောာင် စုဝေးပွဲက ဘယ်အချိန်အဆုံးသတ်မည်ကို ကျန်းလန် မသိရှိပေ။
စုဝေးပွဲ အဆုံးမသတ်သရွေ့ သတ္တဝါးဆိုးကြီးများကို လိုက်လံသတ်ဖြတ်နေမည်ဆိုပါက အပြင်ပြန်မထွက်ခင် အချိန်အတော်ကြာအောင် တိုက်ခိုက်နေရမည် ဖြစ်သည်။
သူက စုဝေးပွဲ အဆုံးသတ်သည်အထိ အထဲတွင် နေထိုင်ရန် ဆုံးဖြတ်ထားလေရာ စွမ်းအားအကုန်ခံပြီး လိုက်လံတိုက်ခိုက်နေ၍ မဖြစ်နိုင်ပေ။
ကြမ်းတမ်းသည့် သားရဲများနှင့် သတ္တဝါဆိုးများက ကြောက်မက်ဖွယ်ကောင်းသော်လည်း အသိဉာဏ်ရှိကြသူများ မဟုတ်ပေ။
ထို့ကြောင့် ကျန်းလန် ပြုလုပ်ထားသည့် အစီအရင်နှင့် အထီးကျန်မန္တန်ကို အလွယ်တကူ အာရုံခံနိုင်ခြင်း မရှိကြပေ။
သို့သော် သားရဲများက များပြားလွန်းလှလေရာ သူ့တည်နေရာကို သိရှိသွားလျှင်တော့ အစုလိုက်အပြုံလိုက် လာရောက် တိုက်ခိုက်ကြပေလိမ့်မည်။
ကျန်းလန်က အစီအရင်ထဲတွင် နေထိုင်ရင်း အနီးပတ်ဝန်းကျင်သို့ရောက်လာသည့် သားရဲများကိုသာ သုတ်သင်ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူက မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်ထက် ကျော်လွန်သည့် တန်ခိုးစွမ်းအားကို အသုံးပြုမည် မဟုတ်ပေ။
***
ခွန်လွန်တောင်ခြေရှိ သေရည်ဆိုင်။
သတိလစ်မေ့မျောနေသည့် ကောင်ငယ်လေး ရုတ်တရက် သတိရလာသည်။
"ရပြီ… ငါ အဲဒါကို ရပြီ"
ကောင်ငယ်လေး အော်ဟစ်လိုက်သည်။
ထို့နောက် နားလည်လိုက်သည်မှာ ကောင်ငယ်လေး သူ့အခန်းထဲ ပြန်ရောက်နေပြီး သူ့အနားတွင် မည်သူမှ ရှိမနေကြောင်းပင် ဖြစ်သည်။
သို့သော် သူ့နံဘေးတွင်ထိုင်ရင်း ဝိညာဉ်ကျောက်တုံးများစားနေသည့် ဖီရှိုးကောင်ကို တွေ့လိုက်ရသည်။
"ဟာ.. ငါ့ဝိညာဉ်ကျောက်တုံးတွေ စားနေတာလား"
အိမ်ထဲ သူခိုးဝင်သည့်အလား ကောင်ငယ်လေး ခံစားလိုက်ရသည်။
ဖီရှိုးကောင်က ကောင်ငယ်လေးကို ရွံလျာစက်ဆုပ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအခါမှ ကောင်ငယ်လေးက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ရင်း…
"ငါ့ဟာတွေမစားရင်ပြီးတာပါပဲ… ၊ ကောင်းတယ် ကောင်းတယ်… ဆက်စား"
ထို့နောက် သူ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
"ငါ အဲဒီရောင်ဝါကို ရလိုက်တယ် မဟုတ်ဘူးလား ၊ အဲဒါ ဘယ်ရောက်သွားလဲ ၊ ဘယ်သူ ယူသွားပြီလဲ ၊ ငါက အဲဒီရောင်ဝါကို ဟုန်ယာကို ပေးမလို့ကို"
"ဝေါင်း..."
ဖီရှိုးကောင်က ဝိညာဉ်ကျောက်တုံးစားနေရင်း ကောင်ငယ်လေးစကားကို ထောက်ခံသည့်အနေဖြင့် ဟိန်းသံတစ်ချက် ပြုလိုက်သည်။
"အဲဒီရောင်ဝါကို ငါ စုပ်ယူလိုက်တာလား ၊ ဒါဆိုရင် ငါ ဟုန်ယာကို ဘယ်လိုပေးရပါတော့မလဲ"
"ဝေါင်း"
ဖီရှိုးက ဟိန်းသံတစ်ချက် ခပ်တိုးတိုး ပြုလုပ်လိုက်ပြန်သည်။
ကောင်ငယ်လေးက ခေါင်းတညိတ်ညိတ်လုပ်ရင်း ရေရွတ်လျှက်ရှိသည်။
"ဒါဆို ဘယ်လိုလုပ်မလဲ ၊ ဟုန်ယာ စိတ်မဆိုးအောင် နောက်ထပ် ရောင်ဝါတစ်ခု ထပ်ရှာပေးရတော့မှာပေါ့"
"ဟုတ်တယ် ၊ ဒါပေမဲ့ ဟုန်ယာ စိတ်ပျော်အောင်လုပ်ပေးဖို့ တခြား ဘာနည်းလမ်းတွေများရှိဦးမလဲဆိုတာ ငါ အစ်ကိုကြီးကို မေးကြည့်ရဦးမယ်"
ထိုစဉ်…
"ကျွီ…"
အသံနှင့်အတူ အခန်းတံခါးပွင့်သွားပြီး တံခါးဝတွင် အဋ္ဌမမင်းသားကို တွေ့မြင်လိုက်ရသည်။
"ကောင်လေး ၊ မင်း သတိရလာပြီလား… ကျုပ် မင်းကို မေးစရာရှိလို့ကွ…"
အဋ္ဌမမင်းသားက အခန်းထဲသို့ဝင်လာရင်းဆိုသည်။
သို့သော် သူက ဖီရှိုးကောင်ကိုတော့ ခပ်ဝေးဝေးမှပင် ရှောင်တိမ်းသွား၏။ လုန်မန်က ထိုသတ္တဝါကို အနည်းငယ် ကြောက်ရွံ့လေသည်။
ထိုသတ္တဝါကို လုန်ရဲ့ပင်လျှင် မနည်းရင်ဆိုင်ရသည် မဟုတ်ပါလား။ သူ့နေဖြင့် ထိုကောင်ကို မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။
ဖီရှိုးကတော့ အဋ္ဌမမင်းသားကို ပေစောင်းစောင်းတစ်ချက်ကြည့်လိုက်ပြီး အခန်းထဲမှ ထွက်ခွာသွား၏။
ကောင်ငယ်လေး သတိရလာပြီ ဖြစ်လေရာ သူ ဆက်ပြီး စောင့်ပေးနေစရာ မလိုအပ်တော့ပေ။
ဖီရှိုးကောင်ထွက်သွားသည်နှင့် အဋ္ဌမမင်းသားက ကောင်ငယ်လေးအနားသို့ ချက်ချင်းတိုးကပ်သွားပြီး မေးလိုက်သည်။
"ကောင်လေး… မင်းလည်း ကြားတယ်မဟုတ်လား"
ကောင်ငယ်လေးက ပဟေဠိဖြစ်သွားဟန်ဖြင့်…
"ဘာကြားရမှာလဲဗျ"
ပြီးမှ သူက သဘောပေါက်သွားဟန်ဖြင့်…
"ဘာလဲ… ရှေးဟောင်းအနောက်နန်းတော်က ဧကရာဇ်လွန်လင်ဆိုတဲ့နာမည်ကို ပြောတာလား"
"ရှူး… တိုးတိုးပြောစမ်းပါ"
အဋ္ဌမမင်းသားက ကောင်ငယ်လေးကို သတိပေးလိုက်သည်။
"မင်း အဲဒီနာမည်ကြီး ထုတ်မပြောလို့ မရဘူးလား"
ကောင်ငယ်လေးက နားမလည်ဟန်ဖြင့်…
"အဲဒီနာမည်ကိုပြောတော့ ဘာဖြစ်လို့လဲ"
အဋ္ဌမမင်းသားက…
"အဲဒီနာမည်ကို ပြောလို့မဖြစ်ဘူး ၊ မင်း ပြောလိုက်တာနဲ့ အဲဒီနတ်ဘုရားက ချက်ချင်းသိသွားပြီး မင်းကို လှမ်းကြည့်လိမ့်မယ်"
သို့သော် သေရည်ဆိုင်ထဲတွင် ထိုနာမည်ကို ပြောမိခြင်းက ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း ယောက်ဖဖြစ်သူက ရံဖန်ရံခါ သူ့ကို ပြောပြဖူးသည်။ ထို့ကြောင့် အန္တရယ်ကင်းသည်ဟု ဆိုနိုင်သည်။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို အာရုံစိုက်ကြည့်ရှုလာမည်ဆိုလျှင်လည်း သေရည်ဆိုင်ရှင်အဘိုးအိုက ကာကွယ်ပေးထားမည် ဖြစ်သည်။
ကောင်ငယ်လေးက လုန်မန်၏စကားကို မယုံကြည်ဟန်ဖြင့်...
"တကယ်လား…"
ဟု မေးလိုက်၏။
အဋ္ဌမမင်းသားက...
"မင်း ကျုပ်ပြောတာကို မယုံရင် မင်းအဘိုးကို မေးကြည့်လေ ၊ ကျုပ်လည်း အဲဒီအကြောင်း အကြီးအကဲအချို့ဆီက သတင်းကြားထားတာ ၊ လုံးဝမမှားနိုင်ဘူး"
ကောင်ငယ်လေးက...
"ဒါဖြင့် ဘာလို့ အဲဒီရောင်ဝါကို ဝိုင်းပြီးလုနေကြရတာလဲ ၊ ကျွန်တော်မှတ်မိတာတော့ ခင်ဗျားအများဆုံးရသွားတာနော် ၊ ဒါနဲ့ ခင်ဗျားရထားတဲ့ ရောင်ဝါတွေကို ကျုပ်ကို နည်းနည်းလောက် ရောင်းပါလားဟင်"
ကောင်ငယ်လေးစိတ်ထဲ ဘာတွေးနေသည်ကို အဋ္ဌမမင်းသား ချက်ချင်းသိလိုက်သည်။
"မင်း ဟုန်ယာကိုပေးဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်"
ကောင်ငယ်လေးက…
"ဟုန်ယာက သူလိုချင်တဲ့အရာကို ကျွန်တော်က လုယူသွားတယ်ထင်ပြီး အခုဆိုရင် ကျွန်တော့်ကို မုန်းနေလောက်ပြီ"
အဋ္ဌမမင်းသားက ကောင်ငယ်လေး၏ ပခုံးကို တစ်ချက်ပုတ်ရင်း နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့ကွာ ၊ မင်း အဲဒီရောင်ဝါကို သူ့ကိုသွားပေးလည်း သူကမင်းကို မုန်းမြဲမုန်းနေမှာပဲ ၊ မင်း သူ့ဆီက အချစ်ကို တောင့်တနေမယ့်အစား သူ့ကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာ စဉ်းစားစမ်းပါ ၊ မင်း ယောက်ဖကို မေးကြည့်သင့်တယ် ၊ ယောက်ဖဆိုရင် ကျုပ်အစ်မရဲ့ နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်ထားတာကွ"
ကောင်ငယ်လေးက...
"ဒါ အဓိပ္ပါယ်ရှိတယ် ၊ ဒါပေမဲ့ အစ်ကိုကြီးက ကျွန်တော့်ကို ကျင့်ကြံဖို့ပဲ ပြောနေတာလေ"
"ဒါဖြင့် ကျင့်ကြံတာပဲ ဆက်လုပ်ပေါ့ကွ ၊ မင်း တန်ခိုးစွမ်းအားမြင့်မားလာတာနဲ့အမျှ ဟုန်ယာလည်းမင်းကို အထင်ကြီးလာမှာ အမှန်ပဲ ၊ အဲဒီအချိန်ဆိုရင် သူလည်း မင်းအပေါ် ခံစားချက်တွေ ပြောင်းလဲလာမှာပေါ့"
"ကောင်းပြီ… ကျွန်တော် အဘိုးကို အနိုင်ယူနိုင်တဲ့အဆင့်ရောက်အောင် အပြင်းအထန် ကျင့်ကြံရမယ်"
"အေးပါကွာ… ကံကောင်းပါစေ"
***
နောက်တစ်နေ့။
မဟူရာမှော်ရုံနယ်မြေပတ်ဝန်းကျင်တွင် မည်သူမှ မရှိကြတော့ပေ။
မှော်ရုံနယ်မြေသည်လည်း တိတ်ဆိတ်ငြိမ်သက်လျှက်ရှိပြီး လောလောဆယ်တွင် အထဲမှထွက်လာသူ တစ်ယောက်မှ မရှိသေးပေ။
မှော်ရုံနယ်မြေအထပ်များ၏ ဗဟိုမဏ္ဍိုင်များတွင်တော့ သားရဲများကို လိုက်လံသတ်ဖြတ်နေကြသည့် ကျင့်ကြံသူများကို ရံဖန်ရံခါ တွေ့မြင်ရတတ်သည်။
ကျူးချင်က မှော်ရုံနယ်မြေကို လှမ်းကြည့်လိုက်ရင်း…
"စုဝေးပွဲ အဆုံးသတ်တော့မယ်ထင်တယ်"
ပဉ္စမထပ်နှင့် ဆဋ္ဌမထပ်မှ အောက်ထပ်သို့ဆင်းလာကြသည့်အင်မော်တယ်များက သားရဲများနှင့် သတ္တဝါဆိုးများကို အလျှင်အမြန်ရှင်းလင်းပစ်နေကြသည်။
သို့သော် စုဝေးပွဲကို အာရုံစိုက်သူများက မရှိသလောက် နည်းပါးသွားပြီ ဖြစ်သည်။ ကံကြမ္မာအခွင့်ကောင်းရောင်ဝါသည်လည်း ပျောက်ကွယ်သွားပြီ မဟုတ်ပါလား။
လူပေါင်းများစွာသည်လည်း သူတို့လိုချင်သည့် အကျိုးအမြတ်များစွာကို ရရှိသွားကြပြီ ဖြစ်သည်။
နဂါးမျိုးနွယ်များကတော့ အကျိုးအမြတ်အများဆုံး ရရှိသူများ ဖြစ်ကြသည်။
သို့သော် နဂါးမျိုးနွယ်များ မပျော်ရွှင်နိုင်ကြပေ။ အဋ္ဌမမင်းသား အဘယ့်ကြောင့် တိုက်ပွဲထဲဝင်ပါရသည်ကို သူတို့ နားမလည်နိုင်ဖြစ်နေကြသည်။
ဤသည်က သူတို့အစီအစဉ်တွင် ပါဝင်ခြင်း မရှိပေ။
ခွန်လွန်တောင်က နဂါးမင်းသားကို တိတ်တဆိတ်ထိန်းချုပ်နေသည်လားဟု သူတို့ သံသယဝင်မိကြသည်။ မည်သို့ပင်ဖြစ်စေ အရာအားလုံးက အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် နဂါးမျိုးနွယ်များကတော့ အကျိုးအမြတ်များစွာ ရရှိလိုက်သည်ပင်။
လုန်မန်က လုန်ယွိကဲ့သို့ မဟုတ်ပေ။ သူက ခွန်လွန်တောင်တွင် နေထိုင်ရသည်ဆိုသော်လည်း နဂါးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေသေးသည်။
လုန်ယွိကတော့ မတူညီပေ။
သူမက ကျန်းလန်၏မိန်းကလေး ရာနှုန်းပြည့်ဖြစ်နေပြီ ဖြစ်သည်။ သူမ၏နှလုံးသားသည် ကျန်းလန်ဘက်တွင်သာ ရပ်တည်လျှက်ရှိသည်။
ထိုအကြောင်းကို ကျူးချင်ရော ရန်ကျင်းပါ ရိပ်မိကြသည်။
ရန်ကျင်းက မှော်ရုံနယ်မြေ တတိယထပ်နှင့် စတုတ္ထထပ်ရှိရာနေရာများသို့ လှမ်းကြည့်လိုက်ရင်း...
"ကြည့်ရတာ မင်းတို့တွေ အနိုင်ရပြီထင်တယ်"
မှော်ရုံနယ်မြေအတွင်းမှ လူပေါင်းများစွာ ထွက်လာကြပြီဖြစ်သည့်တိုင် ကျန်းလန်ကတော့ ထွက်လာခြင်း မရှိသေးပေ။
မြောင်ယွဲ့တို့နှင့် ပြုလုပ်ခဲ့သည့် အလောင်းအစားတွင် သူမ ရှုံးနိမ့်ရပြီ ဖြစ်လေသည်။ စုဝေးပွဲက အဆုံးမသတ်သေးသည့်တိုင် ပြီးဆုံးလုနီးနေပြီ မဟုတ်ပါလား။
သားရဲများနှင့် သတ္တဝါဆိုးများကို သုတ်သင်ရှင်းလင်းပြီးနောက် အင်မော်တယ်များနှင့် ကျင့်ကြံသူများ အပြင်သို့ ထွက်လာကြသည်။
နောက်ဆုံးအချိန်ထိ မှော်ရုံနယ်မြေထဲတွင် နေခဲ့ကြသူများမှာ တိကျသည့် အကျိုးအမြတ်များကို ရရှိကြမည် ဖြစ်လေသည်။
ထိုစဉ် ခွန်လွန်တောင်မှလူများ အပြင်သို့ ထွက်လာကြသည်ကို လုန်ယွိ တွေ့မြင်လိုက်ရသည်။
လင်စီးယာ ၊ ဟုန်လွမ်နှင့် အခြားသူများ...
ပြီးတော့...
သူမ၏ကျန်းလန်...။
သူမ ကျန်းလန်ကို အကဲခတ်ကြည့်လိုက်တော့ ဒဏ်ရာရရှိထားခြင်းမရှိကြောင်း တွေ့လိုက်ရသည်။
ကျူးချင်က လုန်ယွိကို လှည့်ကြည့်လိုက်ပြီး...
"သွားကြိုလိုက်ဦးလေ"
လုန်ယွိက ခေါင်းညိတ်လိုက်ရင်း...
"ဟုတ်ကဲ့ ဆရာ"
ထို့နောက် လုန်ယွိက စက်ဝိုင်းပုံသဏ္ဌန်ယဉ်ပျံကြီးထက်မှ ဟုန်လွမ်တို့အဖွဲ့ဆီသို့ ပျံသန်းထွက်ခွာသွားလေသည်။
လုန်ယွိ ထွက်ခွာသွားသည်နှင့် မြောင်ယွဲ့က မတ်တတ်ထရပ်လိုက်သည်။
ထို့နောက် သူမက ရန်ကျင်းကို လှမ်းကြည့်လိုက်ပြီး...
"ကျွန်မတို့ဘက်က စကားတည်တယ်နော် ၊ ဒီတော့ နဂါးမျိုးနွယ်တွေဘက်က မင်္ဂလာလက်ဖွဲ့ကြေး ဘယ်လောက်တန်ဖိုးရှိရှိပေးမလဲဆိုတာ ကျွန်မ မျှော်လင့်နေမယ်"
ရန်ကျင်းက တည်ငြိမ်သည့်လေသံဖြင့်...
"မင်းကတော့ အတွေးလွန်နေပြန်ပါပြီ"
ထို့နောက် မြောင်ယွဲ့ က ခွန်လွန်တောင်ရှိရာသို့ ပျံသန်းထွက်ခွာသွားလေတာ့သည်။
ကျူးချင်သည်လည်း မတ်တတ်ရပ်လိုက်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
သို့သော် သူမ မထွက်ခွာမီ ရန်ကျင်းကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
"အခုဆိုရင် နဂါးမျိုးနွယ်တွေအနေနဲ့ ရှောင်ယွိနဲ့ပတ်သက်ပြီး ဘာအကျိုးအမြတ်မှ ရရှိနိုင်မှာ မဟုတ်တော့ပါဘူး ၊ ရှောင်ယွိ ခွန်လွန်တောင်က တပည့်နဲ့ လက်ထပ်တဲ့ကိစ္စရော ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်တာရောနဲ့ပတ်သက်ပြီး နဂါးမျိုးနွယ်တွေဘက်က ရသင့်ရထိုက်တာတွေအားလုံး ရခဲ့ပြီးပါပြီ"
သူမက ဆက်ပြောသည်။
"ရှင် အခု အကောင်းဆုံး ရွေးချယ်သင့်တာက မိခင်ကောင်းတစ်ယောက် ဖြစ်ဖို့ပါပဲ ၊ ရှောင်ယွိက စိတ်ထားနူးညံ့တဲ့သူတစ်ယောက်ပါ ၊ ရှင်က သူ့အပေါ် ဟန်ဆောင်ပြီး တစ်ချက်လောက် ဂရုစိုက်ပေးရင်တောင်မှ သူနဲ့ ရှင့်ကြားမှာ ရင်းနှီးမှုရှိလာမှာပါ ၊ ဒီကိစ္စတွေအားလုံးကို ရှင်လည်း နားလည်မှာပါလေ"
ထိုစကားများကို ပြောပြီးသည်နှင့် ကျူးချင်က မြောင်ယွဲ့နောက်သို့ ပျံသန်းလိုက်ပါသွားလေသည်။
ရန်ကျင်းမတ်တတ်ရပ်လိုက်ရင်းဖြင့် ကျူးချင်ထွက်ခွာသွားရာနေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး မည်သည့်စကားမှတော့ ပြောဆိုခြင်း မရှိပေ။
ထို့နောက် သူမ လုန်စီးစီးနှင့်အတူ ထွက်ခွာသွားလေတော့သည်။
မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ မဆိုသလောက်လေး လျှင်မြန်စွာ ပြီးဆုံးသွားခဲ့သော်လည်း အားလုံးအတွက် အကျိုးအမြတ်ကိုယ်စီရှိခဲ့ကြသည်။
အကျိုးအမြတ် အများဆုံးရရှိသွားသူများကတော့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရယူလိုက်နိုင်သည့် ကျင့်ကြံသူ (၅) ယောက် ဖြစ်သည်။
နဂါးမျိုးနွယ်များက အကျိုးအမြတ်အများဆုံးရရှိခဲ့သည်။
သေရည်ဆိုင်မှ ကောင်ငယ်လေးက ဒုတိယ ဖြစ်၏။
ထိုကောင်းငယ်လေးက မည်သည့်အင်အားစုမှဖြစ်ကြောင်း ဘယ်သူမှ မသိကြပေ။
သို့သော် သေရည်ဆိုင်က ခွန်လွန်တောင်ခြေတွင် တည်ရှိသည်ဖြစ်ရာ ခွန်လွန်တောင်နှင့်တော့ တစ်စုံတစ်ရာ ပတသ်က်နေနိုင်လေသည်။
ထို့ကြောင့် မည်သူမှ အခြားအတွေးများ မတွေးရဲကြတော့ပေ။