အာဏာအတွက် တိုက်ပွဲဝင်ခြင်း….
Vol. 25 Ch. 242
လီစစ်ဖုန်း ပြန်ရောက်လာပြီးနောက် လီချင်းချိုးက ကျင့်ကြံနေစဉ်မှာပင် လောကကြီး အပေါ် အာရုံစိုက်လာခဲ့ပြီး လျူကျင်း၏ လောကကြီးကို သိမ်းပိုက်ရေး လုပ်ငန်းစဉ်ကို စတင် စောင့်ကြည့်နေခဲ့၏။
လျူကျင်းက လီချင်းချိုးကို စိတ်ပျက်မသွားစေဘဲ အာဏာကို လျင်မြန်စွာ ရယူကာ လောကတစ်ခွင်သို့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ခဲ့သည်။ သူက ချင်းရှောင်ဂိုဏ်း၏ ဂုဏ်သတင်း အပေါ်တွင်သာ မှီခိုနေခြင်း မဟုတ်ဘဲ အခြားသော နယ်စားပယ်စားများကို ဆွဲဆောင်ရန်အတွက် မက်လုံးများလည်း ပေးအပ်ခဲ့၏။
အောက်တိုဘာလသို့ ရောက်သောအခါ လျူကျင်းက ပြည်နယ် သုံးခုကို သိမ်းပိုက်ထားပြီး ဖြစ်ကာ အာဏာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လင်းရှောင်ဝင်းအတွင်း၌ ချူကျင်းက လောကရေးရာများ အကြောင်း လီချင်းချိုးကို လာရောက် ပြောပြနေသည်။
လီချင်းချိုးက နားထောင်နေရင်း ခြံဝင်း ထောင့်ရှိ အရွက်များ ဝါနေပြီ ဖြစ်သော သစ်ပင်အိုကြီး တစ်ပင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"လင်းချွမ်က လီမိသားစုက လျူကျင်းကို ထောက်ခံဖို့ လူတွေ လွှတ်လိုက်ပြီတဲ့... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လောကတစ်ခွင်မှာ နာမည်ကြီးခဲ့တဲ့ လီရွှီကျုံးကိုလည်း လျူကျင်းက တရားဝင် ရာထူး တစ်ခု ပေးအပ်လိုက်ပြီတဲ့..."
ချူကျင်းက ဤဇာတ်လမ်းကို ပြန်လည် ပြောပြသောအခါ သိသာထင်ရှားသော စိတ်လှုပ်ရှားမှုများဖြင့် ပြောဆိုနေ၏။
သူသည် လောကကြီး ဖရိုဖရဲ မဖြစ်မီက လီမိသားစုနှင့် ပဋိပက္ခ ဖြစ်ခဲ့ဖူးသည်။ လီမိသားစုက သိုင်းပညာ စွမ်းရည်ကို တန်ဖိုးထားသော်လည်း နန်းတွင်းက ပညာရှိများထက် ပို၍ အတွေ့အကြုံ ရှိကြ၏။
ကျူရှန်းကို သတ်ရန် ကြံစည်ခဲ့ပြီးနောက် လီမိသားစုက လီချင်းချိုးက လျူကျင်းကို ထောက်ခံနေကြောင်း သိသောအခါ အံ့သြစရာ ကောင်းလောက်အောင် အရှုံးပေးရန် ရွေးချယ်ခဲ့ကြသည်။ ဤသည်မှာ အသေးအဖွဲ ကိစ္စ မဟုတ်ချေ။
အထက်တန်းလွှာ မိသားစု တစ်ခု အတွက် လူတစ်ယောက်တည်း ဆုံးဖြတ်ချက်များ အားလုံးကို ချမှတ်ရန် ခက်ခဲပြီး အထူးသဖြင့် ချန်းကျိုး၏ အကျိုးအမြတ်များကို ခံစားနေရချိန်တွင် ပို၍ပင် ခက်ခဲ၏။ လီမိသားစုက သူတို့၏ ဆုံးဖြတ်ချက်များကို ပြင်ဆင်ပြီး လျူကျင်းကို ကူညီရန် တောင်ဘက်သို့ ဆင်းသွားနိုင်ခြင်းက ချူကျင်းကို အထင်ကြီးသွားစေသည်။
လီမိသားစုက နောင်တရပုံ မပေါ်ချေ။ ချင်းရှောင်ဂိုဏ်းက အရှေ့ဘက်သို့ ရွေ့လျားသရွေ့ သူတို့ကလည်း အရှေ့ဘက်သို့ ရွေ့လျားမည် ဖြစ်ပြီး သူတို့ ရရှိထားသော မည်သည့်အရာကိုမဆို အချိန်မရွေး စွန့်လွှတ်နိုင်သည်။
"ဂိုဏ်းချုပ်ကြီး... ဒီလီရွှီကျုံးက သာမန်လူ မဟုတ်ဘူး... သူက လီစစ်ဖုန်းကလွဲရင် လောကကြီးမှာ နံပါတ်တစ် စစ်သူကြီး ဖြစ်ပြီး စစ်ရေး အောင်မြင်မှု အများအပြား ရှိတယ်... အကယ်၍ သူသာ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံမယ်ဆိုရင် ပိုကြီးမားတဲ့ ပါရမီတွေကိုတောင် ပြသနိုင်လိမ့်မယ်..."
လီရွှီကျုံး၏ သား လီဟွိုင်ကျိန်းက ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီး ဖြစ်သည်။ လီဟွိုင်ကျိန်းက လီရှို့ကျန်း၊ လီရှို့မင်တို့နှင့် အတားအဆီး မရှိ ကစားနေသည်ကို မြင်သောအခါ ချူကျင်းက တစ်စုံတစ်ရာကို စတင် သံသယ ဝင်လာခဲ့သည်။
လီချင်းချိုးက …
"ဒါဆို ဘာဖြစ်လဲ... သူက ချင်းရှောင်ဂိုဏ်းနဲ့ မသက်ဆိုင်ဘူးလေ..."
ချူကျင်းက တစ်ခဏမျှ တွေဝေသွားပြီးနောက် …
"ထူးဆန်းတာက လီမိသားစုက သူတို့ရဲ့ သားတွေကို ချင်းရှောင်ဂိုဏ်းထဲ ဝင်ဖို့ အများကြီး လွှတ်လိုက်ပေမဲ့ လီရွှီကျုံး ကိုတော့ မလွှတ်ဘူး... လီရွှီကျုံးက ကြီးမားတဲ့ စစ်ရေး အောင်မြင်မှုတွေ ရှိပေမဲ့ သူ့မှာ အစစ်အမှန် အာဏာ မရှိဘူး... သူ့လက်အောက်က စစ်သည် အင်အားကလည်း တစ်သောင်းထက် ဘယ်တုန်းကမှ မပိုခဲ့ဘူး... လီရွှီကျုံးကို လီမိသားစုက မယုံကြည်တာလည်း ဖြစ်နိုင်တယ်..."
"ဒါကို ဘယ်သူ သိမှာလဲ..."
လီချင်းချိုးက အေးတိအေးစက် ပြောလိုက်သော်လည်း ချူကျင်းကတော့ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်ပြီ။
ထို့နောက် ချူကျင်းက ဓမ္မတိုက်ပွဲ ညီလာခံ အကြောင်း မေးမြန်းလိုက်ပြီး နောက်ထပ် ဓမ္မတိုက်ပွဲ ညီလာခံအတွက် နှစ်နှစ်သာ လိုတော့ကြောင်းနှင့် ဂိုဏ်းတစ်ခုလုံးက ၎င်းအတွက် ပြင်ဆင်နေကြောင်း မှတ်ချက်ပြုလိုက်သည်။
"ဒုတိယအကြိမ် ဓမ္မတိုက်ပွဲ ညီလာခံကို ပိုပြီး ခမ်းနားကြီးကျယ်အောင် ကျင်းပနိုင်တယ်... ပြီးတော့ ထိပ်ဆုံး ၁၀၀ အတွက် ဆုလာဘ်တွေကို ယခင်အကြိမ်က ထိပ်ဆုံး ၁၀ ယောက်အတွက် ဆုလာဘ်တွေလို ကောင်းမွန်အောင် လုပ်ဆောင်သင့်တယ်..."
လီချင်းချိုးက အခြေခံ အချက်များကို သတ်မှတ်ပေးလိုက်ပြီး အသေးစိတ် အချက်အလက်များကိုမူ လက်အောက်ငယ်သားများထံ လွှဲအပ်ထားလိုက်၏။
ချူကျင်းက မှတ်သားထားလိုက်ပြီး နောက်ထပ် မေးခွန်း အနည်းငယ် မေးကာ နှုတ်ဆက် ထွက်ခွာသွားတော့သည်။
သူ ထွက်သွားပြီးနောက် ရှောင်ဝူချင်း ထပ်မံ ရောက်ရှိလာ၏။
သူ အတော်လေး စိတ်လှုပ်ရှားနေပုံ ရသည်။
"ဂိုဏ်းချုပ်ကြီး... မိစ္ဆာသားရဲတွေရဲ့ သွေးက မသန်စွမ်းဖြစ်နေတဲ့ တပည့်တွေကို အသွေးအသာား ပြန်တည်ဆောက်နိုင်အောင် ကူညီပေးနိုင်တယ်ဆိုတာကို ဟယ်ကျင်းရှု ရှာတွေ့သွားပြီတဲ့... အပြည့်အဝ အောင်မြင်သေးတာ မဟုတ်ပေမဲ့ အဲဒါက သေချာပေါက် မျှော်လင့်ချက် တစ်ခုပါပဲ..."
ဟယ်ကျင်းရှုမှာ သူ ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သော တပည့် တစ်ဦး ဖြစ်သည်။ သူက လီချင်းချိုးကို ထိုတပည့် အကြောင်း မကြာခဏ ပြောပြဖူးသည်။ဟယ်ကျင်းရှုက အသွေးအသားအကြောင်း လေ့လာရသည်ကို သဘောကျပြီး အစွမ်းအထက်ဆုံး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဖန်တီးရန် နည်းလမ်းများကို အသုံးပြု၍ ကြိုးစားနေသည်။
လီချင်းချိုးက မသန်စွမ်း တပည့်များမှ စတင်ရန် ရှောင်ဝူချင်းကို ညွှန်ကြားခဲ့သည်။အကယ်၍ သူတို့က မသန်စွမ်း တပည့်များကို ခြေလက်များ ပြန်လည် ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါက ထို့နောက်တွင် အစွမ်းအထက်ဆုံး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အကြောင်း ပြောဆိုနိုင်မည် ဖြစ်သည်။ ရှောင်ဝူချင်းက ဤအကြံဉာဏ်ကို ဟယ်ကျင်းရှုထံသို့ ပြန်လည် ပြောပြခဲ့ပြီးနောက် သူက ဤဦးတည်ချက်ကို စတင် လေ့လာခဲ့ခြင်း ဖြစ်၏။
ထိုစကားကို ကြားသောအခါ လီချင်းချိုး အံ့အားသင့်သွားပြီး မေးလိုက်သည်။
"အသွေးအသားတွေ ဆက်ပြီး ကြီးထွားလာနေတယ် ဆိုတာ သေချာလား..."
"ဟုတ်ပါတယ်... ကျွန်တော် သုံးရက်လောက် စောင့်ကြည့်ပြီးမှ လာသတင်းပို့တာပါ..."
ဤကိစ္စက ဂိုဏ်းအတွက် မည်မျှ အရေးကြီးကြောင်းကို သူ သိထားပြီး သေချာသည်မှာ သူ့ကို အစိတ်လှုပ်ရှားဆုံး ဖြစ်စေသည့် အရာမှာ လောင်းကြေးထပ်ထားမှု မှန်ကန်သွားခြင်း ပင် ဖြစ်သည်။
ဟယ်ကျင်းရှု သုတေသန လုပ်ငန်းများကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်စေရန် သူက အရင်းအမြစ် အများအပြားကို ရင်းနှီးမြှုပ်နှံခဲ့၏။
ဂိုဏ်းချုပ်ကြီးက အသိအမှတ် မပြုရသေးသော ပါရမီရှင်များကို ဘာကြောင့် ရှာဖွေချင်နေရသနည်း ဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ မိမိ၏ အကဲဖြတ်မှု မှန်ကန်ကြောင်း သက်သေပြနိုင်ခြင်း ခံစားချက်က လွန်စွာ ကျေနပ်စရာ ကောင်းလွန်းလှပေသည်။
"ကောင်းပြီ... သူ့ကို ဆက်ကြိုးစားဖို့ ပြောလိုက်..."
ချင်းရှောင်ဂိုဏ်းတွင် ယခုအခါ ပါရမီရှင် မျိုးစုံ ရှိနေပြီ ဖြစ်သော်လည်း ဟယ်ကျင်းရှု တစ်ယောက်တည်းကသာ အသွေးအသားကြောင်း လေ့လာသော တပည့် တစ်ဦး ဖြစ်ကြောင်း လီချင်းချိုးက ချီးကျူးစကား ဆိုလိုက်သည်။သို့သော်လည်း ဟယ်ကျင်းရှု၏ အကြံဉာဏ်များကို လူတိုင်း လက်ခံနိုင်မည် မဟုတ်သဖြင့် လီချင်းချိုးက သူ့ကို ပွင့်ပွင့်လင်းလင်း ရာထူးတိုးပေးခြင်း မပြုခဲ့ပေ။
ရှောင်ဝူချင်းက သဘောတူလိုက်ပြီးနောက် အစ်ကို ဖြစ်သော ရှောင်ဝူတိအကြောင်း စတင် ပြောဆိုလာပြန်သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း ရှောင်ညီနောင်သုံးဖော်က ကုကျိုးစီရင်စု နယ်မြေတွင် ရံဖန်ရံခါ လှုပ်ရှားလေ့ ရှိသည်။ အကြောင်းရင်း တစ်ခုမှာ ကုကျိုးစီရင်စု၏ ငြိမ်းချမ်းရေးကို သေချာစေရန် ဖြစ်ပြီး တပည့်များက ဓားပြများနှင့် လူဆိုးများကို ရံဖန်ရံခါ ရှင်းလင်းလေ့ ရှိ၏။ အခြား အကြောင်းရင်း တစ်ခုမှာ ဂိုဏ်း အနေဖြင့် ဖုံးကွယ်နေသော အခွင့်အရေးများ ရှိမရှိ ကြည့်ရှုရန် ကုကျိုးစီရင်စုကို အပြည့်အဝ နားလည်ထားရန် လိုအပ်သောကြောင့် ဖြစ်သည်။
ပြီးခဲ့သောလက ရှောင်ဝူတိက တောင်အောက်သို့ တစ်ယောက်တည်း ဆင်းသွားပြီး ရန်ငြိုး တစ်ခုကို ဖြေရှင်းနေစဉ် အထက်တန်းလွှာ မိသားစု တစ်ခုကို စော်ကားမိသွားသည်။ဤအထက်တန်းလွှာ မိသားစုတွင် ချင်းရှောင်ဂိုဏ်း၌ မသေမျိုးလမ်းစဉ် ကျင့်ကြံနေသော တပည့်များ ရှိပြီး အရေအတွက်ကလည်း အတော်လေး များပြားသည်။
ပဋိပက္ခက ကြီးထွားမလာခဲ့သော်လည်း ဂိုဏ်းချုပ်ကြီးနှင့် ကြိုတင် တိုင်ပင်ရန် လိုအပ်သည်ဟု ရှောင်ဝူချင်းက ခံစားခဲ့ရသည်။
ဒါဟာလည်း ရှောင်ဝူတိ၏ စွမ်းအားကြောင့် မဟုတ်ဘဲ ရှောင်ဝူတိ၏ နောက်ကွယ်ရှိ ဂိုဏ်းချုပ်ကြီးကို သတိထားနေရသောကြောင့် သူတို့က ကိစ္စကို ဆက်လက် မလုပ်ဆောင်ရဲခြင်း ဖြစ်ကြောင်း သူ သိထားသည်။
"ဂိုဏ်းမှာ သူ့စည်းကမ်းနဲ့ သူ ရှိတယ်... စည်းကမ်း ဖောက်ဖျက်တဲ့ ဘယ်သူ့ကိုမဆို စည်းကမ်းအတိုင်း အရေးယူရလိမ့်မယ်... မင်းရဲ့ သတိပေးချက်က ကောင်းပါတယ်... ရန်ငြိုးတွေ မဖွဲ့မိခင် ဒီကိစ္စကို ဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ... ခန်းမသခင်ချိုင် ကို ဒီကိစ္စ ဖြေရှင်းခိုင်းလိုက်မယ်..."ဟု လီချင်းချိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုကဲ့သို့သော ဖြစ်ရပ်များက ရှားပါးလှသည် မဟုတ်ပေ။ လူတွေ ရှိနေသရွေ့ သစ္စာဖောက်များလည်း ရှိနေမည် ဖြစ်သည်။ချင်းရှောင်ဂိုဏ်း အပေါ် မှီခိုနေသော အထက်တန်းလွှာ မိသားစု များစွာ ရှိနေသည်။ တပည့်များ၏ မိသားစုများ ကြီးပွားတိုးတက်လာခြင်းက မိသားစု အားလုံးက ကြင်နာတတ်ပြီး သူတို့၏ မူလ ရည်ရွယ်ချက်များကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိကြောင်း သက်သေပြနေသည်။
သေချာသည်မှာ ရှောင်ဝူတိ၏သည်းခံနိုင်စွမ်းက သိပ်မမြင့်မားလောက်ပေ။ သူက သူရဲကောင်းဆန်ပြီး မည်သည့် အမှားကိုမျှ သည်းမခံနိုင်သော်လည်း လွန်စွာ ခေါင်းမာပြီး လူများကို အလွယ်တကူ စော်ကားတတ်သည်။
သူ ကယ်တင်ခဲ့သော ဆင်းရဲသားများက သူ့ကို ကျေးဇူးတင်ကြမည် ဖြစ်သော်လည်း အကူအညီ မလိုသော ဂိုဏ်းတူ ညီအစ်ကိုများနှင့် သိုင်းလောကသား များကမူ သူ့ရဲ့ စကားများက ရိုင်းစိုင်းလွန်းသည်ဟု ထင်မြင်ကြလိမ့်မည်။
ဤအကြောင်းကြောင့် ရှောင်ဝူချင်းက အစ်ကို ဖြစ်သူ၏နောက်ကနေ အမြဲတမ်း ရှင်းလင်းပေးရလေ့ ရှိသော်လည်း ဤတစ်ကြိမ်တွင်မူ ကွာခြားသွား၏။ ရှောင်ဝူတိက ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင် တပည့်၏ မိသားစုကို စော်ကားမိသွားခြင်း ဖြစ်သည်။
ကူးချန်ဖိန်၏ ကျင့်ကြံရေး ပါရမီက အထူး ကောင်းမွန်သည် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ အရင်းအမြစ်များ ကျေးဇူးကြောင့် လွန်ခဲ့သော နှစ်လကမှ မူလအားဖြည့်နယ်ပယ်၏ သတ္တမအလွှာ သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီး လွန်စွာ နာမည်ကြီးနေခဲ့သည်။
အခြားသော ပါရမီရှင် တပည့်များနှင့် မတူဘဲ ကူးချန်ဖိန်က လောကီကမ္ဘာ တွင်လည်း နာမည်ကြီး၏။ အဘယ်ကြောင့်ဆိုသော် သူက ချင်းရှောင်ဂိုဏ်း ကိုယ်စား ယွီစီရင်စု တွင် ခေါင်းဖြတ် အပြစ်ပေးခြင်းကို တစ်ခါက လုပ်ဆောင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ကူးချန်ဖိန်က ရွှယ်ကျင်း ကဲ့သို့ပင် အထူးတလည် ပါရမီ မပါလာနိုင်သော်လည်း စွမ်းရည်များနှင့် အောင်မြင်မှုများကို ငြင်းဆို၍ မရနိုင်ချေ။ ရှောင်ညီနောင်သုံးဖော် ပင်လျှင် သူ့ကို အတော်လေး သတိထားရ၏။
ဖြစ်ရပ်က ကူးချန်ဖိန်၏ ဝမ်းကွဲညီ တစ်ဦးက ငယ်သူငယ်ချင်းကို လက်ထပ်ရန် သွားရောက်ခဲ့သော်လည်း သတို့သမီးဘက်က နောက်ဆုတ်သွားခြင်းမှ စတင်ခဲ့သည်။ ထိုအိမ်ထောင်ရေးကို အမျိုးသမီး၏ ဖခင်က သူမ နားလည်နိုင်လောက်သည့် အရွယ် မရောက်မီကတည်းက စီစဉ်ပေးခဲ့ခြင်း ဖြစ်၏။ ယခုအခါ သူမတွင် ချစ်ရသူ ရှိနေပြီ ဖြစ်သဖြင့် လက်ထပ်ရန်ငြင်းဆိုခဲ့သော်လည်း ကူးချန်ဖိန်၏ ဝမ်းကွဲညီက သူမကို အတင်းအကျပ် လက်ထပ်ရန် ကြိုးပမ်းခဲ့သည်။ ထိုအချိန်တွင် လမ်းကြုံ၍ ဖြတ်သွားသော ရှောင်ဝူတိက ဤမြင်ကွင်းကို မြင်တွေ့သွားပြီး လက်ထပ်ပွဲကို အတင်းအကျပ် တားဆီးခဲ့ခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် မည်သူမျှ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း မရှိခဲ့ချေ။ လီချင်းချိုးက ကူးချန်ဖိန် အပေါ် ကောင်းမွန်သော အထင်အမြင် ရှိပြီး သူကလည်း ဤကိစ္စကို တက်ကြွစွာ ဖြေရှင်းလိမ့်မည်ဟု ခံစားရသည်။
"ကျေးဇူးတင်ပါတယ်... ဂိုဏ်းချုပ်ကြီး..."
လီချင်းချိုးက ချိုင်ယွင်ရှန်းနှင့် စကားပြောရန် စီစဉ်နေကြောင်း ကြားသောအခါ ရှောင်ဝူချင်းက ချက်ချင်း ကျေးဇူးတင်စကား ဆိုပြီး ဦးညွှတ် နှုတ်ဆက်လိုက်သည်။
လီချင်းချိုးက လက်ဝှေ့ယမ်း၍ ထွက်သွားနိုင်ကြောင်း အချက်ပြလိုက်သည်။
သူ ထွက်သွားပြီးနောက် လီချင်းချိုးက ရုတ်တရက် စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရ၏။
"ချင်းရှောင်ဂိုဏ်းက နောက်ဆုံးတော့ အင်အား ကြီးမားလာပြီပဲ... ကူးချန်ဖိန် တောင် ဒီလို စွမ်းအားမျိုးကို ပိုင်ဆိုင်နေပြီ..."
သူက ဤသည်ကို ကောင်းသော အရာရော၊ ဆိုးသော အရာပါ ဖြစ်သည်ဟု ခံစားရသော်လည်း ခေါင်းကိုက်စရာဟု မထင်မှတ်ဘဲ တစ်ခုချင်းစီ ဖြေရှင်းသွားမည် ဖြစ်သည်။
သူသည်သာ ချင်းရှောင်ဂိုဏ်းတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
ဤသည်မှာ ယခုအခါ လီချင်းချိုး၏ ဘဝပင် ဖြစ်သည်။ သူသည် အချိန်အများစုကို ကျင့်ကြံခြင်းတွင် အသုံးပြုပြီး ရံဖန်ရံခါတွင် တပည့်များကို သင်ကြားပေးကာ ကျန်အချိန်များတွင် ဂိုဏ်း၏ ကိစ္စရပ်များကို ဆုံးဖြတ်ခြင်းနှင့် အစွမ်းထက်သော တပည့်များ ကြားရှိ ပဋိပက္ခများကို ဖြေရှင်းပေးခြင်းတို့ ပြုလုပ်ရသည်။
ကံကောင်းထောက်မစွာဖြင့် လီချင်းချိုးက ယခုအချိန်အထိ မည်သည့် အမှားအယွင်းမျှ မလုပ်ခဲ့ဖူးသလို သူ စကားပြောသောအခါတွင်လည်း မည်သူကမျှ ပြန်လည် မချေပရဲကြပေ။
သို့သော်လည်း သူ့ဘက်က တတ်နိုင်သမျှ တရားမျှတအောင် ကြိုးစားနေလျှင်ပင် အချို့သူများ အတွက်မူ တရားမျှတမှု မရှိနိုင်ကြောင်းကိုလည်း သူ သိရှိထားသည်။
...
ဆောင်းဦး ကုန်ဆုံး၍ ဆောင်းရာသီ ရောက်လာပြီး နှင်းများ ကျဆင်းလာသည်။
လောကကြီးတွင် အပူချိန် ပို၍ပို၍ ကျဆင်းလာသော်လည်း ချင်းရှောင်ဂိုဏ်းမှ တပည့်များကမူ ပို၍ပို၍ စိတ်လှုပ်ရှားလာကြ၏။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် ဓမ္မတိုက်ပွဲ ညီလာခံ အကြောင်း သတင်းများ စတင် ပျံ့နှံ့လာပြီး တပည့် အများအပြားက တိုက်ပွဲဝင်ရန် အသင့် ပြင်ဆင်နေကြသောကြောင့်ပင်။
ထိုနေ့ မွန်းတည့်ချိန်တွင် လီစစ်ဖုန်း လိုဏ်ဂူ ထဲမှ ထွက်လာပြီး လွင့်ဝဲနေသော နှင်းပွင့်များကို ကြည့်ကာ အကြောဆန့်လိုက်သည်။
"ဂိုဏ်းထဲမှာပဲ ကျင့်ကြံရတာ... တောင်အောက် ဆင်းတာထက် အများကြီး ပိုမြန်တာပဲ..."
ခန်းမသခင် တစ်ဦးအနေဖြင့် သူ့တွင် ကိုယ်ပိုင် လိုဏ်ဂူ ရှိနေသဖြင့် လီစစ်ဖုန်း ပျော်ရွှင်စွာ တွေးလိုက်မိ၏။ သူသည် ယခုအခါ လိုဏ်ဂူ၏ ကျေးဇူးကြောင့် ကျင့်ကြံခြင်း၏ ခံစားချက်ကို ပြန်လည် ခံစားနေရပြီ ဖြစ်သည်။
သူက ခေါင်းလှည့်၍ ပေအတော်များများ ကွာဝေးသော အခြား လိုဏ်ဂူ တစ်ခုကို လှမ်းကြည့်လိုက်သည်။
ထိုလိုဏ်ဂူ၏ ပိုင်ရှင်မှာ ရွှယ်ကျင်း ဖြစ်သည်။
ရွှယ်ကျင်းကို တွေးမိသောအခါ လီစစ်ဖုန်း အတော်လေး စိတ်လှုပ်ရှားသွားရသည်။ ရွှယ်ကျင်း တစ်ယောက် ဤမျှ အောင်မြင်လာလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးမိခဲ့ချေ။ ဤလ အစောပိုင်းတွင် ရွှယ်ကျင်က မူလအားဖြည့်နယ်ပယ်၏ သတ္တမအလွှာသို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့ပြီး တောင်နံရံကို ဖြတ်၍ပင် ရွှယ်ကျင်း၏ လိုဏ်ဂူ ထဲမှ ဝိညာဉ်ချီ မူမမှန်မှုများကို သူ ခံစားသိရှိနိုင်ခဲ့သည်။
အတွေ့အကြုံရှာဖွေရေးခန်းမသို့ ပြန်ရောက်သောအခါ လီစစ်ဖုန်းမှာ လွန်ခဲ့သော နှစ်များကလောက် မောက်မာခြင်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ အတွေ့အကြုံရှာဖွေရေးခန်းမတွင် ခန်းမသခင် နေရာကို ရွှယ်ကျင်းထံ လွှဲပြောင်းပေးသင့်သည် ဟူသော အသံများ အများအပြား ထွက်ပေါ်နေသောကြောင့် ဖြစ်သည်။
အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်များက သူ့အပေါ် မကျေနပ်မှုများရှိနေသည်ကို ရှင်းလင်းစွာ အာရုံခံမိနိုင်ပြီး ၎င်းက ကျိန့်ယွင်ချောင်နှင့် အခြားသော တပည့်များ သေဆုံးမှုနှင့်လည်း ဆက်စပ်နေပေသည်။ တစ္ဆေဘုရင် ကျိမင် ဖြစ်ရပ်ကို ဖုံးကွယ်ထားခဲ့သော်လည်း ဤတပည့်များ၏ သေဆုံးမှုကိုမူ ဖုံးကွယ်ထား၍ မရနိုင်ချေ။ လီစစ်ဖုန်းနှင့်အတူ မြောက်ဘက်သို့ လိုက်ပါသွားစဉ် သူတို့ အသက်စွန့်ခဲ့ရကြောင်းကို လူတိုင်း သိရှိထားကြသည်။
ဤသည်မှာ ချင်းရှောင်ဂိုဏ်း၏ သမိုင်းတစ်လျှောက် ဤမျှ ကြီးမားသော ထိခိုက်သေဆုံးမှုများ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လီစစ်ဖုန်းမှာ အပြစ်ရှိသလို ခံစားရသဖြင့် တပည့်များ၏ သဘောထားများကို သိပ်ပြီး ဂရုမစိုက်ချင်တော့ချေ။
သူက ယခုအခါ အချိန်အားလုံးကို ဇနီးနှင့် သားသမီးများ အပြင် လိုဏ်ဂူ တွင်သာ ကျင့်ကြံနေပြီး အတွေ့အကြုံရှာဖွေရေးခန်းမ ကိစ္စများကို ဝင်ရောက် စွက်ဖက်ခြင်း မရှိတော့ပေ။
ထိုအခိုက်၌…
ရွှယ်ကျင်း၏ လိုဏ်ဂူ တံခါး ပွင့်လာပြီး ရွှယ်ကျင်း ထွက်လာ၏။ သူ အပြင်သို့ ထွက်လာသည်နှင့် လီစစ်ဖုန်း၏ အကြည့်များကို ခံစားလိုက်ရသည်။
လီစစ်ဖုန်းက ချက်ချင်း မျက်နှာလွှဲ၍ ရှေ့ကို ကြည့်လိုက်၏။
ရွှယ်ကျင်းက လီစစ်ဖုန်းကို ကြည့်လိုက်ရာ ခံစားချက်များက အတော်လေး ရှုပ်ထွေးနေသည်။
ကျိန့်ယွင်ချောင်က သူ့ရဲ့ အရင်းနှီးဆုံး လူယုံ တစ်ဦး ဖြစ်၏။ ကျိန့်ယွင်ချောင် သေဆုံးမှုက လီစစ်ဖုန်း အပေါ် နာကြည်းချက် ဖြစ်ပေါ်စေခဲ့သည်။ ဤကိစ္စအတွက် လီစစ်ဖုန်းကို အပြစ်တင်၍ မရကြောင်း သူ သိထားသော်လည်း လီစစ်ဖုန်းကို ယခင်ကကဲ့သို့ ဆက်ဆံရန် ခက်ခဲနေဆဲပင်။
လီစစ်ဖုန်း၏ လက်ရှိ အခြေအနေက သူ့အတွက်ရော၊ လီစစ်ဖုန်း အတွက်ရော၊ အတွေ့အကြုံရှာဖွေရေးခန်းမ အတွက်ပါ မကောင်းကြောင်း သူ ခံစားမိ၏။
သူ တစ်ခဏမျှ တွေဝေသွားပြီးနောက် လီစစ်ဖုန်းထံသို့ လျှောက်သွားလိုက်သည်။
ရွှယ်ကျင်း အနီးသို့ ရောက်လာသည်ကို လီစစ်ဖုန်းက မျက်လုံးထောင့်မှ မြင်လိုက်ရသော်လည်း မထိတ်လန့်ခဲ့ပေ။ တကယ်တမ်းတွင် သူကလည်း ရွှယ်ကျင်းကို တောင်းပန် စကားပြောရန် အခွင့်အရေး တစ်ခု စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
"ဆရာ... တောင်ပိုင်းချူပြည်နယ်မှာ ပြဿနာ ရှာနေတဲ့ မိစ္ဆာဝိညာဉ် တစ်ကောင် ရှိနေတယ်... အဲဒီကို ကျွန်တော် ကိုယ်တိုင် သွားတော့မလို့... ဖရိုဖရဲ မဖြစ်အောင် ခန်းမထဲက ကြီးငယ် ကိစ္စ အားလုံးကို ဆရာ ကြီးကြပ်ပေးပါဦး..."ဟု ရွှယ်ကျင်းက လီစစ်ဖုန်းကို ကြည့်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
သူသည် ကျိန့်ယွင်ချောင် သေဆုံးပြီးကတည်းက မိစ္ဆာဝိညာဉ်များနှင့် သက်ဆိုင်သော တာဝန်များကို လွန်စွာ အာရုံခံစားလွယ်လာပြီး ၎င်းတို့ကို အမြဲတမ်း ကိုယ်တိုင် တာဝန်ယူ ဖြေရှင်းလေ့ ရှိသည်။
လီစစ်ဖုန်းက သူ့ကို ကြည့်၍….
"တောင်းပန်ပါတယ်... ငါ သူ့ကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူး..."
ရွှယ်ကျင်းက တည်ငြိမ်စွာပင်….
"ဆရာ ဘာလို့ တောင်းပန်နေတာလဲ... အဲဒါက သူ့မှာ စွမ်းရည် မရှိလို့ပဲလေ... တခြား ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး... ကျွန်တော်တို့ လုပ်ဖို့ လိုတာက ဒါကို သင်ခန်းစာ ယူပြီး တခြား တပည့်တွေ ဒီလို ဘေးဒုက္ခမျိုးနဲ့ ထပ်မကြုံရအောင် တားဆီးဖို့ပဲ..."
ထို့နောက် သူက စကားလမ်းကြောင်း လွှဲ၍ ….
"အကယ်၍ ဆရာက ခန်းမသခင် တစ်ယောက်အနေနဲ့ ဆရာ့ရဲ့ တာဝန်တွေကို ဆက်ပြီး မထမ်းဆောင်နိုင်တော့ဘူး ဆိုရင် ဆရာ့နေရာကို ကျွန်တော် ယူပါ့မယ်..."