← Chapters

ရှန်ယွဲ့၏ အံ့အားသင့်မှု

Vol. 25 Ch. 245

ရှန်ယွဲ့၏ အံ့အားသင့်မှု

Vol. 25 Ch. 245

ရှန်ယွဲ့က လီချင်းချိုး၏ စကားများကို သံသယ ဝင်နေ၏။ မည်သို့ပင်ဆိုစေကာမူ ရှောင်ညီနောင်သုံးဖော်နှင့် ယွင်ချိုင် တို့မှာလည်း လွန်စွာ ပါရမီ ပါကြသော်လည်း လီချင်းချိုးက သူတို့ကို တပည့်အဖြစ် လက်မခံခဲ့ချေ။

"ဒါဆိုရင် မင်း လိုက်ကြည့်ဖို့ ငါ အဖော်လုပ်ပေးပါ့မယ်... အကယ်၍ ငါ့အမြင်ကို ဖမ်းစားနိုင်တဲ့ တပည့် တစ်ယောက်ယောက်ရှိရင် ချွင်းချက်အနေနဲ့ သူ့ကို ဓားဂိုဏ်းထဲ ငါ ခေါ်သွင်းမယ်..."

ဂိုဏ်းတွင် ကိုယ်ပိုင် စည်းမျဉ်းများ ရှိသော်လည်း အကြီးအကဲများ အနေဖြင့် တပည့်များကို ချွင်းချက် အနေဖြင့် ရာထူးတိုးပေးရန် ခွင့်ပြုထား၏။ သို့သော်လည်း ၎င်းကို မကြာခဏ ပြုလုပ်၍ မရနိုင်ချေ။ ချူကျင်း၏ ဟူရှန်းအစောင့်အရှောက်က ဤကိစ္စကို ကြီးကြပ်ရန် အထူး တာဝန်ယူထားသည်။

"ဓားဂိုဏ်း အကြောင်း ပြောရရင် အထီးကျန်ဓားကလွဲလို့ ဂိုဏ်းက အာရုံစိုက်ပြီး ပြုစုပျိုးထောင်ပေးသင့်တဲ့ တခြား တပည့်တွေ ရှိသေးလား..."

[TN/ မူရင်းမှာ ကျန်းတုကို အထီးကျန်ဓားအဖြစ် ပြောင်းလဲသုံးနှုန်းထားပါသည်]

လီချင်းချိုးက တောင်ပေါ်သို့ တက်လာရင်း ပေါ့ပေါ့ပါးပါး မေးလိုက်၏။

"သေချာတာပေါ့ ရှိတာပေါ့... အလားအလာရှိတဲ့ ပါရမီရှင်တွေ အများကြီး ရှိပါတယ်... ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ အထီးကျန်ဓား ကို မယှဉ်နိုင်ကြဘူး... ဒီကောင်လေးက မင်းတပည့်တွေရဲ့ ပါရမီကို ယှဉ်နိုင်တဲ့သူပဲ... သူ့ရဲ့ ဓားဆန္ဒက တကယ်ကို အံ့မခန်းပဲ... အနာဂတ်မှာ ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး တပည့် နေရာကို လုယူဖို့ သူ့မှာ အခွင့်အရေး ရှိနိုင်တယ်..."

ရှန်ယွဲ့က အထီးကျန်ဓားကို အလွန် ချီးကျူး ပြောဆိုလိုက်၏။

အထီးကျန်ဓားက အနာဂတ်တွင် ချင်းရှောင်ဂိုဏ်း၏ အထက်မြက်ဆုံး ဓားတစ်လက် ဖြစ်လာမည်မှာ သေချာသည်ဟု သူ ယုံကြည်ထားသည်။

"သူက တတိယဂိုဏ်းတူညီလေးရဲ့ တပည့် ဖြစ်နေပြီလေ... အနာဂတ်မှာ သူတို့ နှစ်ယောက်က ခင်ဗျားကို ပြဿနာ လာရှာမှာကို မကြောက်ဘူးလား..."

"ဘာကြောက်စရာရှိလို့လဲ... အဆိုးဆုံး အခြေအနေဆို အရှုံးပေးလိုက်ရုံပေါ့..."

"အိုး... ခင်ဗျားက တကယ်ပဲ အရှုံးပေးနိုင်လို့လား..."

"အနာဂတ်ဆိုတာ မျိုးဆက်သစ်တွေ ပိုင်တဲ့ အရာပဲလေ..."

လီချင်းချိုးကတော့ သူ့ကို မယုံကြည်ချေ။ ဤလူ ဟန်ဆောင်နေခြင်းသာ ဖြစ်၏။ သူ့ရဲ့ ပြိုင်ဆိုင်လိုစိတ်က အခြား မည်သူ့ထက်မျှ မလျှော့နည်းသလို သူ့တွင် 'လောကကြီးတွင် နံပါတ်တစ်' ဆိုသော ကံကြမ္မာပင် ရှိနေပြီး တစ်သက်တာလုံး လောကကြီးတွင် နံပါတ်တစ် ဖြစ်လာရေးကိုသာ လိုက်လံ ရှာဖွေရန် ကံကြမ္မာ ပါလာသူ ဖြစ်သည်။

လူတွေကြားက ယုံကြည်မှုက ပို၍ပို၍ နိမ့်ကျလာနေသည်။အကြီးအကဲ တစ်ယောက် အနေဖြင့် ဂိုဏ်းချုပ် အပေါ် ရိုးသားမှု မရှိချေ။ လောကကြီး ပျက်စီး ယိုယွင်းနေပြီတကား…..

လီချင်းချိုးက စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း သူတို့ နှစ်ဦးစလုံးက အပြင်ပန်းတွင် စကားပြောကာ ရယ်မောနေကြပြီး သူတို့ကြားတွင် လွန်စွာ ကောင်းမွန်သော ဆက်ဆံရေး ရှိနေသကဲ့သို့ပင်။

ဇီယန်တောင်ထွတ်ကလည်း ထပ်တူထပ်မျှ စည်ကား သက်ဝင်နေ၏။ချင်းရှောင်ဂိုဏ်း၏ ဒုတိယ တောင်ထွတ်အနေဖြင့် ဇီယန်၏ နာမည်က အဝေးသို့တိုင် ပျံ့နှံ့နေပြီ ဖြစ်သည်။

ရွှီနင်း၏ လိုဏ်ဂူက ဇီယန်တောင်ထွတ် တွင် တည်ရှိပြီး သူမက ဂိုဏ်းချုပ် ပြီးလျှင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သဖြင့် ဇီယန်တောင်ထွတ်ရှိ တပည့်များ အားလုံးကို ဂုဏ်ယူဝင့်ကြွားစေခဲ့သည်။

ဇီယန်တောင်ထွတ်ကိုလည်း တောက်ပစွာ အလှဆင်ထားပြီး တပည့် အများအပြားက တောင်၏ တစ်ဖက်တစ်ချက် သို့မဟုတ် တောအုပ်များနှင့် ချောက်ကမ်းပါးများတွင် ကုန်စည် ဖလှယ်ရန် ဆိုင်ခန်းများ ဖွင့်လှစ်ထားကြသည်။ ထို့အပြင် နေရာလွတ်များတွင် သိုင်းပညာစင်မြင့် များစွာကို တည်ဆောက်ထားရာ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေ၏။

လီချင်းချိုးက ဟူယန်ကို ရှာဖွေရန် လူစည်ကားသော နေရာများတွင် လှည့်လည် သွားလာနေမည် ဖြစ်သည်။

သူက ဟူယန်၏ မျက်နှာကို မှတ်မိနေသော်လည်း ဇီယန်တောင်ထွတ် တွင် လူများလွန်းသဖြင့် သူ့ကို ရှာတွေ့ရန် အချိန်ယူရပေမည်။

အခြားတစ်ဖက်တွင်…..

တောင်ခါးပန်းရှိ သိုင်းပညာစင်မြင့် တစ်ဝိုက်တွင် ဟူယန်နှင့် တွမ့်ရှောင်ကျွမ်းတို့က လူအုပ်ထဲမှနေ၍ ယှဉ်ပြိုင်မှုကို ကြည့်ရှုနေကြ၏။ စင်မြင့်ပေါ်တွင် မူလအားဖြည့်နယ်ပယ် ၏ တတိယအလွှာရှိ တပည့်နှစ်ဦး ရှိနေသည်။ သူတို့က အခြေခံ မှော်ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်ပြီး လွန်စွာ ကောင်းမွန်စွာ တိုက်ခိုက်နေကြသဖြင့် စင်အောက်ရှိ တပည့်များကို အံ့အားသင့်စွာဖြင့် အော်ဟစ်သွားစေခဲ့သည်။

ဟူယန်နှင့်သူ့အဖော်ကလည်း အလွန် စိတ်လှုပ်ရှားနေကြသည်။

"ဝါး... အရမ်း အံ့သြစရာ ကောင်းတာပဲ... ဒီစွမ်းရည် အဆင့်က တပည့်ရင်းတောင် မဟုတ်သေးဘူးဆိုတော့... တပည့်ရင်းတွေက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ..." ဟု တွမ့်ရှောင်ကျွမ်းက အော်ဟစ်လိုက်၏။

ဟူယန်က သူ့ကို ကယ်တင်ခဲ့သော တပည့်ကို တွေးမိပြီး ထိုသူကများ တပည့်ရင်း ဖြစ်နေမလားဟု တွေးနေမိသည်။

စင်မြင့်ပေါ်ရှိ တပည့်နှစ်ဦးက မည်သူက သာလွန်ကြောင်း ဆုံးဖြတ်ပြီးနောက် သူတို့ နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် ဦးညွှတ်လိုက်ကြပြီး ကောင်းမွန်သော အမူအကျင့်များကို ပြသလိုက်ကြသည်။

သူတို့ နှစ်ဦး စင်မြင့်ပေါ်မှ ဆင်းသွားပြီးနောက် နောက်ထပ် တပည့် တစ်စု စင်ပေါ်သို့ တက်လာရာ ပရိသတ်များထံမှ အံ့အားသင့်သံများ ထွက်ပေါ်လာတော့သည်။

"ဝိညာဉ်ပစ္စည်းခန်းမက ယဲ့နန်ပဲ....."

စင်မြင့်ပေါ်တွင် ရပ်နေသော တပည့်မှာ သဘာဝမဟာသူရဲကောင်းကံကြမ္မာ နှင့်ဉာဏ်အလင်းပွင့်ခြင်းကံကြမ္မာများကို ပိုင်ဆိုင်ထားသော ယဲ့နန်ပင် ဖြစ်သည်။ သူ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ သူ့ဆရာက ချီလင်ကို ရှာဖွေရန် တောင်ပေါ်သို့ တက်လာခဲ့ခြင်းကြောင့် ဖြစ်ပြီး ၎င်းက သူ့ကို ဂိုဏ်းချုပ်ကြီး၏ အမြင်ထဲသို့ ရောက်ရှိလာစေခဲ့သည်။

ယခုအခါ ယဲ့နန်က ပိုမို ကောင်းမွန်သော ကျင့်ကြံရေး ပါရမီ အပေါ် မှီခို၍ ဂိုဏ်းအတွင်း နာမည်ရနေပြီ ဖြစ်သည်။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ထူးချွန်ပြောင်မြောက်မှု မရှိနိုင်သော်လည်း ဖြောင့်မတ်ပြီး သူ၏ ဂိုဏ်းတူ ညီအစ်ကိုများကို မကြာခဏ ကူညီပေးလေ့ ရှိသဖြင့် သူ့ကို လွန်စွာ လူကြိုက်များစေခဲ့သည်။

ဟူယန်နှင့် သူ့အဖော်က ယဲ့နန် အကြောင်းကို ယခင်က တစ်ခါမျှ မကြားဖူးခဲ့သော်လည်း သူတို့ ပတ်ဝန်းကျင်ရှိ လူများ၏ တုံ့ပြန်မှုများအရ ယဲ့နန်က သာမန်လူ မဟုတ်ကြောင်း သိနိုင်ပေသည်။

မကြာမီမှာပင် သူတို့ နှစ်ဦးက ယဲ့နန်၏ အတိတ် အကြောင်းကို ပတ်ဝန်းကျင်ရှိ တပည့်များထံမှ သိရှိသွားကြသည်။

ယဲ့နန်က အမှန်တကယ်ပင် ဂိုဏ်းချုပ်နှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုအဖြစ်က တကယ့်ကို ထူးခြားပြောင်မြောက်လှ၏။

ဟူယန်နှင့် သူ့အဖော်အတွက် ဂိုဏ်းချုပ်ဆိုမထားနှင့် ခန်းမကြီး ၈ ခု ၏ ခန်းမသခင်များပင်လျှင် သူတို့ လက်လှမ်းမမီနိုင်သော အဆင့်မြင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ယဲ့နန်၏ ပြိုင်ဘက်ကလည်း မူလအားဖြည့်နယ်ပယ်၏ စတုတ္ထအလွှာ ကျင့်ကြံခြင်း အဆင့်ရှိ တပည့် တစ်ဦး ဖြစ်ပြီး ယဲ့နန်ကို မယှဉ်နိုင်သည်မှာ ထင်ရှားနေသည်။

တစ်ခဏမျှ ကြည့်ရှုပြီးနောက် ဟူယန် က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ….

"သွားကြစို့... ဒီလို တိုက်ပွဲမျိုးကို အနာဂတ်မှာ မကြာခဏ မြင်တွေ့ရလိမ့်မယ်... ငါတို့တွေ ကျင့်ကြံခြင်း လမ်းစဉ်ပေါ် အမြန်ဆုံး ခြေချနိုင်ဖို့ ဂိုဏ်းအကြောင်း အမြန်ဆုံး လေ့လာဖို့ လိုတယ်..."

တွမ့်ရှောင်ကျွမ်းက မျက်နှာလွှဲ၍ ခေါင်းညိတ်လိုက်သည်။

ဤတိုက်ပွဲများက သူတို့၏ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးခဲ့ပြီး မသေမျိုးလမ်းစဉ်ကို ချက်ချင်း စတင် ကျင့်ကြံချင်စိတ်များ ပြည့်နှက်နေစေသည်။

သို့သော်လည်း တပည့်သစ်များ အနေဖြင့် သူတို့ သဘောကျသလို မသေမျိုးလမ်းစဉ်ကို ကျင့်ကြံ၍ မရနိုင်ချေ။ သူတို့က အလုပ်တွေကို အရင် လုပ်ရမည် ဖြစ်သည်။ ဤအချက်ကို သူတို့ နားလည်ထားကြပြီး ဂိုဏ်းက သူတို့ကို သက်တောင့်သက်သာ ရှိသော ဘဝတစ်ခု အာမခံပေးနိုင်ခြင်းကပင်လျှင် သာယာသော အံ့အားသင့်မှု တစ်ခု ဖြစ်နေပြီ ဖြစ်၏။

ချင်းရှောင်ဂိုဏ်းတွင် နှစ်ရက်သာ နေထိုင်ရသေးသော်လည်း သူတို့က ချင်းရှောင်ဂိုဏ်းအပေါ် ကျေးဇူးတင်မှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်ကာ ၎င်းက သူတို့ မျှော်လင့်ထားသည်ထက် များစွာ ပို၍ ကောင်းမွန်နေပေသည်။

သူတို့ နှစ်ဦး လမ်းတစ်လျှောက် တောင်အောက်သို့ ဆက်လက် လျှောက်သွားကြသည်။

သူတို့ လျှောက်သွားနေစဉ် သရဖူ ဆောင်းထားပြီး နတ်သမီး တစ်ပါးကဲ့သို့ လှပသော မျက်နှာရှိသည့် အမျိုးသမီး တပည့် တစ်ဦးက ကြယ်များ ဝိုင်းရံခံထားရသကဲ့သို့ ဦးဆောင်လာသော တပည့် တစ်ဒါဇင်ခန့်နှင့် ရုတ်တရက် ကြုံတွေ့လိုက်ရသည်။

ဟူယန်နှင့်တွမ့်ရှောင်ကျွမ်းတို့က ထိုအမျိုးသမီးကို မှတ်မိကြသည်။ သူမက ယမန်နေ့က သူတို့နှင့်အတူ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး သူမ၏ ပတ်ဝန်းကျင်တွင် တပည့် အများအပြား ဝိုင်းရံနေသည်ကို တွေ့ရသဖြင့် သူတို့ အံ့အားသင့်သွားကြသည်။

သို့သော်လည်း ယမန်နေ့က သူမနှင့် တွေ့ဆုံခဲ့စဉ်က ဤအမျိုးသမီးက ရိုးရှင်းသူ မဟုတ်ကြောင်းနှင့် အခြား တပည့်သစ်များနှင့် လုံးဝ ကွာခြားကြောင်း သူတို့ ခံစားခဲ့ရသည်။

ဟူယန်က သူမ၏ နာမည်ကို မှတ်မိနေ၏။

ကျူးချင်းလင်း….

သူတို့ နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် မသိဟန်ဆောင်ရန် ကြိုးစားလိုက်ကြပြီး လမ်းလွှဲသွားရန် ပြင်ဆင်လိုက်ကြသည်။

"နင်က ဟူယန် မလား..."

ကျူးချင်းလင်းက ရုတ်တရက် ရပ်တန့်၍ ဟူယန် ကို ကြည့်ကာ မေးလိုက်တော့ ဟူယန်၏စိတ်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ရရှိလိုက်သည်။ ကျူးချင်းလင်း ပတ်ဝန်းကျင်ရှိ တပည့်များထံမှ မကောင်းကြံမှုများကို သူ ချက်ချင်း အာရုံခံမိလိုက်သည်။

ဤအလိုအလျောက် သိစိတ်ကို ငယ်စဉ်ကတည်းက ပိုင်ဆိုင်ထားခဲ့ပြီး အခြားသူများက သူ့အပေါ် မကောင်းသော ရည်ရွယ်ချက် ရှိမရှိ ဆိုသည်ကို သူ ခန့်မှန်းနိုင်ပေသည်။

"ဂိုဏ်းတူအစ်မ ကျူး ကို ဒီနေရာကို ဘယ်အရာကများ ခေါ်ဆောင်လာတာလဲ လို့ မေးပါရစေ..."

ကျူးချင်းလင်းက သူ့ထက် တစ်နှစ် ကြီးပြီး သူမကို ဂိုဏ်းတူအစ်မဟု ခေါ်ဆိုခြင်းက သင့်လျော်သော ယဉ်ကျေးမှုပင် ဖြစ်သည်။

ကျူးချင်းလင်းက သူ့ကို အကဲခတ် ကြည့်ရှု၍ ….

"အကယ်၍ အနာဂတ်မှာ ဂိုဏ်းမှာ အခက်အခဲ တစ်ခုခုနဲ့ ကြုံတွေ့ရရင် ငါ့ဆီ လာခဲ့လို့ ရပါတယ်..."

ဟူယန်က သူမထံမှ မည်သည့် မကောင်းကြံမှုကိုမျှ မခံစားရသော်လည်း သူမနှင့် ခပ်ဝေးဝေးတွင် နေခြင်းက သူ့အတွက် အကောင်းဆုံး ဖြစ်ကြောင်း ဆင်ခြင်တုံတရားက ပြောပြနေသည်။ သူတို့၏ လူမှုအဆင့်အတန်း ကွာဟချက်က လွန်စွာ ကြီးမားလွန်းပြီး သူမက သူ့ကို ပစ်မှတ်မထားလျှင်တောင်မှ သူမ၏ ပတ်ဝန်းကျင်ရှိ လူများက သူ့ကို ဖိနှိပ်ကြပေလိမ့်မည်။

တွမ့်ရှောင်ကျွမ်းက မနေနိုင်ဘဲ မေးလိုက်သည်။

"ငါတို့ အားလုံးက တပည့်သစ်တွေချည်းပဲလေ... ဘာလို့ ဒီလောက်တောင် ကြွားလုံးထုတ်နေရတာလဲ..."

ထိုစကားကို ကြားသောအခါ ကျူးချင်းလင်း၏ နောက်ရှိ အမျိုးသား တပည့် တစ်ဦးက မတတ်သာဘဲ ရယ်မောလိုက်ပြီး သရော်လိုက်၏။

"ညီမလေး... ဘာတွေ ဖြစ်နေလဲဆိုတာ မင်း မသိဘူးလား... ဂိုဏ်းတွင်းမှာ ကျူးမိသားစုရဲ့ အဆင့်အတန်း က ဘာလဲ ဆိုတာကို..."

ကျူးမိသားစု….

တွမ့်ရှောင်ကျွမ်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ တကယ်ကို မသိချေ။ သူမသည် ချင်းရှောင်ဂိုဏ်း သို့ မဝင်ရောက်မီက သာမန်လူ တစ်ယောက်သာ ဖြစ်သဖြင့်ကျူးမိသားစု အကြောင်း ဘယ်လိုလုပ် သိနိုင်မှာလဲ။

ကျူးချင်းလင်းကလည်း မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းလှည့်ကာ တိုးတိုးလေး ပြစ်တင် ဝေဖန်လိုက်၏။

"အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့... ဒီလို စကားမျိုးတွေ မပြောပါနဲ့... ဂိုဏ်းထဲမှာ လူတိုင်းက တန်းတူပဲ... နားလည်လား..."

အမျိုးသား တပည့်က နှုတ်ခမ်းကို မဲ့လိုက်သော်လည်း ပြန်လည် မချေပခဲ့ဘဲ အခြား တပည့်များကလည်း ဂရုမစိုက်သော အမူအရာများကို ပြသနေကြသည်။

"ဂိုဏ်းတူအစ်မရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ သွားလိုက်ပါဦးမယ်..."

ဟူယန်က ကျူးချင်းလင်းကို စကားပြောပြီးနောက် တွမ့်ရှောင်ကျွမ်း ကို ဆွဲ၍ တောင်အောက်သို့ ဆင်းသွားတော့၏။

သူတို့ နှစ်ဦး ထွက်သွားပြီးနောက် ကျူးမိသားစုမှ အမျိုးသမီး တပည့် တစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။

"ချင်းလင်း... ဒီကောင်လေးက ဘယ်သူလဲ... ရုပ်ရည် နည်းနည်း ချောတာကလွဲလို့ သူ့မှာ ဘာတွေများ ထူးခြားနေလဲဆိုတာ ငါ မမြင်ဘူး..."

ကျူးချင်းလင်းက ….

"သူ့မှာ ခိုင်မာတဲ့ ဖြောင့်မတ်ခြင်း စိတ်ဓာတ် ရှိတယ်... တပည့်တွေ အကဲဖြတ် စစ်ဆေးမှု လုပ်နေတုန်းက သူက အမှားလုပ်မိတဲ့ တခြား တပည့်တွေကို ကူညီပေးဖို့ စွမ်းအင်တွေ ပိုနေသေးတယ်... သူက ထူးခြားပြီး အနာဂတ်မှာ ကြီးမားတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ငါ ထင်တယ်..."

အခြား တပည့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူမ လွန်ကဲစွာ တွေးတောနေသည်ဟု ထင်မြင်ကြသည်။

ဒါက ဘယ်လို ခိုင်လုံတဲ့ အကြောင်းပြချက်မျိုးလဲ…

ဟူယန်က သူ့အပေါ် ထားရှိသော ကျူးချင်းလင်း၏ အမြင်ကို မသိရှိခဲ့သော်လည်း ကျူးချင်းလင်းနှင့် ခပ်ခွာခွာတွင် နေခဲ့သည်။

တွမ့်ရှောင်ကျွမ်းက ဘေးကနေ လျှောက်လာရင်း ပြုံးဖြီးဖြီးဖြင့် မေးလိုက်၏။

"အဲဒီ ဂိုဏ်းတူအစ်မကျူးက တော်တော်လေး လှတာပဲ... နင် သူ့ကို စိတ်ဝင်စားနေတာလား..."

"အဓိပ္ပာယ် မရှိလိုက်တာ... ငါက မသေမျိုးလမ်းစဉ် ကျင့်ကြံဖို့ပဲ အာရုံစိုက်ထားတာ... မိန်းမ တစ်ယောက်အတွက်နဲ့တော့ အရှုံးမပေးနိုင်ဘူး..."

"ဟုတ်ရဲ့လား..."

"သေချာတာပေါ့..."

"အဲဒါ ကောင်းတယ်... ငါတို့ မသေမျိုး မဖြစ်မချင်း လောကီ ဆန္ဒတွေ မရှိစေရဘူးလို့ သဘောတူထားကြရင်ကော ဘယ်လိုလဲ..."

"ပြဿနာ မရှိပါဘူး..."

ဟူယန်က တုံ့ဆိုင်းခြင်း မရှိဘဲ သဘောတူလိုက်လေသည်။

တွမ့်ရှောင်ကျွမ်း ပြုံးလိုက်တော့ သူမ၏ မျက်လုံးပြူးပြူးလေးများက လခြမ်းလေးများကဲ့သို့ ဖြစ်သွားသည်။ သူတို့ နှစ်ဦးက တောင်တက်လမ်းပေါ်တွင် လျှောက်လာရင်း စကားပြောကာ ရယ်မောနေကြသည်။

အချိန် အနည်းငယ် အကြာတွင် သူတို့နှစ်ယောက် လီချင်းချိုးနှင့်ရှန်ယွဲ့တို့ကို ကြုံတွေ့လိုက်ရသည်။

ဟူယန်နှင့်တွမ့်ရှောင်ကျွမ်းတို့က လီချင်းချိုးနှင့် ရှန်ယွဲ့ကို ယခင်က တစ်ခါမျှ မတွေ့ဖူးခဲ့သော်လည်း သူတို့ နှစ်ဦးက ထူးခြားသော အရည်အသွေးများကို ပိုင်ဆိုင်ထားကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။ သူတို့နှစ်ယောက်က လီချင်းချိုးတို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် စော်ကားမိမည် စိုးသဖြင့် ခေါင်းငုံ့ထားလိုက်ကြသည်။

ရှန်ယွဲ့က ဟူယန်နှင့် အခြား တစ်ယောက်ကို ဂရုမစိုက်ဘဲ လီချင်းချိုးနှင့် ဓားသိုင်း အကြောင်း ဆွေးနွေးနေသည်။

လီချင်းချိုးက ဟူယန်ကို ဖြတ်လျှောက်သွားပြီးနောက် ရုတ်တရက် ရပ်တန့်ကာ မေးလိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ..."

ဟူယန်မှာ လန့်ဖြတ်သွားပြီး ​ခြေလှမ်းများ ရပ်တန့်သွား၏။ တစ်ဖက်လူက သူ့ကို တခြား တစ်ခုခုများ မေးနေသလားဟု တွေးကာ တွေဝေသွားသည်။

တွမ့်ရှောင်ကျွမ်းက အလိုအလျောက် လှည့်ကြည့်လိုက်ရာ လီချင်းချိုး ခေါင်းလှည့်လာသည်ကို မြင်လိုက်ရသဖြင့် သူမ ဆွံ့အသွားသည်။

တကယ့်ကို ချောမောတဲ့ အမျိုးသား တစ်ယောက်ပဲ…..

လူတစ်ယောက်က ဤမျှ ရုပ်ရည်ချောမောလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးဖူးခဲ့ချေ။ သူမ ပို၍ အနီးသို့ ရောက်လာလေ လီချင်းချိုး၏ မျက်နှာသွင်ပြင်က ပို၍ ပြီးပြည့်စုံနေပုံ ပေါ်လေ ဖြစ်ပြီး အထူးသဖြင့် မျက်လုံးများက လူများ၏ အတွင်းစိတ်ကို ဖောက်ထွင်း မြင်နိုင်စွမ်း ရှိသကဲ့သို့ပင်။

ဟူယန်က သူမ လှည့်ကြည့်လိုက်သည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ လှည့်ကြည့်လိုက်ရာ လီချင်းချိုးနှင့် အကြည့်ချင်း ဆုံတွေ့သွားတော့သည်။

"ဘယ်သူ့ကို... မေးနေတာလဲ..." ဟု ဟူယန် က သတိထား၍ မေးလိုက်သည်။

လီချင်းချိုးနှင့်ရှန်ယွဲ့တို့ထံမှ မည်သည့် မကောင်းကြံမှုကိုမျှ မခံစားရသော်လည်း ဤလူနှစ်ဦးက သာမန်လူများ မဟုတ်ကြောင်း အလိုအလျောက် သိစိတ်က ပြောပြနေ၏။

ရှန်ယွဲ့က ဟူယန်နှင့်တွမ့်ရှောင်ကျွမ်း တို့ကို အကဲခတ် ကြည့်ရှုလိုက်သော်လည်း သူတို့ထံတွင် ထူးခြားသော အရာ တစ်စုံတစ်ရာကိုမျှ မတွေ့ရှိရချေ။

ဟူယန်၏ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီက မနိုးထမီ ကျင့်ကြံရမည် ဖြစ်သည်။

လီချင်းချိုးက ဟူယန်ကို ကြည့်၍ ပြုံးကာ မေးလိုက်ပြန်သည်။

"မင်းကို မေးနေတာလေ..."

ထိုအခါမှ ဟူယန်က အလျင်အမြန် ဦးညွှတ်၍….

"ကျွန်တော့် နာမည်က ဟူယန် ပါ... စီနီယာ နှစ်ယောက်က ကျွန်တော့်ကို ဘာများ ညွှန်ကြားစရာ ရှိလို့လဲခင်ဗျာ..."

"တပည့်သစ်လား... တပည့် လက်ခံဖို့ အခွင့်အရေး ရှိသေးလား..."

"ကျွန်တော်ဂိုဏ်းကို မနေ့ကမှ ရောက်တာပါ... ဆရာ မရှိသေးပါဘူး... အမည်ခံ တပည့် တစ်ယောက်အဖြစ်ပဲ ရှိပါသေးတယ်..."

ဟူယန်က သူ့ကိုယ်သူ ပါရမီရှင် တစ်ယောက်ဟု မသတ်မှတ်ထားပေ။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သော ပါရမီရှင်က အပြင်စည်းတပည့် သို့မဟုတ် အတွင်းစည်းတပည့်အဖြစ် တိုက်ရိုက် ဝင်ရောက်နိုင်သောကြောင့် ဖြစ်၏။

ကျူးချင်းလင်းသည်ပင် အပြင်စည်းတပည့် တစ်ဦး ဖြစ်သည်။

ထိုအခါ လီချင်းချိုး၏ အပြုံးက ပိုမို ကျယ်ပြန့်လာပြီး ….

"အဲဒါဆိုရင် မင်း ငါ့ရဲ့ တပည့် ဖြစ်လာရင်ကော ဘယ်လိုလဲ..."

ထိုစကားကို ကြားသောအခါ ဟူယန် အေးခဲသွားပြီး တွမ့်ရှောင်ကျွမ်း၏ မျက်လုံးများ ပြူးကျယ်သွားကာ ရှန်ယွဲ့မှာလည်း အံ့အားသင့်သွားရ၏။

ဒီလောက်တောင် လောနေတာလား….

ရှန်ယွဲ့က လုပ်ငန်းစဉ် တစ်ခုလုံးတွင် လီချင်းချိုးနှင့် အတူ ရှိနေခဲ့သည်။ ထို့အပြင် ဟူယန်၏ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်းကို ကြားပြီးနောက် လီချင်းချိုးက ဟူယန် နှင့် တိုက်ဆိုင်စွာ ကြုံတွေ့ခဲ့ခြင်းသာ ဖြစ်ပြီး သူ့ကို တပည့်အဖြစ် လက်ခံရန် တိုက်ရိုက် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သူ ကောက်ချက်ချနိုင်ပေသည်။

လီချင်းချိုးက ပထမ အထင်အမြင် အပေါ် အခြေခံ၍သာ တပည့်များကို တကယ်ပဲ လက်ခံနေတာလား။

"ကျွန်တော်... ဖြစ်နိုင်ပါ့မလား..."

ဟူယန် ၏ ရင်ခုန်သံများ မြန်ဆန်လာပြီး သတိထား၍ မေးလိုက်၏။

တွမ့်ရှောင်ကျွမ်းက အံ့အားသင့်မှုမှ နိုးထလာပြီး….

"ရှင်က ဘယ်သူမို့လို့လဲ... သူ့ကို ရှင် မည်သူမည်ဝါ ဖြစ်ကြောင်း ရှင်းပြရမယ် မဟုတ်ဘူးလား..."

လီချင်းချိုးက သူမကို ကြည့်လိုက်ရာ ထိုကောင်မလေး အပေါ် ကောင်းမွန်သော အထင်အမြင် တစ်ခု ရရှိသွား၏။ သူမက မလှပသော်လည်း ဟူယန်အတွက် ရပ်တည်ပေးရဲသဖြင့် သူမက အလားအလာ ကောင်းသော သူတစ်ယောက် ဖြစ်သည်။

"ငါ ဘယ်သူလဲ ဆိုတာကို လောလောဆယ် မပြောသေးဘူး... ငါ့နောက်ကိုသာ လိုက်ခဲ့... ပြီးရင် မင်း သိလာလိမ့်မယ်..."ဟု လီချင်းချိုးက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်တော့ တွမ့်ရှောင်ကျွမ်း တွေဝေသွားသည်။

ရှန်ယွဲ့မှာ အခြေအနေ သိပ်မကောင်းလှပေ။

"ဘာလဲ... ချင်းရှောင်ဂိုဏ်းမှာ တစ်ယောက်ယောက်က မင်းတို့ကို အန္တရာယ် ပြုလိမ့်မယ်လို့ မင်း ထင်နေတာလား... နေရာတိုင်းမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမက တပည့်တွေ ရှိသလို ကင်းလှည့်နေတဲ့ ဓားဂိုဏ်းက တပည့်တွေလည်း ရှိတယ်လေ..."

All Chapters