← Chapters

မော့ကြည့်ရမည့် တည်ရှိမှု တစ်ခု…..

Vol. 25 Ch. 246

မော့ကြည့်ရမည့် တည်ရှိမှု တစ်ခု…..

Vol. 25 Ch. 246

လီချင်းချိုးနှင့် ပတ်သက်၍ သံသယ အချို့ ရှိနေသော်လည်း ရှန်ယွဲ့၏ စကားများက အဓိပ္ပာယ် ရှိပေသည်။ ဤနေရာက ချင်းရှောင်ဂိုဏ်း ဖြစ်ပြီး နေ့ခင်းကြောင်တောင်ကြီးတွင် မည်သူကမျှ တပည့်များကို ပစ်မှတ်ထားလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ဟူယန်နှင့်တွမ့်ရှောင်ကျွမ်း တို့က လီချင်းချိုး၏ နောက်မှ တောင်ပေါ်သို့ တက်လာခဲ့ကြသည်။

လီချင်းချိုးက သူတို့၏ ဆက်ဆံရေး အကြောင်း မေးမြန်းသောအခါ ဟူယန် က အမှန်အတိုင်း ပြန်ဖြေခဲ့ပြီး တွမ့်ရှောင်ကျွမ်းကမူ အပြစ်ကင်းစင်ပြီး ရိုးအပုံ ပေါ်ကာ သူမ၏ မိန်းကလေးဆန်သော အတွေးများကို ထုတ်ဖော်မပြသခဲ့ပေ။ သို့သော်လည်း လီချင်းချိုးနှင့် ရှန်ယွဲ့တို့၏ မျက်လုံးထဲတွင်မူ သူမ၏ စစ်မှန်သော ခံစားချက်များက ဟာကွက်များဖြင့် ပြည့်နှက်နေသည်။

"ငယ်ရွယ်တာက သိပ်ကောင်းတာပဲ..."

လီချင်းချိုး စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူ့ ဘဝတွင် အချစ်ဆိုသည်ကို တစ်ခါမျှ မခံစားဖူးကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

သို့သော်လည်း ယခင်ဘဝတွင် ဤခံစားချက်ကို သူ ဖြတ်သန်းဖူးပြီ ဖြစ်သဖြင့် အလျင်လိုနေခြင်း မရှိပေ။

သူတို့ လေးယောက် တောင်ပေါ်သို့ တက်လာခဲ့ကြပြီး သူတို့ မသိလိုက်မီမှာပင် တောင်ခါးပန်းရှိ သိုင်းပညာစင်မြင့်သို့ ရောက်ရှိသွားကြသည်။

ကျူးချင်းလင်းနှင့် အခြားသူများက ယှဉ်ပြိုင်မှုကို ကြည့်ရှုနေကြဆဲ ဖြစ်ပြီး ယဲ့နန်ကလည်း မထွက်ခွာသေးချေ။

ယဲ့နန်က အခြား တပည့်များနှင့် စကားစမြည် ပြောဆိုနေစဉ် အကြည့်များက လီချင်းချိုး အပေါ်သို့ ရုတ်တရက် ကျရောက်သွား၏။ ထိုအခါ မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားသည်။ သူက တစ်ခဏမျှ တွေဝေသွားပြီးနောက် ရိုးအီနေပုံ ပေါက်မည် စိုးသဖြင့် အနီးသို့ ပြေးမသွားရန် ဆုံးဖြတ်လိုက်သည်။

ကျူးချင်းလင်းကလည်း ဟူယန်ကို သတိပြုမိသွားပြီး သူမ၏ အကြည့်များက လီချင်းချိုးနှင့် ရှန်ယွဲ့ အပေါ်သို့ ကျရောက်သွားသည်။

လီချင်းချိုးက လွန်စွာ ကျက်သရေ ရှိပုံ ပေါ်နေ၏။ လီချင်းချိုး၏ ရုပ်သွင်ကြောင့် သူမ အံ့အားသင့်သွားသည်။ ရှန်ယွဲ့က အသက်ကြီးသော်လည်း သူ့ထံတွင် လောကီနှင့် မသက်ဆိုင်သော အရှိန်အဝါ တစ်ခု ရှိနေ၏။ သူတို့ နှစ်ယောက် အတူတကွ ရှိနေခြင်းက လူအများ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပေသည်။

လီချင်းချိုးက ရပ်တန့်မသွားဘဲ တစ်ချက်သာ လှမ်းကြည့်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

ငါတို့ ဇီယန်တောင်ထွတ်ကို ရောက်နေပြီ ဆိုတော့ ရွှီနင်းဆီကို သေချာပေါက် သွားကြည့်သင့်တာပေါ့……

ကျူးချင်းလင်းက လီချင်းချိုးနှင့် အခြား သုံးယောက် ထွက်သွားသည်ကို စောင့်ကြည့်နေပြီး ကျူးမိသားစုမှ တပည့်များက သူမ၏ အနီးတွင် ရပ်ကာ သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်နေကြသည်။

"ဟင်... အဲဒါ ဂိုဏ်းချုပ်မဟုတ်ဘူးလား..."

ကျူးမိသားစုမှ အမျိုးသမီး တစ်ဦးက အော်ဟစ်လိုက်ပြီးနောက် ဆူညံလွန်းမည် စိုးသဖြင့် ပါးစပ်ကို အုပ်ထားလိုက်ရသည်။

ဂိုဏ်းချုပ်လား…..

ကျူးချင်းလင်းက သူမကို အံ့အားသင့်စွာ ကြည့်လိုက်ရာ သူမက တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"ကောင်းကင်လက်မှုပညာခန်းမက အကြီးအကဲတွေကို သွားတွေ့တုန်းက သူ့ကို ကျွန်မ မြင်ဖူးတယ်... သူက ကျွန်မတို့ ချင်းရှောင်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် လီချင်းချိုးပဲ..."

လီချင်းချိုး…..

ကျူးချင်းလင်းသည်လည်း ဤနာမည်နှင့် လွန်စွာ ရင်းနှီးနေသည်။ ပို၍ တိကျစွာ ပြောရလျှင် လီချင်းချိုး ဆိုသော နာမည်က ကျူးမိသားစုဝင် များကြားတွင် လူသိများသော နာမည် တစ်ခုပင် ဖြစ်သည်။

လီချင်းချိုးကြောင့် ကျူးမိသားစုက ကိုးပြည်ထောင်နယ်မြေတွင် အစွမ်းအထက်ဆုံး အထက်တန်းလွှာ မိသားစု ဖြစ်လာခဲ့ပြီး လောကီကမ္ဘာ၏ အထက်တွင် ရှိနေခြင်းပင်။

ကျူးယန်ကလည်း ကျူးမိသားစု ၏ အဆင့်အမြင့်ဆုံး အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ကျူးမိသားစုမှ တပည့်တိုင်းက ချင်းရှောင်ဂိုဏ်းသို့ မစေလွှတ်မီ ထိုနေရာသို့ ရောက်သည်နှင့် ဂိုဏ်း၏ စည်းမျဉ်းများကို မချိုးဖောက်ရန် သို့မဟုတ် အခြားသူများကို အနိုင်မကျင့်ရန် သတိပေးခံရလေ့ရှိသည်။

လီချင်းချိုးက သူတို့၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်ထားကြောင်း ကျူးမိသားစုဝင် အားလုံး နားလည်ထားကြသည်။ ကျူးမိသားစုက အစွမ်းထက်ပုံ ရသော်လည်း အကယ်၍ သူတို့သာ လီချင်းချိုးကို မနှစ်မြို့အောင် ပြုလုပ်မိပါက ကိုးပြည်ထောင်နယ်မြေမှ သာမန် လောကီဘုံသို့ တစ်ရက်တည်းဖြင့် ကျဆင်းသွားနိုင်ပေသည်။

ကျူးချင်းလင်း၏ မျက်ဝန်းထဲတွင် ဝေခွဲမရ ဖြစ်မှုများ ပြည့်နှက်နေချေပြီ။

ဘာလို့ ဟူယန်က ဂိုဏ်းချုပ်နဲ့အတူ တောင်ပေါ်ကို ရောက်နေရတာလဲ…..

အခြားသော ကျူးမိသားစုဝင်များလည်း လွန်စွာ စိတ်လှုပ်ရှားနေကြသည်။ သူတို့ အားလုံးက လီချင်းချိုးကို လေးစား အားကျကြပြီး အခုလိုတွေ့ဆုံရသဖြင့် သဘာဝကျကျပင် စိတ်လှုပ်ရှားနေကြသည်။

တောင်တက်လမ်းပေါ်တွင် လျှောက်လှမ်းလာရင်း လီချင်းချိုးကို သိသော သူတစ်ယောက်ယောက်နှင့် အဆုံးတွင် ကြုံတွေ့ခဲ့ရသည်။ အကယ်၍ သူသာ တောင်ပေါ်သို့ တစ်ယောက်တည်း လာခဲ့ပါက သူ့အနီးသို့ လာရောက်မည့် တပည့်များ ရှိနေမည် ဖြစ်၏။ သို့သော်လည်း ရှန်ယွဲ့နှင့်အတူ ပါလာသဖြင့် ၎င်းက သူ လုပ်စရာ ကိစ္စ တစ်ခုခု ရှိနေကြောင်း အဓိပ္ပာယ်သက်ရောက်သည်။ ထို့ကြောင့် တပည့်များက ခပ်လှမ်းလှမ်းတွင် ရပ်၍ ဦးညွှတ်ရုံသာ တတ်နိုင်ပြီး အနီးသို့ မကပ်ရဲကြချေ။

တပည့်များက အနီးသို့ မကပ်လာကြသော်လည်း ဟူယန်နှင့် တွမ့်ရှောင်ကျွမ်းတို့က သူတို့၏ လှုပ်ရှားမှုများကို မြင်တွေ့နိုင်ဆဲ ဖြစ်သဖြင့် သူတို့ကို လျှို့ဝှက်စွာ အံ့အားသင့်သွားစေသည်။

ဒီနှစ်ယောက်က ဘယ်သူတွေများလဲ….

ဝိညာဉ်ထိန်းချုပ်ရေးခန်းမအခွဲ၏ ခန်းမသခင်ပင်လျှင် ဤမျှ သြဇာလွှမ်းမိုးမှု မရှိချေ။

ဟူယန် အလွန် ဝမ်းသာနေ၏။ ဤမျှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး၏ တပည့် ဖြစ်လာခွင့် ရရှိခြင်းက အံ့သြဖွယ်ကောင်းသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။

တွမ့်ရှောင်ကျွမ်းကလည်း သူ့အတွက် ဝမ်းသာနေသည်။ သူမတွင် မည်သည့် လျှို့ဝှက် ရည်ရွယ်ချက်မျှ မရှိဘဲ စူးစမ်း သိချင်စိတ်သာ ရှိနေသည်။

နာရီဝက်ခန့် အကြာတွင် လီချင်းချိုးက သူတို့ သုံးယောက်ကို ရွှီနင်း၏ လိုဏ်ဂူ သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုဧရိယာသို့ ရောက်ရှိသည်နှင့် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

ရွှီနင်း ကျင့်ကြံနေသည်ကို နှောင့်ယှက်မိမည် စိုးသဖြင့် လှိုဏ်ဂူ အနီးအနားတွင် အဆောက်အအုံများ သို့မဟုတ် ခြံဝင်းများကို မတည်ဆောက်ရဲကြချေ။

လိုဏ်ဂူသို့ ရောက်ရှိလာသောအခါ ကျောက်တံခါး ပွင့်လာပြီး ရွှီနင်း ထွက်လာကာ လီချင်းချိုး၏ ရှေ့တွင် ဦးညွှတ်၍….

"ဆရာ... ဒီကိုလာတာ ဘာကိစ္စများ ရှိလို့လဲ..."

သူစိမ်း တစ်ယောက်ယောက်ဆိုလျှင် သူမက အပြင်ထွက်၍ ကြိုဆိုမည် မဟုတ်သော်လည်း အကယ်၍ သူစိမ်းများ ပါလာပါက ပြီးပြည့်စုံအောင် ယဉ်ကျေးနေရမည် ဖြစ်သည်။

"ငါ မင်းကို လာကြည့်တာ... ငါ ဝင်လာလို့ ရမလား..."

"ရပါတယ်..."

ရွှီနင်းက ခေါင်းညိတ်လိုက်ပြီးနောက် လှည့်၍ လမ်းပြလိုက်သည်။

လီချင်းချိုးက လိုဏ်ဂူ အတွင်းသို့ ဝင်ရောက်သွားပြီး ရှန်ယွဲ့က အနီးကပ် လိုက်ပါလာသည်။ ဟူယန်နှင့် တွမ့်ရှောင်ကျွမ်း ယတို့က လိုဏ်ဂူ အတွင်းသို့ မဝင်ရောက်မီ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဟူယန်က လိုဏ်ဂူကို အကဲခတ် ကြည့်ရှုလိုက်ရာ မျက်လုံးများ တောက်ပနေပြီး လျှို့ဝှက်စွာ တွေးလိုက်မိသည်။

"ဒါက တခြား တပည့်တွေ ပြောနေကြတဲ့ လိုဏ်ဂူ ဆိုတာများလား..."

တွမ့်ရှောင်ကျွမ်း၏ အံ့သြမှုက ပို၍ပင် သိသာထင်ရှားနေသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်နေပြီး နှုတ်ခမ်းဖျားမှ တိုးညှင်းသော အံ့အားသင့်သံလေး တစ်ခု ထွက်ပေါ်လာသည်။

သူတို့ အုပ်စု လိုဏ်ဂူ အခန်း အတွင်းသို့ ဝင်ရောက်လာကြတော့ ရွှီနင်းက လီချင်းချိုးနှင့် ရှန်ယွဲ့ကို ဝင်ထိုင်ခိုင်းပြီး လက်ဖက်ရည် စတင် ဖျော်နေသည်။

သူမက ဟူယန် ကို ကြည့်၍ သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဒီတပည့် နှစ်ယောက်က ဘယ်သူတွေလဲ..."

"ဒီကောင်လေးက ငါ အသစ် လက်ခံလိုက်တဲ့ တပည့်... မင်းရဲ့ ဆဋ္ဌမမြောက် ဂိုဏ်းတူညီလေး ဟူယန် ပေါ့... သူ့ဘေးက ကောင်မလေးက သူ့ရဲ့ သူငယ်ချင်း တွမ့်ရှောင်ကျွမ်းတဲ့..."

လီချင်းချိုးက ပြုံး၍ မိတ်ဆက်ပေးလိုက်တော့ ထိုစကားကို ကြားသောအခါ ရွှီနင်း၏ မျက်လုံးများ လင်းလက်သွားသည်။ဟူယန် နှင့် တွမ့်ရှောင်ကျွမ်းတို့မှာ သူမ၏ အကြည့်များကို ရင်ဆိုင်ရချိန်တွင် သိသာထင်ရှားစွာ စိုးရိမ် ထိတ်လန့်နေကြ၏။

ရွှီနင်း၏ အရှိန်အဝါက လွန်စွာ အစွမ်းထက်လွန်းလှသည်။ အကယ်၍ ကျူးချင်းလင်းက ကောင်းကင်ဘုံမှ နတ်သမီး တစ်ပါး ဖြစ်လျှင် ရွှီနင်းက နတ်ဘုရားမအားလုံး၏ ခေါင်းဆောင်နှင့် တူနေသည်။ အလှအပပိုင်းတွင်လည်း ရွှီနင်းက ကျူးချင်းလင်းထက် မနိမ့်ကျသော်လည်း အရှိန်အဝါပိုင်းတွင်မူ သူတို့ နှစ်ဦးကို လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။

ဆဋ္ဌမမြောက် ဂိုဏ်းတူညီလေး….

ငါ့မှာ ဂိုဏ်းတူအစ်မတွေနဲ့ ဂိုဏ်းတူအစ်ကိုတွေ ငါးယောက်တောင် ရှိတာလား…

ထိုဂိုဏ်းတူအစ်ကိုများနှင့် ဂိုဏ်းတူအစ်မ များက သူ့ကို မည်သို့ ရှုမြင်ကြမည်ကို တွေးတောရင်း ဟူယန် မနေနိုင်ဘဲ စိုးရိမ် ထိတ်လန့်လာမိတော့သည်။

ရွှီနင်းကဟူယန်ကို ကြည့်၍ ပြုံးကာ….

"နင် စိုးရိမ်နေစရာ မလိုပါဘူး... ငါက နင့်ရဲ့ ဂိုဏ်းတူအစ်မကြီးပါ... အနာဂတ်မှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မေးစရာ ရှိရင် အချိန်မရွေး ငါ့ဆီ လာခဲ့လို့ ရပါတယ်..."

"ကျေးဇူးတင်ပါတယ်... ဂိုဏ်းတူအစ်မကြီး..."

ရှန်ယွဲ့က ခွေးခြေခုံ ပေါ်တွင် ထိုင်၍ ဟူယန်ကို စောင့်ကြည့်နေသည်။ ဟူယန် က အနည်းငယ် အနေအေးပုံရပြီး ကျောက်ကျိန်းနှင့် အထီးကျန်ဓားတို့၏ တက်ကြွမှု၊ ယွမ်လီ၏ တည်ငြိမ်မှုနှင့် ကျိယာ၏ သိသာထင်ရှားသော ပါရမီမျိုး မရှိကြောင်း သူ ခံစားလိုက်ရသည်ယေ

ပထမဆုံး အထင်အမြင် အပေါ် အခြေခံ၍ ရွေးချယ်လိုက်ခြင်း ဖြစ်ပုံရသည်။

ဟူယန်ကို အတော်လေး သဘောကျကြောင်း သူ ဝန်ခံရမည်။

"ဟူယန်ရဲ့ ဆရာ ဖြစ်တဲ့ ဂိုဏ်းတူအစ်မကြီးက ဘယ်သူများလဲ..."

တွမ့်ရှောင်ကျွမ်းက မနေနိုင်ဘဲ မေးလိုက်သည်။

ဤစကားများက ရွှီနင်းကို အံ့အားသင့်သွားစေပြီး လီချင်းချိုးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ဂိုဏ်းချုပ်က သူ့ကိုယ်သူ မည်သူမည်ဝါ ဖြစ်ကြောင်း မထုတ်ဖော်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။

ထိုအခါမှ လီချင်းချိုးက ရယ်မော၍ …

" မေးနေပြီ ဆိုတော့ ဖြေလိုက်ပါ..."

ရွှီနင်းက နားလည်သဘောပေါက်သွားပြီး တွမ့်ရှောင်ကျွမ်းကို ကြည့်ကာ ပြန်မေးလိုက်သည်။

"သူ ဘယ်သူ ဖြစ်နိုင်မယ်လို့ နင် ထင်လဲ..."

"ဆရာ... ဒါမှမဟုတ် အကြီးအကဲ လား..."

တွမ့်ရှောင်ကျွမ်းက မည်သည့် အကြောက်တရားမျှ မရှိဘဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"နိမ့်လွန်းတယ်..."

"နိမ့်လွန်းတယ် ဟုတ်လား... ခန်းမသခင် ထက်ပိုပြီး အစွမ်းထက်တဲ့ အဆင့်အတန်းက ဘာဖြစ်မလဲ..."

ဂိုဏ်းမှာ အထက်မြက်ဆုံး လူက ဘယ်သူလဲ…..

"သေချာတာက ဂိုဏ်းချုပ်ပေါ့... လောကကြီးမှာ နံပါတ်တစ် သူရဲကောင်း လီချင်းချိုးလေ..."

တွမ့်ရှောင်ကျွမ်း၏ အမူအရာက တောက်ပလာပြီး သူမ၏ လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ သူမကလည်း လီချင်းချိုးကို လေးစား အားကျကြောင်း ထင်ရှားနေသည်။

ရွှီနင်းက စကားမပြောဘဲ ပြုံးနေရာ တွမ့်ရှောင်ကျွမ်းကို ဆွံ့အသွားစေသည်။

ဟူယန်လည်း ထပ်တူထပ်မျှ အံ့အားသင့်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ လီချင်းချိုးကို ငေးကြောင်၍ စိုက်ကြည့်နေမိသည်။

လီချင်းချိုးက ရယ်မော၍….

"မနက်ဖြန် တစ်ယောက်ယောက်က မင်းကို လာခေါ်လိမ့်မယ်... ပြီးတော့ မင်း ချင်းရှောင်တောင်ကို ပြောင်းရွှေ့ရလိမ့်မယ်..."

ထိုစကားကို ကြားသောအခါ ဟူယန်မှာ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လီချင်းချိုးကို အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဂိုဏ်းချုပ်က သူ့ကို တပည့်အဖြစ် တကယ်ပဲ လက်ခံချင်နေတာလား…

သူ အိပ်မက် မက်နေတာများလား…

ဟူယန်က လီချင်းချိုးကို မော့ကြည့်၍ သတိထားကာ …

"ဘာလို့ ကျွန်တော်လဲ..."

သူသည် ငယ်စဉ်ကတည်းက အခြားသူများထံမှ အကြောင်းပြချက် မရှိဘဲ ကြင်နာမှုများကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသဖြင့် ယခုလိုအဖြစ်မျိုးက သူ့အတွက် အစစ်အမှန် မဟုတ်သလို ခံစားရစေသည်။ ကံကောင်းထောက်မစွာဖြင့် သူ့ရှေ့ရှိ လူသုံးဦးထံမှ မည်သည့် မကောင်းကြံမှုကိုမျှ သူ မခံစားရသဖြင့် သူ့ကို များစွာ ပို၍ စိတ်သက်သာရာ ရသွားစေသည်။

"ဒီနေ့ ငါ စိတ်အခြေအနေ ကောင်းနေလို့ တပည့် တစ်ယောက် လက်ခံချင်နေတာ... ဒါကြောင့် လျှောက်ကြည့်နေခဲ့တာလေ... မင်းကို မြင်လိုက်ရတဲ့ အခိုက်အတန့်လေးမှာတင် မင်းနဲ့ ရေစက် ပါတယ်လို့ ခံစားလိုက်ရတယ်... နည်းနည်းတော့ ယုတ္တိမတန်ဘူးဆိုပေမဲ့ အဲဒါက ဒီလိုပဲလေ... ငါ မင်းကို ပထမဆုံး အကြိမ် မြင်လိုက်ကတည်းက သဘောကျသွားတာ..."

လီချင်းချိုးက ရွှီနင်း ကမ်းပေးသော လက်ဖက်ရည်ခွက်ကို ယူ၍ ညင်သာစွာ ရယ်မောလိုက်သည်။

ကျင့်ကြံသူများက လက်ဖက်ရည်ကို လျင်မြန်စွာ ဖျော်စပ်နိုင်ကြ၏။

ရှန်ယွဲ့က ခေါင်းညိတ်၍ …

"ဒီအချက်က တကယ်ပဲ သူ့ရဲ့ အစီအစဉ် ဖြစ်တယ်ဆိုတာကို ငါ သက်သေပြနိုင်ပါတယ်... အစကတော့ သူက ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ယောက်ကို မျက်စိကျနေတယ်လို့ ငါ ထင်ခဲ့တာ..."

သူသည် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် မဟုတ်ကြောင်း ဟူယန် သေချာပေါက် သိထားသည်။ မဟုတ်လျှင် အမည်ခံ တပည့် တစ်ယောက်သာ ဖြစ်နေမည် မဟုတ်ချေ။

ယခုဆို အံ့မခန်း စိတ်လှုပ်ရှားနေပြီး ပြောစရာတွေ အများကြီး ရှိနေသော်လည်း မည်သို့ ဖော်ပြရမည်ကို မသိအောင် ဖြစ်နေသည်။

ရုတ်တရက် သူ့ဘေးရှိ တွမ့်ရှောင်ကျွမ်း မှာ အပြုံး ပျောက်ကွယ်သွားပြီး သိသိသာသာ စိတ်ပျက်သွားပုံ ပေါ်သည်ကို သူ သတိပြုမိလိုက်သဖြင့် စိတ်လှုပ်ရှားမှုကို လျင်မြန်စွာ ငြိမ်သက်သွားစေသည်။

သူ ချင်းရှောင်တောင်သို့ သွားရမည် ဖြစ်ပြီး တွမ့်ရှောင်ကျွမ်း နှင့် မလွဲမသွေ ဝေးကွာသွားရတော့မည်။ သူတို့ သိကျွမ်းခဲ့သည်မှာ နှစ်ရက်သာ ရှိသေးပြီး သူတို့၏ ဆက်ဆံရေးက ခိုင်မာမှု မရှိသေးဘဲ မကြာမီ ခွဲခွာရတော့မည်.

ဟူယန်က တွမ့်ရှောင်ကျွမ်းကို တကယ် သဘောကျသည်။ ဒါဟာ အချစ်ကြောင့် မဟုတ်ဘဲ သူငယ်ချင်း သံယောဇဉ် ကြောင့် ဖြစ်သည်။တွမ့်ရှောင်ကျွမ်းက သူ ချင်းရှောင်ဂိုဏ်းသို့ ရောက်လာချိန်တွင် ရရှိခဲ့သော ပထမဆုံး သူငယ်ချင်း ဖြစ်သည်။

သူတို့၏ အမူအရာ အပြောင်းအလဲများကို လီချင်းချိုးနှင့် အခြား နှစ်ဦးက သတိပြုမိသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ရယ်မောချင်စရာ ကောင်းသည်ဟု ခံစားလိုက်ကြသည်။

ဆယ်ကျော်သက် အရွယ် လူငယ်များ ကြားရှိ ခံစားချက်များက လွန်စွာ ဖြူစင်ပြီး ဖုံးကွယ်ရန် ခက်ခဲလှပေသည်။

"တွမ့်ရှောင်ကျွမ်း... နောင်ကျရင် ငါ နင့်ကို ကျင့်ကြံခြင်းတွေ သင်ပေးမယ်... နင့်ကို တပည့်အဖြစ် ငါ လက်မခံနိုင်ပေမဲ့ ဟူယန်ကို တွေ့ဖို့ နင့်အတွက် အခွင့်အရေးတွေ အများကြီး ရှိမှာပါ... ဟူယန်ကို နေ့တိုင်း လိုက်နှောင့်ယှက်ဖို့ မမျှော်လင့်ထားဘူးမလား... အကယ်၍ နင်သာ အဲဒီလို လုပ်မယ်ဆိုရင် သူက ဂိုဏ်းချုပ်ရဲ့ တပည့် ဖြစ်ဖို့ အရည်အချင်း ပြည့်မီတော့မှာ မဟုတ်ဘူး... ဂိုဏ်းချုပ်ရဲ့ တပည့်တိုင်းက ဂိုဏ်းတစ်ခုလုံးက အသိအမှတ် ပြုထားတဲ့ ပါရမီရှင် ဖြစ်လာရမယ်လေ..."

ရွှီနင်းက တွမ့်ရှောင်ကျွမ်းကို စူးစိုက်ကြည့်၍ ပြောလိုက်တော့ ထိုစကားကို ကြားသောအခါ တွမ့်ရှောင်ကျွမ်းမှာ လွန်စွာ ဝမ်းသာသွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"သူ့ကို ကျွန်မ မနှောင့်ယှက်ပါဘူး... နောင်ကျရင် သူ့ကို ပြန်တွေ့ဖို့ အခွင့်အရေးရမယ် ဆိုရင်ပဲ လုံလောက်ပါပြီ..."

တွမ့်ရှောင်ကျွမ်းက ဂိုဏ်းတူအစ်မကြီး ထံမှ လမ်းညွှန်မှုများ ရရှိမည်ဟု ကြားသောအခါ ဟူယန် ပြုံးလိုက်သည်။

လီချင်းချိုးက ….

"ဒါက စစ်မှန်တဲ့ ချင်းရှောင်ဂိုဏ်းရဲ့ တပည့်ပဲ... ဟူယန် တစ်ယောက်တည်း မဟုတ်ဘဲ မင်းကိုယ်တိုင်လည်း ကျင့်ကြံဖို့ ကြိုးစားသင့်တယ်... တစ်နေ့ကျရင် သူနဲ့ အတူ မင်းလည်း တိုက်ပွဲဝင်နိုင်ကောင်း ဝင်နိုင်မှာပေါ့..."

ဤစကားများက တွမ့်ရှောင်ကျွမ်း၏ သွေးများကို ဆူပွက်လာစေပြီး သူမက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် လီချင်းချိုးနှင့် အခြား နှစ်ဦးက အခြား အကြောင်းအရာများကို စတင် ပြောဆိုကြပြီး ဟူယန်နှင့် တွမ့်ရှောင်ကျွမ်းတို့က စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် အာရုံစိုက် နားထောင်နေကြသည်။

သူတို့က စကားစမြည် ပြောဆိုနေခြင်းသာ ဖြစ်သော်လည်း သူတို့ ပြောပြသော ကျင့်ကြံခြင်း ကမ္ဘာကြီးက ဟူယန်ငနှင့် သူ၏ အဖော်တို့ကို လွန်စွာ တောင့်တလာစေ၏။

……..

ထိုနေ့ ညနေပိုင်းတွင် လီချင်းချိုး၊ ရှန်ယွဲ့နှင့် ရွှီနင်းတို့က ပွဲတော်ကို ဆင်နွှဲရန် လင်းရှောင်ဝင်းထဲသို့ ပြန်လာခဲ့ကြပြီး ဟူယန်၏ နာမည်က အထက်လူကြီးများ၏ နားထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သူတို့က ထိုနာမည်ကို စိတ်ထဲမှ မှတ်သားထားလိုက်ကြသည်။ ဟူယန်က ထူးချွန်သော ပါရမီ မရှိသည့် အမည်ခံ တပည့် တစ်ဦးသာ ဖြစ်ကြောင်း ရှန်ယွဲ့က သူတို့ကို ပြောပြခဲ့ရာ ထိုအချက်က အထက်လူကြီးများကို ဝေခွဲမရ ဖြစ်သွားစေသည်။

လီချင်းချိုးက သဘောကျရုံ သက်သက်ဖြင့် တပည့်များကို အမှန်တကယ် ရွေးချယ်ခဲ့သည် ဆိုသည်ကို သူတို့ လုံးဝ မယုံကြည်နိုင်ကြချေ။

မည်သို့ပင်ဆိုစေကာမူ ဟူယန်က လီချင်းချိုး၏ ဆဋ္ဌမမြောက် တပည့် ဖြစ်လာခဲ့ပြီ ဆိုသည်မှာ အမှန်တရားပင်။

ဟူယန်သည်လည်း ချင်းရှောင်ဂိုဏ်း အတွင်း၌ သေချာပေါက် နာမည်ကြီးလာမည် ဖြစ်ပြီး သူတို့၏ စုဆောင်းရေး ကြိုးပမ်းမှုများ အတွက် ပစ်မှတ် တစ်ခုလည်း ဖြစ်လာမည် ဖြစ်သည်။

သူတို့က လီချင်းချိုး၏ အမြော်အမြင် နှင့် သူ၏ စွမ်းရည်များကို ယုံကြည်ကြသည်။ သာမန် ပါရမီရှင်များ ပင်လျှင် လီချင်းချိုးက စွမ်းဆောင်ရည် ရှိသော ပုဂ္ဂိုလ်များ အဖြစ်သို့ ပြုစုပျိုးထောင်ပေးနိုင်စွမ်း ရှိသည်။

စည်ကား သက်ဝင်လှသော နွေဦးပွဲတော် ညလေး ကုန်ဆုံးသွားခဲ့ပြီ…..

နောက်နေ့ နံနက်ခင်းတွင် ဟူယန်ကို ချင်းရှောင်တောင်သို့ ခေါ်ဆောင်သွားခဲ့ရာ သူ နေထိုင်သော အမည်ခံတပည့် ခြံဝင်းအတွင်း၌ ကြီးမားသော ဆူပူအုံကြွမှု တစ်ခု ဖြစ်ပေါ်သွားစေခဲ့၏။ အခြား တပည့်များက သူ့ကို ဘာကြောင့် ချင်းရှောင်တောင်သို့ သွားခွင့်ပြုရသနည်း ဆိုသည်ကို လုံးဝ မသိရှိခဲ့ကြချေ။

ကောင်းကင်လက်မှုပညာခန်းမ အတွင်း၌….

ကျူးချင်းလင်းက ကျူးမိသားစုဝင် အုပ်စု တစ်စု၏ နောက်မှ လိုက်ပါလာပြီး ခြံဝင်း တစ်ခုသို့ ရောက်ရှိလာခဲ့ရာ ထိုနေရာတွင် တစ်တန်းတည်း ရပ်ကာ စိုးရိမ် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်များဖြင့် စောင့်ဆိုင်းနေကြသည်။

မကြာမီမှာပင် ကျူးယန် ရောက်ရှိလာပြီး သူမ၏ နောက်တွင် ကျူးမိသားစုမှ တပည့်များ ပါလာကြရာ သူတို့က အလျင်အမြန်ပင် သူမကို ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။

ကျူးယန်က ထူးချွန်သော ပါရမီ ရှိသည့် မျိုးဆက်သစ်များကို အကဲခတ် ကြည့်ရှုလိုက်ပြီးနောက် ဂိုဏ်း၏ စည်းမျဉ်းများကို သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြခဲ့သည်။

ကျူးမိသားစုဝင်များကို မာနမကြီးစေချင်သဖြင့် သူမက ကြိုတင်၍ ပြင်းထန်သော စကား တစ်ခွန်းကို ပြောလိုက်သည်။ အကယ်၍ မည်သူမဆို ဂိုဏ်း၏ စည်းမျဉ်းများကို ချိုးဖောက်ပါက သူမ ကိုယ်တိုင် ဂိုဏ်းမှ ထုတ်ပယ်မည် ဖြစ်ကြောင်းပင်။

တစ်ချိန်တည်းမှာပင် ဤတပည့်များက ကျူးမိသားစု အတွက် ဂုဏ်သတင်းများ ယူဆောင်လာပေးလိမ့်မည်ဟု သူမ မျှော်လင့်နေသည်။

"မနေ့က ဂိုဏ်းချုပ်က ဟူယန်လို့ ခေါ်တဲ့ တပည့် တစ်ယောက်ကို လက်ခံလိုက်တယ်... သူက မင်းတို့နဲ့ မျိုးဆက်တူ တပည့် တစ်ယောက်ပဲ... သူက မင်းတို့ မော့ကြည့်ရမယ့် သူတစ်ယောက် ဖြစ်လာလိမ့်မယ်... အနာဂတ်မှာ မင်းတို့ ဟူယန်နဲ့ တွေ့တဲ့အခါ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားကြပါ... ဒါပေမဲ့ အရမ်းကြီး တမင်သက်သက် လုပ်ယူသလိုတော့ မဖြစ်စေနဲ့ပေါ့..."

ကျူးယန်က ဟူယန်ဆိုသော နာမည်ကို ပြောလိုက်သောအခါ ကျူးချင်းလင်း၏ လှပသော မျက်လုံးများက သူမ အကြားအာရုံ မှားယွင်းသွားသကဲ့သို့ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားတော့သည်။

All Chapters