← Chapters

မြောက်ပိုင်းကို နှိပ်စက်နေသော မိစ္ဆာဝိညာဉ်များ

Vol. 25 Ch. 247

မြောက်ပိုင်းကို နှိပ်စက်နေသော မိစ္ဆာဝိညာဉ်များ

Vol. 25 Ch. 247

နံနက်ခင်း အစောပိုင်း အချိန်တွင် ရွှီနင်း၊ ကျောက်ကျိန်း၊ ယွမ်လီနှင့် ကျိယာတို့ လင်းရှောင်ဝင်းသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။ သူတို့အားလုံး ယမန်နေ့ညကတည်းက သတင်းရရှိထားကြပြီး ဖြစ်သည်။ ယနေ့ ဆရာက သူတို့ကို ဘာကြောင့် ဆင့်ခေါ်ရသနည်းဆိုလျှင် ဆဋ္ဌမမြောက် ဂိုဏ်းတူညီလေးနှင့် တွေ့ဆုံရန် ဖြစ်ပေသည်။

ကျောက်ကျိန်းနှင့်သူငယ်ချင်း နှစ်ယောက်က ဟူယန်နှင့် ပတ်သက်၍ သိချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး နောက်ဆုံးတော့ သူတို့ အနိုင်ကျင့်နိုင်မည့် ဂိုဏ်းတူညီလေး တစ်ယောက် ရရှိလာပြီ ဖြစ်သည်။

အဟမ်း အဟမ်း... တကယ်တော့ ပြုစုစောင့်ရှောက်ပေးရမှာပါ….

လီချင်းချိုးကလည်း ခြံဝင်းထဲသို့ စောစော ရောက်ရှိနေသည်။ ခေတ်ကာလများ ပြောင်းလဲသွားပြီး အခြေအနေများကလည်း ယခုအခါ ကွာခြားသွားပြီ ဖြစ်သည်။ တပည့် လက်ခံရာတွင် သင့်လျော်သော အခမ်းအနား ရှိရမည် ဖြစ်ပြီး ၎င်းက သူ့ကို ကိုယ်စားပြုရုံသာမက ချင်းရှောင်ဂိုဏ်း၏ ခမ်းနားကြီးကျယ်မှုကိုလည်း ကိုယ်စားပြုပေသည်။

လီချင်းချိုး၏ တပည့် ဖြစ်လာခြင်းက ဂိုဏ်း၏ တာဝန်ဝတ္တရား အချို့ကို မလွှဲမရှောင်သာ တာဝန်ယူရမည် ဖြစ်ကြောင်း အဓိပ္ပာယ်သက်ရောက်သည်။

အရေးကြီးသော တာဝန် တစ်ခုခု ရှိလာတိုင်း ဂိုဏ်းက ပထမဆုံး တွေးမိသူမှာ ရွှီနင်းပင် ဖြစ်သည်။

ကျောက်ကျိန်းက ကျမ်းစာတိုက် အတွက် ပထမဆုံး ပံ့ပိုးကူညီသူ ဖြစ်သည်။

ယွမ်လီ၏ ခန္ဓာကိုယ်ကျင့်ကြံသူ လမ်းစဉ်က တပည့်များ၏ ထက်ဝက်ခန့်ကို လွှမ်းမိုးထားနိုင်ခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော နှစ်နှစ်အတွင်း ကျိယာကလည်း ကွမ်ကျိုးစီရင်စုတွင် စတင် လှုပ်ရှားနေပြီ ဖြစ်ပြီး သာမန် တပည့်များ မဖြေရှင်းနိုင်သော ပြဿနာများကို ဖြေရှင်းပေးနေသည်။

အနာဂတ်တွင် လီချင်းချိုးက သူတို့ကို တာဝန်များ ခွဲဝေပေးမည် ဖြစ်ပြီး သူတို့၏ အာဏာကို သတ်မှတ်ပေးမည် ဖြစ်သည်။

လီတုန်းယွဲ့၊ လီစစ်ကျင်နှင့် ချင်းရှောင်ဘိုးဘေးတို့လည်း ခြံဝင်းထဲတွင် ရှိနေကြပြီး သူတို့က လီချင်းချိုး အသစ် လက်ခံလိုက်သော တပည့်ကို အလွန် စိတ်ဝင်စားနေကြသည်။

" မသိလိုက်ခင်မှာပဲ ကျောက်ကျိန်းနဲ့ ယွမ်လီတို့တောင် အသက် ဆယ့်ရှစ်နှစ်တောင် ပြည့်သွားပြီပဲ... အချိန်တွေ ကုန်တာ တကယ် မြန်တယ်နော်..."ဟု လီစစ်ကျင်က မှတ်ချက်ချလိုက်သည်။

ကျောက်ကျိန်းနှင့် ယွမ်လီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ နှစ်ဦးစလုံး အတော်လေး အရပ်ရှည်လာကြောင်း သတိပြုမိလိုက်ကြသည်။

အသက် နှစ်ဆယ့်ငါးနှစ် အရွယ် ကျိယာက ပို၍ တည်ငြိမ်နေ၏။ သူက မျက်နှာပေါ်တွင် အပြုံးတစ်ခု ပန်ဆင်ထားပြီး စကားသိပ်မပြောသော်လည်း မူလချီစွမ်းအင်များ ပိုမို အစွမ်းထက်လာသည်နှင့်အမျ အရှိန်အဝါကို ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။ ထိုနေရာတွင် ထိုင်နေသော သူက တည်ငြိမ်နေသည့် ခြင်္သေ့ တစ်ကောင်နှင့် တူနေသည်။

လီတုန်းယွဲ့က လီစစ်ကျင်ကို ကြည့်၍ ပြုံးကာ

"နင်လဲ အသက်ကြီးလာပြီပဲ..."

လီစစ်ကျင်က ယခုနှစ်တွင် အသက် ၂၅ နှစ် ပြည့်မည် ဖြစ်သည်။ လီချင်းချိုးနှင့် အခြားသူများ၏ မျက်လုံးထဲတွင် သူမက အမြဲတမ်း ဂိုဏ်းတူညီမလေး ဖြစ်ပြီး ကလေး တစ်ယောက်သာ ဖြစ်နေ၏။ သို့သော်လည်း ဂိုဏ်းသားတပည့်များ၏ မျက်လုံးထဲတွင်မူ သူမက ကျင့်ကြံရေးခန်းမ ၏ ခမ်းနားထည်ဝါသော ခန်းမသခင်ပင် ဖြစ်သည်။

လီချင်းချိုးက ကုလားထိုင်ပေါ်တွင် ထိုင်၍ သူတို့၏ စကားများကို နားထောင်နေရင်း ကြီးမားသော အောင်မြင်မှု ခံစားချက် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူသည် ဆရာ ထွက်သွားပြီးနောက် ဂိုဏ်းတူညီ၊ ဂိုဏ်းတူညီမများကို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ခဲ့သည်။

နောက်ထပ် နှစ်တစ်ရာ ကြာပြီးသည့်တိုင် သူတို့ ခုနစ်ယောက်စလုံး ဤနေရာတွင် ရှိနေဆဲဖြစ်ရန် သူ မျှော်လင့်ပြီး လီချင်းချိုးက ထိုပန်းတိုင်ဆီသို့ ဦးတည် ကြိုးပမ်းသွားမည် ဖြစ်သည်။

လူတိုင်းက အတိတ်ကို ပြန်လည် သတိရရင်း စကားပြောကာ ရယ်မောနေကြသည်။

မည်သူမဆို ချင်းရှောင်ဂိုဏ်း၏ ကြီးမားသော အပြောင်းအလဲများကို ခံစားသိရှိနိုင်ပေသည်။

ချင်းရှောင်ဂိုဏ်း၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အရ ယခုနှစ်တွင် မှတ်ပုံတင်ထားသော တပည့် အရေအတွက် နှစ်သောင်း ကျော်လွန်သွားမည် ဖြစ်ပြီး ၎င်းက အသေးအဖွဲ အရေအတွက် မဟုတ်ချေ။

အချိန်အနည်းငယ် အကြာတွင် ဟူယန် ရောက်ရှိလာသည်။

သူ့ကို ကြိုဆိုသော တပည့်က လင်းရှောင်ဝင်း၏ တံခါးဝ အထိသာ လိုက်ပို့ပေးခဲ့သည်။ သူက ခြံဝင်း အတွင်းသို့ သတိထား၍ ဝင်ရောက်လာပြီး သူ ဝင်လာသည်နှင့် လူတိုင်း၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်သွားသည်။

ဟူယန်ခင်မျာ ကြီးမားသော ဖိအား တစ်ခုကို ခံစားလိုက်ရသည်။

ရွှီနင်းကို သူ ယခင်က တွေ့ဖူးပြီး ဖြစ်ပြီး သူမ၏ အရှိန်အဝါက အစွမ်းထက်လှ၏။

ယခုအချိန်တွင် သူ့ကို အကြီးမားဆုံး ဖိအား ပေးနေသူများမှာ ကျောက်ကျိန်းနှင့် ကျိယာတို့ပင် ဖြစ်သည်။

ကျောက်ကျိန်းက ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေပြီး ရွေးချယ်ခံရသူ တစ်ဦး၏ အရှိန်အဝါက သူ့ထံသို့ ရိုက်ခတ်လာသည်။ ကျိယာက သူ့ကို စူးစိုက်ကြည့်နေပြီး အကယ်၍ သူသာ မည်သည့် မကောင်းကြံမှုကိုမျှ မခံစားရပါက ကျိယာက သူ့ကို မနှစ်မြို့ကြောင်း သံသယ ဝင်မိပေလိမ့်မည်။

သူက သတ္တိမွေး၍ လီချင်းချိုးထံသို့ လျှောက်သွားကာ ဝတ်ရုံများကို ပင့်တင်၍ ဒူးထောက်ချလိုက်ပြီး…

"ဟူယန်... ဆရာ့ကို ဂါရဝပြုပါတယ်..."

"ထပါ... နေရာ တစ်နေရာ ရှာထိုင်လိုက်..."

ဟူယန်က မတ်တတ်ရပ်၍ တစ်ခဏမျှ တွေဝေသွားပြီးနောက် ယွမ်လီ၏ ဘေးတွင် ထိုင်ရန် ရွေးချယ်လိုက်သည်။

ယွမ်လီက သူ့ကို လှည့်ကြည့်၍ ကြင်နာသော အပြုံးတစ်ခု ပြသလိုက်သဖြင့် ဟူယန် ၏ ဖိအားများကို များစွာ လျော့ကျသွားစေသည်။

ထို့နောက် လီချင်းချိုးက….

"ဝါစဉ်အတိုင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြ..."

ရွှီနင်းက ခေါင်းညိတ်၍ ကိုယ့်ကိုယ်ကိုယ် အရင် မိတ်ဆက်လိုက်ပြီးနောက် သူမ၏ နောက်တွင် ယွမ်လီက ဆက်လက် မိတ်ဆက်လိုက်သဖြင့် ဟူယန် အံ့အားသင့်သွားသည်။

ယွမ်လီက တတိယ ဂိုဏ်းတူအစ်ကို ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ အကြောက်ရဆုံးဟု ထင်ရသော သူနှစ်ယောက်က လက်တွေ့တွင် အငယ်ဆုံးများ ဖြစ်နေသည်။

"ငါ့နာမည်က ကျောက်ကျိန်း... မင်းရဲ့ စတုတ္ထ ဂိုဏ်းတူအစ်ကိုပေါ့..."

ကျောက်ကျိန်းက ဟူယန် ကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

ဒါဆို သူက ကျောက်ကျိန်းပေါ့…..

ဟူယန်က ချင်းရှောင်ဂိုဏ်းတွင် သုံးရက်ပင် မပြည့်သေးသော်လည်း ကျောက်ကျိန်း၏ နာမည်ကို သူ ကြားဖူးပြီးသားပင်။

ချင်းရှောင်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်….

မျှော်လင့်ထားသည့် အတိုင်း ကျောက်ကျိန်း၏ ယုံကြည်မှုက တကယ့်ကို အံ့မခန်းပင်။

ကျိယာက ….

"ငါ့နာမည်က ကျိယာ... မင်းရဲ့ ပဉ္စမ ဂိုဏ်းတူအစ်ကိုပေါ့... ဆက်သွယ်ကြတာပေါ့..."

သူက ကျောက်ကျိန်း၊ ယွမ်လီတို့နှင့် မတူညီသော ကိုယ်ရည်ကိုယ်သွေး ရှိပြီး သူတို့က ပုံမှန်အားဖြင့် သိပ်ပြီး အဆင်မပြေကြသဖြင့် ဟူယန် အပေါ် မျှော်လင့်ချက် အချို့ ရှိနေကာ သူတို့ နှစ်ဦးက စိတ်တူကိုယ်တူ သူငယ်ချင်းများ ဖြစ်လာနိုင်ရန် မျှော်လင့်နေသည်။

"ကျွန်တော့် နာမည်က ဟူယန်ပါ... ဂိုဏ်းတူအစ်မတွေ၊ ဂိုဏ်းတူအစ်ကို တွေကို တွေ့ရတာ ဝမ်းသာပါတယ်..."

ဟူယန်က အလျင်အမြန် မတ်တတ်ရပ်၍ ပြောလိုက်ပြီး လူတိုင်းကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။

ထို့နောက်တွင် လီချင်းချိုးက လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့ကို ဟူယန် အား မိတ်ဆက်ပေးခဲ့သည်။ အမျိုးသမီး နှစ်ဦးက လက်ဆောင်များကို ကြိုတင် ပြင်ဆင်ထားပြီး သိုလှောင်အိတ်ထဲတွင် ထည့်ထားပေးသဖြင့် ၎င်းက ဟူယန် ကို လွန်စွာ ဂုဏ်ယူ ဝမ်းမြောက်သွားစေသည်။

ဟူယန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရှောင်ဝူချင်း ခြံဝင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာပြီး သူ့အတွေးများကို ဖြတ်တောက်လိုက်သည်။

ရှောင်ဝူချင်းက စားပွဲအနီးသို့ ကပ်လာပြီး လီချင်းချိုးကို ဦးညွှတ်ကာ….

"ဂိုဏ်းချုပ်... မြောက်ပိုင်းနယ်မြေမှာ ပြဿနာ တစ်ခု ထပ်ဖြစ်ပြန်ပြီ..."

ထိုစကားကို ကြားသောအခါ လီချင်းချိုး၏ အပြုံး ပျောက်ကွယ်သွားပြီး အခြားသူများကလည်း မျက်မှောင်ကြုတ်သွားကြသည်။

ရှောင်ဝူချင်းက ဟူယန်ကို မသိမသာ တစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် သုံးသပ်ချက် တစ်ခု ချမှတ်လိုက်သည်။

ရှောင်ညီနောင်သုံးဖော် အားလုံးက လီချင်းချိုး၏ တပည့်များ ဖြစ်လာချင်ကြသော်လည်း ကံမကောင်းစွာဖြင့် လီချင်းချိုးက သူတို့ကို သဘောမကျခဲ့ချေ။ ထို့ကြောင့် လီချင်းချိုး တပည့် လက်ခံနေကြောင်း သူတို့ သိရှိသွားသောအခါ အတော်လေး စိတ်ပျက်သွားကြသည်။

သေချာသည်မှာ သူတို့က ဟူယန် အပေါ် ရန်လိုနေခြင်း မဟုတ်ဘဲ မည်သူမည်ဝါ ဖြစ်ကြောင်းကိုသာ သိရှိလိုကြခြင်း ဖြစ်သည်။ ဟူယန်က ဘာကြောင့် ဤမျှ ကြီးမားသော ဂုဏ်ကျေးဇူးကို ရရှိရန် ထိုက်တန်နေရသနည်း…

"ဘာဖြစ်လို့လဲ..."

မြောက်ပိုင်း အကြောင်း တွေးမိသောအခါ ပထမဆုံး သတိရမိသည်မှာ တစ္ဆေဘုရင်တောင်ကြားပင် ဖြစ်သည်။

တစ္ဆေဘုရင်တောင်ကြားမှ ထွက်ပြေးချင်နေသော မိစ္ဆာဝိညာဉ်များ တောင်ဘက်သို့များ ဆင်းလာကြပြီလား….

"မြောက်ပိုင်းနန်းတွင်းက ဂိုဏ်းချုပ်ကို လာတွေ့ဖို့ လူတစ်ယောက် လွှတ်လိုက်ပါတယ်... မြောက်ပိုင်းနယ်မြေက ချင်းရှောင်ဂိုဏ်း ရဲ့ အကူအညီကို လိုအပ်နေတယ်လို့ ဆိုပါတယ်... အသေးစိတ်ကိုတော့ ဂိုဏ်းချုပ်ကို ကိုယ်တိုင်ကိုယ်ကျတွေ့ရမှ ပြောမယ်လို့ ပြောပါတယ်..."

"မြောက်ပိုင်းနန်းတွင်းက လူတစ်ယောက်... နာမည်က ဘယ်သူတဲ့လဲ..."

"သူ့ကိုယ်သူ ဖန်ထျန်းရှုလို့ ခေါ်ပါတယ်..."

"သူ့ကို ဝင်လာခိုင်းလိုက်..."

လီချင်းချိုး စဉ်းစားလိုက်သည်။မြောက်ပိုင်းနန်းတွင်းက သူ့ထံသို့ အကူအညီ လာတောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ရှောင်ဝူချင်းက အမိန့်ကို ချက်ချင်း လက်ခံ၍ ထွက်သွားတော့ လီချင်းချိုးက တပည့်များကို လူစုခွဲခြင်း မပြုဘဲ ဤကိစ္စကို အတူတကွ ရင်ဆိုင်စေရန် ဆုံးဖြတ်လိုက်သည်။

ဟူယန် ချက်ချင်းပင် နေမထိထိုင်မသာဖြစ်လာသည်။ သူ တပည့် ဖြစ်လာသည်မှာ ယခုလေးတင်မှ ဖြစ်ပြီး ဤမျှ ကြီးမားသော ကိစ္စရပ် တစ်ခုကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

မြောက်ပိုင်းလူရိုင်းများ၏ မင်းဆက် ဖြစ်သော မြောက်ပိုင်းနန်းတွင်းနှင့် ကိုးပြည်ထောင်နယ်မြေတို့မှာ ရှည်လျားသော ရန်ငြိုးများ ရှိကြောင်း သူ သိထားသည်။ ချင်းရှောင်ဂိုဏ်းက မြောက်ပိုင်းလူရိုင်းများကို နှင်ထုတ်ရန် တပည့်များကို စေလွှတ်ခဲ့သည်ဆိုသော သတင်းများက နေရာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုး အောက်တွင် မြောက်ပိုင်းနန်းတွင်းက လီချင်းချိုးထံမှ မည်သည့် အကူအညီမျိုး တောင်းခံမည်နည်း။

မကြာမီမှာပင် ရှောင်ဝူချင်းက ဖန်ထျန်းရှုကို ခြံဝင်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ဖန်ထျန်းရှုက ကိုးပြည်ထောင်နယ်မြေမှ သိုင်းပညာရှင် တစ်ဦး အဖြစ် ရုပ်ဖျက်ထားသည်။ သူသည် တောင့်တင်း ခိုင်မာပြီး ခက်ထန်ပြတ်သားသော မျက်နှာသွင်ပြင် ရှိသည်။ မူလရုပ်သွင်ကိုအစွမ်းကုန် ဖုံးကွယ်ထားရန် ကြိုးစားသော်လည်း မြောက်ပိုင်းလူရိုင်း စစ်သူကြီး တစ်ဦး၏ အရှိန်အဝါကတော့ ပေါ်လွင်နေဆဲပင်။

လီချင်းချိုးကို မြင်သောအခါ သူ့ မျက်နှာက အံ့အားသင့်မှုနှင့် ဝမ်းသာမှုတို့ဖြင့် လင်းလက်သွားသည်။

ရွှမ်ကျီတောင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲက လီချင်းချိုး၏ မျက်နှာကို မမေ့နိုင်အောင် ဖြစ်သွားစေခဲ့သည်။

သူက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးလာပြီး ရွှီနင်း၏ နောက်တွင် ဒူးထောက်ချကာ လီချင်းချိုးကို ကြည့်၍ ….

"ဂိုဏ်းချုပ်လီ... မြောက်ပိုင်းနန်းတွင်းကို ကျေးဇူးပြုပြီး ကယ်တင်ပေးပါ... မြောက်ပိုင်းနန်းတွင်းက လူကြီးမင်းနဲ့ ချင်းရှောင်ဂိုဏ်းကို မျိုးဆက် အဆက်ဆက် ကိုးကွယ်သွားဖို့ ဆန္ဒရှိပါတယ်..."

"မင်းရဲ့ ရည်ရွယ်ချက်ကို အရင် ရှင်းပြသင့်တယ် မဟုတ်ဘူးလား..."

"လူကြီးမင်း ထွက်သွားပြီးကတည်းက မြောက်ပိုင်းနယ်မြေမှာ မိစ္ဆာဝိညာဉ်တွေနဲ့ ဖရိုဖရဲ ဖြစ်မှုတွေ ထပ်ပြီး ပေါ်လာပြန်ပါတယ်... နန်းတော်ထဲကိုတောင် မိစ္ဆာတစ်ကောင် ဝင်ရောက်လာပြီး အပြစ်တွေ အများကြီး ကျူးလွန်ခဲ့ပါတယ်... အခုဆိုရင် မြောက်ပိုင်းနန်းတွင်းက ပြည်သူတွေ ဒုက္ခရောက်နေရုံသာမက ဧကရာဇ် ကိုယ်တိုင်လည်း အမြဲတမ်း ကြောက်လန့်တကြား နေထိုင်နေရပါတယ်..."

"မိစ္ဆာဝိညာဉ်တွေ ဘယ်လောက်တောင် ရှိနေလို့လဲ..."

"ပြောရခက်ပါတယ်... မြောက်ပိုင်းနန်းတွင်းမှာ တစ္ဆေစစ်သည် တွေတောင် ပေါ်ထွက်လာနေပါပြီ... သူတို့က ညဘက်တွေမှာ လှုပ်ရှားကြပြီး သူတို့ရဲ့ အရေအတွက်က အဆက်မပြတ် တိုးလာနေပါတယ်... အကယ်၍ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် မြောက်ပိုင်းနန်းတွင်း တစ်ခုလုံးက တစ္ဆေစစ်တပ်ကြီး ဖြစ်လာပြီး တောင်ဘက်ကို သေချာပေါက် ဆင်းလာကြပါလိမ့်မယ်... အကယ်၍ ချင်းရှောင်ဂိုဏ်းက အခု ဝင်ရောက် စွက်ဖက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ မြောက်ပိုင်းနန်းတွင်းကို ကယ်တင်နိုင်ရုံသာမက အနာဂတ် ကိုးပြည်ထောင်နယ်မြေကိုပါ ကယ်တင်နိုင်ပါလိမ့်မယ်..."

သူက အလျင်အမြန် ပြောလိုက်ပြီး လီချင်းချိုး စဉ်းစားနေသည်ကို မြင်သောအခါ မိစ္ဆာဝိညာဉ်များ ကျူးလွန်ခဲ့သော တိကျသည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ပြောပြလေတော့သည်။

ရွာများနှင့် လူမျိုးစုများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ နှလုံးများနှင့် အူများ အဆွဲထုတ်ခံရခြင်း စသည့် အကြောက်မက်ဖွယ် ကောင်းသော ကိစ္စရပ်များက နေ့စဉ်နေ့တိုင်း ဖြစ်ပွားနေသည်။ မြောက်ပိုင်းနန်းတွင်း တစ်ခုလုံးလည်း ဖရိုဖရဲ ဖြစ်နေချေပြီ။

နေရာအသီးသီးရှိ တာဝန်ရှိသူများနှင့် စစ်သူကြီးများမှာ သူတို့ကိုယ်သူတို့ ကယ်တင်ရန်ပင် အလုပ်များနေကြသည်။ သူတို့က ဧကရာဇ်ကိုပင် မကာကွယ်နိုင်ကြတော့ဘဲ လောကကြီးအတွက် တိုက်ပွဲဝင်ရန် တောင်ဘက်သို့ ချီတက်ဖို့ ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။

မြောက်ပိုင်းနန်းတွင်း၏ ဆိုးရွားသော အခြေအနေကို ကြားသောအခါ လူတိုင်း၏ အမူအရာများ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်။

ဟူယန်၏ နားလည်ထားမှုများ ကြီးမားစွာ တုန်လှုပ်သွားသည်။ မြောက်ပိုင်းနယ်မြေက ဤမျှ ဆိုးရွားသော ဘေးဒုက္ခကြီးကို ခံစားနေရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဖူးခဲ့ချေ။ ဤလောကကြီးတွင် မိစ္ဆာဝိညာဉ်များ အမှန်တကယ် ရှိနေပြီး သူတို့က လွန်စွာ ရက်စက်ကြမ်းကြုတ်ကြောင်း သူ သဘောပေါက်သွားချေပြီ။

ထိုစကားများကို ကြားပြီးနောက် သူ စိုးရိမ်ခဲ့ရသည့် အရာများ အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း လီချင်းချိုး သဘောပေါက်သွားသည်။

ဖန်ထျန်းရှု ပြောသည်က မှန်ကန်ကြောင်း သူ ဝန်ခံရမည်။ အကယ်၍ ထိုမိစ္ဆာဝိညာဉ်များကို သောင်းကျန်းခွင့် ပြုထားပါက နောက်ဆုံးတွင် ချင်းရှောင်ဂိုဏ်းကို ခြိမ်းခြောက်လာမည် ဖြစ်သည်။ သို့သော်လည်း ဤကိစ္စကို ပေါ့ပေါ့တန်တန် သဘောထား၍ မရနိုင်ချေ။

တစ္ဆေဘုရင် ကျိမင်၏ စွမ်းအားကို လီချင်းချိုး သိထားသည်။ကျိမင်ကို ကိုင်တွယ် ဖြေရှင်းနိုင်ရုံဖြင့် အခြား တပည့်များလည်း ထိုသို့ လုပ်ဆောင်နိုင်မည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။

ဖန်ထျန်းရှု စကားပြောလို့ ပြီးဆုံးသွားသောအခါ လီချင်းချိုးက ….

"ငါတို့ ချင်းရှောင်ဂိုဏ်းက ဒီကိစ္စကို ဆွေးနွေးဖို့ လိုသေးတယ်... မင်း သွားပြီး ရက်အနည်းငယ်လောက် အနားယူနေလိုက်ပါလား..."

ထိုစကားကို ကြားသောအခါ ဖန်ထျန်းရှုမှာ အနည်းငယ် စိုးရိမ်သွားသော်လည်း လီချင်းချိုး၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရသောအခါ သူ မကန့်ကွက်ရဲဘဲ အဆုံးတွင် သဘောတူလိုက်ရသည်။

လီချင်းချိုးက ရှောင်ဝူချင်းကို တစ်ချက် ကြည့်၍ သူ့ကို ခေါ်သွားရန် အချက်ပြလိုက်သည်။

သူတို့ နှစ်ဦး ထွက်သွားပြီးနောက် လီချင်းချိုးက တပည့်များကို ကြည့်၍….

"မင်းတို့ ကြားတယ်မလား... ချင်းရှောင်ဂိုဏ်းက ကိုးပြည်ထောင်နယ်မြေမှာ အထွတ်အထိပ်ကို ရောက်နေပေမဲ့ အခက်အခဲတွေ အများကြီးက ငါတို့ကို စောင့်ကြိုနေတုန်းပဲ... ငါတို့ ပိုပြီး အစွမ်းထက်လာလေလေ ရန်သူတွေနဲ့ ဘေးဒုက္ခတွေကို ပိုပြီး ရင်ဆိုင်ရလေလေ ဖြစ်လိမ့်မယ်... ဒါက မလွဲမရှောင်သာပဲ... အကယ်၍ ငါတို့က သာမန် သိုင်းလောက ဂိုဏ်း တစ်ခုသာ ဆိုရင်... နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အထိ အဲဒီ မိစ္ဆာဝိညာဉ်တွေ တောင်ဘက်ကို ပြောင်းရွှေ့လာမှာ မဟုတ်သလို ငါတို့ ဘဝမှာလည်း ဒီလို ကိစ္စမျိုးတွေနဲ့ ကြုံတွေ့ရမှာ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့က သိုင်းလောကဂိုဏ်း မဟုတ်ဘူး... မသေမျိုးလမ်းစဉ်ကို လိုက်စားနေတဲ့ဂိုဏ်းတစ်ခု ကောင်းကင်ကို ဆန့်ကျင်တဲ့ လမ်းစဉ်ပေါ်မှာ ရှိနေတာပဲ..."

ရွှီနင်း၊ ယွမ်လီ၊ ကျောက်ကျိန်း၊ ကျိယာနှင့် ဟူယန်တို့မှာ တိတ်ဆိတ်နေကြပြီး သူတို့၏ စိတ်အခြေအနေများ အနည်းငယ် လေးလံနေကြသည်။

လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့ကတော့ အဆင်ပြေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ပြည်တွင်းရေး ကိစ္စများကို တာဝန်ယူထားပြီး သူတို့၏ စိတ်အခြေအနေကို မည်သို့ စီမံခန့်ခွဲရမည်ကို သင်ယူထားပြီး ဖြစ်သဖြင့် သူတို့၏ အလုပ်ကို ကောင်းစွာ လုပ်ဆောင်ပြီး ဂိုဏ်းကို ယုံကြည်ရန်သာရှိသည်။

လီချင်းချိုးက ဟူယန်ကို ကြည့်၍ …

"မနက်ဖြန် မနက်လင်းတာနဲ့ ငါ့ဆီကို လာခဲ့... မင်းကို ငါတို့ ဂိုဏ်းရဲ့ အကောင်းဆုံး ကျင့်စဉ် ဖြစ်တဲ့ ဟွမ်ယွမ်ကျမ်းစာကို သင်ပေးမယ်..."

ဟူယန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျိယာက …

"ဆရာ... ဒီလို အသေးအဖွဲ ကိစ္စလေးအတွက် ဆရာ့ကို ဘာလို့ ဒုက္ခပေးနေရဦးမှာလဲ... ဟွမ်ယွမ်ကျမ်းစာကို ကျွန်တော် သူ့ကို လက်ဆင့်ကမ်း သင်ပေးလိုက်ရင်ကော..."

ထိုစကားကို ကြားသောအခါ လီချင်းချိုး၏ အကြည့်များက ကျိယာ အပေါ်သို့ ကျရောက်သွားပြ မျက်လုံးများတွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။

ဤကောင်လေးက နောက်ဆုံးတော့ ခြေတစ်လှမ်း ရှေ့တိုးလာခဲ့ပြီ ဖြစ်ပြီး သူငယ်ချင်းများ ပတ်ဝန်းကျင်တွင်သာ လည်ပတ်နေခြင်း မဟုတ်တော့ပေ။

"ကောင်းပြီလေ..."

လီချင်းချိုးက သဘောတူလိုက်တော့ ကျိယာက ပြုံးလိုက်ပြီး ဟူယန်မှာမူ ကောင်းစွာ မစွမ်းဆောင်နိုင်ခဲ့ဘဲ ဤဂိုဏ်းတူအစ်ကိုကို စော်ကားမိမည် စိုးသဖြင့် အနည်းငယ် စိုးရိမ်နေသည်။

ထို့နောက်တွင် လီချင်းချိုးက ဟူယန်ကို ဂိုဏ်း၏ စည်းမျဉ်းများနှင့် တပည့်များ အတွက် သတ်မှတ်ချက်များကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြခဲ့ရာ နာရီဝက် အပြည့် ကြာမြင့်ခဲ့ပြီးနောက်မှသာ တပည့်များကို ထွက်ခွာခွင့် ပြုလိုက်သည်။

မြောက်ပိုင်းနန်းတွင်း၏ အကူအညီ တောင်းခံမှုနှင့် ပတ်သက်၍ ဂိုဏ်း၏ အထက်လူကြီးများကို ချက်ချင်း ခေါ်ယူ ဆွေးနွေးခြင်း မပြုဘဲ ရက်အနည်းငယ်ခန့် အနားယူရန် စီစဉ်ထားသည်။

နောက်နေ့ နံနက်ခင်းတွင် ကျိယာက ဟူယန်၏ ခြံဝင်းသို့ တက်ကြွစွာ လာရောက်ခဲ့ပြီး ဟွမ်ယွမ်ကျမ်းစာကို သင်ကြားပေးခဲ့သည်။

ဤဂိုဏ်းတူအစ်ကိုက သူ ထင်ထားသလောက် ပေါင်းသင်းဆက်ဆံရန် မခက်ခဲကြောင်း ဟူယန် တွေ့ရှိလိုက်ရပြီး ထင်ထားသည်ထက် များစွာ ပို၍ ကောင်းမွန်နေပေသည်။

ထူးချွန်ပြောင်မြောက်သော ကျင့်ကြံရေး ပါရမီကို ပိုင်ဆိုင်ထားသဖြင့် ဟူယန် ၏ ကျင့်ကြံခြင်း လုပ်ငန်းစဉ်က လွန်စွာ ချောမွေ့စွာ ပြီးဆုံးသွားသည်။ တကယ်တမ်းတွင် ကျိယာက သူ ကောင်းစွာ မသင်ကြားပေးနိုင်မည်ကို စိုးရိမ်နေသော်လည်း ရလဒ်အနေဖြင့် ဟူယန်က အမွှေးတိုင် တစ်တိုင်စာ အချိန်ပင် မပြည့်မီ မူလချီစွမ်းအင်များကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။

"ပါရမီရှင်ပဲ..."

ဤသည်မှာ ထိုအခိုက်အတန့်တွင် ဟူယန် အပေါ် ကျိယာ၏ အကဲဖြတ်မှု ပင် ဖြစ်သည်။

ဂိုဏ်းတူဦးလေးကျန်း ပြောသည်က မှန်ကန်သည်။ ဆရာ၏ အကဲဖြတ်မှုက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှ၏။ ယမန်နေ့က ဟူယန်တွင် ထူးခြားသော ပါရမီ ရှိကြောင်းကို သူ အမှန်တကယ် မမြင်တွေ့ခဲ့ချေ။

ခြံဝင်းထဲတွင် တရားထိုင်၍ အသက်ရှူ လေ့ကျင့်နေသော ဟူယန်ကို သူ ကြည့်လိုက်ရာ ဟူယန်ထံမှ အရှိန်အဝါ တစ်ခု ထွက်ပေါ်နေကြောင်း သူ အာရုံခံမိသည်။

သူ့တွင် ယုတ္တိမတန်သော အတွေးတစ်ခုပင် ရှိနေသည်။

ဤဂိုဏ်းတူညီလေးက သူ့ထက်၊ ယွမ်လီ ထက်၊ ပြီးတော့ ကျောက်ကျိန်း ထက်တောင် ပိုပြီး ပါရမီ ပါနေလောက်တယ်...

All Chapters