← Chapters

ကျုံးထျန်းမသေမျိုးမြို့တော်

Vol. 25 Ch. 248

ကျုံးထျန်းမသေမျိုးမြို့တော်

Vol. 25 Ch. 248

မူလချီစွမ်းအင်ကို ကျင့်ကြံပြီးနောက် မူလအားဖြည့်နယ်ပယ်၏ ပထမအလွှာ သို့ ဝင်ရောက်လာသော ဟူယန်က ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ တရားဝင် ခြေချလိုက်ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ် အတွင်းရှိ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကလည်း နိုးထလာ၏။

အာရုံခံစားမှုများက ပိုမို ထက်မြက်လာပြီး စိတ်ထဲတွင် မကြုံစဖူး ရှင်းလင်းသော အခြေအနေ တစ်ခုသို့ ဝင်ရောက်နေကြောင်း သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

စိုးရိမ်ပူပန်မှုများနှင့် ဖိအားများ အားလုံး ပျောက်ကွယ်သွားပြီး စိတ်သက်သာရာ ရသွားသလို ခံစားရခြင်းပင်။

ဤခံစားချက်က ဖော်ပြ၍ မရနိုင်လောက်အောင် ကောင်းမွန်လှသဖြင့် သူ့ကို ကျင့်ကြံခြင်းတွင် ပို၍ပင် နစ်မျောသွားစေသည်။ သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ချီ မား ပိုမို တက်ကြွလာကြောင်းကိုပင် သူ ခံစားရသည်။

ကျိယာ၏ မျက်လုံးထဲတွင် ဟူယန်၏ ပတ်ဝန်းကျင်၌ အဖြူရောင် အလင်းတန်းများ စတင် ထွက်ပေါ်လာပြီး ဤအဖြူရောင် အလင်းရောင်က သူ့ကို ရှင်းပြ၍ မရနိုင်သော လေးစား ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည်။

"ဒါက..."

ကျိယာ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ဤအဖြူရောင် စွမ်းအင်က ဟွမ်ယွမ်ကျမ်းစာနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း သူ သိနိုင်ပေသည်။ ဤဂိုဏ်းတူညီလေး ထံတွင် တတိယ ဂိုဏ်းတူအစ်ကို ဖန်တီးခဲ့သော အရှိန်အဝါလို ဖုံးကွယ်နေသော အထူး စွမ်းအား တစ်ခု ရှိနေခြင်းများလား။

အစပိုင်း အံ့အားသင့်မှု ပြီးဆုံးသွားပြီးနောက် ဟူယန် အပေါ် မြင့်မားသော မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့် ဟူယန်က ဝိညာဉ်ရေးရာ ကျင့်ကြံခြင်းတွင် ကျိယာ၏ နောက်သို့ စတင် လိုက်ပါခဲ့တော့သည်။

…….

သုံးရက် အကြာ မွန်းတည့်ချိန်တွင် လင်းရှောင်ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ခန်းမသခင်များ အားလုံး ရောက်ရှိလာကြသည်။

အစပိုင်းတွင် သူတို့က ကျုံးထျန်းမသေမျိုးမြို့တော် အကြောင်း ဆွေးနွေးရန်ဟု ထင်မှတ်ခဲ့ကြသည်။ ဤကိစ္စကို တာဝန်ယူထားသော ကျန်းယွီချွန်းက အမိန့်များ စတင် ထုတ်ပြန်နေပြီ ဖြစ်ပြီး ရက်အနည်းငယ် အတွင်း ပင်မတပ်ဖွဲ့က ကျုံးထျန်းစီရင်စုရှိရာ မြောက်ဘက်ဆီသို့ ချီတက်တော့မည် ဖြစ်သည်။

မြောက်ပိုင်းနန်းတွင်းရှိ ပြဿနာများ အကြောင်း လီချင်းချိုးက ပြန်လည် ပြောပြသောအခါ လူတိုင်း မျက်မှောင်ကြုတ်သွားကြပြီး တည်ကြည်လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

လင်းရှောင်ဝင်း တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အချိန်အနည်းငယ် အကြာတွင် ယန်ကျွယ်တိန်က လူတိုင်းကို အကဲခတ် ကြည့်ရှု၍ ….

"ဒီကိစ္စကို ကျူပ်တို့ ဖြေရှင်းမှ ရမယ်... အကယ်၍ မိစ္ဆာဝိညာဉ်တွေ ပြဿနာ ရှာနေတာ သက်သက်ဆိုရင် လျစ်လျူရှုထားလို့ ရတယ်... ဒါပေမဲ့ အခု တစ္ဆေစစ်သည်တွေ ပါဝင်လာပြီ ဆိုတော့ သူတို့ကို အသက်ရှင်နေတဲ့ လူတွေကနေ ဖန်တီးထားတာ ထင်ရှားနေပြီ... အကယ်၍ သူတို့ကို ဆက်ပြီး ကြီးထွားခွင့် ပေးထားပြီး တစ္ဆေစစ်သည်တွေ အင်အား ရလာပြီ ဆိုရင် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး..."

ချင်းရှောင်ဘိုးဘေးကလည်း ထောက်ခံ ပြောဆိုလိုက်သည်။

"ကိုးပြည်ထောင်နယ်မြေက ငါတို့ရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်နေပြီ... အတိတ်က ပြဿနာတွေကို အသုံးပြုပြီး ငါတို့ စဉ်းစားလို့ မရတော့ဘူး... လက်ရှိ ပြဿနာက ထိုက်ခွန်းတောင်တန်း အနီးမှာ မိစ္ဆာဝိညာဉ် တစ်ကောင် ပေါ်လာပြီး လူတွေကို အန္တရာယ် ပြုနေတာနဲ့ တူတယ်... ငါတို့ အရေးယူသင့်တယ် မဟုတ်ဘူးလား..."

အခြားသူများကလည်း ထိုနည်းတူပင် သဘောတူညီကြောင်း ဖော်ပြကြသည်။

ကျူးယန်ကတော့ ကွဲပြားသော ရှုထောင့် တစ်ခုကို တင်ပြလာသည်။

"အရင်ဆုံး သေချာ စုံစမ်းဖို့တော့ လိုသေးတယ်... မြောက်ပိုင်းနန်းတွင်းက ကောက်ကျစ်ပြီး အမှန်တရားကို မပြောတာလည်း ဖြစ်နိုင်တယ်... အကယ်၍ ဒါက အမှန်တရား ဖြစ်နေရင်တောင်မှ အစစ်အမှန် အခြေအနေက အဲဒီလူ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ အတိုင်း ဖြစ်ချင်မှ ဖြစ်မှာ..."

ရွှယ်ကျင်း၊ ချိုင်ယွင်ရှန်း၊ ယန်တောက်ကျုံးတို့က ကျူးယန်၏တင်ပြချက်ကို သဘောတူကြသည်။

ရွှီနင်းက လီချင်းချိုးကို ကြည့်၍ …

"ဆရာ... မြောက်ပိုင်းနယ်မြေကို ကျွန်မ သွားနိုင်ပါတယ်... ကျွန်မရဲ့ မှော်ပညာရပ်ကို စမ်းသပ်ကြည့်ချင်လို့ပါ..."

ကျန်းကျောက်ရှားကမျက်ခုံးပင့်၍….

"ကျွန်တော့်ရဲ့ နတ်ဘုရားစွမ်းပကား ကလည်း တစ္ဆေတွေကို သတ်ဖြတ်နိုင်စွမ်းရှိပါတယ်..."

ဤသည်မှာ ကျောက်ကျိန်းအတွက် ဤကဲ့သို့သော အစည်းအဝေးမျိုးတွင် ပထမဆုံးအကြိမ် ပါဝင်ခြင်း ဖြစ်သည်။ သူ့တွင် တိကျသော အာဏာ မရှိသော်လည်း မည်သူကမျှ ကန့်ကွက်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်ကျိန်းက ဂိုဏ်းတွင်း ထိပ်ဆုံး အစွမ်းအထက်ဆုံး ကျောင်းသား ငါးဦး အနက်မှ တစ်ဦး ဖြစ်နေပြီ ဖြစ်သောကြောင့်ပင်။

လီချင်းချိုး၊ ရွှီနင်း၊ ကျန်းကျောက်ရှား၊ ရှန်ယွဲ့ နှင့် ထို့နောက် သူ ဖြစ်၏။ ဤသည်က ဇာတ်လမ်း အပြည့်အစုံ မဟုတ်နိုင်သော်လည်း အနည်းဆုံးတော့ တပည့် အများစုက ဂိုဏ်း၏ ထိပ်ဆုံး ငါးယောက် အကြောင်း တွေးမိသောအခါ သူ့ကို သတိရကြလိမ့်မည် ဖြစ်သည်။

ကျောက်ကျိန်းကလည်း ကိုယ်တိုင် သွားရောက် လိုသော်လည်း အတိတ်က အတွေ့အကြုံများကို တွေးမိသောအခါ သူက အဆင်အခြင်မဲ့ လုပ်၍ မရကြောင်း ခံစားလိုက်ရ၏။

သူ့အတွက်အဓိက ဦးစားပေးမှာ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိရန် ဖြစ်သည်။

ဂိုဏ်းတွင် မူလအားဖြည့်နယ်ပယ် အဆင့် စွမ်းအားများ မလိုအပ်ချေ။ လိုအပ်နေသည်မှာ ဝိညာဉ်အသိအာရုံအဆင့် စွမ်းအားများပင် ဖြစ်သည်။

လီချင်းချိုးက တစ်ခဏမျှ စဉ်းစားလိုက်ပြီး….

"နင်းအာ... တတိယ ဂိုဏ်းတူညီလေး... မင်းတို့ နှစ်ယောက် မြောက်ဘက်ကို သွားလိုက်..."

"မသွားဘူး..."

"မသွားပါဘူး..."

ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့က ပြိုင်တူ ငြင်းဆိုလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ထက်မြက်ကာ ထိပ်တိုက် ရင်ဆိုင်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

လူအုပ်စု၏ အမူအရာများက ထူးဆန်းနေပြီး သူတို့ အချင်းချင်း ဘာကြောင့် ဆန့်ကျင်နေကြသနည်း ဆိုသည်ကို အတိုင်းအတာ တစ်ခု အထိ နားလည်နိုင်ကြသည်။

ဤနှစ်ယောက်က တစ်ယောက်တည်း ရှိနေချိန်တွင် ပြိုင်ဘက်ကင်း ဖြစ်ကြသော်လည်း သူတို့ အတူတကွ ရှိနေသောအခါတွင်မူ သူတို့၏ တာဝန်များ ကျရှုံးသွားလေ့ရှိသည်။

သူတို့ နှစ်ဦး ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်သော တာဝန် တစ်ခုက လွန်စွာ ခက်ခဲလိမ့်မည် ဖြစ်ပြီး မည်သူမဆို ထိုအခြေအနေတွင် ရောက်နေပါက ကျရှုံးသွားမည် ဖြစ်ကြောင်း သူတို့ အားလုံး နားလည်နိုင်ကြသည်။ သို့သော်လည်း ဇာတ်လမ်းက အနည်းငယ် ပြဇာတ်ဆန်လွန်းနေပုံရသည်။

လီချင်းချိုးက ရယ်မော၍ ….

"မင်းတို့ နှစ်ယောက်ကို ပူးပေါင်း လုပ်ဆောင်ဖို့ ပြောနေတာ မဟုတ်ဘူး... မင်းတို့ နှစ်ယောက်က သီးခြားစီ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပြီး ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားခွင့် မပြုဘူး... ဒီကိစ္စက အမှန်တကယ် ဟုတ်မဟုတ်နဲ့ တစ္ဆေစစ်သည်တွေ အင်အား ရလာနေသလားဆိုတာကိုပဲ ငါ သိဖို့ လိုတာ..."

ထိုစကားကို ကြားသောအခါ ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့က နောက်တစ်ကြိမ် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။

ကိစ္စက ပြီးပြတ်သွားပြီ ဖြစ်သည်။ ထို့အပြင် လီချင်းချိုးက ကျုံးထျန်းမသေမျိုးမြို့တော် အကြောင်း မေးမြန်းခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီး၍ မရနိုင်ချေ။ ကျုံးထျန်းမသေမျိုးမြို့တော် စီမံကိန်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် ခန်းမများနှင့် ဂိုဏ်းများ အားလုံးကို သူ ညွှန်ကြားခဲ့ပြီး လွှတ်ပေးသင့်သူများကို လွှတ်ပေးရန်နှင့် အာဏာ လွှဲအပ်သင့်သူများကို လွှဲအပ်ရန် ပြောကြားခဲ့၏။ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ဟန့်တားမည့် မည်သူ့ကိုမဆို အလွတ်ပေးမည် မဟုတ်ကြောင်း ထပ််မံ ပြောကြားခဲ့သည်။

လီချင်းချိုး၏ စကားများက အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားခြင်းက တစ်စုံတစ်ယောက်က သစ္စာဖောက် ဖြစ်သည်ဟု သေချာပေါက် အဓိပ္ပာယ် မသက်ရောက်ချေ။ ၎င်းက သူတို့ကိုယ်တိုင်အတွက် ပိုမို ကြီးမားသော အကျိုးအမြတ်များကို ရရှိရန် ကြိုးစားနေခြင်းနှင့် လုပ်ငန်းစဉ်ကို နှောင့်နှေးစေခြင်းလည်း ဖြစ်နိုင်သည်။ ဤကဲ့သို့သော အခြေအနေမျိုးက အခြားသော ကိစ္စရပ်များတွင် ဖြစ်ပွားခဲ့ပြီး ဖြစ်ကာ ၎င်းကို လုံးဝ ပပျောက်သွားစေရန် ခက်ခဲ၏။ သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ၎င်းကို ရှာဖွေတွေ့ရှိသည်နှင့် ချက်ချင်း နှိမ်နှင်းပစ်ရန်ပင် ဖြစ်သည်။

အထက်လူကြီးများက ထပ်ခါတလဲလဲ အာမခံခဲ့ကြသော်လည်း အချို့က အနည်းငယ် အပြစ်ရှိသလို ခံစားနေရပုံ ရသည်။သူတို့က ဤသို့ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ သူတို့၏ လက်အောက်ငယ်သား အချို့က လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

ဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ မည်သူကမျှ တစ်ယောက်တည်း မဟုတ်တော့ချေ။ သူတို့တွင် ဇနီးများနှင့် သားသမီးများ ရှိကြပြီး သူတို့၏ နောက်ကွယ်တွင် ကျောင်းသားများနှင့် အထက်တန်းလွှာ မိသားစုများ ရှိနေကြသည်။ ခံစားချက်များက သူတို့ကို ချည်နှောင်ထားပြီး တစ်ခါတစ်ရံတွင် သူတို့အတွက် အရာရာကို ခက်ခဲစေသည်။

အစည်းအဝေး ပြီးဆုံးသွားသောအခါ လီချင်းချိုးက ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့ကို ကျန်ရစ်နေရန် ပြောလိုက်သည်။ တစ္ဆေဘုရင်တောင်ကြားရှိ မိစ္ဆာဝိညာဉ်များ အကြောင်း သူတို့ ဘာမှ မသိစေရန်အတွက် တစ္ဆေဘုရင် ကျိမင်၏ မှတ်ဉာဏ်များမှ သူ ရရှိထားသော အချက်အလက်များ အားလုံးကို သူတို့ကို ပြောပြခဲ့သည်။

ဤအကြောင်းကို သိရှိသွားသောအခါ ရွှီနင်းရော ကျန်းကျောက်ရှားပါ ဖိအားများကို ခံစားလိုက်ရသည်။ မတူညီသော မိစ္ဆာဝိညာဉ်များက မတူညီသော တစ္ဆေလမ်းစဉ် မှော်ပညာရပ်များ ကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်များကလည်း ဝိညာဉ်အသိအာရုံအဆင့်တွင် ရှိနေနိုင်ခြေများသည်။

ဖိအားများ ရှိနေသော်လည်း သူတို့ နှစ်ဦး မကြောက်ရွံ့ခဲ့ကြချေ။ သူတို့က ဂိုဏ်းတွင် အစွမ်းအထက်ဆုံး အင်အားစု ဖြစ်ပြီး မည်သည့် တာဝန်ကိုမဆို ပြီးမြောက်အောင် ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ထားကြသည်။

...

ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့ တောင်အောက်သို့ တိတ်တဆိတ် ဆင်းသွားကြပြီး ယွမ်ချီကမူ တပည့် ရာချီနှင့် အခြေခံတပည့် သုံးထောင်ကို ဦးဆောင်ကာ ကျုံးထျန်းမသေမျိုးမြို့တော်သို့ ထွက်ခွာသွားခဲ့သည်။ ခမ်းနားကြီးကျယ်သော ဤခရီးစဉ်က တပည့်များ ကြားတွင် ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။

ချင်းရှောင်ဂိုဏ်းက မြို့တည်ဆောက်မည့် သတင်းများ ပျံ့နှံ့သွားမည်ကို မကြောက်ရွံ့ချေ။ ကိုးပြည်ထောင်နယ်မြေတွင် ချင်းရှောင်ဂိုဏ်းကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်သလို မည်သူကမျှလည်း ထိုသို့ လုပ်ဆောင်ရဲမည် မဟုတ်ပေ။

ထူးချွန်သော ကျင့်ကြံရေးပါရမီကြောင့် ဟူယန်က သုံးလ အတွင်း မူလအားဖြည့်နယ်ပယ်၏ တတိယအလွှာ သို့ ရောက်ရှိသွားခဲ့ပြီး ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကလည်း ပုံသဏ္ဌာန် စတင် ပေါ်ပေါက်လာကာ တိုက်ပွဲတွင် အသုံးပြုနိုင်ပြီ ဖြစ်သည်။

လောလောဆယ်တွင် ဟူယန်က လီချင်းချိုးထံမှ တောင်အရှင်သခင် နတ်ဘုရားမန္တန်ကိုသာ သင်ယူထားရသေးသည်။ ဟူယန်၏ တောင်အရှင်သခင် နတ်ဘုရားမန္တန်က ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကြောင့် ထူးခြားပြီး ပိုမို အစွမ်းထက်လာခဲ့သည်။

မတ်လလယ်ပိုင်းတွင်…..

ကျုံးထျန်းမသေမျိုးမြို့တော် တည်ဆောက်ပြီးစီးကြောင်းနှင့် ကျင့်ကြံရေး အရင်းအမြစ် မျိုးစုံကို ပို့ဆောင်ရန်သာ ကျန်ရှိတော့ကြောင်း သတင်းပို့လာခဲ့သည်။

ယခုမှစ၍ ဂိုဏ်း၏ တပည့်များ အနေဖြင့် အပြင်တွင် လေ့ကျင့်ရေးဆင်းနေချိန်၌ ကျုံးထျန်းမသေမျိုးမြို့တော်တွင် အနားယူ နေထိုင်နိုင်ပြီ ဖြစ်သည်။

ထိုနေ့ မွန်းလွဲပိုင်း အချိန်တွင်….

ဟူယန်က ဇီယန်တောင်ထွတ်ရှိ တွမ့်ရှောင်ကျွမ်းထံသို့ သွားရောက်လည်ပတ်ရင်း လမ်းတွင် ကျူးချင်းလင်းနှင့် ကြုံတွေ့ခဲ့သည်။

ဟူယန်က ဤအမျိုးသမီး အကြောင်းကို မေ့လုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း သူမကို ထပ်မံ မြင်တွေ့ရသောအခါ သူမ ပြသခဲ့သော ကြင်နာမှုများကို သတိရသွားသဖြင်ယြ့ တစ်ခဏမျှ တွေဝေသွားပြီးနောက် အဆုံးတွင် သူမကို နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။

ကျူးချင်းလင်းက သူ့ကို မြင်သောအခါ စိတ်လှုပ်ရှားသွားခြင်း သို့မဟုတ် မျက်မှောင်ကြုတ်သွားခြင်း မရှိဘဲ သူမ၏ အမူအရာက တည်ငြိမ်နေဆဲ ပင်။

သူတို့ နှစ်ဦး စကား အနည်းငယ် ပြောဆိုပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကျော်ဖြတ်သွားခဲ့ရာ ဟူယန်မှာ စိတ်သက်သာရာ ရသွားတော့သည်။

သူ့ရဲ့ လက်ရှိ အဆင့်အတန်းက ထူးခြားပြောင်မြောက်ပြီး ကျူးမိသားစု တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သော ကျူးယန်က သူ့ကို ကြင်နာစွာ ဆက်ဆံသော်လည်း သူကတော့ နှိမ့်ချစွာ နေထိုင်ဆဲ ဖြစ်သည်။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် ကျူးချင်းလင်းနှင့် သိပ်ပြီး မရင်းနှီးခြင်းက အကောင်းဆုံး ဖြစ်မည်ဟု ခံစားရသည်။

ယခုလို အခြေအနေက အဆင်ပြေပါသည်။ လူကြီးလူကောင်းများကြားရှိ ခင်မင်ရင်းနှီးမှုကဲ့သို့ ရေကဲ့သို့ ဖြူစင်လှသည်မဟုတ်ပေလော။

ထိုသို့တွေးရင်း ဟူယန် ပြုံး၍ တောင်ပေါ်သို့ ဆင်းသွားတော့သည်။

ကျူးချင်းလင်းက ရှုပ်ထွေးသော အမူအရာဖြင့် နောက်သို့ လှည့်ကြည့်လိုက်၏။ သုံးလတည်းသော အချိန်အတွင်း သူမက ဟူယန်ကို မော့ကြည့်နေရပြီ ဖြစ်ပြီး ဤခံစားချက်က သူမကို အလွန် မသက်မသာ ဖြစ်စေသည်။

ဟူယန်၏ ကျင့်ကြံခြင်း အဆင့်က သူမထက် ပိုမြင့်မားနေကြောင်း သူမ သိနိုင်ပေ။ လွန်ခဲ့သော သုံးလကနှင့် ယှဉ်လျှင် လူသစ်တယောက်လို ပြောင်းလဲသွားပြီ ဖြစ်သည်။

ကျူးယန်က ဂိုဏ်းချုပ်၏ တပည့် ဖြစ်လာသရွေ့ ဟူယန်က ကြီးမားသော အမြင့်များဆီသို့ တက်လှမ်းသွားလိမ့်မည်ဟု ပြောခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ကျူးချင်းလင်းကလည်း မာနကြီးသော သူတစ်ယောက်ပင်။ သူမက ဟူယန်ကို သူမ၏ ပစ်မှတ် တစ်ခု အဖြစ် စတင် သတ်မှတ်လိုက်သည်။ ဟူယန်ကို သူမ အားကျသော်လည်း အရှုံးမပေးချင်ချေ။

...

နေရောင်ခြည်က သစ်ပင်များကို ဖြတ်သန်း၍ ချင်းရှားဂိုဏ်းအတွင်းသို့ ဖြာကျလာ၏။ နှစ်အနည်းငယ်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ချင်းရှားဂိုဏ်းက ပုံသဏ္ဌာန် ပေါ်လာပြီ ဖြစ်ပြီး အဆောက်အအုံ ဒါဇင်ကျော်နှင့် တပည့် လေးဆယ်ကျော် ရှိနေပြီ ဖြစ်ကာ တောင်ခြေတွင်လည်း နာမည် စတင် ရရှိလာကြပြီ ဖြစ်သည်။

ဂိုဏ်းချုပ်ချိုးတဟူက အမိုးပေါ်တွင် တင်ပျဉ်ခွေ ထိုင်၍ သိုင်းပညာကို လေ့ကျင့်နေသည်။ သူ့ရဲ့ ကျင့်ကြံခြင်းက သခင်တစ်ဦး၏ အဆင့်တွင် ရှိနေ၏။ ကျိယာသင်ပေးခဲ့သော သန့်စင်သောယန်ကျင့်စဉ်က ယခုအခါ မူလအားဖြည့်နယ်ပယ်၏ ဒုတိယအလွှာ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဂိုဏ်းချုပ်... နင်ယွမ်ခရိုင်ရဲ့ အုပ်ချုပ်ရေးမှူးက ဂိုဏ်းချုပ်ရဲ့ လုပ်ရပ်တွေအကြောင်း ကြားပြီး ဒေသခံ အထက်တန်းလွှာတွေနဲ့ အင်အားကြီး မိသားစုတွေ အားလုံး လူကြီးမင်းရဲ့ မှော်ပညာရပ်ကို လေ့လာနိုင်အောင် ညစာစားပွဲ တစ်ခုကို ဖိတ်ကြားချင်နေပါတယ်..."

အောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် ချိုးတဟူ မျက်လုံးများကို ဖွင့်လိုက်ရာ သူ ခန့်အပ်ထားသော ဒုဂိုဏ်းချုပ်ကို တွေ့လိုက်ရသည်။ ချင်ယွီချန်က ခြံဝင်းထဲတွင် ရပ်၍ သူ့ကို မော့ကြည့်နေ၏။

ချင်ယွီချန်က အရပ်ရှည်ပြီး ချောမောကာ ဂိုဏ်းချုပ် ချိုးတဟူထက်ပင် ကျင့်ကြံသူတစ်ဦးနှင့် ပို၍ တူနေသည်။

ထိုစကားကို ကြားသောအခါ ချိုးတဟူ က မျက်မှောင်ကြုတ်၍ အသံနက်ကြီးဖြင့်….

"သူက ဘာသဘောလဲ... ငါ့ကို လမ်းဘေး ဖျော်ဖြေရေးသမားလို့ ထင်နေတာလား..."

"သူက ချင်းရှားဂိုဏ်းကို တကယ် မယုံကြည်ဘူးလေ... သေချာတာကတော့ သူက ချင်းရှောင်ဂိုဏ်းကို ပိုကြောက်တယ်လို့ ကျွန်တော် ထင်တယ်... သူက ချင်းရှောင်ဂိုဏ်းရဲ့ အမုန်းကို မခံရအောင် တခြားလူတွေနဲ့ အတူ လူကြီးမင်းနဲ့ မိတ်ဆွေဖွဲ့ဖို့ စဉ်းစားနေတာ..."

ချင်းရှောင်ဂိုဏ်း အကြောင်း ပြောလာသောအခါ ချိုးတဟူမှာ ကြီးမားသော ဖိအားများကို ခံစားလိုက်ရ၏။

သူ ကြီးပြင်းလာပြီး တောင်အောက်သို့ အကြိမ်ကြိမ် ဆင်းခဲ့ပြီးနောက် မင်းဆက်နှင့် သိုင်းလောက၏ အထက်တွင် ရှိနေသော ဧရာမ ချင်းရှောင်ဂိုဏ်း အကြောင်းကို သူ နားလည်လာခဲ့သည်။

သူ့ဆရာက ချင်းရှောင်ဂိုဏ်းရှိ သာမန် တပည့်တစ်ဦးသာ ဖြစ်ကြောင်း သိလိုက်ရသောအခါ ကောင်းကင်ကြီး ပြိုကျလာသလို ခံစားခဲ့ရသည်။

ဝန်ထုပ်ဝန်ပိုးက ဘာကြောင့် သူ့အပေါ် ကျရောက်လာရသနည်းဆိုသည်ကို ဆရာထံတွင် ညည်းညူခဲ့ဖူးသည်။

သို့သော်လည်း သူ့ဆရာ မရှိပါက သူနှင့် ဂိုဏ်းတူညီ၊ ဂိုဏ်းတူညီမများ အားလုံး သေဆုံးသွားကြမည် ဖြစ်သည်။ သူသည် ချင်းရှားဂိုဏ်း ကို ဖျက်သိမ်းပြီး ဂိုဏ်းတူညီ၊ ဂိုဏ်းတူညီမ များနှင့်အတူ ထွက်ခွာသွားနိုင်သော်လည်း ဤအမွေအနှစ်ကို စွန့်လွှတ်ရန် သူ မလုပ်ရက်ခဲ့ချေ။

အကယ်၍ လီချင်းချိုးက ဂိုဏ်းတူညီ၊ ဂိုဏ်းတူညီမ ခြောက်ယောက်ကို ဦးဆောင်ပြီး ဤမျှ ကြီးမားသော အောင်မြင်မှုများကို ရရှိနိုင်ခဲ့ပါက သူ ဘာလို့ မလုပ်နိုင်ရမှာလဲ….

"ငါတို့က ချင်းရှောင်ဂိုဏ်းကို သေချာပေါက် မယှဉ်နိုင်ပါဘူး... ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းရဲ့ လမ်းစဉ်ကို ငါတို့ လိုက်လို့ ရတယ်... ကောင်းတဲ့ အလုပ်တွေ လုပ်တဲ့ ငါတို့ရဲ့ ယခင် ပုံစံကို ဆက်ထိန်းထားပြီး ဂိုဏ်း ပိုကြီးထွားလာမယ့် အချိန်ကို စောင့်ကြတာပေါ့..."

ချိုးတဟူက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် စိတ်ပျက်အားငယ်မှုများကို မျိုသိပ်ထားရန် ရွေးချယ်လိုက်သည်။

"ကျွန်တော်တို့ နင်ယွမ်ခရိုင် ကို မသွားတော့ဘူးလား..."

"ငါ မသွားဘူး..."

ချိုးတဟူက မျက်လုံးများကို ပြန်မှိတ်လိုက်တော့ ချင်ယွီချန် က တစ်ခဏမျှ စဉ်းစားလိုက်ပြီး….

"မကြာသေးခင်က သိုင်းလောကမှာ ပိုင်ယွမ်တောင်ကြားလို့ ခေါ်တဲ့ ကျင့်ကြံရေးဂိုဏ်း အသစ် တစ်ခု ပေါ်လာတယ်... ပိုင်ယွမ်တောင်ကြားရဲ့ ဇာစ်မြစ်က ချင်းရှားဂိုဏ်းနဲ့အရမ်း ဆင်တူတယ်... တည်ထောင်သူက ချင်းရှောင်ဂိုဏ်းက တပည့် တစ်ယောက်ရဲ့ တပည့်ပဲ... လူကြီးမင်း ဘယ်လို ထင်လဲ... ငါတို့ ပိုင်ယွမ်တောင်ကြား နဲ့ မိတ်ဆွေဖွဲ့သင့်လား... အနာဂတ်မှာ ငါတို့လို ကျင့်ကြံရေးဂိုဏ်း သေးသေးလေးတွေ ပိုများလာနိုင်တယ်..."

ချိုးတဟူက မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွား၏။

သူက အံ့အားသင့်သွားခြင်း မရှိဘဲ စိုးရိမ်ပူပန်မှုကိုသာ ခံစားလိုက်ရသည်။

အကယ်၍ လောကကြီးတွင် ကျင့်ကြံရေးဂိုဏ်းများ ပို၍ပို၍ များပြားလာပါက သူတို့၏ ချင်းရှားဂိုဏ်း မည်သို့ နာမည်ကြီးလာနိုင်မည်နည်း။

"ငါတို့ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ..."

"သူတို့နဲ့ သွားတွေ့လိုက်ပါ... နောက်ကျမှ သိတာထက် စောစော သိတာ ပိုကောင်းတယ်လေ... ငါတို့က တာအို နည်းလမ်းတွေကို ဖလှယ်ပြီး အနာဂတ် သိုင်းလောကရဲ့ ဖွဲ့စည်းပုံ အတွက် ပြင်ဆင်နိုင်ကောင်း ပြင်ဆင်နိုင်မှာပေါ့... အကယ်၍ ငါတို့ မဟာမိတ် ဖွဲ့နိုင်ရင် ပိုတောင် ကောင်းသေးတယ်... ဒါမှ အနာဂတ်မှာ ငါတို့ အတူတကွ ရှေ့တိုး နောက်ဆုတ် လုပ်နိုင်မှာ..."

ချင်ယွီချန်၏ စကားများက အဓိပ္ပာယ် ရှိသည်ဟု ချိုးတဟူ ထင်မြင်သဖြင့် သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"နောက် သုံးရက်နေရင် ငါတို့ ထွက်ကြမလား..."

"ပြဿနာ မရှိပါဘူး..."

ချင်ယွီချန် က သဘောတူလိုက်ပြီး နောက်ထပ် မိနစ်အနည်းငယ်ခန့် စကားပြောပြီးနောက် ချင်ယွီချန်က ဦးညွှတ် နှုတ်ဆက် ထွက်ခွာသွားတော့၏။

ချင်ယွီချန်က ခြံဝင်းသို့ ပြန်ရောက်သောအခါ လက်စွပ်ထဲမှ စက္ကူကြိုးကြာရုပ်တစ်ခုကို ထုတ်ယူလိုက်ပြီး မူလချီစွမ်းအင်များဖြင့် မီးညှိကာ စကားအနည်းငယ် ရေရွတ်လိုက်သည်။ ထို့နောက် စက္ကူကြိုးကြာရုပ်က ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းတန်း တစ်ခု အဖြစ် တောအုပ်ထဲသို့ ပျံသန်း ပျောက်ကွယ်သွားလေတော့သည်.

All Chapters