အခန်း (၄၆၃-၄၆၄)
Vol. 34 Ch. 463-464
အခန်း ( ၄၆၃ ) - ချုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်း၊ ကိုယ်ပွားသုံးခု ပေါင်းစည်းခြင်း၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှခြင်း
" ဒီကောင်... လုံးဝ ရူးနေပြီပဲ! "
ကုချန်၏ မောက်မာသော စကားများကို ကြားသောအခါ မို့ကျွင်းနတ်ဆိုးအရှင်မှာ ပထမတွင် အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရပြီးနောက် သူ၏စိတ်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် စိတ်သက်သာရာရမှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။
ရှာနာနတ်ဆိုးဧကရာဇ်မှ ကုချန်အား သူ၏လက်အောက်သို့ ဝင်ရောက်ရန် ကမ်းလှမ်းလိုက်သည်ကို ကြားသောအခါ မို့ကျွင်းနတ်ဆိုးအရှင်၏ မျက်နှာမှာ မယုံနိုင်လောက်အောင် မှုန်ကုပ်သွားခဲ့သည်။
သူတို့၏ ယခင်သဘောတူညီချက်မှာ ကုချန်ကို သတ်ရန်ပင်။
သို့သော် ယခုအခါ နတ်ဆိုးဧကရာဇ်နှလုံးသားသည် ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ ရှာနာနတ်ဆိုးဧကရာဇ်မှ ကုချန်ကို မသတ်ချင်တော့လျှင်ပင် မို့ကျွင်းနတ်ဆိုးအရှင်မှ ဘာပြောနိုင်မည်နည်း။
ရှာနာနတ်ဆိုးဧကရာဇ်ကို 'ထိန်းချုပ်' ရန် သူ့၌ မည်သည့် ချုပ်ကိုင်နိုင်စွမ်းမျှ မရှိတော့သောကြောင့် သူ ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။
ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် ကတိတည်၍ ယခင်သဘောတူညီချက်အတိုင်း နတ်ဆိုးဧကရာဇ်နှလုံးသား၏ အသိအမြင်များထဲမှ ဆယ်ပုံနှစ်ပုံကို သူ့အား ပေးပါစေဟုသာ စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေနိုင်တော့သည်။
ပြောရမည်ဆိုလျှင် ကုချန်သာ ရှာနာနတ်ဆိုးဧကရာဇ်၏ စည်းကမ်းချက်များကို လက်ခံ၍ သူ့ထံ သစ္စာခံလိုက်ပါက မို့ကျွင်းနတ်ဆိုးအရှင်အနေဖြင့် ကုချန်ကို သွားကြိတ်မတတ် မုန်းတီးနေလျှင်ပင် ဘာမှ လုပ်နိုင်မည်မဟုတ်ဘဲ ဤအမုန်းတရားကို နှလုံးသားအနက်ရှိုင်းဆုံးတွင်သာ မြိုသိပ်ထားရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်နှလုံးသားကို ဆက်သလိုက်ပြီးဖြစ်ရာ သူသည် ရှာနာနတ်ဆိုးဧကရာဇ်၏ အမြင်တွင် မည်သည့်တန်ဖိုးမှ ရှိမနေတော့သောကြောင့်ပင်။
သူသည် နတ်ဆိုးဧကရာဇ်ကြီးကိုလည်း လုံးဝ စော်ကားပြီးဖြစ်ရာ ရှာနာနတ်ဆိုးဧကရာဇ်ကသာ သူ့ကို မကာကွယ်ပေးပါက ဤကျယ်ပြောလှသော နတ်ဆိုးနယ်မြေကြီးတွင် မို့ကျွင်းနတ်ဆိုးအရှင် ခြေချစရာ နေရာ ရှိတော့မည် မဟုတ်ချေ။
ထို့ကြောင့် ရှာနာနတ်ဆိုးဧကရာဇ် ဘာပဲလုပ်လုပ် မို့ကျွင်းနတ်ဆိုးအရှင်သည် သွားကြိတ်၍ လက်ခံရန်သာ ရှိတော့သည်။
သို့သော် ယခု ရှာနာနတ်ဆိုးဧကရာဇ်၏ ကမ်းလှမ်းမှုကို ရင်ဆိုင်ရချိန်တွင် ဤအဆုံးမဲ့ထျန်းကျွင်းမှာ လုံးဝ အဆင်အခြင်မဲ့လွန်းလှ၍ ဤမျှ စော်ကားသော နည်းလမ်းဖြင့် ငြင်းပယ်ခဲ့လေသည်။
ထိုအရာသည် သူ၏နောက်ဆုံး အသက်ရှင်သန်ခွင့် အခွင့်အရေးဖြစ်ကြောင်း သူ တကယ်ပင် မသိလေသလော။
နတ်ဆိုးဧကရာဇ်တစ်ပါးကို စော်ကားမိသောသူသည် မည်သို့သော ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမည်ကို ထိုလူ တကယ်ပဲ မစဉ်းစားမိဘူးလော။
သို့သော် ကုချန် ငြင်းပယ်လိုက်ခြင်းက ကုချန် ရူးနေပြီဟု မို့ကျွင်းနတ်ဆိုးအရှင်ကို ထင်မှတ်သွားစေသည့်အပြင် သူ၏စိတ်ထဲတွင် ရိုင်းစိုင်းသော ဝမ်းမြောက်မှုများဖြင့်လည်း ပြည့်နှက်သွားစေခဲ့သည်။
ကုချန်၏ 'မျက်နှာသာပေးမှုကို တန်ဖိုးမထားခြင်း' ကြောင့် ရှာနာနတ်ဆိုးဧကရာဇ်သည် သူ့အား လက်ခံနိုင်တော့မည် မဟုတ်သည်မှာ သဘာဝပင်ဖြစ်သည်။
ထို့ကြောင့် ဤအဆုံးမဲ့ထျန်းကျွင်းမှာ သေချာပေါက် သေဆုံးရတော့မည်ဖြစ်ရာ သူ၏ကိုယ်ပေါ်ရှိ များစွာသော ရတနာများမှာ ကိုယ့်လက်ထဲသို့ ရောက်ရှိလာတော့မည် ဖြစ်၏။ ဤသည်မှာ အကောင်းဆုံး ရလဒ်ဟု ဆိုနိုင်ပေပြီ။
" အရမ်းကောင်းတယ်... မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါအရှင် ဖြည့်ဆည်းပေးရမှာပေါ့ "
ရှာနာနတ်ဆိုးဧကရာဇ်မှာ အလွန်အမင်း ဒေါသထွက်ကာ ရယ်မောလိုက်လေသည်။
ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။
ဤကျယ်ပြောလှသော နတ်ဆိုးနယ်မြေကြီးတွင် မည်သို့သော တည်ရှိမှုမျိုးမဆို သူ့အား ရိုသေမှုကင်းမဲ့သော စကားများ ပြောဆိုရန် နေနေသာသာ သူ့ကို မော့ကြည့်ရန်ပင် မဝံ့ရဲခဲ့ကြချေ။
သို့သော် ယခု ဤမောက်မာသော ကောင်လေးသည် သူ့ကို ဤကဲ့သို့ ပြောဆိုရဲလေသည်။
ဤလောကတွင် သူ၏ခမ်းနားမှုကို မပြသခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ရာ နတ်ဆိုးနယ်မြေရှိ သက်ရှိများက ရှာနာနတ်ဆိုးဧကရာဇ်ဆိုသည်မှာ မည်သို့သော တည်ရှိမှုမျိုး ဖြစ်ကြောင်းကို မေ့လျော့နေကြပုံပင်။
" သေစမ်း! "
ရေခဲတမျှ အေးစက်သော အသံမှာ ယမဘုံမှ တိုက်ခတ်လာသော အေးစက်သည့် လေပြေတစ်ခုကဲ့သို့ သေမင်း၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေလေ၏။
ကုချန်ကို သူ၏ သတ်မှတ်စာရင်းထဲသို့ ထည့်သွင်းပြီးဖြစ်ရာ ရှာနာနတ်ဆိုးဧကရာဇ်သည် သူနှင့် ဆက်၍ စကားမပြောလိုတော့ချေ။ သူသည် သွယ်လျသော လက်ကို ညင်သာစွာ မြှောက်ကာ ကုချန်ထံသို့ လက်ညှိုးတစ်ချောင်းဖြင့် ဖိချလိုက်လေသည်။
ဤသည်မှာ အလွန်အမင်း အထင်သေးသော အမူအရာဖြစ်ကာ ကုချန်ကို လုံးဝ ဂရုမစိုက်ဘဲ အရေးမပါသော ပုရွက်ဆိတ်တစ်ကောင်ကို ချေမွတော့မည့်အလား ရှိလေသည်။
သို့သော် ရှာနာနတ်ဆိုးဧကရာဇ်မှ လုပ်ဆောင်လိုက်သည်ဖြစ်ရာ ထိုလုပ်ရပ်မှာ လွန်စွာ ဟန်ချက်ညီ၍ သဘာဝကျနေပုံပင်။
နတ်ဆိုးဧကရာဇ်တစ်ပါးမှ လှုပ်ရှားလိုက်လျှင် လက်ညှိုးတစ်ချောင်းမျှသာ ဖြစ်နေစေကာမူ ခံရမည့်သူအတွက် ကြီးမားသော ဂုဏ်ယူစရာတစ်ခု ဖြစ်နေသည့်အလားပင်။
" ဝုန်း! "
၎င်းမှာ ရိုးရှင်းစွာ လက်ညှိုးတစ်ချောင်း ကျဆင်းလာခြင်းမျှသာ ဖြစ်သော်လည်း.....
ရှာနာနတ်ဆိုးဧကရာဇ်မှ ထိုလက်ညှိုးဖြင့် ဖိချလိုက်သောအခါ ကောင်းကင်နှင့်မြေကြီးမှာ ပြောင်းပြန်လန်သွားသကဲ့သို့ ရှိလေသည်။
မရေမတွက်နိုင်သော ကြယ်များမှာ တုန်လှုပ်သွားကြ၏။
ကြယ်ကြီးများစွာ ပေါက်ကွဲသွား၍ လေဟာနယ်နယ်မြေသည် ဤကဲ့သို့သော နတ်ဆိုးဧကရာဇ်အဆင့် လှုပ်ခတ်မှုများကို ခံနိုင်ရည်မရှိတော့ဘဲ မှောင်မိုက်၍ ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်ကြီးများအဖြစ် ပွင့်ထွက်သွားကာ ကြယ်များ၏ အလင်းရောင်အားလုံးကို ဝါးမျိုပစ်တော့မည့်အလား ရှိလေသည်။
နောက်ဆုံးတော့ ရောက်လာပြီပဲ.....
ရှာနာနတ်ဆိုးဧကရာဇ် နောက်ဆုံး၌ လှုပ်ရှားလာသည်ကို မြင်သောအခါ ကုချန်၏ အကြည့်များမှာ လေးနက်သွားသော်ငြားလည်း တင်းမာမှု ကင်းမဲ့နေ၍ စိတ်လှုပ်ရှားမှု အရိပ်အယောင်များကိုသာ ပြသနေလေသည်။
သံသယဖြစ်ဖွယ်မရှိ၊ ဤသည်မှာ နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခုနှင့် သူ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရခြင်း ဖြစ်သည်။
ထို့ကြောင့် သူ ခံနိုင်ရည်ရှိပါ့မလားဟု တွေးနေမိ၏။
သူ၏စိတ်များ လှုပ်ရှားသွားသည်နှင့်အမျှ ကုချန်၏ ကိုယ်အစစ်နှင့် တတိယကိုယ်ပွားတို့သည် ဒုတိယကိုယ်ပွားနှင့် တိတ်တဆိတ် ပေါင်းစည်းသွားခဲ့လေသည်။
ကိုယ်ပွားသုံးခု ပေါင်းစည်းလိုက်ခြင်းက ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားကို အဆုံးအစမရှိ မြင့်တက်သွားစေခဲ့သည်။
ကုချန်၏ကိုယ်ပွားသုံးခုထဲတွင် သူ၏ကိုယ်အစစ် ကျင့်ကြံမှုမှာ စစ်မှန်သောအင်မော်တယ်အဆင့် အထွတ်အထိပ်တွင် ရှိနေသော်လည်း ၎င်းသည် အင်မော်တယ်ဘုရင် ထိပ်သီးတစ်ဦးနှင့် ရင်ပေါင်တန်းနိုင်စွမ်း ရှိသည်။
ဒုတိယကိုယ်ပွားနှင့် တတိယကိုယ်ပွား နှစ်ခုစလုံးမှာ အင်မော်တယ်ဘုရင်အဆင့်တွင် ရှိကြ၍ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၏ ကောင်းချီးဖြင့် အင်မော်တယ်ဘုရင် ထိပ်သီးတစ်ဦး၏ စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိကြသည်။
မကြာမီက အင်မော်တယ်နယ်မြေတွင် ကုချန်သည် ကိုယ်အစစ်နှင့် တတိယကိုယ်ပွားကို ပေါင်းစည်းကာ စမ်းသပ်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အင်မော်တယ်ဘုရင်အဆင့်၏ အမြင့်ဆုံးအကန့်အသတ်သို့ ရောက်ရှိလုနီးပါးဖြစ်ကာ အင်မော်တယ်ဘုရင် ထိပ်သီးများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့၏။
ယခုမူ ရှာနာနတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ရာတွင် ကုချန်သည် ကိုယ်ပွားသုံးခုစလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်၍ အနည်းငယ်မျှပင် လက်မလျှော့ရဲခဲ့ချေ။
ကိုယ်ပွားသုံးခုစလုံး အဆင့်တက်ပြီးနောက် ကိုယ်ပွားသုံးခု၏ စွမ်းအားများကို ပေါင်းစပ်အသုံးပြုခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
" ဝုန်း! "
ကိုယ်ပွားသုံးခု ချက်ချင်း ပေါင်းစည်းသွားသည်နှင့်အမျှ ကုချန်သည် သူ၏ စွမ်းအားများ အဆုံးမရှိ မြင့်တက်လာကြောင်းကိုသာ ခံစားလိုက်ရသည်။
ထိုခံစားချက်မှာ တစ်ခဏအတွင်း မြေပြင်ပေါ်မှ ကောင်းကင်ဘုံကိုးခုသို့ တက်လှမ်းသွားရသကဲ့သို့ ရှိလေသည်။
ကိုယ်ပွားသုံးခု ပေါင်းစည်းခြင်းသည် တိုက်ခိုက်ရေးစွမ်းအားများကို ရိုးရှင်းစွာ ပေါင်းထည့်လိုက်ခြင်းမျှသာ မဟုတ်ချေ။ ကိုယ်ပွားသုံးခု၏ တစ်ဦးချင်း အသိအမြင်များ အားလုံးကလည်း တစ်ခုအပေါ်တစ်ခု ထပ်မံ ပေါင်းစပ်သွားမည်ဖြစ်ရာ များစွာ ကြီးမားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေ၏။
ကိုယ်ပွားသုံးခု ပေါင်းစည်းခြင်း၏ စွမ်းအားက မည်မျှ အားကောင်းသနည်းဆိုသည်ကို ကုချန်ကိုယ်တိုင်ပင် ယခင်က မသိခဲ့ချေ။
ယခု ကိုယ်ပွားသုံးခု နောက်ဆုံး၌ အောင်မြင်စွာ ပေါင်းစည်းသွားပြီဖြစ်ရာ ဤကိုယ်ပွားသုံးခု ပေါင်းစည်းခြင်း၏ တိုက်ခိုက်ရေးစွမ်းအားကို သူ အမှန်တကယ် စမ်းသပ်နိုင်ပြီ ဖြစ်သည်။
" သွားစမ်း! "
ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ညှိုး ကျဆင်းလာသည်ကို မြင်သောအခါ ကုချန်သည် စိတ်ကူးပေါက်သွားသည့်အလား အားနည်းသည့်ဟန် မပြဘဲ ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ညှိုးဆီသို့ လက်ညှိုးတစ်ချောင်း ထိုးပြလိုက်လေသည်။
ထိုလုပ်ရပ်မှာ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လိုသည့်အလား ရှိလေသည်။
" ဟွန့်... မောက်မာလိုက်တာ! "
ကုချန်၏လုပ်ရပ်ကို ကြည့်ကာ ရှာနာနတ်ဆိုးဧကရာဇ်မှာ ရယ်မောချင်စိတ်ပင် ပေါက်သွားလေ၏။
ဤသည်မှာ အမှန်တကယ်ပင် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်တစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်သည်။
ဒီကောင်က အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာအောင် ဘယ်လိုများ ကြီးပြင်းလာခဲ့လဲဆိုတာ သူ မသိပေမဲ့ သာမန် အင်မော်တယ်ဘုရင်တစ်ပါးက နတ်ဆိုးဧကရာဇ်တစ်ပါးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ သတ္တိရှိတယ်ပေါ့? သူက သေစာ ဘယ်လိုရေးရမလဲဆိုတာကို တကယ်မသိတာပဲ!
" ထားလိုက်ပါတော့... မင်းကို သံသရာထဲ ပို့ပေးရတာပေါ့ "
ရှာနာနတ်ဆိုးဧကရာဇ်၏ အကြည့်များမှာ အေးစက်နေပြီး ကုချန်ကို ထပ်၍ ဂရုမစိုက်တော့ချေ။
သူ၏အမြင်တွင် ကုချန်သည် သူ၏ချေမွခြင်းကို ခံရတော့မည့် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်၍ ဤကဲ့သို့သော အရူးတစ်ယောက်ကို သတ်ရခြင်းက သူ၏လက်ကို ညစ်ပတ်သွားစေရုံမျှသာ ရှိသည်ဟုပင် သူ ခံစားလိုက်ရသည်။
" ဝုန်း! "
သူတို့၏လက်ချောင်းများ ထိခိုက်မိသွားသောအခါ လောကရှိ အရာအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွား၍ ကောင်းကင်ဘုံများ၏ နယ်မြေအားလုံးကို ချေမှုန်းနိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ကောင်းသော အသံကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
" ဒုန်း...! "
ကုချန်သည် သူ၏လက်မောင်းတစ်လျှောက် ကြီးမားလှသော အင်အားတစ်ရပ် စီးဆင်းလာသည်ကိုသာ ခံစားလိုက်ရကာ သူ၏ကိုယ်မှာလည်း နောက်သို့ လွင့်စင်သွားလုနီးပါး ဖြစ်သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူသည် ကိုယ်ကို ထိန်းထားနိုင်ကာ မြဲမြံစွာ ရပ်တည်နိုင်ခဲ့သည်။
နတ်ဆိုးဧကရာဇ်တစ်ပါးဆိုတာနဲ့ တကယ်ကို ထိုက်တန်တာပဲ!
ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသော်လည်း ကုချန်၏မျက်လုံးများမှာ တလက်လက် တောက်ပနေလေသည်။
ဤသည်မှာ သူ၏ဘဝတွင် ပထမဆုံးအကြိမ် တိုက်ခိုက်မှုတစ်ခုကြောင့် နောက်ဆုတ်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် ဤအရာက ကုချန်အား စိတ်ပျက်သွားစေခြင်း မရှိသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားသွားစေခဲ့၏။
ဧကရာဇ်ဂိတ်မှ ပြန်လာကတည်းက ဤကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းအောင် သူ မတိုက်ခိုက်ခဲ့ရသည်မှာ အလွန့် အလွန် ကြာမြင့်ခဲ့လေပြီ!
အခန်း ( ၄၆၄ ) - သေချာပေါက် သေရမည်၊ အဆုံးမဲ့တာအိုများ ထွက်ပေါ်လာခြင်း၊ ခမ်းနားထည်ဝါသော တိုက်ပွဲ
ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ညှိုးတစ်ချောင်းကို တားဆီးလိုက်ပြီးနောက် ကုချန်သည် သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းမိသွားလေသည်။
ကိုယ်ပွားသုံးခု ပေါင်းစည်းလိုက်ခြင်းက သူ၏ တိုက်ခိုက်ရေးစွမ်းအားကို အင်မော်တယ်ဘုရင်အဆင့်၏ အမြင့်ဆုံးအကန့်အသတ်ကို သိမ်မွေ့စွာ ကျော်လွန်သွားစေ၍ နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် မဆိုစလောက်လေး ယှဉ်ပြိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။
သို့သော် ဤသည်မှာ 'မဆိုစလောက်လေး' မျှသာ ဖြစ်ကြောင်း ကုချန် ကောင်းစွာ သိထားလေသည်။
စွမ်းအားရှိသော်လည်း အဆင့်အတန်းမရှိဘဲ နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုတစ်ခုကို အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ထို့အပြင် ဤရှာနာနတ်ဆိုးဧကရာဇ်သည် သူ့ကို အမြဲတစေ အထင်သေးထားခဲ့ရာ တိုက်ခိုက်ရာတွင် အစွမ်းကုန် အင်အားသုံး မတိုက်ခိုက်ခဲ့ခြင်းလည်း ပါဝင်သေး၏။
ထို့ကြောင့် အသေအချာ စဉ်းစားကြည့်မည်ဆိုလျှင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားကြားတွင် ကွာဟချက်တစ်ခု ရှိနေဆဲပင် ဖြစ်သည်။
" ဘာ?! "
ဤတိုက်ခိုက်မှု၏ ရလဒ်ကို ကုချန်မှ ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။
သို့သော် ရှာနာနတ်ဆိုးဧကရာဇ်ကမူ ကွာခြားလေသည်။
ကုချန်မှာ ခြေနှစ်လှမ်းသာ နောက်ဆုတ်သွား၍ ဒဏ်ရာတစ်ချက်မျှပင် မရရှိခဲ့သည်ကို မြင်လိုက်ရသောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့သည်။
စောစောက သူ၏လက်ညှိုးဖြင့် တိုက်ခိုက်မှုသည် အစွမ်းကုန်အင်အားကို အသုံးမပြုထားသော်လည်း မည်သည့် အင်မော်တယ်ဘုရင်မဆို ခံနိုင်ရည်ရှိမည့် အရာမျိုး မဟုတ်ချေ။
သာမန် အင်မော်တယ်ဘုရင်တစ်ပါးသာဆိုလျှင် သူ၏တိုက်ခိုက်မှုကြောင့် ချက်ချင်းပင် ပြာကျသွားလောက်ပေသည်။
အင်မော်တယ်ဘုရင်အဆင့်မှ ထိပ်သီးတစ်ဦးပင်လျှင် အစွမ်းကုန် ခုခံမည်ဆိုပါက သူ၏တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားမည်သာ ဖြစ်သည်။
သို့သော် ယခု ဤအဆုံးမဲ့ထျန်းကျွင်းလေးသည် သူ၏တိုက်ခိုက်မှုကို တိုက်ရိုက် ခံယူလိုက်ပြီးနောက် လုံးဝ အဆင်ပြေနေပုံရ၏။
ဒီလူရဲ့ တိုက်ခိုက်ရေးစွမ်းအားက အင်မော်တယ်ဘုရင်အဆင့်က ထိပ်သီးတွေကို ကျော်လွန်ပြီး နတ်ဆိုးဧကရာဇ်အဆင့်ကိုတောင် လှမ်းထိနေပြီလား?!
ရှာနာနတ်ဆိုးဧကရာဇ်မှာ အံ့ဩရုံမျှသာ ဖြစ်သော်လည်း မို့ကျွင်းနတ်ဆိုးအရှင်မှာမူ လုံးဝကို ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
စောစောက ရှာနာနတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုအောက်တွင် ကုချန် ပြာကျသွားမည့် ကံကြမ္မာကိုပင် သူ မြင်နေခဲ့ရသော်လည်း ရလဒ်မှာ သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်သွားခဲ့၏။
ဒီလူက နတ်ဆိုးဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို ယှဉ်နိုင်ပြီး မသေဘူးပေါ့?
မသေတဲ့အပြင် ဒဏ်ရာတောင် နည်းနည်းလေးမှ မရဘူးလေ!
ဒါ.....
မို့ကျွင်းနတ်ဆိုးအရှင်၏ မျက်လုံးများမှာ ပြူးကျယ်သွား၍ စိတ်ထဲတွင် သက်သာရာရသွားသည့် ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုစဉ်က သူ စိတ်မလွတ်သွားဘဲ နတ်ဆိုးဧကရာဇ်ကြီးအတွက် လက်စားချေရန် ဤအဆုံးမဲ့ထျန်းကျွင်းကို တိုက်ရိုက် သွားမရှာခဲ့မိသည်ကို သူ ကျေးဇူးတင်နေမိသည်။ သို့မဟုတ်ပါက သူ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမည် မဟုတ်ချေ!
နတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုကိုပင် ယှဉ်နိုင်သော ဤလူသည် သူ့ကို သတ်ရန်မှာ ကြက်တစ်ကောင်ကို သတ်ရသလောက်ပင် ခက်ခဲမည် မဟုတ်ချေ!
" ဟီးဟီးဟီး... နတ်ဆိုးဧကရာဇ်ကြီးက မင်းကို ဒီလောက်တောင် အထင်ကြီးနေတာ မဆန်းတော့ပါဘူး... မင်းမှာ နတ်ဆိုးဧကရာဇ် ဖြစ်လာနိုင်တဲ့ အလားအလာ တကယ်ပဲ ရှိနေတာကိုး "
အစောပိုင်းတွင် အံ့ဩသွားပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်သည် သူ၏စိတ်ကို အလျင်အမြန် ပြန်လည်တည်ငြိမ်စေလိုက်၏။
သူက ဘယ်သူလဲ။
နတ်ဆိုးနယ်မြေကို ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာကြာအောင် ကြီးကြပ်အုပ်ချုပ်လာခဲ့သည့် ရှေးဟောင်းတည်ရှိမှုတစ်ခု ဖြစ်ရာ ဤနှစ်ကာလများတစ်လျှောက် သူ မမြင်ဖူးသော တည်ရှိမှုမျိုး ဘယ်မှာရှိမည်နည်း။
ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားက သူ့ကို အံ့ဩသွားစေခဲ့သည်မှာ မှန်သော်လည်း ထိုမျှသာပင်။
သူ၏စိတ်ထဲမှ သံသယများကိုသာ ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ နတ်ဆိုးနယ်မြေရှိ ရေတွက်မရနိုင်သော နှစ်ပေါင်းများစွာက ရှေးဟောင်းတည်ရှိမှုတစ်ခုသာဆိုလျှင် သူ မှတ်မိမည်ဟု ရှာနာနတ်ဆိုးဧကရာဇ် ယုံကြည်ထားလေသည်။
သို့သော် သူ၏ရှေ့ရှိ ဤကောင်လေးမှာ ကျင့်ကြံလာခဲ့သည်မှာ သိပ်မကြာသေးကြောင်း သိသာထင်ရှားလှကာ သူနှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှလည်း သူ ယခင်က မကြားခဲ့ဖူးချေ။
ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း ဤအဆင့်အထိ ကြီးထွားလာသည်မှာ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်အထိပင်။
နတ်ဆိုးဧကရာဇ်ကြီးက သူ့ကို ဒီလောက်တောင် အထင်ကြီးနေတာ မဆန်းတော့ပါဘူး!
အကယ်၍ ဤကောင်လေးသာ အမှန်တကယ် ကြီးပြင်းလာပြီး နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းသွားပါက နတ်ဆိုးဧကရာဇ်ကြီးအတွက် နတ်ဆိုးဧကရာဇ်အဆင့်ရှိ အကူအညီတစ်ခု ထပ်မံရရှိသွားမည်ပင်။
ဤအခိုက်အတန့်တွင် ရှာနာနတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲ၌ ကုချန်အပေါ် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ပေါ်ပေါက်လာခဲ့၏။
ယခင်က သူသည် နတ်ဆိုးဧကရာဇ်ကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေရန်နှင့် သူ၏ ဖြစ်နိုင်ခြေရှိသော အကြံအစည်များကို ဖျက်ဆီးရန်အတွက်သာ ကုချန်ကို သတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ကုချန်သည် သူ သေချာပေါက် သတ်ရမည့် စာရင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
သူနှင့် နတ်ဆိုးဧကရာဇ်ကြီးမှာ သေခန်းပြတ် ရန်သူများ ဖြစ်ကြ၏။
နတ်ဆိုးဧကရာဇ်ကြီးအနေဖြင့် နတ်ဆိုးဧကရာဇ်အဆင့်ရှိ အကူအညီတစ်ခု ထပ်မံရရှိသွားမည်ကို ကြည့်နေရန်မှာ ရှာနာနတ်ဆိုးဧကရာဇ်အတွက် လုံးဝ လက်ခံနိုင်စရာ မရှိပေ!
" စောစောက ငါအရှင့်ကို ဒီလောက် မောက်မောက်မာမာနဲ့ စကားပြောရဲတာ မဆန်းတော့ဘူးပဲ... ဒါပေမဲ့ ကောင်လေး... နတ်ဆိုးဧကရာဇ်အဆင့်ကို မရောက်မချင်း မင်းက အမြဲတမ်း ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်နေမယ်ဆိုတာကို ငါအရှင်က သိစေရမယ်.....
မင်း မောက်မာချင်တယ်ဆိုရင်တောင် နတ်ဆိုးဧကရာဇ်အဆင့်ရှိတဲ့ တည်ရှိမှုတစ်ခု အစစ်အမှန် ဖြစ်လာတဲ့အချိန်ကျမှ မောက်မာတာ နောက်မကျသေးပါဘူး!
ဒါပေမဲ့ အဲဒီနေ့ကို မြင်ရတဲ့အထိ မင်း အသက်ရှင်ခွင့်ရမှာ မဟုတ်ဘူး! "
ရှာနာနတ်ဆိုးဧကရာဇ်မှ အေးစက်စွာ နှာမှုတ်လိုက်၍ သူ၏ သွယ်လျသော လက်ကို နောက်တစ်ကြိမ် ညင်သာစွာ မြှောက်လိုက်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ယခင်ကကဲ့သို့ လက်ညှိုးတစ်ချောင်းမျှသာ ချလိုက်ခြင်း မဟုတ်တော့ချေ။
ထို့အစား သူသည် ဤကမ္ဘာကြီး၏ အဆုံးမဲ့တာအိုများကို လှုပ်နှိုးလိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမရေမတွက်နိုင်သော မှန်ပြင်များအားလုံးသည် ချက်ချင်း လားရာပြောင်းသွားကြ၍ ရှာနာနတ်ဆိုးဧကရာဇ်၏ ဆန္ဒအတိုင်း လှုပ်ရှားကာ ကုချန်ကို ပိတ်ဆို့လိုက်ကြလေသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများသည် မရေမတွက်နိုင်သော မှန်ပြင်များမှနေ၍ မရေမတွက်နိုင်သော နေမင်းများ တစ်ပြိုင်နက် ပေါက်ကွဲသွားသကဲ့သို့ ပန်းထွက်လာကာ အဆုံးမရှိသော အလင်းမြစ်ကြီးတစ်စင်းအဖြစ် ကောင်းကင်ယံမှ ပြေးဆင်းလာ၍ ကုချန်ထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ဤအခိုက်အတန့်ရောက်မှသာ ရှာနာနတ်ဆိုးဧကရာဇ်သည် နတ်ဆိုးဧကရာဇ်အဆင့်၏ နည်းလမ်းများကို အစစ်အမှန် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ထိုအဆုံးမရှိ တောက်ပလင်းလက်နေသော အလင်းမြစ်ကြီးအတွင်း၌ ပန်းထွက်လာသော အလင်းတန်းတစ်ခုစီတိုင်းသည် အမြင့်ဆုံး မြင့်မြတ်စွမ်းရည်တစ်ခုဖြစ်ကာ တာအိုတစ်ခု၏ ကိုယ်ပွားပင် ဖြစ်သည်။
ယင်နှင့်ယန်၊ ဒြပ်စင်ငါးပါး၊ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်း၊ ကံကြမ္မာ.....
အမျိုးအစားပေါင်းစုံသော တာအိုများ ၎င်းအတွင်း၌ ပါဝင်နေလေသည်။
ထိုအလင်းမြစ်ကြီးမှာ မရေမတွက်နိုင်သော မဟာမြင့်မြတ်စွမ်းရည်များ၏ စုစည်းမှုတစ်ခုပင် ဖြစ်၏။
ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားသော ထိုကြောက်မက်ဖွယ်ကောင်းသည့် အလင်းမြစ်ကြီးကို အဝေးမှ ကြည့်နေရင်းပင် မို့ကျွင်းနတ်ဆိုးအရှင်မှာ ပြင်းထန်စွာ အသက်ရှူကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
မရေမတွက်နိုင်သော မြင့်မြတ်စွမ်းရည်များဖြင့် ဖွဲ့စည်းထားသည့် ဤကြောက်မက်ဖွယ်ကောင်းသော အလင်းမြစ်ကြီးကို တားဆီးရန် နေနေသာသာ၊ အနည်းငယ်မျှ ပွတ်တိုက်မိလျှင်ပင် သူသည် ချက်ချင်း ပြာကျသွားမည်ဖြစ်ရာ သူ၏တည်ရှိမှု အရိပ်အယောင်တစ်ခုမျှပင် ကျန်ရစ်မည်မဟုတ်ကြောင်း သူ သိထားလေသည်။
" အဆုံးမဲ့ထျန်းကျွင်း... မင်းတော့ သေပြီ... သေပြီ! "
မို့ကျွင်းနတ်ဆိုးအရှင်သည် စိတ်လှုပ်ရှားစွာဖြင့် ဟစ်အော်လိုက်လေ၏။
ဒီတိုက်ခိုက်မှုကိုတော့ အဆုံးမဲ့ထျန်းကျွင်း ထပ်ပြီး မတားဆီးနိုင်တော့လောက်ပါဘူးနော်?!
" အချိန်ကိုက်ပဲ! "
ရှာနာနတ်ဆိုးဧကရာဇ် နောက်ဆုံး၌ အတည်ပေါက် လှုပ်ရှားလာသည်ကို မြင်သောအခါ ကုချန်၏မျက်လုံးများမှာ ပို၍ပင် တောက်ပလာခဲ့သည်။
သူရဲ့ကိုယ်ပွားသုံးခုကို ပေါင်းစည်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒီနတ်ဆိုးဧကရာဇ်နဲ့ အားရပါးရ တိုက်ခိုက်ဖို့ပဲ မဟုတ်ဘူးလား။
ယခင်က အင်မော်တယ်နယ်မြေမှ အင်မော်တယ်ဘုရင်ကို သတ်ဖြတ်ခဲ့စဉ်က ကိုယ်ပွားနှစ်ခု ပေါင်းစည်းထားသော ကုချန်သည် သူတို့၏ တိုက်ပွဲမှ တာအိုနှင့် ပတ်သက်သည့် အသိအမြင်များစွာကို ရရှိခဲ့သည်။
ယခု ကိုယ်ပွားသုံးခု ပေါင်းစည်းကာ နတ်ဆိုးဧကရာဇ်နှင့် တိုက်ခိုက်ရာတွင် သူရရှိမည့် အသိအမြင်များမှာ ထိုအင်မော်တယ်ဘုရင်ကို သတ်ဖြတ်ခဲ့စဉ်ကထက် သေချာပေါက် ပိုများပြားမည်သာ ဖြစ်သည်။
ဤသည်က ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် သူ၏ နားလည်သဘောပေါက်မှုကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ သံသယဖြစ်ဖွယ်မရှိ တွန်းပို့ပေးလိမ့်မည်။
ဤသည်မှာ နတ်ဆိုးဧကရာဇ်နှင့် တိုက်ခိုက်ရန် အတင်းအကြပ် ဆန္ဒရှိနေခဲ့သော ကုချန်၏ အစစ်အမှန် ရည်ရွယ်ချက်ပင် ဖြစ်သည်။
သူသည် အားကြီးသော ပြိုင်ဘက်ကို မြင်တွေ့ရုံဖြင့် စိတ်လှုပ်ရှားသွားတတ်သည့် တိုက်ခိုက်ရေးရူးသွပ်သူ တစ်ယောက် မဟုတ်ချေ။ ဆန့်ကျင်ဘက်အားဖြင့် ကုချန်သည် တန်ဖိုးရှိ၍ အဓိပ္ပာယ်ရှိသော တိုက်ပွဲများတွင်သာ ပါဝင်လေ့ရှိသည်။
ယခု တိုက်ပွဲမှာ အတိအကျပင် ထိုသို့သော တိုက်ပွဲမျိုး ဖြစ်သည်။
" ငါ့ရဲ့ တာအို... ငါ့ရဲ့ နိယာမ "
ကုချန်မှ ခပ်တိုးတိုး ရေရွတ်လိုက်၍ သူ၏လက်ဝါးများကို အဆက်မပြတ် ဝှေ့ယမ်းကာ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို အမြင့်ဆုံး အတိုင်းအတာအထိ တိတ်တဆိတ် အသက်သွင်းလိုက်လေသည်။
သူသည် တစ်ဖက်လူ၏ နည်းလမ်းကို အသုံးပြုကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ရှာနာနတ်ဆိုးဧကရာဇ်သည် သူ့ကို သတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ချက်ချင်းပင် မရေမတွက်နိုင်သော မဟာမြင့်မြတ်စွမ်းရည်များကို ဖော်ဆောင်ခဲ့၏။
ဤအခိုက်အတန့်တွင် ကုချန် လုပ်ဆောင်နေသည်မှာလည်း ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း နည်းလမ်းကို အသုံးပြုကာ မရေမတွက်နိုင်သော အံ့ဖွယ် မြင့်မြတ်စွမ်းရည်များကို ဖန်တီးပုံဖော်၍ ထိုနည်းလမ်းအတိုင်းပင် ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
" ဝုန်း! "
ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးမှာ တုန်လှုပ်သွား၍ အဆုံးမဲ့တာအိုများပင်လျှင် လက်နက်ချ အညံ့ခံတော့မည့်အလား တုန်ရီသွားကြလေသည်။
တန်ဖိုးကြီးမားလှသော သိုင်းပညာ အလင်းတန်းများ တစ်ခုပြီးတစ်ခု တိုက်မိသွားကြ၍ လောကတွင် အတောက်ပဆုံးနှင့် အန္တရာယ်အရှိဆုံး အလင်းရောင်များအဖြစ် ပြောင်းလဲသွားကာ အဆက်မပြတ် ပေါက်ကွဲ မှေးမှိန်သွားကြလေသည်။
ဤသည်မှာ အကြောက်မက်ဖွယ်အကောင်းဆုံးသော ထိပ်တိုက်ရင်ဆိုင်မှုပင် ဖြစ်၏။
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို မျက်စိတစ်မှိတ်အတွင်း ဆုံးဖြတ်နိုင်လေသည်။
လေဟာနယ်နယ်မြေအတွင်း မရေမတွက်နိုင်သော တန်ဖိုးကြီးသိုင်းပညာများနှင့် အံ့ဖွယ်နိယာမများ ပေါက်ကွဲတိုက်မိသွားကြရာ ၎င်း၏ ဂယက်ရိုက်ခတ်မှုသည် ထိုမျက်စိတစ်မှိတ်အတွင်း၌ပင် နတ်ဆိုးနယ်မြေရှိ ကောင်းကင်ဘုံအသီးသီးသို့ ပြန့်နှံ့သွား၍ အင်မော်တယ်ဘုရင် အားလုံးကို အလိုအလျောက် လှည့်ကြည့်လာစေခဲ့တော့သည်။