ကလေးက ဥခွံမှမွေးမည်လား
Vol. 23 Ch. 317
အခန်း (၃၁၇) ကလေးက ဥခွံမှမွေးမည်လား
“ဂိုဏ်းတူအစ်မ ၊ ကျန်းလန် အဆုံးထိနေနိုင်မယ်လို့ ဘယ်လိုလုပ် ခန့်မှန်းမိတာလဲ"
အပြန်လမ်းတွင် ကျူးချင်က မြောင်ယွဲ့ကို မေးလိုက်သည်။
မြောင်ယွဲ့က ခပ်သဲ့သဲ့ရယ်မောရင်း...
"ငါလည်း ဒီအတိုင်းမှန်းကြည့်တာပါ"
ကျူးချင်က...
"ဒါဖြင့် ဂိုဏ်းတူအစ်မက ဘယ်အချက်အပေါ် အခြေခံပြီး မှန်းကြည့်တာလဲ"
သူမက ကျန်းလန်အကြောင်း သိပ်မသိရှိပေ။
လုန်ယွိကတော့ ရံဖန်ရံခါ ကျန်းလန်အကြောင်း ပြောပြတတ်သည်။
သို့သော် သူမ ပြောသမျှစကားများထဲတွင် ကျန်းလန်က တစ်ယောက်တည်းနေထိုင်သည့် အဘိုးကြီးတစ်ယောက်နှင့်တူသည်ဆိုသည့်အချက်က အများစုပါဝင်သည်။
လုန်ယွိက ထိုသို့ ပြောလေ့ရှိသည့်တိုင် ကျန်းလန်နှင့်အတူရှိရသည်ကို သဘောမကျဟန် မပြပေ။ကျန်းလန်နှင့် လုန်ယွိ အတော်လေး နီးစပ်နေကြပြီကို ကျူးချင် ရိပ်မိသည်။
စိတ်ချင်းအတော်လေးရင်းနှီးနေကြပြီ ဖြစ်လေရာ လက်ထပ်ပြီး၍ ခန္ဓာကိုယ်ချင်းရင်းနှီးကြရာဝယ် အတားအဆီး မရှိနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ ကျန်းလန် နောက်ဆုံးအချိန်ထိ မှော်ရုံနယ်မြေထဲတွင် နေနိုင်မည်ဟု မြောင်ယွဲ့က မည်သို့ ခန့်မှန်းမိသည်ကို သူမ နားမလည်နိုင်သေးပေ။
မြောင်ယွဲ့က ကျူးချင်ကို လှည့်ကြည့်လိုက်ရင်း...
"ဂိုဏ်းတူညီမလေးအမြင်မှာ ကျန်းလန်ရဲ့ ကိုယ်ရည်ကိုယ်သွေး ဘယ်လိုရှိတယ်လို့ ယူဆသလဲ"
ကျူးချင်က...
"တစ်ယောက်တည်းနေတတ်တယ်"
မြောင်ယွဲ့က ခေါင်းညိတ်လိုက်ရင်း…
"အင်း… အနည်းနဲ့အများပေါ့လေ"
မြောင်ယွဲ့က ဆဋ္ဌမတောင်ထွတ်သို့ ဦးတည်သွားရင်း စကားဆက်ပြောသည်။
"ကျန်းလန်က နဝမတောင်ထွတ်ကနေ အပြင်ကို ထွက်လေ့မရှိဘူး ၊ သူ အန္တရယ်ကင်းတယ်လို့ ယူဆတဲ့နေရာမှာပဲ နေထိုင်လေ့ရှိတယ် ၊ သူက လုပ်နိုင်တယ်ဆိုတိုင်းလည်း အရမ်းကာရောလျှောက်မလုပ်တတ်ဘူး ၊ အန္တရယ်ဖြစ်မယ့်ကိစ္စတွေကိုလည်း ရှောင်ရှားလေ့ ရှိတယ်"
"အတွေ့အကြုံရအောင်ဆိုပြီး ပြင်ပလောကကို တစ်ခေါက်ပဲထွက်သွားဖူးတယ် ၊ နောက်ပိုင်း သူ ခွန်လွန်တောင်က တစ်ဖဝါးမှ မခွာတော့ဘူး ၊ ပြီးတော့ သူက နဝမတောင်ထွတ်မှာလည်း အစီအရင်တွေအများကြီး ပြုလုပ်ထားတယ် ၊ အဲဒီ အစီအရင်တွေကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားတဲ့အတါက် ဘယ်သူမှ နဝမတောင်ထွတ်ကို ချိုးဖျက်ဝင်ရောက်လာနိုင်မှာ မဟုတ်ဘူး"
ကျူးချင် နားမလည်နိုင် ဖြစ်သွားပြီး...
"ဒါဖြင့် ကျန်းလန်ကို သူရဲဘောကြောင်တဲ့သူတစ်ယောက်လို့ ဂိုဏ်းတူအစ်မက ပြောချင်တာလား"
မြောင်ယွဲ့က...
"မဟုတ်ဘူး ၊ သူက သတိရှိတာပါ"
သူမက ဆက်ရှင်းပြသည်။
"သူက လုပ်ဖို့လိုအပ်တဲ့အလုပ်တွေကို တစ်ချက်မတုံ့ဆိုင်းဘဲ လုပ်လေ့ရှိတယ် ၊ ဥပမာပြောရရင် နတ်လူသားမျိုးနွယ်တွေနဲ့ နဂါးမျိုးနွယ်တွေရဲ့ စိန်ခေါ်ပွဲကို သူ ရင်ဆိုင်ခဲ့တာပဲ ကြည့်လေ ၊ ဆိုရရင် အဲဒီ စိန်ခေါ်ပွဲတွေမှာ သူ တစ်ခါမှ မရှုံးခဲ့ဖူးဘူး ၊ သူက အားနည်းပျော့ညံ့တဲ့သူတစ်ယောက် မဟုတ်ဘူး ၊ ဒါပေမဲ့ လူတွေက သူ့ကို အားနည်းပျော့ညံ့တယ်လို့ ထင်နေအောင် တမင်သက်သက် ဟန်ဆောင်ထားတာ"
ပြောပြီးသည်နှင့် မြောင်ယွဲ့က ရယ်မောလိုက်သည်။
ခဏနားပြီးမှ သူမက ဆက်ပြော၏။
"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားဖို့ ငါ သင်ပေးလိုက်တာဆိုပေမယ့် တခြား သူ ဖုံးကွယ်ထားတာတွေ အများကြီးရှိနိုင်သေးတယ် ၊ တိုတိုပြောရရင်တော့… ကျင့်ကြံခြင်းအဆင့်တူတဲ့သူတွေကြားမှာ ကျန်းလန်ကို လျှော့တွက်မိရင်တော့ အဲဒီလူ သေချာပေါက် တန်ဖိုးကြီးကြီးပေးဆပ်ရမှာပဲ"
"သူ တုံ့ပြန်နိုင်ဖို့ အချိန်ရနေသရွေ့ တတိယထပ်က လူတွေ ၊ ဒါမှမဟုတ် သတ္တဝါဆိုးကြီးတွေ ဘယ်သူမှ သူ့ကို မှော်ရုံနယ်မြေအပြင်ဘက်ကို ပို့နိုင်ကြမှာ မဟုတ်ဘူး ၊ တကယ်တော့ သားရဲကြီးတွေ မှော်ရုံနယ်မြေထဲရောက်သွားပြီး အတော်လေးအချိန်ကြာတဲ့အထိ ကျန်းလန် ထွက်မလာဘူးဆိုတာ ငါ သတိထားလိုက်မိတယ် ၊ ဒါကိုကြည့်ပြီး သူ အဆုံးထိနေဖို့ အခွင့်အရေးများတယ်လို့ ငါ ခန့်မှန်းလိုက်နိုင်တာပါ"
ကျူးချင်က ခေါင်းညိတ်လိုက်ရင်း...
"ကျွန်မ နားလည်ပါပြီ"
မြောင်ယွဲ့က ရယ်မောလိုက်ပြီး ထိုအကြောင်းများကို ဆက်မပြောတော့ပေ။
"သွားကြစို့ ၊ ဂိုဏ်းတူအစ်မချန်ရှီကို သွားရှာကြရအောင်"
မြောင်ယွဲ့က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒီကိစ္စပြီးသွားပေမယ့် ငါတို့ကိုစောင့်နေတဲ့ အခြားကိစ္စတွေ အများကြီးရှိသေးတယ် ၊ ပြီးတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ မင်္ဂလာပွဲလည်း စီစဉ်ရဦးမယ်လေ"
ကျူးချင်က...
"ရှောင်ယွိလည်း အင်မော်တယ်အဆင့်တက်ဖို့ မိုးကောင်းကင်စမ်းသပ်ခံရမှာကို ရင်ဆိုင်ဖို့ သိပ်မလိုတော့ဘူး"
စကားပြောရင်းဖြင့်ပင် သူတို့ ဆဋ္ဌမတောင်ထွတ်သို့ ရောက်လာကြသည်။
မြောင်ယွဲ့က...
"ကျန်းလန်လည်း မကြာခင် အင်မော်တယ် ဖြစ်တော့မှာပဲ ၊ နှစ်ပေါင်း နှစ်ရာ သုံးရာလောက်ပဲ လိုတော့မှာ"
"သူက ပါရမီရှင် မဟုတ်တော့ အင်မော်တယ်အဆင့်တက်ဖို့ ပြဿနာတစ်ခုခုများ ရှိနိုင်မလား"
"ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်ရဲ့ နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို လျှော့မတွက်နဲ့လေ"
"ဒါတော့ အမှန်ပဲ"
***
ကျန်းလန်က အစီအရင်ထဲမှာပင် ပုန်းအောင်းရင်း အနားရောက်လာသည့် သားရဲများနှင့် သတ္တဝါဆိုးများကို စောင့်ဆိုင်းသတ်ဖြတ်နေခဲ့သည်။
သူက မည်သည့်စွန့်စားမှုကိုမှ မပြုလုပ်ဘဲ သတိထားနေထိုင်ခဲ့သည်။
အချိန်များ ကုန်ဆုံးသွားပြီးနောက် တတိယထပ်သို့ ခွန်လွန်တောင်မှ တပည့်အုပ်စု ကျန်းလန်အနားသို့ ရောက်ရှိလာကြသည်။
သူ့နံဘေးပတ်ပတ်လည်တွင်ရှိနေသည့် သားရဲအလောင်းကောင်များက ပေဖန်း၏ စိတ်အာရုံကို စွဲဆောင်သွားပုံရသည်။ သူ့အနားသို့ ပေဖန်းရောက်ရှိလာလေ၏။
သူတို့က ပဉ္စမထပ်မှဆင်းလာပြီး အောက်ပိုင်းအထပ်များမှ သားရဲများနှင့်သတ္တဝါဆိုးများကို လိုက်လံရှင်းလင်းသုတ်သင်နေဟန် ရှိသည်။
ထို့ကြောင့် ကျန်းလန်သည်လည်း သူတို့အုပ်စုနှင့်ပူးပေါင်းကာ သားရဲများနှင့် သတ္တဝါဆိုးများကို လိုက်လံကူညီရှင်းလင်းပေးခဲ့သည်။
သားရဲများအားလုံးကို ရှင်းပြီးသွားသည်နှင့် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ ပြီးဆုံးသွားလေသည်။ သူတို့အားလုံးသည်လည်း မှော်ဝင်ပစ္စည်းများနှင့် ပြဒါးဆေးလုံးများကဲ့သို့ ရင်းမြစ်ပစ္စည်းများစွာ ရရှိခဲ့ကြသည်။
သို့သော် သူတို့ရရှိထားသည်များမှာ မရှိမှုအာကာသအဆင့် ကျင့်ကြံသူများနှင့်သာ သင့်တော်လေရာ ကျန်းလန် စိတ်ဝင်စားခြင်း မရှိပေ။
ထို့ပြင် သူ့တွင်လည်း စနစ်မှတ်ပုံတင်ခြင်းမှတစ်ဆင့် ထိုသို့သောပစ္စည်းများ များစွာ ရှိနေလေရာ သူ့အတွက် မလိုအပ်လှပေ။
အမှန်တော့ သာမန်ဆိုလျှင် မှော်ဝင်တိမ်တိုက်တာင်စုဝေးပွဲက ထိုမျှမြန်မြန်ဆန်ဆန် ပြီးဆုံးသွားမည် မဟုတ်ပေ။ သို့ရာတွင် သူက ပဉ္စမထပ်တွင် မွှေနှောက်လိုက်သည့်အတွက် စုဝေးပွဲက အလျှင်အမြန် ပြီးဆုံးသွားရခြင်း ဖြစ်သည်။
သူ့လက်ချက်ဖြင့် အင်မော်တယ်အဆင့် ကျင့်ကြံသူအများစုမှာ မှော်ရုံနယ်မြေအပြင်ဘက် ရောက်ရှိသွားကြပြီး သတ္တဝါဆိုးများစွာမှာလည်း ရှင်းလင်းပြီးသား ဖြစ်သွားခဲ့ရသည်။
မဟူရာမှော်ရုံနယ်မြေအပြင်ဘက်ရောက်သည်နှင့် ကျန်းလန်က နဝမတောင်ထွတ်သို့ ပြန်ရန်အတွက် ဟုန်လွမ် ၊ ပေဖန်းနှင့် အခြားဂိုဏ်းတူအစ်ကိုအစ်မများကို နှုတ်ဆက်စကားဆိုလိုက်သည်။
သို့သော် ထိုခဏမှာပင် သူတို့ရှိရာသို့ လုန်ယွိ ပျံသန်းရောက်ရှိလာသည်ကို တွေ့မြင်လိုက်ကြရသည်။
လုန်ယွိရောက်လာသည်နှင့် သူ နဝမတောင်ထွတ်သို့ မပြန်နိုင်တော့ကြောင်း ကျန်းလန် နားလည်လိုက်သည်။
လုန်ယွိက ဟုန်လွမ်တို့အုပ်စုရှေ့တွင် ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာပြီး...
"ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မ"
ဟု နှုတ်ဆက်စကားဆိုလိုက်၏။
ဟုန်လွမ်က ပြုံးရင်းဖြင့်…
"ဂိုဏ်းတူညီမလေး ၊ မင်းအပြင်ရောက်သွားတာ အရမ်းစောသွားတယ် ၊ အထဲမှာအတော်လေး ပွဲကြီးပွဲကောင်းဖြစ်သွားတာ"
ပြီးမှ သူမက အခြေအနေကို သဘောပေါက်သွားပြီး…
"ငါတို့ ကိစ္စလေးတွေရှိသေးတယ် ၊ ဂိုဏ်းတူညီမလေးနဲ့ စကားဆက်မပြောတော့ဘူးနော်"
ထို့နောက် ဟုန်လွမ်က အခြားတပည့်များကို ခေါင်းတစ်ချက်ဆတ်ပြရင်း ထွက်ခွာသွားရန် အချက်ပြလိုက်သည်။
လင်အန်းက…
"ဂိုဏ်းတူညီမလေး ၊ ကျုပ်တို့ကို ခွင့်ပြုဦးနော် ၊ ဂိုဏ်းတူအစ်ကိုလုကျန်းကို သွားကြည့်ရဦးမှာမို့လို့"
ထို့နောက် လင်အန်းနှင့်အခြားသူများ ထွက်ခွာသွားကြတော့သည်။
လင်စီးယာကလည်း လုန်ယွိကို ပြုံးပြရင်း…
"ဂိုဏ်းတူအစ်မ ၊ ကျွန်မလည်း သွားတော့မယ်နော်"
ကျောက်စိမ်းရေကန်နတ်ဘုရားမရောက်လာသည်ကို အဘယ့်ကြောင့် ခွန်လွန်တောင်မှ တပည့်များက အလျင်အမြန် ထွက်ခွာသွားကြပါသနည်းဟု အချို့တပည့်များက နားမလည်နိုင် ဖြစ်ကြရသည်။
သို့သော်လည်း မည်သို့မှ မတတ်နိုင်စွာ ဂိုဏ်းတူအစ်ကိုအစ်မများနောက်မှ လိုက်ပါသွားကြရလေသည်။
နောက်ဆုံးတော့ ကျန်းလန်နှင့် လုန်ယွိ (၂)ယောက်တည်းသာ ကျန်ရစ်ခဲ့ကြသည်။
လုန်ယွိက ကျန်းလန်အနားသို့ အသာတိုးကပ်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ရှင် ဘာတွေများရလာခဲ့လဲ"
ဟု မေးလိုက်သည်။
သို့သော် သူမ၏အမူအရာက ပုံမှန်အတိုင်း ခံစားချက်ကင်းမဲ့နေဆဲ ဖြစ်သည်။
"ဆေးတစ်ပုလင်း ၊ ချီလင်မျိုးနွယ်တွေရဲ့ မန္တန်စာအုပ်တစ်အုပ် ပြီးတော့ ဒီမှာ လျှပ်စီးတူတစ်လက်"
ပြောရင်းဖြင့်ပင် ကျန်းလန်က ဆေးပုလင်းတစ်လုံး ၊ စာအုပ်တစ်အုပ်နှင့် ကြီးမားသည့်တူကြီးတစ်လက်ကို ထုတ်ပြလိုက်သည်။
ထိုပစ္စည်းများက သူ့အတွက် အသုံးမဝင်လှပေ။
မန္တန်စာအုပ်မှာလည်း သာမန်ကာကွယ်ခုခံမှုမန္တန်တစ်ခုမျှသာဖြစ်လေရာ သူ့အတွက် မလိုအပ်ပေ။
စာအုပ်ထဲတွင်ရေးသားထားသည်ကတော့ ထိုမန္တန်က ချီလင်မျိုးနွယ်များ၏ အစွမ်းအထက်ဆုံး ကာကွယ်ခုခံမှုမန္တန်ဟု ရေးသားထားသည်။
မည်သို့အစွမ်းထက်သည်လဲဆိုသည်ကတော့ အတိအကျပြောရန် ခက်ခဲသည်။
သူက လူသားတစ်ယောက်ဖြစ်နေသောကြောင့် ချီလင်မျိုးနွယ်များ၏မန္တန်ကို အပြည့်အ၀ အသုံးမချနိုင်ခြင်းလည်း ဖြစ်နိုင်သည်။
သူ့အတွက်တော့ အခြား ကာကွယ်ခုခံမှုမန္တန်များကို သင်ယူသည်က ပိုကောင်းနိုင်ဦးမည် ဖြစ်သည်။
"ဒါတွေက ဂိုဏ်းတူမောင်လေးအတွက် သိပ်ပြီး အသုံးဝင်မယ်မထင်ပါဘူး"
လုန်ယွိက ပစ္စည်းများကို တစ်ချက်ကြည့်ရင်း မှတ်ချက်ပြုသည်။
ကျန်းလန်က နဝမတောင်ထွတ်တစ်ခုလုံးမှ ရင်းမြစ်များကို ရရှိထားသူ ဖြစ်သည်။ ဤပစ္စည်းများက ကျန်းလန်အတွက်တော့ သာမန်မျှသာ ဖြစ်ပေလိမ့်မည်။
သူတို့ (၂)ယောက် ထိုပစ္စည်းများကို အရေးမစိုက်တော့ဘဲ ခွန်လွန်တောင်သို့ ပြန်ခဲ့ကြသည်။
တောင်ခြေသေရည်ဆိုင်ရှေ့ရောက်သည့်အခါ အဋ္ဌမမင်းသား ဒဏ်ရာရထားသည့်အကြောင်း လုန်ယွိက ကျန်းလန်ကို ပြောပြလိုက်သည်။
ထို့ကြောင့် သူတို့ သေရည်ဆိုင်အတွင်းသို့ဝင်ကာ သတင်းမေးရန် ဆုံးဖြတ်လိုက်ကြသည်။
သေရည်ဆိုင်ထဲရောက်သည်နှင့် စားပွဲတစ်လုံးတွင်ထိုင်ကာ မြေပဲများစားနေသည့် အဋ္ဌမမင်းသားကို တွေ့လိုက်ကြရသည်။
ကောင်တာတွင်တော့ မည်သူမှ ရှိမနေပေ။
ထိုစဉ်မှာပင် အဋ္ဌမမင်းသား၏ ခန္ဓာကိုယ်ထက်၌ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၄)ခု ရှိနေကြောင်း ကျန်းလန် သတိပြုလိုက်မိသည်။
ရောင်ဝါ (၁) ခုစီက နတ်ဘုရားရာထူး (၁) ခုစီကို ကိုယ်စားပြုသည်။
အခြားသူများရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကတော့ သာမန်ကံကြမ္မာအခွင့်ကောင်းရောင်ဝါမျှသာ ဖြစ်ပေလိမ့်မည်။
သို့သော် အဋ္ဌမမင်းသားရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကတော့ အတော်လေး ထူးခြားသည်။
အဋ္ဌမမင်းသားကိုသာ သတ်ဖြတ်လိုက်လျှင် သတ်ဖြတ်သူက ထိုကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၄)ခုလုံးကို ရရှိနိုင်ပါ့မလားဟု ကျန်းလန် တွေးလိုက်သည်။
ထိုသို့ဖြစ်နိုင်မည် မထင်ပေ။
"အစ်မ ၊ ယောက်ဖ… မင်းတို့ ဆတ်သားစားချင်သလား"
အဋ္ဌမမင်းသားက လုန်ယွိနှင့်ကျန်းလန်ကိုတွေ့သည်နှင့် ကောက်ခါငင်ကာ ထ မေးလိုက်သည်။ သူက အမဲလိုက်ရာတွင် တော်သည် မဟုတ်ပါလား။
လုန်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ကျန်းလန်က ခေါင်းခါယမ်းပြသည်ကို တွေ့သည်နှင့် သူမကလည်း ခေါင်းခါယမ်းပြလိုက်၏။
ထို့နောက် သူမက လာရင်းကိစ္စကိုသာ ပြောလိုက်သည်။
"အမေတော့ မောင်လေးကို အရမ်းစိုးရိမ်နေမယ်ထင်တယ်"
အဋ္ဌမမင်းသားက…
"ဒါဆို အမေ့ကို မစိုးရိမ်ဖို့ ကျွန်တော် ပြောလိုက်ပါ့မယ် ၊ အမေနဲ့လည်း သိပ်ပြီးမတွေ့ချင်ဘူးဗျာ"
အရင်က ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရယူသည့်ကိစ္စက လူကြီးများ၏ကိစ္စသာ ဖြစ်သည်။ သူက အဝေးမှသာ လှမ်းကြည့်ရုံသာ ရှိသည်။
ယခုတော့ သူက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရယူမိသည့်အတွက် အမေဖြစ်သူ၏ အစီအစဉ်များ ပျက်စီးရမည်ကို စိတ်ပူနေမိသည်။
ခဏမျှစကားစမြည်ပြောဆိုကြပြီးနောက် အဋ္ဌမမင်းသားက လုန်ယွိကို မြေပဲလက်တစ်ဆုပ်ပေးလိုက်ရင်း…
"အစ်မ.. ယောက်ဖနဲ့အတူတူ ပြန်ကြတော့လေ ၊ မိုးချုပ်တော့မယ်"
လုန်ယွိက မြေပဲများကို ယူလိုက်ပြီး အနည်းငယ်ထူးဆန်းနေသလို ခံစားရသော်လည်း လုန်မန်၏ စကားကို သဘောတူလိုက်သည်။
ထို့နောက် ကျန်းလန်နှင့်အတူ သေရည်ဆိုင်မှ ပြန်လာခဲ့လေသည်။
***
မည်သူမှမရှိသည့် နေရာတစ်နေရာအရောက်တွင် လုန်ယွိက ခန္ဓာကိုယ်ကို သေးငယ်လိုက်ပြီး ရှောင်ယွိအသွင် ပြောင်းလဲလိုက်သည်။
သူမပုံစံက အနည်းငယ်သေးငယ်သွားပြီး ရင်ဘတ်တို့ကလည်း ပြားချပ်ချပ် ဖြစ်သွား၏။ သို့နှယ် ပုံစံသေးငယ်လိုက်ခြင်းက ပြောင်းလဲမှုအချိုးအစားမမှန်မကန်ဖြစ်နေသည်ဟု ကျန်းလန် ခံစားလိုက်ရသည်။
ရှောင်ယွိက စိတ်ဆိုးမာန်ဆိုးဖြင့်…
"ဂိုဏ်းတူမောင်လေး… လုန်မန်က ကျွန်မကို ဘာလို့နှင်ထုတ်ရတာလဲ"
ထို့နောက် သူမက မြေပဲအနည်းငယ်ကို ကျန်းလန်ထံ ကမ်းပေးလိုက်သည်။
ကျန်းလန်က မြေပဲများကို လှမ်းယူလိုက်ရင်း…
"သူ့မှာ လုပ်စရာကိစ္စတစ်ခုခု ရှိလို့နေမှာပေါ့"
ကျန်းလန်က မြေပဲများကို ယူလိုက်သော်လည်း စားခြင်း မရှိပေ။ သူက အစကတည်းက စားလေ့မရှိခြင်း ဖြစ်၏။
"တောင်ပေါ်ပြန်ရောက်ရင် ဂိုဏ်းတူမောင်လေးက ထပ်ပြီး တံခါးပိတ်ကျင့်ကြံဦးမှာလား"
"အင်း… စုဝေးပွဲက ရခဲ့တဲ့ အကျိုးအမြတ်လေးတွေ ရှိတယ်လေ ၊ အဲဒါတွေကို အသုံးချပြီး ကျင့်ကြံရမှာပေါ့"
"ကျွန်မတို့ အင်မော်တယ်တွေ ဖြစ်လာရင်တော့ ကျင့်ကြံခြင်းအပြင် အခြားကိစ္စတွေကိုလည်း စဉ်းစားဖို့ အချိန်ပေးရမယ်မဟုတ်လား"
ရှောင်ယွိစကားကိုကြားသည်နှင့် ကျန်းလန် အနည်းငယ် စဉ်းစားသွားသည်။
သူမက အခြား မည်သည့်ကိစ္စများကို စဉ်းစားပါမည်နည်း။
သူမမွေးမည့်ကလေးက ဥခွံမှမွေးမည်လား ၊ သာမာန်ပင်မွေးဖွားလာမည်လား ဆိုသည့်အကြောင်းအရာကို စဉ်းစားလိုခြင်းများလား။