အခန်း (၈၃၅-၈၃၇)
Vol. 56 Ch. 835-837
အခန်း (၈၃၅) - ကစားသမား၏ လက်ထဲမှ လွတ်မြောက်သွားသော စစ်တုရင်ရုပ်
ဖန်ချန် ၏ စကားများထဲတွင် နက်ရှိုင်းသော နာကြည်း မုန်းတီးမှုများ အပြည့်အဝ ပြည့်နှက်နေသည်။
သူ၏ စကားများကို ကြားလိုက်ရသူ မည်သူမဆို... သူသည် နင်ချီ ၏ အသားများကို အစိမ်းလိုက် ဝါးစားချင်နေလောက်အောင် ဒေါသထွက်နေကြောင်း သေချာပေါက် ခံစားမိကြပေလိမ့်မည်။
ဖန်ချန် တို့ သုံးဦးမှာ တောင်နှင့် ပင်လယ် ကမ္ဘာ တစ်ခုလုံး၏ အမြင့်ဆုံး အထွတ်အထိပ် တွင် ရပ်တည်နေကြသော ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး များ ဖြစ်ကြပြီး... နယ်မြေအရှင်သခင် ရာထူးများကိုပါ ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။
အကယ်၍ သူတို့သာ လောလောဆယ် စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့် မရှိခြင်းကြောင့်သာ မဟုတ်လျှင်... ပြီးတော့ သူတို့၏ သားများကို အသက်ပြန်ရှင်လာစေရန် ဆန္ဒမရှိခဲ့ဘူး ဆိုလျှင်... သူတို့သည် တောင်ဘိုးဘေးကြီး ၏ အကူအညီကို ဘာကြောင့် လာရောက် တောင်းခံနေကြမည်နည်း။
အကယ်၍ သူတို့သာ စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်နိုင်ခဲ့မည် ဆိုပါက... သူတို့၏ သားများကို ချက်ချင်း ကယ်တင်နိုင်ရုံသာမက၊ နင်ချီ ကိုပါ မျက်စိတစ်မှိတ် အတွင်း ရှင်းလင်းပစ်နိုင်မည် ဖြစ်သည်။
ဖန်ချန် စကားပြောပြီးသည်နှင့်... ထို သုံးဦးစလုံးသည် တောင်ထွတ် ထက်တွင် ရှိနေသော တောင်ဘိုးဘေးကြီး ၏ ကျောပြင်ကို မော့ကြည့်နေကြသည်။
သူတို့ လုံးဝ သတိမထားမိခဲ့သော အချက်တစ်ခုမှာ... နဂါး ပုံသဏ္ဌာန် မျက်နှာဖုံး တပ်ဆင်ထားသော အမည်းရောင် ဝတ်စုံနှင့် အလုပ်အကျွေး ၏ မျက်လုံးများထဲတွင် အလင်းတန်း တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားခြင်းပင် ဖြစ်၏။
ထို သုံးဦး ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ပေါ်သို့ မရောက်လာခင်လေးမှာပင်... ထို အမည်းရောင် ဝတ်စုံနှင့် အလုပ်အကျွေး သည် တောင်ဘိုးဘေးကြီး နှင့် ကမ္ဘာ့အရှင်သခင် တို့ နင်ချီ အကြောင်း ဆွေးနွေးနေကြသည်ကို ကြားခဲ့ရသည် မဟုတ်ပါလော။
‘အခု ဒီကောင် သုံးယောက်က နင်ချီ ကို အပြစ်ပေးချင်တယ် ဆိုပြီး ဒီကို ရောက်လာကြတယ် ဆိုတော့... ဒါက…’
အမည်းရောင် ဝတ်စုံနှင့် အလုပ်အကျွေး က ထို သုံးဦးကို တိတ်ဆိတ်စွာဖြင့် သနားစရာကောင်းသော အကြည့်တစ်ချက် လှမ်းကြည့်လိုက်၏။
တောင်ဘိုးဘေးကြီး သည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေဆဲ ဖြစ်ပြီး... သူ၏ ကျယ်ဝန်းသော ဝတ်ရုံအောက်မှ အလွန်တရာ တောင့်တင်း သန်စွမ်းလှသော လက်မောင်းများကို မှေးမှိန်စွာ မြင်တွေ့နေရသည်။
သူက ရုတ်တရက် မေးလိုက်၏။
“ဖန်ချန်... မင်း ငါ့နောက်ကို လိုက်လာတာ ဘယ်လောက်ကြာပြီလဲ”
ဖန်ချန် က ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ပြန်လည် ဖြေကြားလိုက်၏။
“တောင်ဘိုးဘေးကြီး ကို အသိပေးတယ် ခင်ဗျာ။ ဖန်ချန် က တောင်ဘိုးဘေးကြီး ရဲ့ နောက်ကို လိုက်ပါလာခဲ့တာ အနှစ် နှစ်သိန်း နီးပါး ရှိပါပြီ ခင်ဗျာ”
“နှစ်သိန်း တောင် ရှိသွားပြီပေါ့...”
တောင်ဘိုးဘေးကြီး က သက်ပြင်းချလိုက်ပြီး၊ သူ၏ ဝတ်ရုံ လက်စ ထဲမှနေ၍ အလင်းတန်း တစ်ခု အလိုအလျောက် ပျံထွက်လာကာ ဖန်ချန် ၏ လက်ထဲသို့ ကျရောက်သွားတော့သည်။
ဖန်ချန် က သူ၏ လက်ထဲရှိ အရာကို စူးစိုက် ကြည့်လိုက်၏။
၎င်းမှာ နတ်ဘုရား ရတနာ တစ်ခု မဟုတ်ဘဲ၊ ကျောက်စိမ်း ဆေးပုလင်း တစ်လုံး ဖြစ်နေသည်။
ထို ကျောက်စိမ်း ဆေးပုလင်း မှာ အလင်းမပေါက်သော်ငြားလည်း... ထိုအထဲတွင် ပြီးပြည့်စုံစွာ လုံးဝန်းနေသော ဆေးလုံး သုံးလုံး ရှိနေကြောင်းကို သူ မြင်တွေ့နိုင်စွမ်း ရှိ၏။
ထို ဆေးလုံး များမှာ အမည်းရောင် ဖြစ်သော်ငြားလည်း၊ ၎င်းတို့၏ မျက်နှာပြင်များပေါ်တွင် တောက်ပသော ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသည်။
“တောင်ဘိုးဘေးကြီး... ဒါက...”
တောင်ဘိုးဘေးကြီး က သူ့ကို ဤ ဆေးလုံး ဘာကြောင့် ချီးမြှင့်ရသနည်း ဆိုသည်ကို ဖန်ချန် နားမလည်နိုင်အောင် ဖြစ်နေရသည်။
တောင်ဘိုးဘေးကြီး က ရှင်းပြလိုက်၏။
“ဒီဆေးလုံးက နတ်ဘုရား ရတနာ ကို အခြေခံပြီး အသစ် ဖန်တီးထားတဲ့ ရှင်သန်ခြင်း ဆေးလုံး တစ်မျိုးပဲ။ မူလဝိညာဉ် အပိုင်းအစလေး တစ်ခု ကျန်နေသေးသရွေ့... ဒီဆေးလုံး နဲ့ အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်စွမ်း ရှိတယ်”
ဖန်ချန် မှာ အလွန်တရာ ဝမ်းသာ ပီတိ ဖြစ်သွားတော့သည်။
ထို သုံးဦးစလုံး က တောင်ဘိုးဘေးကြီး ကို အလျင်အမြန် ဦးညွှတ်လိုက်ကြပြီး...
“ဆေးလုံး ချီးမြှင့်တဲ့ အတွက် တောင်ဘိုးဘေးကြီး ကို အရှင့်ရဲ့ လက်အောက်ငယ်သား တွေက အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ”
သူတို့ အားလုံးက သူတို့၏ သားများ၏ မူလဝိညာဉ် မျှင်လေး တစ်ခုစီကို သိမ်းဆည်းထားခဲ့ကြပြီ ဖြစ်ရာ... ယခုအခါ အရေးအကြီးဆုံးသော ကိစ္စမှာ ပြီးမြောက်သွားခဲ့တော့၏။
ဆေးလုံး များကို သေချာစွာ သိမ်းဆည်းလိုက်ပြီးနောက် ထို သုံးဦးက တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကြပြီး၊ ဖန်ချန် က နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
“တောင်ဘိုးဘေးကြီး... နင်ချီ ကို အပြစ်ပေးဖို့ ကျွန်တော့်ကို ခွင့်ပြုချက် ပေးနိုင်မလား ခင်ဗျာ”
ဖန်ချန် မှာလည်း လူမိုက် တစ်ယောက် မဟုတ်ချေ။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ရှင်းပြချက် များမှတစ်ဆင့်... လက်ရှိ နယ်မြေများ သိမ်းပိုက်ရာတွင် နင်ချီ ၏ အရေးပါမှုကို သူ ကောင်းကောင်း နားလည် သဘောပေါက်ထား၏။
သူတို့ အနေဖြင့် ဤ စော်ကားမှုကို လုံးဝ မျိုသိပ်မထားနိုင်ကြချေ။ သူတို့သည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အထက်တန်းလွှာများ ဖြစ်ကြပြီး... သူတို့၏ သားလေးကို အဆင့်နိမ့် ပါရမီရှင် တစ်ဦး၏ သတ်ဖြတ်ခြင်း ခံရသည်ကို လုံးဝ (လုံးဝ) လက်မခံနိုင်ကြချေ။
သူ၏ အမြင်တွင်... ဤကဲ့သို့သော အဆင့်နိမ့် ပါရမီရှင် များမှာ သူတို့ အသုံးဝင်နေသေးချိန်တွင် အပြည့်အဝ အသုံးချခံရမည့် သူများသာ ဖြစ်ပြီး၊ သူတို့၏ တန်ဖိုးများ အားလုံး ကုန်ဆုံးသွားချိန်တွင်မူ... သူ၏ ဒေါသများကို ဖြေဖျောက်ရန်အတွက် အသတ်ခံရမည့် သူများသာပင်။
ဖန်ချန် သည် သူ့ကိုယ်သူ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အစွမ်းအထက်ဆုံး ထိပ်တန်း (၅၀) စာရင်းဝင် တစ်ဦး အဖြစ် သတ်မှတ်ထားပြီး... တောင်ဘိုးဘေးကြီး ၏ နောက်သို့ အနှစ် နှစ်သိန်း နီးပါးကြာအောင် လိုက်ပါလာခဲ့သူ တစ်ဦးပင်။
နင်ချီ မှာ အသစ် ပေါ်ထွက်လာသော ပါရမီရှင် တစ်ဦးမျှသာ ဖြစ်ရာ၊ တောင်ဘိုးဘေးကြီး အနေဖြင့် သေချာပေါက် သူ၏ ဘက်မှ ရပ်တည်ပေးလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
ထိုအခိုက်၊ ရှေ့ဘက်ရှိ တောင်ဘိုးဘေးကြီး ထံမှ ပဲ့တင်သံ တစ်ခု ထွက်ပေါ်လာတော့၏။
“ဖန်ချန်... မင်းတို့ အားလုံးက အောက်ဘက်က ဝိညာဉ်နယ်မြေ တွေကို အုပ်ချုပ်ဖို့ ငါ့ကို ကူညီပေးနေရတာလေ။ ပြီးတော့ မကြာခင် ဖြစ်လာမယ့် ပေါင်းစည်းခြင်း နယ်ပယ် တိုက်ပွဲကြီး မှာလည်း မင်းတို့ရဲ့ အကူအညီကို ငါ လိုအပ်ဦးမှာပဲ။ အဲဒီ အချိန်ကျရင် ဘာလုပ်ရမလဲ ဆိုတာကို မင်းတို့ ဘာသာမင်းတို့ ဆုံးဖြတ်လိုက်ကြပါ”
ထိုစကားကို ကြားလိုက်ရသောအခါ ဖန်ချန် နှင့် အခြား နှစ်ဦးမှာ တောင်ဘိုးဘေးကြီး ၏ သွယ်ဝိုက်သော အဓိပ္ပာယ်ကို နားလည် သဘောပေါက်သွားပုံ ရသည်။
တောင်ဘိုးဘေးကြီး က သူတို့၏ တောင်းဆိုချက်ကို သဘောတူလိုက်ပုံ ရသော်ငြားလည်း... သူတို့ ကိုယ်တိုင် လှုပ်ရှားရမည် ဆိုသော စည်းကမ်းချက် တစ်ခုတော့ ပါဝင်နေ၏။
ဖန်ချန် နှင့် သူ၏ သူငယ်ချင်း နှစ်ဦးမှာ ဤအချက် အတွက် သဘာဝကျကျပင် အလွန်တရာ ဝမ်းသာ ပျော်ရွှင်သွားကြတော့သည်။
ကိုယ့်လက်နဲ့ ကိုယ် လက်စားချေ ရတာက သေချာပေါက် ပိုပြီး ကျေနပ်စရာ ကောင်းတာပေါ့။
“ကျေးဇူးတင်ပါတယ် တောင်ဘိုးဘေးကြီး”
တောင်ဘိုးဘေးကြီး က သူ၏ နောက်ပြန်ပစ်ထားသော လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်၏။
နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေး က ချက်ချင်း ဝင်ပြောလိုက်၏။
“လူကြီးမင်းတို့ သုံးယောက်... တခြား ကိစ္စ မရှိတော့ဘူး ဆိုရင် ပြန်လို့ ရပါပြီ”
ဖန်ချန် နှင့် သူ၏ သူငယ်ချင်း နှစ်ဦးက တောင်ဘိုးဘေးကြီး ၏ ကျောပြင်ကို နောက်တစ်ကြိမ် နက်နက်ရှိုင်းရှိုင်း ဦးညွှတ် ဂါရဝပြုလိုက်ကြပြီး...
“အရှင့်ရဲ့ လက်အောက်ငယ်သား တွေကို ခွင့်ပြုပါဦး ခင်ဗျာ”
နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေး က လက်ကို မြှောက်ကာ တစ်ချက် ဝှေ့ယမ်းလိုက်ရာ... မီးခိုးရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ် အတွင်း ထို သုံးဦးစလုံးကို လွှမ်းခြုံသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားစေတော့သည်။
ဖန်ချန် နှင့် သူ၏ သူငယ်ချင်း နှစ်ဦး သတိပြန်ဝင်လာချိန်တွင်... သူတို့သည် ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် မှ ဆင်းသက်လာခဲ့ပြီ ဖြစ်ပြီး တာရှန်း တောင်ထွတ် ရင်ပြင်ပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။
ထို သုံးဦးစလုံးမှာ အလွန်တရာ ထိတ်လန့် ကြောက်ရွံ့စွာဖြင့် အချင်းချင်း အပြန်အလှန် လှမ်းကြည့်လိုက်ကြတော့၏။
ကျင်းကွမ်ဟွာ နှင့် မုကျူးထျန်း တို့ အကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ချေ... ထိပ်တန်း အယောက် (၅၀) စာရင်းဝင် ဖန်ချန် ပင်လျှင် အလွန်တရာ အံ့အားသင့် မှင်သက်သွားရသည်။
နဂါး မျက်နှာဖုံး နှင့် အလုပ်အကျွေး ၏ ခွန်အားများမှာ မည်မျှအထိ လျှို့ဝှက် နက်နဲသွားသနည်း ဆိုသည်ကို သူကိုယ်တိုင်ပင် သဲသဲကွဲကွဲ မမြင်နိုင်တော့ချေ။
“အစ်ကိုကြီး... ကျွန်တော်တို့ အမြန် ပြန်သွားပြီး ကလေးတွေကို အသက်ပြန်ရှင်လာအောင် လုပ်ကြတာပေါ့... ပြီးတော့မှ စစ်မြေပြင်နယ်မြေ ထဲမှာ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို သူတို့ကို မေးကြည့်ရမယ်”
စကားပြောသူမှာ တတိယ ညီငယ် ဖြစ်သော ကျင်းကွမ်ဟွာ ပင် ဖြစ်၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အတွင်းပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူတို့ သုံးဦးအား ပြောပြခဲ့သော်ငြားလည်း... သူကတော့ အနည်းငယ် သံသယ ဝင်နေဆဲ ဖြစ်ကြောင်း ထင်ရှားလှသည်။
အခန်း (၈၃၆) - ကစားသမား၏ လက်ထဲမှ လွတ်မြောက်သွားသော စစ်တုရင်ရုပ်
ဖန်ချန် က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။
ဘေးရှိ မုကျူးထျန်း က ဝင်ပြောလိုက်၏။
“အစ်ကိုကြီး... တတိယ ညီလေး... အကယ်လို့ ကျွန်တော်တို့က အဲဒီ နင်ချီ ကို သတ်ချင်တယ် ဆိုရင်... စစ်မြေပြင်နယ်မြေ အပြည့်အဝ တည်ငြိမ်သွားတဲ့ အချိန်အထိ စောင့်ပြီးမှ ကျွန်တော်တို့ ဝင်သွားလို့ ရမှာလေ။ အဲဒါက နည်းနည်း နှေးလွန်းနေတယ် လို့ မထင်ဘူးလား”
ဖန်ချန် က သူ့ကို လှမ်းကြည့်လိုက်ပြီး...
“မင်း ဘာလုပ်ချင်လို့လဲ”
မုကျူးထျန်း က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ဆိုလိုက်သည်။
“အစ်ကိုကြီး...ကျွန်တော်တို့က လူတချို့ကို လွှတ်ပြီး နင်ချီ ရဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို သွားသတ်ခိုင်းစို့၊ သူ့ရဲ့ ဂိုဏ်းကို မျိုးတုံး သတ်ပစ်မယ်... ပြီးတော့ သူ့အတွက် အရေးအကြီးဆုံး လူတွေ အားလုံးကို ဖမ်းလာခဲ့မယ်လေ။ သူလည်း ဒီလို နာကျင်မှုမျိုးကို ခံစားရအောင် လုပ်ပေးရမယ်”
ကျင်းကွမ်ဟွာ က ချက်ချင်း ထောက်ခံလိုက်၏။
“အစ်ကိုကြီး... ကျွန်တော်လည်း ဒါက အကြံကောင်း တစ်ခုလို့ ထင်တယ်။ အဲဒီ နင်ချီ က ကျွန်တော်တို့ သားတွေကို တိုက်ခိုက်ရဲတယ် ဆိုတော့... ဒါက သေဒဏ် ထိုက်တဲ့ ပြစ်မှုပဲလေ။ သူ့ကို တစ်ယောက်တည်း သတ်ရုံနဲ့တော့ ဒေါသ မပြေပါဘူး”
ဖန်ချန် မှာ သူပြောသော စကားများကြောင့် အနည်းငယ် ယိမ်းယိုင်သွားပြီး... သူ၏ မျက်နှာပေါ်တွင် ရက်စက် ကြမ်းကြုတ်သော အလင်းတန်း တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့သည်။
သူတို့သည် သူတို့၏ လက်အောက်ငယ်သားများ၏ အသက်နှင့် သေခြင်းတရားကို အမြဲတမ်း ထိန်းချုပ် ခြယ်လှယ်လာခဲ့ကြသူများ ဖြစ်၏။
မည်သူမဆို သူတို့ကို ဆန့်ကျင် အာခံရဲပါက ကြီးလေးသော ပြစ်မှု တစ်ခု အဖြစ် သတ်မှတ်လေ့ ရှိကြပြီး... ယခု သူတို့၏ သားကိုပင် ဤမျှ ရိုင်းစိုင်းစွာ ပြုမူရဲသည် ဆိုတော့ ပြောနေစရာပင် မလိုတော့ချေ။
ဤကဲ့သို့သော လူများ အတွက်... သူတို့၏ မိသားစု တစ်ခုလုံးကို ကွပ်မျက်ပစ်ခြင်းမှာ သာမန် ကိစ္စတစ်ခုမျှသာ ဖြစ်သည်။
သို့သော် ဖန်ချန် သည် ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ဆီသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး... သူ၏ ကြမ်းတမ်းသော မျက်နှာထား များ အနည်းငယ် နူးညံ့သွားကာ ခေါင်းကို ခါယမ်းလိုက်၏။
“ဝိညာဉ်နယ်မြေ စစ်ပွဲ ဖြစ်နေတဲ့ အချိန်မှာ... ငါတို့က နောက်ကွယ်ကနေ လက်စားချေ မယ် ဆိုရင် တခြားသူတွေ ဝေဖန်စရာ အကြောင်း တစ်ခု ဖြစ်သွားဖို့ အရမ်း လွယ်တယ်။ ဒါ့အပြင်... တောင်ဘိုးဘေးကြီး က ငါတို့ကို နင်ချီ တစ်ယောက်တည်း အပေါ်မှာပဲ ကိုယ်တိုင်ကိုယ်ကျ လက်စားချေ ဖို့ ခွင့်ပြုထားတာလေ... နက်ရှိုင်းသော သစ္စာတရား နယ်မြေ တစ်ခုလုံးကို မျိုးတုံး သတ်ပစ်ဖို့ ခွင့်ပြုထားတာ မဟုတ်ဘူး။ ငါတို့ ပိုပြီး သတိထားသင့်တယ်”
ထိုစကားကို ကြားလိုက်ရသောအခါ... ကျင်းကွမ်ဟွာ နှင့် မုကျူးထျန်း တို့မှာ သူတို့၏ ရင်တွင်း၌ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသော သတ်ဖြတ်လိုစိတ် များကို နောက်ဆုံးတွင် အတင်းအကျပ် ဖိနှိပ်ထားလိုက်ကြရတော့သည်။
“ကောင်းပါပြီလေ... အစ်ကိုကြီး စကားကိုပဲ နားထောင်ပါ့မယ်။ ကျွန်တော်တို့ အရင် ပြန်သွားပြီး ကလေးတွေကို အသက်ပြန်ရှင်လာအောင် အရင် လုပ်ကြတာပေါ့”
ထို သုံးဦးသည် ကောင်းကင်မီးတောက် နယ်မြေ ဆီသို့ အလျင်အမြန် ပြန်လည် ထွက်ခွာသွားကြတော့၏။
...
စစ်မြေပြင်နယ်မြေ အတွင်း၌...
နင်ချီ သည် အလယ် နယ်မြေ နှင့် အထက် နယ်မြေ တို့ အကြားရှိ နယ်နိမိတ် အတားအဆီး ၏ အပြင်ဘက် ဟင်းလင်းပြင် ထဲတွင် လွင့်မျောနေပြီး... နယ်မြေ သုံးခု မှ စစ်တပ်ကြီးများ ပြန်လည် ရောက်ရှိလာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ပတ်ဝန်းကျင်ရှိ ဆုံမှတ် များ အားလုံးကို သိမ်းပိုက် ပြီးစီးသွားခဲ့ပြီ ဖြစ်ပြီး၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာလည်း ဤဒေသအထိ ၎င်း၏ လွှမ်းမိုးမှုများကို တိုးချဲ့ ဖြန့်ကျက်လာခဲ့ပြီ ဖြစ်သည်။
နင်ချီ က လက်ကို ဆန့်ထုတ်ကာ နယ်နိမိတ် အတားအဆီး ကို ထိတွေ့ကြည့်လိုက်ပြီး ၎င်း၏ ဖွဲ့စည်းပုံကို အာရုံခံကြည့်လိုက်၏။
နယ်နိမိတ် အတားအဆီး မှာလည်း တောင်နှင့် ပင်လယ် ကမ္ဘာ၊ ကျယ်ပြန့်သော ကမ္ဘာ နှင့် နယ်မြေများ ပင်လယ် တို့၏ စွမ်းအင် သုံးမျိုး ရောနှော ပေါင်းစပ်ကာ တည်ဆောက်ထားခြင်းပင် ဖြစ်သည်။
နင်ချီ သည် နယ်နိမိတ် အတားအဆီး ၏ တစ်လျှောက် လမ်းလျှောက်သွားပြီး အလွန်တရာ ရှည်လျားသော အပိုင်း တစ်ခုကို ထိတွေ့ စမ်းသပ်ကြည့်လိုက်၏။
အစစ်အမှန်သိုင်းကမ္ဘာ ၏ ကမ္ဘာ့အရှင်သခင် ဆိုသော သူ၏ နောက်ခံကြောင့်... ဤ အတားအဆီး အပေါ် သူ၏ နားလည် သဘောပေါက်နိုင်စွမ်း မှာ ပိုမို ရှင်းလင်း ပီပြင်လာခဲ့တော့သည်။
ထိုအထဲတွင် စွမ်းအင် သုံးမျိုး ရောနှောနေသဖြင့် အနည်းငယ် ရှုပ်ထွေးနေပုံ ရ၏။
ဤ အသက်မဲ့နေသော အတားအဆီး ကို ဖန်တီးရန် ဖြစ်နိုင်သော်ငြားလည်း... သူတို့၏ သက်ဆိုင်ရာ ကမ္ဘာများ ကဲ့သို့ သက်ဝင် လှုပ်ရှားနေသော နေရာတစ်ခုကို ဖန်တီးရန် ဆိုသည်မှာ လုံးဝ (လုံးဝ) မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေ ဒါက ဝိညာဉ်ကမ္ဘာ နှစ်ခု က သီးသန့် ဖန်တီးထားသော စစ်တလင်းကြီး တစ်ခုမျှသာ ဖြစ်ပြီး၊ သက်ရှိ အားလုံး ရှင်သန် ကြီးထွားနိုင်သော ကမ္ဘာ တစ်ခု မဟုတ်သောကြောင့်ပင်။
နင်ချီ သည် ၎င်းကို ပိုမို အာရုံခံ လေ့လာလေလေ... ထို စွမ်းအင် သုံးမျိုး အကြောင်းကို ပိုမို နားလည် သဘောပေါက်လာလေလေ ဖြစ်သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအင်မှာ တောင်များနှင့် ရေများအလား ဖြစ်နေပြီး... အားကြီးသူကသာ ရှင်သန်ခွင့် ရမည့် ကျယ်ပြန့်သော သဘာဝလောကကြီး နှင့် တူညီသော ခံစားချက်မျိုးဖြင့် ပြည့်နှက်နေသည်။
ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအင် တွင်မူ ကြားနေပြီး အေးချမ်းသော စွမ်းအင် တစ်ခု ရှိနေသော်ငြားလည်း... အနည်းငယ် ညစ်ညမ်းနေသော ထူးဆန်းသည့် ခံစားချက် တစ်ခုလည်း ရောနှော ပါဝင်နေ၏။
နင်ချီ အနည်းငယ် အံ့အားသင့်သွားပြီး၊ ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအင် က ဘာကြောင့် ဤသို့ ဖြစ်နေရသနည်း ဟု တွေးတောနေမိသည်။
သူတော်စင် ဘိုးဘေးကြီး နှင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် အကြိမ်များစွာ ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပြီ ဖြစ်ရာ... ဤခံစားချက်မျိုးကို သူ အလွန်တရာ ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်၏။ ၎င်းမှာ သူတော်စင် ဘိုးဘေးကြီး က ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် အပေါ် လွှမ်းမိုး ထိန်းချုပ်ထားသောကြောင့်သာ... ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအင် မှာ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်နေရခြင်း သေချာပေါက် ဖြစ်ပေလိမ့်မည်။
သူတော်စင် ဘိုးဘေးကြီး ယခင်က ပြောခဲ့ဖူးသော စကားများကို နင်ချီ ဖျတ်ခနဲ.. ပြန်လည် သတိရသွားတော့၏။
ထို အဘိုးအို က သူသည် တောင်ဘိုးဘေးကြီး၊ ပင်လယ်ဘိုးဘေးကြီး နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် တို့ကို အနည်းငယ်မျှပင် မကြောက်ရွံ့ကြောင်း ပြောဆိုခဲ့ပြီး... ထို သုံးဦးမှာ စည်းလုံး ညီညွတ်မှု မရှိဘဲ အချင်းချင်း အမြဲတမ်း တိုက်ခိုက်နေကြကြောင်းကိုလည်း ပြောဆိုခဲ့သည် မဟုတ်ပါလော။
ဤသည်က သူတော်စင် ဘိုးဘေးကြီး နှင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် တို့ အကြားတွင် အလွန်တရာ ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေး ရှိနေကြောင်း အထင်အရှား ပြသနေလေသည်။
နယ်မြေများ ပင်လယ် ၏ စွမ်းအင် မှာမူ အမြဲတမ်း ကြမ်းတမ်းပြီး ရန်လိုသော သဘာဝ ရှိနေဆဲပင်။
နင်ချီ ၏ မျက်လုံးများမှာ ထက်မြက် စူးရှနေ၏။ တစ်နေ့နေ့ တစ်ချိန်ချိန် တွင်တော့... သူသည် ဤ အရာ သုံးခုစလုံး ကို ငြိမ်းချမ်းအောင် ဖန်တီးပြီး အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းပစ်မည်သာ ဖြစ်သည်။
ထိုအချိန်လေးမှာပင် နယ်မြေ သုံးခု မှ စစ်တပ်ကြီးများ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာကြ၏။
“နယ်မြေအရှင်သခင်”
“အရှင်သခင် နင်”
ဓားဘိုးဘေးကြီး၊ ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့သည် သူတို့၏ စစ်တပ်များကို ဦးဆောင်ကာ နင်ချီ ၏ နောက်ကွယ်တွင် နေရာယူလိုက်ကြသည်။
လူတိုင်း၏ မျက်နှာများပေါ်တွင် ချွေးစေး အနည်းငယ် ထွက်နေကြပြီး၊ သူတို့၏ ခရီးစဉ်မှ ရရှိလာသော အပူရှိန် များကို ထုတ်လွှတ်နေကြပုံ ရ၏။
သူတို့ အတွက်တော့... နင်ချီ ၏ ကာကွယ် စောင့်ရှောက်မှု အောက်တွင် စစ်မြေပြင်နယ်မြေ ဆိုသည်မှာ သေချာပေါက် သေရမည့် အလွန်တရာ အန္တရာယ် များသော နေရာတစ်ခု မဟုတ်တော့ဘဲ၊ သူတို့၏ စွမ်းရည်များကို သွေးတိုး စမ်းသပ်ရန်အတွက် ကောင်းချီး မင်္ဂလာ ပြည့်ဝသော နေရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။
ထို့ကြောင့် လူတိုင်းက ဤအခွင့်အရေး ကို အလွန်တရာ တန်ဖိုးထားကြသည်။
နင်ချီ က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ထို သုံးဦးကို လှမ်း၍ ဆိုလိုက်၏။
“အခု လူတိုင်း ပြန်ရောက်လာပြီ ဆိုတော့... နယ်မြေ ဖြတ်ကျော် ကြတာပေါ့”
သူက လူအုပ်ကြီးကို ဦးဆောင်ကာ နယ်နိမိတ် အတားအဆီး ဆီသို့ လျှောက်သွားလိုက်၏။
လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြတော့သည်။
သူတို့သည် နင်ချီ အမှား တစ်ခုခု လုပ်မိပြီဟု ထင်နေကြခြင်း မဟုတ်ဘဲ... သူတို့ ရှေ့ရှိ နယ်နိမိတ် အတားအဆီး မှာ ပြောင်းလဲသွားသောကြောင့်သာ ဖြစ်သည်။
ယခင်က ထိုအဖွဲ့သည် အောက် နယ်မြေ မှ ဆင်းသက်လာပြီး အလယ် နယ်မြေ အတွင်းသို့ ဝင်ရောက်လာခဲ့ကြခြင်းပါ။
ထိုအဖွဲ့သည် ယခင်က နယ်နိမိတ် အတားအဆီး များကို ဖြတ်ကျော်ခဲ့ဖူးသော်ငြားလည်း... ထို အတားအဆီး များမှာ ယခု သူတို့ ရှေ့တွင် ရှိနေသော အတားအဆီး လောက် ဘယ်တုန်းကမှ မထူထဲခဲ့ချေ။
ထို့ကြောင့်ပင် လူတိုင်းက အံ့အားသင့်ပြီး သံသယ ဝင်နေကြခြင်း ဖြစ်သည်။
ဓားဘိုးဘေးကြီး က မေးလိုက်၏။
“ကောင်လေး နင်... မင်းက ငါတို့ကို အထက် နယ်မြေ ဆီ ခေါ်သွားမလို့တော့ မဟုတ်ဘူး မလား”
ထိုအခါ၊ နင်ချီ က အလွန်တရာ ထူထဲလှသော နယ်နိမိတ် အတားအဆီး ကြီးကို ပွတ်သပ်လိုက်ပြီး နောက်သို့ လှည့်ကာ ပြုံးလိုက်၏။
“ကျယ်ပြန့်သော ကမ္ဘာ က အဲဒီ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ အယောက် (၂၀) က အထက် နယ်မြေ ထဲမှာ အချိန် အတော်ကြာ ရှိနေခဲ့ကြပြီလေ။ အကယ်လို့ ကျွန်တော်တို့ အခု ဝင်သွားရင်... ဘာတွေ ဖြစ်လာမယ်လို့ ခင်ဗျား ထင်လဲ”
ထိုစကားကို ကြားလိုက်ရသောအခါ လူအုပ်ကြီး၏ မျက်နှာထားများ အားလုံး ပြောင်းလဲသွားကြတော့သည်။
သူတို့သည် နင်ချီ ကို အမြဲတမ်း အားကိုးခဲ့ကြပြီး... နင်ချီ သည် မည်သည့် ပြဿနာကိုမဆို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ကြရာ၊ ပိုမို ကြီးမားသော အခြေအနေ အရပ်ရပ်ကို သိပ်ပြီး မတွေးတောခဲ့မိကြချေ။
အခန်း (၈၃၇) - ကစားသမား၏ လက်ထဲမှ လွတ်မြောက်သွားသော စစ်တုရင်ရုပ်
ယခုအခါ နင်ချီ က ၎င်းကို ထုတ်ဖော် ပြောဆိုလာသောအခါ... လူအုပ်ကြီး၏ စိတ်ထဲတွင် အတွေးများ ချာချာလည်သွားပြီး၊ ချက်ချင်းပင် တစ်ခုခုကို နားလည် သဘောပေါက်သွားကြတော့သည်။
ချီခယ်ချင်း က ရုတ်တရက် မေးလိုက်၏။
“အရှင်သခင် နင်... အရှင် ဆိုလိုချင်တာက သူတို့က အထက် နယ်မြေ ထဲက ကျယ်ပြန့်သော ကမ္ဘာ ရဲ့ ကျင့်ကြံသူ တွေနဲ့ ပူးပေါင်းပြီးသား ဖြစ်သွားနိုင်ပြီး... နယ်နိမိတ် ရဲ့ အပြင်ဘက်ကနေ ကျွန်မတို့ကို စောင့်နေကြလောက်ပြီ လို့ ပြောချင်တာလား ရှင်”
နင်ချီ က ခေါင်းခါယမ်းလိုက်ပြီး ဆိုလိုက်၏။
“ခင်ဗျား ပြောတာ မပြည့်စုံသေးဘူး”
ကျူးယန့်ချွမ်း က ချက်ချင်း ဝင်ပြောလိုက်၏။
“အရှင်သခင် နင်... ဒါဆို အရှင် ဆိုလိုချင်တာက ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ကလည်း ကျွန်တော်တို့ကို စောင့်နေတယ်လို့ ပြောချင်တာလား ခင်ဗျာ”
နင်ချီ က ဆက်လက် ခေါင်းခါနေဆဲပင်။
ထိုအခါ၊ ဓားဘိုးဘေးကြီး က ရယ်လိုက်ပြီး...
“သူ ဆိုလိုချင်တာက ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် သာမကဘဲ... ကျယ်ပြန့်သော ကမ္ဘာ တစ်ခုလုံးက နောက်ထပ် လှုပ်ရှားမှု အသစ်တွေ လုပ်နေလောက်ပြီလို့ ပြောချင်တာကွ”
ချီခယ်ချင်း နှင့် အခြားသူများ အံ့အားသင့်သွားကြပြီးနောက် လေးနက်စွာ သက်ပြင်းချလိုက်ကြတော့သည်။
နင်ချီ ပေါ်ထွက်လာမှုက စစ်မြေပြင်နယ်မြေ တစ်ခုလုံး အတွင်းရှိ စစ်ပွဲ၏ လမ်းကြောင်းကို ဖရိုဖရဲ ဖြစ်သွားစေခဲ့တော့၏။
ကျယ်ပြန့်သော ကမ္ဘာ သည် နင်ချီ ကို အာရုံစိုက်မိသွားပြီ ဖြစ်ပြီး... ဤ ပုံမှန်မဟုတ်သော အခြေအနေကို ဖယ်ရှားပစ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ကိုပင် စေလွှတ်လိုက်သေးသည် မဟုတ်ပါလော။
ယခုအခါ အလယ် နယ်မြေ ကို သူတို့ နောက်တစ်ကြိမ် သိမ်းပိုက်နိုင်ခဲ့ပြန်ပြီ ဖြစ်ပြီး... တစ်ဖက်ရန်သူများမှာ ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ၏ အသက်များကိုသာ မသေရုံတမယ် ကယ်တင်နိုင်ခဲ့ကြသည် ဆိုတော့... နင်ချီ သည် အလယ် နယ်မြေ သို့ နယ်မြေ ဖြတ်ကျော် ဝင်ရောက်လာလိမ့်မည် ဆိုတာကို တာအို တို့ အနေဖြင့် ဘယ်လိုလုပ်ပြီး ကြိုတင် မခန့်မှန်းနိုင်ဘဲ နေမည်နည်း။
ကျယ်ပြန့်သော ကမ္ဘာ မှ အကြီးအကဲများ သည် နည်းလမ်း အသစ်များကို သေချာပေါက် ပြင်ဆင်နေကြမည်သာ ဖြစ်၏။
သူတို့သည် စစ်တုရင်ခုံ ပေါ်တွင် အကြိတ်အနယ် တိုက်ခိုက်နေကြပြီး... ထို အရေးကြီးသော ပုဂ္ဂိုလ်ကြီးများမှာ ပွဲကြည့် ပရိသတ်များ ဖြစ်သလို ကစားသမားများလည်း ဖြစ်ကြသည်။ သူတို့ကို တစ်ဆင့်ပြီး တစ်ဆင့် အသာစီး ရသွားအောင် ဘယ်လိုလုပ်ပြီး ခွင့်ပြုထားနိုင်ပါမည်နည်း။
ဖြစ်နိုင်တာက... ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ကို စေလွှတ်လိုက်ပြီး နောက်ပိုင်းမှာတင်... အထက် နယ်မြေ ထဲက ကျယ်ပြန့်သော ကမ္ဘာ၏ စစ်တပ်ကြီးကို အမိန့်တွေ ပေးထားပြီးလောက်ပြီ၊ ပြီးတော့ အထက် နယ်မြေ အတွင်းမှာ တပ်ဖြန့်မှု အသစ်တွေတောင် ထပ်တိုးထားလောက်ပြီပင်။
ဒီအရာတွေ အားလုံးက ဖြစ်နိုင်ခြေ ရှိတာချည်းပင်။
ထို့ကြောင့်ပင် နင်ချီ သည် လူတိုင်းကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူသည် စည်းကမ်း အတိုင်း ကစားရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ချေ။
ဟာသပင်။ အကယ်၍ သူသာ စည်းကမ်း အတိုင်း ကစားခဲ့မည် ဆိုပါက... ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေဖြင့် အဆက်မပြတ် အာရုံစိုက်ခံရမှာ သေချာပြီး၊ ၎င်းတို့၏ လွှမ်းမိုး ထိန်းချုပ်မှု အောက်သို့ ကျရောက်သွားမည်သာ ဖြစ်သည်။ အမှန်တကယ်တော့ သူ ရောက်ရှိနေသော နေရာမှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ စစ်ပွဲ အတွက် အလယ်ဗဟို အချက်အချာ နေရာ တစ်ခု ဖြစ်လာပေလိမ့်မည်။
နင်ချီ က ဘာမှ ထပ်မပြောတော့ချေ။
သူ၏ လက်ဝါး အတွင်း၌ တောင်နှင့် ပင်လယ် အမှတ်အသား ပေါ်ထွက်လာပြီး၊ အလွန်တရာ ထူထဲလှသော နယ်နိမိတ် အတားအဆီး ကြီးပေါ်သို့ သူ၏ လက်ဖဝါးဖြင့် ဖိချလိုက်တော့၏။
ရုတ်တရက် သူ၏ ပတ်လည်တွင် လေပြင်း တစ်ခု တိုက်ခတ်လာပြီး... စွမ်းအင် အားလုံးက သူ၏ လက်ဝါးဆီသို့ တဟုန်ထိုး စီးဝင်လာတော့သည်။
၎င်းတို့ အားလုံးမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအင်များ ပင် ဖြစ်၏။
အကယ်၍ သူသာ နယ်မြေကြီး တစ်ခု အတွင်းရှိ နယ်မြေငယ်လေး တစ်ခု အတွင်းသို့ ဝင်ရောက်မည် ဆိုပါက သူ၏ အတွက် အလွန်တရာ လွယ်ကူလှပေလိမ့်မည်။
သို့သော် ယခုအခါ ကျယ်ပြန့်သော နယ်မြေကြီး များကို ဖြတ်ကျော်၍ တိုက်ခိုက်ရခြင်းမှာ သဘာဝကျကျပင် များစွာ ပိုမို ခက်ခဲလာခဲ့တော့၏။
ကံကောင်းထောက်မစွာဖြင့် အရှေ့တောင် ဒေသရှိ နယ်မြေငယ် နှစ်ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပြီး... ဤ နယ်မြေငယ် နှစ်ခု မှ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအင်များ နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ အားဖြည့် ကူညီမှု များဖြင့်... နယ်မြေကြီး ဆီသို့ သွားမည့် လမ်းကြောင်းကို ဖွင့်လှစ်ရန် လုံလောက်သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် နင်ချီ ကို လုံးဝ မငြင်းပယ်ခဲ့ချေ။
၎င်းက နင်ချီ ၏ ဗျူဟာ ကို အလွန်တရာ အားပေး ထောက်ခံပုံ ရ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ပုံရိပ်ယောင် အဖြစ်ပင် ပေါ်မလာတော့ဘဲ... နင်ချီ ၏ နားနား ကပ်ကာ ခပ်တိုးတိုး ရယ်လျက် ဆိုလိုက်၏။
“မင်းရဲ့ လှုပ်ရှားမှု တွေက စစ်တုရင် ရုပ် တစ်ရုပ်ရဲ့ နယ်ပယ်ကို ကျော်လွန်သွားပြီ။ ဒါက စစ်တုရင်ခုံ အပြင်ဘက်က ကစားနေတဲ့ သူတွေကို မကျေမနပ် ဖြစ်သွားစေလိမ့်မယ်။ ဒါပေမဲ့... မင်းရဲ့ အနာဂတ် တိုးတက်မှု တွေအတွက် ငါက ပိုပိုပြီး မျှော်လင့်ချက် ကြီးလာပြီကွ”
နင်ချီ က သိမ်မွေ့စွာ ပြုံးလိုက်သော်လည်း ပြန်လည် မတုံ့ပြန်ခဲ့ချေ။
ကစားပွဲကို အနိုင်ယူနိုင်မည့် အဓိက သော့ချက်မှာ... စစ်တုရင် ရုပ် များက ကိုယ်ပိုင် အသိစိတ် များ ရရှိလာပြီး၊ သူတို့ကို နေရာချထားသော ကစားသမား ၏ ဆန္ဒအတိုင်း မလှုပ်ရှားတော့ခြင်းပင် ဖြစ်သည်။
ရှေ့ဘက်ရှိ အလွန်တရာ ထူထဲလှသော နယ်နိမိတ် အတားအဆီး ကြီးပေါ်တွင်... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် ၎င်း၏ စွမ်းအင်များကြောင့် စက်ဝိုင်းပုံ တွင်းပေါက်ကြီး တစ်ခု တဖြည်းဖြည်း ပွင့်ဟလာတော့သည်။
စက်ဝိုင်းပုံ တွင်းပေါက်ကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်... ၎င်းက ပိုမို မြန်ဆန်သော အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာတော့၏။
မကြာမီမှာပင် နင်ချီ နှင့် အခြားသူများက နယ်နိမိတ် အတားအဆီး ကြီးပေါ်တွင် ရေပြင်အလား ကြည်လင်နေသော စက်ဝိုင်းပုံ မုခ်ဦး ကြီးတစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ကြရသည်။
နောက်ဆုံးတွင် ပေဆယ်ဆယ် ခန့်သာ ရှိသော စက်ဝိုင်းပုံ မုခ်ဦး ကြီးမှာ ဆက်လက် ကျယ်ပြန့်လာနိုင်ခြင်း မရှိတော့ဘဲ နောက်သို့ ပြန်လည် ကျုံ့ဝင်သွားမည့် အရိပ်အယောင်များ ပြသလာတော့သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အသံလွှင့်ကာ ဆက်သွယ်လာ၏။
“မြန်မြန် လုပ်... နယ်မြေကြီး တစ်ခုကို ဖြတ်ကျော်မယ့် တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး တစ်ခု ဖွင့်ဖို့အတွက် နယ်မြေငယ် နှစ်ခု ရဲ့ စွမ်းအားတွေကို အသုံးချရတာလေ။ တကယ့် အစစ်အမှန် ငါ ကိုယ်တိုင်တောင် ဒီလောက်ပဲ လုပ်ပေးနိုင်တာ”
နင်ချီ က ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ နောက်ကွယ်ရှိ နယ်မြေ သုံးခု မှ စစ်တပ်ကြီးကို အချက်ပြလိုက်၏။
“အခုချက်ချင်း ဝင်ကြ... လုံးဝ အချိန်မဆွဲနဲ့”
အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားသော သူက အရင်ဆုံး အတွင်းသို့ လျှောဝင်သွားသည်။
ဓားဘိုးဘေးကြီး၊ ချီခယ်ချင်း နှင့် သူတို့၏ အဖွဲ့က နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြပြီး... နယ်မြေ သုံးခု ၏ စစ်တပ်ကြီးကလည်း ၎င်းတို့နောက်မှ လိုက်ပါသွားကြတော့၏။
သူတို့သည် ရှည်လျားပြီး အမှောင်ထု လွှမ်းမိုးနေသော လူဝင်စား လိုဏ်ခေါင်း ကြီးတစ်ခုထဲတွင် ရောက်နေသည့်အလား ခံစားလိုက်ကြရသည်။
ယခင်က နယ်မြေငယ် များ အကြားရှိ နယ်နိမိတ် များကို ဖြတ်ကျော်ခဲ့ရသည်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက... ဤတစ်ကြိမ်တွင် သိသိသာသာ ပိုမို နှေးကွေးနေပြီး လူတိုင်းကို ပြင်းထန်သော ဖိနှိပ် ချုပ်ချယ်မှု ခံစားချက်ကိုလည်း ပေးစွမ်းနေသည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်ငြားလည်း... နောက်ဆုံးတွင် လူတိုင်း၏ မျက်လုံးများ လင်းလက်လာတော့၏။
သူတို့ အားလုံး လိုဏ်ခေါင်း ထဲမှ ညှစ်ထုတ်ခံလိုက်ရသည့်အလား... တစ်ယောက်ပြီး တစ်ယောက် အခြား နယ်မြေကြီး တစ်ခု အတွင်းသို့ ပြုတ်ကျသွားကြတော့သည်။
နင်ချီ က ရှေ့ဆုံးတွင် တစ်ယောက်တည်း မတ်တတ် ရပ်နေပြီး သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ဤ နယ်မြေ တစ်ခုလုံးကို အောက်သို့ ငုံ့ကြည့်လိုက်၏။
အဖွဲ့သားများက အနောက်ဘက်တွင် တန်းစီ နေရာယူလိုက်ကြပြီး... အားလုံးက ဤ အမည်မသိ ကျယ်ပြောလှသော နယ်မြေကြီးကို လိုက်လံ စူးစမ်း ကြည့်ရှုနေကြတော့သည်။
…
တောင်နှင့် ပင်လယ် ကမ္ဘာ၊ အဆုံးအစမဲ့ ပင်လယ် အတွင်း၌...
ပင်လယ် ၏ နှလုံးသား၊ နဂါး တက်လှမ်းခြင်း နန်းတော် ၏ အထက်တွင်... ပင်လယ်ဘိုးဘေးကြီး မှာ တည်ငြိမ် အေးချမ်းစွာ ထိုင်နေ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် မှာ ရုတ်တရက် အလိုအလျောက် ပေါ်ထွက်လာတော့သည်။
နှစ်သောင်းချီ သက်တမ်းရှိသော ရေခဲတုံး တစ်တုံးအလား အေးစက်ပြီး ကြည်လင်ပြတ်သားလှသော အသံကြီး တစ်ခု ထွက်ပေါ်လာတော့၏။
“ပြောစမ်း... ဘာကိစ္စ ရှိလို့လဲ”