အခန်း (၈၃၈-၈၄၀)
Vol. 56 Ch. 838-840
အခန်း (၈၃၈) - အိမ်လေး ပျောက်သွားပြီလား
ထိုအသံမှာ သေမျိုး လောကနှင့် ကင်းကွာနေပြီး ဘယ်နေရာကနေ လာမှန်း မသိနိုင်အောင် ဖြစ်နေသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က ပင်လယ်ဘိုးဘေးကြီး ကို လှမ်းကြည့်လိုက်ရာ... သူမ၏ နှုတ်ခမ်းများ လုံးဝ လှုပ်ရှားသွားခြင်း မရှိသလို၊ ၎င်းကို တစ်ချက်လေးမျှပင် လှည့်မကြည့်သည်ကို တွေ့လိုက်ရ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ဤအချက်ကို သိပ်ပြီး ဂရုမစိုက်ချေ။ ၎င်းသည် ပင်လယ်ဘိုးဘေးကြီး ၏ အကျင့်စရိုက် ဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ဆိုလိုက်၏။
“ချင်ဟိုင်... နင်ချီ က မင်း ထိန်းချုပ်ထားတဲ့ စစ်မြေပြင်နယ်မြေ ထဲကို ဝင်သွားပြီကွ”
ပင်လယ်ဘိုးဘေးကြီး မှာ ဆက်လက် ထိုင်နေဆဲ ဖြစ်ပြီး... သူမ၏ အပြာရင့်ရောင် မျက်လုံးများက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကို အေးစက်စက် စူးစိုက် ကြည့်နေသည့်အလား မှေးမှိန်စွာ တောက်ပနေသည်။
“တောင်နဲ့ ပင်လယ်... အဲဒါ တကယ်ပဲ အမှန်လား”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး...
“ငါလို အစစ်အမှန် တာအို ပညာရှင် တစ်ယောက်က မိန်းမ တစ်ယောက်ကို လိမ်ပြောပါ့မလား”
ပင်လယ်ဘိုးဘေးကြီး က အံကို ကြိတ်ကာ ဒေါသတကြီး ပြန်ပြောလိုက်၏။
“တောင်နဲ့ ပင်လယ်... နင် အရိုက်ခံချင်နေပြန်ပြီလား။ ငါ့ကို မိန်းမ လို့ မခေါ်နဲ့လို့ ဘယ်နှစ်ခါ ပြောရမလဲ”
တောင်ဘိုးဘေးကြီး နှင့် မတူဘဲ... ပင်လယ်ဘိုးဘေးကြီး သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ကမ္ဘာ့အရှင်သခင် ဟု မခေါ်ဆိုခဲ့ချေ။
ထိုအစား သူမက ၎င်းကို နာမည်တစ်ခု ပေးထားခဲ့သည်။ တောင်နှင့် ပင်လယ် ဟူ၍ပင်…
ပင်လယ်ဘိုးဘေးကြီး သည် သူမ၏ ဘဝတစ်သက်တာလုံးတွင် အမြဲတမ်း အပြင်းအထန် ယှဉ်ပြိုင်တတ်သူ တစ်ဦး ဖြစ်ပြီး... တောင်ဘိုးဘေးကြီး နှင့် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်စွာ တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
သူမသည် တောင်ဘိုးဘေးကြီး ၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီး ပင်လယ်ထဲသို့ နှင်ထုတ်ခံခဲ့ရသော်ငြားလည်း... လုံးဝ အရှုံးမပေးခဲ့ဘဲ နောက်ဆုံးတွင် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ပင်လယ်ပြင် နယ်မြေ တစ်ခုလုံးကို သူမ၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းနိုင်ခဲ့၏။
ထိုနှစ်ဦးသည် ပြီးခဲ့သည့် နှစ်များအတွင်း မျက်နှာချင်းဆိုင် ထိပ်တိုက် တွေ့ဆုံခြင်း မရှိခဲ့ကြသော်ငြားလည်း... ဤတစ်ကြိမ်တွင်တော့ နောက်ဆုံး အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် ပူးပေါင်းကာ ဝိညာဉ်နယ်မြေ စစ်ပွဲ ကို အတူတကွ စတင်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့ နှစ်ဦးစလုံးသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှတစ်ဆင့် စစ်မြေပြင်နယ်မြေ အတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို အသေးစိတ် သိရှိနေကြ၏။
ထို့ကြောင့် တောင်ဘိုးဘေးကြီး က နင်ချီ ကို တပည့်အဖြစ် လက်ခံချင်နေသည်ကို ပင်လယ်ဘိုးဘေးကြီး မြင်လိုက်ရသောအခါ... သူမကလည်း နင်ချီ ကို အလုအယက် ရယူချင်လာတော့သည်။
သူမသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှတစ်ဆင့် နင်ချီ ထံသို့ သတင်းစကား တစ်ခုပင် ပါးလိုက်သေးသည်။ သူမ မရနိုင်သော အရာကို အခြား မည်သူ့ကိုမျှ မရစေရဘူး... ဖျက်ဆီးပစ်ရရင်တောင်မှ ဖျက်ဆီးပစ်လိုက်မယ် ဆိုသည့် သတင်းစကား ပင် ဖြစ်၏။
ယခုအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ပြန်လည် ပေါ်ထွက်လာသောအခါ... ပင်လယ်ဘိုးဘေးကြီး က ယခင်က ဘာတွေ ဖြစ်ခဲ့သနည်း ဆိုသည်ကို ချက်ချင်း စုံစမ်း မေးမြန်းလိုက်တော့သည်။
“တောင်နဲ့ ပင်လယ်... ငါ မင်းကို ပို့ခိုင်းတဲ့ သတင်းစကား ကို ပို့လိုက်ပြီလား”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က ပြန်လည် တုံ့ပြန်လိုက်၏။
“ငါလို အစစ်အမှန် တာအို ပညာရှင် တစ်ယောက်က မင်းရဲ့ ကိစ္စတွေကို ဘယ်လိုလုပ် လျစ်လျူရှုရဲမှာလဲ”
ပင်လယ်ဘိုးဘေးကြီး က ခေါင်းညိတ်ပြလိုက်ပြီး... သူမ၏ အေးစက်သော်လည်း ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသော မျက်နှာထား မှာ အနည်းငယ် ပြေလျော့သွားသည်။
သူမက မေးလိုက်၏။
“ဒါနဲ့ နင်ချီ က ဘယ်လို ပြန်ပြောလဲ”
သူမစကားကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ရယ်လိုက်ပြီးမှ ပြန်လည် ဖြေကြားလိုက်၏။
“သူက ဘာပြောရမှာလဲ။ မင်းနဲ့ ဟောင်ရှန်း နှစ်ယောက်စလုံး က သူ့ကို တပည့်အဖြစ် လုယူချင်နေကြတာကို... သူက ဘယ်သူ့ကို စော်ကားရဲမှာလဲ”
“သူက ကြားနေ အနေအထား မှာပဲ နေတာလား”
“သူ အဲဒီလို မနေလို့ ဘာလုပ်နိုင်ဦးမှာလဲ”
ပင်လယ်ဘိုးဘေးကြီး ၏ သွယ်လျပြီး အေးစက်စက် အပြာရောင် မျက်ခုံးလေးများ အနည်းငယ် တွန့်ချိုးသွားပြီး လှောင်ပြောင် သရော်လိုက်၏။
“အသုံးမကျတဲ့ ကောင်။ မင်းသာ ငါ့ကို သစ္စာခံမယ် ဆိုရင်... ငါ ..မင်းကို ကာကွယ်ပေးမှာပေါ့။ မင်းက.. ငါ..အဲဒီ ဟောင်ရှန်း ကို ကြောက်နေတယ်လို့ ထင်နေတာလား”
ထိုအခါ၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ဆိုလိုက်၏။
“မင်းက ပြောရတာ လွယ်တာပေါ့။ နင်ချီ က မူလကတည်းက ဟောင်ရှန်း ရဲ့ လက်အောက်မှာ ရှိတဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ က ကျင့်ကြံသူ တစ်ယောက်လေ။ အကယ်လို့ သူက မင်းဆီကို ဝင်လာမယ် ဆိုရင်... သူ့ရဲ့ ဂိုဏ်းနဲ့ ကျင့်ကြံသူ တွေ ဘယ်လို ဖြစ်သွားမလဲ”
ထိုစကားကို ကြားလိုက်ရသောအခါ ပင်လယ်ဘိုးဘေးကြီး က တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ နေရာတစ်ခုကို ရုတ်တရက် လှမ်းကြည့်လိုက်ရာ... သူမ၏ အကြည့်များက နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ နယ်နိမိတ် များပေါ်သို့ မျက်စိတစ်မှိတ် အတွင်း ကျရောက်သွားတော့သည်။
“အဲဒါက ဘာခက်လို့လဲ။ ဟောင်ရှန်း ဆီကနေ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို အခုချက်ချင်း ငါ လုယူပစ်လိုက်မယ်လေ”
စကားဆုံးသည်နှင့် တစ်ပြိုင်နက်... သူမက လက်ကို ဆန့်ထုတ်ကာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရှိရာ အရပ်ဆီသို့ လက်ညှိုး ညွှန်ပြလိုက်တော့သည်။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အရှေ့တောင်ဘက် ဒေသတွင် တည်ရှိပြီး ပင်လယ်ပြင် နှင့် အလွန် နီးကပ်သည်။
ပင်လယ်ဘိုးဘေးကြီး လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်... နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ အပြင်ဘက်ရှိ ပင်လယ်ပြင် တွင် ဧရာမ လှိုင်းလုံးကြီးများ ရုတ်တရက် ထိုးတက်လာတော့၏။
လှိုင်းလုံးကြီးများမှာ မျက်စိတစ်မှိတ် အတွင်း ဧရာမ လက်ကြီးများ အဖြစ် စုစည်းသွားပြီး... လက်တစ်ဖက်စီတိုင်းတွင် ဖိအား အလွန် မြင့်မားသော ရေတိုင်လုံးကြီး များကို ကိုင်ဆောင်ထားကြသည်။
ထို ဧရာမ လက်ကြီးများက တစ်ပြိုင်နက်တည်း လွှဲယမ်း ခုတ်ပိုင်းလိုက်ရာ... ရေတိုင်လုံးကြီး များမှာ ကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရား ဓားသွားများအလား နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ အစွန်အဖျား ဆီသို့ တန်းတန်းမတ်မတ် ခုတ်ပိုင်း ချလိုက်တော့သည်။
“ဂျိန်း...”
ထိုအချိန်လေးမှာပင် ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ပေါ်ရှိ တောင်ဘိုးဘေးကြီး သည်လည်း သူ၏ ဝိညာဉ်နယ်မြေ အတွင်း ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို အာရုံခံမိသွားသည်။
သူ၏ အမြဲတမ်း တည်ငြိမ်နေလေ့ရှိသော မျက်နှာမှာ ဒေါသကြောင့် ချက်ချင်း ရှုံ့မဲ့သွားတော့သည်။
“ချင်ဟိုင် ရူးသွားပြီလား”
ထိုနှစ်ဦးသည် လွန်ခဲ့သော နှစ်များစွာ ကတည်းက မဟာမိတ် အဖွဲ့ကို ဖျက်သိမ်းခဲ့ကြပြီး... ထိုအချိန်မှစ၍ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့၏ လက်အောက်ငယ်သား ကျင့်ကြံသူ များ အချင်းချင်း ပွတ်တိုက်မှု အနည်းငယ် ဖြစ်ပွားခြင်းမှလွဲ၍ အခြား ပြဿနာ ကြီးကြီးမားမား မရှိခဲ့ကြချေ။
သို့သော် ယခုအခါ တစ်ဖက်လူက သူ၏ ကြီးမားလှသော မှော်စွမ်းအားများကို အသုံးပြုကာ ဟောင်ရှန်း ၏ ကွပ်ကဲမှုအောက်တွင် ရှိသော ဝိညာဉ်နယ်မြေ ကို လုယူရန် အမှန်တကယ် ကြိုးစားလာခဲ့တော့၏။
ဒါကို ဟောင်ရှန်း က ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါမည်နည်း။
ချက်ချင်းပင် တောင်ဘိုးဘေးကြီး ကလည်း နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ နယ်နိမိတ် ဆီသို့ လက်ဆန့်ထုတ်လိုက်တော့၏။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ အထက်တွင်... ဒဏ္ဍာရီလာ ပုကျိုး တောင် ၏ ပုံရိပ်ယောင် ကြီး ရုတ်တရက် ရုပ်လုံးပေါ်လာတော့သည်။ ထို ပုံရိပ်ယောင် ကြီးမှာ အလွန်တရာ ကြီးမား ကျယ်ပြန့်လှပြီး ဝိညာဉ်နယ်မြေ တစ်ခုခွဲခန့် ကျယ်ဝန်းကာ... ကောင်းကင် အမိုးအကာ ကြီးတစ်ခုအလား အောက်ဘက်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို အပြည့်အဝ ကာကွယ် ဖုံးလွှမ်းထားလိုက်၏။
ပင်လယ်ဘိုးဘေးကြီး ခုတ်ပိုင်းလိုက်သော ရေတိုင်လုံးကြီး များ အားလုံးမှာ ပုကျိုး တောင် ၏ ပုံရိပ်ယောင် ကြီးပေါ်သို့ ကျရောက်သွားပြီး... ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှု အသံကြီးက ဟင်းလင်းပြင် တစ်ခွင်လုံး ပဲ့တင်ထပ်သွားတော့၏။
ကံကောင်းထောက်မစွာဖြင့်... ထိုနှစ်ဦး တိုက်ခိုက်နေကြစဉ် အတွင်း... ရိုက်ခတ်မှု လှိုင်းဂယက်များ အပြင်ဘက်သို့ လျှံထွက်မသွားစေရန်အတွက် သူတို့၏ ပတ်လည်တွင် အကာအကွယ် အလွှာ တစ်ခုကိုလည်း ဖန်တီးထားခဲ့ကြသည်။
သို့မဟုတ်ပါက... အောက်ဘက်ရှိ ဝိညာဉ်နယ်မြေ နှင့် ထိုနေရာတွင် ကျန်ရစ်ခဲ့သော ကျင့်ကြံသူ များ အားလုံးမှာ ရိုက်ခတ်မှု လှိုင်းဂယက်များကြောင့် သေချာပေါက် သေဆုံး ပျက်စီးသွားကြမည်သာ ဖြစ်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်... ပင်လယ်ဘိုးဘေးကြီး ထုတ်လွှတ်လိုက်သော ရေတိုင်လုံးကြီး များ အားလုံးမှာ ပုကျိုး တောင် ၏ ပုံရိပ်ယောင် ကြီးကြောင့် အပိုင်းပိုင်း အစစ ကြေမွသွားတော့သည်။
အဆုံးအစမဲ့ ပင်လယ်ပြင် အထက်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပင်လယ်ဘိုးဘေးကြီး မှာ ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားတော့၏။
သူမ၏ အေးစက်သော မျက်နှာပေါ်တွင်လည်း ဒေါသ အရိပ်အယောင် အချို့ ပေါ်လွင်လာသည်။
အေးခဲနေသော ချယ်ရီသီးလေးများ အလား လှပလှသည့် သူမ၏ အေးစက်သော နှုတ်ခမ်းနီနီလေး များက ရုတ်တရက် အနည်းငယ် ပွင့်ဟသွားပြီး... ပုလဲလုံးလေးများအလား ဖြူဖွေးနေသော သွားတန်းလေး များကို ထုတ်ဖော် ပြသလိုက်ကာ အံကို တင်းတင်း ကြိတ်လိုက်၏။
“ဟောင်ရှန်း... ငါ မင်းကို အရှုံးမပေးဘူး”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ... ဘေးတွင် ရပ်နေသော တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး... မျှော်လင့်ချက် ကြီးကြီးဖြင့် ပွဲကြည့်နေသည့်အလား ဖြစ်နေသည်။
'ချကြလေ... အပြင်းအထန် ချကြစမ်းပါ' ဟု ပြောနေသည့်အလားပင်။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ အပြင်ဘက်ရှိ ပင်လယ်ရေပြင် မှာ သိသိသာသာ မြင့်တက်လာပြီး... သမုဒ္ဒရာ လေးစင်းလုံး၏ ရေများ အားလုံး နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွင်းသို့ လျှံကျလာတော့မည့်အလား...။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်နယ်မြေ များ အားလုံးကို ရေလွှမ်းမိုးတော့မည့်အလား ခြိမ်းခြောက်လာတော့၏။
အခန်း (၈၃၉) - အိမ်လေး ပျောက်သွားပြီလား
တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း ကျန်ရှိနေသေးသော ပေါင်းစည်းခြင်း နယ်ပယ် အစွမ်းထက် ပုဂ္ဂိုလ် များ အားလုံးမှာ ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စူးစိုက် ကြည့်နေကြပြီး... သူတို့၏ အံ့အားသင့်နေသော အမူအရာများမှာ မျက်စိတစ်မှိတ် အတွင်း ထိတ်လန့် ကြောက်ရွံ့မှု အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
‘ပြီးပြီ... ပင်လယ်ဘိုးဘေးကြီး နဲ့ တောင်ဘိုးဘေးကြီး တို့ တိုက်ပွဲ စဖြစ်ကြပြီ’
နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွင်း ကျန်ရစ်ခဲ့သော ကျင့်ကြံသူ အားလုံးမှာလည်း မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်နေကြပြီး... ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုတာကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြရ၏။
‘ဘာလို့ ဘိုးဘေးကြီး နှစ်ပါး က နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို သူတို့ရဲ့ စစ်တလင်း အဖြစ် ရွေးချယ်ရတာလဲ’
အကြပ်အတည်း များနှင့် ရင်ဆိုင်နေရချိန်တွင်... သူတို့သည် နယ်မြေအရှင်သခင် နင်ချီ ကို ချက်ချင်း သတိရသွားကြသော်ငြားလည်း ထိုအတွေးကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်ကြသည်။
အကယ်၍ နယ်မြေအရှင်သခင် သာ ဤနေရာတွင် ရှိနေမည် ဆိုလျှင်တောင်မှ... ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲကို အကူအညီမဲ့စွာဖြင့် ရပ်ကြည့်နေရုံသာ တတ်နိုင်မည် မဟုတ်ပါလော။
ဖူယောင် နယ်မြေ ကဲ့သို့သော နက်ရှိုင်းသော သစ္စာတရား နယ်မြေ နှင့် နီးကပ်သည့် ဝိညာဉ်နယ်မြေ များ အကြောင်း ပြောရမည် ဆိုလျှင်လည်း... ထိုအထဲရှိ ကျင့်ကြံသူ များမှာ ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲက သူတို့ကိုပါ လာရောက် ထိခိုက်မည်ကို စိုးရိမ် ပူပန်နေကြရ၏။
စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း တွင်မူ...
ဘိုးဘေးကြီး စစ်ခုန်ရွှမ် မှာ ဝမ်းသာ ပီတိ ဖြစ်နေပြီး... ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲမှ ထွက်ပေါ်လာမည့် ရိုက်ခတ်မှု လှိုင်းဂယက်များက နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်ပါစေဟု မျှော်လင့်နေ၏။
သို့မှသာ သူသည် လက်တစ်ဖျစ်မျှပင် လှုပ်ရှားစရာ မလိုဘဲ အလွန်တရာ ရွံရှာဖွယ် ကောင်းလှသော နင်ချီ ကို ပြင်းထန်သော သင်ခန်းစာ တစ်ခု ပေးနိုင်မည် မဟုတ်ပါလော။
သို့သော် ယခုအခါတွင်မူ... ပင်လယ်ဘိုးဘေးကြီး ၏ နည်းလမ်းများက သူတို့၏ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း ကိုပါ ထိခိုက်လာနိုင်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။
အကြောင်းမူကား သူတို့၏ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း မှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ နှင့် အနီးကပ်ဆုံး ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သူသည် ယခင်က အတွေးမျိုးကို ထပ် မတွေးရဲတော့ချေ။
သို့သော် သူ၏ ယခင် အတွေးများကို မျှဝေ ခံစားနေကြသူ သုံးဦး ရှိနေသေး၏။ သူတို့မှာ ကောင်းကင်မီးတောက် နယ်မြေ သို့ အလျင်အမြန် ပြန်လည် ချီတက်လာနေကြသော ဖန်ချန် နှင့် အခြား နယ်မြေအရှင်သခင် နှစ်ပါး ပင် ဖြစ်ကြသည်။
သူတို့ အားလုံးမှာ တောင်ဘိုးဘေးကြီး ၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြပြီး... နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှာလည်း တောင်ဘိုးဘေးကြီး ၏ ကွပ်ကဲမှုအောက်ရှိ ဝိညာဉ်နယ်မြေ တစ်ခု ပင်။ သို့ဖြစ်သော်ငြားလည်း၊ ထို သုံးဦးစလုံးက ဘိုးဘေးကြီး နှစ်ပါး တိုက်ပွဲဖြစ်ပြီး နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်မည်ကို မျှော်လင့်နေကြဆဲပါ။
၎င်းက သူတို့ကို ပို၍ ပျော်ရွှင်စေမည် ဟုပင် ခံစားနေမိကြသည်။
သူတို့က ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ... နယ်မြေအရှင်သခင် များ၏ အာဏာပိုင် အခွင့်အရေး က တိုက်ပွဲ၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်စေရန် အခွင့်အရေး ပေးထား၏။
ထို သုံးဦး မြင်တွေ့လိုက်ရသည်မှာ... ဟိုးအဝေး မိုးကုပ်စက်ဝိုင်း ဆီမှနေ၍ စိမ်းပြာရောင် ပင်လယ်ပြင်ကြီး ကောင်းကင်ယံသို့ ထိုးတက်လာပြီး ကောင်းကင်၏ အထွတ်အထိပ် သို့ပင် ရောက်ရှိတော့မည့်အလား ဖြစ်နေသည့် မြင်ကွင်းပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင် မြေကမ္ဘာ တစ်ခုလုံး အနည်းငယ် တုန်ခါသွားတော့၏။
ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ပေါ်ရှိ တောင်ဘိုးဘေးကြီး မှာ ဒေါသများ ပေါက်ကွဲထွက်လာပြီး မကျေမနပ် ကျိန်ဆဲလိုက်၏။
“ဒီ အရူးမ...”
သူ၏ အောက်ဘက်သို့ ဆန့်ထုတ်ထားသော လက်မှာ ဖြည်းညင်းစွာ လှန်လိုက်ပြီး မျှော်စင် တစ်ခု၏ ပုံသဏ္ဌာန် အဖြစ် အသွင်ပြောင်းသွားတော့သည်။
သူ၏ လှုပ်ရှားမှု ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက်... နက်ရှိုင်းသော သစ္စာတရား နယ်မြေ အတွင်းရှိ မြေကြီးများနှင့် ပင်လယ်ပြင် နှင့် နီးကပ်နေသော ပတ်ဝန်းကျင်ရှိ ဝိညာဉ်နယ်မြေ များမှာ ရုတ်တရက် မြင့်တက်လာတော့သည်။... မဟာ တံတိုင်းကြီး တစ်ခုနှင့် ဆင်တူသော ပင်လယ်ရေကာတာကြီး တစ်ခု၏ ပုံရိပ်ယောင် ပေါ်ထွက်လာတော့၏။
ထို့အပြင် ဤ ပင်လယ်ရေကာတာ ကြီးမှာ ကမ်းရိုးတန်း တစ်လျှောက် ဆက်လက် ရှည်လျား ကြီးထွားလာပြီး... ဝင်ရောက်လာမည့် ပင်လယ်ရေများကို လုံးလုံးလျားလျား ပိတ်ဆို့ တားဆီးထားမည့်အလား ဖြစ်နေသည်။
ဧရာမ လှိုင်းလုံးကြီးများ ထိုးတက်လာပြီး... ပင်လယ်ရေ များ အားလုံးက ပုံရိပ်ယောင် ပင်လယ်ရေကာတာ ကြီးကို အပြင်းအထန် ဝင်ရောက် ရိုက်ခတ်သွားတော့၏။
အစစ်အမှန် ပင်လယ်ရေ များက ပုံရိပ်ယောင် ကို ဝင်ရောက် ရိုက်ခတ်လိုက်ရာ... ကမ်းခြေကို ရိုက်ခတ်နေသော လှိုင်းလုံးကြီးများအလား နားကွဲလုမတတ် အသံကြီးများ ထွက်ပေါ်လာလေ၏။ အသံ တစ်သံစီတိုင်းမှာ မိုးခြိမ်းသံများအလား အဆုံးအစမဲ့ ပဲ့တင်ထပ်နေတော့သည်။
ကမ်းရိုးတန်း တစ်လျှောက်ရှိ ဝိညာဉ်နယ်မြေ တစ်ခုလုံး တုန်လှုပ်သွားတော့သည်။... နှစ်ဖက်စလုံးမှ ကျန်ရစ်ခဲ့သော ကျင့်ကြံသူ များမှာ ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့သဖြင့် အလွန်တရာ အံ့အားသင့် တုန်လှုပ်သွားကြတော့၏။
သူတို့သည် စိတ်ကို ဖတ်နိုင်စွမ်း ရှိသူများ မဟုတ်ကြသဖြင့် ဘိုးဘေးကြီး နှစ်ပါး ဘာကြောင့် တိုက်ခိုက်ချင်နေကြသနည်း ဆိုသည်ကို လုံးဝ မသိရှိကြချေ။
ထိုသူတို့ကို ထားလိုက်ပါတော့...။ တောင်ဘိုးဘေးကြီး ကိုယ်တိုင် ပင်လျှင် ပင်လယ်ဘိုးဘေးကြီး က ဘာကြောင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို ရုတ်တရက် တိုက်ခိုက်ရသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။ ၎င်းမှာ နင်ချီ နှင့် ဆက်စပ်နေမည်ဟုသာ မှေးမှိန်စွာ ခံစားနေရ၏။
သို့သော် နင်ချီ သည် အံ့မခန်း ပါရမီ အရည်အချင်း ရှိသူ တစ်ဦးမျှသာ ဖြစ်သည်။ ဒီ အရူးမ က ဘာအတွက် နက်ရှိုင်းသော သစ္စာတရား နယ်မြေ တစ်ခုလုံးကို တိုက်ခိုက်နေရသည်လဲ။
ထို့အပြင်...ယခု ဝိညာဉ်ကမ္ဘာ နှစ်ခု အကြား စစ်ပွဲ ဖြစ်ပွားနေသည့် အရေးကြီးသော အချိန်ကြီးမှာ... သူတို့က အရင်ဆုံး ပြည်တွင်းရေး ပဋိပက္ခတွေ ဖြစ်နေတာက တကယ့်ကို ရယ်စရာ ကောင်းလွန်း၏။
အကယ်၍ ကျယ်ပြန့်သော ကမ္ဘာ ကသာ သိသွားမယ် ဆိုလျှင်... သူတို့ ရယ်ရလွန်း၍ အူတက်သွားကြမှာ မဟုတ်တ်ပါလော။
ပင်လယ်ရေ များက ပင်လယ်ရေကာတာ ကြီးကို အဆက်မပြတ် ဝင်ရောက် ရိုက်ခတ်နေသော်ငြားလည်း ၎င်းကို လုံးဝ မချိုးဖျက်နိုင်ခဲ့ချေ။
ဘိုးဘေးကြီး နှစ်ပါး သည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ မြောက်ရိုးစွန်း နှင့် တောင်ရိုးစွန်း ဟုပင် သတ်မှတ်၍ ရနိုင်လောက်အောင် အလွန်တရာ ကွာဝေးသော နေရာများမှနေ၍ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သို့သော် သူတို့ ဖန်တီးလိုက်သော ဆူပူအုံကြွမှု များက တောင်နှင့် ပင်လယ် ကမ္ဘာ တွင် ကျန်ရစ်နေသော ကျင့်ကြံသူ အားလုံးကို တုန်လှုပ်သွားစေခဲ့တော့၏။
ကျင့်ကြံသူ အားလုံးက တိုက်ပွဲကွင်းပြင် ကို စူးစိုက် ကြည့်နေကြပြီး... ကြောက်ရွံ့မှု များနှင့်အတူ မျက်စိ လွှဲမရလောက်အောင်ပင် စိတ်ဝင်စားနေကြသည်။
ထိုအချိန်လေးမှာပင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ အပြင်ဘက်ရှိ ပင်လယ်ရေကာတာ ကြီးမှာ တစ်ခုခု၏ ထိုးဖောက် ဝင်ရောက်ခြင်းကို ရုတ်တရက် ခံလိုက်ရပုံ ရသည်။
တောင်ဘိုးဘေးကြီး တွင် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ပုကျိုး တောင် ၏ နတ်ဘုရား ပုံရိပ်ယောင် ကို ချက်ချင်း အသက်ဝင်စေကာ ထို တွင်းပေါက် ကြီးကို ပိတ်ဆို့ရန် ကြိုးစားလိုက်တော့၏။
သို့သော် သူ့ကို အံ့အားသင့်သွားစေမည့် အချက်မှာ... အလင်းတန်း နှစ်ခု ပစ်ထွက်လာပြီး သူ့ကို အငိုက်ဖမ်း တိုက်ခိုက်သွားခြင်းပင်။
မျက်စိတစ်မှိတ် အတွင်းမှာပင်... ထို အလင်းတန်း နှစ်ခုက နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို အပြည့်အဝ ဖြတ်တောက်လိုက်ရာ မြေကြီးများ ပြိုကျသွားသည့် အခိုက်၊... နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှာ ၎င်း၏ မူလ နေရာမှ အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရတော့သည်။
“...”
ကောင်းကင် ချိတ်ဆက်ခြင်း တောင်ထွတ် ပေါ်ရှိ တောင်ဘိုးဘေးကြီး ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားတော့၏။
‘ခုလေးတင် ဖြတ်ပြေးသွားတဲ့ မီးခိုးရောင် အလင်းတန်း က ဘာလဲ။ အဲဒီ အရူးမ က တားမြစ် နည်းစနစ် တစ်ခုခုကို ထပ်ပြီး ဖန်တီးလိုက်တာများလား…’
တစ်ခဏမျှ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် ထူးဆန်းနေပြီး... နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို ပြန်လည် သိမ်းယူရန်အတွက် မည်သည့် နည်းလမ်းကိုမျှ ထပ်မံ အသုံးမပြုတော့ချေ။
ဤအခိုက်အတန့်တွင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သော ပင်လယ်ဘိုးဘေးကြီး မှာလည်း တောင်ဘိုးဘေးကြီး နှင့် ဆက်လက် ရင်ဆိုင် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ချေ။
ကမ်းရိုးတန်း တစ်လျှောက်ရှိ ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်ရေ များမှာ... ဘာမှ မဖြစ်ခဲ့သည့်အလား ဧရာမ ဒီရေ လှိုင်းလုံးကြီး တစ်ခုကဲ့သို့ လျင်မြန်စွာ ပြန်လည် ဆုတ်ခွာသွားတော့သည်။
ဖူယောင် နယ်မြေ အတွင်းရှိ ဘိုးဘေးကြီး စစ်ခုန်ရွှမ် မှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ မူလ နေရာကို စူးစိုက် ကြည့် နေတော့၏။ ...
၎င်းနေရာတွင် အရှိန်အဟုန်ဖြင့် စီးဝင်လာသော ပင်လယ်ရေ များဖြင့် တဖြည်းဖြည်း ပြည့်နှက်နေသည့် ကြီးမားလှသော အမှောင် တွင်းပေါက်ကြီး တစ်ခုကိုသာ မြင်တွေ့နေရသည်။
ထိုအခိုက်အတန့်တွင် သူ၏ ခံစားချက်များမှာ အလွန်တရာ ရှုပ်ထွေးနေ၏။ ဝမ်းသာ ပီတိ ဖြစ်မှု၊ ကျန်ရစ်နေသေးသော ကြောက်ရွံ့ ထိတ်လန့်မှု နှင့်... အရှက်ကွဲသွားသလို ခံစားရမှု...
တောင်ဘိုးဘေးကြီး မှာ သူ၏ နယ်မြေ အတွင်းရှိ ကြီးမားလှသော ဟာကွက်ကြီး ကို သဘာဝကျကျပင် သတိပြုမိသွားသည်။ မူလက တစ်ဆက်တည်း ဖြစ်နေသော ဝိညာဉ်နယ်မြေ များမှာ... ကိုက်ဖြတ် ခံထားရသည့် တွင်းပေါက်ကြီး တစ်ခု ရှိနေသည့်အလား ဖြစ်နေတော့၏။
လူအများအပြား ၏ မျက်စိရှေ့မှာပင် ပင်လယ်ဘိုးဘေးကြီး ၏ လှည့်စား အနိုင်ယူခြင်းကို ခံလိုက်ရသဖြင့်... သူ အနည်းငယ် အရှက်ကွဲသွားရသည်။
တောင်ဘိုးဘေးကြီး က သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ... ယခင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ ပတ်လည်တွင် မြေကြီးများ လှည့်ပတ်သွားပြီး တိုက်ကြီး တစ်တိုက် ကို မျက်စိတစ်မှိတ် အတွင်း ပြန်လည် ဖန်တီးလိုက်တော့၏။
သူ့မှာ နယ်နိမိတ် တွေကိုတောင် ဖန်တီးနိုင်သော စွမ်းရည် ရှိနေသည်ပဲလေ။
ကံမကောင်းစွာဖြင့် ထိုနေရာကို ပြန်လည် ဖြည့်တင်းလိုက်မည် ဆိုလျှင်တောင်မှ... ၎င်းမှာ မူလ နက်ရှိုင်းသော သစ္စာတရား နယ်မြေ လုံးဝ ဖြစ်လာတော့မည် မဟုတ်ချေ။
သူက အဆုံးအစမဲ့ ပင်လယ်ပြင် ကို စူးစိုက် ကြည့်လိုက်ရာ... သူ၏ အကြည့်များမှာ ဟင်းလင်းပြင် ကို ဖြတ်သန်းသွားပြီး၊ ပင်လယ်ဘိုးဘေးကြီး ၏ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသော မျက်နှာပေါ်ရှိ ကျေနပ် အားရမှု နှင့် ရူးသွပ်မှု များကို မှေးမှိန်စွာ မြင်တွေ့လိုက်ရသည်။
တောင်ဘိုးဘေးကြီး က သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်၏။
“ပိုကြီးမားတဲ့ ရည်ရွယ်ချက် အတွက်... အခုတော့ ငါ မင်းနဲ့ ဆက်ပြီး မတိုက်တော့ဘူး”
ပင်လယ်ဘိုးဘေးကြီး က သူ၏ အတွေးများကို အာရုံခံမိသွားသည့်အလား အေးစက်ပြီး မာနထောင်လွှားသော မှတ်ချက် တစ်ခုကို ပေးလိုက်၏။
“ဟောင်ရှန်း... မင်း ရှုံးသွားပြီ”
အဆုံးအစမဲ့ ပင်လယ်ပြင် ၏ အထက်တွင်... ပင်လယ်ကြမ်းပြင် မှနေ၍ တိုက်ကြီး တစ်တိုက် ရုတ်တရက် ပေါ်ထွက်လာပြီး၊ တစ်ခုခုက ထောက်မ ပေးထားသည့်အလား ပင်လယ်ပြင် ထဲတွင် ခင်းကျင်း ပြသထားသော ကျွန်းကြီး တစ်ကျွန်း အဖြစ် အပြည့်အဝ အသွင်ပြောင်းသွားတော့သည်။
အခန်း (၈၄၀) - ကစားသမား၏ လက်ထဲမှ လွတ်မြောက်သွားသော စစ်တုရင်ရုပ်
ပင်လယ်ဘိုးဘေးကြီး က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်၏။
ထိုအထဲတွင် မည်သည့်အရာမျှ ပျက်စီးသွားခြင်း မရှိချေ။
သူမ၏ အေးစက်သော နှုတ်ခမ်းနီနီလေး များက တောက်ပသော အပြုံးတစ်ခု အဖြစ် တွန့်ကွေးသွားပြီး တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို လှမ်း၍ ဆိုလိုက်၏။
“နင်ချီ ကို သေချာ ပြောလိုက်... အကယ်လို့ သူက နက်ရှိုင်းသော သစ္စာတရား နယ်မြေ ထဲက လူတိုင်းကို အသက်ရှင်စေချင်တယ် ဆိုရင် ငါ့ရဲ့ တောင်းဆိုချက် ကို သဘောတူလိုက်တာ ပိုကောင်းမယ်လို့။ အခုကစပြီး သူက ဟောင်ရှန်း ရဲ့ လက်အောက်မှာ မရှိတော့ဘူး... ငါ့ရဲ့ ကွပ်ကဲမှုအောက်ကို ရောက်လာပြီ ဖြစ်ပြီး၊ ငါ ပင်လယ်ဘိုးဘေးကြီး ကိုယ်တိုင် သူ့ကို ကာကွယ်ပေးထားမယ်လို့ ပြောလိုက်”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ လည်စလုပ် မှာ လှုပ်ရှားသွားပြီး တံတွေး တစ်ချက် အတင်း မျိုချလိုက်ရသည်။
သူ၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားတော့သည်။
‘ဒီမိန်းမ ရူးနေပြီပဲ။
တကယ်တော့ ဟောင်ရှန်း ကို ဒေါသထွက်အောင် လုပ်တာကမှ ဒီမိန်းမ ကို ဒေါသထွက်အောင် လုပ်တာထက် ပိုကောင်းပါသေးတယ်’
“စိတ်ချပါ... မင်းရဲ့ သတင်းစကားကို ငါ သေချာပေါက် ပြောပြပေးပါ့မယ်။ ပြီးတော့ နယ်မြေ အသီးသီး က မင်းရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ကျင့်ကြံသူ တွေကိုလည်း သူတို့ နင်ချီ နဲ့ ထိပ်တိုက် မတွေ့ရအောင် အသိပေးလိုက်ပါ့မယ်”
“ကောင်းတယ်”
…
အစစ်အမှန်သိုင်းကမ္ဘာ အတွင်း၌...
ကမ္ဘာ့အရှင်သခင် နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ ရှိရာ အရပ်ဆီသို့ စူးစိုက် ကြည့်ရှုနေသည်။ သူ၏ နတ်ဘုရား မျက်လုံးများမှာ တလက်လက် တောက်ပနေ၏။
အစစ်အမှန်သိုင်းကမ္ဘာ သည် တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ချိတ်ဆက်ထားသည်။ တောင်နှင့် ပင်လယ် ကမ္ဘာ ကြီး တစ်ခုလုံး အနည်းငယ် တုန်ခါနေသဖြင့်... တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ တစ်ခုခု ဖြစ်ပျက်နေကြောင်းကို သူ ရှင်းလင်းစွာ ခံစားနေရ၏။
“ဘာတွေ ဖြစ်နေတာလဲ”
သူသည် ယခုအခါ အတွင်းပိုင်းတွင် ဖြစ်ပျက်နေသမျှကို ပေါ်တင်ကြီး ချောင်းကြည့်၍ မရနိုင်တော့သော်ငြားလည်း... ချိတ်ဆက်ထားသော လမ်းကြောင်း မှတစ်ဆင့် တိတ်တဆိတ် ချောင်းကြည့်နိုင်စွမ်း ရှိသည်။
နင်ချီ က တာအို တွင် အလွန်တရာ သေးငယ်သော ဟာကွက်လေး တစ်ခုကို အတင်းအကျပ် ဖွင့်လိုက်ပြီး... ကမ္ဘာကြီး နှစ်ခု အကြားရှိ ဆုံမှတ် သို့ ရောက်ရှိသွားသောအခါ ရပ်တန့်လိုက်၏။
၎င်းမှာ သရဲ တစ္ဆေ များကို ကြောက်လန့်၍ စောင်အောက်တွင် ပုန်းနေသူ တစ်ဦးက... သရဲ တစ္ဆေ များကို ကြည့်ရန် စောင်ကို ဖယ်ရှားလိုက်သော်ငြားလည်း စောင်ပေါ်တွင် အဝတ်စ တစ်လွှာ ချန်ထားခဲ့ပြီး ထို အဝတ်စ မှတစ်ဆင့် ချောင်းကြည့်နေသည်နှင့် ဆင်တူသည်။
သူသည် ဘိုးဘေးကြီး နှစ်ပါး ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို အာရုံခံမိပြီး ဖြစ်၏။
တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ရန်အတွက် နင်ချီ သည် သူ၏ တာအို ကို အပြည့်အဝ မဖွင့်လှစ်ခဲ့ချေ။ သို့သော် သူသည် ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲ အဆုံးသတ်သွားသည့် အခိုက်အတန့်ကို အနည်းငယ် လှမ်းမြင်လိုက်ရသေး၏။
“ဘာတွေ ဖြစ်နေတာလဲ။ ဘိုးဘေးကြီး နှစ်ပါး ကြားက ဆက်ဆံရေးက တကယ်ပဲ တိုက်ပွဲ ဖြစ်ရလောက်တဲ့ အထိ ဆိုးရွားနေတာလား”
နင်ချီ မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့သည်။
“ထားလိုက်ပါတော့လေ... ငါ လူဝင်စား ခန္ဓာကိုယ် ကို သုံးပြီး တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို နောက်မှ မေးကြည့်လိုက်မယ်”
လူဝင်စား ခန္ဓာကိုယ် မှာ တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ မရှိတော့သဖြင့်၊ အတွင်းပိုင်းတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို အတိအကျ သိရှိနိုင်ရန် မဖြစ်နိုင်တော့ချေ။
…
စစ်မြေပြင်နယ်မြေ အတွင်း၌...
နင်ချီ သည် နယ်မြေ သုံးခု ၏ စစ်တပ်ကြီးကို ဦးဆောင်ကာ နောက်တစ်ကြိမ် နယ်မြေ ဖြတ်ကျော်ပြီး အခြားသော နယ်မြေကြီး အသစ် တစ်ခု အတွင်းသို့ ရောက်ရှိလာခဲ့တော့၏။
ထိုအဖွဲ့သည် သူတို့၏ ပတ်ဝန်းကျင်ကို စူးစိုက် ကြည့်ရှုလိုက်ကြသော်ငြားလည်း မည်သည့် ကျင့်ကြံသူ ၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။
မည်သို့ပင် ဆိုစေ ၊ ထိုအဖွဲ့သည် နယ်နိမိတ် နံရံနှင့် နီးကပ်သော အစွန်အဖျား နေရာတစ်ခုတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပြီး... ယေဘုယျအားဖြင့် ဆိုရလျှင် မည်သည့် ကျင့်ကြံသူ ကမျှ ဤကဲ့သို့သော နေရာမျိုးသို့ လာရောက်လေ့ မရှိကြချေ။
“ဒါက တောင်ပိုင်း စစ်မြေပြင်နယ်မြေ ဖြစ်ရမယ်... ဒါပေမဲ့.. အထက်၊ အလယ်၊ နဲ့ အောက် ဆိုတဲ့ နယ်မြေငယ် သုံးခု ထဲက ဘယ် နယ်မြေငယ် ထဲမှာ ရောက်နေလဲ ဆိုတာတော့ မသိဘူး”
နင်ချီ က ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို ထုတ်ယူလိုက်ပြီး ဝိညာဉ်ကျောက်တုံး များကို ဖြည့်တင်းလိုက်ကာ တစ်ချိန်တည်းမှာပင်
ဝိညာဉ်စွမ်းအား များကို သွင်းနှံလိုက်၏။
ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် က ဤနယ်မြေ အတွင်းရှိ အချက်အလက် အသီးသီးကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာလိုက်ပြီး... ဤနယ်မြေ နှင့် ပတ်သက်သော မြေပုံ အချက်အလက် များကို နင်ချီ ထံသို့ စတင် ပြသပေးလာတော့သည်။
မကြာမီမှာပင် သရဲ တစ္ဆေ များနှင့် တူသော အပြာရောင် မြေပုံ တစ်ခု နင်ချီ ၏ ရှေ့တွင် ပေါ်ထွက်လာတော့သည်။
ဆုံမှတ် (၃၆) ခု စလုံးက မတူညီသော အလင်းရောင် များကို ဖြာထွက်နေကြသည်။
နင်ချီ က ၎င်းကို တစ်ချက် လှမ်းကြည့်လိုက်၏။
ထင်ထားသည့်အတိုင်းပင်... စစ်မြေပြင်နယ်မြေ မှာ ကွဲပြားခြားနား သော်ငြားလည်း အတွင်းပိုင်း အခြေအနေများမှာ တော်တော်လေး ဆင်တူနေဆဲ ဖြစ်သည်။
ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု မှာ မှေးမှိန်စွာ တောက်ပနေပြီး... ၎င်းတို့မှာ မသိမ်းပိုက်ရသေးကြောင်း ဖော်ပြနေသေး၏။
ကျန်ရှိနေသော ဆုံမှတ် (၃၀) အနက်မှ... (၁၉) ခုကို သိမ်းပိုက် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
မြေပုံ ၏ အရွယ်အစားကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်... ဤဒေသမှာ တောင်ပိုင်း စစ်မြေပြင်နယ်မြေ ၏ အထက် နယ်မြေ ဖြစ်ရမည်ဟု နင်ချီ ခန့်မှန်းလိုက်၏။
ထို့နောက် နယ်နိမိတ် အတွင်းရှိ ကျင့်ကြံသူ များ၏ ဖြန့်ကျက်တည်ရှိပုံ က မြေပုံ ပေါ်တွင် စတင် ပေါ်ထွက်လာတော့သည်။
နင်ချီ ကို အံ့အားသင့်သွားစေမည့် အချက်မှာ... ကျင့်ကြံသူ ကို ကိုယ်စားပြုသော မြူခိုး အစက်လေး တစ်ခုတည်းသာ မြေပုံ ပေါ်တွင် ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ထို မြူခိုး အလင်းစက် လေးများမှာ အလွန်တရာ သိပ်သည်း ထူထပ်နေ၏။
အလင်းစက် ကို ကြည့်ရင်း... နင်ချီ သည် အခြေအနေကို မျက်စိတစ်မှိတ် အတွင်း ခွဲခြမ်းစိတ်ဖြာလိုက်၏။
ဤနယ်မြေ အတွင်းရှိ ကျင့်ကြံသူ နှစ်ဖွဲ့စလုံး ပူးပေါင်းသွားခဲ့ကြပြီ ဖြစ်ပြီး... နှစ်ဖွဲ့စလုံးမှာ နယ်မြေ သုံးခု မှ စစ်တပ်ကြီးများ ဖြစ်ကြကာ၊ ဆုံမှတ် အသစ် တစ်ခု အတွက် အပြိုင်အဆိုင် လုယူနေကြပြီး... နှစ်ဖက်စလုံး အကြိတ်အနယ် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
နင်ချီ သည် စစ်မြေပြင်နယ်မြေ အတွင်းသို့ ရောက်ရှိလာကတည်းက ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။
ယခင်က ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး မှ ကျင့်ကြံသူ များသည် ပြန့်ကျဲနေသော နယ်မြေ ကျင့်ကြံသူ များ ဖြစ်နိုင်ပြီး နေရာအနှံ့အပြားတွင် ဆုံမှတ် များကို လိုက်လံ ရှာဖွေနေကြခြင်း ဖြစ်နိုင်သလို၊ တဖြည်းဖြည်းချင်း နယ်မြေ ကျင့်ကြံသူ များ အချင်းချင်း ခွဲမထွက်တော့ခြင်းလည်း ဖြစ်နိုင်သည်
နောက်ပိုင်းတွင် စစ်မြေပြင်နယ်မြေ အတွင်းရှိ အန္တရာယ် များကို နားလည် သဘောပေါက်လာကြသောအခါ... ကျင့်ကြံသူ အားလုံးက စုပေါင်းလာကြတော့သည်။
အစွမ်းထက်သူများက သူတို့၏ ကိုယ်ပိုင် အင်အားစုများကို ဆက်လက် ဦးဆောင်ကြပြီး... အားနည်းသူများက အချင်းချင်း အပြန်အလှန် အကူအညီ ပေးနိုင်ရန် အဖွဲ့များ ဖွဲ့စည်းလာကြသည်။
ယခုအခါ နင်ချီ သည် ကျင့်ကြံသူ နှစ်ဖွဲ့စလုံး လုံးလုံးလျားလျား စုစည်းသွားသည်ကို ပထမဆုံးအကြိမ် အဖြစ် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
သို့သော် ဤအခြေအနေကလည်း ကောင်းမွန်သည် အကြောင်းမူကား ၎င်းမှာ သူ့အတွက် နှင့် သူ၏ နယ်မြေ သုံးခု စစ်တပ်ကြီး အတွက် ပိုမို အကျိုးရှိစေသောကြောင့်ပင် ဖြစ်၏။
နင်ချီ သည် မြေပုံ အချက်အလက် များကို ဓားဘိုးဘေးကြီး နှင့် အခြားသူများ ထံသို့ မျက်စိတစ်မှိတ် အတွင်း ပေးပို့လိုက်ပြီး၊ သူတို့၏ စစ်တပ်များကို ဦးဆောင်ကာ နေရာအနှံ့အပြားရှိ ဆုံမှတ် များကို သိမ်းပိုက်ရန် ညွှန်ကြားလိုက်တော့သည်။
လူတိုင်း လူစုခွဲ ထွက်ခွာသွားပြီးနောက်... နင်ချီ သည် ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု ကို စနစ်တကျ ရိတ်သိမ်းမည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ရန် ပြင်ဆင်လိုက်၏။
ရုတ်တရက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကြီး သူ၏ အရှေ့ တည့်တည့်တွင် ပေါ်ထွက်လာပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်တော့သည်။
“ကမ္ဘာ့အရှင်သခင်”
နင်ချီ က အံ့ဩတကြီး မေးလိုက်၏။
“ဘာအဓိပ္ပာယ်လဲ ခင်ဗျာ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် မှာ ဤအခိုက်အတန့်တွင် တုံ့ဆိုင်းပြီး ကြောက်ရွံ့နေပုံ ရသည်။
နင်ချီ က သူ အမြင်မှားသွားတာလား ဟု တွေးထင်လိုက်မိသော်ငြားလည်း... ၎င်းက သူ့ကို
“မင်းကို ပြောစရာ အရေးကြီး ကိစ္စ တစ်ခု ရှိတယ်” ဟု ပြောလိုက်သံကို ကြားလိုက်ရသည်။
နင်ချီ မှာ အံ့အားသင့် မှင်သက်သွားပြီး...
“ဘာကိစ္စလဲ ခင်ဗျာ”
“မင်းရဲ့ အိမ်လေး ပျောက်သွားပြီ”
“ဟင်”
နင်ချီ မှာ တကယ်ကို ဆွံ့အ မှင်သက်သွားတော့၏။
ထို့နောက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို နင်ချီ အား အတိုချုပ် ပြန်လည် ပြောပြလိုက်၏။
နင်ချီ သည် ထိုစကားများကို ကြားပြီးနောက် လုံးဝ အံ့အားသင့်သွားတော့သည်။
“ခင်ဗျား ဆိုလိုတာက... နက်ရှိုင်းသော သစ္စာတရား နယ်မြေ က ပင်လယ်ဘိုးဘေးကြီး ဆီကနေ ခွဲထွက်သွားပြီး ပင်လယ်ဘိုးဘေးကြီး ရဲ့ အပြည့်အဝ ထိန်းချုပ်မှု အောက်ကို ရောက်သွားပြီပေါ့လေ”
ပုံရိပ်ယောင် ကြီးက ခေါင်းညိတ်ပြလိုက်ပြီး ဆိုလိုက်၏။
“အဲဒီလောက်တင် ဘယ်ကမလဲ... အကယ်လို့ မင်းသာ သူမရဲ့ တပည့် မဖြစ်လာဘူး ဆိုရင်... နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှာ ကျန်ရစ်ခဲ့တဲ့ လူတွေ အားလုံး အန္တရာယ် ရှိတယ် လို့တောင် ပင်လယ်ဘိုးဘေးကြီး က ပြောလိုက်သေးတယ်”
နင်ချီ သည် တိတ်ဆိတ်နေပြီး တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကို နာကြည်းစွာ စူးစိုက် ကြည့်နေရင်း ဆိုလိုက်၏။
“ခင်ဗျားကလည်း ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်နေတာ မဟုတ်ဘူးလား။ ဘာလို့ တစ်ဖက်လူကို မတားဆီးခဲ့တာလဲ”
လူတိုင်း အံ့အားသင့်သွားစေမည့် အချက်မှာ... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ပြန်လည် ဖြေကြားလိုက်ခြင်းပင် ဖြစ်သည်။
“ဆက်မပြောနဲ့တော့... မင်း... ငါက မတားချင်ဘူးလို့ မင်း ထင်နေတာလား”
သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေပုံ ရပြီး ဆက်ပြောလိုက်၏။
“အဲဒီ မိန်းမက ရူးနေတာကွ... ဟောင်ရှန်း တောင်မှ သူ့ကို မတားနိုင်တာ... ငါက ဘယ်လိုလုပ် တားနိုင်မှာလဲ”
မရည်ရွယ်ဘဲနှင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် သတင်းအချက်အလက် အများအပြားကို နင်ချီ ထံသို့ ထုတ်ဖော် ပြောဆိုလိုက်မိ၏။
ဤကောင် သည် တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့က အလွန်တရာ တန်ဖိုးထားသော နင်ချီ ကဲ့သို့သော ပါရမီရှင် မျိုးကို ရှားရှားပါးပါး တွေ့ဖူးခြင်း ဖြစ်လောက်သည် ထို့အပြင် ၎င်းကလည်း နင်ချီ ကို တပည့်အဖြစ် လက်ခံလိုသဖြင့် နင်ချီ ကို ယခင်ကလောက် အထင်မသေးတော့ချေ။
ထို့ကြောင့် ၎င်းသည် နင်ချီ ၏ ရှေ့တွင် ပိုမို လူသားဆန်စွာ ပြုမူလာခြင်းလည်း ဖြစ်၏။
နင်ချီ သည် ထို သတင်းအချက်အလက် များကို သူ၏ ခေါင်းထဲတွင် တိတ်ဆိတ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် မေးလိုက်၏။
“အခု ကျွန်တော့်မှာ လမ်းတစ်လမ်းတည်း ပဲ ရွေးစရာ ရှိတော့တယ်လို့ ခင်ဗျား ဆိုလိုချင်တာလား ခင်ဗျာ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က နင်ချီ ၏ ပခုံးကို ပုတ်လိုက်ပြီး ဆိုလိုက်သည်မှာ….
“အခု စစ်မြေပြင်နယ်မြေ ထဲမှာ ရောက်နေတာကိုပဲ မင်း ကံကောင်းတယ်လို့ မှတ်လိုက်ပါတော့”