အခန်း (၁၅၁၆-၁၅၁၈)
Vol. 102 Ch. 1516-1518
အခန်း (၁၅၁၆) ၁၂ ခုမြောက် ပွင့်ချပ်နှင့် သူတော်စင် (၂)
'ငါ့မှာသာ အနက်ရောင်ကြာရှိရင် ဒါက တစ်ခုလုံး အနက်ရောင် ပြောင်းသွားမှာလား။'
ဤအတွေး လုကျိုး၏ စိတ်ထဲတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်မှာ ချက်ချင်း အနက်ရောင် ပြောင်းသွားတော့သည်။
"ဟမ်" လုကျိုး မျက်မှောင်ကျုံ့လိုက်မိ၏။
'ငါက ဒီတိုင်း တွေးကြည့်ရုံတင်ပါကွာ။ လာနောက်မနေနဲ့။ အဖြူရောင်ပဲ ဖြစ်စေချင်တာ ဟုတ်ပြီလား'
ထို့နောက်တွင် စိတ်ဝိညာဉ်သဏ္ဌာန်မှာ ချက်ချင်း အဖြူရောင် ပြောင်းသွားပြန်သည်။ လုကျိုး သဘောပေါက်သွားတော့သည်။
"ဒါဆို ငါက အခု အရောင်တွေကို စိတ်ကြိုက် ပြောင်းလို့ရနေပြီပေါ့?"
လုကျိုး စမ်းသပ်ကြည့်တော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူသည် စိတ်ဝိညာဉ်သဏ္ဌာန်၏ အရောင်ကို အဖြူမှ ရွှေရောင်၊ အနီရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်သို့ အလွယ်တကူ ပြောင်းလဲနိုင်ခဲ့သည်။ နောက်ဆုံးတွင် အပြာရောင်သို့ ပြန်ပြောင်းလိုက်၏။ မည်သည့်အရောင်ဖြစ်ဖြစ် တဝီဝီမြည်နေသော အပြာရောင်လျှပ်စီးတန်းလေးများကတော့ ရှိနေဆဲဖြစ်ကာ ပိုမို ခံ့ညားထည်ဝါပြီး လွှမ်းမိုးနိုင်စွမ်းရှိပုံ ပေါက်နေပေသည်။
ကြာပွင့်အရောင် အမျိုးမျိုးရှိကြသည်။ ကျောက်စိမ်းကြာပွင့်မှာ မူလက အစိမ်းရောင်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ အပြာရောင်ကြာပွင့်မှာ ထူးခြားလှပေသည်။ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်မှာ ပြီးပြည့်စုံသော စိတ်ဝိညာဉ်သဏ္ဌာန်လော။
လုကျိုး ပြောမပြနိုင်အောင် စိတ်လှုပ်ရှားသွားရသည်။ ဤစွမ်းရည်အသစ်သည် သူ၏ အထောက်အထားကို ဖုံးကွယ်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။ ဤအချက်ကြောင့် သူသည် ရုပ်ဖျက်ကတ်များကို သုံးရန် မလိုတော့ပေ။ သူသည် စနစ်မျက်နှာပြင်ကို ခေါ်ယူကြည့်ရှုလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ရုပ်ဖျက်ကတ်မှာ မှိန်သွားပြီဖြစ်သည်။
ညဉ့်နက်ပိုင်းတွင်ဖြစ်သည်။ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ထံမှ ဧရာမ အလင်းတန်းကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ တောင်ဘက် ရှေးဟောင်းအဆောက်အအုံတွင်ရှိနေသော ချန်ဖုက ထိုလှုပ်ရှားမှုကို အာရုံခံမိသွား၏။ သူသည် လျှပ်စီးပမာ လှုပ်ရှားလိုက်ပြီး ညကောင်းကင်ယံတွင် ပေါ်လာကာ အရှေ့ဘက်တောင်ကုန်းဆီသို့ လှမ်းကြည့်လိုက်သည်။
"၁၂ ခုမြောက် ပွင့်ချပ် သူတော်စင်ရဲ့ အလင်းလား"
ချန်ဖု မျက်မှောင်ကျုံ့လိုက်သည်။ ပြောလိုက်သည်။ "အစ်ကိုလု... ခင်ဗျားက သိပ်လောတာပဲ"
လုကျိုးက ဘာကြောင့် နတ်ဝိညာဉ်ပုလဲကို အရင်မဖွဲ့တည်ဘဲ ပွင့်ချပ်ထွက်ဖို့ ဤမျှ အလျင်လိုနေရသလဲဆိုသည်ကို ချန်ဖု နားမလည်နိုင်ဖြစ်နေတော့သည်။
"နှမြောစရာပဲ... နှမြောစရာပဲ” သို့သော်လည်း ချန်ဖုသည် လုကျိုးကို မနှောင့်ယှက်ခဲ့ပေ။ အမှန်စင်စစ် ပွင့်ချပ်အသစ်ထွက်လာသော ကျင့်ကြံသူများသည် ကျင့်ကြံမှုအခြေခံကို တည်ငြိမ်စေရန် အချိန်ယူရစမြဲပင်။ ချန်ဖုသည် သူ၏အခန်းသို့ ပြန်သွားပြီး အသက်ရှူနှုန်းကို စနစ်တကျ ပြန်လည်ထိန်းညှိလိုက်သည်။ သူသည် မိုးမြေစွမ်းအင်များကို စုပ်ယူလျက် သူ၏ဒဏ်ရာများကို သက်သာအောင် ကြိုးစားနေ၏။ ထို့နောက် သူက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ရေရွတ်လိုက်သည်။
"ငါက အခု မြစ်ကို ဖြတ်ကူးနေတဲ့ ရွှံ့ရုပ်လေးလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘဲ သူများကိစ္စတွေကို စိတ်ပူနေဖို့ အချိန်ရှိသေးတယ်။ မနက်ဖြန် ငါ နိုးလာဦးမလားဆိုတာ ဘယ်သူသိမှာလဲ"
နောက်တစ်နေ့ နံနက်တွင်ဖြစ်သည်။ ချန်ဖု၏ အစေခံအသံမှာ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
"လုချန်းပေ့... သူတော်စင်ချန်က တာအိုအကြောင်း ဆွေးနွေးဖို့ ဖိတ်ကြားလိုက်ပါတယ်"
လုကျိုး မျက်လုံးဖွင့်လိုက်ပြီး သူ၏ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို လှမ်းကြည့်လိုက်ရာ ၎င်းမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဝူး
သူ၏ လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းမှာ ပြန်လည် ပေါ်ထွက်လာသည်။ သူ ပထမဆုံး ကြည့်လိုက်သည်မှာ ကြာပလ္လင်ပင် ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ပွင့်ချပ်တစ်ရွက် ပိုလာခဲ့ပြီဖြစ်သည်။
"၁၂ ခုမြောက် ပွင့်ချပ်က ဒီလောက် အလွယ်တကူ ထွက်လာတာလား"
ဖြစ်စဉ်တစ်ခုလုံးမှာ မယုံနိုင်လောက်အောင် ချောမွေ့နေခဲ့သည်။ သူသည် ကောင်းကင်ကျမ်းစာကို တရားမှတ်နေခဲ့ခြင်းကြောင့် ၁၂ ခုမြောက် ပွင့်ချပ် ဘယ်အချိန်မှာ အတိအကျ ထွက်လာခဲ့သည်ကို သူ မသိပေ။ မည်သို့ပင်ဆိုစေ သူသည် ရလဒ်အပေါ် အလွန်ကျေနပ်နေမိသည်။ လုကျိုးသည် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်သိမ်းလိုက်ပြီး ချန်ဖုနှင့် တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။ ချန်ဖုသည် သူ၏အဆင့်ကို မမီနိုင်သော်လည်း ချန်ဖုက အတွေ့အကြုံနှင့် ဗဟုသုတအပိုင်းတွင် ပို၍ သာလွန်ပေသည်။ ချန်ဖု၏ နည်းလမ်းများသည် သူနှင့် မသင့်တော်ပါစေဦးတော့၊ ပိုသိထားခြင်းက အမြဲတမ်း ပိုကောင်းပေသည်။
"ကောင်းပြီ”
လုကျိုး အပြင်ဘက်သို့ ထွက်လာသောအခါ ရိုသေစွာ ရပ်နေသော အစေခံလူငယ်ကို တွေ့လိုက်ရသည်။ အစေခံလူငယ်က လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။
"၁၂ ခုမြောက် ပွင့်ချပ် ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ် လုချန်းပေ့"
လုကျိုးက မေးလိုက်သည်။ "ဪ... မင်း သိနေတာလား"
အစေခံလူငယ်က ပြန်ဖြေလိုက်သည်။ "၁၂ ခုမြောက် ပွင့်ချပ် ထွက်လာတဲ့အချိန်မှာ သူတော်စင်အလင်း ပေါ်လာတတ်ပါတယ်။ ဒါကို လူတိုင်း သိကြမယ် ထင်ပါတယ်"
'ဒီလောက်တောင် ချဲ့ကားမိသွားတာလား'
လုကျိုးသည် ခပ်အေးအေးသာ နေလိုသော်လည်း ၁၂ ခုမြောက် ပွင့်ချပ်ထွက်ခြင်းက ဤမျှအထိ ထင်သာမြင်သာရှိသော အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ အစေခံလူငယ်က ထပ်ပြောလိုက်သည်။
"လုချန်းပေ့... သူတော်စင်ချန်က စင်မြင့်ဝိုင်းပေါ်မှာ စောင့်နေပါတယ်"
"လမ်းပြ”
လုကျိုးသည် လက်နောက်ပစ်လျက် ရှေ့သို့ လျှောက်သွားတော့သည်။
လုကျိုး ရောက်ရှိသွားသောအခါ စင်မြင့်ဝိုင်း၏ အထက်ပိုင်းရှိ ဧရိယာတစ်ခုတွင် ကျောက်စားပွဲတစ်ခုနှင့် ကျောက်ထိုင်ခုံလေးခုကို ချထားသည်ကို တွေ့လိုက်ရသည်။ ထိုနေရာမှ စင်မြင့်ဝိုင်းကို ကြည့်ရသည်မှာ အလွန်ပင် ရှုခင်းကောင်းလှပေသည်။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆောင်းဦးနှင်းစက်တောင်မှ တပည့်များသည် စင်မြင့်ဝိုင်းတဝိုက်တွင် ပြန့်ကျဲနေကြပြီး ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးခြင်း၊ အချင်းချင်း လက်ရည်ယှဉ်ခြင်းများ ပြုလုပ်နေကြသည်။ မြင်ကွင်းမှာ တကယ့်ကို သဟဇာတ ဖြစ်နေပေသည်။
လုကျိုး လျှောက်လာသည်ကို ချန်ဖု မြင်သောအခါ ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်”
လုကျိုးသည် ချန်ဖု၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါက ၁၂ ခုမြောက် ပွင့်ချပ်ပဲလေ။ ပြောလောက်စရာ မဟုတ်ပါဘူး"
ချန်ဖုက ပြောလိုက်သည်။
"ဒါက သာမန်ပွင့်ချပ် မဟုတ်ပါဘူး။ မွေးဖွားဇယားချပ် ပညာရှင်တစ်ယောက် ဖြစ်လာပြီးရင် မွေးဖွားဇယားချပ် ၁၂ ခု ဖွင့်တိုင်း ပွင့်ချပ်တစ်ချပ် ထွက်လာနိုင်တယ်။ ပွင့်ချပ်တစ်ချပ်က မွေးဖွားဇယားချပ် ၆ ခုနဲ့ ညီမျှတယ်။ မွေးဖွားဇယားချပ် ၃၆ ခု ဖွင့်ပြီးသွားရင်တော့ အထွတ်အထိပ်သက်ရှိတစ်ပါး ဖြစ်လာမှာပေါ့။ ဒါကြောင့် ဘုံတစ်ထောင်ကျင့်ကြံသူတွေမှာ အများဆုံး ပွင့်ချပ် ၁၂ ရွက်ပဲ ရှိနိုင်တာပါ"
လုကျိုး ခေါင်းညိတ်လိုက်သည်။ ဤအချက်ကို သူသည် ယွီရှန်းရုန်၏ ကြာပလ္လင်ဖြတ်တောက်ခြင်း လမ်းစဉ်မှတစ်ဆင့် သိရှိထားပြီးဖြစ်သည်။ သူ ၁၂ ခုမြောက် ပွင့်ချပ် ထွက်လာပြီးနောက် ကျင့်ကြံမှု ပြောင်းလဲသွားပုံကို အာရုံခံကြည့်ဖို့ အချိန်မရသေးသောကြောင့် သူ မည်မျှသန်မာလာသည်ကို သူကိုယ်တိုင်ပင် မသိသေးပေ။ နတ်ဝိညာဉ်ပုလဲကို ဖွဲ့တည်ပြီးနောက်တွင်မူ အရာအားလုံးက ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း ဖြစ်လာသကဲ့သို့ သူ ခံစားနေရသည်။ သူ၏ စိတ်ခံစားချက်များမှာလည်း အရင်ကထက် ပိုမို တည်ငြိမ်နေပုံရ၏။
ချန်ဖုက မေးလိုက်သည်။ "ဒါပေမဲ့ အစ်ကိုလု... ခင်ဗျား ဘာလို့ နတ်ဝိညာဉ်ပုလဲကို အရင်မဖွဲ့တည်ခဲ့တာလဲ။ အကယ်၍ နတ်ဝိညာဉ်ပုလဲ မဖွဲ့တည်ခင် ၁၂ ခုမြောက် ပွင့်ချပ်ကို အရင်ထွက်အောင် လုပ်လိုက်ရင် နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ"
"စိတ်မပူပါနဲ့”
ချန်ဖုသည် မနေ့ညက သူမြင်တွေ့ခဲ့သော သူတော်စင်အလင်းကို မမေ့နိုင်ဘဲ တစ်ညလုံး ထိုအကြောင်းကိုသာ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မည်သည့်အရာကိုမျှ တုန်လှုပ်ခြင်းမရှိသော သူတော်စင်တစ်ပါး ဖြစ်သော်လည်း ပြောလိုက်သည်။
"မဟုတ်ဘူး... ကျုပ် ခင်ဗျားအတွက် တကယ် နှမြောမိလို့ပါ”
"နှမြောတယ်လား" လုကျိုး ဇဝေဇဝါ ဖြစ်သွားသည်။
ချန်ဖုက ပြောလိုက်သည်။ "ကျုပ် အရင်က ပြောခဲ့သလိုပဲ နတ်ဝိညာဉ်ပုလဲ ရှိတာက အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ နတ်ဝိညာဉ်ပုလဲနဲ့ မွေးဖွားဇယားချပ်တွေကြား အပြန်အလှန် ပြောင်းလဲအသုံးပြုလို့ ရသလို မွေးဖွားဇယားချပ် တစ်ခုတည်းထက်လည်း အများကြီး ပိုသန်မာပါတယ်။ ဒါကို စွန့်လွှတ်လိုက်တာက ကိုယ့်လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်တာနဲ့ မခြားပါဘူး။ နောင်ကျရင် ခင်ဗျား မဟာသူတော်စင် ဒါမှမဟုတ် တာအိုသူတော်စင် ဖြစ်လာရင်တောင် အားနည်းတဲ့သူတွေထဲမှာပဲ ပါနေပါလိမ့်မယ်။ အစ်ကိုလု... ခင်ဗျား သိပ်ပြီး စိတ်လိုက်မာန်ပါ လုပ်လိုက်တာပဲ" ချန်ဖုက နှမြောတသသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ခင်ဗျား အထင်လွဲနေပြီ”
"အထင်လွဲတာလား"
လုကျိုးက အမှန်အတိုင်း ပြောလိုက်သည်။ "ကျုပ် နတ်ဝိညာဉ်ပုလဲကို ဖွဲ့တည်ပြီးပါပြီ"
ချန်ဖုက မေးလိုက်သည်။ "အစ်ကိုလု... ခင်ဗျား နောက်နေတာလား"
ဝူး
လုကျိုးသည် ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စများအတွက် စကားအရှည်ကြီး မပြောလိုသဖြင့် သူ၏ ကြာပလ္လင်ကို တိုက်ရိုက် ထုတ်ဖော်ပြလိုက်သည်။ ချန်ဖုသည် စက်ဝိုင်းကွင်းများနှင့် စက်ဝိုင်းပုံ ဧရိယာကို မြင်သောအခါ မျက်မှောင်ကျုံ့လိုက်မိသည်။ ထို့နောက် လုကျိုးသည် စိတ်ကူးလိုက်ရုံဖြင့် တောက်ပနေသော သူ၏ နတ်ဝိညာဉ်ပုလဲကို ထုတ်လိုက်သည်။
"ဒါက အတုတော့ မဟုတ်ပါဘူး”
လုကျိုးသည် သူ၏ နတ်ဝိညာဉ်ပုလဲကို လှုံ့ဆော်လိုက်သည်။ နတ်ဝိညာဉ်ပုလဲမှာ နေမင်းကြီးပမာ ချက်ချင်း တောက်ပလာပြီး မိုင်အနည်းငယ်အတွင်းရှိ အရာရာကို လင်းထိန်သွားစေတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆောင်းဦးနှင်းစက်တောင်မှ တပည့်များသည် စင်မြင့်ဝိုင်းအထက်ရှိ တောက်ပသော အလင်းအရင်းအမြစ်ကို အလိုအလျောက် ခေါင်းမော့ကြည့်လိုက်ကြသည်။
လုကျိုးသည် လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဝိညာဉ်ပုလဲမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး နေမင်းကြီးနှင့် ပို၍ပင် တူသွားတော့သည်။ နတ်ဝိညာဉ်ပုလဲမှာ စင်မြင့်ဝိုင်းအထက်တွင် ခဏမျှ ဝဲပျံနေပြီးနောက် ပြန်လည်ပျံသန်းလာကာ ကြာပလ္လင်ထက်၌ ဆင်းသက်လိုက်သည်။ ထို့နောက် ၎င်းမှာ မှိန်သွားပြီး မူလအသွင်သို့ ပြန်ပြောင်းသွား၏။
ချန်ဖု “...”
ချန်ဖုမှာ မှင်တက်သွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆောင်းဦးနှင်းစက်တောင်မှ တပည့်များမှာလည်း ဤမြင်ကွင်းကြောင့် ဆွံ့အသွားကြရသည်။ တောအုပ်ထဲတွင် အိပ်ပျော်နေသော မင်ရှစ်ရင်ပင်လျှင် ခေါင်းမော့ကြည့်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် ရေရွတ်လိုက်သည်။
"အရာအားလုံး မီးလောင်သွားရင်တောင် ငါ ဂရုမစိုက်ဘူး”
မင်ရှစ်ရင်သည် သူ၏ အမှားများမှ သင်ခန်းစာ ရထားပြီးဖြစ်သည်။ သူ ဝင်မပါတော့ပေ။ ချန်ဖုသည် အချိန်အတော်ကြာအောင် ဆွံ့အနေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။
"မယုံနိုင်စရာပဲ"
"ဘာက မယုံနိုင်စရာ ဖြစ်နေလို့လဲ”
ချန်ဖုက ပြောလိုက်သည်။ "ကျုပ် အရင်က ပြောခဲ့သလိုပဲ နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်ဖို့ဆိုတာ ပုံမှန်အားဖြင့် အနည်းဆုံး သုံးလကနေ ငါးလ၊ အများဆုံးဆိုရင် သုံးနှစ်ကနေ ငါးနှစ်အထိ ကြာတတ်တာပါ။ ခင်ဗျားကတော့... တစ်ညပဲ ကုန်သွားသေးတာလေ။ ဒါက ယုတ္တိမရှိဘူး" ချန်ဖု တရစပ် ခေါင်းခါနေမိတော့သည်။
"တိတိကျကျ ပြောရရင် နှစ်နာရီပဲ ကြာခဲ့တာပါ”
"ဘာလို့ အဲဒီလို ဖြစ်ရတာလဲ”
ချန်ဖုမှာ ဇဝေဇဝါ ဖြစ်နေသည်။
"ဖြစ်နိုင်တာကတော့ ကျုပ်က ပါရမီအလွန်ထူးတဲ့ လူတစ်စုထဲမှာ ပါနေလို့ ဖြစ်မှာပေါ့” လုကျိုးက ဤနည်းဖြင့်သာ ရှင်းပြနိုင်တော့သည်။
ချန်ဖုက မေးလိုက်သည်။ "အစ်ကိုလု... ခင်ဗျား ဒါကို အရင်ကတည်းက ဖွဲ့တည်ဖို့ စတင်နေခဲ့တာလား"
သူ စဉ်းစားလို့ ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ဤအချက်သာ ဖြစ်သည်။ ခဏအကြာတွင် သူက ထပ်ပြောလိုက်သည်။
"မဟုတ်သေးဘူး... အကယ်၍ ခင်ဗျားက ဖွဲ့တည်နေတဲ့ ဖြစ်စဉ်ထဲမှာ ရှိနေတယ်ဆိုရင် သူတော်စင်အလင်းက ကျုပ် နောက်ဆုံးတွေ့ခဲ့တဲ့ အနေအထားကနေ ပြောင်းလဲသွားမှာ မဟုတ်ဘူး..."
ဝူး
ထိုအချိန်တွင် လုကျိုး၏ နောက်ကွယ်၌ အလင်းကွင်းတစ်ခု ပေါ်လာသည်။ ၎င်း၏ တောက်ပမှုမှာ ချန်ဖု နောက်ဆုံးတွေ့ခဲ့သည်ထက် အဆပေါင်း ၁၀၀ မက ပိုမိုအားကောင်းနေ၏။ လူတိုင်း၏ အာရုံမှာ လုကျိုးထံသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။ သူတို့သည် မျက်လုံးများကို မှေးလျက် မလွဲမသွေ မြင်တွေ့နေရသော ထိုတောက်ပမှုကို ကြည့်လိုက်ကြသည်။ ထိုနည်းတူပင် မင်ရှစ်ရင်သည်လည်း မျက်မှောင်ကြုံ့လျက် ထိုစူးရှသော အလင်းကို ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ပတ်လည်တွင် သိပ်သည်းသော သစ်ရွက်များ ရှိနေသဖြင့် ထိုစူးရှသော အလင်းကို ကာကွယ်ပေးထားသည်။ သို့သော်လည်း သူသည် ထိုအလင်းမှ စွမ်းအားကို အာရုံခံမိနေဆဲပင်။
မင်ရှစ်ရင် မျက်မှောင်ကျုံ့လိုက်မိသည်။ ပြောလိုက်သည်။ "လင်းထိန်တာပဲ ဘယ်သူကများ ဒီလောက်အထိ ဟိတ်ဟန်ထုတ်နေတာလဲ"
…
အခန်း (၁၅၁၇) မိစ္ဆာဝေဟင်မျှော်နန်းတွင် ပါရမီအညံ့ဆုံးသူပင်လျှင် ဆရာသခင်တစ်ပါး ဖြစ်နေ
တာ့ဟန်၏ တစ်ဦးတည်းသော မဟာသူတော်စင်ဖြစ်သည့် ချန်ဖုသည် သူ၏ ရှည်လျားလှသော သက်တမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်ရာ သူ၏ စိတ်တည်ငြိမ်မှုမှာ သာမန်ထက် ထူးကဲလှပေသည်။ လောကီလူသားများနှင့်မတူဘဲ သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းမှာလည်း အလွန်ပင် ကောင်းမွန်လှ၏။ သူ့ကို အံ့အားသင့်စေနိုင်သည့်အရာမှာလည်း လောကတွင် သိပ်မရှိတော့ပေ။ သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်၊ သို့မဟုတ် မဟာလေဟာနယ်ဧကရာဇ် ရောက်ရှိလာချိန်တွင်ပင် သူသည် တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့သည်။ သို့သော် ယခုအခါ သူတော်စင်အလင်းများ ဝန်းရံနေသည့် လုကျိုးကို မြင်တွေ့လိုက်ရသောအခါ သူ၏ ရင်ထဲမှ တုန်လှုပ်ချောက်ချားမှုကို မထိန်းချုပ်နိုင်တော့ပေ။
ရှေးခေတ်ကတည်းက ပါရမီရှင် ကျင့်ကြံသူများမှာ မည်သည့်အခါမျှ မရှားပါးခဲ့ပေ။ တစ်ရက်အတွင်း ဆန်းကြယ်ဉာဏ်အလင်းပွင့်နယ်ပယ်သို့ ရောက်ရှိပြီး ပွင့်ချပ်ငါးချပ် ထွက်လာနိုင်သူများ၊ တစ်နှစ်အတွင်း ဘုံတစ်ထောင်လေပွေကျင့်ကြံသူ ဖြစ်လာနိုင်သည့် ကောင်းကင်ကို အာခံနိုင်သော ပါရမီရှင်များစွာကို ချန်ဖု မြင်ဖူးခဲ့သည်။ သို့သော် လုကျိုးကဲ့သို့ နှစ်နာရီအတွင်း နတ်ဝိညာဉ်ပုလဲ တစ်လုံးကို ဖွဲ့တည်နိုင်သူမျိုးကိုမူ သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
နောက်ဆုံးတွင် မင်ရှစ်ရင်မှာ မနေနိုင်တော့ဘဲ တောအုပ်ထဲမှ ပျံထွက်လာခဲ့သည်။ သူသည် စင်မြင့်ဝိုင်းအနီးသို့ ရောက်ရှိလာပြီး စိတ်ထဲမှ တွေးလိုက်သည်။
'ဘယ်သူကများ သင်းပျံ့တောင်ကြားထဲမှာ ဒီလောက်အထိ ဟိတ်ဟန်ထုတ်ရဲတာလဲ ကြည့်ရသေးတာပေါ့။'
မင်ရှစ်ရင်သည် အတောက်ပဆုံး အလင်းရောင်များ ထွက်ပေါ်နေရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ အလင်းကွင်းများ ဝန်းရံလျက် ရှိနေသော သူ၏ ဆရာကို တွေ့လိုက်ရသည်။
“အဲ...” မင်ရှစ်ရင် ခဏမျှ ကြောင်အသွားသည်။ ထို့နောက် သူ၏ မျက်နှာတွင် ရိုသေလေးစားမှုများ လွှမ်းမိုးသွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ဒါကြောင့်ကိုး။ ရှစ်စွင်း တစ်ယောက်တည်းသာ ဒီလောက်အထိ တောက်ပနိုင်တာပဲ”
စင်မြင့်ဝိုင်းထက်တွင်မူ
အခြားသူများ အံ့အားသင့်မှုမှ မရုန်းထွက်နိုင်သေးခင်မှာပင် လုကျိုးက အလင်းကွင်းကို သိမ်းဆည်းလိုက်သည်။
နောက်ဆုံးတွင် ချန်ဖုက ပြောလိုက်သည်။ “ကျုပ်ကတော့ တကယ်ကို ရေတွင်းထဲက ဖားတစ်ကောင်လိုပါပဲလား”
လုကျိုးက လေသံအတက်အကျမရှိဘဲ ပြောလိုက်သည်။
“လူသားတွေရဲ့ ဗဟုသုတဆိုတာ မူလကတည်းက ကန့်သတ်ချက် ရှိတာပဲလေ။ အမြင်တွေ ကျဉ်းမြောင်းနေတာလည်း သဘာဝပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့ မလိုပါဘူး”
ချန်ဖုက ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ခင်ဗျားက တကယ်ပဲ နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်တဲ့ သာမန်နည်းလမ်းအတိုင်း လုပ်ခဲ့တာလား”
“ဒါပေါ့” လုကျိုးက ပြောဆိုရင်း ချန်ဖု ပေးထားခဲ့သော စက္ကူစကို ထုတ်ယူကာ စင်မြင့်ဝိုင်းတွင် ရပ်နေသော ယွီကျန့်ဟိုင်ထံသို့ ပစ်ပေးလိုက်သည်။ ထို့နောက် ဆက်ပြောလိုက်သည်။
“ဒီနည်းလမ်းကို တခြားသူတွေကိုလည်း ဖြန့်ဝေပေးလိုက်။ နောင်ကျရင် မင်းတို့အားလုံး ဒါကို လိုအပ်လိမ့်မယ်”
ယွီကျန့်ဟိုင်က ဦးညွှတ်လျက် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ရှစ်စွင်း”
ရှောင်ယွမ်အာသည် အဝေးမှ ပျံသန်းလာပြီး ယွီကျန့်ဟိုင်ဘက်သို့ ဆင်းသက်လိုက်သည်။ ပြောလိုက်သည်။ “တာ့ရှစ်ရှိုး... ညီမလေးကို ပေး... ညီမလေးကို ပေး”
ချန်ဖု၏ အကြည့်များက ရှောင်ယွမ်အာထံသို့ ကျရောက်သွားသည်။ သူမ၏ မွေးဖွားဇယားချပ် ၂၀ ကို သတိရသွားပြီး ပြောလိုက်သည်။
“ဒီမိန်းကလေးရဲ့ ပါရမီကတော့ အစ်ကိုလုပြီးရင် ဒုတိယလိုက်မယ် ထင်တယ်။ ကျုပ် တကယ်ကို မနာလိုဖြစ်မိတယ်ဗျာ”
ချန်ဖု တွေးလိုက်မိသည်မှာ အကယ်၍ သူ့တွင် ဤမျှ ပါရမီပါပြီး အရေးအကြီးဆုံးမှာ လိမ္မာရေးခြားရှိသည့် တပည့်မျိုးသာ ရှိခဲ့ပါက သူ သေရမည်ကိုပင် နှမြောမည် မဟုတ်ပေ။ သူသည် မျက်လုံးထောင့်မှနေ၍ သူ၏ တပည့်များကို လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးမှာ တာ့ဟန်တစ်ခွင်မှ သူ သေသေချာချာ ရွေးချယ်ခဲ့သည့် လူထဲက လူသားများ ဖြစ်ကြသော်လည်း အခုတော့ ဘာလို့များ ကြည့်ရတာ စံမမီသလို ဖြစ်နေရသနည်း။ သူ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ 'ထင်တဲ့အတိုင်းပဲ... လိမ္မာတဲ့ ကလေးတွေဆိုတာ သူများအိမ်က ကလေးတွေပဲ ဖြစ်နေတတ်တာပဲ'
လုကျိုး ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျား မှားနေပြီ။ ကျုပ်ရဲ့ ဒီတပည့်က ကျုပ်ထက်တောင် ပါရမီ ပိုကောင်းသေးတယ်”
“ဟင်”
လုကျိုးက လှမ်းခေါ်လိုက်သည်။ “ယွမ်အာ”
“ရှစ်စွင်း” ရှောင်ယွမ်အာ ချက်ချင်း ပြေးလာခဲ့သည်။ သူမ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
“သူတော်စင်ချန်ကို ဂါရဝပြုပါတယ်ရှင်”
ချန်ဖု ပြုံးလိုက်မိပြီး သူ၏ စိတ်အခြေအနေလည်း ကြည်လင်လာသည်။
“သိပ်ပြီး ယဉ်ကျေးမနေပါနဲ့”
လုကျိုးက မေးလိုက်သည်။ “မင်း ငါနဲ့အတူ ကျင့်ကြံလာတာ ဘယ်နှစ်နှစ် ရှိပြီလဲ”
ရှောင်ယွမ်အာက ခေါင်းကုတ်လျက် ပြောလိုက်သည်။ “တပည့် သေချာ မမှတ်မိတော့ဘူး။ အမည်မသိကုန်းမြေက ရှေးဟောင်းအစီအရင်ထဲ မဝင်ခင်တုန်းကတော့ အနှစ် ၂၀ လောက် ရှိမယ် ထင်တယ်။ အဲဒီနောက်တော့ ရှေးဟောင်းအစီအရင်ထဲမှာ အနှစ် ၁၀၀ ကျော် ကုန်ဆုံးသွားခဲ့တယ်...”
ချန်ဖု “...”
'ရှေးဟောင်းအစီအရင်ထဲမှာ အနှစ် ၁၀၀ ကျော်၊ အဲဒီမတိုင်ခင်က အနှစ် ၂၀ လား။ အကယ်၍ အစီအရင်ထဲက အချိန်တွေကို ထည့်မတွက်ဘူးဆိုရင် ဒါဟာ လူသားတစ်ယောက်မှာ ရှိသင့်တဲ့ ပါရမီမျိုးလား'
လုကျိုး ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ငါ့တပည့်တွေထဲမှာ မင်းက အပျင်းဆုံးပဲ။ မင်းရဲ့ အာ့ရှစ်ရှိုးကို ကျော်တက်ချင်ရင်တော့ ဒီထက် ပိုကြိုးစားမှ ဖြစ်မယ်”
ချန်ဖု မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။ “သူ့ထက် ပိုတော်တဲ့သူ ရှိသေးတယ် ဟုတ်လား”
“ပါရမီအပိုင်းမှာတော့ ပိုမတော်ပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ဒုတိယတပည့်က ကျင့်ကြံတဲ့နေရာမှာ အရမ်း ဝီရိယရှိပြီး ကြိုးစားတယ်။ သူက အချိန်ကို ဘယ်လို အကျိုးရှိရှိ သုံးရမလဲဆိုတာ သိတယ်။ ဒီကောင်မလေးကတော့ ပါရမီရှိလို့သာ ဒီအဆင့် ရောက်နေတာ။ ကြိုးစားအားထုတ်မှု အပိုင်းမှာဆိုရင်တော့ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အောက်ဆုံးမှာပဲ”
ချန်ဖု ချောင်းဆိုးလိုက်မိသည်။ သူ ဆက်နားထောင်ဖို့တောင် ခက်ခဲသွားရသည်။ သူသည် သူ၏ တပည့်များကို 'ကျင့်ကြံမှုမှာ အောင်မြင်ဖို့ဆိုရင် ကြိုးစားအားထုတ်မှုက ၉၀ ရာခိုင်နှုန်းဖြစ်ပြီး ပါရမီက ၁၀ ရာခိုင်နှုန်းသာ ဖြစ်တယ်' ဟူသော ခံယူချက်ကို အမြဲ ရိုက်သွင်းပေးခဲ့သူ ဖြစ်သည်။
ရှောင်ယွမ်အာက နာကျင်ခံစားရဟန်ဖြင့် ပြောလိုက်သည်။
“ရှစ်စွင်း... တပည့်က တကယ် ကြိုးစားနေတာပါ။ ရှစ်စွင်းသာ ခွင့်ပြုမယ်ဆိုရင် တပည့် အခုချက်ချင်း ပြန်သွားပြီး ၂၁ ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်ပါ့မယ်။ တပည့်က အကန့်အသတ်ကို အပြည့်အဝ ဖွင့်ထားပြီးသားဆိုတော့ မွေးဖွားဇယားချပ်တွေကို စောစောအသက်သွင်းနိုင်လေ ပိုကောင်းလေပဲ မဟုတ်လား”
'အကန့်အသတ်ကို အပြည့်အဝ ဖွင့်ထားတယ်တဲ့လား' ချန်ဖု မျက်မှောင်အနည်းငယ် ကျုံ့သွားပြီး လေးနက်စွာ မေးလိုက်သည်။
“မင်းရဲ့ အကန့်အသတ်ကို အပြည့်အဝ ဖွင့်ထားပြီးပြီလို့ ပြောလိုက်တာလား”
ရှောင်ယွမ်အာ ခေါင်းညိတ်လိုက်သည်။ ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဟင်”
“ကျုပ် တစ်ချက်လောက် ကြည့်လို့ ရမလား”
“ဒါက...” ရှောင်ယွမ်အာသည် သူမဆရာကို လှမ်းကြည့်လိုက်သည်။ သူမဆရာ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ဟုတ်ဟု ရေရွတ်ရင်း သူမ၏ ကြာပလ္လင်ကို ထုတ်ပြလိုက်သည်။
မွေးဖွားနန်းဆောင်ပေါ်တွင် မွေးဖွားဇယားချပ် နယ်မြေ ၃၆ ခုမှာ သပ်ရပ်စွာ စီရီနေပြီး ၎င်းတို့အနက် ၂၀မှာ တောက်ပနေလေသည်။
ချန်ဖု “...”
'မှန်သားပဲ။ ဒါဟာ အကန့်အသတ်ကို လုံးဝ ပွင့်သွားစေတဲ့ လူသားမဟုတ်တဲ့ ပါရမီမျိုးပဲ'
“အစ်ကိုလု... ခင်ဗျားရဲ့ ဒီတပည့်ကို...” ချန်ဖုသည် လုကျိုးထံမှ ဤတပည့်ကို အရှက်မရှိ တောင်းယူချင်စိတ်ပင် ပေါက်သွားမိသည်။ သဘာဝကျစွာပင် ဤအရာမှာ မဖြစ်နိုင်မှန်း သူ သိနေသဖြင့် သက်ပြင်းသာ ချလိုက်နိုင်သည်။
'တပည့်ကောင်းဆိုတာ အမြဲတမ်း သူများတပည့်ပဲ ဖြစ်နေတတ်ပါလား' ချန်ဖု စိတ်ထဲမှ ညည်းတွားလိုက်မိသည်။
ချန်ဖုက ပြောလိုက်သည်။
“မိန်းကလေး... ကိုယ့်ရဲ့ အကန့်အသတ်ကို အပြည့်အဝ ဖွင့်နိုင်တဲ့သူဆိုတာ သန်းပေါင်းများစွာမှာ တစ်ယောက်ပဲ ရှိတာပါ။ စိတ်မလောဖို့ သတိထားပါ။ ကျင့်ကြံခြင်းလမ်းစဉ်က ရှည်လျားလှပါတယ်။ မင်းက အသက် ၂၀ နဲ့ အစီအရင်ထဲမှာ အနှစ် ၁၀၀ ပဲ နေခဲ့ရသေးတာ။ မင်းဆရာသာ မဟုတ်ရင် ဒါကို ကျုပ် ယုံဖို့ တကယ် ခက်ခဲလိမ့်မယ်”
“အို” ရှောင်ယွမ်အာ ခေါင်းညိတ်လိုက်သည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူတော်စင်ချန်။ တပည့် တတ်နိုင်သမျှ အနှေးဆုံးဖြစ်အောင် ကြိုးစားပါ့မယ်။ ဒါဆို နောက်ထပ် မွေးဖွားဇယားချပ်ကို နောက်ရက်နည်းနည်း ကြာမှပဲ အသက်သွင်းတော့မယ်နော်”
“???”
ထိုအချိန်တွင် လုကျိုးက ပြောလိုက်သည်။ “ဒီမိန်းကလေးက မဟာအသူရာမြေက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုတာကို ခံထားရတာဆိုတော့ နောင်ကျရင် သူ့ရဲ့ ကျင့်ကြံမှုနှုန်းက ပိုတောင် မြန်လာဦးမှာ”
ချန်ဖု ဤအချက်ကို မေ့လုနီးပါး ဖြစ်သွားသည်။ သူ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကောင်းပါပြီ။ ကြည့်ရတာ မိစ္ဆာဝေဟင်မျှော်နန်းမှာ မကြာခင် တာအိုသူတော်စင် တစ်ပါး ပေါ်လာတော့မယ် ထင်တယ်”
ယင်းကို ကြားသောအခါ ရှောင်ယွမ်အာက ဇဝေဇဝါဖြင့် မေးလိုက်သည်။ “တပည့်က အကန့်အသတ်ကို အပြည့်အဝ ဖွင့်ထားတာဆိုတော့ အထွတ်အထိပ်သက်ရှိဖြစ်လာသင့်တာ မဟုတ်ဘူးလား”
ချန်ဖု ခေါင်းခါလျက် ပြောလိုက်သည်။
“မင်း အကန့်အသတ်ကို အပြည့်အဝ ဖွင့်ထားနိုင်ရင်တောင် မွေးဖွားဇယားချပ် ၂၆ ခုနဲ့ဆိုရင် မဟာတာအိုသူတော်စင်အဆင့်ပဲ ရှိသေးတယ်။ အထွတ်အထိပ်သက်ရှိ ဖြစ်လာဖို့ဆိုတာ ကံတရားနဲ့ တာအိုအပေါ် နက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှုတွေ လိုအပ်တယ်။ ဒါပေမဲ့ မင်းမှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေရင်တော့ ဒါတွေကို ထည့်စဉ်းစားစရာ မလိုပါဘူး။ သာမန်ကျင့်ကြံသူတွေအတွက်တော့ အထွတ်အထိပ်သက်ရှိ ဖြစ်ဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲလှတယ်”
ရှောင်ယွမ်အာက ပြောလိုက်သည်။ “တပည့်မှာ မဟာလေဟာနယ်မျိုးစေ့ ရှိပါတယ်”
ချန်ဖု ဆွံ့အသွားသည်။
လုကျိုး ခေါင်းညိတ်ပြီး လက်ဝေ့ယမ်းလိုက်သည်။ “ကောင်းပြီ... မင်း ဒီမှာ လုပ်စရာ မရှိတော့ဘူး။ သွားလို့ရပြီ”
“ဟုတ်ကဲ့” ရှောင်ယွမ်အာသည် စင်မြင့်ဝိုင်းထက်မှ လိမ္မာစွာ ထွက်ခွာသွားတော့သည်။
ထို့နောက် လုကျိုးက ပြောလိုက်သည်။
“သူ့မှာ မဟာလေဟာနယ်မျိုးစေ့ ရှိတာ အမှန်ပဲ။ ဒါကြောင့်လည်း သူ့ရဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး ကျုပ် ဘယ်တုန်းကမှ စိတ်မပူခဲ့တာ”
ချန်ဖုသည် ရှောင်ယွမ်အာကို လှမ်းကြည့်ရင်း လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ “ခင်ဗျား သင်းပျံ့တောင်ကြားကို လာဖို့ ရွေးချယ်ခဲ့တာ တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ အကယ်၍ မဟာလေဟာနယ်ကသာ သူ့တည်ရှိမှုကို သိသွားရင် သူ့ကို ရအောင် ဘယ်လိုနည်းနဲ့မဆို ကြိုးစားကြလိမ့်မယ်”
လုကျိုး ခေါင်းညိတ်လိုက်သည်။ “သင်းပျံ့တောင်ကြားက တကယ်ကို အစွမ်းထက်တဲ့ နေရာတစ်ခုပဲ”
ချန်ဖုသည် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များကို အကဲခတ်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်တွေထဲမှာ ပါရမီအညံ့ဆုံးက ဘယ်သူလဲ”
ချန်ဖုသည် စိတ်လှုပ်ရှားစရာ ကောင်းလှသော သတင်းများကြားမှ စိတ်အေးသွားစေရန် ဤအကြောင်းအရာသို့ လမ်းကြောင်းလွှဲလိုက်ခြင်း ဖြစ်သည်။
လုကျိုးက သူ၏ တပည့်တစ်ဦးကို လက်ညှိုးညွှန်ပြလျက် ပြောလိုက်သည်။ “ကျုပ်ရဲ့ တတိယတပည့် တွမ့်မူရှန်းပေါ့”
“သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လို အခြေအနေရှိလဲ”
လုကျိုးက အရှိကိုအရှိအတိုင်း ပြောလိုက်သည်။ “တွမ့်မူရှန်းက ငါ့တပည့်တွေထဲမှာ ဝီရိယအရှိဆုံးပဲ။ သူက နတ်ဒေဝါထိပ်သီးနည်းနိဿယကို ကျင့်ကြံနေတာ။ ဒါပေမဲ့ သူ့ရဲ့ ပါရမီက တော်တော်လေး ညံ့သလို တိုးတက်မှုကလည်း တော်တော်လေး နှေးတယ်။ သူက အားနည်းသလိုပဲ... သူ့ရဲ့ အင်အားကတော့... ဆရာသခင် တစ်ပါး အဆင့်လောက်ပဲ ရှိမှာပါ”
ချန်ဖုသည် မဟာသူတော်စင်တစ်ပါး ဖြစ်သော်လည်း ဆရာသခင်များကို အထင်မသေးပေ။
'မိစ္ဆာဝေဟင်မျှော်နန်းမှာ ပါရမီအညံ့ဆုံးဆိုတဲ့ သူတောင် ဆရာသခင်တစ်ပါး ဖြစ်နေတယ် ဟုတ်လား'
ထိုအချိန်တွင် ချန်ဖုသည် တွမ့်မူရှန်းနှင့် သူ၏တပည့် တိုက်ခိုက်ခဲ့ပုံကို ပြန်သတိရသွားပြီး ပြောလိုက်သည်။ “မှန်သားပဲ။ သူက မိစ္ဆာကျင့်ကြံသူ တစ်ယောက်ပဲ”
လုကျိုးက အနည်းငယ် မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒါတွေက လူသားတွေရဲ့ လိုရာစွဲ အစွဲအလမ်းတွေပါပဲ။ မိစ္ဆာကျင့်ကြံသူလို့ တံဆိပ်ကပ်ခံထားရသူတွေဆိုတာ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့သူတွေဖြစ်နေတာ”
ချန်ဖုက ပြောလိုက်သည်။ “ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ယိုယွင်းတိုက်စားခြင်း စွမ်းအားတွေ အများကြီး ကိန်းဝပ်နေတာပဲလေ”
လုကျိုးက ပြန်မေးလိုက်သည်။ “စွမ်းအားမှန်သမျှက ဖျက်ဆီးနိုင်စွမ်း ရှိကြတာပဲ မဟုတ်ဘူးလား။ ဒါဆို လူတိုင်းက မိစ္ဆာကျင့်ကြံသူတွေ ဖြစ်မနေဘူးလား”
လုကျိုး၏ စကားကို ကြားသောအခါ ချန်ဖု ခေါင်းညိတ်လိုက်ပြီး သဘောတူဟန် ပြသလိုက်သည်။
“သိပ်ကောင်းတယ်။ ကျုပ် ဒီစကားကို သဘောကျတယ်။ လူတိုင်းက မိစ္ဆာကျင့်ကြံသူတွေပဲပေါ့။ မဟုတ်လည်း ဒီလောကမှာ မိစ္ဆာကျင့်ကြံသူဆိုတာ မရှိဘူး။ ခင်ဗျားပြောသလိုပဲ ဒါဟာ လူသားတွေရဲ့ အစွဲအလမ်းကနေ မွေးဖွားလာတဲ့ အရာတစ်ခုသာ ဖြစ်မှာပါ”
…
အခန်း (၁၅၁၈) ပါရမီအထူးဆုံး လျှို့ဝှက်လူငယ်
လုကျိုးက ပြောလိုက်သည်။ "ရွှေကြာနယ်မြေမှာဆိုရင် အရင်တုန်းက လူအတော်များများက ကျုပ်ကို မိစ္ဆာလို့ ခေါ်ခဲ့ကြတာ။ ကျုပ်က မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံတယ်လို့ သူတို့က ပြောကြတယ်။ အဲဒီအချိန်တုန်းက မိစ္ဆာဝေဟင်မျှော်နန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာပေါ့။ ဒါပေမဲ့ အခုတော့ လူအတော်များများက မိစ္ဆာဝေဟင်မျှော်နန်းကို သူတော်စင်ဝေဟင်မျှော်နန်းလို့ ခေါ်နေကြပြီ။ အချို့သောအရာတွေက ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ဒါက သက်သေပြနေတာပဲ..."
ချန်ဖုက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူသည် ချောင်း နှစ်ချက်ခန့် ဆိုးလိုက်ပြီး ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ သူ၏ မျက်နှာအဆင်းမှာလည်း ပိုမို၍ ဖျော့တော့နွမ်းနယ်လာ၏။ ယင်းကို မြင်သောအခါ လုကျိုးက ပြောလိုက်သည်။
"ခင်ဗျားလက်ကို ကမ်းပေး"
ချန်ဖုက ကျောက်စားပွဲပေါ်သို့ သူ၏လက်ကို တင်ပေးလိုက်သည်။
လုကျိုးက ချန်ဖု၏ သွေးခုန်နှုန်းကို စမ်းသပ်ရန်နှင့် သူ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို အာရုံခံရန်အတွက် ချန်ဖု၏ လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းနှစ်ချောင်း တင်လိုက်သည်။ ခေတ္တအကြာတွင် သူ လက်ကို ပြန်ရုပ်သိမ်းလိုက်၏။ ချန်ဖု၏ အသက်စွမ်းအားကို အဆက်မပြတ် တိုက်စား ဖျက်ဆီးနေသော ထူးခြားသည့် စွမ်းအားတစ်ခု ချန်ဖု၏ ခန္ဓာကိုယ်ထဲတွင် ရှိနေကြောင်း သူ ရှင်းလင်းစွာ အာရုံခံမိသည်။ အားသိပ်မကောင်းလှသော ထိုစွမ်းအားမှာ နာတာရှည် အဆိပ်တစ်ခုကဲ့သို့ပင်။ အရင်တစ်ခေါက်က ချန်ဖုကို ကုသပေးရန် ကြိုးစားစဉ်ကလည်း ထိုစွမ်းအားမှာ အပြာရောင်ကြာပန်း၏ ကုသခြင်းအာနိသင်ကို အန်တုနိုင်ခဲ့သည်။ ၎င်းမှာ တကယ့်ကို ထူးခြားလှပေသည်။
လုကျိုးက ပြောလိုက်သည်။
"မဟာလေဟာနယ်ဧကရာဇ် ဆိုတဲ့အတိုင်း ထိုက်တန်ပေတယ်" ချန်ဖုက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဧကရာဇ်က တာအိုအပေါ် နက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှု ရှိသလို မိုးမြေကြားက နိယာမတော်တော်များများကိုလည်း သိရှိထားသူပဲ။ သူ့အတွက်တော့ ဒါက ဘာမှမဟုတ်ပါဘူး” လုကျိုးက ပြောလိုက်သည်။ "အထွတ်အထိပ်သက်ရှိဆိုတာလည်း လူသားပါပဲ။ သူတို့မှာလည်း ကိုယ်စီအားနည်းချက်တွေ ရှိကြတာပဲ။ စိတ်မပူပါနဲ့။ အကယ်၍ ခင်ဗျား သေသွားရင် ကျုပ် ခင်ဗျားအပေါ်မှာ ပြန်လည်ရှင်သန်ခြင်း စာလိပ်ကို သုံးပေးမယ်။ ခင်ဗျား အသက်ရှင်နေသေးသရွေ့တော့ ကျုပ် ခင်ဗျားကို ကုသပေးဖို့ တခြားနည်းလမ်းတွေကို ဆက်ပြီး ရှာဖွေပေးပါ့မယ်”
'ဒါဆို ကျုပ်က စမ်းသပ်ခံတိရစ္ဆာန်တစ်ကောင်ပေါ့'
ချန်ဖုက လုကျိုးကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။ "အစ်ကိုလု... မေးခွန်းတစ်ခုကို အလေးအနက် ဖြေပေးနိုင်မလား”
လုကျိုးက ပြောလိုက်သည်။
"ပြောပါ”
ချန်ဖုက မေးလိုက်သည်။ "ခင်ဗျားက မဟာလေဟာနယ်ကို ရန်သူအဖြစ် သတ်မှတ်ဖို့ ကြံစည်နေတာလား”
မဟာလေဟာနယ်၏ စွမ်းအားမှာ ပြောနေစရာပင် မလိုပေ။ နှစ်မြွှာကြာနယ်မြေ၊ မဟုတ်သေး... နယ်မြေကိုးခုလုံး၏ တစ်ဦးတည်းသော မဟာသူတော်စင် ဖြစ်သည့်တိုင် ချန်ဖုမှာ မဟာလေဟာနယ်ကို အန်တုနိုင်စွမ်း မရှိပေ။ မဟာလေဟာနယ်နှင့် နယ်မြေကိုးခုမှာ လုံးဝ ကွဲပြားခြားနားသော အဆင့်အတန်းများ ဖြစ်ကြသည်။ လုကျိုးနှင့် ထိတွေ့ဆက်ဆံမှုအရ လုကျိုးတွင် မဟာလေဟာနယ်အပေါ် နက်ရှိုင်းသော မုန်းတီးမှု ရှိနေကြောင်း ချန်ဖု ရှင်းလင်းစွာ ခံစားနေရသည်။ ထို့ပြင် ၎င်းမှာ တစ်ရက်နှစ်ရက်အတွင်း ဖြစ်ပေါ်လာသော မုန်းတီးမှုမျိုး မဟုတ်ပေ။ လုကျိုးက ပြောလိုက်သည်။
"ကျုပ်ကို ရန်သူအဖြစ် စတင်သတ်မှတ်ခဲ့တာက မဟာလေဟာနယ်ကိုယ်တိုင်ပဲ”
ချန်ဖုမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဤကဲ့သို့သော စကားများကို ပြောဆိုရာတွင် လုကျိုး၏ ရဲတင်းမှုနှင့် တည်ငြိမ်မှုတို့ကြောင့် အံ့အားသင့်သွားရသည်။ ဘာပဲဖြစ်ဖြစ် နယ်မြေကိုးခုမှ ကျင့်ကြံသူအားလုံး စုပေါင်းအင်အားသုံးလျှင်ပင် မဟာလေဟာနယ်၏ အမြင်တွင်မူ ထိုသူတို့မှာ စုပေါင်းထားသည့် အမှိုက်သရိုက် ကျင့်ကြံသူများသာ ဖြစ်သည်။ ချန်ဖုက သက်ပြင်းချလိုက်သည်။
"လူသားတွေက ကောင်းကင်ဘုံကို အန်တုတဲ့အခါ အသေအပျောက်တွေ အများကြီး ရှိလာလိမ့်မယ်။ ခင်ဗျားမှာ ယုံကြည်ချက် ရှိရဲ့လား”
လုကျိုးက စင်မြင့်ဝိုင်းထက်ရှိ သူ၏ တပည့်များကို လက်ညှိုးညွှန်ပြလျက် ပြောလိုက်သည်။ "ဒါကတော့ ကျုပ်ရဲ့ ယုံကြည်ချက် အရင်းအမြစ်ပဲ”
ချန်ဖုက ပြောလိုက်သည်။ "သူတို့လား”
သူက ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။ "သူတို့က ပါရမီအလွန်ထူးတယ်ဆိုတာကို ကျုပ် ဝန်ခံပါတယ်။ ဒါပေမဲ့ သူတို့ သင်းပျံ့တောင်ကြားမှာ ရှစ်နှစ်ကနေ ဆယ်နှစ်လောက် ကျင့်ကြံရုံနဲ့ အထွတ်အထိပ်သက်ရှိတွေ ဖြစ်လာပြီး မဟာလေဟာနယ်ကို ပြန်တိုက်နိုင်မယ်လို့ ခင်ဗျား တကယ် ထင်နေတာလား”
“ရှစ်နှစ်ကနေ ဆယ်နှစ်လား”
လုကျိုး၏ လေသံမှာ အေးစက်သွားပြီး ပြောလိုက်သည်။ "ရှစ်နှစ်၊ ဆယ်နှစ်နဲ့ မလုံလောက်ရင် အနှစ်တစ်ရာပေါ့၊ အဲဒါနဲ့မှ မရသေးရင် အနှစ်တစ်ထောင်ပေါ့”
လုကျိုး၏ စိတ်ဓာတ်က ချန်ဖုအပေါ် အနည်းငယ် လွှမ်းမိုးသွားသည်။ သူက ပြောလိုက်သည်။
"ယုံကြည်ချက်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ မဟာလေဟာနယ်က တစ်နေ့နေ့မှာ ကျုပ်တို့ကို ရှာတွေ့လာမှာပဲ။ သင်းပျံ့တောင်ကြားက တကယ်ကို ကောင်းမွန်တဲ့ နေရာတစ်ခုဆိုပေမဲ့ ရာနှုန်းပြည့် ပုန်းကွယ်နေလို့ မရဘူး။ ခန်းမဆယ်ခုမှာ ကျုပ်တို့ကို ရှာတွေ့နိုင်တဲ့ အရည်အချင်းရှိသူတွေ အများကြီး ရှိတယ်”
ထိုအခိုက်အတန့်တွင် လုကျိုးသည် မိမိတွင် ကတ်တစ်ခု ကျန်ရှိနေသေးကြောင်း သတိရသွားသည်။ ၎င်းမှာ သူ၏ အဖိုးတန်ဆုံး အသုံးပစ္စည်းကတ် ဖြစ်သည်။ ထို့နောက် သူက ပြောလိုက်သည်။
"ဘယ်သူပဲ လာရဲလာရဲ... လာတဲ့သူကို ကျုပ် သတ်ပစ်မယ်”
အကယ်၍ မနေ့ကသာဆိုလျှင် လုကျိုးမှာ လူရူးတစ်ယောက်ဟု ချန်ဖု ထင်မိပေလိမ့်မည်။ သို့သော် လုကျိုးက နှစ်နာရီအတွင်း နတ်ဝိညာဉ်ပုလဲ ဖွဲ့တည်နိုင်ခဲ့သည်ကို သိရှိပြီးနောက်တွင်မူ သူ ထိုသို့ မထင်တော့ပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
"ခင်ဗျားရဲ့ ယုံကြည်ချက်က ဘယ်ကလာမှန်း ကျုပ်မသိပေမဲ့ ကျုပ် ခင်ဗျားကို ယုံကြည်ဖို့ ရွေးချယ်လိုက်ပါ့မယ်” ထို့နောက် ချန်ဖုသည် မတ်တတ်ရပ်လိုက်သည်။ အစေခံက အလျင်အမြန် ရှေ့တိုးလာပြီး ချန်ဖုကို တွဲကူလိုက်ကာ သူတို့နှစ်ဦးမှာ လှည့်ထွက်သွားကြတော့သည်။
လုကျိုးသည် သူ၏ တပည့်များကို ခဏမျှ စောင့်ကြည့်နေသည်။ ငြီးငွေ့လာသောအခါမှ နောက်ဆုံးတွင် ရှေးဟောင်းအဆောက်အအုံဆီသို့ ပြန်လာခဲ့သည်။ လုကျိုးသည် ကျင့်ကြံခြင်းအပြင် ကုသခြင်းနည်းပညာများကို လေ့လာရင်း အချိန်ကုန်ဆုံးစေသည်။ သူသည် သက္ကတကျမ်းကို အသုံးပြု၍ တစ်စုံတစ်ရာ ရှာဖွေနိုင်မလားဟု စမ်းသပ်ကြည့်သော်လည်း အကြိမ်တိုင်းတွင် ထိတ်လန့်စရာ အိပ်မက်ဆိုးများကိုသာ မြင်မက်ပြီး စတုရန်းပုံ ကုသိုလ်ကျောက်တုံးကြီးကိုသာ မြင်တွေ့နေရသည်။
လုကျိုးက ပြောလိုက်သည်။ "ဒီကုသိုလ်ကျောက်တုံးက တကယ်တော့ ဘာလဲ”
သူက အသံထွက်၍ ရေရွတ်လိုက်သည်။
"သက္ကတကျမ်းက အရင်တုန်းက လုထျန်းထုံ ပိုင်ဆိုင်ခဲ့တာ ဆိုပေမဲ့ လုထျန်းထုံက ဆရာသခင်တစ်ယောက်ပဲ ရှိသေးတာ။ သူက သက္ကတကျမ်းကို ထိန်းချုပ်နိုင်လောက်အောင် စွမ်းအားမကြီးတာ သေချာတယ်။ ဒါဆို ငါ ကြားခဲ့ရတဲ့ အသံက ဘယ်သူ့အသံလဲ။ ဒါဟာ ဆိုးယုတ်သူတစ်ပါးရဲ့ အသံ ဖြစ်ရမယ်...” ဆိုရိုးစကား ရှိသည် မဟုတ်ပါလော... ရန်သူ၏ ရန်သူသည် မိတ်ဆွေ ဖြစ်သည်။
ဆိုးယုတ်သူတစ်ပါးသည် မဟာလေဟာနယ်၏ ရန်သူ ဖြစ်သည်။ အကယ်၍ ဆိုးယုတ်သူတစ်ပါးကိုသာ ရှာတွေ့ခဲ့လျှင် ဆိုးယုတ်သူတစ်ပါးသည် ကြီးမားသော အထောက်အကူ ဖြစ်လာမည်ဟု လုကျိုး တွေးမိသည်။ ထို့ပြင် သက္ကတကျမ်းအတွင်း မြင်တွေ့ကြားသိခဲ့ရသမျှအရ သူနှင့် ဆိုးယုတ်သူတစ်ပါးမှာ ဆင်တူသော ထိုးထွင်းသိမြင်မှုများစွာ ရှိနေကြောင်း သူ သိနိုင်သည်။ သူသည် သက္ကတကျမ်းထံမှ များစွာ ရရှိခဲ့သည်။ အကယ်၍ သူတို့ မိတ်ဆွေ မဖြစ်နိုင်လျှင်ပင် မဟာမိတ်ဖွဲ့ရန်မှာ မဖြစ်နိုင်တာ မဟုတ်ပေ။
လုကျိုးက မေးလိုက်သည်။ "ဆိုးယုတ်သူတစ်ပါးက တကယ်ပဲ သေသွားပြီလား”
မဟာလေဟာနယ်၏ ခန်းမဆယ်ခုလုံးမှ ပစ်မှတ်ထားခြင်း ခံရသူ၊ လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သူ တစ်ဦးမှာ သာမန်လူတစ်ယောက် ဖြစ်နိုင်ပါ့မလား။
လုကျိုးက သက်ပြင်းချလိုက်သည်။
"ဒီလောကမှာ ငါ သဘောကျတဲ့သူ သိပ်မရှိဘူး။ မင်းကတော့ အဲဒီထဲက တစ်ယောက်လို့ ပြောလို့ရတယ်...”
စိတ်ကို ပြန်လည်စုစည်းပြီးနောက် သူသည် နတ်ဝိညာဉ်ပုလဲကို ထုတ်ဖော်ကာ ခေတ္တမျှ လေ့ကျင့်လိုက်သည်။ သူသည် သင်းပျံ့တောင်ကြားတွင် ရှိနေသည့် အချိန်ကို အပြည့်အဝ အသုံးချရန် ကြံစည်ထားသည်။ ချန်ဖု၏ စကားအရ မဟာလေဟာနယ်၏ ခန်းမဆယ်ခုတွင် ပညာရှင်များစွာ ရှိနေသဖြင့် သူတို့ သင်းပျံ့တောင်ကြားကို တစ်နေ့နေ့တွင် ရှာတွေ့လာကြမည် ဖြစ်သည်။ သူသည် ဤကန့်သတ်ထားသော အချိန်အတွင်း သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရပေမည်။
"အဆင့်မြှင့်တင်ခြင်းကတ်” ၎င်းမှာ သူ၏ ကျင့်ကြံမှုကို အကြီးအကျယ် မြှင့်တင်ပေးနိုင်သော အသုံး ပစ္စည်းကတ်များထဲမှ တစ်ခုဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ စနစ်ကို အဆင့်မြှင့်တင်လိုက်တိုင်း သူသည် ထူးကဲသော စွမ်းအားများကို ရရှိစမြဲဖြစ်သည်။