အခန်း (၁၅၂၈-၁၅၃၀)
Vol. 102 Ch. 1528-1530
အခန်း (၁၅၂၈) သူတော်စင်သတ်ဖြတ်သူ၏ အပြောင်းအလဲ (၃)
လုကျိုး မျက်မှောင်ကျုံ့လိုက်ရင်း မေးမြန်းလိုက်သည်။
“ဆရာ့ရဲ့ ဇနီး ဟုတ်လား”
ဖြန်း
ကျူးဟုန်ကုန်းသည် မိမိပါးစပ်ကို မိမိ ပြန်ရိုက်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကျွန်တော် မှားသွားပါတယ်”
ယင်းကို မြင်သောအခါ ချင်းယွမ်သည် ဦးညွှတ်လျက် ဆို၏။
“ဒါဆို ဒါတွေက ဆိုးယုတ်... မျှော်နန်းသခင်ရဲ့ တပည့်တွေပေါ့။ ကျုပ် မထိုက်တန်ပါဘူး”
ထို့နောက် ချင်းယွမ်သည် သူမရှေ့ရှိ လူငယ်များကို ကြည့်လိုက်သည်။ သူတို့အားလုံးမှာ ပါရမီထူးချွန်ပုံ ရပေသည်။
“ယွီကျန့်ဟိုင်”
ယွီကျန့်ဟိုင်က မေးမြန်းလိုက်သည်။
“ဘာများ အမိန့်ရှိပါမလဲ ရှစ်စွင်း”
လုကျိုးက မိန့်ကြားလိုက်သည်။
“သူ့ကို မင်းရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးလိုက်ဦး”
“နားလည်ပါပြီ”
ဤသို့ဖြင့် သူတို့အားလုံးသည် ထိုအဘွားအိုမှာ မိစ္ဆာဝေဟင်မျှော်နန်းသို့ ရောက်ရှိလာသည့် လူသစ်တစ်ယောက်လားဟု တွေးတောနေကြတော့သည်။
ထိုအချိန်တွင် မုန့်ချန်းသုံ ရှေ့သို့ တိုးလာကာ ဆိုလိုက်၏။
“ကျွန်တော်ပဲ လုပ်ပေးပါ့မယ်”
ထို့နောက် မုန့်ချန်းသုံသည် ချင်းယွမ်ကို လက်သီးဆုပ် အရိုအသေပြုလျက် မေးလိုက်သည်။
“ကျွန်တော်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အစောင့်အကြပ်တစ်ဦးဖြစ်တဲ့ မုန့်ချန်းသုံပါ။ လူကြီးမင်းရဲ့ နာမည်ကို သိပါရစေ”
ချင်းယွမ်သည် အတွေးနက်သွားမိ၏။ သူမရှေ့ရှိ လူများသည် ဆိုးယုတ်သူတစ်ပါး၏ လက်အောက်ငယ်သားများ ဖြစ်ကြရာ သူတို့အားလုံးမှာ ရဲစွမ်းသတ္တိရှိသော စစ်သည်တော်များ ဖြစ်ကြပေလိမ့်မည်။ ဆိုးယုတ်သူတစ်ပါးက မဟာလေဟာနယ်မှ လူများကို ချေမှုန်းခဲ့သည့် မြင်ကွန်များမှာလည်း သူမ၏ အာရုံထဲတွင် ပြန်လည် မြင်ယောင်လာသည်။ ခေတ္တမျှ ကြာပြီးနောက် သူမက လေးနက်စွာ ဖြေကြားလိုက်၏။
“ကျုပ်က ရှေးဟောင်း ချင်းယွမ် ပါ”
“ရှေးဟောင်း ချင်းယွမ် ဟုတ်လား”
မုန့်ချန်းသုံမှာ ခဏမျှ တုန့်ပြန်မှု မပြုနိုင်ဘဲ ရှိနေသည်။
ဝှစ်
ဆန့်ကျင်ဘက်အနေဖြင့် ခုံဝမ်နှင့် သူ၏ ညီအစ်ကိုများမှာ ပေ ၁၀၀၀ ခန့်အကွာသို့ ချက်ချင်း နောက်ဆုတ်သွားကြပြီး ချင်းယွမ်ကို သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။
ခုံဝမ်က အော်ဟစ်လိုက်၏။
“ချင်းယွမ်က လူသားအသွင် ပြောင်းနိုင်တာပဲ။ သူက ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ ချင်းယွမ်ပဲဗျ”
ထိုစကားကို ကြားလိုက်ရသောအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များမှာလည်း ချက်ချင်း နောက်ဆုတ်သွားကြတော့သည်။ ဒူးထောက်နေသော ကျူးဟုန်ကုန်းမှာပင် တုန်လှုပ်သွားရပြီး ပေ ၁၀၀၀ ခန့်အကွာသို့ ကမူးရှူးထိုး နောက်ဆုတ်ပြေးသွားတော့သည်။
သူတို့အားလုံးမှာ ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ရှိနေကြ၏။
ကျူးဟုန်ကုန်းက လျှောက်တင်လိုက်သည်။
“ရှစ်စွင်း... သူက ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူပါ။ အစောပိုင်းက ရှစ်စွင်း အစ်ကိုခုံဝမ်နဲ့ စကားပြောပြီးတဲ့နောက်မှာ သူက သူတော်စင်ချန်ဆီမှာ သွားပြီး အတည်ပြုခဲ့တာပါ”
ဆောင်းဦးနှင်းစက်တောင်မှ တပည့်များမှာလည်း ချွေးသီးချွေးပေါက်များ ကျလာကြပြီး ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူကို စိုးရိမ်တကြီး ကြည့်နေကြသည်။
ချင်းယွမ်မှာ ထိုလူအုပ်ကြီးကို ဇဝေဇဝါဖြင့် ကြည့်နေမိ၏။ သူမသည် ဆိုးယုတ်သူတစ်ပါးနှင့် သူမ၏ ပတ်သက်မှုကို ရှင်းပြမထားသဖြင့် နားလည်မှု လွဲနေသည်ဟု သူမ ထင်မိသည်။
သို့သော် ချင်းယွမ် ရှင်းပြရန် မစနိုင်မီမှာပင်…။
“ဖယ်ကြစမ်း”
သူတော်စင်အလင်းများ ဝန်းရံနေသည့် ချန်ဖုသည် ပျံသန်းရောက်ရှိလာသည်။ တစ်ချိန်တည်းမှာပင် သူတော်စင်တစ်ပါး၏ အင်အားအပြည့် ပါဝင်သော လက်ဝါးစည်းတံဆိပ်တစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာ၏။ ၎င်းတွင် ဟင်းလင်းပြင်နိယာမများ ပါဝင်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်းယွမ်၏ ရှေ့သို့ ရောက်ရှိလာတော့သည်။ ချင်းယွမ်သည် မျက်မှောင်ကျုံ့လိုက်ပြီး သူမ၏ လက်ကို မြှောက်ကာ အလင်းလုံးတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဘုန်း
အလင်းလုံးနှင့် လက်ဝါးစည်းတံဆိပ်တို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ခဏအတွင်းမှာပင် လက်ဝါးစည်းတံဆိပ်မှာ အလင်းလုံး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
“တကယ့်ကို အစွမ်းထက်တာပဲ”
ဆောင်းဦးနှင်းစက်တောင်မှ တပည့်များ မှင်တက်သွားကြသည်။ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူဆိုသည့်အတိုင်း ထိုက်တန်ပေ၏။ တစ်ဖက်လူမှာ မဟာသူတော်စင်တစ်ပါး၏ တိုက်ကွက်ကို တစ်ကွက်တည်းဖြင့် ချေဖျက်လိုက်နိုင်သည် မဟုတ်ပါလော။
ထိုအချိန်တွင် လုကျိုးက လေသံအတက်အကျမရှိဘဲ ပြောလိုက်လေ၏။
“ရပ်လိုက်”
ချန်ဖုသည် မြေပြင်သို့ ဆင်းသက်လိုက်ပြီး ချင်းယွမ်ကို ကြည့်ကာ လုကျိုးအား ဆိုလိုက်၏။
“အစ်ကိုလု... ခင်ဗျား သူ့ လှည့်စားမှုကို ခံလိုက်ရပြီ။ သူက လူသားအသွင်ပြောင်းထားတဲ့ ချင်းယွမ်ပဲ။ အခြေအနေက ဒီလို ဖြစ်နေတာကိုး။ ချင်းယွမ်တွေက သင်းပျံ့တောင်ကြားရဲ့ အနက်ရှိုင်းဆုံးမှာ ပုန်းနေလိမ့်မယ်လို့ ကျုပ် တကယ် မထင်ထားခဲ့ဘူး”
ချင်းယွမ်က မျက်မှောင်ကျုံ့လိုက်ရင်း ပြောလိုက်သည်။
“အစ်ကိုလု ဟုတ်လား”
'တကယ့်ကို အသိဉာဏ်မဲ့တဲ့ လူသားပဲ။ သူက ဆိုးယုတ်သူတစ်ပါးကို အစ်ကိုလုလို့ ခေါ်ရဲတယ်ပေါ့'
ဤအခိုက်အတန့်တွင် ချန်ဖုအပေါ်ထားသည့် ချင်းယွမ်၏ အမြင်မှာ အောက်ဆုံးသို့ ထိုးဆင်းသွားတော့သည်။
ချန်ဖုက ထပ်မံ ပြောလိုက်သည်။
“အဝေးကို မြန်မြန်ဆုတ်ကြပါဦး။ ကျုပ် သူ့ကို မူလအသွင်ပေါ်လာအောင် လုပ်လိုက်မယ်”
လုကျိုးက ခေါင်းခါလျက် ဆိုလိုက်၏။
“မလိုဘူး။ သူက ချင်းယွမ်အသိုက်အမြုံကဆိုတာ ငါ သိတယ်”
လူတိုင်း မှင်တက်သွားကြရပြန်သည်။
'သူမက ချင်းယွမ်အသိုက်အမြုံကမှန်း သိရက်နဲ့ သူ့နားမှာ ဒီလောက်အထိ နီးနီးကပ်ကပ် နေနေတာလား'
အားလုံးမှာ ဇဝေဇဝါ ဖြစ်နေကြ၏။
ချန်ဖုက ပြောလိုက်သည်။
“လူသားတွေနဲ့ သားရဲတွေက အမြဲတမ်း ရန်ဘက်တွေပဲလေ။ ကျုပ်တို့ သူ့ကို သတိထားရမယ်”
ယင်းကို ကြားသောအခါ ချင်းယွမ်က ပြုံးလျက် မေးမြန်းလိုက်သည်။
“ကျုပ် ခင်ဗျားကို မှတ်မိတယ်။ အတိတ်တုန်းက ခင်ဗျားက သင်းပျံ့တောင်ကြားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မွေးဖွားစမ်းသပ်မှုကို ကျော်ဖြတ်ပြီး သူတော်စင် ဖြစ်လာခဲ့တဲ့ ကျင့်ကြံသူပဲ”
“နှစ်တွေ ဒီလောက်အထိ ကြာခဲ့တာတောင် ခင်ဗျားက သူတော်စင်အဆင့်မှာပဲ ရှိနေသေးတာလား။ ခင်ဗျားရဲ့ ပါရမီက ဒီလောက်ပဲလား” ချင်းယွမ်က ဆက်လက် မေးလိုက်၏။
ချန်ဖု၏ မျက်နှာမှာ အနည်းငယ် အနေခက်သွားရသည်။
လုကျိုးက ပြောလိုက်သည်။
“ချင်းယွမ်အသိုက်အမြုံက ငါ့တပည့်တွေကို ဆရာသခင်တွေနဲ့ သူတော်စင်တွေဖြစ်လာအောင် မွေးဖွားစမ်းသပ်မှုမှာ ကူညီပေးဖို့ ငါ့ကို ကတိပေးထားပြီးပြီ”
နောက်ထပ် ထိတ်လန့်ဖွယ်ရာ စကားတစ်ခွန်း လေထဲတွင် ပျံ့လွင့်သွားပြန်သည်။
ချန်ဖုသည် သတ္တိမွေးကာ လုကျိုးကို နောက်သို့ ဆွဲလိုက်ပြီး တိုးတိုးလေး ဆိုလိုက်၏။
“သူက ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူနော်။ သူက အကြောင်းရင်းမရှိဘဲ ခင်ဗျားကို ကူညီမှာ မဟုတ်ဘူး။ ကျုပ်စကား နားထောင်ပါ... သူ့ကို မယုံပါနဲ့”
လုကျိုးက ပြောလိုက်သည်။
“ငါ သူ့ကို ယုံတယ်။ စိတ်မပူပါနဲ့”
“ဒါပေမဲ့... ဒါပေမဲ့...” ချန်ဖုက သက်ပြင်းချလိုက်မိသည်။
ချင်းယွမ်က ဆို၏။
“ဘာမှ မဖြစ်ပါဘူး။ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူတစ်ဦးက ဘာလို့ အကြောင်းမရှိဘဲ လူသားတွေကို ကူညီချင်ရတာလဲလို့ ခင်ဗျားတို့ သိချင်နေကြမှာပေါ့။ အဖြေက ရိုးရိုးလေးပါ... ကျုပ် ကူညီချင်လို့ ကူညီတာပဲ”
'သုံးနှစ်သားကလေးတောင် ဒါကို ယုံမှာ မဟုတ်ဘူး'
အားလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မယုံကြည်နိုင်ဖြစ်နေကြ၏။ ဘာပဲဖြစ်ဖြစ် ဒီလောကမှာ အလကားရတဲ့ အရာဆိုတာ ဘယ်မှာ ရှိပါ့မည်နည်း။
လုကျိုး ခဏမျှ စဉ်းစားလိုက်ပြီးမှ မိန့်ကြားလိုက်သည်။
“မေးခွန်းတွေ မမေးကြနဲ့တော့။ သူက မင်းတို့ကို ကူညီမှာပဲဆိုတာ သိထားရင် လုံလောက်ပြီ”
လုကျိုးအနေဖြင့် သူသည် လိမ်လည်လှည့်ဖြားခြင်းဖြင့် ဤကိစ္စကို လုပ်ဆောင်ခဲ့သည်ဟု အခြားသူများကို မပြောနိုင်ပေ။ သူ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းရမည် မဟုတ်ပါလော။
“နားလည်ပါပြီ”
အားလုံး ဦးညွှတ်လိုက်ကြသည်။
ချင်းယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် မုန့်ချန်းသုံကို လက်ညှိုးညွှန်ပြလျက် ဆို၏။
“အခု မိတ်ဆက်တာတွေကို စလို့ ရပြီ”
မုန့်ချန်းသုံမှာ အနည်းငယ် စိုးရိမ်တကြီးဖြင့် ယွီကျန့်ဟိုင်ကို ကြည့်ကာ ဆိုလိုက်သည်။
“ဟို... ပထမ... ပထမသခင်လေး”
ယွီကျန့်ဟိုင်က လေသံအေးအေးဖြင့် ဆိုလိုက်၏။
“ဒါကို ခင်ဗျားပဲ ကိုင်တွယ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။ ကျုပ်မှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိသေးတယ်”
ထို့နောက် ယွီကျန့်ဟိုင်သည် ပြန်လည်ဖြေကြားသည်ကိုပင် မစောင့်တော့ဘဲ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
ယွီရှန်းရုန်ကလည်း ကောင်းကင်သို့ ပျံတက်ရင်း ဆိုလိုက်၏။
“တာ့ရှစ်ရှိုး... မသွားပါနဲ့ဦး။ ကျုပ်တို့ရဲ့ လက်ရည်ယှဉ်ပွဲက မပြီးသေးဘူးလေ”
ထို့နောက်တွင် မင်ရှစ်ရင်က ချုံးချီ၏ ကျောပေါ်သို့ ခုန်တက်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး ပြောလိုက်သည်။
“ဘယ်သူနိုင်မလဲဆိုတာ ကျုပ် သွားကြည့်လိုက်ဦးမယ်”
နောက်ဆုံးတွင် မုန့်ချန်းသုံသည် စိတ်ကို တင်းထားကာ ချင်းယွမ်ထံသို့ လျှောက်သွားပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့် ဆယ်ဦးအကြောင်းကို စတင် မိတ်ဆက်ပေးတော့သည်။ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့နှင့် ယဲ့ထျန်းရှင်းတို့အကြောင်းကို မုန့်ချန်းသုံက ပြောပြရာတွင် ချင်းယွမ်သည် ရိုသေလေးစားမှုများဖြင့် ခေါင်းညိတ်နေမိသည်။
မုန့်ချန်းသုံက မိစ္ဆာဝေဟင်မျှော်နန်း၏ ခုနစ်ယောက်မြောက်တပည့် စီးဝူယာအကြောင်းကို ရောက်သောအခါ ပါးနပ်စွာဖြင့် ဆိုလိုက်၏။
“သတ္တမသခင်လေးကတော့ မိစ္ဆာဝေဟင်မျှော်နန်းမှာ အပါးနပ်ဆုံး လူတစ်ယောက်ပါ။ ဒါပေမဲ့ ကောင်းကင်ဘုံက ပါရမီရှင်တွေကို မနာလိုဖြစ်တတ်တယ် ဆိုသလိုပဲ... သူ ကွယ်လွန်သွားခဲ့ပါပြီ”
ချင်းယွမ်က အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။
“ကွယ်လွန်သွားပြီ ဟုတ်လား။ ဆိုးယုတ်... မျှော်နန်းသခင် လုတောင်မှ ဘာမှ မလုပ်နိုင်ခဲ့ဘူးလား”
မုန့်ချန်းသုံက ခေါင်းခါပြလိုက်သည်။
ချင်းယွမ်သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကျုံ့လိုက်မိ၏။
“သူ ဘာမှ မလုပ်နိုင်ခဲ့ဘူးပေါ့လေ”
မုန့်ချန်းသုံက သက်ပြင်းချလျက် ဆိုလိုက်သည်။
“မျှော်နန်းသခင်လုက ဒီကိစ္စကြောင့်ပဲ ပြန်လည်ရှင်သန်ခြင်းစာလိပ်ကို ရှာဖွေခဲ့တာပါ။ ဒါပေမဲ့လည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး”
“ပြန်လည်ရှင်သန်ခြင်းစာလိပ်...” ချင်းယွမ်က တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူမ စိတ်ထဲမှ တွေးလိုက်မိသည်။ 'ဆိုးယုတ်သူတစ်ပါး ပျောက်ကွယ်သွားကတည်းက သူ တကယ့်ကို ဒုက္ခတွေ အများကြီး ခံစားခဲ့ရမှာပဲ။ ဘာပဲဖြစ်ဖြစ် သူက သူ့ တပည့်ကိုတောင် မကယ်နိုင်ခဲ့ဘူးလေ။ ဒါကြောင့်လည်း သူ ကျုပ်ရဲ့ အသက်ဓာတ်နှလုံးသားကို လက်ခံဖို့ ငြင်းဆိုခဲ့တာ ဖြစ်ရမယ်။ ကြည့်ရတာ သူ ကျုပ်အပေါ်ထားတဲ့ ကတိကို မဖျက်ချင်လို့ ဖြစ်မှာပဲ'
မုန့်ချန်းသုံက ဆို၏။
“ဒီကိစ္စက တားမြစ်ထားတဲ့ ကိစ္စမို့လို့ နောင်ကျရင် မျှော်နန်းသခင်ရှေ့မှာ ထုတ်မပြောမိစေနဲ့ဦး”
ချင်းယွမ်က ခေါင်းညိတ်လျက် ပြောလိုက်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
မုန့်ချန်းသုံက ဆက်လက်၍ မိတ်ဆက်ပေးသည်။ ကျူးဟုန်ကုန်းအကြောင်းကို ကြားသောအခါ ချင်းယွမ်က မျက်မှောင်ကျုံ့လျက် ဆို၏။
“ဒီလူက ပါရမီတော့ ရှိသားပဲ၊ ဒါပေမဲ့ သူ့ ရုပ်ရည်နဲ့ အသွင်အပြင်ကတော့ တစ်မျိုးကြီးပဲ...”
မုန့်ချန်းသုံက ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းမှာ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး”
ချင်းယွမ်က ဆို၏။
“ခင်ဗျား ပြောတာ မှန်ပါတယ်။ ဆက်ပြောပါဦး”
“ကျန်တဲ့ ဘိုးဘေးလေး နှစ်ယောက်ကတော့...”
မုန့်ချန်းသုံသည် ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို လက်ညှိုးထိုးပြကာ ရှည်လျားလှသော မိတ်ဆက်စကားများကို စတင်လေတော့သည်။
တစ်ဖက်တွင်မူ လုကျိုးသည် အတော်ကြာအောင် ဘေးမှ စောင့်ကြည့်နေခဲ့သည်။ ချင်းယွမ်တွင် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒ မရှိကြောင်း အတည်ပြုပြီးနောက် သူသည် ချန်ဖုကို ခေါ်ဆောင်ကာ ထွက်ခွာလာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ချင်းယွမ်၌ မကောင်းသော ရည်ရွယ်ချက်သာ ရှိခဲ့ပါက သူမသည် အခုလောက်ဆို လှုပ်ရှားနေလောက်ပြီ မဟုတ်ပါလော။
ရှေးဟောင်းအဆောက်အအုံအတွင်းတွင် ဖြစ်သည်။
ချန်ဖုက မေးမြန်းလိုက်သည်။
“အစ်ကိုလု... ခင်ဗျား ချင်းယွမ်ကို ဘယ်လိုများ အညံ့ခံခိုင်းလိုက်တာလဲ။ သူမက ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ တစ်ဦးလေ”
လုကျိုးက တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလိုက်၏။
“ငါက အင်အားကြီးလို့ပေါ့။ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူတောင်မှ ငါ့ကို အညံ့ခံရတာပဲ”
လုကျိုးသည် လိမ်လည်မှုတစ်ခုကို ဖုံးကွယ်ရန်အတွက် နောက်ထပ် လိမ်ညာမှုပေါင်းများစွာကို ဆက်လက် အသုံးပြုနေရတော့သည်။
“ဒါပေမဲ့လည်း...” ချန်ဖု အနည်းငယ် မသက်မသာ ခံစားရသည်။
လုကျိုးက စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။
“တာ့ဟန်က အခြေအနေ ဘယ်လိုရှိလဲ”
ချန်ဖုက သက်ပြင်းချလျက် ပြန်ဖြေလိုက်၏။
“ဟွားယင် သွားကြည့်ပြီးပြီ၊ အခြေအနေကတော့ သိပ်မကောင်းဘူးလို့ ပြောတယ်။ မဟာလေဟာနယ်က တကယ်ပဲ သူတို့လူတွေကို လွှတ်လိုက်ပြီ။ တာ့ဟန်ရဲ့ ဆရာသခင် နှစ်ပါးဖြစ်တဲ့ ဝေ့ချန်းနဲ့ စုပျယ်တို့ နှစ်ယောက်လုံး အပြင်းအထန် ဒဏ်ရာရသွားကြပြီ”
“သူက ဘယ်သူလဲ”
လုကျိုးသည် ထိုရောက်ရှိလာသူမှာ မဟာလေဟာနယ်မှ မဟုတ်နိုင်ဟု ယခင်က ခန့်မှန်းခဲ့ဖူးသည်။ မဟာလေဟာနယ်က တာ့ဟန်ကို သိမ်းပိုက်ဖို့ လူလွှတ်လိုက်သည်မှာ အဓိပ္ပာယ်မရှိသလို ဖြစ်နေသောကြောင့် ဖြစ်သည်။
ချန်ဖုက ပြောလိုက်သည်။
“သူ့နာမည်ကို ကျုပ်တို့ မသိရဘူး။ သူက မဟာလေဟာနယ်ကလာတာဆိုတာနဲ့ အလွန် အစွမ်းထက်တဲ့ ကျင့်ကြံမှုရှိတယ်ဆိုတာပဲ သိရတယ်။ ဖြစ်နိုင်တာကတော့ သူက တာအိုသူတော်စင် တစ်ပါးပဲ”
လုကျိုးက မေးမြန်းလိုက်သည်။
“တာအိုသူတော်စင် တစ်ပါးလား။ လီချွင်းလား”
ချန်ဖုက ပြန်ဖြေလိုက်၏။
“မဟုတ်ဘူး... သူ မဖြစ်နိုင်ဘူး။ ဟွားယင်က လီချွင်းကို သိတယ်၊ ဘာလို့လဲဆိုတော့ လီချွင်းက အတိတ်တုန်းက ဒီကို အကြိမ်အနည်းငယ် လာခဲ့ဖူးလို့ပဲ။ ဒါ့အပြင် လီချွင်းက အရင်တစ်ခေါက်တုန်းက အဖြူရောင်ဧကရာဇ်ရဲ့ ကျောက်စိမ်းအဆောင်ကို တွေ့ဖူးပြီးသားဆိုတော့ ဒီလောက်အထိ ရဲရဲတင်းတင်း လုပ်ရဲမှာ မဟုတ်ဘူး”
ထိုအချိန်တွင် ချန်ဖုသည် သူ၏ အဆောင်တစ်ခုထံမှ လှုပ်ရှားမှုကို အာရုံခံမိလိုက်သည်။ သူသည် အဆောင်ကို ထုတ်ယူကာ မီးရှို့လိုက်၏။
ဟွားယင်၏ ပုံရိပ်ယောင်မှာ ချက်ချင်း ပေါ်လာသည်။
ဟွားယင်က ဦးညွှတ်လျက် ဆိုလိုက်၏။
“ဆရာ... လုချန်းပေ့။ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး ထင်ရှားပါတယ်။ သူက သတ်ဖြတ်ဖို့ ရည်ရွယ်ပုံ မရဘူး။ သူက တစ်စုံတစ်ယောက်ကို ရှာနေပုံပဲ”
ချန်ဖုက မေးလိုက်သည်။
“ဘယ်သူလဲ”
ဟွားယင်က ပုံတူကားချပ်တစ်ခုကို ထုတ်ပြလျက် ဆို၏။
“ကျွန်တော့်မှာ ပုံတူတစ်ခု ရှိပါတယ်”
လုကျိုးနှင့် ချန်ဖုတို့ လှမ်းကြည့်လိုက်ကြသောအခါ ရှောင်ယွမ်အာ၏ ပုံတူကားချပ် ဖြစ်နေသည်ကို မြင်လိုက်ရတော့သည်။
…
အခန်း (၁၅၂၉) ဦးအောင်တိုက်ခိုက်ခြင်း၊ လက်စားချေခြင်း၏ အစ
ပုံတူကားချပ်ကို မြင်သောအခါ ချန်ဖုက ဇဝေဇဝါဖြင့် ဆိုလိုက်သည်။
“ဒါ ဟိုမိန်းကလေး မဟုတ်လား”
ဟွားယင်ကလည်း လျှောက်တင်လိုက်၏။
“ဒါက ကျွန်တော် တိတ်တဆိတ် စုံစမ်းကြည့်လို့ သိရတဲ့ သတင်းပါ လုချန်းပေ့။ ချန်းပေ့ကတော့ တာ့ဟန်ရဲ့ အရှေ့မြို့တော်နဲ့ အနောက်မြို့တော်ကို အသီးသီး စောင့်ကြပ်နေကြတဲ့ ဆရာသခင် ဝေ့ချန်းနဲ့ စုပျယ်တို့ကို တွေ့ဖူးမှာပါ။ သူတို့ရဲ့ ခွန်အားနဲ့ ကျင့်ကြံမှုဟာ မနိမ့်ပါဘူး။ ဒါကို ကြည့်ရင် တစ်ဖက်လူက တော်တော်လေး အစွမ်းထက်တယ်ဆိုတာ သိသာပါတယ်။ တစ်ဖက်လူဟာ တာ့ဟန်မှာရှိတဲ့ အင်အားစုအမျိုးမျိုးကို သုံးပြီး မိန်းကလေးစီရဲ့ တည်နေရာကို စုံစမ်းနေတယ်လို့ သိရပါတယ်။ ကျွန်တော်လည်း တာ့ဟန်မှာရှိတဲ့ အဆက်အသွယ်တွေကို သုံးပြီးမှ ဒါကို သိခဲ့ရတာပါ”
“ငါ့တပည့်အပေါ် လက်လှမ်းချင်ကြတယ်ပေါ့လေ”
လုကျိုးက မကျေမနပ် ဖြစ်စွာဖြင့် ဆိုလိုက်သည်။
ခေတ္တမျှ ချန်ဖု ဘာပြောရမှန်း မသိဖြစ်သွားရသည်။ တစ်ဖက်လူမှာ မဟာလေဟာနယ်မှ ပညာရှင်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။ နောက်ဆုံးတွင် သူက ဆိုလိုက်၏။
“မဟာလေဟာနယ်က နယ်မြေကိုးခုလုံးမှာ ပါရမီရှင်တွေကို ရှာဖွေနေတာ ကြာပါပြီ။ အဲဒီမိန်းကလေးက ဒီလောက်အထိ ပါရမီထူးနေမှတော့ သူတို့ ရှာဖွေနေတာက သဘာဝကျပါတယ်။ သူမက အရင်တုန်းက မဟာလေဟာနယ်က တစ်စုံတစ်ယောက်နဲ့ အဆက်အသွယ် ရှိခဲ့ဖူးလို့လား”
လုကျိုး ခဏမျှ တွေးတောလိုက်သည်။
ရှောင်ယွမ်အာ၏ ပါရမီမှာ မိစ္ဆာဝေဟင်မျှော်နန်းတွင် လျှို့ဝှက်ချက် မဟုတ်သလို လူတိုင်းအတွက် မနာလိုအားကျစရာလည်း ဖြစ်သည်။ သူမ၏ ပါရမီအကြောင်း ပေါက်ကြားသွားနိုင်သည့် တစ်ခုတည်းသော အချိန်မှာ မဟာအသူရာမြေရှိ ဖျက်ဆီးခြင်းတိုင်လုံးဆီ ရောက်ခဲ့စဉ်ကပင် ဖြစ်ရမည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မဟာအသူရာမြေရှိသူများသည် မဟာလေဟာနယ်နှင့် အပြန်အလှန် အကျိုးပြုသည့် ဆက်ဆံရေး ရှိကြသည်။
လုကျိုးသည် ဟုန်ကျန့်ကို သူ သတ်ခဲ့ပုံကို ပြန်လည် စဉ်းစားလိုက်မိသည်။ ဖြစ်နိုင်သည်မှာ တောင်ပံမျိုးနွယ်စုသည် သူတစ်ပါးလက်ကို ငှား၍ သူ့ကို ကလဲ့စားချေရန် ကြံစည်နေခြင်း ဖြစ်ပေလိမ့်မည်။ နောက်ဆုံးတွင် လုကျိုးက နှာခေါင်းရှုံ့လျက် ဆို၏။
“မဟာအသူရာမြေက တောင်ပံမျိုးနွယ်စုတွေပဲ ဖြစ်ရမယ်”
ချန်ဖုက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အကယ်၍ မဟာအသူရာမြေက တောင်ပံမျိုးနွယ်စုသာ အမှန်ဆိုရင်တော့ ခက်လိမ့်မယ်။ တောင်ပံမျိုးနွယ်စုရဲ့ စုပေါင်းအင်အားက အတော်လေး မြင့်မားတယ်။ သူတို့မျိုးနွယ်စုကို မဟာလေဟာနယ်ကလည်း အသိအမှတ်ပြုထားသလို သူတို့က မဟာအသူရာမြေမှာရှိတဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်နေကြတာ။ ဒါ့အပြင် တောင်ပံမျိုးနွယ်ရဲ့ ဧကရာဇ်ယွီဟာ အထွတ်အထိပ်သက်ရှိတစ်ပါးထက် မနိမ့်လှဘူး။ အဲဒါအပြင် မဟာအသူရာမြေကို စောင့်ကြပ်နေတဲ့ အစွမ်းထက်တဲ့ သားရဲတွေလည်း အများကြီး ရှိသေးတယ်”
ဟွားယင်က ခေါင်းညိတ်လျက် ဆို၏။
“ဆရာ ပြောတာ မှန်ပါတယ်။ လုချန်းပေ့... ချန်းပေ့အနေနဲ့ သင်းပျံ့တောင်ကြားမှာပဲ ပုန်းနေတာ အကောင်းဆုံးပါ။ ပြင်ပက အခြေအနေကိုတော့ ကျွန်တော် ဆက်ပြီး စောင့်ကြည့်ပေးပါ့မယ်”
ဟွားယင်က ကူညီချင်စိတ်ဖြင့် ပြောသည်ကို လုကျိုး သိသော်လည်း ထိုစကားမှာ နားဝင်မချိုလှပေ။ ၎င်းမှာ သူ့ကို လိပ်တစ်ကောင်လို ပုန်းနေခိုင်းသည်နှင့် တူနေသည်။ သူသည် တကယ်တမ်း မကြောက်ရွံ့သဖြင့် ဖြောင့်မတ်စွာပင် ဆိုလိုက်၏။
“တာ့ဟန်က အခု အန္တရာယ်ရှိနေပြီ။ တောင်ပံမျိုးနွယ်တွေဆိုတာ လူသားမဟုတ်ဘဲ သားရဲတွေပဲ။ သူတို့မှာ လူသားဆန်မှု မရှိဘူး။ သူတို့ ဒေါသထွက်လာရင် သတ်ဖြတ်မှုတွေ လုပ်လာမလား ဘယ်သူသိမှာလဲ။ ငါက ဘယ်လိုလုုပ် ဘေးကနေ ဒီအတိုင်း ဘယ်လို ထိုင်ကြည့်နေနိုင်မှာလဲ”
ထိုစကားများကြောင့် ဟွားယင် တကယ့်ကို စိတ်လှုပ်ရှားသွားရသည်။ သူသာဆိုလျှင် သင်းပျံ့တောင်ကြားမှာပဲ ပုန်းနေပြီး အပြင်ထွက်ဝံ့မည် မဟုတ်ပေ။ နောက်ဆုံးတွင် သူက ဆိုလိုက်၏။
“လုချန်းပေ့က တကယ့်ကို ကြင်နာတတ်တာပဲ။ ချန်းပေ့က ကျုပ်တို့အားလုံးအတွက် စံပြပုဂ္ဂိုလ်ပါပဲ”
လုကျိုးက သူ၏ အင်္ကျီလက်ကို ခါလျက် အမှုမဲ့အမှတ်မဲ့ပင် ဆိုလိုက်သည်။
“ဒီကိစ္စက အစကတည်းက ငါ့ကြောင့် ဖြစ်ခဲ့တာပဲလေ။ ငါ ကိုယ်တိုင် ရှေ့ထွက်ဖြေရှင်းတာက သဘာဝကျတယ်”
ဟုန်ကျန့်နှင့် ဖြစ်ပွားခဲ့သည့် ကိစ္စပြီးကတည်းက လုကျိုးသည် အကြီးအကဲ မင်သဲ့ကို ကောင်းကောင်း မှတ်ထားခဲ့သည်။ အကယ်၍ သူသာ အကြီးအကဲ မင်သဲ့ကို ကလဲ့စားမချေခဲ့လျှင် သူ့ကိုယ်သူ အားမနာရာ ရောက်ပေလိမ့်မည်။ ဟွားယင်က သူ့ကို လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်ချင်နေမှတော့ လက်ခံလိုက်ရုံသာ ရှိတော့သည်။
“အစ်ကိုလု... ခင်ဗျား တကယ်ပဲ လှုပ်ရှားတော့မှာလား” ချန်ဖုက မေးလိုက်သည်။
လုကျိုး ခေါင်းညိတ်ပြလိုက်၏။
“ဒါဆိုရင်တော့ ခင်ဗျားကို ကူညီဖို့ ဟွားယင်၊ ကျိုးကွမ်းနဲ့ အသုံးမကျတဲ့ ကျုပ်တပည့်တွေကို လွှတ်ပေးလိုက်မယ်”
“ထားလိုက်ပါတော့”
'သူတို့ကို ခေါ်သွားရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်မှာ...' လုကျိုး စိတ်ထဲမှ တွေးလိုက်မိသည်။
“ငါ့ဘာသာ ငါပဲ ရွေးခေါ်သွားမယ်” လုကျိုး ဆိုပြီးနောက် ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
လုကျိုးသည် စင်မြင့်ထက်တွင် ပြန်လည် ပေါ်ထွက်လာသည်နှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများမှာ ချက်ချင်း ပြေးလာကြပြီး ဦးညွှတ်နှုတ်ဆက်ကြသည်။ သူသည် အချိန်မဆွဲဘဲ တာ့ဟန်တွင် ကြုံတွေ့နေရသည့် အကျပ်အတည်းအကြောင်းကို ပြောပြလိုက်၏။ သို့သော် ရှောင်ယွမ်အာ၏ ကိစ္စကိုမူ သူ ထုတ်မပြောခဲ့ပေ။
လုကျိုး၏ စကားကို ကြားပြီးနောက် လူတိုင်းမှာ ဒေါသထွက်သွားကြသည်။
“ဒါ မဟာအသူရာမြေက ကောင်တွေပဲ ဖြစ်ရမယ်။ တကယ့်ကို ယုတ်မာလိုက်တာ။ အဲဒီ ငှက်လူတွေက အမြတ်ထုတ်ဖို့ ကြိုးစားပြီးမှ အရေးနိမ့်သွားတော့ အခု တခြားလူကို သုံးပြီး ကျုပ်တို့ကို နှိပ်ကွပ်ဖို့ ကြိုးစားနေတာပဲ” တွမ့်မူရှန်းက ပြောဆိုလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များနှင့်အတူ ရှိနေသည့် ချင်းယွမ်မှာ ထိုစကားကို ကြားသောအခါ ဇဝေဇဝါဖြင့် မျက်မှောင်ကျုံ့လိုက်မိသည်။
“မဟာအသူရာမြေက ဆိုးယုတ်... မျှော်နန်းသခင်ကိုတောင် ပစ်မှတ်ထားရဲတာလား”
ချင်းယွမ်သည် လုကျိုး၏ အရူးအမူး အမာခံပရိသတ်တစ်ဦး ဖြစ်နေပြီကို ဖန်ကျန့်နှင့် ကျိုးကျစ်ဖုန်းတို့ ကောင်းကောင်း သိလိုက်ကြသည်။ သူမ၏ အပြုအမူတိုင်းမှာ လုကျိုးအပေါ် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေ၏။ သူမ၏ စကားအရ မဟာအသူရာမြေရှိသူများသည် လုကျိုးနှင့် ယှဉ်လျှင် ပုရွက်ဆိတ်မျှသာ ဖြစ်သည်။ သူမသည် တကယ့်ကို မျက်စိမှိတ် ယုံကြည်နေသည့် အမာခံပရိသတ်၏ စံပြပင်။
“မဟာလေဟာနယ်က လူတွေကလည်း လွန်လွန်းတယ်။ ကျုပ်တို့ကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ် ထင်နေတာလား။ ရှစ်စွင်းက တာ့ယန်မှာ ပေါ်လာမယ်လို့ သူတို့ ဘာလို့ ထင်နေကြတာလဲ”
မင်ရှစ်ရင်က ဆို၏။
“ငါသာ သူတို့ဆိုရင် တာ့ယန်ကို သွားပြီး မိစ္ဆာဝေဟင်မျှော်နန်းမှာပဲ စောင့်နေမှာပေါ့။ သူတော်စင်ချန်ရဲ့ အစေခံ လုပ်ခဲ့သလိုမျိုးလေ။ အနှစ် ၂၀ ပဲဖြစ်ဖြစ် အနှစ် ၁၀၀ ပဲဖြစ်ဖြစ် စောင့်ရမှာပေါ့။ ဒီလိုမျိုး ဟိတ်ဟန်ထုတ်ပြတာကို အရူးပဲ အကွက်ထဲ ကျမှာပေါ့”
“လောင်စစ်” လုကျိုးက လှမ်းခေါ်လိုက်သည်။
“ဟုတ်ကဲ့ ရှစ်စွင်း”
“ငါ့တပည့်တွေထဲမှာ မင်းက အတည်ငြိမ်ဆုံးပဲ။ ငါ တာ့ဟန်ကို သွားပြီး စုံစမ်းဖို့ အစီအစဉ်ရှိတယ်။ မင်း ငါနဲ့ လိုက်ခဲ့ရမယ်” လုကျိုး ဆိုလိုက်၏။
“အာ…” မင်ရှစ်ရင် ကြောင်အသွားရသည်။
လူတိုင်းကတော့ ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်ထားကြရသည်။
ရှောင်ယွမ်အာက လက်မြှောက်ကာ စိတ်လှုပ်ရှားစွာ ဆို၏။
“ရှစ်စွင်း... ရှစ်စွင်း... တပည့်လည်း လိုက်မယ်”
“မင်းက သင်းပျံ့တောင်ကြားမှာပဲ နေပြီး ကောင်းကောင်း ကျင့်ကြံနေပါ” လုကျိုးက ပြောလိုက်သည်။
'သူတို့ ပစ်မှတ်ထားတာက မင်းပဲ။ ရှစ်စွင်းရဲ့ ခွန်အားက ဘယ်လောက်ပဲ ထူးကဲနေပါစေ မင်းကိုတော့ သေတွင်းထဲ မပို့နိုင်ဘူး...'
ထို့နောက် လုကျိုးသည် ကျန်သည့်သူများကို ဝေ့ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“နောက်ထပ် ဘယ်သူ ငါနဲ့ လိုက်ချင်သေးလဲ”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းမှာ တညီတညွတ်တည်း ဦးညွှတ်လိုက်ကြပြီး ဆိုကြသည်။
“မျှော်နန်းသခင်ရဲ့ အမိန့်အတိုင်း မီးထဲရေထဲအထိ လိုက်ပါဖို့ အသင့်ပါပဲ”
“လူအများကြီး ခေါ်သွားဖို့က မလွယ်ဘူး” လုကျိုးက ဆိုလိုက်၏။ သူသည် ချင်နိုင်ဟယ်ကဲ့သို့ လူအနည်းငယ်ကိုသာ ခေါ်သွားရန် စဉ်းစားထားခြင်း ဖြစ်သည်။ မင်ရှစ်ရင်မှာလည်း အတော်လေး တည်ငြိမ်သူဖြစ်သဖြင့် ရွေးချယ်မှု ကောင်းတစ်ခုပင်။ မိစ္ဆာဝေဟင်မျှော်နန်းတွင် လူများလွန်းသဖြင့် ရွေးချယ်ရသည်မှာ ခက်ခဲလှပေသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်တစ်ဦးအနေဖြင့် သူသည် တရားမျှတရမည်ဖြစ်သလို ဘက်လိုက်၍လည်း မဖြစ်ပေ။
ထိုအချိန်တွင် ချင်းယွမ်က ပြုံးလျက် ဆို၏။
“ကျုပ် မျှော်နန်းသခင်လုနောက်ကို လိုက်ပါပါ့မယ်”
အမှန်စင်စစ် ချင်းယွမ်သည် ပြင်ပလောက၏ အပြောင်းအလဲများကို မြင်တွေ့ချင်နေသည်မှာ ကြာလှပြီ ဖြစ်သည်။ သူမသည် နှစ်ပေါင်းများစွာ ထိုဆန္ဒကို အောင့်အည်းသည်းခံခဲ့ရသည်။ ယခုမူ ဆိုးယုတ်သူတစ်ပါးက သူမဘေးတွင် ရှိနေမှတော့ ဤကဲ့သို့သော အခွင့်အရေးကောင်းကို သူမ မည်သို့ လက်လွှတ်ခံနိုင်ပါ့မည်နည်း။ အကယ်၍ ဤအခွင့်အရေးကို သူမ မဆုပ်ကိုင်နိုင်ခဲ့လျှင် သူမကိုယ်သူမ လွှတ်ချရာ ရောက်ပေလိမ့်မည်။
“မင်းက ငါနဲ့ လိုက်ချင်တာလား” လုကျိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
ချင်းယွမ်က ဦးညွှတ်လျက် ဆို၏။
“မျှော်နန်းသခင်လု စိတ်မပူပါနဲ့။ သင်းပျံ့တောင်ကြားရဲ့ ဟိုဘက်ခြမ်းက ဗဟိုချက်ဟာ မွေးဖွားစမ်းသပ်မှုတွေ ကျော်ဖြတ်ဖို့အတွက် သဘာဝအတိုင်း ရှိနေတဲ့ နေရာတစ်ခုပါ။ ချင်းယွမ်အသိုက်အမြုံက ဘာမှ ပြောင်းလဲမှု မလုပ်သရွေ့တော့ သူတို့ ဒီနေရာမှာ မွေးဖွားခြင်းစမ်းသပ်မှု ကျော်ဖြတ်ဖို့က ပြဿနာ မဟုတ်ပါဘူး။ သူတို့လည်း လုပ်မှာ မဟုတ်ပါဘူး”
လုကျိုး ခေါင်းညိတ်ပြလိုက်၏။ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူတစ်ဦး သူနှင့် လိုက်ပါလာခြင်းက ပို၍ အကျိုးရှိလိမ့်မည်။
ချင်းယွမ်က ဆက်ပြောလိုက်သည်။
“တခြားလူတွေ လိုက်ဖို့ မလိုပါဘူး။ ကျုပ် မျှော်နန်းသခင်လုရဲ့ တပည့်တွေအကြောင်းကို နားလည်သွားပါပြီ။ သူတို့ထဲက အများစုဟာ ဆရာသခင်တွေ ဖြစ်နေကြပြီဖြစ်သလို အချို့ဆိုရင် သူတော်စင်ဖြစ်ဖို့ နီးကပ်နေပါပြီ။ ဒီနေရာကနေ ထွက်သွားတာဟာ သူတို့ရဲ့ ကျင့်ကြံမှုကို နှောင့်နှေးစေမှာပဲ ရှိပါလိမ့်မယ်”
“သူတော်စင်ဖြစ်ဖို့ နီးကပ်နေပြီ ဟုတ်လား” လုကျိုး အနည်းငယ် အံ့အားသင့်သွားရသည်။
'ငါက သူတို့ဆရာပါ၊ ငါတောင်မှ ဒီအပြောင်းအလဲတွေကို သတိမထားမိပါလား...'
ချင်းယွမ်က သူမ၏ လက်များကို ဆန့်ထုတ်လျက် သက်ပြင်းချလိုက်၏။
“ကျုပ် နားမလည်နိုင်တဲ့ တစ်ဦးတည်းသောသူကတော့ ဒီမိန်းကလေးပါပဲ။ သူမရဲ့ အထက်ကန့်သတ်ချက်က ပွင့်သွားပြီဖြစ်သလို သူမရဲ့ ကျင့်ကြံမှုကလည်း ပုံမှန်နိယာမတွေနောက်ကို လိုက်မနေဘူး။ ဒါ့အပြင်...”
ထိုအချိန်တွင် မင်ရှစ်ရင်က ကြားဖြတ် ပြောလိုက်သည်။
“ချန်းပေ့... ဒီအကြောင်းတွေ ဆက်မပြောပါနဲ့တော့။ ရှစ်စွင်းက ချန်းပေ့ထက်တောင် ဒါကို ပိုသိပါသေးတယ်။ အခုတော့ အမြန်ဆုံး ထွက်ခွာကြတာ ပိုကောင်းပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် တာ့ဟန်က ကျုပ်တို့ လာကယ်မှာကို စောင့်နေတာလေ”
ချင်းယွမ်က ခေါင်းညိတ်လျက် ပြောလိုက်သည်။
“ကောင်းပါပြီ”
ချင်းယွမ်မှာ အပြင်ထွက်ကြည့်ရန် တကယ့်ကို စိတ်စောနေပြီ ဖြစ်သည်။
လုကျိုးက လက်နောက်ပစ်လျက် ပြောလိုက်သည်။
“မင်းတို့အားလုံး သင်းပျံ့တောင်ကြားမှာပဲ ကောင်းကောင်း ကျင့်ကြံနေကြ”
“နှုတ်ဆက်ပါတယ် မျှော်နန်းသခင်”
“နှုတ်ဆက်ပါတယ် ရှစ်စွင်း”
လုကျိုးသည် ပျံလွှားငှက်တစ်ကောင်ပမာ သင်းပျံ့တောင်ကြား၏ အဝင်ဝဆီသို့ ပျံသန်းသွားတော့သည်။ မင်ရှစ်ရင်၊ ချုံးချီနှင့် ချင်းယွမ်တို့မှာလည်း သူ၏နောက်မှ လိုက်ပါသွားကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံး မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားကြတော့သည်။
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းဆီသို့ စူးစိုက်ကြည့်နေသည့် ယွီရှန်းရုန်က ဆို၏။
“ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူဆိုတဲ့အတိုင်းပဲ၊ ငါ့ရဲ့ ကျင့်ကြံမှုက နက်ရှိုင်းတယ်ဆိုတာကို သူမ အာရုံခံနိုင်သားပဲ”
ယွီကျန့်ဟိုင်မှာ မနေနိုင်တော့ဘဲ ဆိုလိုက်သည်။
“အာ့ရှစ်ရှိုး... သူက ရှစ်ရှိုးကို ရည်ရွယ်ပြီး ပြောတာမှန်း ဘယ်လိုသိတာလဲ”
ယွီရှန်းရုန်က ပြုံးလျက် ပြန်ဖြေလိုက်၏။
“ဘာပဲဖြစ်ဖြစ် ငါက ၁၄ ခုမြောက် ပွင့်ချပ် ထွက်တော့မှာလေ”
ယွီရှန်းရုန်၏ စကားကို ကြားသောအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းမှာ အံ့အားသင့်သွားကြရသည်။ ကြာပွင့် ဖြတ်တောက်ထားသူများမှာမူ အံ့အားသင့်ရုံသာမက မိမိကိုယ်ကို အားမလိုအားမရဖြစ်ပြီး နိမ့်ကျသည်ဟုပင် ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ကွာခြားချက်က ကြီးမားလွန်းသည် မဟုတ်ပါလော။
ယွီကျန့်ဟိုင်က ဆို၏။
“အနည်းငယ် ကွဲပြားတာဟာ မိုင်ပေါင်း တစ်ထောင်လောက် ဝေးကွာသွားသလိုပါပဲ။ တော့မှာ ဆိုတာက ဘာမှ အဓိပ္ပာယ် မရှိသေးပါဘူး...”
ချလွင်။
ထိုအခိုက်အတန့်တွင် တွမ့်မူရှန်းသည် နယ်ရှင်လှံ့ကို မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်ပြီးမှ ပြန်လည် မြှောက်ကိုင်လိုက်သည်။ ယင်းကို မြင်သောအခါ ကျူးဟုန်ကုန်းက လက်ခုပ်တီးလျက် ဆို၏။
“စန်းရှစ်ရှိုးက တကယ့်ကို အရှိန်အဝါ ကြီးမားတာပဲ။ သူက တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးကို စိန်ခေါ်တော့မှာ”
လူတိုင်းမှာ တွမ့်မူရှန်းထံသို့ တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။
တွမ့်မူရှန်းက အကြီးအကဲ လေးဦးထံရှိ နယ်ရှင်လှံကို ညွှန်ပြလျက် ဆိုလိုက်၏။
“အကြီးအကဲတို့... ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး”
အကြီးအကဲ လေးဦး - “...”
လုကျိုး၊ မင်ရှစ်ရင်နှင့် ချင်းယွမ်တို့ သင်းပျံ့တောင်ကြားမှ ထွက်လာပြီးနောက် ချင်းယွမ်သည် မှောင်မိုက်နေသည့် ကောင်းကင်ယံနှင့် ဟိုဟိုဒီဒီ ပျံသန်းနေသည့် သားရဲများကြောင့် စိတ်ဝင်စားသွားရသည်။ ထို့နောက် သူမက မျက်မှောင်ကျုံ့လျက် ဆို၏။
“မျှခြေ မညီမျှမှု”
“မှန်တယ်။ နယ်မြေကိုးခုနဲ့ အမည်မသိကုန်းမြေက မျှခြေပျက်နေတာ အနှစ် ၁၀၀ ကျော်နေပါပြီ။ အခြေအနေက ကောင်းမလာတဲ့အပြင် ပိုပြီးတောင် ဆိုးလာသေးတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။
ချင်းယွမ်က စိုးရိမ်တကြီးဖြင့် ဆို၏။
“အကယ်၍ ကောင်းကင်ကြီး ပြိုကျသွားရင် ကုန်းမြေတွေလည်း ပြိုလဲသွားမှာပဲ။ ချင်းယွမ်အသိုက်အမြုံအတွက်ကော ဒီဘေးအန္တရာယ်ကနေ ရှောင်လွှဲဖို့ မဖြစ်နိုင်တော့ဘူးလား”
လုကျိုးသည် ချင်းယွမ်ကို ကြည့်ကာ ဘာပြောရမှန်း မသိဖြစ်သွားရသည်။ ဒါကတော့ အစိုးရိမ်လွန်နေသည့် သာဓကတစ်ခုပင်။ နောက်ဆုံးတွင် သူက လေသံအေးအေးဖြင့် ဆိုလိုက်၏။
“ဒါဟာ ကောင်းချီးတစ်ခုဖြစ်ပြီး ဘေးဒုက္ခ မဟုတ်ဘူး။ ရှောင်လွှဲနေရမဲ့အရာလည်း မဟုတ်ဘူး”
“မျှော်နန်းသခင်လု ပြောတာ မှန်ပါတယ်” ချင်းယွမ်က ခေါင်းညိတ်လျက် ဆိုလိုက်သည်။ သူမ စိတ်ထဲမှမူ တွေးနေမိသည်။
'ရှေးခေတ်က ကုန်းမြေကွဲအက်စဉ်တုန်းကတောင် ဆိုးယုတ်သူတစ်ပါးဟာ ပြန်လည်ရှင်သန်နိုင်ခဲ့သလို အမွေအနှစ်ပစ္စည်းများစွာကိုလည်း ပိုင်ဆိုင်ထားတာဆိုတော့ ချင်းယွမ်အသိုက်အမြုံကို ကယ်တင်ဖို့က သူ့အတွက် ပြဿနာ မဟုတ်လောက်ဘူး'
ဤအတွေးကြောင့် ချင်းယွမ်၏ စိတ်မှာ ပြန်လည် ကြည်လင်သွားတော့သည်။
တစ်ရက်အကြာတွင်ဖြစ်သည်။
အနောက်မြို့တော် လော့ယန်တွင် ဖြစ်သည်။
ပုံမှန်အားဖြင့် စည်ကားလှသော လမ်းမများပေါ်တွင် ယခုမူ ခြောက်ကပ်ငြိမ်သက်နေသော အငွေ့အသက်များ လွှမ်းမိုးနေသည်။ လူများမှာ ကသောကမျော သွားလာနေကြပြီး ဈေးသည်အများအပြားမှာလည်း အရောင်းအဝယ် မရှိကြပေ။
ပျံသန်းခြင်း တားမြစ်ထားသည့် စည်းကမ်းကို ဂရုမစိုက်ဘဲ ကောင်းကင်ယံ၌ ကျင့်ကြံသူများ တစ်ခါတစ်ရံ ပျံသန်းနေသည်ကို မြင်တွေ့ရသည်။
“ဒါက လူသားတွေရဲ့ မြို့လား” ချင်းယွမ်က အသားမကျသေးဟန်ဖြင့် မေးမြန်းလိုက်သည်။
မင်ရှစ်ရင် ခေါင်းညိတ်ပြလိုက်၏။ “ဟုတ်ပါတယ်”
လုကျိုး ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်သည်။ ကျင့်ကြံသူ အများအပြား တစ်ဖက်တည်းသို့ ပျံသန်းနေကြသည်ကို မြင်သောအခါ သူက ဆိုလိုက်၏။
“သူတို့နောက်ကို လိုက်ကြည့်ကြရအောင်၊ ဘာတွေ ဖြစ်နေလဲဆိုတာ သိရတာပေါ့”
“ဟုတ်ကဲ့”
လုကျိုးက ဦးဆောင်လျက် အနောက်မြို့တော်၏ မြောက်ဘက်ဆီသို့ ပျံသန်းသွားသည်။ သုံးဦးသား အရှိန်အဟုန်ဖြင့် ပျံသန်းခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံသူ အနည်းငယ်ကို အမှီလိုက်နိုင်သွားသည်။
မင်ရှစ်ရင်က ရှေ့ထွက်ကာ ကျင့်ကြံသူတစ်ဦးကို မေးမြန်းလိုက်သည်။
“ခင်ဗျားတို့ ဘယ်ကို သွားနေကြတာလဲ”
ထိုကျင့်ကြံသူက မင်ရှစ်ရင်ကို ထူးဆန်းသလို ကြည့်ကာ ပြန်မေး၏။ “မင်း မသိဘူးလား”
“မသိဘူး”
“သူတော်စင်ချန် ထွက်သွားပြီးတဲ့နောက်မှာ မဟာလေဟာနယ်က လူတွေ ဒီကို ရောက်လာပြီး မိန်းကလေးတစ်ယောက်ကို ရှာနေကြတယ်။ ကျုပ်တို့က အဲဒီမိန်းကလေးကို မြန်မြန် ရှာတွေ့မှ အဲဒီလူတွေကို ဒီကနေ နှင်ထုတ်နိုင်မှာလေ” ထိုကျင့်ကြံသူက ပြောလိုက်သည်။
“ဒါဆို အခု ခင်ဗျားတို့ အဲဒါကိုပဲ လုပ်နေကြတာပေါ့” မင်ရှစ်ရင်က မေးလိုက်သည်။
ထိုကျင့်ကြံသူက စိတ်မရှည်စွာဖြင့် ဆို၏။
“မင်းမှာ အမှတ်အသား မရှိဘူး မဟုတ်လား။ သူတစ်ပါး ဒုက္ခရောက်နေတာကို ဘေးကနေ ဝမ်းသာအားရ ဖြစ်မနေနဲ့။ ကျုပ်တို့နားကနေ ဝေးဝေးသွားစမ်း”
မင်ရှစ်ရင် မျက်လုံးလှန်လိုက်ပြီး ဆိုလိုက်၏။
“နားလည်ပါပြီ။ ခင်ဗျားတို့က မဟာလေဟာနယ်ရဲ့ အမှတ်အသား အလုပ်ခံထားရလို့ သူတို့ကို ကူညီပေးနေရတာပေါ့။ ခင်ဗျားတို့ မလွတ်နိုင်တော့ဘူး မဟုတ်လား”
မင်ရှစ်ရင်က သူ၏ အနာကို ဆားနှင့် ပက်လိုက်သဖြင့် ထိုကျင့်ကြံသူမှာ ဒေါသထွက်သွားပြီး အော်ဟစ်လိုက်တော့သည်။
“ငါ့လမ်းကနေ ဖယ်စမ်း”
မင်ရှစ်ရင်ကမူ မမှုဘဲ ဆက်ပြောလိုက်၏။
“ကျွန်တော် မဖယ်နိုင်ပါဘူး။ ကျွန်တော်က ခင်ဗျားတို့ကို လာကယ်တာလေ။ သူတို့က ဘယ်သူတွေလဲ၊ ဘယ်မှာ ရှိကြလဲ”
…
အခန်း (၁၅၃၀) တောင်ပံမျိုးနွယ်စုမှ စတင်ခြင်း
မင်ရှစ်ရင်၏ စကားကို ကြားသောအခါ ထိုကျင့်ကြံသူမှာ ပိုမို၍ ဒေါသထွက်သွားသည်။ သူသည် မဟာလေဟာနယ်မှ ကျင့်ကြံသူများ၏ နှိပ်စက်မှုကို ခံနေရရသည်မှာ လုံလောက်နေပြီ ဖြစ်သည်။ ယခုမူ မည်သူမှန်းမသိသော လူတစ်ယောက်ကပါ လာရောက် အနိုင်ကျင့်နေသည်ကို သူ မည်သို့ သည်းခံနိုင်ပါ့မည်နည်း။ ထိုကျင့်ကြံသူက နှာခေါင်းရှုံ့လျက် ဆို၏။
“မင်း တစ်ယောက်တည်းနဲ့လား”
“မဟုတ်ဘူး။ ငါ့ရဲ့ ရှစ်စွင်းနဲ့ ဒီလူကြီးမင်းလည်း ပါသေးတယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
ထိုကျင့်ကြံသူသည် လုကျိုးနှင့် ချင်းယွမ်ကို သံသယဖြင့် ကြည့်လိုက်ပြီးနောက် သက်ပြင်းချလျက် ဆိုလိုက်၏။
“ဒီကိစ္စထဲကို အမှတ်မထင် ဝင်မပါကြဖို့ ကျုပ် အကြံပေးပါရစေ။ တတ်နိုင်သမျှ ဝေးဝေးမှာပဲ နေကြပါ။ သူတော်စင်ချန် ဒီမှာ ရှိနေရင်တောင် သူလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ကြည့်ရတာ တာ့ဟန်ဟာ ဒီဘေးအန္တရာယ်ကနေ ရှောင်လွှဲနိုင်မှာ မဟုတ်တော့ဘူး ထင်တယ်”
“ဟဲဟဲ... ကျွန်တော်ကတော့ ခင်ဗျားကို အကောင်းပြောနေတာပဲ။ ခင်ဗျားက မယုံဘူးဆိုမှတော့ ကျွန်တော် လက်တွေ့ပဲ ပြရတော့မှာပေါ့” မင်ရှစ်ရင်က ဆိုလိုက်သည်။
ဝှစ်
မင်ရှစ်ရင်သည် လျှပ်စီးပမာ လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုကျင့်ကြံသူ၏ ရှေ့သို့ ရောက်ရှိသွား၏။ ထို့နောက် သူ၏ လက်ကို ဆန့်ထုတ်ကာ တောင်တစ်လုံးပမာ ကြီးမားသော လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုကျင့်ကြံသူမှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် မည်သို့မျှ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ တိုက်ကွက်မှာ သူ့အပေါ်သို့ ကျရောက်လာသည်ကို ငေးကြည့်နေရုံသာ ရှိတော့သည်။
ဘုန်း
ထိုကျင့်ကြံသူသည် ကောင်းကင်ယံမှ ပြုတ်ကျသွားတော့သည်။ မင်ရှစ်ရင်က အောက်သို့ ဆင်းသွားပြီး ထိုသူ၏ ကော်လံကို ဆွဲကာ လေထဲသို့ ပြန်လည် ပျံတက်လာခဲ့သည်။ ထို့နောက် သူက မေးမြန်းလိုက်၏။
“အဲဒီလူတွေက ဘယ်သူတွေလဲ။ သူတို့ ဘယ်မှာလဲ”
“မရိုက်ပါနဲ့... မရိုက်ပါနဲ့တော့။ ကျုပ် သိသမျှ အကုန်ပြောပါ့မယ်။ သူတို့က မဟာလေဟာနယ်ကလို့ ပြောကြတယ်။ သူတို့အားလုံးက တကယ်ကို အစွမ်းထက်ကြတယ်။ သူတို့ထဲက တစ်ယောက်ဆိုရင် သူကိုယ်သူ တာအိုသူတော်စင်လို့တောင် ပြောသေးတယ်” ထိုကျင့်ကြံသူက နာကျင်မှုကို အောင့်အည်းလျက် ချွေးသီးချွေးပေါက်များ ကျကာ ပြောလိုက်သည်။
မင်ရှစ်ရင်သည် လုကျိုးနှင့် ချင်းယွမ်ကို လှမ်းကြည့်လိုက်သောအခါ လုကျိုးမှာ မျက်မှောင်အနည်းငယ် ကျုံ့နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အလျင်အမြန်ပင် ရှင်းပြလိုက်၏။
“ရှစ်စွင်း... ကျွန်တော်သာ သူ့ကို မရိုက်ရင် သူက အမှန်အတိုင်း ပြောမှာ မဟုတ်ဘူး။ တစ်ခါတလေကျရင် ဒီလို ရှေးရိုးနည်းလမ်းလေးတွေက တော်တော်လေး အသုံးဝင်တယ်ဗျ”
လုကျိုးသည် မင်ရှစ်ရင်ကို ဂရုမစိုက်ဘဲ အရိုက်ခံထားရသည့် ကျင့်ကြံသူကို ကြည့်ကာ မေးမြန်းလိုက်သည်။
“သူတို့က မဟာလေဟာနယ်ကဆိုတာ မင်းမှာ ဘာသက်သေ ရှိလဲ”
ထိုကျင့်ကြံသူက တုန်တုန်ယင်ယင်ဖြင့် ဆို၏။
“သူတို့ဘာသာ သူတို့ အဲလို ပြောတာပဲလေ”
ဤမေးခွန်းမှာ အတော်လေး အကျိုးမဲ့လှသဖြင့် လုကျိုးက ထပ်မံ မေးလိုက်သည်။
“မင်းတို့ ဘယ်ကို သွားနေကြတာလဲ”
“လော့ယန်ရဲ့ မြောက်ဘက်မြို့တော်ပါ။ သူတို့က မြောက်ဘက်မြို့တော်ကို အခြေစိုက်စခန်းအဖြစ် သုံးနေကြတာ။ ကျုပ်လည်း အပြစ်မရှိပါဘူးဗျာ... ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ” ထိုကျင့်ကြံသူက ဆိုသည်။
မင်ရှစ်ရင်က ပြောလိုက်သည်။
“ရှစ်စွင်း... ကျွန်တော်တို့ သွားကြည့်လိုက်ရင် သိရမှာပါ”
“ကောင်းပြီ”
မင်ရှစ်ရင်သည် ထိုကျင့်ကြံသူ၏ တင်ပါးကို တစ်ချက်ကန်၍ လွှတ်လိုက်တော့သည်။ ထိုကျင့်ကြံသူမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ သူသည် လုကျိုး၊ မင်ရှစ်ရင်နှင့် ချင်းယွမ်တို့ ပျံသန်းထွက်ခွာသွားသည်ကို စောင့်ကြည့်နေပြီးမှ မြောက်ဘက်မြို့တော်ဆီသို့ ဆက်လက် ပျံသန်းသွားတော့သည်။
လော့ယန်မြို့၏ မြောက်ဘက်တွင်ဖြစ်သည်။
ကျင့်ကြံသူ အများအပြားမှာ ကောင်းကင်ယံ၌ ဝဲပျံနေကြသည်။ ဤနေရာမှာ လော့ယန်မြို့တွင် အခန့်ညားဆုံး နေရာတစ်ခု ဖြစ်သည်။ ဤနေရာရှိ နန်းတော်ကြီးမှာ တော်ဝင်မိသားစု၏ အာဏာစက်ကို ဖော်ညွှန်းနေပေသည်။ လုကျိုး၊ ချင်းယွမ်နှင့် မင်ရှစ်ရင်တို့မှာ နန်းတော်အနီးတွင် ပေါ်လာကြ၏။ ကောင်းကင်ယံတွင် ပြည့်နှက်နေသော ကျင့်ကြံသူများကို မြင်သောအခါ သူတို့၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာများ ပေါ်လာသည်။ ထိုအချိန်တွင် ဝတ်ရုံဖြူ ကျင့်ကြံသူ နှစ်ဦးသည် နန်းတော်အတွင်းမှ ကြွေလွင့်ကြယ်များပမာ ပျံထွက်လာပြီး ကောင်းကင်ယံရှိ ကျင့်ကြံသူများထံသို့ ဦးတည်သွားကြသည်။
ဘုန်း ဘုန်း
ကျင့်ကြံသူ နှစ်ဦးမှာ ချက်ချင်းပင် ဒဏ်ရာရရှိသွားပြီး သွေးများ အန်ထုတ်ကာ မြေပြင်သို့ ပြုတ်ကျသွားကြတော့သည်။ ထို့နောက် ဝတ်ရုံဖြူ ကျင့်ကြံသူ နှစ်ဦးမှာ တစ်ဦးက လက်ဝဲ၊ တစ်ဦးက လက်ယာဘက်တွင် ဝဲပျံနေရင်း ကျန်ရှိနေသော ကျင့်ကြံသူများကို ကြည့်လိုက်ကြ၏။
“အမှိုက်တွေ။ လူတစ်ယောက်တောင် မရှာနိုင်ကြဘူးလား။ ငါ ပြောထားမယ်... ငါ့ရဲ့ သည်းခံနိုင်စွမ်းမှာ အကန့်အသတ် ရှိတယ်။ အကယ်၍ မင်းတို့ အဲဒီလူကို ရှာမတွေ့ရင် ငါတို့ နေ့တိုင်း လူနှစ်ယောက်စီ သတ်ပစ်မယ်။ ထွက်ပြေးဖို့ မကြိုးစားနဲ့... မင်းတို့အားလုံးကို အမှတ်အသား လုပ်ထားပြီးသား။ မင်းတို့ ကမ္ဘာပတ်ပြေးရင်တောင် ငါတို့ ရှာတွေ့မှာပဲ” ဝတ်ရုံဖြူ ကျင့်ကြံသူ တစ်ဦးက ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်ရှိနေသော ကျင့်ကြံသူများ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားကြတော့သည်။ ချင်းယွမ်မှာ တိုက်ခိုက်ချင်စိတ် ပေါက်သွားသော်လည်း လုကျိုးက သူမကို တားဆီးလျက် ဆို၏။
“အရင်ဆုံး တစ်ဖက်လူက ဘယ်သူလဲဆိုတာ ကြည့်ရအောင်”
ချင်းယွမ်က ခေါင်းညိတ်လျက် ပြောလိုက်သည်။
“မျှော်နန်းသခင်လု ပြောတာ မှန်ပါတယ်”
ဘာပဲဖြစ်ဖြစ် အကယ်၍ သူတို့သည် မဟာလေဟာနယ်မှ အထွတ်အထိပ်သက်ရှိတစ်ပါးနှင့် ကြုံတွေ့ရမည်ဆိုလျှင် လှည့်ပြန်ပြီး ပြေးကြရမည်သာ ဖြစ်သည်။ သူတို့အနေဖြင့် မဆင်မခြင် လှုပ်ရှား၍ မဖြစ်ပေ။
ဝတ်ရုံဖြူ ကျင့်ကြံသူက ဆက်လက် ဆိုလိုက်၏။
“ငါ မင်းတို့ကို နောက်ထပ် သုံးရက် အချိန်ပေးမယ်။ အကယ်၍ မင်းတို့ အဲဒီမိန်းကလေးကို ရှာမတွေ့သေးဘူးဆိုရင် ငါတို့ နေ့တိုင်း လူငါးယောက်စီ သတ်မယ်”
ထိုအချိန်တွင် နောက်ဘက်တွင် ရပ်နေသော ကျင့်ကြံသူတစ်ဦးက ရုတ်တရက် လက်မြှောက်ကာ ဆိုလိုက်၏။
“ကျွန်... ကျွန်တော့်မှာ သဲလွန်စတစ်ခု ရှိပါတယ်”
ဝတ်ရုံဖြူ ကျင့်ကြံသူက မျက်မှောင်ကျုံ့လိုက်သည်။
“မင်းမှာ သဲလွန်စရှိရင် ဘာလို့ စောစောက မပြောတာလဲ”
“ဒါကတော့...”
ဝတ်ရုံဖြူ ကျင့်ကြံသူမှာ ချက်ချင်းပင် သူ၏ လက်ဝါးဖြင့် ရိုက်နှက်လိုက်ရာ အမည်းရောင် လက်ဝါးစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။ သူတို့သည် နတ်သားများကဲ့သို့ ဝတ်ဆင်ထားသော်လည်း လုပ်ရပ်မှာမူ မိစ္ဆာများကဲ့သို့ပင်။
ဘုန်း။
လက်ဝါးစည်းတံဆိပ်မှာ ထိုကျင့်ကြံသူအပေါ် တိုက်ရိုက် ကျရောက်သွားသည်။ သူသည် ညည်းညူသံတစ်ချက် ထွက်ပေါ်လာပြီး ပေ ၃၀၀ ခန့် နောက်သို့ လွင့်သွားရ၏။ သူသည် သူ၏ ဟန်ချက်ကို ပြန်ထိန်းလိုက်ပြီးနောက် ဆိုလိုက်သည်။
“တစ်ယောက်ယောက်က သူမကို ဆောင်းဦးနှင်းစက်တောင်မှာ မြင်ခဲ့တယ်လို့ ပြောပါတယ်”
“ဆောင်းဦးနှင်းစက်တောင်က သူတော်စင်ချန်ရဲ့ နေရာပဲ။ သူနဲ့ သူ့တပည့်တွေ ဒီမှာ မရှိကြဘူး။ သူတို့ ဘယ်ကို သွားကြလဲဆိုတာ မင်း သိသလား” ဝတ်ရုံဖြူ ကျင့်ကြံသူက မေးလိုက်သည်။
“ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အဲဒီမိန်းကလေးက ရွှေကြာနယ်မြေက ပညာရှင်တစ်ယောက် ဖြစ်ပုံရပါတယ်။ သူမက ရွှေကြာနယ်မြေက လာတာထင်တယ်”
ထိုစကား ဆုံးသွားသည်နှင့် နောက်ထပ် ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်၏။
“ပေါက်ကရတွေ။ သူမက ဘယ်လိုလုပ် ရွှေကြာနယ်မြေက ပညာရှင် ဖြစ်နိုင်မှာလဲ”
ဝတ်ရုံဖြူ ကျင့်ကြံသူ၏ အကြည့်မှာ စူးရှသွားပြီး ထိုသူတို့၏ အခြေအတင် စကားပြောဆိုမှုကို စောင့်ကြည့်နေသည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်၏။ အမည်းရောင် စွမ်းအင်တန်းတစ်ခုမှာ နဂါးတစ်ကောင်ပမာ ပြေးထွက်သွားတော့သည်။
ဝှစ်။
ထိုစွမ်းအင်မှာ ဒုတိယကျင့်ကြံသူ၏ လည်ပင်းကို ရစ်ပတ်လိုက်ပြီး ဆွဲထုတ်လိုက်သည်။ ဝတ်ရုံဖြူ ကျင့်ကြံသူက ထိုကျင့်ကြံသူကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။
“သူက ရွှေကြာနယ်မြေက မဟုတ်ဘူးဆိုတာ မင်း ဘယ်လိုသိတာလဲ”
“ကျွန်... ကျွန်တော်... နှစ်မြွှာကြာနယ်မြေက တခြားနယ်မြေတွေနဲ့ ဘယ်တုန်းကမှ အဆက်အသွယ် မရှိခဲ့ပါဘူး။ ရွှေကြာနယ်မြေက ကျင့်ကြံသူတစ်ယောက် ဒီကို ရောက်နေဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုကျင့်ကြံသူမှာ မျက်နှာနှင့် နားရွက်များပါ နီမြန်းလျက် ဆိုလိုက်သည်။
“မင်း နာမည် ဘယ်သူလဲ”
“ကျွန်တော့်... ကျွန်တော့်နာမည်က ယန်းမူ ပါ”
ထိုနာမည်ကို ကြားသောအခါ လုကျိုး မျက်မှောင်အနည်းငယ် ကျုံ့လိုက်မိသည်။ ထိုနာမည်မှာ ရင်းနှီးနေသော်လည်း ထိုသူကို မည်သည့်နေရာတွင် မည်သည့်အချိန်က တွေ့ခဲ့သည်ကို သူ ပြန်မမှတ်မိနိုင် ဖြစ်နေသည်။ ထို့ကြောင့် သူသည် အခြားကျင့်ကြံသူတစ်ဦး၏ နားသို့ တိုးသွားပြီး တိုးတိုးလေး မေးမြန်းလိုက်၏။
“သူက ဘယ်သူလဲ”
ထိုသူက လုကျိုး၊ မင်ရှစ်ရင်နှင့် ချင်းယွမ်တို့ကို လှည့်ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
“သူက နေဝင်ဆည်းဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ။ သူက သူတော်စင်ချန်နဲ့ အဆက်အသွယ် အချို့ ရှိပုံရတယ်”
ထိုအခါမှ လုကျိုးသည် ယန်းမူကို သတိရသွားတော့သည်။ သူ နှစ်မြွှာကြာနယ်မြေသို့ ပထမဆုံး ရောက်ရှိစဉ်က သူ့ကို ချန်ဖုထံသို့ ခေါ်ဆောင်သွားပေးခဲ့သူမှာ ယန်းမူ ပင် ဖြစ်သည်။ ထိုအချိန်တွင် ဝတ်ရုံဖြူ ကျင့်ကြံသူက ယန်းမူကို စူးစိုက်ကြည့်နေ၏။ ယန်းမူမှာ ဤအခိုက်အတန့်တွင် အလွန်ပင် မသက်မသာ ဖြစ်နေပြီး အကြည့်ကို လွှဲထားလိုက်သည်။ နောက်ဆုံးတွင် ဝတ်ရုံဖြူ ကျင့်ကြံသူက ဆိုလိုက်၏။
“မင်းက ဘာလို့ အကြည့်လွှဲနေတာလဲ။ မင်း အဲဒီမိန်းကလေးကို သိနေတဲ့ပုံပဲနော်”
“မဟုတ်ပါဘူး... မသိပါဘူး...” ယန်းမူက ငြင်းဆိုလိုက်သည်။
“ဒါဆို သူမက ရွှေကြာနယ်မြေက မဟုတ်ဘူးဆိုတာ ဘာလို့ ဒီလောက်အထိ သေချာနေရတာလဲ”
“ကျွန်တော်... ကျွန်တော် ပေါက်ကရ ပြောမိတာပါ”
ဘုန်း။
လက်ဝါးစည်းတံဆိပ်တစ်ခုမှာ ယန်းမူကို ပေ ရာဂဏန်းခန့် နောက်သို့ လွင့်သွားစေပြီး သွေးများ အန်ထုတ်စေလိုက်သည်။ ဝတ်ရုံဖြူ ကျင့်ကြံသူက ဆို၏။
“မဟာလေဟာနယ်က ကိစ္စတွေကို လုပ်ဆောင်တဲ့အခါ အမြဲတမ်း ဒီလိုပဲ။ ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ။ ကျေးဇူးကန်းတဲ့သူ မဖြစ်ပါစေနဲ့”
ထို့နောက် သူက လူတိုင်းကို ဝေ့ကြည့်ကာ ဆက်ပြောလိုက်သည်။
“အဲဒီမိန်းကလေးကို ရှာတွေ့တဲ့သူကို ငါတို့ ဆုလာဘ်တွေ ပေးမယ်။ အကယ်၍ မင်းတို့ ရှာမတွေ့ရင်တော့ သေဖို့သာ ပြင်ထားကြ။ ပုရွက်ဆိတ်တွေကို မဟာလေဟာနယ်က သနားလိမ့်မယ်လို့ မမျှော်လင့်နဲ့။ မဟုတ်ဘူး... မဟာလေဟာနယ်ရဲ့ မျက်လုံးထဲမှာ မင်းတို့က ပုရွက်ဆိတ်တွေလောက်တောင် တန်ဖိုး မရှိကြဘူး”
ခဏမျှ ရပ်နားပြီးနောက် ဝတ်ရုံဖြူ ကျင့်ကြံသူက အစောပိုင်းက စကားပြောခဲ့သည့် ကျင့်ကြံသူကို ကြည့်ကာ မေးမြန်းလိုက်သည်။
“သူမက ရွှေကြာနယ်မြေကဆိုတာ မင်း သေချာလား”
“သေချာပါတယ်” ထိုကျင့်ကြံသူက ဦးညွှတ်လျက် ဆို၏။
“အရှင်... ကျွန်တော့်မှာ ဆောင်းဦးနှင်းစက်တောင်ရဲ့ အပြင်စည်းတပည့် ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူက အဲဒီမိန်းကလေး အနီရောင် ပိတ်စကို ကိုင်ဆောင်ထားတာကို သူ့မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာပါ။ ဒါ့အပြင် သူမက မွေးဖွားဇယားချပ် ၂၀ ရှိတဲ့ ပညာရှင်တစ်ယောက်ပါ”
ထိုစကားကို ကြားသောအခါ ဝတ်ရုံဖြူ ကျင့်ကြံသူ၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
“သိပ်ကောင်းတယ်”
“သူတော်စင်ချန် ထွက်သွားကတည်းက သူတို့ကို ဘယ်သူမှ မမြင်ကြတော့ဘူး။ ကျွန်... ကျွန်တော့်မှာ အကြံတစ်ခု ရှိပါတယ်” ထိုကျင့်ကြံသူက ဆိုသည်။
“ပြောစမ်း”
“အရှင်... သူမကို ရွှေကြာနယ်မြေမှာ သွားရှာရင် ဘယ်လိုလဲခင်ဗျာ” ထိုကျင့်ကြံသူက မေးမြန်းလိုက်သည်။
မင်ရှစ်ရင် “...”
'ဒါကတော့ တကယ်ကို လွန်လွန်းနေပြီ'
ထိုအချိန်တွင် ယန်းမူသည် အားယူ၍ အသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။
“အရှင်... သူ့စကားကို မယုံပါနဲ့။ သူက ရွှေကြာနယ်မြေက မဟုတ်တာ သေချာပါတယ်။ သူ့ရဲ့ လှည့်စားမှုကို မခံပါနဲ့”
“မင်းက ပေါက်ကရတွေ ပြောနေတာ။ ငါ့သူငယ်ချင်းက သူ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ”
“မင်းကသာ ပေါက်ကရ ပြောနေတာ။ ကျုပ်တို့ရဲ့ နှစ်မြွှာကြာနယ်မြေမှာ ရွှေကြာနယ်မြေက ကျင့်ကြံသူတစ်ယောက် ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ” ယန်းမူက ပြန်လည် ချေပလိုက်သည်။
“အဲဒီမိန်းကလေးက ရွှေကြာနယ်မြေက ကျင့်ကြံသူတင် မကဘူး၊ သူမက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ရဲ့ တပည့်လည်း ဖြစ်သေးတယ်။ သူမက တပည့်တွေထဲမှာ ကိုးယောက်မြောက် တပည့်ဖြစ်ပြီး တပည့်တွေထဲမှာ ပါရမီအရှိဆုံးလည်း ဖြစ်တယ်။ ကျွန်တော် မမှားဘူးဆိုရင် သူမမှာ... သူမမှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေတာပဲ” ထိုကျင့်ကြံသူက ဆိုလိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ ယန်းမူပင်လျှင် မှင်တက်သွား၏။ ထိုအခါမှ တာ့ဟန်ရှိ ကျင့်ကြံသူများသည် မဟာလေဟာနယ်က အဘယ်ကြောင့် မိန်းကလေးငယ်တစ်ဦးကို ရှာဖွေရန် ဤမျှအထိ အားထုတ်နေရသည်ကို နားလည်သွားကြတော့သည်။ ဝတ်ရုံဖြူ ကျင့်ကြံသူက မေးမြန်းလိုက်သည်။
“မင်း သေချာလို့လား”
“ကျွန်တော် မသေချာပါဘူး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ဒါက ဖြစ်နိုင်ခြေ အရှိဆုံး အဖြေပါပဲ” ထိုကျင့်ကြံသူက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆိုသည်။
ယန်းမူကတော့ အရှုံးမပေးသေးပေ။ သူက ထိုစကားများကို ချေပလျက် ဆို၏။
“ဒါက သူမမှာ ထူးချွန်တဲ့ ဆရာတစ်ယောက် ရှိနေလို့ပါ။ မဟာလေဟာနယ်မျိုးစေ့ကြောင့် မဟုတ်ပါဘူး”
“ပါးစပ်ပိတ်စမ်း”
လက်ဝါးစည်းတံဆိပ်တစ်ခုမှာ ယန်းမူထံသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။ ၎င်းမှာ အလွန်ပင် အစွမ်းထက်လှပြီး ယန်းမူ၏ အသက်ကို နုတ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။ ယန်းမူသည် သူ၏ ရှေ့သို့ ရောက်ရှိလာသော လက်ဝါးစည်းတံဆိပ်ကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိ၏။ သူ၏ ခွန်အားနှင့်ဆိုလျှင် သူ့ရှေ့ရှိ ဆရာသခင်ကို မည်သို့မျှ မယှဉ်နိုင်မှန်း သူ သိသည်။ သူသည် ထိုအခိုက်အတန့်တွင် အေးခဲသွားသကဲ့သို့ ရှိနေ၏။
'အရာအားလုံး ပြီးဆုံးသွားပြီ'
လူတိုင်းက သက်ပြင်းချလိုက်ကြသည်။ အချို့က မျက်လုံးကို မှိတ်ထားကြသလို အချို့ကလည်း ခေါင်းခါလိုက်ကြ၏။ သို့သော် သူတို့အားလုံးက ယန်းမူသည် တကယ့်ကို အူကြောင်ကြောင် နိုင်လွန်းသည်ဟု ထင်နေကြသည်။ ဘာလို့များ ထိုစကားများကို ဤမျှအထိ ပြင်းပြင်းထန်ထန် ချေပနေရသနည်း။ ယန်းမူသည် လက်ဝါးစည်းတံဆိပ် ကျရောက်တော့မည့်အချိန်တွင် လက်လျှော့လိုက်သည့် အနေဖြင့် မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
ဘုန်း။
စွမ်းအင်တံဆိပ်များ ထိပ်တိုက်တွေ့ဆုံသွားသည့် အသံမှာ လေထဲတွင် ဟိန်းထွက်သွားသည်။ ယန်းမူသည် မျက်လုံးကို ချက်ချင်း မဖွင့်သေးပေ။ သူက စိတ်ထဲမှ တွေးနေမိသည်။ 'ဒါက သေရတဲ့ ခံစားချက်လား။ သိပ်တော့ မနာပါလား။ မဟုတ်ဘူး... ဘာမှကို မခံစားရတာ။ တစ်ဖက်လူက သိပ်ပြီး အစွမ်းထက်လွန်းလို့ ငါ ဘာမှမသိလိုက်ဘဲ သေသွားတာလား'
ယန်းမူ နောက်ဆုံးတွင် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့တွင် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးထွက်သွားပြီး အော်ဟစ်လိုက်မိ၏။
“ချန်း… ချန်းပေ့”
ပြောနေစရာပင် မလိုတော့ပါ၊ ယန်းမူ၏ ရှေ့တွင် ရှိနေသူမှာ လုကျိုးပင် ဖြစ်သည်။ လက်ဝါးစည်းတံဆိပ်ကို တားဆီးပြီးနောက် လုကျိုးသည် လက်နောက်ပစ်လျက် ရပ်နေ၏။ သူသည် ဝတ်ရုံဖြူ ကျင့်ကြံသူ နှစ်ဦးကို ကြည့်ကာ ခပ်အေးအေးပင် မေးမြန်းလိုက်သည်။
“မင်းတို့က မဟာလေဟာနယ်ကလား”
ဝတ်ရုံဖြူ ကျင့်ကြံသူ နှစ်ဦးမှာ ရုတ်တရက် ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသဖြင့် မကျေမနပ် ဖြစ်သွားကြသည်။ သူတို့၏ မျက်နှာမှာ ချက်ချင်းပင် အုံ့မှိုင်းသွားတော့သည်။ သူတို့ထဲမှ တစ်ဦးက မေးမြန်းလိုက်၏။
“မင်းက ဘယ်သူလဲ”
“ငါ့မေးခွန်းကို ဖြေစမ်း” လုကျိုးက ဆိုလိုက်သည်။
တစ်ဖက်တွင်မူ တာ့ဟန်မှ ကျင့်ကြံသူများသည် ရုတ်တရက် ပေါ်လာသည့် လုကျိုးကို အံ့ဩတကြီး ကြည့်နေကြသည်။ သူတို့အားလုံးက လုကျိုးသည် မဟာလေဟာနယ်မှ လူများကို ရင်ဆိုင်ရဲလောက်အောင် တကယ့်ကို ရဲတင်းလွန်းသည်ဟု ထင်နေကြ၏။ သူ သေတွင်းထဲကို ဆင်းချင်နေတာလားဟုလည်း သူတို့ တွေးမိသွားကြသည်။
“နောက်ထပ် အသိဉာဏ်မဲ့တဲ့ လူတစ်ယောက်ပဲ” ဝတ်ရုံဖြူ ကျင့်ကြံသူတစ်ဦးက မျက်မှောင်ကျုံ့လျက် ဆိုလိုက်ပြီးနောက် လုကျိုးထံသို့ အလင်းလုံး နှစ်လုံးကို ထုတ်လွှတ်လိုက်သည်။
ထိုအလင်းလုံးများမှာ လုကျိုး၏ ရှေ့ ပေအနည်းငယ်အကွာသို့ ရောက်ရှိလာသောအခါ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ သူ၏ အံ့ဖွယ်အမှတ်အသားဝတ်ရုံမှာ ထိုအလင်းလုံးများကို တွန်းကန်ထုတ်လိုက်စဉ် အနည်းငယ် တရှပ်ရှပ် မြည်သွားရုံသာ ရှိတော့သည်။
ယင်းကို စောင့်ကြည့်နေသည့် ချင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လျက် ဆိုလိုက်သည်။
“မျှော်နန်းသခင်လုကတော့ ထင်ထားတဲ့အတိုင်းပဲ”
ချင်းယွမ်၏ အရိုးထဲအထိ စွဲမြဲနေသော ကြည်ညိုလေးစားမှုများမှာ အလွယ်တကူ ပျောက်ကွယ်သွားမည့်အရာ မဟုတ်ပေ။ သူမသည် အလွန်အမင်း အားကျသွားသဖြင့် စကားပင် မှားပြောမိလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် မင်ရှစ်ရင်က ပြုံးလျက် မေးမြန်းလိုက်၏။
“ချန်းပေ့က အမြင်စူးရှသားပဲ။ မိစ္ဆာဝေဟင်မျှော်နန်းထဲကို ဝင်ဖို့ စိတ်ဝင်စားသလား”
မင်ရှစ်ရင်သည် ချင်းယွမ်ကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်စေချင်နေသည်မှာ သဘာဝကျလှပေသည်။ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူတစ်ဦး ထပ်တိုးလာခြင်းမှာ မိစ္ဆာဝေဟင်မျှော်နန်းအတွက် ကြီးမားသော အထောက်အကူ ဖြစ်လာပေလိမ့်မည်။ တစ်ဖက်လူမှာ ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ ဖြစ်သဖြင့် မာနအနည်းငယ် ကြီးနေတတ်သည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် သူမကို အနည်းငယ် မြှောက်ပင့်ပေးရန် ဝန်မလေးခဲ့ပေ။ ဤရှေးဟောင်း သူတော်စင်သတ်ဖြတ်သူကို သူ လက်လွတ်မခံနိုင်ချေ။
သို့သော် မင်ရှစ်ရင် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ချင်းယွမ်သည် သူ့ကိုယ်သူ ညွှန်ပြလျက် တွန့်ဆုတ်စွာ မေးမြန်းလိုက်၏။
“ကျုပ်... ကျုပ်က အဲဒီလောက်အထိ ထိုက်တန်လို့လား”
မင်ရှစ်ရင် “???”
မင်ရှစ်ရင်က ပြောလိုက်သည်။
“အဲ... သေချာတာပေါ့”
“ဒါဆို သိပ်ကောင်းတာပေါ့။ ဖြစ်နိုင်မယ်ဆိုရင် မျှော်နန်းသခင်လုရှေ့မှာ ကျုပ်အတွက် စကားကောင်းလေးတွေ ပါးပေးပါဦး” ချင်းယွမ်က စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။
မင်ရှစ်ရင်မှာတော့ တကယ့်ကို ဆွံ့အသွားရတော့သည်။ အတော်ကြာမှ သူက မေးမြန်းလိုက်၏။
“ချန်း... အဲ...ချန်းပေ့က ဘာမာနမှ မထားတော့ဘူးလား”
“မာန ဟုတ်လား” ချင်းယွမ် ဇဝေဇဝါ ဖြစ်သွားရသည်။ သူမက ခေါင်းခါလျက် ဆို၏။ “မျှော်နန်းသခင်လုရဲ့ ရှေ့မှာ မာနထားဖို့ဆိုတာ ရယ်စရာတစ်ခုပါပဲ”
မင်ရှစ်ရင် “...”
ထိုအချိန်တွင် ဝတ်ရုံဖြူ ကျင့်ကြံသူက ပြောလိုက်၏။
“သူ့ကို ဖမ်းဆီးလိုက်ကြ” မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် လုကျိုးသည် ဝတ်ရုံဖြူ ကျင့်ကြံသူ နှစ်ဦးထံသို့ လျှပ်စီးပမာ ပျံသန်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ ဖျော့တော့သော အလင်းတန်းများ ဖြာထွက်လာ၏။
“ပြစ်ချက်မဲ့ ပြီးပြည့်စုံခြင်း”
လုကျိုးသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည်။ သူသည် ယန်းမူ၏ ရှေ့တွင် ရှိနေရာမှ နောက်တစ်ခဏ၌ ဝတ်ရုံဖြူ ကျင့်ကြံသူများ၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။ ယင်းကို မြင်သောအခါ တာ့ဟန်ရှိ ကျင့်ကြံသူများက တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
“သူက သူတော်စင်တစ်ပါးပဲ”
လုကျိုး၏ ခန္ဓာကိုယ်မှ သူတော်စင်အလင်းများ ဖြာထွက်လာသည်နှင့် ပြစ်ချက်မဲ့ ပြီးပြည့်စုံခြင်း တိုက်ကွက် နှစ်ခုမှာ ဝတ်ရုံဖြူ ကျင့်ကြံသူ နှစ်ဦးထံသို့ ရောက်ရှိသွားတော့သည်။ ထိုတိုက်ခိုက်မှုမှာ အလွန်ပင် လျင်မြန်လှသဖြင့် သူတို့မှာ သူတို့၏ တောင်ပံများကို ဖြန့်၍သာ ကာကွယ်လိုက်နိုင်ကြတော့သည်။ ချင်းယွမ်က ချက်ချင်း မျက်မှောင်ကျုံ့မိသွားသည်။
“တောင်ပံမျိုးနွယ်စု”
ဘုန်း။ ဘုန်း။
တောင်ပံမျိုးနွယ်စုဝင် နှစ်ဦးမှာ ချက်ချင်းပင် လွင့်သွားကြတော့သည်။ လုကျိုးသည် လက်နောက်ပစ်လျက် လေထဲတွင် ဝဲပျံနေရင်း ဆိုလိုက်၏။
“ဒါကြောင့်ကိုး... တောင်ပံမျိုးနွယ်စု ဖြစ်နေတာကိုး”
တာ့ဟန်မှ ကျင့်ကြံသူများမှာမူ ထိုတောင်ပံများ ပေါ်ထွက်လာမှုကြောင့် ဇဝေဇဝါ ဖြစ်ကာ မှင်တက်နေကြရသည်။ တောင်ပံမျိုးနွယ်စုဝင် တစ်ဦးက လုကျိုးကို အံ့ဩတကြီး ကြည့်ကာ မေးမြန်းလိုက်၏။
“မင်းက ဘယ်သူလဲ။ ဘာလို့ မဟာလေဟာနယ်ရဲ့ ကိစ္စတွေမှာ ဝင်ပါနေရတာလဲ”
“မင်းတို့ တောင်ပံမျိုးနွယ်စုတွေက မဟာအသူရာမြေမှာရှိတဲ့ ဖျက်ဆီးခြင်းတိုင်လုံးကို ကောင်းကောင်း စောင့်ကြပ်မနေဘဲ ဘာလို့ ဒီကို လာပြီး မဟာလေဟာနယ်က လူတွေအသွင် ဟန်ဆောင်နေကြတာလဲ”
လုကျိုးက အေးစက်သော လေသံဖြင့် မေးခွန်းထုတ်လိုက်တော့သတည်း။
…