အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
70 01
Ch 70
ဓလေ့ထုံးတမ်းရေးရာ အမတ်ကြီး၏ စံအိမ်တော်၌…
ကိုယ်လုပ်တော်ယန်မှာ တစ်နေ့တာ နေအိမ် အကျယ်ချုပ်ကျရ၍ ဒေါသမပြေနိုင်ဘဲ ရှိနေသည်။ နန်းဆောင်တွင်းရှိ အိုးခွက် ပန်းကန်များအား ပစ်ပေါက်ခြင်း၊ ပရိဘောဂ ပစ္စည်းများအား ကန်ကြောက်ခြင်းတို့ ပြုလုပ်နေပြီး အပြင်သို့ ထွက်လိုကြောင်း ညည်းညူ၍ မပြီးနိုင် ဖြစ်နေလေသည်။
အချိန် အတော်ကြာ ဆူပူသောင်းကျန်းပြီးသည့် အချိန်တွင် အိမ်စေတစ်ယောက် ရောက်လာပြီး ပြောလေသည်။
“ဒုတိယသခင်မရှင့်… သခင်ကြီးက မှာလိုက်ပါတယ်။ သခင်မက ဒီစံအိမ်တော်ရဲ့ အရှင်သခင်ကြီးကို စိတ်ညစ်အောင် လုပ်ထားတဲ့အတွက် အရှင်သခင်ကြီး မကျန်းမာသေးသရွေ့ အခန်းထဲမှာပဲ လိမ်လိမ်မာမာနေပြီး အပြင်ထွက်လာဖို့ မစဉ်းစားပါနဲ့တဲ့…”
ထိုသို့ ကြားလိုက်သည့်အခါ ယန်သခင်မလေးက အော်ဟစ် ကျိန်းမောင်းလိုက်သည်။
“ရှင်က သူများတကာကို အပြစ်တင်တဲ့နေရာမှာ ကျွမ်းပြီးတဲ့သူဆိုတော့ ကျွန်မရဲ့ ရိုးသားပွင့်လင်းမှုကို ရှင်က လူလည်လုပ် အနိုင်ကျင့်နေတာပဲ…။ ဘယ်သူမှ ကျွန်မဖက်က မပါဘူးဆိုတာ သိတော့ အနိုင်ကျင့်ရဲနေတယ်ပေါ့လေ… ဟုတ်လား…။ ရှင်သတိထား… ကျွန်မကို အရမ်း ဖိလာရင်တော့ အကုန်လုံး ပြိုလဲ ပျက်စီးကုန်အောင် လုပ်ပစ်မယ် သိလား”
ထိုစဉ် အိမ်တော်ရှေ့ ပရဝဏ်၌ စုန့်မိသားစုအခွဲများထဲမှ အကြီးဆုံးဖြစ်သည့် စုန့်လင်မယားသည် နန်းတော်မှ ရောက်လာသည့် သဝဏ်လွှာတစ်စောင်ကို လက်ခံရယူနေသည်။ ထိုစာထဲတွင် ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည့် ၎င်းတို့၏ သမီး ကိုယ်လုပ်တော်အန်းမှာလည်း အကျယ်ချုပ်ကျနေသည်ဟု ပါရှိလေသည်။
စုန့်လင်မယားမှာ အံ့ဩ တုန်လှုပ်သွားကြလေသည်။ အကြောင်းရင်းကို မေးမြန်းကြသော်လည်း စာချွန်လွှာသမားမှာ ဘာမျှ ပြန်မဖြေဘဲ သဝဏ်လွှာကိုသာ ပေးအပ်၍ ပြန်သွားလေတော့သည်။
စုန့်လင်မယားမှာ မီးမြိုက်ထားသည့် ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ ပြာယာခက်သွားသည့် အချိန်၌ပင် ဒုတိယ မိသားစု အခွဲမှ ယန်သခင်မ၏ ကျိန်ဆဲသံကိုပါ တခါတည်း ကြားလိုက်ရပြန်သည်။
ထျန်သခင်မက ဒေါသဖြင့် ရေရွတ်လိုက်မိသည်။
“တော်တော် မသိတတ်တဲ့ ဟာမ… ငါတို့ မိသားစု ဒီလောက် ဒုက္ခဖြစ်နေတာတောင်မှ သူက မကျေနပ်သေးဘူးလား…။ ငါ သူ့ပါးစပ်ကို အပ်နဲ့တောင် ချုပ်ပစ်ချင်စိတ် ပေါက်နေပြီ”
သူမ ထိုသို့ပြောပြီးသည်နှင့် သူမ၏ ခင်ပွန်းသည်ဖြစ်သူ စုန့်ယွမ်ခွေက တစ်ချက်ငြိမ်သွားပြီး အသံကို နှိမ့်ကာ ပြောလေသည်။
“ဒါဆိုလည်း သူ့ကို နောက်ထပ် အသံမထွက်နိုင်အောင်သာ လုပ်လိုက်ပေတော့…”
ယန်သခင်မမှာ ညနေစောင်းသည်အထိ သောင်းကျန်းပြီးနောက် ပင်ပန်းသွားလေတော့သည်။
ညစာ ရောက်လာသည့်အချိန်တွင် ယန်သခင်မ၏ အစေခံ ကောင်လေးက အခန်းတွင်းသို့ ဝင်လာပြီး
“ဒုတိယ သခင်မ… သတိထားပါဦး… စားစရာတွေထဲမှာ အဆိပ်ပါလာနိုင်တယ်… ခဏလေး စောင့်ပါ”
သူမ ထိတ်လန့်သွားပြီး လက်ထဲမှ တူအစုံကို ချက်ခြင်း ပစ်ချလိုက်မိလေသည်။ ပြီးမှ ထိုကောင်လေးကို သင်္ကာမကင်းသည့် ပုံစံဖြင့် ကြည့်ကာ “နင်က ဘယ်လိုလုပ် သိတုန်း” ဟု မေးလိုက်လေ၏။
အစေခံ ကောင်လေးက ဘာမျှပြန်မပြောဘဲ ထမင်းနှင့် ဟင်းသီးဟင်းရွက်တချို့ကို နှိုက်ယူလိုက်ကာ ခန်းဆောင်အတွင်းရှိ ငါးမွေးကန်ထဲသို့ ပစ်ထည့်လိုက်လေသည်။ မကြာမီ ကန်အတွင်းရှိ ငါးများ ပက်လက်လန်ကာ ရေပေါ်သို့ တက်လာလေတော့၏။
ယန်သခင်မမှာ တုန်လှုပ်သွားရာမှ ချက်ခြင်းပင် ဒေါသူပုန်ထလေတော့သည်။
“သင်းတို့က လုပ်ရဲတယ်ပေါ့လေ… လူကိုတောင် အသေလုပ်ရဲကြတယ်ပေါ့လေ… ငါ အခုချက်ခြင်း သူတို့နဲ့ သွားရှင်းမယ်”
သို့သော် အစေခံ ကောင်လေးက အရှေ့မှ တားလိုက်ပြီး
“ဒုတိယ သခင်မ စိတ်လျှော့ပါဦး…။ သူတို့က သခင်မကို ဘယ်လိုနေနေ သေအောင် ကြံကြတော့မဲ့ ပုံစံရှိတယ်…။ အခု သူတို့နဲ့ သွားတွေ့လိုက်ရင် နောက်ကျ သူတို့ မသိသာအောင် သတိထားပြီး လှုပ်ရှားလာလိမ့်မယ်…။ သူတို့ အတင်းအကျပ် လုပ်လာရင် ထွက်ပြေးဖို့ အခွင့်အလမ်းရှိတော့မယ် မထင်ဘူး”
ယန်သခင်မ၏ ခေါင်းထဲသို့ ယခုမှ အသိစိတ်ဝင်လာတော့သည်။ သူမ၏ မျက်နှာမှာ ကြောက်ရွံ့ခြင်းများ အပြည့်ဖြင့် ရှိနေလေသည်။
70 02
“အဲဒါဆို ငါက ဘာလုပ်ရမှာလဲ… ဒီမှာ သေဖို့ ထိုင်စောင့်နေရမှာလား”
ထိုအခါ အစေခံ ကောင်လေးက မေးလေသည်။
“ဒုတိယ သခင်မကို သူတို့က ဘာလို့ သေစေချင်ရတာလဲ သိလား”
ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ ယန်သခင်မ၏ ရင်ထဲတွင် အပြစ်ရှိနေသလို ခံစားလာရပြီး အထစ်ထစ် အငေါ့ငေါ့ ပြန်ဖြေလေသည်။
“သခင်ကြီး တစ်ခုခု ဖြစ်သွားရင် ငါတို့ ဒုတိယ အိမ်တော်ခွဲက ပိုင်ဆိုင်မှုတွေကို လာလုမှာ သူတို့ ကြောက်ကြလို့နေမှာပေါ့”
ထိုအခါ အိမ်စေ ကောင်လေးက ပြုံးလိုက်ပြီး ပြောလေသည်။
“သခင်မရဲ့ ရင်ထဲမှာ အဲဒါကို ရှင်းရှင်းလင်းလင်း နားလည်နေဖို့လိုတယ်… ကျွန်တော့်ကို အကုန်ပြောပြစရာတော့ မလိုပါဘူး…။ အခုတော့ သခင်မကို ကယ်တင်နိုင်မဲ့ လမ်းကြောင်း တစ်ခုပဲ ရှိတယ်…”
ယန်သခင်မက အသည်းအသန် မေးလိုက်မိသည်။
“ဘယ်လို လမ်းကြောင်းလဲ”
အစေခံ ကောင်လေးက ရှင်းပြသည်။
“ပြည့်ရှင် မင်းကြီးက အိမ်ရှင်သခင်ကြီးရဲ့ သတင်းမေးဖို့ နန်းတွင်းက အရာရှိတွေ အများကြီး လွှတ်လိုက်တယ်လို့ ကြားတယ်။ အဲဒါ သူတို့ စံအိမ်တော်ကို မကြာခင် ရောက်လာကြလိမ့်မယ်။ သူတို့ ရောက်လာတာနဲ့ သခင်မ သူတို့ ကြားအောင် သိအောင် အကူအညီ တောင်းရမယ်…။ မအောင်မြင်ရင်တော့ မိုးနတ်သားတွေတောင် ဆင်းကယ်လို့ မရလောက်တော့ဘူး”
ယန်သခင်မ တွေဝေသွားသည်။ ထို့နောက် မျက်စေ့ကို မှေးကာ အတန်ကြာ စဉ်းစားနေပြီးနောက် ခေါင်းညိတ်ပြလေသည်။
~~
မကြာမီ စုန့် စံအိမ်တော်သို့ မင်းကြီး စေလွှတ်လိုက်သည့် သံတမန်များ အမှန်တကယ်ပင် ရောက်ရှိလာကြလေသည်။
ဧည့်သည်တော်များက ကြိုတင် အကြောင်းကြားထားခြင်း မရှိသောကြောင့် စုန့် အိမ်တော်၏ အကြီးဆုံးသော သားဖြစ်သူ စုန့်ယွမ်ခွေမှာ ပြာပြာသလဲ ထွက်ကြိုရလေသည်။
ရောက်ရှိလာသည့် အထူး သံတမန်များမှာ သုံးဦးပင် ဖြစ်နေသည်ကို သူမြင်လိုက်ရသည့်အခါ တအံ့တဩ ဖြစ်သွားရလေသည်။
ထို အထူး သံတမန် သုံးဦးမှာ ဝန်ထမ်းရေးရာ အမတ်ကြီး လီ ဟုန်ရှန်း (Li Hongsheng)၊ အသစ် ခန့်အပ်ခြင်း ခံထားရသည့် ဝင်ငွေခွန်ရေးရာ အမတ်ကြီး ကျိ ဝမ်ချီ (Ji Wenchi)၊ နန်းတွင်း လုံခြုံရေး တပ်မှူး ရွှန်ဖေး (Xun Fei) တို့ဖြစ်ကြသည်။
စုန့်ယွမ်ခွေ ရင်တစ်ချက် ထိတ်သွားမိသည်။
ရောက်လာသူများမှာ ထင်မှတ်မထားလောက်အောင် အဆင့်မြင့်ကြသူများ ဖြစ်ကြသည်။
နန်းတွင်း လုံခြုံရေး တပ်မှူးမှလွဲလျှင် ကျန်နှစ်ယောက်မှာ သူ၏ ဖခင်နှင့် ရာထူး အဆင့်အတန်းချင်း အတူတူဟု ဆိုနိုင်သဖြင့် သူနားမလည်နိုင်သလို ဖြစ်နေသည်။
ထိုသို့ စဉ်းစားမရ ဖြစ်နေသော်လည်း ဧည့်သည်တော်များကို စံအိမ်တော်အတွင်းသို့ ဟန်မပျက်အောင် ဖိတ်ခေါ်လိုက်သည်။
ဧည့်သည်တော်များက ထုံးတမ်းရေးရာ အမတ်ကြီးအား ဦးစွာ ဝင်တွေ့ကြသည်။
သို့သော် အမတ်ကြီးမှာ စကားမပြောနိုင်၊ မလှုပ်နိုင် မရှားနိုင် အိပ်ယာထက်၌ လှဲနေရုံသာ တတ်နိုင်သည်ကို မြင်တွေ့ကြရသဖြင့် မင်းကြီး၏ ကိုယ်စား ကိုယ်ချင်းစာကြောင်း ပြောဆို အားပေးကြကာ ပြန်ထွက်လာကြလေသည်။
စုန့်ယွမ်ခွေက ဧည့်သည်တော် သုံးယောက်ကို လမ်းပြခေါ်ဆောင်လာစဉ် ဝန်ထမ်းရေးရာ အမတ်ကြီးက စကားစပြောလေသည်။
“စုန့် အမတ်ကြီးက အမြဲ ကျန်းမာနေတဲ့သူ… အခုရက်ပိုင်းအတွင်းမှာလည်း သူ အဆင် မပြေဖြစ်တာတွေ ဘာတွေ မကြားမိဘူး…။ အဲဒါကို အခုလို ရုတ်တရက်ကြီး ဘာလို့ ထ ဖြစ်ရတာလဲ”
စုန့်ယွမ်ခွေ အတွက် မရေမရာ ဖြေရှင်းချက်သာ ပေးနိုင်လေသည်။
70 03
“အိမ်တွင်းရေးတွေ များလာတာကြောင့် ဖြစ်ပါလိမ့်မယ်ခင်ဗျာ… ကျွန်တော်တို့ ငယ်ရွယ်သူတွေကလည်း အဖေ့ကို ပြုစုဖို့ လစ်ဟင်းသွားမိတာကြောင့် ကျွန်တော်တို့ အပြစ်တွေလည်း ပါပါတယ်ခင်ဗျာ”
ထို့နောက်တွင် ဧည့်သည်တော် သုံးယောက်တို့မှာ မပြန်ကြခင် အခြား ဘာမှ မပြောကြတော့ဘဲ အားပေးစကားများသာ ပြောဆို အားပေးကြသည်။
စုန့်ယွမ်ခွေက အပြန် အိမ်အဝထိ လိုက်လံ ပို့ဆောင် နှုတ်ဆက်သည်။
သို့သော် ဧည့်ခန်းဆောင်မှ ထွက်ထွက်လာချင်း အခိုက်အတန့်၌ပင် စူးစူးဝါးဝါး အော်ဟစ် ငိုကျွေးသံတစ်ခုကို ကြားလိုက်ကြရတော့သည်။ အသံလာရာ ကြည့်လိုက်သည့်အခါ ပွရှုပ်နေသည့် ဆံပင်နှင့် အမျိုးသမီးတစ်ဦးသည် ၎င်းတို့ ရှိရာသို့ ငိုယို အော်ဟစ်ပြီး ပြေးလာနေသည်ကို တွေ့လိုက်ကြရသည်။
“သခင်ကြီးတို့ ကျွန်မကို ကယ်ကြပါဦး… စုန့်မိသားစုက ကျွန်မကို သတ်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားနေကြလို့ပါ…”
ဤသို့ဖြင့် နောက်တစ်နေ့၌ နန်းတွင်းရော နန်းပြင်၌ပါ စုန့်မိသားစု၏ သတင်းက အုပ်အော်သောင်းနင်း ဖြစ်နေပြီး မြို့တော် တစ်ခုလုံးရှိ ပြည်သူများ တအံ့တဩ ဖြစ်နေစေတော့သည်။
စုန့်ကျင့်ယွင့် ဟု သိကြသည့် ဓလေ့ထုံးတမ်းရေးရာ အမတ်ကြီးသည် စာရိတ္တပျက်ပြားသူ ဖြစ်ပြီး လူ့ကျင့်ဝတ် ဖောက်ပြန်သူတစ်ဦး ဖြစ်ကြောင်း… သူ့ ချွေးမဖြစ်သူကို နှစ်နှစ်ဆယ်နီးပါး အတင်းအကျပ် သိမ်းပိုက်ကာ အနိုင်ကျင့် စော်ကားသူဖြစ်ကြောင်း လူအများ သိရှိကုန်ကြတော့သည်။
လူတကာ အံ့ဩ ထိတ်လန့်ပြီးသည်နှင့် မရပ်သေး။ ရာထူးရာခံ ပုဂ္ဂိုလ်များမှစ၍ သာမန် ပြည်သူပြည်သားများအပါအဝင် ထိပ်ဆုံးမှ အောက်ဆုံးအထိ လူအများမှ မုန်းတီးခြင်းကို ခံရလေတော့သည်
သို့သော် ယင်းသတင်းထွက်ပြီး မကြာမီ ဆက်တိုက် ထပ်ထွက်လာသည့် သတင်းတစ်ခုကြောင့် လူအများ ပို၍ မျက်လုံး ပြူးကုန်ကြသည်။
ထိုသတင်းမှာ အမတ်ကြီး၏ ဒုတိယချွေးမဖြစ်သူ ယန်သခင်မ၏ သားမှာ အမတ်ကြီး ကိုယ်တိုင်၏ သားအရင်း ဖြစ်သည် ဟူ၏။
စုန့်မိသားစု ဒုတိယ အိမ်တော်အခွဲ၏ သခင်လေး စုန့်ယွင့်ချန်မှာ အမတ်ကြီး၏ မြေးတော် မဟုတ်ဘဲ သားတော် ဖြစ်နေလေသည်။
အများပြည်သူအနေဖြင့် ဘာပြောရမည် မသိအောင် စွံ့အ ကုန်ကြသည်။ ရွံရှာလွန်းသဖြင့် ခေါင်းများကိုသာ အကြိမ်ကြိမ် ခါယမ်းမိကုန်ကြသည်။ အမတ်အိုကြီးအားလည်း နှိမ်ချ ဆဲဆိုကြလေသည်။
အမှန်တကယ်တွင် ယန်သခင်မ နှုတ်မှ ထွက်လာသည့် စကားတွင် သူမ၏ သားတော် အကြောင်း မပါဝင်ပေ။
သို့သော် ယခုလို အရေးကြီးလှသည့် အချိန်တွင် ထင်မှတ်မထားဘဲ ယန်သခင်မ၏ လမ်းလျှောက်ရုံနှင့်ပင် ချောင်းတဟွတ်ဟွတ်ဆိုးနေသော အားအင် ချိနဲ့နေသည့် ခင်ပွန်းသည် စုန့် ယွမ်ဝေက ထကာ သူမ၏ သားသည် သူ့သား မဟုတ်ကြောင်း ကြေညာခြင်းကြောင့် ဖြစ်လေသည်။
အမှန်တော့ စုန့်ယွမ်ဝေ တစ်ယောက် ဖြစ်ရပ် အားလုံးကို သိနေပြီး ဖြစ်နေသည်။
လက်ဆပ်ပြီးသည့်နောက် သူ့အနေနှင့် ဇနီးသည် ယန်သခင်မနှင့် နှစ်ကြိမ်သာ တကုတင်တည်း အတူ အိပ်ခဲ့ဖူးပြီး ထိုသို့ အိပ်ခဲ့သည့် နေ့နှင့် ကလေး မွေးဖွားသောနေ့များမှာ လုံးဝ လျော်ညီမှု မရှိချေ။
ထိုကြောင့် သူ့အနေနှင့် နှစ်ပေါင်းများစွာ စိတ်ဓါတ်ကျ စိတ်ဆင်းရဲခဲ့ရပြီး ဆိုးနေသည့် ကျန်းမာရေး အခြေအနေမှာ ပိုမို ဆိုးရွာလာခဲ့ရသည်။ သို့သော် ထို မိသားစုကို ကျောခိုင်း ထွက်လာနိုင်လောက်သည့် သတ္တိမျိုး သူ့မှာ မရှိခဲ့ချေ။ မိမိ၏ ခံစားချက်များကို မျက်ကွယ်ပြုထားလိုက်ပြီး ထိုနှစ်ဦးကို လုပ်ချင်ရာ လုပ်ခွင့် ပေးခဲ့မိသည်။
သို့သော် သခင်လေး ရှောင်ယောင်း၏ နောက်ဆုံးထုတ် စာအုပ်များကို ဖတ်ရှုပြီးသည့်အခါတွင်တော့ သူ့ဘဝတွင် အခွင့်အလမ်း နောက်ထပ်ရှိနိုင်သေးသည်ကို သဘောပေါက်သွားခဲ့သည်။
++++++
71 01
အပိုင်း 71
ယခု ဖုံးကွယ်ထားသမျှ ပေါ်လာသည့်အခါ မင်းကြီးက စုန့်ကျင့်ယွင့်၏ ရာထူးအာဏာများ အားလုံးကို ရုတ်သိမ်းလိုက်ပြီး သာမန် လူတန်းစားအဖြစ် ဖြုတ်ချလိုက်တော့သည်။
ထိုသို့ ရာထူးမှ ပြုတ်ကျပြီးမကြာမီ အမတ်ကြီး၏ အကြီးဆုံး သားဖြစ်သူ၊ ကိုယ်လုပ်တော်အန်း၏အဖေ စုန့်ယွမ်ခွေမှာလည်း ရာထူးမှ ဖြုတ်ချခြင်း ခံလိုက်ရပြီး လူသတ်ရန် ကြံစည်မှု၊ ပြည်သူပြည်သားတို့အပေါ် ပေါ်ပေါ်တင်တင် ဖိနှိပ်မှု၊ စသည့် ပြစ်မှုအမျိုးမျိုးဖြင့် အဖမ်းခံရလေတော့သည်။ နောက်ဆုံးတွင် သူလည်း ထိုပြစ်မှုများအတွက် အပြစ်ပေးခံရပြီး နယ်စပ်သို့ နယ်နှင်ခြင်း ခံရလေသည်။
ကိုယ်လုပ်တော်အန်းမှာလည်း အစေခံများအား မင်းကြီး၏ လက်ရေးပါ စာရွက်များကို ခိုးယူရန် စေခိုင်းမှုအတွက် ရာထူးမှ ဖြုတ်ချခြင်းခံရကာ ယွိကျန်းနန်းဆောင်သို့ ပို့ဆောင်ခြင်း ခံရလေသည်။ ထိုနန်းဆောင်သည် တော်ဝင်အမျိုးသမီး အကျဉ်းသားများအား ချုပ်နှောင်ရာနေရာဖြစ်ပြီး သူမအဖို့ ထိုနေရာမှ ပြန်လည် လွတ်လာရန် အခြေအနေ မရှိချေ။
မင်းကြီးသည် ဆုပေးရာတွင် လည်းကောင်း၊ အပြစ်ပေးရာတွင် လည်းကောင်း မျှမျှတတ တွေးတောတတ်သဖြင့် ကံကောင်းသည်ဟု ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် စုန့်မိသားစု၏ ဒုတိယမြောက် သားဖြစ်သူ စုန့်ယွမ်ဝေမှာ မတရားခံရသူ ဖြစ်သည့်အပြင် မိမိဖခင်၏ မကောင်းမှုများကိုပါ သတ္တိရှိရှိ ဖော်ထုတ်သွားသဖြင့် သူ့အား သူ့မိသားစု၏ အပြစ်ဒဏ်များမှ ကင်းလွှတ်ခွင့် ပေးအပ်ခြင်း ခံရလေသည်။
စုန့်ယွမ်ဝေသည် မင်းကြီး၏ ညှာတာ ဂရုဏာထားမှုကို ကျေးဇူးတင်ပြီးနောက် ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို ထုပ်ပိုးကာ ချက်ချင်းပင် မြို့တော်မှ ထွက်ခွာ သွားလေတော့သည်။
စုန့်ယွမ်ဝေ၏ ဇာတ်လမ်းမှာ စာအုပ်ထဲတွင် ရေးထားသကဲ့သို့ အဆုံးသတ်မျိုး ရမရ မည်သူမျှ သေချာ မသိကြချေ။
ဤပြသနာရပ်ကြီးမှာ ပြေလည် ရပ်တန့်ပြီးသွားသည့်တိုင် အချိန်တော်ကြာသည်အထိ နန်းတွင်း၌ရော နန်းအပြင်၌ပါ လှည်းနေလှေအောင်း မြင်းစောင်းမကျန် လူအများ၏ အပျင်းပြေ ပြောစရာ စကားအဖြစ် ပြောစမှတ်ပြု ကျန်ရစ်ခဲ့လေသည်။
~~
“အိမ်တော်ကြီးက ခန့်ညား ကြီးမားလေလေ အတွင်းမှာ ဖုံးကွယ်ထားတဲ့ အရှုပ်ထုပ်တွေ အများကြီး ရှိနိုင်လေလေ ဆိုတာကို အရင်က နားမလည်ခဲ့မိဘူး…။ အခု အဲဒီမိသားစုရဲ့ အခြေအနေကို ကြည့်စမ်းပါဦး။ ဒုတိယ စုန့်သခင်လေး မြို့တော်က ထွက်သွားတာ ကောင်းတယ်လို့ ပြောရမယ်။ သူသာ ဆက်ရှိနေရင် ဘယ်မှာ မျက်နှာ ပြရဲတော့မလဲ”
အားလပ်ချိန်တွင် ချည်ထိုးနေသည့် ရန်တုန်းက ယန်ရှုကို သက်ပြင်းချ၍ ပြောလိုက်သည်။
“ဒါနဲ့ နေစမ်းပါဦး… ယန်သခင်မနဲ့ သူ့သားကရော ဘယ်ရောက်သွားပြီလဲ” သူမက တွေးမိသလို ဆက်ပြောလေသည်။
ယန်ရှုကမူ ဖရဲစေ့များကို ထိုင်ခွာရင်း ပြန်ဖြေသည်။
“ဟို အမတ်ဟောင်း အဘိုးကြီးဆီ ရောက်နေပြီနေမှာပေါ့…။ သူတို့က အရင်ကတည်းက လင်မယားဖြစ်နေပြီပဲကို…။ ပြီးတော့ စုန့်မိသားစု ကလည်း မရှိတော့ဘူးလေ။ သူမှ မပြုစုရင် အဘိုးကြီးကို ဘယ်သူပြုစုမှာလဲ။ ပြီးတော့ ကလေးကလည်း အဘိုးကြီးရဲ့ ကလေးဆိုတော့ အဘိုးကြီးရဲ့ နောက်ဆုံးအချိန်ထိ အဲဒီမှာပဲ ရှိနေမယ်ထင်တယ်”
ရန်တုန်းမှာ ထိုကိစ္စကို တွေးလိုက်မိသည့်အခါ မနေနိုင်ဘဲ ရွံရှာလွန်းသဖြင့် တံတွေးပင် ထထွေးမိလိုက်လေသည်။
“တကယ် ရွံဖို့ကောင်းတာပဲ…။ သူတို့တွေ နောက်ဆုံးအချိန်အထိ ရွံစရာတွေအဖြစ်နဲ့ နေရတာပဲ တန်တယ်”
ထိုသို့ ပြောပြီးနောက် သူမက ဆက်၍ သိလိုစိတ်ဖြင့် မေးလေသည်။
“ဒါနဲ့ သခင်မလေးက အခုရက်ပိုင်း ဘာလို့ ဘာစာမှ မရေးတာလဲ”
ယန်ရှုက သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြန်ပြောသည်။
“ပင်ပန်းနေလို့ နားနေတာပါ”
အဟဲ… တကယ်က ခဏလောက် ငြိမ်ချင်ယောင်ဆောင်နေတာ…
71 02
နောက်တစ်အုပ်ရဲ့ ခေါင်းစဉ်တောင် စဉ်းစားပြီးပြီ…။ နာမည်က “ယောက်ျားစစ်စစ်ဆိုတာ လဲပြီးရင် ပြန်ထတတ်တယ်” တဲ့…။ ဒီတစ်ခါလည်း ဓလေ့ထုံးတမ်းဆိုင်ရာ အမတ်ကြီးရဲ့ စံအိမ်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကိုပဲ အတိအကျကို ရေးဦးမှာ…။ အဲဒီမှာ တစ်လောက လုံးက လူတွေ ထပ်ပြီး တုန်လှုပ်ကြ… ရေးတဲ့ ကိုယ့်ကိုလည်း လူတွေက ဘယ်သူဖြစ်နိုင်မလဲ ထင်ကြေးတွေ ပေးကြ ထပ်ဖြစ်လာတော့မှာ။
တချို့တွေဆိုရင် သူမကို လူဆိုးလူမိုက်တွေကို အပြစ်ဒဏ်ခတ်ဖို့ ကောင်းကင်ဘုံက ဆင်းလာတဲ့ နတ်ဒေဝါလို့တောင် မြင်လာကြဦးမယ်။
အင်းပေါ့ တချို့ သိတဲ့ တတ်တဲ့ လူတွေကတော့ သူမဟာ တော်တော် ထူးဆန်းတဲ့ လူတစ်ယောက်လို့ ခန့်မှန်းကြလိမ့်မယ်
မူးကြီးမတ်ရာတို့၏ အရှုပ်အရှင်း လျှို့ဝှက်ချက်များကို တိတိကျကျ မကြောက်မရွံ့ ဖော်ရဲသူသည် မင်းကြီးနဲ့ နီးစပ်သည့် လူယုံတော် အဆင့်မြင့် အရာရှိကြီး တယောက်ယောက်ဟု သူတို့က ယူဆကြမှာ အမှန်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ… သူမအနေဖြင့် ယခုကဲ့သို့ လူတိုင်းက စိတ်ပါဝင်စားနေသည့် အခြေအနေကို ငြိမ်သွားအောင် လုပ်မှဖြစ်မည်။
သာမန် ပြည်သူများအနေဖြင့် သူမ၏ ဝတ္ထုများကို ဖတ်ရန် စိတ်အားထက်သန်နေသည်ထက် သူတို့၏ အသက်ရှင် နေထိုင်ရေးဖြစ်သည့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကို အာရုံစိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
အဲဒီတော့ စိတ်ကို ထိန်းမှ… စိတ်ကို ထိန်းမှ…
ပြီးတော့ ပြောရလျှင် သူမ အခုရက်ပိုင်း ရေးဖြစ်သည့် ဝတ္ထု ဇာတ်လမ်းများမှာ ထုတ်ဝေရန် သင့်တော်သည်ဟု မထင်။
ဥပမာ တော်ဝင် သမက်တော်ကျောက်ချန်းဝမ်၏ အကြောင်း ရေးထားသည့် ဝတ္ထုဆိုလျှင် မင်းကြီးက မင်းသမီးကြီးအား အသိ မပေးသေးသောကြောင့် ထုတ်ဝေ၍ မဖြစ်ပေ။ ထို့အတွက် မင်းကြီးမှာလည်း အကြောင်း ရှိလိမ့်မည်။ ထိုဝတ္ထု ဇာတ်လမ်းကိုသာ ဇွတ် ထုတ်ဝေလိုက်လျှင် မင်းသမီးကြီးအနေဖြင့် ဖောက်ပြန် ခံရသည်ကို သိရှိသွားလိမ့်မည်။ သို့ဆိုလျှင် သွေးကြောင်း စီးသည်အထိ အခြေအနေများ ဖြစ်သွားနိုင်ချေရှိပေသည်။
သူမ ရေးထားသည့် အခြားဝတ္ထုများ ရှိခဲ့သေးသော်လည်း လိင်ပိုင်းဆိုင်ရာ အရေးအသားအချို့ ပါသဖြင့် မင်းကြီးက ခွင့်မပြုချေ။
စိတ်ပျက်စရာကြီးပါကွယ်…
ယခုလက်ရှိအချိန်တွင် ယန်ရှုသည် ဖရဲစေ့များခွာရင်း နောက်ထပ် ဘာရေးရမည်ကို စဉ်းစား တွေးတောလျက် ရှိနေချိန် လျန်ရှင်းရောက်လာပြီး သတင်းပို့လေသည်။
“ကိုယ်လုပ်တော်ထံ မယ်တော်ကြီးဆီက စာပို့လာပါတယ်။ စီအန်း နန်းဆောင်မှာ မုန့်လုပ်စားနေလို့ ကိုယ်လုပ်တော်ရော လာမြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။”
ယန်ရှု တစ်ချက် တွန့်သွားမိသည်။ မယ်တော်ကြီးက သူ့ကို မုန့်လာစားဖို့ ဖိတ်ခေါ်နေတယ် ဆိုပါလား။
အာ… ဒီအဘွားကြီး ဘာကြံနေပြန်ပြီလဲ မသိဘူး…။
မနှစ်သက်သော်လည်း ငြင်းဆန်ခွင့် မရှိ…။ ထို့ကြောင့် အဝတ်အစားများကို အလျင်အမြန် လဲလှယ် ပြင်ဆင်လိုက်ပြီးနောက် စီအန်းနန်းဆောင်သို့ ထွက်လာခဲ့လိုက်သည်။
သူမ ရောက်ရှိသွားသည့်အခါ မင်းကြီးလည်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ မှင်ပြာရောင် နဂါးဝတ်ရုံကို ဝတ်ဆင်လျက် မယ်တော်ကြီးနှင့် စကားစမြည် ပြောဆိုနေသည်ကို မြင်လိုက်ရသည်။
“အင်း… မယ်တော်ကြီးရဲ့ အထင်နဲ့ အမြင် အတော်လွဲသွားတာပဲ…။ မျိုးရိုးမြင့်တဲ့ မိသားစုက လာလို့ အကျင့်စာရိတ္တလည်း မြင့်မြတ်မယ်၊ ယဉ်ကျေးမယ်၊ အသိစိတ်ဓါတ်ရှိမယ် ထင်ခဲ့မိတာ။ အခုတော့ သူ့ မိသားစုက မမြင့်မြတ်တဲ့အပြင် သူကိုယ်တိုင်က စိတ်စာရိတ္တ ဖောက်ပြန်နေလိမ့်မယ်လို့ ထင်ကို မထင်ထားခဲ့မိဘူး။ တော်တော် ယုတ်ညံ့ပြီး ပျက်စီးနေကြတာပဲ…”
ထိုစကားများကို ကြားသည့်အခါ ကိုယ်လုပ်တော်အန်းနှင့် ပတ်သက်၍ ပြောဆိုနေကြသည်ဟု ယန်ရှု သဘောပေါက်လိုက်သည်။
ဟင်း… ငါအထင်တော့ မယ်တော်ကြီး တော်တော် စိတ်ကုန် အားပျက်နေလောက်ပြီ။
— သူ့ တူမ အရင်းကို အားကိုးလို့မရလို့ စိတ်ညစ်နေတဲ့အချိန် ဉာဏ်ကောင်းပြီး အားကိုးလို့ရမယ်ထင်တဲ့ ကိုယ်လုပ်တော်ယန်နဲ့ တွေ့တော့လည်း သူ့ရဲ့ မိသားစုက သိက္ခာပျက်နေတဲ့ မိသားစု ဖြစ်နေတာကိုး။
ထိုသို့တွေးနေစဉ် ယွီဝိန်းလန်က ပြန်ပြောသည်ကို သူမ ကြားလိုက်ရသည်။
“ဒီကိစ္စမှာ အပြစ်ရှိတာ သူတို့ပါ…။မယ်တော်ကြီး ဘာမှ စိတ်မညစ်ပါနဲ့”
မယ်တော်ကြီးကလည်း ရေရွတ် ထောက်ခံလိုက်သည်။ ပြီးနောက် ယန်ရှုဖက် လှည့်ကာ
“လာ ဒီမှာ လာထိုင်… ဒီနေ့ ငါ ပိန်းဥ မုန့်နဲ့ ပဲနှစ်ထပ် မုန့်တွေ လုပ်ခိုင်းထားတယ်…။ ညည်း ကြိုက်တယ် မဟုတ်လား။ အဲဒါကြောင့် လာစားဖို့ ခေါ်လိုက်တာ”
71 03
ယန်ရှုက အရိုအသေ ပြုလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။
“ မယ်တော်ကြီးရဲ့ စေတနာကို ကိုယ်လုပ်တော် အထူးကျေးဇူးတင်ပါတယ်”
ပြီးနောက် အနား တစ်နေရာတွင် ထိုင်လိုက်သည်။
နန်းတွင်းသူများက လက်ဖက်ရည်ကြမ်းနှင့် မုန့်များကို ယူလာကြသည်။ မုန့်များ၏ အဆင်အပြင်ကို မြင်ရသည်မှာ စားချင်စဖွယ် အလွန်လှပနေသည်။
ယန်ရှုမှာ အစားအသောက်ဆိုလျှင် အငန်းမရ စားတတ်သော်လည်း သင့်၏ မသင့်၏ ကို ချင့်ချိန်တတ်သောကြောင့် မယ်တော်ကြီး၏ ဖိတ်ကြားမှုသည် မုန့်စားရုံ သက်သက် မဟုတ်ကြောင်း ရိပ်မိလေသည်။
သို့သော်လည်း သူမရှေ့က မုန့်ကို နည်းနည်းတော့ စားရမှ ဖြစ်မည်။
ထို့ကြောင့် ရှေ့တွင် ရှိနေသည့် ပဲနှစ်ထပ် မုန့်ကို ကောက်ယူလိုက်သည်။
မုန့်ကို သူမ ပါးစပ်အတွင်း မထည့်ရသေးခင်မှာပင် မယ်တော်ကြီးက ထပြောလေသည်။
“ဒါနဲ့ မယ်တော်ကြီး အခုတလော ကြားကြားနေရတာ… စာပေလောကမှာ အင်မတန် တော်တဲ့ စာရေးဆရာတစ်ယောက် ပေါ်ပေါက်နေတယ်တဲ့…။ နာမည်က ဘာတဲ့… သခင်လေးတဲ့ ဟုတ်လား။ လူတွေ ပြောပြောနေကြတာ။ သူရေးတာတွေက တကယ့်ဖြစ်ရပ်တွေနဲ့ တထပ်တည်းလိုလို တူတယ်တဲ့။ ရှဲ့ဖေး အရေးတို့ စုန့်မိသားစု ပြသနာတို့ အကြောင်းတွေကို သူ ရေးထားတာ ကွက်တိပဲတဲ့…။ ဘယ်လိုလူမျိုးကများ ဒီလို လက်စွမ်း ထက်ရတာလဲ။ အဲဒီ စာရေးဆရာက အနာဂတ်ကို ကြိုမြင်နိုင်နေတာမျိုးလား”
ယန်ရှုမှာ တုန့်ဆိုင်းသွားပြီး သူမ ကြိုတင် တွေးထင်ထားတဲ့ ကိစ္စတော့ ဖြစ်လေပြီဟု တွေးမိလိုက်သည်။
သို့သော် ပြသနာမရှိ… မင်းကြီးလည်း ရှိနေတာပဲကိုး။
အခုအချိန်က မင်းကြီးကိုယ်တိုင် ခေါင်းခံရမဲ့ အချိန်ပဲ။
တွေး၍မှ မဆုံးသေး ယွီဝိန်းလန်က မယ်တော်ကြီးကို ပြောလိုက်သည်။
“သားတော်က အဲဒီ စာရေးဆရာကို ရေးခိုင်းတာပါ”
မယ်တော်ကြီးက တအံ့တဩ ဖြစ်သွားသည်။
“ဘယ်လို ဘယ်လို… မင်းကြီးက ရေးခိုင်းတယ် ဟုတ်လား…။ ဘာလို့များ အဲဒီလို ရေးခိုင်းရတာလဲ”
ယွီဝိန်းလန်က အေးဆေးတည်ငြိမ်စွာဖြင့် ဆက်ပြောပြသည်။
“သားတော် သူတို့ရဲ့ အရှုပ်အရှင်းတွေကို အရင်ကတည်းက ကြားမိထားလို့ လူလွှတ်ပြီး စုံစမ်းခိုင်းထားတာပါ။ ပြီးတော့ ဝတ္ထုအနေနဲ့ ရေးရတဲ့ အကြောင်းရင်းက နှစ်ခုရှိတယ် မယ်တော်…
ပထမ တစ်ချက်က သူတို့လို လိုက်မလုပ်အောင် တလောကလုံးကို အသိသတိ ပေးချင်တာ…။ ဒုတိယ တစ်ချက်က သူတို့ကို အရှက်ကွဲ မျက်နှာ မပျက်စေချင်လို့ပါ။ သူတို့သာ အသိစိတ်ရှိရှိ လာဝန်ခံကြရင် သားတော်က လျှော့ပေါ့ပေးဖို့ တွေးထားပြီးသား…”
“ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့က ကိုယ့်အပြစ်ကို ဝန်မခံတတ်ကြတဲ့အပြင် ပိုလို့တောင် မိုက်ရူးရဲ ဆန်လာကြသေးတယ်… စိတ်ပျက်စရာပဲ”
မင်းကြီး ပြောဆို၍ အပြီးတွင် မယ်တော်ကြီးမှာ တစ်ချက် ငြိမ်သက်သွားပြီးနောက် ခေါင်းကို အသာညိတ်၍
“ဒီနည်းလမ်းက တကယ်ကောင်းတာပဲ…။ သူတို့ အရိပ်သုံးပါး နားမလည်တာ တကယ် နှမျောစရာပဲ…။ ဒီဖြစ်ရပ်တွေကို မြင်ပြီး တခြားလူတွေ ဆင်ခြင်သွားပါစေလို့ ဆုတောင်းမိတယ်”
ဟု ပြောလိုက်သည်။
မယ်တော်ကြီး၏ စိတ်အတွင်းမှာတော့
“လက်စသတ်တော့ လီယန်ရှုမဟုတ်ဘဲ မင်းကြီးရဲ့ လက်ချက်ကိုး…။ ဒီကောင်မလေး ဒီလို လက်စွမ်း မထက်လောက်ဘူးလို့တော့ ငါထင်သားပဲ…။ ဒါပေမဲ့ မင်းကြီးရဲ့ အရည်အချင်းက ဒီလောက်တောင် တိုးတက်လာပြီလား”
ယွီဝိန်းလန်က ထိုအတွေးများကို သိနေသော်လည်း နှုတ်ဆိတ်၍သာ နေလိုက်သည်။
ထိုအချိန်တွင် ယန်ရှုမှာ ကိုယ့်ကိုယ်ကို အံ့ဩ ကျေနပ်လျက် ရှိနေတော့သည်။
သူမ သိသလောက် ကိုယ်လုပ်တော်အန်းမှာ သူမအပေါ် သံသယဝင်နေသော်လည်း အမှန်တရားကို သေချာမသိနိုင်ခင် လန်းလင်နန်းဆောင်တွင် အပိတ်ခံရပြီး အပြင်လောကနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။
71 04
ထို့ကြောင့် ယနေ့ မယ်တော်ကြီး၏ စကားများသည် သူ့ဘာသာ တွေးတော သုံးသပ်ရာမှ ထွက်ကျလာသည့် စကားများ ဖြစ်ပေလိမ့်မယ်။
သူမကိုရော မင်းကြီးကိုပါ ဖိတ်ခေါ်ပြီး ထိုမေးခွန်းကို မေးကာ သူမ၏ အမှားကို စောင့်ကြည့်လိုခြင်း ဖြစ်ပုံရသည်။
ဘုရား ဘုရား… မယ်တော်ကြီးကို တကယ် အထင်သေးလို့ မရပါလား။ ငါ ဒီလိုခေတ်မျိုးမှာ မွေးမလာမိတာ ဘုရား မတာပဲ…။ မဟုတ်ရင် မယ်တော်ကြီးရဲ့ လက်မှာ ငါ ဘယ်နှခါလောက် သေပြီးနေမလဲ မသိဘူး… ဟူး
ထိုစဉ် စနစ်ထံမှ အသံတစ်ခု ဝင်လာသည်။
[ဟွန်း… မယ်တော်ကြီးလည်း တချိန်တုန်းကတော့ ဖြူစင် ရိုးသားပြီး ချိုချိုသာသာ ကောင်မလေး ဖြစ်ခဲ့ဖူးပါတယ်နော်] တဲ့…။
******
72 01
Ch 72
“ဘယ်လို ဘယ်လို ဖြူစင် ရိုးသားတဲ့ ကောင်မလေး… ဟုတ်လား”
ယန်ရှုက လုံးဝ စိတ်ဝင်စားသွားသဖြင့် အလျင်အမြန် မေးလိုက်သည်။
“ပြောစမ်းပါဦး… အဲဒီလို ဖြူစင် ရိုးသား ချိုသာတဲ့ မိန်းမငယ်လေးက အခုလို ကျိတ်ပုန်း ကြံစည်တဲ့နေရာမှာ နန်းတွင်း ထိပ်တန်းအဆင့်ရောက်နေတဲ့ ကျွမ်းကျင်ပညာရှင် မယ်တော်ကြီး အဖြစ်ကို ဘယ်လိုလုပ်ရောက်သွားတာတုန်း”
စစ်စတန်က ဆက်ပြောပြသည်။
“ပြောရရင်တော့ အရှည်ကြီးပဲ…။ မယ်တော်ကြီးက မူးမတ်မျိုးရိုးကနေ ဆင်းသက်လာတာ…။ ငယ်ငယ်လေးကတည်းက ကျက်သရေရှိပြီး လှတဲ့ စာရင်းထဲ ပါတယ်။ အရွယ်ရောက်လာတော့ မြို့တော်ထဲက မရေတွက်နိုင်လောက်အောင် များတဲ့ မင်းညီမင်းသားတွေ၊ မူးမတ်မျိုးရိုး လူပျိုလူရွယ်တွေက သူ့ကို လိုချင်ကြတာပေါ့။ ဒါပေမဲ့ တစ်နေ့ကျတော့ သူ့မိဘတွေနဲ့အတူ နန်းတွင်းက ညစာ စားပွဲတစ်ခုကို တက်တဲ့အခါ ဧကရာဇ်ကောင်းဇူက တွေ့မြင်ပြီး သဘောကျသွားတယ်။ အဲဒါနဲ့ ချက်ခြင်း အရင် မင်းကြီးနဲ့ လက်ထပ်ပေးဖို့ စီစဉ်လိုက်တော့တာပဲ”
“အဲဒီတုန်းက အသက် (၁၆) (၁၇) အရွယ်ပဲ ရှိသေးတော့ မယ်တော်ကြီးက စာရွက်အလွတ်တစ်ရွက်လို ဖြူစင်နေတုန်းပေါ့…။ နန်းတွင်းကနေ ထိမ်းမြားမင်္ဂလာပွဲ အမိန့်ကျလာတဲ့အချိန် မယ်တော်ကြီးရဲ့ ခေါင်းထဲမှာ အရင် မင်းကြီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ပဲ ပြည့်နေခဲ့တာပေါ့…။ လက်ဆက်ပြီးသွားတဲ့အချိန်မှာ မယ်တော်ကြီးက သူခင်ပွန်းအတွက်ပဲ သူ့ဘဝကို အပြည့်အဝ ပုံအပ်ထားခဲ့တော့တယ်…။ အရင်မင်းကြီးအတွက် အဝတ်အစားတွေ ဖိနပ်တွေ သူကိုယ်တိုင် သူ့လက်နဲ့ ချုပ်ပေးခဲ့တယ်…။ ညဖက်တွေမှာလည်း ညဉ့်နက်တဲ့အထိ သူ့ခင်ပွန်းနဲ့အတူတူ စာပေတွေ အတူ ဖတ်ရှုလေ့လာတယ်…။ အဆာပြေ သောက်စရာ ဟင်းရည်တွေ၊ စားစရာ မုန့်တွေ ကိုယ်တိုင်လုပ်ပေးခဲ့တယ်…။ အစပိုင်းမှာတော့ သူတို့ နှစ်ယောက်ဟာ သံယောဇဉ်တွေဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ရှု စောင့်ရှောက်ပေးကြတာပေါ့။ ချစ်ခြင်း မေတ္တာတွေလည်း အပြည့်နဲ့ပေါ့။ အရင် မင်းကြီးကဆို သူ့တစ်ယောက်တည်းကိုပဲ ဇနီးအဖြစ် လိုချင်တာလို့တောင် ပြောခဲ့ဖူးတယ်…”
နောက်ဆုံးစကားကို ကြားလိုက်တဲ့ ယန်ရှုက ခနဲ့တဲ့တဲ့ ပြုံးရင်း တွေးလိုက်မိသည်။ အဲဒါက အကျင့်မကောင်းတဲ့ ယောက်ျားတွေရဲ့ လက်သုံးစကားပါကွာ…။
မင်းတယောက်ပဲ လိုအပ်တယ်လို့ ပြောတဲ့သူတွေရဲ့ စကားကို ယုံဖို့ခက်တယ်ကွယ်…။ အရင်မင်းကြီးက မယ်တော်ကြီးကိုပဲ သူ့ဇနီးအဖြစ် လိုလားတယ်ဆိုရင် ဘယ်လိုလုပ် အခု မင်းကြီးကို မွေးလာမှာလဲ။
စစ်စတန်က ဆက်ပြောပြသည်။
“ဒီလိုနဲ့ သူ့ခင်ပွန်း နန်းတက်မဲ့အချိန်ကို စောင့်ဆိုင်းပြီးလို့ သူကိုယ်တိုင်လည်း မိဖုရားခေါင်ကြီး ဖြစ်လာတဲ့အချိန်ကစပြီး ပျော်စရာနေ့ရက်တွေ ကုန်ဆုံးသွားတော့တယ်…။ အရင် မင်းကြီးက အဲဒီအချိန်က စပြီး နန်းတွင်းကို ကိုယ်လုပ်တော်တွေ တစ်ယောက်ပြီး တစ်ယောက် ခေါ်လာတော့တယ်။ အခြေအနေတွေက အရင်ကနဲ့ လုံးဝကို မတူတော့ဘူး။ ဒီဇနီးမယားတွေ ကြားမှာ ကျိတ်ပုန်းခုတ်မှုတွေရော ကြံစည်မှုတွေရော ရှုပ်ထွေးလာတော့ မယ်တော်ကြီး လုံးဝ မပျော်တော့ဘူး။ သူက ဒီကိုယ်လုပ်တော်တွေရဲ့ ကိစ္စတွေလည်း ဖြေရှင်းပေးရသေးတယ်လေ။ ဒီလို အခက်အခဲတွေ ကြားထဲကနေပဲ သူ့မှာ ကိုယ်ဝန် ရှိလာတော့တယ်။ ဒါပေမဲ့ ကလေးက မကျန်းမာဘူး… မွေးကတည်းက အားအင် ချိနဲ့ပြီး ချူချူခြာခြာနဲ့ပေါ့”
“နောက်တော့ တခြား ကိုယ်လုပ်တော်တွေဆီကနေလည်း သမီးတော်နှစ်ယောက် သားတော်တစ်ယောက် ရှေ့ဆင့်နောက်ဆင့် မွေးလာကြတယ်…။ အဲဒီထဲက ကြင်ရာတော်ရှုက လောဘကြီးတဲ့အတွက် မယ်တော်ကြီးရဲ့ သားကို လုပ်ကြံပြီး သူ့ရဲ့သားကို အစားထိုးဖို့ ကြိုးစားလာတယ်…။ အဲဒါကို မယ်တော်ကြီး သိလိုက်တဲ့အချိန်မှာ အချိန်က နှောင်းသွားပြီ… အစကတည်းက ခြူခြာတဲ့ မယ်တော်ကြီးရဲ့ သားတော်ဟာ ချောင်းဆိုး သွေးပါရောဂါဖြစ်ပြီး မကြာခင် ကွယ်လွန်သွားခဲ့ရတယ်…။ အဲဒီမှာ နှလုံးတွေ ကွဲကြေခဲ့ရတဲ့ မယ်တော်ကြီးရဲ့ မာန်ဟာ နိုးထလာခဲ့တယ်…။ အဲဒီနောက်မှာ မယ်တော်ကြီးဟာ သူ့ရဲ့ ရန်သူမှန်သမျှကို အချိန်မဆွဲဘဲ ခြေမှုန်းပစ်ပြီး နန်းတွင်းက အရေးပါအရာရောက်တဲ့ မှူးကြီးမတ်ရာတွေနဲ့ ခင်မင်ရင်းနီးအောင် ပေါင်းတယ်…။ မင်းကြီးကိုလည်း မွေးစားခဲ့တယ်…။ နောက်တော့ အရင် မင်းကြီး ကွယ်လွန်တဲ့အခါ အခု မင်းကြီး နန်းတက်ဖို့ ထောက်ခံခဲ့ပြီး သူကိုယ်တိုင်လည်း မယ်တော်ကြီး ဖြစ်လာခဲ့တယ်”
ဤအကြောင်းများကို ကြားပြီးသည့်အခါ ယန်ရှု ကျိတ်လေးစားမိသွားသည်။
“ဒီလိုဆိုတော့လည်း အသက် သွေးချွေးတွေ ရင်းပြီး နန်းတွင်းမှာ ဆရာကြီး ဖြစ်လာတဲ့ မယ်တော်ကြီးက တကယ် ကြီးကျယ် ခမ်းနားတဲ့ ဇာတ်လိုက်ပါလား…၊ အထူးသဖြင့် ဒီလို ပတ်ဝန်းကျင်မျိုးမှာ မင်းကြီးကို အခုလို အရည်အချင်း ရှိလာအောင် မွေးမြူပေးခဲ့တာ တကယ် စံတင်ထိုက်တာပဲ”
ဤသည်ကို ယွီဝိန်းလန်က ကြားလိုက်မိပြီး မျက်ခုံးမြင့်ကာ ကြည့်လိုက်မိလေသည်။ သူက ယန်ရှု မှတ်ချက်ပြုရလောက်အောင် အရည်အချင်းရှိသူ အမှန်ပင်ဖြစ်လေသည်။
သို့သော် သူမ သက်ပြင်းချလိုက်သည်ကို ယွီဝိန်းလန် ကြားလိုက်ရသည်။
“ဒါပေမဲ့လည်းလေ သွေးစွန်းရလောက်အောင်ထိ ဇာတ်လမ်းရှုပ်တာမျိုးကျ အတော် ဆိုးဝါးတာပဲ…။ ငါကတော့ ငါးဆားနယ်ပဲ ဖြစ်ချင်တော့တယ်…။ ပုံမှန်ဝင်ငွေလေးနဲ့ နေ့တိုင်း စားလိုက် သောက်လိုက်ပဲ နေချင်တယ်…”
72 02
ယွီဝိန်းလန် - “...”
ဪ… ‘ငါးဆားနယ်’’ ဆိုတဲ့ အဓိပ္ပာယ်က အဲဒါကို ပြောတာလား။
ဒီလိုကြေးဆို မင်းလေးကလည်း ဆားနယ်ထားတဲ့ ငါးလို ပျော့တိပျော့ဖက် ပျင်းတိပျင်းရွဲ ကောင်မလေးပါပဲကွာ။
ယွီဝိန်းလန် ထိုသို့ တွေးနေစဉ် ယန်ရှုက စိတ်ထဲတွင် ဆက်၍ စဉ်းစားပြန်သည်။
“ရေတွက်ကြည့်လိုက်ရင် အရင် မင်းကြီးမှာ အခု မင်းကြီးမတိုင်ခင် ကလေး လေးယောက်ရှိတယ်…။ အခုကျတော့ မင်းကြီးရယ် တော်ဝင်မင်းသမီးကြီးရယ်ပဲ ကျန်တော့တယ်…။ ငယ်ငယ်လေးနဲ့ ဆုံးသွားတဲ့ အိမ်ရှေ့မင်းသားလေးကို ထည့်မတွက်ရင် တခြားနှစ်ယောက်က မယ်တော်ကြီးရဲ့ လက်ချက်နဲ့ ပျောက်သွားကြတာလား”
ယွီဝိန်းလန် တစ်ချက် တွေဝေသွားမိသည်။
ပြောရလျှင် သူလည်း ထိုသို့ တွေးမိဖူးသည်။
သို့သော် သားအမိ အဖြစ် နှစ်ပေါင်း များစွာ ရှိနေခဲ့သည့်အတွက် သူ့အမြင်တွင် သူမ တစ်ခုခု ကြံစည်လျှင်တောင် ကလေးငယ်များကို ထိခိုက်အောင် ကြံမည့်သူမျိုး မဟုတ်လောက်ဟု သူထင်မိသည်။
စစ်စတန်က ထပြောသည်။
“နင် အတွေးတွေ လွန်နေပြီနော်…။ မယ်တော်ကြီးက လူကြီးတွေကိုပဲ လက်တုန့် ပြန်တတ်တာ…။ ကလေးတွေကို ဘာမှ မလုပ်ဘူး…။ အဲဒီ ကလေးနှစ်ယောက် မရှိတော့တာကလည်း ကြင်ရာတော်ရှုရဲ့ လက်ချက်နဲ့ ချောင်းဆိုးသွေးပါပြီး ဆုံးသွားကြတာ”
ထိုတော့မှ ယန်ရှု နားလည်သွားတော့သည်။
“ဒါဆို မယ်တော်ကြီးရဲ့ လက်ချက်မဟုတ်ဘူးပေါ့…။ ဟင်း… ဒါဆို ဒီကြင်ရာတော်ရှုက အိမ်ရှေ့မင်းသားကို အဆိပ်ခပ် လုပ်ကြံရင်း သူ့ကလေးတွေပါ ပါကုန်တာပေါ့…။ နည်းတောင် နည်းသေးတယ်”
“တွေးကြည့်ရင် မင်းကြီး ဒီနေ့အထိ အသက်ရှင်နေတာ မယ်တော်ကြီးရဲ့ ကျေးဇူးလည်း ပါတာပေါ့နော့်…။ မယ်တော်ကြီးသာ သူ့ကို မမွေးစားခဲ့ရင် တခြား အစ်ကိုတွေ အစ်မတွေရဲ့ လမ်းအတိုင်း သူလည်း လိုက်ရမယ်ထင်တယ်”
ယွီဝိန်းလန် စိတ်ထဲ ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။
ယခင် မင်းကြီး၏ ကိုယ်လုပ်တော် အရေအတွက်သည် ယခု သူ၏ လက်ထက်တွင်ထက် ပိုများပြီး သွေးစွန်းအောင် လုပ်ကြံ ကြံစည်မှုများကလည်း ယနေ့ထက် ပိုပြင်းထန်ခဲ့သည်။
အိမ်ရှေ့စံမင်းသား ဆုံးပါးသွားပြီးနောက် မယ်တော်ကြီးက သူ့ကို မမွေးစားခဲ့လျှင် သူလည်း သူ၏ မွေးမိခင်နည်းတူ အစောကြီးကတည်းက ကွယ်ပျောက်သွားနိုင်သည်။
ထို့ကြောင့် သူ့အား ကျွေးမွေး စောင့်ရှောက်ပေးခဲ့သည့် မယ်တော်ကြီး၏ မေတ္တာ စေတနာကို သူအမြဲ သတိတရရှိနေပြီး အမှုကိစ္စများ ဆုံးဖြတ်စရာရှိလျှင်လည်း ရက်ရက်စက်စက် မပြုလုပ်မိစေဘဲ မေတ္တာရှေ့ထား ဆုံးဖြတ်ခဲ့လေသည်။
ထိုသို့ တွေးနေစဉ်၌ပင် ယန်ရှု၏ စိတ်ထဲတွင် သက်ပြင်း ချလိုက်သံကို သူ ကြားမိလိုက်ပြန်သည်။
“ဒီလောက် တော်ပြီး အရည်အချင်းရှိတဲ့ မယ်တော်ကြီး အကျင့်မကောင်းတဲ့ အရင် မင်းကြီးနဲ့ ဆုံတွေ့လိုက်တာ နှမျောဖို့ ကောင်းလိုက်တာ…။ သူသာ စိတ်ဓါတ်ခိုင်မာပြီး သူ့ကိုပဲ အပြည့်အဝ ဂရုစိုက်တတ်တဲ့ သူနဲ့ ဆုံမိလိုက်ရင် အခုဆို သူ ပျော်ပျော်ရွှင်ရွှင် နေနေရလောက်ပြီ”
ယွီဝိန်းလန် မျက်ခုံး ကြုတ်မိလိုက်လေသည်။
ဒီကောင်မလေး အရင်မင်းကြီးကို အကျင့်မကောင်းတဲ့ သူလို ခေါ်လိုက်တာလား။
ဒါပေမဲ့လည်း…
မယ်တော်ကြီးအတွက်ရော သူ့ မွေးသမိခင်အတွက်ပါ အရင်မင်းကြီးက ခင်ပွန်းကောင်း တစ်ယောက် မဖြစ်ခဲ့တာကတော့ အမှန်ပါ။
အထူးသဖြင့် နောက်ပိုင်းတွင် မင်းကြီးက တာအိုကျင့်ကြံလမ်းစဉ်များ၊ အဂ္ဂိရက် ဖိုထိုးခြင်းများ စသည်တို့ကို ရူးသွပ်ခုံမင်သွားသည့်အချိန်၌ ပို၍ပင် ဆိုးရွားလာခဲ့သည်။ မိမိ၏ တစ်ဦးတည်း ကျန်ရှိသော သားဖြစ်သူကိုပင် ဂရုမစိုက်တော့ချေ။ ထို့ကြောင့် ဖခင်ကောင်းတစ်ယောက်ဟု ယွီဝိန်းလန်ကလည်း မခေါ်ချင်ပေ။
သူ သက်ပြင်းငွေ့ငွေ့သာ ချလိုက်မိသည်။
ထိုအချိန်တွင် စစ်စတန်က ယန်ရှုနှင့် အတင်းတုပ်နေဆဲ ဖြစ်သည်။
“တကယ်ကလေ… မယ်တော်ကြီးကလေ… နောက်ကျတော့ သူ့ နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့သူနဲ့ ဆုံခဲ့ရတယ် သိလား…။ အဲဒီအချိန်မှာ အရင် မင်းကြီးက တာအိုကျင့်စဉ်တွေကို အရူးအမူးခုံမင်နေတာနဲ့ တိုင်းရေး ပြည်ရေးတောင် ဂရုမစိုက်တော့သလောက် ဖြစ်နေတာလေ…။ အရေးကြီး တိုင်းရေးပြည်ရေး ကိစ္စတွေဆိုရင် မယ်တော်ကြီးက သူ့ကို ကူညီနေတဲ့ ဝန်ကြီးမတ်ရာတွေနဲ့ ပေါင်းပြီး ကိုင်တွယ်ဖြေရှင်းရတယ်…။ အဲထဲမှာ ကျုံးကျီ ခြံဝန်းက အကြီးအကဲတစ်ယောက်လည်း ပါတယ်။ အဲဒီ အကြီးအကဲက သူမတူအောင် ထိုးထွင်းဉာဏ်ကောင်းပြီး ပညာကလည်း ရှိတော့ မယ်တော်ကြီးက အရမ်း လေးစားအထင်ကြီးရတာပေါ့…”
72 03
အိုး အိုး… ဇာတ်လမ်းတော့ စ လာပြီ…။
ထိုအကြောင်းကို ကြားလိုက်သည်နှင့် ယန်ရှု၏ မျက်ဝန်းများ ချက်ခြင်း အရောင် တောက်လာကြသည်။
“မယ်တော်ကြီးနဲ့ ကျုံးကျီ အကြီးအကဲတို့ နှစ်ယောက် ငြိသွားကြတာလား”
ယွီဝိန်းလန် - “??”
ဘယ်လို…? ကျုံးကျီ ခြံဝန်း အကြီးအကဲနဲ့…?
မယ်တော်နဲ့…?
ငြိသွားကြတယ်………???
ဘာတွေလဲဟ။
စစ်စတန် - “စိတ်တော့ မကောင်းဘူး… ချိတ်ရုံပဲ ချိတ်မိပြီး မငြိသွားကြပါဘူး…။ အရင် မင်းကြီးက တဖြည်းဖြည်း သံသယ ဝင်လာတာနဲ့… အကြီးအကဲက မယ်တော်ကြီး ဒုက္ခတွေ့မှာစိုးလို့ ရာထူးကနေ နှုတ်ထွက်ပြီး နယ်ကို ပြန်သွားရှာတယ်”
ယန်ရှု - “ဟယ်…”
နှမျောဖို့ ကောင်းလိုက်တာ…
မယ်တော်ကြီးနဲ့ အကြီးအကဲတို့ကြား ချစ်ခြင်းမေတ္တာတွေ ပွင့်ထွက်သွားလို့ ထိန်းမနိုင် သိမ်းမရတွေ ဖြစ်လာတာကို တွေးကြည့်ရုံနဲ့တင်…
ကျွတ်စ် ကျွတ်စ် ကျွတ်စ် … တလောကလုံးကို ကိုင်လှုပ်သွားမဲ့ အချစ်ဇာတ်လမ်းမျိုး ဖြစ်သွားမှာကိုကွာ…။
ဟင်း … ဟို အကျင့်မကောင်းတဲ့ ယောက်ျားက သူက အရင် သစ္စာဖောက်မှတော့ ပြန် အဖောက်ပြန်ခံရတာ ဘာမှ မထူးဆန်းဘူး။
ယွီဝိန်းလန် - “…”
ဘယ်လို ပြန်အဖောက်ပြန်ခံရတာ ဘာမှ မထူးဆန်းဘူး ဟုတ်လား။
ပြီးတော့… တလောကလုံးကို ကိုင်လှုပ်မဲ့ အချစ် ဇာတ်လမ်း???
ဒီ ကောင်မလေးကတော့ကွာ…
ဒါနဲ့ နေပါဦး … အဲဒီ အကြီးအကဲဆိုတာ သူ ဘယ်သူ့ကို ပြောနေတာတုန်း။
ထိုအချိန်မှာပင် ယန်ရှု ဆက်လက် တွေးတောနေသည်ကို သူ ကြားလိုက်ရပြန်သည်။
“ဒါပေမဲ့ တွေးကြည့်ရင် အကြီးအကဲက အဲဒီ ကျုံးကျီ ရာထူးတောင် ရပြီးနေမှတော့ ဝန်ကြီးချုပ်အဆင့် ဖြစ်နေပြီပေါ့။ဒါတောင်မှ မယ်တော်ကြီးအတွက် ဒီလောက် မြင့်တဲ့ ရာထူးကို စွန့်သွားတယ်ဆိုတော့ သူ့ရင်ထဲက အချစ်က အချစ်စစ် အချစ်မှန်ပဲ”
ကျုံးကျီ ခြံဝန်းက အကြီးအကဲက…
ရာထူးကနေ နှုတ်ထွက်တယ်…။
အင်း… တကယ်တော့ ဒီလောက်ဆို ဘယ်သူမှန်း ယွီဝိန်းလန် ရိပ်မိပါပြီ…။
သူ့နာမည်က ချီရှုကွမ်ဟု ခေါ်သည်။ အမှန်တကယ်လည်း အရည်အချင်းရှိပြီး မိမိကိုပင် ယခင်က စာပေ သင်ကြား ပေးဖူးလေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ပြီး တစ်နေ့တွင် ကောက်ခါငင်ခါ ရာထူးမှ နှုတ်ထွက်ကာ နယ်သို့ ပြန်သွားသူ ဖြစ်လေသည်။
ဒါဆိုရင် သူက…
…တကယ်ပဲ မယ်တော်ကြီးနဲ့ တစ်ခုခု ပတ်သက်ခဲ့တာလား။
ယွီဝိန်းလန်က မယ်တော်ကြီးဖက်သို့ မသိမသာ ကြည့်လိုက်မိသည်။ မယ်တော်ကြီး၏ မျက်နှာသည် ထုံးစံအတိုင်း သိက္ခာ သမာဓိအပြည့်နှင့် တည်ကြည်နေပြီး ပုံမှန်မဟုတ်သည့် မျက်နှာထားမျိုး မရှိချေ။
မယ်တော်ကြီး၏ စိတ်နှလုံးတွင် မင်းကြီး၏ တပါးသူအား ပုံဝတ္ထုရေးခိုင်းသည့် ကိစ္စအတွက် အံ့ဩမှုဖြစ်ခြင်းတစ်ခုသာ ဖြစ်ခဲ့ပြီး အခြားမည်သည့်အတွေးမျှ ရှိမနေချေ။
~~
++++++