အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
73 01
အပိုင်း 73
ယွီဝိန်းလန်က ယန်ရှုဖက် တဖန် ပြန်လှည့်ကြည့်လိုက်ရာ သူမမှာ မျက်လွှာလေးကို ချလျက် နာခံမှု အသွင်ကို ဆောင်လျက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူမ၏ စိတ်နှလုံးထဲတွင်မူ တွေးတောနေဆဲ ဖြစ်သည်။
“အိုး… ငါ့ စိတ်တွေ အရမ်းကို ကြွနေပြီ…။ နန်းဆောင် ပြန်ရောက်လို့ကတော့ တလောကလုံးကို ကိုင်လှုပ်မဲ့ အချစ်ဇာတ်လမ်းကို ရေးပစ်မှကို ဖြစ်မယ်…။ မယ်တော်ကြီးရဲ့ စိတ်ဆန္ဒတွေကို ဝတ္ထုထဲမှာ ဖြည့်ဆည်းပေးရမယ်”
ယွီဝိန်းလန် - “…”
ဒီ ဝတ္ထုကိုလည်း ထုတ်ဝေလို့ မဖြစ်ဘူး။
ဝတ္ထုဇာတ်လမ်းများကို ရေးခိုင်းသူမှာ သူဖြစ်ကြောင်း အခုလေးတင် မယ်တော်ကြီးအား ပြောထားပြီးနေပြီ မဟုတ်ပါလား။
ယွီဝိန်းလန်မှာ မုန့်ကို ဟန်မပျက် စားနေသော်လည်း စိတ်ထဲတွင် တိုင်ပတ် နေတော့သည်။
ကံကောင်းထောက်မသည်မှာ သိပ်မကြာမီ နန်းတွင်း အခန်းအနား စီစဉ်ရေးဋ္ဌာနမှ မိန်းမစိုး အကြီးအကဲရော က်လာပြီး ချန်မင် နန်းဆောင်တွင် မူးမတ်များက တွေ့လို၍ စောင့်ဆိုင်းနေကြောင်း သတင်းပို့လာလေသည်။
ယခုမှပင် သူ့ခမျာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ရင်ထဲတွင် ပေါ့ပါးသွားကာ မယ်တော်ကြီးအား နှုတ်ဆက်ပြီး ယန်ရှုအား ခေါ်ဆောင်ကာ ထွက်လာခဲ့လေသည်။
တော်ဝင် မြင်းရထားမှာ အဝင်ဝတွင် စောင့်ဆိုင်းနေသည်။ ယွီဝိန်းလန်က ယန်ရှုကို လှည့်၍ ပြောလိုက်သည်။
“ရထားပေါ်တက်… လမ်းတစ်ဝက်အထိ လိုက်ပို့ပေးမယ်”
သို့သော် ယန်ရှုက
“ကိုယ်လုပ်တော် အလျင်မလိုပါဘူး။ မင်းကြီး ဘာသာ သွားလိုက်ပါရှင့်”
ဟု ပြော၍ ငြင်းဆန်လေသည်။
နှစ် တစ်နှစ်၏ ပထမဆုံးလအပြီးတွင် ရာသီဥတုမှာ သာယာလေ့ရှိပြီး နန်းတွင်း ပန်းဥယျာဉ်များတွင် ပန်းများ ပွင့်လန်းဝေဆာလျက် ရှိတတ်သည်။ ထို့ကြောင့် ယန်ရှုမှာ ထို ရှုခင်းကို ခံစားကြည့်ချင်နေသည်။
ယွီဝိန်းလန် မှာ သူ၏ မူးမတ်များ စောင့်ဆိုင်းနေရမည်ကို မလိုလားသဖြင့်
“နန်းဆောင်ကို ပြန်ရောက်တဲ့အခါ ဝတ္ထုရေးဖို့ အရမ်း မလောနဲ့နော်…။ ပင်ပန်းနေရင် ရက်နည်းနည်းလောက် နားလိုက်ဦး”
ဟု သတိပေးလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ…
ဒီကောင်မလေးအား အရင် မင်းကြီးကို လူတိုင်းမုန်းသည့် အကျင့်မကောင်းတဲ့ ကောင်အဖြစ် ရေးခိုင်း၍ လုံးဝ မဖြစ်ချေ…။
သူ့ကိုတော့ အရှက်မခွဲပါနဲ့ကွာ တောင်းပန်ပါတယ်… အဟမ်း…
သို့သော် သူ့ခမျာ ထိုစကားလုံးများကို ထုတ်မပြောနိုင်ရှာ…။
ဘာမျှ မရိပ်မိသည့် ယန်ရှုကတော့ ဟုတ် ဟုသာ ပြန်ဖြေလေသည်။ ယွီဝိန်းလန် မြင်းရထားပေါ်တက်၍ ထွက်ခွာသွားသည့်အခါ ယန်ရှုကတော့ နန်းတော်အတွင်း အေးဆေးစွာ လျှောက်ကြည့်လေတော့သည်။
ယန်ရှုမှာ နာရီဝက်ခန့် လှည့်ပတ် ကြည့်ရှုပြီးနောက် ကန်းလူနန်းဆောင်သို့ ပြန်လာလိုက်သည်။
အဝတ်အစားများကို လဲလှယ်ပြီးနောက် ဝတ္ထုစရေးရန် ပြင်ဆင်လိုက်ချိန်တွင် ရုတ်တရက် နေ၍ မကောင်းသလို ဖြစ်လာလေသည်။
ပထမဦးစွာ သူမ၏ လည်ပင်းသည် ယားယံလာသည်။ တစ်ကြိမ် နှစ်ကြိမ်ခန့် ကုတ်လိုက်ပြီးနောက် သူမ၏ မျက်လုံးများပါ ယားယံလာသည်ကို ခံစားလာရတော့သည်။
သူမ၏ မျက်လုံးများကို မပွတ်ရသေးမှီ နှာစချေရာ ငါးကြိမ် ခြောက်ကြိမ်ခန့် ဆက်တိုက်ပင် ဖြစ်လေသည်။
ဤသည်ကို မြင်လိုက်ရသည့် ရန်တုန်းမှာ ထိတ်လန့်သွားပြီး အလျင်အမြန် ပြေးလာကာ ယန်ရှု၏ နှဖူးကို စမ်းသပ်ကြည့်ပြီး စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“သခင်မလေး အပြင်မှာ အအေးမိလာပြီလား”
ယန်ရှုက နားမလည်စွာဖြင့် ခေါင်းယမ်းပြလိုက်သည်။
“မဖြစ်နိုင်တာ… ခုနကအထိ ခန္ဓာကိုယ်က နွေးနေတုန်းပါ”
ပြော၍ မဆုံးမှီ နှာ နှစ်ကြိမ် ထပ်ချေပြန်သည်။
73 02
နှာချေပြီးနောက် မျက်လုံးများမှာ နီရဲလာတော့သည်။
ယခုမှ တစ်ခုခု လွဲနေပြီဆိုသည်ကို သဘောပေါက်ပြီးနောက် အမြန်ပြောလိုက်တော့သည်။
“နန်းတွင်း သမားတော်ကို သွား ပင့်ပေးပါဦး”
~~
ယွီဝိန်းလန် မှာ မှောင်လာ၍ မီးအိမ်များ မီးညှိချိန်အထိ မအားမလပ်ဘဲ ရှိနေတော့သည်။
မူးမတ်များ တဖြည်းဖြည်း ကျဲသွားသည့်အချိန်မှ ဖုဟိုင်က ရှေ့သို့ ရောက်လာပြီး
“ညစာ ပွဲတော်တည်ဖို့ အချိန်ရောက်ပါပြီ မင်းကြီး”
ဟု ပြောလေသည်။
ယွီဝိန်းလန်က အလောမကြီးသည့် ပုံမှန်လေသံဖြင့်
“ကြင်ရာတော်ယီရော စားပြီးပြီလား”
ဟု မေးလိုက်သည်။
မစားရသေးလျှင် ကန်းလူနန်းဆောင်တွင် အတူတူ သွားစားရန် တွေးလိုက်မိသည်။
သို့သော် ဖုဟိုင်က မျက်မှောင် ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်မျိုး သိတာကတော့ ကြင်ရာတော်ယီ ဒီနေ့ ညနေ နေသိပ်မကောင်းဘူးလို့ ကြားမိတယ်…။ အဲဒါကြောင့် မစားရလောက်သေးဘူး ထင်ပါတယ် မင်းကြီး”
“ဘယ်လို”
ဖုဟိုင် ပြော၍ မဆုံးမှီပင် ယွီဝိန်းလန်က ဖြတ်မေးမိသည်။
“ကိုယ်လုပ်တော်ယီက ဘာဖြစ်လို့လဲ”
ဖုဟိုင်က ပျာပျာသလဲဖြင့် ပြန်ဖြေသည်။
“ကျွန်တော်မျိုး အသေးစိတ်တော့ မသိပါဘူး မင်းကြီး…။ ဒါပေမဲ့ ဒီနေ့ ညနေစောင်းမှာ နန်းတွင်းသမားတော် တစ်ယောက် ကန်းလူ နန်းဆောင်ဖက်ကို သွားနေတာ တွေ့လို့ ကျွန်တော်မျိုး ဒီအတိုင်း မေးကြည့်လိုက်တာ။ ကိုယ်လုပ်တော်ယီက ပင့်လို့ လာတာပါလို့ ဖြေပါတယ်”
ယွီဝိန်းလန် မျက်မှောင် ကြုတ်သွားမိသည်။
“ညနေစောင်းတုန်းက ဖြစ်တာ ဟုတ်လား… ဘာလို့ ငါ့ကို လာ အကြောင်း မကြားရတာလဲ”
ဖုဟိုင်က နောင်တရဟန်ဖြင့် -
“ကျွန်တော်မျိုး သတင်းပို့ မလိုပါပဲ…။ ဒါပေမဲ့ မင်းကြီးက မအားမလပ် ဖြစ်နေတာမို့ အချိန်မရှိမှာစိုးလို့…”
ယွီဝိန်းလန်က တားလိုက်သည်။
ဝင်ငွေခွန်ရေးရာ အမတ်ကြီးနှင့် အလုပ်အကိုင်ရေးရာ အမတ်ကြီးတို့ နွေဦးရာသီ စိုက်ပျိုးရေးနှင့် ရေ ခြိုးခြံချွေတာ ထိန်းသိမ်းရေး စီမံကိန်းများနှင့် ပတ်သက်၍ သတင်းပို့လာသောကြောင့် သူ့ခမျာ အမှန်တကယ်ပင် မအားမလပ် ဖြစ်နေခဲ့သည်။ ရေပင် မသောက်အားချေ။
ထို့ကြောင့် ယခုကိစ္စကို ထပ်ဖိ၍ မမေးတော့ဘဲ
“မြင်းရထား ပြင်လိုက်… ငါ အခုပဲ သွားကြည့်မယ်”
ဟုသာ ပြောလိုက်တော့သည်။
ထို့နောက် ထိုင်ရာမှ ထကာ ထွက်လာခဲ့လိုက်လေသည်။
တော်ဝင် မြင်းရထား တရွေ့ရွေ့ သွားနေစဉ် ယွီဝိန်းလန် စဉ်းစားခန်း ဝင်နေသည်။ ယန်ရှု စီအန် နန်းဆောင်ကနေ ပြန်ပြန်ချင်း နေထိုင်မကောင်းဖြစ်တာဆိုတော့ မယ်တော်ကြီးရဲ့ မုန့်တွေထဲမှာ အဆိပ်များ ပါနေလို့လား။
မဖြစ်နိုင်။
ယန်ရှုမှာသာ ထူးခြားသည့် အစွမ်းရှိနေသည်မဟုတ် မိမိမှာလည်း ရှိသည်။ သို့သော် မယ်တော်ကြီးထံမှ ယန်ရှုအပေါ် မကောင်းသည့် စိတ်အကြံအစည်မျိုး တခုမှ မခံစားရချေ။
အဲဒါဆိုရင် ဘယ်လိုဖြစ်တာလဲ။
မြင်းရထား ရပ်သည်နှင့် ယွီဝိန်းလန် မှာ အလျင်အမြန်ပင် ထကာ နန်းဆောင်တွင်းသို့ ဝင်လာလေသည်။ နှာခေါင်းမှာ နီနေပြီး မျက်လုံးများ ယောင်နေသည့် ယန်ရှုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
73 03
သူ့ကို မြင်လိုက်သည့် ယန်ရှုမှာ အရိုအသေပေးရန် ကြိုးစား၍ ထလေတော့သည်။
“ကိုယ်လုပ်တော် မင်းကြီးကို ကြိုဆိုပါတယ်…”
ထိုသို့ ပြော၍ မဆုံးသေးမှီပင် နှာ သုံးကြိမ်ဆင့် ချေလိုက်မိလေသည်။
သူက အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။
“ဘာမှ တရိုတသေ လုပ်စရာ မလိုပါဘူး… ပြန်ထိုင်နေ”
ခန်းဆောင်အတွင်းတွင် နန်းတွင်း သမားတော် ရှိနေသည်ကို မြင်လိုက်ရသဖြင့် မေးလိုက်မိသည်။
“ကြင်ရာတော် ယီက ဘာဖြစ်တာလဲ”
သမားတော်က မျက်မှောင် ကြုတ်လိုက်ပြီး ပြန်ဖြေသည်။
“မင်းကြီး… ကိုယ်လုပ်တော်ယီရဲ့ လက္ခဏာက အအေးမိတဲ့ ပုံစံမျိုးပဲ… ဒါပေမဲ့ သွေးကြောတွေကို စမ်းကြည့်တော့ အအေးမိတာ ဟုတ်မနေပြန်ဘူး”
နီမြန်းနေသည့် နှာခေါင်းဖြင့် ယန်ရှုက ဘေးမှနေ၍ ပြောသည်။
“ကိုယ်လုပ်တော် ချမ်းတာ စိမ့်တာမျိုးလည်း မဖြစ်ဘူး မင်းကြီး။ ရုတ်တရက် နှာတွေ ထချေလာတာ… မက်မွန်ပွင့်တွေနဲ့များ ဓါတ်မတည့်တာလား မသိဘူး”
ထိုအခါ သမားတော်က ပြောလိုက်သည်။
“မက်မွန်ပွင့်က ပွင့်မှ မပွင့်သေးတာ”
မှန်ပေသည်… နွေဦးရာသီ စပြီ ဖြစ်သော်လည်း မက်မွန်ပင်များ အပွင့် ပွင့်ရန် အချိန်အနည်းငယ် လိုသေးသည်။
ထိုမျှသာမက ယန်ရှုမှာ စစ်စတန်ကို မေးကြည့်ရာ မည်သူမျှ သူမအား မကောင်းကြံခြင်း မရှိကြောင်း သိရသဖြင့် နားမလည်နိုင်ဖြစ်နေသည်။
နန်းတွင်း သမားတော်ဆိုလျှင် သိနိုင်လောက်သည်ဟု သူမ ယူဆလိုက်သော်လည်း သွေးကြောကို အကြာကြီး စမ်းကြည့်ပြီးသည့်တိုင် သမားတော်မှာလည်း မဝေခွဲနိုင် ဖြစ်နေလေသည်။
ထိုအချိန်၌ပင် ဖုဟိုင်က စကား ထပြောလေသည်။
“ဒီနေ့ ထိုက်ယီ ရေကန် ဘေးက မက်မွန်ပင် နှစ်ပင် အပွင့် ပွင့်တယ်လို့ ကျွန်တော် ကြားမိပါတယ်… လေကြောင့် လွင့်လာတဲ့ ဝတ်မှုံတွေ ရှူမိတာများလား”
ယန်ရှု တွေဝေ သွားမိသည်။
“ထိုက်ယီရေကန် ဘေးက မက်မွန်ပင်တွေ အပွင့်ပွင့်နေတယ် ဟုတ်လား”
ဖုဟိုင်က အလျင်အမြန် ခေါင်းကို ညိတ်ပြလိုက်ပြီး
“မှန်လှပါ… ကျွန်တော်မျိုး ဒီနေ့ မနက်ကပဲ ကြားလာခဲ့တာပါ”
ထိုအခါ ယန်ရှုက တစ်ချက် တုံ့ခနဲ ရပ်သွားပြီး တခုခုကို ချက်ခြင်း သဘောပေါက်သွားလေသည်။
ဒီလိုပဲ ဖြစ်လိမ့်မည်…။
အခုရက်ပိုင်း ရာသီဥတုက နွေးနွေးထွေးထွေး ရှိပြီး လေကလည်း အရှေ့အရပ်မှ တိုက်ခတ်နေသည်။ ထိုက်ယီ ရေကန်မှာ နန်းတွင်း ပန်းဥယျာဉ်၏ အရှေ့အရပ်တွင် ကပ်လျက်ရှိနေပေသည်။ သူမ ပန်းဥယျာဉ်အတွင်း လှည့်နေစဉ် လေကြောင့် လွင့်ပါလာသည့် ဝတ်မှုံများနှင့် ထိတွေ့မိခြင်း ဖြစ်ပေလိမ့်မည်။
~~
******
74 01
အပိုင်း 74
သမားတော်က ၎င်းကို ကြားလိုက်သောအခါ “ကိုယ်လုပ်တော်လီအတွက် ကျွန်တော်မျိုး သင့်လျော်တဲ့ဆေး စပ်ပေးပါ့မယ်” ဟု ပြောလိုက်လေသည်။
သို့သော် စိတ်တွင်း၌မူ မိုးမခပင်၏ ဝတ်မှုံများကြောင့် ဓါတ်မတည့်ခြင်း ဖြစ်သည်ကို ကြိမ်ဖန်များစွာ မြင်ဖူးသော်လည်း မက်မွန်ပွင့်ကြောင့် ဓါတ်မတည့်မှု ဖြစ်ခြင်းကို ယခုမှသာ မြင်ဖူးကြောင်း တွေးမိလေသည်။
ယင်းကို ကြားမိလိုက်သည့် ယွီဝိန်းလန်က မျက်ခုံးကို တွန့်လိုက်မိလေသည်။
အခုမှ မြင်ဖူးတယ် ဟုတ်လား။
အတွေ့အကြုံ ဒီလောက်နည်းနည်းလေးနဲ့ ဘယ်လိုလုပ် သင့်လျော်တဲ့ ဆေးကို စပ်ပေးနိုင်မှာလဲ။
တစ်ခဏ တွေးလိုက်ပြီးနောက် ဖုဟိုင်ကို မေးလိုက်သည်။
“အရင်တစ်ခေါက် ယစ်ပူဇော်ပွဲတုန်းက ချန်အန် မြို့စားမင်းကို ကုပေးတဲ့ ဆေးဆရာ… သူ့နာမည်က ဘာလဲ”
ဖုဟိုင်က တစ်ချက် စဉ်းစားလိုက်ပြီး အလျင်အမြန် ပြန်ဖြေသည်။
“သူ့နာမည်က ကျန်းညန့်ချီ လို့ခေါ်ပါတယ် မင်းကြီး”
“အင်း ဟုတ်တယ် ဟုတ်တယ်”
ယွီဝိန်းလန်က ဆက်ပြောသည်။
“ကိုယ်လုပ်တော်လီကို ကုပေးဖို့ သူ့ကို ပင့်လိုက်ပါ”
ဖုဟိုင်က နာခံလိုက်ပြီး အလျင်အမြန်ပင် ခပ်သွက်သွက် မိန်းမစိုးတစ်ယောက်ကို ခေါ်ကာ ဆေးဆရာအား ပင့်ရန် တော်ဝင် ဆေးဋ္ဌာနသို့ လွှတ်လိုက်လေသည်။
အဆင်ပြေသွားသည်မှာ တော်ဝင်ဆေးဋ္ဌာနသည် ယခုအချိန်ထိ မပိတ်သေးသောကြောင့် များမကြာမီပင် သမားတော်ကျန်း အပြေးအလွှား ရောက်လာလေသည်။
(ဪ… ဒါနဲ့ စကားမစပ်… အရင်တစ်ခေါက်တုန်းက သူ မသွယ်မဝိုက် ပြောဆိုခဲ့တဲ့ စကားကြောင့် မင်းကြီးက ဒီဆေးဆရာကို ရာထူးနှစ်ဆင့် တိုးပေးခဲ့လို့ အခု တရားဝင် ဆေးဝန်ထမ်း ဖြစ်နေပြီနော်။)
“ကျွန်တော်မျိုး မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်” ဟု ပြောရင်း သမားတော် ကျန်းက ဦးညွတ် အရိုအသေ ပေးလေသည်။ သူ၏ ခါးပြန်မမတ်ရသေးမှီ မင်းကြီးက မိန့်လေသည်။
“ကိုယ်လုပ်တော်လီကို တစ်ချက် စမ်းသပ်ကြည့်ပြီး သူ ဘာဖြစ်သလဲ စစ်ပေးပါ”
သမားတော်ကျန်းက မင်းကြီးရဲ့ အမိန့်ကို နာခံလိုက်ပြီး ယန်ရှုအနားသို့ ချက်ခြင်း ရောက်လာလေသည်။
သူက သူမ၏ ရောဂါ လက္ခဏာ အခြေအနေများကို မေးမြန်းသည်။ ထို့နောက် မျက်လုံးများနှင့် နှာခေါင်းအား စစ်ကြည့်သည်။ ထို့နောက် သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လေသည်။
အားလုံးပြီးသည့်အခါ ကောက်ချက် ချလေသည်။
“ကိုယ်လုပ်တော်လီက ဓါတ်မတည့်တဲ့ ရောဂါကို ခံစားနေရတာပါ… ကိုယ်လုပ်တော်မှာ ဓါတ်မတည့်တာတွေ ရှိလား။ အခုလို ဖြစ်တာ မက်မွန်ပွင့် ဝတ်မှုံ ကြောင့်လား… မိုးမခ ဝတ်မှုံကြောင့်လား… ဇီးပွင့်ဝတ်မှုံ ကြောင့်လား”
သမားတော်ကျန်းမှာ ဘယ်လို ဓါတ်မတည့်မှုမျိုးတွေလည်းဆိုတာကို ချက်ခြင်း သိနေပေပြီ။
ထို့ကြောင့် ယွီဝိန်းလန်က အခုမှ စိတ်ချသွားကာ ယန်ရှုကိုယ်စား ဖြေပေးလေသည်။
“ကိုယ်လုပ်တော်လီက မက်မွန်ပွင့်နဲ့ ဓါတ်မတည့်ဘဲ ဖြစ်နေတာပါ…။သမားတော်ဆီမှာ သူ့ရောဂါကို သက်သာစေမဲ့ နည်းလမ်းများ ရှိသလား”
ကျန်းညန့်ချီက ချက်ခြင်းပင် ပြန်ဖြေသည်။
“ရှိပါတယ် မင်းကြီး… ကျွန်တော်မျိုး အခုချက်ခြင်း ကိုယ်လုပ်တော်အတွက် ဆေးစာ ရေးပေးပါ့မယ်”
သမားတော်ကျန်းက စာရေး စုတ်တံကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်တွင် သွက်လက်စွာ ချရေးလေတော့သည်။
ဆေးစာ အဆင်သင့် ဖြစ်သည့်အခါ ရန်တုန်းက ဖတ်ကြည့်ပြီး ရှောင်တုန်းဇီအား ပါဝင်ပစ္စည်းများကို ယူ၍ ဆေးကြိုရန် ခိုင်းစေလိုက်လေသည်။
သမားတော်ကျန်းက ရန်တုန်းအား သီးခြား ဆေးထုတ် တစ်ထုတ်ကိုလည်း ပေးလိုက်ပြီး ပြောသည်။
74 02
“ဒီဆေးနဲ့ ကိုယ်လုပ်တော်လီအတွက် ရေချိုးဖို့ ပြင်ပေးလိုက်ပါ။ သူက ဓါတ်မတည့်တဲ့ ရောဂါအတွက် ကောင်းတယ်”
ရန်တုန်းက ဆေးထုတ်ကို လက်ခံယူလိုက်ပြီး ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်လေသည်။
ချိုးရေ အသင့်ဖြစ်သည့်အခါ ယန်ရှုက ကန်ထဲဆင်း၍ စိမ်လေသည်။
၁၅ မိနစ်ခန့် ကြာ၍ ပြန်ထလာသည့်အခါ သူမ၏ မျက်လုံးများမှာ ယောင်လည်း မယောင်၊ ယားလည်း မယား၊ နှာခေါင်းမှာလည်း ရှင်းသွားသည်ကို သိသိသာသာ တွေ့မြင်လိုက်ကြရသည်။
ကြိုထားသည့် ဆေးအား သောက်ပြီး၍ နောက်ထပ် နာရီဝက်ခန့် ကြာပြီးသည့်အခါ သူမ၏ ရောဂါ ဝေဒနာများ အားလုံး အမှန်ပင် သက်သာသွားတော့သည်။
မြင်ရသူအားလုံးလည်း စိတ်ကျေနပ်သွားပြီး ယွီဝိန်းလန်က ခေါင်းကိုညိတ်၍ ကျန်းညန့်ချီအား ချီးမွန်းလေသည်။
“မောင်မင်းရဲ့ ဆေးပညာက တကယ် ထူးခြား ထက်မြတ်တာပဲ…။ ဆေးဝန်ထမ်း အဆင့်က မောင်မင်းရဲ့ အရည်အချင်းနဲ့ဆို အလဟဿ ဖြစ်လွန်းတယ်…။ ငါကိုယ်တော်မြတ် မောင်မင်းကို နန်းတွင်း သမားတော်အဖြစ် ရာထူးတိုးပေးတယ်…။ ကန်းလူ နန်းဆောင်မှာ အဓိက ခစားပေတော့”
ကျန်းညန့်ချီက ချက်ခြင်းပင် ဒူးထောက် အရိုအသေပေးကာ
“မင်းကြီးရဲ့ ချီးမြှောက်မှုကို ကျွန်တော်မျိုး အထူးကျေးဇူးတင်ပါတယ်…။ ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါ့မယ်”
အချိန်တိုအတွင်း အဆင့်လေးဆင့် တိုးပေးခြင်းခံလိုက်ရသည့် သမားတော်ကျန်းကို အားလုံးက လေးစား အားကျသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သို့သော် ချီးမြှောက်မှုများ၊ ရှုံ့ချ ဝေဖန်မှုများမှာ ၎င်းအပေါ် အကျိုးသက်ရောက်မှု မရှိသည့်အလား သမားတော်ကျန်းမှာ တည်ကြည် ခန့်ညားစွာ ရှိနေလေတော့သည်။
ယန်ရှုကိုယ်တိုင် ဤလူအား အလွန်အရည်အချင်းရှိသူဟု ထင်မြင်မိတော့သည်။
ထိုစဉ် ဖုဟိုင်က ယွီဝိန်းလန်ကို ပြောလိုက်သည်ကို သူမ မြင်လိုက်ရသည်။
“အခု တော်တော်လည်း မှောင်နေပြီ…။ ကိုယ်လုပ်တော်လီလည်း သက်သာလာပြီဆိုတော့ မင်းကြီး တခုခု စားချင်ပြီလား ခင်ဗျာ။ ညစာလည်း မသုံးဆောင်ရသေးဘူး မဟုတ်လား”
ယန်ရှုက အံ့ဩစွာဖြင့် ကြည့်ကာ မေးလိုက်မိသည်။
“အယ်… မင်းကြီးက ညစာတောင် မစားရသေးဘူးလား။ ကိုယ်လုပ်တော်လည်း သက်သာလာပြီဆိုတော့ ပြန်ပြီး စားလိုက်ပါဦးရှင့်”
သို့သော် ယွီဝိန်းလန်က ထိုင်ရာက မထ ပြန်မေးလိုက်သည်။
“မင်းကရော စားပြီးပြီလား”
ယန်ရှုက ခေါင်းကို ရမ်းလိုက်ပြီး
“ဒီ ညနေ နေမကောင်း ဖြစ်သွားတော့ စားဖို့ အခွင့်အရေးတောင် မရလိုက်ပါဘူး။ မင်းကြီး”
ဟု ပြန်ဖြေလိုက်သည်။
ထိုအခါ မင်းကြီးက “ အဲဒါဆိုလည်း နန်းတွင်း စားဖိုဆောင်ကို အမြန်ရနိုင်မဲ့ စားစရာ တခုခု လုပ်ခိုင်းလိုက်တာပေါ့။ ငါလည်း ဒီမှာပဲ မင်းနဲ့ စားလိုက်မယ်” ဟု ပြောလိုက်သည်။
အင်း… အဲဒီလို ဆိုလည်း ကောင်းတာပဲ။
ယန်ရှုမှာ သက်သာလာပြီ ဖြစ်သဖြင့် ယခုမှ ဗိုက်အလွန်ဆာနေမှန်း သတိ ထားမိလေတော့သည်။ ထို့ကြောင့် အလျင်အမြန်ပင် ခေါင်းညိတ်ပြကာ ထောက်ခံလိုက်သည်။
များမကြာမီ နန်းတွင်း စားဖိုဆောင်မှ ညနှောင်းစာ ပြင်ဆင်၍ ပို့လိုက်သည်။
ဂေါ်ဖီချဉ်၊ ရတနာ ရှစ်ပါး ကြာစွယ်ဟင်း၊ တို့ဟူးကျော်၊ ဝက် မိုးခိုသားဟင်း စသည်ဖြင့် ဟင်းလျာ လေးမျိုးအပြင် ဆန်ပြုပ်နှစ်ပွဲပါ ပါဝင်လေသည်။
အချိန်မှာ အတော်နောက်ကျနေပြီ ဖြစ်သဖြင့် အသားများများ ပါသည့် ဟင်းလျာကြီးများအား စားရန် မသင့်တော်ပေ။ ထို့အပြင် ယန်ရှုမှာ ဆေးသောက်ထားသဖြင့် အဟာရဓါတ်များသော ဟင်းများ မစားနိုင်ချေ။ ထို့ကြောင့် ညနှောင်းစာတွင် ဟင်းသီးဟင်းရွက်များသာ အများစု ပါလေသည်။
နန်းတွင်း စားဖိုမှူးများမှာ ကျွမ်းကျင်ပိုင်နိုင်သောကြောင့် ဟင်းသီးဟင်းရွက် ဟင်းလျာများကိုပင် အရသာရှိအောင် ပြင်ဆင်ပေးထားသည်။
စားသောက်၍ ပြီးစီးသည့်အခါ ယွီဝိန်းလန်က အမိန့်ပေးသည်။
“ချိုးရေ ပြင်ပေး… ငါကိုယ်တော် ရေချိုးချင်တယ်”
74 03
ယန်ရှုက သူ့ကို တအံ့တဩကြည့်ကာ “မင်းကြီးက ဒီမှာ ညအိပ်မလို့လား” ဟု မေးလိုက်သည်။
သူက ခေါင်းညိတ်ပြကာ “ ဒါပေါ့ “ ဟု ပြန်ဖြေလိုက်သည်။
ယန်ရှုက တုန်လှုပ်သွားကာ “ဒါပေမဲ့ ကိုယ်လုပ်တော်က နေမကောင်းဘူးနော်” ဟု ပြောလေသည်။
ထိုအခါ ယွီဝိန်းလန်မှာ ပြုံးလိုက်မိလေသည်။
“မပူပါနဲ့… ငါ မင်းကို ဘာမှ မနှောင့်ယှက်ပါဘူး”
ပြောရင်း တချက်ရပ်လိုက်ကာ သူမကို မျက်ခုံးပင့်၍ ကြည့်လိုက်ပြီး ဆက်ပြောသည်။
“မင်းက ငါ့ လက်မောင်းတွေကြားထဲ ခေါင်းတိုးဝင်လာရင်တော့ တစ်မျိုးပေါ့”
အလိုလေး… ဘုရားရေ… ငါကတောင် ခေါင်းတိုး ဝင်ဦးမယ် ဟုတ်လား။
ယန်ရှုမှာ ဘာပြောရမယ်မှန်းပင် မသိ
“မင်းကြီးက ရောဂါကူးမှာ မကြောက်ဘူးလား”
သူက ဂရုတောင် မစိုက်ချေ။
“မင်း ရောဂါက ကူးမှ မကူးတတ်တာ”
ယန်ရှု - “...ဟမ့်”
ယန်ရှု၏ နှုတ်မှာ ဆွံ့အ လျက်သာ ရှိနေတော့သည်။
စိတ်ထဲမှာလည်း တွေးလိုက်မိသည်။ ဒီပုဂ္ဂိုလ်က သူများတကာနဲ့ ပူးပူးကပ်ကပ် တော်တော် အိပ်ချင်တာပဲနော်…။
ယွီဝိန်းလန်က စိတ်ထဲမှနေ၍ ဒါပေါ့ ဟု ပြန်ဖြေမိလေသည်။
အမှန်တကယ်တမ်းတွင် သူကိုယ်တိုင်က ယခု ချန်မင် နန်းဆောင်သို့ ပြန်၍ တယောက်တည်း မအိပ်လိုပေ။
အဘယ့်ကြောင့်ဆိုသော် ထိုနန်းဆောင်သို့ တယောက်တည်း ပြန်အိပ်ပါက အိပ်၍ပျော်တော့မည်ဟု မထင်။
ချန်မင် နန်းဆောင်၏ စက်တော်ဆောင်သည် ကျိန်စာသင့်နေသည်ဟု ထင်သည်။ ခြောက်ခြာစဖွယ် ကောင်းသည်ဟု ခံစားရသည်။ ထို့ကြောင့် သူကိုယ်တိုင် ကြောက်စိတ်ပင် ဝင်လာမိသည်။
ထို့ကြောင့် ယန်ရှု စိတ်ထဲတွင် မည်မျှ ပွစိပွစိပြောနေပါစေ သူ ဂရုမစိုက်။
သူကိုယ်တိုင်ကလည်း ယန်ရှု အိပ်ယာပေါ်တွင် သူမနှင့် အတင်းတိုးဝှေ့ အိပ်ရသည်ကို ကြိုက်မိနေသည်လေ။
ဤသို့ဖြင့် ညတစ်ည အေးအေးချမ်းချမ်း ကုန်ဆုံးကာ နေ့တစ်နေ့သို့ ကူးပြောင်း သွားလေတော့သည်။
ယန်ရှု နိုးလာချိန်တွင် ယွီဝိန်းလန်မှာ ညီလာခံတက်ရန် ထွက်သွားလေပြီ။
~~
++++++
75 01
အပိုင်း 75
ယမန်နေ့ညမှ ဆေးမှာ အာနိသင်ကောင်းလွန်းသည်။ သူမအနေဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကာ မကျန်းမမာသည့် ခံစားချက်များ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သို့သော် အပြင်သို့ လက်လွတ်စပယ် မထွက်ရဲသေးပေ။
အရှေ့လေမှာ ယခုထိ တိုက်ခတ်နေဆဲ ဖြစ်သည်။ အကယ်၍ သူမသာ အပြင်ထွက်လိုက်လျှင် မက်မွန် ဝတ်မှုံများနှင့် ထပ်တိုးကာ ထပ်ဖျားပေဦးမည်။
ဪ… ခက်ခဲ ကျပ်တည်းလိုက်တဲ့ နေ့ရက်တွေ ပါလားနော်…။
ကံကောင်းသည်မှာ နန်းတွင်း စားဖိုဆောင်မှ စုံစုံလင်လင်ရှိပြီး စားကောင်းလှသည့် မနက်စာကို ပို့ပေးလာသဖြင့် သူမ အနည်းငယ် စိတ်သက်သာရာ ရလေသည်။
ဒီ အနှစ်ပါတဲ့ ပေါက်စီလုံးလေးတွေရယ်၊ ရွှေဖယုံသီး ဆွပ်ပြုပ်ရယ်က လိုက်မှလိုက်။ ပြီးတော့ ပုလဲ ကောက်ညှင်းနဲ့ အသားလုံးတွေကလည်း ငါ့အကြိုက်ပဲ…။
ထိုသို့ နှစ်နှစ်ခြိုက်ခြိုက် စားသောက်နေစဉ် အိမ်စေလေး လျန်ရှင်း သူမထံသို့ အပြေးလေး ရောက်လာလေသည်။
“သခင်မလေး… သခင်မလေး… အရှင်မင်းကြီးက ထိုက်ယီရေကန်နားက မက်မွန်ပင် နှစ်ပင်လုံး အမြစ်ကနေနှုတ်ဖို့ အမိန့်ပေးလိုက်ပြီတဲ့…”
“အမြစ်ကနေ နှုတ်ပစ်တယ် ဟုတ်လား…” ယန်ရှုမှာ အံ့ဩသွားသည်။
“ဘာလို့ မင်းကြီးက အဲအပင် နှစ်ပင်ကို နှုတ်ပစ်ခိုင်းရတာလဲ”
လျန်ရှင်းက ပြုံးပြီး ပြောသည်။
“ဘာလို့လဲဆိုတော့ အရှင်မင်းကြီးက သခင်မလေး နောက်ထပ် နေမကောင်းဖြစ်မှာ စိတ်ပူလို့ နေမှာပေါ့။ အဲဒါကြောင့် နှုတ်ခိုင်းလိုက်တာ ထင်တယ်။ အဲဒီ မက်မွန် ပင်ကြီးတွေက နှစ်ပေါင်း ဆယ်နဲ့ချီ ရှိနေပြီလို့ ကျွန်မ ကြားဖူးတယ်။”
ထိုသို့ ကြားသိလိုက်ရသည့်အခါ ယန်ရှုမှာ နှုတ်မှ ပြောမပြတတ်အောင် ဖြစ်သွားရသည်။
ဟင်း… ငါ့အပေါ် ဒီလောက်ကောင်းတဲ့သူဆိုလို့ ငါ့အဖေပဲ ရှိခဲ့ဖူးတယ်။
သူမ ငယ်စဉ်က မက်မွန်ပွင့်နှင့် ဓါတ်မတည့်ရောဂါ ဖြစ်တတ်သည်ကို သိရှိသွားသည့်အခါ အဖေက ခြံထဲရှိ မက်မွန်ပင်ကြီးကို ခုတ်ပစ်ခဲ့ဖူးသည်။ ထိုမျှမက အိမ်နီးနားချင်းများကိုပင် မက်မွန်ပင်များအစား ဇီးပင်များ၊ သစ်တော်သီးပင်များ ပြောင်းစိုက်ရန် တိုက်တွန်းလေသည်။
သူမ၏ ဖခင်မှာ အခြားသူများအား အလုပ်ရှုပ်အောင် တစ်ခါမျှ မလုပ်ခဲ့ဖူးသော်လည်း သူမအတွက်နှင့် ထိုတစ်ကြိမ်တော့ ပြုလုပ်ခဲ့လေသည်။
ယခုမူ သူမအတွက် မက်မွန်ပင်များကို ခုတ်လှဲစေသူမှာ ဧကရာဇ် မင်းကြီးပင် ဖြစ်နေတော့သည်။
သူမ၏ ရင်ထဲ နွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုသို့ တွေးပြီးနောက် သူမက ကြာစေ့ ကိတ်လေးကို တကိုက် ကိုက်စားလိုက်သည်။
အိုး… ချိုမြိန်လှသည့် အရသာက သူမ၏ နှုတ်ခမ်းများဆီမှ ရင်ထဲသို့ပင် တိုးဝင်လာသည်။
ရန်တုန်းက ဘေးမှနေ၍ ပြုံးလျက်
“အရှင်မင်းကြီးက သခင်မလေးကို အရမ်း ဂရုစိုက်တာပဲနော်။ အခုတော့ နှစ်ပင်ပဲ ပွင့်သေးလို့…။ နောက် ရက်နည်းနည်း ကြာတဲ့ အခါကျရင် တခြား မက်မွန်ပင်တွေ ပွင့်တဲ့အခါကျရင် မလွယ်ဘူး” ဟု ပြောလေသည်။
ယန်ရှု တွေဝေ သွားသည်။
ဟုတ်ပနော်… နန်းတွင်းထဲ ရှိသမျှ မက်မွန်ပင်တွေ အကုန်ခုတ်ပစ်ကြမှာလား။
ထို့အပြင် နန်းမြို့ရိုး အပြင်တွင်လည်း မက်မွန်ပင်များ ရှိနေသေးသည်။ လေတိုက်သည့်အခါ ထိုအပင်များမှ ဝတ်မှုံများကလည်း နန်းတွင်းသို့ ဝင်လာဦမည်မှာ သေချာသည်။
မြို့တော်ထဲက လူတွေကိုလည်း မက်မွန်ပင်တွေ ခုတ်ပစ်ဖို့ နောက်ကို မက်မွန်သီးတွေ လုံးဝ မစားဖို့ ခိုင်းဦးမှာလား။
သနားဖို့ ကောင်းလိုက်တဲ့ မက်မွန်ပင်တွေ။
မဟုတ်သေး… သူမရင်ထဲ နွေးထွေးသွားစေသော်လည်း ယခုကဲ့သို့ ပြုလုပ်ခြင်းသည် အဖြေမှန် မဟုတ်သေးပေ။
သူမ ထိုသို့ တွေးနေစဉ် ယမန်နေ့ညမှ တော်ဝင်သမားတော်ကျန်း တံခါးဝသို့ရောက်လာပြီး လျှောက်လေသည်။
75 02
“တော်ဝင်ကိုယ်လုပ်တော်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ဖို့ ကျွန်တော်မျိုး ရောက်လာပါပြီ”
သူမ၏ မျက်လုံးများ အရောင်တောက်သွားပြီး အလျင်အမြန် ပြောလိုက်သည်။
“သမားတော် အထဲကို လာပါဦး… မေးချင်တာလေး ရှိလို့”
သမားတော်ကျန်းက နာခံလိုက်ပြီး ခန်းမဆောင်အတွင်းသို့ သူ၏ ဆေးအိတ်ကို ဆွဲကာ ဝင်လာလေသည်။
ယန်ရှုက မသေမချာ မရေမရာဖြင့် မေးလိုက်သည်။
“သမားတော်ကျန်း… ကျွန်မ နောက်ထပ် မက်မွန်ပွင့်ကနေ ဓါတ်မတည့် ဖြစ်တာကို ကာကွယ်လို့ရမဲ့ နည်းလမ်းတွေ ဘာတွေများ ရှိနိုင်သလား”
သူမက မေးရုံသာ မေးလိုက်သော်လည်း အဖြေကို မမျှော်လင့်မိချေ။ သို့သော် သမားတော်ကျန်းက ခေါင်းကို ညိတ်လိုက်သောကြောင့် သူမ အံ့ဩ သွားသည်။ သူက
“နည်းလမ်း တစ်ခုတော့ရှိတယ်… အဲဒါက နည်းနည်းခက်ခဲတော့ သခင်မလေး ခံနိုင်ရည်ရှိ မရှိ အပေါ် မူတည်ပါတယ်”
ဟု ပြောလေသည်။
ယန်ရှုမှာ တွေဝေသွားပြီး ပြန်မေးလိုက်သည်။
“ဘယ်လို ခက်ခဲတာလဲ”
သမားတော် ကျန်းက ရှင်းပြသည်။
“ဒီ ရောဂါကို ကုဖို့ဆိုရင် အရင်ဆုံး သခင်မလေးရဲ့ ခန္ဓာကိုယ်က အပြင်းအထန် ဓါတ်မတည့်တာမျိုး မဖြစ်ဘဲနဲ့ မက်မွန်ပွင့်ကို အထိအတွေ့ ခံနိုင်ဖို့ လိုတယ်။ အဲဒီတော့ ကျွန်တော်မျိုး သခင်မလေးကို မက်မွန်ပွင့် နည်းနည်းလောက်နဲ့ နေ့တိုင်း ထိတွေ့ခိုင်းမယ်…။ ပြီးရင် ဆေးလည်း တိုက်ပါမယ်။ ဒီလို ဆက်တိုက် လုပ်လိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ သခင်မလေးရဲ့ ခန္ဓာကိုယ်က နောက်ဆို ဓါတ်မတည့်တာမျိုး မဖြစ်တော့ဘဲ ခံနိုင်ရည် ရှိလာမှာပါ။”
ယန်ရှုက တခဏမျှ တွေးလိုက်ပြီး အံကို ကြိတ်လိုက်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ…”
ဘာမှ မလုပ်ဘဲ နေတာထက်စာလျှင် စမ်းကြည့်လိုက်သည်က ပိုကောင်းမည်။ အကယ်၍ အောင်မြင်သွားလျှင် နောင်တွင် မက်မွန်ပွင့်အား ကြောက်နေစရာ လိုတော့မဟုတ်။
ဤပြသနာကို အပြီးသတ် ဖြေရှင်းနိုင်သည့် အကောင်းဆုံး အဖြေမှာ ထိုနည်းလမ်းသာ ရှိသည်။
ထိုသို့ လက်ခံလိုက်ပြီးသည်နှင့် ကုထုံးကို စတင်တော့သည်။
သမားတော်ကျန်းက နေ့စဉ် မက်မွန်ပွင့် ဝတ်မှုံအနည်းငယ်ခန့် ယူဆောင်လာပြီး သူမ၏ ပါးစပ်အတွင်းတွင် ငုံထားခိုင်းသည်။ ပြီးလျှင် သူ စပ်ပေးသည့် ဆေးကို သောက်ရသည်။
ဤသို့ဖြင့် ရက်ကြာလာလေလေ ဆေးကို လျှော့ပြီး ဝတ်မှုံကို ပို၍ များများ တိုးလာလေလေဖြင့် ပြုလုပ်သည်။
ဤသို့ဖြင့် ခုနှစ်ရက် ရှစ်ရက်ခန့် ကြာသည့်အခါ နန်းတော်အနှံ့ မက်မွန်ပွင့်တို့ ပွင့်လာသည်။ သူမ အနေဖြင့် မက်မွန်ပွင့် ဝတ်မှုံတို့အပေါ် ဓါတ်မတည့်မှုမှာလည်း ယခင်နှစ်များနှင့် ယှဉ်လျှင် လွန်စွာ ပျော့ပြောင်းလေသည်။
သို့သော် နန်းတော် အပြင်ရှိ သူမ၏ မိသားစုဝင်များမှာမူ ဤအချင်းအရာကို မသိကြချေ။ ထို့ကြောင့် မက်မွန်ပွင့်များ ပွင့်ချိန်ရောက်တိုင်း သူမ၏ မိဘများနှင့် အဘွားမှာ သူမအတွက် စိတ်ပူကြတော့သည်။
တနေ့တွင် မင်းကြီး၏ ခွင့်ပြုချက်ဖြင့် အမျိုးသမီးရှုမှာ နန်းတွင်းသို့ ရောက်လာပြီး သူမ၏ သမီးဆီသို့ လာတွေ့လေသည်။
သူ့သမီးအား မြင်လိုက်သည်နှင့် အမျိုးသမီးရှုက ယူဆောင်လာသည့် အိတ်ထဲမှ ဆေးများထုတ်ကာ ယန်ရှုအား ပြောလေသည်။
“ဒီဟာက အမေတို့ ဇာတိမြို့က ဆေးဆရာဆီကနေ ဝယ်လာတဲ့ ဆေး… သမီးရဲ့ မက်မွန်ပွင့် ဓါတ်မတည့်ရောဂါကို သက်သာစေတယ်တဲ့…။ ရော့… စမ်းသုံးကြည့်လိုက်ဦး”
ယန်ရှုက ပြုံးကာ ပြန်ပြောလိုက်သည်။
“မလိုတော့ဘူး အမေရဲ့…။ နန်းတွင်းမှာ အရမ်းတော်တဲ့ သမားတော် တစ်ယောက်ရှိတယ်။ သူပေးတဲ့ ကုထုံးအတိုင်း လိုက်လုပ်လိုက်တာ သမီးအခု ဓါတ်မတည့်တဲ့ ရောဂါ ပျောက်လုနီးနီးတောင် ဖြစ်နေပြီ”
ထို့နောက် ဆက်၍ သူမ၏ အမေကိုပင် ပြန်သတိပေးလိုက်သေးသည်။
“အမေ သတိထားနော်။ အဲ့ဆေးဆရာက အမေ့ကို လိမ်လိုက်တာ ဖြစ်နေဦးမယ်…။ ဆေးဆိုတာမျိုးက သင့်တော်အောင် စပ်ပေးမှ ထိရောက်တာ…။ ပြီးတော့ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူကြဘူးလေ…။ အဲ့ ဆေးဆရာက သမီးရဲ့ သွေးကြောကိုတောင် မစမ်းဖူးဘဲနဲ့ ဘယ်လိုလုပ် ဆေးစပ် ပေးနိုင်မှာလဲ။ နောက် အဲလိုမျိုးတွေ ယုံပြီး မဝယ်လာပါနဲ့နော်”
အမျိုးသမီး ရှုက ခေါင်းကို ညိတ်ကာ လက်ခံလေသည်။
“အေးပါ နောက်ဆို အဲလို အယုံမလွယ်တော့ဘူး ဟုတ်ပြီလား…။ ပိုက်ဆံ ကုန်တာပဲ အဖက်တင်တယ်”
ထိုအချိန်၌ပင် ယန်ရှုမှာ သူ့အမေ၏ အပြုံးနောက်တွင် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များကို မြင်လိုက်ရလေသည်။
ထို့ကြောင့် အလျင်အမြန်ပင် မေးကြည့်လိုက်သည်။
“အမေ… အိမ်မှာ အဆင်ပြေရဲ့လား… တစ်ခုခုများ ဖြစ်နေသလား”
သို့သော် အမျိုးသမီးရှုက
“ဘာမှ မဖြစ်ပါဘူးကွယ်… အကုန် အဆင်ပြေကြပါတယ်”
ဟု ပြန်ဖြေလေသည်။
ယန်ရှုက မယုံ… ထို့ကြောင့် စစ်စတန်ကို မေးကြည့်လိုက်သည်။
[ငါ့ မိသားစုမှာ ပြသနာ တစ်ခုခု ဖြစ်နေတာလား။]
စစ်စတန်က ပြန်ဖြေသည်။
75 03
[အင်း … လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက နင့် မောင် လီထျန်းရော့က စုန့်ဟယ် ကျောင်းတော်မှာ အနိုင်ကျင့်ခံရတယ်လေ…။ အဲဒီတော့ သူက ပြန်ချတာပေါ့…။ တဖက်လူကို နှစ်ချက်တောင် တီးပစ်တာ…။ ဒါပေမဲ့ ထင်မှတ်မထားဘဲ ကျောင်းအုပ်ကြီးက ဘက်လိုက်တတ်တော့ နင့် မောင်ကို ပြန်တောင်းပန်ခိုင်းရော]
ယန်ရှု အံ့ဩသွားမိသည်။
[ဘယ်လို..စုန့်ဟယ် ကျောင်းတော်က မြို့တော်မှာ ထိပ်တန်းအဆင့်ရှိတဲ့ ကျောင်းတော် မဟုတ်လား…။ သူတို့ဆီက ပညာရေးရပ်ဝန်းက ဒိတ်ဒိတ်ကျဲပဲ မဟုတ်လား။ ဘယ်လိုလုပ်များ အခုလို အကြည်းတန်တဲ့ ကိစ္စမျိုး ဖြစ်ရတာလဲ။]
စစ်စတန်က သက်ပြင်းကို ချလိုက်ပြီး
[အဲဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမှန်တရားတွေပါ…။ စုန့်ဟယ် ကျောင်းတော်ကို ထိပ်တန်း ပညာရှင်နှစ်ယောက်က တည်ထောင်ခဲ့ပြီး ထူးချွန်တဲ့ ပညာတတ်ပေါင်းများစွာ မွေးထုတ်ပေးခဲ့တာပေါ့…။ အရင်တုန်းကတော့ တကယ့်ကို အကောင်းဆုံးလို့ သတ်မှတ်လို့ရခဲ့တယ်…။ နောက်တော့ မူးကြီးမတ်ရာတွေရဲ့ ထိန်းမနိုင် သိမ်းမရ သားသမီးတွေကြောင့် အဲဒီ ပညာရေး ရပ်ဝန်းကလည်း ပျက်ကရော… အခုကျတော့ အာဏာရှိတဲ့သူတွေရဲ့ ကစားကွင်းကြီးလို ဖြစ်နေပြီ]
ယန်ရှုမှာ ပြောမပြတတ်အောင် နှုတ်ဆွံ့နေမိသည်။
ထိုသို့ ကြိုသိခဲ့လျှင် မောင်လေးကို ထိုကျောင်းသို့ အပ်မိမည်မဟုတ်။ ထိုကျောင်းတော်ကြီးကို သူမ အတော် ကောင်းသည်ဟု ထင်ခဲ့မိသည်။
သို့သော်လည်း
သူမ နားမလည်နိုင် ဖြစ်မိသည်။
— သူမက ယခု တော်ဝင်ကြင်ယာတော် တစ်ယောက်ဖြစ်နေပြီ…။ သို့တိုင်အောင် သူမ၏ မိသားစုဝင်ဖြစ်သည့် သူမ၏ မောင်ကို အနိုင်ကျင့်သူ ရှိနေသေးသလော။
ထိုသို့တွေးလိုက်သည့်အခါ စစ်စတန်က ဆက်ပြောသည်။
[နင်က နင့်အဖေရဲ့ အကျင့်ကို အခုထိ မသိသေးဘူးလား။ သူက နင့်ကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ နင့်မောင်ကို ကျောင်းအပ်တော့ နင့်မောင်လေးဖြစ်ကြောင်း လူအသိမခံဘူးလေ။ အဲဒီလို လုပ်လိုက်တော့ လူတိုင်းက နင့်မောင်လေးကို သာမန် လူတန်းစားမိသားစုက လာတဲ့ ကောင်လေးလို့ ထင်ကြတာပေါ့။]
ယန်ရှု အခုမှ သဘောပေါက်သွားသည်။ သို့သော်လည်း သူမ ဒေါသ ဖြစ်မိသည်။
[ဘယ် မိသားစုက လာလာပေါ့…။ လူတွေကို အကြောင်းမဲ့ အနိုင်ကျင့်စရာလား။ သာမန် လူတန်းစား မိသားစုက လာတဲ့ ကလေးတွေက သူတို့ အနိုင်ကျင့်တာ ဘာမှပြန်မလုပ်ဘဲ ခံရမဲ့ သူတွေလား။ ကျောင်းအုပ်ကြီးက ထျန်ရော့ကိုတောင် ပြန်တောင်းပန်ခိုင်းသေးသတဲ့လား။ လုံးဝ အဓိပ္ပာယ် မရှိတာပဲ!]
စစ်စတန်က ပြန်ပြောသည်။
[ဒါပေါ့… အဲ့လူက ကောင်းတဲ့လူ မဟုတ်ဘူး။ အဲဒီ ကျောင်းအုပ်ကြီးက အပြင်က ကြည့်ရင်သာ ပညာတတ်သလို ထင်ရတာ… တကယ်တန်းကျတော့ အကျိုးအမြတ်ရဖို့ပဲ သိတဲ့သူကြီး…၊ သူ့ဘဝ နာမည်ကျော်ကြား တိုးတက်လာဖို့အတွက်ဆိုရင် ရွံစရာကောင်းတဲ့ အလုပ်တွေလည်း အကုန်လုပ်ခဲ့တာ…၊ ပြောရရင် အရင်ကတည်းက သူ ဒီကျောင်းအုပ်ရာထူးကို လိုချင်လွန်းလို့ သူ့မိန်းမကိုတောင် အာဏာပိုင် အမတ်တွေဆီ လာဘ်ထိုးတဲ့အနေနဲ့ ညအိပ်လွှတ်ခဲ့တာ]
ယန်ရှု အံ့ဩ တုန်လှုပ်သွားမိသည်။
[ ဘာ… ]
ဟား… ကြိုက်ပြီလေ… ဒီလူကြီး သေချင်လို့ ငါ့မိသားစုနဲ့ လာငြိတာပဲ။
******