← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

71

အဘိုးအို၊ အဘွားအိုများ၏စကားကို နားထောင်ပြီးနောက် လီရှီးရှီးသည် သူတို့ရွာသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူမှာ သူမ၏စီးပွားရေးကို လုယူရန် ရောက်လာခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

သို့သော် သူမက အနည်းငယ်မျှပင် မကြောက်ရွံ့ခဲ့ချေ။ သူမ၏ရေပူစမ်းက ဤမျှဈေးကြီးပေး၍ ရောင်းချနိုင်ခြင်းမှာ ထူးခြားသောအာနိသင်များ ရှိနေသောကြောင့်သာ။

ထို့အပြင် ထိုသူဌေးက ဤနေရာတွင် တကယ့်ရေပူစမ်းအစစ်ကို တူးဖော်တွေ့ရှိနိုင်ပါမည်လော။

မာထျန်းဟူ၏နှုတ်ခမ်းများမှာ ပူလွန်းသဖြင့် အပူဖုများပင် ပေါက်နေပြီဖြစ်သည်။ မြေတူးစက်ဖြင့် အလွန်နက်ရှိုင်းစွာ တူးဖော်ခဲ့သော်လည်း ယခုတိုင် ဘာတစ်ခုမျှမတွေ့ရသေးချေ။

ကြန့်ကြာနေသောနေ့ရက်တိုင်းအတွက် အပိုကုန်ကျစရိတ်များက ဆက်တိုက်တက်နေသည်။ သူ၏ပိုက်ဆံအိတ်က အတော်လေး ထူထဲသော်လည်း ငွေသုံးစရာနေရာများက အများကြီး ရှိနေသေးသည်လေ။

သူက ထိုပညာရှင်ကို ဆက်သွယ်ရန် ပြင်လိုက်ချိန်တွင် ဖုန်းအကြိမ်ကြိမ်ခေါ်သော်လည်း မရဖြစ်နေကြောင်း တွေ့လိုက်ရသည်။ အစပိုင်းတွင် ပညာရှင်က အလုပ်များနေသဖြင့် နောက်မှပြန်ခေါ်မည်ဟု တွေးကာ စောင့်ဆိုင်းနေလိုက်၏။

ပညာရှင်က ပြန်မခေါ်ခဲ့သော်လည်း ရဲစခန်းမှ ဖုန်းဝင်လာခဲ့သည်။

သူက အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သူက တရားမဝင်အလုပ် ဘာတစ်ခုမျှ မလုပ်ခဲ့ဖူးချေ။ စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး သူလုပ်ခဲ့သောအချို့ကိစ္စများက အနည်းငယ် လွန်ကျူးမှုရှိခဲ့သော်လည်း အားလုံးက ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော အဆင့်တွင်သာ ရှိခဲ့သည်။

ဥပဒေနှင့်ဆန့်ကျင်သော ကိစ္စများတွင် တစ်ခါမျှ မပါဝင်ခဲ့ဖူးရာ ရဲစခန်းက ဘာကြောင့် သူ့ကို ဖုန်းဆက်လာရသနည်း။ ဖုန်းနံပါတ်ကိုသာ မမြင်ခဲ့ရပါက လိမ်လည်သူများဟုပင် ထင်မှတ်မိချေမည်။

သူက ဖုန်းကိုင်လိုက်ရာ တစ်ဖက်မှ လျူရှောင်ထျန်းဆိုသည့် လူတစ်ယောက်ကို သိမသိ မေးလာသည်။

မာထျန်းဟူက နားမလည်နိုင်စွာဖြင့်ဖြေလိုက်သည်။ “ရဲအရာရှိမင်း... ဖုန်းမှားခေါ်မိတာများလား၊ အဲဒီနာမည်နဲ့လူကို ကျွန်တော် လုံးဝမသိပါဘူး”

တစ်ဖက်လူက ရှင်းပြလာ၏။ “ဒီလူက အရင်က လျူထျန်းဆိုတဲ့ နာမည်ဝှက်ကို သုံးခဲ့ဖူးတယ်၊ သူ့ရဲ့ ထွက်ဆိုချက်အရ လူအများအပြားကို သူလိမ်လည်ခဲ့တယ်တဲ့၊ အဲဒီအထဲမှာ ခင်ဗျားရဲ့နာမည်နဲ့ ဆက်သွယ်ရန် အချက်အလက်တွေကိုလည်း တွေ့ရလို့ပါ”

‘လျူထျန်းဟုတ်လား၊ ဒါ ငါငှားထားတဲ့ ပညာရှင်ရဲ့ နာမည်မဟုတ်ဘူးလား’

သူ၏ရင်ထဲတွင် ချက်ချင်း ဒိန်းခနဲဖြစ်သွားပြီး လည်ချောင်းများ ခြောက်သွေ့လာကာ မေးလိုက်သည်။

“လျူထျန်းလို့ ခေါ်တဲ့လူတစ်ယောက်ကိုတော့ ကျွန်တော်သိတယ်၊ သူက ဘူမိဗေဒပညာရှင်နဲ့ တက္ကသိုလ်ပါမောက္ခတစ်ယောက်လို့ ပြောတယ်၊ သူက လူလိမ်လား”

တစ်ဖက်လူကပြန်ဖြေသည်။ “ဒါဆိုရင်တော့ သူပဲဖြစ်ရမယ်၊ သူက လူလိမ်ပါဗျ၊ လက်မှတ်အတုတွေ လုပ်ပေးတဲ့ ဂိုဏ်းတစ်ခုကို ကျွန်တော်တို့ဝင်ဖမ်းတုန်းက ရလာတဲ့ သဲလွန်စတွေအရ သူ့ကိုဖမ်းမိခဲ့တာပါ၊ ဒီလူက တော်တော်လေးမျက်စိရှင်တယ်၊ သီသီလေးလွတ်သွားတော့မလို့”

မာထျန်းဟူက စိုးရိမ်တကြီးဖြင့် အမြန်ပြောလိုက်၏။ “သူက ကျွန်တော့်ဆီကနေ ငွေအတော်များများ လိမ်သွားတာဗျ၊ ရဲအရာရှိမင်း၊ သူ့ကို သေချာစစ်ဆေးပေးပါဦး၊”

“အင်း... အဲဒါကို ကျွန်တော်တို့နားလည်ပါတယ်၊ ဒါပေမဲ့ လျူရှောင်ထျန်း လိမ်လည်လို့ရထားတဲ့ ငွေအများစုကတော့ ကုန်သွားပြီ၊ ဒါပေမဲ့ အိမ်ခြံမြေနှစ်ခုကိုတော့ သိမ်းဆည်းရမိထားပါတယ်၊ မနက်ဖြန် မနက်ကျရင် ရဲစခန်းကိုလာခဲ့ပေးပါ၊ ဒီမှာ တခြားနစ်နာသူတွေလည်း ရှိသေးတယ်ဆိုတော့ အားလုံး အတူတူလာလို့ရပါတယ်”

မာထျန်းဟူမှာ ဖုန်းချပြီးနောက် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူ့ရှေ့တွင် အလုပ်ကြိုးစားပမ်းစား လုပ်နေဆဲဖြစ်သော မြေတူးစက်အနည်းငယ်ကို ကြည့်ရင်း ရုတ်တရက်အသိဝင်လာကာ အော်ဟစ်လိုက်၏။

“ရပ်... ရပ်လိုက်ကြတော့၊ မတူးကြနဲ့တော့၊ အားလုံးရပ်လိုက်ကြတော့”

ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကြောင့် အလုပ်သမားများမှာ သူတို့ လုပ်နေသည်များကို ခဏရပ်ကာ ရုတ်တရက် ရူးသွပ်သွားသော သူတို့၏သူဌေးကို လှမ်းကြည့်လိုက်ကြသည်။

‘သူ ဘာဖြစ်သွားတာလဲ'

မာထျန်းဟူက တီးတိုးကျိန်ဆဲလိုက်သည်။ ‘ဘယ်လို အခြေအနေကြီးလဲကွာ၊ လိမ်ခံရလောက်အောင်ကို ငါ့ကံက ဒီလောက်တောင်ဆိုးနေရလား’

ဤနေရာက လျူထျန်းပြောသလို ရေပူစမ်း သေချာပေါက်တူးတွေ့မည့် နေရာမျိုး လုံးဝမဟုတ်ကြောင်း သူ သဘောပေါက်သွားသည်။

‘ဒီလောက် အနက်ကြီး တူးထားတာတောင် ရေတွင်းနှစ်တွင်းပဲ ရသေးတယ်၊ ရေပူစမ်း အရိပ်အယောင်တောင် မတွေ့ရဘူး'

‘မဖြစ်ဘူး၊ ဒီမှာ အချိန်ထပ်ဆွဲနေလို့ မရတော့ဘူး၊ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ရုပ်သိမ်းမှဖြစ်မယ်၊ မဟုတ်ရင် ငါ့လုပ်ငန်းတွေ အရှုံးပေါ်ပြီး ဘစ်ပေါင်ရတဲ့အထိ ဖြစ်သွားမှာပေါ့၊ လီရှန်းရွာကရွာသားတွေနဲ့ ချုပ်ထားတဲ့စာချုပ်နဲ့ ပတ်သက်ပြီးတော့ကော၊ ကံကောင်းလို့ ငါ စရန်ငွေနည်းနည်းပဲ ပေးရသေးတာ၊ ညစ်လိုက်လို့ရသေးတယ်၊ ငါ ထပ်ပြီး ရင်းနှီးမြှုပ်နှံမှုမလုပ်ချင်တော့ဘူးလို့ပဲ ပြောလိုက်မယ်၊ သူတို့တရားစွဲမှာကိုလည်း ငါ မကြောက်ပါဘူးကွာ... ဟမ့်’

…

သူဌေးက အလုပ်များအားလုံးကို ရပ်နားလိုက်ကြောင်းနှင့် မနက်ဖြန် အလုပ်လာဆင်းစရ မလိုတော့ကြောင်း အလုပ်သမားများ သိရှိသွားသောအခါ အားလုံးက ဝိုင်းဝန်းကန့်ကွက်ကြတော့သည်။

‘သဘောတူထားပြီးမှ အခု အလုပ်လုပ်ရတာ ရက်နည်းနည်းပဲရှိသေးတယ်၊ အလုပ်ဖြုတ်ခံရပြီလား'

အလုပ်သမားခေါင်းဆောင် ဟန်တာ့ယုံက ပြောလိုက်သည်။

“သူဌေး... ဒါက ငါတို့ သဘောတူထားတာနဲ့ မတူဘူးလေ၊ ဒီမှာ အိမ်တွေဆောက်ဖို့ သဘောတူထားတာကို၊ ငါ့ညီအစ်ကိုတွေက မြေတူးဖို့အလုပ်များနေကြတာ၊ အခုကျမှ သူဌေးက ဖျက်သိမ်းလိုက်ပြီ ဟုတ်လား”

မာထျန်းဟူ က ‘မင်းတို့ ငါ့ကို ဘာလုပ်နိုင်မှာလဲ’ ဆိုသည့် အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်၏။ “ဒါဆို မင်းတို့ အခုအခြေအနေကို မမြင်ဘူးလား၊ ဒီမှာတူးနေတာ ရက်ပေါင်းများစွာ ရှိနေပြီ၊ ငါ့အတွက် ရေပူစမ်းတစ်ခုလေးတောင် တူးမပေးနိုင်သေးဘူး၊ ဒါ မင်းတို့အပြစ်ပဲဖြစ်ရမယ်၊”

သူဌေးက ဤမျှလောက် အကျိုးအကြောင်း မဆီလျှော်လိမ့်မည်ဟု ဟန်တာ့ယုံ လုံးဝမထင်ထားခဲ့ချေ။

သူက မျက်လုံးကြီးပြူးကာ ပြန်ပြောလိုက်သည်။ “ငါတို့ အကုန်လုံးက သူဌေးရဲ့တောင်းဆိုချက်အတိုင်း တူးခဲ့တာလေ၊ ရှာမတွေ့တာကို ငါတို့ကို ဘယ်လိုလုပ် အပြစ်တင်လို့ရမှာလဲ”

နောက်ကွယ်ရှိ အလုပ်သမားများကလည်း ဒေါသတကြီးဖြင့် တစ်ယောက်တစ်ပေါက် ဆဲရေးတိုင်းထွာလာကြသည်။

မာထျန်းဟူက ခုနက သူ၏စိတ်လိုက်မာန်ပါလုပ်ရပ်ကို ရုတ်တရက် နောင်တရသွားသည်။ ဟန်တာ့ယုံ ကို သီးသန့် ခေါ်ပြောခဲ့သင့်သည်။ လျူထျန်းဆိုသည့် လိမ်လည်သူကြောင့် သူ ဒေါသထွက်ပြီး စိတ်လွတ်သွားချင်းပင်။

သူ့ရှေ့ရှိ တောင့်တင်းသန်မာသော လယ်သမားများကို ကြည့်ရင်း မာထျန်းဟူတစ်ယောက် အလျှော့ပေးလိုက်ရသည်။ လူအင်အားကလည်း များလွန်း၏။

‘တကယ်လို့ ခေါင်းပူနေတဲ့ကောင် နှစ်ယောက်လောက် ဒေါသထွက်ပြီး ငါ့ခေါင်းကို လာရိုက်ခွဲသွားရင် ငါ တကယ်သေသွားမှာပေါ့'

“ဒီလိုလုပ်... အရင်ကလုပ်ခဲ့တဲ့ အလုပ်တွေအတွက် လုပ်အားခအကုန်လုံးကို အခုရှင်းပေးမယ်၊ ငါလည်း အခက်အခဲဖြစ်နေလို့ပါ၊ အခုခေတ် စီးပွားရေးလုပ်ရတာ အရမ်းခက်တယ်၊ ငါ့ပိုက်ဆံတွေကို ရေစုန်မျောသွားအောင် ဒီအတိုင်း ကြည့်မနေနိုင်ဘူးလေ”

နှစ်ဖက်စလုံးက နောက်တစ်လှမ်းစီ ဆုတ်ပေးလိုက်ကြသည်။ အလုပ်သမားခေါင်းဆောင်များ အကြောက်ဆုံးအရာမှာ လုပ်အား မရဘဲ ညီအစ်ကိုများကို မျက်နှာမပြရဲခြင်းပင်။

ယခု လုပ်အားခအားလုံးကို ရှင်းပေးမည်ဆိုရာ ဟန်တာ့ယုံက သူ၏ညီအစ်ကိုများကို ခေါ်ကာ ထွက်ခွာသွားတော့ပေမည်။ ယခုမှ နွေဦးအချိန်သာ ရှိသေးရာ အမြန်ရှာလျှင် အလုပ်သစ်များ ရနိုင်သေးသည်။

မာထျန်းဟူသည် မှုန်ကုပ်နေသော မျက်နှာဖြင့် ဟန်တာ့ယုံထံသို့ ငွေလွှဲပေးလိုက်ပြီးနောက် ကားတစ်စီးဖြင့် ထွက်ခွာသွားခဲ့သည်။

သူ ဖြိုဖျက်ခိုင်းခဲ့သော အိမ်များကြောင့် ကျန်ရစ်ခဲ့သည့် ရှုပ်ပွနေသောအခြေအနေများအတွက် မည်သို့ဖြစ်သွားမည်ကို သူ လုံးဝဂရုမစိုက်တော့ချေ။

…

“ရွာသူကြီး၊ ဘာလို့ ဒီသူဌေးကြီးက ထွက်သွားပြီး ပြန်မလာတော့တာလဲ၊ ပြီးတော့ ဟိုအလုပ်သမားတွေ အကုန်လုံးကလည်း အလုပ်မလုပ်ကြတော့ဘူး၊ ငါတို့တော့ တကယ်ကိုစိတ်ပူနေပြီ”

အိမ်အဖျက်ခံလိုက်ရသော်လည်း အလုပ်လာလုပ်သူ တစ်ယောက်မျှမတွေ့ရသည်မှာ ရက်အနည်းငယ် ရှိနေပြီဖြစ်သော အဘိုးမာက စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်။

အခြားအန်တီကြီးတစ်ဦးကလည်း ဘေးမှ တိုးဝင်လာကာ ဝင်ပြောလေ၏။

“ဟုတ်ပါ့၊ အဓိကက ပိုက်ဆံတွေအကုန်လုံး ငါတို့လက်ထဲ မရောက်သေးလို့လေ၊ ပိုက်ဆံတွေ အကုန်လုံးသာ ငါတို့ လက်ထဲ ရောက်နေရင် သူ ဘာပဲ ဖျက်ဖျက် ကိစ္စမရှိဘူး၊”

မာထျန်းဟူ သည် အစပိုင်းတွင် ရွာသို့ မြေငှားရမ်းခ ပထမနှစ်အတွက် ယွမ် ၅၀,၀၀၀ ပေးသွင်းခဲ့သည်။ အဘိုးမာနှင့် အိမ်အဖျက်ခံရသော မိသားစု အနည်းငယ်မှာလည်း စရန်ငွေအဖြစ် ယွမ် ၂၀,၀၀၀ စီ အသီးသီး ရရှိထားပြီး ကျန်ငွေများကို နှစ်ကုန်မှ ရှင်းပေးမည်ဟု သဘောတူထားခဲ့သည်။

ရွာသူကြီးက မျက်မှောင်ကြုတ်ကာ ဆေးလိပ်တစ်ဗူးကိုထုတ်၍ အားလုံးကို ကမ်းပေးလိုက်ပြီး သူကိုယ်တိုင် တစ်လိပ်မီးညှိလိုက်သည်။

ထို့နောက် မီးခိုးငွေ့များကိုမှုတ်ထုတ်ရင်း ပြောလိုက်၏။

“ငါလည်း နားမလည်နိုင်အောင် ဖြစ်နေတာ၊ အလုပ်က ဘာလို့ အကြောင်းပြချက်မရှိဘဲ ရပ်သွားတာလဲ၊ ပြီးခဲ့တဲ့ နှစ်ရက်က သူ့ဆီ ဖုန်းအကြိမ်ကြိမ်ခေါ်ကြည့်သေးတယ်၊ ဒါပေမဲ့ လုံးဝဖုန်းမကိုင်ဘူး၊ သူ့ဆီမှာ တစ်ခုခုများဖြစ်သွားလို့လားမသိဘူး၊”

စကားပြောမြန်သော ရွာသားတစ်ဦးက ပြောလိုက်သည်။

“သူဌေးကြီး ရုတ်တရက် အက်ဆီးဒင့်ဖြစ်ပြီး သေသွားတာတော့ မဟုတ်လောက်ပါဘူးနော်၊ ရွာသူကြီး ဖုန်းပေး၊ ကျွန်တော် သူ့ဆီဖုန်းခေါ်ကြည့်မယ်”

*တီ... တီ... တီ...*

“ဟယ်လို”

တစ်ဖက်မှ မာထျန်းဟူ၏အသံ ထွက်ပေါ်လာသည်။

ရွာသားက ရွာသူကြီးကိုကြည့်ကာ ဖုန်းစပီကာဖွင့်လိုက်ပြီး ပြောလိုက်လေ၏။ “တွေ့လား... ဖုန်းဝင်သွားပြီ”

ထိုရွာသားက သူ့ကိုယ်သူမိတ်ဆက်ရန် ပြင်လိုက်သည်။

“ဟယ်လို၊ သူဌေးမာလား၊ ကျွန်တော် လီရှန်းရွာကပါ... ”

သူ စကားပင်မဆုံးသေးမီ ဖုန်းကျသွားပြီး ပြန်ခေါ်ကြည့်သောအခါ မည်သူမျှဖုန်းမကိုင်တော့ချေ။

72

လူအနည်းငယ်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူဌေးဖြစ်သူက လီရှန်းရွာဟူသော အမည်ကို ကြားသည်နှင့် ဖုန်းချသွားရသည့် အကြောင်းရင်းကို စဉ်းစားမရဖြစ်နေကြ၏။

မကောင်းသော နိမိတ်တစ်ခုက အားလုံး၏စိတ်ထဲတွင် ပေါ်လာပြီး စိုးရိမ်နေသော အဘိုးမာက ညည်းတွားလိုက်သည်။ “ဒီလူက လူလိမ်များဖြစ်နေမလား”

“သူက ငါတို့ဆီက ဘာများလိမ်သွားလို့လဲ၊ ငါတို့ ပိုက်ဆံမှမရှုံးတာ” အခြား ရွာသားတစ်ဦးက ပြန်လည်ချေပသည်။

“ဟက်ဟက်... ပိုက်ဆံမရှုံးပေမယ့် ငါတို့အိမ်တွေ အကုန်လုံးပါသွားပြီလေ၊ ငါတို့ ရဲစခန်းကို ဖုန်းဆက်ပြီး မေးကြည့်သင့်တယ်ထင်တယ်” အဘိုးမာက ဆက်ပြောသည်။

“မလုပ်ပါနဲ့၊ သူဌေးက လောလောဆယ် အလုပ်များနေလို့ဆိုရင် ဘယ်လိုလုပ်မလဲ၊ ရဲကို ဖုန်းဆက်လိုက်လို့ သူ ဒေါသထွက်ပြီး ဆက်ရင်းနှီးမမြှုပ်နှံတော့ရင် ခက်ရချည်ရဲ့” ရွာသားတစ်ဦးက တားမြစ်လိုက်၏။

“ရင်းနှီးမမြှုပ်နှံတော့ဘူး ဟုတ်လား၊ အခု အခြေအနေက ဘာဖြစ်နေပြီလဲ၊ သူ ဖုန်းလည်းမကိုင်ဘူး၊ အလုပ်လာလုပ်တဲ့သူလည်း မရှိတော့ဘူး၊ ဒီအတိုင်းကြီးရပ်သွားတာတော့ မဟုတ်လောက်ပါဘူးနော်” နောက်တစ်ဦးကလည်း စိုးရိမ်တကြီးဝင်ပြောသည်။

အပြန်အလှန် ဆွေးနွေးပြီးနောက် သူတို့ဘာသာ စဉ်းစား၍မရနိုင်တော့သဖြင့် ရဲစခန်းသို့ သွားရောက်တိုင်ပင်ဖို့ရာ တောင်အောက်သို့ဆင်းရန် ဆုံးဖြတ်လိုက်ကြသည်။ ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်လိုသည့် သူတို့၏ ရည်မှန်းချက်များက ယခုအခါ မရေရာသော အနာဂတ်အောက်တွင် ခြိမ်းခြောက်ခံနေရချေပြီ။

ထိုလူစု ရဲစခန်းထဲမှ ထွက်လာချိန်တွင် မိဘသေဆုံးသွားသည့်အလား မျက်နှာများညှိုးငယ်နေကြသည်။ ရဲအရာရှိများက သူတို့အတွက် ဖုန်းဆက်ပေးခဲ့သော်လည်း သူဌေးဖြစ်သူက ဆက်လက်ရင်းနှီးမြှုပ်နှံလိုခြင်း မရှိတော့ကြောင်း ပြတ်ပြတ်သားသားပင် ပြောဆိုခဲ့သည်မဟုတ်လော။

သို့သော် သူတို့၏အိမ်များမှာ လုံးဝအဖျက်ခံလိုက်ရပြီ ဖြစ်သည်။ လယ်ထဲရှိ သီးနှံများကို ပြန်လည်စိုက်ပျိုး၍ ရနိုင်သော်လည်း၊ ဤအိမ်များကို ပြန်ဆောက်ရန် ယွမ် နှစ်သောင်းထက်မက ကုန်ကျပေမည်။ ထို့အပြင် ပိုမိုဆိုးရွားသော ပြဿနာတစ်ခုမှာ သူတို့၏စာချုပ်က စံချိန်စံညွှန်းမမီခြင်းပင်။

သူဌေးက စရန်ငွေပေးပြီးသည်နှင့် ရေပူစမ်းတူးဖော်ရန် အလွန်အလျင်စလိုဖြစ်နေခဲ့သဖြင့် စာချုပ်ထဲတွင် မတိကျ၊ မရေရာသော အချက်အလက်အချို့ကို ပြင်ဆင်ရန် အချိန်မရခဲ့ချေ။

တရားရုံးသို့သွားလျှင်တောင် အနိုင်ရရန် မသေချာသည့်အပြင်၊ တရားစွဲရန် ရှေ့နေငှားရမည့် ကုန်ကျစရိတ်ကလည်း နည်းလှသည်မဟုတ်ပေ။

အဘိုးမာက ဆေးလိပ်ကို တစ်ဖွာ ဖွာလိုက်ပြီး သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်သည်။ “ငါတို့ လောဘမကြီးခဲ့ရင်ကောင်းမှာပဲ၊ ကောင်းကင်ဘုံကနေ မုန့်တွေ ဘယ်လိုလုပ် အလကားကျလာနိုင်မှာလဲ၊ ဒီယွမ်နှစ်သောင်းက အုတ်ကြွပ်အိမ်တစ်လုံး ဆောက်ဖို့ပဲ လောက်မှာ၊ ငါတို့မိသားစုမှာ အရင်က အခန်းသုံးခန်းတောင် ရှိခဲ့တာကို”

လူတိုင်း၏မျက်နှာပေါ်တွင် သောကများ အထင်းသား ပေါ်လွင်နေသည်။ ဤရက်ပိုင်းအတွင်း အားလုံးက ဆွေမျိုးများအိမ်တွင် ကပ်နေရသဖြင့် နေရာထိုင်ခင်းက အတော်လေးကျပ်တည်းနေ၏။

အဘိုးမာ၏သားဖြစ်သူမှာလည်း အပြင်တွင် ဇနီး၊ သမီးတို့နှင့်အတူ အိမ်ငှားနေရဆဲ။

နှစ်ကုန်လျှင် အိမ်တစ်လုံးဝယ်နိုင်တော့မည်ဟု သားဖြစ်သူထံ ဖုန်းဆက်၍ ဝမ်းသာအားရပြောပြထားခဲ့သော်လည်း၊ ယခုအခါ အိပ်မက်မျာ အားလုံး ရိုက်ချိုးခံလိုက်ရရုံသာမက သားဖြစ်သူမိသားစု ပြန်လာလျှင် နေစရာအိမ်ပင် မရှိတော့ချေ။

…

လီရှီးရှီးသည်လည်း ဆိုင်ထဲတွင် ဤအကြောင်းကို ကြားသိလိုက်ရကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဤလူက သူမ စီးပွားရေးကောင်းမွန်နေသည်ကို မြင်ပြီး အတုခိုးချင်ခဲ့ခြင်း ဖြစ်သော်လည်း၊ ဤမျှ တိုတောင်းသော အချိန်လေးအတွင်းမှာပင် ရွာသားများ၏အိမ်များကို ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့သည်။

ထိုနေရာမှာ သူမအိမ်၏ မြောက်ဘက်တည့်တည့်တွင်ရှိပြီး ယာတောအိမ်နှင့် အလွန်နီးကပ်လှသည်။ အလယ်အလတ်အဆင့် ယာတောအိမ်သို့ အဆင့်မြှင့်တင်သည့်အခါ အနောက်ဘက်ရှိ ထိုမြေနေရာကို သိမ်းပိုက်ရန် သူမ စဉ်းစားထားခဲ့သော်လည်း အခြားတစ်ယောက်က လက်ဦးသွားခဲ့ခြင်းပင်။

ယာတောအိမ်လေးကို ပြီးပြည့်စုံသော အဆင့်မြင့်အပန်းဖြေစခန်းတစ်ခုအဖြစ် မြင်တွေ့ချင်သော သူမ၏ရည်မှန်းချက်ကြောငမ့ ဤမြေနေရာအပေါ်တွင် မျှော်လင့်ချက်ကြီးမားစွာ ထားရှိခဲ့သည်။

သို့သော် ယခု ထိုလူ ထွက်ပြေးသွားပြီဖြစ်သော်လည်း၊ အလယ်အလတ်အဆင့်ယာတောအိမ် ဆောက်လုပ်ရန် သူမတွင် ငွေအလုံအလောက်မရှိသေးချေ။

ဆိုင်ထဲတွင် မျက်မှောင်ကြုတ်နေသော သူမကို ယခုလ၏အမြတ်စာရင်းလာပြသော စာရင်းကိုင်က မြင်သွားပြီး သူဌေးမလေး စိတ်မကြည်မလင်ဖြစ်နေသည်ကို သတိထားမိသွားသည်။

“သူဌေးမလေး၊ ဒီရက်ပိုင်း မျက်ခုံးကြီးက ဘာလို့ ဒီလိုမျိုးဖြစ်နေရတာလဲ” စာရင်းကိုင်က လီရှီးရှီး၏ မျက်နှာအမူအရာကို အတုခိုးပြကာ မေးလိုက်၏။

ထိုလုပ်ရပ်က လီရှီးရှီးကို ချက်ချင်းရယ်မောသွားစေသည်။ “ဒီရက်ပိုင်း ငါ့မျက်နှာက အဲဒီလောက်တောင် စူပုပ်နေလို့လား၊ အို... ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာကို စိတ်ပူနေလို့ပါ” သူမက ရယ်မောရင်းပြန်ဖြေ၏။

စာရင်းကိုင်က လစဉ်အမြတ်စာရင်းကို ကိုင်ထားရင်း အဓိပ္ပာယ်သော အမူအရာဖြင့် ပြန်ပြောသည်။ “သူဌေးမလေးရာ... ဘာလို့လဲ၊ အခုရနေတဲ့ ပိုက်ဆံတွေကို မမြင်ဘူးလား၊ ယာတောအိမ်အရောင်းအဝယ်က ဒီလောက်ကောင်းနေတာကို ဘယ်လိုလုပ် ပိုက်ဆံမရဘဲနေမှာလဲ”

“အဲဒီသဘော ပြောတာ မဟုတ်ပါဘူး၊ အချိန်တိုအတွင်းမှာ ငွေပမာဏအများကြီး ဘယ်လိုရှာရမလဲလို့ ပြောတာပါ၊ ငါ... ငါတို့ အနောက်ဘက်က မြေကွက်ကိုယူပြီး ဒီနေရာကို အသစ်ပြန် ဒီဇိုင်းဆွဲချင်လို့” လီရှီးရှီးက ခေါင်းကုတ်ရင်း ရှင်းပြလိုက်သည်။

“ဘဏ်ကနေ ချေးငွေယူလို့ရတာပဲ၊ အခု လက်ရှိယာတောအိမ်ကိုအပေါင်ထားပြီး ချေးလို့ရတယ်လေ” စာရင်းကိုင်က အကြံပြုဘိုက်၏။

‘အာ... ဟုတ်သားပဲ၊ အဲဒီ နည်းလမ်း ရှိသေးတာကိုး' လီရှီးရှီးက သူမခေါင်းကို သူမ ရိုက်လိုက်မိသည်။

ချေးငွေယူရန်ကိစ္စကို သူမ လုံးဝ မေ့နေခဲ့သည်။ မနက်ဖြန် ဘဏ်သို့ သွားရောက်စုံစမ်းကြည့်မည်ဟု ဆုံးဖြတ်လိုက်တော့၏။

…….

ဘဏ်ချေးငွေ ကျလာပြီးနောက် လီရှီးရှီးသည် ရွာသူကြီးထံ ချက်ချင်းသွားရောက်ကာ ယခင် သူဌေးမားထားရစ်ခဲ့သော ပြဿနာများကို ဝင်ရောက်ဖြေရှင်းပေးလိုကြောင်း ပြောပြလိုက်သည်။

“ရှီးရှီးလေး... သမီးမှာ ဒီလိုစိတ်ကူးရှိတာကို အဘိုး အရမ်းဝမ်းသာပါတယ်၊ ဒါပေမဲ့ ဒါက သေးငယ်တဲ့ပမာဏ မဟုတ်ဘူးနော်၊ အခု လက်ရှိ ယာတောအိမ်စီးပွားရေး ကောင်းနေတယ်ဆိုပေမယ့် မျက်စိစုံမှိတ်ပြီးတိုးချဲ့ဖို့ မလိုသေးပါဘူး” ရွာသူကြီးက မျက်မှောင်ကြုတ်ကာ အတန်ကြာစဉ်းစားပြီးနောက် အကြံပေးလိုက်သည်။

“ရွာသူကြီးဘိုးဘိုး... သမီး အရမ်းကို သေချာစဉ်းစားပြီးပါပြီ၊ အခု ခြေလှမ်းကြီးတစ်လှမ်းလှမ်းပြီး အကြီးအကျယ်လုပ်ဖို့ ပြင်ဆင်နေတာပါ၊ အဘိုးမားတို့ကို မြန်မြန်လာဖို့သာ အကြောင်းကြားပေးပါ၊ သမီး သူတို့နဲ့ စာချုပ်ချုပ်ဖို့အသင့်ပါပဲ” လီရှီးရှီးက တက်ကြွစွာ ပြောဆိုနေ၏။

“ဟူး... သမီး ဆုံးဖြတ်ပြီးပြီဆိုတော့လည်း အဘိုး မတားတော့ပါဘူး၊ အဘိုးမာဆီ အရင်ဖုန်းဆက်လိုက်မယ်၊ သူ ဒီရက်ပိုင်း သားဖြစ်သူဆီသွားနေတယ်လို့ ကြားတယ်” ရွာသူကြီးက သဘောတူလိုက်သည်။

အဘိုးမာမှာ သားနှင့် ချွေးမဖြစ်သူတို့ ငှားရမ်းနေထိုင်သော အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါ တိုက်ခန်းလေးထဲတွင် နေ့လယ်စာချက်ပြုတ်နေသည်။ အိုမင်းနေသော သူ၏ခန္ဓာကိုယ်ဖြင့် အပြင်ထွက်အလုပ်လုပ်လျှင်တောင် မည်သူကမျှ ငှားရမ်းမည်မဟုတ်ချေ။

အိမ်ကို သန့်ရှင်းရေးလုပ်ပေးခြင်း၊ ကလေးများကို ကျောင်းအကြိုအပို့လုပ်ပေးခြင်းနှင့် လမ်းတစ်လျှောက် ပလတ်စတစ်ဘူးခွံများနှင့် စက္ကူဂျပ်ဖာများကို လိုက်လံကောက်ယူခြင်းဖြင့်သာ သူတို့ကို ကူညီပေးနိုင်သည်။

မိသားစုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသော ဖခင်တစ်ဦး၏ တိတ်တဆိတ်ရည်မှန်းချက်က ဤလုပ်ရပ်များတွင် ပေါ်လွင်နေသည်။

သူက ဆွေမျိုးများအိမ်တွင် နေထိုင်လာသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ ဆက်နေရန် အလွန်အားနာလာသဖြင့် သားဖြစ်သူထံဖုန်းဆက်ကာ သားနှင့် ချွေးမတို့ရှိရာသို့ ရထားလက်မှတ်ကူဝယ်ပေးရန် တောင်းဆိုခဲ့ခြင်းပင်။

ရင်းနှီးမြှုပ်နှံသူထွက်ပြေးသွားသည့် အကြောင်းကို သားဖြစ်သူအား ဖုန်းထဲမှတစ်ဆင့် မည်သို့ပြောပြရမည်မှန်း မသိခဲ့သဖြင့်၊ ယခုမှ လူချင်းတွေ့ကာ မျက်နှာချင်းဆိုင်ပြောပြမည်ဟု တွေးထားခဲ့သည်။

ဖုန်းလက်ခံရရှိသော သားနှင့် ချွေးမဖြစ်သူတို့မှာမူ လျော်ကြေးငွေများ ရလာပြီဟုထင်မှတ်ကာ အိုမင်းနေသော ဖခင်ဖြစ်သူကို ဝမ်းသာအားရ သွားရောက်ကြိုဆိုခဲ့ကြပြီး၊ လာမည့် စနေ၊ တနင်္ဂနွေတွင် အိမ်သွားကြည့်ရန်ပင် စီစဉ်ထားခဲ့ကြ၏။

သို့သော် ဖခင်ဖြစ်သူက လျော်ကြေးငွေလည်း မရှိတော့ကြောင်းနှင့် အိမ်ဟောင်းလည်းမရှိတော့ကြောင်း ပြောပြလိုက်သောအခါ၊ ဝမ်းသာစရာကိစ္စက ရုတ်တရက် အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

အဘိုးမာ၏သားဖြစ်သူမှာ ခဏမျှ သတိလွှတ်သွားလေသည်။ သို့သော် သူဘာလုပ်နိုင်မည်နည်း။ ယခု အိမ်ဟောင်းလည်းမရှိတော့သဖြင့် အိုမင်းနေသောဖခင်ကို လမ်းပေါ်ပစ်ထား၍လည်း မဖြစ်နိုင်ပေ။

သူက ဖခင်ဖြစ်သူကို ဆိုဖာပေါ်တွင်အိပ်စေပြီး၊ သူတို့ ဇနီးမောင်နှံနှင့် ကလေးကတော့ အိပ်ခန်းထဲတွင် အိပ်ကာ၊ မကြာမီ ပိုမိုကျယ်ဝန်းသော နေရာတစ်ခု ငှားရမ်းနိုင်ရန် ငွေအလုံအလောက် စုဆောင်းနိုင်လိမ့်မည်ဟုသာ မျှော်လင့်နေရသည်။

“ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံ... ငါတို့ဆီမှာ ပိုက်ဆံ ဘယ်ကရှိမှာလဲ” လျူချွေ့ချွေ့က မာရှောင်ကို ဆွဲဆိတ်ကာ မျက်လုံးလှန်ကြည့်ရင်း တီးတိုးပြောလိုက်သည်။

“ချန်းချန်းက အခုကြီးနေပြီ၊ သူ့အတွက် သီးသန့်အခန်းတောင်မရှိဘူး၊ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အိမ်မှာအိမ်စာလုပ်ဖို့ နေရာတောင်မရှိဘူးလို့ ငါ့ကိုညည်းနေတာ၊ အခု ရှင်တို့အဖ ရောက်လာတော့ သမီးက ငါတို့နဲ့လာတိုးအိပ်နေရတယ်၊ ဒီလောက် ကျဉ်းကျပ်နေတဲ့နေရာလေးမှာ လှည့်စရာနေရာတောင် မရှိတော့ဘူး”

ဇနီးနှင့် ကလေးအတွက် အိမ်တစ်လုံးမဖန်တီးပေးနိုင်သော သူ၏အရည်အချင်းကင်းမဲ့မှုကြောင့် ဖြစ်ရသည်ကို မာရှောင် ကောင်းကောင်းသိသည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း ထောင်နေသောဆံပင်များကို လက်နှစ်ဖက်ဖြင့်ကုတ်ဖဲ့ကာ ညည်းတွားလိုက်၏။

“ငါ အိမ်မဝယ်နိုင်လို့ ဖြစ်ရတာပါကွာ၊ ငါ့အဖေ အခြေအနေက အခုလိုဖြစ်နေပြီကို၊ သူ့ကို အိမ်ဟောင်းပြန်ခိုင်းလို့မှ မရတော့တာ၊ အိမ်လည်း မရှိတော့ဘူးလေ၊ သူ ဘယ်မှာသွားနေရမှာလဲ”

“ငါက အဲဒီသဘောပြောတာမဟုတ်ပါဘူး၊ နင် ပြောပုံထောက်ရင် ငါကပဲ နင့်အဖေကို နှင်ထုတ်ချင်နေသလိုဖြစ်နေပြီ၊ ဒါပေမဲ့ ဒီမှာ ငါတို့အိမ်ထောင်စုစာရင်းမှမရှိတာ၊ သမီးရဲ့ မူကြိုကျောင်းလခ တစ်ခုတည်းနဲ့တင် ငါတို့ရဲ့ တစ်နှစ်စာလစာ တစ်ဝက်လောက်ကုန်နေပြီ၊ နောက်နှစ် သူ မူလတန်းတက်ရတော့မယ်၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ၊ ရွာပြန်ပြီးအလုပ်လုပ်ရင် မကောင်းဘူးလား၊ အဲဒီမှာ လစာနည်းပေမယ့် ကုန်ဈေးနှုန်းလည်း သက်သာတယ်လေ၊ ဟုတ်တယ်မလား၊ အိမ်ငှားခကလည်း ဒီထက် အများကြီးပိုသက်သာတယ်” လျူချွေ့ချွေ့က ရှင်းပြသည်။

လင်မယားနှစ်ယောက် တီးတိုး ပြောဆိုနေကြသော်လည်း အငှားတိုက်ခန်း၏အသံကာစနစ်က မကောင်းမွန်ချေ။

စောစော အိပ်ရာဝင်သွားသော မြေးမလေးမှလွဲ၍ နံရံတစ်ဖက်ခြားတွင် ရှိနေသော အဘိုးမာကတော့ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ ကြားနေရလေတော့သည်။

All Chapters