အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
73
ထိုညက သူ သိပ်ပြီးအိပ်မပျော်ခဲ့ချေ။ သားနှင့် ချွေးမဖြစ်သူတို့က သူ့ကို မုန်းတီးနေခြင်းမဟုတ်သော်လည်း၊ သူ၏ အိုမင်းယိုယွင်းနေသော အရိုးအဆစ်များနှင့် ခြေထောက်များက သူတို့ကို တကယ်ပင် ဒုက္ခပေးနေမိသည်မဟုတ်လော။
‘ဟူး... ငါသာ ဒီမှာ အိမ်တစ်လုံးဝယ်နိုင်ပြီး သားနဲ့ ချွေးမတို့ရဲ့ အိမ်ထောင်စုစာရင်း ဒီကိုပြောင်းလာနိုင်မယ်ဆိုရင်၊ မြေးမလေးလည်း အစိုးရကျောင်းမှာ တက်လို့ရမှာပဲ’ မိသားစုကို သက်သောင့်သက်သာထားချင်သော ဖခင်တစ်ဦး၏ဆန္ဒက ရင်ထဲတွင် ပြည့်နှက်နေသည်။
မထင်မှတ်ဘဲ နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် ရွာသူကြီးထံမှ ဖုန်းဝင်လာပြီး၊ အဘိုးမာတို့ ထားရစ်ခဲ့သော ပြဿနာများကို ဖြေရှင်းပေးမည့်သူပေါ်လာပြီဖြစ်ကြောင်း ပြောလာ၏။ ဤတစ်ကြိမ်တွင်မူ အဘိုးမာမှာ အရမ်းကြီးစိတ်လှုပ်ရှားမနေတော့ဘဲ သတိတကြီးဖြင့်မေးလိုက်သည်။
“ရွာသူကြီး... ဒါက ယုံရပါ့မလား၊ ငါတို့ဆီမှာ ကောက်ရစရာ ရွှေတွင်းမှမရှိတာ၊ ဘာလို့ နောက်တစ်ယောက်ထပ်ပြီး လာရင်းနှီးမြှုပ်နှံရပြန်တာလဲ၊ နောက်ထပ်လိမ်မယ့်သူတစ်ယောက်များ ဖြစ်နေမလား” အဘိုးမာက သံသယဖြင့်မေးလိုက်မိသည်။
ရွာသူကြီးက သူ့ပေါင်ကို သူရိုက်ကာ ပြန်ပြောလိုက်၏။ “ခင်ဗျားက ဘာမှ ပေးစရာမလိုတာကိုဗျာ၊ အခု ခင်ဗျားအိမ်လည်းမရှိတော့ဘူး၊ သူတို့က ခင်ဗျားဆီက ဘာကိုများ လိမ်ယူလို့ ရတော့မှာမို့လို့လဲ”
အဘိုးမာက ‘အဲဒါလည်း ဟုတ်တာပဲ’ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
‘အခု ငါ့မှာ ဘာမှမှ မရှိတော့တာ၊ ဘာတွေများ ဆုံးရှုံးစရာကျန်သေးလို့လဲ'
ထို့နောက် ရွာသူကြီးကဆက်ပြော၏။ “ဒီတစ်ခါ ခင်ဗျားတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးမယ့်သူက ငါတို့ရွာက ရှီးရှီးလေးလေ၊ လီတာ့ဟိုင်ရဲ့မြေးမလေး၊ ရွာမှာ ယာတောအိမ်ဖွင့်ထားတဲ့ ကောင်မလေးလေ”
“ရှီးရှီးလေးလား... ငါ သူ့ကိုသိပါတယ်” အဘိုးမာမှာ မေးစရာမေးခွန်းများ အပြည့်ရှိနေသော်လည်း၊ ဖုန်းထဲမှတစ်ဆင့် ရှင်းရှင်းလင်းလင်း မမေးနိုင်ခဲ့ချေ။
‘ဘာပဲဖြစ်ဖြစ် ရွာသူကြီးက ဒီတစ်ခါ စာချုပ်လက်မှတ်ထိုးပြီးတာနဲ့ ပိုက်ဆံ ချက်ချင်းရမယ်လို့ပြောတယ်၊ အရင်ကလို လုံးဝ အချိန်ဆွဲနေမှာ မဟုတ်ဘူးတဲ့'
စိတ်လှုပ်ရှားနေသောအဘိုးမာမှာ အိမ်သို့ ချက်ချင်းပြန်ချင်နေသော်လည်း၊ ထိုနေ့ မွန်းလွဲပိုင်းတွင် မြေးမလေးကို ကျောင်းသွားကြိုရဦးပေမည်။
ချွေးမဖြစ်သူက ဤတာဝန်အား သူ့ကို ပေးထားသည်ဖြစ်သဖြင့် ဖြစ်သလို ပြီးစလွယ်လုပ်၍မရချေ။
ညနေပိုင်း မိသားစုထမင်းစားဝိုင်းတွင် အဘိုးမာက စကားစလိုက်သည်။ “သား... ဖေဖေ့အတွက် မနက်ဖြန် လက်မှတ်တစ်စောင်ဝယ်ပေးပါ၊ ဖေဖေ မနက်ဖြန် အိမ်ပြန်တော့မယ်”
ထိုစကားကို ကြားသောအခါ သားဖြစ်သူမှာ မျက်လုံးများပင်နီရဲသွားရသည်။ အိုမင်းနေပြီဖြစ်သော ဖခင်က မနေ့ညက သူနှင့် ချွေ့ချွေ့တို့ ပြောခဲ့သောစကားများကို ကြားသွားပြီး၊ သူက ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေသည်ဟု တွေးကာ ထွက်သွားချင်နေခြင်း ဖြစ်မည်ဟု ထင်လိုက်မိ၏။
သားဖြစ်သူ မာရှောင်က အသံဩဩဖြင့်၊ တည်ငြိမ်ဟန်ဆောင်ကာ ပြန်ပြောလေသည်။
“ဖေဖေ... ဒီမှာပဲဆက်နေပါ၊ ကျွန်တော်တို့ မိသားစုက ဖေဖေ့ကို တကယ်လိုအပ်ပါတယ်၊ ကြည့်လေ... သမီးလေးဆို ဖေဖေမရှိလို့မဖြစ်ဘူး”
အဘိုးမာက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ငါလည်း မြေးမလေးနဲ့ ခွဲပြီးမနေရက်ပါဘူး၊ စိတ်မပူပါနဲ့၊ ငါ အိမ်ပြန်ပြီးသိပ်မကြာခင် ပြန်လာခဲ့မှာပါ၊ ပြီးရင် ငါတို့ အိမ်သွားကြည့်ကြတာပေါ့”
ဤစကားကို ကြားလိုက်သည်နှင့် သားဖြစ်သူ မာရှောင်နှင့် ချွေးမ လျူချွေ့ချွေ့တို့ လေထဲတွင်ကိုင်ထားသော တူများ ရုတ်တရက် ရပ်တန့်သွားသည်။ သူတို့နှစ်ဦးစလုံးက ဖခင် (ယောက္ခထီး) ကို ပြိုင်တူမော့ကြည့်လိုက်ကြသည်။
မာရှောင်က မေးလိုက်သည်။ “ဖေဖေ ဘာလုပ်ဖို့ပြန်မှာလဲ၊ အသုံးအဆောင်တွေအကုန်လုံး ဒီကိုယူလာပြီးပြီမဟုတ်လား၊ ဒီအိမ်က ကျဉ်းလွန်းလို့ ပိုကြီးတဲ့အိမ်ပြောင်းချင်နေတာလား၊ အိုကေ... နောက်မှ ပွဲစားတစ်ယောက်ကို ကျွန်တော်ဆက်သွယ်လိုက်ပါ့မယ်”
လျူချွေ့ချွေ့က စားပွဲအောက်မှနေ၍ ခင်ပွန်းဖြစ်သူကို မနေနိုင်ဘဲ ဆွဲဆိတ်လိုက်မိ၏။
‘ပိုက်ဆံမှ မရှိတာ၊ ဘာတွေ လေလုံးထွားနေတာလဲ’ ဆိုသည့်သဘောပင်။
အဘိုးမာက ပြုံးကာ ပြောပြလိုက်သည်။ “သတင်းကောင်း ရှိတယ်၊ ငါတို့ရဲ့ မူလအိမ်ဟောင်းလေး အဖျက်ခံလိုက်ရတယ် မဟုတ်လား၊ ရွာသူကြီးက ငါ့ဆီဖုန်းဆက်ပြီး တစ်ယောက်ယောက်က အဲဒီမြေကို ဆက်ယူချင်တယ်လို့ပြောလာတယ်၊ သူက ငါ့ကို အိမ်ပြန်လာပြီး စာချုပ်လက်မှတ်ထိုးခိုင်းတာ၊ လက်မှတ်ထိုးပြီးတာနဲ့ ပိုက်ဆံရမယ်တဲ့”
လျူချွေ့ချွေ့က အမြန်ပြောလိုက်၏။ “အဖေ... ဖုန်းလိမ်ဆက်တာများ ခံလိုက်ရတာ မဟုတ်ဘူးလား”
သားဖြစ်သူကလည်း ဘေးမှနေ၍ ခေါင်းညိတ်ကာ ဝင်ပြောသည်။ “အရင်လူတောင်ထွက်ပြေးသွားတာ၊ အခု နောက်တစ်ယောက်က ထပ်ပြီး လာရင်းနှီးမြှုပ်နှံဦးမယ်တဲ့လား”
အဘိုးမာက သားဖြစ်သူကို မျက်စောင်းထိုးလိုက် ပြီးပြတ်ပြတ်သားသား ပြောလိုက်သည်။
“ငါ့ဆီမှာ လိမ်စရာဘာကျန်သေးလို့လဲ၊ ငါတို့ရွာမှာ ယာတောအိမ်ဖွင့်ထားတဲ့ ကောင်မလေးက ငါတို့မြေတွေကို ငှားချင်တယ်လို့ပြောတာ၊ အို... သူ့ဦးနှောက်က တကယ်ကို အံဩဖို့ကောင်းတာ၊ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးက တော်တော်ကောင်းနေပြီလေ၊ ကဲပါ... မင်းတို့နဲ့ ဆက်မပြောတော့ဘူး၊ ငါ့အတွက် လက်မှတ်မြန်မြန်ဝယ်ပေးတော့၊ မနက်ဖြန် စာချုပ်မှာ လက်မှတိသွားထိုးမယ်လို့ ရွာသူကြီးနဲ့ သဘောတူထားပြီးပြီ၊ ပိုက်ဆံရတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်၊ မင်းတို့နှစ်ယောက် ဒီနှစ်ရက်အတွင်း အားရင် အိမ်သွားကြည့်ထားကြ”
အဘိုးမာ ရှင်းပြပြီးနောက်တွင်လည်း လင်မယားနှစ်ယောက်မှာ အနည်းငယ် စိတ်မချဖြစ်နေဆဲပင်။ တိုင်ပင်ပြီးနောက် မာရှောင်ကို ခွင့်ယူစေကာ ဖခင်ဖြစ်သူနှင့်အတူ အခြေအနေကို သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြသည်။
နောက်တစ်နေ့ နံနက်အစောကြီးတွင် သူတို့သားအဖနှစ်ဦးသည် စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုများ ရောယှက်လျက်ရွာသို့ ပြန်လာခဲ့ကြသည်။ အခြား မိသားစုများလည်း အသီးသီး စာချုပ်လက်မှတ်ထိုးခဲ့ကြ၏။
အဘိုးမာက ပါးလွှာသော ဘဏ်ကတ်လေးကို ကိုင်ထားရင်း အနည်းငယ် တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။
“သား... ဖေဖေ့ကို တစ်ချက်လောက်ဆွဲဆိတ်ကြည့်စမ်းပါ၊ အိပ်မက်မက်နေတုန်းလားလို့ စိတ်ပူနေလို့၊ ဒီဘဏ်ကတ်ထဲမှာ ယွန်းသိန်းချီပြီးရှိနေတာနော်၊ ဖေဖေ့ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် ပိုက်ဆံအများကြီး တစ်ခါမှမကိုင်ဖူးဘူး”
အဘိုးမာသည် သူ၏တစ်သက်တာလုံး လယ်ယာမြေနှင့်သာ နပန်းလုံးခဲ့ရပြီး သဘာဝတရားကိုသာ အားထား၍ လုပ်ကိုင်စားသောက်ခဲ့ရသူပင်။
နှစ်ကုန်လျှင် ယွမ် တစ်သောင်း၊ နှစ်သောင်းခန့် စုမိလျှင်ပင် အလွန်ကောင်းမွန်နေပြီဟု မှတ်၍ရသည်။
မားရှောင်က ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေလေ၏။ “ဖေဖေ... စိတ်ချပါ၊ ဒါ တကယ်ကြီးပါ၊ မြန်မြန်ပြန်သွားကြရအောင်၊ ကျွန်တော် ပြန်သွားပြီး ချွေ့ချွေ့ကို ဒီသတင်းကောင်း ပြောပြရဦးမယ်”
သူတို့ သားအဖသည် ဘတ်စ်ကားလက်မှတ်ကို အမြန်ဆုံးဝယ်ယူကာ ချက်ချင်း ပြန်လည်ထွက်ခွာခဲ့ကြသည်။
နောက်ဆုံးတွင် အိမ်များကို လိုက်လံကြည့်ရှုပြီးနောက်၊ အိမ်ရှင်တစ်ဦးက အလျင်စလို ဈေးလျှော့ရောင်းနေသော အိပ်ခန်း သုံးခန်းပါ တိုက်ခန်းငယ်လေးတစ်ခန်းကို ရှာတွေ့ခဲ့ကြ၏။
အကျယ်အဝန်းက စတုရန်းမီတာ ခုနစ်ဆယ်ခန့်သာ ရှိသော်လည်း သူတို့က ၅၀ ရာခိုင်နှုန်း စရန်ငွေပေးချေလိုက်သည်။
မာရှောင်နှင့် သူ၏ဇနီး လျူချွေ့ချွေ့တို့သည် ဘဏ်သို့သွားရောက်ကာ နှစ်သုံးဆယ် အရစ်ကျချေးငွေ လျှောက်ထားခဲ့ကြသည်။
မူလအိမ်ရှင်က ပရိဘောဂအားလုံးနီးပါးကို ထားခဲ့သဖြင့် သူတို့လည်း ချွေတာသည့်အနေဖြင့် ထိုအိမ်သို့ တိုက်ရိုက်ပြောင်းရွှေ့နေထိုင်ခဲ့ကြ၏။ သူတို့မိသားစု လေးယောက်လုံး နောက်ဆုံးတွင် ကိုယ်ပိုင်အခန်းလေးများ ရရှိသွားကြချေပြီ။
မိသားစုအတွက် နွေးထွေးသော အသိုက်အမြုံလေးတစ်ခု ဖန်တီးလိုသော ဖခင်တစ်ဦး၏ ကြီးမားလှသည့်ရည်မှန်းချက်က ဤအိမ်လေးထဲတွင် အသက်ဝင်လာခဲ့သည်။
ယခုမှသာ အရာအားလုံး အဆင်ပြေသွားတော့သည်။ နောက်ဆုံးတွင် သူတို့ အိမ်ထောင်စုစာရင်း ရရှိသွားပြီဖြစ်ကာ ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ရန် ငွေအမြောက်အမြား ပေးစရာမလိုတော့ချေ။ အိမ်အနီးတွင် အစိုးရမူလတန်းကျောင်း တစ်ကျောင်း ရှိနေသဖြင့် အဘိုးမာ၏မြေးမလေးအတွက် မူလတန်းကျောင်းကိစ္စ စိတ်ပူစရာမလိုတော့ပေ။
…….
လီရှီးရှီးသည် သူမ၏ဖုန်းထဲရှိ ယာတောအိမ်အက်ပ်တွင် အွန်လိုင်း ဖောက်သည်ဝန်ဆောင်မှု လုပ်ဆောင်ချက်တစ်ခု ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ပေါ်လာသည်ကို တွေ့ရှိသွားသည်။
သူမက ရင်ထဲတွင် သိမ်းဆည်းထားခဲ့သော မေးခွန်းများအားလုံးကို စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းရိုက်ထည့်လိုက်ဧ။ခ။
“ဒီအက်ပ်ကို ဘယ်သူတီထွင်ခဲ့တာလဲ၊ ရှင်တို့က တခြားဂြိုဟ်ကလာတာလား... ”
သို့သော် ဖောက်သည် ဝန်ဆောင်မှုဘက်မှ “မှတ်ချက်မပေးလိုပါ” ဟုသာ ပြန်လည်ဖြေကြားခဲ့ပြီး၊ ယာတောအိမ်နှင့်သက်ဆိုင်သော မေးခွန်းများကိုသာ ဖြေကြားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လီရှီးရှီးလည်း လက်လျှော့လိုက်ရတော့၏။ သူမ တစ်သက်လုံး ဤလျှို့ဝှက်ချက်ကို သိရတော့မည် မဟုတ်ဘူးဟု ထင်လိုက်မိသည်။
သို့သော် သူမတွင် မေးစရာမေးခွန်းများ မရှိတော့သည်တော့မဟုတ်ချေ။ ယာတောအိမ် အဆင့်မြှင့်တင်မှုနှင့်အတူ သူမ၏ မူလယာတောအိမ်လေးကကော မည်သို့ဖြစ်မည်နည်း။
လေးငါးလလောက် ဒီအတိုင်း ပိတ်ထားလိုက်ရမည်လော။ ဤသို့ဆိုလျှင် အရမ်း စ်နာလွန်းသည်မဟုတ်လော။
ကံကောင်းထောက်မစွာဖြင့် ဖောက်သည်ဝန်ဆောင်မှုဘက်မှ ဖြေရှင်းနည်းတစ်ခု ပေးလာခဲ့သည်။
သူတို့အနေဖြင့် အလွတ်ဖြစ်နေသော မြေနေရာတွင် အရင်ဆုံး စတင်ဆောက်လုပ်နိုင်ပြီး၊ နောက်ဆုံးမှသာ လက်ရှိ တရုတ်ရိုးရာအုတ်ကြွပ်အိမ်လေးကို ပြုပြင်မွမ်းမံကာ ဒီဇိုင်းထဲသို့ ပေါင်းစပ်ထည့်သွင်းသွားမည်ဟု ဆိုလာသည်။
‘ဒါဆို ဘာစောင့်နေစရာလိုသေးလို့လဲ၊ စလုပ်ကြတာပေါ့’
ဤတစ်ကြိမ်တွင် ကုမ္ပဏီ၏ငွေများ ဆောက်လုပ်ရေးကုမ္ပဏီထံသို့ ချက်ချင်းလွှဲပြောင်းသွားသည်ကို စာရင်းကိုင်က မြင်တွေ့ခဲ့ရသော်လည်း၊ သူ၏တုံ့ပြန်မှုမှာ ပထမဆုံးအကြိမ် ရေပူစမ်းအတွက်ငွေများ တစ်ဖက်လူထံ တိုက်ရိုက်လွှဲပြောင်းသွားသည်ကို မြင်ခဲ့ရစဉ်ကလောက် မပြင်းထန်တော့ချေ။
သို့သော် သူဌေးမလေး၏လုပ်ရပ်အပေါ် သူ နားမလည်နိုင်သလို၊ အသားလည်းမကျသေးပေ။ သူဌေးမလေးကို သူ တကယ် မေးကြည့်ချင်နေသည်။
‘ဒီပိုက်ဆံတွေက သူဌေးမလေးရဲ့အိတ်ကပ်ထဲမှာ ပိငနေလို့လား၊ တစ်ဖက်လူဆီကို အရင်ဆုံးပေးလိုက်ရမှ ကျေနပ်တာလား၊ ဒီတစ်ခါ ပိုက်ဆံက အရင်တစ်ခေါက်ကထက် အများကြီးပိုများတယ်လေ၊ သူတို့က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေရင်တောင် ဒီလိုမျိုး လုပ်စရာမလိုဘူးမဟုတ်လား၊ ပိုက်ဆံမပေးဘဲ နေမှာမှမဟုတ်တာ'
သို့သော် လီရှီးရှီး၏ရှေ့တွင် သူ ဤစကားများကို ထုတ်မပြောခဲ့ချေ။ တိတ်တဆိတ် ညည်းတွားရုံသာ ညည်းတွားနေမိသည်။
အကယ်၍ လီရှီးရှီးသိခဲ့လျှင်တောင် အနေခက်စွာ ပြုံးပြရုံသာ တတ်နိုင်မည်ဟု သူ ခန့်မှန်းမိသည်။
သူမ ဘာလုပ်နိုင်မည်လော။ သူမ ဤပိုက်ဆံတွေကို ဆက်သိမ်းထား၍လည်း မရချေ။
ဤငွေများ အားလုံးကို သူမအခန်းထဲတွင် ငွေသားအဖြစ် ဖွက်ထားလျှင်တောင် နောက်တစ်နေ့ အချိန်ကျရောက်သည်နှင့် ပျောက်ကွယ်သွားပြီး အပြစ်အနာအဆာကင်းသော ငွေလွှဲမှတ်တမ်းများကိုသာ ချန်ထားရစ်ခဲ့လိမ့်မည်ဟု သူမ သံသယဝင်နေမိသည်။
နောက်ဆက်တွဲ ဆောက်လုပ်ရေးလုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် စတင်နေပြီဖြစ်ပြီး၊ လီရှီးရှီးက ပြီးခဲ့သည့်နှစ်က စနစ် ကုန်တိုက်မှ ဝယ်ယူထားခဲ့သော မက်မွန်ပင်များမှာလည်း ယခုအခါ တဖြည်းဖြည်း ဖူးပွင့်လာကြလေပြီ။
တောင်ကုန်း တစ်ခုလုံးရှိ မက်မွန်ပန်းများ၏အလှတရားက ဓာတ်ပုံရိုက်လိုသူအများအပြားကို ဆွဲဆောင်ထားနိုင်ခဲ့ပြီဖြစ်သည်။
ပြီးပြည့်စုံသော အပန်းဖြေယာတောအိမ်လေး ဖြစ်လာစေရန် သူမ၏ မဆုတ်မနစ်သောရည်မှန်းချက်များက ဤပန်းရောင်လောကလေးထဲတွင် အပြည့်အဝ ဖူးပွင့်နေတော့သည်။
74
လျူဖျန်ရန်လည်း ဆွဲဆောင်ခံရသူများထဲက တစ်ယောက်အပါအဝင်ဖြစ်သည်။ ကိုယ်ပိုင် ရေမွှေးဖန်တီးရေးစတူဒီယို ဖွင့်ထားသော ရေမွှေးဖန်တီးရှင်တစ်ဦးဖြစ်ပြီး လုပ်ငန်းက အရမ်းမကောင်းသလို အရမ်းလည်း မဆိုးလှဘဲ ရပ်တည်နိုင်သေး၏။
ပုံမှန်အားဖြင့် ဟန်ဖူ(တရုတ်ရိုးရာဝတ်စုံ) ဝတ်ဆင်ရသည်ကို နှစ်သက်ပြီး အွန်လိုင်းတွင် ဟန်ဖူဝတ်ထားသည့်ပုံများကို မကြာခဏ မျှဝေလေ့ရှိသည်။
သွယ်လျကွေးညွှတ်နေသော မျက်ခုံးလေးများနှင့် ဗာဒံစေ့ပုံစံ မျက်လုံးလေးများဖြင့် အလွန်လှပသည်။ ဟန်ဖူဝတ်လိုက်တိုင်း အမြဲတမ်းလိုက်ဖက်နေလေ့ရှိသဖြင့် အွန်လိုင်းတွင် ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့၏။ ယခုအခါ စတူဒီယိုမှ ရေမွှေးများက ပိုမိုရောင်းချလာရပြီး ငွေကြေးအရလည်း ဖိအားသိပ်မရှိတော့ပေ။
ဝီချက်မုမန့်တွင် မက်မွန်ပန်းတော၌ ဓာတ်ပုံရိုက်ထားသော ပုံများကို မြင်တွေ့လိုက်ရသည်။ အသစ်ဝယ်ထားသော ဟန်ဖူလေးကိုဝတ်ပြီး မက်မွန်ပင်များအောက်တွင် ဓာတ်ပုံရိုက်ပါက မည်မျှလှပမည်ကို တွေးကြည့်ရင်း ထိုမက်မွန်ပန်းတောက ဘယ်မှာလဲဆိုသည်ကို ဝီချက်မှ သူငယ်ချင်းတစ်ယောက်အား လှမ်းမေးလိုက်၏။
နေရာက သိပ်မဝေးဘဲ ကားဖြင့် နှစ်နာရီသာ မောင်းရမည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် လာရောက်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူငယ်ချင်းဖြစ်သူပို့ပေးသော ဖြောင်ဖြောင်ထွမ် ဝဘ်ဆိုက်လင့်ခ်ကို ဖွင့်ကာ အခန်းရွေးပြီး ဘိုကင်လုပ်ရန်ပြင်လိုက်ချိန်တွင် နောက်ရက်အနည်းငယ်အထိ အခန်းများအားလုံးပြည့်နေကြောင်း တွေ့လိုက်ရသည်။
‘ရုံးပိတ်ရက်လည်း မဟုတ်ဘဲ စီးပွားရေး ဒီလောက်တောင်ကောင်းနေတာလား၊ ဒါမှမဟုတ် ဆိုင်ရှင်ကပဲ အခန်းတွေကို ပိတ်ထားတာလား’ သူမ သိချင်သဖြင့် ချက်ချင်းပင် ဖုန်းဆက်လိုက်တော့သည်။
“ဟယ်လို၊ လီရှန်းယာတောအိမ် ဧည့်ကြိုကောင်တာကို ဆက်သွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်၊ ဘာများကူညီပေးရမလဲ” ယန်ယွဲ့ယန်က နူးညံ့သော လေသံဖြင့် မေးလိုက်သည်။
“ဟယ်လို...” လျူဖျန်ရန်က နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။
“အစ်မတို့ဆီမှာ အခန်းဘိုကင်လုပ်ချင်လို့ပါ၊ ဒါပေမဲ့ အွန်လိုင်းမှာကြည့်တော့ အခန်းတွေ အကုန်ပြည့်နေပြီး လွတ်တာ တစ်ခန်းမှမရှိတော့ဘူးလို့ ပြနေလို့၊ အပြင်ကနေ တိုက်ရိုက်ဘိုကင်လုပ်လို့ ရမလားဟင်”
ယန်ယွဲ့ယန်က အားနာပါးနာဖြင့် ရှင်းပြလိုက်၏။ “တောင်းပန်ပါတယ်ရှင်၊ ဒီတစ်ပတ်အတွက်တော့ အခန်းလွတ်မရှိတော့ပါဘူး၊ အွန်လိုင်းမှာ ပြနေတာက ကျွန်မတို့ရဲ့ လက်ရှိ ဘိုကင်အခြေအနေ အမှန်ပါပဲ၊ ဖြောင်ဖြောင်ထွမ် ဝဘ်ဆိုက်ကနေ အချက်အလက်တွေကို အချိန်မရွေး ဝင်ကြည့်လို့ရပါတယ်ရှင်”
“အိုကေလေ...” အခန်း ဘွတ်ကင်လုပ်ရတာ ဤမျှခက်ခဲလိမ့်မည်ဟု လျူဖျန်ရန် လုံးဝမထင်ထားခဲ့ပေ။
ထို့အပြင် ဤမက်မွန်ပန်းတောက ယာတောအိမ်ဧရိယာထဲတွင် ရှိနေခြင်းဖြစ်ပြီး လူတိုင်း လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သော ပန်းခြံကဲ့သို့သောနေရာမျိုးမဟုတ်ချေ။
မူလက လက်လျှော့ပြီး အခြားနေရာတစ်ခုကို ရွေးချယ်ရန် စဉ်းစားခဲ့သော်လည်း ယာတောအိမ်၏အောက်ဘက်ရှိ ရီဗျူးအချို့ကို ဖတ်ကြည့်ပြီးနောက် စိတ်ပြောင်းသွားခဲ့သည်။
ဤနေရာက တကယ်ကို အံ့မခန်းဖြစ်ပုံရ၏။ မက်မွန်ပန်းတောရော ရေပူစမ်းပါ ရှိသည့်အပြင် လူများအလွန်ညွှန်းကြသော ဆပ်ပြာ၊ ဇီးသီးလက်ဖက်ရည်နှင့် အကြောပြင်နှိပ်နယ်ခြင်းတို့လည်း ရှိနေသေးသည်။
ဒီက အထူးထုတ်ကုန်တွေကို တစ်ခါလောက်မှ မခံစားဖူးရင် တစ်သက်လုံး နောင်တရလိမ့်မည်ဟုပင် အွန်လိုင်းသုံးစွဲသူများက ချဲ့ကားပြောဆိုထားကြသည်။
ဤအချက်က ယာတောအိမ်အပေါ် ပြင်းပြသော စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့၏။
ကံကောင်းထောက်မစွာဖြင့် နောက်တစ်ပတ်အတွက် အခန်းလွတ်အနည်းငယ်ကျန်သေးသဖြင့် ဇိမ်ခံအခန်းကျယ် တစ်ခန်းကို အမြန် ဘိုကင်လုပ်လိုက်ပြီး၊ ဓာတ်ပုံဆရာအဖြစ် အချိန်ပိုင်းလုပ်ကိုင်နေသော သူမ၏ အကောင်းဆုံးဓာတ်ပုံရိုက်ဖော်ရိုက်ဖက်ဖြစ်သည့် အခင်ဆုံးသူငယ်ချင်းကို အတူသွားရန်ဖိတ်ခေါ်လိုက်သည်။
နှစ်ဦးစလုံးက အလွတ်တန်း အလုပ်လုပ်သူများ ဖြစ်သဖြင့် အချိန်ညှိနှိုင်းရန် လွယ်ကူလှသည်။
…
“ဖျန်ရန်၊ ဒီက ရှုခင်းတွေက တကယ်ကိုလှတာပဲ၊ ဟိုဘက်ကမက်မွန်ပန်းတောကို ကြည့်ပါဦး” အခင်ဆုံးသူငယ်ချင်းဖြစ်သူ ကောရှောင်လဲ့က အနီးနားရှိ မက်မွန်ပန်းတောကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
လျူဖျန်ရန်က ကောရှောင်လဲ့၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်မိသည်။
မက်မွန်ခြံထဲတွင် ပန်းရောင်နှင့် အဖြူရောင်များ ရောယှက်တောက်ပနေပြီး ရှေးဟောင်းကဗျာတစ်ပုဒ်ကိုပင် သတိရသွားစေသည်။
(မက်မွန်ပန်းများသည် နွေဦး၏အလှတရားကို ယှဉ်ပြိုင်ရင်း ပြင်းပြစွာ တောက်ပနေကြသည်၊ တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် မျက်စိတစ်ဆုံး တိမ်တိုက်များကဲ့သို့ ပြည့်နှက်သွားသည်။ ဆောင်းရာသီတွင် ဆီးနှင်းများ ကျဆင်းလာမည်ကို မသိရှာဘဲ သူတို့၏ရနံ့က ဝါးပင်နှင့် ထင်းရှူးပင်များကဲ့သို့ ကြာရှည်ခံရန် ကြိုးစားနေကြသည်။) (ဆုန့်မင်းဆက်မှ ကျန်းချူ၏ “မက်မွန်ပန်းများ” ကဗျာ)
“ရှောင်လဲ့၊ အခန်းပြန်ပြီး ဟန်ဖူသွားလဲကြရအောင်၊ အခုမီးရောင်က ကွက်တိပဲ၊ ဓာတ်ပုံရိုက်ရင် သေချာပေါက်အရမ်းလှမှာ” သူမသည် ရှောင်လဲ့၏လက်ကိုဆွဲကာ စိတ်လှုပ်ရှားစွာ ပြောလိုက်မိ၏။
“အိုကေပါ၊ အိုကေပါ၊ အရမ်း စိတ်လောမနေပါနဲ့၊ ငါတို့ နှစ်ညတောင် ဘိုကင်လုပ်ထားတာပဲ၊ ဒီနေ့ ရိုက်လို့မဝရင် မနက်ဖြန် ဆက်ရိုက်လို့ရတာပဲကို” ကောရှောင်လဲ့က ခေါင်းခါလိုက်ပြီး စိတ်လောနေသော သူငယ်ချင်းဖြစ်သူကို ကြည့်ကာ သဘောကျသွားသည်။ ‘ဒီကောင်မလေးက အမြဲတမ်း ဒီလိုပဲ လောနေတတ်တာ'
…..
လျူဖျန်ရန်သည် ကြိုတင်ပြင်ဆင်လာသော ရှေးဟောင်းစတိုင် အသုံးအဆောင်ပစ္စည်းများကို ကိုင်ဆောင်လျက် မက်မွန်ပန်းတောထဲသို့ တစ်လှမ်းချင်းလျှောက်ဝင်သွား၏။ အထဲရောက်သည်နှင့် သင်းပျံ့ပြီး သိမ်မွေ့သော မက်မွန်ပန်းရနံ့လေးကို ရလိုက်သည်။
ကျောင်းပြီးသည့်အခါ ရေမွှေးဖန်တီးရှင်တစ်ဦးဖြစ်လာရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ ကလေးဘဝကတည်းက နှာခေါင်းက အလွန်အမင်း အနံ့ခံကောင်းလွန်းသောကြောင့်ပင်။ လူအများစု သတိမထားမိသော အနံ့များကိုပင် ခွဲခြားသိရှိနိုင်သည်။
ဥပမာအားဖြင့် ဟင်းတစ်ခွက်တွင် မသင့်လျော်သော ပါဝင်ပစ္စည်းများ ထည့်ထားခြင်း သို့မဟုတ် ကြက်ကြော်က သိုးနေသော်လည်း အနံ့ဆိုးကိုဖုံးကွယ်ရန် ဟင်းခတ်အမွှေးအကြိုင်များ အများကြီး ထည့်ထားခြင်းမျိုးကို မြည်းစမ်းကြည့်စရာပင် မလိုဘဲ အနံ့ခံကြည့်ရုံဖြင့် ကွဲပြားမှုကို သိရှိနိုင်သည်။
အထက်တန်းကျောင်းတက်စဉ်ကတည်းက ရေမွှေးဖန်တီးရှင်အလုပ်သည် မိမိနှင့် အလွန်လိုက်ဖက်သော အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်မည်ဟု ခံစားခဲ့ရ၏။
မိသားစုကလည်း ငွေကြေးချမ်းသာပြီး စာတော်သောကျောင်းသူတစ်ဦးဖြစ်ရာ အထက်တန်းအောင်ပြီးနောက် နိုင်ငံခြားရှိ အနုပညာတက္ကသိုလ်တစ်ခုသို့ ပို့လွှတ်ခံခဲ့ရ၏။
ထိုနေရာတွင် ကျယ်ပြန့်သော ကျွမ်းကျင်မှုဆိုင်ရာဗဟုသုတများကို ဆည်းပူးနိုင်ခဲ့သည်။
တစ်နေ့နေ့တွင် ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခု တည်ထောင်ကာ နိုင်ငံတကာသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် အိပ်မက်မက်ခဲ့ဖူးသည်။ သို့သော် အိပ်မက်တွေက လှပပေမယ့် လက်တွေ့ဘဝကတော့ များသောအားဖြင့် တော်တော်လေး ခက်ခဲကြမ်းတမ်းတတ်လေ၏။
အစပိုင်းတွင် ဘာနာမည်မှမရှိသေးသော်လည်း ဖော်စပ်ထားသော ရေမွှေးများကို နာမည်ကြီးအမှတ်တံဆိပ်များနှင့် ဈေးနှုန်းတူသတ်မှတ်ခဲ့သည်။
Top notes, middle notes, base notes (အချိန်အလိုက်ပြောင်းလဲတတ်သည့် အနံ့ခံအလွှာများ) စသည့် ရနံ့အဆင့်ဆင့်နှင့် အနံ့ခံနိုင်ရည် အားလုံးကို ထည့်သွင်းစဉ်းစားပြီး မိမိ၏ဒီဇိုင်းက ပြီးပြည့်စုံသည်ဟု ယုံကြည်မှုအပြည့်ရှိခဲ့သည်။
သို့သော် ရေမွှေးဆိုသည်မှာ ထူးဆန်းသောအရာဖြစ်ပြီး လူတစ်ဦးစီ၏ ခံစားသိရှိနိုင်စွမ်းက မတူညီကြပေ။
သူမသည် ဈေးကွက်သုတေသန ဘာတစ်ခုမျှမလုပ်ဘဲ အရင်းအနှီးများကို မျက်စိစုံမှိတ် မြှုပ်နှံခဲ့မိ၏။ ရလဒ်အနေဖြင့် ယုံကြည်မှုအပြည့်ဖြင့် ထုတ်လုပ်လိုက်သော ပထမဆုံးရေမွှေးကို ဝယ်မည့်အရူး တစ်ယောက်မျှမရှိခဲ့ချေ။
ဤကျရှုံးမှုပြီးနောက် အများကြီး ရင့်ကျက်လာခဲ့သည်။ ချောမောသောရုပ်ရည်ကြောင့် အွန်လိုင်းတွင် ပရိသတ်များရရှိလာပြီး ရေမွှေးစီးပွားရေးပါ တိုးတက်လာခဲ့သော်လည်း ရင်ထဲရှိ အနက်ရှိုင်းဆုံးနေရာတွင် ဤကဲ့သို့သော အောင်မြင်မှုမျိုးကို မလိုချင်ခဲ့ပေ။
အလိုချင်ဆုံးအရာက ကိုယ်ပိုင်ရေမွှေးကို လူသိများ ထင်ရှားလာစေရန်ပင်။ လူတွေက အမှတ်တံဆိပ်ကို ပြောလိုက်သည်နှင့် ‘အော် သိတယ်၊ ဟို အင်ဖလူရန်ဇာရဲ့ ရေမွှေးဘရန်းလေ၊ သူတို့က ပရိသတ်တွေဆီကနေ ပိုက်ဆံလိမ်ယူဖို့ လုပ်နေတာများလားမသိဘူး’ဟု ပြောကြမည်ကို မလိုချင်ချေ။
ထိုအစား ဖန်တီးထားသော ရေမွှေးများကို တကယ်ကို ရေပန်းစားလူကြိုက်များလာစေချင်သည်။ လူတွေက မိမိအကြောင်း ပြောသည့်အခါ ‘အော် သိတယ်၊ အဲဒီ ရေမွှေးဘရန်းရဲ့ တည်ထောင်သူလေ၊ သူ့ရဲ့ ရေမွှေးတော်တော်များများက အွန်လိုင်းမှာ အရမ်းနာမည်ကြီးတာ၊ အားလုံးက လူကြိုက်များတဲ့ရနံ့တွေချည်းပဲ၊ နာမည်ကောင်းလည်း တော်တော်ထွက်တယ်’ ဟု ပြောကြစေလိုသည်။
ကိုယ်ပိုင် အရည်အချင်းဖြင့် အသိအမှတ်ပြုခံရလိုသော ရည်မှန်းချက်က စိတ်ထဲတွင် အမြစ်တွယ်နေလေ၏။
သို့သော် လောလောဆယ်တွင် အမှတ်တံဆိပ်ကို ကိုယ်စားပြုမည့် နာမည်ကြီးရေမွှေးတစ်မျိုးကို မရှာဖွေနိုင်သေးပေ။
ပိုက်ဆံပေးပြီး ကြော်ငြာထားခြင်းများမှလွဲ၍ သာမန်လူများက အကြံပြုညွှန်းဆိုကြသည့်အခါ အမှတ်တံဆိပ်အတော်များများကို ထည့်သွင်းပြောဆိုလေ့ရှိပြီး ‘ဒီရနံ့တွေက တော်တော်လေးဆင်တူတယ်၊ အစားထိုး သုံးလို့ရတယ်' စသည်ဖြင့် ပြောဆိုလေ့ရှိကြသည်။
သို့သော် ယနေ့ မက်မွန်ပန်းတောထဲသို့ ဝင်ရောက်ပြီး သင်းပျံ့သောမက်မွန်ပန်းရနံ့ကို ရှူရှိုက်လိုက်ရသည်နှင့် တစ်ပြိုင်နက် ခေါင်းထဲတွင် စိတ်ကူးတစ်ခု ရုတ်တရက်လင်းလက်သွားသည်။ ဓာတ်ပုံရိုက်မည့်ကိစ္စကို လုံးဝမေ့သွားပြီး ခြေဖျားထောက်ကာ ဟိုဘက်ဒီဘက် ပန်းပွင့်လေးများကို လိုက်လံနမ်းရှိုက်နေတော့၏။
ကောရှောင်လဲ့ကတော့ ကင်မရာအတွက် သဘာဝကျကျ ပို့စ်ပေးနေသည်ဟုထင်ကာ SLR ကင်မရာကို မြှောက်ပြီး ဓာတ်ပုံအချို့ ဆက်တိုက်ရိုက်လိုက်သည်။ လှပခြင်းက တကယ်ကို အားသာချက်တစ်ခုဖြစ်သည်ဟု ဝန်ခံရမည်ပင်။
လျူဖျန်ရန်က မက်မွန်ပန်းများကို လိုက်နမ်းနေသည့် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးများကပင် ဓာတ်ပုံထဲတွင် အလွန်ကြည့်ကောင်းနေသည်။
ကောရှောင်လဲ့က SLR ကင်မရာထဲရှိ ဓာတ်ပုံများကို ကြည့်လိုက်ပြီး ထိုပို့စ်အတွက် လုံလောက်ပြီဟု ယူဆသဖြင့် လှမ်းခေါ်လိုက်သည်။
“ဖျန်ရန်... တခြားပို့စ်လေးတွေ ပြောင်းလုပ်ကြည့်ရအောင်၊ အဲဒီမှာရပ်ပြီး နှစ်ပတ်သုံးပတ်လောက်လှည့်ကြည့်ပါလား၊ ဓာတ်ပုံနည်းနည်းရိုက်မလို့၊ အဲဒါဆို မက်မွန်ပန်းတောအောက်မှာ သက်ဝင်လှုပ်ရှားစွာကနေတဲ့ ခံစားမှုမျိုးရသွားပြီး အရမ်းကြည့်ကောင်းသွားမှာ”
လျူဖျန်ရန်ကတော့ မက်မွန်ပန်းများကို နမ်းရှူရန်သာ အာရုံစိုက်နေသည်။ ကောရှောင်လဲ့က အကြိမ်ကြိမ်ခေါ်ပြီးမှသာ သတိပြန်ဝင်လာပြီး ပြန်ပြောလိုက်၏။
“ရှောင်လဲ့... ဓာတ်ပုံရိုက်တာ ခဏလောက်နားထားရအောင်ဟာ၊ နင် ရိုက်ချင်ရင် ရှုခင်းတွေကိုပဲ ရိုက်ထားလိုက်လေ၊ ဒီနေရာက မက်မွန်ပန်းရနံ့က အရမ်းထူးခြားတယ်လို့ ငါထင်တယ်၊ ငါ ဆက်ပြီး အနံ့လေးခံပါရစေဦး၊ ခေါင်းထဲမှာ စိတ်ကူးတချို့ပေါ်လာလို့ပါ”