← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

51

အထပ်အသီးသီးတွင် သန့်ရှင်းရေးလုပ်နေကြသည့် မေကျဲနှင့် တုန်းကျင်းတို့အား ခေါ်ဆောင်၍ အစ်မကျန်းသည် ခြောက်ထပ်သို့ ရောက်ရှိလာခဲ့သည်။

အစ်မကျန်းက ဘက်စုံသုံး အစည်းအဝေးခန်းမကို ညွှန်ပြရင်း ပြောလိုက်သည်။

"ဒါက ဆရာဝေ စာသင်တဲ့နေရာပဲ။ တကယ်လို့ တံခါးပိတ်ထားရင် သန့်ရှင်းရေးလုပ်ဖို့ အထဲကို မဝင်နဲ့ဦး"

မေကျဲနှင့် တုန်းကျင်းတို့က ခေါင်းငြိမ့်ပြကြသည်။ တုန်းကျင်းမှာ မေ့သွားမည်စိုးသဖြင့် သူမ၏ဖုန်းကို ထုတ်ကာ အမြန်ပင် မှတ်သားထားလိုက်သေးသည်။ အစ်မကျန်းက ဆက်၍ ညွှန်ကြား၏။

"တကယ်လို့ တံခါးဖွင့်ထားရင်တော့ အထဲဝင်၊ အမှိုက်ပုံးတွေသွန်၊ စားပွဲတွေကို သေသေသပ်သပ် ပြန်စီပြီးတော့ ပစ္စည်းသိုလှောင်ခန်းထဲက ဖုန်စုပ်စက်ကိုယူပြီး ကော်ဇောကို ဖုန်စုပ်လိုက်"

"ကြည့် ဒါက ပစ္စည်းသိုလှောင်ခန်းပဲ၊ အထဲမှာ ကိရိယာတွေ အများကြီးရှိတယ်၊ တံမြက်စည်းတွေ၊ အဝတ်စုတ်တွေနဲ့ လက်အိတ်တွေက ဒီစင်ပေါ်မှာ ရှိတယ်"

အစ်မကျန်းသည် သိုလှောင်ခန်းထောင့်ရှိ ဖုန်စုပ်စက်ကို ညွှန်ပြလိုက်သည်။

"တစ်ခုခု လိုအပ်တာရှိရင် သူဌေးမ စုဟယ်ကို အချိန်မီပြောပါ"

ထို့နောက် အစ်မကျန်းသည် ထိုနှစ်ယောက်ကို ဘေးကပ်လျက်ရှိ အဝတ်အထည်သိုလှောင်ခန်း ဆီသို့ ခေါ်သွားပြန်သည်။ အဝတ်အထည်သိုလှောင်ခန်း၏ နံရံလေးဘက်စလုံးတွင် သံစင်များကို ကပ်လျက်ထားရှိပြီး သန့်ရှင်းသော စောင်စွပ်များနှင့် အိပ်ရာခင်းများကို တင်ထား၏။

"ဧည့်သည်တစ်ယောက် ထွက်သွားတာနဲ့ အဝတ်အထည်အားလုံးကို အသစ်တွေနဲ့ လဲရမယ်။ ဒီကိစ္စမှာ ခိုကပ်တာမျိုး လုံးဝမရှိစေနဲ့"

အစ်မကျန်း၏ လေသံမှာ အနည်းငယ် တင်းမာသွားသည်။ သူတို့သုံးယောက်မှာ ခင်မင်ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်ကြသော်လည်း အလုပ်ကိစ္စကိုတော့ ပြတ်ပြတ်သားသား ပြောထားရန် လိုအပ်၏။ မဟုတ်ပါက ဧည့်သည်ကသာ တိုင်တန်းလာလျှင် ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်သည့် သူမအတွက် မျက်နှာပျက်စရာ ဖြစ်လာလိမ့်မည်။ မေကျဲနှင့် တုန်းကျင်းတို့ကလည်း ကတိပေးကြသည်။

"အစ်မကျန်း စိတ်မပူပါနဲ့၊ ကျွန်မတို့ အလုပ်မလစ်ဟင်းစေရပါဘူး"

အစ်မကျန်းက လေသံကို ပြန်လျှော့လိုက်ပြီး အခန်းအလယ်ရှိ မှီလို့ရတဲ့ကုလားထိုင်တစ်ခုကို ညွှန်ပြကာ ဆိုသည်

"နင်တို့လည်း မှီလို့ရတဲ့ကုလားထိုင် နှစ်လုံးလောက်ဝယ်ပြီး ဒီမှာဖြစ်ဖြစ်၊ ဘေးက သိုလှောင်ခန်းထဲမှာဖြစ်ဖြစ် ထားလို့ရတယ်၊ ပင်ပန်းလာရင် ဒီမှာ ခဏနားပေါ့"

တည်းခိုခန်းမှာ အလုပ်လုပ်ရခြင်း၏ အကောင်းဆုံးအချက်မှာ နေပူမိုးရွာဒဏ်ကို မခံရခြင်းပင် ဖြစ်သည်။ ယခင်က လမ်းဘေးသန့်ရှင်းရေးသမားအဖြစ် လုပ်ကိုင်စဉ်က နားခိုရန် အရိပ်ကို အမြဲရှာနေခဲ့ရ၏။ မိုးရွာလျှင်မူ တစ်ကိုယ်လုံး ရွှဲရွှဲစိုရသည်သာ ဖြစ်သည်။ မေကျဲမှာ အနည်းငယ် ကြောက်ရွံ့နေပုံရပြီး မေး၏။

"အစ်မကျန်း၊ ကျွန်မတို့ တကယ်ပဲ ဒီမှာနားလို့ ရပါ့မလား"

အစ်မကျန်းက အားရပါးရ ရယ်မောလိုက်ပြီး

"တည်းခိုခန်းက လမ်းတံမြက်စည်းလှည်းတာနဲ့ မတူဘူး၊ အမှိုက်လှည်းရင်တော့ မနားတမ်းလှည်းနေရမှာပေါ့၊ မဟုတ်ရင် လမ်းဘေးမှာ သစ်ရွက်တွေ ပြန်ပုံလာမှာလေ၊ ဒါပေမဲ့ ဒီမှာကတော့ ဧည့်သည်ထွက်သွားတဲ့အချိန် အခန်းတွေကို သေသေချာချာ သန့်ရှင်းရေးလုပ်ပေးဖို့ပဲ လိုတာ"

"ဧည့်ကြိုကောင်တာကိုလည်း ဂရုတစ်ခု ဖွဲ့ခိုင်းလိုက်မယ်၊ ဧည့်သည်တစ်ယောက် ထွက်သွားတာနဲ့ သူတို့က ဂရုထဲမှာ စာပို့လိမ့်မယ်၊ အဲဒီကျမှ အခန်းသွားသိမ်းရုံပဲ၊ ဥပမာ မနက်ပိုင်း အခြေခံသန့်ရှင်းရေးတွေ ပြီးသွားလို့ ဘယ်ဧည့်သည်မှ ထွက်မသွားသေးဘူးဆိုရင် ဒီမှာ အေးအေးဆေးဆေး နားနေလို့ရတယ်၊ ဒါကို သူဌေးမလည်း သိတယ်၊ ဒါကြောင့် စိတ်အေးလက်အေးသာ နားကြစမ်းပါ"

အစ်မကျန်းက အသေးစိတ် ရှင်းပြလေသည်။ တုန်းကျင်း ရိုးသားဖြူစင်သော အပြုံးဖြင့် ဆို၏။

"သူဌေးမက တကယ် သဘောကောင်းတာပဲ"

"ဟုတ်ပ၊ သူဌေးမက သိပ်ယဉ်ကျေးတာ၊ ငါတို့ဘက်က အလုပ်ကို ကြိုးကြိုးစားစား လုပ်ပေးဖို့ပဲ လိုတယ် "

အစ်မကျန်းသည် အခန်းအလယ်ရှိ ကုလားထိုင်ဘေးမှ ရေနွေးအိုးကို မကာ ရေတစ်ငုံ သောက်လိုက်ပြီးနောက် ရှေ့လျှောက် မိမိတို့ဘာသာ ရေခွက်ကိုယ်စီ ယူလာကြရန် မှာကြားလိုက်သည်။

အစ်မကျန်းက ဂရုတစိုက်ဖြင့် ထပ်မံမှာကြား၏။

"ဒါပေမဲ့ အဝတ်အထည်သိုလှောင်ခန်းထဲမှာတော့ အစားအစာ လုံးဝမစားရဘူးနော်၊ ဒီသန့်ရှင်းတဲ့ အဝတ်တွေကို ကိုင်တွယ်တဲ့အခါ လက်အိတ်စွပ်တာ ဒါမှမဟုတ် လက်ကို သေသေချာချာ ဆေးတာမျိုး လုပ်တာ အကောင်းဆုံးပဲ၊ တကယ်လို့ နင်တို့ စိုးရိမ်တယ်ဆိုရင်တော့ ကုလားထိုင်တွေကို သိုလှောင်ခန်းထဲမှာပဲ ထားလိုက်ကြပေါ့"

မေကျဲမှာ အလွန်စေ့စပ်သူ ဖြစ်သဖြင့် ပြန်ပြောသည်။

"အစ်မကျန်း ပြောတာမှန်တယ်၊ ကျွန်မနဲ့ တုန်းကျင်း သိုလှောင်ခန်းထဲမှာပဲ နားပါ့မယ်"

ခဏမျှ နားပြီးနောက် အစ်မကျန်းသည် ထိုနှစ်ယောက်ကို အဝတ်လျှော်ပြီး အခြောက်ခံသည့် ဝရံတာဘက်သို့ ခေါ်လာခဲ့သည်။

"ကြည့်၊ ဒါတွေက အဝတ်လျှော်စက်တွေပဲ၊ ဒီစက်တွေအားလုံး သုံးလို့ရတယ်၊ အဝတ်တွေကို စက်ထဲမထည့်ခင်မှာ ချွတ်လို့ခက်တဲ့ အစွန်းအထင်းတွေ ရှိ၊ မရှိ သေချာစစ်ရမယ်၊ အစွန်းအထင်းတွေရှိရင် အပြင်မှာ အရင်လက်နဲ့ လျှော်ပြီးမှ စက်ထဲထည့်ရမယ်"

အစ်မကျန်းသည် လျှော်ဖွပ်ရေးပစ္စည်းနှင့် ပိုးသတ်ဆေး အချိုးအစားများကိုပါ စေ့စေ့စပ်စပ် ရှင်းပြနေသည်။ အစ်မကျန်းက စိုးရိမ်စိတ်အနည်းငယ်ဖြင့် ပြောလိုက်၏။

"အစွန်ဆုံးက တစ်လုံးကတော့ အခြောက်ခံစက်ပေါ့၊ ဒါပေမဲ့ ဒီစက်က အရမ်းနှေးတယ်၊ နေရောင်ကို အားကိုးနေရတုန်းပဲ၊ ဒီနေ့က တိမ်တွေအုပ်နေပြီး နေကလည်း သိပ်မပြင်းဘူး၊ ဒီအဝတ်တွေ ဒီနေ့ခြောက်ပါ့မလားတောင် မသိဘူး"

အစ်မကျန်း စကားပြောရင်း အဝတ်လှန်းကြိုးပေါ်ရှိ မျက်နှာသုတ်ပုဝါများနှင့် စောင်စွပ်များဆီသို့ လျှောက်သွားလိုက်သည်။ သူမ အံ့သြသွားရသည်မှာ ခုနကမှ သူမ စိုးရိမ်နေခဲ့သည့် အဝတ်အထည်အားလုံးမှာ ခြောက်သွေ့နေရုံသာမက နေရောင်ခြည်ရနံ့လေးပင် သင်းပျံ့နေခြင်း ဖြစ်၏။

"ဟင်၊ ဒီနေ့ အကုန်ခြောက်ကုန်ပါလား၊ ငါ ရာသီဥတုခန့်မှန်းချက်ကို မှားကြည့်မိတာလား"

အစ်မကျန်းမှာ ဝေခွဲမရ ဖြစ်သွားသည်။

သို့သော် ထိုခြောက်သွေ့နေသော အဝတ်များက သူတို့သုံးယောက်အတွက် အလုပ်စလုပ်ရတော့မည်ကို ဆိုလိုခြင်းပင် ဖြစ်၏။

အစ်မကျန်းသည် သူမ၏သံသယများကို ဘေးဖယ်ထားလိုက်ပြီး ပြောလိုက်သည်။

"လာ၊ ဒီစောင်စွပ်တွေနဲ့ မျက်နှာသုတ်ပုဝါတွေကို အမြန်သိမ်းကြစို့၊ ဟုတ်သားပဲ အဝတ်လျှော်စက်ဘေးက လက်အိတ်တွေကို ယူခဲ့ကြဦး"

လက်အိတ်များ စွပ်ပြီးနောက် အစ်မကျန်းသည် မေကျဲနှင့် တုန်းကျင်းတို့ကို သန့်ရှင်းသော အဝတ်များကို ခြင်းတောင်းကြီးများထဲသို့ အရင်ထည့်ခိုင်းသည်။ ထို့နောက် ခြင်းတောင်းများကို အဝတ်အထည်သိုလှောင်ခန်းသို့ သယ်သွားကာ သုတ်ပုဝါများနှင့် ရေချိုးသုတ်ပုဝါများကို သေသေသပ်သပ် ခေါက်၍ အမျိုးအစားအလိုက် ခွဲခြား၏။ စောင်စွပ်များကိုမူ လေးထပ်ခေါက်ကာ စင်ပေါ်တွင် တင်ထားလိုက်ကြသည်။

"ဒီနေ့က ငါ့အမှားပဲ၊ နင်တို့ သန့်ရှင်းရေးလုပ်တဲ့အခါ ပိုပြီး ဂရုစိုက်ကြည့်ပေးကြဦး၊ ခြောက်ထပ်မှာ လှန်းထားတဲ့ အဝတ်တွေ ခြောက်ပြီဆိုတာနဲ့ သိုလှောင်ခန်းထဲကို အချိန်မီ သိမ်းထားလိုက်ကြ"

အစ်မကျန်းသည် သူမ၏အမှားကို ဝန်ခံရန် ဝန်မလေးပေ။

"ကဲ အောက်ထပ်ဆင်းကြစို့၊ ဧည့်ကြိုကောင်တာမှာ ငါတို့အတွက် ဂရုဖွဲ့ခိုင်းရမယ်"

အစ်မကျန်းသည် မေကျဲနှင့် တုန်းကျင်းတို့ကို အောက်ထပ်သို့ ခေါ်လာခဲ့သည်။

ထိုစဉ် ခြေသုံးချောင်း ရွှေကျီးကန်း ရှောင်ရှီမင်းကြီးနှင့်အတူ တည်းခိုခန်းကို 'စစ်ဆေး' နေသည့် စုဟယ်နှင့် ဆုံမိကြသည်။

"ဪ၊ သူဌေးမ ဒါက အသစ်မွေးထားတဲ့ အကောင်လေးလား"

အစ်မကျန်းမှာ တက်ကြွလှသဖြင့် စုဟယ်ကို မြင်သည်နှင့် လှမ်းနှုတ်ဆက်လိုက်သည်။

စုဟယ်မှာ ရယ်ကျဲကျဲဖြင့် မိတ်ဆက်ပေးလိုက်၏။

"ဟဲဟဲ ဟဲဟဲ၊ ဒါက ရှောင်ရှီမင်းကြီးလေ၊ နောက်ဆိုရင် သူ့ကို ရှောင်ရှီမင်းကြီးလို့ပဲ ခေါ်လို့ရပါတယ်"

စုဟယ်က အမြန်မိတ်ဆက်ပေးလိုက်သဖြင့် ခြေသုံးချောင်း ရွှေကျီးကန်းမှာ ၎င်း၏ချွန်ထက်သော နှုတ်သီးကို ပြန်ရုပ်လိုက်သော်လည်း စုဟယ်မှာမူ ရှောင်ရှီမင်းကြီး၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရလေသည်။ အနောက်မှ မေကျဲနှင့် တုန်းကျင်းတို့မှာမူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူတို့သူဌေးမလေး၏ ပုခုံးပေါ်က ကျီးကန်းက တကယ်ပင် မျက်လုံးလှန်ပြလိုက်ခြင်း ဖြစ်သည်။ တကယ်ကို မှော်ဆန်လှပေသည်။

"ဪ ဟုတ်သားပဲ အစ်မကျန်း၊ အဝတ်လျှော်စက်ဘေးမှာ အဝေးထိန်းခလုတ် တစ်ခု တွေ့မိသေးလား"

စုဟယ်က စကားလမ်းကြောင်းလွှဲရန် တစ်တွတ်တွတ် မေးလိုက်သည်။

အစ်မကျန်းက ပြုံးလျက် ပြောလိုက်၏။

"တွေ့ပါတယ်၊ အဲဒါက အဲယားကွန်း ရီမုဒ် မဟုတ်လား၊ အောက်ထပ်က အခန်းတစ်ခန်းက အဲယားကွန်း ရီမုဒ်က အဝတ်တွေထဲမှာ ပါလာပြီး ခြောက်ထပ်ကို ရောက်လာတာလားလို့"

"အစ်မကျန်း၊ အဲဒီ ရီမုဒ်က အဝတ်လျှော်ပြီး အခြောက်ခံတဲ့နေရာမှာ အသစ်တပ်ထားတဲ့ အပူစုပ်စက် အတွက် ရီမုဒ်လေ၊ အစ်မတို့ ခြောက်ထပ်မှာ အဝတ်လှန်းတဲ့အခါ အဲဒီ ရီမုဒ်ကို နှိပ်လိုက်ဦး၊ အပူစုပ်စက်က အလိုအလျောက် အလုပ်လုပ်ပြီး အဝတ်တွေကို အခြောက်ခံပေးလိမ့်မယ်၊ အဝတ်လှန်းတဲ့ ဝရံတာ တံခါးကိုတော့ ပိတ်ထားဖို့ မမေ့နဲ့ဦးနော်၊ မိနစ် (၃၀) လောက်ကြာရင် ပြန်ဝင်သိမ်းလို့ ရပြီ"

စုဟယ်က ပြောလိုက်သည်။

အစ်မကျန်း ထင်သည်မှာ မှန်ပါသည်။ ထိုအပူစုပ်စက် ရီမုဒ်ဆိုသည်မှာ တကယ်တော့ အဲယားကွန်း ရီမုဒ်ပင် ဖြစ်၏။ စုဟယ်သည် အနီအောက်ရောင်ခြည် အာရုံခံစနစ် ပျက်နေသော ရီမုဒ်အဟောင်းတစ်လုံးကို ရှာတွေ့ထားပြီး ၎င်းကို အပူစုပ်စက် ရီမုဒ်အဖြစ် အယောင်ဆောင်ထားခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်၊ ခြောက်ထပ်တွင် အဝတ်ခြောက်စေနိုင်သည့် အပူစုပ်စက်ဆိုသည်မှာ မရှိဘဲ၊ အဝတ်အခြောက်ခံပေးမည့် 'ကြက်" တစ်ကောင်သာ ရှိသည် မဟုတ်လား။

အစ်မကျန်း၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်၏။

"သူဌေးမ၊ အရင်က အခြောက်ခံစက် လဲပေးမယ်လို့ ပြောဖူးပေမဲ့ ဒီလောက် နည်းပညာမြင့်တဲ့ အပူစုပ်စက်နဲ့ လဲပေးလိမ့်မယ်လို့ မထင်ထားဘူး၊ အဲဒါဆိုရင် နောက်ဆို အဝတ်လျှော်ပြီး အခြောက်ခံရတာ ပိုလွယ်သွားပြီပေါ့"

အစ်မကျန်းမှာ ဘာမှ ထူးဆန်းသည်ဟု မထင်မိဘဲ မေကျဲ၊ တုန်းကျင်းတို့နှင့်အတူ အောက်ထပ်သို့ ဆက်ဆင်းသွားလေသည်။ ထိုအချိန်တွင် ရှောင်ရှီမင်းကြီးမှာ အောင့်ထားနိုင်စွမ်း မရှိတော့ပေ။ ၎င်း၏ အမူအရာမှာ မုန်တိုင်းမတိုက်မီ တိတ်ဆိတ်နေသကဲ့သို့ အလွန်အမင်း မာန်ပါနေသည်။ ၎င်း၏ နှုတ်သီးကို ဖွင့်ကာ စူးရှသောအော်သံများကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။ ၎င်းသည် လောကကြီးတစ်ခုလုံးအား ၎င်း၏ မကျေနပ်မှုနှင့် ဒေါသကို ကြေညာနေသည့်အလား၊ တစ်စုံတစ်ရာကို ခြိမ်းခြောက်နေသည့်အလား ။

"နင် နင်က ငါ့ကို အခြောက်ခံစက် လုပ်ခိုင်းဖို့ အစကတည်းက ကြံစည်ထားတာပေါ့ ဟုတ်လား၊ နင် ငါ့ကို လိမ်နေတာပဲ "

၎င်း၏ အတောင်ပံများသည် လေထုကို ခွင်းလျက် အပြစ်ကင်းသယောင် ဆောင်နေသော စုဟယ်ဆီသို့ ဦးတည်သွားသည်။ မြန်ဆန်ပြီး ပြင်းထန်လှသော လှမ်းဆိတ်မည့်အရှိန်အဝါမှာ ရှောင်လွှဲ၍ပင် မရနိုင်ပေ။

ကျီးကန်းမှာ ဒေါသထွက်လွန်း၍ ရူးမတတ် ဖြစ်နေသည်။ အစ်မကျန်း၏ စကားကို ကြားပြီးနောက် ရှောင်ရှီမင်းကြီးမှာ ချက်ချင်းပင် အမှန်တရားကို နားလည်သွားခဲ့၏။ စုဟယ်သည် တည်းခိုခန်းက အခြောက်ခံစက် ပျက်နေသည်ကိုသိသဖြင့် ၎င်းကို အစားထိုးအသုံးပြုချင်နေခြင်း ဖြစ်သည်။ ပို၍ အရေးကြီးသော အလုပ်များရှိပါသေးသည်ဟု ပြောခဲ့သည်မှာ လုံးဝအလိမ်အညာများသာ ဖြစ်သည်။ ၎င်းသည် သူမကို သေအောင်ဆိတ်သတ်ပစ်ချင်တော့၏။

52

"ရှောင်ရှီမင်းကြီး စိတ်လျှော့ပါဦး"

စုဟယ်မှာ သူမခေါင်းကို လက်နှစ်ဖက်ဖြင့် ကာထားလိုက်ရသည်။

"မဟုတ်ရပါဘူး ရှောင်ရှီမင်းကြီးရယ်၊ ကျွန်မ တကယ် အထင်မှားခံနေရတာပါ"

စုဟယ်က အတင်းငြင်းဆိုနေတော့သည်။ အခြောက်ခံစက်ဝယ်ရန် ပိုက်ဆံမရှိသဖြင့် ၎င်းကို အစကတည်းက ကြံစည်ထားခြင်းဖြစ်ကြောင်း သူမ ဘယ်သောအခါမှ ဝန်ခံမည်မဟုတ်ပေ။ ဈေးကွက်ထဲရှိ အကြီးစား အခြောက်ခံစက်အများစုမှာ တစ်လုံးလျှင် တစ်သိန်းကျော် အထက်တွင်ရှိပြီး ဟဲယဲ့တည်းခိုခန်း၌ လျှော်ဖွပ်ရမည့် အဝတ်အထည်များမှာ အလွန်များပြားလှသဖြင့် သူမအနေဖြင့် အနည်းဆုံး အခြောက်ခံစက် ငါးလုံးခန့် လိုအပ်မည်ဖြစ်၏။ သူမတွင် တကယ်ပင် ငွေကြေးပြတ်လပ်နေခြင်းဖြစ်ပြီး၊ ထို့အပြင် မည်သည့်အခြောက်ခံစက်ကများ ခြေသုံးချောင်း ရွှေကျီးကန်း၏ စစ်မှန်သော နေမီးလျှံ လောက် ထိရောက်မှု ရှိနိုင်ပါမည်နည်း။ စုဟယ်ကတော့ လုံးဝ ဝန်မခံဘဲ တင်းခံနေဆဲပင်။

"ရှောင်ရှီမင်းကြီး၊ ရှင် ကျွန်မကို တကယ် အထင်လွဲနေတာပါ၊ ကျွန်မက ရှင့်ကို တည်းခိုခန်းအနှံ့ လိုက်ပို့ပေးမလို့ မဟုတ်လား"

စုဟယ်က နူးညံ့သိမ်မွေ့သော လေသံဖြင့် မြှူဆွယ်ချော့မော့လိုက်သည်။

ရှောင်ရှီမင်းကြီး၏ မျက်ဝန်းများမှာ တဖျတ်ဖျတ် တုန်ယင်နေပြီး ခြိမ်းခြောက်သည့်အနေဖြင့် စုဟယ်၏ ဆံပင်တစ်ပင်ကို စစ်မှန်သော နေမီးလျှံဖြင့် တို့လိုက်၏။

"ဟင်း၊ ဒီတစ်ခါတော့ နင့်ကို ယုံပေးလိုက်မယ်၊ နောက်တစ်ခါ ငါ့ကို လှည့်စားတာ မိလို့ကတော့ နောင်တရစေရမယ်"

စုဟယ်မှာ သူမ၏ ဆံပင်ကို ဝမ်းနည်းပန်းနည်းဖြင့် ပြန်ကိုင်ကြည့်မိသည်။ မူလကတည်းက ပါးလျလှသော သူမ၏ ဆံပင်များမှာ ယခုတော့ ပို၍ပင် ဆိုးရွားသွားခဲ့လေပြီ။

"ရှောင်ရှီမင်းကြီး ကြည့်ပါဦး၊ ဒီတံခါးပိတ်ထားတဲ့ အခန်းတွေက ကျွန်မတို့ တည်းခိုခန်းရဲ့ ဧည့်သည်တွေ အထဲမှာ အနားယူနေကြတာပေါ့"

စုဟယ်က ရှောင်ရှီမင်းကြီးကို အထပ်တစ်ခုပြီးတစ်ခု လိုက်လံပြသရင်း ပြောပြနေသည်။ ဧည့်သည်များနှင့် ပတ်သက်သော ကိစ္စများရောက်လျှင် ရှောင်ရှီမင်းကြီးမှာ အထူးပင် အာရုံစိုက် နားထောင်လေ၏။ သူ အတောင်ပံများကို ခတ်လိုက်ပြီးဆိုသည်။

"နားလည်ပြီ၊ အခုချိန်မှာ ငါ ဧည့်သည်တွေကို အနှောင့်အယှက် မပေးဘူး"

စုဟယ်မှာ အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ တည်းခိုခန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဧည့်သည်များထံမှ သုံးသပ်ချက်ကောင်းများ ရရှိရေးတွင် သူမနှင့် ရှောင်ရှီမင်းကြီးမှာ ပန်းတိုင်တစ်ခုတည်း ဖြစ်နေသဖြင့် လူနှင့် ငှက်ကြား ဆက်သွယ်မှုမှာ အဆင်ပြေချောမွေ့နေ၏။

"ရှောင်ရှီမင်းကြီး ကြည့်ပါဦး၊ ဒီအခန်းတံခါးက ပွင့်နေတယ်ဆိုတာ ဒီအခန်းမှာ ဧည့်သည် မရှိသေးဘူးလို့ ဆိုလိုတာပါ"

စုဟယ်က အခန်းအလွတ်တစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။

ထို့နောက် စုဟယ်က သူမ ပြင်ဆင်ထားသော စကားများကို ရွတ်ဆိုလိုက်၏။

"ရှောင်ရှီမင်းကြီး၊။ရှင် အခု အခန်းထဲဝင်ပြီး စစ်ဆေးနိုင်ပါပြီ"

ရှောင်ရှီမင်းကြီးသည် အတောင်ပံများကို အလှပဆုံး ဖြန့်ကားလိုက်ပြီး အခန်းထဲသို့ ပျံဝင်သွားသည်။ ၎င်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် ဝေဖန်လိုက်၏။

"ဒီအခန်းက ထင်ထားတာထက်ကို ရိုးရှင်းလွန်းနေတာပဲ၊ စနစ်က ပေးထားတဲ့ ပစ္စည်းအနည်းငယ်ပဲ ကြည့်ပျော်ရှုပျော် ရှိတာတယ်"

ဤဇာတ်ကောင်ကတ်များသည် စနစ်နှင့် ချိတ်ဆက်ထားသူများ ဖြစ်ကြသဖြင့် မည်သည့်ပစ္စည်းက ဂိမ်းစတိုးမှ လာသည်ကို အလိုအလျောက် ခွဲခြားသိမြင်နိုင်ကြသည်။

"ဟုတ်ကဲ့ပါ ရှောင်ရှီမင်းကြီး ကျွန်မတို့ တည်းခိုခန်းက အခုမှ စတာဆိုတော့လေ၊ ရှောင်ရှီမင်းကြီးရဲ့ ဦးဆောင်မှုအောက်မှာတော့ နောက်ပိုင်းမှာ အဆင့်အတန်းတွေ မြင့်တက်လာပြီး တစ်နိုင်ငံလုံးမှာ နာမည်ကြီးလာမှာ သေချာပါတယ်"

စုဟယ်က ဖား‌ကာပြောလိုက်သည်။

"ရှောင်ရှီမင်းကြီး၊ လက်ရှိမှာ ကျွန်မတို့ရဲ့ အသုံးအဆောင်တွေက ကန့်သတ်ချက်ရှိနေပေမဲ့ ဝန်ဆောင်မှုပိုင်းမှာတော့ ပြည့်စုံနေဖို့ လိုတယ် မဟုတ်လား၊ အခန်းထဲမှာ သန့်ရှင်းရေး မသေသပ်တာမျိုးများ ရှိနေမလားဆိုတာ သေသေချာချာလေး ကြည့်ပေးပါဦး"

စုဟယ်က ရှောင်ရှီမင်းကြီးကို အခန်းအနှံ့ လိုက်ပြလေသည်။ ရှောင်ရှီမင်းကြီးမှာ အလွန်စေ့စပ်စွာ ကြည့်ရှုပြီး ရေချိုးခန်းထဲအထိပင် တစ်ပတ်ပတ်ကြည့်လိုက်၏။ အစ်မကျန်းက အခန်းကို သေသေချာချာ သန့်ရှင်းရေးလုပ်ထားသဖြင့် ၎င်းအနေဖြင့် အပြစ်ပြောစရာ တစ်ခုမျှ မတွေ့ပေ။ ထို့ကြောင့် မတတ်သာဘဲ "ကြည့်ပျော်ရှုပျော် ရှိပါတယ်" ဟု ဆိုလိုက်သည်။ စုဟယ် အသာချောင်းဟန့်လိုက်ပြီး ပြောလိုက်၏။

"ရှောင်ရှီမင်းကြီး တကယ်တော့ ကျွန်မ ထင်တာကတော့ အခန်းထဲမှာ တိုးတက်ဖို့ လိုအပ်နေတဲ့ နေရာတစ်ခု ရှိသေးတယ်"

"ဪ ဘယ်နေရာလဲ"

ရှောင်ရှီမင်းကြီးက စိုးရိမ်တကြီး မေးလိုက်သည်။ ဤသို့ ဖြစ်၍ မရပေ။ ဧည့်သည်များက ၎င်းကို သုံးသပ်ချက်ကောင်းများ ပေးရမည် ဖြစ်ရာ အခန်းမှာ ပြည့်စုံနေရမည် မဟုတ်လား။

စုဟယ်က အားနာသယောင်ဟန်ဖြင့်ပြောလိုက်၏။

"ရှောင်ရှီမင်းကြီး၊ ခုတင်ပေါ်က စောင်က အေးစက်စက် အငွေ့အသက် နည်းနည်း ရှိနေတယ်လို့ မထင်ဘူးလား၊ ရှင်သာ ရှင့်ရဲ့ စစ်မှန်သော နေမီးလျှံကို သုံးပြီး ဒီစောင်ကို အခြောက်ခံပေးလိုက်မယ်ဆိုရင် ပိုပြီးတော့ ကောင်းသွားမှာ"

ရှောင်ရှီမင်းကြီး : "..."

ဤမိန်းမတွင် မရိုးသားသော ရည်ရွယ်ချက်များ ရှိနေသည်ကို သူ သိလိုက်လေပြီ။

"ရှောင်ရှီမင်းကြီး ကျွန်မ မလိမ်ပါဘူး၊ ရှင့်အမြင်အတိုင်းပဲ ကျွန်မတို့ရဲ့ စောင်စွပ်တွေနဲ့ အိပ်ရာခင်းတွေက သန့်ရှင်းနေပေမဲ့ အထဲက စောင်ထည်တွေကတော့ ထူထဲပြီး လျှော်ရခက်တယ်လေ၊ ပြီးတော့ အခန်းထဲမှာပဲ တစ်နှစ်ပတ်လုံး ရှိနေပြီး နေရောင်လည်း မရတော့ စောင်ထဲမှာ ပိုးမွှားတွေ ရှိနေမှာ အမှန်ပဲ၊ ရှင့်ရဲ့ စစ်မှန်သော နေမီးလျှံက အရာအားလုံးကို သတ်ပစ်နိုင်တာဆိုတော့ ဒီပိုးမွှားတွေကိုလည်း သတ်ပစ်နိုင်မှာပေါ့ ရှင့်အနေနဲ့လည်း ကျွန်မတို့ အခန်းတွေကို ပြည့်စုံစေချင်တာ မဟုတ်လား"

စုဟယ် သူမလက်ဝါးနှစ်ဖက်ကို ပွတ်ရင်းပြောလိုက်သည်။ ရှောင်ရှီမင်းကြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ၎င်းသည် ထိုမိန်းမနှင့် အငြင်းအခုန်မလုပ်ချင်တော့ပေ။

"ဒီလောက် အသေးအမွှားကိစ္စကိုတော့ ငါ လုပ်ပေးမှာပေါ့၊ ဒါပေမဲ့ နောက်ပိုင်းမှာ သုံးသပ်ချက်ကောင်းတွေ မရဘူးဆိုရင်တော့ နင် ကြည့်ထားလိုက်"

ရှောင်ရှီမင်းကြီးက အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် စစ်မှန်သော နေမီးလျှံတစ်ချက်မှာ စောင်ကို ခြောက်သွေ့သွားစေသည်။ စောင်ထဲမှ ဂွမ်းများနှင့် ပိုးသားမျှင်လေးများသည် နှစ်ရှည်လများ ဖိသိပ်ခံထားရပြီး ချွေးကြောင့် အနည်းငယ် ကပ်စေးစေးဖြစ်နေသမျှ ယခုတွင် စစ်မှန်သော နေမီးလျှံကြောင့် သေသေချာချာ ခြောက်သွေ့သွားကာ သိသိသာသာပင် ဖောင်းကြွလာခဲ့၏။ စောင်မှာ ပွင့်အာနေသော ဖြူလွလွ တိမ်တိုက်လေးများကဲ့သို့ ဖောင်းအိနူးညံ့နေပြီး မင်းသမီးလေးရဲ့ ကုတင် ပေါ်တွင် အသာအယာ လွင့်မြောနေသကဲ့သို့ ရှိသည်။ အမျှင်တန်းလေးတစ်ခုချင်းစီမှာ နေရောင်ခြည်ထဲတွင် ရေချိုးထားသည့်အလား ဖျော့တော့သော အလင်းတန်းလေးများဖြင့် ဝင်းလက်နေပြီး သင်းပျံ့သော ရနံ့လေး ထွက်ပေါ်နေတော့သည်။ ယခင်က ပြားချပ်ချပ် ပုံစံနှင့် လုံးဝ ကွာခြားသွားလေပြီ။ ထို့နောက် စုဟယ်သည် ရှောင်ရှီမင်းကြီးကို ခေါ်ဆောင်ကာ မရောင်းရသေးသော ကျန်ရှိသည့် အခန်းများရှိ စောင်အားလုံးကို အခြောက်ခံခိုင်းလိုက်ပြန်သည်။

ဆရာဝေသည် ဧည့်သည်တစ်ယောက်၏ မေးခွန်းများကို ဖြေကြားပေးပြီးနောက် ခဏနားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူ အောက်ထပ်သို့ ရောက်ရောက်ချင်းမှာပင် ပေါက်စီ ပုံကြီးထဲတွင် ခေါင်းနှစ်ထားသော ကျီးကန်းတစ်ကောင်ကို မြင်လိုက်ရသည်။ လျှိုရှန်း လုပ်ထားသော ပေါက်စီများမှာ အတော်အတန် ကြီးမားပြီး တစ်လုံးလျှင် အမျိုးသမီးတစ်ယောက်၏ လက်သီးဆုပ်ခန့် ရှိ၏။ ခြေသုံးချောင်း ရွှေကျီးကန်း ရှောင်ရှီမင်းကြီးသည် ၎င်း၏ ခြေနှစ်ဖက်ဖြင့် ပေါက်စီများ တင်ထားသော ပန်းကန်ကို ဆွဲထားပြီး ကျန်ခြေတစ်ဖက်ကတော့ ပန်းကန်ထဲသို့ စိတ်လှုပ်ရှားစွာဖြင့် နင်းဝင်ထားသည်။ ရှောင်ရှီမင်းကြီးမှာ အနည်းငယ် စိတ်မရှည်ဖြစ်နေသော်လည်း ၎င်း၏ ခန့်ညားမှုကိုတော့ ထိန်းထားဆဲပင်။ ၎င်းက ပါးစပ်ကို ဖွင့်ကာ ပေါက်စီကို နှုတ်သီးဖြင့် တစ်ကိုက်ချင်းစီ ခွံယူပြီး အရသာရှိရှိ မြည်းစမ်းနေသည်။ ပေါက်စီ၏ အပြင်သားမှာ ဖြူလွနေပြီး ကြက်သွန်မြိတ်လေးများဖြင့် အစက်အပြောက်ကလေးများ ဖြစ်နေကာ ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေ၏။

ရှောင်ရှီမင်းကြီးက တစ်ကိုက်ချင်းစီ ဆိတ်စားရင်း ထိုအစားအစာက ပေးစွမ်းသော ကျေနပ်မှုကို ခံစားနေသည်။ ပထမဦးစွာ ၎င်းသည် ဂျုံမှုန့်၏ ရနံ့ကို မြည်းစမ်းပြီးနောက် ပြင်းရှသော ကြက်သွန်မြိတ် အရသာကို ခံစားလိုက်ရရာ ၎င်းကို စွဲလန်းသွားစေတော့သည်။

ရှောင်ရှီမင်းကြီး၏ အစာစားချင်စိတ်မှာ ပို၍ ပြင်းပြလာသည်။ ၎င်းသည် ပေါက်စီများကို ပါးစပ်ဖြင့် တရစပ် ဆိတ်ဖြတ်နေပြီး တစ်ခါတစ်ရံ ခေါင်းကို မော့လိုက်၊ တစ်ခါတစ်ရံ ကိုယ်ကို ငုံ့လိုက်ဖြင့် အရသာကို အပြည့်အဝ ခံစားနေတော့သည်။ ပေါက်စီများ တဖြည်းဖြည်း ကုန်သွားသည်နှင့်အမျှ ကျီးကန်း၏ စိတ်အခြေအနေမှာလည်း ကြည်လင်ရွှင်ပြပြီး ကျေနပ်အားရနေပုံရသည်။ နောက်ဆုံးတစ်ကိုက်ကို စားပြီးနောက် ၎င်းက ခေတ္တမျှ ရပ်တန့်လိုက်၏။ ထို့နောက် ပေါက်စီ များ တင်ထားသော အခြားပန်းကန်တစ်ခုဆီသို့ ပျံသွားပြီး အသားပေါက်စီများကို ဆက်လက် စားသုံးနေပြန်သည်။

ရှောင်ရှီမင်းကြီးမှာ တကယ့် စည်းစိမ်ခံစားသူ တစ်ယောက် ဖြစ်နေသည်မှာ ထင်ရှားလှသည်။ ၎င်းသည် အသားပေါက်စီ၏ အပြင်သားကို ဆိတ်ဖွင့်လိုက်ပြီးနောက် အထဲမှ အသားဌာပနာကို အရင်ဆုံး စားလေသည်။ အပြင်သားပါးပြီး ဌာပနာများလှသော အသားပေါက်စီမှာ ပါးလွှာသော်လည်း တောင့်တင်းသော အပြင်သားရှိပြီး ဆီရိပ်များဖြင့် အနည်းငယ် ဝင်းလက်နေ၏။ ရှောင်ရှီမင်းကြီး၏ နှုတ်သီးက အပြင်သားကို ဖောက်ထွင်း၍ အတွင်းသားထဲသို့ နစ်ဝင်သွားသောအခါ ဆီရွှဲနေသော အရသာရှိလှသည့် အသားဌာပနာများ ပေါ်ထွက်လာသည်။

ရှောင်ရှီမင်းကြီးသည် အသားဌာပနာအားလုံးကို ကုန်အောင်စားပြီးနောက် အသားဆီများ စိမ့်ဝင်နေသော ပေါက်စီသားကို အေးအေးဆေးဆေး ဆက်လက် မြည်းစမ်းနေတော့သည်။

ဆရာဝေ မှာ အနည်းငယ် အံ့သြသွားရသည်။ ထိုပေါက်စီများမှာ အတော်ပင် ကြီးမားလှပြီး ဤကျီးကန်းစားနေသော ပေါက်စီမှာ ၎င်း၏ ကိုယ်လုံးထက်ပင် ပိုကြီးနေသေး၏။

လူတွေက ငှက်ဦးနှောက်လို့ ပြောလေ့ရှိကြပေမဲ့ ဒီကျီးကန်းက ဒီလောက်အများကြီး စားနေတာ နေမကောင်း ဖြစ်မသွားဘူးလား။ ဆရာဝေ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"ဒါက"

စုဟယ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ကလေးက ဗိုက်ဆာနေလို့ပါ"

All Chapters