အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
55
နံနက်စောစောအချိန်တွင် ရှောင်ရှီမင်းကြီးသည် ဧည့်ကြိုကောင်တာ၏ အကောင်းဆုံးနေရာဖြစ်သော ထောင့်စွန်းရှိ ဗီရိုပေါ်၌ နေရာယူထားလေသည်။ ၎င်းသည် အခန်းအပ် နေသော ဧည့်သည်များကို စူးစိုက်ကြည့်နေသည်။ လီရှီက ဧည့်သည်များကို လမ်းညွှန်ပေးနေ၏။
"မင်္ဂလာပါ ဧည့်သည်တို့ အခန်းအပ်တာ ပြီးပါပြီခင်ဗျာ၊ ကျွန်တော်တို့ တည်းခိုခန်းမှာ တည်းခိုရတာ စိတ်တိုင်းကျရဲ့လားခင်ဗျာ"
ဤသူများမှာ အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင် ကို လာရောက်စမ်းသပ်သည့် ဇနီးမောင်နှံနှစ်ဦး ဖြစ်သည်။ သူတို့သည် အပြည်ပြည်ဆိုင်ရာ အိမ်တွင်းအလှဆင်ပစ္စည်းပြပွဲတွင် စုဟယ်နှင့် ဆရာဝေတို့ ဝေငှနေသည့် လက်ကမ်းစာစောင်များကို တွေ့ခဲ့ခြင်းဖြစ်၏။ ခင်ပွန်းဖြစ်သူမှာ ပုံမှန်အားဖြင့် လက်ရေးလှပညာကို လေ့လာလိုက်စားသူဖြစ်သဖြင့် လက်ကမ်းစာစောင်တစ်ခုကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဇနီးဖြစ်သူမှာမူ ခင်ပွန်း၏ ဟောက်သံကြောင့် အိပ်ရေးမဝသည့်ဒဏ်ကို ကြာရှည်စွာ ခံစားနေရသူဖြစ်ရာ 'သေလူ အသက်ရှင်လိုလျှင် မြက်ခြောက်ကိုပင် ကိုးကွယ်ရသည်' ဟူသည့်အတိုင်း နည်းလမ်းရှာရင်း ဟဲယဲ့တည်းခိုခန်းသို့ လာရောက်စမ်းသပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ လူကြီးနှစ်ယောက်အိပ်ခန်း ဈေးနှုန်းမှာလည်း သိပ်မများသဖြင့် ဇနီးမောင်နှံအတွက် အပန်းဖြေခရီးတစ်ခုထွက်သကဲ့သို့ပင်။ စမ်းသပ်မှု၏ ရလဒ်က ဇနီးဖြစ်သူကို အလွန်ပင် စိတ်ကျေနပ်စေခဲ့သည်။
"တကယ်ကို ကောင်းတာပဲ၊ ကုတင်က အိပ်လို့ အရမ်းကောင်းသလို စောင်ကလည်း အရမ်းသက်သောင့်သက်သာ ရှိတယ်"
သူမသည် ခင်ပွန်းဖြစ်သူ မည်သို့တွေးသည်ကို ဂရုမစိုက်တော့ပေ။ ယွမ် (၆၀,၀၀၀) တန် ဤကုတင်ကို ဝယ်ယူရန် သူမ အခိုင်အမာ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမသည်သာ အချိန်အတော်ကြာ အိပ်ရေးမဝသည့်ဒဏ်ကို ခံစားနေရသူ မဟုတ်ပါလား။ မနေ့ညက အိပ်စက်ခြင်းမှာ သူမအတွက် တကယ်ကို မမေ့နိုင်စရာပင်။
ဇနီးဖြစ်သူသည် ခင်ပွန်းကို အရင်အိပ်ခိုင်းလိုက်၏။ ခင်ပွန်းဖြစ်သူ လှဲလိုက်ပြီးနောက် တကယ်ပင် ဟောက်သံထွက်မလာတော့ပေ။ ဇနီးဖြစ်သူမှာ အကြာကြီး စောင့်ကြည့်နေပြီးနောက်မှ ပျော်ရွှင်စွာဖြင့် အိပ်ပျော်သွားခဲ့သည်။
စောင်ကို ထိလိုက်သည်နှင့် သူမတစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားရသည်။ စောင်မှာ နေရောင်ထဲတွင် လှန်းထားသည့်အလား နွေးထွေးဖောင်းအိနေပြီး စောင်စွပ်မှတစ်ဆင့် သူမ၏ အရေပြားထဲသို့ နွေးထွေးမှုများ စိမ့်ဝင်လာကာ နေရောင်ခြည်၏ နွေးထွေးမှုဖြင့် ပွေ့ဖက်ခံထားရသကဲ့သို့ ရှိ၏။ စောင်ထဲမှ နေရောင်ခြည်၏ သင်းပျံ့သော ရနံ့လေး ထွက်ပေါ်နေသဖြင့် နေသာသော မွန်းလွဲပိုင်းအချိန်လေးသို့ ရောက်ရှိနေသကဲ့သို့ စိတ်ကို ကြည်လင်လန်းဆန်းစေသည်။
မျက်လုံးကို မှိတ်လိုက်လျှင် ပတ်ဝန်းကျင်မှ ဆူညံသံများနှင့် သောကအားလုံးမှာ ထိုနွေးထွေးမှုကြောင့် အပြင်တွင် ကျန်ရစ်ခဲ့ပြီး ငြိမ်းချမ်းမှုနှင့် သက်သောင့်သက်သာရှိမှုတို့သာ ကျန်ရှိတော့၏။
စောင်၏ အထိအတွေ့မှာ နုညံ့ရင်းနှီးလှပြီး စောင်ထဲတွင် လည်ပတ်နေသော နွေးထွေးသည့် လေထုသည် ငြိမ်သက်ခြင်းနှင့် ချမ်းမြေ့ခြင်းကို ဆောင်ကြဉ်းပေး၏။ သူမ၏ ခန္ဓာကိုယ်သည် နေလှန်းထားသော စောင်ထဲတွင် လွှမ်းခြုံခံထားရကာ မေတ္တာနှင့် ဂရုစိုက်မှုတို့၏ နွေးထွေးမှုကို ခံစားနေရသဖြင့် စိတ်ရောကိုယ်ပါ ပေါ့ပါးလွတ်လပ်သွားစေသည်။
သူမအောက်ရှိ မွေ့ရာမှာလည်း ထူးကဲစွာ သက်သောင့်သက်သာ ရှိလှသည်။ မွေ့ရာ၏ ဒီဇိုင်းမှာ ခန္ဓာကိုယ်၏ အကွေးအဆန့်များနှင့် တစ်ထပ်တည်းကျနေပြီး ပုခုံး၊ ခါးနှင့် တင်ပါးတို့ကို လုံလောက်သော ထောက်ပံ့မှု ပေးထားသဖြင့် ခန္ဓာကိုယ်ကို အကောင်းဆုံး အနားယူစေနိုင်ကာ အကြောအခြင်များ ပြေလျော့သွားစေ၏။သူမ၏ အရေပြား လက်မတိုင်းမှာ နူးညံ့သော်လည်း ခိုင်ခံ့သော မွေ့ရာထဲတွင် နစ်ဝင်နေကာ ထိုပေါ့ပါးမှုကို ခံစားနေရသည်။ ပင်ပန်းနွမ်းနယ်မှုနှင့် မအီမသာဖြစ်မှုအားလုံး ကင်းစင်သွားသကဲ့သို့ပင်။ ဇနီးဖြစ်သူသည် ထိုသက်သောင့်သက်သာရှိမှုကို အပြည့်အဝ မခံစားရသေးခင်မှာပင် ချက်ချင်းဆိုသလို နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့သည်။
ဧည့်သည်နှစ်ဦး၏ မှတ်ချက်ကောင်းများကို ကြားသောအခါ လီရှီက ပြုံးလျက် ပြောလိုက်၏။
"ကောင်းပါပြီခင်ဗျာ၊ ဒါကတော့ ဧည့်သည်တို့အတွက် နံနက်စာကူပွန် နှစ်စောင်ပါဗျ၊ အခုသုံးလို့ရသလို နောက်တစ်ခါ လာတည်းတဲ့အခါမှ သုံးမယ်ဆိုလည်း ရပါတယ်"
လီရှီသည် အသင့်ပြင်ထားသော နံနက်စာကူပွန်များကို ထုတ်ပေးလိုက်သည်။ စုဟယ်က သူ့ကို လုပ်ပိုင်ခွင့်အချို့ ပေးထားပြီး ဧည့်သည်များထံမှ မှတ်ချက်ကောင်းများ ရရှိရန်အတွက် နံနက်စာကူပွန်များ ဝေငှခိုင်းထားခြင်း ဖြစ်သည်။ ဤဇနီးမောင်နှံမှာ ဝူချန်းကော်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကို မကြည့်လိုက်ရသဖြင့် အထူးလျှော့ဈေးများကို မသိကြပေ။ သူတို့သည် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက် ဘိုကင်တင်ခဲ့ခြင်း ဖြစ်သဖြင့် သူတို့၏ အစီအစဉ်တွင် နံနက်စာ မပါဝင်ပေ။
ဇနီးဖြစ်သူက နံနက်စာကူပွန်ကို လှမ်းယူလိုက်ပြီး ခင်ပွန်းကို ဝေခွဲမရသည့် အမူအရာဖြင့် ကြည့်ကာ ယနေ့ တည်းခိုခန်းမှာပင် နံနက်စာ စားမလားဟု တွေးတောနေသည်။ မူလက သူတို့သည် စန်းကျုံးဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ပြီး သတ်သတ်လွတ် ခေါက်ဆွဲစားရန် စီစဉ်ထားခြင်း ဖြစ်၏။
"မနက်စာ မြည်းကြည့်ရအောင်လေ၊ တကယ်လို့ မကောင်းရင်လည်း နည်းနည်းပဲစားမှာပေါ့"
ခင်ပွန်းဖြစ်သူမှ ဆုံးဖြတ်လိုက်သည်။
ဟဲယဲ့တည်းခိုခန်းကို နောက်တစ်ခါ ဘယ်တော့မှလာတည်းဖြစ်မည်မှန်း မသိသဖြင့် ရရှိထားသည့် အခွင့်အရေးကို ယခုပင်သုံးစွဲလိုက်ခြင်းမှာ ပိုကောင်းမည်ဟု သူထင်သည်။
"ကောင်းပြီလေ၊ ဒါဆို နည်းနည်းပဲ စားကြတာပေါ့၊ သတ်သတ်လွတ် ခေါက်ဆွဲစားဖို့အတွက် ဗိုက်ထဲမှာ နေရာချန်ထားရဦးမယ်"
ဇနီးမောင်နှံနှစ်ဦးသည် စားသောက်ခန်းဆီသို့ လျှောက်သွားကြသည်။ ပြကွက်ဗီရိုအရိပ်ထဲတွင် အတောင်ပံများ တဖျတ်ဖျတ်ခတ်ကာ စိတ်လှုပ်ရှားနေသော ခြေသုံးချောင်းရွှေကျီးကန်းကိုမူ သူတို့ လုံးဝသတိမထားမိကြပေ။ ရှောင်ရှီမင်းကြီးသည် အသံကျယ်ကျယ်ဖြင့် သီချင်းဆိုချင်နေသော်လည်း ဧည့်သည်များကို မခြောက်လှန့်ရန် စုဟယ် မှာကြားထားသည်ကို သတိရသဖြင့် အောင့်အီးလိုက်ရသည်။ ထိုဇနီးမောင်နှံမှ စောင်မှာအိပ်လို့ကောင်းကြောင်း ချီးကျူးလိုက်သောအခါ ၎င်းသည် မှတ်ချက်ကောင်း အမှတ် (၁) မှတ် ရရှိလိုက်ပြီဖြစ်၏။
အစပိုင်းတွင် စုဟယ်မှာ စကားလုံးအပိုများဖြင့် ၎င်းကို လှည့်စားနေသည်ဟု ထင်ခဲ့သော်လည်း ယခုအခါ ရှောင်ရှီမင်းကြီး၏ စုဟယ်အပေါ် အမြင်မှာ များစွာ တိုးတက်လာခဲ့သည်။ စုဟယ် ပြောသည်မှာလည်း မှန်သင့်သလောက် မှန်ပေ၏။ ဖောင်းအိနေသော စောင်များနှင့် သန့်ရှင်းသော အိပ်ရာခင်းများက ဧည့်သည်များကို ပိုမိုပျော်ရွှင်စေသည်မှာ အမှန်ပင်။ ရှောင်ရှီမင်းကြီးသည် ၎င်း၏ အတောင်ပံများကို ခါလိုက်ပြီး စကားဆိုလိုက်သည်။
"တစ်နေ့ကို မှတ်ချက်ကောင်း (၁) မှတ်ပဲ ရမယ်ဆိုရင် ကြယ် (၂) ပွင့် ဖြစ်ဖို့ ရက်ပေါင်း (၁၀၀) တောင် ကြာဦးမှာပဲ၊ မဟုတ်ဘူး ဒါက အရမ်းနှေးလွန်းတယ်၊ ဟင်း ငါဆိုတဲ့ ရှောင်ရှီမင်းကြီးကတော့ အမြန်ဆုံး အဆင့်တက်တဲ့သူ ဖြစ်စေရမယ်"
သူသည် ခေါင်းကို မော့ကာ (၆) ထပ်သို့ ပျံတက်သွားတော့သည်။ ၎င်း အလုပ်လုပ်ရဦးမည်။ မှတ်ချက်ကောင်းများ ရယူရဦးမည်။ ဇနီးမောင်နှံနှစ်ဦး စားသောက်ခန်းသို့ ရောက်သောအခါ အနည်းငယ် နောင်တရသွားကြသည်။
စားသောက်ခန်းမှာ ဟိုတယ်ကြီးများရှိ ဘူဖေးစားသောက်ဆိုင်များနှင့် များစွာ ကွာခြားလှ၏။ ဤနေရာတွင် စားပွဲနှင့် ထိုင်ခုံအချို့ကိုသာ ရိုးရိုးရှင်းရှင်း စီစဉ်ထားပြီး အကျယ်အဝန်းမှာလည်း သိပ်မကြီးလှပေ။ သို့သော် အလွန်ပင် သန့်ရှင်းလှသည်။
စားပွဲရှည်ပေါ်တွင် အိမ်ချက်မုန့်များဖြစ်သော ဘန်းမုန့်၊ ပေါက်စီနှင့် မုန့်လိပ် တို့ကို တင်ထားပြီး ထူးထူးခြားခြား တစ်ခုမျှ မရှိပေ။ ထိုအရာများကို စားနေကျဖြစ်သော ဇနီးဖြစ်သူက သိပ်ပြီး စိတ်မဝင်စားသော်လည်း ရောက်လာပြီဖြစ်၍ အနည်းငယ် မြည်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဆန်ပြုတ် မှ အငွေ့များတထောင်းထောင်း ထွက်နေသည်ကို တွေ့ရသဖြင့် သူမသည် ပန်းကန်လုံးတစ်လုံးယူကာ ဘဲဥဆားငန်နှင့် နုပ်နုပ်စဉ်းအသားဆန်ပြုတ်ကို ခပ်ထည့်လိုက်၏။ ခင်ပွန်းဖြစ်သူမှာ မျက်ခုံးပင့်ကာ မေးလိုက်၏။
"ပန်းကန်လုံး တစ်ဝက်ပဲလား"
ဇနီးဖြစ်သူမှ ခေါင်းငြိမ့်ကာပြောလိုက်သည်။
"အရင် မြည်းကြည့်မလို့ပါ"
ခင်ပွန်းဖြစ်သူသည် ဇနီးဖြစ်သူမှ ဆန်ပြုတ်ကို မှုတ်ပြီး ဇွန်းဖြင့် အနည်းငယ် ခပ်စားသည်ကို ကြည့်ကာ စိတ်မရှည်စွာ မေးနေသည်။
"ဘယ်လိုလဲ၊ ကောင်းရဲ့လား"
ဇနီးဖြစ်သူမှာ စကားများနေသော ခင်ပွန်းကို ပြန်ပြောရန် အချိန်မရှိပေ။ သူမသည် ဘဲဥဆားငန်ဆန်ပြုတ်၏ အရသာကို အသေးစိတ် ခံစားနေသည်။ အငွေ့တထောင်းထောင်း ထွက်နေသော ဤဆန်ပြုတ်ပန်းကန်လုံး တစ်ဝက်ကို ကိုင်ထားစဉ်မှာပင် ဆန်၏မွှေးရနံ့မှာ နွေးထွေးမှုကို ပေးစွမ်း၏။ ဘဲဥဆားငန် အပိုင်းအစလေးများနှင့် နူးညံ့ချောမွေ့သော အသားလွှာလေးများသည် ဆန်ပြုတ်ထဲတွင် ပေါ်လောပေါ်နေပြီး ဇွန်းတစ်ချက်ခပ်လိုက်တိုင်း အံ့သြကျေနပ်မှုကို ပေးစွမ်းသည်။ ဘဲဥဆားငန်မှာ ကျောက်ကျောကဲ့သို့ နူးညံ့သော အနေအထားအထိ ကျက်နေပြီး အသား၏ လတ်ဆတ်သော ရနံ့နှင့် အပြည့်အဝ ပေါင်းစပ်ကာ ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေ၏။
အသားလွှာလေးများမှာ ပါးစပ်ထဲတွင် အရည်ပျော်သွားသကဲ့သို့ နူးညံ့လှပြီး အသာအယာ ကိုက်လိုက်သည်နှင့် အသားရည်များ စိမ့်ထွက်လာသည်။ ဘဲဥဆားငန်၏ ကြွယ်ဝသော အရသာနှင့် အသား၏ နူးညံ့မှုတို့သည် ဆန်ပြုတ်၏ပျစ်ခဲသော အနေအထားနှင့် ပေါင်းစပ်လိုက်သောအခါ ဆန်ပြုတ်တစ်ပန်းကန်လုံးမှာ ပိုမိုမွှေးကြိုင်ကာ အရသာရှိလှ၏။
ဆန်ပြုတ်ဇွန်းတစ်ချက်ချင်းစီမှာ ကြွယ်ဝသော အရသာများဖြင့် ပြည့်နှက်နေပြီး ရေကဲ့သို့ နူးညံ့နွေးထွေးလှသဖြင့် အိမ်၏ နွေးထွေးမှုနှင့် ဂရုစိုက်မှုကို ခံစားရစေသည်။ ဇနီးဖြစ်သူသည် ဆန်ပြုတ်တစ်ဝက်ကို ကုန်အောင်စားပြီးနောက် ထပ်ဖြည့်ရန် ထသွားတော့သည်။ ၎င်းကို မြင်သောအခါ ခင်ပွန်းဖြစ်သူကလည်း ချက်ချင်းပင် ဆန်ပြုတ်တစ်ပန်းကန်လုံး အပြည့် သွားရောက်ခပ်ယူတော့၏။
"ရှူး ရှူး"
ပူပူနွေးနွေး ဆန်ပြုတ်များမှာ သူ၏ ဗိုက်ထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။ ဇနီးမောင်နှံနှစ်ဦးမှာ သတ်သတ်လွတ် ခေါက်ဆွဲအတွက် ဗိုက်ထဲတွင် နေရာချန်ရန် လုံးဝ မေ့လျော့သွားကြ၏။ ဘဲဥဆားငန်ဆန်ပြုတ်ကို သောက်ပြီးနောက် သူတို့သည် ဆန်ပြုတ်ချိုကို ဆက်သောက်ကြပြန်သည်။ အချိုတစ်လှည့်၊ အငန်တစ်လှည့်ဖြင့် တစ်ပန်းကန်ပြီး တစ်ပန်းကန် မနားတမ်း သောက်နေကြတော့သည်။ ဆန်ပြုတ်သောက်ခြင်းကို အရန်ဟင်းလေးတစ်ခွက် သို့မဟုတ် ဘန်းမုန့်လေးတစ်လုံးနှင့် တွဲဖက်လိုက်သောအခါ မူလက သာမန်ဟုထင်ရသော နံနက်စာမှာ ချက်ချင်းပင် အရသာ ထူးကဲသွားတော့၏။
စားသောက်ခန်းသို့ နောက်ထပ် ဧည့်သည်အချို့ ဆက်တိုက်ရောက်ရှိလာကြသည်။ ထိုဇနီးမောင်နှံက ဆန်ပြုတ်ကို အငမ်းမရ သောက်နေသည်ကို မြင်သောအခါ သူတို့လည်း စပ်စုချင်စိတ်ဖြင့် ဆန်ပြုတ်ခပ်သောက်ကြလေ၏။
"ရှူး ရှူး"
"ဂလု ဂလု"
"ဟင်း ကောင်းလိုက်တာ"
စားသောက်ခန်းထဲတွင် ဆန်ပြုတ်သောက်သံများ တစ်သံပြီးတစ်သံထွက်ပေါ်လာတော့သည်။ သူတို့ဗိုက်ပြည့်ပြီး ထပ်မစားနိုင်တော့သည့်အခါမှသာ ဇနီးမောင်နှံနှစ်ဦးမှာ ဗိုက်ကိုပွတ်ရင်း ကျေနပ်အားရစွာဖြင့် ထွက်ခွာသွားကြ၏။ မူလက မြည်းစမ်းရန် စီစဉ်ထားသော သတ်သတ်လွတ် ခေါက်ဆွဲများအကြောင်းကိုမူ လုံးဝ မေ့လျော့သွားခဲ့ကြလေပြီပင်။
56
"ဘယ်လိုလဲ ဆရာဝန်က ဘာပြောလဲ၊ အဖြေက ဘယ်တော့ထွက်မှာလဲ"
ကျိလင် သူမရင်ခွင်ထဲတွင်ကလေးအားပိုက်ထားရင်း ခင်ပွန်းဖြစ်သူကို စိုးရိမ်တကြီးမေးမြန်းလိုက်သည်။ မော်ရင်းဟောင်သည် ငိုယိုနေသောသမီးလေးကို ချော့မြူရင်း စိတ်မကောင်းစွာဖြင့် ဆိုလိုက်၏။
"ဓာတ်မတည့်တဲ့ပစ္စည်း စစ်ဆေးဖို့ သွေးဖောက်စစ်လိုက်ရတယ်၊ သွေးစစ်ချက်အဖြေက ဒီနေ့မထွက်ဘူး၊ မနက်ဖြန်မှ ထွက်မှာ အခုလေးတင် လူကြားထဲကနေ အတင်းတိုးပြီး အထူးကုဆရာဝန်ကို မေးကြည့်တော့ မနက်ဖြန် သူ့ ရက်ချိန်း မရှိဘူးတဲ့၊ ဒါပေမဲ့ အဖြေထွက်လာရင် သူ့ဆီ တိုက်ရိုက်ယူလာခဲ့ပြီး ပြလို့ရတယ်လို့ ပြောတယ်"
ကျိလင်က သူမ၏သမီးလေးကို ကြင်နာစွာ ပွတ်သပ်ရင်း ချော့လိုက်သည်။
"နန်နန် မငိုနဲ့တော့နော်၊ သမီး ဆက်ငိုနေရင် မကြာခင် ပြန်ချောင်းဆိုးလာလိမ့်မယ်"
ကျိလင်သည် သမီးလေးကို ချော့မြူရင်း မော်ရင်းဟောင်ကို အသေးစိတ် ထပ်မေးလိုက်သည်။
"ဘာလို့ ဓာတ်မတည့်ပစ္စည်း သိရအောင် အရေပြားစူးစမ်းစစ်ဆေးချက် မလုပ်တာလဲ"
ဓာတ်မတည့်မှုကို ဖြစ်စေသော အရင်းအမြစ်ကို တိတိကျကျ သိရှိနိုင်ရန် အရေပြားစူးစမ်းစစ်ဆေးချက်ကို ပြုလုပ်နိုင်သည်။ ဓာတ်မတည့်ပစ္စည်းအမျိုးမျိုး၏ အဆီအနှစ်များကို အရေပြားပေါ်သို့ တစ်စက်ချင်း ချပေးပြီးနောက် အပ်ငယ်လေးတစ်ခုကို အသုံးပြုကာ ထိုနေရာရှိ အရေပြားမျက်နှာပြင်ကို အနည်းငယ် စိုက်လိုက်ရ၏။ ထို့နောက် အရေပြားတွင် နီမြန်းခြင်း သို့မဟုတ် ယားယံခြင်းကဲ့သို့သော တုံ့ပြန်မှုများ ရှိ၊ မရှိ စောင့်ကြည့်ရခြင်းဖြစ်သည်။ ထိုစစ်ဆေးချက်အဖြေပေါ် မူတည်၍ လူနာသည် မည်သည့်အရာများနှင့် ဓာတ်မတည့်သည်ကို ဆုံးဖြတ်နိုင်ပြီး သင့်လျော်သော ကုသမှုနှင့် ကာကွယ်မှုများကို ပြုလုပ်ကာ ရောဂါလက္ခဏာများ မဖြစ်အောင် တားဆီးနိုင်သည်။
ကျိလင်ကိုယ်တိုင်လည်း ယခင်က ဓာတ်မတည့်မှုအတွက် ထိုကဲ့သို့ အပ်ဖြင့်စိုက်ကာ စစ်ဆေးခဲ့ဖူးသည်။ မော်ရင်းဟောင်က သမီးလေးကို ပုတ်ကာ ချော့မြူရင်း ပြောလိုက်၏။
"အပ်နဲ့စိုက်ပြီး စစ်တာက ပိုမြန်တာတော့ မှန်တယ်၊ ဒါပေမဲ့ သွေးစစ်တာက ပိုပြီးတော့ အသေးစိတ်ကျသလို နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ ဓာတ်မတည့်မှုတွေကိုပါ သိနိုင်တယ်လို့ ဆရာဝန်က ပြောတယ်၊ အပ်နဲ့စိုက်ပြီး စစ်တာက တစ်ခါတလေ အဖြေအမှားတွေ ထွက်တတ်တယ်လေ"
သမီးဖြစ်သူ၏ အနည်းငယ်စိုစွတ်နေသော နဖူးလေးကို ထိလိုက်ရင်း သူပြောလာသည်။
"ပြီးတော့ အပ်နဲ့ အချက်ပေါင်းများစွာ အထိုးခံရမှာကို မြင်ရင် နန်နန်က ဘယ်သဘောတူပါ့မလဲ"
မိန်းကလေးငယ်လေး၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝိုင်းနေပြီး နီရဲနေသော မျက်တောင်ဖျားများတွင် မျက်ရည်စများ တွဲခိုနေကာ သူမ၏ နှုတ်ခမ်းလေးများမှာလည်း အနည်းငယ် တုန်ရင်နေရှာသည်။ ငိုသံတိတ်သွားပြီးနောက် သူမသည် ရှိုက်ငိုနေရင်း ရုတ်တရက်ဆိုသလို ကြို့ထိုးလာတော့၏။ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသော ကြို့ထိုးသံများမှာ သူမ၏ ပြောမပြနိုင်သော နာကျင်မှုနှင့် မကျေနပ်ချက်များကို ဖော်ပြနေသကဲ့သို့ပင်။ ကြို့ထိုးသံများ တဖြည်းဖြည်း ငြိမ်သက်သွားသော်လည်း ၎င်း၏အစား ခန္ဓာကိုယ်တစ်ခုလုံး ပုံမှန်မဟုတ်ဘဲ နီမြန်းသွားသည်အထိ ပြင်းထန်သော ချောင်းဆိုးသံများ ထွက်ပေါ်လာပြန်သည်။
ကျိလင်က မိန်းကလေးငယ်လေး၏ ကျောပြင်ကို ပွတ်ပေးလိုက်ရာ နီမြန်းနေရုံသာမက အဖုအပိန့်များလည်း အကွက်လိုက် ထွက်နေသည်ကို တွေ့လိုက်ရသဖြင့် ကျိလင်မှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။ သူမ၏ သမီးလေးသည် ထိုကဲ့သို့သော ဒုက္ခမျိုး ဘယ်တုန်းက ခံစားခဲ့ရဖူးလို့လဲ။ နန်နန်သည် ဟိုပြေးဒီလွှားနှင့် အမြဲဆော့ကစားတတ်သည့် ကလေးမလေးဖြစ်ပြီး ရပ်ကွက်ထဲတွင်လည်း ဘုရင်မလေး ဟု တင်စားရလောက်အောင် ထက်မြက်သွက်လက်သူ ဖြစ်သည်။ ကျန်းမာရေးမှာလည်း အလွန်ကောင်းမွန်လှရာ ရာသီတုပ်ကွေးကဲ့သို့သော ရောဂါများပင် သူမကို အနိုင်မယူနိုင်သဖြင့် မိဘများမှာ စိုးရိမ်စရာ မလိုခဲ့ပေ။
လွန်ခဲ့သော အချိန်က မော်ရင်းဟောင်၏ ဖခင် (ကျိလင်၏ ယောက္ခမ) သည် သူကြာရှည်စွာ သိမ်းဆည်းထားသော တန်ဖိုးကြီး ထိုက်ဟူ ပိုးစောင် တစ်ထည်ကို တွေ့ရှိခဲ့သည်၊ သူကိုယ်တိုင်ပင် မသုံးဘဲ နှမြောတသ သိမ်းထားခဲ့ခြင်းဖြစ်သော်လည်း ယခုမူ နန်နန်ကို ပေးရန် ထုတ်ယူလာခဲ့သည်။ နန်နန်မှာလည်း အလွန်သဘောကျသွားပြီး ထိုပိုးစောင်ကို ဝတ်ရုံသဖွယ် ခြုံထားသည့်အပြင် ညဘက်တွင်လည်း ၎င်းနှင့်ပင် အိပ်စက်ခဲ့၏။
ပထမဆုံးနေ့တွင် နန်နန်က သူမတစ်ကိုယ်လုံး ယားယံနေသည်ဟု ပြောသော်လည်း ကျိလင်နှင့် မော်ရင်းဟောင်တို့က ထိုကလေးမလေး ရေကောင်းကောင်းမချိုး၍ ဖြစ်မည်ဟု ထင်ကာ သိပ်ဂရုမစိုက်မိခဲ့ကြပေ။
ဒုတိယနေ့တွင်မူ နန်နန်၏ ခန္ဓာကိုယ်ပေါ်၌ အနီစက် အဖုအပိန့်လေးများ ထွက်ပေါ်လာသည်။ ကျိလင်က နန်နန်ကို ဒေသန္တရဆေးရုံသို့ ခေါ်သွားရာ ဆရာဝန်က ပိုးမွှားကိုက်ခြင်းကြောင့်ဖြစ်သော အရေပြားရောင်ရမ်းမှု ဖြစ်နိုင်သည်ဟု ဆိုကာ လိမ်းဆေးပေးလိုက်၏။ ကျိလင်နှင့် ယောက္ခမဖြစ်သူတို့ကလည်း အိမ်တစ်အိမ်လုံးကို သေသေချာချာ သန့်ရှင်းရေး လုပ်လိုက်ကြသည်။
သို့သော် အခြေအနေမှာ ပိုမကောင်းလာခဲ့ပေ။ နန်နန်သည် မနားတမ်း နှာချေလာပြီး နှာရည်ကြည်များ ထွက်လာကာ ထိန်းမရအောင် ချောင်းဆိုးလာတော့သည်။ ဒေသန္တရဆေးရုံက ဆရာဝန်မှာမူ ထိုအရာကို သိပ်ဂရုမစိုက်ဘဲ ရာသီပေါ်တုပ်ကွေးနှင့် ဓာတ်မတည့်မှု ပေါင်းစပ်ဖြစ်ခြင်းဟု သတ်မှတ်ကာ ချောင်းဆိုးပျောက်ဆေးအချို့သာ ပေးလိုက်၏။
နန်နန်မှာ ဆေးသောက်ပြီးနောက် အနည်းငယ် သက်သာသွားသော်လည်း သုံးရက်အကြာတွင် ပြန်လည် ချောင်းဆိုးလာပြန်သည်။ အသက်ရှူနှုန်း မြန်လာကာ ခန္ဓာကိုယ်ပေါ်တွင် အဖုအပိန့်များ ပိုမိုများပြားလာပြီး ပန်းနာရင်ကျပ် လက္ခဏာများပင် ပြလာတော့သည်။ ဤတစ်ကြိမ် ဒေသန္တရဆေးရုံသို့ သွားသောအခါ ဆရာဝန်က ၎င်းမှာ ဖုန်မှုန့်မှို နှင့် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်ဟု ဆိုကာ ဓာတ်မတည့်ပျောက်ဆေးများ ပေးလိုက်သည်။
တစ်မိသားစုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး စောင်များအားလုံးကို လဲလိုက်သည့်အပြင် ဖုန်မှုန့်မှို သတ်စက်နှင့် လေသန့်စက်ကိုပါ ညတွင်းချင်း ဝယ်ယူလိုက်ကြသော်လည်း နန်နန်၏ ရောဂါလက္ခဏာများမှာ ထပ်ခါတလဲလဲ ဖြစ်နေဆဲပင်။
မိသားစုတစ်ခုလုံး ပင်ပန်းနွမ်းနယ်နေချိန်တွင် ဒေသန္တရဆေးရုံသို့ ထပ်မံရောက်ရှိလာကြသည်။ မော်ရင်းဟောင်၏ ဖခင်မှာ အလွန်နောင်တရနေပြီး သိသိသာသာ ပိန်ကျသွားသော နန်နန်ကိုကြည့်ကာ မိမိကိုယ်ကိုယ် အပြစ်တင်နေရှာ၏။ သူသည် ပိုးစောင်ကို တိတ်တဆိတ် ပြန်ယူကာ မိမိကိုယ်တိုင် ခြုံအိပ်လိုက်သည်။ ဓာတ်မတည့်မှုသည် မိမိဆီသို့ ကူးစက်လာပြီး နန်နန် နေကောင်းသွားပါစေဟူသော မျှော်လင့်ချက်ဖြင့် သူ ကျိန်ဆိုနေရှာသည်။
ယောက္ခမဖြစ်သူ ဤကဲ့သို့ဖြစ်နေသည်ကို မြင်ရသောအခါ ကျိလင်မှာလည်း သူမ၏ စိတ်ထဲမှ မကျေနပ်ချက်နှင့် အပြစ်တင်လိုစိတ်များကို ထုတ်မပြောနိုင်တော့ပေ။ ယခုအချိန်တွင် မည်သူ့ကိုမှ အပြစ်တင်နေ၍ မထူးတော့ဘဲ တစ်မိသားစုလုံး စည်းစည်းလုံးလုံး ရှိရန်သာ လိုအပ်သည်။ ဒေသန္တရဆေးရုံက ဆရာဝန်က အသက်ရှူဆေး ရှူရန်နှင့် ဓာတ်မတည့်မှု ခုခံနိုင်စွမ်းမြှင့်တင်သည့် ထိုးဆေး များ ထိုးရန် အကြံပြုသည်။ ပုံမှန်အားဖြင့် အင်တာနက် သိပ်မသုံးတတ်သော မော်ရင်းဟောင်သည် အွန်လိုင်းပေါ်တွင် အချိန်ကုန်ခံကာ အခြားမိဘများ၏ ဓာတ်မတည့်မှုကုသခြင်းဆိုင်ရာ အတွေ့အကြုံများကို လိုက်လံဖတ်ရှုတော့၏။ ဤထိုးဆေးများကို စတင်ထိုးလိုက်ပါက ရပ်တန့်၍ မရတော့ဘဲ ဆေးများကို ဆက်တိုက်သုံးစွဲသွားရမည်ဖြစ်ရာ ကလေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို သူ သိရှိသွားသည်။
မိသားစုအများအပြားမှာ ထိုကုသမှုကို နှစ်အတော်ကြာ သည်းခံလုပ်ဆောင်ခဲ့သော်လည်း ရလဒ်မထွက်ဘဲ ရောဂါလက္ခဏာများ ပြန်ဖြစ်နေသည်ကိုလည်း သူ တွေ့ရသည်။ ထို့ကြောင့် မော်ရင်းဟောင်မှာ ပို၍ စိုးရိမ်ပူပန်ကာ စိတ်မကောင်း ဖြစ်လာရ၏။ သူတို့မိသားစု၏ ကျန်းမာသွက်လက်သော ဘုရင်မလေး မှာ အဘယ်ကြောင့် ဤမျှ သနားစရာကောင်းသွားရသနည်း။
သေသေချာချာ ရှာဖွေလေ့လာပြီးနောက် မော်ရင်းဟောင်သည် သူ၏သမီးလေးကို ယုံကျန်း မြို့သို့ ခေါ်သွားကာ ကုသရန် ဆုံးဖြတ်လိုက်သည်။
ယုံကျန်း အမျိုးသမီးနှင့် ကလေးဆေးရုံမှာ နာမည်ကောင်းရှိပြီး အထူးသဖြင့် ကလေးကျန်းမာရေးဌာနမှာ အလွန်ကျော်ကြားလှသည်။
မော်ရင်းဟောင်သည် သူ၏ စိုးရိမ်ပူပန်နေသော မိသားစုကို ယုံကျန်းသို့ ခေါ်ဆောင်လာခဲ့၏။
"ကားထဲမှာ ခဏသွားနားရအောင်၊ အဖေနဲ့အမေလည်း စိုးရိမ်နေကြပြီ"
ကျိလင်က ဆေးရုံအတွင်းရှိ ဆူညံပူအိုက်သော လေထုကိုကြည့်ကာ အကြံပြုလိုက်သည်။
မော်ရင်းဟောင်က သမီးလေး စိတ်လက်ပေါ့ပါးသွားစေရန် ကျောလေးကို ပုတ်ပေးရင်း ဆို
သည်။
"ကောင်းပြီ အောက်ကို အရင်ဆင်းကြတာပေါ့"
စစ်ဆေးချက်အဖြေက မထွက်သေးသဖြင့် ဤနေရာတွင် စောင့်နေလည်း မထူးပေ။ သူတို့ ကားပါကင်သို့ ရောက်သည်နှင့် နန်နန်၏ ဘိုးဘိုးနှင့် ဘွားဘွားတို့က အပြေးအလွှား ရောက်လာကြသည်။
"ဘယ်လိုလဲ၊။ ဆရာဝန်က ဘာပြောလဲ"
နန်နန်၏ ဘိုးဘိုးမှာ အလွန်ပင် စိတ်လှုပ်ရှားနေသည်။ မော်ရင်းဟောင်က သမီးလေးကို ကားနောက်ခန်းတွင် သိပ်လိုက်ပြီး ပြောလိုက်၏။
"အဖြေက မနက်ဖြန်မှ ရလဒ် ထွက်မှာ၊ အထူးကုဆရာဝန်ပြောတာတော့ နန်နန်ရဲ့ ဓာတ်မတည့်မှု လက္ခဏာတွေက အရမ်းပြင်းထန်နေပြီတဲ့၊ အချိန်မီ မကုသရင် လေပြွန်ရောင်တာနဲ့ ပန်းနာရင်ကျပ်ရောဂါ ဖြစ်သွားနိုင်တယ်၊ ကုသမှုကလည်း ရေရှည်ဖြစ်မှာမို့လို့ ကြိုတင်ပြင်ဆင်ထားဖို့ ပြောတယ်"
နန်နန်၏ ဘွားဘွားက ပြောလိုက်သည်။
"အဖြေထွက်လာတာကို အရင်စောင့်ကြည့်တာပေါ့။ ရင်းဟောင်၊ မင်း ဟိုတယ်တစ်ခုခုမှာ သွားဘိုကင်တင်လိုက်ဦး၊ ယုံကျန်းမှာ တစ်ရက်လောက် နားလိုက်ကြရအောင်၊ ကလေးအတွက် ခေါက်တုံ့ခေါက်ပြန် သွားနေရတာက ပင်ပန်းလွန်းတယ်"
ကျိလင်ကလည်း ခေါင်းငြိမ့်လိုက်သည်။ သူမသည် ဖုန်းထုတ်ကာ အနီးနားရှိ ဟိုတယ်များကို ရှာဖွေတော့သည်။ ယုံကျန်း အမျိုးသမီးနှင့် ကလေးဆေးရုံမှာ ရှေးကျသော ဆေးရုံဖြစ်ပြီး မြို့ဟောင်းထဲတွင် တည်ရှိ၏။ အနီးနားရှိ တည်းခိုခန်းများမှာလည်း အတော်ပင် အိုဟောင်းနေပြီဖြစ်သည်။ ကျိလင်က အချို့ကို ကြည့်လိုက်သော်လည်း စိတ်တိုင်းမကျလှပေ။
"ဒါလေးရော ဘယ်လိုလဲ။ ဒါက ကြယ်ငါးပွင့်အဆင့်တဲ့"
ကျိလင်သည် အနည်းငယ် ဝေးသော်လည်း ဓာတ်ပုံထဲတွင် သန့်ရှင်းသပ်ရပ်ပုံရသည့် ဟိုတယ်တစ်ခုကို တွေ့လိုက်သည်။ မော်ရင်းဟောင်က အနားတိုးကာ မှတ်ချက်များကို ကြည့်လိုက်ပြီး ဆို၏။
"ကောင်းပြီ၊ အရင်သွားကြည့်ကြတာပေါ့"
အဖွဲ့သားများမှာ စိုးရိမ်စိတ်များဖြင့် ထိုနေရာသို့မောင်းနှင်သွားကြသည်။ ဟိုတယ်သို့ ရောက်သောအခါ မော်ရင်းဟောင်က နန်နန်ကို ပွေ့ချီကာ အခန်းထဲသို့ သွားကြည့်၏။ အခန်းထဲရောက်သည်နှင့် နန်နန်မှာ ကုတင်ပေါ်တွင် ခဏမျှ လှဲနေပြီးနောက် မအီမသာဖြစ်ကာ တွန့်လိမ်လာတော့သည်။ စောင်နှင့် ထိတွေ့မိသော အရေပြားများမှာလည်း ချက်ချင်းပင် နီရဲလာခဲ့သည်။
"သွားရအောင်၊ နောက်တစ်နေရာ ထပ်ရှာကြည့်တာပေါ့"
မော်ရင်းဟောင်က သက်ပြင်းချလိုက်သည်။ ယခုအခါ နန်နန်မှာ လူသားဓာတ်မတည့်မှု တိုင်းတာစက် ကဲ့သို့ ဖြစ်နေပြီ မဟုတ်ပါလား။
အဖွဲ့သားများမှာ နေရာအတော်များများသို့ သွားကြည့်ခဲ့သော်လည်း စိတ်တိုင်းကျ ဟိုတယ်တစ်ခုမျှ မတွေ့ခဲ့ရပေ။ တစ်မိသားစုလုံး ကားမောင်းလှည့်လည်ရင်း နောက်ဆုံးတွင် မြို့ဟောင်းအတွင်းရှိ ဟဲယဲ့တည်းခိုခန်းသို့ ရောက်ရှိလာကြ၏။ ဟဲယဲ့တည်းခိုခန်း၏ အပြင်ဘက် ဆေးသားများ ကွာကျနေသည်ကို မြင်သောအခါ မော်ရင်းဟောင်မှာ သံသယဝင်သွားသည်။
"ဒါက အရမ်းဟောင်းနေတာပဲ မဟုတ်လား၊ နာမည်ကလည်း တည်းခိုခန်း တဲ့၊ ပြီးခဲ့တဲ့ ရာစုနှစ်က ပုံစံမျိုးကြီး၊ အစောက တို့သွားကြည့်ခဲ့တာတွေက ဟိုတယ်အကြီးကြီးတွေလေ"
ကျိလင်က ပြောလိုက်သည်။
"မှတ်ချက်တွေထဲမှာတော့ ဒီနေရာက အတွင်းပိုင်းကို အသစ်ပြန်ပြင်ထားတယ်လို့ ပြောကြတယ်၊ လူအများကြီးကလည်း ကုတင်တွေက အိပ်လို့ အရမ်းကောင်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်လို့ ပြောတယ်လေ၊ အထဲဝင်ကြည့်ရအောင် ကောင်းရင်လည်း ကောင်းမှာပေါ့"
မော်ရင်းဟောင်သည် တွန့်ဆုတ်မနေတော့ဘဲ နန်နန်ကို ချီကာ အထဲသို့ ဝင်သွားတော့သည်။ ဧည့်ကြိုကောင်တာရှိ လီရှီသည် ဧည့်သည်များ ရောက်လာသည်ကို မြင်သောအခါ တက်ကြွစွာဖြင့် နှုတ်ဆက်လိုက်၏။
"ဟဲယဲ့တည်းခိုခန်းက ကြိုဆိုပါတယ်ခင်ဗျာ"
ကျိလင်က ရှေ့မှဦးဆောင်ကာ မေးလိုက်သည်။
"မင်္ဂလာပါ၊ အခန်းကို အရင်ကြည့်လို့ ရမလားဟင်"
လီရှီ၏ အပြုံးမှာ ပျက်မသွားဘဲ အားတက်သရောဖြင့် လမ်းပြလိုက်လေသည်။
"ရတာပေါ့ခင်ဗျာ၊ ကြွပါ ဧည့်သည်တို့ ဒီဘက်ကို ကြွပါ"