အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
59
စုဟယ်သည် ဂုဏ်ယူဝင့်ကြွားစွာနေသော ခြေသုံးချောင်းပါ ရွှေကျီးကန်း ရှောင်ရှီမင်းကြီး ကို နောက်ထပ် အသံမထွက်စေရန် အုပ်မိုးထားလိုက်သည်။ စုဟယ် အနေခက်စွာဖြင့် ရှင်းပြ၏။
"အခြောက်ခံစက်အကြောင်း ပြောနေတာလား၊ ဘာဖြစ်လို့ အခြောက်ခံစက်ကို ကြည့်ချင်ရတာလဲရှင့်"
ကျိလင်သည် အနည်းငယ် အားနာသွားမိသည်။
"အားနာလိုက်တာ သူဌေးမရယ်၊ ဒီတည်းခိုခန်းမှာ တည်းရတာ အရမ်းကို သက်သောင့်သက်သာရှိလွန်းလို့ သိချင်လို့ မေးကြည့်မိတာပါ"
စုဟယ်က မချိပြုံးလေး ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ရှင့်၊ ကျွန်မတို့ တည်းခိုခန်းက ကုတင်တွေက ပြည်ပက တင်သွင်းထားတာပါ၊ စိတ်ပူပင်မှုတွေကို ပြေပျောက်စေတယ်၊ နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်၊ ခန္ဓာကိုယ်ရဲ့ အနှစ်သာရကို ဖြည့်တင်းပေးပြီး အားအင်တွေ ပြည့်ဝစေပါတယ်၊ တည်းခိုသူ တော်တော်များများကလည်း ဒီမှာ အိပ်ပြီးတာနဲ့ ကျွန်မတို့ဆီက ကုတင်တွေကို တိုက်ရိုက် ဝယ်ကြတာတွေတောင် ရှိပါတယ်"
တည်းခိုခန်း၏ ကုတင်များမှာ တကယ်ပင် ကောင်းမွန်လှသည်ကို ကျိလင် သိပါသော်လည်း၊ ယခုအချိန်တွင် သူမ ပို၍ အာရုံစိုက်နေသည်မှာ တည်းခိုခန်း၏ အခြောက်ခံစက် ဖြစ်သည်။
သူမ စကားစရန် ပြင်လိုက်စဉ်မှာပင် စုဟယ်က သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီး ဖုန်းကို ထုတ်ကာ အရေးတကြီး ကိစ္စတစ်ခု ရှိနေသယောင် အကြိမ်အနည်းငယ် နှိပ်လိုက်၏။
လူတစ်ယောက်နှင့် ငှက်တစ်ကောင်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ကျိလင်နှင့် အကွာအဝေးတစ်ခု ခြားလိုက်ကြသည်။ ဘေးကင်းသော အကွာအဝေးသို့ ရောက်သည်နှင့် ရှောင်ရှီမင်းကြီးက ချက်ချင်းပင် မကျေနပ်ကြောင်း ဖော်ပြတော့၏။
"ဘာလို့ စကားလမ်းကြောင်း လွှဲလိုက်တာလဲ"
ဤသည်မှာ သူ၏ အောင်မြင်မှုများကို ဖျောက်ဖျက်ပစ်ခြင်း မဟုတ်ပါလား။ ရှောင်ရှီမင်းကြီး အလွန်ပင် စိတ်မချမ်းမြေ့ ဖြစ်သွားသည်။
စုဟယ်က လေသံကို နှိမ့်ကာ မချိပြုံးဖြင့် ပြန်ပြော၏။
"တစ်ယောက်ယောက်က ကုတင်ကို လိုချင်ရင်တော့ အဲဒီ မော်ဒယ်အတိုင်း သူတို့ကို ဝယ်ခိုင်းလို့ ရတယ်၊ ဒါပေမဲ့ သူတို့က အခြောက်ခံစက်ကို လိုချင်တယ်ဆိုရင်တော့ ရှင့်ကိုပဲ သူတို့ဆီ ပို့ပေးလိုက်ရမှာလား၊ ပထမအချက်အနေနဲ့ ရှောင်ရှီမင်းကြီး မှာ နတ်ဘုရားစွမ်းအား ရှိတယ်ဆိုတာကို ဧည့်သည်က ယုံပါ့မလားဆိုတာ ထားပါဦး၊ ရှင်က ကိုယ်ပွားမှ မရှိတာ၊ ရှင်သာ ထွက်သွားရင် တည်းခိုခန်းက ဘယ်လိုလုပ်မလဲ"
အတောင်ပံများကို ခတ်ရန် ပြင်နေသော ရှောင်ရှီမင်းကြီး မှာလည်း ငြိမ်ကျသွားသည်။ ဝေဖုန်းယီ၊ ဟုန်လျန်တို့နှင့်အတူ အစားအသောက်များ စားသောက်ရင်း ရှောင်ရှီမင်းကြီးသည် ခေတ်သစ်လူ့အဖွဲ့အစည်းအကြောင်း ဗဟုသုတများစွာ ရရှိထားပြီး ဖြစ်၏။ သာမန်လူသားများ ရှေ့တွင် သူတို့၏ ထူးခြားသော စွမ်းရည်များကို လုံးဝ မပြသမိစေရန် သတိထားရမည်ကိုလည်း သူ နားလည်ထားသည်။ မဟုတ်ပါက ကြယ်ပွင့်အဆင့် မြှင့်တင်ရန် ဝေးစွ၊ သူ၏ ရှင်သန်ရပ်တည်မှုပင်လျှင် စိန်ခေါ်ခံရပေလိမ့်မည်။
ရှောင်ရှီမင်းကြီး သည် စိုးရိမ်စိတ်ကြောင့် တုန်လှုပ်သွားသည်။ သူ၏ ကောင်းမွန်သော မှတ်ချက်အမှတ် လေးတွေ ပျံထွက်သွားတော့မှာလား။ သူ၏ စိုးရိမ်စိတ်ကြောင့် အမွှေးအတောင်များမှာ ထောင်ထလာပြီး စုဟယ်၏ မျက်နှာကို နာကျင်စွာ သွားထိုးမိလေသည်။
"အမွှေးအတောင်"
စုဟယ်သည် ထိုအမွှေးအတောင်များကို ကြည့်ရင်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။ သူမက တိုးတိုးလေး မေးလိုက်သည်။
"ရှောင်ရှီမင်းကြီး ၊ ရှင့်ရဲ့ အမွှေးအတောင်တွေမှာ ထူးခြားတဲ့ အစွမ်းတွေရှိလား"
ရှောင်ရှီမင်ကြီးက သူမ၏ အမူအရာကို အတုခိုးကာ စုဟယ်၏ နားနားသို့ တိုးကပ်ပြီး ပြောလိုက်သည်။
"ငါ့ရဲ့ အမွှေးအတောင်တွေထဲမှာ ငါ့ရဲ့ နေနတ်ဘုရား စွမ်းအားတွေ ကိန်းအောင်းနေတာဆိုတော့ အကျိုးသက်ရောက်မှု အချို့တော့ ရှိတာပေါ့"
စုဟယ် ခေတ္တ စဉ်းစားလိုက်သည်။
သူမ ဟန်ဆောင်ကိုင်ထားသော ဖုန်းကို ပိတ်လိုက်ပြီး ကျိလင်ရှိရာသို့ ပြန်လျှောက်လာခဲ့၏။
"သူဌေးမလေး၊ ကျွန်မက ဒီတည်းခိုခန်းက စောင်တွေရဲ့ နူးညံ့အိစက်တဲ့ ခံစားချက်ကို တကယ် သဘောကျလို့ပါ၊ ဒါကြောင့် ဒီတည်းခိုခန်းမှာ သုံးတဲ့ အခြောက်ခံစက် မော်ဒယ်အတိုင်း ဝယ်လို့ရမလားဆိုတာ သိချင်လို့ပါ"
ကျိလင်က သူမ၏ ရည်ရွယ်ချက်ကို ပြောပြသည်။ ရှောင်ရှီမင်းကြီး ၏ အတည်ပြုချက် ရသွားပြီ ဖြစ်သဖြင့် စုဟယ်မှာ ပို၍ ယုံကြည်မှု ရှိလာ၏။
"ဒီလိုလုပ်ပါလား၊ ဧည့်သည်ကို ကျွန်မတို့ တည်းခိုခန်းရဲ့ အခြောက်ခံစက်ကို အရင်ဆုံး အပေါ်ထပ်မှာ သွားပြပေးမယ်လေ"
ကျိလင်က ဝမ်းသာအားရ သဘောတူလိုက်သည်။
လူနှစ်ယောက်နှင့် ငှက်တစ်ကောင်သည် (၆) ထပ်သို့ တက်လာခဲ့ကြသည်။ အဝတ်လျှော်ခန်း ဝရန်တာ ဘေးရှိ နံရံတွင် အဝတ်လျှော်စက် အချို့သည် အလုပ်များစွာ လုပ်ဆောင်နေကြ၏။
ဒေါင့်တွင်ရှိသော အခြောက်ခံစက်မှာ တည်းခိုခန်းနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့သည်မှာ ထင်ရှားသည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ အတော်ပင် ဟောင်းနွမ်းနေပြီး မျက်နှာပြင်ပေါ်တွင် အစင်းရာလေးများနှင့် ပွန်းပဲ့ရာများ ရှိနေ၏။ တစ်ချိန်က အဖြူရောင်ဖြစ်ခဲ့သော ကိုယ်ထည်မှာ ဝါကျင်ကျင် ဖြစ်နေပြီး ခလုတ်ပေါ်ရှိ စာသားများမှာလည်း အနည်းငယ် ဝါးနေပြီဖြစ်သည်။ ၎င်း၏ အသွင်အပြင်အရ ထိုအခြောက်ခံစက်သည် တည်းခိုခန်း၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်တိုင်းကို မျက်မြင်တွေ့ရှိခဲ့သည်မှာ သေချာသည်။
ထိုအခြောက်ခံစက်မှာ သာမန်အိမ်သုံး အခြောက်ခံစက်ထက် တစ်ဆိုဒ် ပိုကြီးသည်။ ၎င်း၏ ကြီးမားလှသော အရွယ်အစားက အားကိုးထိုက်ပုံ ရ၏။
ကျိလင်သည် စပ်စုသောစိတ်ဖြင့် အနားသို့ တိုးကြည့်လိုက်သည်။ အခြောက်ခံစက်၏ တံဆိပ်မှာ နာမည်ကြီး တံဆိပ်တစ်ခု ဖြစ်သော်လည်း ထိုမော်ဒယ်မျိုးကို သူမ တစ်ခါမှ မမြင်ဖူးပေ။ သူမ အထဲကို ဖွင့်ကြည့်လိုက်ရာ အတွင်းဘက်ရှိ သတ္တုမှာ အချိန်ကာလ၏ အမှတ်အသားများကြောင့် ပြောင်လက်နေသည်။ သတ္တုနံရံများပေါ်တွင် အစင်းရာများ ပြည့်နှက်နေခြင်းဖြင့် ဤအခြောက်ခံစက်ကို ကြာမြင့်စွာ အသုံးပြုထားကြောင်း ပြသနေ၏။ အတွင်းဘက်တွင် အဝတ်အထည်များမှ ကျန်ရစ်သော အမွှေးအမျှင်လုံးလေး အချို့ကို တွေ့နိုင်သေးပြီး ၎င်းမှာ အခြောက်ခံစက်ကို အသုံးပြုပြီးတိုင်း ကျန်ရစ်ခဲ့သော အစအနများ ဖြစ်သည်။ အခြောက်ခံစက်တွင် ကြီးမားသော လေဝင်လေထွက်ပေါက်နှင့် လေဖိစက် တစ်ခု ပါရှိသဖြင့် အဝတ်အထည် အကြီးစားများကိုပင် အခြောက်ခံနိုင်၏။
ကျိလင်သည် ဤအခြောက်ခံစက်ကြီးကို ထိတွေ့ကြည့်ရင်း၊ တကယ်လို့ သူမက အလားတူတစ်ခု ဝယ်လိုက်မည်ဆိုလျှင် ဘယ်နေရာမှာ ထားရမလဲဟု တွေးနေမိသည်။ ဤမျှ ကြီးမားလှသော အရွယ်အစားနှင့်ဆိုလျှင် တိုက်ခန်း၏ ဓာတ်လှေကားထဲသို့ပင် သွင်းရန် ခဲယဉ်းပေလိမ့်မည်။
စုဟယ်က ရှေ့သို့ တိုးလာပြီး ရှင်းပြသည်။
"အစ်မကျိလင်၊ ကျွန်မတို့က ဒီအခြောက်ခံစက်ကို စက်ရုံတစ်ခုကနေ ဝယ်ထားတာပါ၊ သာမန်မိသားစုတစ်ခုအတွက် ဒီလောက်ကြီးတဲ့ ပမာဏက မလိုအပ်သလို၊ အခြောက်ခံစက်တွေကလည်း နည်းပညာ အပြောင်းအလဲ အရမ်းမြန်ပါတယ်၊ အခုဆိုရင် တံဆိပ်တွေက ဒီထက်ပိုပြီး ခေတ်မီတဲ့ အခြောက်ခံစက်တွေကို ထုတ်နေမှာ သေချာပါတယ်"
ကျိလင်က သံသယဝင်နေသည်။ သူမ၏ အဝတ်လျှော် အခြောက်ခံစက်တွဲမှာ ငွေအများကြီး ပေးထားရသော်လည်း၊ ဘာဖြစ်လို့ ဒီတည်းခိုခန်းကလောက် စက်လောက်မကောင်းရတာလဲ။
စုဟယ်သည် သူမ ပြင်ဆင်ထားသော စကားများကို ပြောချလိုက်၏။
"ကျွန်မတို့ တည်းခိုခန်းက အိပ်ရာခင်းတွေနဲ့ စောင်တွေ ဒီလောက် အိစက်နေရတဲ့ အကြောင်းရင်းကတော့ ခေတ်မီဆန်းသစ်တဲ့ နည်းပညာ အချို့ကို သုံးထားလို့ပါ"
ကျိလင်၏ စိတ်ထဲတွင် ယခုအချိန်၌ သူမ၏ သမီးလေးအကြောင်းသာ ပြည့်နှက်နေသဖြင့် စုဟယ်၏ လေသံမှာ အွန်လိုင်း အရောင်းဝန်ထမ်းတစ်ဦး၏ လေသံနှင့် ထပ်တူကျနေသည်ကို သတိမထားမိပေ။
"ကျွန်မတို့ တည်းခိုခန်းက ကုတင်ပေါ်မှာ အိပ်တဲ့အခါ နွေးထွေးပြီး သက်သောင့်သက်သာ ရှိရုံတင်မကဘဲ တိမ်တိုက်တွေပေါ်မှာ အိပ်နေရသလို အိစက်ညက်ညောတဲ့ ခံစားချက်ကိုပါ ရတယ် မဟုတ်လား"
စုဟယ်က သွေးဆောင်ဖြားယောင်းကာ ပြောလိုက်သည်။ ကျိလင်သည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ ခေါင်းငြိမ့်ပြလိုက်၏။
"အဲဒါက ကျွန်မတို့က နေရောင်ခြည် သံလိုက်ကျောက် တွေကို သုံးထားလို့ပါရှင့်၊ ဒီနေရောင်ခြည် သံလိုက်ကျောက်တွေက နေရောင်ခြည်ရဲ့ ဖြာထွက်စွမ်းအင်ကို အသုံးချနိုင်ပြီး ခရမ်းလွန်ရောင်ခြည်နဲ့ ပိုးသတ်ပေးတဲ့ လုပ်ဆောင်ချက် ပါဝင်ပါတယ်၊ ဒါက ဧည့်သည်ရဲ့ စောင်တွေကို နွေးထွေးအိစက်စေသလို ဖုန်မှုန့်မှိုတွေကိုလည်း ရှင်းလင်းပေးနိုင်ပါတယ်၊ စဉ်းစားကြည့်လိုက်လေ ဧည့်သည်တို့အိမ်က စောင်တွေဟာ ဖုန်မှုန့်မှိုတွေပေါက်ဖွားရာနေရာမဟုတ်တော့ဘဲ လတ်ဆတ်ပြီး ပိုးမွှားကင်းစင်တဲ့ နိဗ္ဗာန်ဘုံလေးဖြစ်သွားမှာ၊ ပြီးတော့ စောင်တွေကို နေ့တိုင်းလျှော်ပြီး အခြောက်လှန်းနေဖို့လည်း မလိုတော့ဘူး၊ အဲဒီအစား နေရောင်ခြည် သံလိုက်ကျောက်ကို စောင်ထဲမှာဖြစ်ဖြစ်၊ အဝတ်ဘီရိုထဲမှာဖြစ်ဖြစ် ထည့်ထားလိုက်ရုံပါပဲ၊ သံလိုက်ကျောက်ရဲ့ စွမ်းအင်ကို အသုံးချနိုင်တာမို့လို့ အရမ်းလွယ်ကူပြီး မြန်ဆန်ပါတယ်"
စုဟယ်က မျက်တောင်မခတ်တမ်း လိမ်ညာလိုက်လေသည်။ ကျိလင်မှာ တစ်ဝက်တစ်ပျက် ယုံကြည်သွား၏။
"ဒီသံလိုက်ကျောက်တွေက သံလိုက်စက်ကွင်းကို ထုတ်ပေးနိုင်တာမို့လို့ လူသားတွေရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်၊ နာကျင်ကိုက်ခဲတာတွေကို သက်သာစေတယ်၊ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတယ်၊ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို အားကောင်းစေပြီး ဖျားနာနိုင်ခြေကို လျော့နည်းစေတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်၊
သံလိုက်ကျောက်တွေက သံလိုက်စက်ကွင်းကို အဆက်မပြတ် ထုတ်ပေးနေမှာမို့လို့ ခန္ဓာကိုယ်ကို ပိုပြီး ကျန်းမာစေပါတယ်"
စုဟယ်၏ ရှင်းပြချက်မှာ ပိုပိုပြီး စိတ်ကူးယဉ်ဆန်လာတော့သည်။ ကျိလင်သည် နားထောင်ရင်း အနည်းငယ် မူးနောက်နောက်ပင် ဖြစ်သွား၏။
တကယ်လို့ ဒီသံလိုက်ကျောက်က ဒီလောက်တောင် လုပ်ဆောင်ချက်တွေ များနေတယ်ဆိုရင် အတော်လေး ဈေးကြီးမှာ မဟုတ်လား။ သူမက သတိထားပြီး မေးလိုက်သည်။
"ဒါဆိုရင် ဒီသံလိုက်ကျောက်က ဘယ်လောက် ပေးရမလဲဟင်"
ကျိလင်သည် ထိုကဲ့သို့သော သံလိုက်ကျောက်မျိုးကို ဝယ်ရန် ယွမ် (၁၀,၀၀၀) မဟုတ်ဘူး၊ ယွမ် (၃၀,၀၀၀) အထိ ပေးရန် ပြင်ဆင်ထားသည်။
နန်နန်သည် တည်းခိုခန်းမှာ တည်းနေစဉ်အတွင်း တကယ်ပင် ဓာတ်မတည့်မှု ဘာမှမဖြစ်ခဲ့သဖြင့်၊ ၎င်းက အကူအညီဖြစ်နိုင်မည်ဆိုလျှင် သူမအနေဖြင့် မည်သည့်ဈေးနှုန်းကိုမဆို ပေးရန် ဆန္ဒရှိ၏။
စုဟယ်က အလေးအနက် ပြောလိုက်သည်။
"ဘာမှ ပေးစရာ မလိုပါဘူးရှင့်"
ကျိလင်သည် ၎င်းမှာ အလကားဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဟဲယဲ့တည်းခိုခန်းက ပရဟိတ လုပ်နေတာလား။
"တကယ်ပဲ ဘာမှ ပေးစရာ မလိုတာလား"
သူမအနေဖြင့် အခြား လျှို့ဝှက်ကောက်ခံမည့် စရိတ်များ ရှိနေမည်ကို စိုးရိမ်မိသည်။
စုဟယ်က ဆိုသည်။
"အစ်မတို့ မိသားစုအနေနဲ့ လုပ်ပေးရမှာက ကျွန်မတို့ တည်းခိုခန်းအတွက် ကောင်းမွန်တဲ့ မှတ်ချက် လေး တစ်ခု ပေးလိုက်ရုံပါပဲ"
သူမသည် ရှောင်ရှီမင်းကြီး၏ အမွှေးအတောင်များကို ငွေရှာသည့် ကိရိယာတစ်ခု မဖြစ်စေချင်ပေ။ အမွှေးအတောင်များသည် ရှောင်ရှီမင်းကြီး နှင့် ဆိုင်သည်။ သူသည် ငွေကို မလိုလားဘဲ ကောင်းမွန်သော မှတ်ချက်အမှတ်များကိုသာ လိုလား၏။ စုဟယ်သည် သူမ၏ ဝန်ထမ်း ကို ငွေအတွက် ရောင်းစားရန် ရည်ရွယ်ချက် မရှိပေ။
တည်းခိုခန်း ဖွံ့ဖြိုးတိုးတက်ရန် ငွေအမြောက်အမြားလိုအပ်သည်မှာ မှန်သော်လည်း၊ ငွေထက် ပို၍ အရေးကြီးသည်မှာ ထိုကတ်ပြားထဲမှ ဇာတ်ကောင်များ၏ ခံစားချက်ပင် ဖြစ်၏။
ဝေဖုန်းယီ၊ ဟုန်လျန်နှင့် ရှောင်ရှီမင်းကြီးတို့ နှင့်အတူ အချိန်ဖြုန်းခဲ့ပြီးနောက် စုဟယ်သည် သူတို့ကို တည်းခိုခန်း၏ မိတ်ဖက်များနှင့် ဝန်ထမ်းများအဖြစ် ရှုမြင်လာခဲ့ပြီး၊ သူတို့၏ ပန်းတိုင်များကို စောစီးစွာ အောင်မြင်စေချင်သည်။ ရှောင်ရှီမင်းကြီး မှာလည်း အနည်းငယ် အံ့သြသွား၏။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ရှင်သန်ဖွံ့ဖြိုးရန် ငွေလိုအပ်သည်ကို သူသိပါသော်လည်း၊ စုဟယ်က ငွေမကောက်ခံဘဲ နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျိလင်၏ နေရောင်ခြည် သံလိုက်ကျောက်အပေါ် သံသယများမှာ လုံးဝကို လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။ ငွေကုန်ကြေးကျမရှိဘဲ အလကားရနိုင်သည့် အရာတစ်ခုကို ဘာကြောင့် သံသယဝင်နေတော့မည်နည်း။ သူမ၏ မျက်နှာတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေလေတော့သည်။
60
နေရောင်ခြည် သံလိုက်ကျောက်ဆိုသည်မှာ စုဟယ်ကိုယ်တိုင် ဖန်တီး ထားခြင်းပင် ဖြစ်သည်။ သူမသည် သူမ၏ စားပွဲတင်ခုံကို ဟိုဟိုဒီဒီ မွှေနှောက်ရှာဖွေလိုက်ရာ ရှေးဟောင်းပုံစံ ကျောက်စိမ်း ပုတီးစေ့တစ်စေ့ကို တွေ့ရှိသွား၏။ သူမ၏ စားပွဲဆွဲအိတ်ထဲတွင် ထိုကဲ့သို့သော ကျောက်စိမ်းပုတီးစေ့များ အမြောက်အမြား ရှိနေသည်။ သူမ ငယ်ငယ်က အလှအပကြိုက်တတ်သဖြင့် ကျောင်းပေါက်ဝတွင် ထိုပုတီးစေ့များကို ဝယ်ယူခဲ့ဖူးသည်။ အစိမ်းရောင်အပြင် အနီရောင်နှင့် အဝါရောင်များလည်း ရှိသေး၏။ စုဟယ်သည် ထိုစဉ်က ခေတ်စားနေသော ပုတီးသီသည့်အလုပ်ကို အားတက်သရော လုပ်ကိုင်ခဲ့ဖူးသဖြင့် ပုံစံမျိုးစုံ၊ အရောင်စုံသော ပုတီးစေ့များကို စုဆောင်းမိခဲ့ခြင်းဖြစ်သည်။
မှန်ပါသည်၊ ထိုပုတီးစေ့များသည် စစ်မှန်သော ကျောက်စိမ်း များ မဟုတ်ကြပေ။ အချို့မှာ သလင်းကျောက် သို့မဟုတ် စကျင်ကျောက်ဖြင့် ပြုလုပ်ထားပြီး၊ အချို့မှာ ပလတ်စတစ် သို့မဟုတ် ကော်စေ့ များပင် ဖြစ်သည်။ တန်ဖိုးရှိ၍ထက် လှပ၍သာ အဓိကထား ဝယ်ယူခဲ့ခြင်း ဖြစ်၏။
စုဟယ်သည် အစိမ်းရောင် ကျောက်စိမ်း ပုတီးစေ့တစ်စေ့ကို ရွေးချယ်လိုက်ပြီး တစ်ရှူးဖြင့် သေသေချာချာ သုတ်လိုက်သည်။
"ရှောင်ရှီမင်းကြီး ရှင့်ရဲ့ အမွှေးတစ်ပင်လောက် ပေးပါဦး"
စုဟယ်က သူမ၏ လက်ဝါးကို ဖြန့်ကာ တောင်းဆိုလိုက်သည်။ သူမသည် ရှောင်ရှီမင်းကြီးကို အသေအချာ စိုက်ကြည့်နေမိ၏။ သူက သူ့ခန္ဓာကိုယ်ပေါ်မှ အမွှေးအတောင်ကို ဆွဲနှုတ်ပေးလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။ ရှောင်ရှီမင်းကြီးသည် စုဟယ်၏ အကြည့်ကို ရှောင်ရှားရင်း အဝတ်ဘီရိုပေါ်သို့ ပျံတက်သွားသည်။ သူက ဒေါင့်တစ်ခုတွင် ဟိုဟိုဒီဒီ မွှေနှောက်ရှာဖွေနေပြီးနောက်၊ သူ၏ ပထမဆုံး ကောင်းမွန်သော မှတ်ချက် ကို ရရှိခဲ့စဉ်က ကျွတ်ကျခဲ့သော အမွှေးအတောင်ကို ရှာတွေ့သွား၏။ သူက ထိုအမွှေးကို ပါးစပ်ဖြင့် ကိုကါထားပြီး အောက်သို့ ပျံဆင်းရန် ပြင်လိုက်စဉ် စုဟယ်က ကုလားထိုင်ပေါ် တက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်ရှီမင်းကြီးမှာ လန့်သွားသဖြင့် သူ၏ ခြေလှမ်းများပင် အနည်းငယ် ယိုင်ထွက်သွားသည်။
စုဟယ်က အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်၏။
"ဩော် ရှောင်ရှီမင်းကြီးက အမွှေးတွေကို အဝတ်ဘီရိုပေါ်မှာ ဝှက်ထားတာကိုး"
ရှောင်ရှီမင်းကြီး တည်းခိုခန်းသို့ ရောက်လာပြီးနောက် စုဟယ်သည် ကျီးကန်းမျိုးနွယ်ဝင် ငှက်များအကြောင်းကို အင်တာနက်တွင် အထူးတလည် လေ့လာခဲ့ဖူးသည်။ ကျီးကန်းမျိုးနွယ်ဝင်များသည် အသိုက်ဆောက်ရာတွင် သစ်ခက်များ၊ မြက်ခြောက်များ၊ တိရစ္ဆာန်အမွှေးများနှင့် ငှက်မွှေးများကို အသုံးပြုတတ်ကြသည်။ သူမသည် ခြေဖျားလေးထောက်၍ လည်ပင်းကိုဆန့်ကြည့်လိုက်ရာ၊ ဘီရိုဒေါင့်တွင် တောက်တောက်ပပ အရာဝတ္ထုအချို့ကို တွေ့လိုက်ရ၏။ အနီးကပ် ကြည့်လိုက်သောအခါ သူမ၏ဇာကွန်နီယမ် နားကပ်လေးများနှင့် ကျိုးနေသော စိန်ဆံထိုးလေးဖြစ်နေသည်။
ရှောင်ရှီမင်းကြီးသည် သူ့တတိယမြောက်ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး စုဟယ်ကို ပြင်းပြင်းထန်ထန် တစ်ချက် ဆိတ်လိုက်လေသည်။ စုဟယ်သည် ခြေသည်းရာများ ကျန်ရစ်သော သူမမျက်နှာကိုအုပ်ကာ ကုလားထိုင်ပေါ်မှ တိတ်တဆိတ် ဆင်းလာခဲ့၏။ သူမသာ ဆက်ပြောနေမည်ဆိုလျှင် ရှက်စိတ်နှင့် ဒေါသထွက်နေသော ရှောင်ရှီမင်းကြီးမှာ ကျိန်းသေပေါက်ကွဲတော့မည်ကို သူမ သိနေသည်။ ရှောင်ရှီမင်းကြီးသည် ကျော့ရှင်းစွာဖြင့် ဝဲပျံဆင်းလာပြီး အမွှေးအတောင်ကို စားပွဲပေါ်သို့ တင်ပေးလိုက်၏။ ထိုအမွှေးအတောင်မှာ အလွန်ပင် ခိုင်ခံ့လှပြီး အမွှေးအမျှင်လေးတိုင်းမှာ နဂိုအတိုင်း ရှိနေကာ အနားသတ်များတွင် အနီရောင်ဖျော့ဖျော့လေး တောက်ပနေသည်။ အလင်းနှင့် ယှဉ်ကြည့်လိုက်သောအခါ ထိုအနီရောင်ထဲတွင် ရွှေရောင်အလင်းတန်းလေးများပါ ဖြာထွက်နေသည်။
စုဟယ်က သူမ၏ လက်ဖြင့် အသာအယာ ထိတွေ့ကြည့်လိုက်ရာ နွေးထွေးသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ရှောင်ရှီမင်းကြီး၏ ဂရုမစိုက်ဟန်ကို ကြည့်ခြင်းအားဖြင့် ဤအမွှေးအတောင် ကျွတ်ခြင်းမှာ လူသားများ ဆံပင်ကျွတ်သကဲ့သို့ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်လိမ့်မည်ဟု စုဟယ်က ခန့်မှန်းလိုက်၏။ သူမသည် ထိုအမွှေးအတောင်နှင့် ကျောက်စိမ်းပုတီးစေ့ကို စန်းကျုံးဘုရားကျောင်းမှ ရရှိထားသော ပိုးအိတ်အိတ်လေးထဲသို့ ထည့်လိုက်သည်။ ထို့နောက် အိတ်အရောင်နှင့် ဆင်တူသော အပ်ချည်ကြိုးဖြင့် အိတ်ဝကို လုံအောင် ချုပ်လိုက်၏။
စန်းကျုံးဘုရားကျောင်းမှ ပိုးအိတ်လေးများပေါ်တွင် ဘေးကင်းချမ်းသာ ဟူသော ဆုတောင်းစာလုံးများကို ထိုးထားသည်။ လူအတော်များများမှာ ဘုရားကျောင်း၊ ကန်ကျောင်းများကို ရိုသေကိုင်းရှိုင်းကြသဖြင့် ဤကဲ့သို့သော အိတ်မျိုးကို လွယ်လွယ်နှင့် ဖွင့်ကြည့်လေ့ မရှိကြပေ။
တကယ်လို့ တစ်ယောက်ယောက်က ဖွင့်ကြည့်ခဲ့လျှင်တောင် စုဟယ်အနေဖြင့် အတွင်းမှ ကျောက်စိမ်းပုတီးစေ့ကို လက်ညှိုးထိုးပြကာ ၎င်းမှာ နေရောင်ခြည် သံလိုက်ကျောက် ဖြစ်ကြောင်း ပြောနိုင်ပါသည်။ ကျောက်စိမ်းအစစ်ဖြစ်စေ၊ အတုဖြစ်စေ အရာဝတ္ထုတိုင်းတွင် ကိုယ်ပိုင်စွမ်းအင်နှင့် သံလိုက်စက်ကွင်း ရှိသည်မဟုတ်ပါလား။
စုဟယ်သည် ရှောင်ရှီမင်းကြီးကို ခေါ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက် အထုပ်အပိုးများ ပြင်ဆင်ပြီးသွားသော ကျိလင်၏ မိသားစုဝင်များကို တွေ့လိုက်ရ၏။
နန်နန်မှာမူ ဦးထုပ်ဆောင်း၊ နှာခေါင်းစည်း တပ်ကာ အပြည့်အစုံ ပြင်ဆင်ထားသည်။ သူမ၏ လက်ကလေးဖြင့် ဦးထုပ်ကို ဆွဲချွတ်ရန် ကြိုးစားသော်လည်း အကြိမ်တိုင်းတွင် သူမ၏ အဖေက မြဲမြဲဖိထားလိုက်သည်။ နန်နန်က နှုတ်ခမ်းလေးစူလိုက်ပြီးနောက် စုဟယ်၏ ပခုံးပေါ်မှ ရှောင်ရှီမင်းကြီးထံသို့ အကြည့်ပြောင်းလိုက်၏။ သူမ၏ မျက်ဝန်းလေးများမှာ ရှောင်ရှီမင်းကြီးကို စိုက်ကြည့်ရင်း အရောင်များ တောက်ဖြာနေသည်။
မော်ရင်းဟောင်မှာ သမီးဖြစ်သူ၏ ဤကဲ့သို့သော အမူအရာကို မြင်ရသည်နှင့် ခေါင်းကိုက်သွားတော့သည်။ ထင်သည့်အတိုင်းပင် နန်နန်သည် သူ့အင်္ကျီလက်ကို ဆွဲကာ ရှောင်ရှီမင်းကြီးကို သဘောကျကြောင်း တဂျီဂျီ လုပ်နေတော့သည်။
ကျိလင်သည် သမီးဖြစ်သူ၏ အကြည့်ကို မြင်သောအခါ နန်နန်၏ အမြင်ကို ကာကွယ်ရန် ရှေ့သို့ အမြန် ထွက်လိုက်၏။ မော်ရင်းဟောင်ကလည်း ချက်ချင်းပင် ရိပ်မိသွားပြီး ဘေးသို့ တစ်လှမ်းတိုးကာ သမီးဖြစ်သူ၏ အမြင်အာရုံကို ပိတ်ဆို့လိုက်သည်။ သူတို့ ဇနီးမောင်နှံသည် ရေခဲမုန့်ဆိုင်များကို မြင်ရသည့်အခါတိုင်း ဤလှည့်ကွက်ကို အသုံးပြုလေ့ရှိကြ၏။ စုဟယ်သည် ရှောင်ရှီမင်းကြီး၏ အမွှေးအတောင်နှင့် ကျောက်စိမ်း ပုတီးစေ့ ပါဝင်သော ပိုးအိတ်လေးကို ကျိလင်ထံသို့ ကမ်းပေးလိုက်သည်။
"ညအိပ်ခါနီးရင် ဒီသံလိုက်ကျောက်ကို အိပ်ရာထဲမှာ ထည့်ထားလိုက်ပါ၊ မနက်နိုးရင်တော့ ပြန်ထုတ်ထားလိုက်ပေါ့၊ အပူချိန်နည်းတဲ့ လောင်ကျွမ်းမှုမျိုးမဖြစ်အောင် အရေပြားနဲ့ တိုက်ရိုက်မထိတာ အကောင်းဆုံးပါပဲ၊ တကယ်လို့ ဒီနေရောင်ခြည် သံလိုက်ကျောက်က စွမ်းအင်ကုန်သွားပြီလို့ ခံစားရရင်တော့ ဆိုင်ကို ပြန်လာပြီး အားပြန်ဖြည့် လို့ ရပါတယ်"
ပိုးအိတ်လေးပေါ်တွင် ထိုးထားသော ဘေးကင်းချမ်းသာ ဟူသော စာလုံးကို ကြည့်ကာ ကျိလင်မှာ အတော်ပင် စိတ်လှုပ်ရှားသွားရသည်။
သူမ၏ မိသားစုသည် အွန်လိုင်းမှ အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင် ကို မှာယူထားပြီးဖြစ်ကြောင်းကိုမူ သူမ ထုတ်မပြောတော့ပေ။
အချို့သော အရာများသည် ရင်ထဲတွင်သာ သိမ်းဆည်းထားခြင်းက ပို၍ ကောင်းမွန်ပါသည်။ ထုတ်ပြောလိုက်လျှင် ထိုအရာ၏ အနှစ်သာရမှာ ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်၏။ကျေးဇူးတင်စကား ပြောကြားပြီးနောက် ကျိလင်နှင့် သူမ၏ မိသားစုသည် အခန်းအပ်ကာ တည်းခိုခန်းမှ ထွက်ခွာသွားကြသည်။ ကားပေါ်သို့ ရောက်သည်နှင့် မော်ရင်းဟောင်က သူ၏ သံသယကို ထုတ်ဖော်တော့၏။ သူ၏ ဇနီးဖြစ်သူမှာ အလားတူ အခြောက်ခံစက်မျိုးကို မဝယ်ဘဲ နေရောင်ခြည် သံလိုက်ကျောက်ကို ယူလာခြင်းမှာ မည်သို့ကြည့်ကြည့် မသင်္ကာစရာ ဖြစ်နေသည်။
"မိန်းမ၊ မင်း လိမ်ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်"
မော်ရင်းဟောင်က မမေးဘဲ မနေနိုင်တော့ပေ။
ကျိလင်က ပိုးအိတ်လေးကို မော်ရင်းဟောင်ထံ ကမ်းပေးလိုက်၏။
"စမ်းကြည့်လိုက်ပါဦး၊ ဒီသံလိုက်ကျောက်က တကယ်ကို နွေးနေတာ၊ သူဌေးမက ပိုက်ဆံတောင် မယူဘူး၊ ဘာလိမ်စရာ ရှိမှာလဲ"
မော်ရင်းဟောင် လက်မလှမ်းမီမှာပင် နှာခေါင်းစည်း တပ်ထားသော နန်နန်က အမြန်ပင် လှမ်းထိကြည့်လိုက်သည်။
"တကယ်ကြီး နွေးနေတာပဲ"
"အတွင်းထဲမှာ လက်နွေးအိတ် ထည့်ထားတာလား၊ ပိုင်ရှင်က နောက်တစ်ခါ အားပြန်ဖြည့်ဖို့ လာခဲ့ဦးလို့ ပြောတယ်မလား၊ အဲဒီ အားဖြည့်တဲ့ ဝန်ဆောင်မှုကနေ ပိုက်ဆံရှာမှာလည်း ဖြစ်နိုင်တာပဲ"
မော်ရင်းဟောင်မှာ သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်ကို လေ့လာထားသူဖြစ်ရာ အလွယ်တကူ မယုံကြည်နိုင်သေးပေ။
နန်နန်၏ အဘွားကမူ အလွန်ပင် ယုံကြည်နေ၏။
ပိုးအိတ်ပေါ်ရှိ စန်းကျုံးဘုရားကျောင်း၏ အမှတ်အသားကြောင့် သူမက ပို၍ပင် ယုံကြည်သွားသည်။
"တို့တွေ အိမ်မှာပဲ စမ်းကြည့်ကြတာပေါ့၊ တကယ်လို့ အလုပ်ဖြစ်တယ်ဆိုရင် ငါပဲ ပိုက်ဆံပေးမယ်"
မော်ရင်းဟောင်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
"အမေရာ ပိုက်ဆံကိစ္စ မဟုတ်ပါဘူး၊ အမြဲတမ်း အမေပဲ ပိုက်ဆံပေးမယ်လို့ မပြောပါနဲ့"
ကျိလင်ကလည်း သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ဒီလူကတော့ အမြဲတမ်း လူဆိုးနေရာကနေ ပါလာတာပဲ။
"အမေပြောသလိုပဲ၊ အိမ်မှာ စမ်းကြည့်ရင် အလုပ်ဖြစ်မဖြစ် သိရမှာပေါ့ တို့တွေ ဘာမှလည်း ပေးစရာ မလိုဘူးလေ၊ သူဌေးမက ကောင်းမွန်တဲ့ မှတ်ချက်လေး တစ်ခု ရေးပေးဖို့ပဲ တောင်းဆိုထားတာပါ"
မိသားစုဝင် အားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံလိုက်ရသောကြောင့် မော်ရင်းဟောင်မှာ လက်မြှောက်အရှုံးပေးလိုက်ရပြီး၊ ကားကို စက်နှိုးကာ အိမ်အပြန်ခရီးကို စတင်လိုက်တော့သည်။တန်ဖိုးမရှိဟု ထင်ရသော ကောင်းမွန်သော မှတ်ချက် မှာ ကျိလင်၏ အမြင်တွင်မူ ဟဲယဲ့တည်းခိုခန်းအတွက် အလွန်ပင် အရေးပါလှသည်။
ရှောင်ရှီမင်းကြီးသည် ကောင်းမွန်သော မှတ်ချက် (၂) ခု ထပ်မံရရှိလိုက်သဖြင့် အလွန်ပင် ပျော်ရွှင်နေကာ တည်းခိုခန်းအတွင်း အရူးအမူး ဝဲပျံနေတော့သည်။ သူ၏ နတ်ဘုရားစွမ်းအားများကို ထုတ်လွှတ်ရန် နေရာမရှိသဖြင့် စိုထိုင်းနေသည့် အရာမှန်သမျှကို မြင်လျှင် အခြောက်လှန်းချင်နေမိရာ၊ ဟုန်လျန် ပြင်ဆင်ထားသော မုန့်စိမ်းများကိုပင် ခြောက်ကပ်သွားအောင် လုပ်မိလုနီးပါး ဖြစ်ခဲ့၏။
စုဟယ်မှာလည်း စနစ် ထံမှ အကြောင်းကြားချက်တစ်ခုကို လက်ခံရရှိလိုက်သည်။ သူမသည် စနစ်မှ ပေးအပ်ထားသော ကောင်းမွန်သော မှတ်ချက်တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး၊ မှတ်ချက်အမှတ် (၁၀၀) ပြည့်သွားသဖြင့် ကတ်အသစ်ဆွဲရန် အခွင့်အရေးတစ်ခု ရရှိခဲ့၏။
စနစ်က ချက်ချင်းပင် တာဝန်အသစ်တစ်ခုကို ထပ်မံ ထုတ်ပြန်လိုက်သည်။
"စနစ်တာဝန် : ကစားသမား၊ ကျေးဇူးပြု၍ တည်းခိုခန်းကို ပိုမိုကြီးမား ကျယ်ပြန့်အောင် လုပ်ဆောင်ပါ၊ ဧည့်သည်ပေါင်း (၁၀၀၀) ကို လက်ခံတည်းခိုစေပြီး၊ ကောင်းမွန်သော မှတ်ချက်အမှတ် (၁၀၀၀) ရရှိအောင် လုပ်ဆောင်ပါ။
တာဝန်ဆုလာဘ် : ကတ်ဆွဲခွင့် (၁)
အိမ်သို့ ပြန်ရောက်သောအခါ ကျိလင်၏ မိသားစုသည် နေရောင်ခြည် သံလိုက်ကျောက်ကို စမ်းသပ်ကြည့်ကြရာ၊ အကျိုးသက်ရောက်မှုမှာ အထူးပင် ကောင်းမွန်လှသည်။ နေရောင်ခြည် သံလိုက်ကျောက်ကို စောင်ထဲတွင် ထည့်ထားလိုက်ရုံဖြင့် ရှစ်နာရီကြာပြီးနောက် စောင်မှာ အိစက်ညက်ညောလာပြီး နေရောင်ခြည်နံ့လေး ရလာသည်။ အချိန်အနည်းငယ် ကြာမြင့်သော်လည်း နေရောင်ခြည် သံလိုက်ကျောက်မှာ လျှပ်စစ်မလိုပေ။ တစ်ခုတည်းသော လုပ်ဆောင်ရမည့်အရာမှာ မနက်စောစောထ၊ အပြင်သွားပြီးနောက် စောင်ထဲသို့ ထည့်ထားလိုက်ရုံပင် ဖြစ်သည်။
နန်နန်၏ အဘွားသည် နေ့စဉ် နေရောင်ခြည် သံလိုက်ကျောက်ကို စောင်နှင့် နန်နန်၏ အဝတ်အစားများထဲတွင် ထည့်ပေးထားသည်။ ရှောင်ရှီမင်းကြီး၏ အမွှေးအတောင်သည် သူ့၏ အားနည်းသော အစစ်မှန်နေမီးလျှံ ကို အသုံးပြု၍ အဝတ်အစားများပေါ်မှ ဗက်တီးရီးယားများကို ရှင်းလင်းပေးသည်။ အိမ်တွင်မူ နန်နန်သည် ဓာတ်မတည့်ပစ္စည်းများကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။ နန်နန်အပြင်ထွက်သည့်အခါ နှာခေါင်းစည်း တပ်ထားရန် လိုအပ်သေးသော်လည်း၊ အခြေအနေမှာ အများကြီး တိုးတက်လာခဲ့သဖြင့် ဝမ်းသာအားရ ဖြစ်နေသော ကျိလင်၏ မိသားစုသည် နေရောင်ခြည် သံလိုက်ကျောက်၏ ထူးခြားသော အစွမ်းများကို အလျင်အမြန်ပင် မျှဝေလိုက်ကြတော့၏။
သတင်းစကားမှာ တောမီးပမာ ပျံ့နှံ့သွားတော့သည်။ ရှောင်ရှီမင်းကြီးမှာမူ သူ့အမွှေးအတောင်များမှာ အန္တရာယ် ရှိနေပြီဖြစ်ကြောင်းကို လုံးဝ သတိမထားမိရှာပေ။